သင်းသင်းမွှေးသော ရနံ့များ

 




 


 True Love (Elizabeth Arden)


 


ရေမွှေးတွေကို စွဲစွဲလမ်းလမ်း နှစ်သက်တတ်သူတစ်ယောက်အနေနဲ့  ရေမွှေးအကြောင်း တစ်စေ့ တစ်စောင်းလေး ရေးပြချင်ပါသေးတယ်.. သင်သုံးစွဲနေတဲ့ ရေမွှေးဟာ သင့်ရဲ့ ပုံရိပ်လေးဖြစ်သလို.. သင်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားကိုလဲ ဖော်ပြနိုင်တဲ့ အသုံးအဆောင်လေး တစ်ခုအဖြစ် အရေးပါပါတယ်။ သုံးစွဲလေ့ရှိတဲ့ အနံ့လေးကို လိုက်ပြီး တစ်ချို့သောသူတွေက ဒီအနံ့ကို နှစ်သက်သူက ဘယ်လိုစိတ်နေစိတ်ထားရှိသူ၊ ဘယ်လို စရိုက်မျိုး ရှိတတ်သူရယ်လို့ ခန့်မှန်းတတ်ကြပါတယ်.. အလုံးစုံ မမှန်နိုင်ဘူးဆိုရင်တောင် တစ်စိတ်တစ်ဒေသအားဖြင့်တော့ မှန်တတ်ပါတယ်. ရေမွှေးသုံးစွဲတဲ့ အလေ့အထဟာ ခုခေတ်မှသာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက သုံးစွဲခဲ့ကြောင်း ရာဇ၀င် တွေမှာပါ အထောက်အထားများနဲ့ တွေ့ရပါတယ်။


 



Wrapped With Love Hilary  Duff ( EA Fragrances Co.,)


 


ရေမွှေးကြိုက်တတ်သူများ အနေနဲ့ ရေမွှေး မဆွတ်ဖြန်းမိတဲ့ နေ့တွေမှာ တစ်ခုခုလိုနေတဲ့ ခံစားချက်မျိုး သိသိသာသာ ခံစားဖူးကြပါလိမ့်မယ်။ ရေမွှေးဟာ မိမိကိုယ်ကို ယုံကြည်မှုပေးနိုင်တဲ့အရာ လို့လည်း လက်ခံကြပါတယ်။ နေသိပ်ပူတဲ့ နေ့မျိုးတွေမှာ အပြင်ကို မထွက်မဖြစ် ထွက်ကြရပြီဆိုရင် နေပူဒဏ်ကြောင့် ချွေးထွက်များတဲ့အခါ ရေမွှေး ဆွတ်ဖြန်းလာရင်တော့ မသိသာပေမဲ့.. ကိုယ်နံ့ပြင်းသူများ အတွက်တော့ အခက်တွေ့စရာ ဖြစ်တတ်ပါတယ်… ကိုယ့်ဆီက ချွေးနံ့က သိပ်များ ဆိုးဝါးနေပြီလား.  ဒီအနံ့ကြောင့်  အများတကာ နှာခေါင်းရှုံ့နေပြီလား ရယ်လို့ မိမိကိုယ်ကိုယ် ယုံကြည်စိတ် နည်းတတ်ပါတယ်။ တစ်ချို့သောသူများက ရေမွှေး မကြိုက်ဘူး၊ မသုံးတတ်ဘူးလို့ ပြောကြတာ တွေ့ဖူးပါတယ်.. အနံ့နဲ့ ဓါတ်မတည့်သူများ အနေနဲ့ မသုံးကြတာ ဘာမှမပြောလိုပေမဲ့ မကြိုက်လို့ မသုံးသူများ၊ ရေမွှေးကို မလိုအပ်ဘူးလို့ ထင်နေသူများကိုတော့ ရေမွှေးဟာ သင့်အတွက် အနီးကပ် ဆွဲဆောင်ပေးမဲ့ သင့်ချစ်သူသင့်ကို ပိုချစ်လာအောင် စွမ်းဆောင်ပေးမဲ့ အစွမ်းထက် ဆေးတစ်ခွက်လို့ ညွှန်းလိုက်ပါရစေရှင်။


 



 


 5th Avenue (Elizabeth Arden)


 


လူတစ်ယောက်ယောက် ကိုယ့် နံဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ ရေမွှေးမသုံးစွဲသူ ဖြစ်ခဲ့ရင် အဲဒီလူ ကိုယ့်ဘေးက ဖြတ်သွားတာ အမှတ်တမဲ့ ဖြစ်နိုင်ပေမဲ့ သိပ်ကို ဆွဲဆောင်မှု ကောင်းလှတဲ့ ရနံ့လေးနဲ့ ရေမွှေးကို ဆွတ်သူ တစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သူဆွတ်ထားတဲ့ ရေမွှေးရဲ့ ဆွဲငင်အားကြောင့် သမင်လည်ပြန် သော်လည်းကောင်း၊ ရေမွှေးနံ့လေးက မွှေးလိုက်တာ ဆိုတဲ့ မှတ်ချက်လေးဖြစ်ဖြစ်တော့ ချမိပြီး မှတ်မှတ်ထင်ထင် သတိထားမိလိုက်ကြမှာပါ.. အမြဲတစေ လူအများကြား လှုပ်ရှား သွားလာရသူများ၊ ပေါင်းသင်း ဆက်ဆံမှု နယ်ပယ်ကြီးသူများ၊ ပွဲလမ်း သဘင် ဆင်ယင်ကြသူများ အားလုံး ရေမွှေးကို သုံးစွဲသင့်ပါတယ်... ဒါမှလဲ လူတွေကြားထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုမပျက် အနေမခက်ဘဲ  နေ့တစ်နေ့ကို ကြည်လင်စွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။


 


 


 Chastity (Rasasi)


 


မိန်းခလေး အတော်များများမှာ ရေမွှေးမကြိုက်တဲ့သူ အင်မတန် ရှားပါးပါတယ်.. လက်ဆောင်ပေးလို့ အသင့်တော်ဆုံး အရာဟာလည်း ရေမွှေးဘဲ ဖြစ်ပါတယ်... လက်ဆောင်ပေးဖို့ စဉ်းစားရခက်နေရင် သိပ်မစဉ်းစားပါနဲ့..  ရေမွှေးလေးတစ်ပုလင်းသာ ပေးလိုက်ပါ.. သို့သော် အနံ့ပြင်းထန်လွန်းသော ရေမွှေးကိုတော့ ရှောင်သင့်ပါတယ်. ယဉ်ယဉ်လေးနဲ့ ပျံ့ပျံ့သင်းသင်းလေးမွှေးတဲ့ ရနံ့မျိုးကသာ လူတိုင်း နှစ်သက် စွဲမက်တတ်ကြပါတယ်. ခုခေတ်မှာ ရေမွှေးကို အမျိုးသမီးများသာမက အမျိုးသားများပါ သုံးစွဲလာကြပါပြီ  ရေမွှေးဈေးကွက်ထဲမှာ For Man ဆိုတဲ့ အမှတ်အသားတွေ များလာတာကို ကြည့်ခြင်းအားဖြင့် ရေမွှေးဟာ အမျိုးသမီး အမျိုးသား လူတိုင်းအတွက် အရေးပါလာတယ် ဆိုတာ ထင်ရှားလာပါပြီ။


 


 


 Charlie (Revlon)


 


ရေမွှေးဟာ လူရဲ့ကိုယ်မှာရှိတဲ့ ဓာတုပစ္စည်းပါဝင်မှုပေါ်လိုက်ပြီး အနံ့ ပြောင်းလဲတတ် ပါတယ်..  အရှင်းဆုံး ဥပမာပြောရရင် ရေမွှေးတစ်မျိုးတည်းကို သူငယ်ချင်း ၂ယောက် အတူတူ ဆွတ်ထားပေမဲ့ လူတွေရဲ့ ကိုယ်ပေါ်မှာရှိတဲ့ ဓာတုပစ္စည်းများ မတူညီမှုကြောင့် သူတို့နှစ်ဦးဆီကရတဲ့ အနံ့ဟာလည်း ရေမွှေး တစ်မျိုးတည်းက ဖြစ်ပေမဲ့ ကွဲပြားတဲ့ ရနံ့တွေကို ဖြစ်ပေါ်စေတတ်တယ်လို့ ရေမွှေးပညာရှင်များက ပြောကြားကြပါတယ်.  ဒါကြောင့်ရေမွှေးဝယ်မယ်ဆိုရင် သူတစ်ပါးရဲ့ အကြံပေးချက်၊ တိုက်တွန်းချက်ကြောင့် ရွေးချယ်တာမျိုး၊ မိမိကိုယ်တိုင် စမ်းမကြည့်ဘဲ တစ်ယောက်ယောက်ကို  စမ်းသပ်ခိုင်းပြီးမှ ၀ယ်ယူတာမျိုး မပြုလုပ်သင့်ကြောင်းလဲ အကြံပေးကြပါတယ် ရေမွှေးကို ရွေးချယ်တဲ့ အခါမှာလည်း ပုလင်းဝမှ တိုက်ရိုက် ရှူရှိုက်ခြင်းမပြုလုပ်ဘဲ လက်ကောက်ဝတ် နေရာမှာ အနည်းဆုံး ၂စက်၃စက်လောက် ဆွတ်ပါ ၁၀မိနစ်လောက်ထား ပြီးမှရရှိလာတဲ့ အနံ့ကိုသာလျှင် စဉ်းစားဆုံးဖြတ် ရွေးချယ်သင့်ပါတယ်။ အဆီပါဝင်မှုများတဲ့ ရေမွှေးဟာ တာရှည်ခံတဲ့ ရနံ့ကို ပေးနိုင်ပြီး  ရေမွှေးအဆီ ပါဝင်မှုနည်းတဲ့ ရေမွှေးများဟာ ခနတာ မွှေးတတ်ပြီး မကြာခင်မှာဘဲ ရနံ့ပျယ်သွားတတ်ပါတယ်.


 


 


Red Door ( Elizabeth Arden) 


 


ရေမွှေးကို လူတွေက အရူးအမူး ဖြစ်တတ်ကြတယ် ဆိုတာ သင်ရော ယုံကြည်ပါရဲ့လား..  နံမည်ကြီး အဆိုတော်၊ ရုပ်ရှင်စတားများနဲ့ အောင်မြင် ကျော်ကြားသူများဟာ ရေမွှေးတွေကို မိမိတို့ရဲ့ နံမည်နဲ့ ကိုယ်ပိုင် Brand အဖြစ် ထုတ်လုပ်လာကြတာကို ကြည့်ခြင်းအားဖြင့် ရေမွှေးကို လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအဖြစ်ပါ တန်ဖိုးထားလာကြကြောင်း သုံးသပ်လို့ရပါတယ်။  နံမည်ကြီး မင်းသားမင်းသမီး နံမည်များ၊  ကျော်ကြားသူများရဲ့ နံမည်များနဲ့ ထွက်လာတဲ့ ရေမွှေးပေါင်းစုံကို ဈေးကွက်အတွင်းမှာ အများအပြား တွေ့နိုင် ပါတယ်.။ ဒါကြောင့် ရေမွှေးဟာ လူ့အသုံးအဆောင် ပစ္စည်းကဏ္ဍမှာ အရေးပါတဲ့အခန်းက ပါဝင်နေပြီ ဖြစ်ပါတယ်...


 



 


 Secret ( Rasasi)


 


သင်ရော သင့်ချစ်သူကို ရေမွှေးလက်ဆောင် ပေးဖူးရဲ့လား... မပေးဖူးသေးရင်တော့ ပေးကြည့်ပါလို့ တိုက်တွန်းပါရစေ။ သင့်ချစ်သူ သင့်ကို ပိုချစ်လာပါလိမ့်မယ်။ သင်ကိုယ်တိုင်ကရော ရေမွှေးသုံးတတ်သူလား သင်ကိုယ်တိုင်လဲ ရေမွှေးကို မသုံးတတ်တဲ့သူ ဆိုရင် သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။  ရနံ့ သင်းပျံ့ပျံ့လေးက သင့်ရဲ့စိတ်တွေကို မကြုံစဖူး ထူးထူးကဲကဲ လန်းဆန်းနေစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပါလိမ့်မယ်…  ကိုယ်နှစ်သက်တဲ့ အနံ့လေးကြောင့် စိတ်ကြည်နူးမှု ရရှိခြင်းဟာ စိတ်ချမ်းသာမှုကို ငွေနဲ့ ၀ယ်ယူခြင်း တစ်မျိုးပါ... စိတ်ချမ်းသာမှုကို ငွေနဲ့ ၀ယ်ယူလို့ ရမယ်ဆိုရင်တော့ ဖြုန်းတီးတာမဟုတ်ဘဲ ငွေကုန်ခံရကျိုးနပ်တယ်လို့ မဆိုနိုင်ပါလားရှင်။


 


 


မွှေးပျံ့တဲ့ ရနံ့ကို လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေရှင်


 


 


ချော(အစိမ်းရောင်လွင်ပြင်)


  


PLANET MYANMAR မှာ တင်ခဲ့ဖူးတဲ့ ဆောင်းပါးလေးတစ်ခုပါ။

အသိတရားဆိုတာ

 



photo from Here


 


ကျွန်မရဲ့ အိမ်ဟာ ဘာတီမိုးမြို့  ဂျွန်ဟောပ့်ကင်းဆေးရုံနဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်.. အောက်ထပ်မှာ ကျွန်မတို့မိသားစု နေထိုင်ကြပြီး အပေါ်ထပ်မှာတော့ ဆေးရုံမှာ ဆေးလာကုသူတွေ အခန်းမရလို့ အပြင်မှာ နေရတဲ့ လူနာတွေကို အငှားထားပါတယ်..


 


တစ်ရက် နွေဦးရာသီရဲ့ ညနေခင်းတစ်ခုမှာပေါ့… မိသားစုအတွက် ညနေစာကို ပြင်ဆင်နေတဲ့ အချိန်လေးမှာ တံခါးခေါက်သံ ခပ်တိုးတိုးလေး ထွက်ပေါ်လာပါတယ်..  တံခါးကို သွားဖွင့်လို့ ကြည့်လိုက်တဲ့ အချိန်မှာတော့ မသပ်မရပ် အသွင်အပြင်နဲ့ ကျွန်မရဲ့ ၈နှစ်အရွယ် သားငယ်လေးလောက်သာ ရှိနိုင်မဲ့ အရပ်အမောင်းနဲ့ တစ်ကိုယ်လုံး တုန်ယင်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့လိုက်ရပါတယ်.. သူ့မျက်နှာဟာ အဖုအပိန့်တွေ အပြည့်နဲ့ အသားနီများ လန်နေပြီး ကြောက်လန့်စရာ ကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါတယ်..


 


“မင်္ဂလာညနေခင်းပါ”  အဖိုးအိုထံကနေ ကြည်ကြည်လင်လင်နဲ့ နှုတ်ခွန်းဆက်သံ ထွက်လာပါတယ်.. “ဒီတစ်ညအတွက် အခန်းတစ်ခန်းများ ရနိုင်မလားလို့ လာစုံစမ်းတာပါ.. အဖိုးက ဒီမနက်မှာ  အရှေ့ဘက် ပင်လယ်ကမ်းခြေက ရွာကလေးကနေ ဒီဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ ထွက်လာခဲ့တာပါ. ရွာကို ပြန်မဲ့ ဘတ်စ်ကားက နောက်တစ်နေ့ မနက်မှ ထွက်မှာမို့ ညအိပ်စရာ တစ်နေရာလိုနေလို့ပါ. ” လို့ ကျွန်မကိုပြောပါတယ်.. ဆက်လက်ပြီး သူပြောပြတာက သူဟာ တစ်ညတာ တည်းခိုဖို့အတွက် အခန်းတစ်ခန်းကို ဒီနေ့ နေ့လည်စောင်း လောက်ကတည်းက လိုက်လံ ရှာဖွေနေကြောင်းနဲ့ ဘယ်မှာမှ အခန်းလွတ်မရခဲ့တဲ့အကြောင်းပါ.. “ အဖိုး သိပါတယ်.. အဖိုးရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မျက်နှာကြောင့် ဘယ်သူကမှ အခန်းတစ်ခန်း ငှားပေးချင်ကြမယ် မဟုတ်ဘူးဆိုတာကိုပါ .. ဆရာဝန်ကလဲ အဖိုးရဲ့ ရောဂါကို ဆေးကုသမှု ဆက်လက်ခံယူဖို့ ညွှန်ကြားထားပါတယ်.. ” အဖိုးအိုစကားကို နားထောင် နေရင်းက ကျွန်မစိတ်ထဲမှာလည်း သူ့ကို ညအိပ်လက်ခံဖို့ကို တွန့်ဆုတ်နေမိပါတယ်.. ဒါပေမဲ့ ဆက်ပြီး ပြောလိုက်တဲ့ အဖိုးအိုရဲ့ စကားက ကျွန်မရင်ထဲမှာ သူ့ကို ဂရုဏာ စိတ်ကလေး ဖြစ်သွားစေခဲ့ပါတယ်.. “ ဒီဆင်ဝင်အောက်က ခုံတန်းလေးပေါ် အိပ်ခွင့်ရရင်လဲ အဖိုးအတွက် ဖြစ်ပါတယ်.. ဘတ်စ်ကားက မနက်စောစောထွက်မှာပါ... ဘယ်နေရာမှာဘဲ အိပ်ခွင့်ရရ  အဖိုးအတွက် အဆင်ပြေပါတယ် ” လို့ ပြောရှာပါတယ်..


 


ကျွန်မကလဲ အိမ်အပေါ်ထပ်မှာ အခန်းလွတ် မကျန်တော့ပေမဲ့ သူ့အတွက် အိပ်စရာ တစ်နေရာ စီစဉ်ပေးမဲ့အကြောင်း နဲ့  ခုံတန်းလေးပေါ် ခဏထိုင်စောင့်ရင်း အနားယူဖို့ ပြောလိုက်ပါတယ်.. ကျွန်မလည်း အိမ်ထဲကို ပြန်ဝင်လာပြီး ညစာကိစ္စ ဆက်ပြီး စီစဉ်ပါတယ်..  ညစာအဆင်သင့် ဖြစ်တဲ့အချိန်မှာ အဖိုးအိုကို ကျွန်မတို့နဲ့အတူတူ ညစာစားဖို့ ဖိတ်ခေါ်ပေမဲ့ သူက ဗိုက်ပြည့်နေပါပြီ ကျေးဇူးတင်ပါတယ်လို့ ငြင်းပါတယ်..


 


ညစာစားပြီးလို့ အိုးခွက်ပန်းကန်တွေ သိမ်းဆည်းပြီးတဲ့အခါ အဖိုးအိုနဲ့ စကားစမြည် ပြောဖို့အတွက် ခုံတန်းလေး ရှိရာကို ထွက်လာပြီး စကားပြောဖြစ်ပါတယ်.. စကားပြောချိန်က တိုတောင်းပေမဲ့ ကျွန်မ သိခွင့် ရလိုက်တာက အဖိုးအိုဟာ လူပုံပန်းသဏ္ဍာန် သေးငယ် သော်လည်း ပြည့်ဝတဲ့ စိတ်နှလုံး ရှိသူ တစ်ယောက် ဖြစ်ပြီး  အကောင်းမြင်တဲ့ အသိတရား ရှိသူတစ်ယောက် ဖြစ်တဲ့ အကြောင်းကိုပါ.. သူဟာ တံငါသည်တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်ပြီး သူရဲ့သမီးနဲ့ သမက်ရယ် မြေးငါးယောက်ရယ်ကို ရှာဖွေ ကျွေးမွေးနေရသူ ဖြစ်ကြောင်း ပြောပြပါတယ်.. သူ့သမက်ဟာ မမျှော်လင့်ဘဲ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုကြောင့် လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်သွားခဲ့ရ ပါတယ်တဲ့..


 


ကျွန်မက သူ့ကို “အဖိုးတစ်ယောက်တည်းနဲ့ မိသားစုဦးရေ အများကြီးကို ရှာဖွေ ကျွေးမွေးနေရတာ ပင်ပန်းတယ် မထင်ဘူးလား.. ပြီးတော့ ခုလို ရောဂါဖြစ်လာတာရော စိတ်မညစ်မိဘူးလား” လို့ မေးမိပါတယ်.. အဖိုးက “ သမီးရယ် လူဆိုတာ အမြဲတမ်း လှုပ်ရှားရုန်းကန်နေမှ၊ အခက်အခဲတွေရှိနေမှ ဘ၀ရဲ့ အဓိပ္ပါယ်က  ပိုပြီး ပီပြင် လေးနက်လာတာလေ.. လွယ်လွယ်ကူကူ အဆင်ပြေ ချောမွေ့နေမယ်ဆိုရင် ကိုယ့်ရဲ့ အစွမ်းအစတွေကို အသုံးချဖို့ အခွင့်အရေး ဘယ်ရှိတော့မှာလဲ… ပြီးတော့ အဖိုးအတွက် ဒီလို လှုပ်ရှားရုန်းကန်ဖို့ ခွန်အားတွေ ပေးထားတဲ့ ဒီလောကကြီးကိုဘဲ  ကျေးဇူးတင်ရမှာပါ.. အဖိုးရဲ့ သမက်ဆိုရင် အလုပ်လုပ်ချင်ဦးတော့တောင် သူ့မှာ ဒီလို အခွင့်အရေး မရှိနိုင်တော့ဘူး…  အဖိုးမှာတော့ အခွင့်အရေးတွေ ရှိနေသေးတယ်.. ဒီအခွင့်အရေးတွေကို အသုံးချခွင့်ရနေတဲ့အတွက်လည်း ၀မ်းမြောက်နေရပါတယ်.. အဖိုးမှာ အခုဖြစ်နေတဲ့ ရောဂါအတွက်လည်း စိတ်ညစ်စရာ အကြောင်းမရှိပါဘူး ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်ဖို့ စိတ်ဓာတ်ကို ပြင်ဆင်ထားပြီးပါပြီ


 


အဖိုးအိုဟာ သူ့ဘ၀အကြောင်းကို ပြောပြနေပေမဲ့လို့ စိတ်ပျက်လက်ပျက် ပြောနေတာ မဟုတ်သလို ပင်ပင်ပန်းပန်း ရှာဖွေနေရတဲ့ သူ့ဘ၀အတွက်၊ သူ့ ကံမကောင်းမှုအတွက် သူ့မှာရရှိလာတဲ့ အနာရောဂါ အတွက်လည်း ပြစ်တင် ညီးတွားနေတာမျိုး၊ နာကျင် ခံစားနေရဟန်မျိုး လုံးဝကို မရှိဘဲ ပကတိ ကြည်လင် ရွှင်ပျစွာနဲ့ သူ့ဘ၀ကို ကျေနပ်နေတဲ့ သူတစ်ဦးရဲ့ လေသံနဲ့သာ ပြောဆိုနေတာ ဖြစ်ပါတယ်.. .. လောကကြီးကိုလဲ သူ့ဘ၀ကို ဆက်လက် ရုန်းကန်နိုင်ဖို့ ခွန်အားတွေ၊ အခွင့်အရေးတွေ ပေးတဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်မိကြောင်း ထည့်ပြောပါတယ်.. အဖိုးအိုနဲ့ စကားပြောနေရင်းက သူ့ဆီက စိတ်အကြည်ဓာတ်လေး ကူးစက်လာပြီး ကျွန်မကိုယ်တိုင် ခွန်အားတစ်ခုခု ရရှိလာမိတယ်လို့ ထင်လာပါတယ်.. သိပ်ကို အတုယူစရာကောင်းတဲ့ စိတ်ဓာတ်လေးပါဘဲ.. ဒီလို အဖိုးအိုတစ်ယောက်မှာ ခုလိုကောင်းမွန်တဲ့ စိတ်ထားလေးနဲ့ အသိတရားလေးတွေ ရှိနေတာ ဘယ်သူက သိနိုင်မှာလဲနော်…


 


ညအိပ်ရာဝင်ချိန်ရောက်တော့ အဖိုးအိုအတွက် အိပ်ရာတစ်ခုကို ကလေးတွေရဲ့ အခန်းမှာ ပြင်ဆင် ပေးလိုက်ပါတယ်.. မနက်ခင်း အိပ်ရာက ကျွန်မနိုးတဲ့အချိန်မှာ အဖိုးအိုဟာ သူအိပ်ခဲ့တဲ့ အိပ်ယာလေးကို သပ်ရပ်စွာခေါက်သိမ်းထားပြီး အပြင်ဘက်က ခုံတန်းလေးမှာ သွားရောက်ထိုင်နေပြီဖြစ်ပါတယ်.  မနက်စာစားဖို့ ခေါ်တော့လဲ အခုဘဲ ဘတ်စ်ကားမှီအောင် သွားမှာဖြစ်လို့  မစားတော့ကြောင်း ငြင်းပယ်လိုက်ပြီး ထွက်ခွာဖို့ ပြင်ဆင်ပါတော့တယ်.. မသွားခင်လေးမှာ သူက ကျွန်မကို ယဉ်ကျေးစွာ စကားဆိုပါတယ်.. နောင်ခါတွေမှာ သူ ဆေးကုသမှုခံယူဖို့ လာတဲ့အချိန်တိုင်း ဒီအိမ်လေးမှာ ခုလို တစ်ညတာ တည်းခိုခွင့် ပေးနိုင်ပါမလားလို့ တောင်းဆိုပါတယ်.. ပြီးတော့လဲ သူဆက်ပြောတာက “အဖိုးအနေနဲ့ သမီးတို့မိသားစုကို ဒုက္ခပေးသလို ဖြစ်မှာလဲစိုးပါတယ်.. သမီးရဲ့ကလေးတွေက အဖိုးကို ကိုယ့်အိမ် ကိုယ့်ယာမှာ နေထိုင်ရတဲ့ နွေးထွေးတဲ့ ခံစားချက်မျိုး ပေးနိုင်ခဲ့တယ်.. အဖိုးက ရုပ်ဆိုးလှတဲ့ အဖိုးမျက်နှာကြောင့် ကလေးတွေ ထိတ်လန့်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ကလေးတွေက သတိထားမိပုံတောင် မရခဲ့ဘူး အဖိုးကို နွေးနွေးထွေးထွေး ကြည်ကြည် လင်လင် ဆက်ဆံခဲ့တယ်.. ” လို့ ပြောပါတယ်.. ကျွန်မကလဲ အဖိုးကို နောင်များမှာလဲ လာရောက် တည်းခိုနိုင်ပါကြောင်းကို ပြန်ပြောလိုက်ပါတယ်


 


နောက်တစ်ကြိမ် သူဆေးကုသခံဖို့ရောက်လာတဲ့ အချိန်က မနက် ရနာရီကျော်ကျော်လောက် ဖြစ်ပါတယ်.. ကျွန်မတို့အိမ်အတွက် အဖိုးအို ယူလာတဲ့ လက်ဆောင်တွေက ငါးအကြီးကြီးတစ်ကောင်ရယ်၊ ကျွန်မမြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ ကမာကောင် (ယောက်သွား) တစ်ချို့ရယ် ဖြစ်ပါတယ်..  သူက ဒီမနက် ထွက်မလာခင်လေးတင်မှ ဖမ်းလို့ရခဲ့တာ ဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ရှိနေသေးကြောင်းကို ပြောပြပါတယ်.. ကျွန်မစဉ်းစားကြည့်မိပါတယ်.. သူဒီကို မနက် ၇နာရီလောက် ရောက်လာဖို့အတွက်ဆိုရင် သူနေတဲ့ နေရာကနေ ဘတ်စ်ကားဟာ မနက်၎နာရီ ထွက်စီးရပါ လိမ့်မယ်..  အိုး… ဘုရားရေ ကျွန်မတို့ကို ခုလိုပေးနိုင်ဖို့အတွက် မနက် ဘယ်အချိန်များထပြီး ဒီငါးတွေ၊ ကမာကောင် တွေကို သူဖမ်းခဲ့တာပါလိမ့်…


 


အဲဒီနှစ်အတွင်းမှာ သူဟာ အကြိမ်ကြိမ် ဆေးကုသခံဖို့ရောက်လာတတ်ပြီး ရောက်တိုင်းလည်း အိမ်မှာ  ညအိပ် တည်းခိုတတ်ပါတယ်.. သူရောက်လာတဲ့အကြိမ်တိုင်းလည်း ငါး၊ ကမာ၊ ဒါမှမဟုတ် သူ့ခြံကထွက်တဲ့ အသီးအရွက်တစ်ခုခု စတာတွေ တစ်ခါမှ မပါတဲ့အခါဆိုတာ မရှိခဲ့ဖူးပါ.. လူကိုယ်တိုင် ရောက်မလာတဲ့ အချိန်တွေမှာလည်း စာတိုက်ကနေ လတ်ဆတ်တဲ့ ငါး ၊ကမာ၊ စသည်များနဲ့ သူ့ခြံထွက် ဟင်းနုနယ်ရွက်၊ ကိုက်လန်ရွက် အစရှိသည်တို့ကိုလည်း သန့်စင်စွာ ဆေးကြောပြီး သေသေချာချာ ထုပ်ပိုးကာ အထူးအမြန် ချောပို့စံနစ်နဲ့ မကြာခန ပို့ပေးတတ်ပါတယ်.. တကယ်တမ်းတော့ အဖိုးအိုနေတဲ့အရပ်နဲ့ စာတိုက်ရှိတဲ့နေရာဟာ၃မိုင် တိတိကွာဝေးပြီး အဲဒီကို ရောက်အောင် လမ်းလျှောက်လို့ သွားရပါတယ်.. ပြီးတော့လဲ ခုလို အမြန်ချောပို့ စနစ်နဲ့ ပို့တဲ့အတွက် ပို့ခငွေကို ပုံမှန်နှုန်းထက် ၂ဆတိတိ ပေးရမယ်ဆိုတာ ကျွန်မ သိပါတယ်.. သူလာတိုင်းလဲ ကျွန်မတို့အတွက် လက်ဆောင်တွေ ယူမလာဖို့ အမြဲတမ်း ပြောပေမဲ့လို့ ပြောတဲ့အချိန်မှာတော့  အဖိုးအိုဟာ ပြုံးပြုံးရယ်ရယ်နဲ့ နားထောင်နေတတ်ပြီး နောက်တစ်ကြိမ်မှာ ထုံးစံအတိုင်း လက်ဆောင်တွေ ပါလာတတ်မြဲ ဖြစ်ပါတယ်..


 


သူညအိပ်ပြီးလို့ ပြန်သွားတဲ့ မနက်ခင်းဆို အိမ်နီးနားချင်းတွေ ရောက်လာတတ်ပြီး ကျွန်မတို့ မိသားစုကို ၀ိုင်းပြောကြပါတယ်.. “ညတုန်းက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အဖိုးအိုကို မင်းတို့က ညအိပ် လက်ခံခဲ့တယ်ပေါ့.. သူ့ကြောင့် မင်းတို့ရဲ့ အခန်းကိုငှားသူတွေ မငှားချင်တော့ဘဲ လူတွေနည်းသွားမယ် ဆိုတာ မစဉ်းစားမိဘူးလား တဲ့” သူ့ကြောင့် အခန်းငှားသူတွေ လျှော့နည်းမယ်ဆိုတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်.. ဒါပေမဲ့ သူတို့တွေသာ ဒီအဖိုးအိုနဲ့ တွေ့ခွင့်ရပြီး သူနဲ့သာ စကားပြောခွင့်ရလိုက်ကြရင် သူတို့ခံစားနေရတဲ့ ရောဂါ ဝေဒနာတွေကို ထိတ်လန့်တုန်လှုပ်တော့မှာ မဟုတ်ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အင်အားနဲ့ အသိတရားတွေ ရရှိလာမှာ သေချာပါတယ်.. ကျွန်မတို့ မိသားစု တစ်ခုလုံးကတော့ သူနဲ့သိကျွမ်း ခင်မင်ခွင့်ရလိုက်တာ အရမ်းကို ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြပါတယ်..


 


သူ့ဆီကနေ ကျွန်မတို့ ရလိုက်တဲ့ အသိတရားလေးက ဘယ်လောက် ဆိုးဝါးတဲ့ အခြေအနေ၊ အကြောင်းတရား တွေနဲ့ ကြုံတွေ့လာပါစေ လောကကြီးကို အပြစ်မတင်ဘဲ ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်တတ်တဲ့ သင်ခန်းစာ ကောင်းလေးပါ..ဒါဟာ လူတိုင်းလက်ခံကျင့်သုံးနိုင်ဖို့ ခဲယဉ်းလှသလို တော်ရုံလူ မထားနိုင်တဲ့ စိတ်ဓာတ်လေး တစ်ခုပါ..  ပြီးတော့လဲ သူတစ်ပါးရဲ့ ကျေးဇူးကို  သူ့လောက် သိတတ်တဲ့ သူမျိုးကိုလည်း ကျွန်မတို့ ဘယ်မှာများ ရှာတွေ့နိုင်ပါဦးမလဲ.. ကျွန်မတို့ မိသားစုမှာ အခက်အခဲတွေ ကြုံလာမိတဲ့အခါ အဖိုးအိုရဲ့ စကားတွေ အဖိုးအိုရဲ့ စိတ်ထားတွေကို ပြန်ပြောင်း သတိရမိကြရင်း စိတ်ပျက်အားငယ် တာတွေ ၀မ်းနည်း ပူဆွေးတာတွေ အတန်အသင့် သက်သာရာ ရခဲ့ကြသလို သူနဲ့ တွေ့ဆုံခွင့် ရလိုက်တာဟာလည်း ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုအဖြစ် ကျွန်မတို့ မိသားစုက လက်ခံ ယုံကြည်ကြပါတယ်.. သူတစ်ပါးဆီက ရရှိခဲ့ဖူးတဲ့ အကူအညီအတွက်လည်း မမေ့မလျှော့ ကျေးဇူးတုံ့ပြန်တတ်ပုံလေးကလည်း အတုယူစရာ မဟုတ်ပါလားရှင်….


 


----------------------------------------------------------------------------------------------------------------


 


လူတိုင်းဟာ အဖိုးအိုလို ပြည့်ဝတဲ့စိတ်နှလုံးနဲ့ ကောင်းမွန်တဲ့ အသိတရားများကို ပိုင်ဆိုင်ခွင့်ရကြမယ်ဆို သိပ်ကောင်းမှာပါဘဲရှင်.. လူတစ်ချို့ကတော့ မွေးရာပါ အရည်အချင်း တစ်ခုအနေနဲ့ ကောင်းမွန်တဲ့ အသိတရားများကို ပိုင်ဆိုင်ထားကြပေမဲ့ အချို့ လူတွေကျတော့ သူတစ်ပါးဆီက ပြန်လည်ဝေမျှလို့ ရရှိလာတဲ့ အသိတရားများကို လက်ခံ ယူတတ်ကြပါတယ်.. ဘယ်လိုဘဲ ဖြစ်ဖြစ် အဖိုးအိုမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ အသိတရား ကောင်းလေးတွေကို လူတိုင်း လက်ခံကျင့်သုံးလာမယ်ဆိုရင် ကမ္ဘာကြီးဟာ အခုထက်တော့ နေပျော်ချင်စရာ ကောင်းလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်..


 


ညီမလေးက အင်ကြင်းသန့် က ရေးပေးပါလို့ တောင်းဆိုပြီး  တဂ်ထားတဲ့ အသိတရားဆိုတာ ဆိုတဲ့ ခေါင်းစဉ်လေးကို ဒီပိုစ့်လေးကိုဘဲ နံမည်ပေးလိုက်ပါတယ်.. ဒါနဲ့ဘဲ ကျေနပ်ပေးပါလို့ ပြောပါရစေနော်..


 


Mary Bartels Bray ရဲ့ The Old Fisherman ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


Thanks AMT for the name of Author.


 


ချော(အစိမ်းရောင်လွင်ပြင်)

ကြည်လင်တဲ့ အပြုံးလေးတစ်ပွင့်


piceture from  Here


 


ကျွန်မဟာ ကောလိပ်ကနေ ကျောင်းပြီးထားတာ မကြာသေးတဲ့ အသက်၁၄နှစ်၊ ၁၂နှစ်နဲ့ ၃နှစ်အရွယ် ကလေး ၃ယောက်ရှိတဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်.. .. ကောလိပ်မှာ ကျွန်မယူခဲ့တဲ့ ဘာသာရပ်က လူမှုရေး ပညာရပ်ပါ.. အတန်းမှာ ကျွန်မနောက်ဆုံး တင်ခဲ့ရတဲ့ စာတမ်းက အပြုံး ဆိုတဲ့ စာတမ်းလေးပါ.. . ဆရာမက ကျွန်မတို့ကို အတန်းပြင်ပကို ထွက်ပြီး လူတွေကို ကိုယ်က ပြုံးပြလိုက်လို့ ပြန်ပြီး ရရှိလာတဲ့ တုံ့ပြန်မှုကို စာတမ်းတစ်ခု ပြုစုခိုင်းပါတယ်.. ကျွန်မဟာ လူတိုင်းကို ဖော်ဖော်ရွေရွေ လိုက်လျှောညီထွေနေတတ်တဲ့ ဆက်ဆံရေး ကောင်းသူတစ်ဦးအဖြစ် နံမည်ရသူဖြစ်ပါတယ်.. လူတိုင်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ဖို့ ၀န် မလေးသူလဲဖြစ်တာကြောင့် ဒီစာတမ်း ပြုစုဖို့ကိစ္စက ကျွန်မအတွက်တော့ သိပ် လွယ်ကူမယ် ဆိုတာ ယုံကြည်ခဲ့ပါတယ်.. 


 


မတ်လရဲ့ တစ်ခုသော ရက်တစ်ရက်မှာ အဲဒီစာတမ်းလေးအတွက် ကျွန်မရယ်၊ ကျွန်မ ခင်ပွန်းရယ်၊ ကျွန်မတို့ရဲ့ အငယ်ဆုံး သားလေးရယ် အပြင်ကို ထွက်ခဲ့ကြပါတယ်.. လမ်းမှာရောက်တော့  သားလေးကို အချိန်ပေးဖို့အတွက် မက်ဒေါ်နယ်ဆိုင်ကို ၀င် လာကြတယ်.. အကြီး ၂ယောက်ကတော့ ကျောင်းသွားတက်နေကြတဲ့အတွက် အိမ်မှာ မရှိပါဘူး.. ကျွန်မတို့ မိသားစုက ခုလိုဘဲ  ကလေးတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ပေးပြီး နေထိုင်တဲ့ အလေ့အကျင့်ရှိပါတယ်.. မက်ဒေါ်နယ်ဆိုင်ရောက်တော့ လူများလွန်းတဲ့အတွက် ကောင်တာမှာ မုန့် ယူဖို့ကို တန်းစီပြီး စောင့်နေရပါတယ်..  ဒီလိုတန်းစီနေချိန်မှာဘဲ  ကျွန်မရဲ့ အနီးတစ်ဝိုက်က လူတွေအားလုံးဟာ နောက်ဖက်ကို ဆုတ်ကုန်ကြတာ တွေ့လိုက်ရပါတယ်.. ကျွန်မယောက်ျား အပါအ၀င်ဆိုပါတော့ရှင်.. ကျွန်မကတော့ နေရာကနေ တစ်လက်မတောင် မရွေ့မိပါဘူး..


 


စိတ်ထဲမှာ မသိုးမသန့် ခံစားချက်လေးဖြစ်လာတော့ ဘာကြောင့်လူတွေ နောက်ဆုတ် ကုန်တာလဲလို့ အကြောင်းအရာကို လိုက်ရှာဖို့ ကျွန်မရဲ့ အနောက်ကို လှည့်ကြည့်မိတော့ ဆိုးဆိုးဝါးဝါး ညစ်ပတ်နံစော်နေတဲ့ အနံ့တစ်ခုက နှာခေါင်းထဲကို စူးကနဲ ၀င်လာပါတယ်.. အဲဒီအနံ့က ကျွန်မရဲ့အနောက်မှာ ရောက်လာပြီး တန်းစီနေတဲ့ စုတ်စုတ်ပြတ်ပြတ် အိမ်မဲ့ယာမဲ့  နှစ်ယောက်ဆီက ထွက်နေတာပါ.. ကျွန်မ သူတို့ကို ကြည့်လိုက်မိတဲ့အချိန်မှာ သူတို့ ၂ယောက်ထဲက အသက်ငယ်ငယ် ကောင်လေးဆီက ကြည်လင်တဲ့ အပြုံးလေး တစ်ခုကို ရလိုက်ပါတယ်.. ကောင်လေးရဲ့ မျက်လုံးလေးတွေဟာ တိမ်ကင်းစင်တဲ့ မိုးသားရဲ့ အရောင်လို ပြာပြာလဲ့လဲ့လေး… တစ်ကိုယ်လုံး ညစ်ပေ နွမ်းဖတ်ပြီး  စုတ်ပြတ်နေပေမဲ့ သူ့အပြုံးနဲ့ သူ့မျက်လုံးဟာ အင်မတန်မှ သန့်ရှင်း ကြည်စင်လှတယ်..


 


ကျွန်မကြည့်နေမှန်းသိတော့ ကောင်လေးက သူရဲ့ ကြည်လင်တဲ့ အပြုံးကလေးနဲ့ မင်္ဂလာပါ လို့ နှုတ်ဆက်ရှာတယ်.. သူ့လက်ထဲမှာတော့ ငွေအကြွေစ တစ်ချို့ကို ရေတွက်နေပါတယ်.. ကြည့်ရတာ သူတို့မှာ ရှိသမျှ အကုန်နဲ့တူပါရဲ့.. ပြီးတော့ သူရဲ့ နောက်နားမှာ ရပ်ရင်း သူ့လက်ကို တွဲကိုင်ထားတဲ့ အသက်ကြီးကြီး လူတစ်ယောက်.. သူ့ကိုကြည့်ပြီး ကျွန်မသိလိုက်တာက ဒီလူဟာ စိတ်ကျန်းမာရေး အခြေအနေ မကောင်းသူ တစ်ယောက် ဆိုတာပါဘဲ… ဒီလိုဆိုရင် ကောင်လေးဟာ သူ့ကို ကြည့်ရှူ စောင့်ရှောက် နေတဲ့သူ ဖြစ်ပါလိမ့်မယ်..  သူတို့ကို ကြည့်ရင်း ကျွန်မစိတ်ထဲမှာ ထိထိခိုက်ခိုက် ခံစားမိတယ်.. လူဖြစ်လာတဲ့ဘ၀မှာ သူများနဲ့ တန်းတူ နေထိုင်ခွင့်မရရှာတဲ့ ဘ၀.. လူအများကတောင် နှာခေါင်းရှုံ့ပြီး ရှောင်ကျဉ်ခံရတဲ့ ဘ၀။


 


ကောင်တာက အမျိုးသမီးလေးက သူတို့ကို ဘာယူမလဲလို့ မေးလိုက်တယ်.. ကောင်လေးက သူ့ အပြုံး ကြည်ကြည်လေးနဲ့ ကော်ဖီတစ်ခွက် သကြားရော နို့ရော အကုန်ထည့်ပေးပါတဲ့.. သူတို့တတ်နိုင်သမျှလည်း ဒီကော်ဖီတစ်ခွက်စာဖိုးဘဲ ဖြစ်ပါလိမ့်မယ်.. ပြီးတော့လဲ နွေးထွေးနေတဲ့ ကော်ဖီဆိုင်လေးဟာ သူတို့ အတွက်တော့  လတ်တလောမှာ ပြင်ပက အအေးဒဏ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုလဲ ဖြစ်ပါလိမ့်မယ်လေ…ထိခိုက်ဝမ်းနည်းမိတဲ့ စိတ်တွေနဲ့ သူတို့၂ယောက်ကို အငေးသားကြည့်နေမိတဲ့ ကျွန်မ.. ဘ၀လေးနဲ့မှ မလိုက်အောင် သန့်စင်တဲ့အပြုံးလေးနဲ့ အပြာရောင်မျက်ဝန်းပိုင်ရှင် ချာတိတ်လေးကို နက်နက်နဲနဲ ဂရုဏာ ဖြစ်မိပါတယ်.. သူ့ရဲ့ သန့်စင်ကြည်လင်လွန်းတဲ့ အပြုံးလေးကလဲ ကျွန်မရဲ့ စိတ်အာရုံကို သိမ်းကြုံး ဆွဲငင်သွားခဲ့တယ်..


 


သူ့ခမြာ ကျွန်မရဲ့သား အလတ်နဲ့မှ ရွယ်တူ ရှိရှာပေလိမ့်မယ်.. ကျွန်မတို့ရဲ့ သားလေးတွေကတော့ လုံခြုံတဲ့ အမိုးအကာအောက်မှာ၊ မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ အပူအပင်မရှိ၊ ပညာတွေ သင်ခွင့်ရနေခဲ့တယ်.. ခု ဒီကလေးကျတော့ အိမ်ခြေ အိမ်ယာမရှိ စားသောက်စရာပင် အနိုင်နိုင်၊ သူ့ဖခင်လား ဘယ်သူလဲဆိုတာ မသိရတဲ့ ဒီစိတ်မပြည့်တဲ့ သူကိုလဲ ရှာကျွေးနေရသူ ဖြစ်ပါလိမ့်မယ်.. ကျွန်မ ဆိုင်ကောင်တာက ကောင်မလေးကို ပြုံးပြလိုက်ရင်း ကျွန်မတို့ မိသားစုအတွက် မနက်စာ အပြင် နောက်ထပ် လူ၂ယောက်စာပါ အပို ထပ်မှာလိုက်ပါတယ်.. ပြီးတော့ တစ်ပန်းကန်စီ ထည့်ခိုင်းလိုက်ပြီး ဆိုင်ထောင့်က စားပွဲလေးမှာ ထိုင်ပြီး ကော်ဖီတစ်ခွက်ကို ၂ယောက်အတူ သောက်နေရှာတဲ့ လူကြီးနဲ့ ချာတိတ်လေးဆီကို ကျွန်မယူသွားခဲ့ပါတယ်..


 


ပန်းကန်၂ချပ်ကို စားပွဲပေါ်အသာချလိုက်ပြီး ချာတိတ်လေးရဲ့ အေးစက်နေတဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်မိရင်း “ဒီမုန့်က သားတို့အတွက် အန်တီ ယူလာတာ” လို့ပြောလိုက်တော့ ကောင်လေးဟာ သူ့ရဲ့ ဘ၀မှာ အခုလို လူလူသူသူ ဆက်ဆံခံခဲ့ရဖူးပုံ မပေါ်တဲ့ အပြင် အကြင်နာတရား ဆိုတာလည်း ဘယ်ကမှ ရရှိခဲ့ဖူးပုံ မရပါဘူး.. သူဟာ မျက်ရည်တွေပြည့်နေတဲ့ အပြာရောင် မျက်ဝန်းလေးတွေနဲ့ ကျွန်မကို မော့ကြည့်ရင်းက ကျေးဇူးတင်ပါတယ်လို့ ခပ်တိုးတိုးလေး ပြောရှာပါတယ်… ပြီးတော့ ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာရင်းက “ကျွန်တော်တို့ကို ဘယ်သူတွေကမှ ခုလို အစားအသောက် ကျွေးဖို့မပြောနဲ့ အရေးတယူတောင် မဆက်ဆံခဲ့ဖူးပါဘူး” တဲ့ .. ကျွန်မလဲ ဆို့နင့်လာတဲ့ ၀မ်းနည်းစိတ်တွေနဲ့ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို အသာသုတ်လိုက်ရင်း ကောင်လေးကို ကြင်ကြင်နာနာ ပြုံးပြလိုက်ပြီး ခင်ပွန်းနဲ့ သားလေးရှိရာကို လျှောက်လာခဲ့ပါတယ်..


 


စားပွဲပေါ်ရောက်တဲ့အခါ ထိုင်ခုံမှာ ထိုင်ချလိုက်တော့ ကျွန်မခင်ပွန်းက ကျွန်မကို  လေးလေးနက်နက်  ပြုံးပြလိုက်ပြီး “ မိန်းမရေ မင်းဟာ ဒီနေ့တော့ သိပ်ကိုမွန်မြတ်တဲ့ အလုပ်ကလေးတစ်ခုကို လုပ်ခဲ့တာပါ ကွယ်” လို့ ပြောရင်းက ကျွန်မရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်လိုက်ပါတယ်.. ကျွန်မပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက အဆီးအတားမရှိ စီးကျလာပြန်တယ်.. ရင်ထဲမှာလည်း ပြောမပြနိုင်တဲ့ ပီတိနဲ့ ၀မ်းနည်းခြင်းကို ခံစားနေခဲ့ရပါတယ်.. ဆင်းရဲနွမ်းပါးပြီး အိမ်မရှိ ယာမရှိ ကလေးတစ်ယောက်ဆီက ဒီလောက် ကြည်လင်သန့်စင်တဲ့ အပြုံးလေးကိုလဲ ကျွန်မ ဘ၀မှာ ဘယ်တုန်းကမှ မရခဲ့ဖူးသလိုပါ.. ဒီအပြုံးလေးကို ကျွန်မ ဘယ်လိုမှ မေ့နိုင်မယ် မထင်ပါဘူး...


 


နောက်တစ်နေ့တော့  အဲဒီနေ့က အဖြစ်အပျက်လေးကို စာတမ်းလေးရေးပြီး အတန်းထဲ ယူလာခဲ့တယ်.. ပြီးတော့ ကျွန်မတို့ရဲ့ ဆရာမလက်ထဲကို ထည့်လိုက်ပါတယ်. ဆရာမဟာ ကျွန်မရဲ့စာတမ်းလေးကို ဖတ်ပြီးနောက် ကျွန်မကို ကြည့်ကာ ဒီစာတမ်းလေးကို အတန်းထဲက လူတွေကို မျှဝေပေးလို့ရမလား လို့ မေးပါတယ်. ကျွန်မ ခေါင်းကို ဖြေးညင်းစွာ ငြိမ့်ပြလိုက်ပါတယ်..  ကျွန်မရဲ့ လူသားချင်း စာနာဖေးမခဲ့တဲ့ အကြောင်းအရာလေးကို တစ်ခန်းလုံးကြားအောင် ဆရာမက ဖတ်ပြနေပါတယ်.. ဒါဟာ လူတိုင်းရဲ့ ရင်ထဲမှာ အကြင်နာတရားလေးတွေ ပေါက်ဖွားလာအောင် လှုံ့ဆော်ပေးရာလဲ ရောက်သလို ကျွန်မရဲ့ ကောင်းမှုလေးတစ်ခုကို ပြန်လည် ဝေမျှခြင်းလည်း ဖြစ်တယ်မဟုတ်ပါလားရှင်…


 


-----------------------------------------------------------------------------------------------------------------------


 


 

လူတိုင်းဟာ ပြုံးဖို့ရာ လွယ်ကူပါတယ်.. မနက်ခင်းတိုင်း ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ရင်း ပြုံးမိကြတယ်.. စီးပွားရေးလောက ထဲမှာဖြစ်ဖြစ်၊ လူမှုရေးလောက ထဲမှာဖြစ်ဖြစ် အပြုံးတွေများစွာနဲ့ တွေ့ခဲ့ရဖူးပါလိမ့်မယ်.. အဲဒီအပြုံးတွေထဲမှာ သန့်စင်ကြည်လင်တဲ့ မျှော်လင့်ချက်မပါတဲ့ အပြုံးလေးတွေနဲ့ တွေ့ရဖို့က လွယ်တော့ မလွယ်ကူပါဘူး.. အချို့သော အပြုံးကလေးတွေက အရောင်ဆိုးထားတဲ့ အပြုံးလေးတွေ၊  အချို့ကတော့ ဟန်ဆောင်ထားတဲ့ အပြုံးတုလေးတွေ ၊ အချို့ကတော့ စိတ်မပါလက်မပါတဲ့ အပြုံးလေးတွေ.. အချို့ကျတော့ မနာလိုတဲ့ အပြုံး.. အိုး..  အပြုံးများစွာကို တွေ့ရပါလိမ့်မယ်.. အပြုံးဆိုတာ လူတွေရဲ့စိတ်ကို ရွှင်လန်းစေတယ် ဆိုပေမဲ့လို့ ကိုယ့်ရဲ့အပြုံးလေးဟာ ကြည်လင်သန့်စင်နေဖို့လဲ လိုသေးတယ်နော်....  ကိုယ်လုံးဝမသိတဲ့ လူတစ်ယောက်အပေါ် စေတနာ သဒ္ဓါတရားရှိဖို့ဆိုတာလဲ မလွယ်ကူလှပါဘူး.. လူတိုင်းမှာ လူလူချင်း ကိုယ်ချင်းစာတရားလေးတွေထားလို့ ကူညီတတ်တဲ့ စိတ်ကလေးတွေ မွေးဖွားနိုင်ကြမယ်ဆိုရင် အားလုံးဟာ ကြည်လင် လန်းဆန်းစွာ ပြုံးနိုင်ကောင်းပါရဲ့နော်....


 


 

Breanda ရဲ့ Lesson in Unconditional Love  ကို ဘာသာပြန် ခံစား ရေးဖွဲ့ပါသည်။

 

 

ချော(အစိမ်းရောင်လွင်ပြင်)

 

အစိမ်းရောင်လွင်ပြင်ရဲ့ အတွေးတစ်ချို့




ဒီနေ့ဟာ ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင် ဘလောဂ့်လေး ၃လ ပြည့်မြောက်တဲ့ နေ့ ဖြစ်ပါတယ်… ကျွန်မရင်ထဲမှာ ရှိခဲ့တဲ့ အတွေးတစ်ချို့ကို ရေးပေးပါလို့ လူမမြင်ဖူးသော်လည်း ကျွန်မနဲ့ စာရေးတာ ၀ါသနာတူ တစ်ယောက် ဖြစ်တဲ့ Cube မှ Tag ပြီး တောင်းဆိုထားပါတဲ့ အတွက်ကြောင့် ကျွန်မရဲ့ ရင်ထဲမှာ ရှိနေတဲ့ အစိမ်းရောင်လွင်ပြင်နဲ့ သက်ဆိုင်သော အတွေးစလေးများကို  ၃လပြည့် အမှတ်တရအဖြစ် ဒီနေ့မှာ မှတ်မှတ်ရရ ဒီဘလောဂ့် စာမျက်နှာလေးပေါ် ချပြလိုက်ပါတယ်..

 ကျွန်မ ငယ်စဉ်ဘ၀ရဲ့ အတွေးတွေထဲမှာတော့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး များကို   လေးစား အားကျတတ်ခဲ့ပါတယ်..  ကျွန်မရဲ့ အတွေးတွေ တိုင်းမှာလည်း ကျွန်မဖတ်ခဲ့ရတဲ့ စာအုပ်တွေထဲက ထူးချွန်ထက်မြက်တဲ့ မိန်းမတွေအကြောင်းက အမြဲတမ်း ကြီးစိုးထားခဲ့တယ်.. ကျွန်မ ခပ်ငယ်ငယ် ၄တန်းလောက်ကတည်းက ၀တ္ထုတွေ၊ စာအုပ်တွေ စဖတ်ဖြစ်ပါတယ်.. ကံကောင်းတာက ကျွန်မ ကြိုက်မိတဲ့စာအုပ်တွေဟာ ကျွန်မရဲ့အတွေးတွေကို ဘေးမချော် သွားအောင်၊ လမ်းကြောင်းမှန်အောင် ပံ့ပိုးပေးတဲ့ စာအုပ်များ ဖြစ်ခဲ့ပါတယ်.. အိမ်နဲ့ အဝေးမှာ ထိန်းကျောင်းသူမရှိဘဲ ကျောင်းတက်နေခဲ့ရတဲ့ ကလေးသာသာအရွယ် မိန်းခလေး တစ်ယောက်ကို သွန်သင် ဆုံးမခဲ့သူ၊ လမ်းကြောင်းပေးခဲ့သူများဟာ ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ဒီစာအုပ်တွေကို ရေးခဲ့တဲ့ စာရေးဆရာတွေသာ ဖြစ်ပါတယ်.... ဒါကြောင့် ငယ်စဉ်ဘ၀ ကျွန်မရဲ့ အတွေးတွေရဲ့ ပိုင်ရှင်၊ ကျွန်မရဲ့ အတွေးမှန်သမျှကို လွှမ်းမိုးထားနိုင်တဲ့ အရာကတော့ စာအုပ်တွေသာ ဖြစ်ပါတယ်.. စာအုပ်တွေကို ငယ်စဉ်ကတည်းက မက်မက်စက်စက် ဖတ်ဖြစ်ခဲ့ပါတယ်.. ကျွန်မရဲ့ စိတ်ထဲမှာလည်း စာဖတ်ခြင်းဟာ ကျွန်မကို ကောင်းမွန်တဲ့ အသိတရားများ သင်ခန်းစာများကို ပေးနိုင်တယ်လို့ ငယ်စဉ်ချိန်ကတည်းက တွေးတောမိခဲ့ပါတယ်… တကယ်လည်း ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေထဲကနေ ဘ၀အတွက် ခွန်အားတွေ ရရှိခဲ့ဖူးသလို၊ ကျွန်မ လေးစားအားကျတဲ့ ဇာတ်ကောင်တွေကနေ သူတို့ရဲ့ အတုယူစရာ အကျင့်စရိုက် အတွေးအခေါ်များ လွှမ်းမိုး ခံခဲ့ရဖူးပါတယ်..

 ကျွန်မဟာ စာဖတ်တာကို ၀ါသနာပါသူဖြစ်သလို စာရေးဖို့ကိုလဲ ၀ါသနာကြီးခဲ့ပါတယ်.. ကိုယ့်ရဲ့ အားလပ်ချိန်တွေကို အသုံးချဖို့အတွက် အင်တာနက် စာမျက်နှာတွေပေါ်မှာ စာရေးဖို့ ဆုံးဖြတ်ဖြစ်တဲ့အခါမှာ ဘာစာတွေကို ရေးရင် ကောင်းမလဲဆိုတာ အရင်ဆုံး တွေးဖြစ်ခဲ့ပါတယ်.. အဲဒီချိန်မှာ ငယ်စဉ်ကာလတုန်းက အိမ်နဲ့ဝေးကွားပြီး ကျောင်းတက်တဲ့  အချိန်တွေကို အတွေး ရောက်သွားခဲ့ပါတယ်..  ငယ်စဉ်က စာမေးပွဲအတွက် စာတွေကျက်ခဲ့တဲ့ အချိန်တွေမှာ စာကျက်ဖို့ စိတ်မပါချိန်ဘဲဖြစ်ဖြစ်၊ စာကျက်ရတာ ပျင်းရိငြီးငွေ့တဲ့အခါဘဲ ဖြစ်ဖြစ် ဆရာတစ်ယောက်ယောက်၊ သို့မဟုတ် ခင်မင်ရင်းနှီးသူ တစ်ယောက်ယောက်က စိတ်ဓာတ်တက်ကြွစေမဲ့ စကားမျိုး ပြောလိုက်တဲ့ အခါ ပျင်းရိနေတဲ့ ကျွန်မရဲ့ စိတ်တွေ၊ ကျဆင်းနေတဲ့ စိတ်ဓာတ်တွေဟာ ပြန်လည်လန်းဆန်း တက်ကြွလာပြီး စာကျက်ချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့ စိတ်တွေ ပြန်ဖြစ်ခဲ့ရပါတယ်.. ဒါကို မှတ်မှတ်ထင်ထင် သတိထားမိတဲ့အခါ လူတွေဟာ တစ်စုံတစ်ယောက်ဆီကနေ ကိုယ့်ရဲု့စိတ်ဓာတ်ကို အင်အားဖြည့်ပေးမဲ့ စကားလုံးတွေ လိုကိုလိုအပ်ပါလား ဆိုတာ တွေးတောမိတတ်လာပါတယ်.. ဘ၀မှာ အခက်အခဲ အကြပ်အတည်းများနဲ့ ကြုံလာတဲ့ အခါမှာလည်း တစ်ခြားသူတွေဆီက အားပေးနှစ်သိမ့်မှုတွေ၊ စာနာ နားလည်မှုတွေ ရရှိလိုက်တဲ့အခါမှာ ကိုယ်တွေရဲ့ စိတ်ဟာ သိသိသာသာ ရွှင်လန်း လာတယ်.. တက်ကြွလာတတ်ခဲ့ပါတယ်..  ဒီအဖြစ်တွေကို ပြန်တွေးမိတဲ့အခါ ကျွန်မရေးတဲ့ ဘလောဂ့်လေးမှာ စာဖတ်သူတွေအတွက် စိတ်ဓာတ် ခွန်အားလေးဘဲဖြစ်ဖြစ်၊ အားပေးနှစ်သိမ့်မှု လေးဘဲဖြစ်ဖြစ် ရယ်မောရွှင်ပျစရာ တစ်ခုလေးဘဲဖြစ်ဖြစ်၊ သတိထားမိစရာ တစ်ခုခုဘဲ ဖြစ်ဖြစ်ပေါ့နော်. တတ်နိုင်သလောက် ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီဘလောဂ့်ကို ရေးဖို့ ကြိုးစားမိပါတယ်.. ကျွန်မရေးတဲ့ စာတွေသည် ကိုယ့်ဘ၀ တစ်လျှောက်လုံး ဖတ်ဖြစ်ခဲ့တဲ့ စာတွေထဲက ရတဲ့ ဗဟုသုတတွေရယ်... ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်လုံးက ရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အသိတရားတွေရယ်၊ လက်ရှိဖတ်နေတဲ့ စာတွေရယ် ပေါင်းစပ်ပြီး ရေးမိတာ ဖြစ်ပါတယ်..

 ကျွန်မရဲ့ စာတွေကို ဖတ်မိတဲ့အခါ စာဖတ်သူများအတွက် တစ်စုံတစ်ရာ အဆိပ်အတောက် မဖြစ်ရလေအောင် အမြဲ သတိထားပါတယ်.. ကျွန်မဖတ်ပြီးတဲ့ စာတစ်ပုဒ်ကို မူရင်းစာရဲ့ ရသနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အတွေးများနဲ့ ပေါင်းစပ်လို့ စာထဲမှာ ပေးချင်တဲ့ အတုယူစရာ၊ သင်ခန်းစာ ယူစရာလေးများကို ရှာဖွေ ကောက်နှုတ်ပြီး ဖော်ပြလေ့ရှိပါတယ်..  ကျွန်မဟာ ၀ါသနာကြောင့် စာရေးတာ ဖြစ်ပါတယ်… ဘလောဂ့်စရေးတဲ့ သက်တမ်းသည် ယနေ့မှ ၃လသာ ရှိသေးပြီး ကျွမ်းကျင်သော စာရေးသူ တစ်ယောက် မဟုတ်တဲ့အတွက်လည်း စာရေးတဲ့နေရာမှာ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ဖို့ စာဖတ်သူများနဲ့ သူငယ်ချင်းများကို ညွှတ်နူးစွာ တောင်းပန်အပ်ပါတယ်..

 ရှေ့ဆက်ပြီးလည်း ကျွန်မရဲ့ အားလပ်ချိန်တွေမှာ စာတွေဖတ်ရင်း ကိုယ်ဖတ်မိတာတွေထဲက ကောင်းမွန်တဲ့ စာများကို ဒီအစိမ်းရောင်လွင်ပြင် စာမျက်နှာပေါ်ကနေ ပြန်လည် မျှဝေနိုင်ဖို့ ကြိုးစားနေဦးမှာပါ… စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ ကျွန်မရဲ့ဝါသနာပါရာ စိတ်ထွက်ပေါက်၊ စိတ်အပန်းဖြေရာဖြစ်သလို စာလာဖတ်သူများ အတွက်လည်း အကျိုးတစ်ခုခု၊ ရသတစ်ခုခု ပေးနိုင်ဖို့ကို အတတ်နိုင်ဆုံး ကြိုးစားမိပါတယ်.. ဒါဟာ ကိုယ်တတ်နိုင် သလောက် ဝေမျှခြင်းလည်း ဖြစ်ပါတယ်.. ဒီလို စာတွေကို ဝေမျှနိုင်ဖို့ ကျွန်မကိုယ်တိုင်လည်း စာများစွာကို ဖတ်ခဲ့ရပါတယ်. ဖတ်နေဆဲလည်း ဖြစ်ပါတယ်.. စာဖတ်ခြင်းဟာ ကျွန်မဘ၀ရဲ့ အချိန်အများဆုံးကို သိမ်းပိုက်ထားတဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ်..

 ကျွန်မရဲ့ အတွေးထဲမှာ ကျွန်မရေးတဲ့စာတွေသည် စာဖတ်သူများအတွက် အသိတစ်စုံတစ်ရာ ရရှိစေဖို့ အမြဲတမ်း ရည်ရွယ်ချက် ထားရှိပါတယ်... အစိမ်းရောင်လွင်ပြင် ဘလောဂ့်သက်တမ်း ၃လပြည့် အမှတ်တရနဲ့ တိုက်ဆိုင်တဲ့အတွက် အခု ကျွန်မရေးနေတဲ့ အကြောင်းအရာနဲ့ ကျွန်မရဲ့ အတွေးများသည် ဘလောဂ်ရေးမိခြင်းနဲ့ ပတ်သက်တဲ့ အတွေးများသာ ဖြစ်ပါတယ်.. လူတိုင်းလူတိုင်းမှာ လွတ်လပ်ကျယ်ပြန့်တဲ့ အတွေးများ ကိုယ်စီရှိကြသလို ကိုယ်ယုံကြည်ရာ၊ ကိုယ်တန်ဖိုးထားရာ တို့ကို ဆုပ်ကိုင်ရင်း ကိုယ့်ရဲ့ အတွေးဘောင်တွေကို စိတ်ကူးရှိသလောက် ချဲ့ထုတ်ပစ်လို့လဲ ရပါတယ်..  ဒါကြောင့် ကျွန်မရဲ့ ခင်မင်ရပါသော စာရေးဖော်များဖြစ်ကြတဲ့   ( လင်းကြယ်ဖြူ၊  မြစ်ကျိုးအင်း၊  ဏီလင်းညို၊  ကိုကိုမောင်၊ မချစ်ကြည်အေး၊  မရွှေစင်ဦးမမြသွေးနီ ၊ မကေမဒဏ္ဍာရီသဒ္ဓါလှိုင်းပန်းရင့်ရောင်အဖြူရောင်နတ်သမီးအင်ကြင်းသန့်သိင်္ဂါကျော်  )  တို့ကို “ရင်ထဲက အတွေးစများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ရင်ထဲမှာ ရှိတဲ့ အတွေးများကို ဘယ်လိုသော အကြောင်းအရာများဘဲ ဖြစ်စေ လွတ်လပ်စွာ ဖော်ထုတ်ပေးပါလို့ တောင်းဆိုရင် Tag လိုက်ပါတယ်.. ကျန်တဲ့သူတွေကို တောင်းဆိုချင်ပေမဲ့ အချိန်မရမှာ စိုးတာရော၊ မအားမှာစိုးတာကြောင့်ပါ မတောင်းဆို တော့တာပါ.... အခု ကျွန်မTag ထားသူများလည်း အားလပ်တဲ့အချိန် တစ်ခုခုမှသာ ရေးပေးကြပါလို့ လေးစားစွာ တောင်းဆိုလိုက်ပါတယ်.. ကျွန်မရဲ့ အတွေးစများကို ရေးသားပေးဖို့ တောင်းဆိုတဲ့ အစ်မ Cube ကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်းနဲ့ ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင် ၃လပြည့်မှသည် နောင်အခွင့်အရေးရနေတဲ့ အချိန်ထိ ကြိုးစားပြီး စာတွေရေးနေပါဦးမယ်လို့…



စာဖတ်သူများနှင့် စာရေးဖော် သူငယ်ချင်းများအားလုံးကို ချစ်ခင်လေးစားလျှက်



ချော (အစိမ်းရောင်လွင်ပြင်)

ကြည်လင်ရွှင်လန်းတဲ့စိတ်

 



 


မင်္ဂလာသက်တမ်း နှစ်၅၀ပြည့်ပြီးတဲ့ နောက်မှာ အဖွားရဲ့ယောက်ျားဟာ ဆုံးပါး သွားခဲ့ပါတယ်.. မုဆိုးမ ဘ၀နဲ့ ကျန်ခဲ့ရှာတဲ့ အဖွားဟာ တစ်နေ့တော့ ဂရင်းနိုက် ကျောက်ပြားတွေ ရောင်းတဲ့ ကျွန်တော့ဆိုင်ကို ရောက်လာပြီး အလှဆုံး၊ အကောင်းဆုံး ဖြစ်မဲ့ ကျောက်ပြားကို သူကိုယ်တိုင် ရွေးချယ်နေပါတယ်..  ရွေးချယ်ပြီးတဲ့အခါမှာတော့ ကျောက်ပြားရဲ့ အပေါ်ပိုင်းမှာ သူ့ယောက်ျား နံမည်နဲ့ မွေးနေ့ရယ်၊ အောက်ဘက်မှာ သူ့နံမည်နဲ့ မွေးနေ့ရယ် ထွင်းပေးဖို့၊ ပြီးတော့ နံမည်၂ခုရဲ့ ကြားမှာတော့ သူတို့ ၂ယောက် လက်ထပ်ခဲ့တဲ့ နေ့စွဲလေးကို ရေးထိုးပေးဖို့ ညွှန်ကြားပါတယ်.. ဒီကျောက်ပြားကို သူနဲ့ အဖိုးတို့၂ယောက် နားခိုလှဲလျောင်းရာ သင်္ချိုင်း အုတ်ဂူပေါ်မှာ ထားဖို့ ကြိုတင်မှာကြားတာ ဖြစ်ပါတယ်..


 


ကျောက်ပြားလေးကို ရက်အနည်းငယ်သာ လိုတော့တဲ့ သူတို့ရဲ့ ၅၁နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့အမီ လိုချင်ကြောင်း အဖွားက ကျွန်တော့်ကို တောင်းဆိုပါတယ်.... ဒီကျောက်ပြားလေးဟာ သူမအနေနဲ့ သူ့ယောက်ျားကို ပေးနိုင်မဲ့ နောက်ဆုံးလက်ဆောင် တစ်ခုလဲ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် လို့လဲ ပြောပြပါတယ်.. ဒါကြောင့်လဲ အကောင်းဆုံး ဖြစ်လိုတဲ့ဆန္ဒက အဖွားရဲ့ ရင်ထဲမှာ ခိုအောင်းနေတာဖြစ်မှာပါ… ကျွန်တော်လဲ ကျောက်ပြားပေါ် စာထွင်းပေးမဲ့ အလုပ်သမားလေးကို အဖွားရဲ့ ဆန္ဒအတိုင်း စိတ်တိုင်းကျ ဖြစ်အောင် မှာကြားပေးပါတယ်.. ဂရုတစိုက်နဲ့ အချိန်မီ ပြီးအောင် လုပ်ပေးဖို့ကိုလဲ အထပ်ထပ် သတိပေးမိပါတယ်. .  


 


ကျောက်ပြားလေးဟာ အဖွားလိုချင်တဲ့ နေ့မှာဘဲ အချိန်မီ ပြီးစီးသွားခဲ့ပါတယ်… အဖွာကို ကျွန်တော် ဖုန်းဆက် အကြောင်းကြားတော့ ကျောက်ပြားကို သုသာန်အရောက် မပို့မီ သူကိုယ်တိုင် လာရောက် ကြည့်ချင်ပါကြောင်းနဲ့ အခုမကြာခင်မှာဘဲ ဆိုင်ကို ရောက်လာမယ်ဆိုတာကို အကြောင်း ပြန်ကြားပါတယ်.. အဖွားလာကြည့်မယ် ဆိုတော့လဲ ကျွန်တော်က ကျောက်ပြားကို သင့်တော်တဲ့ နေရာကောင်းတစ်ခုမှာ အဆင်သင့် ချထားဖို့ ၀န်ထမ်း ကောင်လေးတွေကို ညွှန်ကြားလိုက်ပါတယ်… ကောင်လေးတွေက ကျောက်ပြားကို သားရေကြိုးတွေနဲ့ ဆိုင်းပြီး ဆိုင်ခန်းအတွင်းဘက်ထဲကနေ သယ်ထုတ်လာကြပါတယ်.. ဒီမှာတင်ဘဲ မမျှော်လင့်တဲ့ဖြစ်ရပ်က  ကျောက်ပြားဟာ သားရေကြိုးဆိုင်းကနေ လျှောထွက်သွားပြီး ကြမ်းပြင်ပေါ်ကျကာ အလယ်တည့်တည့်ကနေ အလျားလိုက် ၂ပိုင်း ကွဲထွက်သွား ပါတော့တယ်..


 


ကျွန်တော်လဲ ရုတ်တရက် ဖြစ်သွားတဲ့ ဒီအဖြစ်ကြောင့် ပျာယာခတ်သွားပြီး အဖွား ရောက်မလာခင်  အဆင်ပြေ နိုင်မဲ့ နည်းလမ်းတစ်ခုခုကို စဉ်းစားကြည့်မိတယ်.. ဒီမှာတင်ဘဲ စိတ်ရိုင်းလေးတစ်ခုက ကျွန်တော့ရင်ထဲကို အမှတ်မထင် ၀င်ရောက်လာ ပါတယ်.. ကျောက်ပြား နောက်တစ်ခု ရွေးပြီး စာလုံးတွေကို ဖြစ်သလိုဘဲ အမြန်ဆုံး ပြန်ထွင်းပေးလိုက်ရ ကောင်းမလား၊ ဒါမှမဟုတ် ကျောက်ပြားထွင်းတာ မပြီးသေးဘဲ မှားပြောမိတာ ပါလို့ဘဲ လိမ်ညာလိုက်ရမလား ဆိုတာ စဉ်းစားနေမိပါတယ်.. လင်သားတစ်ယောက်ဆုံးရှုံးရလို့ နာကျင် ခံစားနေတဲ့ မုဆိုးမဖြစ်တဲ့ ဒီအဖွားအိုကို ထပ်မံ မလိမ်မညာ သင့်ဘူးဆိုတာ ကျွန်တော် နားလည်ပေမဲ့ ဆိုင်နံမည် ပျက်မှာကိုလည်း ကျွန်တော့အနေနဲ့ မလိုလားပါဘူး…


 


ဒွိဟ စိတ်တွေနဲ့ လွန်ဆွဲနေတဲ့ အဲဒီအချိန်မှာဘဲ အဖွားဟာ ကျွန်တော်တို့ ဆိုင်ရှေ့ကို ရောက်လာပါ တော့တယ်… အဖွားရဲ့ မျက်နှာပေါ်မှာတော့ သူ လက်ရွေးစင် အကောင်းဆုံး ရွေးချယ်ထားတဲ့ ကျောက်ပြားပေါ်မှာ လက်ရာမြောက်အောင် လှလှပပ သေသေသပ်သပ် ထွင်းထုထားမဲ့ သူနဲ့ သူ့ယောက်ျား နံမည်ကို တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတာ အတိုင်းသား မြင်တွေ့နေရပါတယ်.. ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်.. အဖွားကို အမှန်အတိုင်းဘဲ ပြောပြလိုက်တော့မယ်…


 


အမှန်အတိုင်းဘဲ ကျွန်တော် ဖွင့်ပြောလိုက်တဲ့အချိန်မှာ အဖွားဆီကနေ ကျွန်တော် မျှော်လင့်ထားမိ တာက ဒေါသတကြီး တုံ့ပြန်မဲ့ စကားလုံးတွေ၊ ဒါမှမဟုတ်ရင်တော့ မျက်ရည်တွေဘဲ ဖြစ်လိမ့်မယ် ဆိုတာကိုပါ.. ဟက်ဟက်ပက်ပက် အူလှိုက်သည်းလှိုက် ရယ်မောလိုက်မဲ့ အသံကိုတော့ ဘယ်လိုမှကို မမျှော်လင့်ခဲ့ပါဘူး… ဒါပေမဲ့ အဖွားဟာ အလယ်ကနေ ထက်ပိုင်း ကွဲနေတဲ့ ကျောက်ပြားကိုလဲ မြင်လိုက်ကော သူမရဲ့ လေးနက်တည်ငြိမ်တဲ့ အမူအရာတွေဟာ ချက်ခြင်းဘဲ ရွှင်မြူးပေါ့ပါးတဲ့ အမူအရာကို ပြောင်းလဲသွားပြီး  လှိုက်လှိုက်လှဲလှဲ ရယ်မောလို့ နေပါတော့တယ်..


 


အဖွားကို ကြည့်ပြီး ကျွန်တော်တို့အားလုံး ထူးဆန်းအံ့သြနေမိပါတယ်.. အံ့သြနေတဲ့ ကျွန်တော်တို့ရဲ့ ပုံစံတွေကို ကြည့်ရင်းက အတိတ်ကို ပြန်လည်သတ သတိရတဲ့လေသံနဲ့ အဖွားက လွမ်းဆွတ်စွာ ဇာတ်ကြောင်းပြန်ပါတယ်.. “လွန်ခဲ့တဲ့ ၅၁နှစ်က အဖွားနဲ့ အဖိုးတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားမှာ အဖွားရော သူရော မင်္ဂလာကိတ်မုန့်ကို ဓားနဲ့လှီးဖို့ ပြင်ဆင်နေခဲ့ကြတာပေါ့... အဲဒီအချိန်မှာ အဖွားတို့ ၂ယောက် အတူတူ ကိုင်ထားတဲ့ ဓားနဲ့လဲ ထိလိုက်ရော မင်္ဂလာကိတ်မုန့်ဟာ အခု ဒီ ဂရင်းနိုက် ကျောက်ပြား ကွဲသွားသလို  အလယ်ကနေ ထက်ပိုင်း ကွဲသွားခဲ့ပါတယ်. ဒီလောက် လူစည်ကားလှတဲ့ ဧည့်ခံပွဲမှာ ခုလိုအဖြစ်က အမှန်တော့ ရှက်စရာ တစ်ခုပါဘဲ...


 


ရုတ်တရက်တော့ အဖွားတို့လဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ပြီး တစ်ခဏတော့ ဆွံ့အသွားခဲ့တယ်.. နောက်တော့ သူရော အဖွားရော တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အသံထွက်အောင် ဟက်ဟက်ပက်ပက် အားပါးတရ ရယ်မောလိုက် မိကြတယ်..  ဧည့်ခံပွဲမှာ ရောက်နေတဲ့ ပရိတ်သတ်တွေ အားလုံးကလဲ အဖွားတို့နဲ့ အတူတူ ၀ိုင်းဝန်း ရယ်မောခဲ့ကြတယ်.. အရှက်တစ်ကွဲ ဖြစ်မဲ့ အကြောင်းတရားကနေ ရယ်စရာ၊ ပျော်စရာ အမှတ်တရလေး ဖြစ်သွားခဲ့ရတယ်.. ဒီအဖြစ်အပျက်လေးက အဖွားတို့အတွက် မမေ့နိုင်တဲ့ အဖြစ်အပျက်လေးတစ်ခုပါဘဲ.. အဖွားတို့ ၂ယောက်ဟာ အိမ်ထောင်သက် တစ်လျှောက်လုံးမှာလဲ အခုလို အဆီအငေါ် မတည့်တဲ့အဖြစ်တွေ ၊ အခက်အခဲတွေ မကြာခဏ ကြုံတွေ့ခဲ့ကြပေမဲ့ အတူတူ လက်တွဲပြီး ရယ်မောနိုင်အောင် ကြိုးစားခဲ့တယ်.. ဘယ်လောက် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါစေ အရာရာကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီး  ရယ်ရယ်မောမော ရွှင်ရွှင် လန်းလန်းနဲ့ ဖြတ်သန်းနိုင်ခဲ့ကြတယ်..


 


အဖွားဟာ ဒီ၅၁နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အဖြစ်နဲ့ရော နောက်ဆုံး လက်ဆောင်အဖြစ်နဲ့ပါ အကောင်းဆုံးနဲ့ အမှတ်တရ အဖြစ်နိုင်ဆုံး တစ်ခုခု သူ့ကိုပေးချင်ခဲ့တယ်.. အခုတော့  ဘယ်လောက်တောင် အံ့သြဖို့ကောင်းတဲ့ တိုက်ဆိုင်မှုလဲ... ဒီကျောက်ပြားဟာ အဖွားတို့ရဲ့ လွန်ခဲ့တဲ့ ၅၁နှစ်က မင်္ဂလာဧည့်ခံပွဲကို ပြန်လည် အမှတ်ရစေမဲ့ အကောင်းဆုံး အမှတ်တရ လက်ဆောင်တစ်ခုဖြစ်သွားခဲ့ပါပြီ.. အဖွားရဲ့ ရင်ထဲ နှလုံးသားထဲက သိနေတာက အဖွားယောက်ျားဟာ ခုချိန်မှာ ဒီကျောက်ပြားကိုမြင်ပြီး အဖွားနဲ့အတူ ဟက်ဟက်ပက်ပက် ရယ်မောနေလိမ့်မယ် ဆိုတာကိုပါဘဲ.. သေချာပါ တယ်ကွယ် .. အဖွားရဲ့ လက်ဆောင်ကို သူသိပ်သဘောကျမှာပါ..” 


 


ပြုံးပြုံးလေးပြောပြနေတဲ့ အဖွားရဲ့ စကားသံအဆုံးမှာ ခပ်ဖွဖွ ဟက်ဟက်ပက်ပက် ရယ်မောသံ တိုးတိုးလေးတစ်ခု ကျွန်တော်တို့နဲ့ မလှမ်းမကမ်း တစ်နေရာကနေ ထွက်ပေါ်တယ်တယ်လို့ ကျွန်တော့စိတ်ထဲ ခံစားမိလိုက်သလိုလိုပါ…….


 


------------------------------------------------------------------------------------------------------------------------


 


ဘ၀ရဲ့ အဆီအငေါ်မတည့်မှုများ၊ မကြာခဏ ကြုံတွေ့နိုင်တဲ့ အခက်အခဲများကို ရယ်ရယ်မောမော ရင်ဆိုင် ဖြေရှင်းခဲ့ကြတဲ့ အဖွားအိုတို့ ၂ယောက်ရဲ့ အဖြစ်က အားကျ ချီးကျူးစရာ၊ လေးစားအတုယူစရာပါ. ကျွန်မတို့ ဘ၀မှာ ခဏတာ ရှင်သန်နေရချိန်အတွင်း စိတ်တိုဒေါသထွက်စရာ မကျေနပ်စရာတွေ အဖြစ်နဲ့သာ အရာရာကို ရှုမြင် သုံးသပ် ကြမယ်ဆိုရင်  အသက်ရှင်သန်ကြခြင်းရဲ့ အနှစ်သာရကို ပြည့်ပြည့်၀၀ ခံစားကြရပါရဲ့လား.. စဉ်းစားစရာပါ... ဒေါသနဲ့ မကျေနပ်မှုဟာ လူတွေရဲ့ စိတ်ကို ညစ်နွမ်းပူလောင်စေနိုင်ပြီး ရယ်မောရွှင်ပျခြင်းကတော့ လူတွေရဲ့စိတ်ကို ပေါ့ပါး လန်းဆန်းစေပါတယ်.. ကျွန်မကိုယ်တိုင်လဲ ဒေါသနဲ့၊ မကျေမနပ် ဖြစ်တတ်တာတွေကို လျှော့နိုင်သလောက် လျှော့ပြီး ရယ်မောရွှင်ပျစွာနဲ့ အရာရာကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားရပါဦးမယ်.. ကြုံလာတဲ့ မကျေနပ်စရာ စိတ်ဆိုး ဒေါသထွက်စရာများကိုလဲ ရင်ထဲမှာ ကြာရှည် မွေးမြူမထားဘဲ အမြန်ဆုံး ဖယ်ရှားတတ်ပြီး ကြည်လင်ရွှင်လန်းတဲ့ စိတ်နဲ့ ဟက်ဟက်ပက်ပက် ရယ်မောရင်း ဘ၀ကို ရင်ဆိုင် ကြည့်ကြပါစို့နော်..


 


အဝေးက သူချင်းတစ်ယောက် ပို့ပေးလာတဲ့ Chicken Soup For The Goldern Soul မှ Maureen S. Pusch ရဲ့   Cracking Up ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ စာအုပ်ပို့ပေးတဲ့ သူငယ်ချင်းရေ ကျေးဇူးများစွာ တင်ပါတယ်နော်..


 


ချော (အစိမ်းရောင်လွင်ပြင်)