ဆန်းကျယ်တဲ့ မေတ္တာ

 



photo from google search


 


ဆေးခန်းပိတ်ပြီး အိမ်ပြန်ဖို့ စီစဉ်နေတုန်း ည ၉နာရီလောက်မှာ ကျွန်တော့် ဆေးခန်းတံခါးကို ကသောကမြော ခေါက်သံ ကြားလိုက်ရပါတယ်.. ဆေးခန်းတံခါး လာခေါက်သံတွေထဲမှာ အခုလောက် အရေးတကြီး ကသုတ်ကရက် နိုင်တဲ့ တံခါးခေါက်သံမျိုး ကျွန်တော် တစ်ခါမှ မကြားခဲ့ဖူးပါဘူး..


 


“ ၀င်ခဲ့ပါ.. ၀င်ခဲ့ပါ.. ” ကျွန်တော် စိတ်မရှည်စွာ တုံ့ပြန်လိုက်မိပါတယ်.. အခန်းတံခါး ဆွဲဖွင့်သံကြားလိုက်ပြီး တံခါးဝမှာ ပေါ်လာတာက အသက် ၉နှစ်ထက် ဘယ်လိုမှ ကြီးမဲ့ပုံ မရတဲ့ ကောင်မလေး.. ကြည့်ရတာ ထိတ်ထိတ်လန့်လန့် တုန်တုန်ရီရီနဲ့.. မျက်နှာတစ်ခုလုံး ဖြူဖွေးဖျော့တော့လို့.. မျက်လုံးလေးတွေကလဲ ရီဝေညှိုးငယ်စွာနဲ့..


 


“ တောင်းပန်ပါတယ် ဆရာရယ်.. သမီး အမေ အသည်းအသန် ဖျားနေလို့ပါ.. သူဟာ သေလုမျောပါး ဖြစ်နေပါတယ်.. အမေ့ကို ကယ်ပါဦး ဆရာရယ်.. အိမ်ကို လိုက်ပြီး အမေ့ကို ကုပေးပါနော်…”


 


“ ဆရာက ဘယ်အိမ်ကိုမှ လိုက်မကုပါဘူး.. သမီးအမေကိုသာ ဒီဆေးခန်းကို  ခေါ်လာခဲ့ပါကွယ်.. ”


 


“ဆရာရယ် အမေက ဘယ်လိုမှ မထနိုင်လို့ပါ.. ဆရာသာ လိုက်မကြည့်ဘူးဆိုရင် သမီးအမေ သေရပါတော့မယ်.. သမီးကို သနားသဖြင့်လိုက်ကြည့်ပေးပါ ဆရာရယ်.. သမီး တောင်းပန်ပါတယ်နော်.. ”


 


ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဥလေးများ တစ်လိမ့်လိမ့် ကျဆင်းလာရင်း နှုတ်မှလည်း အဆက်မပြတ် တိုးလျှိုးတောင်းပန်သံလေးက သနားစဖွယ်..  ကျွန်တော့် နှလုံးသားထဲက ကြင်နာ သနားစိတ်တွေ ယိုဖိတ်လာတာနဲ့ ကလေးမလေးရဲ့ အိမ်ကို လိုက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..


 


ဆေးအိတ်ကို ကောက်ကိုင်လိုက်ရင်း ကလေးမလေးကို ရှေ့ကနေ လမ်းပြဖို့ပြောလိုက်တော့ ၀မ်းသာစိတ်နဲ့ လက်ခနဲဖြစ်သွားတဲ့ သူမရဲ့ မျက်လုံးလေးတွေက ချစ်စရာ… ကလေးမလေးက  ဦးဆောင်ပြီး သူမအိမ်ရှိရာ လမ်းအတိုင်း လျှောက်လာကြပါတယ်.. ၁၀ မိနစ်ခန့်  လျှောက်လာပြီးနောက် အိမ်ကလေး တစ်လုံးရှေ့ အရောက်မှာ အိမ်တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျွန်တော့ကို  အရင်ဝင်စေပါတယ်.. ကျွန်တော် အိမ်ထဲကို ရောက်သွားချိန်မှာ အိပ်ရာ ခပ်နွမ်းနွမ်းလေးထက်မှာ လှဲလျောင်းနေတဲ့ လူနာကို တွေ့လိုက်ရပါတယ်.. တော်တော်လေးကို နေမကောင်း ဖြစ်နေပုံပါ.. တစ်ကိုယ်လုံးလဲ ခြစ်ခြစ်တောက် ပူကျစ်နေပါတယ်.. လူနာဟာ သူ့လက်ကိုတောင် အပေါ်မြှောက်နိုင်တဲ့ အင်အားမရှိတော့ပါဘူး..  ဒါပေမဲ့ လူနာရဲ့ မျက်လုံးတွေက ဆရာဝန် ရဲ့ အကူအညီကို အသည်းအသန် လိုအပ်နေကြောင်းကို ဖော်ပြနေတယ်.. သူမကို ကယ်တင်ဖို့ တောင်းပန်နေတဲ့ အရိပ်အယောင် တွေကိုလဲ အတိုင်းသား မြင်နေရပါတယ်..


 


ကျွန်တော် လူနာအမျိုးသမီးကို လိုအပ်တဲ့ ဆေးကုသမှုကို ပေးဖို့ အမြန်ဆုံး ဆောင်ရွက် ပါတော့တယ်.. ထူးဆန်းတာက ခုနက ကျွန်တော့်ကို တောင်းတောင်းပန်ပန်နဲ့ လာခေါ်တဲ့ ကလေးလေးကို လုံးဝ ထပ်မတွေ့ရတော့ပါဘူး… တစ်အိမ်လုံးမှာလည်း အခြားအိမ်သား တစ်ယောက်တစ်လေကိုမှ ကျွန်တော် မတွေ့မိပါဘူး.. တကယ်လို့ ဒီညသာ ကျွန်တော် ရောက်မလာဘူးဆိုရင် လူနာအမျိုးသမီးဟာ အသက် ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ပါတယ်.. သူ့အဖျားက အတော်ကို စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ.. အဖျားကျအောင် တစ်ညလုံးနီးပါး ကျွန်တော် ကြိုးစားပမ်းစား ကုသလိုက်ရပါတယ်.. မနက်မိုးလင်းခါနီးမှ လူနာဟာ စိတ်ချရတဲ့ အနေအထားကို ရောက်လာပါတယ်.. ကျွန်တော်က လူနာအမျိုးသမီးကို  အိမ်ပြန်တော့မဲ့အကြောင်းနဲ့ ညနေပိုင်းလောက်မှ တစ်ခေါက် ပြန်လာကြည့်မဲ့အကြောင်း ပြောလိုက်ပါတယ်…  ပြီးတော့ ဆေးအိတ်ကို ဆွဲပြီး အိမ်ပြန်လာခဲ့ပါတယ်..


 


ညနေပိုင်း ဆေးခန်းမဖွင့်ခင် လူနာအိမ်ကို ကျွန်တော် ပြန်ရောက်သွားပြီး လူနာကို လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပါတယ်.. တော်တော်လေး အခြေအနေ ကောင်းသွားပါပြီ.. ခုတော့ လူနာဟာ စကားလဲ ကောင်းမွန်စွာ ပြောနိုင်တဲ့ အနေအထား ရောက်နေပါပြီ.. တစ်ညလုံး ကုသပေးခဲ့တဲ့ အတွက် လူနာက ကျွန်တော့်ကို ကျေးဇူးစကား အထပ်ထပ်ဆိုပါတယ်.. ကျွန်တော်က ပြန်ပြောလိုက်ပါတယ်..


 


 “ တကယ်လို့ ကလေးမလေးသာ လာမခေါ်ရင် အဒေါ်ဟာ သေတောင် သေသွားနိုင်ပါတယ်.. သူ့ရဲ့ သနားစရာ တောင်းပန်မှုကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို ရောက်လာစရာ အကြောင်းမရှိပါဘူး… သိပ်လိမ္မာ သိတတ်တဲ့ကလေးလေးပါဘဲဗျာ.. မိဘအပေါ် သိပ်သိတတ်တဲ့ ဒီလို ကလေးမျိုး မွေးထားရတာ အဒေါ်ဘယ်လောက်များ ဂုဏ်ယူလိုက်မလဲနော် ” 


 


ကျွန်တော့စကားကြားတဲ့ လူနာအမျိုးသမီးရဲ့ မျက်နှာပြင်မှာ အပြောင်းအလဲများစွာနဲ့ အံ့သြတဲ့ အရိပ်အယောင်များ ဖြတ်ပြေးသွားပါတယ်.. အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ စကားသံ ထွက်လာပါတယ်..


 


 “ဆရာ.. ကျွန်မသမီးလေးက ဆုံးသွားတာ ၃နှစ်တောင် ရှိပါပြီ.. ဟိုနံရံမှာ ချိတ်ထားတဲ့ ပုံဟာ သမီးလေးပုံပါ… ဆရာ ကျွန်မသမီးလေးကို သိလို့လားဟင်.. ”


 


ကျွန်တော် ထိုင်ရာက ထပြီး နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံအနီးကို တိုးကပ်ပြီး သေချာအောင် ကြည့်လိုက် မိပါတယ်.. သေချာပါတယ်.. ဒီကလေးမဟာ မနေ့ညက ကျွန်တော့ဆေးခန်း တံခါးကို ခေါက်ပြီး ကျွန်တော့်ကို ဒီရောက်အောင် ခေါ်လာတဲ့ကလေးမလေးပါဘဲ.. ဒီရုပ်လေးကို ကျွန်တော်မှားစရာ အကြောင်းမရှိပါ.. ထူးဆန်း အံ့သြစိတ်တွေနဲ့ လှုပ်ရှားမှုကင်းမဲ့စွာ ဓာတ်ပုံရှေ့မှာ အကြာကြီးရပ်နေမိပါတယ်.. ပြီးတော့ လေးလေး နက်နက် စဉ်းစားနေမိတယ်.. မနေ့ညက တံခါးခေါက်သံဟာ ခုချိန်ထိ သူ့အာရုံမှာ ထင်ထင်ရှားရှား ရှိနေတုန်း ပါ.. သူ့ကို ကလေးမလေးဟာ ဒီနေရာထိအောင် ခေါ်လာတယ် ဆိုတာလဲ သူ့အနေနဲ့ မမှတ်မိစရာ မရှိပါ..


 


အင်း… ဒါဟာ မေတ္တာတရားရဲ့ ထူးခြားဆန်းကျယ်မှုဘဲ ဖြစ်မှာပါ.. ခေါင်းကို တစ်ဆတ်ဆတ် ငြိမ့်မိရင်း ကျွန်တော် တစ်ချက် ပြုံးလိုက်မိပါတယ်.. အဒေါ်ကြီးကိုတော့ ကလေးမလေး အကြောင်း ဘာမှ ထပ်မပြောမိတော့ပါဘူး.. တစ်ခါတစ်လေမှာတော့ သိပ္ပံပညာက လိုက်မမီတဲ့ အရာတွေဟာ ဒီလောကကြီးထဲမှာ  ရှိနေတတ်တယ်ဆိုတာ သူလက်ခံလိုက်မိပါတယ်…


 


-----------------------------------------------------------------------------------------------------------------


 


ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ် လေးနက်တဲ့ မေတ္တာရဲ့ သဘောတရားကို ဖော်ပြနေပါတယ်..  မိဘက သားသမီးအပေါ် ထားတဲ့ မေတ္တာဟာ အတုမရှိ လေးနက်သလို သားသမီးက မိဘအပေါ်ထားတဲ့ အချစ်ကလဲ နက်ရှိုင်းကျယ်ဝန်း လှပါတယ်.. ဒီဇာတ်လမ်းမှာ သေသွားပြီး တာတောင်မှ မိဘအပေါ် ကူညီစောင့်ရှောက်နေသေးတဲ့ သမီးလေးတစ်ယောက်ရဲ့ အံ့သြ ဆန်းကျယ်တဲ့ မေတ္တာစိတ်ကလေးကို စာဖတ်သူများ သတိပြုမိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်ရှင်..


 


Wonderful Little Girl ( Unknow Author) ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်..


 


ချော (အစိမ်းရောင်လွင်ပြင်)


 

မိမိဦးနှောက် ဘယ်လောက်တောင် ထိန်းချုပ်နိုင်စွမ်း ရှိသလဲ?

 



 


 


ကိုယ့်ရဲ့ ဦးနှောက်ဟာ ဘယ်လောက်တောင် ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာ ကိုယ်ကိုယ်တိုင် စမ်းသပ်ကြည့်လို့ရပါတယ်.. ပညာရှင်တွေကတော့ ပြောကြတယ်.. ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ အချို့နေရာတွေကို မထိန်းချုပ်နိုင်ဘူးတဲ့… စာဖတ်သူ ယုံရဲ့လားမသိဘူး..?  မယုံဘူးလား. ဒါဆိုရင် ကိုယ်တိုင်လက်တွေ့ စမ်းကြည့်လေ.. အချိန်ခနလေးပေးပြီး ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့် ပေါ့နော်.. မယုံလို့ လုပ်ကြည့်လေ.. သေချာအောင် ထပ်လုပ်ကြည့်မိလေ.. ဒီလိုနဲ့ ခနခန လုပ်ကြည့်မိ လိမ့်မယ်..  ဦးနှောက်စားသွားပြီလား.. ကဲ ……  ဒီလိုဆိုရင် သေချာသွားအောင် စမ်းလုပ်ကြည့်ရအောင်နော်.. စမ်းရမဲ့ နည်းလမ်းလေး ပြောပြမယ်.. လိုက်လုပ်ကြည့်နော်…


 


 


၁. အခု ကွန်ပျူတာရှေ့မှာ ထိုင်နေပြီး ဒီစာကို ဖတ်နေတယ် မဟုတ်လား.. ညာဘက်ခြေထောက်လေးကို ကြမ်းပြင်ပေါ်ကနေ နည်းနည်းလေး ကြွလိုက်နော်.. ပြီးရင် ခြေထောက်ကို နာရီလက်တံလှည့်တဲ့အတိုင်း ဖြေးဖြေးချင်း လှည့်ကြည့်ကြည့်ပါလား.. မမှားစေနဲ့နော် နာရီလက်တံ ဘယ်ကိုလည်နေတယ် သိတယ်ဟုတ်?  အဲဒီလို နည်းနဲ့ ဖြေးဖြေးချင်း ညာခြေထောက်လေးကို စက်ဝိုင်းပုံ လှည့်နေနော်


 


၂. ခြေထောက်က ဒီလို လှည့်နေရင်းနဲ့ ညာဘက်လက်ကို လေထဲမှာ ထားပြီး အင်္ဂလိပ် ဧက္ခရာ 6 ပုံကို ဆွဲချကြည့်ပါလား… 6 ဆိုတာ အပေါ်ကနေ စပြီး အောက်ကို ဆွဲချတဲ့ ရေးနည်းအတိုင်း လက်ကို လေထဲမှာ ထားပြီး ရေးရမှာနော်… ခြေထောက်ကို လှည့်နေရင်း လက်ကိုလည်း 6 ပုံ ဖြစ်အောင် ရေးနေရင်းနဲ့ သတိထားလိုက်မိရဲ့လား ခြေထောက်ဟာ လက်ရဲ့ လှုပ်ရှားမှုအတိုင်း နာရီလက်တံ ပြောင်းပြန် ပြန်လည်မိနေပြီ.. မသေချာဘူးလား နောက်တစ်ခေါက်ပြန်လုပ်ကြည့်လေ..


 


ပြောသားပဲလေ.. ခနခန လုပ်ကြည့်မိလိမ့်မယ်လို့.. ရုံးသမားတွေ ရုံးမှာ ခြေထောက်ကြီး မြောက်ပြီး လက်ကို လေထဲမှာ ရေးနေမိရင် ကျန်တဲ့ သူတွေက ၀ိုင်းကြည့်ပြီး ဂေါက်သွားပြီလားလို့ အမေးခံရမှာ သေချာတယ်နော်…. စာဆက်ရေးလိုက်ဦးမယ်.. ဒါလေးကို အပျင်းပြေ စမ်းသပ်ကြည့်နေလိုက်ပေါ့. စမ်းကြည့်လို့ အဖြေထွက်လာရင် အောက်မှာ မှတ်ချက်လေးတွေ ရေးသွားကြပေါ့နော်.. :) :)


 


Source :  Funzug.com 


 


ပျော်ရွှင်ကြပါစေ


 


ချော (အစိမ်းရောင်လွင်ပြင်)

ချစ်သူရဲ့ နှင်းဆီလက်ဆောင်





သူမရဲ့နံမည်လေးက မနှင်းဆီ.. နံမည်နဲ့လိုက်အောင် ပန်းလေးတစ်ပွင့်လို နူးညံ့ သိမ်မွေ့စွာ လှပသူ… သူမ အနှစ်သက်ဆုံး ပန်းဟာလည်း အနီရောင်နှင်းဆီပန်းသာ ဖြစ်ပါတယ်.. မနှင်းဆီလေးရဲ့ ခင်ပွန်းက နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ သူမ နှစ်သက် သဘောကျတဲ့ အနီရောင် နှင်းဆီပန်းတွေကို အလွန်လှပ ချစ်စရာကောင်းတဲ့ ပန်းစည်းလေး ပြုလုပ်ပြီး လက်ဆောင်ပေးလေ့ ရှိပါတယ်.. သူမတို့ အိမ်ထောင်ရေးဟာ ပျော်ရွှင်သာယာပြီး လူတကာ အားကျရတဲ့ စံပြ အိမ်ထောင်ရေးဖြစ်ခဲ့ပေမဲ့ ကံတရားရဲ့ ရက်စက်စွာ ထိုးနှက်မှုကြောင့် သူမချစ်တဲ့ ခင်ပွန်းဟာ မမျှော်လင့်တဲ့ မတော်တဆမှု တစ်ခုနဲ့ တိမ်းပါး သွားခဲ့ရပါတယ်.. အရူးတစ်ပိုင်း ဖြစ်ကျန်ခဲ့တဲ့ မနှင်းဆီလေးဟာ ၀မ်းနည်း ဆွေးမြေ့ခြင်း၊ အထီးကျန် အားငယ်ခြင်းတို့ကိုသာ အဖော်ပြုလို့ ဘ၀ကို ငြီးငွေ့စွာ ဖြတ်သန်းရပါတော့တယ်..







ဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့ဖြစ်ပါတယ်… မနက်စောစော အိပ်ရာနိုးနိုးခြင်း မနှင်းဆီ အရင်ဆုံး သတိရမိတာက သူ့ခင်ပွန်းကိုပါ.. ဒီနေ့ရောက်တိုင်း သူ့ဆီကနေ မနှင်းဆီချစ်တဲ့ နှင်းဆီနီလေးတွေ လက်ဆောင် ရနေကျ.. ခုတော့ တစ်ယောက်တည်း ကြေကွဲ လွမ်းဆွတ် နေရတဲ့ အထီးကျန် ဘ၀ကို တွေးမိရင်း ၀မ်းနည်းစိတ်က ရင်ထဲမှာ တစ်လှိုက်လှိုက်နဲ့ ဆို့တက်လို့ လာပါတယ်.. အဲဒီချိန်လေးမှာဘဲ  အိမ်တံခါးခေါက်သံကို သူမကြားလိုက်ရပါတယ်..  အိပ်ရာက အသာထလို့ အိမ်ရှေ့တံခါးအဖွင့်မှာ အံ့သြစရာ မြင်ကွင်းလေးတစ်ခုက ထူးဆန်းစွာ ဆီးကြို လိုက်ပါတယ်.. အလွန်လှပတဲ့ နှင်းဆီပန်းကြီးတစ်စီး သူမရဲ့ အိမ်တံခါးအနီးမှာ .. သူမကြိုက်တဲ့ အနီရောင်ရင့်ရင့် နှင်းဆီတွေ… မွှေးပျံ့တဲ့ ရနံ့လေးတွေကလည်း ကြူကြူသင်းလို့… နှင်းဆီပန်းလေးမှာ ချိတ်ထားတဲ့ ကဒ်လေးပေါ်မှာတော့ “ချစ်တဲ့ နှင်းဆီလေးအတွက် ချစ်လက်ဆောင်” တဲ့… အခါတိုင်း သူမခင်ပွန်းရှိစဉ်က ချစ်သူများနေ့မှာ ပေးနေကျ ပန်းလက်ဆောင် အတိုင်းပါဘဲ.. ရေးထားတဲ့စာက အစ ခါတိုင်းနှစ်တွေနဲ့ တစ်ပုံစံတည်း….







မနှင်းဆီ သိလိုက်ပါပြီ.. သူမခင်ပွန်းဟာ မကွယ်လွန်ခင်ကတည်းက သူမကို ဒီနေ့မှာ ပန်းလက်ဆောင်ပေးဖို့ ပန်းဆိုင်မှာ ကြိုတင်ငွေချေပြီး မှာထားခဲ့ပုံရပါတယ်… ဒီနှစ်ဟာ သူမအတွက် ချစ်ခင်ပွန်းဆီက နောက်ဆုံးရတဲ့ နှင်းဆီပန်း လက်ဆောင်လဲ ဖြစ်ပါလိမ့်မယ်.… သူမချစ်တဲ့ ယောက်ျားဟာ သူသေဆုံးမှာကို ကြိုသိလို့ အော်ဒါမှာထားခဲ့တာမျိုး မဖြစ်နိုင်ပါဘူး.. သူဟာ အလုပ်တစ်ခု လုပ်ရင် အချိန်မကျခင်ကတည်းက အမြဲတမ်း ကြိုတင်စီစဉ်တတ်တဲ့ အကျင့် ရှိသူတစ်ယောက်ပါ… တကယ်လို့ အလုပ်သိပ်များလို့ မေ့လျော့သွားခဲ့ ရင်တောင်  ကြိုတင် စီစဉ်ထားခြင်း အားဖြင့် အရာရာဟာ ပုံမှန် လည်ပတ်သွားနိုင်အောင် သူမယောက်ျားဟာ စေ့စပ်သေချာလှသူ ဖြစ်ပါတယ်…







မနှင်းဆီက နှင်းဆီပန်းစည်းလေးကို အိမ်တွင်းသို့ တယုတယ ယူဆောင်လာပြီး ပန်းအိုး လှလှလေး  တစ်ခုထဲ ထိုးစိုက်လိုက်ပါတယ်..  သူမယောက်ျားရဲ့ ပြုံးရွှင်နေတဲ့ ဓာတ်ပုံဘေးမှာ ပန်းအိုးလေးကို ချထားလိုက် ပြီးတော့ ယောက်ျားဖြစ်သူ ထိုင်နေကျ ခုံလေးမှာ ထိုင်ကာ ဓာတ်ပုံလေးနဲ့ ပန်းစည်းလေးကို အတော်ကြာအောင် စိုက်ကြည့် နေမိပါတယ်… သူမတို့ ၂ယောက်ရဲ့ အတိတ်က ပျော်စရာအချိန်တွေကို တစ်ရေးရေးနဲ့ ပြန်မြင်ယောင်လာရင်း ကြည်နူး ပျော်ရွှင်စိတ်နဲ့အတူ ကြေကွဲ ၀မ်းနည်းစိတ်ပါ တစ်ပြိုင်တည်း ခံစားရပါတယ်… သူဟာ ဘာလို့များ သူမအနားကနေ စောစောစီးစီး ထွက်ခွာသွားရတာပါလဲ.. ခုလိုချိန်မှာ သူမရဲ့ ဘေးနားမှာ ရှိနေပြီး  ဒီပန်းစည်းလေးဟာ သူမ ယောက်ျား ကိုယ်တိုင် ပေးတဲ့ ပန်းစည်းလေးဖြစ်ခဲ့ရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်..





ဒီလိုနဲ့ တစ်နှစ် ကုန်ဆုံးသွားပြန်ပါပြီ.. ချစ်သူနဲ့ သေကွဲကွဲပြီး တစ်ယောက်တည်းနေရသူအဖို့ ပျင်းရိငြီးငွေ့စရာ၊ ခြောက်ခြားစရာ ကောင်းလောက်အောင် လောကကြီးတစ်ခုလုံးဟာ  သူမအတွက်တော့ အထီးကျန် လွန်းလှပါတယ်.. ပျော်ရွှင်မှု ဆိုတာ ရှာဖွေလို့ မတွေ့တော့လောက်အောင် အရာရာဟာ ကြေမွ ဆိတ်သုန်းလို့၊ ယုံကြည်ချက် အနာဂတ်မဲ့နေတဲ့ သူလို ဖြစ်နေပါတော့တယ်… ဒီတစ်နှစ်လဲ ထုံးစံအတိုင်း ချစ်သူများနေ့ ရောက်လာပြန်ပါတယ်.. မနက်ခင်းလေးမှာ အိမ်ရှေ့တံခါး ခေါက်သံလေး မြည်လာတဲ့အတွက်  အပြေးအလွှား သွားရောက်လို့ တံခါးဖွင့်ကြည့်တဲ့အခါမှာ လှပ နီရဲနေတဲ့ နှင်းဆီပန်းတွေ..






နှင်းဆီပန်းတွေကို ကြည့်ပြီး မနှင်းဆီလေးမှာ ထူးဆန်းအံ့သြခြင်း မယုံကြည်နိုင်ခြင်းများနဲ့ မှင်သက်မိလို့..   ဘယ်ချိန်ထိ ကျောက်ရုပ်လေးလို ရပ်နေမိတယ် မသိ.. သတိရတဲ့အချိန်မှာ နှင်းဆီပန်းစည်းကို ကိုင်ဆောင်လို့ အိမ်ထဲကို အပြေးအလွှား ၀င်ရောက်ကာ ပန်းစည်း စီစဉ်ပေးပို့တဲ့ ဆိုင်ကို ဖုန်းဆက်ပါတော့တယ်…





ဆိုင်ရှင်ဖြစ်သူ ဖုန်းလာကိုင်တဲ့အချိန်မှာ သူမက မေးခွန်းတွေ မေးမိပါတယ်…. ဘယ်သူက ခုလို ဒီပန်းစည်းတွေကို သူမကို နာကျင်ခံစားစေလိုတဲ့စိတ်နဲ့ ပို့ပေးနေတာလဲ.. သူမကို ရှင်းပြပေးပါလို့ တောင်းဆိုပါတယ်… ပန်းဆိုင်ပိုင်ရှင်က  “ခင်ဗျားယောက်ျား လွန်ခဲ့တဲ့ တစ်နှစ် လောက်က ဆုံးသွားပြီဆိုတာ ကျွန်တော် သိပါတယ်.. ခင်ဗျား ဖုန်းဆက်မေးလိမ့်မယ် ဆိုတာလဲ ကျွန်တော် မျှော်လင့်ပြီးသားပါ..  ခင်ဗျား အရမ်းကို သိချင်လိမ့်မယ်ဆိုတာလဲ ကျွန်တော် တွေးမိပါတယ်.. ခံစား နားလည်ပေးလို့ ရပါတယ်.. ခင်ဗျား ဒီနေ့ လက်ခံရရှိတဲ့ပန်းတွေဟာ ခင်ဗျား ခင်ပွန်း ကိုယ်တိုင် ငွေချေပြီး ကြိုတင်စီစဉ် ထားတဲ့ပန်းတွေပါ..  ဒီလို နှင်းဆီပန်းတွေကို နှစ်စဉ်နှစ်တိုင်း ခင်ဗျား လက်ခံရဦးမှာပါ.. ခင်ဗျားယောက်ျားဟာ အရာရာကို ကြိုတင် တွက်ချက်ပြီး ခင်ဗျားအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးသွားခဲ့ပါတယ်... ပန်းစည်းမှာ ချိတ်ဖို့ ကဒ်ပြားလေးနဲ့ အတူ စာလေးတွေကိုလည်း သူကိုယ်တိုင်ရေးပြီး ထားရစ်ခဲ့ပါတယ်.. တကယ်လို့များ သူမရှိတော့ရင်တောင် နှင်းဆီပန်းတွေကို ခင်ဗျားဆီကို ဆက်ပြီး ပို့ပေးဖို့ သူမှာခဲ့ပြီးသားပါ.. ဒီနောက်ပိုင်းမှာ သူကိုယ်တိုင် ဆိုင်ကို တစ်ခေါက်မှ ရောက်မလာတော့ဘူး ဆိုကတည်းက သူမရှိတော့ဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်.. ဒီတော့ သူမှာကြားခဲ့တဲ့ အတိုင်း နှင်းဆီပန်းလေးတွေနဲ့ ခင်ဗျားအတွက် အထူး စီစဉ် ရေးသားထားတဲ့ စာလေးကို ဒီနေ့ ခင်ဗျားဆီ  မပျက်မကွက်  ကျွန်တော် အရောက်ပို့ပေး လိုက်ပါတယ်.. နောင်နှစ်တွေမှာလဲ ခင်ဗျားဆီ ကျွန်တော် ပို့ပေးဦးမှာပါ.. ဒါဟာ ခင်ဗျား ခင်ပွန်းရဲ့ အစီအစဉ်တွေကြောင့်ပါဗျာ….”





မနှင်းဆီ ပန်းဆိုင်ပိုင်ရှင်ကို ကျေးဇူးစကားဆိုရင်း ဖုန်းကို ချလိုက်ပါတယ်.. သူမရဲ့ တုန်ယင်နေတဲ့ လက်အစုံနဲ့ ပန်းစည်းလေးပေါ်က စာအိတ်လေးကို ဖြုတ်ယူလိုက်ပါတယ်.. စာအိတ်လေးထဲမှာတော့ စာလေးတစ်စောင် .. စာထဲမှာက သူမယောက်ျားရဲ့ လက်ရေးတွေနဲ့





အချစ်ရေ..


မင်းအနားမှာ ကိုယ်မရှိနိုင်တော့ဘူးနော်... ကိုယ်မရှိတဲ့အခါ ဘ၀ကြီးကို မင်းတစ်ယောက် တည်း ရင်ဆိုင်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကိုယ်သိပါတယ်.. မင်းတစ်ယောက်တည်း ဘယ်လောက်တောင်  အထီးကျန်မယ်.. ကြေကွဲ ပူဆွေးနေမယ် ဆိုတာလည်း ကိုယ်နားလည်စာနာပါတယ်.. မင်းကို ကိုယ် ဘယ်လောက်တောင် ချစ်ခဲ့တယ်ဆိုတာလဲ မင်းသိခဲ့မှာပါနော်… ကိုယ်တို့၂ယောက်ရဲ့ အချစ်တွေ၊ အကြင်နာတွေနဲ့ ကိုယ်တို့ဘ၀ကို လွှမ်းခြုံလို့ ပျော်ရွှင်သာယာဖွယ် ကမ္ဘာလေးကို တည်ဆောက်ခဲ့ကြတယ် . သိပ်ပျော်ဖို့ ကောင်းတဲ့အချိန်တွေကို ကိုယ်တို့ရရှိခဲ့ကြတယ်လေ... ဘ၀မှာ အချစ်တွေနဲ့ ပြီးပြည့်စုံ ခဲ့ကြတယ်… အချစ်ရယ်..  မင်းဟာ ကိုယ့်ဘ၀ရဲ့ အကောင်းဆုံး အမွန်မြတ်ဆုံး ဇနီးမယားကောင်းတစ်ဦးပါ.. မင်းကို ပြောပြစရာ စကားလုံး ရှာမတွေ့လောက်အောင် ကိုယ်ချစ်မြတ်နိုးခဲ့ပါတယ်..





ကိုယ့်ရဲ့ လိုအင်ဆန္ဒ မှန်သမျှကို သိတတ်စွာ အမြဲတမ်းဖြည့်ဆည်းပေးပြီး ကိုယ့်စိတ်ကို အမြဲ နားလည်ပေးခဲ့တဲ့  မင်းဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းတစ်ဦး ဖြစ်သလို အကောင်းဆုံး ချစ်သူ တစ်ယောက်လဲ ဖြစ်ပါတယ်.. မင်းကို ကိုယ် သိပ်တန်ဖိုးထားခဲ့ပါတယ်.. ကိုယ်ဟာ မင်းအနားမှာ မရှိတော့ပေမဲ့ ၀မ်းနည်း ပူဆွေးမနေပါနဲ့ အချစ်ရယ်. မျက်ရည်တွေကို သုတ်လိုက်ပါ နော်   မင်းကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်.. ဒါကြောင့်လဲ မင်းအတွက် နှင်းဆီပန်းလေးတွေ နှစ်စဉ်ပေးနိုင်ဖို့ ကိုယ်စီစဉ် ခဲ့တာပါ.. ဒီနှင်းဆီပန်းလေးတွေကို မင်းလက်ခံရတဲ့အခါတိုင်း ကိုယ်တို့၂ယောက်ရဲ့ အပျော်ဆုံး အချိန်တွေကို သတိရ လိုက်ပါ… ပြီးတော့ ကိုယ်တို့၂ယောက် ဘယ်လောက်တောင် ချစ်ခဲ့ကြတယ်ဆိုတာကို ပြန်စဉ်းစားပြီး ပျော်ရွှင်နိုင်အောင် ကြိုးစားပါ.. ကိုယ် မင်းကို သိပ်ချစ်ခဲ့တယ်.. အမြဲတမ်းလဲ ချစ်နေမှာပါ… ကိုယ်မရှိတော့တဲ့ အခါ မင်း ၀မ်းနည်းပူဆွေးပြီး ကျန်နေမှာကို ကိုယ်မလိုလားပါဘူး. ဒါကြောင့် ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ အချိန်တွေကို ပျော်ပျော်နေနိုင်အောင် ကြိုးစားပါနော်..





မလွယ်ဘူးဆိုတာတော့ ကိုယ်လဲသိပါတယ်.. ဒါပေမဲ့ ကြိုးစားပြီးနေပါအချစ်ရယ်…. ဒီနှင်းဆီနီလေးတွေဟာ မင်းပျော်ရွှင်စေဖို့  မင်းဆီကို နှစ်စဉ်နှစ်တိုင်း ရောက်လာပါလိမ့်မယ်…  ပန်းဆိုင်က တစ်ယောက်ယောက် မင်းရဲ့အိမ်တံခါးကို နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့တိုင်းမှာ တံခါးလာခေါက်မှာပါ…  မင်းဆီက ဘာတုံ့ပြန်မှုမှ မရတော့တဲ့ နောက်ဆုံးတစ်နေ့ရောက်မှသာ နှင်းဆီပန်းလေးတွေ မင်းဆီပို့တာ ရပ်မှာပါ..… အဲဒီနေ့မှာ မင်းအိမ်တံခါးကို သူဟာ ၅ ကြိမ်တိုင်တိုင် အရောက်လာပြီး လာခေါက်ပါလိမ့်မယ်.. မင်းဆီက တုံ့ပြန်မှု မရတာ လုံးဝ သေချာပြီ ဆိုရင်တော့ မင်းမရှိတော့တာ သူတို့သဘောပေါက်ကြမှာပါ… အဲဒီလိုဆိုရင် နှင်းဆီနီလေးတွေကို ကိုယ်ညွှန်ကြားထားတဲ့ နေရာကို သူတို့ ဆက်ပြီး ပို့ပါလိမ့်မယ်.. အဲဒီနေရာလေးဟာ မင်းနဲ့ကိုယ်နဲ့ လှဲလျောင်း အိပ်စက်အနားယူတဲ့ အုတ်ဂူလေး၂ခုပေါ့ကွယ်.. ဒီလို ချစ်သူများနေ့မှာ ကိုယ်တို့၂ယောက်ရဲ့ အုတ်ဂူလေးဟာ မင်းချစ်တဲ့ နှင်းဆီရနံ့တွေနဲ့ သင်းပျံ့ မွှေးမြနေပါလိမ့်မယ်.. ကိုယ်တို့၂ယောက်ကတော့ ပြန်လည်ဆုံစည်းခွင့် ရတဲ့အတွက်  ပျော်ရွှင်နေကြမှာပေါ့အချစ်ရယ်.. ခုချိန်မှာတော့ ကျန်နေသေးတဲ့ မင်းရဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်အောင် အားတင်းထားလိုက်ပါ ကိုယ့်အချစ်ဆုံးရယ်…..





အိုး... ဒီလိုဆိုရင်ဖြင့် သူမဘာများ ၀မ်းနည်း ကြေကွဲနေစရာ လိုသေးသလဲနော်...  သူမ သက်ရှိထင်ရှား ရှိနေသမျှကာလပတ်လုံး သူမ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းဆီက  သူမချစ်တဲ့ နှင်းဆီပန်းတွေ နှစ်စဉ်နှစ်တိုင်း မလွဲမသွေ ရနေဦးမယ်ဆိုရင် သူ့ရဲ့ အချစ်တွေဟာ သူမဘေးနား ထာဝစဉ်ရှိနေတာနဲ့ အတူတူပါဘဲလေ... မနှင်းဆီ ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်က  ကြည်စင်ဝင်းပလို့.. သူမရဲ့ မျက်ဝန်းလေးတွေ ဟာလည်း ရွှန်းလက်တောက်ပလို့..  ဒါတွေဟာ ချစ်ခြင်းရဲ့ အင်အားထက်မြက်တဲ့ အစွမ်းကြောင့်ဘဲ မဟုတ်ပါလား....





-----------------------------------------------------------------------------------------------------------------------------



ဇာတ်လမ်းလေးက စိတ်ကူးယဉ်ဆန်ကောင်း ဆန်နေပါလိမ့်မယ်.. ဒါပေမဲ့ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေလိုတဲ့ စိတ်ကလေးဟာ အရမ်းကို နှစ်သက်စဖွယ် လေးစားအားကျစဖွယ် ကောင်းလှပါတယ်... ကိုယ်သေဆုံးပြီး ချိန်မှာတောင် ချစ်သူကို ပျော်ရွှင်ပြီး ကျန်ရစ်စေလိုတဲ့ ဒီလိုစိတ်ထားမျိုးက ချစ်သူတိုင်းမှာသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်.. ချစ်တတ်ကြသူတိုင်း စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေ... ချစ်သူတိုင်းလည်း ပျော်ရွှင်ကြပါစေရှင်.. ဖေဖော်ဝါရီ ၁၄ရက် ချစ်သူများနေ့ မှာ ကျွန်မရဲ့ စာဖတ်သူ မိတ်ဆွေ၊ သူငယ်ချင်းများကို ဒီဇာတ်လမ်းလေး လက်ဆောင် ပေးလိုက်ပါတယ်နော်...







Chicken Soup for the Gardener's Soul မှ James A.Kisner ရဲ့  Valentine Roses ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်..



ချစ်သူတိုင်း ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပါစေရှင်..





ချော (အစိမ်းရောင်လွင်ပြင်)

ဖေဖော်ဝါရီ(၁၃)ရဲ့ မွေးနေ့ရှင်

 



 


အောင်ဆန်းဇာနည်


 


ဖေဖော်ဝါရီ ဆယ့်သုံးမှာ


ဗိုလ်ချုပ်မွေးနေ့ပါ။


တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး


ရှေ့နေ ဦးဖာသား။


ဇာတိနတ်မောက် မကွေးခရိုင်


သိကြများခုတိုင်။


ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား


မိခင် ဒေါ်စုသား။


တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်


ပြောင်းကြွ တမလွန်။


မျက်ရည်သွန်လို့ ဘ၀င်ညှိုး


ဇူလိုင် တစ်ဆယ့်ကိုး။


ပြည်ထောင်စုရဲ့ ကျေးဇူးရှင်


ဗိုလ်ချုပ် တို့ဖခင်။


ကောင်းစေချင်တဲ့မှာစကား


ငါတို့ မမေ့အား။


ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်


ပြည်ချစ် တို့ခေါင်းဆောင်။


ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ


ဗိုလ်ချုပ်ချမှတ်သွား။


 


 


ဒီကဗျာလေးဟာ ဗိုလ်ချုပ်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ ကဗျာလေးပါ.. ကျွန်မတို့ ငယ်ငယ်က ကျောင်းမှာ သင်ယူခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်လဲ ဖြစ်ပါတယ်.. အခုခေတ် ကျောင်းသူ၊ ကျောင်းသားလေးများ ဒီကဗျာလေးကို ကျောင်းမှာ မသင်ရတော့ဘူးဆိုရင်တောင်မှ အီးမေလ်း အင်တာနက် စာမျက်နှာများပေါ်မှာ မြင်တွေ့ဖူးပြီး ဖြစ်ပါလိမ့်မယ်.. ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ကို ဂုဏ်ပြုသော အားဖြင့် ဒီစာမျက်နှာ ပေါ်မှာ လေးစားစွာ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်.. ပြီးတော့ ဗိုလ်ချုပ်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်းချုပ်လေးကိုလဲ ဖော်ပြချင်ပါတယ်ရှင်..


 


ကဗျာလေးထဲက အတိုင်းပါဘဲ ကျွန်မတို့မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ၊ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခု ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ဖခင် ရှေ့နေကြီး ဦးဖာနဲ့ မိခင်ဖြစ်သူ ဒေါ်စု တို့မှ မကွေးတိုင်း နတ်မောက်မြို့တွင် မွေးဖွားခဲ့ပါတယ်.. စနေသားဖြစ်တဲ့ ဗိုလ်ချုပ်ကို နေ့သင့် နံသင့် ဖြစ်တဲ့ မောင်ထိန်လင်းလို့ အမည်သညာ ခေါ်စရာ တွင်ခဲ့ပါတယ်.. ငယ်အမည် မောင်ထိန်လင်းရဲ့ အဖိုးဖြစ်သူ ဦးမင်းရောင်မှာလည်း နယ်ချဲ့များကို ဆန့်ကျင်ရာမှာ ထင်ရှား ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်.. ဗိုလ်ချုပ်ဟာ မောင်နှမ ၆ယောက်အနက် အထွေးဆုံးသားလဲ ဖြစ်ပါတယ်..


 


နတ်မောက်ဘုန်းတော်ကြီးကျောင်းမှာ အသက် ဂနှစ်အရွယ်မှစပြီး လောကီ လောကုတ္တရာ ပညာရပ်နှစ်ဖြာကို စတင် သင်ကြားခဲ့ပါတယ်.. အသက် ၁၃နှစ်အရွယ်တွင် ရေနံချောင်း အမျိုးသားကျောင်းသို့ ပြောင်းရွေ့ပြီး ပညာသင်ကြားပြန်ပါတယ်.. ငယ်အမည် မောင်ထိန်လင်းမှ အစ်ကိုဖြစ်သူ ကိုအောင်သန်းနှင့် နံမည်ဆင်တူ ကိုအောင်ဆန်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့ပါတယ်… ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို ပါဠိဘာသာနှင့် မြန်မာစာတို့တွင် ဂုဏ်ထူးဖြင့်  A အဆင့်မှ အောင်မြင်ကာ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင် ယူခွင့် ရခဲ့ပါတယ်.. အင်္ဂလိပ် အုပ်ချုပ်နေသော ထိုခေတ်ခါ သမယတွင်  ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြား နေရင်း နိုင်ငံရေး စာမျက်နှာများတွင် တဖြည်းဖြည်း ပါဝင် လာပါတယ်.. ၁၉၃၅-၃၆ ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး သမဂ္ဂ မဂ္ဂဇင်းတွင် အယ်ဒီတာ ဖြစ်လာပါတယ်.. ၁၉၃၆ ကျောင်းသား သပိတ်တွင် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် လူသိများ ထင်ရှားလာပါတယ်..


 


၁၉၃၈ခုနှစ်တွင် ကျောင်းသားသမဂ္ဂ ဥက္ကဌ အဖြစ်တင်မြောက်ခြင်း ခံရပါတယ်.. ထိုနှစ်မှာပင် တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ ရပြီးနောက်  ဥပဒေ ၀ိဇ္ဇာတန်းတွင် တက်ရောက်ပညာ သင်ယူခဲ့ပါတယ်.. မကြာမှီတွင် ကျောင်းမှ ထွက်ကာ တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ကာ နိုင်ငံရေးကို ဇောက်ချ လုပ်ကိုင်ဖို့ ကြိုးစားပါတယ်.. တို့ဗမာ အစည်းအရုံးတွင် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခွင့်ရလာပါတယ်.. ၁၉၄၀ခုနှစ်တွင် ဂျပန်နိုင်ငံသို့ လျှို့ဝှက်စွာ သွားရောက်ပြီး မြန်မာလူငယ်များကို စစ်ပညာ သင်ကြားခွင့်ပြုဖို့ ဆွေးနွေး တိုင်ပင်ပါတယ်.. ထို့နောက် မြန်မာပြည်သို့ ပြန်လာပြီး လူငယ်များကို စုစည်းကာ ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားရန် လျှို့ဝှက်စွာ ထက်ခွာသွားပြန်ပါတယ်.. ၁၉၄၁ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိပြီး ဂျပန်တို့ရဲ့ အကူအညီနဲ့ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်.. ၁၉၄၂ခုနှစ် နှစ်ဦးပိုင်းတွင် ဘီအိုင်အေ တပ်မတော်ကို ဦးစီးကာ ဂျပန်စစ်ကြောင်း များနဲ့ အတူတူ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကာ အင်္ဂလိပ်နယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့ပါတယ်..


 


၁၉၄၄ခုနှစ်သြဂုတ်လတွင် ဂျပန်ကို ပြန်လည်တိုက်ခိုက်ရန် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်ကို လျှို့ဝှက်ဖွဲ့စည်းပြီး ၁၉၄၅ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂျပန်တို့အား တိုက်ခိုက်သည့် ဖက်ဆစ်တော်လှန်ရေးကြီး စတင်ခဲ့ပါတယ်.. ဗိုလ်ချုပ်ဟာ ၁၉၄၆ခုနှစ် ဇန်န၀ါရီလတွင်ကျင်းပသော ပြည်လုံးကျွတ် အစည်းအဝေးတွင် ဖဆပလ အဖွဲ့ချုပ်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြန်တယ်.. ၁၉၄၈ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ဂဠုန် ဦးစောနှင့် နောက်ပါတစ်စုတို့ကြောင့် သမိုင်းဝင်နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားပြီး မြန်မာ့ခေါင်းဆောင်၊ လွတ်လပ်ရေး၏ မီးရှူးတန်ဆောင် ဖြစ်သော ဗိုလ်ချုပ်မှာ ကျဆုံးခဲ့ရပါတယ်....


 


ဒီနေ့ဟာ ကျွန်မတို့ မြန်မာနိုင်ငံကို  တိုင်းတစ်ပါးသားလက်မှ လွတ်မြောက်အောင်  လွတ်လပ်ရေး ဦးဆောင် ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ကြိမ်မြောက် မွေးနေ့ ဖြစ်ပါတယ်... ပြီးတော့ မြန်မာနိုင်ငံရဲ့ ကလေးများနေ့လည်းဖြစ်ပါတယ်.. ဗိုလ်ချုပ် အကြောင်းကို မေ့လျှော့နေသူများ၊ မသိသေးသူများရှိပါက သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးအား ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုရင်း ရေးဖြစ်ပါတယ်ရှင်.. အတတ်နိုင်ဆုံး အကျဉ်းချုပ်ထားတာ ဖြစ်တဲ့အတွက် ဒီစာမျက်နှာပေါ်မှာ ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုဟာ ဘယ်လို မှတော့ ပြည့်စုံမှာ မဟုတ်ပါဘူး... ဒီအတွက်လည်း စာဖတ်သူများကို တောင်းပန်လိုက်ပါတယ်.. တိုင်းပြည် လွတ်လပ်ရေးတွက် အသက်ကို စွန့်လွှတ် စတေးသွားတဲ့ ဗိုလ်ချုပ်လို မမေ့အပ် ၊ မမေ့သင့်သူများကို ကဗျည်းကျောက်စာ တင်သလို  အသည်းနှလုံးရဲ့ တစ်နေရာမှာ စွဲစွဲမြဲမြဲ သတိတရ အမှတ်ရကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေရှင်....


 


 


လောကလူ့ရွာကောင်းကျိုးအတွက် စွန့်လွှတ်စွန့်စားဝံ့သူများသည် လူသေသော်လည်း ဘယ်သောအခါမှ “နာမည်”  သေမည့်သူများ မဟုတ်....


 


 


ချော (အစိမ်းရောင်လွင်ပြင်)

တို့ရဲ့ ဧရာဝတီ

 



photo from http://public.fotki.com/


 


ကျွန်မရဲ့ဘ၀မှာ နံမည်လေးကြားယုံနဲ့ စိတ်ဝင်တစားဖြစ်ခဲ့ရတဲ့ အရာလေးတစ်ခု ရှိခဲ့ပါတယ်...  အဲဒီနံမည်လေး က ဧရာဝတီ ဆိုတာဘဲ ဖြစ်ပါတယ်.. ငယ်စဉ်က ပထ၀ီဝင် ဘာသာရပ်ကို စတင် သင်ကြားခွင့်ရတဲ့ အချိန်မှ စပြီး ဒီအမည်လေးနဲ့  ရင်းနှီးခွင့်ရခဲ့တာပါ.. ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားပြီး ချစ်စရာကောင်းတဲ့ အမည်လေးလဲနော်….  နံမည်လေးကိုက အဓိပ္ပယ် အပြည့်နဲ့ လေးနက်လှတယ် မဟုတ်လားရှင်.. ဧရာ ဆိုတာ ကြီးမားလှသော ၀တီ ဆိုတာ ရေအပြင် ဆိုတော့  ကြီးမားကျယ်ဝန်းလှသော ရေပြင်ကျယ်ကြီး တစ်ခုမို့ နံမည်နဲ့ လိုက်ဖက်လှပါပေတယ်... ဒါကြောင့် ငယ်စဉ်ကတည်းက မမြင်ဖူးသေးတဲ့ ဧရာဝတီမြစ်ကြီးကို တွေ့ချင်စိတ်က အသည်းနှလုံးထဲမှာ သန္ဓေတည်ခဲ့ပါတယ်...


 


တကယ်တမ်း ဧရာဝတီမြစ်ကြီးနဲ့ တကယ် စတင် ထိတွေ့ခွင့်ရတဲ့အချိန်ဟာ ကျွန်မအတွက် တော့ ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်.. ကျွန်မ ကိုးတန်းအရောက်မှာ မြစ်ကြီးနားမြို့ကို ကျောင်းတက်ဖို့ ရောက်လာပြီး ရောက်စရက်တွေမှာ ကျောင်းအပ်ဖို့ ကိစ္စ၊ နေထိုင်ဖို့ကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် ဧရာဝတီမြစ်ကြီးကို နှုတ်ဆက်ခွင့် မရသေး ပါဘူး.... ရက်အနည်းငယ်အကြာမှာ အားလုံး အစအစအရာရာ နေသားကျသွားတော့ စက်ဘီလေးစီးပြီး ဧရာဝတီမြစ်ကြီးကို နှုတ်ဆက် ဖို့ သူငယ်ချင်းများနဲ့ အဆောင်ကနေ ထွက်လာခဲ့ကြပါတယ်..


 


မြစ်ဆိပ်နဲ့ နီးလာတာနဲ့ အမျှ ပတ်ဝန်းကျင်မှာ လွှမ်းခြုံထားတဲ့  အအေးဓာတ်ကို သိသိ သာသာ ခံစားလာ ရပါတယ်.. ပြီးတော့ လတ်ဆတ်သန့်ရှင်းတဲ့လေ... အဲဒီလေရဲ့ အနံ့လေး ကိုလည်း ရင်ထဲက ဆွတ်ပျံ့စွာ ရှုရှိုက်မိလိုက်ပါတယ်.. ဟော.. ရှေ့မှာ တွေ့ပါပြီ.   လှလိုက်တဲ့ ဧရာဝတီ..... ကြည်လင်သန့်စင်ပြီး မြသားရောင် လွှမ်းခြုံနေတဲ့ မြစ်ဧရာ.. သိမ့်သိမ့် ကလေးနဲ့ ငြိမ့်ငြိမ့်လေးစီးဆင်းလို့... အမှိုက်တစ်စသော်မျှ မတွေ့ရဘဲ. ရင့်ကျက် အိနြေ္ဒ အပြည့်နဲ့  တည်တည်ငြိမ်ငြိမ် စီးဆင်းနေပါရဲ့..  မြစ်ကမ်းနား ရေတိမ်ပိုင်းမှာတော့ မြစ်ကြမ်းပြင် အောက်ခြေက ကျောက်တုံးလေး တွေကိုတောင် မြင်နေရအောင် မှန်သားတစ်မျှ ကြည်လင် လှပါပေတယ်... ဧရာဝတီမြစ်ကြီးရဲ့ အလှကို ကြည့်ပြီး ကျွန်မမှာ ဆွေ့ဆွေ့ခုန် မိလောက်အောင် ၀မ်းသာ ပျော်ရွှင် ဖြစ်ရပါတယ်.. ငယ်စဉ်ကတည်းက နံမည်လေး ကြားယုံနဲ့တင် ချစ်ခင် ရင်းနှီးခဲ့ရတဲ့ ဧရာဝတီ.. ခုလို တကယ်တမ်း ဆုံတွေ့ခွင့် ရချိန်မှာတော့ သိကျွမ်းဟောင်း တစ်ယောက်ကို ပြန်လည် ဆုံဆည်းခွင့်ရသလို လှိုက်လှဲဝမ်းသာ ဖြစ်မိရပါတယ်... ကျယ်ဝန်းလှပကာ  စိမ်းလဲ့လဲ့ ကြည်ပြီး သန့်စင်လွန်း လှပါပေတယ်.. 


 


 


ဧရာဝတီမြစ်ဟာ ရေခဲတောင်တွေရှိတဲ့နေရာကနေ ဖြစ်ဖျားခံ စီးဆင်းလာတာမို့  မြစ်ရေက အေးစိမ့် နေတယ်တဲ့ .. တစ်ခါမှ မြစ်ရေကို လက်နဲ့ မတို့ထိဖူးတဲ့ ကျွန်မဟာ သူငယ်ချင်း ဖြစ်သူရဲ့ အပြောကြောင့် မြစ်ရေကို လက်ကလေးနဲ့ ထိတွေ့ချင်စိတ်တွေ ဖြစ်လာမိတယ်.. ဒါကြောင့်လဲ ကမ်းစပ်နားရောက်အောင် ဆင်းလာခဲ့ပြီး မြစ်ရေကို လက်ခုပ်လေးနဲ့ အသာခပ်ယူလိုက်ပါတယ်.... ဟုတ်ပါရဲ့…  စိမ့်စိမ့်ကိုအေးနေလိုက်တာ.. ကျွန်မငယ်ငယ်က ထိတွေ့ခဲ့ရဖူးတဲ့ ဇာတိဒေသက ဥရုချောင်းရေရဲ့ အထိအတွေ့နဲ့ မတူ တစ်မူထူးခြားလှတဲ့ ဧရာဝတီမြစ်ရေပါလား... ကျွန်မအတွက် ထူးဆန်း အံ့သြစရာတွေသာ ဖြစ်လို့နေပါတယ်...


 


ဧရာဝတီမြစ်ရဲ့ ဟိုတစ်ဘက်ကမ်း ဆီမှာတော့ စေတီပုထိုး တစ်ချို့နဲ့  မြို့ငယ်၊ ရွာငယ်လေးများရဲ့ အိမ်ခြေလေးတွေကို မှုန်ပြပြ လှမ်းမြင်နေရပါတယ်.. ဒီ့နောက်မှာတော့  မှိုင်းပြာရီနေတဲ့ တောင်စဉ် တောင်တန်းများ...  အထပ်အထပ်နဲ့...ခန့်ညားထည်ဝါလို့... ဘယ်ဆီမှာ ဆုံးမယ်မှန်းမသိအောင်  မျက်စိတစ်ဆုံး တည်ရှိနေ လိုက်တာ.... မြစ်အလယ်  အချို့နေရာတွေမှာ သဲသောင်ပြန့်ပြန့်လေးတွေ ထွန်းနေတာကို တွေ့မြင်ရပါတယ်.. နေရဲ့ ၀ါရွှေရွှေဖျော့ဖျော့ အလင်းရောင်နဲ့ သဲမှုန်လေးတွေ အတွေ့မှာ စိန်ပွင့်လေးတွေလို တစ်လက်လက်နဲ့ ဖြိုးဖြိုးဖျက်ဖျက် တောက်ပလို့ မျက်စိပင် ကျိန်းလောက်ပါတယ်.. ဖြူဖြူဖွေး သောင်ပြင်ပေါ်မှာလဲ ရေထဲမှာတစ်ခါ သဲပြင်ပေါ်တစ်လှည့် စီးမျှော ဆော့ကစားနေတတ်တဲ့ ဟင်္သာအုပ်တွေက လွတ်လပ်ခြင်း အပြည့်နဲ့.. သူတို့ရဲ့ ဘ၀ကိုတောင် အားကျမိသလိုလို.... ကြည်နူးချမ်းမြေ့စရာ ကောင်းလွန်းလှပါတယ်..


 


မြစ်ကြီးနားမြို့နဲ့ ၂၈မိုင်အကွာမှာ ဧရာဝတီမြစ်ကြီးကို စတင်ဖြစ်ပေါ်စေတဲ့ မေခ နဲ့ မေလိခ ဆိုတဲ့ မြစ်နှစ်မွှာ ပေါင်းဆုံရာ နေရာလေးရှိပါတယ်.. ဒီမြစ်နှစ်မွှာဟာ  တောတောင် အထပ်ထပ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျော်ဖြတ်လာတာ ဖြစ်တဲ့အတွက် ရေစီးသန်လှပါတယ်.. ကမ်းခြေ တစ်ခုလုံး ကျောက်တုံးကျောက်လုံးများရဲ့ သဘာဝအလှနဲ့ တန်ဆာဆင်ထားတဲ့ မြင်ကွင်းဟာ အလွန်ဘဲ နှစ်သက်စဖွယ် ကြည်နူးစဖွယ် ကောင်းလှ ပါတယ်.. ဓာတ်ပုံရိုက်ဖို့ အလွန်လှပတဲ့ ရှုခင်းလေး တစ်ခုလဲဖြစ်ပါတယ်.. သမိုင်းဝင် ဧရာဝတီမြစ်ကြီး ဖြစ်လာဖို့ ဒီနေရာလေးကနေ မွေးဖွားပေးလိုက်တာ ဖြစ်တဲ့အတွက် ဧရာဝတီရဲ့ အရေးပါဆုံး နေရာတစ်ခု ဆိုရင်လဲ မမှားပါဘူးရှင်..  မြစ်ကမ်းပေါ်မှာတော့  တိုင်းရင်းသား ရိုးရာ အစားအစာများ ရောင်းချရာ ဆိုင်လေးတွေမှာ ကချင်ပြည်နယ်ရဲ့ ရိုးသားလှတဲ့ အစားအသောက်များကို ရရှိနိုင်ပါတယ်.. မြစ်ဆုံရဲ့ ငါးကင်ဟာ မြစ်ထဲကရလာတဲ့ လတ်လတ်ဆတ်ဆတ် ငါးများကို ကင်ပြီးရောင်းတာဖြစ်တဲ့အတွက် ဘယ်နေရာက ငါးကင်အရသာနဲ့မှ မတူအောင် ကောင်းမွန်လှပါတယ်.. ကြိုက်တတ်သူများအတွက် ခေါင်ရည်ချိုချို မွှေးမွှေးလေးကိုလဲ သုံးဆောင် နိုင်ပါသေးတယ်..


 


ဧရာဝတီဟာ မြန်မာပြည်သားတို့အတွက် စားဝတ်နေရေးကို ပံ့ပိုးပေးနေတဲ့ သဘာဝမိခင်ကြီးလည်း ဖြစ်ပါတယ်.. ဒီဧရာဝတီကို အမှီပြုလို့ လူသားများစွာအတွက် အလုပ်အကိုင်များစွာကို ဖန်တီးပေးပြီး စာဝတ်နေရေးကို ပြေလည်စေခဲ့ပါတယ်..  မြန်မာပြည် မြာက်ဖျားပိုင်းမှ စလို့ နိုင်ငံတစ်နံ တစ်လျားကို ဖြတ်သန်း စီးဆင်းနေတဲ့အတွက် လူသားတွေရဲ့ ကုန်စည်စီးဆင်းမှုကိုလည်း ချောမွေ့အောင် ဆောင်ရွက်ပေးနေတဲ့ ပို့ဆောင်ရေး လမ်းကြောင်း အသက်သွေးကြော တစ်ခုအဖြစ်လဲ အသုံးဝင်ပြန်ပါတယ်.. မြေအောက်မှာ ရှိတဲ့ ရွှေအပါအ၀င် အဖိုးတန် သယံဇာတ များစွာကို လူသားတွေအတွက် အကျိုးရှိစွာ ထုတ်ဖော် ပေးပြန်ပါတယ်.. မြစ်ဧရာဟာ စိုက်ပျိုးမြေ ဧကပေါင်း များစွာကိုလဲ ရေပေးဝေပြီး လောကကောင်းကျိုးကို သယ်ပိုးနေတဲ့ သားကောင်းမိခင် တစ်ဦးနဲ့လဲ အလားသဏ္ဍာန် တူပါတယ်..


 


ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ ခေတ်အဆက်ဆက် ရာဇ၀င်များစွာကို သယ်ပိုးရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာမှသည် ယနေ့ချိန်ထိတိုင် စီးဆင်းနေတဲ့ သမိုင်းရေစီး တစ်ခုလဲဖြစ်ပါတယ်.. သူဟာ သမိုင်းကြောင်း များစွာကို သိုမှီး သိမ်းဆည်းထားတဲ့ မော်ကွန်းစာမျက်နှာ များလဲ ဖြစ်ပါတယ်.. တကယ်လို့များ ဧရာဝတီမြစ်ကြီးရဲ့ ကြမ်းပြင်ကိုသာ စေ့စေ့စပ်စပ် ရှာဖွေကြည့်မယ်ဆိုရင် ကျွန်မတို့ မြန်မာတွေရဲ့ ရာဇ၀င်များစွာကို အထောက်အထား အစုံအလင်နဲ့ ပြောပြနိုင်မဲ့ သက်သေတွေ အများကြီး ရှိပါတယ်..  မြန်မာတို့ရဲ့ သမိုင်းကြောင်းမှာ ဧရာဝတီရဲ့ အခန်းကဏ္ဍဟာလည်း အလွန်ဘဲ အရေးပါခဲ့ပါတယ်.. ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလို့များ ကြည့်မယ်ဆိုရင်လဲ ဧရာဝတီနဲ့ ဆက်စပ်နေတဲ့ သမိုင်းကြောင်း များစွာကို မြစ်ရိုးတစ်လျှောက်မှာ အခိုင်အမာ တွေ့နိုင်ပါတယ်..


 


မြန်မာ့မြေပေါ်မှာ စတင်မွေးဖွားပြီး မြန်မာပြည်ထဲမှာ အဆုံးသတ်သွားတဲ့ မြန်မာအဆန်ဆုံး မြန်မာပြည်သားစင်စစ် ဧရာဝတီလဲ ဖြစ်ပါတယ်.. အိနြေ္ဒကြီးတဲ့ ရာဇ၀င်များစွာတို့ရဲ့ အခမ်းနားဆုံး သတို့သမီး၊ မြန်မာပြည်သားတို့ရဲ့ နှလုံးသည်းပွတ် ဧရာဝတီမြစ်ကြီးကို ကမ္ဘာတည်သရွေ့ တည်တံ့နေစေချင်သလို လူသားတို့ရဲ့ လောဘပယောဂကြောင့်လည်း မြစ်ကြီးရဲ့ ရေစီးသံ ဆိတ်သုန်း ပျောက်ကွယ် သွားမှာကို စိုးရိမ်မိပါတယ်.. ဒါကြောင့် ကျွန်မချစ်တဲ့ ဧရာဝတီမြစ်ကြီး မြန်မာ့မြေ မြန်မာ့ရင်ခွင်မှာ  တေးသံထာဝစဉ် ဆိုညည်း နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်ရှင်....


 


--------------------------------------------------------------------------------------------------------------------


 


တို့ရဲ့ဧရာဝတီ နံမည်နဲ့ အက်ဆေးတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုထားတဲ့ ကျွန်မနဲ့ တစ်ပြည်နယ်တည်းသား စာရေးဖော် ကိုအင်းသားလေး ကျေနပ်မယ် ထင်ပါတယ်.. အချိန်ကြာ သွားတဲ့ အတွက် နားလည် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်.. ဒီအက်ဆေးကို (၁၂.၂.၂၀၁၀) ပြည်ထောင်စုနေ့ အမှတ်တရ အဖြစ် ဖော်ပြပေး လိုက်ပါတယ်နော်...


 


 


ချော (အစိမ်းရောင်လွင်ပြင်)