အမျိုးသမီးတို့ရဲ့ အလှအပ


 


ကျွန်မတို့ အမျိုးသမီးတွေရဲ့ အလှအပအကြောင်းကို ရှုထောင့်တစ်မျိုးကနေ ပြောကြည့် ကြရအောင်လားရှင်.. မိန်းကလေး တစ်ယောက်ရဲ့ အလှကို ဆုံးဖြတ်ဖို့ဆိုတာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်စံ၊ သတ်မှတ်ချက်တွေနဲ့ တိုင်းတာ ဆုံးဖြတ် ကြပါတယ်.. လူတစ်ယောက်ရဲ့ အပေါ်ယံ အရေပြား အလှကိုသာ ကြည့်ပြီး ဒီအမျိုးသမီး လှတယ် မလှလူးဆိုတာ ဆုံးဖြတ် လိုက်ကြ တာဟာ အမှန်တော့ တရားမျှတမှု မရှိပါဘူး… တကယ်တမ်းတော့  အမျိုးသမီးတိုင်းမှာ ရုတ်တရက်ကြည့်ရုံနဲ့ မမြင်နိုင်သေးတဲ့ အလှတရားကိုယ်စီ ရှိကြပါတယ်..


 
အလှအပ အသုံးအဆောင် ပစ္စည်းနဲ့ ပါတ်သက်တဲ့ စီးပွာရေးလုပ်ငန်းတွေ ကမ္ဘာတစ်ဝှမ်းမှာ ပေါများလာတာကို ကြည့်ခြင်း အားဖြင့် အလှအပဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိသာပါတယ်.. အမျိုးသမီးတွေ ကလည်း အလှပြင်ဖို့ဆို အချိန်ဘယ်လောက် ကုန်ကုန် ငွေဘယ်လောက် ပေးရပေးရ လှချင်ကြတဲ့သူတွေသာ ဖြစ်ကြပါတယ်…. ဆင်းရဲတဲ့ နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးများတောင်မှ ဈေးသက်သာတဲ့ အလှအပပစ္စည်းကို ၀ယ်သုံးကြပါ တယ်.. ဈေးပေါပြီး အာမခံချက်မရှိတဲ့ အလှကုန်တွေကြောင့် အသားအရေကို ကောင်းကျိုး ထက် ဆိုးကျိုးပေးဖို့က ပိုများပါတယ်… ဒါပေမဲ့လည်း လှချင်ကြတော့ ဆိုးကျိုးကို ထည့်မတွက်မိ ကြတော့ဘူးပေါ့နော်..


 


အမျိုးသမီးတိုင်းလိုလို လှချင် ပချင်ကြပါတယ်.. ဒါဟာ ငြင်းပယ်လို့မရတဲ့ အမှန်တရားပါ….. ပြီးတော့ အမျိုးသမီးတွေဟာ မိမိတို့ကို ပြောလာမဲ့ “ ဟယ်လှလိုက်တာ ” ဆိုတဲ့ စကားလေး ကို ကြားချင်၊ အပြောခံချင်ကြတဲ့ သူတွေချည်းဘဲ ဖြစ်ပါတယ်..  သို့သော်လည်း အမျိုးသမီး တစ်ယောက်ရဲ့အလှကို အပေါ်ယံ ကြည့်ကောင်းရုံ၊ ကိုယ်ခန္ဓာအသွင်အပြင် လှပနေရုံ နဲ့တော့ ဆုံးဖြတ်လို့ မရပါဘူးရှင်.. အပြင်ဘန်း ရုပ်အလှအပဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ အလှကို ဆုံးဖြတ်ဖို့ ထည့်သွင်းစဉ်းစားရမဲ့ အချက်ကလေး တစ်ချက် မျှသာ ဖြစ်ပါတယ်… နောက်ထပ် ထည့်သွင်း စဉ်စား ဆုံးဖြတ်ရမဲ့ အချက်တွေက သူ့ရဲ့ အပြုအမူ၊ အကျင့်စရိုက်၊ အပြောအဆို၊ ဥာဏ်ရည်ထက်မြက်မှု၊ ဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ ဇ၀နဥာဏ် ရွှင်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမှု၊ မိသားစုဘ၀ကို တန်ဖိုးထားတတ်မှု စသဖြင့် အများကြီး ရှိပါတယ်.. ဒီအချက်တွေ အားလုံးဟာ အမျိုးသမီးတစ်ယောက်ကို ပိုပြီး လှပ လာအောင် ၊  ဆွဲဆောင်မှု ရှိလာအောင်၊ တောက်ပလာအောင် စွမ်းဆောင်ပေးနိုင်တဲ့ အချက် တွေဘဲ ဖြစ်ပါတယ်..


 
လက်နဲ့ အချိန်ယူပြီး သေချာလှလှပပလေး အရောင်အသွေးစုံအောင် ဂရုတစိုက်နဲ့ ယက်လုပ် ထားတဲ့ ကော်ဇောတစ်ချပ်ရဲ့ တန်ဖိုးဟာ သာမန် ဖြစ်သလို ယက်လုပ်ထားတဲ့ စက်ယက် ကော်ဇော တစ်ချပ်ရဲ့ တန်ဖိုးနဲ့ မတူညီ ကွဲပြားခြားနား သလိုပါဘဲ… ရုပ်ရည်လှပမှု သက်သက်ဘဲ ဆိုရင်တော့  တန်ဖိုးနည်းတဲ့ သာမန်ကော်ဇော တစ်ချပ်ရဲ့ အရည်အချင်းနဲ့သာ နှိုင်းယှဉ်ရမှာပါ…..   အပေါ်ကဖော်ပြတဲ့ အရည် အချင်းများ နဲ့  ကိုယ်ရည်ကိုယ်သွေး ပြည့်စုံတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အလှအပဟာ လက်နဲ့ အချိန်ယူပြီး သေချာကျနစွာ ယက်လုပ်ထားတဲ့ ကော်ဇောတစ်ချပ်လို တန်ဖိုးရှိပြီး အရောင်အသွေးလှပ၊ တာရှည် တောက်ပလန်းဆန်း နေမဲ့ မညှိုးပန်းလေးတစ်ပွင့်နဲ့ တူပါတယ်… ကျွန်မတို့မှာ အထက်ကပြောခဲ့တဲ့ အရည်အသွေးတွေ အားလုံး မပြည့်စုံ နိုင်ဘူး ဆိုရင်တောင်မှ ကိုယ်တတ်နိုင်သလောက် ဖြည့်ဆည်း ကြရမှာ ဖြစ်ပါတယ်.. ဒါမှလည်း ရုပ်အလှတင်မက အရည်အချင်းလဲရှိ၊ တန်ဖိုးမြှင့်၊ တင့်တယ်တဲ့ မိန်းမသားတစ်ယောက်ရဲ့ ကျက်သရေရှိရှိ အလှကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်..


 
ရုပ်ရည်လှပခြင်းဟာ အရေးပါတယ် ဆိုတာ မှန်ပေမဲ့ တစ်ခြားလိုအပ်တဲ့ အရည်အချင်းတွေ ရှိဖို့ဆိုတာလည်း ပိုပြီး အရေးကြီး ပါတယ်.. ဒါကြောင့် ကျွန်မတို့မိန်းခလေးများဟာ ရုပ်အလှကို ပြုပြင်ဖို့ အချိန်တွေပေး၊ ငွေတွေ အကုန်အကျခံကြ သလိုဘဲ အတွင်းစိတ် လှပဖို့နဲ့ ကျန်တဲ့ အရည်အချင်းတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို  ဖြည့်နိုင်ဖို့လဲ ကြိုးစားသင့် ပါတယ်..  အတွင်းစိတ် လှပဖို့နဲ့ ကိုယ်ရည်ကိုယ်သွေး  ထက်မြက်ဖို့ ဆိုတာတော့ ဘယ်တန်ဖိုးကြီး အလှကုန်မှလည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး… ကျွန်မတို့ကိုယ်တိုင်က ပြုပြင် ဖြည့်ဆည်း ယူရမဲ့ အရာဖြစ်ပါတယ်…


 


ကျွန်မတွေ့ဖူးတဲ့ တစ်ချို့ အမျိုးသမီးများဟာ ပြင်ပ ရုပ်ရည်အားဖြင့် ပြောစမှတ် ပြုရလောက်အောင် မလှပကြပေမဲ့ သူတို့မှာရှိတဲ့ အရည်အချင်း၊ ထူးချွန် ထက်မြက်မှုတွေက သူမတူတဲ့  ဆွဲဆောင်မှုကို ဖြစ်ပေါ် လာစေပါတယ်..  အဲဒီ အရည်အချင်းတွေနဲ့ တစ်ဘက်သားကို လွှမ်းမိုးထားနိုင် ကြပါတယ်.. မိမိကိုယ်ကို ဂရုတစိုက်နဲ့ အတွင်းစိတ် အလှရော အပြင်ကိုယ်ခန္ဓာနဲ့ မျက်နှာအလှကိုပါ ပြုပြင်မယ် ဆိုရင် သံသယ မရှိပါနဲ့.. သင်ဟာ အလွန် ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက် မလွဲမသွေ ဖြစ်လာမှာပါ…
 


 


အမျိုးသမီးတိုင်း လှပနိုင်ကြပါစေရှင်…….


 


ချော (အစိမ်းရောင်လွင်ပြင်)


 


ကိုးကား  Amazoo/beauty-advice  မှ  The Secret of Your Inner Beauty
 


HELLO ဂျာနယ် အတွက် ရေးထားသော ဆောင်းပါးကို ကျွန်မရဲ့ မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံး ဖတ်ရှုနိုင်ဖို့အတွက် ဘလောဂ့်စာမျက်နှာပေါ် တင်ပေး လိုက် ပါတယ်ရှင် ....

သကြားထက် ချိုသောအရာ




အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခုပေါ်မှာ ထိုင်နေပါတယ်..  မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ  အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ…. ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့ သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့ အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…

ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့  အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ “ ဦးလေး.. ရှင်နေကောင်းရဲ့လား”  လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်.. ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ  အဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို ၀တ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း ဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီး တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ… သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..

 အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ….  ညီညာပြီး ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင် ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်.... အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့ အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား ဒီနေရာက ထွက်သွားပါ.. ”  လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..

 ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး  ပြဿနာ တစ်ခုခု ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..  အမျိုးသမီးက  “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက် ကူညီပေးပါလားရှင်..  ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “ ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ..  သူဟာ ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး..  သူ့ကို ဘာများလုပ်မလို့ပါလဲ ” လို့မေးလိုက်ပါတယ်..

 “ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်... ပြီးတော့လဲ ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို လွတ်မြောက်စေချင်တယ်.. ”

“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး  ” ပြောနေရင်းမှာဘဲ သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.. “ ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ.. ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန် ငြင်းမိပါတယ်..

 “ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို မမိုက်မဲချင်စမ်းပါနဲ့”  ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..  နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက် ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက် ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်..  ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်.. “ ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို ဒုက္ခများပေးနေလို့လား ”

“ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ”  ရဲအရာရှိရဲ့ စကားအဆုံးမှာ    “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့ သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်.. ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…”  လို့ ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..

“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ .. ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်.. ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ ပြောလိုက်ပါတယ်..

အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး  ပြုံးပြလိုက်ရင်းက “  မန်နေဂျာ..  ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီ နှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ”   လို့ မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်.. သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့ အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်..

အမျိုးသမီးက  “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့် ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ် မဟုတ်လား.. ”

“အဲဒီကိစ္စ  ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက ဒေါသထွက်လာပုံ ရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..

 “ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

 “ဗျာ…. ”   မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့ အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်.. ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”

စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “ ရဲအရာရှိကြီးကိုလည်း   ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”

 “တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”

“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”

“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”  

ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက

“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်.. ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ” လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..

မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု လှမ်းပြောလိုက်ပါတယ်..

“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ  အနေနဲ့ အန်ကယ် ဂျက် ကို ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..”  ပြောရင်းက အမျိုးသမီးဟာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်.  အဖိုးကြီးဘက်ကို လှည့်ပြီး စကား စတင်ပြောပါတယ်.. 

“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”

အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို ရင်းရင်းနှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မရုပ်ရည်က ဟိုတုန်းကထက် ရင့်ရော်သွားခဲ့ပါပြီ.. အခုအချိန်မှာ ငွေကြေးဥစ္စာ အရာရာ ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မရဲ့  ငယ်စဉ်ကာလ  ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန်  အေးခဲနေတဲ့ ခုလိုရာသီမျိုးမှာ ကျွန်မဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့ အချိန်တွေကို ဘယ်တော့မှ မမေ့ပါဘူးရှင်…”

“ အစ်မကြီး” 

ရဲအရာရှိထံမှ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..

အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့ ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့  အလုပ်တစ်ခုတစ်လေမှကို  တော်တော်နဲ့ ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး… နောက်ဆုံးတော့ လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မ ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့ အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို စားစရာ တစ်ခုတစ်လေ ရလို ရငြား ရောက်လာခဲ့ပါတယ်.. ”

အဖိုးကြီးဂျက်ဟာ  ပါးစပ်ကို ဟလိုက်ပြီး “  အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက် နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့ ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်းမဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့ အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာ ကျတဲ့အတွက် အလုပ် မပေးနိုင်ကြောင်း ပြောခဲ့တယ်လေ။ ”

“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက် မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့ ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့်  ပြဿနာတစ်ခုခု ဖြစ်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”

“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ”  အဖိုးဂျက်က အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..

“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်.. အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်.. ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ... သူများထက် ပိုကြိုးစားရတာပေါ့ ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ”  အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့ လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက

“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်.. ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင် စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်.. ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”

အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက   “ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ”

“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ ၀မ်းမြောက်စရာပါ..  ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့ ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို လမ်းပြခဲ့တဲ့သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့ ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်.. ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ ခေတ္တရပ်ပြီး  အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..

“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”

“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်..  ခင်ဗျားရဲ့ ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ  “အိုး ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ် ထပ်ယူမလား. ”

ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့ “ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်.. တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်းလှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..” လို့ ပြောလိုက်ပါတော့တယ်..
-----------------------------------------------------------------------------------------------------------------------------------

ကျွန်မတို့တွေရဲ့ ဘ၀မှာရော သကြားထက်ချိုတဲ့ အရာများကို မိမိမိတ်ဆွေ၊ မိမိပတ်ဝန်းကျင်ကနေ ရရှိခဲ့ဖူးပါရဲ့လား.. ကိုယ့်ဘက်ကရော ပြန်ပေးဆပ်ဖူးပါပြီလား... ဇာတ်လမ်းလေးထဲက အမျိုးသမီးရဲ့ အလုပ်အပေါ် ထားတဲ့ စိတ်ဓာတ်၊ ဇွဲလုံ့လနဲ့ ကြိုးစားခဲ့တဲ့ စိတ်ဓာတ်တွေက အတုယူစရာ လေးစားအားကျစရာ ကောင်းလှပါတယ်နော်.. အလှပဆုံးကတော့ ကျေးဇူးသိတတ်တဲ့ စိတ်ဓာတ်လေးပါ.. ရဲအရာရှိ ပြောသလိုပါဘဲ.. စေတနာ မေတ္တာ အပြည့်နဲ့ ကျေးဇူးသိတတ်ခြင်းက သကြားထက်ကို ချိုမြိန်လှပါတယ်.. ကျွန်မတို့လဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အပေါ်ကျေးဇူးရှိသူများ၊ ကိုယ်နဲ့ ဆက်ဆံနေရတဲ့ လူတွေအပေါ်မှာ သကြားထက် ချိုမြိန်တဲ့ အရာတွေကို ပေးနိုင်ဖို့ ကြိုးစားကြပါဦးစို့ရှင်..


Great-inspirational မှ Kindness (Unknown Author) ကို ဘာသာ ပြန်ပါသည်...


ချော(အစိမ်းရောင်လွင်ပြင်)

လွတ်မြောက်ခြင်း


 


photo from http://www.edupics.com/en-coloring-pictures-pages-photo-donkey-i2906.html


 


တစ်ခါတုန်းက လယ်သမားကြီးရဲ့ မြည်းတစ်ကောင်ဟာ ရေမရှိတဲ့ ရေတွင်းဟောင်း တစ်ခုထဲကို မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်.. မြည်းဟာ အကူအညီ ရဖို့အတွက် ရေတွင်းထဲကနေ အသံကုန် ဟစ်အော်ပြီး မြည်တမ်းနေပါတယ်.. သူ့ရဲ့အော်သံကြားလို့ ရောက်လာပြီး အဖြစ်အပျက်ကို တွေ့သွားတဲ့ လယ်သမားကြီးဟာ  မြည်းကို ရေတွင်းထဲကနေ ကယ်တင်ဖို့အတွက် နည်းလမ်းများကို စဉ်းစားပါသော်လည်း ဘယ်လိုမှ ကယ်တင်ဖို့ နည်းလမ်း ရှာမတွေ့ပါဘူးတဲ့.. ဒီတော့ ရိုးအလွန်းတဲ့ လယ်သမားကြီး ထူးထူးထွေထွေ မစဉ်းစား တော့ဘဲ လွယ်လွယ်ကူကူဘဲ အလျှော့ပေးဖို့ စဉ်စား မိတာက ဒီမြည်းကြီးဟာ အိုလဲအိုပြီ ကယ်ထုတ်လို့လဲ မရတော့မဲ့ အတူတူ ရေတွင်းဟောင်းကို မြေဖို့ပြီး မြည်းကိုပါ မြေမြုပ်ပစ်လိုက်ရင် ကောင်းမယ်လို့ စိတ်ကူးမိ ပါတယ်.. ဒါမှလည်း သူ့မြည်းဟာ ရေတွင်းထဲမှာ ဝေဒနာ ကြာကြာမခံစားရဘဲ မြန်မြန် သေဆုံးသွားအောင် လုပ်ပေးလိုက်တာဟာ သူ့မြည်းအတွက် အကောင်းဆုံးလို့ လယ်သမားကြီးက ယူဆပါတယ်တဲ့..


 


ဒါနဲ့ လယ်သမားကြီးဟာ သူ့အိမ်နီးချင်းတွေကို အကူအညီတောင်းပြီး ရေတွင်းကို ၀ိုင်းဝန်းမြေဖို့ဘို့ ကြိုးစား ကြပါတယ်.. လူအင်အားနဲ့ မြေကြီးတွေကို ကော်ပြားတွေနဲ့ကော်ပြီး ရေတွင်းထဲကို ပစ်ချကြပါတယ်.. အဖြစ်အပျက်ကို သဘောပေါက်သွားတဲ့ ရေတွင်းထဲက မြည်းဟာ  သူအော်ငြီးနေလဲ အလကားဘဲ ဆိုတာကို သိသွားပါတယ်.. ဒါကြောင့် အော်နေတာကို ရပ်လိုက်ပြီး ဘယ်လို အသက်ရှင်အောင် ကြိုးစားရမလဲဆိုတာကို စဉ်းစားပါတော့တယ်..


 


မြေဖို့နေရင်း အချိန် တော်တော်လေးကြာတော့ မြည်းကို မြေကြီးထဲ မြုပ်မိနေပြီး လောက်ပြီလို့ တွက်မိတဲ့ လယ်သမားကြီးဟာ အခြေအနေကို သိချင်တာနဲ့ ရေတွင်းထဲကို ငုံ့ကြည့်လိုက်ပါတယ်.. တွေ့မြင်လိုက်ရတဲ့ အဖြစ်အပျက်က အံ့အားသင့်စရာပါ..


 


 လယ်သမားကြီးရဲ့ မြည်းဟာ ဒီလောက်များပြားလှတဲ့ မြေကြီးတွေ ဖို့ပြီးတာတောင် အသက်ရှင်ရက် ရှိနေတုန်းပါ… ပြီးတော့လဲ ရေတွင်းနှုတ်ခမ်းဝနားထိ ရောက်ဖို့ တော်တော်ကြီး နီးကပ်လာနေတာကို တွေ့ရပါတယ်.. ဘာဖြစ်လို့ပါလဲ?  မြည်းဟာ သူ့ကို ဖုံးလွှမ်းသွားအောင်လို့ အပေါ်ကနေ ဖို့ချလိုက်တဲ့ မြေကြီးတွေကို  သူ့ကိုယ်ပေါ် အတင်မခံဘဲ ခါခါချပါတယ်.. ပြီးတော့ အဲဒီမြေကြီး အပေါ်ကို  တက်တက်ရပ်ပါတယ်.. ဒီလိုနည်းနဲ့ အပေါ်က ဖို့လာသမျှ မြေကြီးတွေဟာ သူ့ကိုယ်ကို မဖုံးမိဘဲ ခြေထောက် အောက်ကိုသာ ရောက်လို့သွားပြီး မြေပြင်ဟာလည်း တစ်ဖြေးဖြေးနဲ့ မြှင့်တက်လာကာ မြည်းဟာ ရေတွင်းဝနဲ့ နီးနီးလာတာ ဖြစ်ပါတယ်..  နောက်ဆုံးတော့ မြေပြင် တစ်ဖြေးဖြေးမြှင့်တက်လာတာနဲ့အတူ မြည်းဟာလည်း ရေတွင်းကနေ ပျော်ရွှင်လွတ်လပ်စွာ လွတ်မြောက်လာပါတော့တယ်..


 


--------------------------------------------------------------------------------------------------------------------


 


ဒီပုံပြင်ကို အားလုံးလဲ ကြားသိဖူးပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်.. မြည်းလို တိရိစ္ဆာန် တစ်ကောင်တောင် အသက်အန္တရာယ်လို အခက်အခဲနဲ့ ကြုံလာရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ ထွက်ပေါက်ကို ရှာတွေ့နိုင်သေးရင် အသိဥာဏ်ပိုမြင့်မားတဲ့ ကျွန်မတို့တွေကရော ဒီအခက်အခဲ ပြဿနာက လွတ်မြောက်မဲ့ လွတ်လမ်းတစ်ခုခု၊ ထွက်ပေါက် တစ်ခုခုကို ရှာဖွေမိကြဖို့ ဆိုတာ သိပ်ကိုဖြစ်နိုင်ပါတယ်နော်.. အရေးကြီးတာက လွယ်လွယ်နဲ့ အရှုံးမပေးမိကြဖို့ပါဘဲ.. ဘယ်အခက်အခဲ ပြဿနာမဆို နောက်ဆုံးမှာတော့ လွတ်လမ်းလေးတစ်ခုတော့ ရှိနေမှာပါ.. စိတ်ဓာတ်ကြံ့ခိုင်မှု အပြည့်နဲ့ အချိန်ယူပြီး ဖြေရှင်းတတ်ဖို့သာ လိုရင်းဖြစ်ပါတယ်.. ပုံပြင်ထဲက မြည်းလေးကို ဥပမာထားလို့ ကျွန်မတို့ရဲ့ အခက်အခဲ၊ ဘ၀ပြဿနာတွေကို စိတ်ဓာတ် ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဖြေရှင်းကြပါစို့၊ ရင်ဆိုင်ကြပါစို့ လားရှင်……………


 


The donkey story By (Ack TB) ကို စိတ်ဓာတ်ခွန်အား ရစေဖို့ ဘာသာပြန် ဝေငှပါသည်။

ချော ( အစိမ်းရောင်လွင်ပြင်)

ကူညီဝေမျှ ပရဟိတ


 



 


ကျွန်မ ဒီအကြောင်းအရာလေးကို ရေးချင်ခဲ့တာ ကြာပါပြီ.. အခုတော့ အကြောင်း တိုက်ဆိုင်လာတဲ့ အတွက် ရေးချင်နေတဲ့ အကြောင်းအရာလေးကို ရေးဖြစ်ပါပြီ.. ကျွန်မရေးချင်တဲ့အကြောင်းအရာလေးက ပရဟိတ အကြောင်းလေးပါ..  လူတွေရဲ့ ဘ၀မှာ တစ်နေ့တစ်နေ့ ကိုယ့်အလုပ်နဲ့၊ ကိုယ့်မိသားစုအရေးနဲ့ ၊ ကိုယ့်လူမှုရေး ကိစ္စတွေကြား  ဗျာများနေကြလေ့ရှိပါတယ်.. ဒါဟာ လူတိုင်းပါဘဲ.. အဲဒီလို ကိုယ့်အလုပ်တွေနဲ့ မအား မလပ် ဖြစ်နေတဲ့ ကြားထဲမှာ ကိုယ့်အတွက်လို့ ဆိုတဲ့  “အတ္တဟိတ” ကို လုပ်နေကြသလို လူပီပီသသ နေထိုင်ကြဖို့ အတွက် “ပရဟိတ” ဆိုတာလေးနဲ့ပါ တွဲပြီးတော့ လုပ်သင့်တယ်လို့ ကျွန်မခံယူပါတယ်..


 


ကျွန်မတို့ရဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ ပရဟိတနဲ့ ပတ်သက်ပြီး ဟောကြားချက်လေး တစ်ခု ရှိခဲ့ပါတယ်.. အဲဒါကတော့ လောကကြီးမှာ နေထိုင်ကြတဲ့ လူသားတို့ကို အမျိုးအစားလေးမျိုး ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ခွဲခြားပြခဲ့ပါတယ်.. အဲဒီလူ အမျိုးအစားလေးမျိုးက


၁. ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ၊


၂.ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ၊


၃. ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ၊


၎.ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ၊


စသည်တို့ ဖြစ်ပါတယ်.. ဒီလူတန်းစား လေးမျိုးထဲမှာမှ နံပါတ်၎ မှာရှိတဲ့ ကိုယ့်အကျိုးလည်းလုပ် ပရဟိတ လည်း ဆောင်ရွက်သူဟာ အမြတ်ဆုံးလို့ ဘုရားရှင်က ဟောကြားခဲ့ကြောင်း ဖတ်မှတ်ခဲ့ရဘူးပါတယ်ရှင်..


 


ကျွန်မတို့ဟာ မိမိဘ၀ တိုးတက်ရာတိုးတက်ကြောင်းကို လုပ်ဆောင်နေကြသလို တစ်ဘက်တစ်လမ်းကလဲ ကိုယ်တတ်နိုင်သလောက် အများအကျိုးဆောင်တဲ့ လူမှုရေး လုပ်ငန်းတွေမှာလဲ ပါဝင်ဆောင်ရွက်သင့်ပါတယ်.. တကယ်တမ်းတော့ ပရဟိတ ဆိုတဲ့ အများအကျိုး ဆောင်ရွက်ခြင်းဟာ မွန်မြတ်လှပါတယ်.. အချို့သူတွေက ပရဟိတကို လုပ်လိုသော်လည်း စိတ်သာရှိပြီး အချိန်မရှိတဲ့ အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် နိုင်ခြင်း မရှိကြပါဘူး.. အချို့ကျတော့လည်း ရေခြားမြေခြားမှာ အလုပ်တွေများ၊ အချိန်ကရှား ဖြစ်နေတဲ့အတွက် ပရဟိတလုပ်ငန်းတွေမှာ မပါဝင်နိုင်ဘူးလို့ ဆိုကြပါတယ်.. ဒီလိုဆိုရင် ပရဟိတ လုပ်ငန်းကို ဒီလိုလူတွေက မလုပ်နိုင်တော့ဘူးလား မေးစရာရှိပါတယ်.. လုပ်နိုင်ပါတယ်.. လုပ်လို့ရပါတယ်. မိမိ ဘယ်ဒေသဘဲ ရောက်နေနေ ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် ပရဟိတလုပ်ငန်းကို လုပ်ဆောင် လို့ရပါတယ်.. ပရဟိတ လုပ်တဲ့နေရာမှာလည်း လူအား၊ ငွေအားဖြင့် ပါဝင်ဆောင်ရွက်ကြသူတွေရှိသလို လူအားမတတ်နိုင်တဲ့အတွက် ငွေအားသက်သက်နဲ့ ဆောင်ရွက်သူများလည်း ရှိကြပါတယ်..


 


ကျွန်မကိုယ်တိုင်လည်း ရန်ကုန်မြို့နဲ့ အလှမ်းဝေးတဲ့ နေရာမှာရောက်နေတဲ့ အတွက် ပရဟိတ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်တောင်မှ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ကြိုးစား နေမိပါတယ်… ကျွန်မ လောလောဆည် အဖွဲ့ဝင်ထားတဲ့ ပရဟိတ လူမှုရေးအဖွဲ့က Save The Aged လို့ ခေါ်တဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေးအသင်း ဖြစ်ပါတယ်.. အသက်အရွယ်ကြီးပြီး အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖိုးအဖွားတို့ကို ကူညီပေးကမ်းစောင့်ရှောက်ခြင်းနဲ့ အခြား ပရဟိတ လုပ်ငန်း တွေမှာပါ ကူညီဖို့ ကြိုးစားနေတဲ့ အဖွဲ့လေး ဖြစ်ပါတယ်.. အဝေးရောက်နေတဲ့ မြန်မာလူမျိုးများ http://savetheaged.ning.com/  ဒီနေရာမှာ အသင်းဝင်လို့ရသလို ရန်ကုန်မြို့မှ လူငယ် လူရွယ်များကိုလဲ မိမိတို့ရဲ့ အားလပ်ချိန်လေးမှာ သူတစ်ပါးကို ကူညီစောင့်ရှောက်တတ်တဲ့ အကျင့်ကောင်းလေးတွေကို မွေးမြူရင်း ပရဟိတလုပ်ငန်းကို လုပ်နိုင်ကြဖို့ အသင်းဝင်အဖြစ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်..


 


ဒီ ပရဟိတ အဖွဲ့မှ မဟုတ်ပါဘူး… ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ပေါင်း များစွာ ရှိပါတယ်.. ဘယ်အဖွဲ့ကို မဆို မိမိနီးစပ်ရာ အဖွဲ့လေးတွေမှာ ပါဝင်ကြရင်း လောကကောင်းကျိုးကို တစ်ဘက်တစ်လမ်းက သယ်ပိုး ထမ်းရွက်သင့်ကြပါတယ်.. သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေး အသင်း (STA) ဟာ လစဉ် လူမှုရေးလုပ်ငန်းများကို လုပ်ဖို့ စီစဉ်ထားပါတယ်. အခု ဖေဖော်ဝါရီလအတွက် လူမှုရေး လှုပ်ရှားမှု ဆောင်ရွက်မဲ့ အစီအစဉ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်ရှင်.. အသင်းမ၀င်ခင်မှာ အသင်းရဲ့ ဆိုဒ်ထဲကို အရင် လေ့လာကြည့်ဖို့ အသိပေးပါရစေ.. အသင်းကို လူကြီးလူငယ်မရွေး ၀င်လို့ရပါတယ်.. အသင်းရဲ့ စည်းကမ်းချက် များကိုလည်း ဆိုဒ်ထဲမှာ အသေးစိတ် ဖော်ပြပေးထားပါတယ်.. လုပ်ငန်း အစီအစဉ်များကိုလည်း အလှူငွေထည့်ဝင်ပုံ၊ လှူဒါန်းပုံတို့ကိုလဲ ရှင်းလင်းချက်များနဲ့ တွေ့ရမှာဖြစ်ပါတယ်.. နိုင်ငံအသီးသီးမှ အလှူငွေ ပါဝင်လှူဒါန်းလိုသူများအတွက်လည်း ဆက်သွယ်ရမဲ့ သူရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ၀က်ဆိုဒ်ထဲမှာ ဖော်ပြပေးထားပါတယ်...


 


ဒီလ ၂၁ ရက် တနင်္ဂနွေနေ့မှာ အဖွဲ့ဝင်များ ကိုယ်တိုင်ကိုယ်ကျ စုစုဝေးဝေးနဲ့ ပရဟိတလုပ်ငန်းလေးတစ်ခု သွားလုပ်ကြဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်.. ဒါကြောင့်လဲ ဒီရက်ကိုအမီ ပရဟိတလုပ်ငန်းကို ၀ါသနာ ပါသူများ၊ ကိုယ်တိုင်လိုက်ပါလိုသူများအတွက် ဒီပိုစ့်လေးကို အချိန်မှီ ရေးဖြစ်ပါတယ်.. ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ခြင်းအားဖြင့် လူငယ်အချင်းချင်း စည်းလုံးညီညွှတ်မှု ရှိလာနိုင်သလို အဖွဲ့အစည်း စိတ်ဓာတ် တိုးပွားလာခြင်းအားဖြင့် တစ်ကိုယ်ကောင်း ဆန်လိုတဲ့ စိတ်ဓာတ်တွေ လျှော့ပါးသွားနိုင်ပြီး ကူညီချင်တဲ့ စိတ်ဓာတ်ကောင်းလေးတွေ မွေးဖွားလာစေနိုင်ပါတယ်.. လူငယ်များ စုစုရုံးရုံး သွားလာကူညီကြခြင်းအားဖြင့် တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရှိလာနိုင်သလို၊ မိတ်ဆွေ သစ်များလည်း တိုးပွားလာနိုင်ပါတယ်..  ဗဟုသုတလဲရ ၊ ပျော်စရာလဲကောင်း ကုသိုလ်လဲရ ပါတယ်..


 


အောက်က အစီအစဉ်လေးက တနင်္ဂနွေနေ့မှာ ဆောင်ရွက်ကြမဲ့ အစီအစဉ်လေးဖြစ်ပါတယ်.. အဖွဲ့ဝင်တွေကို အကြောင်းကြားတဲ့ စာလေးပါ.. မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါတယ်..


 


 


သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး

 

A message to all members of သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး

မင်္ဂလာပါ

ကျွန်တော်တို့ SaveTheAged အဖွဲ့မှ ဖေဖေါ်ဝါရီ လ အတွက်  လူမှု့ရေးနှင့် ပရပိာတလုပ်ငန်း အတွက် ရွေးချယ်ထားသောနေရာ
ရွှေပြည်သာမြို့နယ်  အနောက်အုတ်ကျင်း
ဘုန်းတော်ကြီး သင် ပညာရေးကျောင်း ရှိ ကျောင်းသား ကျောင်းသူများ ကို


အဟာရ ( ကြာဇံချက် ) ကျွေးမွေးခြင်း

Savetheaged အဖွဲ့ဝင် ဆေးအဖွဲ့မှ ကျောင်းသားကျောင်းသူများကို ကျန်းမာရေး   .စစ်ဆေးပေးခြင်း ။

ကလေးသူငယ်များကို လက်သည်းညှပ်ပေးခြင်း ၊ စကားပြောခြင်း ၊ ပုံပြင်ပြောပြခြင်း၊ ဆော့ကစားခြင်း .

စသည် ဖြင့် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး အစီအစဉ်များကို ပြုလုပ်သွားမှာဖြစ်ပါတယ် ။
ထိုကြောင့် ကျွန်တော်တို့နှင့်အတူ ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်စေ ရန် လေးစားစွာ ဖိတ်ကြား ပါတယ် ခင်ဗျာ.....၊


နေ့ရက်          -  21-02-2010 (တနင်္ဂနွေ) နေ့

 
စုရပ် ( ၁ )   


အချိန်            -   မနက်( 8:35 ) နာရီအရောက်လာရန် နှင့် ( ၉ )နာရီ
                        အထိစောင့်ဆိုင်းပေးသွားပါမည်။  9  နာရီထိုးသည်နှင့် စုရပ် ( ၂ )နေရာ
                        သို့ ထွက်ခွာမည်ဖြစ်ပါသည်။


နေရာ            -  38 လမ်းထိပ်၊ပန်းဆိုးတန်းကားဂိတ်အနီး မှာရှိတဲ့ Tokyo Donut    
                       ရှေ့နားမှာဖြစ်ပါတယ်။အလှူကြိုပို့ကားကို ယင်းနေရာနှင့် မနီးမဝေး ရှိ
                       ၃၈ လမ်းထိပ် ချာပ့်ကျောင်းနားတွင် ရပ်ထားပါမည်။


စုရပ် ( ၂ )   

အချိန်           -   မနက်( 9:00 ) နာရီအရောက်လာရန် နှင့် ( 9:30 ) နာရီ တွင် စုရပ် (၁ )
                      .မှလာသော အလှူကြိုပို့ကားဖြင့်စတင်ထွက်ခွာမည်ဖြစ်သည်။
           


နေရာ            - ရန်ကုနု အင်စိန် လမ်းမ ရှိ လှည်းတန်း IT လ္ဘက်ရည်ဆိုင် 
                      ( YKKO ကြေးအိုးဆိုင်နဘေး ) တွင်ဖြစ်သည်။


လှူဒါန်းမှုအစီစဉ်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၉)နာရီခွဲအတိ စုရပ် (၂) ကထွက်ခွာမှာဖြစ်ပါတယ်။ အနောက်အုတ်ကျင်း ဘုန်းတော်ကြီး သင်
ပညာရေးကျောင်း (၁၀) နာရီမခွဲခင်အရောက်သွားမှာဖြစ်ပါသည်။
ရောက်သည်နှင့်


၁. စာရင်းအဖွဲ့ မှ တစ်နေရာ နေရာယူ၍ အလှူငွေ လက်ခံခြင်း
     ( မသန္တာ ,မဆုဆုကျော်  ဦးဆောင်၍ ဆောင်ရွက်ပါမည် )


၂. ဆေးအဖွဲ့မှ တစ်နေရာယူ၍ ကလေးသူငယ်များ၏ ကျန်းမာရေးကို စစ်ဆေးပေးခြင်း
     ( သော်ဇင် ဦးဆောင်၍ ဆောင်ရွက်ပါမည် )


၃. ကျောင်းသားကျောင်းသူများကို အဟာရ ကျွေးမွေးရာတွင် ဝိုင်းဝန်းကူညီခြင်း
    ( စည်သူထွန်း , အနက်ရောင်  ဦးဆောင်၍ ဆောင်ရွက်ပါမည် )


၎.အဟာရ သုံးဆောင်ရန် အလှည့်ကျ စောင့်ဆိုင်းနေသော
    .ကျောင်းသားကျောင်းသူများကလေးငယ်များကို လက်သည်းညှပ်ပေးခြင်း
    ( ဗေဒါရောင် . စနိုး  ဦးဆောင်၍ ဆောင်ရွက်ပါမည်)


၅.အဟာရ သုံးဆောင်ပြီး ကျောင်းသားကျောင်းသူများကို ပရဟိတ ဗဟုသုတရစေရန်
ပုံပြောခြင်း ၊ အခြားဗဟုသုတများကို နွေးထွေးစွာ ပြောပြရင်း နှီးစွာနေရန်နှင့် ကလေးငယ်များ စုပေါင်းလုပ်ဆောင်တဲ့စိတ်ဓါတ်၊ ပရဟိတ စိတ်ဓါတ် ကိန်းဝတ် အတုယူတတ်စေရန် ဆောင်ရွက်ခြင်း ၊ဆော့ကစားခြင်း ၊ နွေးနွေးထွေးထွေး နေခြင်း ။
( ကိုသူရအောင် , ခရေ  ဦးဆောင်၍ ဆောင်ရွက်ပါမည် )


စသည်ဖြင့် အရွယ် အလိုက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

လိုက်ပါမည့်သူများ အနေနှင့် မိမိတို့ ကိုသိုလ်ယူလိုသော နေရာ တွင် ပါဝင် ကုသိုလ်ယူနိုင်ပါသည်။
အစီစဉ်အားလုံးကို ၂ နာရီ တွင်ပြီးဆုံးမှာဖြစ်ပြီး မြို့ထဲ စုရပ်သို့ ၃ နာရီတွင် ပြန်ရောက်မည်ဖြစ်သည်။


လိုက်ပါမည့်သူများကို ယာဉ်စီး ခ တစ်ယောက် ( ၅၀၀ ) ကောက်ခံမည်ဖြစ်သည်။
စုရပ် ( ၁ ) တွင် ကိုဗေဒါဇော် နှင့်ဇင်ဇင်တို့ မှ ဦးဆောင်  စောင့်ဆိုင်းနေမည်ဖြစ်ပြီး .
စုရပ် ( ၂) တွင် အနက်ရောင် နှင့်  ဗေဒါရောင်  တို့မှ ဦးဆောင် စောင့်ဆိုင်းနေမည်ဖြစ်သည်။


ကားစီစဉ်ထားမူ အဆင်ပြေစေရန်တွက် လိုက်ပါမည့်သူများ
အောက် တွင်စာရင်းပေးသွားပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


စာရင်းပေးရန်နေရာ  http://savetheaged.ning.com/forum/topics/2122010-1
Visit သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး at: http://savetheaged.ning.com/?xg_source=msg_mes_network

 


အတ္တနဲ့ပရ မျှတစွာ ဆောင်ရွက်ကြပါစို့လားရှင်.....


 


ချော (အစိမ်းရောင်လွင်ပြင်)


 

အကောင်းမြင်တဲ့စိတ်


picture from google search 


 


တစ်ခါတုန်းကပေါ့... တစ်ခုသော မနက်ခင်းမှာ အသက်၈၀ အဖွားအိုတစ်ဦးဟာ  မကြည့်တာ ကြာပြီဖြစ်တဲ့  မှန်ကို ကြည့်နေပါတယ်.. ကြည့်နေရင်းနဲ့ သူမခေါင်းပေါ်မှာ ဆံပင်လေး ၃ပင်သာ ကျန်နေတာကို တွေ့လိုက် ရပါတယ်..  အဲဒီလိုတွေ့လိုက်ချိန်မှာ အရာရာကို အကောင်း မြင်တတ်တဲ့ အဖွားအိုဟာ  “ အင်း ငါတော့ ဒီဆံပင် ၃ပင်နဲ့ဆို ဒီနေ့ ဆံကျစ်လေး ကျစ်ထားလိုက်ရင် အတော်ဘဲ လို့” တွေးလိုက်ပြီး ဆံပင်လေး၃ပင်ကို ဆံကျစ်လေးကျစ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့ရဲ့ နေ့တွေကို ဖြတ်သန်းလိုက်ပါတယ်....


 


နောက် ရက်အတန်ကြာလို့ မှန်ကို ကြည့်မိတဲ့အခါ သူမမှာ ဆံပင် ၂ပင်တည်းသာ ကျန်တော့တာကို တွေ့ပြန်ပါတယ်.. ဒီတော့ သူက တွေးမိပြန်တယ်.. “ဟမ်း ငါ့ဆံပင်က ၂ ပင်ထဲကျန်တော့ပါလား.. အတော်ဘဲ ဒီဆံပင်၂ပင်ကို ဟိုဘက်ဒီဘက် တစ်ပင်စီ ချထားလိုက်ရင် ပြီးတာပါဘဲ ”  လို့ တွေးလိုက်မိရင်း ဆံပင်လေး ၂ပင်ကို ခေါင်းတစ်ဘက်စီိ ချထားလိုက်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ မှန်ရှေ့ကနေ ထွက်သွားပြန်ပါတယ်..


 


နောက် တစ်ပတ်လောက်ကြာတဲ့အခါမှာ သူ့ဆံပင်လေးဟာ တစ်ပင်တည်းထီးထီး ကျန်တော့တာကို တွေ့လိုက်ရပါတယ်.. ဒီတစ်ခါ အဖွားအိုက  “အိုး ဆံပင်က တစ်ပင်ဘဲ ကျန်တော့ပါလား… ဒီဆံပင်လေးတစ်ပင်ကိုဘဲ (ပိုနီတေလ်း) မြင်းမြီးလေးလို ချထားလိုက်ရင် အကောင်းဆုံးဘဲ ” လို့တွေးလိုက်ပြီး တစ်ပင်တည်းကျန်တဲ့ ဆံပင်လေးကို အသာချလို့ ရွှင်ရွှင်ပြပြလေးနဲ့ မှန်ရှေ့က ထွက်ခွာသွားပြန်ပါတယ်..


 


နောက်တစ်ရက် မိုးလင်းလို့ မှန်ရှေ့မှာ ကြည့်မိတော့  အဖွားအိုမှာ ဆံပင်လေးတစ်ပင်တောင် မကျန်ရစ် တော့ပါဘူး… ဒီတော့ သူက တွေးမိပြန်ပါတယ်..  “ အင်း.... နောက်ဆုံးတော့ ဂတုံးဖြစ်သွားပြီ. ဘယ်လောက် ကောင်းလိုက်သလဲ.. ငါ့မှာ နောက်ထပ် ဒီဆံပင်အတွက် အချိန်ကုန်စရာ မလိုတော့ဘူး.. ဆံပင်ဖြီးရတဲ့ ဒုက္ခ၊ ခေါင်းလျှော်ရတဲ့ ဒုက္ခ အဲဒါတွေအားလုံး ကင်းဝေးသွားပြီ.. ကောင်းလေစွ ကောင်းလေစွ ” လို့ ပြောပြီးတော့ မှန်အရှေ့ကနေ ကြည်လင် လန်းဆန်းစွာ ထွက်ခွာသွားပါတယ်..


 


--------------------------------------------------------------------------------------------------------------


 


ကျွန်မတို့ဟာ အဖွားအိုလို အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်မျိုး ထားနိုင်ပါ့မလား? ကိုယ့်ကိုယ်ကိုလဲ မေးမိပါတယ်.. မလွယ်ပါဘူး… တကယ်ကို မလွယ်ပါဘူးနော်…  ကိုယ့်ပိုင်ဆိုင်မှု လျှော့သွားတဲ့ အခါဘဲ ဖြစ်ဖြစ်၊ ခနတာ အခက်အခဲနဲ့ ကြုံရတဲ့ အခါဘဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ စိတ်ဆင်းရဲတတ်ကြတယ်.. ကံကို အပြစ်တင် တတ်ကြတယ်..  စိတ်ပူပန်ဆင်းရဲကြတယ်.. ကိုယ့်စိတ်ကို သက်သာရာရအောင် ဖြေတွေးဖို့ ၊ အကောင်းဘက်ကနေ ကြည့်ဖို့ မစဉ်းစားမိကြဘူး.. တကယ်တမ်းတော့ ဖြစ်ပြီးသွားတဲ့ ကိစ္စရပ်တွေဟာ ကိုယ်တိုင်လည်း ဘာမှ မတတ်နိုင်တဲ့ အကြောင်းတရား တွေပါနော်.. ပူပန်စိတ်ဆင်းရဲနေတော့ရော အရာရာ အသစ်ပြန်ဖြစ်မလာနိုင်တော့ပါဘူး.. ကိုယ့်ရဲ့ စိတ်ဆင်းရဲပူပန်မှုလေးတွေကို လျှော့ချပြီး ဖြစ်လာတဲ့ အခြေအနေကို အကောင်းဘက်ကနေ မြင်တတ်၊ ကြည့်တတ်ဖို့ အဖွားအိုရဲ့ စိတ်ထားလေးလိုမျိုး ထားနိုင်ဖို့ တတ်နိုင်သလောက်တော့ ကြိုးစားကြည့် ကြရအောင်လားရှင်..  ကျွန်မကိုယ်တိုင်လဲ ကြိုးစားရပါဦးမယ်..


 


The Very Old Lady ( Unknown Author) ကို ဘာသာပြန်ပါသည်....


 


ချော (အစိမ်းရောင်လွင်ပြင်)