မြေလှန်ရှာကြရာဝယ်




စိမ်းစိုလှပတဲ့  ကချင်ဒေသတစ်နေရာ





ရာဘာစိုက်ခင်းတစ်ချို့



ကျွန်မတို့ ကချင်ပြည်နယ်ဆိုတာ တကယ်တမ်းတော့  တောင်တွေတောင်တွေ အများကြီးတည်ရှိတဲ့ စိမ်းလန်းစိုပြေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်.. ဒါပေမဲ့ ကျောက်စိမ်းတွေ၊ ရွှေတွေ တူးဖွေရှာကြတဲ့  ဖားကန့် ဒေသတစ်ဝိုက်မှာတော့ တောတောင်တွေကို ထွင်းဖောက်ပြီး မြေအောက်ကို လှန်လှော ရှာဖွေကြရတာ ဖြစ်လို့ တောတောင် တစ်ချို့တော့ တစ်ဖြေးဖြေး ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါတယ်.. ဒီတစ်ခေါက်ပြန်သွားတော့ ညအချိန်ဆိုရင် တောင်တန်းတစ်လျှောက် လုပ်ကွက်အသီးသီးရဲ့လျှပ်စစ်မီးရောင်တွေဟာ မျက်စိတစ်ဆုံး ထိန်ထိန်လင်းလင်းရှိနေပြီး မီးထွန်းပွဲတော် ကျင်းပနေသည့်အလား ထင်မှတ်မှားရပါတယ်... ဒီတော့မှ ဒီနှစ်တွေထဲမှာ လုပ်ကွက်အသစ်တွေ ဘယ်လောက်တောင် များပြားလာပြီး တောင်တွေ ဘယ်နှတောင်လောက် ကုန်သွားပြီလဲ ဆိုတာ တွေးမိပါတော့တယ်.. နောက်နေ့တော့ မှော်တွေအနှံ့ လျှောက်ကြည့်ဦးမှပါဘဲ လို့ စိတ်ကူးရမိပါတယ်.. စိတ်ကူးမိတဲ့အတိုင်း နေပူကျဲကျဲအောက်မှာ ၂ရက်တိတိအချိန်ယူပြီး မှော်အနှံ့ ဆိုင်ကယ်နဲ့ လျှောက်သွားလို့ ဓာတ်ပုံတွေကို ရိုက်ယူလာခဲ့ပါတယ်..





အရင်ခေတ်က ကျောက်တူးတာ သံတိုင်တွေနဲ့ လူတွေက တူးတယ်.. ခုခေတ်မှာ ဒီလို စက်ကြီးတွေနဲ့ပဲ တူးတော့တယ်..








စက်ယန္တရားများနဲ့ ကျောက်စိမ်းတူးဖော်နေပုံ








မြေကြီးတူးလို့ ထွက်လာတဲ့ မြေစာတွေကို ကျောက်ပါမပါ စေ့စေ့စပ်စပ် စောင့်ကြည့် စစ်ဆေးနေသူများ





ဖားကန့် ကျောက်စိမ်းနယ်မြေအကြောင်း တစ်စိတ်တစ်ဒေသ ပြောပြရရင် ကျောက်စိမ်းတွင်းနယ်မြေမှာ ခေါ်ကြတဲ့ ရေမဆေးကျောက်လို့ ခေါ်ကြတဲ့ ကျောက်အကြောင်း ကြားဖူးကြမလား မသိဘူးနော်.. အဲဒီ ရေမဆေးကျောက် ဆိုတာ တစ်ခြားတော့ မဟုတ်ပါဘူး.. မြေကြီးတွေကို တူးဖော်ပြီး ထွက်ပေါ်လာတဲ့ ကျောက်စရစ်ခဲ အရောရောနဲ့ မြေကြီးတွေကို ကုမ္ပဏီတွေ၊ လုပ်ကွက်တွေက တာဝန် ရှိသူတွေ၊ ငှားရမ်းထားသူတွေက ကျောက်စိမ်းပါမပါ စေ့စေ့စပ်စပ် လိုက်လံစစ်ဆေး ရှာဖွေပါတယ်.. စိတ်တိုင်းကျ ရှာဖွေပြီးလို့ ကျောက်မရှိတော့ဘူး၊ မပါတော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့ မြေကြီးတွေကို အခြားသင့်တော်ရာ နေရာတွေမှာ ကားတွေနဲ့ သယ်ပြီး စွန့်ပစ်ကြပါတော့တယ်.. အဲဒီမြေကြီးတွေကို အပြင်က ပြန်ပြီး ရှာဖွေကြတဲ့ အခါ ကံကောင်းပြီး ကျောက်ကောင်းတွေရော၊ မကောင်းတကောင်းရော ရသွားတတ်ကြပါတယ်.. အဲဒီလို စွန့်ပစ်မြေစာပုံကနေ ရတဲ့ ကျောက်ကို ရေမဆေးကျောက်လို့ ခေါ်ကြပါတယ်. ဒီပုံတွေမှာ လူတစ်ချို့က မြေကြီးထဲကနေ ကျောက်စိမ်းကို ရွေးပြီးရှာဖွေနေတဲ့ ပုံပါ..





ကျောက်ရှာသူတွေ ဆိုင်ကယ်နဲ့လာသူလဲရှိ.. ပွဲတစ်မျှ စည်ကားနေပေရဲ့..




လုပ်ကွက်တွေက လာစွန့်ပစ်တဲ့မြေကြီးတွေထဲမှာ ရေမဆေးကျောက်ရှာဖွေကြသူများ






သူတို့လက်ထဲမှာ စိန်တူလို့ ခေါ်တဲ့ တစ်ဘက်ချွန်တူအမျိုးအစားကို ကိုင်ထားပါတယ်.. မြေစာပုံထဲက ကျောက်ခဲတွေကို အဲဒီစိန်တူလေးနဲ့ လိုက်ခေါက်ပြီး ကျောက်စိမ်းဟုတ်မဟုတ် ရွေးချယ်ကြရပါတယ်.. ကျောက်ခဲတစ်လုံးကို တူကလေးနဲ့ခေါက်လိုက်ပြီး ထွက်ပေါ်လာတဲ့ အသံလေးကို နားထောင်လိုက်တာနဲ့ ကျောက်စိမ်းလား ရိုးရိုးသာမန် ကျောက်ခဲလားဆိုတာ ခွဲခြားလို့ရပါတယ်.. ဘာလို့ဆို သာမန်ကျောက်ခဲတစ်လုံးနဲ့ ကျောက်စိမ်းတစ်လုံးဟာ သိပ်သည်းပုံခြင်း မတူတဲ့အတွက် ထွက်လာတဲ့ အသံလေးတွေက ကွဲပြားပါတယ်..  .. ဥပမာ ဆိုဒ်တူ အရွယ်တူ ကျောက်၂လုံးကို ချိန်တွယ်ကြည့်မယ်ဆိုရင် ကျောက်စိမ်းဖြစ်တဲ့ကျောက်က  အလေးချိန်ပိုစီးပြီး သာမန် ရိုးရိုးကျောက်က အလေးချိန်ပေါ့ပါတယ်.. ဒီလို ခွဲခြားတတ်အောင်လည်း အတွေ့အကြုံက သင်သွားမဲ့ကိစ္စပဲ ဖြစ်ပါတယ်.. မှော်နယ်မြေမှာတော့ ကလေးတွေကအစ ကျောက်ခဲတစ်လုံးနဲ့ ကျောက်ကို ခွဲခြားတတ်ကြပါတယ်..







လမ်းဘေးဝဲယာက မြေစာပုံများ








ဒီလို မြေစာပုံတွေမှာ ကျောက်ရှာကြတာပါ..








ချောင်းထဲမှာလည်း ရှာကြပါတယ်..





ရေမဆေးကျောက် ရှာကြသူတွေထဲမှာ အနယ်နယ်အရပ်ရပ်က လူစုံ အရွယ်စုံတွေ ပါဝင်ကြသလို့ ကျောင်းသားအရွယ် ကလေးတွေပါ  ရှိတတ်ပါတယ်. နွေရာသီ ကျောင်းပိတ်ချိန်ဘဲဖြစ်ဖြစ် အချို့လဲ ကျောင်းဆက်မတက်တော့ဘဲ ၀မ်းတစ်ထွာအတွက် ရုန်းကန်ကြတာဘဲဖြစ်ဖြစ် ရေမဆေးကျောက်ရှာကြတဲ့ လူအုပ်ကြီးတွေထဲမှာတော့ ကလေးငယ်တွေ ပါဝင်နေတာကို ၀မ်းနည်းစွာ တွေ့မြင်ရပါတယ်.. သူတို့လေးတွေဟာ ဒီလိုအလုပ်မျိုးတွေလုပ်ဖို့ ငယ်ရွယ်လွန်းသေးပြီး မိဘအုပ်ထိန်းမှုအောက်နဲ့ ကျောင်းစာသင်ခန်းတွေမှာ ကျင်လည်ရမဲ့ အရွယ်တွေသာ ဖြစ်ပါတယ်.. သို့သော်လည်း ပေါ့နော်………







ချောင်းကိုပိတ်ပြီး ရေကိုတစ်ဖက်ကိုလွှဲကာ ချောင်းအောက်ခြေမှာ မြေလှန်ရှာ














ဘာတတ်နိုင်သေးလဲ ဥရုချောင်း





အရင်ပိုစ့်မှာ ပြောခဲ့သလို ကျွန်မတို့ငယ်စဉ်က စိမ်းလဲ့လဲ့ကြည်နေတဲ့ ဥရုချောင်းရေပြင်ဟာ ခုချိန်မှာတော့ ရွံ့နှစ်ရည်တွေနဲ့ နောက်ကျိလို့ နေပါပြီ…  ချောင်းကြီးကိုလဲ ပိတ်ဆို့တားဆီးပြီး မူလစီးဆင်းရာ နေရာကနေ အခြားနေရာကို လွဲဖယ်စီးဆင်းစေပြီးတော့ မူလချောင်းစီးဆင်းတဲ့ အောက်ခြေမြေသားကို စက်ယန္တယားများနဲ့ တူးကာဆွကာ ရွှေနဲ့ကျောက်ကို လှန်လှော ရှာဖွေကြပါတယ်..  ကျောက်တူးကြတဲ့ ကုမ္ပဏီကြီးများအနေနဲ့ လုပ်ငန်းပြီးဆုံးချိန်မှာ  မြေလှန်ရှာဖွေ ထားသမျှတွေကို ပစ်စလက်ခတ် မထားခဲ့ကြဘဲ တူးဆွထားတဲ့ မြေတွေကို စံနစ်တကျလေး ပြန်ဖို့မယ်.. ချောင်းကိုလဲ သင့်တင့်တဲ့ အကျယ်ပမာဏ၊ ရှိသင့်တဲ့ အနက်  အတိုင်းထားမယ် ဆိုရင် မိုးတွင်းအခါ မြစ်ရေ၊ ချောင်းရေ လျှံခြင်း တို့ကနေ ထိမ်းသိမ်းပြီးသား ဖြစ်နိုင်ပါတယ်.. မဟုတ်ခဲ့ရင်တော့ သဘာဝ ပါတ်ဝန်းကျင် ပျက်စီးပြီး ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံခြင်းကို ရပ်ရွာနေ ပြည်သူအများ ခံစားကြရမှာ ဖြစ်ပါတယ်.. ယခုလဲ ခံစားနေကြရပါပြီ..








တိမ်ကောနေတဲ့ ဥရုချောင်း







လူအားနဲ့ဆို ဒီတောင်တွေ ဒီလိုဖြိုနိုင်ပါ့မလား.. စက်တွေနဲ့မို့ ဒီလောက်တောင်တွေကို မြန်မြန်ဖြိုနိုင်တာပေါ့..















ကုဋေမှော်လုပ်ကွက်တစ်ခုမှ ကျင်းတစ်ခု


















ဆန်ခါမှော်ရဲ့ မြေစာပုံများ
















မြေစာပုံတို့ကြားမှ ကုဋေမှော်ရွာအသွားလမ်း















မြေစာတွေ ကြားက မှော်စီစာရွာကလေး










သစ်ပင်လား?  ဟင့်အင်း.. ဒီတောင်တွေပေါ်မှာ ဘာသစ်ပင်မှ မရှိဘူး..








စုံလင်တဲ့ စက်ကိရိယာများနဲ့ ကျောက်စိမ်းလုပ်ကွက် တစ်နေရာ










မြေလွှာကိုခွင်း၍ ထွင်းဖောက်မည်












ကျောက်စိမ်းနှင့် ရွှေလုပ်ကွက်တစ်ခု







မြေသားလမ်း







အဝေးကမြင်ရတဲ့ ဆိုင်းတောင်ခေါ် ဆိပ်မူရွာ


ဒီရွာမှာပေါ့.. တစ်ချို့အိမ်တွေ အောက်ထပ်တစ်ထပ်လုံး မြေကြီးတွေထဲ နှစ်မြုပ်နေတုန်းရှိသေးတယ်.. ဆိုးဆိုးဝါးဝါး ရေကြီးခြင်းဒဏ်ကို ခံရတဲ့ နေရာ တစ်ခုပါ...



















အဝေးကကြည့်ရင် ပြတ်နေတဲ့ တောင်တွေကို မြင်ရပါတယ်..








အာဇာနည်ဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်.. တောင်တွေအပိုင်းပိုင်း ပြတ်စေသားတဲ့.. မဖြစ်နိုင်ဘူးထင်ခဲ့ပေမဲ့ ခုကျတော့ တောင်တွေတကယ်ကို အပိုင်းပိုင်း ပြတ်ကုန်ပါရောလား ..












ဥရုချောင်းတွင်း လုပ်ကွက်တစ်နေရာ



အခုချိန်မှာတော့ ကချင်ပြည်နယ် ဖားကန့်နယ်မြေရဲ့ ကျောက်စိမ်းမှော်ဟာ များပြားလှတဲ့ လုပ်ကွက်တွေ၊ ကုမ္ပဏီတွေကြောင့် ယခင်က စိမ်းစိမ်းစိုစို တောင်တန်း တောအုပ်တို့ဟာ တစ်ဖြေးဖြေး ပျောက်ကွယ်လာရပြီ ဖြစ်ပါတယ်.. လူတိုင်းမှာ သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းရမဲ့ အသိတရားလေးတွေကိုယ်စီ နှလုံးသွင်းပြီး မိမိရဲ့ စီးပွားရေးလဲ လုပ်ကြရင်း တောတောင်တို့ကိုလည်း စံနစ်တကျ ထိန်းသိမ်း စောင့်ရှောက်သင့်ကြပါတယ်... ဒီလိုမှ မထိန်းသိမ်းကြရင် စက်ကိရိယာ စုံလင်စွာ အရှိန်အဟုန်ကောင်းကောင်းနဲ့ မြေဆီမြေလွှာတို့ရဲ့ အောက်မှာ ဖော်ထုတ် ရှာဖွေနေကြတာဖြစ်လို့ သဘာဝပတ်ဝန်းကျင်ဟာ အမြန်ဆုံး ပျက်စီးနေဦးမှာ ဖြစ်ပါတယ်.. အသိသာဆုံး အကျိုးဆက်ရလာဒ်က နှစ်စဉ်နှစ်တိုင်း မိုးရာသီတွေမှာ ဘယ်ချိန်ကမှ မဖြစ်ခဲ့ဖူးတဲ့နေရာဒေသတွေမှာ ဆိုးဆိုးဝါးဝါး ရေကြီး ရေလျှံခြင်းတွေ ဖြစ်ပေါ်နေတာကို ကြည့်ရင် သိနိုင်ပါတယ်.. ရွာတွေ မြို့တွေမှာ မိမိတို့အိမ်တွေကို ရေနစ်တဲ့အခြေအနေမှ ကာကွယ်ရန် မြို့လည်ခေါင်က အိမ်များပင် လမ်းမထက် အနည်းဆုံး ၄ပေ ၅ပေခန့် မြှင့်အောင် ဆောက်လုပ်လာနေကြရပါပြီ။ ဒီနေရာတွေဟာ ယခင်ခေတ်အခါက ရေနစ်တယ်ဆိုတာ ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်..











တောင်တွေ ကုန်တော့မယ်နော်...












ရွှေလုပ်ကွက်တစ်နေရာ





ဒီစာကို အပြုသဘောဆောင်ပြီး ရိုးသားစွာ ရေးသားခြင်းသာဖြစ်ပါတယ်.. ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေလိုသော တစ်စုံတစ်ရာကြောင့် ရေးခြင်းမဟုတ်ပါ။ ကျွန်မရင်ထဲမှာ ဖြစ်ပေါ်နေတဲ့စိတ်ဆန္ဒက စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့  စီးပွားရေး လုပ်ဆောင်ကြတဲ့နေရာမှာ မိမိအကျိုးကို လုပ်ဆောင်ရင်း ဒေသခံ ပြည်သူလူထု အတွက်ပါ ထည့်သွင်း စဉ်းစားစေချင်တာပါ.. သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး မပျက်စီးအောင် နည်းလမ်းများ ရှာကြံပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တို့ကို တွက်ချက်ကာ စံနစ်တကျ တူးဖော်ရှာဖွေ သင့်ကြပါတယ်.. ဒါမှသာ  ကိုယ်လဲအကျိုးရှိ၊ ကျန်တဲ့သူတွေလည်း မထိခိုက်ဘဲ ကိုယ်ပိုင်ဆိုင်ရာ ကိုယ့်မြေပေါ်မှာ လူသားအားလုံး သဟဇာတ မျှတစွာဖြင့် စိတ်လက်ချမ်းသာ ကြည်သာမွေ့လျှော်စွာ နေနိုင်ကြမှာ ဖြစ်ပါတယ်.. ကျွန်မချစ်တဲ့ ကိုယ့်မြေ ကိုယ့်ဒေသကို ကောင်းစေချင်တဲ့စိတ်၊ မပျက်စီးစေချင်တဲ့ စိတ်ကြောင့် ဒီစာကို ရေးဖြစ်ပါတယ်... ဒီထက်အများကြီးတော့ ရေးချင်ပါသေးတယ်..  ဒါပေမဲ့ရင်ထဲက ကျန်ရှိနေသေးတဲ့စကားလုံးတွေကို သိမ်းဆည်းလို့ ဒီလောက်နဲ့ဘဲ ရပ်တန့်ပါပြီ ... စာဖတ်သူများ အမြင်မတူတာတွေ ရှိခဲ့ရင် ခွင့်လွှတ်သီးခံ ဖတ်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်ရှင်....







စာဖတ်သူများကို လေးစားချစ်ခင်စွာဖြင့်






ချော(အစိမ်းရောင်လွင်ပြင်)


သစ်တစ်ပင်ရဲ့ လေးရာသီ





picture from Here


ဒီနေ့တော့ စာဖတ်သူတို့ကို ပုံပြင်လေး တစ်ပုဒ်ပြောပြချင်ပါတယ်..

တစ်ခါတုန်းက လူကြီးတစ်ယောက်မှာ သားလေးယောက် ရှိပါတယ်တဲ့.. သူက သူ့သားတွေကို ဘယ်အကြောင်း အရာ၊ ဘယ်ကိစ္စမှာဘဲ ဖြစ်ဖြစ် အချက်အလက် တစ်ခုတစ်လေကို ကြည့်ရုံ၊ သိရုံမျှနဲ့ အလျှင်စလို မဆုံးဖြတ်တတ်အောင် သင်ကြားပေးဖို့ စိတ်ကူးရပါတယ်.. ဒါနဲ့ သားတစ်ယောက်စီကို သူတို့နေတဲ့ နေရာနဲ့ အနည်းငယ် ဝေးကွာတဲ့ ဒေသမှာရှိတဲ့ သစ်တော့ပင်ကြီးကို သွားကြည့်ပြီး အခြေအနေကို ပြန်ပြောဖို့ စေလွတ်လိုက်ပါတယ်..

ပထမဆုံး သားကို ဆောင်းရာသီမှာ သစ်တော့ပင်ကြီးကို သွားကြည့်စေပြီးတော့ ဒုတိယ သားကိုတော့ နွေဦးပေါက်ရာသီမှာ စေလွတ်ပါတယ်.. တတိယ သားကိုတော့ နွေရာသီမှာ စေလွတ်ပြီးတော့ စတုတ္ထသားကိုတော့ ဆောင်းဦးပေါက်ချိန်မှာ စေလွတ်လိုက်ပါတယ်..

သူတို့တွေအားလုံး သတ်မှတ်ထားတဲ့ ရာသီချိန်ခါရောက်တဲ့ အခါ သစ်ပင်ကြီးကို အသီးသီး သွားရောက် ကြည့်ရှု လေ့လာကြပါတယ်.. လေးယောက်လုံး ကြည့်ပြီးတော့ ပြန်ရောက်လာတဲ့အခါ ဖခင်ဖြစ်သူက သားတွေကို သစ်ပင်ကြီးအကြောင်း မြင်တွေ့လာသမျှကို ပြန်လည်ရှင်းပြဖို့ ပြောလိုက်ပါတယ်..

ဒီတော့ ဆောင်းရာသီမှာ သစ်ပင်ကြီးကို သွားကြည့်ခဲ့တဲ့ သားဖြစ်သူက သစ်ပင်ကြီးဟာ အလွန်ရုပ်ဆိုးပြီး၊ သစ်ကိုင်းတွေဟာ အရွက်တစ်ရွက်တစ်လေမှ မရှိဘဲ ကွေးကောက် ခြောက်သွေ့နေကြောင်း ပြောပါတယ်.. နွေဦးပေါက်မှ သွားကြည့်ခဲ့တဲ့ ဒုတိယသားကတော့ မဟုတ်တဲ့အကြောင်း ငြင်းဆိုပြီး .. သူတွေ့ခဲ့ချိန်မှာ သစ်ပင်ကြီး တစ်ခုလုံးဟာ စိမ်းစို လှပတဲ့ ပွင့်သစ်စ ပုရစ်ဖူးနုနုလေးတွေ ဖုံးလွှမ်းနေတဲ့ ကျက်သရေ ရှိလှတဲ့ သစ်ပင်ကြီး တစ်ပင်ဖြစ်ကြောင်း ပြောပါတယ်..

ဒီလိုပြောတာကို တတိယမြောက် သားဖြစ်သူက သဘောမတူပါဘူး.. ဘာလို့ဆို သူက နွေရာသီမှာမှ သစ်ပင်ကြီးကို သွားကြည့်ခဲ့တဲ့သူ ဖြစ်တာကိုး.. သူသွားကြည့်တဲ့ အချိန်မှာတော့ သစ်ပင်ကြီးဟာ တစ်ပင်လုံး အပွင့်တွေ ပွင့်ဝေနေလို့ အလွန်ကို လှပနေပြီး ထုံရီမွှေးမြတဲ့ ပန်းရနံ့တွေက သင်းပျံ့မွှေးကြိုင်နေတဲ့ အချိန် ဖြစ်တာကြောင့် အဲဒီအကြောင်းကို သူက ရှင်းပြပါတယ်..

ဒါကိုလည်း နောက်ဆုံး သားဖြစ်သူက သဘောမတူပါဘူး.. သူသွားကြည့်ခဲ့တဲ့အချိန်ဟာ ဆောင်းဦးပေါက် ရာသီဖြစ်လေတော့ အဲဒီချိန်မှာ သစ်ပင်ကြီးဟာ အသီးတွေ ပြွတ်ခဲနေပြီးတော့ ပင်ခြေအောက်မှာလည်း သစ်သီးကြွေတွေဟာ ကောက်ယူလို့ မကုန်နိုင်အောင် ရှိနေခဲ့ပါတယ်.. ဒီအကြောင်းကို သူက အားလုံးကို ပြောပြပါတယ်..

ဒီတော့မှ ဖခင်ဖြစ်သူက သားတွေကို သူတို့အားလုံးမှန်ကြောင်းနဲ့ သူတို့သွားရောက်ခဲ့ချိန်တွေ မတူညီတဲ့အတွက် တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေဟာလည်း ကွဲပြားသွားရကြောင်း၊ ရာသီတစ်ခုစီမှာ အခြေအနေ တစ်မျိုးစီ ကြုံတွေ့ခဲ့ရတာ ဖြစ်ကြောင်းကို  ရှင်းပြပါတယ်..

ပြီးတော့ သူ့သားတွေကို ဆက်ပြီး ပြောပြတာက သစ်ပင်တစ်ပင်ကို ဖြစ်စေ၊ လူတစ်ယောက်ကို ဖြစ်စေ၊ အခြေအနေ အချိန်အခါ တစ်ခုတည်း၊ ကြုံတွေ့လိုက်ရတဲ့ အကြောင်းအရာတစ်ခုတည်းပေါ်ကို ကြည့်ပြီး မဆုံးဖြတ်သင့်ကြောင်းနဲ့ ဆုံးဖြတ်ချက်စောပြီး ချမိတဲ့အခါ အမြင်တစ်ခုတည်း အပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်လို့ မှားတတ်ကြောင်းကို ရှင်းပြပါတယ်..

ဆောင်းရာသီမှာ မြင်တွေ့ခဲ့တဲ့ အမြင်တစ်ခုတည်းနဲ့ ဒီသစ်ပင်ဟာ အရွက်မရှိတဲ့ သစ်ပင်ရုပ်ဆိုးသာ ဖြစ်တယ်လို့ ဆုံးဖြတ်မိတဲ့အခါ နောင် နွေဦးရာသီ၊ ဆောင်းဦးရာသီ တို့တွေမှာ ကြုံတွေ့ရမဲ့ သစ်ပင်ကြီးရဲ့ စိမ်းလန်းစိုပြေတဲ့ အလှအပ၊ အပွင့်လေးတွေရဲ့ မွှေးရနံ့နဲ့ ချိုမြိန်တဲ့ သစ်သီးတို့ရဲ့ အရသာတို့ကို လွဲချော်သွားနိုင်ပါတယ်လို့ ဖခင်ဖြစ်သူက သားလေးယောက်ကို သင်ခန်းစာလေး ပေးလိုက်ပါတယ်..

ပုံပြင်လေးက ဒီမှာဆုံးပါပြီ။

------------------------------------------------------@@@@@---------------------------------------
ဒီပုံပြင်လေးကို ဖတ်ပြီး တွေးမိတာလေးက ကျွန်မတို့တွေရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ်သိလိုက်တဲ့၊ မြင်လိုက်တဲ့ အချက်ကလေး တစ်ခုတစ်လေ မျှလောက်နဲ့ ဒီလူဟာ ဘယ်လို လူစားပါ၊ ဘယ်လို အကျင့်စရိုက် ရှိသူရယ်ပါ ဆိုပြီး ဆုံးဖြတ်ချက် မှားပြီး ချမိတတ်ခဲ့တာ ဘယ်လောက်များပါပြီလဲ.. လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သေချာ ဂဏ သိဖို့ရန်မှာ လူတစ်ယောက်ကို လတ်တလောအမြင်၊ သူ့ရဲ့ လတ်တလော အပြုအမူတို့နဲ့ မဆုံးဖြတ်ဘဲ ရေရှည် ပေါင်းသင်းဆက်ဆံကြည့်ပြီးမှ ဆုံးဖြတ်တာက အမှန်ဆုံး ဖြစ်ပါလိမ့်မယ်နော်.. တဒင်္ဂ မြင်လိုက်၊ တွေ့လိုက်တဲ့ ကိုယ့်အမြင်လေးတစ်ခု၊ ဆုံးဖြတ်ချက်လေး တစ်ခုကြောင့် ဘယ်သူ့ကိုမှ ထိခိုက် နာကျင်စေတာမျိုး မဖြစ်သင့်ကြပါဘူးလို့ ထင်ပါတယ်..  ဒါလေးကတော့ ပုံပြင်လေးကို ဖတ်မိရင်း ရလိုက်မိတဲ့ အတွေးလေးပါ… ကိုယ့်ကိုယ်ကိုယ်လဲ ပြန်သတိပေးတဲ့အနေနဲ့ရော အားလုံးလဲ ဖတ်ရအောင်  ဒီပုံပြင်လေးကို ဖော်ပြပေးလိုက်ပါတယ်ရှင်..
---------------------------------------------------------------------------------------------------------//
skywriting.net မှ Four Seasons of a Tree ကို ဘာသာပြန်ပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)

ငယ်သော်ငြားလည်း





















ပင်လုံးကျွတ် ညွှတ်ဝေစွာ ပွင့်နေသော ဘွန်ဇိုင်းပင်များ


လူတွေရဲ့ ပြုပြင်ဖန်တီးမှုနဲ့ သိပ်ကို စိတ်ဝင်စားစရာ ချစ်စရာဖြစ်လာတဲ့ သက်ကြီးပု အပင်ငယ် ကလေးများကို လူတိုင်း တွေ့ဖူးကြပါလိမ်မယ်နော်.. အဲဒီအပင်ပုလေးတွေကို ဘွန်ဇိုင်းလို့ ခေါ်ကြပါတယ်.. တစ်ချို့သော ဘွန်ဇိုင်းပင်များမှာ အပွင့်မပွင့်သော အရွက်ချည်း သက်သက် ရှိသော အပင် အမျိုးအစားများ ဖြစ်ပြီး အချို့မှာ ပန်းပွင့်လေးများ ပွင့်သော အပင်အမျိုးအစားကို ပြုပြင်ဖန်တီးထားသောကြောင့် အပင် ငယ်ငယ် သေးသေး ပုပုလေးများက တစ်ပင်လုံး ခက်ဖြာလှပစွာ ပွင့်ဝေနေတာဟာ ကြည့်လို့ ကောင်းလွန်းလှသလို စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်.. သို့သော် ဘွန်ဇိုင်းဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်အမှန်ကို သေချာဂဃ သိသူ နည်းပါးပါလိမ့်မယ်.. ဒီဆောင်းပါးလေးမှာ ဘွန်ဇိုင်းရဲ့ အဓိပ္ပါယ်လေးနဲ့ ဘွန်ဇိုင်းပင် အကြောင်းလေးကို သိသလောက်လေး မျှဝေပေးချင်ပါတယ်..





































အပွင့် မဝေသော်လည်း စိမ်းလန်းခက်ဖြာတဲ့ ဘွန်ဇိုင်းများ


Bonsai လို့ ခေါ်တဲ့ စကားရပ်ဟာ Bon လင်ဗန်း Sai စိုက်ပျိုးခြင်း ဆိုတဲ့ စကား ၂လုံးကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း မှတ်သားရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်း ဆိုသည်မှာ လင်ဗန်းထဲတွင် စိုက်ပျိုးထားသော အပင်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်.. ဟုတ်လဲဟုတ်ပါတယ်.. ဘွန်ဇိုင်းကို စိုက်ပျိုးတဲ့ အိုးကလေးတွေဟာ အလွန်မှ ဇောက်အနက် တိမ်သော လင်ဗန်းသာသာ အိုးကလေးတွေထဲမှာသာ စိုက်ပျိုးကြတာ များပါတယ်… ဘွန်ဇိုင်းများကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကတည်းက တရုတ်ပြည်မှာ စတင်စိုက်ပျိုးခဲ့ကြောင်း အထောက်အထားများကို တွေ့ရှိရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်းပင်အစ တရုတ်ပြည်က လို့ ကောက်ချက် ချလို့ရပါတယ်.. ဘွန်ဇိုင်းပင်ဟာ ငြိမ်းချမ်းခြင်း၊မြင့်မြတ်ခြင်း၊ ကောင်းမွန်ခြင်း စသည်တို့ကို အဓိပ္ပါယ်ဆောင် ကိုယ်စားပြုတယ်လို့ဆိုပါတယ်။












































ဖူးပွင့်ဝေစီ

ထို့နောက်တော့ ဘွန်ဇိုင်းယဉ်ကျေးမှုကို ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက ကမာကူရခေတ်တွင် တရုတ်ပြည်မှ တစ်ဆင့် ဂျပန်ပြည်သို့ စတင် ယူဆောင်လာကြောင်း သိမှတ်ရပါတယ်.. ထိုမှ ဘွန်ဇိုင်း စိုက်ပျိုးခြင်း အတတ်ပညာဟာ ဂျပန်လူမျိုးများ ကြားမှာ အနုပညာရပ် အသစ်အဆန်းအဖြစ် အလွန် ထင်ရှားလာပြီး မကြာခင်တွင် အာရှနိုင်ငံ အနှံ့အပြားကို ပျံ့နှံ့ရောက်ရှိသွားပါတော့တယ်..။ အစောပိုင်းမှာ ဂျပန်နိုင်ငံတွင် ဘုန်းကြီးများနှင့် ဘုန်းကြီးကျောင်းများ တွင်သာ စိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် ဂျပန် လူမျိုး အနည်းငယ်တို့ဟာ ဘွန်ဇိုင်းပင်ကို စီးပွားဥစ္စာ တိုးပွားစေခြင်း အလို့ငှာ စိုက်ပျိုးလာကြပါတယ်.. ၁၄ရာစုနှစ် ရောက်လာသောအခါတွင်တော့ နိုင်ငံနှင့်အ၀ှမ်း ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာကြတဲ့အပြင် ဘွန်ဇိုင်းကို အလွန်အဆင့်အတန်းမြင့်သော အနုပညာ ဖန်တီးမှု တစ်ရပ်အဖြစ် လူတိုင်းက လက်ခံလာကြပါတယ်။































တင့်လှပေဟန်

၁၉ရာစုနှစ် ရောက်လာသောအခါတွင် ဂျပန်လူမျိုးတို့ဟာ နှစ်ပေါင်း ၂၃၀နီးပါး ပြည်တွင်းတွင်သာ သီးခြား စိုက်ပျိုးခဲ့သော ဘွန်ဇိုင်းနည်းပညာကို ကမ္ဘာသို့ ဖွင့်ဟ ကြော်ငြာခဲ့ကြပါတယ်။ ကမ္ဘာလှည့် ခရီးသည်များ ဂျပန်နိုင်ငံအတွင်းသို့ ရောက်ရှိလာသောအခါ ဂျပန်နိုင်ငံ အနှံ့အပြားမှ ဥယျာဉ်များသို့ သွားရောက် လည်ပတ် ကြချိန်တွင်တော့ အိုးများနှင့် စိုက်ပျိုးထားသော ပုံမှန်မဟုတ်သည့် သက်ကြီးပုပင် ဘွန်ဇိုင်းပင် အမျိုးမျိုးကို အထူးစိတ်ဝင်စားဖွယ်၊ အံ့သြဖွယ်ကောင်းလောက်အောင် လေ့လာ တွေ့ရှိကြပါတော့တယ်..


























စိတ်ကြည်နူးဖွယ်ရာ လှပတဲ့ဘွန်ဇိုင်း

ကမ္ဘာလှည့် ခရီးသည်များမှ တစ်ဆင့် ဘွန်ဇိုင်းပင်တို့အကြောင်း ကမ္ဘာအနှံ့အပြားသို့ တောမီးပမာ ပျံ့နှံ့ရောက်ရှိသွားပြီး အချိန်တို အတွင်းမှာပင် ဘွန်ဇိုင်းပြပွဲများကို ကမ္ဘာ့နိုင်ငံ အသီးသီးဖြစ်သော ဗီယက်နမ်၊ ပဲရစ်၊ လန်ဒန်တို့တွင် ကျင်းပလာကြပါတော့တယ်.. အထူးသဖြင့် ပြင်သစ်ပြည်ပဲရစ်တွင် ၁၉၉၀ ခုနှစ်တွင် ပြုလုပ်သော ဘွန်ဇိုင်းပြပွဲမှ စတင်၍ ဘွန်ဇိုင်းကို ကမ္ဘာက  စိတ်ဝင်တစား လူသိများထင်ရှားသွားပါတယ်.. ထို့ကြောင့် ဘွန်ဇိုင်းစိုက်ပျိုးခြင်းကို တရုတ်ပြည်မှ အစပြုခဲ့သော်လည်း ဘွန်ဇိုင်းအကြောင်း ကမ္ဘာက သိလာအောင် စွမ်းဆောင်ခဲ့သူများကတော့ ဂျပန်လူမျိုးများ ဖြစ်ကြပါတယ်..


















































ခရမ်းပြာ ဘွန်ဇိုင်းပင်

ယခုခေတ်တွင် ဘွန်ဇိုင်းကို နေရာအနှံ့အပြားတွင် အလွယ်တကူ မြင်တွေ့လာကြရပြီ ဖြစ်ပါတယ်. သာမာန် စတိုးဆိုင်လေး တစ်ခုတွင်ပင် အိုးကလေးနှင့် စိုက်ပျိုးထားသော ဘွန်ဇိုင်းပင်ကို အလွယ်တကူ မြင်တွေ့နိုင်ကြပါပြီ။ ဘွန်ဇိုင်းပင် တစ်ပင် ဖြစ်မြောက်လာဖို့အတွက် နည်းစနစ်များ လိုအပ်သလို စိတ်ရှည်ဖို့၊ ဂရုတစိုက်ရှိဖို့လဲ လိုအပ်ပါတယ်.. တရုတ်လူမျိုးများနဲ့ ဂျပန်လူမျိုးတို့ဟာ သစ်ပင်များကို နည်းပညာမျိုးစုံနဲ့ ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်လာအောင် စိုက်ပျိုးကြတဲ့ နေရာမှာ အလွန်ထူးချွန်ကြပါတယ်.. သူတို့နိုင်ငံများမှာ အိမ်တိုင်း၊ ဆိုင်တိုင်း၊ နေရာတိုင်းမှာလည်း သစ်ပင်များကို အမြတ်တနိုး တန်ဖိုးထားပြီး စိုက်ပျိုးကြပါတယ်..





































ဘွန်ဇိုင်းကို အိမ်ပြင်ပတွင် စိုက်ပျိုးကြသော်လည်း အိမ်တွင်ကျင်းပသော ဧည့်ခံပွဲများအတွက် ဘွန်ဇိုင်းပင်များကို အိမ်တွင်းသို့ သယ်ဆောင် နေရာချထားကာ ကြွရောက်လာကြသော ဧည့်သည်များကို ဂုဏ်ယူစွာ ပြသလေ့ ရှိကြပါတယ်.. ၁၇ရာစုနှင့် ၁၈ရာစုနှစ်အတွင်း ဘွန်ဇိုင်းစိုက်ပျိုးသော အိုးကို ယခုခေတ် အသုံးပြုသော အိုးထက် အနည်းငယ် ဇောက်နက်သော အိုးများကို အသုံးပြုခဲ့ကြပါတယ်..။ ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်ရန်အတွက် အပင်ရဲ့ မလိုအပ်သော အစိတ်အပိုင်းများ အားလုံးကို ဖြတ်တောက်ကာ အရေးကြီး အစိတ်အပိုင်း အနည်းငယ် ကိုသာ ချန်လှပ်ထားပြီး နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် အရွယ်အစား ကြီးထွားလာခြင်း မရှိသော်လည်း သစ်ပင်တစ်ပင်၏ အင်္ဂါရပ်အားလုံးနှင့် ပြည့်စုံကာ လှပသေးငယ်သော ဘွန်ဇိုင်းပင် (သက်ကြီးပုပင်) ဖြစ်လာအောင် စံနစ်တကျ ပြုပြင်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။





လင်ဗန်းကလေးများနဲ့ စိုက်ပျိုးထားနဲ့ ဘွန်ဇိုင်းပင်တို့ကို ကြည့်ရသည်မှာ ချစ်စရာကောင်းသလို၊ စိတ်ဝင်စားစရာလည်း ကောင်းလှပါတယ်.. ဘွန်ဇိုင်းတစ်ပင် ဖြစ်မြောက်လာဖို့ မလွယ်ကူလှသလို ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာအောင် ပြုစုပျိုးထောင်ခြင်း အတတ်ပညာသည်လည်း အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်.. လိုအပ်သောမြေသြဇာ၊ နေရောင်ခြည်၊ ရေ စသည်တို့ကို သင့်တော်မှန်ကန်စွာ ကျွေးမွေးဖို့ လိုအပ်သလို အခက်အလက်များကိုလည်း ပိုပြီး ကြီးထွားလာခြင်းမရှိအောင် ကိုင်းချုပ်ရသော နည်းပညာကို ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်.။ ဘွန်ဇိုင်းပင်အဖြစ် ကျောက်တုံးကျောက်ဆောင်များ၊ အရုပ်ငယ်များ နှင့် အခြား အဆင်တန်ဆာများဖြင့် တကယ့် သစ်ပင်ကြီးနှင့် တူအောင် ရုပ်လုံးဖော်လေ့ရှိကြပါတယ်..

















ဘွန်ဇိုင်းပင်ပြုလုပ်ဖို့ ထင်းရူးပင် အမျိုးအစားကို အသုံးပြုကြသော်လည်း အခြားသော အပင်အမျိုးမျိုးကိုလည်း စိတ်ကူးရှိသလို တီထွင်ကြံဆ စိုက်ပျိုးကြပါတယ်.. သဘာဝအတိုင်းမဟုတ်ဘဲ လူတို့ရဲ့ နည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဘွန်ဇိုင်းပင်ကလေးတွေဟာ စိုက်ပျိုး ပြုပြင်သူရဲ့ စိတ်ကူးဥာဏ် ကွန့်မြူးပုံပေါ်မူတည်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး ထွက်ပေါ်လာနိုင်ပါတယ်.. အပင်လေးတွေ ကွေးညွှတ်ပုံ၊ ပင်ခြေအောက်က မြေပြင်ကို မြက်ခင်းကလေးများ၊ ရေညှိပင်ကလေးများ၊ ကျောက်တုံးလေးများနဲ့ တန်ဆာ ဆင်ထားပြီး တကယ့် သစ်တောကြီးထဲက သစ်ပင်ကြီးရဲ့ အသွင်သဏ္ဍာန် ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပြုပြင် ဖန်တီးယူကြပါတယ်.. ဒါကြောင့်လဲ အပင်အရွယ်အစား သေးငယ်သော်လည်း လှပပြီး နှစ်ကြာရှည်တဲ့ ဘွန်ဇိုင်းတစ်ပင်ရဲ့ဈေးနှုန်းဟာ မထင်မှတ်လောက်အောင် တန်ဖိုးကြီးပြီး၊ ဈေးနှုန်းမြင့်မားနေတတ်ပါတယ်.. ငွေကြေးချမ်းသာသူများအနေနဲ့ ဘွန်ဇိုင်းပင်များကို ဂုဏ်ယူစရာ၊ အဖိုးတန် အဆောင်အယောင်အဖြစ် ၀ယ်ယူ စုဆောင်းတတ်ကြပါတယ်..



လက်ရာမြောက်ဘွန်ဇိုင်းပင်များ

တစ်သက်တာ စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဆိုရိုးစကားနဲ့အညီ သစ်ပင်ဆိုသည်မှာ လူတွေရဲ့ စိတ်ကို ချမ်းမြေ့ခြင်း၊ ကြည်လင်စေခြင်း စသည်တို့ကို ပေးနိုင်တဲ့ အစွမ်းသတ္တိများ ရှိနေကြပါတယ်.. ဒါကြောင့် ပုံမှန်မဟုတ်ဘဲ လူသားတို့ရဲ့ စိတ်ကူးတီထွင်မှုကြောင့် ဖြစ်လာရတဲ့ ချစ်ခင်နှစ်သက်စရာ၊ မြတ်နိုး တန်ဖိုးထားဖွယ်ရာ ဘွန်ဇိုင်းပင်ကလေးများကိုလည်း စာဖတ်သူများ ဗဟုသုတရဖို့နဲ့ စိတ်ရွှင်လန်းစေဖို့ ဒီနေရာလေးကနေ ပြန်လည်မျှဝေလိုက်ပါတယ်ရှင်။


-------------------------------------------------------------------

လေးစားချစ်ခင်စွာဖြင့်
ချော(အစိမ်းရောင်လွင်ပြင်)



ပုံလေးတွေကို မေလ်းနဲ့ပို့ပေး၊ ကူညီရှာဖွေပေးတဲ့ ညီမလေးတွေကို ကျေးဇူးအထူးနော်..

Ref: http://www.bonsaigardener.org/

photo from http://groups.yahoo.com/group/new_fun_and_fun_only/

http://bonsaiplantsguide.com/

တတိုင်းမွှေး ပန်းကလေးများ



ကျွန်မဟာ သမီးလေးဂျွန် မင်္ဂလာဆောင်အတွက် လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက မနေမနား အလုပ်များနေခဲ့ရပါတယ်.. အိမ်နဲ့ မိုင်လေးဆယ်အကွာ မြို့ကလေးတစ်ခုက ဘုရားကျောင်းမှာ ကျင်းပမဲ့ မင်္ဂလာဆောင်အတွက် ပန်းဆိုင်ပြေးရ၊ အ၀တ်အစားဆိုင်ပြေးရ၊ အစားအသောက်ဧည့်ခံကျွေးမွေးဖို့ စီစဉ် ပြေးလွှားရနဲ့ အသက်တောင် ၀အောင် ရှုဖို့အချိန် မရှိသလောက် ဖြစ်ခဲ့ရပါတယ်.. ဒါပေမဲ့ ကျွန်မ ကျေနပ်ပါတယ်.. ပျော်ရွှင် စိတ်ချမ်းမြေ့ပါတယ်.. သမီးလေးကို ချစ်ခင်လွန်းတဲ့ အမေတစ်ယောက်အနေနဲ့ မင်္ဂလာဆောင်ကို အကောင်းဆုံး အပြည့်စုံဆုံး ဆောင်ရွက်ပေးချင်တဲ့ စိတ်ဆန္ဒ အပြည့်အ၀ ရှိနေခဲ့တာကြောင့် မောရ၊ ပင်ပန်းရလွန်းပေမဲ့ ကျေနပ်ပီတိ ဖြစ်ရပါတယ်..



သို့သော်လည်း မုဆိုးမဖြစ်တဲ့ ကျွန်မမှာ စုဆောင်းထားတဲ့ ငွေကြေးလေးက များများစားစားတော့ ရှိမနေခဲ့ပါဘူး.. မင်္ဂလာဆောင် တစ်ခုရဲ့ ကုန်ကျစရိတ် ဆိုတာကလည်း သိတဲ့အတိုင်း၊ လိုအပ်တာတွေ များလွန်းလှပြီးတော့ ၀ယ်လို့၊ ခြမ်းလို့ ၊ စီစဉ်လို့ မကုန်ဆုံးနိုင်အောင် ဖြစ်နေပါတော့တယ်.. ဒီတော့ သမီးလေးမင်္ဂလာဆောင်ကို အကောင်းဆုံးလဲ ဖြစ်ရအောင် ကျွန်မမှာရှိတဲ့ငွေကလေးနဲ့လဲ လောက်ငှသင့်တင့်ရအောင် စီစဉ်ရတာတွေက ဦးနှောက် စားလွန်းလှပါတယ်..  သမီးကိုလဲမျက်နှာ မငယ်စေချင်ပါဘူး.. သမီးလေးရဲ့ အစ်ကို ဂျက်ခ်က ကောလိပ်တက်နေတဲ့အတွက် အိမ်နဲ့အဝေးမှာ ရောက်နေပေမဲ့လို့ မင်္ဂလာဆောင်နေ့မှာ သမီးလေးရဲ့ လက်ကိုတွဲပြီး သတို့သားလက်ထဲထည့်ပေးတဲ့ ဖခင်နေရာအစား သူက တာဝန်ယူပေးဖို့ အရောက်လာမယ်လို့ အကြောင်းကြားလာပါတယ်.. သူတို့ရဲ့ အဖေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်..


ကျွန်မရဲ့ သမီးလေးက တတိုင်းမွှေးပန်းကလေးတွေကို အရမ်းနှစ်သက်သူပါ။ သူက ကျွန်မကို သူချစ်တဲ့ တတိုင်းမွှေး ပန်းကလေးတွေနဲ့ မင်္ဂလာဆောင်ကို အလှဆင်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်.။ ဟုတ်ပါတယ်… တတိုင်းမွှေးပန်းကလေးတွေရဲ့ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့နဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ အပွင့်ကလေးတွေ၊ စိမ်းစိမ်းမြမြကလေးရှိတဲ့ အရွက်ကလေးတွေက မင်္ဂလာဆောင်တစ်ခုကို အစွမ်းကုန် အလှဆင်ယင် ပေးနိုင်ဖို့အတွက် လုံလောက်တဲ့ လှပမှု၊ ဖြူစင်မွှေးမြမှုတို့ကို ပေးနိုင်တာ သေချာလှပါတယ်လေ.. ဒါကြောင့်လဲ တတိုင်းမွှေးပန်းကလေးတွေကို အပင်ကြီးကြီးရှိတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေအိမ်မှာ လိုက်လံ ခူးဆွတ် စုဆောင်းပါတယ်.. ဒါဟာ ကျွန်မအနေနဲ့ ပိုက်ဆံချွေတာခြင်းတစ်မျိုးလဲ ဖြစ်ပါတယ်.. ရလာတဲ့ပန်းတွေကို  မင်္ဂလာပွဲ မတိုင်မှီ ညနေမှာ သယ်ဆောင်လာပြီးတော့ မင်္ဂလာပွဲ ပြုလုပ်ကျင်းပမဲ့ ဘုရားကျောင်း တစ်ခုလုံးကို အလှဆင်ပါတော့တယ်.. အနက်ရောင် သစ်သား နောက်ခံပေါ်မှာ ကြွရွလှပ နေတာကတော့ ဖြူဖြူဖွေးဖွေး တတိုင်းမွှေး ပန်းကလေးတွေပါဘဲ.. လှလိုက်တာ.. မွှေးလိုက်တာ.. ဘုရားကျောင်းတစ်ခုလုံးကို ဖြူစင်ခြင်းနဲ့ မွှေးမြထုံရီခြင်းရနံ့တွေက ဖုံလွှမ်းလို့… ဘယ်လောက်တောင်များ စိတ်ချမ်းသာဖို့ ကောင်းလိုက်ပါသလဲ.. ဒီပန်းကလေးတွေကို တွေ့ရင် သမီလေး ဘယ်လောက်များ ပျော်ရွှင်ကြည်နူး သွားလိုက်လေမလဲနော်….


ကျွန်မ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ ဘုရားကျောင်းကို လှည့်ပတ်ကြည့်ရှုရင်း ဘာတွေများ လိုအပ်နေဦးမလဲလို့ တစ်ခုချင်း ပြန်စဉ်းစားနေမိပါတယ်.. ။ စီစဉ်ထားတဲ့ အစီအစဉ်တွေ အားလုံးလဲ လိုလေသေးမရှိအောင် အကွက်ကျကျ စီစဉ်ပြီးသား၊ ပြန်စဉ်းစားကြည့်တိုင်း စိတ်ကျေနပ်စရာ ဖြစ်နေပြီ၊ အစားအသောက်၊ မင်္ဂလာလက်စွပ်၊ အကျွေးအမွေး၊ ဧည့်ခံပွဲ၊ ညစာ ကိစ္စ၊ တီးဝိုင်း၊ ဘာတစ်ခုမှ လိုအပ်တာမရှိတော့.. သမီးလေးအတွက် သူ့တစ်သက်တာမှာ အမြဲတမ်း အမှတ်နေဖို့ ကျွန်မရဲ့ အကောင်းဆုံး လက်ဆောင်တစ်ခု၊ အထူးသဖြင့် တတိုင်းမွှေးပန်းကလေးတွေနဲ့ ဆင်ယင်ထားတဲ့ ဧည့်ခံပွဲကို သမီးလေး အကျေနပ်ဆုံး၊ သဘောအကျဆုံး ဖြစ်မှာပါလေ။ သမီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခွင့် ရလိုက်တဲ့ မိခင်တစ်ယောက်ရဲ့ ပီတိကရော ဘာနဲ့များ တိုင်းတာပြလို့ရနိုင်ပါ့မလဲ။



မင်္ဂလာနေ့မနက်ဟာ ကျွန်မဘ၀မှာ အလုပ်အများဆုံး နေ့တစ်နေ့ ဖြစ်ပါတော့တယ်.. သမီးလေးရဲ့ သူငယ်ချင်း သတို့သမီး အရံလေးတွေက သမီးကို အ၀တ်အစား ကူညီ ၀တ်ဆင်ပေးနေတယ်.. အဲဒီထဲက ကောင်မလေးတစ်ယောက်ရဲ့ ရည်းစားဖြစ်တဲ့ တန်မ်က ဘုရားရှိခိုးကျောင်းထဲက အပြင်အဆင်တွေကို မင်္ဂလာပွဲချိန် မတိုင်မီ နောက်ဆုံးတစ်ကြိမ် စစ်ဆေးဖို့ ကျွန်မနဲ့အတူတူ လိုက်လာပါတယ်. တစ်ညလုံး ပိတ်ထားခဲ့တဲ့ ဘုရားရှိခိုးကျောင်းတံခါးကိုလဲ ဖွင့်လိုက်ရော ဘုရားရှိခိုးကျောင်းထဲက လှောင်ပိတ်မိနေတဲ့ လေပူတွေဟာ ဝေါခနဲ ထိုးထွက်လာပါတော့တယ်…. ပြီးတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကို ကြည့်ပြီး ကျွန်မ ကြက်သေ သေသွားခဲ့ပါတယ်. ဘုရားရေ… မနေ့ညနေကတင် လှလှပပ လန်းလန်းဆန်းဆန်း ဆင်ယင်ထားခဲ့တဲ့ ဖြူဖြူဖွေးဖွေး တတိုင်းမွှေး ပန်းကလေးတွေအားလုံး မဲမှောင် ညိုးနွမ်းလို့ပါလား..  ညတုန်းက ဖွင့်ပြီးထားခဲ့တဲ့ လေအေးစက်ဟာ တစ်စုံတစ်ခု အကြောင်းကြောင့် ချို့ယွင်းပြီး ရပ်ဆိုင်းသွားခဲ့ဟန်တူပါတယ် ။ ယခုလို ပူအိုက်လွန်းလှသော နွေရာသီရဲ့ လေပူတွေက ပန်းကလေးတွေ နွမ်းသွားအောင်၊ ညှိုးယော် ခြောက်သွေ့ သွားအောင် လုပ်ပစ်လိုက်လေပြီ။

ကျွန်မမှာ ထိတ်လန့်တုန်လှုပ်စိတ်တို့ဖြင့် ရုတ်တရက် ပြာဝေသွားအောင် ခံစားလိုက်ရပါတော့တယ်.. အိုး ဒီအချိန်မှာမှ မိုင် ၄၀ ဝေးတဲ့ နေရာက ကျွန်မတို့မြို့ကို ကားမောင်းပြန်ပြီး ပန်းတွေသွားယူဖို့ဆိုတာ ဘယ်လိုလုပ် အချိန်မှီပါတော့မလဲ.. နောက်နှစ်နာရီလောက်ဆိုရင်ဘဲ မင်္ဂလာ အခမ်းအနား စတော့မည်လေ။ ဘယ်လိုလုပ်ရပါ့.. ဘယ်ကနေ ပန်းတွေရပါ့မလဲ.. သွေးရူးသွေးတန်း အပြင်းအထန် စဉ်းစားနေမိသည်..

“အန်တီ.. အန်တီက ပန်းတွေအမြန်သွားရှာပါ.. ကျွန်တော် ဒီညိုးနေတဲ့ ပန်းတွေအားလုံး ဖယ်ထုတ် ထားလိုက်မယ်..  ပန်းအသစ်တွေ အမြန်ဆုံး ပြန်ထိုးကြရအောင်” ပြာပြာသလဲ ပြောလိုက်သော တန်မ်ရဲ့ စကားကြောင့် ကျွန်မလဲ “အင်းအင်း  အိုကေ အိုကေ.. ငါသွားရှာလိုက်မယ်.. ” ဟု ကယောင်ကတန်း ပြောရင်း ဘုရားကျောင်းထဲကနေ ကျွန်မ အပြေးကလေး ပြန်ထွက်လာမိပေမဲ့ ဒီအချိန်မှတော့ ဘယ်နေရာမှာ ဒီပန်းတွေကို သွားရှာရပါ့မလဲ.. ပြီးတော့ အခုရောက်နေတဲ့ ဒီမြို့ကလေးမှာ ကျွန်မရဲ့အသိဆိုတာလည်း တစ်ယောက်မှ ရှိတာမဟုတ်.. အိုး. သေပါတော့ ငါဘာလုပ်ရပါ့မလဲ… ပူပင်စွာ တွေးလိုက်မိရင်း ဘုရားကျောင်းဘက် ပြန်လှည့်ပြီး ဘုရားသခင်ကို ရည်မှန်းပြီးတော့ “အရှင်.. ကယ်တော်မူပါ.. တပည့်တော်မကို စိတ်အားထက်သန်စွာ ကူညီပြီး ပန်းရှာဖွေပေးနိုင်မဲ့သူ တစ်ယောက်ယောက်  အမြန်ဆုံး ကူညီစောင်မတော်မူပါ.. ”  ကျွန်မနှုတ်က အသံထွက်ပြီး ဆုတောင်းလိုက်မိပါတော့တယ်.. ။



ဘုရား ရှိခိုးကျောင်းကနေ ကားမောင်းထွက်လာခဲ့ပြီးနောက် ကံကောင်းထောက်မ စွာဘဲ  မဝေးလှတဲ့ အိမ်တစ်အိမ်မှာ တစ်ပင်လုံးကျွတ် ဖွေးဖွေးလှုပ်အောင် ပွင့်ဝေနေတဲ့ တတိုင်းမွှေးပင်ကြီးကို တွေ့လိုက်ရပါတော့တယ်.. ကျွန်မ အားရ ၀မ်းသာစွာဘဲ ကားကို ရပ်လိုက်ကာ အိမ်အနားကို တိုးကပ်သွားမိပြီး တံခါးကို ကျယ်ကျယ်လေး ခေါက်လိုက်မိပါတယ်.. အိမ်ထဲမှာ ကိုက်မဲ့၊ ဟောင်မဲ့ ခွေးတစ်ကောင်တစ်လေမှ ရှိမနေတာ တော်ပါသေးရဲ့.. အဖိုးအိုတစ်ယောက်က တံခါးကို လာဖွင့်ပေးတော့ ကျွန်မက အကူအညီ လိုအပ်နေလို့ ရောက်လာတာဖြစ်ကြောင်း ပြောပြပြီး မင်္ဂလာပွဲအတွက် တတိုင်းမွှေးပန်းကလေးတွေ လိုချင်ပါကြောင်း ရှင်းပြလိုက်ပါတယ်..  အဖိုးကြီးက “အိုး ၀မ်းသာလိုက်တာ.. သိပ်ကို ကူညီချင်ပါတယ်.. ” လို့ လိုလို လားလား၊ ပြုံးပြုံးရွှင်ရွှင် ပြန်လည်ဖြေကြားပြီး  လှေခါးလေး တစ်ခုကို သွားယူလာပါတယ်. ပြီးနောက် တတိုင်းမွှေးပင်ကြီးပေါ်သူကိုယ်တိုင် တက်ရောက်ကာ ပန်းကိုင်းများကို ကပ်ကြေးတစ်လက်ဖြင့် ကိုက်ဖြတ်ပြီး အပင်အောက်က ကျွန်မဆီကို လှမ်းလှမ်းပေးပါတယ်.. မိနစ်အနည်းငယ်အကြာမှာတော့ ဧည့်ခံပွဲအတွက် ပန်းတွေ လုံလောက်ယုံမက ပိုလျှံနေအောင် ရနေပြီဖြစ်လို့ အဖိုးအိုကို တော်လောက်ပြီဖြစ်ကြောင်း လှမ်းပြောလိုက်ရပါတယ်.. ပန်းတွေကို  ကျွန်မရဲ့ ကားနောက်ခန်းထဲကို ထည့်လိုက်ပြီး အဖိုးအိုကို  “ကျေးဇူးတင်လိုက်တာရှင်… ရှင်ဟာ သတို့သမီး တစ်ယောက်ရဲ့မိခင်ကို စိတ်ချမ်းသာ  ပျော်ရွှင်မှုတွေရအောင် လုပ်ပေးလိုက်တာပါဘဲ.. ” လို့ ကျွန်မရင်ထဲကနေ လှိုက်လှဲစွာ ပြောလိုက်မိပါတယ်..

“မဟုတ်တာ.. ကျုပ်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ.. ”  အဖိုးအိုက ကျွန်မကို ပြန်ပြောပါတယ်.. ပြီးတော့ သူဆက်ပြောတာက  “ ဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ခင်ဗျား နားမလည်ပါဘူး ”

“အိုး .. ဘာတွေများ ဖြစ်ခဲ့လို့လဲရှင်.. ” ကျွန်မက ပြန်မေးလိုက်ပါတယ်…

“ဒီမှာ.. လွန်ခဲ့တဲ့ တနင်္လာနေ့က အသက်၆၇နှစ်ရှိပြီဖြစ်တဲ့ ကျုပ်ရဲ့ ဇနီးဆုံးသွားခဲ့တယ်..  အင်္ဂါနေ့မှာ အသုဘအိမ်အဖြစ် ကျုပ်တို့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ၊ သားသမီး မြေးမြစ်တွေ အားလုံးရောက်လာကြပြီး ဗုဒ္ဓဟူးနေ့မှာတော့”  အဖိုးအိုက ပြောလက်စ စကားကို ခနရပ်လိုက်ပါတယ်.. အိုး... ကြည့်ပါဦး..  အဖိုးအိုရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေနဲ့ပါလား..

“ဗုဒ္ဓဟူးနေ့မှာ ကျုပ်ဇနီးကို သင်္ဂြိုလ် လိုက်ရတယ်..”  သူက အဝေးကို မျှော်ငေးကြည့် လိုက်ပြီး “ကြာသပတေး နေ့မှာတော့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ အားလုံး ပြန်ကုန်ကြပြီ.. အင်း မနေ့က .. မနေ့က သောကြာနေ့မှာတော့ ကျုပ်ရဲ့ သားသမီးတွေ၊ မြေးတွေမြစ်တွေ အားလုံးဟာ ပြန်သွားကြပြီ.. ”
ကျွန်မ ခေါင်းကို ငြိမ့်လိုက်ပြီး သူ့စကားကို စိတ်ဝင်စားစွာ နားထောင်နေမိပါတယ်. အဖိုးအိုရဲ့ အသံမှာ နာကျင်ကြေကွဲခြင်းတွေ စိမ့်ဝင်နေလို့ပါဘဲလား… တုန်ရီနေတဲ့အသံက သူဘယ်လောက် ခံစားနေရတယ်ဆိုတာ ပါးစပ်က စကားလုံးအနေနဲ့ ဖော်ပြစရာ မလိုတော့အောင် ပြည့်စုံနေပါပြီလေ...

သူက ဆက်ပြောပါတယ်. “ဒီနေ့မနက်မှာ ကျုပ် .. ဧည့်ခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်စွာ ထိုင်ပြီး ကျုပ်ရဲ့ဇနီးကို သတိရတဲ့စိတ်နဲ့ ၀မ်းနည်းစွာ ငိုကြွေးနေမိတယ်..  တစ်ချိန်က ကျုပ်ဟာ ကျုပ်မိသားစု၊ ကျုပ်သားသမီးတွေ အတွက် မရှိမဖြစ် လိုအပ်ခဲ့တယ်.. သူတို့ လိုအပ်သမျှကို ကျုပ်က ဖြည့်ဆည်း ပေးနိုင်ခဲ့တယ်. သူတို့တွေ အရွယ်ရောက်လို့ အိမ်ကနေ အသီးသီး ထွက်ခွာသွားတော့ ကျုပ်နဲ့ ကျုပ်ဇနီးဘဲ အိမ်မှာ ကျန်ရစ်ခဲ့တယ်.. ကျုပ်ဇနီး မသေဆုံးခင်ကလည်း ကျုပ်ဟာ သူ့အတွက် မရှိမဖြစ် လိုအပ်တဲ့သူ တစ်ယောက် ဖြစ်ခဲ့တုန်းပဲ.. သူဟာ မသေဆုံးခင် လွန်ခဲ့တဲ့ ၄နှစ် ၅နှစ်လောက်ကတည်းက ကျန်းမာရေး ချို့တဲ့လာခဲ့တယ်.. အဲဒီချိန် တစ်လျှောက်လုံးလည်း ကျုပ်က သူ့ကိုပြုစုခဲ့တယ်.. ဂရုစိုက်ခဲ့တယ်.. သူဆုံးသွားခဲ့ပြီး ခုလို ချိန်ကျတော့ အသက်၈၆နှစ် ရှိနေပြီဖြစ်တဲ့ ကျုပ်ကို ဘယ်သူကမှ မလိုအပ်တော့ဘူး ..  ကျုပ်သားသမီး၊ ကျုပ်မြေးမြစ်တွေက အစ ကျုပ်လို သက်ကြီး ရွယ်အိုတစ်ယောက်ကို မလိုအပ်ကြတော့ဘူး.. နေရာမပေးချင်တော့ဘူး.. ခုတော့ သူတို့အားလုံး ကျုပ်ကို ထားရစ်ကြပြီး သူတို့အိမ်တွေကို ပြန်ကုန်ကြပြီ.. ဘယ်သူကမှ ကျုပ်ကို အရေးတယူ လိုလိုလားလား မရှိကြတော့ဘူး.. တစ်အိမ်လုံးမှာ ခြောက်ခြားစရာ ကောင်းတဲ့ တိတ်ဆိတ်မှုတွေနဲ့ သက်ကြီးရွယ်အို ကျုပ်တစ်ယောက်တည်း ရှိနေခဲ့တယ်.. ဒီလိုတွေးမိပြီး  တနင့်တပိုး ခံစားချက်တွေနဲ့ ကျုပ် မျက်ရည်ကျနေမိခဲ့တယ်.. ငိုနေခဲ့မိတယ်.. လောကမှာ ကိုယ့်ကို ဘယ်သူကမှ မလိုအပ်တဲ့ အဖြစ်ဟာ ဘယ်လောက်တောင် နာကျင်ခံခက်စရာ ကောင်းတယ်ဆိုတာ ခင်ဗျား ကိုယ်ချင်းစာနိုင် ပါ့မလား မသိဘူး.. ကျုပ်ကတော့ ခုနက အဲဒီခံစားချက်တွေနဲ့ ငိုနေခဲ့မိတာပါဘဲ..



ဒီအချိန်လေးမှာ ခင်ဗျားက ကျုပ်အိမ်တံခါးကို လာခေါက်တယ်.. ပြီးတော့ အကူအညီ လိုနေတဲ့ အကြောင်း လာပြောတော့ ကျုပ်ဘယ်လောက် ၀မ်းသာသွားတယ် မှတ်သလဲ.. ငါ့အကူအညီ လိုတဲ့သူတွေလည်း ရှိပါသေးလားဆိုတဲ့ စိတ်ခံစားမှုရဲ့ သက်သာရာရမှု၊ ပျော်ရွှင်ကြည်နူးမှုလေးကို ကျုပ်က ရလိုက်တဲ့အတွက် ပေးလိုက်ရတဲ့ ပန်းထက်မကတဲ့ တန်ဖိုးတစ်ခုကို ကျုပ်က ပြန်ရလိုက်တာဘဲဖြစ်တယ်.. အဲဒီ အချိန်မှာ ပန်းတွေကို ခူးနေရင်းကျုပ်တွေးနေမိတာက မင်းဟာ နတ်သမီးတစ်ပါးများ ဖြစ်နေမလားဆိုတာပါဘဲ.. ကျုပ်ကို လောကကြီးမှာ ဘယ်လိုဆက်ပြီး ရှင်သန်ရပ်တည်ရမယ်ဆိုတာ  လမ်းပြလိုက်သလို၊ ကျုပ်ရင်ထဲကို အလင်းကလေးတစ်ခု ထွန်းညှိပေးလိုက်သလိုပါဘဲ.. ကျုပ် ရှေ့ဆက်ပြီး ဘယ်လို ရှင်သန်နေထိုင်သွားဖို့ စဉ်းစားထားသလဲ ခင်ဗျားသိရဲ့လား..” သူက ကျွန်မကို မေးပါတယ်.. ကျွန်မက မသိပါဘူးလို့ပြောရင်း  ခေါင်းကို အသာ ယမ်းပြလိုက်တော့ သူက ဆက်ပြောပါတယ်..



“ကျုပ်ဆုံးဖြတ်လိုက်တယ်.. ကျုပ်ကို လိုအပ်တဲ့သူတွေရှိနေသေးတယ်.. ပြီးတော့ ကျုပ်ရဲ့ တတိုင်းမွှေး ပန်းကလေးတွေကို လိုအပ်နေတဲ့သူတွေ ရှိနေသေးတယ်ဆိုတာ ကျုပ်သိသွားပြီ.. ဒီတော့ ကျုပ်ဘာကြောင့် ဒီပန်းကလေးတွေကို လိုနေတဲ့သူတွေရဲ့ လက်ထဲကို ရောက်အောင် မပို့ပေးနိုင်ရမှာလဲ.. ကျုပ်မှာ ဒီအိမ်ကြီးရဲ့ နောက်ဖက်တစ်ခြံလုံးမှာ ဒီပန်းပင်တွေကြီးဘဲ ရှိနေတယ်.. ဒီတော့ ဒီလောက်များတဲ့ ပန်းတွေကို လိုနေတဲ့ လူတွေ အများကြီး ရှိနေမှာဘဲ.. ဥပမာ ဆေးရုံက လူနာတွေ၊ ဘုရားကျောင်းတွေ၊ မင်္ဂလာဆောင်မဲ့သူတွေပေါ့.. ကျုပ်ရဲ့ တတိုင်းမွှေး ပန်းကလေးတွေကို သူတို့တွေ၊ လိုနေတဲ့သူတွေဆီ ပို့ပေးမဲ့အလုပ်ကို ကျုပ်က လုပ်တော့မယ်.. လူတွေကို ကျုပ်ရဲ့ မေတ္တာနဲ့အတူ မွှေးပျံ့တဲ့ တတိုင်းမွှေး ပန်းကလေးတွေရဲ့ ရနံ့ကို အခမဲ့ ခံစားရစေမယ်.. ဒီအလုပ်ကို ဒီလောကကြီးထဲ ကျုပ်နေခွင့်ရနေတဲ့ အချိန်ထိ လုပ်သွားတော့မယ်.. ကျုပ်ကို လိုအပ်နေသူတွေ ရှိသေးကြောင်း အသိလာပေးတဲ့ ခင်ဗျားကို ကျုပ်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ..  ခင်ဗျားဟာ ကျုပ်ဘ၀ရဲ့ ကျန်တဲ့အချိန်လေးကို လက်ကျန်စွမ်းအားလေးနဲ့ လင်းလက်တောက်ပဖို့ အလင်းတစ်ပွင့် ပေးလိုက်သူသာ ဖြစ်ပါတယ်..”




ကျွန်မဟာ တတိုင်းမွှေးပန်းကလေးတွေနဲ့အတူ အဲဒီအိမ်ကနေ ထူးဆန်းဝမ်းမြောက်ခြင်း၊ ရွှင်လန်း ချမ်းမြေ့ခြင်း စတဲ့ ခံစားချက်တွေ ပွေ့ပိုက်ပြီး ဘုရားကျောင်းကို ပြန်လာခဲ့ပါတယ်.. လူတွေရဲ့ဘ၀မှာ ကိုယ့်စိတ်ကို ပျော်ရွှင်အောင် နေထိုင်ဖို့ဆိုတာ တကယ်တမ်းတော့ ခက်ခဲလှတယ် မဟုတ်ပါဘဲနော်.. ကိုယ့်ဆီက အကူအညီ လိုအပ်နေသူတွေကို ပေးဖို့ ကြိုးစားခြင်းဟာလည်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နည်း တစ်မျိုးဆိုတာကိုလည်း အဖိုးအိုဆီက ကျွန်မ သိလိုက်ရတဲ့ သင်ခန်းစာလေး တစ်ခုသာဖြစ်ပါတယ်.. တစ်နည်းမဟုတ် တစ်နည်းနဲ့ ကိုယ့်ကို လိုအပ်နေသူတွေ ရှိတတ်ပါသေးလားဆိုတဲ့အသိကြောင့် လူတစ်ယောက်ရဲ့စိတ်ဟာ ဒီလောက် ပြောင်းလဲသွားနိုင်တယ် ဆိုတာကို ကျွန်မ သိနားလည်ခွင့် ရလိုက်တာဟာလည်း သမီးလေးရဲ့ မင်္ဂလာနေ့ အမှတ်တရပါဘဲရှင်… သမီလေးကတော့ ဘာမှမသိဘဲ အပူအပင်ကင်းမဲ့စွာနဲ့ မင်္ဂလာပွဲ ဆင်ယင် ကျင်းပနေလေရဲ့.. မင်္ဂလာပွဲ ပြီးသွားတဲ့အချိန်ရောက်လို့ အေးအေးဆေးဆေး ဖြစ်သွားတဲ့အခါ ဒီအဖြစ်အပျက်လေးအကြောင်း သမီးလေးကို မင်္ဂလာအမှတ်တရ လက်ဆောင်စကားလေးအဖြစ် ပြောပြဖို့ ကျွန်မစိတ်ထဲမှာ တွေးနေမိပါတော့တယ်..
--------------------------------------------------------------------------------------------------//
လူတွေကို ကူညီဖို့စိတ်နဲ့ အသက်ဆက်ရှင်သွားဖို့ အသိအလင်းကလေး ရသွားတဲ့ အဖိုးအိုရဲ့ စိတ်ကလေးဟာ နေတတ်ရင်ကျေနပ်စရာဆိုတဲ့ စကားလေးလိုပါဘဲ.. ကျွန်မတို့တွေရဲ့ဘ၀မှာ ကိုယ့်အကူအညီ လိုအပ်နေသူတွေကို ဖြူဖြူစင်စင် စေတနာစိတ်ကလေးနဲ့ ကိုယ်တတ်နိုင်သလောက် ကူညီမှုပေးရင်း တတိုင်းမွှေးပန်းကလေးတွေလို လောကကို မွှေးမြ အလှဆင်သူများ ပေါများလာမယ်ဆိုရင် မေတ္တာရနံ့တို့ဖြင့် ကမ္ဘာကြီးဟာ သင်းထုံမွှေးမြလို့ လှပနေပါတော့မယ်ဆိုတာ သေချာလောက်ပါရဲ့ရှင်….
--------------------------------------------------------------------------------------------------//

Chicken Soup for the Soul 2 မှ Edna Ellison ရဲ့ Magnolias ကို ဘာသာပြန်ခံစား ရေးဖွဲ့ပါသည်။


မေတ္တာရနံ့ကို မွှေးပျံ့ကြည်လင်စွာ ခံစားနိုင်ကြပါစေရှင်…
ချော(အစိမ်းရောင်လွင်ပြင်)

ကျောက်တို့၏ မာယာ






မြန်မာ့ကျောက်စိမ်းများ







မြန်မာ့ကျောက်မျက်ရတနာပြပွဲတင် အရည်အသွေးကောင်း ကျောက်စိမ်းများ


Photo from  Here





ကျောက်စိမ်းအကြောင်း အနည်းငယ် ပြောရမယ်ဆိုရင် ကျောက်တစ်လုံး ကောင်းမကောင်းကို ကျောက်အသား၊ ကျောက်မှာ အနာအဆာ ကင်းမကင်း၊ အရည် လှမလှကိုကြည့်ပြီး ဆုံးဖြတ်ကြလေ့ရှိပါတယ်..  အစိမ်းရောင်ကို အရည်ရယ်လို့ ခေါ်ဝေါ် သုံးနှုန်းကြပါပြီး  စိမ်းနေတဲ့ အရောင်ရှိတဲ့ ကျောက်ကို အရည်ကျောက်လို့ ခေါ်ပါတယ်.. ကျောက်တစ်လုံးလုံးမှာ အစိမ်းရောင်နည်းနေပြီး ကျောက်သားကောင်းနေရင်တော့ အသားကျောက်လို့ ခေါ်ကြပါတယ်.. ကျောက်ရဲ့ အပြင်ဘက်က သစ်သီးများတွင်ပါသော အခွံကဲ့သို့ အပေါ်ယံဖုံးလွှမ်းထားသော အရာကို အခွံလို့ဘဲ သုံးနှုန်းကြပါတယ်.. ကျောက်ကောင်းမကောင်း သာမာန်အမြင်နဲ့တင် ဆုံးဖြတ်ရခက်ခဲပါတယ်.. ကျောက်ကို စစ်ဆေးဖို့ ကျောက်စိမ်း မှော်နယ်မြေမှာ အသုံးပြုကြတဲ့ ဓာတ်မီးတစ်မျိုးရှိပါတယ်.. အဲဒါကို ကျောက်ကြည့်ဓာတ်မီး လို့ခေါ်ပါတယ်။







ကျောက်စိမ်းများကို ကျောက်ကြည့်မီးနှင့်ကြည့်ကာ အကဲဖြတ်နေစဉ် ( photo source  Here)








ကျောက်ကြည့်ဓာတ်မီး





ကျောက်ကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တဲ့အခါ လေဆာမီးရဲ့ အလင်းရောင်အောက်မှာ အစိမ်းရည် ရှိမရှိ၊ အရည်ကောင်းမကောင်း  အကဲခတ်လို့ရပါတယ်.. မှော်ထဲမှာတော့ ကျောက်သမားတိုင်းမှာ ကျောက်ကြည့်ဓာတ်မီး ကိုယ်စီရှိကြပါတယ်.. ကျောက်ကို အပြင်ဘန်းကြည့်ပြီး ခန့်မှန်းကြပေမဲ့ တကယ်တမ်း ကိုယ်ထင်တာ၊ ကိုယ်မှန်းတာနဲ့ လွဲတတ်တာမျိုးတွေ အများကြီးပါ။ ကျောက်တွေမှာလည်း အပြင်မှာ တစ်မျိုး၊ အတွင်းမှာ တစ်မျိုးနဲ့ မာယာ များတတ်ပါတယ်.. ခန့်မှန်းတာလွဲပြီး မွဲသွားတတ်သလို၊ ခန့်မှန်းတာမှန်ပြီး ချမ်းသာသွားတာလဲ အများကြီးပါ။







အကြမ်းသွေးထားသော ကျောက်စိမ်းတစ်ပွင့်







ကျောက်တစ်ပွင့်ရဲ့ တန်ဖိုးသည် သေးတာ ကြီးတာနှင့်မဆိုင်ဘဲ အရည်နှင့် အသားကိုသာ အဓိက ဆုံးဖြတ်ပါတယ်.. အပေါ်က ပုံမှာ လက်သည်းခွံအရွယ် ကျောက်တစ်ပွင့်ဟာ အကြမ်းသွေးထားတဲ့ ကျောက်တစ်ပွင့်ပါ။ အချောအဖြစ် အရောင်တင်ခြင်း၊ အရွယ်ညှိခြင်း မပြုလုပ်ရသေးပါဘူး.. ဒီအတိုင်းတင် ကျောက်ပိုင်ရှင်က မြန်မာငွေ ၁၀သိန်း ဈေးခေါ်နေပြီဖြစ်ပါတယ်..













ကျောက်စိမ်းတစ်တုံး၏ ပြင်ပ ပုံသဏ္ဍာန်






ကျောက်ကြည့်ဓာတ်မီးနှင့် ထိုးကြည့်ကာ ကျောက်ကဲခတ်စဉ်













နေ့အလင်းရောင်အောက်မှာ ကျောက်ကြည့်မီးနှင့် ကြည့်သော အခြေအနေ








အတွင်းထဲမှာတော့ စိမ်းနေတာပါဘဲ








ညအချိန် ကျောက်ကြည့်မီးနှင့် ကြည့်သော အနေအထား





အခု ဒီပုံတွေမှာ ဖော်ပြထားတဲ့ ကျောက်စိမ်းတစ်လုံးကို ကျောက်ကြည့်မီးနဲ့ ကြည့်ပြီး အကဲခတ်ကြည့်တဲ့အခါ အတွင်းထဲမှ အစိမ်းရောင် အရည်ကို အပြင်သားကို ဖောက်ထွင်းပြီး မြင်နေရပါတယ်.. ဒီတော့ ဒီကျောက်ဟာ ပြင်ပ အသားလဲကောင်းတယ်ဆိုရင် အတွင်းမှာ အရည်လဲရှိနေပြီဆိုတော့ ကျောက်ကောင်းတစ်လုံး ဖြစ်နေပြီလို့ ယေဘုယျအားဖြင့် ခန့်မှန်းလို့ ရပါတယ်။








ဒီလိုလေး ထိပ်နားကို  ဖြတ်လိုက်ပါတယ်..








ကျောက်ကို ဖြတ်လိုက်ပြီးတဲ့ပုံပါ အခြမ်း၂ခြမ်းဖြစ်နေပါပြီ






ကျောက်ကို ဒီအတိုင်းရောင်းတာထက် ဖြတ်လိုက်ပြီး အတွင်းက အရည်ပြချက် ကောင်းကောင်းမြင်ရပြီးဆိုရင် ဈေးပိုရနိုင်တာကြောင့် ကျောက်သမားများဟာ ကျောက်ကို ဖြတ်လေ့ရှိပါတယ်.. ဒါကြောင့်လည်း အခုကျောက်ကို အပေါ်က ပြထားတဲ့ပုံအတိုင်း ၂ခြမ်း ဖြတ်လိုက်ပါတယ်.. အဲဒီမှာဘဲ မမျှော်လင့်ထားတဲ့ အဖြစ်က ဒီကျောက်ဟာ ပြင်ပကနေကြည့်ရင်  အတွင်းပိုင်းထဲမှာ အရည်ကောင်းလှပါပြီလို့ မျှော်လင့်ထားပေမဲ့ တကယ်တမ်းတော့ မသမာမှုနဲ့ ပြုပြင်ထားတဲ့ အလိမ်အညာ ကျောက်တစ်လုံးသာ ဖြစ်နေကြောင်းကို ကျောက်ကို ဖြတ်လိုက်တဲ့ အခါမှသာ သိရပါတယ်။










၂ခြမ်း ဖြစ်သွားတဲ့ အခြေအနေ





ကျောက်ထဲမှာ ဘာတွေရှိနေလဲ





လုပ်ထားပုံလေးက ကျောက်ရဲ့ ထိပ်တစ်နေရာကို ဖြတ်ပြီး အတွင်းထဲက ကျောက်အသားတစ်ချို့ကို ဂန်းနဲ့ ဖောက်ထုပ်ထားလိုက်ပါတယ်.. ဖယ်ထုပ်လိုက်တဲ့ ကျောက်သားတွေနေရာမှာ အစိမ်းရောင် သွားတိုက်ဆေး၊ ဖယောင်းနဲ့ ၊ ပလပ်စတစ် တစ်ချို့တို့ကို ထည့်သွင်းလိုက်ပါတယ်.. ပြီးတာနဲ့ ကျောက်ကို ကျောက်ကပ်ကော်နဲ့ ပြန်ဆက်ပြီး ဆက်ရာကို မမြင်ရအောင် အပေါ်ကနေ အခွံအတု ပြုလုပ်ပြီး ဖုံးအုပ်လိုက်ပါတယ်.. တော်ရုံမျက်စိနဲ့ ကြည့်လို့ မမြင်ရအောင် ပိရိသေသပ်စွာနဲ့ ပညာသားပါပါ ပြုပြင်ပြီး လိမ်ညာ ရောင်းချတဲ့ ကျောက်တစ်လုံးသာ ဖြစ်နေပါတယ်.. လူတိုင်း လုပ်နိုင်ဖို့ မလွယ်ပါဘူး.. ကျွမ်းကျင်သူ တစ်ဦးဦးက ပိပိရိရိ သပ်သပ်ရပ်ရပ် လုပ်ထားခြင်းသာ ဖြစ်ပါတယ်..










သွားတိုက်ဆေးအစိမ်းရောင်တွေ ထည့်ထားတဲ့အတွက် အပြင်ကနေကြည့်ရင်ဘဲဖြစ်ဖြစ်၊ ဓာတ်မီးနဲ့ ကြည့်တဲ့အခါဘဲဖြစ်ဖြစ်  အတွင်းထဲက သွားတိုက်ဆေးရောင်ကြောင့် စိမ်းနေတာကို တွေ့မြင်ရခြင်းဖြစ်ပါတယ်.. သေသေချာချာ စစ်ကြည့်တော့မှ ဒီလိုထိပ်ပိုင်းလေးကို ဖြတ်ပြီး ပြန်ဆက်ထားတာဘဲ ဖြစ်ပါတယ်.. ဒါဟာ ကျောက်တစ်လုံးရဲ့ မာယာပါ။ ဒါပေမဲ့ ဒီမာယာကတော့ ပင်ကိုယ်ကျောက်ရဲ့ လှည့်စားချက်မဟုတ်ဘဲ လူတွေရဲ့ ဖန်တီးချက်ကြောင့် မာယာများတဲ့ ကျောက် ဖြစ်သွားရခြင်းပါ။ ကျောက်လောကမှာ ဒီလို လိမ်ညာမှုများလည်း ရှိတတ်ပါတယ်ဆိုတာ ဗဟုသုတအနေနဲ့ရော၊ ကျောက်လောကထဲ ၀င်မယ်လို့များ ရည်မှန်းထားသူတွေ ရှိရင် တွေ့ကြုံရတတ် တာလေးကို သိရအောင် တင်ပေးတဲ့သဘောပါ။





(ဒီပိုစ့်လေးကတော့ ဘလော့လောကနေ အနားယူပြီး ဖားကန့်တက် ကျောက်အရောင်း အ၀ယ် လုပ်တော့မယ်ဆိုတဲ့ သူတွေအတွက် အထောက်အကူ အဖြစ် အသုံးဝင် မယ်လို့ မျှော်လင့်ပါတယ်.  ဒီနည်းကိုသုံးပြီး သူများကိုတော့ သွားမရောင်းနဲ့ပေါ့နော်.  :)  :) )





သိထားသမျှ အချက်အလက်တွေကို ပြန်လည်ဝေမျှတာ ဖြစ်တဲ့အတွက် အမှားအယွင်း တစ်စုံတစ်ရာပါခဲ့ရင် ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်ရှင်..






အားလုံးဘဲအဆင်ပြေ ပျော်ရွှင်ကြပါစေရှင်





ချော(အစိမ်းရောင်လွင်ပြင်)