ကျွန်မနဲ့ အချစ်ဦး






ကျွန်မမှတ်မိသလောက် ပြန်စဉ်းစားရရင် ကျွန်မဟာ ငယ်စဉ်ကတည်းက  မျက်စိနောက်စရာ ကောင်းလောက်အောင် ဆူညံအော်ဟစ်နေတတ်ပြီး စူးစမ်းလိုစိတ်များကာ စိတ်ဓာတ်လည်းပြင်းထန်တဲ့ မိန်းခလေးတစ်ယောက်ပါ.. ကျွန်မရဲ့ မေမေကတော့ ကျွန်မနဲ့ ဆန့်ကျင်စွာဘဲ အေးဆေး တည်ငြိမ်ကာ ရှေးရိုးစွဲ အစဉ်အလာ ကြီးပြီး စကားနည်းတဲ့ အိမ်ရှင်မ ကောင်းတစ်ဦး ဖြစ်ပါတယ်.။ မေမေနဲ့ ကျွန်မ သဘောထားခြင်း မတိုက်ဆိုင်တိုင်း  ကျွန်မနဲ့ မေမေ့ကြားက အသက်အရွယ် ကွာဟမှုကိုအကြောင်းပြပြီး ကျွန်မက မေမေ့ကို အပြစ်တင်လေ့ရှိတတ်ပါတယ်.. မေမေက ကျွန်မကို အသက် ၃၈နှစ်မှာမှ မွေးခဲ့တာပါ်.. ကျွန်မကို မွေးတဲ့ခေတ်အနေအထားနဲ့ဆို အသက်၃၈နှစ်ဆိုတာ ကလေးမွေးဖို့ သိပ်ကို နောက်ကျနေတဲ့ အသက်အရွယ်ဖြစ်ပါတယ်.. ဒါပေမဲ့ ကျွန်မမိဘတွေရဲ့ အသက်အရွယ်နဲ့ ပါတ်သက်ပြီး ကျွန်မရဲ့ သူငယ်ချင်း အသိုင်းအ၀န်းကြားမှာ ရှက်ကိုးရှက်ကန်းဖြစ်တဲ့ ခံစားချက်မျိုးတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး… ကျွန်မကို စိတ်အနှောက်အယှက် ဖြစ်စေတာက မေမေတို့ရဲ့ စည်းကမ်းတင်းကြပ်မှုနဲ့ ရှေးရိုးဆန်လွန်း အားကြီးမှုသာ…

အမြဲတမ်း တက်ကြွလှုပ်ရှားပြီး ပြာလောင်ခတ်နေတဲ့ ကျွန်မနဲ့ အေးဆေးတည်ငြိမ်ပြီး အိနြေ္ဒကြီးတဲ့ မေမေရဲ့ကြားမှာ ပဋိပက္ခဆိုတာကတော့ မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရမဲ့ ကိစ္စတွေသာဖြစ်ပါတယ်.. ကျွန်မရဲ့ ဆယ်ကျော်သက်အရွယ် အချိန်ကာလေတွေတုန်းက မေမေနဲ့အမြဲတမ်း အငြင်းအခုန်ဖြစ်ရတယ်.. သဘောထားတွေ ကွဲလွဲနေခဲ့တယ်.. အဲဒီချိန်တုန်းက မေမေနဲ့ ကျွန်မကြား အကြီးမားဆုံး ပြဿနာတစ်ခုက ယောက်ျားလေး ကိစ္စနဲ့ ပါတ်သက်လို့ပဲ ဖြစ်ပါတယ်.. ယောက်ျားလေးတွေနဲ့ တွဲသွားတွဲလာ လုပ်ဖို့ကို မေမေက အပြင်းအထန် ကန့်ကွက်ပါတယ်..  တော်တော်လေးလည်း ချုပ်ချယ်ခဲ့ပါတယ်.. ကျွန်မရဲ့ အသက်  ၁၈နှစ်ကို ရည်းစားထားဖို့ အရမ်း ငယ်သေးတယ်လို့ အကြောင်းပြပါတယ်..

ကျွန်မက ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ သူတစ်ယောက်လည်း ဖြစ်တော့ မေမေ့အကြောင်းပြချက်ကို လက်ခံနိုင်စရာ မရှိဘူး ဖြစ်နေပါတယ်.. ဒီအသက်အရွယ်ဟာ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တယ် အမှားအမှန် ဝေဖန်ဆုံးဖြတ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ပါတယ်.. စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့ ကျွန်မအနေနဲ့ လူတစ်ယောက်ကို တကယ် မချစ်ခင်မနှစ်သက်ဘဲ အပျော် သက်သက် တွဲမှာ၊ လက်ခံမှာ မဟုတ်ဘူး ဆိုတာတော့ မေမေ နားလည်ပေးသင့်တယ် လို့ တွေးမိခဲ့ပါတယ်..  ဒီတော့ မေမေရဲ့ ရှေးရိုးစွဲ အစဉ်အလာကို မုန်းမိသလို မေမေ့ကိုလည်း ကိုယ့်သမီးအပေါ်မှာ နားလည်မပေးနိုင်ရကောင်းလားလို့ မကျေမနပ် ဖြစ်မိပါတယ်.. မေမေဟာ အသက်အရွယ်ကြီးနေပြီဖြစ်လို့ ဒီနေ့ခေတ်နဲ့ အလှမ်းကွာနေပြီး ခေတ်လူငယ်တွေကို နားလည် မပေးနိုင်တော့ဘူး၊ ခေတ်ကို မသုံးသပ်နိုင်တော့ဘူးလို့ ကျွန်မ ယူဆခဲ့တယ်။

ကျွန်မ တက္ကသိုလ် ပထမနှစ်မှာ ကျွန်မချစ်သူနဲ့စပြီး ဆုံတွေ့ခဲ့တယ်… သူက လူတော် တစ်ယောက်ပါ.. ရုပ်ရည်လဲရှိ၊ ပညာလဲတော်တယ်.. စိတ်သဘောထားလဲ မဆိုးဘူးလို့ ပြောရမယ်... သူနဲ့ ချစ်သူဘ၀ ရောက်သွားတဲ့အခါ ကျွန်မမိဘတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါတယ်.. မေမေတို့က ရည်ရည်မွန်မွန် ရှိတဲ့ သူ့ကို သဘောကျပါတယ်.. ဒါပေမဲ့ မေမေရဲ့ မျက်နှာပေါ်မှာတော့ ကျွန်မအပေါ်ထားတဲ့ စိုးရိမ်သောကလေးကို တွေ့နေရဆဲပါ.. မေမေက ကျွန်မကို ဘယ်တုန်းကများ ယုံကြည်စိတ် ထားခဲ့လို့လဲလေ.. ကျွန်မချစ်သူနဲ့ ကျွန်မဟာ တကယ်လဲ နှစ်နှစ်ကာကာ ချစ်ခင်မြတ်နိုးကြပါတယ်.. တစ်ယောက်နဲ့တစ်ယောက်လဲ ကြင်ကြင်နာနာ ရှိခဲ့ကြပါတယ်.. ဒီလိုနဲ့ ချစ်သူသက်တမ်း တစ်နှစ်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ကျော်ဖြတ် လာပြီးတဲ့နောက်မှာတော့ မမျှော်လင့်တဲ့ အကြောင်းတွေကြောင့် ကျွန်မချစ်သူနဲ့ ရုတ်တရက် လမ်းခွဲလိုက်ရပါတယ် သူဟာ ကျွန်မရဲ့ပထမဦးဆုံး ရည်းစားဦးလဲဖြစ်တယ်.. ကျွန်မကိုယ်တိုင်က နှစ်နှစ်ကာကာ ချစ်ခင်စုံမက်ခဲ့ရသူလဲ ဖြစ်တဲ့အတွက်  သူနဲ့လမ်းခွဲချိန်မှာ ကျွန်မအသည်းနှလုံးတစ်ခုလုံး မွမွကြေသွားသလို ခံစားရပါတယ်.. ဘ၀ရဲ့ မျှော်လင့်ချက်တွေ ၊ရည်မှန်းချက်တွေ အားလုံး ပျက်စီးကုန်တယ်ပါတယ်.. ကိုယ့်ကိုယ်ကို ရင့်ကျက်ပြီ၊ အရာရာကို သိနားလည်ပြီလို့ ထင်ခဲ့တဲ့ ကျွန်မဟာ ချက်ခြင်းဘဲ ဘာမှ မသိ၊နားမလည်တဲ့သူတစ်ယောက်လို ဖြစ်သွားခဲ့ရပါတယ်။

ကျွန်မချစ်သူနဲ့ လမ်းခွဲပြီးချင်းချင်းမှာဘဲ ကျွန်မဟာ မေ့မေဆီကို ပြေးသွားပြီး သူ့ပုခုံးပေါ်မှာ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုချမိပါတယ်..  အဲဒီချိန်မှာ မေမေဟာ ကျွန်မကို အပြစ်တင်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းဘာတစ်ခုမှ မလုပ်သလို  ငါမပြောဘူးလား အစက ဒီလိုဖြစ်လာမယ်ဆိုတာ စတဲ့ စကားတွေလည်း ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး.. ကျွန်မရဲ့ လက်ကလေးကို အသာအယာ ဆုပ်ကိုင်ပြီး ငယ်ငယ်က မေမေ နမ်းနေကျ ပုံစံအတိုင်း ကျွန်မရဲ့နဖူးလေးကို ဖွဖွလေးနမ်းပါတယ်.. ကျွန်မ အရှက်ရအောင်၊ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်တဲ့စိတ်တွေ ၀င်လာအောင် မေမေက ဘာတစ်ခွန်းမှ အပြစ်တင်စကား၊ ဆုံးမစကား မပြောခဲ့ပါဘူး.. ကျွန်မပြောသမျှကို တိတ်တိတ်ဆိတ်ဆိတ်ဘဲ ကျွန်မကို ကြည့်ပြီး အလေးအနက် နားထောင်နေပါတယ်  မေမေရဲ့ မျက်ဝန်းမှာလည်း လောလောလတ်လတ် အသည်းကွဲနေတဲ့ ကျွန်မနဲ့ထပ်တူ မျက်ရည်တွေ ကျနေခဲ့ပါတယ်။

စကားတွေလဲ ပြောပြီးလို့ ငိုလို့ အားရပြီးတဲ့နောက် မေမေ့ကို ရင်ဖွင့်လိုက်ရတဲ့အတွက် ကျွန်မစိတ်လဲ အတော်အတန် ပေါ့ပါးသွားပါပြီ.. ဒါပေမဲ့ ကျွန်မရင်ထဲမှာတော့ နားမလည်နိုင်ခြင်းများစွာ ဖြစ်နေခဲ့ပါတယ်.. စိတ်တွေလဲ ရှုပ်ထွေးနေခဲ့တယ်.. ဘာလို့များ ဒီအဖြစ်အပျက်တွေဟာ ကျွန်မကိုမှ လာပြီးဖြစ်တာလဲ.. ဒီလောက်ချစ်ခဲ့တဲ့ ချစ်သူရဲ့ အပြစ်မြင် စွန့်ခွာခြင်းကို ဘာကြောင့်များ ကျွန်မရရှိတာလဲ.. ကျွန်မရင်ထဲမှာ ဒေါသတွေလဲ ထွက်နေခဲ့ပါတယ်.. မေမေ့ကိုလဲ ဒီအကြောင်းကို ဖွင့်ပြောမိတယ်.. ဒေါသတကြီး ပြောနေတဲ့လေသံကို ကျွန်မကိုယ်တိုင်တောင် အံ့အားသင့်မိတယ်.. ကျွန်မဟာ သူငယ်နှပ်စားမဟုတ်သလို မလှမပနဲ့ အသိဥာဏ် မရှိတဲ့သူလည်း မဟုတ်ပါဘူး.. ဒါနဲ့တောင် ကျွန်မချစ်သူက ဘာကြောင့်များ လမ်းခွဲရတာလဲ.. ကျွန်မတို့ဟာ ဘာကြောင့်များ အဆင်မပြေဖြစ်ရတာလဲ .. ကျွန်မ တော်တော်လေးကို ခံပြင်းမိပါတယ်… ၀မ်းလည်းနည်းတယ် ယူကျုံးမရလည်း ဖြစ်မိပါတယ်.. ဘ၀မှာ ဆက်ပြီး နေချင်စိတ် မရှိတော့သလိုကို ခံစားရပါတယ်။

ကျွန်မမေမေဟာ ဘယ်တော့မှ ဖွင့်မပြောခဲ့တဲ့ ပွင့်လင်းမှုမျိုးနဲ့ ကျွန်မကို ငြင်ငြင်သာသာ ရှင်းပြပါတယ်.  မေမေဟာ သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောတယ်ဆိုတာ  ဘယ်တုန်းကမှ မရှိခဲ့ပါဘူး.. အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ စည်းကမ်းတင်းကြပ်သူမို့ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ မေမေရဲ့ငယ်ဘ၀ဟာ ဘယ်လိုများ နေပါလိမ့်လို့ သိပ်ကို သိချင်စိတ် ပြင်းထန်ခဲ့ဖူးပါတယ်..ဒါပေမဲ့ မေမေ့ကို ဘယ်တုန်းကမှ မမေးရဲခဲ့ပါဘူး… အခုတော့ မေမေဟာ သူ့ငယ်ဘ၀အကြောင်းကို ပြောပြနေခဲ့ပါပြီ.. သူရဲ့ ပထမဆုံး အချစ်ဦးနဲ့ ကွဲခဲ့ရတဲ့အချိန်မှာ ဘယ်လောက်တောင် ခံစားရခဲ့ရတာတွေ ဘ၀ကြီးတစ်ခုလုံး ပျက်စီးသွားတော့မတတ် ခံစားခဲ့ဖူးတဲ့အကြောင်းနဲ့ အရူးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့အကြောင်းတွေ၊ အချိန်တစ်ခု ကုန်ဆုံးသွားတဲ့ချိန်မှာတော့ ဘယ်လိုခံစားချက်သာ ရှိတော့တယ်ဆိုတာတွေ  ပြောပြပါတော့တယ်။

မေမေဟာ သူ့ရည်းစားဦးကြောင့် အသည်းကွဲတဲ့အချိန်မှာ နှစ်ပတ်တိတိ မရပ်မနား ငိုကြွေးနေခဲ့ပါတယ်တဲ့.. အဲဒီချိန်မှာ လောကကြီးဟာ သူ့အတွက် ဘာမှ မျှော်လင့်ချက်မရှိတော့သလို၊ ဘ၀ကြီးတစ်ခုလုံးဟာလည်း အဓိပ္ပါယ် မရှိတော့သလို ခံစားခဲ့ရကြောင်းနဲ့ အချိန်အတိုင်းအတာ တစ်ခုကို ကျော်ဖြတ်ပြီးသွားချိန်မှာတော့ နာကျင်ခံစားခဲ့ရတာတွေဟာ တစ်ဖြေးဖြေး ပျောက်ကွယ်သွားရပြီးတဲ့နောက် မှတ်ဥာဏ်ထဲမှာ အဲဒီအသည်းကွဲတဲ့ ဒဏ်ရာဟာ ခပ်မှိန်မှိန်လေးသာ ကျန်ရစ်ခဲ့တော့ကြောင်း ပြောပြပါတယ်.. ပြီးတော့လဲ ကျွန်မကိုပြောတာက တစ်ချိန်ချိန်မှာ ကျွန်မဟာ နောက်ထပ် ချစ်ရမဲ့သူ တစ်ယောက်ယောက်နဲ့တွေ့ပြီး လက်ထပ်ပြီးတဲ့အချိန်မှာ အခုအသည်းကွဲတဲ့ အဖြစ်ကို ပြန်တွေးလိုက်တဲ့ချိန်မှာတော့ ပြုံးစရာလေးတစ်ခုအဖြစ်နဲ့သာ ကျန်ရစ်တော့မှာ သေချာပါတယ်လို့ ပြောပါတယ်။

မေမေရဲ့ စကားတွေကိုကြားမိတော့ ကျွန်မ စိတ်သက်သာရာ ရလာသလို အံ့သြတကြီးလဲ ဖြစ်ရပါတယ်..   ကျွန်မ အကြီးအကျယ်အံ့သြမိတာက တစ်ခြားမဟုတ်ပါဘူး.. မေမေ့ရဲ့အချစ်ဦးဟာ ကျွန်မရဲ့ဖေဖေ မဟုတ်ခဲ့တာကိုပါ…  လူတော်တော်များများဟာ ချစ်တိုင်းလည်း ညားကြတာ မဟုတ်သလို၊ အချစ်ဦးတိုင်းနဲ့လည်း ပေါင်းခွင့်ရချင်မှ ရတာဖြစ်ကြောင်း မေမေက သူ့ကိုယ်သူ နမူနာပြပြီး ကျွန်မကို ရှင်းပြပါတယ်.. မေမေဟာ ခုချိန်မှာ ကျွန်မရဲ့ မိခင်တစ်ဦးအဖြစ်သာမက ကျွန်မလို အဖြစ်မျိုးကို ကြုံခဲ့တဲ့ ဘ၀တူ မိန်းမသားတစ်ဦး ဖြစ်နေတာကိုပါ သိခွင့်ရလိုက်တော့ အံ့သြမိတဲ့စိတ်နဲ့အတူ မေမေ့အပေါ်မှာလည်း ပိုပြီး ရင်းနှီး တွယ်တာစိတ် ဖြစ်လာတယ်.. ပြီးတော့လည်း ကျွန်မရဲ့ အသည်းကွဲဒဏ်ရာကလည်း သက်သာရာ ရလာသလို ခံစားမိရပါတယ်.. သူ့အကြောင်းတွေကို ဘယ်တုန်းကမှ မပြောပြခဲ့တဲ့ မေမေဟာ ခုချိန်မှာတော့ မေမေရဲ့အချစ်ဦးအကြောင်းတွေကို ကျွန်မကို မကွယ်မ၀ှက်ပြောနေတဲ့ အတွက် မေမေ့ အပေါ်မှာ ကျွန်မရဲ့ ခံစားချက်က မိခင်တစ်ဦး အဖြစ်သာမက အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် အဖြစ်ပါ စိတ်ထဲမှာ လက်ခံ သဘောထားလာမိပါတော့တယ်.။

ဒီအဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာတော့ ကျွန်မဘ၀မှာ ဘယ်လိုဘဲ အခက်အခဲကြုံလာ၊ ဘယ်လောက်ပဲ ဒုက္ခတွေနဲ့ ရင်ဆိုင်တွေ့လာပါစေ မေမေနဲ့ ဆွေးနွေးတိုင်ပင်ပြီး မေမေ့ဆီက အကြံဥာဏ်တွေ၊ စကားတွေ ခွန်အားတွေနဲ့ အတူ ကျွန်မရဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်.. သူငယ်ချင်း အပေါင်းအသင်းကိစ္စ၊ အလုပ်အကိုင်၊ ကျွန်မရဲ့ ရည်းစား ကိစ္စ၊ စတဲ့ ကိစ္စအားလုံးကို မေမေ့ကို ကျွန်မက မချွင်းမချန် ပြောပြလေ့ရှိပါတယ်.. နောက်ထပ်လည်း အသည်းကွဲတဲ့ ဖြစ်ရပ်တွေ ကျွန်မဘ၀မှာ ထပ်ပြီး ကြုံတွေ့လာရပါတယ်.. ဒါပေမဲ့ မထမဆုံး အသည်းကွဲတုန်းကလို အသည်းအသန် ခံစားချက်မျိုး မဖြစ်တော့ပါဘူး.. ဒါကြောင့်လည်း လူတွေဟာ အချစ်ဦးကြောင့် ခံစားရတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူးလို့ ခိုင်းနှိုင်းကြတာဘဲ ဖြစ်ပါလိမ့်မယ်.. ဟုတ်ပါလိမ့်မယ်လေ .. အချစ်ဦးဆိုတာ အချစ်နဲ့ ပတ်သက်တဲ့ ဘ၀ရဲ့ ပထမဆုံး အတွေ့အကြုံလဲဖြစ်တာကိုး။

ကျွန်မက ဘယ်လိုကိစ္စမျိုးမဆို မေမေ့ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တယ်။ အသိပေးတယ်.. မေမေ့ဆီက အကြံဥာဏ်တွေရယူလေ့ရှိတယ်.. ကျွန်မနဲ့ မေမေရဲ့ ဆက်ဆံရေးက သားအမိဆက်ဆံရေးထက် အရင်းနှီးဆုံး သူငယ်ချင်း ၂ယောက်ရဲ့ ဆက်ဆံရေးမျိုးနဲ့ ဥပမာပေးတာက ပိုပြီး နီးစပ်ပါလိမ့်မယ်.. အဲဒီလို မေမေနဲ့ နီးနီးကပ်ကပ် နွေးနွေးထွေးထွေး ပြောဆိုတိုင်ပင်ရတာကိုလည်း ကျွန်မက သဘောကျတယ်.. ကျွန်မရဲ့ သူငယ်ချင်းတွေကတောင် မေမေနဲ့ ကျွန်မတို့ ၂ယောက်ရဲ့ ဆက်ဆံရေးမျိုးကို အားကျကြတဲ့အကြောင်း မကြာခန မှတ်ချက်ပေးရလောက်အောင် ကျွန်မနဲ့မေမေဟာ စေးကပ်ရင်းနှီးခဲ့ကြပါတယ်.. ဒါကိုလည်း ကျွန်မနဲ့ မေမေက ဂုဏ်ယူကြပါတယ်။

နှစ်အတန်ကြာလို့ ကျွန်မခင်ပွန်းလောင်းဖြစ်လာမဲ့သူနဲ့ စပြီးဆုံတွေ့တော့ ပထမဆုံး ကျွန်မလုပ်တဲ့ အလုပ်က အဝေးက မေမေ့ဆီက ဖုန်းခေါ် မိတာပါဘဲ… ဖုန်းခေါ်ပြီးတော့ ကျွန်မခင်ပွန်းလောင်းဖြစ်တဲ့ သူ့အကြောင်းတွေ ပြောပြပါတော့တယ်.. သူ့အကြောင်းတွေပြောပြနေတဲ့အခါ တစ်ဘက်ကနေ မေမေက ကျွန်မစကားသံကို တိတ်ဆိတ်စွာ နားထောင်နေရင်း စကား ဆုံးခါနီးတော့ ကျွန်မကို စကားလေး တစ်ခွန်း လှမ်းမေးပါတယ်..         “ သမီး…  သမီးရဲ့ ပထမဦးဆုံး ရည်းစားဦးကြောင့် အသည်းကွဲခဲ့တာကို မှတ်မိသေးလား” တဲ့.. ကျွန်မလဲ မေမေရဲ့ အမေးကို ခပ်ဖွဖွရယ်သံလေးနဲ့ “ မှတ်မိတယ်မေမေ.. ဘာဖြစ်လို့မေးတာလဲ ” လို့ ပြန်မေးလိုက်တော့ မေမေရဲ့ ပြန်ပြောသံလေးမှာ ကျွန်မအပေါ် ကြင်နာသနားမှုနဲ့ နားလည်စာနာမှု အပြည့်ပါတဲ့ လေသံလေးဖြစ်ကြောင်းကို ကျွန်မရင်ထဲက ခံစားလိုက်မိပါတယ်.. မေမေက အဲဒီချိန်မှာ ကျွန်မကို ပြန်ပြောတဲ့စကားလေးတစ်ခွန်းက  “သမီး အခု အဲဒီအကြောင်း ပြန်စဉ်းစားမိတော့ ပြုံးနေတယ်မဟုတ်လား ”  တဲ့။

ကျွန်မနားလည်လိုက်ပါတယ်.. မေမေဘာကြောင့် ဒီချိန်မှာ ဒီလိုမေးခွန်းလေးကို မေးလိုက်တယ်ဆိုတာကိုပေါ့.. ကျွန်မ ပထမဆုံး ရည်းစားဦးနဲ့ ကွဲတဲ့အချိန်တုန်းက ကျွန်မဘ၀ကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားခဲ့တယ်၊ မျှော်လင့်ချက်ဟူသမျှ ဆိပ်သုဉ်းသွား ခဲ့တယ်၊ ဒီအသည်းကွဲတဲ့ ခံစားချက်ကြီးကဘဲ ဘ၀တစ်ခုလုံးအတွက် အရေးအကြီးဆုံး ဖြစ်ခဲ့တယ်လို့ ထင်ခဲ့မိတယ်လေ..  အသက်ဆက်ရှင်သန်ဖို့တောင် အင်အားမရှိတော့သလို ခံစားခဲ့ရတယ် မဟုတ်လား.. ဒါပေမဲ့ အချိန်ကာလလေး တစ်ခု ကြာသွားတဲ့အခါမှာတော့ အသည်းကွဲတုန်းက ခံစားခဲ့ဖူးတဲ့ ဒီခံစားချက်တွေဟာ အခုပြန်တွေးလိုက်ချိန်မှာတော့ ပြုံးစရာလေးတစ်ခုသာ ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလား။

---------------------------------------------------------------------------------------------------------//

ဒီဝတ္ထုလေးကတော့ လက်ရှိအချိန်မှာ အသည်းကွဲနေတာကို ဘ၀တစ်ခုလုံး ပျက်စီးမတတ် ခံစားနေရပါတယ်.. မျှော်လင့်ချက်မှန်သမျှ၊ ရည်မှန်းချက်မှန်သမျှ ပျက်စီးကုန်ပါပြီ.. လို့ ဆိုလာကြတဲ့ လူငယ်လေးများအတွက် ရည်ရွယ်ပြီး ဘာသာပြန်ဖြစ်ပါတယ်.. အချိန်ကာလလေးတစ်ခုကို ကျော်လွန်ပြီးသွားတဲ့ချိန်မှာ ခံစားခဲ့ရဖူးတဲ့ ပြင်းထန်တဲ့ အသည်းကွဲ ဝေဒနာတွေဟာ ရယ်စရာ ပြုံးစရာလေးတွေ ဖြစ်သွားတတ်ပါကြောင်းကို ဒီ ၀တ္ထုတိုလေးနဲ့ ညွှန်းဆိုလိုက်ပါတယ်... အားလုံးပဲ အသည်းကွဲတဲ့ ဝေဒနာမှ သက်သာရာ ရကြပါစေရှင်…
---------------------------------------------------------------------------------------------------------//


Chicken Soup for Every Mom's Soul မှ Sophia Valles Bligh ရဲ့ First Love  ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။

 
ချော(အစိမ်းရောင်လွင်ပြင်)

နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့

 



 


ပူပြင်းသော နွေရာသီကာလသည် မိမိ၏ အသားအရေကို အထူးတလည် စောင့်ရှောက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။ နွေနေ၏ ပြင်းထန်လှသော နေရောင်ခြည်၊ ပတ်ဝန်းကျင်မှဖုန်မှုန့်များ၊ တိုက်ခတ်သောလေ၊ ခန္ဓာကိုယ်မှ ထွက်လာသောချွေး စသည်တို့သည် အရေပြား၏ နု့ညံ့သိမ်မွေ့သော ဆဲလ်များကို ပျက်စီးစေပြီး ချွေးပေါက်များကို ပိတ်ဆို့စေပါသည်။ မကြည်မလင် ကွက်တိကွက်ကြားနှင့်၊ အဆီပြန်နေသော မိမိ အသား အရေကို ကြည့်ပြီး အခြား အချိန်ကာလတွေနှင့် မတူသည့်အတွက် အံ့သြကောင်း အံ့သြမိပါလိမ့်မည်။  အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် သင်၏ အရေပြားမှ ထွက်သော သဘာဝ အဆီဓာတ်သည် ပြင်ပကို သိပ်မထွက်ဖြစ်သော်လည်း နွေရာသီတွင်တော့ လွတ်လပ်စွာ အငွေ့ပျံကုန်နိုင်ကြောင့် ဖြစ်ပါသည်။  အရေပြားပေါ်တွင် ဖြစ်ပေါ်လာသော အရေးအကြောင်းများ၏ ၉၀% သည် နေရောင်ခြည်၏ ပူပြင်းမှု ဒဏ်ကြောင့် ဖြစ်နိုင်ပါသည်။ အချိန်ကြာမြှင့်စွာ ပူပြင်းနေသော နေရောင်ခြည်နှင့် လှိုင်းအလျားတိုသော ခရမ်းလွန်ရောင်ခြည်တို့သည် အရေပြား၏ အနက်ရှိုင်းဆုံး နေရာအထိသို့ ထိုးဖောက် ၀င်ရောက်သွားနိုင်ပြီး အသားအရေကို ဖျက်ဆီးစေနိုင်ပါသည်.. ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားသည် ရောင်ခြယ် နည်းပါးသည့်အတွက်  အသားညိုသူများထက် ပိုပြီး အရေပြားပျက်စီးလွယ်သလို အသားအရေတွန့်ခြင်းလည်း ပို၍ ဖြစ်နိုင်ချေများပါသည်။ 


 
 
နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူးသဖြင့် မနက်၁၀နာရီမှ ညနေ၄နာရီထိ နေပူထဲသို့ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ ထိုအချိန်သည် ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်များဖြစ်သည်။ တတ်နိုင်သမျှ အရိပ်အတွင်းသာ နေပါ။ နေရောင်ခြည်ဒဏ်မှ ခံနိုင်မည့် အ၀တ် အစားများကိုသာ ၀တ်ဆင်ပါ။ အရောင်ရင့်သော အ၀တ်အစားများကို ရှောင်၍ အရောင်ဖျော့တော့သော အ၀တ်အစားများနှင့် ချည်ထည်များကို ရွေးချယ် ၀တ်ဆင်ပါ။  Sunscreen ကို များများ အသုံးပြုပါ။ အပြင်မထွက်ခင် ၁၅မိနစ်မှ မိနစ်၃၀အတွင်း Sunscreen ကို ကြိုတင်၍ လူးထားပါ။ မိမိအရေပြားပေါ်တွင် ချွေးထွက်လျှင် သော်လည်းကောင်း၊ ရေစိုသွားလျှင် သော်လည်းကောင်း Sunscreen ကို ပြန်လူးပါ။ Sunscreen ကို တစ်နှစ်ပတ်လုံး အပြင်ထွက်သည့် အချိန်တိုင်း အသုံးပြုပါ။ UVB ၊ UBA ၂မျိုးစလုံးမှ အကာအကွယ်ပေးနိုင်သော Sunscreen ကို ရွေးချယ် ၀ယ်ယူပါ။ အပြင်ထွက်လျှင် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သော နေကာမျက်မှန်ကို ၀တ်ဆင်ပါ။ SPF ပါဝင်မှု များပြားသော မိတ်ကပ်ကို ရွေးချယ်သုံးစွဲပါ။ နှုတ်ခမ်းကိုလည်း SPF ပါသော နှုတ်ခမ်းနီမျိုးသာ အသုံးပြုပါ။ ညအိပ်ရာဝင်ချိန်နှင့် ရေချိုးပြီးတိုင်း Body Lotion ကို လူးပေးပါ။


 


 


နွေရာသီတွင် ခန္ဓာကိုယ် အရေပြားမှ ချွေးထွက်၍ ဆုံးရှုံးသွားသော ဆားဓာတ်နှင့် ရေဓာတ်ကို မဖြစ်မနေ ပြန်လည်ဖြည့်တင်းပေးရန်လိုအပ်ပါသည်။  အရေပြားအတွက် ရေဓာတ်လောက် အရေးတကြီး လိုအပ်သောအရာ မရှိပါ။ Moisturizer သည် နေ့စဉ် အသားအရေထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်သည်။ ရေဓာတ်ကို အခြေခံ၍ ဖော်စပ်ထားသော Moisturizer ကို ၀ယ်ယူအသုံးပြုပါ။ အပြင်ထွက်ရာမှ ပြန်လာတိုင်း မျက်နှာ သန့်စင်ဆေးကြောသော အကျင့်ကို မွေးမြူပါ။ မျက်နှာပြင်ကို ရေများစွာဖြင့် အကြိမ်အရေအတွက်များစွာ ထိတွေ့ သန့်စင်ပေးပါ။ ပူလွန်းအေးလွန်းသော ရေကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။ ချွေးပေါက်တွင်းမှ ဖုန်မှုန့်နှင့် အညစ်အကြေးများ သန့်စင်စေရန်အတွက် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းကို မကြာခန ပြုလုပ်ပေးပါ။ ခြောက်သွေ့သောအသားအရေ အတွက် ၅မိနစ်ခန့်၊ အဆီပြန်တတ်သော အသားအရေအတွက် ၁၀မိနစ်ခန့် အချိန်ယူပါ။ ပြီးလျှင် သန့်စင်သော အ၀တ်ဖြင့် ခြောက်သွေ့အောင် အသာအယာ သုတ်ကာ Moisturizer ကို လိမ်းပါ။


 


 


အနည်းဆုံး တစ်ပတ်တစ်ကြိမ် မျက်နှာကို အသီးအနှံများ သို့မဟုတ် အသီးအနှံဖြင့် ပြုလုပ်ထားသော ပေါင်းဆေးဖြင့်ပေါင်းတင်ပေးပါ။ မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer  အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာပြင်ပေါ်သို့ အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင်ဆေးပါ။ အရည်ရွှမ်းသော အသီးအနှံနှင့် ဗိုက်တာမင်ဒီ ပါဝင်သော အစားအသောက် များများစားပါ။ ငါးကြီးဆီစားပါ။ နွေရာသီတွင် အရေပြားအတွက် အရေးအကြီးဆုံး အချက်မှာ ရေများများ သောက်ပါ။ တစ်နေ့လျှင် အနည်းဆုံး ၁၅ဖန်ခွက်ခန့်ထိ သောက်သုံးပေးပါ။ ပြုပြင်ထားသော အချိုရည်များထက် သဘာဝသစ်သီး ဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံးသင့်ပါသည်။


 
 


အချို့သော သူများသည် မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိ ခြေထောက်နှင့် လက်များအား ဂရုစိုက်ရန် မေ့လျှော့ ထားတတ်ကြပါသည်။ လက်နှင့် ခြေထောက်များကို ဂရုတစိုက် ထိန်းသိမ်းရန် မလို၊ အချိန်ကုန်သည်ဟု အထင်မှားနေတတ်ကြပါသည်။ မျက်နှာပြင် မည်မျှပင် လှပသော်လည်း ခြောက်သွေ့အက်ကွဲပြီး ညစ်ပေနေသော မသပ်မရပ် ခြေလက် အစုံနှင့်ဆိုလျှင် မိမိ ထိန်းသိမ်းစောင့်ရှောက်ထားသော မျက်နှာအလှသည်လည်း အလဟဿသာ ဖြစ်ပါလိမ့်မည်။ မိမိခြေလက်အစုံကို ၁၅မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။ ဆားအနည်းငယ်ကို ရေထဲထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ ပြောင်း၍ စိမ်းပေးပါ။ ၄င်းသည် သွေးလှည်ပတ်မှုကို ကောင်းစွာ အထောက်အကူဖြစ်စေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅မိနစ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ နွေရာသီတွင် ရှူးဖိနပ်ကဲ့သို့ လေ၀င်လေထွက် မကောင်းသော ဖိနပ်များကို ရှောင်ကျဉ်သင့်ပါသည်။ ခြေညှပ် ဖိနပ်အပါးများ ခုံအနိမ့်များနှင့် လေ၀င်လေထွက် ကောင်းမွန်သော ဖိနပ်များကိုသာ ရွေးချယ် စီးသင့်ပါကြောင်း အကြုံပြုလိုက်ပါရစေ။


 


 


နွေရက်များကို ပျော်ရွှင် လန်းဆန်းစွာ ကျော်ဖြတ်နိုင်ကြပါစေရှင်......
 


 


ချော(အစိမ်းရောင်လွင်ပြင်)
 


Article for  Hello Journal


Ref: Amazooo.com  Beauty Advice

ဖေဖေပေးတဲ့ သင်ခန်းစာများ

 


photo from  Here


 


ငါးမျှားတံကို ရေထဲချလိုက်တဲ့အချိန်မှာတော့  ရော့ကီးတောင်တန်း ထိပ်ဖျားပေါ်က ရေခဲဖုံးတောင်ထွတ်တွေရဲ့ အရိပ်က ရေကန်မျက်နှာပြင်ပေါ် ရောင်ပြန်ဟပ်လို့ နေခဲ့သည်။ ဒီနေရာလေးကို လွန်ခဲ့သော နှစ်များစွာကတည်းက ကျွန်မရဲ့ ဖေဖေနဲ့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ရဖူးပါသည်။ ခုလဲ ရောက်လာရပြန်ပါပြီလေ … ရော့ကီး တောင်တန်းတွေ တည်ရှိရာ အမျိုးသားပန်းခြံတွင်းက အလွန်လှပတဲ့ ရေကန်ကြီးရဲ့ ကမ်းနှဖူးမှာ   ငါးမျှားဖို့ ပြင်ဆင်နေမိရင်း  ကျွန်မရဲ့ အသိစိတ် လိပ်ပြာလေးက အတိတ်လွင်ပြင်ကို တောင်ပံခတ်ကာ ပျံသန်းလို့ သွားမိတော့သည်။ 


 


 


ဒီနေရာလေးမှာပါဘဲ..  ကျွန်မကို ဖေဖေက  ငါးမျှားနည်းကို စပြီး သင်ပေးခဲ့သည်လေ.. ငါးမျှားတံမှာ ငါးမျှားကြိုးကို ဘယ်လို ချည်ရမည်၊  ဘယ်လို ငါးမျှားကြိုးကို သုံးရမည်၊ ဘယ်လို ငါးစာကို ရွေးချယ်ရမည်၊ ငါးမျှားချိတ်မှာ ငါးစာ ဘယ်လိုတပ်ရမည် ဆိုတာတွေကအစ ငါးမျှားချိတ်မှာ ငါးလာတွတ်ပြီး ဘယ်လောက်အကြာမှာ ငါးမျှားတံကို ဆတ်ခနဲ အပေါ်ကို ရုပ်ရမယ်ဆိုတာက အဆုံး အသေးစိတ်ကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ဖူးပါသည်။


 


 


ငါးမျှားဖို့ နေရာ သေချာရွေးချယ်တတ်ဖို့ကိုလဲ ဖေဖေက ကျွန်မကို အကောင်းဆုံး သင်ကြားပေးခဲ့ သည်ပါဘဲလေ…  ဖေဖေ ရွေးချယ်ပေးတဲ့နေရာက နက်ရှိုင်း မဲမှောင်နေပြီး တည်ငြိမ်သော ရေပြင်ရှိသည့် ကြီးမားလှသော ကျောက်ဆောင်ကြီးနဲ့ နံဘေးနေရာ.. 


 


“ ဒီနေရာမှ ငါးမျှားကြိုးကိုချ ” ဖေဖေက ကျွန်မကို ပြောသည်။


 


 


“ ဘာလို့လဲဖေဖေ ”


 


 


“  ဒီနေရာမှာ သမီးအတွက် အကောင်းဆုံးနဲ့အကြီးဆုံး ငါးရှိနေတယ်.. ”


 


 


“ ဖေဖေက ဘယ်လိုသိတာလဲ”


 


 


“ဖေဖေပြောသလိုသာ လုပ်ကြည့်ပါသမီးရယ် ”


 


 


ဖေဖေညွှန်ပြသည့် နေရာမှာဘဲ ကျွန်မရဲ့ ငါးမျှားတံကို အတိအကျ နေရာ ချလိုက်တော့  အစာတတ်ထားသည့် ငါးမျှားချိတ်လေးက နက်ရှိုင်းလှသည့် ကန်ရေပြင်အောက်ကို ကြိုးအရှည်ရှိသလောက် ငုတ်လျှိုးလို့ သွားခဲ့သည်။ ဖေဖေ့ကို နောက်ထပ် ဘာမှ ပြန်မေးနေစရာ မလိုတော့ပါ … သူ့ညွှန်ကြားချက်အတိုင်း တိတ်ဆိတ်စွာ လိုက်လုပ်ရုံသာရှိပါသည် …  မကြာခင်မှာ  ငါးလာတွတ်သည့် ခံစားချက်မျိုး လက်က ခံစားမိသည့်အတွက် ငါးမျှားတံကို ဆွဲကိုင် မြောက်လိုက်ချိန်မှာ ကွက်တိပါဘဲ ဖေဖေပြောသလို ကြီးမားလှတဲ့ ငါးကြီးတစ်ကောင်.. ငါးမျှားတံထိပ်မှာ တစ်လူးလူး တစ်လွန့်လွန့်နှင့် ပါလာခဲ့တော့သည်။


 


 


ဒီအဖြစ်အပျက်လေးကို ပြန်သတိရမိတော့ ဖေဖေဟာ ကျွန်မကို ငါးမျှားပုံ မျှားနည်းတင်သာမက ဘ၀မှာ ဘယ်လိုရှင်သန် ရပ်တည်ရမယ်ဆိုတာတွေပါ သင်ကြားပေးခဲ့တာကို ကောင်းစွာ သဘောပေါက်လာမိပါသည်။


 


 


“ ဒီနေရာမှာ ငါးမျှားချိတ်ကို မချနဲ့…. ”


 


 


“ ဘာလို့လဲဖေဖေ”


 


 


“ ဒီနေရာရဲ့ ကန်ရေပြင်အောက်ခြေဟာ မှော်ပင်တွေ အရမ်းထူထပ်တယ်… သမီးရဲ့ ငါးမျှားချိတ်ရော ငါးစာပါ  ဆုံးရှုံးရလိမ့်မယ်. ”  လို့ ညွှန်ကြားခဲ့သလို  


 


ဘ၀အတွက်လည်း “သမီး ဒီလမ်းကိုတော့ မရွေးချယ်ပါနဲ့ ဒီလမ်းဟာ သမီးအတွက် အန္တရာယ်များလွန်းတယ် ” စသဖြင့် ဆုံးမ သွန်သင်ခဲ့ပါသည်။ ကျွန်မဘ၀အတွက် အန္တရာယ်တွေကို  ဖေဖေက ကြိုတင်တွေးတော၊ ကြိုတင် သိနားလည်လို့ နေခဲ့သည်။ ကျွန်မအတွက် ဘယ်လို အမျိုးသားဟာဖြင့် ဘ၀ကြင်ဖော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာပါ စိတ်ရှည်လက်ရှည်နဲ့ ဖေဖေက သင်ပြညွှန်ကြားခဲ့ပါရဲ့ .. ဖေဖေမှန်ခဲ့ပါသည်လေ.


 


ကျွန်မရဲ့ ဘ၀သည် ဖေဖေ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု အောက်တွင် အသားကျနေထိုင်ရင်း အဆင်ပြေ ပျော်ရွှင်သော အိမ်ထောင်သည်ဘ၀နဲ့အတူ တန်ဖိုးရှိသော အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရဲ့ ဘ၀နှင့်၊ အောင်မြင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။ သားလေး၂ယောက်ရပြီးသည့် နောက် ယခုဆိုလျှင် သူတို့တွေ သည်လည်း ကိုယ့်အိုးကိုယ့်အိမ်နဲ့ အခြေတကျ ဖြစ်ကုန်ပြီ ဖြစ်သည်။ မည်သူမှ မရှိတော့တဲ့ အိမ်ကလေးမှာ ကျွန်မနဲ့ ကျွန်မယောက်ျား ၂ယောက်သာ ကျန်ခဲ့တော့သည်လေ။ ဖေဖေ၏ အကူအညီ၊ ဖေဖေ့လမ်းညွှန်မှုသာ မရခဲ့လျှင် ကျွန်မ၏ဘ၀သည် ယခုလောက် အဆင်ပြေ လွယ်ကူချောမွေ့လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။


 


ရော့ကီးတောင်တန်းအနီးက ရေကန်ကြီးရဲ့ ကမ်းနဖူးမှာ တစ်ယောက်တည်း မတ်တပ်ရပ်နေမိရင်း လက်ရှိ ခုချိန်မှာတော့ ကျွန်မဟာ ပီဘိ ကလေးမလေး ပြန်ဖြစ်နေခဲ့ပါပြီ။ ရေထဲချထားသော ငါးမျှားကြိုးလေးကို အသာအယာ ပြန်ဆွဲယူပြန်တော့ လှိုင်းဂယက်လေးတွေ ထသွားခဲ့သော ကန်ရေမျက်နှာပြင်ကိုကြည့်ရင်း  ကျွန်မဖေဖေရဲ့ စကားတစ်ချို့ကို ပြန်ကြားယောင်မိသည်။


 


“သမီးရေ…. သမီးဟာ ဖေဖေရဲ့ အကောင်းဆုံး ငါးမျှားသမားတစ်ယောက်ပဲ…”


 


“အိုး ဖေဖေ.. ”


 


“သမီးအတွက် ဖေဖေဂုဏ်ယူပါတယ်.. ”


 


“သမီး ငါးမျှားတတ်သွားလို့လား ဖေဖေ”


 


“သမီးဟာ ဖေဖေ မျှော်လင့်ထားသလို အကောင်းဆုံး အမျိုးသမီးတစ်ယောက်ရဲ့ဘ၀နဲ့ အောင်မြင်စွာ လူလား မြောက်သွားလို့ ပေါ့ကွယ်.. ”   ဖေဖေက ကျွန်မကို ကြည်ကြည်နူးနူးလေး ပြုံးပြလိုက်ရင်း ပြန်ဖြေခဲ့ပါသည်။ ဖေဖေနှင့်အတူ ကျွန်မလဲ ကြည်ကြည်နူးနူးလေး ပြုံးလိုက်မိပါသည်။


 


ဒီချိန်လေးမှာ အသက်ကြီးကြီး စုံတွဲတစ်တွဲ လမ်းလျှောက်လာရင်း  ကျွန်မကို မြင်တော့ နှုတ်ဆက်စကား ဆိုရင်းက ငါးတစ်ကောင်တစ်လေများ ရပြီလားဟု လှမ်းမေးပါသည်။ “ဘာမှ မရသေးပါဘူး” လို့ ကျွန်မပြန်ဖြေလိုက်ရင်း ပါးပေါ်တွင်  မျက်ရည်စီးကြောင်း၂ခုက အလိုလို စီးကျလာပါတော့သည်။ ကျွန်မကို ကြည့်ကာ ဇဝေဇ၀ါ အတွေးတွေနှင့် စိတ်ရှုပ်သွားပုံရသော  အမျိုးသားကြီးက “  စိတ်မပူပါနဲ့ကွယ်.. မကြာခင်တော့ မိမှာပါ။ ဒီကန်မှာ ငါးမျှားနေကြတဲ့ လူတိုင်းဆီကို ရောက်ခဲ့ပြီး လိုက်မေးကြည့်တာ ဘယ်သူကမှ ငါးမရကြသေးပါဘူး.. ”  ဟူ၍  ကျွန်မကို ပြန်နှစ်သိမ့်ပြီး အနားကနေ ကသုတ်ကယက် ထွက်ခွာသွားကြ ပါတော့သည်။ ကြည့်ရသည်မှာ  တစ်ယောက်တည်း ငါးမျှားနေပြီး အချိန်ကြာသည်ထိ ငါးမရသေး၍ စိတ်မငြိမ်မသက် ဖြစ်နေသည်ဟု ကျွန်မကို ထင်သွားသည့်ပုံ ရသည်လေ။ 


 


ကိစ္စမရှိပါ… ကျွန်မနှင့် အတူတူ ဖေဖေရှိနေသည်ကို သူတို့ သိနိုင်မည် မဟုတ်သလို နားလည်နိုင်မည်လဲ မဟုတ်ပါ။  ငါးတစ်ကောင်တစ်လေ ရလာခဲ့လျှင်တောင် ကျွန်မ စိတ်ကူးလေးထဲတွင် ကျွန်မနှင့် အတူတူ  ဖေဖေ ရှိနေသည်ဆိုသည့် အတွေး၊ ဖေဖေနှင့် ငါးမျှားခဲ့ရချိန်တုန်းက ရရှိခဲ့သော ပျော်စရာအချိန် လေးတွေအကြောင်းကို  သတိတရ ပြန်တမ်းတ နေမိတာလေးတွေ အနှောက်အယှက်တောင် ဖြစ်သွားနိုင်ပါသည်။  ခုချိန်တွင် မည်သည့်ငါးမျှ မရသော်လည်း ဖေဖေ့မေတ္တာတရားကို ပြန်လည် တသ သတိရနေမိသည်က ကျွန်မအတွက် ပိုကောင်းသည်ပဲ မဟုတ်ပါလား။


 


ကျွန်မဘ၀ကနေ ဖေဖေပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်ပေမဲ့လို့ ယခုအချိန်ထိ ဖေဖေပေးခဲ့သော ငါးမျှားနည်းသင်ခန်းစာမှသည် ဘ၀အတွက် လေ့လာသင်ယူစရာ သင်ခန်းစာအားလုံးသည် ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတုန်း၊ လေးစားစွာ လိုက်နာနေရတုန်းသာ ဖြစ်လေသည်။ ဒီလိုအချိန်မှာတော့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ခံစားနားလည်မိရင်း နှလုံးသား ကန်ရေပြင်ပေါ်မှာ ထင်ဟပ်နေသော ဖေဖေ့ပုံရိပ်လေးကို ချစ်ခင်နှစ်သက်မိစွာ ပြုံးရင်း ကြည့်နေမိပါတော့သည်။


 


 


Chicken Soup for the Fisherman’s Soul မှ Kathleen Kovach Ripples of Reflection ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


 


 


ချော(အစိမ်းရောင်လွင်ပြင်)

အဆန်းထွင်တဲ့ အလန်းဆံပင်များ

သင်္ကြန်မှာ ဆံပင်ပုံဆန်းနဲ့မှ တအားလန်းတယ်လို့ ထင်သူများအတွက် အဆန်းထွင်ဖို့ ဆံပင်ပုံ ဒီဇိုင်းဆန်းလေးတွေ ရှာကြံပြီး တင်ပေးလိုက်ပါတယ်..

 



တစ်ပွင့်တည်း ပန်တဲ့ခေတ် မဟုတ်တော့ဘူးတဲ့ (ကိုလန်ပြန်)

 

 



သင်္ကြန်နဲ့တော့ လိုက်ပါတယ်.. (ကိုထိပ်ကွက်)

 

 



ဒါလေးက တစ်မျိုး ဆန်းတော့ ဆန်းပါရဲ့.. (ကိုဘေးကြား)

 

 



ညှပ်ပေးတဲ့ဆရာ တော်တော် လက်ဝင်မယ့်ပုံ (ကိုလေးထောင့်ကွက်)

 

 



ရှေ့လား နောက်လား (ကိုနှုတ်ခမ်းမွှေး)

 

 



သူကလည်း ငယ်သေးတာကိုး လှချင်မှာပေါ့ (ကိုဘုတ်သိုက်)

 

 



ခေါင်းပေါ် လေမုန်တိုင်း ၀င်မွှေသွားပြီးပုံ (ကိုမွှေးနီ)

 

 



လူတွေရဲ့ အာရုံစူးစိုက်မှုကို ခံချင်တာကိုး............

 

 



ဒီအီမိုက တစ်မျိုး

 

 



အာတာပူစီ လိုလို ဘာလိုလို

 

 



ခေါင်းလေးလွန်းလို့ ရှေ့တောင်ငိုက်နေပြီ

 

 

 



 ဆံပင်က ထွက်ပြေးမှာစိုးလို့ မျက်နှာနဲ့တွဲပြီး ပိုက်နဲ့ ဖမ်းချုပ်ထားတယ် ထင်ပ

 

 



 အချွန်နဲ့ လူကို ထိုးမိရင်ဒုက္ခ

 

 



 ပျားအုံကြီး ခေါင်းပေါ်တင်ထားသလား မှတ်ရ

 

 



 ဒါလေးကတော့ မဆိုးဘူး...  တံမြက်စည်းလုပ်ဖို့ကောင်းတယ်

 

 



 ဆံပင်တွေ မီးလောင်ပြီး ဒီလောက်ပဲ ကျန်တော့တယ် ထင်တယ်..

 

 



 ဂတုံးပေါက်စ ကေနဲ့တူပါရဲ့

 

 

 

 

ဒီရက်ပိုင်း စာမရေးအားသေးလို့ ပုံကလေးတွေနဲ့ ကျေနပ်ပေးကြပါဦးလို့....

အားလုံးဘဲ သင်္ကြန်မှာ လန်းနိုင်ကြပါစေရှင်.... :)  :)

ကျေးဇူးတင်စွာဖြင့်

 

ချော(အစိမ်းရောင်လွင်ပြင်)

Source- Funzug.com 

 

အမည်မဲ့ ပိတောက်ပန်းလေးများ…






သူမနံမည်က ဧပရယ်..



သူမကို မွေးဖွားသည့် လကလည်း ပိတောက်ပန်းလေးများ ၀ါထိန်နေအောင် ကြိုင်သင်းစွာ လန်းရွှင်ပွင့်ဝေတတ်သော ဧပရယ်လပင် ဖြစ်သည်။ ထိုဧပရယ်လသည် မြန်မာတို့၏ ပျော်စရာ အကောင်း ဆုံးသော အတာသင်္ကြန်ပွဲကို ဆင်ယင်ကျင်းပလေ့ရှိသော လလည်း ဖြစ်သည်ပဲလေ။ သူမမေမေ သက်ရှိထင်ရှား ရှိစဉ်က  တသသနှင့် အမြဲတမ်း ပြန်ပြောင်း ပြောပြတတ်သည်မှာ သူမကို မွေးသည့် အချိန်တွင် အိမ်ရှေ့ခြံထောင့်က  အရွက်ဖားဖားနှင့်ထီးထီးမားမား အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသော ပိတောက်ပင်ကြီးမှ ပိတောက်ပန်းများသည် ပင်လုံးကျွတ်မျှ ၀င်းဝါ ပြွတ်ခဲနေအောင် ပွင့်သည်တဲ့လေ..  တစ်ခြံလုံးလည်း ပိတောက်ရနံ့က မွှေးကြိုင် ချိုမြ သင်းထုံလို့၊ ပိတောက်ပင်ကြီး ပေါ်တွင်လည်း ပျားနှင့်ပိတုန်းတို့က လှုပ်ရှားသွားလာ ပျံဝဲလျှက် မြူးတူးနေကြသည်တဲ့.. မေမေ့အပြောကို မျက်စိထဲ မြင်ယောင်ရင်း သူမမွေးသည့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် တစ်ပင်လုံးကျွတ်အောင် ပွင့်ဝေပေးသော ပိတောင်ပင်ကြီးကို သူမရင်ထဲက နှစ်နှစ်သက်သက် တွယ်တာမိသလို ပိတောက်ပန်းကလေးများကိုလည်း မြတ်မြတ်နိုးနိုး စွဲလမ်းမိလေသည်။ ပိတောက်ပန်းတို့ရဲ့ သင်းပျံ့ကြိုင်လှိုင်တဲ့ ရနံ့လေးကိုလည်း ဘာနဲ့မှ မတူအောင် ချစ်ခင်မက်မောမိသည်လေ။



သူမအရွယ်ရောက်လို့ ချစ်သူရလာသည့်အခါ သူမကို အလွန်ချစ်ခင်မြတ်နိုးသူနှင့် ဖူးစာဆုံရသည်။ သူမတို့ လက်ထပ်သည့်ရက်ကလဲ မှတ်မှတ်ရရ ဧပရယ် ၁ရက်နေ့.. ထိုနေ့က ပိတောက်ပန်းတွေ ပွင့်ဝေမနေပေမဲ့ ပိတောက်ပွင့်ချိန်ရောက်တိုင်းတော့ သူမချစ်သူက သူမနှစ်သက်သော ပိတောက်ပန်းကလေးများကို မပျက်မကွက် လက်ဆောင် ပေးလေ့ရှိတတ်သည်။ အဖိုးမတန်သော ပိတောက်ပန်းဖြစ်ပေမဲ့ သူမကတော့ အခြားသော ပန်းတွေအားလုံးထက် ပိတောက်ပန်း ကိုမှသာ မက်မောတတ်သူလေ..  ပိတောက်ပန်း ပွင့်သည့် ရက်များဆိုလျှင် သူမတို့အိမ် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ဧည့်ခန်းတွင် ထားသော ပန်းအိုးများ၊ သူမတို့ အိပ်ခန်းတွင်းရှိ အလှပန်းအိုးများ အားလုံး အားလုံးသည် ပိတောက်ပန်းများနှင့်သာ ပြည့်လျှံနေတော့သည်။ တစ်အိမ်လုံးလည်း စိတ်ကြည်နူးဖွယ် ကောင်းလောက်အောင် သင်းပျံ့ပျံ့ ပိတောက်ရနံ့တို့ကသာ မွှေးမြ ထုံရီနေပေတော့သည်။ နောက်ရက်များတွင် အပွင့်များအားလုံးလိုလို ကြွေကျကုန်ပြီး ညှိုးနွမ်းနေသော ပန်းအိုးတိုင်းကို ပန်းအသစ်များ ပြန်လဲရ၊ ပွင့်ကြွေများကို ရှင်းရလင်းရနှင့် အလုပ်များသော်လည်း တစ်နေ့တာ ရရှိလိုက်သော စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် သူမ ကျေနပ်ပါသည်။ သူမခင်ပွန်းသည်လည်း ပိတောက်ပန်းပွင့်ကြွေများဖြင့် အိမ်တစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့သော်လည်း မည်သည့်အခါမှ ငြူစူအပြစ်တင်ခြင်း မရှိခဲ့ပါ။ နှစ်စဉ်နှစ်တိုင်း ပိတောက်ပန်းလက်ဆောင် ပေးမြဲသာ ဖြစ်သည်။ သူမခင်ပွန်းသည် သူမကို အချိန်တိုင်း ချစ်ခင်မြတ်နိုးခြင်းဖြင့်သာ အလိုလိုက် အလျှော့ပေးတတ်သော အကောင်းဆုံး ဘ၀ကြင်ဖော်တစ်ဦး ဖြစ်ခဲ့လေသည်။



သူမတို့ ၂ယောက်၏ မင်္ဂလာနှစ်ပတ်လည် ၁၅နှစ်ပြည့်ကို မှတ်မှတ်ရရ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြသည်။ ဇိဝိတသံဃ ဆေးရုံတွင် အလှူငွေ ထည့်ဝင်ကြသည်။ ညဦးပိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ချို့အား သူမတို့ခြံဝင်းထဲက မြက်ခင်းပြင်ကြီးပေါ်တွင် ညစာစားပွဲလေးနှင့် ဧည့်ခံဖြစ်ခဲ့ကြသည်။ နှစ်ပတ်လည်ကျင်းပပြီး တစ်ပတ်အကြာတွင်တော့ သူမချစ်လှစွာသော ခင်ပွန်းသည် အလုပ်တာဝန်ဖြင့် မန္တလေးမြို့သို့အသွား တောင်ငူမြို့အလွန်မှာ သူမောင်းသောကားနှင့် တစ်ဘက်က ကုန်တင်ကားကြီးတစ်စီးတို့ တိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့လေသည်။ တိုက်ဆိုင်မှုတစ်ခုက သူမခင်ပွန်း ကွယ်လွန်ပြီး ၁လအကြာတွင် နှစ်ပေါင်းရှည်ကြာ ရှိခဲ့သော၊ နှစ်စဉ် အပွင့်တွေ၊ ရနံ့တွေဖြင့် ဝေဆာ မွှေးမြခဲ့သော  သူမတို့ အိမ်ရှေ့မှ ပိတောက်ပင်ကြီးသည် ပြင်းထန်သော လေတိုက်ခတ် မှုကြောင့်  ခါးလည်မှ ကျိုးကျသွားခဲ့သဖြင့် အမြစ်ပါတူးပစ်ကာ စွန့်ပစ်လိုက်ရလေသည်။ ထိုနေ့တွင် သူမခင်ပွန်းဆုံးသည့်နေ့ကလို ၀မ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့မိသေးသည်။ သူမတွင် သားတစ်ယောက် သမီးတစ်ယောက် ကျန်ရစ်ခဲ့သော်လည်း ခင်ပွန်း၏ အရိပ်အာဝါသတော့ ပျောက်ကွယ် ခဲ့လေပြီ.. သားသမီးတို့ကို လူလားမြောက်အောင် သူမတစ်ယောက်တည်း ကျွေးမွေး စောင့်ရှောက်ရင်း သူမရင်ထဲမှ အထီးကျန် ကြေကွဲစိတ်ကတော့ လျှော့ပါး သွားသည်မရှိ.. တစ်နှစ်ထက်တစ်နှစ် တိုးလို့သာ ခံစားနေမိသည်။



ယခုအခါ သူမခင်ပွန်း ကွယ်လွန်ခဲ့သည်မှာ ၇နှစ် ပြည့် မြောက်ခဲ့လေပြီ.. အရွယ်ရောက်လာသော သူမ၏ သားနှင့် သမီးတို့သည် ပညာရေးအတွက် စင်္ကာပူတွင် အလုပ်လုပ်ရင်း ကျောင်းတက်နေကြပေသည်။ အိမ်ကြီးတစ်ခုလုံး သူမနှင့် အိမ်ဖော် မိန်းခလေး ၂ယောက်တို့သာ ရှိနေပြီး သူမအတွက်တော့ ခြောက်သွေ့ ဆိတ်ငြိမ်နေသော ငြီးငွေ့ဖွယ်ရာ နေရာတစ်ခုလို့သာ စိတ်ထဲ ထင်မြင်မိနေသည်။ စီးပွားရေးကိစ္စများတွင်သာ စိတ်ကို နှစ်ထားပြီး တစ်ခါတစ်ရံ သားသမီးများထံ သွားရောက်ခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးများထံ အချိန်ပေး၍ အလည်အပတ် ခေတ္တ သွားခြင်း ဖြင့်သာ အထီးကျန်ငြီးငွေ့မှုကို ဖြေဖျောက်နေရလေသည်။ အိမ်တွင်နေရချိန်သည် ပျင်းရိ တိတ်ဆိတ်စွာနှင့် ခြောက်ခြားစရာ ကောင်းလောက်အောင်  အထီးကျန်လွန်း လှသည်ဟုသာ သူမ  ခံစားရလေသည်။



ဧပရယ်လရဲ့ ရက်တစ်ရက်တွင် ကားကို သူမကိုယ်တိုင် မောင်းရင်း မိတ်ဆွေတစ်ဦးအိမ်သို့ ကိစ္စတစ်ခုဖြင့် သွားရောက်ပြီး အပြန်တွင် တစ်မြို့လုံး ၀င်းဝါနေသော ပိတောက်ပန်းများ  မြို့နေရာအနှံ့ ပွင့်ဝေနေတာကို သူမတွေ့ခဲ့လေသည်။ သူမအိမ်တွင် ပိတောက်ပန်းဖြင့် မဝေဆာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ အပြန်လမ်းတွင် ကားမှန်ကိုချ၊ အဲကွန်းကို ပိတ်ပြီး သင်းပျံ့ကြိုင်လှိုင်နေသော ပန်းရနံ့ကို ခံစားရှုရှိုက်ရင်း ကားကို ဖြေးညှင်းစွာ မောင်းလာခဲ့မိသည်။ အချို့နေရာများ၏ ကားလမ်းမပေါ်တွင်ပိတောက်ပွင့်ကြွေတို့က ဖွေးဖွေးလှုပ်နေခဲ့သည်။ သူမခင်ပွန်း ဆုံးပြီးချိန်ကတည်းက ပိတောက်ပန်းကို လက်ဆောင် ပေးမည့်သူ မရှိတော့သလို အိမ်ရှေ့ ပိတောက်ပင်ကြီးလဲ လဲပြိုသွားခဲ့ပြီ ဖြစ်သောကြောင့် ပိတောက်ပန်းနှင့်ဝေးကွာခဲ့ရသည်။ သူမ၏ သားနှင့် သမီးတို့ကလည်း ပိတောက်ပန်း ယူလာလျှင် ဖခင်ကို သတိရမည် စိုး၍လား မသိ။ မည်သည့်ခါမှ  သူမအတွက် သတိတရနှင့် ယူလာပေးတတ်သည် မရှိခဲ့ပါ။ စီးတီးမတ်ဝင်ပြီး အိမ်အတွက် လိုအပ်တာများ ၀ယ်ယူပြီး အပြန် YKKO တွင် ကြေးအိုးဝင်သောက်ဖို့ စိတ်ကူးရှိသော်လည်း တစ်ယောက်တည်း စားသောက်ရမည့် အထီးကျန်မှုမျိုးကို  သီးမခံနိုင်သောကြောင့် ဆိုင်ရှေ့တွင် ကားရပ်ပြီးကာမှ ပြန်မောင်း ထွက်လာခဲ့သည်လေ။ 



ဦးတည်ချက်မရှိ ကားကို မောင်းနှင်လာရင်း သွားစရာ နေရာ မရှိသူတစ်ယောက်၏ ခံစားချက်များဖြင့် သူမရင်ထဲ မွန်းကြပ်လို့ နေမိသည်။ အိမ်ကို ပြန်လျှင်လည်း နွေးနွေးထွေးထွေး ကြိုဆိုမည့်သူမရှိ၊ တီတီတာတာ ပြောဆိုမည့် သားသမီးများကလည်း အဝေးမှာ.။ အိမ်ဆိုသည်မှာလည်း မိသားစုစုံစုံလင်လင် စုစုစည်းစည်းနှင့် ပျော်ရွှင် ကြည်နူးဖွယ် အကြင်နာတရားတို့ လွှမ်းခြုံထားသည့် နေရာဖြစ်မှသာ နေပျော်သည် မဟုတ်ပါလားလေ။ ခြောက်ကပ် တိတ်ဆိတ် နေသော၊ နွေးထွေးခြင်းကင်းမဲ့သော၊ အထီးကျန်ခြင်းတို့သာ လွှမ်းခြုံနေလျှင်တော့ ပျော်ရွှင်စရာ နေရာ မဖြစ်နိုင်တော့ သည်မှာ သေချာသည်ပဲလေ။ ကားမောင်းနေရင်း စီးပွားရေး ကိစ္စတစ်ခုဖြင့် မနက်ဖန် နေပြည်တော်သွားဖို့ရှိတာကို သတိရလိုက်မိသည်။ အိမ်ပြန်ပြီး ခရီးထွက်ဖို့ ပြင်ဆင်တာက ပိုကောင်းလိမ့်မည်ဟု တွေးမိသဖြင့် ကားကို အိမ်သို့ မောင်းပြန်လာခဲ့တော့သည်။



အိမ်ရှေ့ရောက်ခါနီးတွင် ကြိုတင်ဟွန်းတီးလိုက်သဖြင့် အိမ်တွင်းမှ အညိုဟု အမည်ရသည့် သူမခေါ်ယူထားသော ကောင်မလေး ပြေးထွက်လာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးသည်။ ခြံတွင်းသို့ ကားကို မောင်းဝင်မည်အပြုတွင် မြင်လိုက်ရသော မြင်ကွင်းတစ်ခုက သူမကို အံ့အားသင့်သွားစေခဲ့သည်။ သူမတို့ ခြံဝင်းရှေ့က အုတ်ခုံလေးပေါ်တွင် ပါကင်ပေပါ လှလှလေးဖြင့် ထုပ်ပိုးထားသော ပိတောက်ပန်းကလေးများ.. ပါကင်ပေပါလေးက အစိမ်းရောင် လွင်လွင်ကလေး၊ ပိတောက်ပန်းများကတော့ ရွှေရောင် ၀င်းဝင်းဝါ၀ါကလေး ဖြစ်၍ အစိမ်းနှင့် အ၀ါ၏ လိုက်ဖက်မှုက ပန်းစည်းလေးကို ပိုမို တောက်ပ ၀င့်ထည်လာစေသည်လေ။ သူမ ကားကို ခြံဝတွင်ရပ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ပိတောက်ပန်းစည်းလေးကို ကောက်ယူလိုက်မိသည်။ ပန်းစည်းပေါ်တွင် မည်သည့် ကဒ်ပြား မည်သည့် အမှတ်အသား တစ်ခုတစ်လေမှ မတွေ့ရ။ သို့သော် သေချာတာတစ်ခုက တစ်စုံတစ်ယောက်က ခူးယူပြီး မေ့လျော့ထားခဲ့သည်တော့ မဖြစ်နိုင်။ ပန်းစည်းသည် အတော်လေးကို ကြီးပြီး ပါကင်စက္ကူဖြင့်ပင် လှလှပပ သေချာထုပ်ပိုးပြီး ဖြစ်လေသဖြင့် တစ်စုံတစ်ယောက်ကို ပေးဖို့ရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်လာခြင်းသာ ဖြစ်နိုင်လေသည်။ ပန်းစည်းကို ကိုင်ပြီး ဘေးပတ်ဝန်းကျင် ဟိုဟိုသည်သည် လိုက်ရှာကြည့်မိသော်လည်း လူရိပ်လူခြေပင် မတွေ့ရ။ သူမတို့ အိမ်ရှေ့လမ်းသွယ် တစ်လျှောက်လုံးလည်း တိတ်ဆိတ် ငြိမ်သက်လို့နေသည်။ သူမအိမ်မှ ကလေးမလေးများသည်လည်း အသက် ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေမို့ ပန်းပေးရလောက်အောင် ပိုးပန်းရမည့် အရွယ်များလည်း မဟုတ်ကြသေးသည်မှာ သေချာလှသည်။ ကားကို ဂိုဒေါင်ထဲ မောင်းသွင်းလိုက်ရင်း ပိုင်ရှင်မဲ့ အမည်မဲ့ ထိုပန်းစည်းလေးကို အိမ်တွင်းသို့ သူမ ယူဆောင်လာခဲ့မိသည်။



အိုး ပိတောက်ပန်းနှင့် ဝေးကွာခဲ့သည်မှာ ဘယ်နှနှစ်ပင်ရှိပါလိမ့်.. အိမ်မှာ ပိတောက်ပန်းနံ့ မရသည်မှာလည်း ကြာခဲ့ပြီလေ.. တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ပန်းအိုးများတွင် ပိတောက်ပန်းလေးများ ဝေဆာသွားပေပြီ။ သူမ၏ အိပ်ခန်းတွင်းရှိ ပန်းအိုးလေးတွင်လည်း ၀င်းဝင်းဝါ၀ါနှင့် ရွှေရည်လူးနေသော ပိတောက်ဖူးလေးများက အစွင့်သား။ မည်သူ့အတွက် ရည်ရွယ်၍၊ မည်သူက လာထားပေးသွားမှန်းမသိသော အမည်မတပ်ထားသော ထိုပိတောက်ပန်း ကလေးများသည် လူတစ်ယောက်၏ စိတ်ကို ရွှင်လန်းချမ်းမြေ့အောင် စွမ်းဆောင်မှု ပေးနိုင်ခဲ့သည်ကတော့ သေချာသည်လေ။ ဘာဘဲဖြစ်ဖြစ် ဒီနေ့တော့ မွှေးမြ လန်းဆန်းနေသည့် ပိတောက်ပန်းစည်းလေးသည် သူမ၏ အထီးကျန်ခြင်း၊ ငြီးငွေ့ခြင်းတို့ကို အဝေးသို့ လွှင့်ပျောက်စေနိုင်ခဲ့လေပြီ။ ဒီပန်းစည်းလေးကို ဘယ်သူက လာပေးသည်၊ ဘယ်သူ့အတွက် ရည်ရွယ်သည်ကို  သိလာအောင် သူမ ဘယ်တော့မှ မကြိုးစားချင်တော့ပါ။



မျက်စိလေးကို အသာအယာ မှေးမှိတ်ကာ သင်းပျံ့ ထုံအီလှသော ပန်းရနံ့လေးကို အဆုပ်တွင်းထိရောက်အောင် တစ်မက်တစ်မော ရှုရှိုက်မိရင်း သူမခင်ပွန်း ရှိစဉ်က နှစ်စဉ်နှစ်တိုင်း မပျက်မကွက် လက်ဆောင်ပေးခဲ့သော အဖြစ်အပျက် ကလေးများကို ပြန်လည် မြင်ယောင်လာမိရကာ သူမမျက်နှာလေး တစ်ဖြေးဖြေးနှင့် ပြုံးယောင် သန်းလာလေသည်။ ပန်းရနံ့တို့ကတော့ သူမခင်ပွန်းရှိစဉ်က လက်ဆောင်ပေးခဲ့သော ရနံ့များလိုဘဲ ချိုအီမွှေးမြနေဆဲ၊ သူမစိတ်နှလုံးကို လန်းဆန်း စေနိုင်တုန်းပါပဲ.. အချစ်ဆိုတာ အချိန်ကာလ ဘယ်လောက်ပင် ကြာညောင်းသည်ဖြစ်စေ ဟောင်းနွမ်း သွားသည့် အရာ မဟုတ်သလို၊ မေ့ပျောက်သွားမည့်အရာလဲ မဟုတ်သည်မှာ ပိတောက်ပန်းနှင့်ပတ်သက်၍  သူမ၏ ခံစားချက်လေးများနှင့်၊ မပြောင်းလဲသော ပန်းရနံ့လေးများက သက်သေဖြစ်လို့ နေသည်ပဲလေ။





မကြာခင်မှာ ကျရောက်လာတော့မဲ့ မြန်မာတို့ရဲ့ ပျော်စရာသင်္ကြန်ကို ရည်ရွယ်ပြီး ဒီဝတ္ထုလေးကို  ဧပြီလ ၁ရက်နေ့မှာ အားလုံးအတွက် အမှတ်တရ ခံစား ရေးဖွဲ့ဖြစ်ပါတယ် ။ စာဖတ်သူများနဲ့ ချစ်ခင်ရသော သူငယ်ချင်းများအားလုံး အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ကြည်နူးနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။



ချော(အစိမ်းရောင်လွင်ပြင်)