ခြောက် အိပ်မက်




တစ်ခါက သိပ်ချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး ၂ယောက် ရှိကြပါတယ်.. သူတို့၂ယောက်ချစ်နေတဲ့ အကြောင်းကို ကောင်မလေးရဲ့ အဖေက သိသွားတော့ ကောင်လေးနဲ့ လုံးဝကို သဘောမတူပါဘူးတဲ့… ဒါနဲ့ဘဲ ကောင်လေးနဲ့ ကောင်မလေးတို့ ၂ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်လဲ မခွဲနိုင်မခွာရက် သိပ်ချစ်နေ ကြတော့ အိမ်ကနေ ထွက်ပြေးကြပြီး ၂ယောက်တည်းကမ္ဘာကို ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..





သူတို့၂ယောက် ထွက်ပြေးသွားတော့ ကောင်မလေးအဖေက နေရာအနှံ့ လိုက်လို့ရှာပေမဲ့ ဘယ်မှာမှကို ရှာလို့မတွေ့ပါဘူး…  နောက်ဆုံးတော့ ကောင်မလေးအဖေဟာ သူတို့၂ယောက်လုံးကို ပြန်လာခဲ့ဖို့နဲ့ လက်ထပ်ပေးစားပါမယ် သူတို့ ၂ယောက်ကို ဘဘောတူ လက်ခံပါတယ် ဆိုတဲ့ အကြောင်း သတင်းစာမှာ ကြော်ငြာထည့်ရပါတော့တယ်…





ကြော်ငြာကို တွေ့တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ဟာ အိမ်ကို ပြန်လာကြပြီး  မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြပါတယ်…  နောက်တစ်နေ့မနက်မှာ သူတို့၂ယောက်ဟာ မင်္ဂလာဆောင် ၀တ်စုံရွေးဖို့အတွက် မြို့ထဲကို ထွက်လာကြပါတယ်.. အဲဒီမနက်ခင်းမှာ ကောင်လေးဟာ ရှပ်အင်္ကျီအဖြူလေးကို ၀တ်ဆင်လာပါတယ်.. မြို့ထဲမှာ တစ်ဆိုင်ပြီး တစ်ဆိုင် ၀င်ထွက်ကာ မင်္ဂလာဝတ်စုံကို ရွေးချယ်ကြရင်းနဲ့ နေက ပူသထက်ပူလာတော့ ကောင်မလေးဟာ ရေငတ်လာပါတယ်.. ဒါနဲ့  ကောင်လေးကို ရေဆာကြောင်း သူက ပြောတော့ ကောင်လေးကလဲ လမ်းတစ်ဘက်မှာရှိတဲ့ စတိုးဆိုင်လေးတစ်ခုမှာ ကောင်မလေး အတွက် ရေသန့်ဘူး သွားဝယ်ဖို့ လမ်းကို ဖြတ်ကူးလိုက်ပါတယ်..





 ဒီအချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ဘရိတ်ပေါက်နေတဲ့ ကားတစ်စီးဟာ ဘယ်လိုမှ အရှိန်မထိန်းနိုင်ဘဲ ကောင်လေးကို ပြင်းထန်စွာ တိုက်မိသွားပါတယ်.. ကောင်မလေးဟာ ချက်ခြင်းဘဲ ကားတိုက်ခံရပြီး ခပ်ဝေးဝေး ကို  လွှင့်စင်သွားတဲ့ ကောင်လေးရှိရာကို ပြေးသွားပါတယ်. ဒီမှာတင် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကောင်မလေးဟာ ကောင်လေးဘေးနားမှာဘဲ သတိလစ်ပြီး လဲကျသွားပါတယ်.. သိပ်ပြင်းထန်လွန်းတဲ့ ကားတိုက်ခံရတဲ့ အရှိန်ကြောင့်  ကောင်လေးဟာ မမှတ်မိနိုင်လောက်အောင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပြီး ပွဲချင်းပြီး သေဆုံးနေပါပြီ….







နာရီပေါင်း အတော်ကြာတော့မှ ကောင်မလေးဟာ ပြန်သတိရလာပါတယ်.. ကောင်လေးအိမ်က မိသားစုနဲ့ ကောင်မလေးမိသားစုတို့ဟာ ကောင်လေးကို မီးသဂြိုင်္လ်ဖို့ အမြန်ဆုံး စီစဉ်ကြပါတယ်.. ဘာလို့ဆိုတော့ ပြင်းပြင်းထန်ထန် ရုတ်ပျက်ဆင်းပျက် ကားတိုက်ခံထားရတဲ့ အတွက် သူ့ရုပ်ကလပ်ကို ကြာရှည် မထားသင့်ဘူးလို့ ယူဆတာကြောင့်ပါ..





ကားတိုက်ခံရပြီးလို့ ၂ရက်မြောက်တဲ့နေ့မှာ ကောင်မလေးအမေဟာ အိပ်မက်တစ်ခု မက်ပါတယ်.. အိပ်မက်ထဲမှာ အသက်ကြီးကြီး မိန်းမတစ်ယောက်ဟာ ကောင်မလေးရဲ့ အကျီ င်္မှာ စွန်းပေနေဆဲဖြစ်တဲ့ ကောင်လေးရဲ့ သွေးတွေကို အမြန်ဆုံး ပြောင်စင်အောင် လျှော်ဖွတ်ဖို့ ကောင်မလေးရဲ့ မိခင်ကို သတိလာပေးပါတယ်..  ဒါပေမဲ့ ကောင်မလေးရဲ့ အမေက အိပ်မက်ကို ဂရုမထားဘဲ အမှုမဲ့ အမှတ်မဲ့နဲ့ နေလိုက်ပါတယ်.. နောက်တစ်နေ့ညမှာတော့ ကောင်မလေးရဲ့ ဖခင်ဟာ အလားတူအိပ်မက်ကို ထပ်မက်ပါတယ်… ဖခင်ကလဲ အိပ်မက်ကို မေ့မေ့ပျောက်ပျောက်ဘဲ သဘောထားလိုက်ပါတယ်..





တတိယအကြိမ် ညမှတော့ အဲဒီအိပ်မက်ကိုဘဲ ကောင်မလေးက မက်ပါတော့တယ်.. ကောင်မလေးဟာ ထိတ်လန့်ကြောက်ရွံ့စွာနဲ့ အိပ်မက်ကနေ လန့်နိုးလာပါတယ်.. သူ့မိခင်နဲ့ ဖခင်ကို အိပ်မက်အကြောင်း ပြောပြတော့ ၃ယောက်လုံးဟာ ဒီအိပ်မက်ကိုဘဲ ထပ်တူမက်နေတယ် ဆိုတာ သိလိုက်ရပါတယ်.. ဒီတော့ ကောင်မလေးမိခင်က စွန်းပေနေတဲ့ သွေးတွေကို အမြန်ဆုံးလျှော်ဖွတ်ဖို့ ကောင်မလေးကို တိုက်တွန်းပါတယ်.. ကောင်မလေးဟာ သွေးစွန်းနေတဲ့ အ၀တ်ကို အမြန်ဆုံးဘဲ လျှော်ဖွတ်ပါတော့တယ်.. ဒါပေမဲ့ အားလုံး ပြောင်စင်အောင် လျှော်လို့မရဘဲ တစ်ချို့ သွေးစက်လေးတွေဟာ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်…





နောက်ညမှလဲ ကောင်မလေးဟာ ဒီအိပ်မက်ကိုဘဲ ထပ်ပြီး မက်ပြန်ပါတယ်.. အဲဒီညအိပ်မက်မှာတော့ အဖွားကြီးဟာ ကောင်မလေးကို နောက်ဆုံးအကြိမ် အနေနဲ့ သွေးစွန်းအ၀တ်ကို ပြောင်စင်အောင် လျှော်ဖွတ်ဖို့နဲ့ ပြောင်အောင် မလျှော်ဘူးဆိုရင် တစ်စုံတစ်ခု အဖြစ်အပျက်ဟာ မကြာခင်မှာ ဖြစ်ပျက်လာဖို့ ရှိတယ်လို့ သတိပေးပါတယ်.. ကောင်မလေးဟာ အိပ်မက်က လန့်နိုးနိုးချင်း သူ့ရဲ့ အ၀တ်ကို ပြောင်စင်အောင် ကြိုးစားပြီး လျှော်ဖွတ်ပြန် ပါတယ်..  လျှော်ရလွန်းလို့ သူမရဲ့ အ၀တ်လေးဟာ စုတ်ပြဲလုနီးပါး ဖြစ်နေသလို သူမလက်ဖ၀ါးလေးတွေဟာလည်း နီရဲပွန်းပဲ့လို့ နေပါပြီ… ဒါပေမဲ့ စွန်းနေတဲ့ တစ်ချို့ သွေးစလေးတွေ ကတော့ မပြောင်နိုင်သေးပါဘူးတဲ့.. ကောင်မလေးဟာလည်း မောပန်း နွမ်းနယ်လွန်းနေပြီး နောက်ဆုံးတော့ ဘယ်လိုမှ မစင်နိုင်တဲ့အတွက် ဒီအတိုင်း ထားလိုက်ရ ပါတော့တယ်..





အဲဒီညနေမှာ ကောင်မလေးရဲ့ အဖေနဲ့အမေဟာ ကိစ္စ တစ်ခုနဲ့ အပြင်ထွက်သွားတော့ အိမ်မှာ ကောင်မလေး တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်.. တစ်အိမ်လုံးလဲ ခြောက်ခြားစရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လို့ နေပါတယ်... အဲဒီ အချိန်လေးမှာ တံခါးခေါက်သံတစ်ခုက တိတ်ဆိတ် ငြိမ်သက်ခြင်းကို ဖြိုခွင်းပြီး    ပေါ်ထွက် လာပါတယ်..  တံခါးခေါက်သံကြောင့် ကောင်မလေးဟာ တံခါးကို သွားဖွင့်လိုက်တဲ့ အချိန်မှာတော့ အိပ်မက်ထဲက အဖွားကြီးကို တွေ့လိုက်ရတဲ့ အတွက် ကြက်သီးမွေးညှင်းများ ထောင်ထလာအောင် ထိတ်လန့် ကြောက်ရွံ့မိပြီး ကြက်သေ သေနေမိ ပါတော့တယ်.. အဖွားအိုက ကောင်မလေးကို စိမ်းစိမ်းကြီး ကြည့်လိုက်ပြီး သူ့လက်ထဲမှာ ကိုင်လာတဲ့ အရာလေးတစ်ခုကို ကောင်မလေးထက်ထဲကို ထည့်ပေးလိုက်ပါတယ်.. ပြီးတော့ ကောင်မလေးကို သူ့ရဲ့ အသံ အက်ကွဲကွဲနဲ့ စကားတစ်ခွန်း ပြောလိုက်ကာ အိမ်ရှေ့ကနေ လှည့်ထွက်သွားပါတယ်.. ကောင်မလေးဟာ တုန်လှုပ်ခြင်းများစွာနဲ့ သူမလက်ထဲ ရောက်လာတဲ့ အရာလေးကို အထိတ်တလန့် ကြည့်လိုက်မိပါတယ်…  သူမ တွေ့လိုက်တဲ့ ဟာလေးက  လုံးဝ မမျှော်လင့်ထားတဲ့အရာ .... အဲဒါလေးက …… ?  ?  ?





************* ****

************ *..

***********. .

*********..

********

*****..

****.

***

**.
 *

**.
*
..
.
.
.*

*.



 *ဆပ်ပြာမှုန့်လေးတစ်ထုပ်ပါ..* 



 



အဖွားကြီး ပြောသွားတဲ့ စကားတစ်ခွန်းကတော့ “ဒီဆပ်ပြာ နဲ့ လျှော်မှ စင်မှာ”  တဲ့…    :)  :)   :)





ဆပ်ပြာမှုန့်ကြော်ငြာတာ ဟုတ်ဘူးနော်...  :P





စိတ်အပန်းပြေကြပါစေရှင်...



လေးစားစွာဖြင့်





ချော (အစိမ်းရောင်လွင်ပြင်)


ကော်ဖီဆိုင်လေး ပြန်ဖွင့်ပြီ.....

 



 


ခုတစ်လော ကျွန်မတို့ သုံးနေတဲ့  Mylovecafe  Server  က အခက်အခဲ တစ်ခုနဲ့ အဆင်မပြေ ဖြစ်နေတော့ ဘလောဂ့်က ၀င်မရ တဲ့ ဒုက္ခကို ခနခန ကြုံနေရတယ်.. အဲလိုဖြစ်တော့ စာရေးရတာလဲ စိတ်က မလန်းဆန်းဘူး ဖြစ်နေတာပေါ့နော်.. ခုတော့ ကော်ဖီဆိုင်လေး ပြန်ကောင်းပြီလို့ မျှော်လင့်ပါတယ်..  ဒီတော့ ကျွန်မရဲ့ Missgreenlady  Cafe ကို လာလည်တဲ့ သူတွေကို ကော်ဖီလေးတစ်ခွက်နဲ့ အတူ ပြုံးစရာလေး တစ်ပုဒ်နဲ့ ဧည့်ခံပါမယ်နော်.. ခုလောလောဆည်တော့ ကျွန်မကို ပေါ့ပေါ့ပါးပါးလေးတွေဘဲ ရေးခွင့် ပြုစေချင် ပါတယ်.. လေးလေးနက်နက် ရှိတာတွေ ကိုတော့ ဘလောဂ့်ကြီး ကောင်းကောင်း အဆင်ပြေသွားရင် အကောင်းဆုံး ပြန်ရေးနိုင်အောင် ကြိုးစား ပါ့မယ်.. ကိုယ့်ဘလောဂ့်ထဲကို ကိုယ်တိုင်လဲဝင်မရတော့ စိတ်ညစ်ညစ်နဲ့ စာရေးဖို့ စာလုံးတွေလဲ မထွက်နိုင်ဘူး ဖြစ်နေလို့ပါ .. ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါတယ်နော်…


 


 
ဒီနေ့ ရေးချင်တဲ့အကြောင်းအရာလေးက စာဖတ်သူတွေကို ဘာဗဟုသုတ၊ ဘာရသမှတော့ ပေးနိုင်မှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ဖတ်ပြီး ရယ်မောရမဲ့၊ ပြုံးမိစေနိုင်မဲ့ ငယ်စဉ်ဘ၀ အမှတ်တရ အဖြစ်ကလေးကို ရေးမှာပါ… ငယ်စဉ်ဘ၀ အကြောင်းအရာဆိုတာ မေ့သွားတဲ့ အဖြစ်လေးတွေရှိသလို တစ်ခါတစ်ရံ တိုက်ဆိုင်မှုရှိလာတဲ့အခါ ပြန်သတိရတတ်တာလေး တွေလဲ ရှိတတ်တယ်မဟုတ်လား..  ခုလဲ တိုက်ဆိုင်မှုလေး တစ်ခုကြောင့် ပြန်သတိရလာတယ် ဆိုရမယ်.. အဲဒီချိန်တုန်းက ဖြစ်ခဲ့ပုံက ဒီလိုပါ…


 


 
ကျွန်မ ငယ်စဉ်က ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းတက်ပါတယ်.. ဇာတိကတော့ မိုးကောင်းမြို့ မဟုတ်ပါဘူး.. မိုးကောင်းနဲ့ မိုင် ၇၀ လောက်ဝေးတဲ့ တစ်နေရာကပါ..  မိုးကောင်းမြို့ကလေးဟာ ချစ်စရာကောင်းတဲ့ မြို့ကလေးပါ.. မိုးကောင်းသူတွေကလဲ ချောကြပါတယ်.. ဒီထဲမှာ ကျွန်မတော့ မပါဘူးပေါ့လေ.. ကိုယ်က မိုးကောင်းသူမှ မဟုတ်တာကိုး.. ချောတဲ့စာရင်းထဲ ဘယ်ဝင်ပါ့မလဲနော်.. ကျွန်မရဲ့ သူငယ်ချင်း လေးတွေကလဲ ချောချော မောမော လှလှပပလေးတွေပါ… ဘယ်သွားသွား ဘာလုပ်လုပ် အတူတူ သွားလာနေကျ၊ သိပ်ခင်စရာကောင်းတဲ့ သူတွေပါ.. ဘင်ခရာ သင်တန်းတို့၊ ကြက်ခြေနီတို့ စတဲ့ သင်တန်းတွေ အတူတူတက်နေကျ ကိုယ့်အိမ်သူ့အိမ် အိပ်နေကျ အဲလို ခင်မင် ရင်းနှီးလာသူတွေပါ...


 


 
တစ်နေ့တော့ အတန်းထဲမှာ ဆရာမက မြန်မာစာသင်နေတုန်း ကျောင်းဆင်းဖို့ကလဲ နာရီဝက်အလိုမှာ ကျွန်မဘေးမှာ ထိုင်တဲ့ ကျွန်မရဲ့ သူငယ်ချင်းမလေးက အိမ်သာ သိပ်တက်ချင်နေကြောင်း ပြောပါတယ်.. နာရီကြည့်လိုက်တော့လဲ ကျောင်းဆင်းဖို့က သိပ်မလိုတော့  ကျောင်းဆင်းတဲ့ထိ စောင့်လိုက်ပါဦးလို့ သူငယ်ချင်းကို ပြောပါတယ်.... သူငယ်ချင်းကလဲ မျက်နှာလေးရှုံ့မဲ့ပြီး မအောင့်နိုင်တော့ဘူးတဲ့.. ဒါနဲ့ ၂ယောက်သား ဆရာမကို ခွင့်တောင်းပြီး အိမ်သာဘက်ကို ထွက်လာခဲ့ပါတယ်.. ကျွန်မတို့ ၉တန်း ကျောင်းဆောင်နဲ့ အိမ်သာရှိတဲ့နေရာဟာ အတော်လေးကို ဝေးပါတယ်.. အဲဒီအချိန် ကာလကလည်း မိုးတွင်းဆိုတော့ မိုးရွာထားတာနဲ့ အိမ်သာသွားတဲ့ မြေနီလမ်းကလေးက ရေတွေနဲ့ ခပ်လျှောလျှောပေါ့.. သူငယ်ချင်းက အိမ်သာ အရမ်း တက်ချင်နေတဲ့သူဆိုတော့ ရှေ့ကနေ ခြေလှမ်းသုတ်သုတ်နဲ့ အပြေးတစ်ပိုင်း သွားနေ ပါတယ်..


 


 
အဲဒီခေတ်က မိုးကောင်း အထက (၁)ရဲ့ ကျောင်းအိမ်သာတွေဟာ ရေလောင်းအိမ်သာ မဟုတ်သလို အုတ်နဲ့ဆောက်ထားတဲ့ အိမ်သာတွေ မဟုတ်ပါဘူး.. မြေကျင်းကို တူးပြီး အဲဒီမြေကျင်းပေါ်မှာမှ သစ်သားနဲ့ သွပ်အမိုးမိုးထားတဲ့ အိမ်သာကို အလုံးလိုက် ချထားတာပါ.. ဒီနေရာမှာ  ကျင်းပြည့်သွားပြီဆိုရင် နောက်တစ်နေရာကို ကျင်းအသစ်တူးပြီး အိပ်သာကိုရွေ့လိုက်ရုံဘဲ ဖြစ်ပါတယ်.. ကျောင်းသားများစွာ သုံးထားတော့ အချို့ အိမ်သာတွေက ပြည့်လုမတတ် ဖြစ်နေပါပြီ.. စွန့်ထားသမျှ အကုန်လုံးကိုလဲ မမြင်ချင်လဲ မြင်နေရက်သား အနံ့ကိုလဲ မရချင်လဲ ရှူရက်သား ဖြစ်နေရပါတယ်..  အိမ်သာ တက်ချင်သူ တို့ရဲ့ ထုံးစံ သူငယ်ချင်းခမြာ အိမ်သာနားနီးလေ ခြေလှမ်းတွေက ပိုစိတ်လာလေ ဖြစ်လာ ပါတယ်.. နီးလာလေ အိမ်သာပိုတက်ချင်လေ ဆိုတာ ခံစားဖူးသူများ သိပါ လိမ့်မယ်နော်…  :)   :)   :)


 


 
အဲလိုနဲ့ အပြေးကလေး လျှောက်နေရင်း အိမ်သာရှေ့အရောက်မှာ မိုးရေနဲ့ လျှောနေတဲ့ မြေနီလမ်းကြောင့်ရော၊ အိမ်သာတက်ချင်ဇောနဲ့ လောကြီးလွန်းနေတဲ့ စိတ်ကြောင့်ရော ပေါင်းပြီး သူငယ်ချင်းမလေးဟာ ခြေချော်ပြီး အိမ်သာကျင်းထဲ လျှောခနဲ ကျသွားပါ တော့တယ်.. ကံကောင်းချင်တော့ အိမ်သာဟာ စွန့်ပစ်ပစ္စည်းတွေ အပြည့် ဖြစ်နေတဲ့အတွက် သူ့ရဲ့ ခြေထောက်ကြီး ၂ချောင်းလုံးဟာ အဲဒီ စွန့်ပစ်ပစ္စည်းပုံထဲ ၀င်စိုက်မိနေပြီး ခါးအထက် ခန္ဓာကိုယ် တစ်ဝက်ကတော့ ကျင်းအပြင်မှာ ကျန်နေခဲ့ပါတယ်.. မြင်ယောင်ကြည့်ကြပါနော်..  တကယ်လို့များ အိမ်သာကျင်းသာ အသစ်စက်စက် ဖြစ်ခဲ့မယ်ဆိုရင်တော့ လူတစ်ကိုယ်လုံး ကျင်းထဲကို ကျသွားခဲ့မှာ သေချာပါရဲ့.. အိမ်သာကြီး ပြည့်နေတာကိုဘဲ ကျေးဇူးတင်စရာပေါ့နော်...


 


 
ကျွန်မလဲ အပြေးကလေးသွားပြီး သူငယ်ချင်းကို သွားဆွဲထူရပါတယ်.. သူငယ်ချင်းဟာ ရှက်တာရော၊ ဒေါသထွက်တာရော၊ ရွံတာရော၊ အိမ်သာတက်ချင်တာတွေရော ပေါင်းပြီး မျက်နှာပြင်တစ်ခုလုံးဟာ နီရဲနေပါတယ်.. မျက်ဝန်းမှာလဲ မျက်ရည်က ခပ်စို့စို့… သူ့ခြေထောက် တစ်ခုလုံးလည်း မြင်မကောင်းအောင် ပေကျံနေပါတော့တယ်.. ဘာပြော ကောင်းမလဲနော်.. အနံ့ကတော့ ထောင်းထောင်းကို ထလို့ပေါ့.. သူငယ်ချင်းလဲ အိမ်သာထဲ ခပ်သုတ်သုတ်ဝင်လိုက်ပြီး ပြန်ထွက်လာတော့ ကျောင်းခန်းထဲ ပြန်မ၀င်တော့ဘဲ အိမ်ကို ပြန်တော့မယ်ဆိုပြီး ကျောင်းနဲ့ မနီးမဝေးက သူ့အိမ်ကို ပြန်ပြေး ပါတော့တယ်..  ဆရာမကိုတော့ နေမကောင်းလို့ ပြန်သွားကြောင်း ကျွန်မက အသိပေးလိုက်ရပါတယ်..


 


 
ကျောင်းဆင်းတော့ သူ့လွယ်အိတ်ကို ကျွန်မကဘဲ သူ့အိမ်ကို သွားပို့ပေးလိုက်ပါတယ်.. ဒီအချိန်မှာတော့ သူငယ်ချင်းက ရေမိုးချိုး သန့်စင်ပြီးနေပါပြီ.. ရေချိုးခန်းထဲမှာ ဆပ်ပြာ ဘယ်နှတုံးကုန်ပြီး အချိန် ဘယ်လောက် ကြာမယ်ဆိုတာတော့ သူငယ်ချင်းလေး အသိဆုံး ဖြစ်ပါလိမ့်မယ်.. ကျွန်မ သူ့ကို မေးမနေတော့ပါဘူး… ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ အနံ့အသက်က ကျန်နေသေးတယ်လို့ကို ထင်မိပါတယ်.. ဒါကြောင့် သူ့ရှေ့မှာ နှာခေါင်းလေးကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်မိတော့ သူငယ်ချင်းက ကျွန်မကို လိုက်ရိုက် ပါတော့တယ်.. ပြီးတော့ ကျွန်မကို ကတိတစ်ခုတောင်းပါတယ်.. နင်ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောရဘူးနော်.. ငါ့ကို ကတိပေးနော်တဲ့ … ကျွန်မလဲ ကတိပေးလိုက်ပါတယ်.. ဒီအကြောင်းကို ကျွန်မ ဘယ်သူ့ကိုမှ ဒီနေ့အထိ မပြောခဲ့ပါဘူး.. ဘယ်သူငယ်ချင်း တစ်ယောက်ကမှ ဒီအဖြစ်ကို မသိလိုက်ကြပါဘူး.. ခုချိန်ထိလဲ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရသေးပါဘူး.. ဒါပေမဲ့ ဒီနေ့တော့ ရေးချင်စိတ် သိပ်ဖြစ်လာတာနဲ့ ဘလောဂ့် စာမျက်နှာပေါ် တင်လိုက်ပါတယ်.. သူငယ်ချင်းရေ ငါဘယ်သူ့ကိုမှ မပြောပါဘူးကွာ.. ကတိတည်ပါတယ်နော်… ခုလဲ စာလေးနဲ့ဘဲ ရေးတာပါ.. ငါ့ပါးစပ်က တစ်ခွန်းဆို တစ်ခွန်းမှ မဟခဲ့ပါဘူးနော်… :)  :)


 


 


 
မွန်းကြပ်တဲ့ စိတ်ကြောင့် ရယ်စရာ သက်သက်အနေနဲ့ ငယ်ဘ၀နဲ့ သူငယ်ချင်း အကြောင်း အမှတ်တရ ရေးခြင်းပါ.. ရသတစ်ခုခု မပေးနိုင်မှန်း သိပါတယ်.. ဟာသလေးတစ်ပုဒ်အနေနဲ့ ဖတ်သွားပေးကြပါနော်..


 


စာဖတ်သူများကို လေးစားစွာဖြင့်


 


ချော (အစိမ်းရောင်လွင်ပြင်)

ပေါ့ပေါ့ပါးပါး ပြုံးစရာ (၃)

ကျွန်မတို့ ဘလောဂ့်တွေ ဒီရက်ပိုင်း ၀င်မရတဲ့ဒုက္ခ ခနခနဖြစ်နေတော့ စာတွေလဲ မရေးနိုင် ဖြစ်နေမိပါတယ်.. စိတ်လဲ ညစ်တာပေါ့နော်.... ဒီတော့ လေးလေးနက်နက် စာလေးတွေ မရေးနိုင်ဘဲ စိတ်ပြေလက်ပျောက်ဖြစ်မဲ့ ရယ်စရာလေးတွေဘဲ တွေးချင် နေမိတယ်.. ဒါကြောင့်လဲ စာဖတ်သူများကို စိတ်ပေါ့ပါးမဲ့ ရယ်စရာ လေးတွေကိုဘဲ လောလောဆည် မျှဝေ ပေးပါရစေနော်...


 


 


 


၁. ကောင်လေး။           ။ ရှင် ..ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..


ကောင်လေး။             ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို      သေချာ ပြန်စစ် ကြည့်ပြီးပြီ..


 


 


၂.ဆရာမ။                ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ


စကားတွေ ဇွတ်ပြီး ပြောနေတဲ့ သူမျိုးကို  ဘယ်လိုခေါ်လဲ


ကျောင်းသား။             ။ ဆရာမလို့ခေါ်ပါတယ်..


 


 


 ၃. စားပွဲထိုး။             ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှာလားခင်ဗျာ


စားသုံးသူ။                 ။ မင်းတို့ဆိုင်မှာ ကော်ဖီက ဘာအရောင်နဲ့များ ရသေးလို့လဲ?


 


 


၎. ကောင်လေး။           ။ကိုယ် မင်းလက်ကလေးကို ကိုင်ထားပါရစေ


ကောင်မလေး။             ။နေပါစေ   ကျွန်မလက်က ဒီလောက် မလေးပါဘူး..


 


 


၅.တရားဟောဆရာ။          ။ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း မင်းဟာ ထမင်းမစားခင်မှာ ဆုတောင်းလား. မတောင်းဘူးလား?


ဆမ်။                            ။ ဆုတောင်းဖို့မလိုပါဘူးခင်ဗျာ.. ကျွန်တော့အမေက ဟင်းချက် ကောင်းပါတယ်…


 


 


၆.လူနာ။                     ။ ဒေါက်တာ ကျွန်တော့အခြေအနေလေးသိပါရစေ.. ကျွန်တော် ပြန်ကောင်းလာဖို့ အခွင့်အလမ်းရှိသေးရဲ့လား ခင်ဗျာ?


ဆရာဝန်။                     ။ ရှိပါတယ်ဗျ ၁၀၀% တောင် ခင်ဗျားအတွက် အခွင့်အလမ်း ရှိတယ်.. ဘာလို့ လဲ ဆိုတော့ ခင်ဗျားလို ရောဂါမျိုးက ၁၀ယောက်မှာ ကိုးယောက်လောက်က သေနိုင်ပြီး တစ်ယောက်ဘဲ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်း ရှိတာဗျ.. ဒီတော့ စိတ်မပူနဲ့ ခင်ဗျားလို ရောဂါဖြစ်တဲ့သူ ကိုးယောက်လောက်က သေသွားပြီ ခင်ဗျားက ၁၀ယောက်မြောက်ဘဲ.


 


 


၇.ဆရာမ။                   ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ စမ်းပါဦးကွယ်..


ကျောင်းသား။               ။ကျွန်တော့အဖေနဲ့ အမေဟာ တစ်ချိန်တည်း တစ်နေရာတည်းမှာ မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ.


 


 


၈.ဆရာမ။                   ။ ဂျောခ်ျ့ဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့ ချယ်ရီပင် လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက သူ့ကို အပြစ် မပေးခဲ့ဘူး..  အဲဒါဘာကြောင့်လဲ ဆိုတာ ဘယ်သူသိလဲ?


ကျောင်းသား။             ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာမ


 


 


၉.ဆရာမ။                     ။နေနဲ့ လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ


ကျောင်းသား။                 ။လပါဆရာမ


ဆရာမ။                          ။ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?


ကျောင်းသား။                  ။လက ကျွန်တော်တို့ အလင်းရောင် လိုအပ်နေတဲ့ ညမှ ပေါ်လာပြီးတော့ နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။


 


 


၁၀. ဆရာမ။               ။ဆမ် မင်းဟာတော်တော်ကို စကားများပါလား


ဆမ်။                        ။ကျွန်တော်တို့ မျိုးရိုးက စကားများတဲ့ မျိုးရိုးမို့ပါ


ဆရာမ။                    ။ပြောစမ်းပါဦး မင်းတို့မျိုးရိုးက ဘာတွေမို့လဲ


ဆမ်။                      ။ကျွန်တော့ အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့် အဖေ ကတော့ ကျောင်းဆရာ


ဆရာမ။                   ။မင်းအမေကရော


ဆမ်။                    ။ကျွန်တော့အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ.. (ဟွန့်.. ဒါတော့ လက်မခံဘူး... ကျွန်မကတော့ မိန်းမ တစ်ယောက်ဖြစ်ပေမဲ့ စကားမများပါဘူး)    :)  :)  :)


 


ရယ်မော ပျော်ရွှင်နိုင်ကြပါစေရှင်....


 


ချော(အစိမ်းရောင်လွင်ပြင်)

တောက်ပကြည်လင်တဲ့ အသားအရေ ရရှိဖို့


 


တောက်ပကြည်လင်တဲ့ အသားအရေ ရရှိဖို့


  


စာဖတ်သူများနဲ့ သူငယ်ချင်းများ အတွက် တောက်ပ လန်းဆန်းတဲ့ အသားအရေကို ဘယ်လို ဖန်တီးကြမလဲ ဆိုတာနဲ့ပါတ်သက်ပြီး စုဆောင်းထားသမျှ လေးတွေကို အကြံပြု ဖော်ပြ ပေးလိုက်ပါတယ်… ညိုးနွမ်း ခြောက်သွေ့နေတဲ့ အသားအရေနဲ့ဆို လူတွေကြား သွာလာတဲ့ အခါ မိမိကိုယ်ကို ယုံကြည်စိတ် နည်းစေပါတယ်.. ဒီတော့ စိုပြေ လတ်ဆတ်တဲ့ အသားရေ ရရှိဖို့ အောက်က အချက်လေးတွေကို ကြိုးစားပြီး လုပ်ကြည့်ကြစေလိုပါတယ်…


 
၁. နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်နိုင်ရန် ကြိုးစားပါ… တစ်နေ့လျှင် နာရီဝက်ခန့် လုပ်နိုင်လျှင် ကောင်းပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်းသည် ကိုယ်ခန္ဓာအတွင်းမှ ချွေးများကို ထွက်လာစေဖြင့် အရေပြားကို သန့်ရှင်းကြည်လင် စေပါသည်။
 


၂. ရေများများသောက်ပါ။ တစ်နေ့ကို ရေ ဂခွက်မှာ  ၁၀ခွက် သောက်သင့်ပါသည်။ ရေသည် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှား ပေးပြီး အသားအရေကို တောက်ပ လန်းဆန်း စေနိုင်ပါသည်။ ရေ တစ်ဖန်ခွက် အပြည့်ကို သောက်ရခက်လျှင် ရေခွက်ထဲသို့ သံပုရာသီး တစ်စိတ် ညှစ်ထည့်ခြင်းအားဖြင့် သောက်ရ လွယ်ကူစေနိုင်ပါသည်။


 
၃.သန့်ရှင်းလတ်ဆတ်သော အသီးအနှံကို များများစားပေးပါ။ ပန်းသီး၊လိမ္မော်သီး၊ တို့ကိုနေ့စဉ် စားပါ။  ပဲနို့၊ မုံလာဥနီဖျော်ရည် စသည်တို့ကို သောက်သုံးပါ။ ၄င်းတို့သည် သားအရေကို စိုပြေလှပစေဖို့ အထောက်အကူ အများကြီး ဖြစ်နိုင်ပါသည်။


 
၎.နွားနို့ တစ်ခွက် နေ့စဉ်သောက်သုံးပါ။


 
၅.အပြင်ထွက်ပြီး ပြန်လာတိုင်း မျက်နှာကို ဆပ်ပြာအပျော့စားနှင့် စင်ကြယ်အောင် ဆေးကြောပါ။ မျက်နှာသစ်ပြီးတိုင်း moisturizer လိမ်းပေးပါ။


 
၆. နေ့စဉ်ငါးကြီးဆီ စားပါ။


 
၇. အဆီများသော ငါးနှင့် ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး စသည်တို့ကို များများ စားပါ…


 
၈. အသီးအရွက် များများစားပါ။ နေ့စဉ် အရွက်သုပ် တစ်မျိုးမျိုးကို မပါမဖြစ် စားသုံးပေးပါ။


 
၉. နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ  ရှောင်ကျဉ်ပါ။ နေပူထဲ မထွက်မဖြစ် ထွက်မည်ဆိုပါက အင်္ကျီ လက်ရှည် ၀တ်ဆင်ပါ။


 
၁၀. ငှက်ပျောသီး၊  သဘောင်္သီး၊ ထောပတ်သီး တစ်မျိုးမျိုးကို နွားနို့နှင့် ရောနယ်ကာ မျက်နှာပြင်ပေါ် လိမ်းခြယ်ပါ။      ၁၀မိနစ်မှ ၁၅မိနစ် အထိထားပြီး ခြောက်သွေ့သွားလျှင် ရေအေးနှင့် မျက်နှာကို ဆေးကြောပါ။ တစ်ပတ် ၂ကြိမ် ပုံမှန် ပြုလုပ်ခြင်းအားဖြင့် စိုပြေနူးညံ့ကာ တောက်ပသော မျက်နှာပြင် အလှကို ပိုင်ဆိုင်နိုင်ပါသည်။ ရှားစောင်း လက်ပတ် အနှစ်ကို မျက်နှာပြင်ပေါ် နေ့စဉ် လိမ်းကျံပြီး ရေအေးနှင့် ဆေးကြောခြင်းကို လဲ ပြုလုပ်နိုင်ပါသည်။ ညစဉ် အိပ်ရာဝင်တိုင်း မျက်နှာကို စနစ်တကျ သန့်စင်ပါ။ သင့်တော်သော Moisturizer လိမ်းပြီးမှ အိပ်ပါ။


 
၁၁. နေ့စဉ် အိပ်ရေး၀၀အိပ်ပါ။ အိပ်ရေးပျက်ဖန် များလျှင်လည်း အသားအရေကို ခြောက်သွေ့ပြီး မျက်ဝန်းတစ်ဝိုက် မျက်ကွင်းညိုများ ဖြစ်ပေါ် စေနိုင်ပါသည်။


 
၁၂. စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများကို အတတ်နိုင်ဆုံး လျှော့ချပါ။ စိုးရိမ်ပူပန်စိတ် များလွန်း လျှင်လည်း လျှင်မြန်စွာ အိုမင်းရင့်ရော်ခြင်းကို အားပေး စေပါသည်။


 


၁၃. ဆောင်းရာသီတွင် ရာသီဥတု အေးသောကြောင့် အသားများ ပတ်ခြင်း၊ အက်ကွဲခြင်းများ ဖြစ်တတ်ပါသည်။ ထိုအခါ ဈေးကြီးသော မည်သည့် လိုးရှင်းမှ မလိုဘဲ မြန်မာပြည်တွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သော ( Glycerine ) အသားလှဆီရည်ကို ရေနှင့်ရော၍ လိမ်းပါက စိုပြေချောမွတ်သော အသားအရည်ကို အမြန်ဆုံး ပြန်လည်ရရှိနိုင်ပါသည်။


 
 
လှပကြည်လင် လန်းဆန်းသော အသားအရေပိုင်ရှင်များ ဖြစ်နိုင်ကြပါစေရှင်...


 
 
ချော (အစိမ်းရောင်လွင်ပြင်)


 


HELLO ဂျာနယ်အတွက် ရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ.. စာဖတ်သူများကို ပြန်လည်ဝေမျှပါတယ်ရှင်..

တောင်းပန်ခြင်း

 



 


ကျွန်မရဲ့ အစိမ်းရောင် လွင်ပြင်ထဲကို  ၅ရက်လောက် ၀င်လို့မရဖြစ်သွားတဲ့အတွက် စာဖတ်သူများ၊ သူငယ်ချင်းများ အားလုံး အဆင်မပြေမှုကို ခွင့်လွှတ်ကြဖို့ အနူးအညွှတ် တောင်းပန်ပါ တယ်ရှင်.. အဆင်ပြေအောင် ကြိုးစားပေးတဲ့ Mylovecafe ပိုင်ရှင် Admin ကြီးနဲ့တကွ အကြံပေးကြတဲ့၊ စိတ်ပူပေးတဲ့ သူငယ်ချင်းများ၊ စာရေးဖော်များ၊ စာဖတ်သူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောပါရစေရှင်.. အသစ်တွေကို ပုံမှန်အတိုင်း ကြိုးစားပြီး တင်ပေးသွားပါမယ်နော်..


 


အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..


 


ချော(အစိမ်းရောင်လွင်ပြင်)