မွေးရပ်မြေသို့ အပြန်


အားလုံးဘဲ မင်္ဂလာပါနော်….



ခရီးထွက်ရာက ပြန်ရောက်ပါပြီရှင်.. ခရီးထွက်ပြီး ပြန်လာတာဖြစ်လို့ ခုတလော တင်ဖြစ်မဲ့ အကြောင်းအရာတွေက ခရီးသွား အတွေ့အကြုံ တစ်ချို့နဲ့ ကျွန်မဇာတိ မွေးရပ်ဌာနေ အကြောင်း တစ်စေ့တစ်စောင်းလေးတွေ ဖြစ်ဖို့ များပါတယ်.. ကျွန်မရဲ့ ဇာတိမွေးရပ်ဒေသ ဆိုတာကလဲ ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရာဒေသ ဖြစ်တာကြောင့် မရောက်ဖူးသေးသူများရော ရောက်ဖူးသူများပါ  ဗဟုသုတ အနေနဲ့ မြင်တွေ့ခွင့်ရအောင် နောက်ပိုစ့်တွေမှာ ကျောက်စိမ်းတွင်းဒေသရဲ့ ကျောက်တူးဖော်နေကြတဲ့ လုပ်ကွက်တွေကို ပုံလေးတွေပါ ဖော်ပြပြီး တင်ပေးဖို့ ရည်ရွယ်မိပါတယ်.. ကျွန်မရဲ့ ဇာတိဒေသလေးကို ချစ်ခင်တဲ့စိတ်၊ မရောက်ဖူးသူများ ဗဟုသုတ အနေနဲ့ သိကြစေဖို့ ရည်ရွယ်ချက်တွေနဲ့သာ ရေးမှာဖြစ်ပါတယ်..




ကျွန်မရဲ့ ဇာတိမွေးရပ်မြေ ဖားကန့်၊ လုံးခင်းဒေသဟာ ကချင်ပြည်နယ်တွင်းမှာ တည်ရှိပါတယ်.. မြစ်ကြီးနားမြို့ကနေ မိုင်တစ်ရာနီးပါး ဝေးကွာပါတယ်.. ကျောက်စိမ်းထွက်ရာ ဒေသမို့ မှော်နယ်မြေရယ်လို့ လူသိများပါတယ်.. မြစ်ကြီးနားမြို့ကနေ သွားလို့ရသလို မိုးကောင်းမြို့ကနေလည်း သွားလို့ရပါတယ်.. ကျွန်မအလုပ်လုပ်တဲ့ နေရာကနေ မြစ်ကြီးနားမြို့ကို အရင်ဆုံး ရောက်တာဖြစ်လို့ မြစ်ကြီးနားမြို့မှာ ညအိပ်ပြီး မနက်စောစောမှာ ဗင်ကားနဲ့ ကျောက်စိမ်းတွင်းရှိရာ မွေးရပ်မြေကို ခရီးဆက်ရပါတယ်.. မြစ်ကြီးနားမြို့ကတော့ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်.. ကျွန်မနှစ်သစ်မိတဲ့ မြို့ထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့ မြို့လဲဖြစ်ပါတယ်.. ရာသီဥတု မပူပြင်းလှသလို သစ်ပင်ကြီးတွေနဲ့ စိမ်းစိမ်းစိုစို လှလှပပ ရှိတဲ့မြို့ ဖြစ်တဲ့အပြင် သစ်သီးဝလံ ပန်းမာန် ပေါများလှပါတယ်… ဧရာဝတီမြစ်ကြီးရဲ့ အလှအပကြောင့် ပိုပြီး နေချင့်စဖွယ် သာသာယာယာ ရှိတာကြောင့်လဲ မြစ်ကြီးနားမြို့ဟာ နံမည်ကျော်ပါတယ်..  မြစ်ကြီးနားကနေ မှော်နယ်မြေကို ပြေးဆွဲတဲ့ ကားတွေက ဟိုင်းလပ်၊ ဖိုးဝီး၊ မီနီဘတ်စ် စသဖြင့်  အစုံရှိတဲ့အတွက် နှစ်သစ်ရာကားကို ရွေးချယ်စီးလို့ရပါတယ်.. ကျွန်မကတော့ မြန်ဆန်ပြီး လူနည်းနည်းသာစီးတဲ့ ဗင်ကားကို ရွေးချယ်စီးပါတယ်





မြစ်ကြီးနားမြို့တွင်း သစ်ပင်များဖြင့်ဝေဆာနေသောလမ်းမ




မြစ်ကြီးနားမြို့တွင်း တစ်နေရာ




ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတား




တံတားပေါ်မှ မြင်တွေ့ရသော မြစ်ဧရာအလှနှင့် တောင်တန်းတစ်ချို့




ကားပေါ်ကနေ အမြန်ရိုက်လိုက်မိတဲ့ မြစ်ကြီးနား တက္ကသိုလ်ရဲ့မြင်ကွင်းပါ..




မြစ်ကြီးနားမြို့အထွက် မုဒ်ဦး




မြစ်ကြီးနား မိုးကောင်း ကားလမ်းမ



မြစ်ကြီးနားမြို့ကအထွက်မှာ ကားလမ်းမဟာ ကတ္တရာခင်းလမ်းဖြစ်ပါတယ်… ဒါပေမဲ့ နမ္မတီးမြို့ကို ကျော်လွန်ပြီးတဲ့ ချိန်မှာတော့ မြေသားကျောက်စရစ်လမ်းဖြစ်သွားပါပြီ.. နွေအခါ ဖုန်တစ်ထောင်းထောင်းနဲ့ မိုးအခါ ဗွက်ဟောင်းလောင်းနဲ့ လမ်းများဘဲဖြစ်ပါတယ်.. တစ်ခေတ်တစ်ခါကတော့ ကျောက်စိမ်းတွင်း အသွားလမ်းဟာ ဆိုးလွန်းအားကြီးလို့ လူတောင် ဗွက်နစ်ပြီး သေတယ်လို့ နံမည်ကျော်ခဲ့တဲ့ လမ်းဖြစ်ပါတယ်.. ကျွန်မတို့ ငယ်စဉ်က ဒီလမ်းတွေဟာ တစ်နှစ်တစ်ခေါက် မြို့ကို ကျောင်းတက်ဖို့ သွားရာမှာ ကျောင်းသားအင်အား များများစုစည်းပြီး အုပ်ထိန်းသူက လိုက်ပါကာ ကားနဲ့ သွားဖို့မဖြစ်နိုင်တဲ့ ဒီလမ်းတွေပေါ်မှာ ခက်ခဲပင်ပန်းစွာ ဗွက်တွေနွံတွေကြားမှာ တစ်ရက်ကို မိုင်၂၀နှုန်းထားနဲ့ မိုးကောင်းမြို့ကို ခြေလျှင် ၃ရက် လျှောက်ခဲ့ရပါတယ်.. စီးရတဲ့ ဖိနပ်က ပွိုင့်ဖိနပ်လို့ခေါ်တဲ့ တောစီးဖိနပ်တစ်မျိုးပါ..  ဖိနပ်ထဲမှာ ဗွက်တွေ၊ ရေတွေဝင်ပြီး လမ်းလျှောက်ရ ခက်လွန်းပေမဲ့ ရွံ့နွံထဲမှာ ဘယ်လိုဖိနပ်မျိုးနဲ့မှ လျှောက်မရဘဲ လျှောလွန်းတာကြောင့် လူတိုင်းက ဒီဖိနပ်ကိုသာ စီးကြရပါတယ်.. ၃ရက်ခရီးအပြီးမှာတော့ ခြေသည်းတစ်ချို့ ကျွတ်ထွက်ကုန်တဲ့အထိ ဖြစ်ခဲ့ရဖူးပါတယ်..




ကျောက်ကြမ်းလမ်းမ




တောတောင်ကြားက လမ်းကြမ်းကြမ်း




ဒီလိုတံတားမျိုးတွေလဲ ဖြတ်ရပါတယ်..



လမ်းက အမိုးအကာ သိပ်မလုံခြုံလှတဲ့ စခန်းလေးတွေမှာ ဖြုတ်တွေ ခြင်တွေကြား၊ မိုးတွေလေတွေကြား အကြိမ်ကြိမ် အိပ်စက်ခဲ့ရဖူးပါတယ်.. တစ်ခါတစ်ရံမှာ ကိုယ့်အဖွဲ့ ညအိပ်စခန်းချမဲ့နေရာမှာ တဲတစ်လုံး တစ်လေမှ မရှိလို့  လူကြီးတွေက သစ်ခုတ်၊ ၀ါးခုတ်ပြီး တဲထိုးကြရပါတယ်.. တောတောင် ထူထပ်တာမို့ သစ်ဝါးတော့ အင်မတန်ပေါပါတယ်.. ပြီးတော့ ကျွန်မတို့ဒေသမှာ ရုန်းလို့ခေါ်တဲ့ အရွက်တစ်မျိုးကို အိမ်မိုးအဖြစ် အသုံးပြုကြပါတယ်.. ပင်လယ်ကမ်းစပ်မှာသုံးကြတဲ့ ဓနိရွက်နဲ့ ဆင်ဆင်တူပါတယ်..  ခုချိန်မှာတော့ အရင်တုန်းကလို လမ်းမှာ အိပ်ရတဲ့အဖြစ်က အိပ်မက်တစ်ခုလို ဖြစ်သွားခဲ့ပါပြီ.. လမ်းတွေမှာလဲ ရွာတွေ အိမ်ခြေတွေ အများအပြား ရှိလာပြီဖြစ်ပါတယ်… ပြီးတော့လဲ လမ်းတွေဟာ ယခင်ကလို ရွံ့ဗွက်အတိနဲ့ မဟုတ်တော့ဘဲ ကျောက်မျက်ကုမ္ပဏီအချို့ရဲ့ ပြုပြင်မှုကြောင့် ကျောက်ကြမ်းခင်းတဲ့ အဆင့်ထိ တိုးတက်လာပြီဖြစ်ပါတယ်...




ကိုင်းတောကြားက မြေသားလမ်း




လမ်းဘေးတစ်လျှောက် တောတောင်များ




ဒီလိုကားနဲ့ သွားကြမလား




ဒီကားနဲ့ဆိုရင်လည်း ရောက်ပါတယ်...



မြစ်ကြီးနားက ထွက်လာပြီး လမ်းတစ်ဝက်လောက်မှာ လ၀ါး လို့ခေါ်တဲ့ ကချင်ရွာကလေးမှာ နေ့လည်စာ စားဖို့ ကားရပ်နားပါတယ်.. ယခင်က ဖြတ်သန်းနေကျ မိုးကောင်း၊ကားမိုင်း စတဲ့ မြို့တွေကို ဖြတ်စရာမလိုတော့ဘဲ အသစ်ဖောက်ထားတဲ့ လမ်းကနေ မောင်းလို့ရနေပါပြီ.. ကျွန်မတို့ကား ရပ်တဲ့ဆိုင်ကလေးက ကချင်ရိုးရာ ထမင်းဆိုင်လေးဖြစ်လို့ ထမင်းကို ဖက်ကလေးနဲ့ ထုပ်ထားတာလေးက မြင်တာနဲ့စားချင်စိတ်ဖြစ်မိတာမို့ နွားနို့သာသောက်မယ်လို့ ရည်ရွယ်မိပေမဲ့ ထမင်းစားဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ဒီရွာကလေးက နွားနို့စစ်စစ်ကြောင့်လဲ နာမည်ကြီးပါတယ်.. မှာစားဖြစ်တဲ့ ဟင်းတွေက ၀က်သားနဲ့ မျှစ်ချဉ်၊ ငါးကလေးအိုးကပ်၊ ရုံးပင်က ရတဲ့ အူတိုင်ဖြစ်တဲ့ ရုံးအူနဲ့ ကံဇင်းလို့ခေါ်တဲ့ အရွက်တစ်မျိုးဟင်း အရည်သောက်ပါ.. ကချင်ငရုပ်သီးထောင်းလေးပါ အဆစ်ပါပါတယ်.. ကံဇင်းဆိုတဲ့အရွက်ကိုတော့ ကချင်ပြည်နယ် ရောက်ဖူးသူတွေမှသာ ကြားဖူး၊တွေ့ဖူးမဲ့ အရွက်ပါ.. အရွက်နဲ့အရိုးမှာ ဆူးကလေးတွေပါပြီး မကြိုက်သူတွေအတွက်တော့ အနံ့နံလို့ စားရတာခက်တယ်လို့ ပြောတတ်ကြပါတယ်.. ကချင် တိုင်းရင်းသားတွေ အကြိုက် ဟင်းခတ်အမွှေးအကြိုင် အရွက်တစ်မျိုးလဲ ဖြစ်ပါတယ်.. ကချင်ပြည်နယ်က လူတွေ တော်တော်များများတော့ ကြိုက်ကြတာ များပါတယ်.. .. ထမင်းလေးကတော့ ဖက်နဲ့ထုပ်ထားတာမို့ ငှက်ပျောဖက်နံ့ သင်းသင်းလေးနဲ့ စားရတာ အတော် ခံတွင်းမြိန်စေပါတယ်..



လ၀ါး ကျေးရွာလေးက ကချင်တိုင်းရင်သား စားသောက်ဆိုင်ကလေး




ငှက်ပျောဖက်ထုပ် ထမင်းနဲ့ ကချင်ဟင်းတစ်ချို့




ကံဇင်းဟင်းရည်နဲ့ ငရုပ်သီးထောင်း



ကျွန်မတို့ဒေသမှာ ကံဇင်းရွက်နဲ့ ပတ်သက်ပြီး ဆိုရိုးလေးတစ်ခုတောင် ရှိပါသေးတယ်… အောက်ပြည်အောက်ရွာကလာတဲ့ တစ်ရွာသားနဲ့ လက်ထပ် ပေါင်းသင်းထားတဲ့ သမီးကို  မကြာခင်မှာ အမေလုပ်သူက သမီး ညည်းယောက်ျား ကံဇင်းရွက် စားတတ်ပြီလားလို့ မေးပါတယ်..  သမီးက မစားတတ်သေးဘူးအမေ လို့ ပြန်ဖြေတယ်.. အမေက စားတတ်အောင် လုပ်ထားလို့ ပြန်ပြောပါတယ်…  နောက် အချိန်အတန်ကြာတော့ ပြန်မေးပါတယ်.. သမီး ညည်းယောက်ျား ကံဇင်းစားတတ်ပြီလားတဲ့ သမီးက စားတတ်ပြီ အမေလို့ ပြန်ဖြေတော့ ဒါဆို စိတ်ချရပြီ.. ညည်းယောက်ျား အိမ်ပေါ်က ကန်ချရင်တောင် မဆင်းတော့ဘူးလို့ ပြန်ပြောလိုက်ပါတယ်တဲ့..  ကံဇင်းဆိုတဲ့အရွက်က ကချင်ပြည်နယ်မှာသာ ရှိတာမို့ ဒီအရွက်ကြိုက်သွားရင် ဘယ်မှာမှ မရနိုင်တဲ့အတွက်ကြောင့် သမက်လုပ်သူက အိမ်ပေါ်ကနေ ဘယ်လိုနည်းနဲ့မှ ဆင်းတော့မှာ မဟုတ်လို့ သမီးအတွက် စိတ်ချရပြီဖြစ်ကြောင်း ပိုပိုသာသာ ချဲ့ကားပြီး ပြောကြတဲ့ ဆိုရိုးစကားလေး ဖြစ်မှာပါ… အတိအကျ မှန်မမှန်တော့ မပြောတတ်ပါဘူးရှင်.. ကြားဖူးတာလေးကို ပြန်ဖောက်သည်ချတာပါ..




ကံဇင်းရွက်ရဲ့ ပုံပါ



ဆက်ပြီးတော့ ခရီးထွက်လာကြရာမှာ လမ်းတစ်လျှောက်ရဲ့ ရှုခင်းတစ်ချို့နဲ့ မှော်နယ်မြေရဲ့ မြို့ အချို့ကို ဓာတ်ပုံလေးများနဲ့ ဖော်ပြပေးထားပါတယ်.. မြစ်ကြီးနားမြို့ကနေ ၅နာရီ သာသာ ကားမောင်းပြီးချိန်မှာတော့ ကျွန်မရဲ့ မွေးရပ်မြေ ကျောက်စိမ်းတွင်းဒေသကို ရောက်ရှိပြီ ဖြစ်ပါတယ်.. ယခင်ကတော့ ခြေလျှင်ခရီးနဲ့ ၃ရက်တာ လျှောက်ခဲ့ရတဲ့လမ်းဟာ ခုချိန်မှာတော့ နေ့တစ်ဝက်နဲ့တင် သွားရောက်နိုင်ပြီ ဖြစ်ပါတယ်..




ဖားကန့်မြို့အ၀င်ဆိုင်းဘုဒ်




ဖားကန့်မြို့ရဲ့ တစ်စိတ်တစ်ဒေသ




ဖားကန့်မြို့




ဖားကန့်မြို့အ၀င်လမ်းမ




ဖားကန့်မြို့ မရှီကထောင် ဘေလီတံတား




ဆိုင်းတောင် မြို့တွင်းလမ်းမ



ဆိုင်းတောင် (ခ) ဆိပ်မူ





ကျောက်စိမ်းရော ရွှေပါ ထွက်တယ်လို့ နံမည်ကျော်တဲ့ ဥရုချောင်းပါ... ပြောရင်ယုံနိုင်ပါ့မလား.. ကျွန်မတို့ငယ်စဉ်ကတော့ ဒီဥရုချောင်းရေဟာ စိမ်းမြကြည်လင်နေပြီး ၀ါးတစ်ပြန်မက အနက်ရှိခဲ့ပါတယ်.. ဟိုစဉ်ကတော့ ချောင်းရေကိုသာသောက်သုံးပြီး ချောင်းထဲမှာသာ ရေချိုးအ၀တ်လျှော်ခဲ့ကြပေမဲ့ ခုချိန်မှာတော့ သုံးစွဲလို့ မဖြစ်တော့အောင် ရာသီမရွေး ခုလို နောက်ကျိနေတဲ့ အ၀ါရောင်ရွံ့ရေများသာ ဖြစ်နေပြီး မှော်ဒေသအသီးသီးက မြေကြီးစွန့်ပစ်မှုကြောင့် ချောင်းရေရဲ့ အတိမ်အနက်ကတော့ ဒူးခေါင်းသာသာလောက်သာ ရှိပါတော့တယ်.. ချောင်းကမ်းပါးမှာ စွန့်ပစ်ပုံထားတတ်တဲ့ မြေစာများကြောင့် ချောင်းအကျယ်ကလဲ တစ်ဖြေးဖြေး ကျဉ်းမြောင်းလာပြီ ဖြစ်ပါတယ်.. ဒါကြောင့်လဲ မိုးရာသီတွေမှာ မကြုံစဖူး မြို့ရွာတွင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်လာနေပါပြီ.



ဒီနေရာမှာ ကျွန်မတို့ရဲ့ ကျောက်စိမ်းတွင်းဒေသဟာ အများက ထင်မြင်ထားသလို ခမ်းခမ်းနားနား သပ်သပ်ရပ်ရပ်နဲ့ ရှိနေတတ်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး ဆိုတာ ၀န်ခံချင်ပါတယ်.. ကျောက်စိမ်းထွက်ရာ၊ ကျောက်စိမ်းတူးဖော်ရာ မှော်မြေဒေသမှာ လူတွေနေထိုင်ကြရင်း မြို့ရွာရယ်လို့ ဖြစ်လာတာ ဖြစ်တဲ့အတွက် အခြားမြို့ပြတွေလို စံနစ်တကျ တည်ထောင်ထားတဲ့ မြို့ရွာ မဟုတ်ပါဘူး.. ပြီးတော့ ဒီနေ့ ဒီနေရာမှာ အိမ်ခြေနဲ့ ရွာ ဆိုတာ ရှိနေပေမဲ့ နောက်တစ်နေ့မှာ ကုမ္ပဏီကြီး တစ်ခုခုက လုပ်ကွက်ဆွဲလိုက်လို့ တူးဖော်ခွင့်ရသွားပြီဆိုရင် အိမ်ခြေတွေ မြေယာတွေ ဖယ်ပေးလိုက်ရပြီး နေ့မြင်ညပျောက် အချိန်မရွေးဖြစ်သွားတတ်တဲ့ အနေအထားမျိုးလဲ ဖြစ်ပါတယ်.. နောက်အချိန်ရရင် ကျောက်စိမ်းလုပ်ကွက်များနဲ့ ကျောက်စိမ်း အကြောင်းကို ဗဟုသုတ အနေနဲ့ တစ်စိတ်တစ်ပိုင်းတော့ သိသလောက် ရေးပြပါဦးမယ်ရှင်..



စာဖတ်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်...



ချော(အစိမ်းရောင်လွင်ပြင်)

မင်္ဂလာနှစ်ဆန်းတစ်ရက်နေ့


အားလုံးဘဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်…





မင်္ဂလာရှိတဲ့ ဒီနေ့ နှစ်သစ်ကူးရက်ကလေးမှာ ကျွန်မက မွေးဖွားရာဇာတိဒေသမှာ မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံနေပြီ ဖြစ်ပါတယ်.. စာလာဖတ်သူများကိုတော့ ဒီပိုစ့်လေး ရေးခဲ့ပြီး ဒီနေ့မှာ ဖတ်လို့ရအောင် Schedule နဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်.. ဒီနေ့လေးမှာ ကျွန်မတို့ ဒေသ၊ ကျွန်မတို့မိသားစုတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ လူကြီးမိဘများကို ဂါဝရပြုတဲ့ အလေ့အထလေး တစ်ခုကို ပြောပြချင်ပါတယ်..

ကျွန်မတို့ မိသားစုဟာ ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့အတွက် နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မိဘဆရာသမားနဲ့ သက်ကြီးရွယ်အိုများကို ကန်တော့လေ့ရှိပါတယ်. နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်မတို့ မိသားစုဝင်တွေကြားမှာ ပြုလုပ်လေ့ရှိတာက မိဘ၂ပါးကို ရေကန်တော့ခြင်းဖြစ်ပါတယ်.. ဒီရေကန်တော့ခြင်း အလေ့အထကို ကျွန်မတို့ငယ်စဉ်က မေမေက ဦးဆောင်လမ်းပြကာ အဖိုးအဖွား အဖေအမေတို့ကို နှစ်စဉ် ကန်တော့တတ်အောင် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်.. ယခုချိန်ထိလည်း ကျွန်မတို့မိသားစုနဲ့ ကျွန်မတို့ဒေသက အခြားသော အိမ်ထောင်စုများကြားမှာ ဒီအလေ့အထလေး ရှိနေဆဲဖြစ်ပါတယ်..

ရေကန်တော့ဖို့အတွက် ပထမဆုံးက ရေဖလား သန့်သန့်လေးတစ်ခုကို ရေ သင့်တင့်ရုံထည့်ပါတယ်.. ပြီးတော့ နံသာဖြူတုံးတစ်ခုကို ယူပါတယ်.. အိမ်မှာတော့ နံ့သာဖြူက အချိန်မရွေးရှိပါတယ်.. သနပ်ခါးသွေးလေ့ရှိတဲ့ ကျောက်ပြင်ကို စင်အောင် ဆေးကြောပါတယ်.. စင်အောင်ဆေးကြောထားတဲ့ ကျောက်ပြင်ပေါ်မှာ နံ့သာဖြူကို အနှစ်ကလေးတွေ ရလာအောင် သွေးယူပါတယ်.. ရလာတဲ့ အနှစ်ကလေးတွေကို လက်ကလေးနဲ့ သပ်သိမ်းပြီး ရေဖလားလေးထဲကို ထည့်ပါတယ်.. ဒီလိုနဲ့ ဖလားလေးထဲမှာ နံ့သာတုံးကို သွေးထားတဲ့အနှစ်ကလေးတွေ များလာပြီဆိုရင် နံ့သာနံ့ သင်းသင်းလေး မွှေးနေတဲ့ နံ့သာရည်ကိုရပါပြီ.. အဲဒီရေထဲကို ရေမွှေးအနည်းငယ် ထပ်ရောပါတယ်..

ပြီးသွားပြီဆိုရင် ရေကန်တော့ခံမဲ့ မိဘ သို့မဟုတ် လူကြီးကို အိမ်ရဲ့ ဦးခန်းမှာ ထိုင်ခိုင်းပြီး အောက်မှာ ဇလုံတစ်ခုချကာ ကန်တော့ခံတဲ့သူရဲ့ လက်ကို ခုနက သွေးထားတဲ့ နံ့သာရေနဲ့ လောင်းချပါတယ်.. ပြီးရင် အ၀တ်သန့်သန့်တစ်ခုနဲ့ လက်ကို သုတ်ပေးရပါတယ်.. ထို့နောက်တော့ မိသားစုဝင်တွေအားလုံးက ရိုသေစွာ ထိုင်ကန်တော့ကြပါတယ်.. အဲဒါကို ရေကန်တော့တယ် လို့ ခေါ်ပါတယ်… ဒီရေကန်တော့တာကို နှစ်ဆန်းတစ်ရက်နေ့တိုင်း ကျွန်မတို့ဒေသမှာ ကိုယ့်မိဘ လူကြီးသူမများကို ကန်တော့ကြပါတယ်..

ဒီနေ့နှစ်ဆန်းတစ်ရက်မှာ ကျွန်မဟာ မွေးရပ်ဇာတိမြေကို ပြန်ရောက်နေပြီဖြစ်တဲ့အတွက် ခုချိန်မှာ ကျွန်မရဲ့ မိဘ၂ပါးတို့ကို ရေကန်တော့နေပြီ ဖြစ်ပါတယ်.. နှစ်သက်စရာ ဓလေ့တစ်ခုမို့ ဘိုးဘွားလက်ထက်မှသည် ကျွန်မတို့ခေတ် ရောက်ချိန်ထိ ဆက်လက်ကျင့်သုံးနေတဲ့ အလေ့အထလေးဖြစ်ပါတယ်.. ဒီအလေ့အထလေးအကြောင်း စာဖတ်သူများကို ဒီနေ့နှစ်ဆန်း တစ်ရက်မှာ ပြန်လည်ဝေငှ လိုက်ရပါတယ်ရှင်.. သွားခါနီးမှ ကမန်းကတန်း  ရေးသွားတာ ဖြစ်လို့ အမှားအယွင်းနဲ့ မပြည့်မစုံဖြစ်ခဲ့ရင် ခွင့်လွှတ်ကြဖို့ တောင်းပန်လိုက်ပါတယ်..

အားလုံးဘဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ၊ လိုရာဆန္ဒအားလုံး ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်…
----------------------------------------------------------------------------------------------//

ချော(အစိမ်းရောင်လွင်ပြင်)

ပေါ့ပေါ့ပါးပါး ပြုံးစရာ (၆)




မှတ်ဥာဏ်ကောင်းစေတဲ့ ကျောင်း

အသက်အရွယ်ကြီးကြီး စုံတွဲတစ်တွဲဟာ မှတ်ဥာဏ်စွမ်းအားတွေ ကျဆင်းကုန်တာနဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းတစ်ခုကို သွားရောက်ပြီး သင်တန်းတက်ကြပါတယ်..

သင်တန်းတက်လို့ ရက်အနည်းငယ်ကြာတဲ့အခါမှာ အဖိုးအိုဟာ အိမ်အပြင်ကိုထွက်ပြီး အိမ်နီးချင်းတစ်ဦးနဲ့ စကားစမြည်ပြောဆိုနေပါတယ်..

 “ခင်ဗျားတို့ သင်တန်းဆရာရဲ့ နံမည်က ဘယ်သူလဲဗျ ” အိမ်နီးချင်းက မေးပါတယ်..

“အင်း နေဦး ကျုပ်စဉ်းစားပါရစေဦး.. ခင်ဗျားသိလား ပန်းတစ်မျိုးဗျာ.. အနံ့လေးက မွှေးတယ်.. တော်တော်လဲလှတယ်. ဒါပေမဲ့ သူ့ရိုးတံမှာ ဆူးတွေနဲ့လေဗျာ…”

 အိမ်နီးချင်းက “နှင်းဆီပန်း လေဗျာ ” လို့ပြန်ဖြေတယ်..

“အား ဟုတ်တယ် နှင်းဆီ..”  လို့ ရေရွတ်ပြီး အိမ်ထဲကိုလှည့်ကာ “ ဟေ့ မနှင်းဆီ .. ငါတို့ သင်တန်းကျောင်းက ဆရာရဲ့ နံမည်က ဘယ်သူလဲကွ ” လို့ အိမ်ထဲက မိန်းမဖြစ်သူကို လှမ်းမေးလိုက်ပါတော့တယ်…

( တော်တော် ဆိုးပါလား.. မိန်းမနံမည်တောင် ဒီလောက် ဆက်စပ် စဉ်းစားယူနေရတယ်.. ) :)  :)

-----------------------------------------------------------------------------------------------------
တော်လိုက်တဲ့ အမူးသမား

အရက်သမားတစ်ယောက်ဟာ ငိုယိုပြီး အရက်ဘားတစ်ခုထဲကို ၀င်လာပါတယ်.. လူတစ်ယောက်က သူ့ကို “ဘာဖြစ်လာတာလဲ ”လို့ လှမ်းမေးလိုက်တော့ “ကျွန်တော် ဆိုးဆိုးဝါးဝါးကိစ္စတစ်ခုကို လုပ်ခဲ့မိပြီဗျာ.. လွန်ခဲ့တဲ့ တစ်နာရီလောက်က ကျွန်တော့မိန်းမကို တောင်ပိုင်းကလာတဲ့ အရက်တစ်ပုလင်းနဲ့ ကျွန်တော် ရောင်းပစ်လိုက်မိတယ်” လို့ ငိုရှိုက်ရင်း ဖြေပါတယ်..

“ဟာ ဆိုးလိုက်တာ.. ဒါဆို အခု ခင်ဗျား နောင်တရနေပြီပေါ့.. ခင်ဗျားမိန်းမကို ပြန်လိုချင်နေပြီမဟုတ်လား ”ထိုလူက အရက်သမားကို ပြန်ပြောပါတယ်..

“ဟုတ်ပါတယ်ဗျာ”..  အရက်သမားကလည်း ငိုရင်းက ပြန်ဖြေပါတယ်..

“ခုတော့ ခင်ဗျား သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ အခုချိန်ကျမှာ သဘောပေါက်ပြီမဟုတ်လား..  ခင်ဗျားသူ့ကို ခုထိ ချစ်နေသေးတယ်မဟုတ်လား ”

“မဟုတ်တာဗျာ.. ကျွန်တော် သူ့ကိုပြန်လိုချင်တာက ကျွန်တော်အခု အရက်သိပ်သောက်ချင်နေပြီဗျ..”

(ဒီလိုလူတော့ ဝေးဝေးက ရှောင်မည်)  :)  :)

------------------------------------------------------------------------------------------------------------
ကုလားအုတ် အကောင်တစ်ရာ

အမေရိက ကနေ အစ္စရေးကို အလည်ရောက်နေတဲ့ မောရစ်စ် နဲ့ သူ့ဇနီးဟာ လက်ဆောင်ပစ္စည်း အရောင်းဆိုင် ရှေ့မှာ ထိုင်ရင်း အတူလာတဲ့ အခြားခရီးသည်တွေ ရောက်အလာကို စောင့်ဆိုင်းနေပါတယ်..  ဒီအချိန်မှာ အာရပ် အရောင်းသမားတစ်ဦးဟာ ရောင်းချစရာ ပစ္စည်းတစ်ချို့တစ်လေကို သယ်ပိုးပြီး သူတို့၂ယောက်ဆီ ရောက်လာကာ သူ့ထံက ပစ္စည်းတွေကို ၀ယ်ယူဖို့ ပြောဆိုရောင်းချပါတယ်.. သို့သော်လည်း ပစ္စည်းတစ်ခုတစ်လေကိုမှ မောရစ်စ်တို့က မ၀ယ်ယူပါဘူးတဲ့.. ဒီတော့ အာရပ်က မောရစ်စ်ကို “ ဘယ်က လာသလဲ ”လို့ မေးပါတယ်..

အမေရိက လို့ မောရစ်က ပြန်ဖြေတော့ ဆံပင်အနက်ရောင်၊ သံလွင်သီးရောင် အသားအရေရှိတဲ့ မောရစ်စ်ရဲ့ ဇနီးကိုကြည့်ပြီး  “သူကတော့ အမေရိက ကမဟုတ်ဘူးထင်တယ်” .. လို့ မေးပြန်ပါတယ်..

 သူ့ဇနီးဖြစ်သူက “ဟုတ်ကဲ့ ကျွန်မ အမေရိက က မဟုတ်ပါဘူး” လို့ ဖြေပါတယ်..

 “ဒါက ခင်ဗျားယောက်ျားလား” လို့ မောရစ်ဘက်ကို လက်ညိုးညွှန်လိုက်ကာ မေးပြန်ပါတယ်..

 ဒီတော့ အမျိုးသမီးက “ဟုတ်တယ် ကျွန်မယောက်ျားပါ”လို့ ဖြေပါတယ်..

အာရပ်က မောရစ်စ်ဘက် လှည့်လိုက်ပြီး “ခင်ဗျား သူ့ကိုရောင်းမယ်ဆိုရင် ကျွန်တော် သူ့အတွက် ကုလားအုတ်အကောင်တစ်ရာ ပေးချေပါ့မယ်.. ” လို့ပြောလိုက်ပါတယ်. ဒီတော့ မောရစ်ဟာ အချိန်တော်တော်ကြာ စဉ်းစားနေပြီးမှ “ သူက ရောင်းဖို့မဟုတ်ပါဘူး ” လို့ ပြန်ပြောလိုက်ပါတယ်။

မောရစ်စ်စကားကြားတော့ အာရပ်လည်း လှည့်ထွက်သွားပါတယ်.. ဒီမှာတင်  မောရစ်စ်ရဲ့ မိန်းမက ဒေါသဖြစ်ဖြစ်နဲ့ “ရှင် ဒီအဖြေပေးဖို့ ဘာကြောင့် ဒီလောက်စဉ်းစားနေတာလဲ” လို့မေးလိုက်ပါတယ်..

ဒီတော့ မောရစ်စ်က “အား ငါက ဒီကုလားအုတ် အကောင်တစ်ရာကို သယ်ပြီး ဘယ်လိုအိမ်ပြန်မလဲလို့ စဉ်းစားနေလို့ပါ ” တဲ့။

(ဆိုးပါ့)

--------------------------------------------------------------------------------------------------------- 
မင်္ဂလာ နှစ်ပတ်လည် လက်ဆောင်

မင်္ဂလာနှစ်ပတ်လည် အနှစ်၃၀ပြည့် နီးကပ်လာချိန်မှာ နှစ်၃၀ပြည့် အထိမ်းအမှတ်အတွက် ဘာလက်ဆောင် လိုချင်သလဲလို့ ယောက်ျားဖြစ်သူက သူ့မိန်းမကို မေးပါတယ်..

ယောက်ျား။                  ။  မိန်းမရေ.. အင်္ကျီကောင်းကောင်း လှလှလေးတွေ လိုချင်သလား

မိန်းမ       ။                  ။ တော်ပါပြီ.. မလိုချင်ပါဘူး

ယောက်ျား။                  ။ ဒါဆို ကားအသစ်တစ်စီး ယူမလား

မိန်းမ      ။                  ။ ဟင့်အင်း.. မယူတော့ပါဘူး

ယောက်ျား။                  ။ ဒါဆို အိမ်အသစ်လှလှလေး တစ်လုံးလား

မိန်းမ       ။                 ။ ဟင့်အင်း

ယောက်ျား။                 ။ ဒါဆို မင်းဘဲပြော… နှစ်ပတ်လည် လက်ဆောင် ဘာယူမလဲဆိုတာ

မိန်းမ ။                         ။ ကျွန်မ ရှင်နဲ့ ကွာရှင်းချင်တယ်….

ယောက်ျား။                   ။ အိုး.. ဆောရီး အချစ်ရေ.. ကိုယ် ဒီလောက်ငွေကုန်ကြေးကျများမဲ့ ကိစ္စအတွက် အစီအစဉ် မလုပ်ရသေးဘူး။

(ဟုတ်တာပေါ့.. ကွာရှင်းရင် မိန်းမဖြစ်သူကို ယောက်ျားက ပိုင်ဆိုင်သမျှရဲ့ တစ်ဝက်ကို ခွဲပေးရမှကိုး)  :)  :)

------------------------------------------------------------------------------------------------------------

အားလုံးဘဲ ပျော်ရွှင်ကြပါစေရှင်..
ချော(အစိမ်းရောင်လွင်ပြင်)

ကျွန်မရဲ့ အမြင်လေးတစ်ခု...




ကျွန်မအလည်ရောက်နေတဲ့ မြို့ကလေးတစ်မြို့မှာ မြင်တွေ့ခဲ့ရတာလေးကို ဒီနေရာလေး ကနေ စာဖတ်သူများကို ပြောပြချင်ပါတယ်..



အဲဒီမြို့ကလေးဟာ သာယာလှပပြီး ချစ်စရာကောင်းပါတယ်.. ရာသီဥတုကလဲ မပူတဲ့ ခပ်အေးအေး တောင်ပေါ် ဒေသ ရာသီဥတုလေးပါ။ မြို့ကို တောင်စဉ်တောင်တန်းတွေက ၀ိုင်းပတ် ကာရံထားတာမို့ ဘယ်နေရာကို ကြည့်ကြည့် မြင့်မြင့်မားမား တောင်တန်းတွေကို ပြာပြာလွင်လွင်လေး လှမ်းမြင်နေရတတ်ပါတယ်.. မြူခြေဆိုင်းတဲ့အခါမျိုး ဆိုရင်တော့ တောင်တန်းတွေကို ခပ်မှိုင်းမှိုင်းလေးသာ လှမ်းမြင်နေရပါတယ်..  မြို့ကလေးရဲ့ နောက်ထပ် ချစ်စရာကောင်းတဲ့ အချက်က ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် သစ်ပင်တွေရှိနေတဲ့ အချက်ကလေးပါဘဲ.. လမ်းတိုင်းမှာဆိုရင် လမ်းဘေးဝဲယာ ဘေး၂ဘက် လုံးမှာ သစ်ပင်တွေ တန်းစီ စိုက်ထားပါတယ်.. သစ်ပင်မရှိတဲ့ လမ်းရယ်လို့ မတွေ့မိသလောက်ပါဘဲ… တစ်ချို့လမ်းတွေများဆို မွှေးမွှေးပျံ့ပျံ့ ပန်းတွေပွင့်တဲ့ အပင်တွေ တစ်လမ်းလုံး တစ်ပုံစံတည်း ဒီအပင်မျိုးချည်း စိုက်ထားတော့ အဲဒီလမ်းထဲ ၀င်လိုက်တာနဲ့ သင်းသင်းလေး မွှေးနေတဲ့ ပန်းနံ့လေးကို စိတ်ချမ်းမြေ့စရာ ခံစားမိတော့တာပါဘဲ..














 

 လမ်းဘေးဝဲယာက အရိပ်ရ အပင်များ



တစ်ချို့လမ်းကျတော့လည်း အရွက်စိမ်းစိမ်းဖားဖားနဲ့ ဘာပင်ရယ်လို့ နံမည်မသိတတ်တဲ့ အပင်လှလှတွေ စိုက်ထားတော့ တစ်လမ်းလုံးဟာ သစ်ပင်ရိပ်နဲ့ အေးစိမ့် နေတတ်ပါတယ်..  အချို့လမ်းမကြီးတွေမှာတော့ လမ်းအလယ်ကျွန်းဆိုတာ ရှိပါတယ်.. အဲဒီလမ်းလယ်ကျွန်းဟာ မြက်ခင်းစိမ်းစိမ်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှိပြီးတော့ သစ်ပင်ကြီးတွေ ခပ်ကျဲကျဲ ရှိနေတတ်ပါတယ်… မြက်ခင်းလေးတွေက တယုတယ စိုက်ပျိုးထားတာဖြစ်လို့ အိအိမွမွလေးနဲ့ လှဲအိပ်ချင်စရာ ကောင်းအောင် စိမ်းလန်းစိုမြလို့ ထွေးအိနေတတ်ပါတယ်.. သစ်ပင်ရိပ်အောက်က အဲဒီမြက်ခင်းပြင်ပေါ်မှာ လှဲအိပ်သူကအိပ်၊ စာဖတ်သူကဖတ်၊ အချို့လဲ အုပ်စုလိုက် ဆော့ကစားလို့ နေတတ်ကြပါတယ်..






ခုတစ်လော အဲဒီမြို့ကလေးမှာ စီမံချက်လေးတစ်ခုအနေနဲ့ သစ်ပင်တွေ ထပ်ထပ်ပြီး စိုက်နေတာကို တွေ့ရပါတယ်.. သစ်ပင်ခပ်ကျဲကျဲလေး ရှိနေရာကနေ ခပ်စိပ်စိပ်ဖြစ်အောင် ထပ်ပြီး စိုက်နေပါတယ်.. မြက်ခင်းစိမ်းစိမ်းတွေ နေရာမှာတော့ ပန်းလေးတွေပွင့်မဲ့ အပင်မျိုးကို ပြောင်းစိုက်နေပါတယ်.. ဒီနေရာမှာ ကျွန်မမြင်တွေ့ခဲ့ရတဲ့ သစ်ပင်စိုက်တဲ့ နည်းကလေးကို သဘောကျမိတာကြောင့် ပြန်လည်ဝေမျှမိပါတယ်..  သစ်ပင်တွေကို အပင်ပေါက်ကိုစိုက်တာ၊ အခက်ကနေ စိုက်တာမျိုး မဟုတ်ပဲ ရွေ့ပြောင်းစိုက်တဲ့ နည်းနဲ့ စိုက်ပျိုးတာ ဖြစ်ပါတယ်.. သစ်ပင်အကြီးတွေကို သစ်တောတွေထဲကနေ အပင်ရဲ့ ပင်မအမြစ်ကြီး ပါလာအောင် မြေကြီးနဲ့တကွ တူးယူလာပါတယ်.. ပင်စည်ကြီးနဲ့ အကိုင်းခက်ကြီး အချို့ကိုသာ ချန်ထားပြီး ကျန်တဲ့ အကိုင်းအခက်တွေ အရွက်တွေ အားလုံးကို ဖြောက်တောက် ပစ်ပါတယ်..








အမြစ်ပါအောင် တူးယူလာသော အပင်ကြီးများ











စိုက်မဲ့နေရာအထိ သယ်ယူလာပြီး အဆင်သင့် ချထားပါတယ်. ပြီးရင် မြေကြီးကို ခပ်နက်နက်ကလေး တူးပါတယ်.. စိုက်မဲ့သစ်ပင်ကြီးကို ကရိန်းတွေနဲ့ မပြီး မြေတွင်းကြီးထဲကို ချပါတယ်.. လူအင်အားလဲ အများကြီး မလိုပါဘူး.. ဒီနည်းနဲ့ သစ်ပင်တွေဟာ အချိန်ကိုစောင့်စရာမလိုဘဲ နေ့ချင်းညချင်း မြို့ကလေးကို စိုပြေအောင် လုပ်ပေးပါတော့တယ်..






ကရိန်းနဲ့ ချိတ်ပြီး သစ်ပင်ကို နေရာချနေစဉ်










နေ့ချင်းညချင်း တောအုပ်ကလေး တစ်ခုအသွင် မြင်ရတဲ့ မြို့လယ်ခေါင်မြင်ကွင်း



အခု စိုက်ပျိုးတဲ့ သစ်ပင်တွေဟာ နောက်နှစ်ဆိုရင်ဘဲ စိမ်းလန်းစိုပြေစွာ တင့်တယ်လှပ နေလောက်ပြီ ဖြစ်ပါတယ်.. မနှစ်က စိုက်ပျိုးထားခဲ့တဲ့ သစ်ပင်တွေဟာလည်း ဒီနှစ်မှာတော့ အားလုံး ရွက်စိမ်းလေးတွေ ဝေေ၀ဖြာပြီး တကယ့်နှစ်ရှည်စွာ စိုက်ပျိုးထားသကဲ့သို့ မြို့ကလေးကို အလှဆင်နေပြီဖြစ်ပါတယ်..






ဒီလို အပင်တွေ အားတက်သရော စိုက်နေတာမြင်ရတော့ ကျွန်မရဲ့စိတ်ထဲမှာ နာဂစ်တုန်းက လဲပြိုကျသွားခဲ့တဲ့ ရန်ကုန်မြို့ကြီးရဲ့ နေရာ အနှံ့အပြားက သစ်ပင်ကြီးများကို ပြန်လည် မြင်ယောင်လာမိပါတယ်.. လဲပြိုသွားတဲ့ သစ်ပင်ကြီးတွေနေရာမှာ ခုလို အမြန်ဆုံးနည်းနဲ့ ပြန်လည်စိမ်းလန်း စိုပြေလာစေဖို့ အနီးနားက သစ်တောတစ်ချို့ဆီကနေ သစ်ပင်တွေကို ဒီနည်းနဲ့များ ရွေ့ပြောင်းစိုက်ပျိုးမယ်ဆိုရင် ရန်ကုန်မြို့ကြီးဟာ နှစ်ပေါင်းများစွာ စောင့်စရာမလိုတော့ဘဲ တစ်နှစ် ၂နှစ် အတွင်းမှာတင် သစ်ပင်ကြီးများနဲ့ ပြန်လည် စိုပြေလာနိုင်လိမ့်မယ်လို့ ကျွန်မစိတ်ထဲ ထင်မြင်မိတာလေးကို ဒီနေရာကနေ ရိုးသားစွာ ရေးပြခြင်းသာဖြစ်ပါတယ်..





ဒီပိုစ့်လေးကို ကျွန်မရဲ့ အမြင်ဆိုတဲ့ခေါင်းစဉ်လေး ပေးလိုက်ပြီး ကျွန်မ မြင်တာလေးတွေကို ချရေးပါတယ်..  ရေးပေးပါလို့ တဂ်ထားတဲ့  ကိုဇော် လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်..





ချော(အစိမ်းရောင်လွင်ပြင်)


လှအိုးကွဲ




Photo from Here



ပြောရဦးမယ်ဗျာ ကျွန်တော်တို့ရွာက ကောင်မလေး တစ်ယောက်အကြောင်း…..

သူ့နံမည်က လှအုန်းမယ် တဲ့.. ကျွန်တော်တို့ရွာမှာတော့ သိပ်ချောတဲ့ ကောင်မလေးပေါ့ဗျာ..  ကွမ်းတောင်ကိုင်လေး ဆိုပါတော့..  ရွာက ကာလသားတွေများ သည်းသည်းကိုလှုပ်လို့.. အင်း ကျွန်တော်လည်းပါသလား ဆိုတော့ ဟဲဟဲ ဒါတော့ ဘယ်ပြောလို့ဖြစ်မလဲ..ပါတာပေါ့ဗျ.. ဘယ်နေလိမ့်မတုန်း.. ဒါနဲ့ လှအုန်းမယ်လေးက ဘယ်သူနဲ့တူသလဲဆိုတော့ ရွာက ဗွီဒီယိုရုံမှာ ခနခန ပြတတ်တဲ့ ဟို ရုပ်ရှင်မင်းသမီးလေ.. ဘယ်သူပါလိမ့်.. နံမည်က ခပ်မေ့မေ့..  အော် သိပြီ.. ခိုင်သင်းကြည်ရယ်လေဗျာ .. ဟုတ်တယ် လှအုန်းမယ်က ခိုင်သင်းကြည်နဲ့ တူတယ်ဗျ.. နောက်တူတာတစ်ခုက ဇာတ်ကားတွေမှာ ခိုင်သင်းကြည်က သိပ်စွာတယ်.. လှအုန်းမယ်ကလဲ အပြင်မှာ စွာကျယ်မ.. ဆတ်ဆတ်ကြဲ.. ရွာက ကာလသားတွေ သူ့ကို ကြိုက်ပေမဲ့ သူ့ပါးစပ်ကိုလန့်တယ် ဘယ်သူကမှ အနား မကပ်ရဲဘူး..  လှအုန်းမယ်ကလည်း သူ့ကိုယ်သူ ခိုင်သင်းကြည်နဲ့တူတယ် ဆိုတာသိတော့ ဘ၀င်က မြှင့်တယ်ဗျ.. သူနဲ့ တူတယ် တန်တယ်ဆိုတဲ့သူ ရွာမှာ မရှိတော့ဘူးမှတ်တာ..

ဒီလိုနဲ့ ရွာမှာ စုပေါင်းရှင်ပြုပွဲ ရှိတယ်ဆိုပါတော့ဗျာ.. စုပေါင်းရှင်ပြုပွဲဆိုတဲ့အတိုင်း ရှင်လောင်းပေါင်းများစွာ စုပေါင်းပြီး ပြုကြမှာဆိုတော့ ခြိမ့်ခြိမ့်သည်းပေါ့.. ဇာတ်တောင်မှ နံမည်ကြီး ဖိုးချစ်ဇာတ်ကို ငှားတာ… တစ်ရွာလုံးလဲ တက်တက်ကြွကြွ၊ ကာလသားတွေကလဲ ရှင်ပြုမဏ္ဍပ်တွေဆောက်၊ ရွာလူကြီးတွေကလဲ အလှူအတွက် လိုအပ်တာတွေ မြို့ကို ဈေးဝယ်ထွက်ကြ၊ အပျိုအုပ်စုကလဲ အလှူမှာ ချက်ပြုတ်ကျွေးမွေးမဲ့ အသင်းတွေ ဖွဲ့ကြ တာဝန်တွေ ခွဲကြနဲ့ တစ်ရွာလုံး ဘယ်သူမှ မကျန်ပါဘူး.. အလှူအတွက် ၀ိုင်းဝန်းနေကြတာ.. ကျွန်တော်တို့ ရွာမှာ ထုံးစံက အလှူလှည့်တဲ့နေ့မှာ အချောဆုံး အပျို ၂၄ယောက်ကို ပရိတ်အိုး ကိုင်ခိုင်းရတယ်.. ပရိတ်အိုးတစ်လုံးစီမှာ ဟေတုပစ္စယော၊ အရမဏပစ္စယော စသဖြင့် ၂၄ ပစ္စယောကို တစ်အိုးတစ်လုံးစီ ရေးထားတယ်ဗျာ... ၂၄ပစ္စယောဆိုတော့ အိုး၂၄လုံးပေါ့.. အိုးထဲမှာ ချည်လုံးတစ်လုံးရယ် သပြေခက်၊ အုန်းရွက်၊ ဒန်းရွက် စတာတွေ ပါတယ်.. အဲလို အလှူလှည့်တဲ့နေ့မှာ ပရိတ်အိုးကိုင် ရှေ့ဆုံးကောင်မလေးက လှအုန်းမယ်ပေါ့ဗျာ... သူက အချောဆုံးဆိုတော့ ရှေ့ဆုံးပေါ့…

လှအုန်းမယ်က ဒီတစ်ခေါက် ထူးထူးခြားခြား ဒေါက်မြှင့်ဖိနပ်လေးနဲ့ဗျ.. သိပ်မကြာခင်က ဗွီဒီယိုတစ်ကားမှာ ခိုင်သင်းကြည် စီးသွားတဲ့ ဖိနပ်ဆိုလား..  အလှူအတွက် မြို့တက်ပြီး ဈေးသွားဝယ်တဲ့ အဖွဲ့ကို မှာလိုက်တာလို့ ကြားမိတယ်..  ဒေါက်ဖိနပ်နဲ့ဆိုတော့ ကြည့်ရတာ ပိုတောင်လှနေတယ်လို့ ထင်မိသေး.. ဒါပေမဲ့ ခက်တာက ဒေါက်ဖိနပ်ကို သူက စီးကျင့်မရှိဘူး.. ပြီးတော့ ကျွန်တော်တို့ရွာက လမ်းတွေကလဲ မြို့မှာလို ကတ္တရာလို့ခေါ်တဲ့ မဲမဲကြီးတွေ ခင်းထားတဲ့လမ်းတွေမဟုတ်ဘူးဗျာ.. မြေလမ်းကြမ်းကြမ်းပေါ်မှာ ကျောက်ခဲနဲ့ သလဲတွေနဲ့.. စီးကျင့်မရှိတဲ့ ဒေါက်ဖိနပ်နဲ့ ကျောက်ခဲတွေရှိနေတဲ့ မြေလမ်းခပ်ကြမ်းကြမ်းနဲ့ ဆိုတော့ သူလမ်းလျှောက်တာက ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်နဲ့.. ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူးဗျာ. အလှူလှည့်တာကို ၀ိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေ ကလည်း လှအုန်းမယ်အဖြစ်ကို ကြည့်ပြီး ပြုံးစိစိနဲ့ပေါ့.. ဒါပေမဲ့ ဘယ်သူကမှတော့ အသံထွက်အောင် မရယ်ရဲဘူး.. သူ့ပါးစပ်ကို ကြောက်ကြတယ်လေ..

ဒီလိုနဲ့ ရွာလည်ပိုင်း လူစည်ကားတဲ့နေရာရောက်လာလေ လှအုန်းမယ်ရဲ့ဒေါက်ဖိနပ်က အခြေအနေ ဆိုးလေ.. ကြည့်ရတာ တစ်ခါမှ မစီးဖူးလို့ လမ်းလျှောက်ခက်တာအပြင် ဖိနပ်ပေါက်တဲ့ ဒဏ်ပါ ခံရပြီထင်ပါရဲ့.. ယိုင်နဲ့နဲ့ လျှောက်နေရာကနေ လူပေါင်းများစွာကလဲ ၀ိုင်းကြည့်နေတော့ ရှက်ကိုးရှက်ကန်းပေါ့.. ဒီချိန်မှာဘဲ လမ်းပေါ်မှာ ပြန့်ကြဲနေတဲ့ ကျောက်စရစ်ခဲလေးတစ်တုံးကို နင်းမိပြီးသကာလ လှအုန်းမယ်ရဲ့ ခြေထောက်က ခေါက်ခနဲဖြစ်ပြီး မြေကြီးပေါ် ခြေချော်ပြီး လဲကျသွားပါတော့တယ်… လဲကျသွားတော့ လှအုန်းမယ် လက်နဲ့ပိုက်ထားတဲ့ ပရိတ်အိုးက မြေပြင်ပေါ် ပြုတ်ကျပြီး ခွမ်းခနဲဆို နှစ်ခြမ်း ကွဲပါလေရော.. နဂိုက သူလှမ်းလျှောက်ပုံကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြတဲ့ ရွာလူထုနဲ့ အလှူလှည့်ရာမှာ ပါဝင်ကြတဲ့သူ အားလုံးဟာ ဘယ်လိုမှ အိနြေ္ဒမဆည်နိုင်တော့ဘဲ  မပြုံးဘဲ ၀ါးလုံးကွဲ ၀ိုင်းရယ်ကြပါတော့တယ်.. ဒီမှာတင် လှအုန်းမယ်လေး ချော်လဲတော့ သူ့ကို ကြိုက်နေတဲ့ ရွာက ကာလသား ကိုလူအေးက မနှေးကလေး အပြေးသွားပြီး သွားဆွဲထူရာမှာ ရှက်စိတ်လဲမွန်၊ ဒေါသတွေလဲ ဝေနေတဲ့ လှအုန်းမယ်က ရှက်ရှက်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာက လာဆွဲထူတဲ့ ကိုလူအေးကို သူ့ရှေ့က အိုးခြမ်းကွဲနဲ့ ကောက်ထုလိုက်တာမှာ ကိုလူအေး ခေါင်းကွဲပါလေရော… လှအုန်းမယ်ရဲ့ ဒေါသကို ထည့်မတွက်မိဘဲ  စေတနာပိုမိတဲ့ ကိုလူအေးရဲ့အဖြစ်က ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရရှာပါတယ်.. စေတနာဆိုတာလည်း အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ထားတတ်ဖို့လဲ လိုသေးတာကိုးဗျ... 

အဖြစ်ကတော့ အဲဒီလိုပါဘဲဗျာ.. ကျွန်တော်တို့ ရွာအလှူအကြောင်းပြောတိုင်း လှအုန်းမယ်နဲ့ ကိုလူအေးရဲ့ အကြောင်းက မပါမပြီးပေါ့.. စေတနာကောင်းလို့ ခေါင်းကွဲသွားတဲ့ ကိုလူအေးကို အကြောင်းပြုပြီး တစ်ယောက်ယောက်ကို စေတနာပိုနေရင် “ သတိထား ကိုလူအေးလို ဖြစ်မယ်နော် ” လို့ ရွာမှာ ပြောစမှတ် ပြုကြသလို အလှူမှာ လှချင်လွန်းအားကြီးလွန်းလို့ မတန်မရာ ဒေါက်ဖိနပ်စီးပြီး ချော်လဲကာ ပရိတ်အိုး ကျကွဲတဲ့ လှအုန်းမယ်ကို အဲဒီနေ့ကစလို့ တစ်ရွာလုံးက လှအိုးကွဲ  ရယ်လို့ နံမည်ပေးလိုက်ကြတယ်ဗျာ.. လှတပတ ချောချောမောမော ရွာရဲ့ကွမ်းတောင်ကိုင်ကလေးဟာ ဒေါက်မြှင့်ဖိနပ်ကို အကျင့်မရှိဘဲ စီးမိတဲ့ အတွက် လူပုံလယ်မှာ  အရှက်ကွဲရသလို၊ နံမည်ရင်းပျောက်ပြီး လှအိုးကွဲ လို့ အမည်တွင်သွား ရတာသာ ကြည့်တော့ဗျာ.. တစ်ခုခုဆို ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် တန်မတန်၊ သင့်မသင့်လဲ ကြည့်ဖို့လိုသေးတာကိုးဗျ..

-----------------------------------------------------------------------------------------------------------//

ပြုံးပြုံးရယ်ရယ် ဖတ်ဖို့ပါ....
အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...

ချော(အစိမ်းရောင်လွင်ပြင်)