ကမ်းလင့်မဲ့ လက်များသို့.....

  

 



Save the Aged လို့ခေါ်တဲ့ ကျွန်မကိုယ်တိုင်လဲ အသင်းဝင်ထားခဲ့တဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အသင်းသူ အသင်းသားများဟာ ခုချိန်မှာ ပရဟိတ လုပ်ငန်းများကို စွမ်းစွမ်းတမံ အားတက်တရော လုပ်ဆောင်နေကြတာ ကြားရမြင်ရတာ အားတက်စရာကောင်းလွန်းလှပါတယ်.. အသင်းကြီးရဲ့ လူမှုရေး ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် လိုလှပါသော်လည်း ရန်ကုန်နဲ့ အလှမ်းဝေးတဲ့ တစ်နေရာမှာ ရောက်ရှိနေတာမို့ တတ်နိုင်ကြတဲ့သူတွေ လုပ်ကြကိုင်ကြ လှူကြ တန်းကြတာတွေကို အဝေးကနေ ကြားရ ဖတ်ရ မြင်ရသမျှလောက်နဲ့ ကျေနပ်ပီတိ ဖြစ်နေခဲ့ရတာပါ…

 ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်သော်လည်း အဝေးကနေ တတ်အားသရွေ့တော့ ငွေအားဖြင့်သော်လည်းကောင်း၊ ကျန်စေတနာရှင်များကို လှုံ့ဆော်ပေးခြင်းအားဖြင့်သော်လည်းကောင်း ပါဝင်ကူညီ ဆောင်ရွက်ပေးလိုစိတ် ဖြစ်မိပါတယ်.. အခုလဲ  Save The Aged ( STA) အသင်းဝင်များဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ရေရှားပါးမှု၊ သောက်သုံးရေ ပြတ်လပ်မှုတို့ကို တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ အစီအစဉ်တွေ ပြုလုပ်နေတာ သိရပါတယ်.. ဒီအစီအစဉ်ကိုလည်း လှိုက်လှဲ ၀မ်းသာစွာ ထောက်ခံကြိုဆိုမိသလို  အခြားသူများလည်း တတ်စွမ်းအားသမျှ ပါဝင်ကူညီ ဆောင်ရွက်စေလိုပါတယ်.. ကျွန်မတို့တွေဟာ ကိုယ့်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နေကြရင်း လူမှုရေး လုပ်ငန်းတွေမှာလည်း တတ်အားသလောက် ပါဝင် ဆောင်ရွက်သင့်ကြပါတယ်နော်..






ကမ္ဘာကြီးတစ်ခုလုံး ယခင်ခေတ်ကာလများနဲ့မတူ ပိုမို ပူနွေးလာပြီး နေရာတကာမှာ ရာသီဥတု ဖောက်ပြန်မှုများကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်.. ယခုအခါမှာ နွေနေရဲ့ ပူပြင်းခြောက်သွေ့မှုကြောင့် ရာသီဥတုဟာ သိသိသာသာပူပြင်းလာတဲ့ အတွက် မြန်မာပြည်ရဲ့ နေရာအနှံ့အပြားမှာ ရေရှားပါးခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်းတို့ကို ကြုံတွေ့နေကြရပါတယ်.. ဘယ်တုန်း၊ ဘယ်ခါကမှ ရေမခမ်းခဲ့တဲ့ အရပ်ဒေသတွေမှာလည်း မကြုံစဖူး ဆိုးဆိုးဝါးဝါး ရေခမ်းပြီး သောက်ရေ သုံးရေတွေ  ပြတ်လပ်နေကြတာကို နေ့စဉ် ကြားနေရပါပြီ.. ကိုယ်တွေရောက်နေတဲ့အရပ်၊ ကိုယ်လက်ရှိနေထိုင်ရာ အရပ်မှာ ရေမရှားဘူး၊ ရေမပြတ်ဘူးဆိုပေမဲ့လို့ ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ကျွန်မတို့နဲ့လည်း ပတ်သက်နေတာဘဲ မဟုတ်ပါလားရှင်.. ကိုယ်ဒုက္ခရောက်တာ မဟုတ်လို့ ကိုယ်နဲ့ မဆိုင်သလို မနေသင့်ကြဘဲ တတ်အားသမျှတော့ လိုအပ်နေတဲ့နေရာလေးတွေမှာ တစ်ပိုင်တစ်နိုင် လက်ကလေးတွေ ကမ်းပေးကြပါစို့လားနော်..

 



 ဓာတ်ပုံ- ပိုးရွှေအိမ်







 ရေ... ရေ.... ရေ


ရေပြတ်လပ်မှု မှတ်တမ်းဓာတ်ပုံများ



ရန်ကုန်နဲ့ ဝေးတဲ့ ပြည်တွင်းပြည်ပက စေတနာရှင်များ၊ ပရဟိတလုပ်ငန်းမှာ ၀ါသနာပါသူများ အနေနဲ့ ကိုယ်တိုင်တိုင်ကျ မပါဝင် မလုပ်ဆောင်နိုင်တဲ့အတွက် အသင်းကြီးရဲ့ လူမှုရေးလုပ်ငန်းများကို ရှေ့ဆက် အောင်မြင်အောင် ငွေကြေးများ ပါဝင်လှူဒါန်းလို့ရသလို၊ ရန်ကုန်မြို့ပေါ်က လူငယ်များ အနေနဲ့ အသင်းကြီးနဲ့ အတူ ၀ိုင်းဝန်းလက်တွဲပြီး အကူအညီ လိုအပ်နေတဲ့ နေရာများမှာ တတ်နိုင်သလောက် ပါဝင်ကူညီ ဆောင်ရွက် နိုင်ကြပါတယ်.. အသင်းကြီးရဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းများ အကြောင်းကိုလည်း http://savetheaged.ning.com/ ဒီနေရာမှာ ၀င်ရောက်ကြည့်ရှု လေ့လာလို့ ရပါတယ်. အသင်းရဲ့ လူမှုရေး ဆောင်ရွက်ချက်များကိုလည်း အမာခံ အသင်းဝင်တစ်ဦးဖြစ်တဲ့ ကျွန်မရဲ့ ချစ်လှစွာသော အစ်မဖြစ်သူ မမြသွေးနီ ရေးသားတဲ့ ဘလော့  http://myathwayyni.com/ မှာလည်း ဖတ်ရှုနိုင်ကြပါတယ်.. ကမ္ဘာတစ်လွှားက အသင်းဝင်တွေကို  STA က လက်ခံ ကြိုဆိုနေပါတယ်.. အောက်မှာတော့ STA အဖွဲ့ကြီးရဲ့ ရေလှူဒါန်းမဲ့ အစီအစဉ်တွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်..



 

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း

ရေသန့်လှူမည့်ကျေးရွာ ......... ညောင်လေးပင်ရွာ၊ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမ ရွာ တို့ ရှိကြပြီး အိမ်ခြေ (300) ဝန်းကျင်ခန့်ရှိကြသည်။ အဆိုပါ ရွာများတွင် ပို မို ဒုက္ခ ရောက်နေ သည်ပာု ရွာလူကြီးမှ ရှင်းပြပါသည်။

 ပါဝင်လှူဒါန်းမည့် အလှူရှင်များ ဆက်သွယ်ပေးပါရန်.............

 ....................လှုမည့်အစီအစဉ်..............................


၁။ရေသန့် ဗူးကြီး တစ်ဗူး - နှစ်ရာ ကျပ် (ရာဇာ ရေသန့် ပါ)

၂။သုံးရေ အနေနဲ့ လှူချင်ရင် ဘောက်ဆာ ကား ရှာပြီး ရေ လှူပေးလို့ ရနိုင်ပါသည်။မြို့တော်စည်ပင်တွင်ရနိုင်ပါသည်။

၃။ပစ်ကပ် ကား လိုအပ်ပြီး ကူညီပေးနိုင်သူများ ဆက်သွယ်နိုင်သည်။

၎။လူအင်အားလည်း လိုအပ်ပါသောကြောင့် လုပ်အားပေးနိုင်သူများလည်း ဆက်သွယ်နိုင်ပါသည်။

စုရပ်...........................တိုကျိုဒိုးနပ်ရှေ့ မနက်(9.00) တိတိ

ယုဇနဥယျဉ်မြို့တော် (9.45) တိတိ

လှူမည့်နေ့စွဲ............... 16.5.2010 ( Sunday)

လှူမည့်နေရာ............ ညောင်လေးပင်ရွာ၊ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမ

အာလုံးပါဝင်လှူဒါန်းနိုင်ရန်မေတ္တာရပ်ခံအပ်ပါသည်။

စည်သူ@နိုင်စစ်သွေး

Visit သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး at: http://savetheaged.ning.com/?xg_source=msg_mes_network


 --------------------------------------------------------------------------------------------------------//

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း 

 ယခု အခါ ရေ ရှားပါးမှု ပြသနာမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်နေပါသည်။ ထို့ အတူပဲ ရန်ကုန်တိုင်း အ တွင်း ရှိ မြို့ နယ် များ ကျေးရွာများနှင့် ပဲခူးတိုင်းအတွင်း ရှိ ကျေးရွာ အနှံ့အပြားတွင်လည်း အဆိုပါ ပြသနာများ ဖြစ်ပေါ်နေပါသည်။ အဓိက အခက်ခဲမှာ သောက်သုံးရေ ဖြစ်သည်။ သောက်သုံးရေ ပြတ်လပ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရောဂါဘယတွေ ထူထပ် များပြားလာနိုင်ပါသည်။ ကြောက်စရာ အကောင်းဆုံးမှာ ဝမ်းရောဂါ ဖြစ်သည်။ ဒီ ပို့စ် လေးကို ရေးဖြစ် သွားတာကလည်း အဖြစ်ပျက်လေး တစ်ခုကြောင့်ပါ။

 လွန်ခဲ့တဲ့ တစ်လခန့်က ရေအလှူလာခံသော မိသားစုတစ်စုကြောင့် ဖြစ်သည်။ ပေရေညစ်ပွ နေသော ကလေး နှစ်ယောက်ကို လက်ကဆွဲပြီး မျက်ရည်လည်ရွှဲနဲ့ ရေဒုက္ခ ရောက်နေကြောင်းကို ပြောစဉ်က ကျွန်တော် အဲ့လောက် ထင် မထားမိခဲ့ပေ။ နိုင်သလောက်လေး အလှူငွေ လှူခဲ့ပြီး မေ့မေ့ ပျောက်ပျောက်နှင့် နေလာခဲ့ရာ တစ်နေ့ ပုံမှန် ရေသန့် ယူနေကြ ရာဇာသောက်ရေသန့် လာပို့သော လူငယ်တစ်ဦးနှင့် စကားစပ်မိရာမှ ကုလားဝဲရွာနှင့် ရွာနီးချုပ်စပ်တို့၏ ဒုက္ခ အစုံစုံကို ကြား သိလိုက်ရသည်။အဆိုပါ ရာဇာ သောက်ရေသန့်မှလည်း ပြင်ပ ရောင်းဈေးထက် လျော့ယူပြီး ရေလှူချင်သူများကို ကူညီနေလျက်ရှိရာ နေ့စဉ် ရေသန့်ဗူး ငါးဆယ်ဝန်းကျင်ကို အားတက်သရော သွားလှူဖြစ်နေခဲ့ သည်။ နေရာ အနှံ့အပြားတွင် ဖြစ်နေသော ရေအခက်ခဲသည် ယခုအခါ သတိပြုစရာ ဖြစ်လာပါပြီ။

 ဒီပို့စ်လေးကို ရေးဖြစ်သွားရသည့် နောက်အကြောင်းအချက်တစ်ခုမှာ ယနေ့ နေ့ခင်းချိန်လောက်တွင် save the aged C-Box တွင် အားကိုးတကြီး လာရောက် အကူညီ တောင်းသွားသော ပဲခူးသား ဆိုသူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဖြစ်နိုင်လျှင် ပဲခူးသို့ ရေလာရောက် လှူစေလိုကြောင်း အကူညီတောင်းသွားခဲ့ သည်။  အဆိုပါ ပဲခူးသားမှာ ကျွန်တော်တို့ တစ်ဖွဲ့တည်းသာမက အခြားအခြားသော ပရပိာတ အဖွဲ့များကိုပါ အားကိုးတကြီးနဲ့ အကူညီ လိုက်တောင်းနေပါသည်။ ဒါကြောင့် ရေအကျိုး ဆယ်ပါး ဆိုတာနောက်ထား ရေအသက် တစ်မနက် ဆိုတာကိုပဲ အဓိက ထားပြီး ကူညီရန်အတွက် နီးစပ်ရာ ရေဒုက္ခသည် ရွာသို့ ကျွန်တော် ကွင်းဆင်းကြည့်ရှု့ရန် သူငယ်ချင်းများအား တိုင်ပင်လိုက်ရာ ချက်ခြင်းပင် မိတ်ဆွေတစ်ဦးမှ သူ့ Taxiဖြင့် လိုက်ပို့ပေးမည် ဆိုသောကြောင့် အဆင်ပြေသွားသည်။ (အဆိုပါ မိတ်ဆွေသည် ရေဒုက္ခကို မျက်မြင်ကိုယ်တွေ့ မြင်မိရာမှ သဒ္ဓါပေါက်သွားပြီး ရေသန့် ဗူး (၂၅) ဗူးစာအဖြစ် ငွေကျပ် ငါးထောင် လှူဒါန်းသွားပါသည်)

 ကျွန်တော် ကွင်းဆင်းကြည့်မိသောရွာမှာ သကေတ တိုင်းရင်းသားကျေးရွာမှ ဆက်သွားလျှင် ယုဇနဥယျာဉ် မြို့တော်အကျော် ပဲခူးမြစ်လမ်းအဆုံးက ပဲခူးတံတားကြီး၏ တစ်ဘက်ခြမ်း၌ တည်ရှိသော ကုလားဝဲရွာပင် ဖြစ်သည်။ ရွာတွင် အိမ်ခြေ လေးရာ့ရှစ်ဆယ်ကျော်ရှိပြီး ရွာလူကြီးမှာ ဦးစိန်မောင်ဆင့် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အဆိုပါ ဒုက္ခမျိုးကို မကြုံဖူးပဲ ယခုနှစ်တွင်မှ အခက်ခဲဖြစ်သွားကြောင်း သိရသည်။ ကုလားဝဲရွာအထိ ကားလမ်းပေါက်ပြီး တစ်ခြား ရွာနီးချုပ်စပ်များသို့ လှည်းလမ်းကနေ ထော်လာဂျီနှင့်သွားမှ ရောက်ကြောင်း အဆိုပါရွာများသို့ ကုလားဝဲအထိ လာလှူထားသော သုံးရေ သောက်ရေများအား ပြန်လည်ခွဲဝေ ပေးနေကြောင်း သို့သော်လည်း လုံလောက်မှု့ မရှိသေးကြောင်း အလှူရှင်များလည်း စဉ်ဆက်မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။ ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာတို့ ရှိကြပြီး အိမ်ခြေ (၃၀၀) ဝန်းကျင်ခန့် ရှိကြသည်။ အဆိုပါ ရွာများတွင် ပိုမိုဒုက္ခ ရောက်နေသည်ပာု ရွာလူကြီးမှ ရှင်းပြပါသည်။ ကုလားဝဲကို အခြေတည်ပြီးပဲ ပို့ပေးနိုင်သောကြောင့် အခြားရွာများမှာ လုံလောက်အောင် မရနိုင်သေးပါ။ အခြားရွာများသို့ပါ ဆင်းပြီး လှူဒါန်းနိုင်မည်ဆိုလျင် ပိုမို အဆင်ပြေနိုင်ပါသည်။ ဖြစ်နိုင်လျှင် အသင်းအနေနဲ့ လှူဖြစ်ခဲ့ရင် လက်ဖက်ရည် တစ်ခွက်ဖိုးသာသာ ရေတစ်ဗူး နှစ်ရာသာရှိကြောင်း အဖွဲ့သားများအား နိုးဆော် တိုက်တွန်းလိုက်ရပါသည်။

 ၁။ရေသန့် ဗူးကြီး တစ်ဗူး - နှစ်ရာ ကျပ် (ရာဇာ ရေသန့် ပါ)

 ၂။သုံးရေအနေနဲ့ လှူချင်ရင် ဘောက်ဆာကား ရှာပြီး ရေလှူပေးလို့ ရနိုင်ပါသည်။ မြို့တော်စည်ပင်တွင် ရနိုင်ပါသည်။

 ၃။ပစ်ကပ် ကား လိုအပ်ပြီး ကူညီပေးနိုင်သူများ ဆက်သွယ်နိုင်သည်။

 ၄။လူအင်အားလည်း လိုအပ်ပါသောကြောင့် လုပ်အားပေးနိုင်သူများလည်း ဆက်သွယ်နိုင်ပါသည်။

 ဆက်သွယ်ရန်--

 သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း အဖွဲ့ဝင်များ

(၁)ဇင်အိအိဝင်း zineiei.savetheaged@gmail.com

(၂)ဗေဒါဇော် baydarzaw@gmail.com

(၃) ခရေ sunwe.sta@gmail.com

(၄)စည်သူထွန်း sithuhtun21@googlemail.com

(၅)မမြသွေးနီ myathwayyni@gmail.com

မရွှေရည်(09.5119939)လှူဒါန်းနိုင်သောAချိန်( ရုံးဖွင့်ချိန် - 9:00am ~5:00pm)

(၆)အနက်ရောင်(01538273) anatyaung.sta@gmail.com

(၇)မိုးညချမ်း moenyachan@gmail.com

(၈)စိမ်းလန်း samelann@gmail.com

(၉)နွေးနွေး nklinn21@gmail.com

(၁၀)ဒေါက်တာနတ်ဆိုး 84.natsoe@gmail.com

(၁၁)ကိုဇော်လင်းထွန်း saucysage@gmail.com

(၁၂)ဖြူစင်သူ phyusinthu25@gmail.com

 ဒီစာတွေက STA အဖွဲ့ရဲ့ နှိုးဆော်စာလေးတွေပါ။
 --------------------------------------------------------------------------------------------------//









 တန်းစီပြီး စောင့်ရာဝယ်..




ကြည့်ကြပါ.. ရေတစ်ခွက် တစ်ပုံးရဖို့ ကျွန်မတို့တွေသာ နေပူကျဲကျဲအောက်မှာ ဒီလို စောင့်ရမယ်ဆိုရင် ဘယ်လိုများ နေမလဲရှင်....










အသက်ကြီးသူလဲ မနေသာ ရေရှာရပြီပေါ့..

ဒီလို အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ လူတိုင်းမှာ တာဝန်ရှိတဲ့ အသိစိတ်ကလေးများနဲ့ ၀ိုင်းဝန်းကူညီသင့်ကြပါတယ်နော်.. အဆိုးဝါးဆုံးက ရေရှားပါးမှုကြောင့်ဖြစ်လာမဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ.. အခုတောင် တစ်ချို့မြို့နယ်တွေမှာ ၀မ်းရောဂါတွေ ဖြစ်နေကြပြီလို့ ကြားရပါတယ်.. နွေရာသီ ကုန်ဆုံးဖို့ အချိန်တွေ အများကြီး လိုသေးတာမို့ ရှေ့ဆက်ပြီး ရေရှားပါးမှု ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ တာဝန်ရှိသူများ  အဖြေရှာသင့်ကြပါတယ်.. ရေလှူတာနဲ့ပတ်သက်ပြီး ဆောင်ရွက်ကြမဲ့ အခြားသော ပရဟိတ အဖွဲ့အစည်းလေးတွေလည်း အများကြီး ရှိပါသေးတယ်.. ဆောင်ရွက်နေကြတဲ့ အဖွဲ့အားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်.... စေတနာရှင်များကလည်း မိမိတို့နီးစပ်ရာ အဖွဲ့အစည်းလေးတွေမှာ တတ်နိုင်သမျှလေး အကူအညီ လိုအပ်နေသူများကို ပါဝင် ကူညီလို့ လောကရဲ့ ကောင်းကျိုးကို တစ်ထောင့်တစ်နေရာလေးကနေ ၀ိုင်းဝန်း ဖြည့်ဆည်းပေးကြပါစို့လို့ ဒီစာလေးနဲ့အတူ တိုက်တွန်း နိုးဆော်လိုက်ပါတယ်ရှင်...

 အားလုံးဘဲ ဘေးဘယာ ဝေးကွာလို့ ချမ်းသာကိုယ်စိတ် မြဲကြပါစေရှင်...

ဓာတ်ပုံများကို  http://mmcybermedia.com/ မှ စိုင်းဖြိုးဝေလျှံရဲ့ volunteer အနေဖြင့်  တတ်စွမ်းသမျှ ကူညီကြရအောင်လား ပိုစ့်မှ မျှဝေအသုံးပြုပါသည်။ ဓာတ်ပုံပို့ပေးတဲ့ မောင်လေးကိုဖြိုးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်..

---------------------------------------------------------------------------------------------// 

ချော(အစိမ်းရောင်လွင်ပြင်)

မြေလှန်ရှာကြရာဝယ်




စိမ်းစိုလှပတဲ့  ကချင်ဒေသတစ်နေရာ





ရာဘာစိုက်ခင်းတစ်ချို့



ကျွန်မတို့ ကချင်ပြည်နယ်ဆိုတာ တကယ်တမ်းတော့  တောင်တွေတောင်တွေ အများကြီးတည်ရှိတဲ့ စိမ်းလန်းစိုပြေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်.. ဒါပေမဲ့ ကျောက်စိမ်းတွေ၊ ရွှေတွေ တူးဖွေရှာကြတဲ့  ဖားကန့် ဒေသတစ်ဝိုက်မှာတော့ တောတောင်တွေကို ထွင်းဖောက်ပြီး မြေအောက်ကို လှန်လှော ရှာဖွေကြရတာ ဖြစ်လို့ တောတောင် တစ်ချို့တော့ တစ်ဖြေးဖြေး ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါတယ်.. ဒီတစ်ခေါက်ပြန်သွားတော့ ညအချိန်ဆိုရင် တောင်တန်းတစ်လျှောက် လုပ်ကွက်အသီးသီးရဲ့လျှပ်စစ်မီးရောင်တွေဟာ မျက်စိတစ်ဆုံး ထိန်ထိန်လင်းလင်းရှိနေပြီး မီးထွန်းပွဲတော် ကျင်းပနေသည့်အလား ထင်မှတ်မှားရပါတယ်... ဒီတော့မှ ဒီနှစ်တွေထဲမှာ လုပ်ကွက်အသစ်တွေ ဘယ်လောက်တောင် များပြားလာပြီး တောင်တွေ ဘယ်နှတောင်လောက် ကုန်သွားပြီလဲ ဆိုတာ တွေးမိပါတော့တယ်.. နောက်နေ့တော့ မှော်တွေအနှံ့ လျှောက်ကြည့်ဦးမှပါဘဲ လို့ စိတ်ကူးရမိပါတယ်.. စိတ်ကူးမိတဲ့အတိုင်း နေပူကျဲကျဲအောက်မှာ ၂ရက်တိတိအချိန်ယူပြီး မှော်အနှံ့ ဆိုင်ကယ်နဲ့ လျှောက်သွားလို့ ဓာတ်ပုံတွေကို ရိုက်ယူလာခဲ့ပါတယ်..





အရင်ခေတ်က ကျောက်တူးတာ သံတိုင်တွေနဲ့ လူတွေက တူးတယ်.. ခုခေတ်မှာ ဒီလို စက်ကြီးတွေနဲ့ပဲ တူးတော့တယ်..








စက်ယန္တရားများနဲ့ ကျောက်စိမ်းတူးဖော်နေပုံ








မြေကြီးတူးလို့ ထွက်လာတဲ့ မြေစာတွေကို ကျောက်ပါမပါ စေ့စေ့စပ်စပ် စောင့်ကြည့် စစ်ဆေးနေသူများ





ဖားကန့် ကျောက်စိမ်းနယ်မြေအကြောင်း တစ်စိတ်တစ်ဒေသ ပြောပြရရင် ကျောက်စိမ်းတွင်းနယ်မြေမှာ ခေါ်ကြတဲ့ ရေမဆေးကျောက်လို့ ခေါ်ကြတဲ့ ကျောက်အကြောင်း ကြားဖူးကြမလား မသိဘူးနော်.. အဲဒီ ရေမဆေးကျောက် ဆိုတာ တစ်ခြားတော့ မဟုတ်ပါဘူး.. မြေကြီးတွေကို တူးဖော်ပြီး ထွက်ပေါ်လာတဲ့ ကျောက်စရစ်ခဲ အရောရောနဲ့ မြေကြီးတွေကို ကုမ္ပဏီတွေ၊ လုပ်ကွက်တွေက တာဝန် ရှိသူတွေ၊ ငှားရမ်းထားသူတွေက ကျောက်စိမ်းပါမပါ စေ့စေ့စပ်စပ် လိုက်လံစစ်ဆေး ရှာဖွေပါတယ်.. စိတ်တိုင်းကျ ရှာဖွေပြီးလို့ ကျောက်မရှိတော့ဘူး၊ မပါတော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့ မြေကြီးတွေကို အခြားသင့်တော်ရာ နေရာတွေမှာ ကားတွေနဲ့ သယ်ပြီး စွန့်ပစ်ကြပါတော့တယ်.. အဲဒီမြေကြီးတွေကို အပြင်က ပြန်ပြီး ရှာဖွေကြတဲ့ အခါ ကံကောင်းပြီး ကျောက်ကောင်းတွေရော၊ မကောင်းတကောင်းရော ရသွားတတ်ကြပါတယ်.. အဲဒီလို စွန့်ပစ်မြေစာပုံကနေ ရတဲ့ ကျောက်ကို ရေမဆေးကျောက်လို့ ခေါ်ကြပါတယ်. ဒီပုံတွေမှာ လူတစ်ချို့က မြေကြီးထဲကနေ ကျောက်စိမ်းကို ရွေးပြီးရှာဖွေနေတဲ့ ပုံပါ..





ကျောက်ရှာသူတွေ ဆိုင်ကယ်နဲ့လာသူလဲရှိ.. ပွဲတစ်မျှ စည်ကားနေပေရဲ့..




လုပ်ကွက်တွေက လာစွန့်ပစ်တဲ့မြေကြီးတွေထဲမှာ ရေမဆေးကျောက်ရှာဖွေကြသူများ






သူတို့လက်ထဲမှာ စိန်တူလို့ ခေါ်တဲ့ တစ်ဘက်ချွန်တူအမျိုးအစားကို ကိုင်ထားပါတယ်.. မြေစာပုံထဲက ကျောက်ခဲတွေကို အဲဒီစိန်တူလေးနဲ့ လိုက်ခေါက်ပြီး ကျောက်စိမ်းဟုတ်မဟုတ် ရွေးချယ်ကြရပါတယ်.. ကျောက်ခဲတစ်လုံးကို တူကလေးနဲ့ခေါက်လိုက်ပြီး ထွက်ပေါ်လာတဲ့ အသံလေးကို နားထောင်လိုက်တာနဲ့ ကျောက်စိမ်းလား ရိုးရိုးသာမန် ကျောက်ခဲလားဆိုတာ ခွဲခြားလို့ရပါတယ်.. ဘာလို့ဆို သာမန်ကျောက်ခဲတစ်လုံးနဲ့ ကျောက်စိမ်းတစ်လုံးဟာ သိပ်သည်းပုံခြင်း မတူတဲ့အတွက် ထွက်လာတဲ့ အသံလေးတွေက ကွဲပြားပါတယ်..  .. ဥပမာ ဆိုဒ်တူ အရွယ်တူ ကျောက်၂လုံးကို ချိန်တွယ်ကြည့်မယ်ဆိုရင် ကျောက်စိမ်းဖြစ်တဲ့ကျောက်က  အလေးချိန်ပိုစီးပြီး သာမန် ရိုးရိုးကျောက်က အလေးချိန်ပေါ့ပါတယ်.. ဒီလို ခွဲခြားတတ်အောင်လည်း အတွေ့အကြုံက သင်သွားမဲ့ကိစ္စပဲ ဖြစ်ပါတယ်.. မှော်နယ်မြေမှာတော့ ကလေးတွေကအစ ကျောက်ခဲတစ်လုံးနဲ့ ကျောက်ကို ခွဲခြားတတ်ကြပါတယ်..







လမ်းဘေးဝဲယာက မြေစာပုံများ








ဒီလို မြေစာပုံတွေမှာ ကျောက်ရှာကြတာပါ..








ချောင်းထဲမှာလည်း ရှာကြပါတယ်..





ရေမဆေးကျောက် ရှာကြသူတွေထဲမှာ အနယ်နယ်အရပ်ရပ်က လူစုံ အရွယ်စုံတွေ ပါဝင်ကြသလို့ ကျောင်းသားအရွယ် ကလေးတွေပါ  ရှိတတ်ပါတယ်. နွေရာသီ ကျောင်းပိတ်ချိန်ဘဲဖြစ်ဖြစ် အချို့လဲ ကျောင်းဆက်မတက်တော့ဘဲ ၀မ်းတစ်ထွာအတွက် ရုန်းကန်ကြတာဘဲဖြစ်ဖြစ် ရေမဆေးကျောက်ရှာကြတဲ့ လူအုပ်ကြီးတွေထဲမှာတော့ ကလေးငယ်တွေ ပါဝင်နေတာကို ၀မ်းနည်းစွာ တွေ့မြင်ရပါတယ်.. သူတို့လေးတွေဟာ ဒီလိုအလုပ်မျိုးတွေလုပ်ဖို့ ငယ်ရွယ်လွန်းသေးပြီး မိဘအုပ်ထိန်းမှုအောက်နဲ့ ကျောင်းစာသင်ခန်းတွေမှာ ကျင်လည်ရမဲ့ အရွယ်တွေသာ ဖြစ်ပါတယ်.. သို့သော်လည်း ပေါ့နော်………







ချောင်းကိုပိတ်ပြီး ရေကိုတစ်ဖက်ကိုလွှဲကာ ချောင်းအောက်ခြေမှာ မြေလှန်ရှာ














ဘာတတ်နိုင်သေးလဲ ဥရုချောင်း





အရင်ပိုစ့်မှာ ပြောခဲ့သလို ကျွန်မတို့ငယ်စဉ်က စိမ်းလဲ့လဲ့ကြည်နေတဲ့ ဥရုချောင်းရေပြင်ဟာ ခုချိန်မှာတော့ ရွံ့နှစ်ရည်တွေနဲ့ နောက်ကျိလို့ နေပါပြီ…  ချောင်းကြီးကိုလဲ ပိတ်ဆို့တားဆီးပြီး မူလစီးဆင်းရာ နေရာကနေ အခြားနေရာကို လွဲဖယ်စီးဆင်းစေပြီးတော့ မူလချောင်းစီးဆင်းတဲ့ အောက်ခြေမြေသားကို စက်ယန္တယားများနဲ့ တူးကာဆွကာ ရွှေနဲ့ကျောက်ကို လှန်လှော ရှာဖွေကြပါတယ်..  ကျောက်တူးကြတဲ့ ကုမ္ပဏီကြီးများအနေနဲ့ လုပ်ငန်းပြီးဆုံးချိန်မှာ  မြေလှန်ရှာဖွေ ထားသမျှတွေကို ပစ်စလက်ခတ် မထားခဲ့ကြဘဲ တူးဆွထားတဲ့ မြေတွေကို စံနစ်တကျလေး ပြန်ဖို့မယ်.. ချောင်းကိုလဲ သင့်တင့်တဲ့ အကျယ်ပမာဏ၊ ရှိသင့်တဲ့ အနက်  အတိုင်းထားမယ် ဆိုရင် မိုးတွင်းအခါ မြစ်ရေ၊ ချောင်းရေ လျှံခြင်း တို့ကနေ ထိမ်းသိမ်းပြီးသား ဖြစ်နိုင်ပါတယ်.. မဟုတ်ခဲ့ရင်တော့ သဘာဝ ပါတ်ဝန်းကျင် ပျက်စီးပြီး ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံခြင်းကို ရပ်ရွာနေ ပြည်သူအများ ခံစားကြရမှာ ဖြစ်ပါတယ်.. ယခုလဲ ခံစားနေကြရပါပြီ..








တိမ်ကောနေတဲ့ ဥရုချောင်း







လူအားနဲ့ဆို ဒီတောင်တွေ ဒီလိုဖြိုနိုင်ပါ့မလား.. စက်တွေနဲ့မို့ ဒီလောက်တောင်တွေကို မြန်မြန်ဖြိုနိုင်တာပေါ့..















ကုဋေမှော်လုပ်ကွက်တစ်ခုမှ ကျင်းတစ်ခု


















ဆန်ခါမှော်ရဲ့ မြေစာပုံများ
















မြေစာပုံတို့ကြားမှ ကုဋေမှော်ရွာအသွားလမ်း















မြေစာတွေ ကြားက မှော်စီစာရွာကလေး










သစ်ပင်လား?  ဟင့်အင်း.. ဒီတောင်တွေပေါ်မှာ ဘာသစ်ပင်မှ မရှိဘူး..








စုံလင်တဲ့ စက်ကိရိယာများနဲ့ ကျောက်စိမ်းလုပ်ကွက် တစ်နေရာ










မြေလွှာကိုခွင်း၍ ထွင်းဖောက်မည်












ကျောက်စိမ်းနှင့် ရွှေလုပ်ကွက်တစ်ခု







မြေသားလမ်း







အဝေးကမြင်ရတဲ့ ဆိုင်းတောင်ခေါ် ဆိပ်မူရွာ


ဒီရွာမှာပေါ့.. တစ်ချို့အိမ်တွေ အောက်ထပ်တစ်ထပ်လုံး မြေကြီးတွေထဲ နှစ်မြုပ်နေတုန်းရှိသေးတယ်.. ဆိုးဆိုးဝါးဝါး ရေကြီးခြင်းဒဏ်ကို ခံရတဲ့ နေရာ တစ်ခုပါ...



















အဝေးကကြည့်ရင် ပြတ်နေတဲ့ တောင်တွေကို မြင်ရပါတယ်..








အာဇာနည်ဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်.. တောင်တွေအပိုင်းပိုင်း ပြတ်စေသားတဲ့.. မဖြစ်နိုင်ဘူးထင်ခဲ့ပေမဲ့ ခုကျတော့ တောင်တွေတကယ်ကို အပိုင်းပိုင်း ပြတ်ကုန်ပါရောလား ..












ဥရုချောင်းတွင်း လုပ်ကွက်တစ်နေရာ



အခုချိန်မှာတော့ ကချင်ပြည်နယ် ဖားကန့်နယ်မြေရဲ့ ကျောက်စိမ်းမှော်ဟာ များပြားလှတဲ့ လုပ်ကွက်တွေ၊ ကုမ္ပဏီတွေကြောင့် ယခင်က စိမ်းစိမ်းစိုစို တောင်တန်း တောအုပ်တို့ဟာ တစ်ဖြေးဖြေး ပျောက်ကွယ်လာရပြီ ဖြစ်ပါတယ်.. လူတိုင်းမှာ သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းရမဲ့ အသိတရားလေးတွေကိုယ်စီ နှလုံးသွင်းပြီး မိမိရဲ့ စီးပွားရေးလဲ လုပ်ကြရင်း တောတောင်တို့ကိုလည်း စံနစ်တကျ ထိန်းသိမ်း စောင့်ရှောက်သင့်ကြပါတယ်... ဒီလိုမှ မထိန်းသိမ်းကြရင် စက်ကိရိယာ စုံလင်စွာ အရှိန်အဟုန်ကောင်းကောင်းနဲ့ မြေဆီမြေလွှာတို့ရဲ့ အောက်မှာ ဖော်ထုတ် ရှာဖွေနေကြတာဖြစ်လို့ သဘာဝပတ်ဝန်းကျင်ဟာ အမြန်ဆုံး ပျက်စီးနေဦးမှာ ဖြစ်ပါတယ်.. အသိသာဆုံး အကျိုးဆက်ရလာဒ်က နှစ်စဉ်နှစ်တိုင်း မိုးရာသီတွေမှာ ဘယ်ချိန်ကမှ မဖြစ်ခဲ့ဖူးတဲ့နေရာဒေသတွေမှာ ဆိုးဆိုးဝါးဝါး ရေကြီး ရေလျှံခြင်းတွေ ဖြစ်ပေါ်နေတာကို ကြည့်ရင် သိနိုင်ပါတယ်.. ရွာတွေ မြို့တွေမှာ မိမိတို့အိမ်တွေကို ရေနစ်တဲ့အခြေအနေမှ ကာကွယ်ရန် မြို့လည်ခေါင်က အိမ်များပင် လမ်းမထက် အနည်းဆုံး ၄ပေ ၅ပေခန့် မြှင့်အောင် ဆောက်လုပ်လာနေကြရပါပြီ။ ဒီနေရာတွေဟာ ယခင်ခေတ်အခါက ရေနစ်တယ်ဆိုတာ ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်..











တောင်တွေ ကုန်တော့မယ်နော်...












ရွှေလုပ်ကွက်တစ်နေရာ





ဒီစာကို အပြုသဘောဆောင်ပြီး ရိုးသားစွာ ရေးသားခြင်းသာဖြစ်ပါတယ်.. ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေလိုသော တစ်စုံတစ်ရာကြောင့် ရေးခြင်းမဟုတ်ပါ။ ကျွန်မရင်ထဲမှာ ဖြစ်ပေါ်နေတဲ့စိတ်ဆန္ဒက စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့  စီးပွားရေး လုပ်ဆောင်ကြတဲ့နေရာမှာ မိမိအကျိုးကို လုပ်ဆောင်ရင်း ဒေသခံ ပြည်သူလူထု အတွက်ပါ ထည့်သွင်း စဉ်းစားစေချင်တာပါ.. သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး မပျက်စီးအောင် နည်းလမ်းများ ရှာကြံပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တို့ကို တွက်ချက်ကာ စံနစ်တကျ တူးဖော်ရှာဖွေ သင့်ကြပါတယ်.. ဒါမှသာ  ကိုယ်လဲအကျိုးရှိ၊ ကျန်တဲ့သူတွေလည်း မထိခိုက်ဘဲ ကိုယ်ပိုင်ဆိုင်ရာ ကိုယ့်မြေပေါ်မှာ လူသားအားလုံး သဟဇာတ မျှတစွာဖြင့် စိတ်လက်ချမ်းသာ ကြည်သာမွေ့လျှော်စွာ နေနိုင်ကြမှာ ဖြစ်ပါတယ်.. ကျွန်မချစ်တဲ့ ကိုယ့်မြေ ကိုယ့်ဒေသကို ကောင်းစေချင်တဲ့စိတ်၊ မပျက်စီးစေချင်တဲ့ စိတ်ကြောင့် ဒီစာကို ရေးဖြစ်ပါတယ်... ဒီထက်အများကြီးတော့ ရေးချင်ပါသေးတယ်..  ဒါပေမဲ့ရင်ထဲက ကျန်ရှိနေသေးတဲ့စကားလုံးတွေကို သိမ်းဆည်းလို့ ဒီလောက်နဲ့ဘဲ ရပ်တန့်ပါပြီ ... စာဖတ်သူများ အမြင်မတူတာတွေ ရှိခဲ့ရင် ခွင့်လွှတ်သီးခံ ဖတ်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်ရှင်....







စာဖတ်သူများကို လေးစားချစ်ခင်စွာဖြင့်






ချော(အစိမ်းရောင်လွင်ပြင်)


သစ်တစ်ပင်ရဲ့ လေးရာသီ





picture from Here


ဒီနေ့တော့ စာဖတ်သူတို့ကို ပုံပြင်လေး တစ်ပုဒ်ပြောပြချင်ပါတယ်..

တစ်ခါတုန်းက လူကြီးတစ်ယောက်မှာ သားလေးယောက် ရှိပါတယ်တဲ့.. သူက သူ့သားတွေကို ဘယ်အကြောင်း အရာ၊ ဘယ်ကိစ္စမှာဘဲ ဖြစ်ဖြစ် အချက်အလက် တစ်ခုတစ်လေကို ကြည့်ရုံ၊ သိရုံမျှနဲ့ အလျှင်စလို မဆုံးဖြတ်တတ်အောင် သင်ကြားပေးဖို့ စိတ်ကူးရပါတယ်.. ဒါနဲ့ သားတစ်ယောက်စီကို သူတို့နေတဲ့ နေရာနဲ့ အနည်းငယ် ဝေးကွာတဲ့ ဒေသမှာရှိတဲ့ သစ်တော့ပင်ကြီးကို သွားကြည့်ပြီး အခြေအနေကို ပြန်ပြောဖို့ စေလွတ်လိုက်ပါတယ်..

ပထမဆုံး သားကို ဆောင်းရာသီမှာ သစ်တော့ပင်ကြီးကို သွားကြည့်စေပြီးတော့ ဒုတိယ သားကိုတော့ နွေဦးပေါက်ရာသီမှာ စေလွတ်ပါတယ်.. တတိယ သားကိုတော့ နွေရာသီမှာ စေလွတ်ပြီးတော့ စတုတ္ထသားကိုတော့ ဆောင်းဦးပေါက်ချိန်မှာ စေလွတ်လိုက်ပါတယ်..

သူတို့တွေအားလုံး သတ်မှတ်ထားတဲ့ ရာသီချိန်ခါရောက်တဲ့ အခါ သစ်ပင်ကြီးကို အသီးသီး သွားရောက် ကြည့်ရှု လေ့လာကြပါတယ်.. လေးယောက်လုံး ကြည့်ပြီးတော့ ပြန်ရောက်လာတဲ့အခါ ဖခင်ဖြစ်သူက သားတွေကို သစ်ပင်ကြီးအကြောင်း မြင်တွေ့လာသမျှကို ပြန်လည်ရှင်းပြဖို့ ပြောလိုက်ပါတယ်..

ဒီတော့ ဆောင်းရာသီမှာ သစ်ပင်ကြီးကို သွားကြည့်ခဲ့တဲ့ သားဖြစ်သူက သစ်ပင်ကြီးဟာ အလွန်ရုပ်ဆိုးပြီး၊ သစ်ကိုင်းတွေဟာ အရွက်တစ်ရွက်တစ်လေမှ မရှိဘဲ ကွေးကောက် ခြောက်သွေ့နေကြောင်း ပြောပါတယ်.. နွေဦးပေါက်မှ သွားကြည့်ခဲ့တဲ့ ဒုတိယသားကတော့ မဟုတ်တဲ့အကြောင်း ငြင်းဆိုပြီး .. သူတွေ့ခဲ့ချိန်မှာ သစ်ပင်ကြီး တစ်ခုလုံးဟာ စိမ်းစို လှပတဲ့ ပွင့်သစ်စ ပုရစ်ဖူးနုနုလေးတွေ ဖုံးလွှမ်းနေတဲ့ ကျက်သရေ ရှိလှတဲ့ သစ်ပင်ကြီး တစ်ပင်ဖြစ်ကြောင်း ပြောပါတယ်..

ဒီလိုပြောတာကို တတိယမြောက် သားဖြစ်သူက သဘောမတူပါဘူး.. ဘာလို့ဆို သူက နွေရာသီမှာမှ သစ်ပင်ကြီးကို သွားကြည့်ခဲ့တဲ့သူ ဖြစ်တာကိုး.. သူသွားကြည့်တဲ့ အချိန်မှာတော့ သစ်ပင်ကြီးဟာ တစ်ပင်လုံး အပွင့်တွေ ပွင့်ဝေနေလို့ အလွန်ကို လှပနေပြီး ထုံရီမွှေးမြတဲ့ ပန်းရနံ့တွေက သင်းပျံ့မွှေးကြိုင်နေတဲ့ အချိန် ဖြစ်တာကြောင့် အဲဒီအကြောင်းကို သူက ရှင်းပြပါတယ်..

ဒါကိုလည်း နောက်ဆုံး သားဖြစ်သူက သဘောမတူပါဘူး.. သူသွားကြည့်ခဲ့တဲ့အချိန်ဟာ ဆောင်းဦးပေါက် ရာသီဖြစ်လေတော့ အဲဒီချိန်မှာ သစ်ပင်ကြီးဟာ အသီးတွေ ပြွတ်ခဲနေပြီးတော့ ပင်ခြေအောက်မှာလည်း သစ်သီးကြွေတွေဟာ ကောက်ယူလို့ မကုန်နိုင်အောင် ရှိနေခဲ့ပါတယ်.. ဒီအကြောင်းကို သူက အားလုံးကို ပြောပြပါတယ်..

ဒီတော့မှ ဖခင်ဖြစ်သူက သားတွေကို သူတို့အားလုံးမှန်ကြောင်းနဲ့ သူတို့သွားရောက်ခဲ့ချိန်တွေ မတူညီတဲ့အတွက် တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေဟာလည်း ကွဲပြားသွားရကြောင်း၊ ရာသီတစ်ခုစီမှာ အခြေအနေ တစ်မျိုးစီ ကြုံတွေ့ခဲ့ရတာ ဖြစ်ကြောင်းကို  ရှင်းပြပါတယ်..

ပြီးတော့ သူ့သားတွေကို ဆက်ပြီး ပြောပြတာက သစ်ပင်တစ်ပင်ကို ဖြစ်စေ၊ လူတစ်ယောက်ကို ဖြစ်စေ၊ အခြေအနေ အချိန်အခါ တစ်ခုတည်း၊ ကြုံတွေ့လိုက်ရတဲ့ အကြောင်းအရာတစ်ခုတည်းပေါ်ကို ကြည့်ပြီး မဆုံးဖြတ်သင့်ကြောင်းနဲ့ ဆုံးဖြတ်ချက်စောပြီး ချမိတဲ့အခါ အမြင်တစ်ခုတည်း အပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်လို့ မှားတတ်ကြောင်းကို ရှင်းပြပါတယ်..

ဆောင်းရာသီမှာ မြင်တွေ့ခဲ့တဲ့ အမြင်တစ်ခုတည်းနဲ့ ဒီသစ်ပင်ဟာ အရွက်မရှိတဲ့ သစ်ပင်ရုပ်ဆိုးသာ ဖြစ်တယ်လို့ ဆုံးဖြတ်မိတဲ့အခါ နောင် နွေဦးရာသီ၊ ဆောင်းဦးရာသီ တို့တွေမှာ ကြုံတွေ့ရမဲ့ သစ်ပင်ကြီးရဲ့ စိမ်းလန်းစိုပြေတဲ့ အလှအပ၊ အပွင့်လေးတွေရဲ့ မွှေးရနံ့နဲ့ ချိုမြိန်တဲ့ သစ်သီးတို့ရဲ့ အရသာတို့ကို လွဲချော်သွားနိုင်ပါတယ်လို့ ဖခင်ဖြစ်သူက သားလေးယောက်ကို သင်ခန်းစာလေး ပေးလိုက်ပါတယ်..

ပုံပြင်လေးက ဒီမှာဆုံးပါပြီ။

------------------------------------------------------@@@@@---------------------------------------
ဒီပုံပြင်လေးကို ဖတ်ပြီး တွေးမိတာလေးက ကျွန်မတို့တွေရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ်သိလိုက်တဲ့၊ မြင်လိုက်တဲ့ အချက်ကလေး တစ်ခုတစ်လေ မျှလောက်နဲ့ ဒီလူဟာ ဘယ်လို လူစားပါ၊ ဘယ်လို အကျင့်စရိုက် ရှိသူရယ်ပါ ဆိုပြီး ဆုံးဖြတ်ချက် မှားပြီး ချမိတတ်ခဲ့တာ ဘယ်လောက်များပါပြီလဲ.. လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သေချာ ဂဏ သိဖို့ရန်မှာ လူတစ်ယောက်ကို လတ်တလောအမြင်၊ သူ့ရဲ့ လတ်တလော အပြုအမူတို့နဲ့ မဆုံးဖြတ်ဘဲ ရေရှည် ပေါင်းသင်းဆက်ဆံကြည့်ပြီးမှ ဆုံးဖြတ်တာက အမှန်ဆုံး ဖြစ်ပါလိမ့်မယ်နော်.. တဒင်္ဂ မြင်လိုက်၊ တွေ့လိုက်တဲ့ ကိုယ့်အမြင်လေးတစ်ခု၊ ဆုံးဖြတ်ချက်လေး တစ်ခုကြောင့် ဘယ်သူ့ကိုမှ ထိခိုက် နာကျင်စေတာမျိုး မဖြစ်သင့်ကြပါဘူးလို့ ထင်ပါတယ်..  ဒါလေးကတော့ ပုံပြင်လေးကို ဖတ်မိရင်း ရလိုက်မိတဲ့ အတွေးလေးပါ… ကိုယ့်ကိုယ်ကိုယ်လဲ ပြန်သတိပေးတဲ့အနေနဲ့ရော အားလုံးလဲ ဖတ်ရအောင်  ဒီပုံပြင်လေးကို ဖော်ပြပေးလိုက်ပါတယ်ရှင်..
---------------------------------------------------------------------------------------------------------//
skywriting.net မှ Four Seasons of a Tree ကို ဘာသာပြန်ပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)