-----------------------------------------------------------------------------------------------------------//
အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...
ချော(အစိမ်းရောင်လွင်ပြင်)
ပူပြင်းသော နွေရာသီကာလသည် မိမိ၏ အသားအရေကို အထူးတလည် စောင့်ရှောက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။ နွေနေ၏ ပြင်းထန်လှသော နေရောင်ခြည်၊ ပတ်ဝန်းကျင်မှဖုန်မှုန့်များ၊ တိုက်ခတ်သောလေ၊ ခန္ဓာကိုယ်မှ ထွက်လာသောချွေး စသည်တို့သည် အရေပြား၏ နု့ညံ့သိမ်မွေ့သော ဆဲလ်များကို ပျက်စီးစေပြီး ချွေးပေါက်များကို ပိတ်ဆို့စေပါသည်။ မကြည်မလင် ကွက်တိကွက်ကြားနှင့်၊ အဆီပြန်နေသော မိမိ အသား အရေကို ကြည့်ပြီး အခြား အချိန်ကာလတွေနှင့် မတူသည့်အတွက် အံ့သြကောင်း အံ့သြမိပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် သင်၏ အရေပြားမှ ထွက်သော သဘာဝ အဆီဓာတ်သည် ပြင်ပကို သိပ်မထွက်ဖြစ်သော်လည်း နွေရာသီတွင်တော့ လွတ်လပ်စွာ အငွေ့ပျံကုန်နိုင်ကြောင့် ဖြစ်ပါသည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်လာသော အရေးအကြောင်းများ၏ ၉၀% သည် နေရောင်ခြည်၏ ပူပြင်းမှု ဒဏ်ကြောင့် ဖြစ်နိုင်ပါသည်။ အချိန်ကြာမြှင့်စွာ ပူပြင်းနေသော နေရောင်ခြည်နှင့် လှိုင်းအလျားတိုသော ခရမ်းလွန်ရောင်ခြည်တို့သည် အရေပြား၏ အနက်ရှိုင်းဆုံး နေရာအထိသို့ ထိုးဖောက် ၀င်ရောက်သွားနိုင်ပြီး အသားအရေကို ဖျက်ဆီးစေနိုင်ပါသည်.. ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားသည် ရောင်ခြယ် နည်းပါးသည့်အတွက် အသားညိုသူများထက် ပိုပြီး အရေပြားပျက်စီးလွယ်သလို အသားအရေတွန့်ခြင်းလည်း ပို၍ ဖြစ်နိုင်ချေများပါသည်။
နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူးသဖြင့် မနက်၁၀နာရီမှ ညနေ၄နာရီထိ နေပူထဲသို့ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ ထိုအချိန်သည် ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်များဖြစ်သည်။ တတ်နိုင်သမျှ အရိပ်အတွင်းသာ နေပါ။ နေရောင်ခြည်ဒဏ်မှ ခံနိုင်မည့် အ၀တ် အစားများကိုသာ ၀တ်ဆင်ပါ။ အရောင်ရင့်သော အ၀တ်အစားများကို ရှောင်၍ အရောင်ဖျော့တော့သော အ၀တ်အစားများနှင့် ချည်ထည်များကို ရွေးချယ် ၀တ်ဆင်ပါ။ Sunscreen ကို များများ အသုံးပြုပါ။ အပြင်မထွက်ခင် ၁၅မိနစ်မှ မိနစ်၃၀အတွင်း Sunscreen ကို ကြိုတင်၍ လူးထားပါ။ မိမိအရေပြားပေါ်တွင် ချွေးထွက်လျှင် သော်လည်းကောင်း၊ ရေစိုသွားလျှင် သော်လည်းကောင်း Sunscreen ကို ပြန်လူးပါ။ Sunscreen ကို တစ်နှစ်ပတ်လုံး အပြင်ထွက်သည့် အချိန်တိုင်း အသုံးပြုပါ။ UVB ၊ UBA ၂မျိုးစလုံးမှ အကာအကွယ်ပေးနိုင်သော Sunscreen ကို ရွေးချယ် ၀ယ်ယူပါ။ အပြင်ထွက်လျှင် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သော နေကာမျက်မှန်ကို ၀တ်ဆင်ပါ။ SPF ပါဝင်မှု များပြားသော မိတ်ကပ်ကို ရွေးချယ်သုံးစွဲပါ။ နှုတ်ခမ်းကိုလည်း SPF ပါသော နှုတ်ခမ်းနီမျိုးသာ အသုံးပြုပါ။ ညအိပ်ရာဝင်ချိန်နှင့် ရေချိုးပြီးတိုင်း Body Lotion ကို လူးပေးပါ။
နွေရာသီတွင် ခန္ဓာကိုယ် အရေပြားမှ ချွေးထွက်၍ ဆုံးရှုံးသွားသော ဆားဓာတ်နှင့် ရေဓာတ်ကို မဖြစ်မနေ ပြန်လည်ဖြည့်တင်းပေးရန်လိုအပ်ပါသည်။ အရေပြားအတွက် ရေဓာတ်လောက် အရေးတကြီး လိုအပ်သောအရာ မရှိပါ။ Moisturizer သည် နေ့စဉ် အသားအရေထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်သည်။ ရေဓာတ်ကို အခြေခံ၍ ဖော်စပ်ထားသော Moisturizer ကို ၀ယ်ယူအသုံးပြုပါ။ အပြင်ထွက်ရာမှ ပြန်လာတိုင်း မျက်နှာ သန့်စင်ဆေးကြောသော အကျင့်ကို မွေးမြူပါ။ မျက်နှာပြင်ကို ရေများစွာဖြင့် အကြိမ်အရေအတွက်များစွာ ထိတွေ့ သန့်စင်ပေးပါ။ ပူလွန်းအေးလွန်းသော ရေကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။ ချွေးပေါက်တွင်းမှ ဖုန်မှုန့်နှင့် အညစ်အကြေးများ သန့်စင်စေရန်အတွက် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းကို မကြာခန ပြုလုပ်ပေးပါ။ ခြောက်သွေ့သောအသားအရေ အတွက် ၅မိနစ်ခန့်၊ အဆီပြန်တတ်သော အသားအရေအတွက် ၁၀မိနစ်ခန့် အချိန်ယူပါ။ ပြီးလျှင် သန့်စင်သော အ၀တ်ဖြင့် ခြောက်သွေ့အောင် အသာအယာ သုတ်ကာ Moisturizer ကို လိမ်းပါ။
အနည်းဆုံး တစ်ပတ်တစ်ကြိမ် မျက်နှာကို အသီးအနှံများ သို့မဟုတ် အသီးအနှံဖြင့် ပြုလုပ်ထားသော ပေါင်းဆေးဖြင့်ပေါင်းတင်ပေးပါ။ မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာပြင်ပေါ်သို့ အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင်ဆေးပါ။ အရည်ရွှမ်းသော အသီးအနှံနှင့် ဗိုက်တာမင်ဒီ ပါဝင်သော အစားအသောက် များများစားပါ။ ငါးကြီးဆီစားပါ။ နွေရာသီတွင် အရေပြားအတွက် အရေးအကြီးဆုံး အချက်မှာ ရေများများ သောက်ပါ။ တစ်နေ့လျှင် အနည်းဆုံး ၁၅ဖန်ခွက်ခန့်ထိ သောက်သုံးပေးပါ။ ပြုပြင်ထားသော အချိုရည်များထက် သဘာဝသစ်သီး ဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံးသင့်ပါသည်။
အချို့သော သူများသည် မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိ ခြေထောက်နှင့် လက်များအား ဂရုစိုက်ရန် မေ့လျှော့ ထားတတ်ကြပါသည်။ လက်နှင့် ခြေထောက်များကို ဂရုတစိုက် ထိန်းသိမ်းရန် မလို၊ အချိန်ကုန်သည်ဟု အထင်မှားနေတတ်ကြပါသည်။ မျက်နှာပြင် မည်မျှပင် လှပသော်လည်း ခြောက်သွေ့အက်ကွဲပြီး ညစ်ပေနေသော မသပ်မရပ် ခြေလက် အစုံနှင့်ဆိုလျှင် မိမိ ထိန်းသိမ်းစောင့်ရှောက်ထားသော မျက်နှာအလှသည်လည်း အလဟဿသာ ဖြစ်ပါလိမ့်မည်။ မိမိခြေလက်အစုံကို ၁၅မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။ ဆားအနည်းငယ်ကို ရေထဲထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ ပြောင်း၍ စိမ်းပေးပါ။ ၄င်းသည် သွေးလှည်ပတ်မှုကို ကောင်းစွာ အထောက်အကူဖြစ်စေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅မိနစ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ နွေရာသီတွင် ရှူးဖိနပ်ကဲ့သို့ လေ၀င်လေထွက် မကောင်းသော ဖိနပ်များကို ရှောင်ကျဉ်သင့်ပါသည်။ ခြေညှပ် ဖိနပ်အပါးများ ခုံအနိမ့်များနှင့် လေ၀င်လေထွက် ကောင်းမွန်သော ဖိနပ်များကိုသာ ရွေးချယ် စီးသင့်ပါကြောင်း အကြုံပြုလိုက်ပါရစေ။
နွေရက်များကို ပျော်ရွှင် လန်းဆန်းစွာ ကျော်ဖြတ်နိုင်ကြပါစေရှင်......
ချော(အစိမ်းရောင်လွင်ပြင်)
Article for Hello Journal
Ref: Amazooo.com Beauty Advice
photo from Here
ငါးမျှားတံကို ရေထဲချလိုက်တဲ့အချိန်မှာတော့ ရော့ကီးတောင်တန်း ထိပ်ဖျားပေါ်က ရေခဲဖုံးတောင်ထွတ်တွေရဲ့ အရိပ်က ရေကန်မျက်နှာပြင်ပေါ် ရောင်ပြန်ဟပ်လို့ နေခဲ့သည်။ ဒီနေရာလေးကို လွန်ခဲ့သော နှစ်များစွာကတည်းက ကျွန်မရဲ့ ဖေဖေနဲ့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ရဖူးပါသည်။ ခုလဲ ရောက်လာရပြန်ပါပြီလေ … ရော့ကီး တောင်တန်းတွေ တည်ရှိရာ အမျိုးသားပန်းခြံတွင်းက အလွန်လှပတဲ့ ရေကန်ကြီးရဲ့ ကမ်းနှဖူးမှာ ငါးမျှားဖို့ ပြင်ဆင်နေမိရင်း ကျွန်မရဲ့ အသိစိတ် လိပ်ပြာလေးက အတိတ်လွင်ပြင်ကို တောင်ပံခတ်ကာ ပျံသန်းလို့ သွားမိတော့သည်။
ဒီနေရာလေးမှာပါဘဲ.. ကျွန်မကို ဖေဖေက ငါးမျှားနည်းကို စပြီး သင်ပေးခဲ့သည်လေ.. ငါးမျှားတံမှာ ငါးမျှားကြိုးကို ဘယ်လို ချည်ရမည်၊ ဘယ်လို ငါးမျှားကြိုးကို သုံးရမည်၊ ဘယ်လို ငါးစာကို ရွေးချယ်ရမည်၊ ငါးမျှားချိတ်မှာ ငါးစာ ဘယ်လိုတပ်ရမည် ဆိုတာတွေကအစ ငါးမျှားချိတ်မှာ ငါးလာတွတ်ပြီး ဘယ်လောက်အကြာမှာ ငါးမျှားတံကို ဆတ်ခနဲ အပေါ်ကို ရုပ်ရမယ်ဆိုတာက အဆုံး အသေးစိတ်ကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ဖူးပါသည်။
ငါးမျှားဖို့ နေရာ သေချာရွေးချယ်တတ်ဖို့ကိုလဲ ဖေဖေက ကျွန်မကို အကောင်းဆုံး သင်ကြားပေးခဲ့ သည်ပါဘဲလေ… ဖေဖေ ရွေးချယ်ပေးတဲ့နေရာက နက်ရှိုင်း မဲမှောင်နေပြီး တည်ငြိမ်သော ရေပြင်ရှိသည့် ကြီးမားလှသော ကျောက်ဆောင်ကြီးနဲ့ နံဘေးနေရာ..
“ ဒီနေရာမှ ငါးမျှားကြိုးကိုချ ” ဖေဖေက ကျွန်မကို ပြောသည်။
“ ဘာလို့လဲဖေဖေ ”
“ ဒီနေရာမှာ သမီးအတွက် အကောင်းဆုံးနဲ့အကြီးဆုံး ငါးရှိနေတယ်.. ”
“ ဖေဖေက ဘယ်လိုသိတာလဲ”
“ဖေဖေပြောသလိုသာ လုပ်ကြည့်ပါသမီးရယ် ”
ဖေဖေညွှန်ပြသည့် နေရာမှာဘဲ ကျွန်မရဲ့ ငါးမျှားတံကို အတိအကျ နေရာ ချလိုက်တော့ အစာတတ်ထားသည့် ငါးမျှားချိတ်လေးက နက်ရှိုင်းလှသည့် ကန်ရေပြင်အောက်ကို ကြိုးအရှည်ရှိသလောက် ငုတ်လျှိုးလို့ သွားခဲ့သည်။ ဖေဖေ့ကို နောက်ထပ် ဘာမှ ပြန်မေးနေစရာ မလိုတော့ပါ … သူ့ညွှန်ကြားချက်အတိုင်း တိတ်ဆိတ်စွာ လိုက်လုပ်ရုံသာရှိပါသည် … မကြာခင်မှာ ငါးလာတွတ်သည့် ခံစားချက်မျိုး လက်က ခံစားမိသည့်အတွက် ငါးမျှားတံကို ဆွဲကိုင် မြောက်လိုက်ချိန်မှာ ကွက်တိပါဘဲ ဖေဖေပြောသလို ကြီးမားလှတဲ့ ငါးကြီးတစ်ကောင်.. ငါးမျှားတံထိပ်မှာ တစ်လူးလူး တစ်လွန့်လွန့်နှင့် ပါလာခဲ့တော့သည်။
ဒီအဖြစ်အပျက်လေးကို ပြန်သတိရမိတော့ ဖေဖေဟာ ကျွန်မကို ငါးမျှားပုံ မျှားနည်းတင်သာမက ဘ၀မှာ ဘယ်လိုရှင်သန် ရပ်တည်ရမယ်ဆိုတာတွေပါ သင်ကြားပေးခဲ့တာကို ကောင်းစွာ သဘောပေါက်လာမိပါသည်။
“ ဒီနေရာမှာ ငါးမျှားချိတ်ကို မချနဲ့…. ”
“ ဘာလို့လဲဖေဖေ”
“ ဒီနေရာရဲ့ ကန်ရေပြင်အောက်ခြေဟာ မှော်ပင်တွေ အရမ်းထူထပ်တယ်… သမီးရဲ့ ငါးမျှားချိတ်ရော ငါးစာပါ ဆုံးရှုံးရလိမ့်မယ်. ” လို့ ညွှန်ကြားခဲ့သလို
ဘ၀အတွက်လည်း “သမီး ဒီလမ်းကိုတော့ မရွေးချယ်ပါနဲ့ ဒီလမ်းဟာ သမီးအတွက် အန္တရာယ်များလွန်းတယ် ” စသဖြင့် ဆုံးမ သွန်သင်ခဲ့ပါသည်။ ကျွန်မဘ၀အတွက် အန္တရာယ်တွေကို ဖေဖေက ကြိုတင်တွေးတော၊ ကြိုတင် သိနားလည်လို့ နေခဲ့သည်။ ကျွန်မအတွက် ဘယ်လို အမျိုးသားဟာဖြင့် ဘ၀ကြင်ဖော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာပါ စိတ်ရှည်လက်ရှည်နဲ့ ဖေဖေက သင်ပြညွှန်ကြားခဲ့ပါရဲ့ .. ဖေဖေမှန်ခဲ့ပါသည်လေ.
ကျွန်မရဲ့ ဘ၀သည် ဖေဖေ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု အောက်တွင် အသားကျနေထိုင်ရင်း အဆင်ပြေ ပျော်ရွှင်သော အိမ်ထောင်သည်ဘ၀နဲ့အတူ တန်ဖိုးရှိသော အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရဲ့ ဘ၀နှင့်၊ အောင်မြင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။ သားလေး၂ယောက်ရပြီးသည့် နောက် ယခုဆိုလျှင် သူတို့တွေ သည်လည်း ကိုယ့်အိုးကိုယ့်အိမ်နဲ့ အခြေတကျ ဖြစ်ကုန်ပြီ ဖြစ်သည်။ မည်သူမှ မရှိတော့တဲ့ အိမ်ကလေးမှာ ကျွန်မနဲ့ ကျွန်မယောက်ျား ၂ယောက်သာ ကျန်ခဲ့တော့သည်လေ။ ဖေဖေ၏ အကူအညီ၊ ဖေဖေ့လမ်းညွှန်မှုသာ မရခဲ့လျှင် ကျွန်မ၏ဘ၀သည် ယခုလောက် အဆင်ပြေ လွယ်ကူချောမွေ့လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။
ရော့ကီးတောင်တန်းအနီးက ရေကန်ကြီးရဲ့ ကမ်းနဖူးမှာ တစ်ယောက်တည်း မတ်တပ်ရပ်နေမိရင်း လက်ရှိ ခုချိန်မှာတော့ ကျွန်မဟာ ပီဘိ ကလေးမလေး ပြန်ဖြစ်နေခဲ့ပါပြီ။ ရေထဲချထားသော ငါးမျှားကြိုးလေးကို အသာအယာ ပြန်ဆွဲယူပြန်တော့ လှိုင်းဂယက်လေးတွေ ထသွားခဲ့သော ကန်ရေမျက်နှာပြင်ကိုကြည့်ရင်း ကျွန်မဖေဖေရဲ့ စကားတစ်ချို့ကို ပြန်ကြားယောင်မိသည်။
“သမီးရေ…. သမီးဟာ ဖေဖေရဲ့ အကောင်းဆုံး ငါးမျှားသမားတစ်ယောက်ပဲ…”
“အိုး ဖေဖေ.. ”
“သမီးအတွက် ဖေဖေဂုဏ်ယူပါတယ်.. ”
“သမီး ငါးမျှားတတ်သွားလို့လား ဖေဖေ”
“သမီးဟာ ဖေဖေ မျှော်လင့်ထားသလို အကောင်းဆုံး အမျိုးသမီးတစ်ယောက်ရဲ့ဘ၀နဲ့ အောင်မြင်စွာ လူလား မြောက်သွားလို့ ပေါ့ကွယ်.. ” ဖေဖေက ကျွန်မကို ကြည်ကြည်နူးနူးလေး ပြုံးပြလိုက်ရင်း ပြန်ဖြေခဲ့ပါသည်။ ဖေဖေနှင့်အတူ ကျွန်မလဲ ကြည်ကြည်နူးနူးလေး ပြုံးလိုက်မိပါသည်။
ဒီချိန်လေးမှာ အသက်ကြီးကြီး စုံတွဲတစ်တွဲ လမ်းလျှောက်လာရင်း ကျွန်မကို မြင်တော့ နှုတ်ဆက်စကား ဆိုရင်းက ငါးတစ်ကောင်တစ်လေများ ရပြီလားဟု လှမ်းမေးပါသည်။ “ဘာမှ မရသေးပါဘူး” လို့ ကျွန်မပြန်ဖြေလိုက်ရင်း ပါးပေါ်တွင် မျက်ရည်စီးကြောင်း၂ခုက အလိုလို စီးကျလာပါတော့သည်။ ကျွန်မကို ကြည့်ကာ ဇဝေဇ၀ါ အတွေးတွေနှင့် စိတ်ရှုပ်သွားပုံရသော အမျိုးသားကြီးက “ စိတ်မပူပါနဲ့ကွယ်.. မကြာခင်တော့ မိမှာပါ။ ဒီကန်မှာ ငါးမျှားနေကြတဲ့ လူတိုင်းဆီကို ရောက်ခဲ့ပြီး လိုက်မေးကြည့်တာ ဘယ်သူကမှ ငါးမရကြသေးပါဘူး.. ” ဟူ၍ ကျွန်မကို ပြန်နှစ်သိမ့်ပြီး အနားကနေ ကသုတ်ကယက် ထွက်ခွာသွားကြ ပါတော့သည်။ ကြည့်ရသည်မှာ တစ်ယောက်တည်း ငါးမျှားနေပြီး အချိန်ကြာသည်ထိ ငါးမရသေး၍ စိတ်မငြိမ်မသက် ဖြစ်နေသည်ဟု ကျွန်မကို ထင်သွားသည့်ပုံ ရသည်လေ။
ကိစ္စမရှိပါ… ကျွန်မနှင့် အတူတူ ဖေဖေရှိနေသည်ကို သူတို့ သိနိုင်မည် မဟုတ်သလို နားလည်နိုင်မည်လဲ မဟုတ်ပါ။ ငါးတစ်ကောင်တစ်လေ ရလာခဲ့လျှင်တောင် ကျွန်မ စိတ်ကူးလေးထဲတွင် ကျွန်မနှင့် အတူတူ ဖေဖေ ရှိနေသည်ဆိုသည့် အတွေး၊ ဖေဖေနှင့် ငါးမျှားခဲ့ရချိန်တုန်းက ရရှိခဲ့သော ပျော်စရာအချိန် လေးတွေအကြောင်းကို သတိတရ ပြန်တမ်းတ နေမိတာလေးတွေ အနှောက်အယှက်တောင် ဖြစ်သွားနိုင်ပါသည်။ ခုချိန်တွင် မည်သည့်ငါးမျှ မရသော်လည်း ဖေဖေ့မေတ္တာတရားကို ပြန်လည် တသ သတိရနေမိသည်က ကျွန်မအတွက် ပိုကောင်းသည်ပဲ မဟုတ်ပါလား။
ကျွန်မဘ၀ကနေ ဖေဖေပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်ပေမဲ့လို့ ယခုအချိန်ထိ ဖေဖေပေးခဲ့သော ငါးမျှားနည်းသင်ခန်းစာမှသည် ဘ၀အတွက် လေ့လာသင်ယူစရာ သင်ခန်းစာအားလုံးသည် ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတုန်း၊ လေးစားစွာ လိုက်နာနေရတုန်းသာ ဖြစ်လေသည်။ ဒီလိုအချိန်မှာတော့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ခံစားနားလည်မိရင်း နှလုံးသား ကန်ရေပြင်ပေါ်မှာ ထင်ဟပ်နေသော ဖေဖေ့ပုံရိပ်လေးကို ချစ်ခင်နှစ်သက်မိစွာ ပြုံးရင်း ကြည့်နေမိပါတော့သည်။
Chicken Soup for the Fisherman’s Soul မှ Kathleen Kovach ၏ Ripples of Reflection ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)