အဆန်းထွင်တဲ့ အလန်းဆံပင်များ

သင်္ကြန်မှာ ဆံပင်ပုံဆန်းနဲ့မှ တအားလန်းတယ်လို့ ထင်သူများအတွက် အဆန်းထွင်ဖို့ ဆံပင်ပုံ ဒီဇိုင်းဆန်းလေးတွေ ရှာကြံပြီး တင်ပေးလိုက်ပါတယ်..

 



တစ်ပွင့်တည်း ပန်တဲ့ခေတ် မဟုတ်တော့ဘူးတဲ့ (ကိုလန်ပြန်)

 

 



သင်္ကြန်နဲ့တော့ လိုက်ပါတယ်.. (ကိုထိပ်ကွက်)

 

 



ဒါလေးက တစ်မျိုး ဆန်းတော့ ဆန်းပါရဲ့.. (ကိုဘေးကြား)

 

 



ညှပ်ပေးတဲ့ဆရာ တော်တော် လက်ဝင်မယ့်ပုံ (ကိုလေးထောင့်ကွက်)

 

 



ရှေ့လား နောက်လား (ကိုနှုတ်ခမ်းမွှေး)

 

 



သူကလည်း ငယ်သေးတာကိုး လှချင်မှာပေါ့ (ကိုဘုတ်သိုက်)

 

 



ခေါင်းပေါ် လေမုန်တိုင်း ၀င်မွှေသွားပြီးပုံ (ကိုမွှေးနီ)

 

 



လူတွေရဲ့ အာရုံစူးစိုက်မှုကို ခံချင်တာကိုး............

 

 



ဒီအီမိုက တစ်မျိုး

 

 



အာတာပူစီ လိုလို ဘာလိုလို

 

 



ခေါင်းလေးလွန်းလို့ ရှေ့တောင်ငိုက်နေပြီ

 

 

 



 ဆံပင်က ထွက်ပြေးမှာစိုးလို့ မျက်နှာနဲ့တွဲပြီး ပိုက်နဲ့ ဖမ်းချုပ်ထားတယ် ထင်ပ

 

 



 အချွန်နဲ့ လူကို ထိုးမိရင်ဒုက္ခ

 

 



 ပျားအုံကြီး ခေါင်းပေါ်တင်ထားသလား မှတ်ရ

 

 



 ဒါလေးကတော့ မဆိုးဘူး...  တံမြက်စည်းလုပ်ဖို့ကောင်းတယ်

 

 



 ဆံပင်တွေ မီးလောင်ပြီး ဒီလောက်ပဲ ကျန်တော့တယ် ထင်တယ်..

 

 



 ဂတုံးပေါက်စ ကေနဲ့တူပါရဲ့

 

 

 

 

ဒီရက်ပိုင်း စာမရေးအားသေးလို့ ပုံကလေးတွေနဲ့ ကျေနပ်ပေးကြပါဦးလို့....

အားလုံးဘဲ သင်္ကြန်မှာ လန်းနိုင်ကြပါစေရှင်.... :)  :)

ကျေးဇူးတင်စွာဖြင့်

 

ချော(အစိမ်းရောင်လွင်ပြင်)

Source- Funzug.com 

 

အမည်မဲ့ ပိတောက်ပန်းလေးများ…






သူမနံမည်က ဧပရယ်..



သူမကို မွေးဖွားသည့် လကလည်း ပိတောက်ပန်းလေးများ ၀ါထိန်နေအောင် ကြိုင်သင်းစွာ လန်းရွှင်ပွင့်ဝေတတ်သော ဧပရယ်လပင် ဖြစ်သည်။ ထိုဧပရယ်လသည် မြန်မာတို့၏ ပျော်စရာ အကောင်း ဆုံးသော အတာသင်္ကြန်ပွဲကို ဆင်ယင်ကျင်းပလေ့ရှိသော လလည်း ဖြစ်သည်ပဲလေ။ သူမမေမေ သက်ရှိထင်ရှား ရှိစဉ်က  တသသနှင့် အမြဲတမ်း ပြန်ပြောင်း ပြောပြတတ်သည်မှာ သူမကို မွေးသည့် အချိန်တွင် အိမ်ရှေ့ခြံထောင့်က  အရွက်ဖားဖားနှင့်ထီးထီးမားမား အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသော ပိတောက်ပင်ကြီးမှ ပိတောက်ပန်းများသည် ပင်လုံးကျွတ်မျှ ၀င်းဝါ ပြွတ်ခဲနေအောင် ပွင့်သည်တဲ့လေ..  တစ်ခြံလုံးလည်း ပိတောက်ရနံ့က မွှေးကြိုင် ချိုမြ သင်းထုံလို့၊ ပိတောက်ပင်ကြီး ပေါ်တွင်လည်း ပျားနှင့်ပိတုန်းတို့က လှုပ်ရှားသွားလာ ပျံဝဲလျှက် မြူးတူးနေကြသည်တဲ့.. မေမေ့အပြောကို မျက်စိထဲ မြင်ယောင်ရင်း သူမမွေးသည့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် တစ်ပင်လုံးကျွတ်အောင် ပွင့်ဝေပေးသော ပိတောင်ပင်ကြီးကို သူမရင်ထဲက နှစ်နှစ်သက်သက် တွယ်တာမိသလို ပိတောက်ပန်းကလေးများကိုလည်း မြတ်မြတ်နိုးနိုး စွဲလမ်းမိလေသည်။ ပိတောက်ပန်းတို့ရဲ့ သင်းပျံ့ကြိုင်လှိုင်တဲ့ ရနံ့လေးကိုလည်း ဘာနဲ့မှ မတူအောင် ချစ်ခင်မက်မောမိသည်လေ။



သူမအရွယ်ရောက်လို့ ချစ်သူရလာသည့်အခါ သူမကို အလွန်ချစ်ခင်မြတ်နိုးသူနှင့် ဖူးစာဆုံရသည်။ သူမတို့ လက်ထပ်သည့်ရက်ကလဲ မှတ်မှတ်ရရ ဧပရယ် ၁ရက်နေ့.. ထိုနေ့က ပိတောက်ပန်းတွေ ပွင့်ဝေမနေပေမဲ့ ပိတောက်ပွင့်ချိန်ရောက်တိုင်းတော့ သူမချစ်သူက သူမနှစ်သက်သော ပိတောက်ပန်းကလေးများကို မပျက်မကွက် လက်ဆောင် ပေးလေ့ရှိတတ်သည်။ အဖိုးမတန်သော ပိတောက်ပန်းဖြစ်ပေမဲ့ သူမကတော့ အခြားသော ပန်းတွေအားလုံးထက် ပိတောက်ပန်း ကိုမှသာ မက်မောတတ်သူလေ..  ပိတောက်ပန်း ပွင့်သည့် ရက်များဆိုလျှင် သူမတို့အိမ် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ဧည့်ခန်းတွင် ထားသော ပန်းအိုးများ၊ သူမတို့ အိပ်ခန်းတွင်းရှိ အလှပန်းအိုးများ အားလုံး အားလုံးသည် ပိတောက်ပန်းများနှင့်သာ ပြည့်လျှံနေတော့သည်။ တစ်အိမ်လုံးလည်း စိတ်ကြည်နူးဖွယ် ကောင်းလောက်အောင် သင်းပျံ့ပျံ့ ပိတောက်ရနံ့တို့ကသာ မွှေးမြ ထုံရီနေပေတော့သည်။ နောက်ရက်များတွင် အပွင့်များအားလုံးလိုလို ကြွေကျကုန်ပြီး ညှိုးနွမ်းနေသော ပန်းအိုးတိုင်းကို ပန်းအသစ်များ ပြန်လဲရ၊ ပွင့်ကြွေများကို ရှင်းရလင်းရနှင့် အလုပ်များသော်လည်း တစ်နေ့တာ ရရှိလိုက်သော စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် သူမ ကျေနပ်ပါသည်။ သူမခင်ပွန်းသည်လည်း ပိတောက်ပန်းပွင့်ကြွေများဖြင့် အိမ်တစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့သော်လည်း မည်သည့်အခါမှ ငြူစူအပြစ်တင်ခြင်း မရှိခဲ့ပါ။ နှစ်စဉ်နှစ်တိုင်း ပိတောက်ပန်းလက်ဆောင် ပေးမြဲသာ ဖြစ်သည်။ သူမခင်ပွန်းသည် သူမကို အချိန်တိုင်း ချစ်ခင်မြတ်နိုးခြင်းဖြင့်သာ အလိုလိုက် အလျှော့ပေးတတ်သော အကောင်းဆုံး ဘ၀ကြင်ဖော်တစ်ဦး ဖြစ်ခဲ့လေသည်။



သူမတို့ ၂ယောက်၏ မင်္ဂလာနှစ်ပတ်လည် ၁၅နှစ်ပြည့်ကို မှတ်မှတ်ရရ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြသည်။ ဇိဝိတသံဃ ဆေးရုံတွင် အလှူငွေ ထည့်ဝင်ကြသည်။ ညဦးပိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ချို့အား သူမတို့ခြံဝင်းထဲက မြက်ခင်းပြင်ကြီးပေါ်တွင် ညစာစားပွဲလေးနှင့် ဧည့်ခံဖြစ်ခဲ့ကြသည်။ နှစ်ပတ်လည်ကျင်းပပြီး တစ်ပတ်အကြာတွင်တော့ သူမချစ်လှစွာသော ခင်ပွန်းသည် အလုပ်တာဝန်ဖြင့် မန္တလေးမြို့သို့အသွား တောင်ငူမြို့အလွန်မှာ သူမောင်းသောကားနှင့် တစ်ဘက်က ကုန်တင်ကားကြီးတစ်စီးတို့ တိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့လေသည်။ တိုက်ဆိုင်မှုတစ်ခုက သူမခင်ပွန်း ကွယ်လွန်ပြီး ၁လအကြာတွင် နှစ်ပေါင်းရှည်ကြာ ရှိခဲ့သော၊ နှစ်စဉ် အပွင့်တွေ၊ ရနံ့တွေဖြင့် ဝေဆာ မွှေးမြခဲ့သော  သူမတို့ အိမ်ရှေ့မှ ပိတောက်ပင်ကြီးသည် ပြင်းထန်သော လေတိုက်ခတ် မှုကြောင့်  ခါးလည်မှ ကျိုးကျသွားခဲ့သဖြင့် အမြစ်ပါတူးပစ်ကာ စွန့်ပစ်လိုက်ရလေသည်။ ထိုနေ့တွင် သူမခင်ပွန်းဆုံးသည့်နေ့ကလို ၀မ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့မိသေးသည်။ သူမတွင် သားတစ်ယောက် သမီးတစ်ယောက် ကျန်ရစ်ခဲ့သော်လည်း ခင်ပွန်း၏ အရိပ်အာဝါသတော့ ပျောက်ကွယ် ခဲ့လေပြီ.. သားသမီးတို့ကို လူလားမြောက်အောင် သူမတစ်ယောက်တည်း ကျွေးမွေး စောင့်ရှောက်ရင်း သူမရင်ထဲမှ အထီးကျန် ကြေကွဲစိတ်ကတော့ လျှော့ပါး သွားသည်မရှိ.. တစ်နှစ်ထက်တစ်နှစ် တိုးလို့သာ ခံစားနေမိသည်။



ယခုအခါ သူမခင်ပွန်း ကွယ်လွန်ခဲ့သည်မှာ ၇နှစ် ပြည့် မြောက်ခဲ့လေပြီ.. အရွယ်ရောက်လာသော သူမ၏ သားနှင့် သမီးတို့သည် ပညာရေးအတွက် စင်္ကာပူတွင် အလုပ်လုပ်ရင်း ကျောင်းတက်နေကြပေသည်။ အိမ်ကြီးတစ်ခုလုံး သူမနှင့် အိမ်ဖော် မိန်းခလေး ၂ယောက်တို့သာ ရှိနေပြီး သူမအတွက်တော့ ခြောက်သွေ့ ဆိတ်ငြိမ်နေသော ငြီးငွေ့ဖွယ်ရာ နေရာတစ်ခုလို့သာ စိတ်ထဲ ထင်မြင်မိနေသည်။ စီးပွားရေးကိစ္စများတွင်သာ စိတ်ကို နှစ်ထားပြီး တစ်ခါတစ်ရံ သားသမီးများထံ သွားရောက်ခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးများထံ အချိန်ပေး၍ အလည်အပတ် ခေတ္တ သွားခြင်း ဖြင့်သာ အထီးကျန်ငြီးငွေ့မှုကို ဖြေဖျောက်နေရလေသည်။ အိမ်တွင်နေရချိန်သည် ပျင်းရိ တိတ်ဆိတ်စွာနှင့် ခြောက်ခြားစရာ ကောင်းလောက်အောင်  အထီးကျန်လွန်း လှသည်ဟုသာ သူမ  ခံစားရလေသည်။



ဧပရယ်လရဲ့ ရက်တစ်ရက်တွင် ကားကို သူမကိုယ်တိုင် မောင်းရင်း မိတ်ဆွေတစ်ဦးအိမ်သို့ ကိစ္စတစ်ခုဖြင့် သွားရောက်ပြီး အပြန်တွင် တစ်မြို့လုံး ၀င်းဝါနေသော ပိတောက်ပန်းများ  မြို့နေရာအနှံ့ ပွင့်ဝေနေတာကို သူမတွေ့ခဲ့လေသည်။ သူမအိမ်တွင် ပိတောက်ပန်းဖြင့် မဝေဆာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ အပြန်လမ်းတွင် ကားမှန်ကိုချ၊ အဲကွန်းကို ပိတ်ပြီး သင်းပျံ့ကြိုင်လှိုင်နေသော ပန်းရနံ့ကို ခံစားရှုရှိုက်ရင်း ကားကို ဖြေးညှင်းစွာ မောင်းလာခဲ့မိသည်။ အချို့နေရာများ၏ ကားလမ်းမပေါ်တွင်ပိတောက်ပွင့်ကြွေတို့က ဖွေးဖွေးလှုပ်နေခဲ့သည်။ သူမခင်ပွန်း ဆုံးပြီးချိန်ကတည်းက ပိတောက်ပန်းကို လက်ဆောင် ပေးမည့်သူ မရှိတော့သလို အိမ်ရှေ့ ပိတောက်ပင်ကြီးလဲ လဲပြိုသွားခဲ့ပြီ ဖြစ်သောကြောင့် ပိတောက်ပန်းနှင့်ဝေးကွာခဲ့ရသည်။ သူမ၏ သားနှင့် သမီးတို့ကလည်း ပိတောက်ပန်း ယူလာလျှင် ဖခင်ကို သတိရမည် စိုး၍လား မသိ။ မည်သည့်ခါမှ  သူမအတွက် သတိတရနှင့် ယူလာပေးတတ်သည် မရှိခဲ့ပါ။ စီးတီးမတ်ဝင်ပြီး အိမ်အတွက် လိုအပ်တာများ ၀ယ်ယူပြီး အပြန် YKKO တွင် ကြေးအိုးဝင်သောက်ဖို့ စိတ်ကူးရှိသော်လည်း တစ်ယောက်တည်း စားသောက်ရမည့် အထီးကျန်မှုမျိုးကို  သီးမခံနိုင်သောကြောင့် ဆိုင်ရှေ့တွင် ကားရပ်ပြီးကာမှ ပြန်မောင်း ထွက်လာခဲ့သည်လေ။ 



ဦးတည်ချက်မရှိ ကားကို မောင်းနှင်လာရင်း သွားစရာ နေရာ မရှိသူတစ်ယောက်၏ ခံစားချက်များဖြင့် သူမရင်ထဲ မွန်းကြပ်လို့ နေမိသည်။ အိမ်ကို ပြန်လျှင်လည်း နွေးနွေးထွေးထွေး ကြိုဆိုမည့်သူမရှိ၊ တီတီတာတာ ပြောဆိုမည့် သားသမီးများကလည်း အဝေးမှာ.။ အိမ်ဆိုသည်မှာလည်း မိသားစုစုံစုံလင်လင် စုစုစည်းစည်းနှင့် ပျော်ရွှင် ကြည်နူးဖွယ် အကြင်နာတရားတို့ လွှမ်းခြုံထားသည့် နေရာဖြစ်မှသာ နေပျော်သည် မဟုတ်ပါလားလေ။ ခြောက်ကပ် တိတ်ဆိတ် နေသော၊ နွေးထွေးခြင်းကင်းမဲ့သော၊ အထီးကျန်ခြင်းတို့သာ လွှမ်းခြုံနေလျှင်တော့ ပျော်ရွှင်စရာ နေရာ မဖြစ်နိုင်တော့ သည်မှာ သေချာသည်ပဲလေ။ ကားမောင်းနေရင်း စီးပွားရေး ကိစ္စတစ်ခုဖြင့် မနက်ဖန် နေပြည်တော်သွားဖို့ရှိတာကို သတိရလိုက်မိသည်။ အိမ်ပြန်ပြီး ခရီးထွက်ဖို့ ပြင်ဆင်တာက ပိုကောင်းလိမ့်မည်ဟု တွေးမိသဖြင့် ကားကို အိမ်သို့ မောင်းပြန်လာခဲ့တော့သည်။



အိမ်ရှေ့ရောက်ခါနီးတွင် ကြိုတင်ဟွန်းတီးလိုက်သဖြင့် အိမ်တွင်းမှ အညိုဟု အမည်ရသည့် သူမခေါ်ယူထားသော ကောင်မလေး ပြေးထွက်လာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးသည်။ ခြံတွင်းသို့ ကားကို မောင်းဝင်မည်အပြုတွင် မြင်လိုက်ရသော မြင်ကွင်းတစ်ခုက သူမကို အံ့အားသင့်သွားစေခဲ့သည်။ သူမတို့ ခြံဝင်းရှေ့က အုတ်ခုံလေးပေါ်တွင် ပါကင်ပေပါ လှလှလေးဖြင့် ထုပ်ပိုးထားသော ပိတောက်ပန်းကလေးများ.. ပါကင်ပေပါလေးက အစိမ်းရောင် လွင်လွင်ကလေး၊ ပိတောက်ပန်းများကတော့ ရွှေရောင် ၀င်းဝင်းဝါ၀ါကလေး ဖြစ်၍ အစိမ်းနှင့် အ၀ါ၏ လိုက်ဖက်မှုက ပန်းစည်းလေးကို ပိုမို တောက်ပ ၀င့်ထည်လာစေသည်လေ။ သူမ ကားကို ခြံဝတွင်ရပ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ပိတောက်ပန်းစည်းလေးကို ကောက်ယူလိုက်မိသည်။ ပန်းစည်းပေါ်တွင် မည်သည့် ကဒ်ပြား မည်သည့် အမှတ်အသား တစ်ခုတစ်လေမှ မတွေ့ရ။ သို့သော် သေချာတာတစ်ခုက တစ်စုံတစ်ယောက်က ခူးယူပြီး မေ့လျော့ထားခဲ့သည်တော့ မဖြစ်နိုင်။ ပန်းစည်းသည် အတော်လေးကို ကြီးပြီး ပါကင်စက္ကူဖြင့်ပင် လှလှပပ သေချာထုပ်ပိုးပြီး ဖြစ်လေသဖြင့် တစ်စုံတစ်ယောက်ကို ပေးဖို့ရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်လာခြင်းသာ ဖြစ်နိုင်လေသည်။ ပန်းစည်းကို ကိုင်ပြီး ဘေးပတ်ဝန်းကျင် ဟိုဟိုသည်သည် လိုက်ရှာကြည့်မိသော်လည်း လူရိပ်လူခြေပင် မတွေ့ရ။ သူမတို့ အိမ်ရှေ့လမ်းသွယ် တစ်လျှောက်လုံးလည်း တိတ်ဆိတ် ငြိမ်သက်လို့နေသည်။ သူမအိမ်မှ ကလေးမလေးများသည်လည်း အသက် ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေမို့ ပန်းပေးရလောက်အောင် ပိုးပန်းရမည့် အရွယ်များလည်း မဟုတ်ကြသေးသည်မှာ သေချာလှသည်။ ကားကို ဂိုဒေါင်ထဲ မောင်းသွင်းလိုက်ရင်း ပိုင်ရှင်မဲ့ အမည်မဲ့ ထိုပန်းစည်းလေးကို အိမ်တွင်းသို့ သူမ ယူဆောင်လာခဲ့မိသည်။



အိုး ပိတောက်ပန်းနှင့် ဝေးကွာခဲ့သည်မှာ ဘယ်နှနှစ်ပင်ရှိပါလိမ့်.. အိမ်မှာ ပိတောက်ပန်းနံ့ မရသည်မှာလည်း ကြာခဲ့ပြီလေ.. တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ပန်းအိုးများတွင် ပိတောက်ပန်းလေးများ ဝေဆာသွားပေပြီ။ သူမ၏ အိပ်ခန်းတွင်းရှိ ပန်းအိုးလေးတွင်လည်း ၀င်းဝင်းဝါ၀ါနှင့် ရွှေရည်လူးနေသော ပိတောက်ဖူးလေးများက အစွင့်သား။ မည်သူ့အတွက် ရည်ရွယ်၍၊ မည်သူက လာထားပေးသွားမှန်းမသိသော အမည်မတပ်ထားသော ထိုပိတောက်ပန်း ကလေးများသည် လူတစ်ယောက်၏ စိတ်ကို ရွှင်လန်းချမ်းမြေ့အောင် စွမ်းဆောင်မှု ပေးနိုင်ခဲ့သည်ကတော့ သေချာသည်လေ။ ဘာဘဲဖြစ်ဖြစ် ဒီနေ့တော့ မွှေးမြ လန်းဆန်းနေသည့် ပိတောက်ပန်းစည်းလေးသည် သူမ၏ အထီးကျန်ခြင်း၊ ငြီးငွေ့ခြင်းတို့ကို အဝေးသို့ လွှင့်ပျောက်စေနိုင်ခဲ့လေပြီ။ ဒီပန်းစည်းလေးကို ဘယ်သူက လာပေးသည်၊ ဘယ်သူ့အတွက် ရည်ရွယ်သည်ကို  သိလာအောင် သူမ ဘယ်တော့မှ မကြိုးစားချင်တော့ပါ။



မျက်စိလေးကို အသာအယာ မှေးမှိတ်ကာ သင်းပျံ့ ထုံအီလှသော ပန်းရနံ့လေးကို အဆုပ်တွင်းထိရောက်အောင် တစ်မက်တစ်မော ရှုရှိုက်မိရင်း သူမခင်ပွန်း ရှိစဉ်က နှစ်စဉ်နှစ်တိုင်း မပျက်မကွက် လက်ဆောင်ပေးခဲ့သော အဖြစ်အပျက် ကလေးများကို ပြန်လည် မြင်ယောင်လာမိရကာ သူမမျက်နှာလေး တစ်ဖြေးဖြေးနှင့် ပြုံးယောင် သန်းလာလေသည်။ ပန်းရနံ့တို့ကတော့ သူမခင်ပွန်းရှိစဉ်က လက်ဆောင်ပေးခဲ့သော ရနံ့များလိုဘဲ ချိုအီမွှေးမြနေဆဲ၊ သူမစိတ်နှလုံးကို လန်းဆန်း စေနိုင်တုန်းပါပဲ.. အချစ်ဆိုတာ အချိန်ကာလ ဘယ်လောက်ပင် ကြာညောင်းသည်ဖြစ်စေ ဟောင်းနွမ်း သွားသည့် အရာ မဟုတ်သလို၊ မေ့ပျောက်သွားမည့်အရာလဲ မဟုတ်သည်မှာ ပိတောက်ပန်းနှင့်ပတ်သက်၍  သူမ၏ ခံစားချက်လေးများနှင့်၊ မပြောင်းလဲသော ပန်းရနံ့လေးများက သက်သေဖြစ်လို့ နေသည်ပဲလေ။





မကြာခင်မှာ ကျရောက်လာတော့မဲ့ မြန်မာတို့ရဲ့ ပျော်စရာသင်္ကြန်ကို ရည်ရွယ်ပြီး ဒီဝတ္ထုလေးကို  ဧပြီလ ၁ရက်နေ့မှာ အားလုံးအတွက် အမှတ်တရ ခံစား ရေးဖွဲ့ဖြစ်ပါတယ် ။ စာဖတ်သူများနဲ့ ချစ်ခင်ရသော သူငယ်ချင်းများအားလုံး အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ကြည်နူးနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။



ချော(အစိမ်းရောင်လွင်ပြင်)

လိုအပ်ချိန်တိုင်း

 

ကျင့်ဝေ နှင့် ရင်ရင် မှာ တစ်မြို့ထဲတွင် ကြီးပြင်းလာကြသူများ ဖြစ်ပြီး ငယ်စဉ်ထဲက ကျောင်းအတူတူ တက်လာကြတဲ့ သူများလည်းဖြစ်သည်။ အရွယ်ရောက်လာချိန်မှာတော့ သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အလွန်ချစ်ကြသော ချစ်သူများ ဖြစ်လာခဲ့သည်။ ယောက်ျားပီသပြီး သူမအပေါ် နုညံ့စွာ ဆက်ဆံတတ်သူ ကျင့်ဝေကို ရင်ရင် က ယုန်ကလေးလို့ ခေါ်လေ့ရှိပြီး၊ ကျင့်ဝေကတော့ ရင်ရင်လို့ပဲ ခေါ်လေ့ရှိကာ  တစ်ခါတစ်ရံ မှာတော့   အရူးမလေးလို့လည်း ချစ်စနိုးဖြင့် ခေါ်တတ်ပြန်သည်။ တက္ကသိုလ် တက်တော့လည်း ဇာတိမြို့နှင့် အနည်းငယ်ဝေးသော မြို့ကြီးတစ်ခုမှာ  သူတို့ နှစ်ယောက် အတူတူ တက်ခဲ့ကြသည်။  နှစ်ယောက်သား တက္ကသိုလ် ရက်များကို ပျော်ပျော် ရွှင်ရွှင် ကျော်ဖြတ်လာကြပြီးသည့် နောက်မှာတော့ ဘွဲ့တစ်ခုစီ အသီးသီး ရသွားခဲ့ကြလေပြီ။  

ဘွဲ့ယူပြီး နောက်တစ်နေ့မှာ ရင်ရင်မှ ယုန်ကလေးကို ရှေ့ရေးကိစ္စ တိုင်ပင်စကား ဆိုလေသည်။ 

“ယုန်ကလေးရေ ငါတော့ ပီကင်းမြို့နားမှာ ရှိတဲ့ ဆီလီကွန်တောင်ကြားမှာ သွားပြီး အလုပ် လုပ်တော့မယ် အဲဒီနေရာက နောက်ကို ဒီထက် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ အများကြီး ရှိနေတယ်… အလုပ်အကိုင်လဲ မရှားဘူးလေ နင်ရော ဘယ်လို စဉ်းစားထားလဲ ”
 
 
“အင်း ဒါဆိုရင် ငါကတော့စီချွမ်းကိုဘဲ ပြန်တော့မယ်.. ငါတို့ ဇာတိဒေသက အလှအပတွေ ပေါတယ်၊  သာလည်းသာယာတယ်.. နောက်ကိုလဲ ဒီထက် ဖွံ့ဖြိုး တိုးတက်လာဦးမှာ.. ပြီးတော့ ကောင်မလေး တွေလည်း ချောတယ်.. တကယ်လို့ နောက်ကို နင်ငါ့ကို မယူလဲ ငါပူစရာမလိုဘဲ တစ်ခြားကောင်မလေး ချောချောလေးတွေကို ရနိုင်သေးတယ်လေ” 

ပြုံးရယ်ရင်း ပြောလိုက်သော ယုန်ကလေးရဲ့ စ နောက်မှုကြောင့် ရင်ရင်က  သူ့ရင်ဘတ် ကလေးကို လက်သီးဆုတ်ကလေးနှင့် ခပ်ဖွဖွ ထုလိုက်ရင်း  

“နင်ကလေ အားနေရင် ဒါဘဲ စဉ်းစားနေတယ် မိန်းမယူဖို့ အကြောင်းဘဲ.. ဘယ်ရမလဲ… ငါနင့်ကိုမယူတောင်မှ နင်တစ်ခြားကောင်မလေးတွေကို မကြိုက်ရပါဘူး.. ငါ့ကိုဘဲချစ်ရမယ်.. ငါ့အကြောင်းဘဲ စဉ်းစားရမယ်.. နင်တစ်ခြားကောင်မလေး တစ်ယောက် ယောက်နဲ့ ပတ်သက်ဖို့ လုံးဝခွင့်မပြုနိုင်ပါဘူး.. ဟွန့် ”  လို့ ချစ်စဖွယ် အမူအရာလေးနဲ့ ပြန်ပြောလိုက်တော့သည်။
 
ယုန်ကလေးက ရင်ရင့်ရဲ့ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး နဖူးကို ညင်ညင်သာသာ ဖွဖွရွရွလေး နမ်းရှိုက်လိုက်ရင်း  

“ အရူးမလေး… ငါတို့မိဘတွေက စီချွမ်းမှာ ရှိနေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးလေ...  နင်က တိုးတက်ချင်တဲ့သူ ဆိုတော့ ပီကင်းသွားပြီး အလုပ်လုပ်မယ်ဆိုရင် ငါမပြန်လို့  ဘယ်ဖြစ်မလဲ..  နင့် မိဘတွေကိုလဲ နင့်ကိုယ်စား  ငါက စောင့်ရှောက်ပေးရမှာပေါ့.. ဒါမှ သမက်ကောင်း တစ်ယောက် ဖြစ်လာမယ်လေ မဟုတ်ဘူးလား... နင့်ကိုလဲ ငါယုံကြည်စိတ်ချပါတယ်.. နင်လုပ်ချင်တာကိုလဲ မတားမြစ်ချင်ဘူး.. ဘာဘဲဖြစ်ဖြစ် အကြာကြီးတော့ မခွဲချင်ဘူးဟာ နင်မြန်မြန် ပြန်လာခဲ့နော်  ”  

ယုန်ကလေးရဲ့  စကားအဆုံးမှာ ရင်ရင့်ရဲ့မျက်ဝန်းမှ မျက်ရည်များ ရစ်ဝိုင်းလာပြီး  ရင်ခွင်ထဲကို တိုးဝင်လိုက်ကာ ချုံးပွဲချ ငိုကြွေးနေတော့သည်။   
...............................................................။
နှစ်ဦးသား အနေဝေးသွားကြသော်လည်း  အဆက်အသွယ်က အမြဲမပြတ် ရှိနေခဲ့ကြသည်။ ဖုန်းဖြင့် အမြဲ အဆက်အသွယ် ရှိသလို မက်ဆေ့လေးတွေပို့ကာ ချစ်သူနှစ်ဦးရဲ့ သံယောဇဉ်ကြိုးတွေ ခိုင်မြဲအောင် တည်ဆောက်ထားကြသည်။ တစ်နေ့တွင် ရင်ရင်က အလွန်ချစ်ကြသော ချစ်သူနှစ်ဦး အကြောင်း ရေး ထားသော ဇာတ်လမ်းလေးတစ်ခုကို အင်တာနက်ကနေ ဖတ်လိုက် ရပါသည်။ ဇာတ်လမ်း ထဲတွင် ကောင်မလေးက သူ့ချစ်သူ ကောင်လေးနှင့် ဖုန်းပြောပြီးတိုင်း ကောင်လေးကို အရင်ဆုံး ဖုန်းချစေသည့် အကြောင်းလေးက ပါဝင်နေသည်။ ထိုကဲ့သို့ ဖုန်းချခိုင်းခြင်း သည် ကောင်မလေးက ကောင်လေးကို အရမ်း ချစ်လွန်း၍ ဆိုသည့် အဓိပ္ပါယ်နှင့် ကောင်လေးကို ဖုန်းအရင် ချစေသည် တဲ့လေ။ ထိုနံမည်ကျော် လူငယ်ကြိုက် အချစ် ဇာတ်လမ်းလေးကို ဖတ်ပြီး ရင်ရင်က သူ့ချစ်သူကို ထူးထူးကဲကဲ သတိရနေမိသည်။  


ထိုညက ခါတိုင်းကဲ့သို့ ဖုန်းပြောပြီးချိန်တွင် ရင်ရင်က သူဖတ်ထားသော ဇာတ်လမ်းလေး ထဲက အတိုင်း ယုန်ကလေးကို တောင်းဆိုလိုက်သည်။
 

“ဖုန်းကို နင်အရင်ချနော်..  ” 

“အရူးမလေး ဘာအရူးထပြန်ပြီလဲ .. ဘယ်သူအရင်ချချပေါ့ ဘာထူးမှာမို့လဲ” 

“အိုး မရပါဘူး.. နင်အရင်ချရမယ်.. နင်ငါ့စကား နားမထောင်ဘူးလား ဒါဆို နောက်နေ့ကစပြီး နင့်ကို ငါမခေါ်တော့ဘူး.. ငါ့ဆီလဲ ဖုန်းမဆက်နဲ့တော့.. နင်လဲ ဘယ်တော့မှ မိန်းမရတော့မှာ မဟုတ်ဘူး.. ” 

ရင်ရင့် စကားကြောင့် ယုန်ကလေး ခေတ္တအသံတိတ်သွားသည်။ ထို့နောက်
 
“အင်း အိုကေ အိုကေ ငါရန်မဖြစ်ချင်ပါဘူး.. ငါအရင်ဖုန်းချပါ့မယ် .. ”ဟု ပြောပြီး ဖုန်းကို ချသွားတော့သည်။
 
ဖုန်းချပြီးမှ ထွက်ပေါ်လာတဲ့ Busy သံလေးကို သေချာနားထောင်ပြီး ရင်ရင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ သူမမျက်နှာပေါ်တွင် လှိုက်လှိုက်လှဲလှဲ  အပြုံးလေးနှင့်အတူ “အချစ်ရေ မင်းထက်ကို ငါက ပိုချစ်လို့ ဖုန်းကို အရင် ချခိုင်းတာပါကွယ်.. ” လို့ တီးတိုးလေး ပြောလိုက်ပါတော့သည်။ အဲဒီနောက်ပိုင်း ဖုန်းတွေပြောတိုင်းလည်း တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်ပြီးကြတဲ့ အချိန်မှာ ကောင်မလေးဟာ ယုန်ကလေး၏ ဖုန်းချသံလေးကို နားထောင်ပြီးမှသာ ဖုန်းကို ပိတ်လေ့ရှိသည်။ 

သို့သော်လည်း အချိန်ကြာလာသော အခါတွင်တော့ ကောင်မလေး၏ ရင်ထဲတွင် ယုန်ကလေး ဖုန်းအရင်ချသည့် ကိစ္စနှင့်ပါတ်သက်ကာ တစ်စုံတစ်ရာ ခံစားချက်ကြောင့် ၀မ်းနည်းစိတ် ဖြစ်ပေါ် လာမိပါသည်။ သူ့ကို ဖုန်းအရင် ချခိုင်းတာဟာ သူမက ပိုချစ်လို့ဆိုတာ သိမှသိပါ့မလား ဟုလည်း စိတ်ထဲမှာ တွေးတောလာမိသည်။ ယုန်ကလေးကိုလည်း  ထို အချစ်ဇာတ်လမ်းလေးကို တွေ့ပြီး ဖတ်စေချင်မိကာ သူမကို ဖုန်းအရင် ချဖို့ ပြောလာ တာကို မျှော်လင့်ချင်မိသည်လေ။ ဘာဘဲဖြစ်ဖြစ် ရင်ရင့်စိတ်ထဲတွင်တော့ သူမဟာ ယုန်ကလေးကို သိပ်ချစ်လွန်းသူ၊ ယုန်ကလေး ချစ်တာထက်ပိုပြီး သူမက  ပိုချစ်ရသူရယ်လို့ စိတ်ထဲမှာ ယူဆထားလိုက်သည်။ 
..............................................................။ 

တိုးတက်ချင်သည့် စိတ်ကြောင့်သာ  အလုပ်လုပ်နေရသော်လည်း မြို့နှင့် အနည်းငယ် အလှမ်းဝေး ချောင်ကျပြီး လုံခြုံရေး သိပ်မကောင်းလှသော ရင်ရင် လက်ရှိရောက်နေရာ အရပ်ဒေသသည် မိန်းခလေးများ  အနေနှင့် နေထိုင်ဖို့ သိပ်ပြီး မသင့်တော်လှပေ။  လူဆိုး သူခိုးလည်း ပေါများလှသည်။ ယုံကြည်ချက်၊ မျှော်လင့်ချက်တို့ကြောင့်သာ  နေနေရပေမဲ့ သူမစိတ်ဓာတ်တွေက တစ်ဖြေးဖြေး ကျဆင်း လာသည်။ နေပျော်ချင်စရာ အရပ်လို့ သူမက မထင်တော့ပေ။ အားငယ်စိတ်များ၊ မွန်းကြပ်သည့်စိတ်များလည်း တစ်စစ တိုးပွားလာ နေသည်။ သို့သော်လည်း ယုန်ကလေးကို သူမ ဖြစ်နေသည့် ခံစားချက်များကို တစ်စွန်းတစ်စမျှ မပြောပြဖြစ်ပေ။ သူမက ကိုယ့်ကိုယ်ကို စိတ်ဓာတ် ခိုင်မာသူရယ်လို့လဲ သူ့ကို သိစေချင် နေမိသည်။   

တစ်နေ့ သူမ၏ အခန်းဖော် ကောင်မလေး မိသားစုကိစ္စကြောင့် အိမ်ပြန်သွားသောအခါ သူမတစ်ယောက်တည်း အခန်းတွင် ကျန်ရစ်ခဲ့လေသည်။   ခုတစ်လောတွင် သူခိုးများက မိန်းခလေးတွေချည်း နေထိုင်သော နေရာများတွင် ပိုပြီး သောင်းကျန်းနေသည် ဆိုသည့်သတင်းကို ကြားနေရသည့်အတွက်လည်း ကြောက်ရွံ့စိတ် ဖြစ်ပေါ်နေမိသည်။ ညရောက်ချိန် ယုန်ကလေးနှင့် ဖုန်းပြောသောအခါတွင်တော့ ပုံမှန်အတိုင်း ခါတိုင်းလိုသာ  ဖုန်းပြောဖြစ်ပေမယ့် သူမရင်ထဲက ကြောက်ရွံ့စိတ်ကို ယုန်ကလေး မသိအောင် ဖုန်းကွယ် ထားခဲ့သည်။ 

ညသန်းကောင် သူမ အိပ်ပျော်နေစဉ်မှာ တီးတိုးသံတစ်ခုကြောင့်  ရုတ်တရက် လန့်နိုးလာခဲ့သည်။ သေချာ နားစိုက် ထောင်သည့်အခါ သူမ အခန်းတံခါးကို အပြင်ဘက်က  ဖွင့်ဖို့ ကြိုးစားနေသံကို ကြားလိုက်ရသဖြင့်  ကြက်သီးမွေးညင်းများ ထောင်ထလာပြီး သူမတစ်ကိုယ်လုံး တစ်ဆတ်ဆတ် တုန်ယင်လာမိသည်။ ဘေးဝန်းကျင် အခန်းများတွင်လည်း လူမရှိကြသည်ကို သူမ သတိရလိုက်မိသဖြင့် မျက်ဝန်းမှ မျက်ရည်များ စီးကျလာကာ ကြံရာမရ ဖြစ်ပြီး ထိတ်လန့် တုန်လှုပ်နေမိသည်။ သူမ ပထမဆုံး သတိရမိသည်မှာ ချစ်သူ ယုန်ကလေး ကိုသာ ဖြစ်သည်။ ထို့ကြောင့် ခေါင်းအုံးအောက်က ဖုန်းကလေးကို ဆွဲထုတ်ကာ  ယုန်ကလေးရေ… ငါအခုချိန်မှာ အရမ်းကြောက်နေတယ်  ဆိုသည့် မက်ဆေ့တစ်စောင် အမြန်ဆုံးရိုက်ပြီး ကောင်လေးဆီ ပို့လိုက်မိသည်။ 

ဒီချိန်ဆို သူ့ချစ်သူ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပါက မက်ဆေ့ဝင်သောအသံကို ကြားနိုင်မှာ မဟုတ်သည့်အပြင်၊ ဖုန်းကိုပိတ်ထားခဲ့လျှင်လည်း မက်ဆေ့ကို မည်သို့မျှ တွေ့နိုင်မှာ မဟုတ်ဟု တွေးမိသဖြင့် သူမရင်ထဲမှာ မျှော်လင့်ချက်များ ကင်းမဲ့ကာ ကူကယ်ရာမဲ့သူ တစ်ယောက်၏ ခံစားချက်မျိုးနှင့် တုန်လှုပ်လို့ နေမိသည်။ 

သို့သော် သူမ မက်ဆေ့ ပို့ပြီး စက္ကန့်အနည်းငယ်အကြာမှာ ယုန်ကလေး ထံမှဖုန်း ဝင်လာသည့်အတွက် ဝမ်းသာလွန်း၍ သူမလက်တွေတောင် တုန်ယင်နေခဲ့သည်။
 

“ယုန်ကလေးရေ ငါ့ကိုကယ်ပါဦးဟယ်.. အခု ငါ့အခန်းရဲ့ အပြင်ဘက်မှာ သူခိုး ရောက်နေတယ် နဲ့တူတယ်.. တံခါးကို ဖွင့်ဖို့ ကြိုးစားနေတယ်လို့ ငါထင်တယ်.. ငါ ငါ အရမ်းကြောက်နေတယ်” လို့ လေသံတိုးတိုးလေးနဲ့ သနားစဖွယ် အားကိုးတကြီး ပြောလိုက်သည်။ ရင်ရင့်ရဲ့ တုန်လှုပ်နေသော အသံလေးနှင့် ဆန့်ကျင်စွာ ယုန်ကလေးမှ တည်ငြိမ် စွာဖြင့် 

“ ရင်ရင် နင်မကြောက်နဲ့နော် နင့်ဘေးမှာ ငါရှိနေတယ်လို့ တွေးထား အခု ငါပြောတာ သေချာနားထောင်.. ဖုန်းရဲ့ စပီကာကို အကျယ်ဆုံးဖွင့်လိုက် ပြီးတော့ တံခါးနားကို ကပ်သွား တံခါးနားရောက်တာနဲ့ ငါ့ကိုပြော… သိပ်မကြောက်နဲ့ ငါ့ကို ယုံကြည်တယ်ဆိုရင် တည်တည်ငြိမ်ငြိမ်လုပ်…”  ဟု ပြောလိုက်သည်။  
ယုန်ကလေးရဲ့ရည်ရွယ်ချက်ကို သူမ သဘောပေါက်သွားသည်။  တစ်ဖြေးဖြေးနှင့် တည်ငြိမ်လာပြီး တံခါးနားကို တိတ်ဆိတ်စွာ တိုးကပ်သွားသည်။ တံခါးနားကို ရောက်လျင် 

 “ငါတံခါးနားရောက်ပြီ စပီကာလဲဖွင့်ထားပြီးပြီ” ဟု ယုန်ကလေးကို တိုးတိုးလေး ပြောလိုက်သည်တွင်  ဖုန်းထဲမှ ယုန်ကလေးအသံက ဟိန်းထွက်လာသည်။

ဟေ့ တံခါးအပြင်ဘက်မှာ ဘယ်သူလဲကွ… အစ်ကိုတို့ ထကြထကြ.. အပြင်မှာ ဘယ်သူတွေလဲမသိဘူး.. 
ကျယ်လောင်ပြီး မာကြောလှသော လေသံကြောင့် ရင်ရင် ကိုယ်တိုင်ပင် ရုတ်တရက် လန့်ဖြန့် သွားမိသလို အပြင်ဘက်မှာလည်း ထွက်ပြေးသွားသော ခြေသံကို ကြားလိုက်ရသည်။ သူခိုးသည် ရင်ရင်တို့အခန်းတွင် ယေက်ျားလေးများသာ နေသည်ဟု ထင်ပြီး ကြောက်ရွံ့ကာ ထွက်ပြေးသွားပုံရလေသည်။ ရင်ရင်လည်း ဒီတွင်မှသာ အသက်ကို ပြင်းစွာ ရှူရှိုက်လိုက်ပြီး ခြေလက်တွေပင် ပျော့ခွေသွားကာ တံခါးဝမှာတင် ခြေပစ်လက်ပစ် လဲကျ သွားလေတော့သည်။ 

အနည်းငယ်ကြာမှ ရင်ရင့်ထံက  “အချစ်ရယ် နင့်ကို ငါ ကျေးဇူး တင်လိုက်တာဟာ.. ” ဆိုသော အသံထွက်လာသဖြင့် ယုန်ကလေးကလည်း အားပေးစကားပြောရင်း ပြန်နှစ်သိမ့် ပေးနေသည်။ ထိုညက တစ်ညလုံး မိုးလင်းချိန်ထိ ယုန်ကလေးက သူမကို စကားတွေ ပြောကာ အဖော်လုပ်ပေးနေသည်မှာ မိုးစင်စင်လင်းတော့မှသာ  “ အချစ်လေး.. အရူးမလေးရေ အလုပ်ကို သတိနဲ့သွားနော်.. အလုပ်မှာ အိပ်မငိုက်အောင်လဲ ဂရိုစိုက်ဦး.. တော်ကြာ နင့်သူဌေးရှေ့မှာ အိပ်ငိုက်နေဦးမယ်” ဟုပြောပြီး ဖုန်းချသွားသည်။  

ဖုန်းချလိုက်ပြီးသည့် နောက်မှာလည်း သူမ၏ ရင်ထဲတွင် ကြည်နူးနစ်သိမ့်ခြင်း၊ ကျေနပ် ပီတိဖြစ်ခြင်းများ အတိုင်းမသိ ဖြစ်ကာ ယုန်ကလေးသည် သူမ ဘ၀တစ်လျှောက်လုံးကို လုံခြုံမှု ပေးသွားနိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်လိုက်မိသည်။ ယုန်ကလေးသည် သူမအပေါ်မှာ သိပ်ကောင်းသည် ဆိုသည့်အချက်ကို သံသယမရှိသော်လည်း သူမကို ဖုန်းအရင်ချဖို့ ဘယ်တော့မှ ပြောတော့မှာ မဟုတ် ဆိုသည့် အတွေးကိုတော့ သူမ ဖျောက်လို့ မရသေးပေ။ ယုန်ကလေးသည် သူမချစ်သလောက် မချစ်လို့သာ ဖုန်းအရင်ချဖို့ ဘယ်တော့မှ မပြောတာပဲ ဟူ၍လည်း ရူးရူးနမ်းနမ်း တွေးနေဆဲပဲ ဖြစ်သည်။
 
.......................................................။ 

နွေဦး ရာသီကို ရောက်လာသဖြင့် တစ်ဖြေးဖြေး ပူပြင်းလာပြီ။  သူမဝတ်သော အင်္ကျီပါးလေးတွေမှာ ထည့်စရာအိတ် မပါသည့်အတွက် ဖုန်းကို သွားလေရာ ယူသွားဖို့ မကြာခန မေ့လျော့တတ်လာသည်။ တစ်ခါတစ်ရံ ရုံးကိုလာသောအခါ အိမ်ခန်းထဲတွင် ဖုန်းကိုမေ့ခဲ့တတ်သည်၊၊ ကင်တင်းတွင် ထမင်းသွားစားသော အချိန်တွင်လည်း ဖုန်းကို ရုံးခန်းထဲက သူမစားပွဲထဲတွင် မေ့ကျန်ခဲ့တတ်ပြန်သည်။  သူ့အခန်းဖော် ကောင်မလေးက ဖုန်းကိုငှားပြီး အပြင် ထွက်သွားသည့်အခါတွင်လည်း ပြန်တောင်းဖို့ သတိမေ့နေတတ်သည်။ ထို အချိန်တွေမှာ ကောင်လေးဆီက ရောက်နေတတ်သော မက်ဆေ့ပေါင်း များစွာ၊ ကိုင်သူမရှိသဖြင့် ပြန်မထူးဖြစ်သော Missed Calls များစွာအတွက် သူမစိတ်ထဲမှာ ကျေနပ်မှုလေး တစ်မျိုး ခံစားရသည်။ သူမကို ဘယ်တုန်းကမှ ဖုန်းအရင်ချပါလို့ မပြောတတ်ခဲ့သော ယုန်ကလေးအတွက် ထိုက်တန်သော အပြစ်ပေးခြင်း တစ်မျိုးဟု သူမစိတ်ထဲ ကျေနပ်မိတတ်သည်။ 

ဒီလိုနှင့် သူမ၏ ဘဝကို ပြောင်းလဲစေမည့် မေလ ၁၂ ရက်နေ့သို့ ရောက်လာခဲ့သည်။  ထူးခြားမှုမရှိသော သာမန်နေ့လေး တစ်နေ့အဖြစ်နှင့် ရုံးတွင် လုပ်စရာရှိသောအလုပ်များကို လုပ်နေခဲ့မိချိန်မှာ  မမျှော်လင့်သော သတင်းတစ်ခု သူမ ကြားလိုက်ရသည်။ အလွန် ပြင်းအားကြီးသော ငလျှင်တစ်ခုသည် စီချွမ်းဒေသကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးမှု များပြားလွန်းလှသည် ဆိုသော သတင်းများ ဆက်တိုက်ဝင်လာသောအခါ  သူမ ထိတ်လန့် တုန်လှုပ်သွားတော့သည်။ ရုတ်တရက် အသိစိတ်ဖြင့် သူမ၏ အိတ်ထဲတွင် လက်ကိုင်ဖုန်းကို လိုက်ရှာသည့်အခါမှ အိမ်တွင် မေ့ကျန်နေခဲ့မှန်း သိလိုက်ရတော့သည်။ သူမချက်ခြင်းဘဲ ရုံးဖုန်းကို ကောက်ကိုင်ကာ ယုန်လေးဆီကို ဖုန်းခေါ်လိုက်သည်။  ထပ်ခါထပ်ခါ အကြိမ်ပေါင်းများစွာ ခေါ်ဆိုသော်လည်း တစ်ဖက်က ဖုန်းလိုင်းက လုံးဝကို အလုပ်မလုပ်တော့ပေ။ သူမ၏ မိဘအိမ်ကို ခေါ်ပြန်တော့လည်း ထို့အတူပဲ ဖြစ်နေသည်။ စီချွမ်းဒေသ၏ ဖုန်းဆက်သွယ်မှု ကွန်ယက် တစ်ခုလုံး ငလျှင်ဒဏ်ကြောင့် ဆိုးဝါးစွာ ပျက်စီးသွားခဲ့လေပြီလား။

စိုးရိမ်ပူပန်ခြင်း ထိတ်လန့် တုန်လှုပ်ခြင်းတို့ကြောင့် ဆောက်တည်ရာမရအောင် ဖြစ်နေမိသည်။ ကြားရသော သတင်း မှန်သမျှကလည်း  သူမရင်ကို မီးတစ်စလို ပူပြင်း လောင်မြိုက်နေစေသည်။ အလုပ်ကိုလဲ ဆက်မလုပ်နိုင်တော့သလို ရုံးဆင်းချိန်ထိ စောင့်နေဖို့ရန်လည်း သူမ မတည်ငြိမ်တော့ပေ။ တက္ကစီတစ်စီးကို တားလိုက်ကာ သူမနေထိုင်ရာ အခန်းကို ပြန်ပြေးလာမိတော့သည်။ အခန်းရောက်လို့  ဖုန်းကိုတွေ့သည့်အချိန်မှာတော့  သူမမျှော်လင့်ထားသလို Missed Calls ပေါင်း ၅၀ ကျော် ရှိနေသည်။ အားလုံးသည် ယုန်ကလေး ထံမှ လာထားသော ဖုန်းများသာ ဖြစ်သည်။ ထို့ပြင်  Voice Message  နှစ်ခုကိုလည်း တွေ့လိုက်ရသည်။ သူမရဲ့လက်တို့ တုန်ယင်စွာဖြင့် ဖွင့်ကြည့်လိုက်သည့်အခါ..... 

အရူးမလေး ငါရဲ့ အချစ်လေးရေ.. မင်းကို ချစ်ခဲ့သမျှ တစ်ဘ၀လုံးစာ အချစ်တွေနဲ့ မင်းဖုန်းကို ငါခေါ်နေတာပါကွယ်.. မင်းဘာလို့များ ဖုန်းမကိုင်ရတာလဲကွယ်။ မင်းကို ငါချစ်တယ်.. အရမ်းချစ်တယ်.. မင်းထင်မှတ်မထား လောက်အောင်ကို ချစ်ပါတယ်.. မင်းချစ်တာထက်လည်း အဆများစွာ ပိုချစ်ပါတယ်.. မင်း ငါ့ကို ဖုန်းအရင်ချခိုင်းကတည်းက ဟိုဇာတ်လမ်းလေးကို မင်းဖတ်လိုက်ရပြီဆိုတာ ငါသဘောပေါက်ပါတယ်.. ဒါပေမဲ့အချစ်ရယ် ငါမင်းကိုပြောပြချင်ပါတယ်.. မင်းချစ်တာထက် များစွာ ငါက မင်းကို ချစ်ရတာပါ.. ငါလဲ အဲဒီဇာတ်လမ်းကလေးကို ဖတ်ရပါတယ်.. အကြိမ်ကြိမ်အခါခါ ဖတ်ခဲ့ပြီးပါပြီ.. ကြေကွဲစရာနဲ့ အဆုံးသတ်ထားတဲ့ ဒီဇာတ်လမ်းကလေးက ငါတို့နဲ့ ဘာများသက်ဆိုင်လို့လဲကွယ်.. ငါက မင်းကို ဒီလို နာကျင် ကြေကွဲမှုတွေ ပေးမဲ့သူမဟုတ်ပါဘူး.. မင်းစိတ်ချမ်းသာအောင် မင်းပျော်ရွှင်အောင် လုပ်ပေးမဲ့သူပါ.. မင်းနဲ့ ရာသက်ပန် ရိုးမြေကျပေါင်းလို့ တစ်ဘ၀လုံးအတွက် မင်းကို စောင့်ရှောက် ကာကွယ်ပေးမဲ့သူပါ..
 
တုန်ယင်စွာနှင့် ထွက်ပေါ်နေသော ယုန်ကလေး၏ အသံသည် ဖြည်းညင်းစွာဖြင့် သူမ နှလုံး အိမ်ထဲ အထိ တိုးဝင်လာနေသည်။ ရင်ခွင်တစ်ခုလုံး တဆစ်ဆစ်ဖြင့် နာကျင်လွန်းလှသည်။ အရာ ဝတ္ထုများ ပြိုကျနေသော နောက်ခံသံတို့ကြောင့် သူမလက်များ တဆတ်ဆတ် တုန်ယင်နေသည်။ ယုန်ကလေး နင် ဘာတွေများ ဖြစ်နေပြီလဲကွယ်....။ ဖုန်းကို နားထဲ ဝင်မတတ် တိုးကပ်လိုက်မိသည်။ 

ပြီးတော့လဲ စိတ်ကူုးယဉ် ဇာတ်လမ်းတွေနဲ့ မင်းကို နစ်မြောမနေစေချင်ဘူး.. ငါတို့က တကယ့်လက်တွေ့ဘ၀ကို ထူထောင်ကြမှာဖြစ်လို့ လက်တွေ့ဆန်တဲ့ ပျော်ရွှင်မှုမျိုးကိုဘဲ မင်းကို ငါက ပေးချင်ခဲ့တာပါ.. ငါလေ ငါဘယ်သွားသွား ဖုန်းကို ယူသွားဖို့ မမေ့ခဲ့ဘူး.. တကယ်လို့ မင်းသိပ်လိုအပ်လို့ ငါ့ကိုဖုန်းခေါ်လိုက်တဲ့အခါ ငါအဆင်သင့်ဖြစ်မနေခဲ့မှာကို သိပ်ကြောက်မိတယ်. မင်း အားငယ်နေတဲ့အခါ ကြောက်ရွံ့နေတဲ့အခါ ငါ့ကိုခေါ်မရမှာ ငါသိပ်စိုးရိမ်တယ်.. အဆုံးစွန် အိမ်သာထဲ ရောက်တဲ့အချိန်တောင် ဖုန်းကို မမေ့မလျော့ ငါယူသွားခဲ့တယ်.. ညအိပ်တဲ့အခါလည်း ဖုန်းကို ဘယ်တော့မှ ငါမပိတ်ခဲ့ဘူး..  ဘက်ထရီအသစ်လဲပြီး ဖုန်းသံကို ကျယ်ထားခဲ့တယ်... ငါအိပ်မောကျနေတုန်း မင်းဖုန်းလာခဲ့ရင် ငါမသိလိုက်မှာ စိုးလို့ပါ. ညသန်းကောင်ကြီး ကြောက်လန့်လို့ မင်းဖုန်းခေါ်တဲ့အခါ ငါမသိလိုက်မှာ၊ မကြားလိုက်မှာကို သိပ်စိုးရိမ်မိပါတယ်.. ပြီးတော့ ဖုန်းပိတ်ပြီး ငါအိပ်တဲ့အခါ တစ်နယ်တစ်ကျေးမှာ မင်းတစ်ယောက်တည်း ပိုပြီး အထီးကျန် အားငယ်နေမယ်လို့ ငါ့စိတ်ထဲမှာ ခံစားမိတယ်.. 
 
ငါ့ကို ဖုန်းအမြဲ အရင်ချခိုင်းတတ်တာ မင်းငါ့ကိုသိပ်ချစ်လို့ဆိုတာ ငါသိပါတယ်.. ဒါကိုသိရတော့ ငါ ၀မ်းသာ မိပါတယ်.. မျက်ရည် လည်မိအောင်ကို ၀မ်းသာ ကြည်နူးမိတာပါ.. ဒါပေမဲ့ ငါဟာ ဘယ်သွားသွား ဖုန်းကို ဘယ်တော့မှ မမေ့တာ၊ ဘယ်တော့မှ ဖုန်းကို မပိတ်ခဲ့တာတွေဟာ မင်းချစ်တာထက် ငါက ပိုချစ်လို့ပေါ့ကွယ်.. ဒါပေမဲ့ မင်းကို မသိစေချင်ပါဘူး။ သိအောင်လဲ ကိုယ်မပြောပြခဲ့ပါဘူး.. ဘာလို့လဲ မင်းသိလား .. အချစ်ရေ.. ငါတို့၂ယောက် အတူတူနေကြတဲ့အခါ၊ အသက်တွေကြီးလို့ အချစ်အကြောင်း ပြန်ပြောကြတဲ့အခါ ဒီအကြောင်းတွေကို အဲဒီချိန်ရောက်မှ ငါက မင်းကို ပြောပြချင်လို့ ပါကွယ်..
 
အိုးးး သူမ အံ့သြတကြီး ရေရွတ်လိုက်မိသည်။ ယုန်ကလေးရေ နင်သိပ်ပြီး ထိန်းချုပ်နိင် လွန်းတာ ပါပဲလားဟာ။ ငါချစ်သလောက် နင်က ငါ့ကိုမချစ်ဘူးလို့ ထင်ခဲ့မိတယ်.. ငါတော့ အထင်တွေမှားခဲ့မိပြီ။ ယုန်ကလေးရေ နင်ဘာဖြစ်နေပြီလဲ ။ နင်ဘာမှ မဖြစ်ပါဘူးနော်။ နင်ပြောပြမယ့် အချစ်အကြောင်းတွေ ငါနားထောင်ပါရစေအုံးးး။ ယုန်ကလေးရဲ့ အသံက ပို၍တိုးညင်း သွားသည်။ 

ဒါပေမဲ့ အရူးမလေးရေ.. ငါတို့ကံဆိုးပါတယ်ကွယ် ငါဟာမင်းနဲ့အတူတူ အနာဂတ်မှာ မရှိနိုင်တော့ပါဘူး.. ငါ့ကျောပေါ်မှာ ထုတ်တန်းကြီးတစ်ခုက ပိကျနေခဲ့တာ ၂နာရီကျော်ခဲ့ပါပြီ.. ငါ့ခြေထောက်ပေါ်မှာလဲ အင်္ဂတေတုံးကြီးက ပိလို့... ငါ့ရင်ဘတ်တစ်ခုလုံးလဲ ကြေမွနေပြီထင်ပါတယ်.. နာလိုက်တာလဲ ပြောမပြတတ်အောင်ပါဘဲကွယ်.. သွေးညှီနံ့တွေလဲ ငါ့နှာခေါင်းထဲမှာ နံစော်နေတာပါဘဲ.. ငါသိပါတယ်.. ငါ့ကိုယ်က ထွက်တဲ့ သွေးတွေဘဲဖြစ်မှာပါ.. ငါ့သွေးတွေ ဘယ်လောက်တောင် ယိုစီးကျကုန်ပြီလဲ ငါမသိတော့ပါဘူး.. သေချာပါတယ်.. အချစ်ရယ် ငါဟာမင်းကို နောက်ထပ် အဖော်လုပ်ပေးနိုင်တော့မှာ မဟုတ်သလို၊ ကာကွယ် စောင့်ရှောက် ပေးနိုင်တော့မှာလည်း မဟုတ်ပါဘူးကွယ်.. 

Voice message ဆုံးသွားသဖြင့် သူမရင် တစ်ခုလုံး ကြေမွမတတ် ခံစားလိုက်ရသည်။ ယုန်ကလေးရယ် နင်သိပ်နာကျင်နေမှာပဲနော် ။ ငါဘယ်လိုလာကယ်ရမလဲ ။ သူမ ဆောက်တည်ရာမဲ့စွာ ဖြစ်နေတော့သည်။ ထိုင်ရာမှထသည်။ အခန်းထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်သည်။ ပြန်ထိုင်သည်။ အသက်ရှူရသည်မှာလည်း မဝတော့ပေ။ နောက်ထပ် Voice message တစ်ခုကို တုန်ယင်စွာဖြင့် ဖွင့်သည် ။ ရှိုက်ကာ ရှိုက်ကာ အသက်ရှူသံကို ကြားရပြီးနောက်.... 

 အချစ်လေးရေ.. ငါမင်းအသံကို ပြင်းပြင်းပြပြကို ကြားချင်လိုက်တာကွယ်.. ငါအကြိမ်ကြိမ် ခေါ်ပေမဲ့ ဖုန်းကို ဘာကြောင့်မကိုင်ရတာလဲ.. မင်း ဘယ်ကိုများ ရောက်နေသလဲ.. ထုံးစံအတိုင်း ဖုန်းကို မေ့ထားခဲ့ပြန်ပြီ လားကွယ်.. အရူးမလေး.. ငါ့ အချစ်လေးရေ မင်းကို ခေါ်နေတဲ့ ငါ့အသံကို ကြားရဲ့လားကွယ်.. ငါချမ်းလိုက်တာ… ဒီအပျက်အစီးတွေအောက်မှာ နောက်ထပ် ဘယ်လောက်ကြာကြာ ငါနေနေရဦးမလဲ မသိတာ့ဘူး ခုချိန်မှာ မင်းကို ဖက်ထားခွင့်ရမယ်ဆိုရင် ဘယ်လောက်များကောင်းမလဲ.. ငါအရမ်းချမ်းနေလို့ပါ.. 

အချစ်ကလေးရေ မင်းကို ငါချစ်တယ်.. ခုချိန်မှာ သေခြင်းဆိုတာ ငါနဲ့မဝေးတော့ဘူးဆိုတာ သိပေမဲ့ ငါကြောက်ရွံ့နေမိတယ်.. ဘာကြောင့်လဲ ဆိုတော့ မင်းအနားမှာ ငါမရှိနိုင်တော့မှာ စိုးမိတယ်လေ.. ဒါပေမဲ့ ငါသိပါတယ်.. ငါ မနေရတော့ပါဘူး.. ငါသွားရတော့မှာပါ... အချစ်ရေ.. မင်းအတွက် ငါ စိတ်ပူတယ်.. ငါမရှိတဲ့အခါ မင်းတစ်ယောက်တည်း အထီးကျန်နေမှာ၊ ကြေကွဲနေမှာ မလိုလားပါဘူး.. ငါမရှိတော့ရင်လေ မင်းဘ၀အတွက် အကောင်းဆုံး လူတစ်ယောက်ကို ရွေးချယ်ပါ. ငါ့ကိုကတိပေးပါနော်.. ငါ့လို မင်းအပေါ် ကောင်းတဲ့သူ ကြင်နာမဲ့သူ၊ မင်းကို သိပ်ချစ်နိုင်မဲ့သူကို ရွေးပါနော်.. သူ့ကိုလဲ မင်းက ဂရုစိုက်လိုက်ပါ။ သူနဲ့ဆိုရင် မင်းရဲ့ဖုန်းကိုလဲ ဘယ်သွားသွား ယူသွားဖို့ မမေ့ပါနဲ့နော်

အချစ်လေး.. အရူးမလေးရေ.. ငါ.... ငါအသက်ရှုလို့ မဝတော့ဘူး.. .. ငါနှုတ်ဆက်ရတော့ မယ်ထင်တယ် နောက်ဘ၀မှာ ငါတို့ ပြန်ဆုံကြပါစို့နော်. ငါပြောခဲ့ပါရစေဦး အချစ်ဆုံး အရူးမလေးရေ.. မင်းချစ်တာထက် အဆများစွာ ငါက ပိုချစ်ပါတယ်ကွယ်..အိုးးး အချစ်ရယ်...ငါမင်းကို သိပ်ချစ်.... 

အသံပြတ်တောက် သွားသော ဖုန်းကို လက်က ကိုင်ကာ သူမ ငြိမ်သက်သွားသည်။ ထို့နောက် အသက် မရှုနိုင်လောက်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်။ သူမကိုယ်ကို ခွင့်မလွှတ်နိင်ပေ။ သူမပေါ့ဆမိပါသည်။ ကိုယ့်ကိုယ်ကို ယုန်ကလေးထက်ပိုချစ်တယ် လို့ အမြဲတမ်း ထင်ခဲ့ပေမဲ့ ယုန်ကလေး ခုလိုဖြစ်တဲ့အချိန်မှာ နှစ်သိမ့်စကားလေး တစ်ခွန်းတောင်မှ ပြောခွင့် မရ လိုက်အောင် ပေါ့လျော့မိတဲ့ သူမအပြစ်က ခွင့်လွှတ်ဖို့မျှပင် မထိုက်တန်လောက်အောင် ဆိုးဝါးလွန်း လှသည်။  နာရီပေါင်းများစွာ မထတမ်း သူမ ငိုကြွေးနေမိသည်။
 
နောက်တော့ မျက်စိကိုစုံမှိတ်လိုက်ရင်း ယုန်ကလေး ကြားနိုင်အောင် သူမရင်ထဲ အသည်းထဲကနေ အော်ဟစ်လိုက်မိသည်။ 

“အချစ်ရေ.. နောက်ဘ၀မှာ ပြန်ဆုံကြမယ်.. နောက်ဘ၀မှာလည်း နင့်ကို ငါ အရမ်းချစ်ပါ့မယ်.. ပြီးတော့..  ပြီးတော့ …  ဘယ်တော့မှလဲ ဖုန်းကို မေ့မထားတော့ပါဘူး… ငါကတိပေးပါတယ် အချစ်ရယ်.... နင်လိုအပ်ချိန်တိုင်း အဆင်သင့်ရှိနေအောင် ငါဂရုစိုက်ပါ့မယ်... ငါလည်း နင့်ကို သိပ်ချစ်ပါတယ်.. ”

အနာဂါတ်တစ်လျှောက်လုံး သူမ တစ်ယောက်ထဲသာ  မွမွကြေသော နှလုံးသား တစ်စုံဖြင့်  ရှင်သန်ရပေဦးတော့မည်။ 
------------------------------------------------------------------------------------------------------- 
နှစ်ဦးသား ချစ်ကြတဲ့အခါမှာ ဖွင့်မပြောတဲ့ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှု၊ ကြင်နာတတ်မှုတို့ကို နားလည်အောင်၊ မြင်တွေ့အောင် ကြည့်တတ်ဖို့လဲ လိုပါသေးတယ်.. အချိန်နှောင်းသွားတဲ့အခါမှ သိလိုက်မယ်ဆိုရင် အရာရာ နောက်ကျလို့ သွားပါပြီ.. ဒါကြောင့် ချစ်သူများအားလုံး ကိုယ့်ချစ်သူရဲ့ အပြုအမူ၊ အကျင့်စရိုက်လေးတွေကို တစ်ဦးနဲ့တစ်ဦး သိနိုင် မြင်နိုင်အောင်၊ ပိုပြီး နားလည်နိုင်အောင် ကြိုးစားသင့်လှပါတယ်နော်.. တစ်ခါတစ်ရံမှာ ထုတ်ဖော်မပြလို့ အပေါ်ယံကြည့်ယုံနဲ့ မမြင်ရတဲ့ ကိုယ့်အပေါ် ဂရုစိုက် ကြင်နာမှုလေးတွေ ကိုလဲ မြင်အောင်ကြည့်ပြီး တန်ဖိုးထားတတ်အောင်လည်း ကြိုးစား ကြပါဦးစို့နော်..  ချစ်သူ ခင်သူများအားလုံး နားလည်မှုလေးတွေ ကိုယ်စီနဲ့ အဆင်ပြေ ပျော်ရွှင်နိုင်ကြ ပါစေရှင်.. 


သူငယ်ချင်းတစ်ယောက် ပို့ပေးလာတဲ့ တရုတ်ဇာတ်လမ်းလေး တစ်ခုကို ဘာသာပြန် ထားတာ ဖြစ်ပါတယ်.. ကျွန်မက တရုတ်စာမတတ်တဲ့အတွက် မိတ်ဆွေတစ်ယောက်က ဖတ်ပြပြီး မြန်မာလို ရှင်းပြတာရယ်၊ Google မှာ တရုတ်ကနေ အင်္ဂလိပ်လို ဘာသာပြန်ထား တာရယ်ကို ပေါင်းစပ်ပြီး အတတ်နိုင်ဆုံး ဆီလျှော်အောင် ဖြည့်တွေး ဖြည့်ရေးကာ ဘာသာပြန် ထားခြင်း  ဖြစ်ပါတယ်ရှင်.. မှားယွင်းမှုများ ပါခဲ့ရင် ကျွန်မရဲ့ ချွတ်ချော်မှုသာ ဖြစ်ပါကြောင်း ကြိုတင် ၀န်ခံ ထားပါရစေ... ဒီဇာတ်လမ်းလေး ရေးသားနိုင်ဖို့ ပါဝင်ကူညီ အားဖြည့်ပေးသော သူငယ်ချင်းများကို အထူးကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားပါရစေရှင်....

  

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစားစွာဖြင့် 

  

ချော(အစိမ်းရောင်လွင်ပြင်) 

ပေါ့ပေါ့ပါးပါး ပြုံးစရာ(၅)

 



 


ဓာတ်ပုံဆရာ


 


နေရှင်နယ်မဂ္ဂဇင်းတစ်ခုမှ ဓာတ်ပုံဆရာတစ်ယောက်ဟာ တောမီးလောင်ကျွမ်းမှုတစ်ခုကို ဓာတ်ပုံရိုက်ကူးပေးဖို့ စေခိုင်းခြင်း ခံရပါတယ်.. ပြီးတော့လဲ လောင်ကျွမ်းနေတဲ့ တောမီးအပေါ်ကို လေယာဉ်တစ်စီးနဲ့ လိုက်ပါ ပျံသန်းပြီး  ဓာတ်ပုံကို ရိုက်ကူးလာဖို့ ညွှန်ကြားခြင်းခံရပါတယ်…


 


နေမ၀င်ခင် ၁နာရီလောက်အလိုမှာ ဓာတ်ပုံဆရာဟာ တောမီးလောင်ကျွမ်းနေတဲ့ အနီးက  လေယာဉ်အဆင်းအတက် လုပ်နိုင်တဲ့ ကွင်းတစ်ခုကို ရောက်ရှိသွားပါတယ်.. ကံကောင်းတာက လေယာဉ်လေးတစ်စီးဟာ ပျံတက်ဖို့ အဆင်သင့် အနေအထားနဲ့ စောင့်ဆိုင်းနေတာကို တွေ့လိုက်ရတော့ ဓာတ်ပုံဆရာလဲ ၀မ်းသာအားရ လေယာဉ်ထဲကို တက်လိုက်ပြီး လေယာဉ်မောင်းသူကို သွားကြစို့လို့ ပြောလိုက်ပါတယ်.. လေယာဉ်မောင်းသူလဲ လေယာဉ်ကို လေထဲရောက်အောင် ပျံတက်လိုက်ပါတယ်.. လေထဲရောက်ချိန်မှာ ဓာတ်ပုံဆရာက တောမီးနဲ့ အနီးဆုံးနေရာကနေ ခပ်နိမ့်နိမ့်နဲ့ အကြိမ်များများ ပျံပေးပါလို့ လေယာဉ်မောင်းသူကို ပြောလိုက်ပါတယ်..


 


 “ဘာဖြစ်လို့လဲဗျ ” လေယာဉ်မောင်းသူက ပြန်မေးလိုက်ပါတယ်။


 


“အာ ကျွန်တော်က ဓာတ်ပုံရိုက်ရမယ်လေ… ဓာတ်ပုံဆရာပါဆို ဓာတ်ပုံရိုက်မှာပေါ့ဗျ ” လို့ ပြန်ပြောလိုက်ပါတယ်..


 


“ဘာဗျ..  ဒါဆို ခင်ဗျားက ဒီလေယာဉ်ရဲ့ ပျံသန်းမှုကို ကြီးကြပ် ညွှန်ကြားမဲ့သူ မဟုတ်ဘူးပေါ့.. ကျုပ်က သူ့ကိုစောင့်နေတာဗျ..”


 


 


-----------------------------------------------------------------------------------------------------------------------------------


 


 အင်တာဗျူး


 


မိန်းခလေးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာ အလုပ်သွားလျှောက်ပါတယ်.. ကုမ္ပဏီပိုင်ရှင်က သူမကို အင်တာဗျူးလုပ်ပြီး  မေးခွန်းတွေ မေးလိုက်ပါတယ်..


 


သူဌေး။                   ။ မင်းမှာ ရည်းစားရှိသလား


 


မိန်းခလေး။              ။ ဟုတ်ကဲ့..   ရှိပါတယ်..


 


သူဌေး။                   ။ သူက ဒီနိုင်ငံတွင်းမှာဘဲ အလုပ်လုပ်သလား


 


မိန်းခလေး။              ။ မဟုတ်ပါဘူးရှင်.. ကျွန်မရည်းစားက နိုင်ငံခြားမှာ အလုပ်လုပ်တာပါ..


 


သူဌေး။                   ။ ကောင်းပြီ. ဒါဆိုရင် ကုမ္ပဏီက မင်းကို အလုပ်မခန့်နိုင်ပါဘူး


 


မိန်းခလေး။              ။ ဘာဖြစ်လို့လဲရှင်


 


သူဌေး။                   ။ မင်းကြောင့် နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် ငွေကုန်ကြေးကျ များမဲ့ အခြေအနေကို ကုမ္ပဏီက ခွင့်မပြုနိုင်ပါဘူး..


 


 


(မိန်းခလေးများ အလုပ်အင်တာဗျူး ဖြေတဲ့ခါ  နိုင်ငံခြားမှာ ရည်းစားရှိနေရင် ယောင်လို့တောင် မပြောမိစေနဲ့နော်) :)  :)


 


------------------------------------------------------------------------------------------------------------------------------


 


အကြွေးများ


 


အက်ဘီ နဲ့ အက်စသာ တို့ဟာ နှစ်၄၀ပြည့် မင်္ဂလာနှစ်ပတ်လည် ဟန်းနီးမွန်း ၂ပတ် ခရီးအတွက် သြစတြေးလျှကို လေယာဉ်နဲ့ ထွက်ခွာလာပါတယ်..  ပျံသန်းလာပြီး လေယာဉ် ခရီးတစ်ဝက်မှာ လေယာဉ်မှူးထံမှ ကြေငြာချက်တစ်ခု ထွက်ပေါ်လာပါတယ်.. “အမျိုးကောင်းသမီးများနဲ့  အမျိုးကောင်းသားများ ခင်ဗျာ. ကျွန်တော့မှာ သတင်းဆိုးတစ်ခု ကြော်ငြာဖို့ရှိပါတယ်.. ကျွန်တော်တို့လေယာဉ်ဟာ အင်ဂျင်စက် ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ရပါလိမ့်မယ်..  ကံကောင်းစွာဘဲ ကျွန်တော်တို့ အောက်တည့်တည့်မှာ ကျွန်းကလေးတစ်ကျွန်းကို တွေ့ရပါတယ်.ဒါကြောင့် အဲဒီကျွန်းကို အရေးပေါ် ဆင်းသက်ပါမယ်.. ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးစံနစ်လဲ ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် ဒီကျွန်းပေါ်ကို ဘယ်လိုကယ်ဆယ်ရေးမှ ရောက်လာနိုင်စရာမရှိပါဘူး.. ဒါကြောင့် ကျွန်တော်တို့ဟာ ဒီကျွန်းပေါ်မှာဘဲ တစ်သက်လုံး နေထိုင်သွားရဖို့ ရှိပါတယ်…”


 


လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုကြောင့် လေယာဉ်ဟာ ချောချောမွေ့မွေ့ဘဲ ကျွန်းပေါ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်.. ကျွန်းပေါ်ရောက်တဲ့အခါ အက်ဘီဟာ သူ့မိန်းမ အက်စ်သာကို မေးလိုက်ပါတယ်..


 


“အက်စ်သာ ငါတို့ပေးစရာရှိတဲ့ ရှေ့နေခ ဒေါ်လာ၅၀၀၀ ပေးပြီးခဲ့ပြီလား.. ”


 


“ဟင့်အင်း  မပေးရသေးဘူး”


 


“ဘဏ်မှာ ပေးဖို့ရှိတဲ့ ဘဏ်ကြွေး ဒေါ်လာ ၂၅၀၀၀ ရော ပေးဖို့ သတိရခဲ့ရလား”


 


“အိုး.. ကျွန်မ မေ့သွားခဲ့တယ်.. မပေးခဲ့ရဘူး. ”


 


“ငါတို့အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်နဲ့ ကားအတွက်လဲ ဒီလ ငွေ ပေးသွင်းခဲ့ပြီလား”


 


“အိုး ကျွန်မတောင်းပန်ပါတယ်..  အဲဒါလည်း မပေးခဲ့ရသေးဘူး”


 


အက်စ်သာရဲ့ စကားအဆုံးမှာ အက်ဘီဟာ အက်စ်သာကို ပွေ့ဖက်လိုက်ပြီး ၀မ်းသာအားရ အနမ်းခြွေလိုက်ပါတယ်..


 


အက်စ်သာက အထိတ်တလန့် မေးလိုက်ပါတယ်.. “ဘယ်လိုဖြစ်တာလဲ ရှင် ရူးနေပြီလား”


 


“ငါတို့ ပူစရာမလိုတော့ဘူး အကြွေးရှင်တွေ ငါတို့ကို လိုက်ရှာကြလိမ့်မယ် ” တဲ့…


 


 


(ဒီတော့ အကြွေးများများ တင်ထားတာ ပိုကောင်းတယ်နော်)  :)  :)


 


------------------------------------------------------------------------------------------------------------------------------------


 


အပြစ်


 


ကောင်လေးနဲ့ သူ့အဖေဖြစ်သူတို့ဟာ အိမ်ရှေ့ကွပ်လပ်မှာ ဘောလုံးကစားနေကြပါတယ်.. ပျားတစ်ကောင် ပျံနေတာကို မြင်လိုက်တဲ့ကောင်လေးဟာ ပျားကို ကျောက်ခဲတွေ တုတ်တွေနဲ့ ကောက်ပေါက်ပြီး လိုက်လံ မောင်းထုတ်ပါတယ်..


 


သူ့အဖေက “ သား ဒီလိုမလုပ်နဲ့လေ .. ဒါက ပျားရည် ထုတ်ပေးတဲ့ပျားလေ.... ဒီပျားက သားကို ဘာမှ လုပ်တာမဟုတ်ဘူး...  နောက်ကို ဒီလိုမလုပ်ရဘူး.. အခု ပျားကို လုပ်တဲ့ အပြစ်အတွက် သား တစ်ပတ်တိတိ ပျားရည်မစားဘဲ နေရမယ်.. ”


 


မကြာခင်မှာဘဲ ကောင်လေးဟာ လိပ်ပြာလေးတစ်ကောင်ကို တွေ့ပြန်ရော။ ဒါနဲ့ လိပ်ပြာလေးကို ကျောက်ခဲတွေ တုတ်တွေနဲ့ ပေါက်ပြီး လိုက်လံ မောင်းထုတ်ပြန်ပါတယ်..


 


ကောင်လေးအဖေက “သား....  လိပ်ပြာဆိုတာ သားကို ဘာမှ လုပ်တာမဟုတ်ဘူး.. ဘာလို့ဒီလို လုပ်ရတာလဲ… ဒီအပြစ်အတွက် သား တစ်ပတ်တိတိ ထောပတ်မစားရဘူး ”


 


နောက်နေ့မနက်မှာတော့ ထောပတ်လဲမစား ပျားရည်ကိုလဲ မတို့မထိဘဲ ပေါင်မုန့် အလွတ်ကိုသာ ကောင်လေးက စားနေပါတယ်.. အဲဒီချိန်မှာ ဘီဒို တစ်ခုအောက်က ပိုးဟပ်တစ်ကောင် ထွက်လာတာနဲ့ ကောင်လေးရဲ့ မိခင်ဖြစ်သူက တုတ်နဲ့ ခြောက်ပြီး မောင်းထုတ်ပါတယ်.. အဲဒီတော့ ကောင်လေးက သူ့အဖေကိုပြောလိုက်ပါတယ်..


 


“အဖေ ဒီကိစ္စ အပြစ်ရှိကြောင်း အမေ့ကို အဖေပြောမလား.. သားဘဲ ပြောလိုက်ရမလား ” တဲ့


 


---------------------------------------------------------------------------------------------------------------------------------------


 


ဥာဏ်ကြီးရှင်


 


အမျိုးသမီးတစ်ယောက်ဟာ လမ်းပေါ်မှာ လျှောက်လာရင်း စုတ်စုတ် ပြတ်ပြတ် ညစ်ညစ်ပတ်ပတ်နဲ့ နံစော်နေတဲ့ အိမ်ခြေမဲ့ သူတောင်းစား အဖွားကြီးတစ်ယောက်က သူမထံမှာ ညစာအတွက် ပိုက်ဆံ အနည်းငယ် စွန့်ကြဲပါလို့ တောင်းပါတယ်..


 


အမျိုးသမီးက သူမရဲ့ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပြီး ၁၀တန် ဒေါ်လာတစ်ရွက်ကို ထုတ်လိုက်ပါတယ်.. ပြီးတော့ “ရှင့်ကိုကျွန်မက ဒီပိုက်ဆံပေးမယ်ဆိုရင် ရှင်က ညစာ ၀ယ် မစားဘဲ ရှော့ပင်းစင်တာတွေမှာ ဈေးဝယ်ထွက်မှာလား ” လို့မေးပါတယ်..


 


“အိုး မဟုတ်တာ ကျွန်မ ဒီကိစ္စတွေအတွက် ငွေလဲ မဖြုန်းနိုင်ပါဘူး… ရသမျှငွေဟာ ကျွန်မဘ၀ နေထိုင် စားသောက်ရေးအတွက်ပါ ” လို့ အဖွားကြီးက ပြန်ဖြေပါတယ်..


 


“ဒါဆိုရင် ဒီငွေနဲ့ မိတ်ဆွေ သူငယ်ချင်းအိမ်တွေ လျှောက်သွားမှာလား ” လို့ မေးပြန်ပါတယ်..


 


 “မဖြစ်နိုင်တာ ကျွန်မမှာ လည်စရာအိမ်လဲမရှိဘူး.. မိတ်ဆွေ သူငယ်ချင်းလဲ မရှိပါဘူး”  လို့ အဖွားကြီးက ပြန်ပြောတယ်..


 


“ဒါဆိုရင် အလှပြင်ဆိုင်တွေမှာ ရှင့်ဆံပင်တွေ မျက်နှာတွေကို သွားပြင်မှာလား ” လို့ ထိုမိန်းမက မေးပြန်ပါတယ်..


 


“ ရှင်ရူးနေလား.. ဒီကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်တာ .. ကျွန်မဘ၀မှာ မှန်မကြည့်တာ၊ မပြင်ဆင် မဖြီးလိမ်း ဖြစ်တာတောင် အနှစ် ၂၀ကျော်ခဲ့ပြီ. ” လို့ အဖွားကြီးက စိတ်မရှည်စွာ ပြန်ပြောပါတယ်..


 


အမျိုးသမီးက  “ အိုကေ .. ကောင်းပြီ.. ရှင့်ကို ကျွန်မက ပိုက်ဆံပေးမဲ့အစား ကျွန်မယောက်ျားရယ် ကျွန်မရယ် အတူတူစားမဲ့ ညစာစားပွဲကို ရှင့်ကိုခေါ်သွားမယ်.. ” လို့ပြောလိုက်ပါတယ်..


 


သူတောင်းစားအဖွားကြီးဟာ အလွန်ကို တုန်လှုပ်သွားပါတယ်.. “ရှင်ရဲ့ယောက်ျားက ကျွန်မလို ညစ်ပတ်ပြီး စုတ်ပြတ် နံစော်နေတဲ့သူနဲ့ ညစာအတူစားရမယ်ဆိုတာ သိရင် ဒေါသ မဖြစ်ဘူးလား”  လို့ ပြန်မေးလိုက်ပါတယ်..


 


“အိုး   ဈေးဝယ်မထွက်၊ အလှပြင်ဆိုင်မသွား၊ သူငယ်ချင်းအိမ်တွေ မလည်တဲ့ မိန်းမ တစ်ယောက်ဟာ ဘယ်လိုပုံစံဆိုတာ  ဒါမှ သူသိမှာ.. ”  တဲ့


 


 


( ကဲကဲ.. အိမ်ထောင်ရှိသူ ဦးလေးကြီးများ.. ကိုယ့်မိန်းမ ရှော့ပင်းထွက်တာ၊ အလှပြင်ဆိုင်တွေသွားတာ၊ လည်ပတ်တာတွေ ခွင့်လွှတ်လိုက်ကြနော်)   :)  :)  :)


 


 


ပျော်ရွှင်ရယ်မောရင်း သောကများ ပြေပျောက်ကြပါစေရှင်....


 


ချော(အစိမ်းရောင်လွင်ပြင်)

အနီရောင် မဟော်ဂနီ စန္ဒရားလေး

 



 


 


ကျွန်တော်က စိန့်လူးဝစ်မှာရှိတဲ့ စန္ဒရား ကုမ္ပဏီတစ်ခုက အရောင်းဝန်ထမ်းပါ။ ကုမ္ပဏီက ထုတ်လုပ်တဲ့ စန္ဒရားတွေကို မြို့နယ်အနှံ့ လိုက်လံရောင်းချသလို သတင်းစာတွေမှာလည်း ကြော်ငြာထည့်ပြီး ၀ယ်လိုသူထံက  အမှာစာ ရောက်လာရင် မှာတဲ့ သူတွေဆီကိုလည်း လိုက်ပြီး ပို့ပေးပါတယ်.. စန္ဒရား ကို ကျွန်တော်တို့ရဲ့ ထရပ်ကား အသေးလေးပေါ်တင်ပြီး မှာတဲ့သူရဲ့ အိမ်ကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးတာပါ..


 


မစ်ဇူရီပြည်နယ်ရဲ့ အရှေ့ပိုင်း ဆိုတာ ၀ါဂွမ်းကို အမြောက်အမြား စိုက်ကြတဲ့ ဒေသပါ.. အဲဒီဒေသက သတင်းစာ တွေထဲမှာ ကြော်ငြာထည့်ပြီးတိုင်း ပိုစ့်စကတ်လေးတစ်ခု ကျွန်တော်တို့ဆီကို အမြဲတမ်း ရောက်လာ တတ်ပါတယ်.. အဲဒီပေါ်မှာ ရေးထားတဲ့ စာက ကျေးဇူးပြုပြီး စန္ဒရား အသစ်စက်စက် တစ်လုံးကို ကျွန်မရဲ့ မြေးမလေးအတွက် ပို့ပေးပါ.. အဲဒီ စန္ဒရား အရောင်က  အနီရောင်မဟော်ဂနီသားနဲ့ ဖြစ်ကိုဖြစ်ရမယ်.. တစ်လကို ၁၀ဒေါ်လာနှုန်းနဲ့ လစဉ် ငွေချေပါမယ်..   ဆိုတဲ့ စာတွေကို မသေမသပ်မညီမညာ လက်ရေးတွေနဲ့ ပို့စကတ် တစ်ခုလုံးကို ပြည့်အောင် ထပ်ခါထပ်ခါ ရေးထားပြီး ပိုစ့်စကတ်ရဲ့ အပေါ် မျက်နှာစာတွေမှာပါ ပြည့်အောင် ရေးထားတတ်ပါတယ်..


 


စဉ်းစားကြည့်ပါဗျာ.. စန္ဒရား အသစ်တစ်လုံးကို တစ်လ ၁၀ဒေါ်လာ ငွေသွင်းမဲ့စနစ်နဲ့ ဘယ်သူကများ အကြွေးရောင်းပေး နိုင်ပါ့မလဲ.. ဘယ်အာမခံ ကုမ္ပဏီကရော ဒီလောက် ငွေလေးကို ကြားဝင်ပြီး အာမခံပေးရဲပါ့မလဲ.. ဒါနဲ့ဘဲ ကျွန်တော်တို့လဲ အဲဒီပိုစ့်ကတ်နဲ့ စာကိစ္စကို လစ်လျှူရှုလိုက်ကြပါတယ်.. ဒါပေမဲ့ ထပ်ခါထပ်ခါ ရောက်လာတဲ့ ပိုစ့်စကတ်ကြောင့် အဲဒီအဖွားအို ဆီကို အရောက်သွားလို့ အခြေအနေကို စုံစမ်းဖို့ ကျွန်တော့်ကို ကုမ္ပဏီက လွတ်လိုက်ပါတယ်..


 


တစ်မျှော်တစ်ခေါ် ၀ါဂွမ်းစိုက်ခင်းကြီးရဲ့ အလယ်မှာရှိတဲ့ အလုပ်သမား တန်းလျားတစ်ခုက အဖွားအို နေထိုင်ရာ အိမ်ခန်းကလေးဆီကို ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ မျှော်လင့်တာထက် ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတဲ့ အဖွားကို တွေ့လိုက်ရပါတယ်.. သူတို့ရဲ့ ယာတဲ အိမ်ခန်း တစ်ခုလုံးဟာ ဖုန်မှုန့်တွေနဲ့ ပေကျံနေပြီး အိမ်ထဲမှာလည်း မွေးထားပုံရတဲ့ ကြက်မျိုးစုံကို ပြေးလွှားဆော့ကစားနေတာကို  တွေ့ရပါတယ်.. ကြည့်တာနဲ့တင် သိသာထင်ရှားပါတယ်.. သူမတို့ဟာ ဘယ်အရာကိုမှ အကြွေးနဲ့ ၀ယ်ပြီး ကျေအောင် ပြန်ဆပ်နိုင်မဲ့ပုံ မပေါ်ပါဘူး… ကားမရှိ၊ ဖုန်းမရှိ၊ ၀င်ငွေကောင်းတဲ့ အလုပ် တစ်ခုတစ်လေမှ မရှိတဲ့အပြင် အဖွားအိုရဲ့ ခေါင်းပေါ်က အိမ်အမိုးဟာလည်း အပေါက်အပြဲတွေနဲ့.. အလင်းရောင်တွေကလည်း အမိုးရဲ့ နေရာအနှံ့မှာရှိတဲ့ အပေါက်တွေကနေ  ဖြာကျနေတာကို တွေ့ရပါရဲ့.. ၁၀နှစ်လောက် အရွယ်ရှိတဲ့ သူ့ရဲ့မြေးမလေးကတော့ ဖိနပ်မပါဘာမပါနဲ့ အ၀တ်ကလေး ညစ်နွမ်းနွမ်းကို ၀တ်လို့. ကြက်လေးတွေနဲ့အတူ ဆော့ကစားနေပါရဲ့.


 


ကျွန်တော်က အဖွားအိုကို  ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ စန္ဒရား အသစ်တစ်လုံးကို  တစ်လကို ၁၀ဒေါ်လာ ငွေချေစနစ်နဲ့ ဘယ်လိုမှ မရောင်းပေးနိုင်ကြောင်း ရှင်းပြပါတယ်.. ဒါကြောင့် ကျွန်တော်တို့ဆီကို စာတွေ ရေးပို့နေတာကို ရပ်ဖို့ ကျွန်တော်က အလေးအနက် ပြောကြားပါတယ်.. ပြောပြီးတော့ ကားမောင်းပြီး သူတို့ယာတဲအိမ်ကလေးကနေ ကျွန်တော် ပြန်ထွက်ခဲ့ပေမဲ့ ရင်ထဲမှာတော့ ခံစားချက်တစ်မျိုးနဲ့ ကျွန်တော့စိတ်တွေ နာကျင်လေးလံလို့ နေပါတယ်… သနားစရာ အဖွားအိုရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ ၀မ်းနည်းဖို့ ကောင်းလှပါတယ်..  အင်း ကျွန်တော်လည်း သနားပေမဲ့ တတ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူးလေ..


 


ဒါပေမဲ့..  ဇွဲကောင်းလှတဲ့ အဖွားအိုဟာ သူ့ဆန္ဒကို အလျှော့မပေးပါဘူး.. ကျွန်တော်တို့ဆီကို သူ့တောင်းဆိုချက်တွေ ရေးထားတဲ့  ပိုစ့်စကတ်တွေ အမြဲတမ်းဘဲ ပို့နေတုန်းပါ..  ပို့တိုင်းလည်း စာထဲမှာရေးထားတာက အနီရောင် မဟော်ဂနီ စန္ဒရား အသစ်စက်စက်ကိုသာ တောင်းဆိုထားပါတယ်.. စိတ်မကောင်းစရာ တစ်ခုက သူမဟာ တစ်လကို ၁၀ဒေါ်လာပေးချေဖို့ ဘယ်တော့မှ မပျက်ကွက်ပါဘူး ဆိုတာကို ကျိန်တွယ်ပြီး  ကတိပေးထားတာဘဲ ဖြစ်ပါတယ်.. ဒါပေမဲ့ ကုမ္ပဏီ အနေအထားကတော့ သူမကို ရောင်းချဖို့ စိတ်ကူး မရှိခဲ့ပါဘူး… ဒီကိစ္စကို ဘယ်သူကမှ ဂရုမထားတော့သလို ဘယ်သူကမှလည်း အလေးအနက် ရှိမနေကြတော့ပါဘူး.. သို့ပေမဲ့ အဖွားအိုကတော့ ပိုစ့်စကတ်လေးတွေ ပို့မြဲပို့ဆဲပါ။


 


ဒီလိုနဲ့ နောက် ၃နှစ်အကြာမှာ ကျွန်တော်ဟာ စန္ဒရား ထုတ်လုပ်ရောင်းချတဲ့ ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ..  ကျွန်တော့ ကုမ္ပဏီရဲ့ စန္ဒရားတွေကို သတင်းစာမှာ ကြော်ငြာတဲ့ အခါမှာတော့ လွန်ခဲ့တဲ့ ၃နှစ်က ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ ရောက်လာတဲ့ ပိုစ့်စကတ်လေးအတိုင်း အနီရောင် မဟော်ဂနီ စန္ဒရားကို ပို့ပေးဖို့ တောင်းဆိုတဲ့စာ ရောက်လာပြန်ပါတယ်.. ကျွန်တော်ကရော ဘယ်လိုလုပ် တစ်လ ၁၀ဒေါ်လာနဲ့ စန္ဒရားတစ်လုံးကို ရောင်းပေးနိုင်ပါ့မလဲ.. ဟိုးအရင်ကလိုဘဲ ကျွန်တော်လဲ ဒီစာကိစ္စကို လစ်လျှူရှုထားလိုက်ပါတယ်.. ပိုစ့်စကတ်လေးနဲ့ စာတွေကတော့ အကြိမ်ပေါင်း မြောက်မြားစွာ ရောက်မြဲ ရောက်လာဆဲပါ…


 


ဒါပေမဲ့ တစ်နေ့မှာတော့ တစ်စုံတစ်ရာရဲ့ တွန်းအားတစ်ခုကြောင့် အဲဒီနေရာလေးကို ကျွန်တော့်ရဲ့ ထရပ်ကား အသေးလေးနဲ့ ရောက်သွားခဲ့ပါတယ်. ကားပေါ်မှာတော့ အနီရောင် မဟော်ဂနီ စန္ဒရားလေးကို တင်လို့ပေါ့… ကျွန်တော်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စီးပွားရေး ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့မိပြီဆိုတာ သိပေမဲ့လို့ စန္ဒရားကို သယ်ဆောင်လို့ အဖွားအိုဆီကို ရောက်သွားမိခဲ့ပါပြီ.. ပြီးတော့ အဖွားအိုကို ကျွန်တော်က ရှင်းပြပါတယ်.. ကျွန်တော်ကိုယ်တိုင် အာမခံပြီး စာချုပ်တစ်ခုကို ယူလာပါတယ်.. အဲဒီစာချုပ်မှာ စန္ဒရားကို ကျွန်တော့အနေနဲ့ အကျိုးအမြတ် လုံးဝမယူဘဲ ရောင်းပေးမှာ ဖြစ်ပြီး အဖွားအိုဘက်က တစ်လ၁၀ဒေါ်လာ နှုန်းနဲ့ ၅၂ လ တိတိ ငွေသွင်းဖို့ စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်.. အဖွားအိုကလည်း ကျေးဇူးတင်စွာနဲ့ ၀မ်းမြောက်ဝမ်းသာ လက်ခံသဘောတူပါတယ်..  စန္ဒရားကို ကျွန်တော်ကိုယ်တိုင် အဖွားအိုရဲ့ တဲအိမ်မှာ အိမ်အမိုး အပေါက် အနည်းဆုံး ဖြစ်နိုင်မဲ့ နေရာကို ရွေးချယ်ပြီး နေရာချပေးခဲ့ပါတယ်.. အဖွားအိုနဲ့ သူရဲ့ မြေးမလေးကို စန္ဒရားပေါ် ကြက်တွေ တက်မဆော့စေဖို့ သတိပေးစကား ပြောခဲ့ပါတယ်.. ကျွန်တော့်စိတ်ထဲမှာ သေချာ သိနေခဲ့တာက ကျွန်တော်ဟာ စန္ဒရား အသစ်စက်စက် တစ်လုံးကို အလဟဿ ဖြစ်အောင် လုပ်လိုက်မိပြီ ဆိုတာပါဘဲ…


 


သို့သော်လည်း ငွေချေတဲ့အချိန်မှာတော့ သဘောတူ ကတိပြုထားတဲ့အတိုင်း အဖွားအိုဘက်က တစ်လမှ မပျက်ကွက်ခဲ့ပါဘူး.. တစ်ချို့လတွေမှာ ၁၀ဒေါ်လာပြည့်ဖို့ ငွေအကြွေစေ့တော်တော်များများ ပါဝင်လာတာကို တွေ့ရပါတယ်.. မယုံနိုင်စရာပါ .. ၅၂လတိတိ မပျက်မကွက် ပေးချေသွားခဲ့တဲ့ အင်မတန်ကတိတည်တဲ့ အရောင်းအ၀ယ်လေးတစ်ခုပါ.. ကျွန်တော် မထင်မှတ်ထားတဲ့ ဖြစ်ရပ်လေးတစ်ခုပါဘဲ.. ဒီလို ငွေအကြေ ချေနိုင်လိမ့်မယ်ဆိုတာ ယုံချင်စရာတောင် မရှိခဲ့ပါဘဲနဲ့.. အဖွားအိုဟာ မဖြစ်ဖြစ်အောင် လုပ်သွားခဲ့ပါပြီ။


 


နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာတော့ ဒီအဖြစ်အပျက်တွေက ကျွန်တော့ အာရုံမှာ မှေးမှိန် ပျောက်ကွယ် သွားခဲ့ပါပြီ။ တစ်နေ့မှာ ကျွန်တော် မဲမ်ဖစ်ကို စီးပွားရေးကိစ္စတစ်ခုနဲ့ ရောက်သွားခဲ့ပါတယ်။ ကျွန်တော်ဟာ တည်းခိုတဲ့ ဟိုတယ်မှာဘဲ ညစာစားပြီးတော့ ဟိုတယ် ဧည့်ခန်းကြီးထဲက ဘားကောင်တာမှာ ထိုင်ပြီး အပျင်းပြေ တစ်ခုခု သောက်နေတုန်းမှာ အင်မတန်မှ သာယာငြိမ့်ညောင်းပြီး လက်ရာကောင်းလှတဲ့ စန္ဒရားသံလေးတစ်ခုကို ကျွန်တော် ကြားလိုက်ရပါတယ်.. ဘေးဝန်းကျင်ကို လိုက်လံရှာဖွေ ကြည့်မိတဲ့အခါမှာတော့  ငယ်ရွယ်လှပပြီး ချစ်စရာ မိန်းခလေးတစ်ယောက်ဟာ သိပ်ကိုကောင်းမွန်ပြီး အဆင့်အတန်းမြှင့်လှတဲ့ စန္ဒရားတစ်လုံးကို တီးနေတာ တွေ့လိုက်ရပါတယ်..


 


စန္ဒရား ၀ါသနာပါတဲ့ ကျွန်တော့်ရဲ့ အသိစိတ်အရ သူမရဲ့ စန္ဒရားလက်သံဟာ အရည်အသွေး ကောင်းမွန် မြှင့်မားလှတာကို အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင် ဖြစ်မိပါတယ်.. ဒါနဲ့ သူကလေးရဲ့ လက်သံကို ကောင်းကောင်းကြားရနိုင်မဲ့ စန္ဒရားခုံနဲ့ အနီးဆုံးဖြစ်တဲ့ စားပွဲကို သောက်လက်စ ခွက်ကလေး လက်ကကိုင်ပြီး ရွေ့လာမိပါတယ်.  ကျွန်တော့်ကို မြင်တွေ့သွားတဲ့ မိန်းမငယ်လေးဟာ ကြည်လင်လှိုက်လှဲစွာ ပြုံးပြတဲ့အတွက် ကျွန်တော် အတော့်ကို အံ့သြသွားမိပါတယ်.. သူမရဲ့ တေးသွားပြီးဆုံးလို့ ခနနားတဲ့အချိန်မှာ မိန်းကလေးဟာ ကျွန်တော့်စားပွဲကို ရောက်လာပါတယ်..


 


ကောင်မလေးက ကျွန်တော့်ကို  “မင်္ဂလာပါ.. ရှင် ကျွန်မရဲ့အဖွားကို စန္ဒရား ရောင်းပေးခဲ့ဖူးတဲ့သူ ဟုတ်တယ် မဟုတ်လားဟင်?” လို့  နှုတ်ဆက်ရင်းက မေးလိုက်ပါတယ်… ရုတ်တရက်တော့ ကျွန်တော့မှတ်ဥာဏ်က အလုပ်မလုပ်ပါဘူး.. မိန်းခလေး ပြောတာကို နားမလည်တာနဲ့ ပြန်ရှင်းပြဖို့ တောင်းဆိုတော့ ကောင်မလေးက လွန်ခဲ့တဲ့ အနှစ်၂၀က အကြောင်း ပြန်ပြောင်းလို့ ပြောပါတော့တယ်.. ဒီတော့မှ ကျွန်တော် မှတ်မိလိုက်ပါပြီ.  အိုး.. ဘုရားရေ… ဒီကောင်မလေးတဲ့လား.. လွန်ခဲ့တဲ့အနှစ် ၂၀လောက်က ဖိနပ်မပါတဲ့ အ၀တ်ကလေး ညစ်နွမ်းနွမ်းနဲ့ ကောင်မလေးဟာ ဒီလိုလက်သံနဲ့ စန္ဒရားကို တီးခတ်နိုင်သူ ဖြစ်လာခဲ့တယ် တဲ့လား..


 


ကောင်မလေးက သူမရဲ့ နံမည်က အဲလစ်ဇ် ဖြစ်ကြောင်းနဲ့ သူမငယ်စဉ်က စန္ဒရား သင်တန်းတက်ဖို့ ငွေကြေး မတတ်နိုင်တဲ့အတွက် သူမရဲ့အဖွားက ရေဒီယို နားထောင်စေပြီး စန္ဒရားကို လေ့ကျင့်ခဲ့ရကြောင်း၊ ပြီးတော့ စန္ဒရား တီးပြခွင့်ရဖို့ အတွက် အိမ်နဲ့ ၂မိုင်ကျော်လောက်ဝေးတဲ့ ဘုရားကျောင်းကို မြေးအဖွား ၂ယောက်သား လမ်းလျှောက်ပြီး သွားခဲ့ရတာတွေ၊ ထို့နောက် သူမတက်နေတဲ့ကျောင်းက စန္ဒရားတီးပြိုင်ပွဲတွေမှာ စပြီး  ဆုများစွာရရှိခဲ့တာတွေ၊ ဂီတနဲ့ပါတ်သက်တဲ့ ကျောင်းတွေမှာ တက်ရောက်ခွင့် ပညာသင်ဆု ရခဲ့တာတွေ၊ နောက်ဆုံး အခု မဲမ်ဖစ်မှာ ရှေ့နေတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အခုတီးနေတဲ့စန္ဒရားလေးကို သူ့အမျိုးသားက သူမအတွက် လက်ဆောင်ဝယ်ပေးကြောင်း စသဖြင့် ဇာတ်လမ်းစုံကို ပြောပြပါတယ်..


 


ကျွန်တော့်စိတ်ထဲမှာ တစ်စုံတစ်ရာရဲ့ စေ့ဆော်ချက်ကြောင့် သိချင်စိတ်လေးတစ်ခု ဖြစ်လာတာနဲ့ “အဲလစ်ဇ်.....   ဒီနေရာက မှောင်နေတော့ သဲသဲကွဲကွဲ မမြင်ရဘူး.. သမီးရဲ့ စန္ဒရားက ဘာအရောင်လေးလဲ ” လို့မေးလိုက်ပါတယ်..


 


 


မဟော်ဂနီ အနီရောင်လေ.. ဦးလေးက ဘာဖြစ်လို့မေးတာလဲဟင်


 


ကျွန်တော် စကားပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားမိတယ်.. ဘာမှကို ပြန်မဖြေနိုင် လိုက်နိုင်ပါဘူး.. လည်ချောင်းတွေဟာ ချက်ခြင်းဘဲ ခြောက်သွေ့ အက်ကွဲ လာတယ်.. ဒီကောင်မလေးဟာ သူ့အဖွားဖြစ်သူရဲ့ အကြီးမားဆုံး လိုအင်ဆန္ဒ ဖြစ်ခဲ့တဲ့ အနီရောင် မဟော်ဂနီစန္ဒရား အကြောင်း ကောင်းကောင်းသိပါရဲ့လား..  မယုံကြည်နိုင်လောက်အောင် စိတ်အား ထက်သန် ပြင်းပြမှုနဲ့ အကြိမ်ကြိမ်အဖန်ဖန် မလျှော့သော ဇွဲလုံ့နဲ့ သူမလိုချင်တဲ့ အနီရောင် မဟော်ဂနီ စန္ဒရားကို  မရမချင်း စာတွေ အကြိမ်ကြိမ် ရေးပို့ခဲ့တဲ့ သူမအဖွားရဲ့ စိတ်ဆန္ဒ အားကောင်းမှုကို ဒီကလေးမဟာ သိခဲ့ပါရဲ့လား..


 


ပြီးတော့ ဆင်းရဲနုံချာလှပြီး ဖိနပ်လေးတောင် မစီးနိုင်တဲ့ စုတ်ပြတ် နွမ်းဖတ်နေတဲ့ ကလေးမလေးဟာ လက်ဖျားခါရလောက်အောင် ပြောင်မြောက်ထူးချွန်တဲ့ ပညာရှင် တစ်ယောက်ရဲ့ ဘ၀နဲ့အတူ သိမ်မွေ့လှပတဲ့ မိန်းခလေးတစ်ယောက် ဖြစ်လာအောင် ဘယ်လို တွန်းအားတွေ၊ ခွန်အားတွေနဲ့များ ဖြစ်တည်လာခဲ့ပါသလဲ.. ကောင်မလေးဟာ သူဘယ်လို တွန်းအားတွေကြောင့် ဒီလိုဖြစ်လာတယ် ဆိုတာ သူမကိုယ်တိုင် သိချင်မှ သိပါလိမ့်မယ်.. ဒါပေမဲ့ ကျွန်တော် သိနေခဲ့တယ်..  သေသေချာချာကို သိနေခဲ့တာပါ.. ဒါဟာ အဖွားအိုရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးပမ်းချက်ကြောင့်သာ မဟုတ်ခဲ့ရင် ဒီမိန်းခလေးဟာ ဒီလို ထူးချွန်သူတစ်ယောက် ဖြစ်လာဖို့ မလွယ်ကူပါဘူး.. စေတနာမေတ္တာ ကြီးမားလှပြီး ဇွဲကောင်းလှတဲ့ အဖွားအိုဟာ ချီးကျူးစရာ ကောင်းလောက်အောင် သူမရဲ့မြေးကို လိုသလို ပုံသွင်းပြီး အောင်မြင်မှုပန်းတိုင်ကို ရောက်အောင်  သွားနိုင်စေခဲ့တယ်..  အဖွားအိုဟာ သူမမြေးမလေး ခုလို အောင်မြင်နေတာ၊  လူလားမြောက်နေတာကို မြင်တွေ့ခွင့်ရော ရသွားပါရဲ့လား.. အဖွားအိုရဲ့ မမြင်နိုင်တဲ့ မေတ္တတရားကို ကျွန်တော်ကတော့ ကောင်းကောင်းကြီး မြင်တွေ့လိုက်မိပါရဲ့…


 


နောက်ဆုံးတော့ တဒင်္ဂ ပျောက်ရှသွားတဲ့ ကျွန်တော့ အသံကို ကျွန်တော် ပြန်ရှာတွေ့ပြီး လည်ချောင်းကို တစ်ချက် ရှင်းလိုက်ရင်းက “ ဘာမှတော့ မဟုတ်ပါဘူး.. သိချင်လို့ မေးကြည့်တာပါ” လို့ သူမရဲ့ အမေးကို ပြန်ဖြေလိုက်ရပါတယ်.. “ အဲလစ်ဇ် ကို  ခုလို တွေ့ရတာ ဂုဏ်ယူလိုက်တာကွယ်.. အင်း..  ဦးလေး ခနလောက် အခန်းကို ပြန်လိုက်ဦးမယ်နော်.. ” လို့ပြောပြီး စားပွဲကနေ အမြန် ထလာခဲ့ရပါတယ်.. ဘာလို့လဲဆိုတော့ ယောက်ျားရင့်မာကြီး တစ်ယောက်က လူပုံလည်မှာ မျက်ရည်ကျဖို့ ဆိုတာ ဘယ်လိုမှ မသင့်တော်ဘူး မဟုတ်လား. ဆင်းရဲနွမ်းပါးတဲ့ လူတွေမှာလည်း ဖြစ်ချင်လွန်းအားကြီးတဲ့ ဇွဲနဲ့ လုံ့လစိတ်သာ ခိုင်ခိုင်မာမာ ရှိမယ် ဆိုရင် စိတ်ကူးအိပ်မက်တွေ အမှန်တကယ် ဖြစ်မြောက်လာနိုင်တယ်ဆိုတာ ကျွန်တော် လက်တွေ့ သိလိုက်ရပါပြီ..


 


---------------------------------------------------------------------------------------------------------------------


 


အဖွားအိုတစ်ယောက်ရဲ့ မေတ္တာတရားနဲ့၊ ချီးကျူးဖွယ် စိတ်အားထက်သန်မှု၊ ဇွဲလုံ့လ ကောင်းမှုတို့ကြောင့် မိန်းမငယ်လေးတစ်ယောက်ရဲ့ ရည်မှန်းချက်များ အောင်မြင် အကောင်အထည် ဖော်လာနိုင်ခဲ့တာ လေးစားအားကျဖွယ်ဘဲ မဟုတ်ပါလားရှင်။ ဒီဇာတ်လမ်းလေးကနေ အလွယ်တကူနဲ့ စိတ်အားမလျှော့ဖို့နဲ့၊ ဘယ်အရာကိုမဆို ဇွဲလုံ့လကောင်းကောင်း၊ စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ဆောင်မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ထင်ရတဲ့  စိတ်ကူးအိပ်မက်တွေ အားလုံး တစ်နေ့နေ့တော့ မလွဲမသွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အသိတရားလေးကို ဖော်ပြနေပါတယ်..


 


 


Chicken Soup for the Grandparent's Soul  မှ  Joe Edwards ရဲ့   The  Red Mahogany  Piano ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


 


လိုအင်ဆန္ဒများ အားလုံး ပြည့်ဝကြပါစေရှင်.. 


 


ချော(အစိမ်းရောင်လွင်ပြင်)