နောက်မကျတဲ့ အိပ်မက်








ယနေ့သည် ဆေးရုံရဲ့ ခြောက်ထပ်တွင် ပုံမှန်မဟုတ်အောင် အလုပ်များလွန်းနေသည်။ ရောက်လာသော လူနာအသစ် ၁၀ယောက် အတွက် သူနာပြု ရိုစီတစ်ယောက်လည်း  တစ်မနက်ခင်းလုံးနှင့် နေ့လည်တစ်နေ့လည်လုံး အလုပ်များနေသည်။ သူမနှင့် တစ်ထပ်တည်း အတူတူ အလုပ်လုပ်ကြသော ဆေးရုံအကူ ရှာရွန်နှင့် သူ့သူငယ်ချင်းတို့ ၂ယောက်လုံးကလည်း  ထိုလူနာ၁၀ယောက် နေသားတကျ ဖြစ်စေဖို့နှင့် သူတို့တွေ သက်သောက်သက်သာရှိမရှိ သေချာအောင် လိုက်လံစစ်ဆေး ကြည့်ရှုနေသည်။ အလုပ်များအားလုံး ပြီးစီးသွားသောအခါတွင်  ထမင်းစားချိန်ပင် ကျော်လွန်နေပြီ။ သူနာပြု ရိုစီသည် ရှာရွန်၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း “ကဲ ငါတို့ အနားယူဖို့ အချိန်တန်ပြီ။ နေ့လည်စာ စားကြစို့”

ဆူညံနေသော ကင်တင်န်းတွင် ထမင်းစားကြဖို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြရင်း ရှာရွန်မှာ သူမ၏ မျက်မှန်တွင် အစိုပြန် နေသည်ကိုပင် မသုတ်နိုင်ဖြစ်နေသည်ကို ရိုစီက သတိထားလိုက်မိသည်။ ရှာရွန့် မျက်နှာပြင်တွင် စိတ်ရှုပ်ထွေးပင်ပန်းနေခြင်း အရိပ်အယောင်မှာ အလုပ်များခြင်းသက်သက်ကြောင့် မဟုတ်မှန်းကိုလည်း ရိုစီက ထပ်မံ သတိထား လိုက်မိသည်။ “ငြိမ်လှချည်လား ရှာရွန်.. အရမ်းပင်ပန်းနေလို့လား။ ဒါမှမဟုတ် တစ်ခုခုဖြစ်နေသလား ” ဟူ၍ မေးလိုက်ပါသည်။

ရှာရွန့်အနေနှင့် တစ်စုံတစ်ခုကို ဖွင့်ပြောတော့မလိုလိုနှင့် နှုတ်ခမ်းများ တစ်လှုပ်လှုပ် တရွရွ ဖြစ်နေသော်လည်း  ချက်ခြင်း စကားသံ ထွက်ပေါ်မလာနိုင်ဘဲ ဖြစ်လေသည်။ သို့သော် ရိုစီ၏ ဖော်ရွေရင်းနှီးသော လေသံနှင့် သူမအပေါ်ထားရှိသော ကြင်နာခြင်းတို့ကို သတိရသွားဟန် ရှိလေသည်။ သူမနှုတ်ဖျားမှ စကားသံတစ်ချို့ ထွက်ပေါ်လာလေသည်။ “ စိတ်မကောင်းဘူး ရိုစီရယ်….  ဒီ ဆေးရုံအကူ အလုပ်ကို ကျွန်မ ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး… ကျွန်မရဲ့လက်ရှိ အခြေအနေအရ မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် ဒီထက် လစာကောင်းတဲ့ အလုပ်တစ်ခုခုကို လုပ်မှဖြစ်တော့မယ်.. ကျွန်မမိဘတွေကသာ ကျွန်မရဲ့ ကလေးကို ကြည့်ရှုမထားခဲ့ရင် ကျွန်မလက်ရှိ ဒီအလုပ်ကို လုပ်နိုင်ဖို့တောင် မလွယ်ဘူး.. ခုအတိုင်းဆို ကျွန်မအတွက် အရမ်းခက်ခဲနေပြီ. ဒီလစာနဲ့ ဘယ်လိုမှကို မလောက်ငှဘူး ဖြစ်နေတယ်..”  ရှာရွန်၏ အပေါ်ဝတ် အင်္ကျီအောက်မှ ထွက်ပေါ်နေသော လက်ကောက်ဝတ်တွင် ပွန်းပဲ့ရာတစ်ချို့ကို ရိုစီက အမှတ်မထင် မြင်လိုက်ရလေသည်။

“မင်းယောက်ျားကရော အလုပ်မလုပ်ဘူးလား ” ရိုစီက မေးလိုက်သည်တွင်

“သူ့ကိုတော့ ထည့်တွက်လို့ မရပါဘူး… သူဟာ အလုပ်တစ်ခုခု ရနိုင်ခြေ ရှိတဲ့လူလဲမဟုတ်ဘူး.. သောက်စား မူးရူးပြီး အမြဲတမ်း ပြဿနာရှာနေတတ်တဲ့သူ.. ”

“အိုး”  ရိုစီ စိတ်မကောင်းဖြစ်သွားမိကာ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်သွားမိသည်။ သူမ လက်ကောက်ဝတ်က ဒဏ်ရာက သူ့ယောက်ျားကြောင့်များလား… အတန်ကြာမှ သူက ရှာရွန့်ကို ပြောလိုက်သည်။  “ရှာရွန်.. မင်းက လူနာတွေမှာ အပေါ်သိပ်ကောင်းတယ်ဆိုတာ တို့သိတယ်.. ပြီးတော့ ဒီအလုပ်ကို မင်းသဘောကျတယ် နှစ်သက်တယ်ဆိုတာလဲ တို့သိတယ်.. ဒီတော့ သူနာပြုတစ်ယောက် ဖြစ်လာဖို့အတွက် ဘာဖြစ်လို့ သူနာပြု သင်တန်းကျောင်းကို မတက်တာလဲ.. သူနာပြုသာ ဖြစ်လာခဲ့ရင် အခု လုပ်နေတဲ့ ဆေးရုံအကူအလုပ်ထက် လစာကောင်းမှာမို့ မင်းအတွက် အများကြီး ပြေလည်လာဖို့ ရှိတယ်လေ”

“ကျောင်းတက်ဖို့ဆိုတာ ကျွန်မအတွက် နောက်ကျလွန်းသွားပါပြီ ရိုစီရယ်.. သူနာပြုတစ်ယောက် ဖြစ်လာဖို့ဆိုတာ ဟိုးအရင်တည်းက ကျွန်မအမြဲမက်ခဲ့ရတဲ့ အိပ်မက်တစ်ခုပါ.. ဒါကြောင့်လဲ ဒီဆေးရုံအကူ အလုပ်ကို ကျွန်မလုပ်ခဲ့တာပါ.. အနည်းဆုံးတော့ ဒီအလုပ်နဲ့ လူနာတွေကို ပြုစုခွင့်ရတာမို့ ကျွန်မ၀မ်းသာပါတယ်.. ခုတော့ မလွဲမရှောင်သာလွန်းလို့ ဒီအလုပ်ကို စွန့်လွတ်ရမှာပါ။ ” ရှာရွန်ရဲ့ အသံမှာ နာကျင်ခြင်းတစ်ချို့ ပျော်ဝင်နေလေရဲ့။

“မင်းအသက်ဘယ်လောက်ရှိပြီလဲ ရှာရွန်..”  ရိုစီကမေးတော့ ရှာရွန်က ၃၀ကျော်ဟု ပြန်ဖြေသည်။ ရိုစီက ရှာရွန်ရဲ့ လက်ကောက်ဝတ်က ဒဏ်ရာကို လက်ညိုးညွှန်လိုက်ရင်း “အခုလိုပြဿနာမျိုး တို့ကိုယ်တိုင် ကြုံခဲ့ဖူးတယ် ဆိုရင် မင်းယုံမလား ရှာရွန်.. ဒီမှာ ရှာရွန် မင်း သိပ်ကိုဖြစ်ချင်ပါတဲ့ ဆိုတဲ့ အိပ်မက်တစ်ခု တကယ်တမ်း လက်တွေ့ဖြစ်လာဖို့ရာမှာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး ယုံလိုက်စမ်းပါ..  ဒါကို ဘာကြောင့် တို့က အခိုင်အမာပြောနိုင်တယ်ဆိုတာ မင်းကို ပြောပြမယ်.. ”

ရိုစီက သူ့ဘ၀ဇာတ်ကြောင်းကို စတင်ပြောပြတော့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူ့အကြောင်းကို ဘယ်သူ့ကိုမှ ပြောပြလေ့မရှိပါ။ သို့သော်လည်း သူ့ဘ၀အကြောင်း ပြောပြခြင်းအားဖြင့် တစ်စုံတစ်ယောက်အတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဟု သူယူဆလျှင်တော့ ပြောလေ့ရှိပါသည်။

“တို့ အိမ်ထောင်ကျတဲ့အချိန်ဟာ ၁၆နှစ်ဘဲရှိသေးတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာမှနားမလည်၊  ပညာလဲ မပြည့်မစုံချိန်မှာ အိမ်ထောင်ကျသွားတော့ အလုပ်ကလဲ မရှိဘူးပေါ့။ အဲဒီချိန်မှာ တို့ယောက်ျားက ၂၂နှစ်..  တို့ရဲ့ အိမ်ထောင်သက် ၄နှစ်မှာ ကလေးက ၂ယောက်ဖြစ်လာတယ်.. ၄နှစ်အတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ တို့ယောက်ျားရဲ့ ရိုက်နှက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတယ်.. သူဟာ ဒီလို ရိုက်နှက်တတ်မှန်း မယူခင်က တို့လုံးဝ မသိခဲ့ဘူး.. တကယ်ကို စရိုက်ကြမ်းတမ်းတဲ့သူ၊  တစ်ညမှာ သူက ထုံးစံအတိုင်းတို့ကို အပြစ်ရှာပြီး ရိုက်နှက်တယ်. အဲဒီမှာပဲ တို့ရဲ့ ရှေ့သွားတွေအားလုံးဟာ သူ့ရဲ့ အပြင်းအထန် ရိုက်နှက်မှုကြောင့် ကျွတ်ထွက်ကုန်တဲ့အထိ ဖြစ်ခဲ့ရတယ်.. တို့လဲ ဒီတစ်ကြိမ်တော့ ဘယ်လိုမှ သီးခံဖို့ မဖြစ်နိုင်တော့တာနဲ့ ကလေး၂ယောက်ကို လက်ဆွဲပြီး အိမ်က ဆင်းလာခဲ့တော့တယ်

သူနဲ့ တရားရုံးမှာ တရားဝင်ကွာရှင်းပြတ်စဲတော့ တို့ရဲ့သားလေး၂ယောက်ကို သူ့အဖေနဲ့သာ နေဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တယ်.. ဘာလို့လဲသိလား.. တို့က အဲဒီချိန်မှာ အသက်က ၂၀ဘဲ ရှိသေးတယ်.. အလုပ်ကလဲမရှိ ဆိုတော့ တရားသူကြီးက တို့အနေနဲ့ ကလေးတွေကို ကျွေးမွေး စောက်ရှောက်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ တွက်ဆတယ်လေ.. ပြီးတော့ ကလေး၂ယောက်ဟာ တို့အတွက် အခက်အခဲ ဖြစ်စေလိမ့်မယ်လို့ သူက ယူဆတယ်.. ဒါနဲ့ကလေးတွေဟာ သူ့အဖေနဲ့ ပါသွားခဲ့တယ်.. ဒီနောက်တော့ ပိုပြီး ဆိုးတာက တို့ယောက်ျားက ကလေး၂ယောက်လုံးကို ခေါ်ပြီး တို့နေတဲ့ မြို့ကနေ ပြောင်းရွေ့သွားခဲ့တယ်.. ဘယ်လိုပြောင်းသွားတယ် ဆိုတာလဲ မသိရဘူး.. တို့က ကလေးတွေကို တွေ့ချင်လွန်းလို့ အသည်းအသန် လိုက်စုံစမ်းတယ်.. ဒါပေမဲ့ ဘယ်မှာမှ လိုက်ပြီးရှာလဲ မတွေ့ရတော့ဘူး..

တရားသူကြီး ခန့်မှန်းတာလဲ မှန်ပါတယ်လေ၊ တို့ဟာ ဘ၀ကို တော်တော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်ရတယ်..  စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ကို လစာလုံးဝမရဘဲ စားသောက်သူတွေဆီက ရမဲ့ တစ်ပ်မန်းနီး လေးကို မျှော်ကိုးပြီး လုပ်ခဲ့ရတယ်.. တစ်ချို့ရက်တွေမှာ ပိုက်ဆံမရလို့ စားစရာသောက်စရာ ကောင်းကောင်း မ၀ယ်နိုင်ပဲ နွားနို့လေးတစ်ခွက်၊ ဘီစကစ်လေး ၃ချပ်၎ချပ်နဲ့ ပြီးလိုက်ရတယ်.. အဆိုးဆုံးက ဘ၀မှာ ဘာမျှော်လင့်မှ မရှိဘဲ တစ်ယောက်တည်း အထီးကျန်စွာနဲ့ အသက်ရှင်သန်နေရတဲ့ အဖြစ်ဘဲ.. တွယ်တာစရာ သားသမီးတွေကလဲ ဘယ်ဆီဘယ်ဝယ်မှာ မသိ၊ ဘယ်အချိန်မှာမှ ပြန်ဆုံမယ်မသိ၊ နေရတဲ့ အခန်းကျဉ်းကျဉ်း လေးထဲမှာ အမြဲတမ်း ခြုံလွှမ်းနေတာက ကြောက်စရာကောင်းတဲ့ အထီးကျန်မှုပါဘဲ.. အဲဒီအချိန်မှာ အပြင်းပြဆုံးဆန္ဒက တို့ရဲ့ ကလေးတွေနဲ့ အတူတူရှိနေချင်တဲ့စိတ်ဘဲ။ သူတို့ရဲ့ ရယ်မောသံလေးတွေကြားချင်တယ်.. သူတို့နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ရှိနေချင်တယ်.. ဒါပေမဲ့ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး.. အဲဒီချိန်ဟာ တို့အတွက် စားစရာတောင် နပ်မှန်အောင် မစားနိုင်တဲ့ အချိန် ”  ပြောနေရင်းက ရိုစီ့အသံက ဆို့နင့်ပြီး ပျောက်သွားသည်။ သူမမျက်ဝန်းတွင်တော့ မျက်ရည်စများ။ ဆယ်စုနှစ် ၃စု လောက် ကြာခဲ့တာတောင် ဒီအဖြစ်တွေကို ပြန်တွေးလိုက်တိုင်း နာကျင်နေဆဲ ပါဘဲလား။

ရှာရွန့်ကို နှစ်သိမ့်ဖို့ သူမအကြောင်းကို ပြောနေသော ရိုစီကိုယ်တိုင်က အတိတ်ရဲ့ နာကျင်ခြင်းတွေကို ပြန်လည် ခံစားနေရပြန်ပါပြီ။  နောက်တော့ ရိုစ်ီက ဆက်ပြောသည်။ “ဒီလိုနဲ့ တို့ သိလာတာတစ်ခုက နာကျင်ဆွေးမြေ့ပြီး၊ အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့ဆို စားသောက်သူတွေ ဆီကနေ ဘယ်လို တစ်ပ်မန်းနီးကိုမှ ရမှာ မဟုတ်ဘူးဆိုတာပါဘဲ.. ဒီတော့ မျက်နှာကို အပြုံးဆိုတဲ့ မျက်နှာဖုံးလေး စွပ်ပြီးတော့ ချိုသာတဲ့ စကားလုံးလေးတွေသုံးပြီး စားပွဲထိုးတစ်ယောက်ရဲ့ ဘ၀ကို ဆက်ပြီး ရုန်းကန်ရတော့တယ်.. တစ်ဖြေးဖြေးနဲ့ နည်းနည်းတော့ အဆင်ပြေစ ပြုလာတယ်.  မကြာခင်မှာ အခု အိမ်ထောင်ဘက် ဖြစ်လာမဲ့ သူနဲ့ ဆုံဆည်းရပြီး နောက်အိမ်ထောင် ထပ်ပြုဖြစ်တယ်.. သမီးလေးတစ်ယောက် ရလာတော့မှ ဒီသမီးလေးအတွက် အသက်ရှင်သန်ရခြင်း ဖြစ်လာသလိုမို့ ဘ၀ဟာ အဓိပ္ပါယ်ရှိလာတယ်.. ခွန်အားတွေ ရှိလာရတယ်..  နေပျော်လာတယ်.. အဲဒီအပျော်ဟာ သမီးလေးတက္ကသိုလ်တက်ဖို့ အိမ်ကနေ မထွက်ခွာခင်အထိပါဘဲ.. တို့ရဲ့သမီးလေး တက္ကသိုလ်တက်ဖို့ အိမ်ကနေလဲ ထွက်သွားရော အိမ်မှာ နေရတဲ့ဘ၀ဟာ ဟိုအရင်တုန်းကလို အထီးကျန်ခံစားမှုမျိုး ပြန်ဖြစ်လာတယ်.. ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ.. စိတ်တွေ ကယောင်ခြောက်ခြားနဲ့ ဖြစ်နေခဲ့ရတယ်… ”

“တစ်နေတော့ တို့ရဲ့အမေဟာ အရေးပေါ်ခွဲစိတ်မှုတစ်ခု ပြုလုပ်ဖို့ ဆေးရုံတက်ရတယ်.. အဲဒီမှာ ငှားထားတဲ့ သူနာပြုလေးက အမေ့ကို ပြုစုစောင့်ရှောက်နေတာကို စောင့်ကြည့်ရင်း စိတ်ထဲမှာ အတွေးတစ်ခု ဖြစ်လာတယ်.. ဒီသူနာပြုအလုပ်ကို လုပ်ချင်စိတ် ပေါ်လာတယ်.. လုပ်မယ်ဆိုရင် တို့အနေနဲ့ မဖြစ်နိုင်စရာ အကြောင်းလဲ မရှိဘူးလို့ တွေးမိတယ်.. ဒါပေမဲ့ ခက်တာက တို့က အတန်းပညာဆိုတာ ၉တန်းလောက်သာ သင်ယူခဲ့တာမို့ ဒီသူနာပြုအလုပ်ကို လုပ်မယ်ဆိုရင် အထက်တန်းပညာကို ပြန်သင်ဖို့ လိုနေပြီ. တို့အသက်က အဲဒီချိန်မှာ ၄၀ ကျော်နေပြီဆိုတော့ ကျောင်းတက်ပြီး စာပြန်ကျက်ဖို့ဆိုတာ အလွန်မြင့်မားတဲ့ တောင်ကြီး တစ်လုံးကို တက်ရတာထက်တောင် ခက်ခဲမယ်ဆိုတာ တို့နားလည်ပါတယ်.. ဒါပေမဲ့ တို့ကတော့ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်.. အထက်တန်းပညာကို ပြန်ပြီး သင်ယူတယ်.. နေ့အချိန်မှာ ကျောင်းတက်တယ်.. ညအချိန်တွေမှာ စာကျက်တယ်..  မသိတာတွေကို သူများကို မေးဖို့လဲ ၀န်မလေးဘူး.. သင်ယူချင်စိတ်အပြည့်အ၀နဲ့ လေ့လာ သင်ယူတယ်.. ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့်လဲ အသက်ကြီးလို့ ကျောင်းတက်ရတာ ရှက်တဲ့စိတ်ကို ဘေးဖယ်ထားနိုင်ခဲ့တယ်.. ” ရိုစီက စကားကို ခနရပ်နားလိုက်ပြန်ရင်း ရှာရွန်ရဲ့ မျက်ဝန်းထဲသို့ လှမ်းကြည့်လိုက်ပြီး “တို့ရဲ့ အသက် ၄၆နှစ်မှာမှ အထက်တန်းအောင် ခဲ့တယ်” ဟု လှမ်းပြောလိုက်လေသည်။

မျက်ရည်စများက ရှာရွန် မျက်ဝန်းထဲမှ တစ်လိမ့်လိမ့် ကျဆင်းလာသည်။ သူမရင်ထဲ လင်းကနဲ ပွင့်သွားတော့သည်။ အသက်၄၀ ကျော်နေတဲ့သူတောင် ဖြစ်အောင် လုပ်နိုင်ခဲ့သေးသားဘဲ.. သူမက ခုမှ ၃၀ကျော်သာ ရှိသေးသည် မဟုတ်လား… ဘာဖြစ်လို့ မဖြစ်နိုင်ရမည်လဲလေ… အော်....  တစ်စုံတစ်ယောက်ဟာ သူမရဲ့ မဲမှောင်နေတဲ့ ဘ၀ထဲက ပိတ်ထားတဲ့ တံခါးချပ်တွေကို ဖွင့်လှစ်ဖို့ သော့လေးတစ်ချောင်း ကမ်းပေးလိုက်သလို ပါဘဲလား။

ရိုစီက သူမရဲ့ စကားတွေကို ပြန်ဆက်ပြန်သည်။ “နောက်တစ်ဆင့်အနေနဲ့ သူနာပြုကျောင်းကို ဆက်တက်ဖို့ စာရင်းပေးသွင်းလိုက်တယ်.. ၂နှစ်ကြာအောင် စာတွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လေ့လာကျက်မှတ် ရပြန်တယ်.. ပင်ပန်းလွန်းအားကြီးလို့ ကျောင်းကနေထွက်ဖို့ ထိတောင် အကြိမ်ကြိမ် စဉ်းစားမိတယ်.. ဒါပေမဲ့ တို့ရဲ့ မိသားစုက အထွက်မခံဘူး… သမီးလေးကလဲ ဘေးကနေ တို့ကို ကူပြီးစာကျက်ပေးတယ်.. အားပေးတယ်.. ဒီတော့ စိတ်အားတွေ ပြန်တက်ကြွလာရပြန်တယ်..  စဉ်းစားကြည့်ပါ ရှာရွန်. လူတစ်ကိုယ်လုံးမှာ အရိုးတွေ ဘယ်နှချောင်း ရှိတယ်ဆိုတာ.. ပြီးရင် ဒီလောက်များပြားလှတဲ့ အရိုးတွေကို နံမည်မှတ်မိအောင် လုပ်ရတာကိုက တို့အသက်အရွယ်နဲ့ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ.. ဒါပေမဲ့ တို့ ရအောင်ကြိုးစားပြီး မှတ်တယ်.. မှတ်နိုင်မဲ့ နည်းတွေကို  နည်းလမ်းပေါင်းစုံနဲ့ ရှာကြံခဲ့တယ်..  နောက်ဆုံးတော့ သူနာပြုသင်တန်းကို အောင်မြင်သွားခဲ့တယ်.. မလုပ်နိုင်ဘူး  မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အလုပ်ကို အသက်၄၈နှစ်အရွယ်မှာ အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်.. ခုတော့ တို့ဟာ ဖြစ်ချင်တဲ့ သူနာပြုတစ်ယောက် ဖြစ်လာခဲ့တယ်..  ခုချိန်မှာတော့ ဒီအလုပ်မှာ အဆင်ပြေပျော်ရွှင်စွာနဲ့ မင်းတို့နဲ့အတူတူ လုပ်လာတာ အသိဘဲမဟုတ်လား ရှာရွန်၊ တို့ပြောချင်တာက တို့ဘ၀မှာလဲ ကိုယ်ဖြစ်ချင်တာကို လွယ်လွယ်ကူကူ သက်တောင့်သက်သာနဲ့ ဖြစ်ခဲ့ရတာ မဟုတ်ဘူး ဆိုတာပါဘဲ”

ရှာရွန်ရဲ့ နေ့လည်စာသည် အေးစက်ကုန်ပြီးတော့ အအေးခွက်ထဲမှ ရေခဲတွေသည်လည်း အရည်ပျော်ကုန်တဲ့ အချိန်တွင်မှ ရိုစီ၏ စကားတွေသည် ပြီးဆုံးသွားတော့သည်။.. ရှာရွန်က မျက်ရည်များကို အသာတို့သုတ် လိုက်ရင်း ရိုစီကို ပြောလိုက်သည်။ “ကျွန်မကြောင့် ရှင့်အတိတ်အကြောင်းတွေ ပြန်ပြောဖြစ်တော့ အသစ်ပြန်ဖြစ်ပြီး နာကျင်ရတယ်နော်… စိတ်မကောင်းပါဘူးရှင်…” ရိုစီကလဲ မျက်ရည်များကြားမှ ပြုံးလိုက်ရင်း “တို့ရဲ့ အတိတ်အကြောင်းကို ပြောလို့ မင်းအတွက် အထောက်အကူ ဖြစ်ရတယ်ဆိုရင် နာကျင်ရပေမဲ့ အကျိုးရှိတယ် မဟုတ်လား..  ဒီမှာ ရှာရွန် ဖြစ်ချင်တဲ့ဆန္ဒ ရှိနေခဲ့ရင် မဖြစ်နိုင်ပါဘူးလို့ ဘယ်တော့မှ မတွေးပါနဲ့ ဖြစ်အောင်လုပ်ဖို့သာ လိုပါတယ်.. အခုလဲ မင်းဟာ သူနာပြုတစ်ယောက် ဖြစ်ချင်စိတ်ရှိနေတယ် မဟုတ်လား.. ဒီတော့ ဖြစ်အောင်သာ ကြိုးစားပါ.. တို့ ယုံကြည်ပါတယ်.. မင်းဟာ တကယ်ထူးချွန်တဲ့ သူနာပြုတစ်ယောက် ဖြစ်ကိုဖြစ်လာမှာပါ။ သူနာပြု သင်တန်းကျောင်းကို တက်ဖြစ်အောင် တက်မယ်လို့ တို့ကို ကတိပေးပါရှာရွန်… မင်း သူနာပြုတစ်ယောက် ဖြစ်လာခဲ့ရင်လဲ အခုလိုဘဲ စိတ်ပျက် အားငယ်နေသူတွေကို မင်းအတွေ့အကြုံတွေ ပြန်လည်မျှဝေပြီးတော့ သူတို့ကို စိတ်အားတက်အောင် လုပ်ပေးပါ. ကူညီပေးလိုက်ပါ.. ယုံကြည်ချက်ပန်းတိုင်ကို ခိုင်ခိုင်မာမာ ဇွဲနဲ့ လှော်ခတ်ဖို့ တွန်းအားတွေ ပေးပါ” ဟု ရှာရွန့်ကို ရိုစီက ပြောသောအခါတွင် ရှာရွန်က ခိုင်မာသော ကတိကို သူမအား လှိုက်လှဲစွာ ပေးလိုက်ပါသည်။

နှစ်အနည်းငယ် ကြာပြီးနောက်မှတော့ ရှာရွန်ဟာ သူနာပြုတစ်ယောက် ဖြစ်လာပါတော့သည်။ သူနာပြု ဖြစ်လာသောအခါ သူ့ကို လမ်းညွှန် အားပေးခဲ့သော ရိုစီ အငြိမ်းစားမယူခင်ချိန်ထိ ဆေးရုံတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ခဲ့ပြီး. ခုချိန်မှာတော့ ရှာရွန်ဟာ စားပွဲတစ်ခုမှာထိုင်ရင်း တစ်ချိန်က သူခံစားခဲ့ရသလို ကိုယ်ရောစိတ်ပါ နာကျင်ခံစား နေရသူများ၊ အကူအညီလိုအပ်နေသူများကို သူ့ဘ၀ရဲ့ အတွေ့အကြုံတွေ ပြန်လည်ဝေမျှရင်း တစ်ခါက သူ့ကို ရိုစီ အားပေးခဲ့ဖူးသော စကားဖြစ်သည့် “ဘ၀မှာ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး” ဆိုတဲ့ စကားနဲ့အတူ အားပေးနှစ်သိမ့်လို့ နေတတ်ပါပြီ။
--------------------------------------------------------------------------------------------------//


Chicken Soup for the Working Woman's Soul မှ  Linda Apple ရဲ့ Never Too Late ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။



စိတ်ကူးအိပ်မက်များအားလုံး လက်တွေ့ဖြစ်လာနိုင်ကြပါစေရှင်..
ချော(အစိမ်းရောင်လွင်ပြင်)

စိမ်းနေတဲ့ အနုပညာလက်ရာများ

စိမ်းနေတဲ့ အနုပညာ လက်ရာများ

  



အရည်အသွေးကောင်း မြန်မာ့ ကျောက်စိမ်းဆွဲကြိုး 
  
ကျွန်မရဲ့ မွေးရပ်ဇာတိဒေသထွက် ကျောက်စိမ်းအကြောင်းလေးကို သိထားသလောက်လေး ပြန်လည် မျှဝေချင်ပါတယ်.. ကျွန်မအနေနဲ့လည်း ကျောက်မျက် ရတနာတွေထဲမှာ မိမိဒေသကထွက်တဲ့ ကျောက်စိမ်းကို အခြားရတနာတို့ထက် ပိုပြီး စွဲစွဲလန်းလန်း နှစ်သက်မိပါတယ်... ကျောက်စိမ်းရဲ့အေးမြတဲ့ အရောင်လေးကိုလဲ အခြားဘယ်ရတနာနဲ့မှ မတူအောင် ချစ်ခင် မြတ်နိုးမိပါတယ်.. အရည်အသွေးကောင်း လွန်းတဲ့ ကျောက်စိမ်းမျိုးကို အပြင်မှာမြင်တွေ့ဖို့မလွယ်ပါဘူး... ကျောက်စိမ်းကောင်း ဆိုလဲတာလဲ အရောင်းအ၀ယ် ပြုကြတဲ့အခါ ဘယ်သူမှ မသိအောင် လက်သိပ်ထိုး ရောင်းချတာတို့၊ ကျောက်မျက်ရတနာ ပြပွဲကြီးတွေမှာ သာမန်လူများ မမြင်မတွေ့နိုင်ဘဲ ကုန်သည်ကြီးများနဲ့ နိုင်ငံခြားသားများသာ အရောင်းအ၀ယ် ပြုလုပ်ကြတာမို့ အပြင်လူအနေနဲ့ မြင်တွေ့ ဖို့ ခက်ခဲတယ်လို့ ပြောချင်တာပါ... နောက်တစ်ချက်က  ကျွန်မတို့မြန်မာပြည်က ရောင်းချတဲ့ ကျောက်စိမ်းတွေကို အများအားဖြင့် အရိုင်းတုံးအနေနဲ့သာ ရောင်းချတာများပါတယ်... ပြည်တွင်းမှာ ၀တ်ဆင်သုံးစွဲဖို့နဲ့ နိုင်ငံခြားသားများအတွက် လက်ဝတ်ရတနာ ပြုလုပ်ရောင်းချတာလဲ ရှိတော့ ရှိပါတယ်.. 
  


မြန်မာ့ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ ကွမ်ရင်မယ်တော်ပုံ အနုပညာလက်ရာများ  
  
အရိုင်းအဖြစ် ရောင်းချလိုက်တဲ့ ကျောက်စိမ်းတွေကို တရုတ်ကုန်သည်တွေက အများဆုံးဝယ်ယူပြီး ပုံစံအမျိုးမျိုး စိတ်ကူး အမျိုးမျိုးနဲ့ ပြုပြင်ပုံသွင်းကြပါတော့တယ်... လက်ဝတ်ရတနာအဖြစ်သာမက ပန်းပုလက်ရာမျိုးစုံအဖြစ် စိတ်ကူးပုံဖော် ကြပါတော့တယ်ဒါပေမဲ့ ကျွန်မတို့မြန်မာတွေ အများစုက ကျောက်စိမ်းကောင်း တွေ့ရင်တောင် လက်ဝတ်ရတနာ အဖြစ်သာ ပြုလုပ်ကြတာ များပါတယ်... အခြားအလှဆင်ပစ္စည်း တစ်ခုခုအဖြစ် ပြုလုပ်ခဲကြပါတယ်..  
  

  
တရုတ်ငွေ ယွမ်၁၈သိန်း မြန်မာငွေ သိန်းပေါင်း ၂၇၀၀ ကျော် ၃၀၀၀နီးပါး တန်ဖိုးချိတ်ဆွဲထားတဲ့ လက်ရာတစ်ခုပါ။ 
  
  
  

  

  

  

တရုတ်ပြည်ဟာ မြန်မာ့ကျောက်စိမ်းရဲ့ အမြင့်မားဆုံး ဈေးကွက်ကြီးတစ်ခုပါ..  ငယ်ငယ်က ကြားဖူးခဲ့တဲ့ ဒဏ္ဍာရီလေးကလဲ ကျောက်စိမ်းကို အဦးဆုံးတွေ့ရှိတာက တရုတ်လူမျိုးတွေ ဖြစ်ကြောင်း လူကြီးတွေထံမှ မှတ်သားခဲ့ရဖူးပါတယ်.. တရုတ်ကုန်သည် တစ်ယောက်က မြန်မာပြည် ကျောက်စိမ်းထွက်ရာ မိုးကောင်း ဖားကန့်ဒေသကို ကုန်စည်ရောင်းချဖို့ ရောက်လာရင်းနဲ့ အပြန်မှာ သူ့ရဲ့ လားပေါ်တင်ထားတဲ့ ကုန်စည်ဟာ တစ်ဘက်နဲ့ တစ်ဘက် ဘက်မညီတဲ့အတွက် အလေးချိန်နည်းနေတဲ့ဘက်ကို လမ်းပေါ်မှာတွေ့တဲ့ ကျောက်ခဲတစ်လုံး ကောက်တင်ပြီး အလေးချိန်ညီမျှအောင် လုပ်ကာ တရုတ်ပြည်ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်.. တရုတ်ပြည်ရောက်လို့ သူကောက်ထည့်လာတဲ့ ကျောက်ခဲကို ကြည့်လိုက်တော့  အလွန်အဖိုးတန်၊ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတစ်တုံး ဖြစ်နေပါတယ်တဲ့.. ဒီနောက်ကစလို့ ကျန်တဲ့ အခြားတရုတ်ကုန်သည်တွေဟာ ကျောက်စိမ်းရှာဖို့အတွက် မိုးကောင်း၊ ဖားကန့်ဒေသဘက်ကို အသီးသီး လာရောက် ကြပါတော့တယ်တဲ့…..  
  
  
  




  

လက်ရာသေသပ် အသေးစိတ်လှတဲ့ ကျောက်စိမ်းပန်းပုများ 

  
တရုတ်လူမျိုးတွေက ကျောက်စိမ်းကို ကံမကောင်းခြင်းနဲ့ ဘေးအန္တရာယ် အသွယ်သွယ်တို့မှ ကာကွယ် ပေးတယ်လို့ ယုံကြည်ကြပါတယ်..  ကျောက်စိမ်းဟာ အေးမြတဲ့ အာနိသင်ရှိတာကြောင်း ယခင်ခေတ်အခါက တရုတ်ဧကရာဇ်တို့ဟာ အစားအသောက်ကို ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ ပွဲတော်တည်လေ့ရှိတယ်လို့ ရာဇ၀င်တစ်ချို့မှာ ဖတ်ခဲ့ရဖူးပါတယ်.. တရုတ်ပြည်မှာ ကျောက်စိမ်းကို ဟန်မင်းဆက်လက်ထက် BC 206 ကတည်းကသုံးစွဲခဲ့ကြောင်းသိရပြီးတော့ သူတို့ဟာ မြန်မာတွေထက် ကျောက်စိမ်းရတနာကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ၀တ်ဆင်ကြပါတယ်.. မြန်မာမှာတော့ ကျောက်စိမ်းထွက်ရာဒေသဖြစ်တဲ့ လုံးခင်း၊ ဖါးကန့်အစရှိတဲ့ ကချင်ပြည်နယ်က လူတွေရယ်.. အခြားနေရာဒေသ အနည်းအကျဉ်းနဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေလောက်သာ ကျောက်စိမ်းကို ၀တ်ဆင်ကြတာ တွေ့ရပါတယ်... 
   
  
  
  



  
ကျောက်စိမ်း ပန်းပု အနုစိတ်လက်ရာများ 
  
အခုဖော်ပြထားတဲ့ ကျောက်စိမ်းလက်ရာ အားလုံးဟာ မနှစ်က တရုတ်နိုင်ငံ ရွှေလီကျယ်ခေါင်မှာ ကျင်းပပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲကို ရောက်ခဲ့စဉ်က ရိုက်ခဲ့တဲ့ ဓာတ်ပုံများဖြစ်ပါတယ်..  မြန်မာပြည်ထွက် ကျောက်စိမ်းများဖြစ်သော်လည်း မြန်မာ့လက်ရာများ မဟုတ်တော့ဘဲ တရုတ်လက်ရာ အနုပညာများအဖြစ်သာ တွေ့ရပါတော့တယ်..  ပြီးတော့ တရုတ်လူမျိုးတွေရဲ့ ကျောက်စိမ်း လက်မှုအနုပညာဟာ အဆင့်အတန်း မြင့်မားလှပြီး  အနုစိတ်လှတာ တွေ့ရပါတယ်.. 
   

  

ဂန္တ၀င်မြောက်လှတဲ့ သူတို့ရဲ့ လက်ရာ 

ပြပွဲမှာ တွေ့ရတဲ့ သူတို့ရဲ့အနုပညာ လက်ရာတွေကို ရင်သပ်ရှုမော အံ့သြတကြီး ငေးမောရင်း ဖြစ်ပေါ်ခဲ့ရတဲ့ ကျွန်မရဲ့ စိတ်ကူးဆန္ဒလေးကတော့ မိမိတိုင်းပြည်ကထွက်တဲ့ ကျောက်စိမ်းတွေကို အရိုင်းတုံးအနေနဲ့မဟုတ်ဘဲ သူတို့လို လက်ရာကောင်း၊ စိတ်ကူးကောင်းလေးတွေနဲ့ မြန်မာ့သယံဇာတများကို ပိုပြီး အဖိုးတန် လာအောင် ဖန်တီးတတ်ချင်တဲ့ စိတ်ဖြစ်မိပါတယ်.. အဲလို  ဖန်တီးထုဆစ်ပြီး ရောင်းချနိုင်မယ် ဆိုရင်တော့ အရိုင်းတုံးအတိုင်း ရောင်းချတာထက် ဈေးကောင်းပိုရနိုင်မှာပါ.. တိုင်းပြည်အတွက်လဲ ၀င်ငွေ ပိုတိုးလာနိုင်ပါတယ်လို့ ရိုးသားစွာ ထင်မြင်မိပါကြောင်းနဲ့ ကျောက်စိမ်း ရတနာ အကြောင်းလေးကို တစ်စေ့တစ်စောင်း တင်ပြလိုက်ပါတယ်ရှင်.. မကြာခင်မှာ မှော်နယ်မြေရဲ့ ကျောက်စိမ်းလုပ်ကွက်များ အကြောင်းကို နောက်ထပ် ဆက်လက် တင်ပြပါဦးမယ်။
  

(ပြပွဲမှာ ကောင်တာတွေနဲ့ တင်ထားတဲ့ ရတနာတွေမို့ ရှေ့မှာ မှန်တစ်ထပ် ခံထားကြောင့်ရော၊ ဆလိုက်မီး အရောင်တွေကြောင့်ပါ ဓာတ်ပုံက အနည်းငယ်တော့ ၀ါးတားတားနဲ့ မကြည်မလင် ဖြစ်နေပါတယ်..  ခွင့်လွှတ်သီးခံပြီး ကြည့်ပေးကြဖို့ တောင်းပန်ပါတယ်ရှင်) 
  
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်.... 

  
ချော(အစိမ်းရောင်လွင်ပြင်) www.missgreenlady.com

မရခဲ့ဖူးတဲ့ လက်ဆောင်



photo from Here


အဖွားမေရီသည် စိတ်သဘောပြည့်ဝပြီး အေးချမ်းသိမ်မွေ့ကာ အဖိုးအပေါ်မှာလည်း အစွမ်းကုန် ချစ်ခင်ပြုစု ယုယတတ်သူ တစ်ယောက် ဖြစ်ပါသည်။ အဖိုးကတော့ တစ်ချိန်တုန်းခါက စိတ်မြန်လက်မြန်နှင့် တက်ကြွလှုပ်ရှားသူ၊ မိသားစု စီးပွားရေး၊ လူမှုရေးတို့ကို အစစ ဦးဆောင်သူ ဖြစ်ခဲ့သော်လည်း ၂ကြိမ်လောက် လေဖြတ်ခံရပြီး နောက်ပိုင်းတွင် အိမ်တွင်း အိမ်ပြင် လမ်းလျှောက်ဖို့တောင် အနိုင်နိုင်၊ စကားပြောဖို့လဲ နှုတ်က မသွက်တော့ဘဲ လေးလံထိုင်းမှိုင်း ဖြစ်နေရပါပြီ။ ဘုရားကျောင်းလည်း မသွားနိုင်၊ အိမ်နီးနားချင်း အိမ်တွေကိုလည်း မလည်ပတ်နိုင်ခဲ့တာ တစ်နှစ် နီးပါး ရှိခဲ့ပြီ ဖြစ်ပါသည်။ အဖိုးသည် သူ၏ အချိန်တော်တော်များများအား တီဗီရှေ့တွင် ထိုင်ပြီး  အချိန်ဖြုန်းနေ ရသည်သာ များလေသည်။ အဖိုးတစ်ယောက် အဖွား အလုပ်လုပ်နေချိန်တွေတွင် တီဗီမှ လာသော သတင်း အစီအစဉ်နှင့် အခြား အစီအစဉ်များကို ထိုင်ကြည့်ရင်း နေခဲ့ရသည်။ သူမ အားလပ်သည့်အခါတွင်တော့ ၂ယောက်သား စကားပြောရင်း၊ တီဗီကြည့်ရင်း စာဖတ်ကြရင်း အချိန်ကုန်ရတော့သည်။ အဖိုးအတွက်မှာ အဖွား၏ အကူ အညီသာ မပါလျှင် ထိုင်ခုံကနေ နေရာရွေ့ဖို့၊ အိပ်ရာဆီ သွားဖို့တောင် ခက်ခဲလွန်းလှပါသည်။

အဖွားသည် နေ့စဉ် အဖိုးကို အိပ်ရာမှ ထစေပြီး နံနက်စာ စားရန် ထမင်းစားခန်းကို သွားနိုင်ဖို့ ကူညီပေးလေ့ရှိသည်..  နံနက်စာ စားသောက်ပြီးချိန်မှာတော့ သူမပန်းကန်တွေ ဆေးကြော သန့်စင်နေတုန်း အဖိုးခေတ္တအနားယူစေဖို့ ဧည့်ခန်းထဲက အဖိုးထိုင်နေကျ ပက်လက်ကုလားထိုင်လေးမှာ ထိုင်ခိုင်းထားကာ တီဗီကြည့်စေပါသည်။ ပန်းကန်ဆေးကြော သန့်စင်နေရင်းနှင့်လည်း အဖွားသည်  အဖိုးတစ်ခုခု လိုအပ်သလား၊ ဘာလုပ်ပေးဖို့ လိုဦးမလဲ ဆိုတာကို မကြာခန လှမ်းလှမ်းကြည့်ပြီး မေးလေ့ရှိသည်. ဒီလို အဖြစ် အပျက် တွေသည် အဖိုးနှင့်အဖွားတို့၏ နေ့စဉ် အဖြစ်အပျက်ကလေးတွေသာ ဖြစ်ပါသည်။ အဖိုးအပေါ်တွင် အဖွားမေရီ တစ်ယောက် မငြီးမငြူ ဂရုတစိုက် ပြုစုယုယကာ အိမ်ထောင်သက် နှစ်၅၀ ကြာလာသည့်တိုင် အဖိုးအပေါ် သူမ၏ ချစ်ခင်မြတ်နိုးမှုက လန်းဆန်း တောက်ပနေတုန်း၊ အိမ်ထောင်ဦးကာလက ကဲ့သို့ နုနယ် ပျိုမြစ်နေတုန်းသာ။

အဖွားသည် အဖိုးအပေါ်တွင် အလွန်တရာ ချစ်ခင်မြတ်နိုးစွာရှိခဲ့သော်လည်း  အဖိုးကတော့ အိမ်ထောင်တစ်ခုကို တာဝန်ကျေအောင် ထမ်းဆောင်ပြီး ဇနီးမယားအပေါ် ယုယုယယ မနေတတ်ခဲ့သူ ဖြစ်ပါသည်။ သူ့ရင်ထဲက အချစ်ဆိုတာကိုလည်း အဖွားသိအောင် ဘယ်ခါမှ ထုတ်ပြောတတ်သူ ၊ ပြောခဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါ။ အိမ်ထောင် သက်တမ်းကာလ တစ်လျှောက်မှာ အဖိုးက အဖွားအတွက် အမှတ်တရ လက်ဆောင် ဆိုတာ ဘယ်သောခါမှ ၀ယ်ပေးခဲ့သည်ဆိုတာ မရှိခဲ့ပါ။ အဖိုး၏ ခံယူချက်မှာ ငွေကြေးဥစ္စာ လုံလောက်အောင် ရှာဖွေပေးပြီး ဖြစ်သဖြင့် အဖွားလိုအပ်တာမှန်သမျှ စိတ်တိုင်းကျ ၀ယ်ယူခွင့် ရှိနေပြီဖြစ်၍ သူမ ကြိုက်နှစ်သစ်ရာ ၀ယ်ယူပါစေ၊ သူကိုယ်တိုင် ၀ယ်ပေးဖို့ မလိုအပ် ဟူသော အတွေးမျိုးရှိသူဖြစ်သည်။

အဖိုး၏ ထိုအကျင့်စရိုက်သည် အိမ်ထောင်ဦးကာလတွင် အဖွားအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်ခဲ့ရသည်။ အဖိုးသည် သူမအား တကယ် ချစ်မှ ချစ်ခဲ့ပါရဲ့လား ဟူသော သံသယသည် အဖွားမေရီ စိတ်ထဲတွင် အမြဲတမ်း ဖိစီးခဲ့သော်လည်း အိမ်ထောင်သက်တမ်း ကြာလာသည်နှင့် အမျှ အဖွားဖြစ်သူမှာ အဖိုးကို သဘောပေါက်နားလည်နိုင်အောင် ကြိုးစားရတော့သည်။ အဖိုးသည် အိမ်ထောင် တစ်ခုလုံးအတွက်ရော သူမအတွက်ပါ အလွန်ကောင်းမွန်သော အိမ်ထောင်ဦးစီး ကောင်းတစ်ဦး ဖြစ်သည်မှာ သူမ အသိဆုံးဖြစ်သည်။ မိသားစုအတွက် လိုလေသေး မရှိရအောင် လိုအပ်သော ငွေကြေးကို ရှာဖွေပေးခဲ့သည်။ အဖွား လိုချင်သော ပစ္စည်းဟူသမျှ စိတ်တိုင်းကျ ၀ယ်ယူခွင့်ပေးထားသဖြင့် အဖိုး ကိုယ်တိုင် ၀ယ်မပေးတတ်သော လက်ဆောင်နှင့် ထုတ်မပြတတ်သော အဖိုး၏ အကြင်နာတို့အတွက် သူမ လိုချင်တပ်မက်စိတ် ၊ မက်မောစိတ် ဖြစ်မနေတော့ အောင် သူမကိုယ်ကို ကြိုးစား၍ စိတ်ကို ဖြေသိမ့်တတ်လာပြီ ဖြစ်သည်။ အဖိုး၏ ချစ်ခင်ယုယမှု၊ အသိအမှတ်ပြုမှုတို့ကိုလည်း ရရှိသည်ဖြစ်စေ မရသည်ဖြစ်စေ အဖိုးအပေါ်ထားသော သူမ၏ ချစ်ခင်မြတ်နိုးစိတ်၊ ကြင်နာသဒ္ဓါစိတ် တို့ကို ယခင်အတိုင်း ထားမြဲထားနိုင်ခဲ့ပါသည်။

တစ်နေ့... ဖေဖော်ဝါရီလ၏ အေးမြသော မနက်ခင်းတစ်ခုတွင် အဖွားသည် တီဗီကြည့်နေသာ အဖိုးထံသို့ လျှောက်လာကာ “ကျွန်မ နေ့လည်စာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်” .. ဟု တီဗီ ကွန်ထရိုလ်းကို အဖိုးလက်ထဲ ထည့်ပေးလိုက်ရင်း ပြောလိုက်ပါသည်။ “တစ်ခုခု လုပ်ချင်ရင် လိုချင်ရင် ကျွန်မ အပြင်ထွက်လာတဲ့အထိ ခနလောက်စောင့်နော်.. တစ်ယောက်တည်း မနိုင်မနင်း လျှောက်မလုပ်နဲ့ ”.. ဟု စိတ်မချစွာ ထပ်ပြောကာ မီးဖိုခန်းထဲသို့ အဖွား ၀င်ရောက်သွားပါသည်။ အချိန်အနည်းငယ် ကြာသော် စားသောက်စရာများ ချက်ပြုတ်ပြီး၍ အိမ်ရှေ့သို့ ပြန်ထွက်အလာတွင် အဖိုးကို ကုလားထိုင်တွင် မတွေ့ရတော့ပေ..

အဖွားမှာ ရုတ်တရက် ပြာဝေသော စိတ်ဖြင့် အဖိုးကိုင်နေကျ တောင်ဝှေးထားရာ နေရာကို ကြည့်လိုက်သည့် အခါတွင်လည်း တောင်ဝှေးမှာ နေရာတွင် မရှိတော့ပေ။ အ၀တ်ဘီရိုမှာ ပွင့်လျှက်ရှိပြီး အဖိုး၏ အပေါ်ဝတ် ကုတ်အင်္ကျီနှင့် ဦးထုပ်မှာ ပျောက်ဆုံးနေခဲ့ပြီ။ အဖိုးသည် တစ်နေရာရာသို့ ထွက်ခွာသွားပေပြီ။ သွေးရူး သွေးတန်းဖြင့် ဘီရိုတွင်းမှ ကုတ်အင်္ကျီတစ်ထည်ကို အမြန်ကောက်ဝတ်ကာ အဖွားသည် အိမ်တွင်းမှ အပြေးတစ်ပိုင်း ထွက်ကာ ဟိုဟိုဒီဒီ မျှော်ကြည့်မိလေသည်။ အဖိုးသည် ခပ်ဝေးဝေးတော့ ရောက်လိမ့်ဦးမယ်ဟု သူမ မထင်ပေ။ သူတစ်ယောက်တည်း လမ်းလျှောက်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ရမည်မှာ သေချာသည်လေ။ လမ်းမပေါ်တွင်မူ အဆက်မပြတ် ကျဆင်းလာနေသော ဖြူလွလွ နှင်းပွင့်လေးများပင် ဖုံးလွှမ်းစ ပြုနေပြီဖြစ်သည်။

ယခုလိုအချိန်တွင် လူကောင်းတစ်ယောက်ပင် လမ်းလျှောက်ဖို့ ခက်ခဲနေပြီဖြစ်ရာ အဖိုးလို တစ်ယောက်ယောက် အကူအညီနှင့်မှ လမ်းလျှောက်နေရသူ တစ်ဦးအတွက် ဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိတော့ပေ။ “သူဘယ်ရောက်နေပြီလဲ .. ဘာကြောင့် အိမ်ကနေ မပြောမဆို တစ်ယောက်တည်း ထွက်သွားရတာလဲ ” သူမအတွေးတွေတွင် ပူပန်ခြင်း နားမလည်နိုင်ခြင်းများစွာ ရောထွေးလျှက်။ လက်နှစ်ဖက်ကို ဆုပ်နှယ်နေမိရင်း လမ်းမပေါ် ဂဏှာမငြိမ်စွာ ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်ဖြင့် အရူးတစ်ယောက်နှယ်။ ကျဆင်း လာနေသော နှင်းဖွဲများကိုလည်း ဂရုမထားမိ၊ ရက်စက်လွန်းစွာ အေးလှသော ဆောင်းဒဏ်ကိုလည်း သတိမပြု မိလောက်အောင် သူမ၏ စိတ်အစဉ် တစ်ခုလုံး အဖိုးအတွက် ပူပန်ရခြင်းများဖြင့်သာ ရင်မှာ လောင်မြိုက်လို့ နေခဲ့သည်။

ထိုစဉ် လမ်းထောင့် တစ်နေရာမှ တစ်လှုပ်လှုပ် လျှောက်လာသော တစ်စုံတစ်ယောက်၏ ပုံရိပ်ကို သူမ တွေ့လိုက်ရလေသည်။ စူးစူးစိုက်စိုက် ကြည့်လိုက်သောအခါ အဖိုးဖြစ်မှန်း သေချာသွားလေသည်။ “အိုး သူပြန်လာပြီ” အဖိုး ဘယ်ကိုသွားပြီး ပြန်လာသည်ဖြစ်စေ သူမမျက်စိရှေ့တွင် ဘေးမသီ ရန်မခ မြင်လိုက်ရသည်ကပင် ၀မ်းသာလွန်းလှပြီ။ သူမကျေနပ်ရပါပြီ.. အဖိုး၏ ကုတ်အင်္ကျီသည် ပုခုံးထက်မှ လျှောကျလို့ နေပြီး အဖိုး၏ လက်တစ်ဖက်တွင် တောင်ဝှေးနှင့် အတူ အထုပ်တစ်ထုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ အဖိုးရောက်အလာကို စောင့်ဆိုင်းဖို့ စိတ်မရှည်နိုင်ဘဲ  သူ့ဆီသို့ အရောက်ပြေးသွားမိတော့သည်။ အဖိုး အခြေအနေ ကောင်းမွန်နေသည်ကို မြင်တွေ့ရသဖြင့် စိတ်သက်သက်ရာ ရပြီးနောက်တွင် သူမပါးစပ်မှ စကားလုံးများ အဆက်မပြတ် ထွက်လာမိတော့သည်။

“ကျွန်မ ရှင့်ကို ခနလေး ထားပြီး နေ့လည်စာ သွားပြင်ဆင်ချိန်လေးမှာ ကျွန်မ ပြန်အလာကိုတောင် မစောင့်နိုင်ဘဲ တစ်ယောက်တည်း ထွက်သွားရအောင်က ရှင်ဘာကိုများ ဒီလောက်အရေးတကြီး လိုအပ်နေလို့လဲ…  ရှင့်ကို ကျွန်မ ဘယ်လောက်တောင် စိတ်ပူရတယ်ဆိုတာ ရှင်မသိဘူးလား… ဒီကမ္ဘာကြီးမှာ ဘယ်အရာကများ ရှင့်ကို အရေးတကြီး အပြင်ထွက်သွားရအောင် စွမ်းဆောင်နိုင်ခဲ့သလဲ.. ” ဟု ပြောပြောဆိုဆိုဖြင့် သိချင်စိတ်ကို ထိမ်းချုပ်မရတော့ဟန်နှင့် အဖိုးလက်ထဲမှာ ကိုင်ထားသော အထုပ်ကလေးကို အမောတကော ဆွဲယူလိုက်လေသည်။  အဖိုးထံမှ ထွက်ပေါ်လာမည့် ရှင်းပြစကားကိုပင် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပါ။ အထုပ်ကလေးကို လျှင်မြန်လွန်းလှသော စိတ်ဇောဖြင့် စက္ကူများကို ဆွဲဖြည်မိတော့သည်။ အထုပ်တွင်းမှာတော့ ဘူးကလေးတစ်ခု၊ ဘူးကလေးကို တုန်ယင်တဲ့ အဖွားရဲ့ လက်အစုံနဲ့ ဖွင့်ကြည့်လိုက်သည်တွင်

ပုလဲ ဆွဲကြိုးလေးတစ်ကုံး…

အံ့သြခြင်းကြီးစွာဖြင့် အဖိုးမျက်နှာကို အဖွားက စောင်းငဲ့၍ ကြည့်လိုက်သည်တွင် “ဒီနေ့ဟာ ငါတို့ရဲ့ နှစ်၅၀ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့လေ. ငါ့ဘ၀မှာ မင်းကို  လက်ဆောင်ဆိုတာ ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူးနော်.. ဒီတစ်ခေါက်တော့ ငါ့ရင်ထဲမှာ မင်းကို လက်ဆောင်ပေးချင်စိတ် ပြင်းပြင်းပြပြကို ဖြစ်မိတယ်.. မင်းဟာ ငါ့အပေါ် အမြဲတမ်း ကောင်းနိုင်ခဲ့၊ ချစ်နိုင်ခဲ့တယ်။ ခုလို ငါမသန်မစွမ်း ဖြစ်တော့လဲ အနစ်နာခံပြီး မငြိုမငြင် ပြုစုခဲ့တယ်.. ဒါပေမဲ့ ငါ့ဘက်က မင်းအပေါ်မှာ ဘာမှ တာဝန် မကျေခဲ့သလို ခံစားမိတယ်.. မင်းရဲ့ ဂရုစိုက်မှု၊ ချစ်ခင် မြတ်နိုးမှုတွေကို အသိအမှတ် မပြုသလို နေခဲ့မိတယ်..  ဒါကြောင့် မင်း ချက်ပြုတ်နေတုန်း ခန အပြင်ထွက်သွားပြီး ဒါလေးကို သွားဝယ်တာပါ…  ဒီ လက်ဆောင် လေးဟာ ငါ့တစ်သက်မှာ မင်းကိုပေးဖူးတဲ့ ပထမဆုံး လက်ဆောင်လဲ ဖြစ်လိမ့်မယ်နော်.. ဒါလေးကို ငါတို့ရဲ့ နှစ်၅၀ပြည့် မင်္ဂလာ လက်ဆောင်အဖြစ်ရော၊ ငါ့ရဲ့ ချစ်လက်ဆောင် အဖြစ်ပါ အသိအမှတ်ပြုပြီး မင်းလက်ခံပေးပါနော်.. ” အဖိုးထံမှ သူမဘယ်တုန်းကမှ မရရှိခဲ့ဖူးတဲ့ နုညံ့ချိုသာသော အသံကို တိုးညှင်းစွာ၊ ဖြေးလေးစွာ၊ တုန်ယင်စွာနှင့် မသဲမကွဲ ကြားလိုက်ရတော့သည်။ သို့သော် မသဲကွဲပေမဲ့ အဖိုးပြောသမျှကို သူမ လုံးစေ့ပတ်စေ့ နားလည်နိုင်ပါသည်။ ဒီလူနှင့် နေခဲ့သည်မှာ နှစ် ၅၀ပင် ရှိခဲ့ပြီ မဟုတ်ပါလားလေ။

အဖွားမျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံ အိုင်ထွန်း လာပါတော့သည်။ အဖိုး၏ လက်ကလေးကို အသာအယာ ဆွဲကိုင်ကာ သူမ ပါးပြင်နှစ်ဘက်ပေါ် အပ်ထားမိလိုက်တော့ အဖွား၏ မျက်ရည်များက အဖိုး၏ လက်ပေါ်သို့ တစ်သွင်သွင် စီးကျလာ တော့သည်။   ထို့နောက်တွင် အဖိုးရဲ့ လက်ကို ခိုင်မြဲစွာ တွဲကာ အိမ်ဆီသို့ ၂ယောက်သား ပြန်လာခဲ့ကြတော့သည်။ အဖွား၏ မျက်နှာပေါ်တွင် မျက်ရည်စများနှင့် သို့သော် ကြည်နူးမှု အပြုံးလေးတစ်စက တွဲခိုလျှက်။ အဖိုး၏ မျက်နှာပေါ်တွင်လည်း ကြည်နူးမှု အပြုံးလေးက မပီဝိုးဝါး ခပ်ရေးရေးလေး။ သို့သော် အဖိုး၏ ကြည်နူးမှုအပြုံးကို အဖွားတစ်ယောက် ကောင်းစွာ ခံစားသိရှိပါလိမ့်မည်။ ဘယ်တုန်းကမှ မဖော်ပြခဲ့ဖူးတဲ့ အဖိုး၏ အချစ်တို့သည် ယခုအချိန်ရောက်မှ အဖွားတစ်ယောက် သိခွင့် ရလိုက်သော်လည်း သူမစိတ်ထဲ တွေးနေမိသည်က “အချစ်အကြောင်း ပြောဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလေ”.. ဟူ၍သာ..။ ထို့နောက်တော့ “ကျွန်မကို လက်ဆောင်မပေးလဲ ရှင့်ကို အမြဲချစ်နေမှာ၊ ဂရုစိုက်နေမှာပါ အဖိုးကြီးရယ်” ဟု ရှက်ပြုံး၊ ကြည်နူးသည့် အပြုံးလေးနှင့် အဖိုးကို ပြောလိုက်ပါတော့သည်။

-----------------------------------------------------------------------------------------------//
ကျွန်မတို့တွေလဲ ကိုယ့်ရဲ့ဘ၀မှာ ကိုယ် ချစ်ခင်ရသူများကို ချစ်ခင်မြတ်နိုးတဲ့ အကြောင်းကို သိအောင် ပြောပြဖို့ နှောင့်နှေးခဲ့ကြ ဖူးမလား မသိဘူးနော်.. ဒီလိုဆိုရင်ဖြင့် နောက်မကျသေးခင်မှာ ကိုယ်ချစ်ခင်တဲ့ အကြောင်းကို ၀န်မလေးဘဲ ပြောထွက်ကြဖို့ ကြိုးစား ကြပါဦးစို့လားနော်.... ချစ်ခြင်းမေတ္တာ ဆိုတာ  ဘယ်လိုလူတိုင်း အတွက်မဆို လိုအပ်တဲ့ ဆေးတစ်ခွက်၊ ခွန်အားတစ်လက်ဘဲ မဟုတ်ပါလားရှင်.......
------------------------------------------------------------------------------------------------//
Chicken Soup for the Bride's Soul မှ Danise Jacoby ရဲ့ A Change of Heart ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။ အားလုံးဘဲ ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ အေးချမ်းကြပါစေရှင်..

ချော(အစိမ်းရောင်လွင်ပြင်)

မွေးရပ်မြေသို့ အပြန်


အားလုံးဘဲ မင်္ဂလာပါနော်….



ခရီးထွက်ရာက ပြန်ရောက်ပါပြီရှင်.. ခရီးထွက်ပြီး ပြန်လာတာဖြစ်လို့ ခုတလော တင်ဖြစ်မဲ့ အကြောင်းအရာတွေက ခရီးသွား အတွေ့အကြုံ တစ်ချို့နဲ့ ကျွန်မဇာတိ မွေးရပ်ဌာနေ အကြောင်း တစ်စေ့တစ်စောင်းလေးတွေ ဖြစ်ဖို့ များပါတယ်.. ကျွန်မရဲ့ ဇာတိမွေးရပ်ဒေသ ဆိုတာကလဲ ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရာဒေသ ဖြစ်တာကြောင့် မရောက်ဖူးသေးသူများရော ရောက်ဖူးသူများပါ  ဗဟုသုတ အနေနဲ့ မြင်တွေ့ခွင့်ရအောင် နောက်ပိုစ့်တွေမှာ ကျောက်စိမ်းတွင်းဒေသရဲ့ ကျောက်တူးဖော်နေကြတဲ့ လုပ်ကွက်တွေကို ပုံလေးတွေပါ ဖော်ပြပြီး တင်ပေးဖို့ ရည်ရွယ်မိပါတယ်.. ကျွန်မရဲ့ ဇာတိဒေသလေးကို ချစ်ခင်တဲ့စိတ်၊ မရောက်ဖူးသူများ ဗဟုသုတ အနေနဲ့ သိကြစေဖို့ ရည်ရွယ်ချက်တွေနဲ့သာ ရေးမှာဖြစ်ပါတယ်..




ကျွန်မရဲ့ ဇာတိမွေးရပ်မြေ ဖားကန့်၊ လုံးခင်းဒေသဟာ ကချင်ပြည်နယ်တွင်းမှာ တည်ရှိပါတယ်.. မြစ်ကြီးနားမြို့ကနေ မိုင်တစ်ရာနီးပါး ဝေးကွာပါတယ်.. ကျောက်စိမ်းထွက်ရာ ဒေသမို့ မှော်နယ်မြေရယ်လို့ လူသိများပါတယ်.. မြစ်ကြီးနားမြို့ကနေ သွားလို့ရသလို မိုးကောင်းမြို့ကနေလည်း သွားလို့ရပါတယ်.. ကျွန်မအလုပ်လုပ်တဲ့ နေရာကနေ မြစ်ကြီးနားမြို့ကို အရင်ဆုံး ရောက်တာဖြစ်လို့ မြစ်ကြီးနားမြို့မှာ ညအိပ်ပြီး မနက်စောစောမှာ ဗင်ကားနဲ့ ကျောက်စိမ်းတွင်းရှိရာ မွေးရပ်မြေကို ခရီးဆက်ရပါတယ်.. မြစ်ကြီးနားမြို့ကတော့ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်.. ကျွန်မနှစ်သစ်မိတဲ့ မြို့ထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့ မြို့လဲဖြစ်ပါတယ်.. ရာသီဥတု မပူပြင်းလှသလို သစ်ပင်ကြီးတွေနဲ့ စိမ်းစိမ်းစိုစို လှလှပပ ရှိတဲ့မြို့ ဖြစ်တဲ့အပြင် သစ်သီးဝလံ ပန်းမာန် ပေါများလှပါတယ်… ဧရာဝတီမြစ်ကြီးရဲ့ အလှအပကြောင့် ပိုပြီး နေချင့်စဖွယ် သာသာယာယာ ရှိတာကြောင့်လဲ မြစ်ကြီးနားမြို့ဟာ နံမည်ကျော်ပါတယ်..  မြစ်ကြီးနားကနေ မှော်နယ်မြေကို ပြေးဆွဲတဲ့ ကားတွေက ဟိုင်းလပ်၊ ဖိုးဝီး၊ မီနီဘတ်စ် စသဖြင့်  အစုံရှိတဲ့အတွက် နှစ်သစ်ရာကားကို ရွေးချယ်စီးလို့ရပါတယ်.. ကျွန်မကတော့ မြန်ဆန်ပြီး လူနည်းနည်းသာစီးတဲ့ ဗင်ကားကို ရွေးချယ်စီးပါတယ်





မြစ်ကြီးနားမြို့တွင်း သစ်ပင်များဖြင့်ဝေဆာနေသောလမ်းမ




မြစ်ကြီးနားမြို့တွင်း တစ်နေရာ




ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတား




တံတားပေါ်မှ မြင်တွေ့ရသော မြစ်ဧရာအလှနှင့် တောင်တန်းတစ်ချို့




ကားပေါ်ကနေ အမြန်ရိုက်လိုက်မိတဲ့ မြစ်ကြီးနား တက္ကသိုလ်ရဲ့မြင်ကွင်းပါ..




မြစ်ကြီးနားမြို့အထွက် မုဒ်ဦး




မြစ်ကြီးနား မိုးကောင်း ကားလမ်းမ



မြစ်ကြီးနားမြို့ကအထွက်မှာ ကားလမ်းမဟာ ကတ္တရာခင်းလမ်းဖြစ်ပါတယ်… ဒါပေမဲ့ နမ္မတီးမြို့ကို ကျော်လွန်ပြီးတဲ့ ချိန်မှာတော့ မြေသားကျောက်စရစ်လမ်းဖြစ်သွားပါပြီ.. နွေအခါ ဖုန်တစ်ထောင်းထောင်းနဲ့ မိုးအခါ ဗွက်ဟောင်းလောင်းနဲ့ လမ်းများဘဲဖြစ်ပါတယ်.. တစ်ခေတ်တစ်ခါကတော့ ကျောက်စိမ်းတွင်း အသွားလမ်းဟာ ဆိုးလွန်းအားကြီးလို့ လူတောင် ဗွက်နစ်ပြီး သေတယ်လို့ နံမည်ကျော်ခဲ့တဲ့ လမ်းဖြစ်ပါတယ်.. ကျွန်မတို့ ငယ်စဉ်က ဒီလမ်းတွေဟာ တစ်နှစ်တစ်ခေါက် မြို့ကို ကျောင်းတက်ဖို့ သွားရာမှာ ကျောင်းသားအင်အား များများစုစည်းပြီး အုပ်ထိန်းသူက လိုက်ပါကာ ကားနဲ့ သွားဖို့မဖြစ်နိုင်တဲ့ ဒီလမ်းတွေပေါ်မှာ ခက်ခဲပင်ပန်းစွာ ဗွက်တွေနွံတွေကြားမှာ တစ်ရက်ကို မိုင်၂၀နှုန်းထားနဲ့ မိုးကောင်းမြို့ကို ခြေလျှင် ၃ရက် လျှောက်ခဲ့ရပါတယ်.. စီးရတဲ့ ဖိနပ်က ပွိုင့်ဖိနပ်လို့ခေါ်တဲ့ တောစီးဖိနပ်တစ်မျိုးပါ..  ဖိနပ်ထဲမှာ ဗွက်တွေ၊ ရေတွေဝင်ပြီး လမ်းလျှောက်ရ ခက်လွန်းပေမဲ့ ရွံ့နွံထဲမှာ ဘယ်လိုဖိနပ်မျိုးနဲ့မှ လျှောက်မရဘဲ လျှောလွန်းတာကြောင့် လူတိုင်းက ဒီဖိနပ်ကိုသာ စီးကြရပါတယ်.. ၃ရက်ခရီးအပြီးမှာတော့ ခြေသည်းတစ်ချို့ ကျွတ်ထွက်ကုန်တဲ့အထိ ဖြစ်ခဲ့ရဖူးပါတယ်..




ကျောက်ကြမ်းလမ်းမ




တောတောင်ကြားက လမ်းကြမ်းကြမ်း




ဒီလိုတံတားမျိုးတွေလဲ ဖြတ်ရပါတယ်..



လမ်းက အမိုးအကာ သိပ်မလုံခြုံလှတဲ့ စခန်းလေးတွေမှာ ဖြုတ်တွေ ခြင်တွေကြား၊ မိုးတွေလေတွေကြား အကြိမ်ကြိမ် အိပ်စက်ခဲ့ရဖူးပါတယ်.. တစ်ခါတစ်ရံမှာ ကိုယ့်အဖွဲ့ ညအိပ်စခန်းချမဲ့နေရာမှာ တဲတစ်လုံး တစ်လေမှ မရှိလို့  လူကြီးတွေက သစ်ခုတ်၊ ၀ါးခုတ်ပြီး တဲထိုးကြရပါတယ်.. တောတောင် ထူထပ်တာမို့ သစ်ဝါးတော့ အင်မတန်ပေါပါတယ်.. ပြီးတော့ ကျွန်မတို့ဒေသမှာ ရုန်းလို့ခေါ်တဲ့ အရွက်တစ်မျိုးကို အိမ်မိုးအဖြစ် အသုံးပြုကြပါတယ်.. ပင်လယ်ကမ်းစပ်မှာသုံးကြတဲ့ ဓနိရွက်နဲ့ ဆင်ဆင်တူပါတယ်..  ခုချိန်မှာတော့ အရင်တုန်းကလို လမ်းမှာ အိပ်ရတဲ့အဖြစ်က အိပ်မက်တစ်ခုလို ဖြစ်သွားခဲ့ပါပြီ.. လမ်းတွေမှာလဲ ရွာတွေ အိမ်ခြေတွေ အများအပြား ရှိလာပြီဖြစ်ပါတယ်… ပြီးတော့လဲ လမ်းတွေဟာ ယခင်ကလို ရွံ့ဗွက်အတိနဲ့ မဟုတ်တော့ဘဲ ကျောက်မျက်ကုမ္ပဏီအချို့ရဲ့ ပြုပြင်မှုကြောင့် ကျောက်ကြမ်းခင်းတဲ့ အဆင့်ထိ တိုးတက်လာပြီဖြစ်ပါတယ်...




ကိုင်းတောကြားက မြေသားလမ်း




လမ်းဘေးတစ်လျှောက် တောတောင်များ




ဒီလိုကားနဲ့ သွားကြမလား




ဒီကားနဲ့ဆိုရင်လည်း ရောက်ပါတယ်...



မြစ်ကြီးနားက ထွက်လာပြီး လမ်းတစ်ဝက်လောက်မှာ လ၀ါး လို့ခေါ်တဲ့ ကချင်ရွာကလေးမှာ နေ့လည်စာ စားဖို့ ကားရပ်နားပါတယ်.. ယခင်က ဖြတ်သန်းနေကျ မိုးကောင်း၊ကားမိုင်း စတဲ့ မြို့တွေကို ဖြတ်စရာမလိုတော့ဘဲ အသစ်ဖောက်ထားတဲ့ လမ်းကနေ မောင်းလို့ရနေပါပြီ.. ကျွန်မတို့ကား ရပ်တဲ့ဆိုင်ကလေးက ကချင်ရိုးရာ ထမင်းဆိုင်လေးဖြစ်လို့ ထမင်းကို ဖက်ကလေးနဲ့ ထုပ်ထားတာလေးက မြင်တာနဲ့စားချင်စိတ်ဖြစ်မိတာမို့ နွားနို့သာသောက်မယ်လို့ ရည်ရွယ်မိပေမဲ့ ထမင်းစားဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ဒီရွာကလေးက နွားနို့စစ်စစ်ကြောင့်လဲ နာမည်ကြီးပါတယ်.. မှာစားဖြစ်တဲ့ ဟင်းတွေက ၀က်သားနဲ့ မျှစ်ချဉ်၊ ငါးကလေးအိုးကပ်၊ ရုံးပင်က ရတဲ့ အူတိုင်ဖြစ်တဲ့ ရုံးအူနဲ့ ကံဇင်းလို့ခေါ်တဲ့ အရွက်တစ်မျိုးဟင်း အရည်သောက်ပါ.. ကချင်ငရုပ်သီးထောင်းလေးပါ အဆစ်ပါပါတယ်.. ကံဇင်းဆိုတဲ့အရွက်ကိုတော့ ကချင်ပြည်နယ် ရောက်ဖူးသူတွေမှသာ ကြားဖူး၊တွေ့ဖူးမဲ့ အရွက်ပါ.. အရွက်နဲ့အရိုးမှာ ဆူးကလေးတွေပါပြီး မကြိုက်သူတွေအတွက်တော့ အနံ့နံလို့ စားရတာခက်တယ်လို့ ပြောတတ်ကြပါတယ်.. ကချင် တိုင်းရင်းသားတွေ အကြိုက် ဟင်းခတ်အမွှေးအကြိုင် အရွက်တစ်မျိုးလဲ ဖြစ်ပါတယ်.. ကချင်ပြည်နယ်က လူတွေ တော်တော်များများတော့ ကြိုက်ကြတာ များပါတယ်.. .. ထမင်းလေးကတော့ ဖက်နဲ့ထုပ်ထားတာမို့ ငှက်ပျောဖက်နံ့ သင်းသင်းလေးနဲ့ စားရတာ အတော် ခံတွင်းမြိန်စေပါတယ်..



လ၀ါး ကျေးရွာလေးက ကချင်တိုင်းရင်သား စားသောက်ဆိုင်ကလေး




ငှက်ပျောဖက်ထုပ် ထမင်းနဲ့ ကချင်ဟင်းတစ်ချို့




ကံဇင်းဟင်းရည်နဲ့ ငရုပ်သီးထောင်း



ကျွန်မတို့ဒေသမှာ ကံဇင်းရွက်နဲ့ ပတ်သက်ပြီး ဆိုရိုးလေးတစ်ခုတောင် ရှိပါသေးတယ်… အောက်ပြည်အောက်ရွာကလာတဲ့ တစ်ရွာသားနဲ့ လက်ထပ် ပေါင်းသင်းထားတဲ့ သမီးကို  မကြာခင်မှာ အမေလုပ်သူက သမီး ညည်းယောက်ျား ကံဇင်းရွက် စားတတ်ပြီလားလို့ မေးပါတယ်..  သမီးက မစားတတ်သေးဘူးအမေ လို့ ပြန်ဖြေတယ်.. အမေက စားတတ်အောင် လုပ်ထားလို့ ပြန်ပြောပါတယ်…  နောက် အချိန်အတန်ကြာတော့ ပြန်မေးပါတယ်.. သမီး ညည်းယောက်ျား ကံဇင်းစားတတ်ပြီလားတဲ့ သမီးက စားတတ်ပြီ အမေလို့ ပြန်ဖြေတော့ ဒါဆို စိတ်ချရပြီ.. ညည်းယောက်ျား အိမ်ပေါ်က ကန်ချရင်တောင် မဆင်းတော့ဘူးလို့ ပြန်ပြောလိုက်ပါတယ်တဲ့..  ကံဇင်းဆိုတဲ့အရွက်က ကချင်ပြည်နယ်မှာသာ ရှိတာမို့ ဒီအရွက်ကြိုက်သွားရင် ဘယ်မှာမှ မရနိုင်တဲ့အတွက်ကြောင့် သမက်လုပ်သူက အိမ်ပေါ်ကနေ ဘယ်လိုနည်းနဲ့မှ ဆင်းတော့မှာ မဟုတ်လို့ သမီးအတွက် စိတ်ချရပြီဖြစ်ကြောင်း ပိုပိုသာသာ ချဲ့ကားပြီး ပြောကြတဲ့ ဆိုရိုးစကားလေး ဖြစ်မှာပါ… အတိအကျ မှန်မမှန်တော့ မပြောတတ်ပါဘူးရှင်.. ကြားဖူးတာလေးကို ပြန်ဖောက်သည်ချတာပါ..




ကံဇင်းရွက်ရဲ့ ပုံပါ



ဆက်ပြီးတော့ ခရီးထွက်လာကြရာမှာ လမ်းတစ်လျှောက်ရဲ့ ရှုခင်းတစ်ချို့နဲ့ မှော်နယ်မြေရဲ့ မြို့ အချို့ကို ဓာတ်ပုံလေးများနဲ့ ဖော်ပြပေးထားပါတယ်.. မြစ်ကြီးနားမြို့ကနေ ၅နာရီ သာသာ ကားမောင်းပြီးချိန်မှာတော့ ကျွန်မရဲ့ မွေးရပ်မြေ ကျောက်စိမ်းတွင်းဒေသကို ရောက်ရှိပြီ ဖြစ်ပါတယ်.. ယခင်ကတော့ ခြေလျှင်ခရီးနဲ့ ၃ရက်တာ လျှောက်ခဲ့ရတဲ့လမ်းဟာ ခုချိန်မှာတော့ နေ့တစ်ဝက်နဲ့တင် သွားရောက်နိုင်ပြီ ဖြစ်ပါတယ်..




ဖားကန့်မြို့အ၀င်ဆိုင်းဘုဒ်




ဖားကန့်မြို့ရဲ့ တစ်စိတ်တစ်ဒေသ




ဖားကန့်မြို့




ဖားကန့်မြို့အ၀င်လမ်းမ




ဖားကန့်မြို့ မရှီကထောင် ဘေလီတံတား




ဆိုင်းတောင် မြို့တွင်းလမ်းမ



ဆိုင်းတောင် (ခ) ဆိပ်မူ





ကျောက်စိမ်းရော ရွှေပါ ထွက်တယ်လို့ နံမည်ကျော်တဲ့ ဥရုချောင်းပါ... ပြောရင်ယုံနိုင်ပါ့မလား.. ကျွန်မတို့ငယ်စဉ်ကတော့ ဒီဥရုချောင်းရေဟာ စိမ်းမြကြည်လင်နေပြီး ၀ါးတစ်ပြန်မက အနက်ရှိခဲ့ပါတယ်.. ဟိုစဉ်ကတော့ ချောင်းရေကိုသာသောက်သုံးပြီး ချောင်းထဲမှာသာ ရေချိုးအ၀တ်လျှော်ခဲ့ကြပေမဲ့ ခုချိန်မှာတော့ သုံးစွဲလို့ မဖြစ်တော့အောင် ရာသီမရွေး ခုလို နောက်ကျိနေတဲ့ အ၀ါရောင်ရွံ့ရေများသာ ဖြစ်နေပြီး မှော်ဒေသအသီးသီးက မြေကြီးစွန့်ပစ်မှုကြောင့် ချောင်းရေရဲ့ အတိမ်အနက်ကတော့ ဒူးခေါင်းသာသာလောက်သာ ရှိပါတော့တယ်.. ချောင်းကမ်းပါးမှာ စွန့်ပစ်ပုံထားတတ်တဲ့ မြေစာများကြောင့် ချောင်းအကျယ်ကလဲ တစ်ဖြေးဖြေး ကျဉ်းမြောင်းလာပြီ ဖြစ်ပါတယ်.. ဒါကြောင့်လဲ မိုးရာသီတွေမှာ မကြုံစဖူး မြို့ရွာတွင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်လာနေပါပြီ.



ဒီနေရာမှာ ကျွန်မတို့ရဲ့ ကျောက်စိမ်းတွင်းဒေသဟာ အများက ထင်မြင်ထားသလို ခမ်းခမ်းနားနား သပ်သပ်ရပ်ရပ်နဲ့ ရှိနေတတ်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး ဆိုတာ ၀န်ခံချင်ပါတယ်.. ကျောက်စိမ်းထွက်ရာ၊ ကျောက်စိမ်းတူးဖော်ရာ မှော်မြေဒေသမှာ လူတွေနေထိုင်ကြရင်း မြို့ရွာရယ်လို့ ဖြစ်လာတာ ဖြစ်တဲ့အတွက် အခြားမြို့ပြတွေလို စံနစ်တကျ တည်ထောင်ထားတဲ့ မြို့ရွာ မဟုတ်ပါဘူး.. ပြီးတော့ ဒီနေ့ ဒီနေရာမှာ အိမ်ခြေနဲ့ ရွာ ဆိုတာ ရှိနေပေမဲ့ နောက်တစ်နေ့မှာ ကုမ္ပဏီကြီး တစ်ခုခုက လုပ်ကွက်ဆွဲလိုက်လို့ တူးဖော်ခွင့်ရသွားပြီဆိုရင် အိမ်ခြေတွေ မြေယာတွေ ဖယ်ပေးလိုက်ရပြီး နေ့မြင်ညပျောက် အချိန်မရွေးဖြစ်သွားတတ်တဲ့ အနေအထားမျိုးလဲ ဖြစ်ပါတယ်.. နောက်အချိန်ရရင် ကျောက်စိမ်းလုပ်ကွက်များနဲ့ ကျောက်စိမ်း အကြောင်းကို ဗဟုသုတ အနေနဲ့ တစ်စိတ်တစ်ပိုင်းတော့ သိသလောက် ရေးပြပါဦးမယ်ရှင်..



စာဖတ်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်...



ချော(အစိမ်းရောင်လွင်ပြင်)

မင်္ဂလာနှစ်ဆန်းတစ်ရက်နေ့


အားလုံးဘဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်…





မင်္ဂလာရှိတဲ့ ဒီနေ့ နှစ်သစ်ကူးရက်ကလေးမှာ ကျွန်မက မွေးဖွားရာဇာတိဒေသမှာ မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံနေပြီ ဖြစ်ပါတယ်.. စာလာဖတ်သူများကိုတော့ ဒီပိုစ့်လေး ရေးခဲ့ပြီး ဒီနေ့မှာ ဖတ်လို့ရအောင် Schedule နဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်.. ဒီနေ့လေးမှာ ကျွန်မတို့ ဒေသ၊ ကျွန်မတို့မိသားစုတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ လူကြီးမိဘများကို ဂါဝရပြုတဲ့ အလေ့အထလေး တစ်ခုကို ပြောပြချင်ပါတယ်..

ကျွန်မတို့ မိသားစုဟာ ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့အတွက် နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မိဘဆရာသမားနဲ့ သက်ကြီးရွယ်အိုများကို ကန်တော့လေ့ရှိပါတယ်. နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်မတို့ မိသားစုဝင်တွေကြားမှာ ပြုလုပ်လေ့ရှိတာက မိဘ၂ပါးကို ရေကန်တော့ခြင်းဖြစ်ပါတယ်.. ဒီရေကန်တော့ခြင်း အလေ့အထကို ကျွန်မတို့ငယ်စဉ်က မေမေက ဦးဆောင်လမ်းပြကာ အဖိုးအဖွား အဖေအမေတို့ကို နှစ်စဉ် ကန်တော့တတ်အောင် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်.. ယခုချိန်ထိလည်း ကျွန်မတို့မိသားစုနဲ့ ကျွန်မတို့ဒေသက အခြားသော အိမ်ထောင်စုများကြားမှာ ဒီအလေ့အထလေး ရှိနေဆဲဖြစ်ပါတယ်..

ရေကန်တော့ဖို့အတွက် ပထမဆုံးက ရေဖလား သန့်သန့်လေးတစ်ခုကို ရေ သင့်တင့်ရုံထည့်ပါတယ်.. ပြီးတော့ နံသာဖြူတုံးတစ်ခုကို ယူပါတယ်.. အိမ်မှာတော့ နံ့သာဖြူက အချိန်မရွေးရှိပါတယ်.. သနပ်ခါးသွေးလေ့ရှိတဲ့ ကျောက်ပြင်ကို စင်အောင် ဆေးကြောပါတယ်.. စင်အောင်ဆေးကြောထားတဲ့ ကျောက်ပြင်ပေါ်မှာ နံ့သာဖြူကို အနှစ်ကလေးတွေ ရလာအောင် သွေးယူပါတယ်.. ရလာတဲ့ အနှစ်ကလေးတွေကို လက်ကလေးနဲ့ သပ်သိမ်းပြီး ရေဖလားလေးထဲကို ထည့်ပါတယ်.. ဒီလိုနဲ့ ဖလားလေးထဲမှာ နံ့သာတုံးကို သွေးထားတဲ့အနှစ်ကလေးတွေ များလာပြီဆိုရင် နံ့သာနံ့ သင်းသင်းလေး မွှေးနေတဲ့ နံ့သာရည်ကိုရပါပြီ.. အဲဒီရေထဲကို ရေမွှေးအနည်းငယ် ထပ်ရောပါတယ်..

ပြီးသွားပြီဆိုရင် ရေကန်တော့ခံမဲ့ မိဘ သို့မဟုတ် လူကြီးကို အိမ်ရဲ့ ဦးခန်းမှာ ထိုင်ခိုင်းပြီး အောက်မှာ ဇလုံတစ်ခုချကာ ကန်တော့ခံတဲ့သူရဲ့ လက်ကို ခုနက သွေးထားတဲ့ နံ့သာရေနဲ့ လောင်းချပါတယ်.. ပြီးရင် အ၀တ်သန့်သန့်တစ်ခုနဲ့ လက်ကို သုတ်ပေးရပါတယ်.. ထို့နောက်တော့ မိသားစုဝင်တွေအားလုံးက ရိုသေစွာ ထိုင်ကန်တော့ကြပါတယ်.. အဲဒါကို ရေကန်တော့တယ် လို့ ခေါ်ပါတယ်… ဒီရေကန်တော့တာကို နှစ်ဆန်းတစ်ရက်နေ့တိုင်း ကျွန်မတို့ဒေသမှာ ကိုယ့်မိဘ လူကြီးသူမများကို ကန်တော့ကြပါတယ်..

ဒီနေ့နှစ်ဆန်းတစ်ရက်မှာ ကျွန်မဟာ မွေးရပ်ဇာတိမြေကို ပြန်ရောက်နေပြီဖြစ်တဲ့အတွက် ခုချိန်မှာ ကျွန်မရဲ့ မိဘ၂ပါးတို့ကို ရေကန်တော့နေပြီ ဖြစ်ပါတယ်.. နှစ်သက်စရာ ဓလေ့တစ်ခုမို့ ဘိုးဘွားလက်ထက်မှသည် ကျွန်မတို့ခေတ် ရောက်ချိန်ထိ ဆက်လက်ကျင့်သုံးနေတဲ့ အလေ့အထလေးဖြစ်ပါတယ်.. ဒီအလေ့အထလေးအကြောင်း စာဖတ်သူများကို ဒီနေ့နှစ်ဆန်း တစ်ရက်မှာ ပြန်လည်ဝေငှ လိုက်ရပါတယ်ရှင်.. သွားခါနီးမှ ကမန်းကတန်း  ရေးသွားတာ ဖြစ်လို့ အမှားအယွင်းနဲ့ မပြည့်မစုံဖြစ်ခဲ့ရင် ခွင့်လွှတ်ကြဖို့ တောင်းပန်လိုက်ပါတယ်..

အားလုံးဘဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ၊ လိုရာဆန္ဒအားလုံး ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်…
----------------------------------------------------------------------------------------------//

ချော(အစိမ်းရောင်လွင်ပြင်)