ကြည်လင်ရွှင်လန်းတဲ့စိတ်

 



 


မင်္ဂလာသက်တမ်း နှစ်၅၀ပြည့်ပြီးတဲ့ နောက်မှာ အဖွားရဲ့ယောက်ျားဟာ ဆုံးပါး သွားခဲ့ပါတယ်.. မုဆိုးမ ဘ၀နဲ့ ကျန်ခဲ့ရှာတဲ့ အဖွားဟာ တစ်နေ့တော့ ဂရင်းနိုက် ကျောက်ပြားတွေ ရောင်းတဲ့ ကျွန်တော့ဆိုင်ကို ရောက်လာပြီး အလှဆုံး၊ အကောင်းဆုံး ဖြစ်မဲ့ ကျောက်ပြားကို သူကိုယ်တိုင် ရွေးချယ်နေပါတယ်..  ရွေးချယ်ပြီးတဲ့အခါမှာတော့ ကျောက်ပြားရဲ့ အပေါ်ပိုင်းမှာ သူ့ယောက်ျား နံမည်နဲ့ မွေးနေ့ရယ်၊ အောက်ဘက်မှာ သူ့နံမည်နဲ့ မွေးနေ့ရယ် ထွင်းပေးဖို့၊ ပြီးတော့ နံမည်၂ခုရဲ့ ကြားမှာတော့ သူတို့ ၂ယောက် လက်ထပ်ခဲ့တဲ့ နေ့စွဲလေးကို ရေးထိုးပေးဖို့ ညွှန်ကြားပါတယ်.. ဒီကျောက်ပြားကို သူနဲ့ အဖိုးတို့၂ယောက် နားခိုလှဲလျောင်းရာ သင်္ချိုင်း အုတ်ဂူပေါ်မှာ ထားဖို့ ကြိုတင်မှာကြားတာ ဖြစ်ပါတယ်..


 


ကျောက်ပြားလေးကို ရက်အနည်းငယ်သာ လိုတော့တဲ့ သူတို့ရဲ့ ၅၁နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့အမီ လိုချင်ကြောင်း အဖွားက ကျွန်တော့်ကို တောင်းဆိုပါတယ်.... ဒီကျောက်ပြားလေးဟာ သူမအနေနဲ့ သူ့ယောက်ျားကို ပေးနိုင်မဲ့ နောက်ဆုံးလက်ဆောင် တစ်ခုလဲ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် လို့လဲ ပြောပြပါတယ်.. ဒါကြောင့်လဲ အကောင်းဆုံး ဖြစ်လိုတဲ့ဆန္ဒက အဖွားရဲ့ ရင်ထဲမှာ ခိုအောင်းနေတာဖြစ်မှာပါ… ကျွန်တော်လဲ ကျောက်ပြားပေါ် စာထွင်းပေးမဲ့ အလုပ်သမားလေးကို အဖွားရဲ့ ဆန္ဒအတိုင်း စိတ်တိုင်းကျ ဖြစ်အောင် မှာကြားပေးပါတယ်.. ဂရုတစိုက်နဲ့ အချိန်မီ ပြီးအောင် လုပ်ပေးဖို့ကိုလဲ အထပ်ထပ် သတိပေးမိပါတယ်. .  


 


ကျောက်ပြားလေးဟာ အဖွားလိုချင်တဲ့ နေ့မှာဘဲ အချိန်မီ ပြီးစီးသွားခဲ့ပါတယ်… အဖွာကို ကျွန်တော် ဖုန်းဆက် အကြောင်းကြားတော့ ကျောက်ပြားကို သုသာန်အရောက် မပို့မီ သူကိုယ်တိုင် လာရောက် ကြည့်ချင်ပါကြောင်းနဲ့ အခုမကြာခင်မှာဘဲ ဆိုင်ကို ရောက်လာမယ်ဆိုတာကို အကြောင်း ပြန်ကြားပါတယ်.. အဖွားလာကြည့်မယ် ဆိုတော့လဲ ကျွန်တော်က ကျောက်ပြားကို သင့်တော်တဲ့ နေရာကောင်းတစ်ခုမှာ အဆင်သင့် ချထားဖို့ ၀န်ထမ်း ကောင်လေးတွေကို ညွှန်ကြားလိုက်ပါတယ်… ကောင်လေးတွေက ကျောက်ပြားကို သားရေကြိုးတွေနဲ့ ဆိုင်းပြီး ဆိုင်ခန်းအတွင်းဘက်ထဲကနေ သယ်ထုတ်လာကြပါတယ်.. ဒီမှာတင်ဘဲ မမျှော်လင့်တဲ့ဖြစ်ရပ်က  ကျောက်ပြားဟာ သားရေကြိုးဆိုင်းကနေ လျှောထွက်သွားပြီး ကြမ်းပြင်ပေါ်ကျကာ အလယ်တည့်တည့်ကနေ အလျားလိုက် ၂ပိုင်း ကွဲထွက်သွား ပါတော့တယ်..


 


ကျွန်တော်လဲ ရုတ်တရက် ဖြစ်သွားတဲ့ ဒီအဖြစ်ကြောင့် ပျာယာခတ်သွားပြီး အဖွား ရောက်မလာခင်  အဆင်ပြေ နိုင်မဲ့ နည်းလမ်းတစ်ခုခုကို စဉ်းစားကြည့်မိတယ်.. ဒီမှာတင်ဘဲ စိတ်ရိုင်းလေးတစ်ခုက ကျွန်တော့ရင်ထဲကို အမှတ်မထင် ၀င်ရောက်လာ ပါတယ်.. ကျောက်ပြား နောက်တစ်ခု ရွေးပြီး စာလုံးတွေကို ဖြစ်သလိုဘဲ အမြန်ဆုံး ပြန်ထွင်းပေးလိုက်ရ ကောင်းမလား၊ ဒါမှမဟုတ် ကျောက်ပြားထွင်းတာ မပြီးသေးဘဲ မှားပြောမိတာ ပါလို့ဘဲ လိမ်ညာလိုက်ရမလား ဆိုတာ စဉ်းစားနေမိပါတယ်.. လင်သားတစ်ယောက်ဆုံးရှုံးရလို့ နာကျင် ခံစားနေတဲ့ မုဆိုးမဖြစ်တဲ့ ဒီအဖွားအိုကို ထပ်မံ မလိမ်မညာ သင့်ဘူးဆိုတာ ကျွန်တော် နားလည်ပေမဲ့ ဆိုင်နံမည် ပျက်မှာကိုလည်း ကျွန်တော့အနေနဲ့ မလိုလားပါဘူး…


 


ဒွိဟ စိတ်တွေနဲ့ လွန်ဆွဲနေတဲ့ အဲဒီအချိန်မှာဘဲ အဖွားဟာ ကျွန်တော်တို့ ဆိုင်ရှေ့ကို ရောက်လာပါ တော့တယ်… အဖွားရဲ့ မျက်နှာပေါ်မှာတော့ သူ လက်ရွေးစင် အကောင်းဆုံး ရွေးချယ်ထားတဲ့ ကျောက်ပြားပေါ်မှာ လက်ရာမြောက်အောင် လှလှပပ သေသေသပ်သပ် ထွင်းထုထားမဲ့ သူနဲ့ သူ့ယောက်ျား နံမည်ကို တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတာ အတိုင်းသား မြင်တွေ့နေရပါတယ်.. ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်.. အဖွားကို အမှန်အတိုင်းဘဲ ပြောပြလိုက်တော့မယ်…


 


အမှန်အတိုင်းဘဲ ကျွန်တော် ဖွင့်ပြောလိုက်တဲ့အချိန်မှာ အဖွားဆီကနေ ကျွန်တော် မျှော်လင့်ထားမိ တာက ဒေါသတကြီး တုံ့ပြန်မဲ့ စကားလုံးတွေ၊ ဒါမှမဟုတ်ရင်တော့ မျက်ရည်တွေဘဲ ဖြစ်လိမ့်မယ် ဆိုတာကိုပါ.. ဟက်ဟက်ပက်ပက် အူလှိုက်သည်းလှိုက် ရယ်မောလိုက်မဲ့ အသံကိုတော့ ဘယ်လိုမှကို မမျှော်လင့်ခဲ့ပါဘူး… ဒါပေမဲ့ အဖွားဟာ အလယ်ကနေ ထက်ပိုင်း ကွဲနေတဲ့ ကျောက်ပြားကိုလဲ မြင်လိုက်ကော သူမရဲ့ လေးနက်တည်ငြိမ်တဲ့ အမူအရာတွေဟာ ချက်ခြင်းဘဲ ရွှင်မြူးပေါ့ပါးတဲ့ အမူအရာကို ပြောင်းလဲသွားပြီး  လှိုက်လှိုက်လှဲလှဲ ရယ်မောလို့ နေပါတော့တယ်..


 


အဖွားကို ကြည့်ပြီး ကျွန်တော်တို့အားလုံး ထူးဆန်းအံ့သြနေမိပါတယ်.. အံ့သြနေတဲ့ ကျွန်တော်တို့ရဲ့ ပုံစံတွေကို ကြည့်ရင်းက အတိတ်ကို ပြန်လည်သတ သတိရတဲ့လေသံနဲ့ အဖွားက လွမ်းဆွတ်စွာ ဇာတ်ကြောင်းပြန်ပါတယ်.. “လွန်ခဲ့တဲ့ ၅၁နှစ်က အဖွားနဲ့ အဖိုးတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားမှာ အဖွားရော သူရော မင်္ဂလာကိတ်မုန့်ကို ဓားနဲ့လှီးဖို့ ပြင်ဆင်နေခဲ့ကြတာပေါ့... အဲဒီအချိန်မှာ အဖွားတို့ ၂ယောက် အတူတူ ကိုင်ထားတဲ့ ဓားနဲ့လဲ ထိလိုက်ရော မင်္ဂလာကိတ်မုန့်ဟာ အခု ဒီ ဂရင်းနိုက် ကျောက်ပြား ကွဲသွားသလို  အလယ်ကနေ ထက်ပိုင်း ကွဲသွားခဲ့ပါတယ်. ဒီလောက် လူစည်ကားလှတဲ့ ဧည့်ခံပွဲမှာ ခုလိုအဖြစ်က အမှန်တော့ ရှက်စရာ တစ်ခုပါဘဲ...


 


ရုတ်တရက်တော့ အဖွားတို့လဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ပြီး တစ်ခဏတော့ ဆွံ့အသွားခဲ့တယ်.. နောက်တော့ သူရော အဖွားရော တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အသံထွက်အောင် ဟက်ဟက်ပက်ပက် အားပါးတရ ရယ်မောလိုက် မိကြတယ်..  ဧည့်ခံပွဲမှာ ရောက်နေတဲ့ ပရိတ်သတ်တွေ အားလုံးကလဲ အဖွားတို့နဲ့ အတူတူ ၀ိုင်းဝန်း ရယ်မောခဲ့ကြတယ်.. အရှက်တစ်ကွဲ ဖြစ်မဲ့ အကြောင်းတရားကနေ ရယ်စရာ၊ ပျော်စရာ အမှတ်တရလေး ဖြစ်သွားခဲ့ရတယ်.. ဒီအဖြစ်အပျက်လေးက အဖွားတို့အတွက် မမေ့နိုင်တဲ့ အဖြစ်အပျက်လေးတစ်ခုပါဘဲ.. အဖွားတို့ ၂ယောက်ဟာ အိမ်ထောင်သက် တစ်လျှောက်လုံးမှာလဲ အခုလို အဆီအငေါ် မတည့်တဲ့အဖြစ်တွေ ၊ အခက်အခဲတွေ မကြာခဏ ကြုံတွေ့ခဲ့ကြပေမဲ့ အတူတူ လက်တွဲပြီး ရယ်မောနိုင်အောင် ကြိုးစားခဲ့တယ်.. ဘယ်လောက် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါစေ အရာရာကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီး  ရယ်ရယ်မောမော ရွှင်ရွှင် လန်းလန်းနဲ့ ဖြတ်သန်းနိုင်ခဲ့ကြတယ်..


 


အဖွားဟာ ဒီ၅၁နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အဖြစ်နဲ့ရော နောက်ဆုံး လက်ဆောင်အဖြစ်နဲ့ပါ အကောင်းဆုံးနဲ့ အမှတ်တရ အဖြစ်နိုင်ဆုံး တစ်ခုခု သူ့ကိုပေးချင်ခဲ့တယ်.. အခုတော့  ဘယ်လောက်တောင် အံ့သြဖို့ကောင်းတဲ့ တိုက်ဆိုင်မှုလဲ... ဒီကျောက်ပြားဟာ အဖွားတို့ရဲ့ လွန်ခဲ့တဲ့ ၅၁နှစ်က မင်္ဂလာဧည့်ခံပွဲကို ပြန်လည် အမှတ်ရစေမဲ့ အကောင်းဆုံး အမှတ်တရ လက်ဆောင်တစ်ခုဖြစ်သွားခဲ့ပါပြီ.. အဖွားရဲ့ ရင်ထဲ နှလုံးသားထဲက သိနေတာက အဖွားယောက်ျားဟာ ခုချိန်မှာ ဒီကျောက်ပြားကိုမြင်ပြီး အဖွားနဲ့အတူ ဟက်ဟက်ပက်ပက် ရယ်မောနေလိမ့်မယ် ဆိုတာကိုပါဘဲ.. သေချာပါ တယ်ကွယ် .. အဖွားရဲ့ လက်ဆောင်ကို သူသိပ်သဘောကျမှာပါ..” 


 


ပြုံးပြုံးလေးပြောပြနေတဲ့ အဖွားရဲ့ စကားသံအဆုံးမှာ ခပ်ဖွဖွ ဟက်ဟက်ပက်ပက် ရယ်မောသံ တိုးတိုးလေးတစ်ခု ကျွန်တော်တို့နဲ့ မလှမ်းမကမ်း တစ်နေရာကနေ ထွက်ပေါ်တယ်တယ်လို့ ကျွန်တော့စိတ်ထဲ ခံစားမိလိုက်သလိုလိုပါ…….


 


------------------------------------------------------------------------------------------------------------------------


 


ဘ၀ရဲ့ အဆီအငေါ်မတည့်မှုများ၊ မကြာခဏ ကြုံတွေ့နိုင်တဲ့ အခက်အခဲများကို ရယ်ရယ်မောမော ရင်ဆိုင် ဖြေရှင်းခဲ့ကြတဲ့ အဖွားအိုတို့ ၂ယောက်ရဲ့ အဖြစ်က အားကျ ချီးကျူးစရာ၊ လေးစားအတုယူစရာပါ. ကျွန်မတို့ ဘ၀မှာ ခဏတာ ရှင်သန်နေရချိန်အတွင်း စိတ်တိုဒေါသထွက်စရာ မကျေနပ်စရာတွေ အဖြစ်နဲ့သာ အရာရာကို ရှုမြင် သုံးသပ် ကြမယ်ဆိုရင်  အသက်ရှင်သန်ကြခြင်းရဲ့ အနှစ်သာရကို ပြည့်ပြည့်၀၀ ခံစားကြရပါရဲ့လား.. စဉ်းစားစရာပါ... ဒေါသနဲ့ မကျေနပ်မှုဟာ လူတွေရဲ့ စိတ်ကို ညစ်နွမ်းပူလောင်စေနိုင်ပြီး ရယ်မောရွှင်ပျခြင်းကတော့ လူတွေရဲ့စိတ်ကို ပေါ့ပါး လန်းဆန်းစေပါတယ်.. ကျွန်မကိုယ်တိုင်လဲ ဒေါသနဲ့၊ မကျေမနပ် ဖြစ်တတ်တာတွေကို လျှော့နိုင်သလောက် လျှော့ပြီး ရယ်မောရွှင်ပျစွာနဲ့ အရာရာကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားရပါဦးမယ်.. ကြုံလာတဲ့ မကျေနပ်စရာ စိတ်ဆိုး ဒေါသထွက်စရာများကိုလဲ ရင်ထဲမှာ ကြာရှည် မွေးမြူမထားဘဲ အမြန်ဆုံး ဖယ်ရှားတတ်ပြီး ကြည်လင်ရွှင်လန်းတဲ့ စိတ်နဲ့ ဟက်ဟက်ပက်ပက် ရယ်မောရင်း ဘ၀ကို ရင်ဆိုင် ကြည့်ကြပါစို့နော်..


 


အဝေးက သူချင်းတစ်ယောက် ပို့ပေးလာတဲ့ Chicken Soup For The Goldern Soul မှ Maureen S. Pusch ရဲ့   Cracking Up ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ စာအုပ်ပို့ပေးတဲ့ သူငယ်ချင်းရေ ကျေးဇူးများစွာ တင်ပါတယ်နော်..


 


ချော (အစိမ်းရောင်လွင်ပြင်)


 


 

အိပ်မက်လှလှ မက်ရအောင်


 


 


လူတစ်ယောက်ဟာ အိပ်ရေးပျက်တဲ့ညတွေ များလာမယ်ဆိုရင် သူ့ရဲ့ စွမ်းဆောင် နိုင်အားတွေ၊ ဥာဏ်ရည်ထက်မြက်မှုတွေဟာလည်း ကျဆင်းလာနိုင်ပါတယ်.. ဒါကြောင့် ကျွန်မတို့တွေရဲ့ ဘ၀မှာ နေ့စဉ် အိပ်ရေး၀၀ အိပ်စက်ခွင့်ဟာ သိပ်ကိုအရေးကြီးပါတယ်.. တစ်ချို့သော သူတွေအတွက် ညတွေမှာ အိပ်ပျော်ဖို့ကို ခက်ခက်ခဲခဲ  ကြိုးစားနေ ရပါတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို  ရှာဖွေလေ့လာ တွေ့ရှိထား သလောက် ဝေမျှပေးလိုက်ပါတယ်... ကြိုးစားပြီး လိုက်နာကြည့်မယ် ဆိုရင် လှပတဲ့ အိပ်မက်ည လေးတွေကို  ပိုင်ဆိုင်လာနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်. 


 


၁. ညမအိပ်ခင် အစားအသောက် အနည်းငယ်ကို စားသောက်ပြီးမှာ အိပ်သင့်ပါတယ်.. ဗိုက်ဆာခြင်းဟာလည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ… ညမအိပ်ခင် နွေးနွေး ထွေးထွေး အရည်တစ်ခုခုကို သောက်သုံးခြင်းဟာ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အားပေးပါတယ်.. စပ်လွန်းသော အစာများကိုတော့ ရှောင်ကျဉ်သင့်ပါတယ်.. အလွန်အမင်း ဆာနေသော အခြေအနေ၊ ဗိုက်အရမ်းတင်းပြည့်အောင် စားသောအခြေအနေ ၂ မျိုးလုံးကို မရောက်အောင် ဆင်ခြင်သင့်ပါတယ်…


 


၂. မအိပ်ခင် ၂နာရီစောပြီး ရေနွေးနွေးဖြင့် ရေချိုး သင့်သည်။ ရေနွေးချိုးခြင်းအားဖြင့် ခန္ဓာကိုယ် ညောင်းညာမှု၊ စိတ်ဖိစီးမှုများမှ သက်သာစေနိုင်ပါသည်။


 


 ၃. နေ့စဉ်နေ့တိုင်း အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို တစ်ရက်နှင့်တစ်ရက် အတူတူ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားအိပ်ပါ။ အလေ့အထတစ်ခုအဖြစ် အကျင့် ရသွားပါလိမ့်မည်။ မကြာခင် မိမိကိုယ်ခန္ဓာသည် ထိုအချိန်ရောက်လျှင် အိပ်ချင်သည့်စိတ် အလိုလို ပေါ်ပေါက်လာပါလိမ့်မည်။


 


၎. သက်သောင့်သက်သာ အိပ်နိုင်မည့် နေရာကို ရွေးချယ် သင့်သည်။ ထူလွန်းသော မွေ့ရာ၊ ပါးလွှာသော အိပ်ရာ၊ အလွန်မြင့်သော ခေါင်းအုံးများ ကို ရှောင်သင့်ပါသည်။


 


၅. မိမိအိပ်မည့်နေရာကို သန့်ရှင်းသပ်ရပ်စွာ နေပျော်ချင်စဖွယ် ဖြစ်အောင်ထားပါ။ အိပ်ရာခင်း၊ ခေါင်းအုံးဖုံးတို့ကို အစဉ်သန့်ရှင်း သပ်ရပ်အောင် ဂရုစိုက်သင့်သည်။ အိပ်ခန်းနံရံများတွင် အစိမ်းရောင် များများပါသော ရှုခင်းပုံများ၊ စိတ်ကို ကြည်လင် ချမ်းမြေ့စေမည့် သာယာလှပသော သဘာဝအလှပုံများကို ဦးစားပေး ကပ်ထားသင့်ပါသည်။ အိပ်ရာကို အိပ်စက်နားနေရန် သက်သက်အဖြစ်သာ အသုံးချပါ။ တီဗီ ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို အိပ်ရာနှင့် ဝေးဝေးထားပါ။


 


၆. သင်အိပ်မည့်နေရာသည် တိတ်ဆိတ်ငြိမ်သက်သော၊ အလင်းရောင်နည်းသော၊ လေ၀င် လေထွက် ကောင်းမွန်သော နေရာဖြစ်သင့်ပါသည်။ လင်းထိန်နေသော မီးရောင်အစား ညအိပ်မီး ခပ်မှန်မှိန်ကိုသာ ထွန်း၍ အိပ်သင့်ပါသည်။ တောက်ပသော အလင်းရောင်သည် သင်၏ အိပ်စက်ခြင်းအား အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။


 


 ၇. နေ့ခင်းအချိန်တွင် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းကို ရှောင်သင့်ပါသည်။ ဖြစ်နိုင်လျှင် ၁၀မိနစ် ၁၅ မိနစ်ခန့်သာ အနားယူ အိပ်စက်ပါ။ နေ့ခင်း အချိန်ကြာကြာ အိပ်ထားပါက ညဘက် အိပ်ပျော်ရန် ခက်ခဲတတ်ပါသည်။


 


၈. မနက် အိပ်ရာမှ နိုးလျှင်နိုးချင်း အိပ်ရာမှ ချက်ခြင်းထ၍ တစ်နေ့တာ လုပ်စရာများကို စတင် လုပ်ဆောင်သင့်ပါသည်။ အိပ်ရာထဲတွင် ပျင်းရိ လှဲလျှောင်းနေခြင်းက လိုအပ်သော အိပ်စက်ချိန်ထက် ပိုမို အိပ်မိအောင် အားပေးနိုင်ပါသည်။


 


၉. နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို ညအိပ်ရာမ၀င်မီ ၃နာရီမှ ၆ နာရီ ထိခြား၍ လုပ်ပါ။


 


၁၀. ညအိပ်ရာဝင်ခါနီး စာဖတ်ခြင်း၊ တရားထိုင်ခြင်း စသော အလေ့အကျင့်တစ်ခုခုကို ပျိုးထောင်ပါ။


 


၁၁. စိတ်ပင်ပန်းစရာ၊ ဒေါသထွက်စရာ၊ အလုပ်ကိစ္စ စသော အကြောင်းအရာများကို ညအိပ်ရာ ၀င်ချိန်တွင် မတွေးမိအောင် ကြိုးစားပါ။


 


၁၂. တစ်ရေးနိုးတိုင်း နာရီကြည့်သည့်အကျင့်ကို ရှောင်ပါ။ နာရီမကြာခန ကြည့်ခြင်းသည် အိပ်ပျော်ရန် နှောင့်နှေးစေသော အကြောင်းတစ်ရား တစ်ခု ဖြစ်နိုင်ပါသည်။ နာရီကို အိပ်ရာနှင့် ဝေးရာတွင်ထားပါ။


 


၁၃. အခြားသူများအား ကူညီသော အကျင့်ကောင်းကို မွေးမြူပါ။ (ဥပမာ လူကြီး သူမများကို ကူညီစောင့်ရှောက်ခြင်း၊ ကလေးငယ်များ၊ အိမ်မွေး တိရိစ္ဆာန်များကို ကျွေးမွေး စောင့်ရှောက်ခြင်း၊ လူမှုရေးအဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခြင်း) ၄င်း ကိစ္စတို့သည် သင်အိပ်ရာဝင်ချိန်တွင် အပူအပင် ကင်းဝေးသော အိပ်စက်ခြင်းကို ရရှိဖို့ အထောက်အကူ ဖြစ်စေနိုင်ပါသည်။


 


၁၄. ညအိပ်ရာဝင်ခါနီး အရက်၊ ကဖင်းဓာတ်ပါသော အစားအသောက်၊ ကော်ဖီ လဘက်ရည် သောက်သုံးခြင်းကို ရှောင်ပါ။ အရက်ကို ရှောင်ကျဉ်ရန် လုံးဝခက်ခဲပါက သင့်တော်သော ပမာဏကို ချင့်ချိန်၍သာ သောက်သုံးသင့်ပါသည်။


 


၁၅. သင်းပျံ့သော မွှေးရနံ့တစ်ခုခုသည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အားပေးသဖြင့် မိမိအိပ်ရာဘေးတွင် မွှေးရနံ့ ရှိစေမည့် အရာလေးများ၊ ပန်းအိုးလေးများကို ထားခြင်း သည်လည်း လှပသော အိပ်မက်ညလေးကို ပိုင်ဆိုင်ဖို့ နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်လေသည်။


 


လှပတဲ့ အိပ်မက်များကို ပိုင်ဆိုင်ကြပါစေရှင်…..


 


ချော (အစိမ်းရောင်လွင်ပြင်)

 

HELLO ဂျာနယ်အတွက် ရေးထားတဲ့ ဆောင်းပါးလေးပါ..

http://mmhealthylife.com/page/2  မှာလဲ တင်ထားပါတယ်...

ရွေးချယ်စရာ


 


ကျွန်တော့်အဖေဟာ အရမ်းကို အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ပါ.. သူဟာ ပေါင်မုန့်တွေကို အိမ်တွေမှာ လိုက်ဖြန့်ရတဲ့ အရောင်းကိုယ်စားလှယ် အလုပ်ကိုလုပ်ပြီး အမေနဲ့ ကျွန်တော်တို့မောင်နှမ ၃ယောက်ကို ကျွေးမွေးလာခဲ့တာပါ.. နေ့စဉ် အလုပ်ကနေ ပင်ပင်ပန်းပန်း လုပ်လို့ ပြန်လာပြီးတဲ့ ညနေတိုင်းမှာလဲ ဒီပလိုမာတစ်ခု ရဖို့အတွက် အတန်းတက်ပါတယ်.. အဖေ့ရည်ရွယ်ချက်က အခုထက်ကောင်းတဲ့အလုပ်တစ်ခုခုကို ရပြီး ဒီထက် လစာလဲ ကောင်းကောင်းရဖို့ ဖြစ်ပါတယ်..  တနင်္ဂနွေ တစ်ရက်ကလွဲလို့ ကျွန်တော်တို့မှာ အဖေနဲ့အတူ ထမင်းလက်ဆုံ စားရတယ်ဆိုတာ မရှိသလောက်ပါဘဲ… အဖေ ပင်ပင်ပန်းပန်း အလုပ်ကြိုးစားတာ၊ အပင်ပန်းခံပြီး အတန်း တက်နေတာတွေဟာ ကျွန်တော်တို့  မိသားစုကို အဆင့်မြင့်မြင့် ထားလိုတဲ့ စိတ်ကြောင့် ဖြစ်ပါတယ်..


 


ကျွန်တော်တို့က အဖေ့ကို မိသားစုအတွက် အချိန်မပေးဘူး၊ အလုပ်ကိုဘဲ ဦးစားပေးလွန်းတယ် လို့ ၀ိုင်းပြောကြရင် အဖေက သူအလုပ်လုပ်နေတာ၊ ပညာ ဆက်သင်နေတာတွေဟာ မိသားစုအတွက်လို့ အဖြေပေးတတ်ပါတယ်.. ဒါပေမဲ့ အဖေ့ရင်ထဲမှာလဲ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း အချိန်လေးပေးပြီး နေချင်တဲ့ဆန္ဒတော့ ရှိနေတာပါဘဲ..


 


အဖေတက်နေတဲ့ ဒီပလိုမာသင်တန်း ရဲ့အောင်စာရင်းထွက်တဲ့နေ့ ရောက်တဲ့အခါမှာတော့   အဖေ့အတွက် ၀မ်းမြောက်ပျော်ရွှင်စရာပါဘဲ.. ကြိုးစားခဲ့တဲ့ ရလဒ်အတိုင်း အဖေဟာ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ပါတယ်  အောင်စာရင်းထွက်ပြီး မကြာခင်မှာ အကြီးတန်း ကြီးကြပ်ရေးမှူး ရာထူးနဲ့အတူ ထိုက်သင့် ကောင်းမွန်တဲ့ လစာငွေကို ရရှိလာပါပြီ.. ခုတော့လည်း အဖေရဲ့ စိတ်ကူးအိပ်မက် တစ်ချို့က တကယ်ကို မှန်ကန်လာပါပြီ မိသားစုကို ယခင်ကထက် စာရင် ကောင်းကောင်းမွန်မွန် ကျွေးမွေးထားနိုင်ပါပြီ.. ကျွန်တော်တို့အိမ်မှာ ဇိမ်ခံ အသုံးအဆောင် ပစ္စည်းလေးတွေ၊ အ၀တ်အစား ကောင်းလေးတွေ အစားအသောက် ကောင်းတွေ ၀ယ်ယူ သုံးစွဲလာနိုင်ပါပြီ..


 


ဒါပေမဲ့လည်း မိသားစုတွင်းမှာတော့ အဖေနဲ့ အတူတူ နေခွင့်ရချိန်က မရှိသလောက်ကို နည်းပါးလာနေပါပြီ… အဖေဟာ အလုပ်ကို အားသွန်ခွန်စိုက်နဲ့ ယခင်ထက် ကြိုးစားပြီး လုပ်ပါတယ်... ခုအလုပ်မှာ ရာထူးမြန်မြန်တက်ပြီး မန်နေဂျာ တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ချက် ထားရှိပြန်ပါတယ်.. ဒီရည်ရွယ်ချက်ကြောင့်လဲ အကောင်းဆုံး စံပြ အလုပ်လုပ်သူ ဖြစ်အောင် အဖေက ကြိုးစားနေသလို တစ်ဘက်ကလည်း တက္ကသိုလ် တစ်ခုမှာ ကျောင်းတက်ဖို့လဲ စာရင်း ပေးသွင်းထားပြန်ပါတယ်..  ဒီတစ်ကြိမ်လဲ မိသားစုအတွက်လည်း အချိန်ပေးဖို့  အမေနဲ့ ကျွန်တော်တို့က အဖေ့ကို ၀ိုင်းပြောကြတဲ့အခါ မိသားစုအတွက် အပင်ပန်းခံပြီး အလုပ်လုပ်နေတာ၊ ပညာသင်နေတာလို့ဘဲ ပြန်ပြောပြန်ပါတယ်.. ဘာဘဲပြောပြော ဖေဖေ့ရင်ထဲမှာတော့ မိသားစုနဲ့ အချိန်လေးပေးပြီး နေချင်တဲ့ဆန္ဒကတော့ ရှိနေပါတယ်..


 


အဖေရည်ရွယ်ထားတဲ့ အတိုင်းပါဘဲ..  များမကြာခင်မှာ မန်နေဂျာအဖြစ် ရာထူးတိုးပြီး လစာငွေလည်း ပိုများလာပါပြီ.. ဖေဖေဟာ မေမေ့အိမ် အလုပ်တွေကို  ကူညီဖို့အတွက် ကူဖော်လောင်ဖက် မိန်းခလေး တစ်ယောက် ငှားပေးပါတယ်..  အခုလက်ရှိနေတဲ့ အိပ်ခန်း၃ခန်းပါ  တိုက်ခန်းကိုလဲ မိသားစုအတွက် လုံလောက်မှုမရှိဘူးလို့ သူက ထင်လာပါတယ်..  ဒါကြောင့် ကွန်ဒိုတိုက်ခန်းကျယ်ကြီးတစ်ခုကို မိသားစုအတွက် ၀ယ်ယူပေးချင်တဲ့ ဆန္ဒတစ်ခု ပြင်းပြစွာ ဖြစ်ပေါ်နေပါတယ်..  ဒါနဲ့ဘဲ အလုပ်ကို သူများတကာထက် မနားမနေ ကြိုးစား လုပ်ပါတယ်.. တနင်္ဂနွေလို နေ့မျိုးမှာတောင် ဖေဖေက အနားမယူဘဲ အလုပ်လုပ်လေ့ ရှိပါတယ်.. ဒါကြောင့်လဲ ကျွန်တော်တို့မှာ ဖေဖေ့ကို မြင်တွေ့ရချိန် နည်းသထက် နည်းလာပါတယ်… ပင်ပန်းလွန်းတဲ့ အဖေ့ကိုကြည့်ပြီး ကျွန်တော်တို့က အဖေ့ကို နားနားနေနေ အလုပ်လုပ်ဖို့နဲ့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနေဖို့  တောင်းဆိုတိုင်းလည်း မိသားစုရှေ့ရေးအတွက် ကြိုးစားနေတာ ဖြစ်ကြောင်း ပြောပြီး ထုံစံအတိုင်း ဖေဖေက အလုပ်ကိုသာ ဦးစားပေးပါတယ်..


 


ဒီလိုနဲ့ တက္ကသိုလ်ကနေလဲ ဘွဲ့တွေထပ်ရလာတဲ့ ဖေဖေဟာ ရာထူးတွေ အဆင့်ဆင့် တက်လာပြီး လစာတွေလဲ များသထက် များလာပါတယ်.. အဖေဖြစ်စေချင်ခဲ့သလိုဘဲ ကျွန်တော်တို့ တစ်မိသားစုလုံး ကောင်းကောင်း မွန်မွန် ကျယ်ကျယ်ဝန်းဝန်း နေနိုင်မဲ့ လှလှပပ ကွန်ဒိုတိုက်ခန်းလေးတစ်ခုကို ၀ယ်နိုင်ခဲ့ပါပြီ..  တိုက်ခန်းကနေ မြစ်ပြင်ကျယ် ရှုခင်း တစ်ခုလုံးကို ဆီးပြီးမြင်နိုင်သလို ဇိမ်ခံပစ္စည်း အသုံးအဆောင်အားလုံး ပြည့်စုံအောင်လည်း ထည့်သွင်းထားနိုင်ခဲ့ပြီ..


 


အဲဒီ ကွန်ဒိုတိုက်ခန်းကို ပြောင်းရွေ့ပြီးတဲ့ ပထမဆုံးတနင်္ဂနွေနေ့မှာ အဖေဟာ မိသားစုကို ကြေငြာချက်တစ်ခု ထုတ်ပြန်ပါတယ်.. အဲဒါကတော့ သူဟာခုချိန်ကစပြီး သင်တန်းတစ်ခုခု တက်တာ၊ ဘွဲ့ထပ်ယူတာတွေ မလုပ်တော့မဲ့အကြောင်းနဲ့၊ အလုပ်မှာလဲ ရာထူးတွေ ထပ်တက်ဖို့ မျှော်လင့်တကြီး မထားတော့ဘဲ ကျွန်တော်တို့ အတွက် အချိန်များများပေးပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဖြစ်အောင် ကြိုးစားတော့မယ် ဆိုတဲ့စကား ဖြစ်ပါတယ်.. အဖေရဲ့ စကားကြားတော့ အမေအပါအ၀င် ကျွန်တော်တို့ အားလုံး ၀မ်းပန်းတသာ ဖြစ်ကြရပါတယ်.. အဖေ့စကားနဲ့တင်  မိသားစုတစ်ခုလုံး ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရတယ် ဆိုတာ ပြောမပြတတ်အောင်ပါဘဲ..


 


ဒါပေမဲ့လို့ သိပ်ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့ချစ်တဲ့ အဖေဟာ နောက်တစ်နေ့မနက် မိုးလင်းချိန်မှာတော့ အိပ်ပျော်နေရာကနေ  ပြန်လည် နိုးမထခဲ့တော့ပါဘူး… ကျွန်တော်တို့ဘ၀မှာ အဖေနဲ့ ပျော်ပျော် ပါးပါး နေခဲ့ရတဲ့အချိန်တွေဆိုတာ သိပ်နည်းခဲ့သလို နောက်ကိုလည်း ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်တော့ပါ….


 


----------------------------------------------------------------------------------------------------------------------------


 


ကျွန်မတို့တွေရဲ့ ဘ၀မှာရော မိသားစုနဲ့ပျော်ပျော်ပါးပါး နေခွင့်ရခဲ့ကြပါရဲ့လား… လောက ဓမ္မတာအရ တစ်ခုလိုချင်ရင် တစ်ခုကို ပေးဆပ်ကြရသလိုပါဘဲ… အလုပ်နဲ့ ငွေကြေးကို ဦးစားပေးကြရင်း မိသားစုမေတ္တာနဲ့ ဝေးကွာခဲ့ ကြသူတွေ အများကြီးပါနော်.. ကျွန်မလဲ ပြန်စဉ်းစားရပါဦးမယ်.. ဘ၀မှာ မိသားစုနဲ့ ပျော်ပျော်ပါးပါး နွေးနွေးထွေးထွေး နေထိုင်မလား ငွေကြေးအတွက် အလုပ်ကို ဦးစားပေးပြီး မိသားစုမေတ္တာတွေ ခြုံလွှမ်းထားတဲ့ နွေးထွေး လုံခြုံတဲ့အိမ်နဲ့ ဝေးရာမှာ နေမလားဆိုတာကိုပေါ့.. အချိန်ဆိုတာ အစားထိုးလို့ မရသလို နောက်ပြန်ဆွဲလို့လဲ မရပါဘူး... အချိန်မနှောင်းခင်မှာတော့ တစ်ခုခုကို ဆုံးဖြတ်နိုင်အောင် ကြိုးစားရပါဦးမယ်... ခုချိန်မှာတော့ မိသားစုနဲ့ ဝေးတဲ့တစ်နေရာမှာ အလုပ်ကို ဦးစားပေးနေရဆဲပါ..


 


ပျော်ရွှင်သာယာ ချမ်းမြေ့သော မိသားစုဘ၀များကို လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေရှင်....


 


The academictips.org မှ Live and Work ကို ဘာသာပြန်ပါသည်။


 


ချော(အစိမ်းရောင်လွင်ပြင်)

ပေါ့ပေါ့ပါးပါး ပြုံးစရာ (၄)

 


နာရီသူခိုး



 


တစ်ခါက တရားသူကြီးတစ်ယောက်ဟာ  ဧည့်ခံပွဲတစ်ခုကို သူ့အိမ်မှာ အကြီးအကျယ် ပြုလုပ် ကျင်းပနေပါတယ်.. ရပ်ဝေးက လာတဲ့ဧည့်သည်တွေကတော့ သူ့အိမ်မှာ ညအိပ် တည်းခိုကြပါတယ်..   ဧည့်ခံပွဲပြုလုပ်နေစဉ်မှာ သူရဲ့ ညအိပ် ဧည့်သည် တစ်ယောက်က  သူရဲ့ အဖိုးတန်နာရီအခိုးခံရကြောင်းနဲ့ ခိုးသူကို သူသိပါကြောင်း အိမ်ရှင် တရားသူကြီးက ထိုကိစ္စကို မျှတမှန်ကန်စွာနဲ့ သူ့နာရီ ပြန်လည် ရရှိအောင် ကူညီ ဖြေရှင်းပေးစေလိုကြောင်း လာရောက် တိုင်ကြားပါတယ်...


 


တရားသူကြီးကလည်း နာရီ ခိုးသူက ဘယ်သူလဲလို့ ပြန်မေးပြီး ခိုးသူကိုလဲသိရော “ ဟာ.. ဒီလူတော့ ဒါမျိုးမလုပ်သင့်ဘူး... ကိစ္စမရှိဘူး... ခင်ဗျားနာရီ ပြန်ရအောင် ကျုပ် ဖြေရှင်းပေးမယ်. ” လို့ ပြန်ပြောလိုက်ပါတယ်..


 


ဧည့်ခံပွဲ မပြီးခင်မှာဘဲ တရားသူကြီးက နာရီပိုင်ရှင်ကို ခေါ်ပြီး နာရီကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်.... နာရီပိုင်ရှင်က ၀မ်းမြောက်စွာနဲ့ ကျေးဇူးစကားဆိုရင်း တရားသူကြီးကို ပြန်မေးပါတယ်.. “ တရားသူကြီးက ဘယ်လိုများ ဖြေရှင်းလိုက်တာလဲ ခင်ဗျာ ... ခိုးတဲ့သူကရော ဘာများ ပြောသေးသလဲ ခင်ဗျာ”


 


တရားသူကြီးက ပြန်ပြောလိုက်ပါတယ်... “ရှူး တိတ်တိတ်နေ... ဒီနာရီ သူ့ဆီက ကျုပ် အသာလေး ပြန်ယူခဲ့တာ သူတောင် မသိဘူးဗျ....”


 


--------------------------------------------------------------------------------------------------------------------------------------


 


တက္ကစီမောင်းသူ


 



 


 


တစ်ခါက မြို့တစ်မြို့မှာ တက္ကစီဒရိုင်ဘာ တစ်ယောက်ရှိပါတယ်.. ဒီနေ့ဟာ အဲဒီ ဒရိုင်ဘာနဲ့ တက္ကစီမောင်းခြင်း ပထမဦးဆုံးနေ့လဲဖြစ်ပါတယ်.. ကားထွက်လို့ မကြာခင်မှာ ခရီးသည် တစ်ဦးက ကားကိုတားပါတယ်.. ခရီးသည်ပြောတဲ့ နေရာကို လိုက်ပို့ဖို့ ကားကိုမောင်းထွက် လာပါတယ်.. ခရီးသည်က နောက်ခန်းကနေ ထိုင်ပြီး လိုက်လာတာပေါ့နော်..  ကားမောင်း လာပြီး ၁၀မိနစ်လောက်မှာ ခရီးသည်ဟာ တစ်စုံတစ်ခုမေးချင်တာနဲ့ ကားဒရိုင်ဘာရဲ့ ပုခုံးကို လှမ်းပုတ်လိုက်ပါတယ်….


 


ပုခုံးပုတ်ခံလိုက်ရတဲ့ တက္ကစီဒရိုင်ဘာဟာ လန့်ဖြတ်ပြီး သတိလက်လွတ်ဖြစ်ကာ ဘစ်ကားတစ်စီးနဲ့ တိုက်မိလုနီးပါးဖြစ်ပြီးမှ ဘရိတ်ဆောင့်အုပ်လိုက်မိပါတယ်… ကားမောင်းသူဟာ ကားကို ချက်ခြင်း ပြန်မမောင်းနိုင်ဘဲ သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားနေရတာကို ခရီးသည်က တွေ့မိပါတယ်.. တက္ကစီသမားဟာ ခရီးသည်ကို အပြစ်တင်ပါတယ်.. “ခင်ဗျား နောက်ကို ဒါမျိုးဘယ်တော့မှ မလုပ်နဲ့ .. အခုကြည့်စမ်း ကားတိုက်မှုကြီး ဖြစ်ခါနီးသွားတယ်.. နောက်တစ်နေ့ နေထွက်တာကို မမြင်ရအောင်တော့ မလုပ်ပါနဲ့ဗျ…”


 


 ခရီးသည်ဟာလည်း သူ့အမှားအတွက်တောင်းပန်ပါတယ်.. ပြီးတော့ တက္ကစီသမားကို နားမလည်ခြင်းများစွာနဲ့ မေးပါတယ်…  “ ကျုပ် ခင်ဗျားပုခုံးကိုပုတ်တာ ဖြေးဖြေးလေးပါဗျာ.. ဒီလောက် ထိရုံလေးနဲ့ ခင်ဗျားဒီလောက်တောင် ထိတ်လန့်သွားတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်အောင် ဖြစ်နေမိတယ်ဗျ…” ခရီးသည်ရဲ့ စကားကို တက္ကစီသမားက တုံ့ပြန် ပါတယ်..  “ ခင်ဗျားအမှားကြောင့်လဲ မဟုတ်ပါဘူးလေ… ကျွန်တော်က ဒီကားကို ဒီနေ့မှ စမောင်းတာဗျ… ကျွန်တော် ၂၅ နှစ်လုံးလုံး အသုဘယာဉ်မောင်းလာခဲ့တာမို့ပါ ”လို့ပြန်ပြောလိုက်ပါတယ်။


 


-------------------------------------------------------------------------------------------------------------------------------------------


 


နှုတ်ခမ်းနီရာလေးများ


 


 



 


တစ်ချို့မိန်းခလေးတွေမှာ အကျင့်တစ်ခုရှိတတ်ကြတယ်.. အဲဒါကဘာလဲဆိုတော့ နှုတ်ခမ်းနီ ဆိုးပြီးရင် မှန်လေးပေါ်မှာဘဲဖြစ်ဖြစ်၊ စက္ကူတို့၊ လက်ကိုင်ပုဝါ၊ တစ်ရှူး ၊ သန့်စင်ခန်းတွေထဲက မှန် စသည်တို့မှာ ကိုယ်ဆိုးထားတဲ့ နှုတ်ခမ်းနီလေးရဲ့ အရာကို ထင်နေအောင် လုပ်တတ်တဲ့အကျင့် ရှိကြတယ်.. မိန်းခလေး အားလုံးတော့ မဆိုလိုပါဘူးနော်.. တစ်ချို့တစ်ချို့တွေပါ…. အဲဒီအကျင့်လေးတွေ ပျောက်သွားအောင် ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးက  ဘယ်လို ဖြေရှင်းလိုက်တယ် ဆိုတာလေးကို အင်တာနက်မှာ ဖတ်လိုက်ရတာလေးကို ပြန်ပြောပြပါဦးမယ်…


 


တစ်ခါတုန်းကလေ မိန်းခလေးကျောင်းတစ်ကျောင်းမှာ သန့်ရှင်းရေး အလုပ်လုပ်တဲ့ ဦးရွှေမောင် ဆိုတဲ့လူတစ်ယောက် ရှိတယ်ပေါ့နော်… အဲဒီကျောင်းမှာ ရှိတဲ့ တစ်ချို့ ကျောင်းသူလေးတွေမှာ အကျင့်တစ်ခုရှိပါတယ်.. အဲဒါကတော့ ကျောင်းသန့်စင် ခန်းထဲကို ၀င်တိုင်း ကြည့်မှန်တွေပေါ်မှာ နှုတ်ခမ်းနီရာတွေကို ချန်ပစ်ခဲ့တဲ့ အကျင့်ပါဘဲ… ဦးရွှေမောင်ကြီးက ညနေရောက်တိုင်း ကျောင်းသန့်ရှင်းရေးလုပ်တဲ့အခါ မှန်ပေါ်မှာ ထင်ကျန်နေတဲ့ နှုတ်ခမ်းနီရာလေးတွေကို အ၀တ်တစ်ခုနဲ့ နေ့စဉ် ပွတ်သုတ် သန့်စင်ပစ်ရပါတယ်.. ဘယ်လိုဘဲ သန့်စင်ပြီးပေမဲ့ ကျောင်းသူတွေက ထပ်လုပ်တော့ နောက်တစ်နေ့မှာ နှုတ်ခမ်းနီရာတွေက ပြန်ရှိနေပြန်ပါရော… အခုလိုမလုပ်ဖို့ ဘယ်လိုဘဲ သူက မေတ္တာရပ်ခံပေမဲ့ နောက်တစ်နေ့ ရောက်တိုင်း နှုတ်ခမ်းနီရာလေးတွေက ရှိနေမြဲ ပါဘဲတဲ့…


 


ဦးရွှေမောင်က ကျောင်းအုပ်ဆရာမကြီးထံ အဲဒီပြဿနာကို တင်ပြလိုက်တော့ ကျောင်းဆရာမကြီးက အတန်းတိုင်းက ကျောင်းသူကိုယ်စားလှယ်တွေကို ခေါ်လိုက်ပြီးတော့ သန့်စင်ခန်းထဲကို ခေါ်ဆောင်လာပါ တယ်.. ပြီးတော့ ဆရာမကြီးက ကျောင်းသူတွေကို စကားအနည်းငယ် ပြောပါတယ်.. “အခုလို လာရောက်ကြတဲ့အတွက် ကျောင်းသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်..  အခုရောက်လာတဲ့ ကျောင်းသူတွေအားလုံးလဲ ဒီမှန်ပေါ်က နှုတ်ခမ်းနီရာတွေကို တွေ့ကြမယ်ထင်ပါတယ်..”  ဆရာမကြီးစကားကို ကြားတဲ့ ကျောင်းသူလေးတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်စလေးပစ်ကြရင်း ကြိတ်ပြုံး လိုက်ကြတယ်ပေါ့…  ဆရာမကြီးက စကားဆက်ပြောပါတယ်…


 


 


“ဒီနေ့ခေတ်ရဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့နှုတ်ခမ်းနီတွေဟာ အရောင်စွဲစွဲမြဲမြဲ ကြာရှည်ခံအောင် ပြုလုပ်ထားတာဖြစ်တဲ့အတွက် မှန်ပေါ်မှာ ထင်နေတဲ့ တစ်ချို့ နှုတ်ခမ်းနီတွေဟာ အလွန်ဘဲ ဖျက်ရခက်ပါတယ်… ဒါကြောင့် ဆရာမကြီးတို့ကလဲ ဖျက်ရခက်တဲ့ နှုတ်ခမ်းနီရာတွေကို ဖျက်ရလွယ်ကူဖို့အတွက် နည်းလမ်းတွေကို စဉ်းစားရ တာပေါ့နော်.. အခု ဆရာမကြီးတို့ တွေ့ရှိထားတဲ့ နည်းလမ်းတစ်ခုကို လက်တွေ့ပြပါမယ်.. ဒီလက်တွေ့ပြတာကို တွေ့သွားတဲ့ ကျောင်းသူတွေအားလုံး ဒီနည်းလမ်းကို ကျန်တဲ့ ကျောင်းသူတွေကို ပြန်ပြောပြကြမယ်လို့ မျှော်လင့်ပါတယ်.. နောင်ကိုလဲ ဒီမှန်တွေပေါ်မှာ နှုတ်ခမ်းနီရာကို ချန်ခဲ့မဲ့ အစား တစ်ရှူးလေးတွေကို သုံးကြမယ်လို့ ဆရာမကြီး ယုံကြည်ပါတယ်..” 


 


ဆရာမကြီးစကားအဆုံးမှာ ဦးရွှေမောင်ကြီးက  မှန်ကို တိုက်ချွတ်ဖို့အတွက် ရေမြုပ်ကို အိမ်သာ တစ်ခု ထဲက သွားယူလိုက်ပါတယ်.. ပြီးတော့ အိမ်သာကြွေခွက်ထဲကို ရေမြုပ်ကို နှစ်ထည့်လိုက်ပြီးနောက် မှန်ပေါ်မှာ ထင်နေတဲ့ နှုတ်ခမ်းနီရာလေးများကို ဖျက်ပါတော့ တယ်… လက်တွေ့ပြပွဲပြီးလို့ ကျောင်းသူလေးများ သန့်စင်ခန်းထဲမှ အသီးသီး ထွက်ခွာသွားတဲ့အခါမှာတော့ သန့်ရှင်းရေးလုပ်တဲ့ ဦးရွှေမောင်ကြီးက ပြုံးလိုက်ပါတယ်.. သူသိပါတယ်... နောက်နေ့တွေမှာ ဒီမှန်ပေါ်မှာ နှုတ်ခမ်းနီရာလေးတွေ တွေ့ရတော့မှာ မဟုတ်ပါဘူး….


 


------------------------------------------------------------------------------------------------------------------------------------------


 


 


အလုပ်မှာ စိတ်ညစ်စရာတွေများနေလို့ပါ.. ရယ်စရာလေးတွေ များများရေးပါဦးဆိုတဲ့ စာဖတ်သူ ညီမလေး တစ်ယောက်ရဲ့ စကားကြောင့် ပေါ့ပေါ့ပါးပါး ပြုံးချင်စရာလေးကို ဘာသာပြန်ပြီး မျှဝေလိုက်တာဖြစ်ပါတယ်...


 


 


ပြုံးနိုင်ကြပါစေရှင်....


 


ချော(အစိမ်းရောင်လွင်ပြင်)


Source - the-joke.com

စတိုင်ကျမဲ့ ခြေလှမ်းတစ်စုံ





 


မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိနဲ့ စတိုင်ကျနတဲ့ ခြေလှမ်းလေး လှမ်းနိုင်ဖို့ရာမှာ ၀တ်ဆင်ရာတွင် အဆင်ပြေ ချောမွေ့ပြီး အ၀တ်အစားနဲ့လည်း လိုက်ဖက်မှုရှိမဲ့ ဖိနပ်တစ်ရံဟာ အရေးပါလှပါတယ်...  မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲ၊ မင်္ဂလာပွဲလို ပွဲတစ်ခုခုကို တက်တော့မယ်ဆိုရင် အ၀တ်အစား၊ လက်ဝတ်တန်ဆာ၊ မိတ်ကပ်တို့နဲ့ လှလှပပ ပြင်ဆင်ထားသော်လည်း သင့်တော် တဲ့ ဖိနပ် မဟုတ်ခဲ့ရင် ကိုယ်တိုင်က စိတ်ချမ်းသာမှာ မဟုတ်သလို အများ အမြင်မှာလည်း ဆွဲဆောင်မှု ရှိမှာ မဟုတ်ပါဘူး..


 






 မသပ်မရပ်ခြေသည်းနဲ့ ကွဲအက်နေတဲ့ ခြေဖနှောင့်ကို ပိုင်ဆိုင်ထားခဲ့ရင်လည်း ဖိနပ်လှလှ စီးထားပေမဲ့ ဘယ်လိုမှ ကြည့်လို့အဆင်မပြေနိုင်ပါဘူး.... ဖိနပ်လှလှလေးနဲ့ သန့်ရှင်းသပ်ရပ်တဲ့ခြေအစုံက ခြေသည်းလေးတွေကို အခုခေတ်စားနေတဲ့ ဒီဇိုင်းလှလှများနဲ့ ပုံဖော်ထားခဲ့မယ်ဆိုရင် လူတွေကြားမှာ ထူးထူးခြားခြား ဆွဲဆောင်မှု ကောင်းနေတော့မှာပါ.. သို့သော် မိမိရွေးချယ်မဲ့ ဒီဇိုင်းဟာ စူးစူးရဲရဲနဲ့ ကြောင်ကြောင်ကျားကျား အရောင်ကိုတော့ ရှောင်သင့်ပါတယ်... ၀တ်ဆင်မဲ့ အ၀တ်အစားနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းလေး ဖြစ်ဖို့လဲ အရေးကြီးပါသေးတယ်..


 


 


ဆောင်းရာသီမျိုးမှာ အရမ်းအေးတဲ့ အရပ်တွေမှာ နေထိုင်တဲ့ သူတွေဟာ ခြေဆီ အထွက်နည်းပြီး ခြေဖ၀ါးနဲ့ ခြေဖနောင့်တွေ ကွဲတတ်ပါတယ်... ဒီလို ကွဲတတ်တဲ့သူများ အနေနဲ့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ကုစားပေးနိုင်တဲ့ ဆေးကတော့ အလှကုန်ဆိုင်တွေမှာ ဈေးပေါပေါနဲ့ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ (Glycerine)လို့ခေါ်တဲ့ အလှဆီရည်ဘဲ ဖြစ်ပါတယ်.. အလှဆီဟာ စေးကပ်ကပ်နိုင်လှတာကြောင့် အချို့သူတွေက လိမ်းရခက်တယ်ဆိုပြီး မကြိုက်ကြပါဘူး.. (Glycerine) အလှဆီကို ရေရောပြီး လိမ်းမယ်ဆိုရင်တော့ စေးကပ်ကပ်နိုင်မှုက နဲနဲသက်သာမှာပါ....






 


 


သို့သော်လည်း ကွဲအက်ခြောက်သွေ့နေတဲ့ ခြေတစ်စုံကို အချိန်တိုတိုနဲ့ လှလှပပ စိုစိုပြေပြေလေး ဖြစ်နိုင်ပါတယ်ဆိုရင် စေးကပ်တာလေးကို သီးခံပြီးတော့ မနက်တစ်ကြိမ် ညတစ်ကြိမ် သုံးစွဲသင့် ပါတယ်လို့ အကြံပေးလိုက်ပါရစေ... အခြားသော နိုင်ငံခြားဖြစ် အသားလှဆီများ ဘယ်လောက်ကောင်းကောင်း ကျွန်မတို့  မြန်မာပြည်က ထုတ်လုပ်တဲ့ အလှဆီ လောက် မြန်မြန်ဆန်ဆန် ပျောက်အောင်တော့ ထိရောက်မှုမရှိလှဘူး ဆိုတာ သေချာပါတယ်..






 


 


အချို့သောခြေထောက်တွေဟာ ကြမ်းတမ်းတဲ့ အသားမာများ တက်နေပြီး လူရှေ့မှာ မပြရဲလောက်အောင်ကို ရုပ်ဆိုးနေတာ တွေ့ရတတ်ပါတယ်. နူးညံ့ပျော့ပြောင်းတဲ့ ခြေထောက် လေးတစ်စုံကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် မိမိခြေထောက်တွေကို တစ်ပါတ် တစ်ခါလောက်တော့ ရေနွေးနွေးနဲ့ ၁၅မိနစ်ခန့် စိမ်သင့်ကြောင်း မှတ်သားဖူးပါတယ်...အချို့ကတော့ ဆေးဘက်ဝင် အပင်များနဲ့ စိမ်ကြသလို၊ အချို့ကတော့ အမွှေးနံ့သာ၊ အဆီများနဲ့ စိမ်တတ်ကြပါတယ်.. ခြေထောက်ကို ရေနွေးနွေးနဲ့ စိမ်ခြင်းအားဖြင့် ညောင်းညာမှုတွေကို သက်သာနိုင်သလို အသားအရေလဲ နူးညံ့ ချောမွေ့လာနိုင်ပါတယ်လို့ ဆိုပါတယ်...  ရေနွေးစိမ်ခြင်းဟာ အလှအပတွက်သာမက ကျန်းမာရေးအတွက်ပါ ထိရောက် ကောင်းမွန်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်...




 


 


ရေနွေးစိမ်ခြင်းကို ဆိုင်မှာတင်မဟုတ်ဘဲ ကိုယ့်အိမ်တွင်လည်း အလွယ်တကူ ပြုလုပ် နိုင်ပါတယ်.. ရေခပ်နွေးနွေး ထဲကို သံလွင်ဆီ၊ အလှဆီ တစ်စက်နှစ်စက်ခန့်ထည့်၊ အမွှေး နံ့လေး တစ်ခုခု ထည့်ပြီး ခြေထောက်ကို ထည့်စိမ်ရင်း နှိပ်နှယ်ပေးပါက သင့်ခြေဖနှောင့်လေးနဲ့ ခြေဖ၀ါးလေးများဟာ ပျော့ပျောင်းလာမှာပါ... ရေနွေးစိမ်ပြီးပါက ရေစင်အောင်သုတ်ပြီး အလှဆီ၊ သို့မဟုတ် body lotion၊ သံလွင်ဆီ စသည်တစ်ခုခုကို လိမ်းပေးနိုင်ပါတယ်... သန့်ရှင်းလှပတဲ့ ခြေတစ်စုံမှာ မိမိနှစ်သက်တဲ့ ဖိနပ်လေးကို ရွေးချယ်လို့ စိတ်အနှောက် အယှက် ကင်းကင်းနဲ့ ဆင်မြန်းနိုင်ပါပြီ..






 


 


 ဖိနပ်ကိုရွေးချယ်ရာမှာလည်း ကိုယ်သွားမဲ့နေရာနဲ့ လိုက်ဖက်တဲ့ ဖိနပ်မျိုးကို စဉ်းစား ရွေးချယ်ရမှာပါ... နေ့စဉ် ရုံးတက်ရုံးဆင်းစီးမဲ့ ဖိနပ်ဟာ.. ဧည့်ခံပွဲတက်မဲ့ ဖိနပ်မျိုးနဲ့တော့ မတူနိုင်ပါဘူး... မိန်းခလေး တော်တော်များများအနေနဲ့ ဒေါက်မြှင့်ဖိနပ်ကို နှစ်သက်ကြပါတယ်.. ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါ ဖိနပ်အပါးစီးပြီး လျှောက်တာနဲ့ မတူဘဲ စတိုင်ကျကျလေးနဲ့ ပိုပြီး ကြည့်လို့ကောင်းပါတယ်. မိမိကိုယ်ကိုယ်လဲ ဒီလိုဘဲ ထင်တတ်ကြပါတယ်.. ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်း တစ်မျိုးဘဲ ဖြစ်ပါတယ်.. သို့သော်လည်း အရပ်ရှည် လွန်းသူ မိန်းခလေးများအနေနဲ့ သော်လည်းကောင်း၊ လမ်းများများ လျှောက်ရမဲ့ နေရာကို သွားမဲ့အခါမျိုး မှာသော်လည်းကောင်း၊ အလွန်မြှင့်တဲ့ ဖိနပ်ကို မရွေးချယ် သင့်ပါဘူး..






 


 


 






အချို့သောမိန်းခလေးများ ဒေါက်မြှင့်ဖိနပ်စီးပြီး လှမ်းလျှောက်ရာမှာ ကြော့ရှင်း လှပသလောက် အချို့မှာ သက်တောင့်သက်သာမဖြစ်ဘဲ စီးထားသောဖိနပ်က ၀န်ထုပ်ဝန်ပိုး တစ်ခုလိုဖြစ်ပြီး လှမ်းလျှောက်မလှတဲ့သူတွေ ရှိတတ်ကြပါတယ်. စတိုင်ကျချင်လို့ ဒေါက်ဖိနပ်စီးကာမှ စတိုင်မကျဘဲ မလှမပ မဖြစ်ရအောင် မိမိစီးမဲ့ဖိနပ်ကို စနစ်တကျ ရွေးချယ်သင့်ပါတယ်ရှင်.. အချို့ဖိနပ်တွေက အမြင်လှသော်လည်း စီးရအဆင်မပြေ ၊ သက်တောင့်သက်သာ မရှိပါဘူး... ဒါကြောင့်လဲ.. ဖိနပ်ကို ၀ယ်ယူတဲ့အခါမှာ အလျှင်စလို မရွေးချယ်ဘဲ အချိန်ပေးပြီး ရွေးချယ်ကာ သေချာစီးကြည့်ပြီး မိမိစိတ်ကြိုက်ဖြစ်ပြီဆိုမှ ၀ယ်ယူသင့်ပါတယ်.. အရောင်နဲ့ဒီဇိုင်းကိုသာ ဦးစားပေးရွေးချယ်တာမျိုးလဲ မဖြစ်သင့်ပါဘူး... စီးရအဆင်ပြေမှု ရှိမရှိ၊ လမ်းလျှောက်ရာတွင် သက်တောင့် သက်သာရှိမရှိ တို့ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်... ကိုယ်သဘောကျနှစ်သက်လို့ ၀ယ်ယူတဲ့ ဖိနပ်တစ်ရံဟာ. ကိုယ့်ကို စိတ်အနှောက် အယှက်ပေးမဲ့ အရာတော့ မဖြစ်သင့်ပါဘူးနော်... သင်ရွေးချယ်လိုက်တဲ့ ဖိနပ်တစ်ရံဟာ သင့်ရဲ့အလှကို ပိုပြီးဝင့်ထည်လာအောင်၊ စမတ်ကျကျဖြစ်အောင် ပံ့ပိုးပေးမဲ့ ချစ်စရာ ဖိနပ်တစ်ရံသာ ဖြစ်သင့်ပါတယ်...


 


 






 





စတိုင်ကျတဲ့ ခြေလှမ်းများနဲ့ ဘ၀ကို အဆင်ပြေ ချောမွေ့စွာ လျှောက်လှမ်း နိုင်ကြပါစေရှင်...


 




 


 


မေတ္တာဖြင့်






ချော (အစိမ်းရောင်လွင်ပြင်)