တူညီသော ချစ်ခြင်းတစ်စုံ


 
လူတိုင်းလူတိုင်းမှာတော့ စိတ်မကြည်မသာ ဖြစ်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊  ၀မ်းနည်း နာကျင်နေတဲ့အချိန်တွေ တစ်ခါမဟုတ် တစ်ခါတော့ ရှိတတ်ကြမှာဘဲနော်.. အဲဒီအချိန်တွေကို ဘယ်လိုများ ကျော်ဖြတ်ကြပါသလဲ.. လူတစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်ပုံ၊ ရင်ဆိုင်ကြပုံချင်းတော့ တူကြမယ် မထင်ပါဘူး။ တစ်ချို့ကျတော့ စိတ်ဓာတ်ကျရင် ၀မ်းနည်းနာကျင်ရင် ငိုကြွေးကြတယ်.. အချို့က မိမိမိတ်ဆွေ၊ မိဘဆွေမျိုးတွေဆီ ရင်ဖွင့် ပြောပြကြတယ်.. အချို့ကျတော့လည်း စိတ်ခွန်အားဖြစ်မဲ့ စာတွေ၊ စိတ်ကို တည်ငြိမ်စေမဲ့ အဆုံးအမ တရားစာတွေ ဖတ်ကြတယ်.. တရားထိုင်ကြတယ်..  တစ်ချို့ကျတော့ သီချင်းတွေ အော်ဟစ် သီဆို တတ်ကြပါတယ်.. ဒါက တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နွမ်းချိန်ကို ရင်ဆိုင် ဖြတ်သန်းပုံချင်း မတူညီတာကို ပြောပြချင်တာပါ။

 ကျွန်မစိတ်ညစ်ရင်၊ စိတ်မကြည်မသာဖြစ်ရင် အေးချမ်းဆိတ်ငြိမ်တဲ့ ရှုခင်းတွေ တမျှော် တစ်ခေါ်ကြီး ကို ငေးမောလို့ ရနိုင်မဲ့ ၊ အချိန်အကြာကြီး ကိုယ့်စိတ်အာရုံတွေကို အဆုံးမရှိ လွတ်ပေးလိုက်လို့ ရတဲ့ နေရာမျိုးမှာ ထိုင်နေရတာကို သဘောကျ နှစ်သက်မိတယ်.. ဒီအချိန်မှာ ဖုန်းတွေကို ပိတ်ချင် ပိတ်ထားမယ်.. ပြင်ပ အဆက်အသွယ်တွေ အကုန်ဖြတ်တောက်လို့ ကိုယ်မသိ၊ ကိုယ်မရင်းနှီးတဲ့ မျက်စိ တစ်ဆုံး မြင်နေရတဲ့ တောင်တန်း ကြီးတွေပေါ်ကို ကျော်ဖြတ်ပြီး  အဝေးဆုံးထိ စိတ်ကို ဖြန့်ကျက်လို့ ခရီးနှင်ရတာက ကျွန်မရဲ့ စိတ်အာရုံကို ပြန်လည် လန်းဆန်းလာအောင်၊ စိတ်တွေ ပြန်လည် တည်ငြိမ် လာအောင်  ကုစားတဲ့နည်းတစ်မျိုးပါဘဲ.. အဲဒီချိန်မျိုးမှာ အိမ်ထဲမှာ နေနေတာထက် စာရင် အိမ်ပြင်ပကိုထွက်ပြီး လန်းဆန်း သန့်စင်တဲ့ လေပြေရဲ့ အပွေ့အဖက်ကို ခံယူလို့ ကြည်လင်လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပြီ ဆိုရင် ကိုယ့်မှာ ရှိနေတဲ့ သောကစိတ်တွေ အနည်းနဲ့ အများတော့ အေးချမ်းသွားတတ်ပါတယ်။

ဒီညနေလဲ တစ်စုံတစ်ရာသော အကြောင်းကြောင့် နောက်ကျိညစ်နွမ်းနေတဲ့၊ ၀မ်းနည်းပင်ပန်းနေတဲ့ စိတ်အာရုံတွေကို ဆေးကြောဖို့ ကျွန်မထိုင်နေကျ နေရာလေးတစ်ခုဖြစ်တဲ့ မြစ်ဆိပ်ကမ်းဘေးက တာရိုးလေးကို ထွက်လာခဲ့မိပါတယ်.. တာရိုးလေးက မြစ်ရေမကျော်အောင် မြေဖို့ထားတဲ့ နေရာပေမဲ့ ကားသွားလို့ရတဲ့ အထိ လမ်းအကျယ်ရှိပြီးတော့ တာရိုးတစ်လျှောက်ကိုလည်း အုတ်တံတိုင်း ကာထားပါတယ်.. အုတ်တံတိုင်း ဆိုပေမဲ့လို့ အလုံပိတ်တံတိုင်းမျိုး မဟုတ်ဘဲ အကွက်ကျဲကျဲ ကာထားတဲ့ အရံအတားသဘောမျိုးပါဘဲ.. တံတိုင်းနဲ့ကပ်ရပ်မှာ ထိုင်စရာ ကွန်ကရိ ခုံကလေးများ ခပ်ကျဲကျဲ ရှိနေပြီး တာရိုးပေါ်က လမ်းကလေးကတော့ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးလဲ ဖြစ်ပါတယ်..  အရိပ်ရ အပင်တွေကို အရွယ်ညီညီ စီရီလှပစွာ လမ်းဘေးဝဲယာ စိုက်ပျိုးထားပါတယ်.. သစ်ရွက်စိမ်းတို့ရဲ့ ရနံ့ကလည်း စိတ်ကိုလတ်ဆတ် ကြည်မြစေနိုင်တယ် မဟုတ်ပါလား...  တာရိုးအောက်ကို ဆင်းလိုက်တာနဲ့ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင် ကျယ်ကြီးနဲ့အတူ ပြုပြင်ထားတဲ့ အရွယ်မျိုးစုံ၊ အပင်မျိုးစုံတို့ကို စံနစ် တကျ စိုက်ပျိုး ထိန်းသိမ်းထားတဲ့ အပန်းဖြေစရာနေရာ ရှိပါတယ်.. ပန်းခြံလို့ခေါ်ချင်ပေမဲ့ အပွင့်ပွင့်တဲ့ ပန်းပင်ဆိုလို့ စက္ကူပန်းပင်ကလွဲလို့ ကျန်တာအားလုံးက စိမ်းစိမ်းစိုစို အရွက်ဖားဖား အပင်ကြီး၊ အပင်လတ်တွေ ဖြစ်တာကြောင့် ပန်းခြံလို့လဲ ခေါ်ဖို့ခက်ပါတယ်.. မြို့နေလူထု အပန်းဖြေနားနေစရာ ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါတယ်။

အဲဒီ အနားယူစရာ နေရာရဲ့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သဘာဝ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ စားပွဲကြီးတွေ၊ လူတွေထိုင်စရာ ကျောက်ခုံတွေ ရှိပါတယ်.. နေ့ခင်း နေ့လည်ဆိုရင် အနားယူသူများ၊ မင်္ဂလာဆောင် အလှဓာတ်ပုံရိုက်ကြသူများ၊ ပျော်ပွဲစားထွက်သူများ ရှိနေတတ်ပြီး ညနေခင်းဆိုရင်တော့ လမ်းလျှောက်လာသူများ၊ ကားနဲ့လာပြီး မိသားစုလိုက် အပန်းဖြေ လေကောင်း လေသန့် ရှုကြသူ များနဲ့ မြက်ခင်းပြင်ကြီးမှာရော တာရိုးတစ်လျှောက်မှာပါ စည်ကားလှပါတယ်.. အစား အသောက် ရောင်း ချတဲ့ ဆိုင်ကလေးများလည်း ရှိနေတာကြောင့် အပန်းဖြေလာသူများအတွက် အဆင်ပြေလှပါတယ်။ ကျွန်မကတော့ မြစ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ် လာတတ်တဲ့ လေပြေ အေးအေးစိမ်ပစိမ့် လေးတွေရယ် ဟိုးအဝေးမှာ အဆုံးမရှိ မြင်နေရ တဲ့ တောင်ပြာတန်းကြီးတွေရဲ့ ညှို့ယူဆွဲဆောင်နိုင်လွန်းတဲ့ အလှအပ ရယ်ကြောင့် ဒီနေရာလေးကို သဘောကျမိ တာပါဘဲ။ တွေးချင်တိုင်း တွေး၊  ငေးချင်တိုင်း ငေးလို့ ကောင်း တဲ့ နေရာလေး တစ်ခုဘဲ မဟုတ်လား။

ခုလဲ တံတိုင်းနားက ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဟိုးဝေးဝေးက ဆင့်ကာဆင့်ကာ စီရီလှပစွာ ရှိနေတဲ့ ပြာရီမှိုင်းမှိုင်း တောင်တံတိုင်းတွေကို ကျော်ဖြတ်လို့ ကျွန်မရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်း လွှင့်သွားနေတဲ့ အချိန်မှာ အနီးနားမှာ ကပ်ပြီး ပေါ်လာတဲ့ အသံတစ်ခုကြောင့် စိတ်နဲ့ကိုယ် ပြန်တွဲမိရက်သား ဖြစ်သွားပါတယ်.. ဒီလို စိတ်တွေ ရွက်လွှင့်သွားလိုက်မိတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သတိမထားလိုက်မိပေမဲ့ မြစ်ပြင်က လေအေးကြောင့် အင်္ကျီလက်တိုဝတ်ထားတဲ့ လက်တစ်လျှောက်လုံးတော့ အေးစက်နေခဲ့ပါပြီ။ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လမ်းလျှောက်နေကြတဲ့ အသက် ၇၀ကျော် ၈၀နီးပါး အဖိုးအဖွားစုံတွဲတစ်တွဲ။ အဖိုးအိုက တောင်ဝှေးလေးကို တစ်ဘက်က ကိုင်ထားရင်း လက်တစ်ဘက်က အဖွားအိုရဲ့ လက်ကလေးတွေကို ဖေးမတွဲကူလို့.. အဖွားအိုရဲ့ လက်တွေကလဲ အဖိုးရဲ့ လက်ပေါ်မှာ မြဲမြံခိုင်မာလို့.. ကြည့်ရတာနဲ့တင် ကြည်နူးစရာ ကောင်းနေပြီ.. ကြားလိုက်ရတဲ့ အဖိုးအိုရဲ့ အကြင်နာမေတ္တာအပြည့်နဲ့ အသံကရော ကျွန်မအာရုံတွေကို ဆွဲယူသွားခဲ့တာဘဲမဟုတ်လား.. အဖိုးအိုက အဖွားကို ပြောတဲ့စကားက “အဖွားကြီးရေ.. မောနေပြီလား.. ဖြေးဖြေးလျှောက်နော်.. ထိုင်စရာနေရာ တွေ့ရင် ခနလောက်နားရအောင်.. ရေရော ဆာနေပြီလား.. ထိုင်မဲ့နေရာကျရင် အိတ်ထဲက ရေတိုက်မယ်နော်” တဲ့.. အဖွားကို ကြည့်ရတာ အနည်းငယ်တော့ မောပန်းနေပုံရပါတယ်။

 တာရိုးတစ်လျှောက် ကျွန်မကြည့်လိုက်တော့ လူတွေက အတော်များနေတယ်.. ပြီးတော့ ထိုင်ဖို့လုပ်ပေးထားတဲ့ ခုံတွေကလဲ နေရာလွတ်မကျန်တော့အောင် လူတွေအပြည့် ရှိနေပါတယ်.. အထူးသဖြင့်တော့ ငယ်ငယ်ရွယ်ရွယ် စုံတွဲကလေးတွေက ပိုမိုများပြားပါတယ်.. ဒီတော့ မနေနိုင်တဲ့ကျွန်မက ကိုယ်လက်ရှိ ထိုင်နေတဲ့ ကွန်ကရိခုံကလေးကနေ ထလိုက်ပြီး “အဖိုးနဲ့အဖွား ဒီမှာ ခနလောက်နားပါလား.. ကျွန်မ ဒီဘေးက အုတ်တံတိုင်းပေါ် ထိုင်လိုက်မယ်လေ” လို့ ဖိတ်ခေါ်လိုက်ပါတယ်.. အုတ်တံတိုင်းရဲ့ အမြင့်က ခါးလောက်ရှိတာမို့ အဖိုးအဖွားတို့အတွက် အဆင်မပြေနိုင်ပေမဲ့ ကျွန်မအတွက်တော့ ထိုင်လို့ အဆင်ပြေတာကြောင့် ခုံနေရာလေး ဖယ်ပေးပြီး အနီးနားက အုတ်တံတိုင်းပေါ် တက်ထိုင်လိုက်ပါတယ်.။

ခုံကလေးပေါ် ထိုင်လိုက်တဲ့ အဖိုးအဖွားတို့ကိုကြည့်ရင်း ဘာရယ်မသိတဲ့ ခံစားချက်လေးတွေနဲ့ စိတ်ဝင်တစား ငေးကြည့်နေမိပါတယ်.. အဖိုးအိုက သူလွယ်လာတဲ့ အိတ်ကလေး ထဲက ရေဘူးလေးတစ်ခု ကို ထုတ်လိုက်ပြီး အဖွားကို တိုက်ပါတယ်.. ဒါပေမဲ့ အဖွားက ငြင်းလိုက်ပြီး အဖိုးကို အရင် သောက်ပါ လို့ ပြောလိုက်တော့ အဖိုးအိုက ခပ်ပြုံးပြုံးလေး နဲ့ ရေကို မော့သောက်လိုက်ပြီး အဖွားဘက်ကို ပြန်ပေးလိုက်တော့မှ အဖွားအိုက ရေကို ဖြေးဖြေးလေး မော့သောက်ပါတယ်.. အဖွား ရေသောက်နေ တုန်းမှာ အဖိုးအိုက အိတ်ထဲက နောက်ထပ် ပစ္စည်းလေးတစ်ခုကို ဆွဲထုတ်လိုက်ပြန်တယ်.. သူ့လက်ထဲ ပါလာတာက လက်ကိုင်ပုဝါလေး တစ်ထည်.. အဲဒီ လက်ကိုင်ပုဝါလေးနဲ့ ချွေးစို့နေတဲ့ အဖွားရဲ့ နဖူးနဲ့ လည်ပင်းတို့ကို သာသာဖွဖွလေး သုတ်ပေးနေပါတယ်.. အိုး သိပ်ကို ရိုမန်တစ်ဆန်လှတဲ့ ကြည်နူးဖွယ် မြင်ကွင်းကလေးပါဘဲလား..

အဖိုးကိုကြည့်ရတာ သူ့အပြုအမူတွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ဟန် ဘာမှ မတွေ့ရသလို ဒီလိုလုပ်ပေးနေတာဟာလည်း သူ့အတွက် ဘာမှမထူးဆန်းသလို အမြဲလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေတဲ့ပုံစံမျိုးနဲ့..  သက်တောင့်သက်သာ စေတနာ မေတ္တာအပြည့်နဲ့ပါဘဲ.. အဖွားအိုကရော.. သူ့မျက်နှာပေါ်လည်း အဖိုးကို ချစ်ခင်မြတ်နိုးခြင်း၊ အားကိုးယုံကြည်ခြင်းတွေအပြည့်နဲ့ အဖိုးခုလို လုပ်ပေးနေတာကို ကြည်နူးနှစ်သက်နေတဲ့ အပြုံးကလေးနဲ့အတူ မျက်နှာလေးက အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်နေပေမဲ့လို့ ချစ်ခြင်း မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှန်းစိုလင်းလက်လို့ပါဘဲ...

ရေသောက်ပြီး ရေဘူးလေးကို အဖိုးကိုပြန်ပေးလိုက်တဲ့ အဖွားဟာ လက်ကိုင်ပုဝါကို ပြန်ဆွဲယူလို့ အဖိုးအိုကို ယုယ ကြင်နာစွာနဲ့ တစ်လှည့် ပြန်သုတ်ပေးနေပါတယ်.. ပြီးသွားတော့မှ တစ်ယောက်တည်း ထိုင်နေတဲ့ ကျွန်မဘက်ကို လှည့်ကြည့်ပြီး “သမီးက တစ်ယောက်တည်းလား.. အဖော်မပါဘူးလား” လို့ မေးလာပါတယ်.. ကျွန်မလဲ “အဖိုးနဲ့အဖွားတို့လို ပျော်စရာအဖော် မရှိဘူးလေ” လို့ ရယ်ရွှင်ပြပြနဲ့ နောက်တောက်တောက်လေး ပြန်ဖြေလိုက်ပါတယ်.. သူတို့ ၂ယောက်ကို ကြည့်ပြီး ကျွန်မရဲ့ စိတ်ထဲမှာ ရင်းရင်းနှီးနှီးကို ခံစားနေမိပြီး ရွှင်ရွှင်မြူးမြူးလေး ဖြစ်နေခဲ့တာကြောင့်ပါ။ အဖိုးအဖွားတို့က ကျွန်မရဲ့စကားကို ခပ်ဟက်ဟက်လေး ရယ်မော လိုက်ကြပါတယ်.. အဖိုးနဲ့အဖွားကို စိတ်ထဲကနေ မေးခွန်းလေးတွေ မေးကြည့်ချင်လာတာကြောင့် စကားစလိုက်မိပါပြီ..

“အဖွားတို့ကို ကြည့်ရတာ အရမ်းကြည်နူးစရာ၊ အားကျစရာကောင်းတယ်နော်..  အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲဟင်”

ကျွန်မရဲ့အမေးကို အဖွားက ပြုံးပြုံးကလေးနဲ့ “အဖွားတို့က ငယ်လင်ငယ်မယားတွေ သမီးရဲ့ .. အဖွား ၁၆နှစ် သမီးရဲ့အဖိုး အသက် ၂၀မှာ အိမ်ထောင်ကျတာ ဆိုတော့ အခု အဖွားက ၇၆၊ အင်း နှစ် ၆၀ရှိပြီပေါ့သမီးရယ်.. ” လို့ပြန်ဖြေပါတယ်..

“သားသမီးတွေရော ဘယ်နှယောက်ရှိလဲ” လို့မေးတော့ “သား၂ယောက် သမီး၎ယောက်ရှိတယ် သမီးရေ.. အားလုံး အိမ်ထောင်ကျလို့ အဖွားတို့မှာ မြေးတွေချည်း ၂၀ကျော်နေပြီ… အဲ မြစ်တွေတောင် တစ်ချို့အိမ်ထောင်ကျသူ ကျနေပြီလေ” လို့ပြန်ပြောပါတယ်.. အဖွားရဲ့အသံက အရမ်းကို နုညံ့ သိမ်မွေ့တာပါဘဲ.. လေသံလေးကလဲ ချိုချိုအေးအေးလေးနဲ့ .. ကြည့်ရတာ သူ့တစ်သက်မှာ ကြမ်းကြမ်းတမ်းတမ်း စကားတို့ကိုပင် ဆိုခဲ့ဖူးပုံမပေါ်ပါ..

“အဖွားတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာဘဲနော်.. အဖွားတို့ အိမ်ထောင်သက်မှာ ရန်တစ်ခါမှ မဖြစ်ဖူးဘူးလား” လို့ မေးမိတော့ အဖိုးက ပြန်ဖြေပါတယ်.. “သူက စိတ်သဘောအရမ်းနုညံ့တယ် သမီးရဲ့.. အဖိုးကတော့ စိတ်နည်းနည်းဆတ်တယ်.. ဒါပေမဲ့ အဖိုးစိတ်ဆိုးမယ်ပြင်ရင် သူက အရင်အလျှော့ပေးလိုက်တော့ ဘယ်တော့မှ ရန်ဖြစ် စကားများတဲ့အဆင့်ကို မရောက်ပါဘူးကွယ်… ”

“သူကလဲ အဖွားအပေါ် ညှာတာတာကိုးသမီးရဲ့.. အဖွားကို စကားကြမ်းကြမ်းတောင် မပြောခဲ့ဖူးတော့ ရန်ဖြစ်တယ်ဆိုတာလည်း ဘယ်ရှိတော့မှာလဲ.. အဓိက ကတော့ နားလည်မှုပေါ့သမီးရယ်.. အဖိုးက အဖွားအပေါ် အမြဲတမ်း နားလည်မှုပေးခဲ့တယ်.. အိမ်ထောင်ဦးစီး ယောက်ျားကောင်းပီသစွာနဲ့ အဖွားကို ဖေးဖေးမမ ကြင်ကြင်နာနာ ရှိတယ်.. အဖွားတို့ မိန်းမတွေရဲ့ စိတ်က ကိုယ့်ယောက်ျားကို အားကိုးတွယ်တာ တတ်တဲ့ စိတ်မျိုးရှိတယ်လေ.. ယောက်ျားလုပ်သူက ကောင်းနေရင် မိန်းမတွေကလဲ အိမ်ထောင်ရှင်မ ကောင်း ပီသဖို့ ဘယ်ဝန်လေးတော့မလဲ သမီးရယ်…  ကိုယ်ချစ်လို့ ထူထောင်ထားတဲ့အိမ်ထောင်ရေးကို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ရိုးမြေကျတဲ့အထိ ဖြတ်သန်းချင်တာလေ.. သမီးအဖိုးကလဲ ဒီလိုစိတ်မျိုးဘဲရှိပါတယ်.. ဒီတော့ အဖွားတို့က မချမ်းသာပေမဲ့ ဘ၀ကို နားလည်မှုလေးတွေနဲ့ တည်ဆောက်ကြတော့ စိတ်အေးချမ်းတယ် သမီးရဲ့”  အဖွားရဲ့ လေသံ အေးအေးလေးက သူ့ရဲ့စိတ်လေးလိုပါဘဲ အေးချမ်းလိုက်တာနော်… သူတို့ပြောတဲ့စကားတွေဟာ အမှန်ဖြစ်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင် ကျွန်မရင်ထဲက ယုံကြည်မိပါတယ်.. သူတို့ရဲ့ စိတ်သဏ္ဍာန်တွေက  သူတို့ရဲ့ အပြုအမူ ပေါ်မှာတင်မက မျက်နှာပေါ်မှာပါ ဖော်ပြနေသားဘဲလေ..

“အဖွားတို့အိမ်ထောင်ရေးက သိပ်စိတ်ချမ်းသာစရာ ကောင်းတာဘဲနော် .. အားကျဖို့ကောင်းလိုက်တာ.. အဖိုးရဲ့ နားလည်မှုကို ရထားတဲ့ အဖွားက ကံကောင်းသလို အလျှော့ပေးတတ်တဲ့ အဖွားကို ရတာလဲ အဖိုး ကံကောင်းတာပါဘဲနော်.. ”

ကျွန်မက ပြောလိုက်တော့ အဖွားက ကျွန်မကို ရင်းနှီးခင်မင်စိတ်ကြောင့် ထင်ပါရဲ့.. မေးခွန်းလေး တစ်ခု ပြန်မေးပါတယ်..  “ဒီလိုဆို သမီးကရော သမီးရရှိထားတဲ့အချစ်က ဘယ်လိုအချစ်မျိုးလဲ.. နားလည်မှုပေးတဲ့အချစ်လား.. အလျှော့ပေးတဲ့ အချစ်မျိုးလား၊ အဲဒီအချစ်မှာ သမီးကိုယ်တိုင်ကရော စိတ်ချမ်းမြေ့မှု ရရဲ့လား” တဲ့

ကျွန်မကသာ မေးခွန်းတွေ တောက်လျှောက်မေးလာခဲ့ပေမဲ့ ရုတ်တရက် ပြန်မေးလိုက်တဲ့ အဖွားရဲ့ မေးခွန်းမှာ ကျွန်မနှုတ်တွေ ဆွံ့အလို့သွားခဲ့ပါတယ်.. ပြန်ဖြေစရာစ ကား ရှာမရတာနဲ့ဘဲ  ခပ်ပြုံးပြုံးလေး သာ လုပ်နေလိုက်မိပါတော့တယ်... စိတ်ထဲက တီးတိုးလေး ပြောနေမိတာက  “သမီးလဲ အဖွားလို ကံကောင်းချင်ပါတယ်.. အချစ်မှာ သာယာချမ်းမြေ့ချင်တာပါဘဲ အဖွားရယ်..  ဒါပေမဲ့.......”

“ကဲ... သမီးရေ.. မမှောင်ခင် အဖိုးတို့ ပြန်လိုက်ဦးမယ်.. ညနေတိုင်း အဖိုးတို့က လမ်း လာလာလျှောက် တယ်လေ.. ဟိုးနားလေးက အိမ်မှာနေတယ်သမီးရေ. ရောက်ရင် ၀င်လာလည်နော်.. သမီးအဖွားက ခုချိန်ထိ အဖိုးကို ဟင်းချက်ကျွေးတုန်း.. သူက ဟင်းချက်သိပ်ကောင်းတာသမီးရဲ့… လာလည်ရင် သမီးကို အဖွားလက်ရာနဲ့ ထမင်းကျွေးမယ်နော်.. ”

အဖိုးက ခင်မင်ဖော်ရွေစွာ ကျွန်မကို ပြောလိုက်ရင်း ပြောပြောဆိုဆို တောင်ဝှေးကိုကောက်လို့ အရင် ထလိုက်ပြီး လက်ကလေး ကမ်းလိုက်ကာ အဖွားထနိုင်အောင် ကြင်ကြင်နာနာလေး တွဲထူလိုက်ပါတယ်.. အတွဲခံရတဲ့အဖွားရဲ့ လက်ကလေးတွေကလည်း အဖိုးရဲ့ လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်လို့..

“သမီးလဲ တစ်ယောက်တည်း ဆိုတော့ မမှောင်ခင်ပြန်နော်.. အကြာကြီး မထိုင်နဲ့ မြစ်ပြင်က လာတဲ့လေက အေးတော့ အအေးမိမယ်.. ဒီဘက်ရောက်ဖြစ်ရင် အဖွားတို့ဆီလဲ လာလည်နော်” လို့ အသံအေးအေးလေးနဲ့ အဖွားက သံယောဇဉ်ကြီးတတ်စွာ ၀င်ပြောလိုက်ပါတယ်..

တစ်ယောက်လက် တစ်ယောက်တွဲပြီး တစ်ရွေ့ရွေ့ ဝေးကွာသွားတဲ့ အဖိုးနဲ့ အဖွားကိုကြည့်ပြီး ခံစားချက်တစ်မျိုးကြောင့် မျက်ရည်စတစ်ချို့ မျက်ဝန်း အိမ်မှာ ရစ်ဝဲ လာမိပါတယ်.. ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်လား.. ဘာအတွက်ကြောင့် ကျတဲ့ မျက်ရည်လဲ ဆိုတာကိုတော့ ကျွန်မ ကိုယ်တိုင်တောင် ဝေခွဲဖို့ ခက်လှပေမဲ့ နားလည်စာနာမှု၊ အလျှော့ပေးသိတတ်မှု၊ ချစ်ခင်ကြင်နာမှု စသည်တို့ဖြင့် ယှက်ဖွဲ့ထားတဲ့ အဖိုးအိုနဲ့ အဖွားအိုတို့ရဲ့ လေးစား အားကျဖွယ် တူညီသော ချစ်ခြင်း မျိုးကိုတော့ လိုချင် မက်မော လှပါတယ်လေ။ အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စာနာ နားလည်မှု၊ ဖေးမ ကူညီမှု၊ မြတ်နိုး တွယ်တာမှု၊ လေးစား ချစ်ခင်မှုတွေနဲ့ တည်ဆောက် ထားမယ်ဆိုရင် သာယာ လှပလို့ ပျော်ရွှင် ချမ်းမြေ့ဖွယ် ချစ်ခြင်းတစ်စုံ ဖြစ်လာမှာတော့ သေချာသားဘဲ မဟုတ်ပါလားနော်။


လူတိုင်းလူတိုင်း တူညီသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်ကြပါစေရှင်..


ချော(အစိမ်းရောင်လွင်ပြင်)

အလှဆုံး မြင်ကွင်းလေးတစ်ခု




picture from Here



ကျွန်မရဲ့ တစ်သက်မှာ ခုလို ပူပြင်းခြောက်သွေ့မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူုးပါဘူး.. ဘ၀မှာ အပူဆုံး နေ့ရက်တွေပါဘဲရှင်.. မိုးကို မမြင်ရတာလဲ လပေါင်း၊ ရက်ပေါင်းများစွာ ကြာခဲ့ပါပြီ.. ကျွန်မတို့ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေ အားလုံးဟာလည်း တစ်ဖြေးဖြေး ခြောက်သွေ့လာပြီး မွေးမြူထားတဲ့နွားတွေဟာလည်း စိမ်းစိုလန်းဆန်း ချိုမြတဲ့  အရွက်တွေကို မစားရ၊ ရေကို ၀လင်အောင် မသောက်သုံးရတဲ့အတွက် နို့တောင် မထွက်နိုင်အောင် ဖြစ်နေရပါပြီ။ နွယ်ပင်တွေ၊ အပင်ငယ်လေးတွေဟာလည်း ခေါင်းပင် မထူနိုင်တော့အောင် ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ညှိုးနွမ်း သွေ့ခြောက်လို့ ပြားကပ်နေခဲ့ပြီ။ အိမ်နားက ကျွန်မတို့ရဲ့ အားထားရာ စမ်းချောင်းကလေးဆိုလဲ ခြောက်ခမ်းသွားတာ လွန်ခဲ့တဲ့ ၂လ နီးပါး လောက်ကတည်းကပါဘဲ။

ကျွန်မတို့ ပတ်ဝန်းကျင် အနီးနားတစ်ဝိုက်က လယ်သမားတွေအားလုံးလဲ စားစရာ အသီးအနှံမရှိ၊ စိုက်ပျိုးဖို့ ပက်ကြားအက်နေတဲ့ မြေကြီးနဲ့က အဆင်မပြေ၊ ရှိတဲ့ရေလေးကို ချိုးခြံချွေတာရနဲ့ တော်တော့်ကို ဒုက္ခ များနေကြရပါတယ်.. ကျွန်မယောက်ျားနဲ့ သူ့အစ်ကိုတို့ဟာလည်း ခြောက်သွေ့ကွဲအက်နေတဲ့ လယ်မြေကို ရေရရှိဖို့အတွက် နေ့စဉ်နေ့တိုင်း အပြင်းအထန် ကြိုးပမ်းနေကြပါတယ်.. မလှမ်းမကမ်းက ရေပေးဝေရေး ဌာနတစ်ခုကနေ ရေကို ကားနဲ့သယ်ယူဖို့ စီစဉ်ကြပေမဲ့ ရေပေးဝေရေး ဌာနကလည်း ရေမလုံလောက်တော့တဲ့အတွက် ရေပေးဝေမှု အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြန်တော့ ကျွန်မတို့တွေရဲ့ ဘ၀ဟာ မိုးမှတစ်ပါး အားထားစရာ မရှိတော့ပါဘူး… မိုးသာမရွာခဲ့ရင် စိုက်လက်စ ယာတွေ၊ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေ   အိုး အားလုံး အားလုံးကို ဆုံးရှုံးရပါတော့မယ်..

ကျွန်မရဲ့ စိတ်တွေဟာလည်း ပြင်ပ ကမ္ဘာလောကကြီးနဲ့ ထပ်တူ ပူလောင်ကျွမ်းမြေ့လို့ ရှေ့ဆက်ဘယ်လိုများ စခန်းသွားရမလဲဆိုတာကိုဘဲ ပူပန်နေမိပါတယ်.. ကျွန်မတို့ မိသားစုအတွက် နေ့လည်စာ ပြင်ဆင်နေပေမဲ့လို့ အာရုံတွေက စုစည်းလို့မရဘဲ နွေနေရဲ့ ရိုက်ခတ်မှုနဲ့ ညိုးရော်ခြောက်သွေ့လို့ပါဘဲ.. စိတ်မကြည်မသာနဲ့ တံလျှပ်တွေ တစ်ရိပ်ရိပ်ထနေတဲ့ အပြင်ကို လှမ်းကြည့်လိုက်စဉ်မှာဘဲ ၆နှစ်အရွယ် ကျွန်မသားလေးရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုလေးတစ်ခုကို တွေ့လိုက်ရပါတယ်.. သားလေးဟာ ကျွန်မတို့အိမ်နောက်ဘက်က သစ်ရွက်တွေကြွေပြီး သွေ့ခြောက်စ ပြုနေတဲ့ တောအုပ်ကလေးထဲကို ဦးတည်ပြီး သွားနေတာပါ.. ဒါပေမဲ့ ထူးဆန်းတာက သူ့အမူအရာ… သူ့ပုံစံက တောအုပ်ကလေးဆီကို ကလေးတစ်ယောက်ရဲ့ ပုံမှန်အတိုင်း သွားရိုးသွားစဉ် ပုံစံမျိုးမဟုတ်ဘဲ တစ်ခုခုလုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ အလေးအနက်နဲ့ သွားနေတဲ့ပုံစံမျိုးပါ.. နည်းနည်း အလှမ်းဝေးနေတော့ ကျွန်မလဲ သားလေးရဲ့ နောက်ကျောကလေးကိုဘဲ မြင်နေရပါတယ်.. စောင့်ကြည့်နေတုန်းမှာဘဲ သားလေးဟာ တောအုပ်ကလေးထဲ ၀င်ရောက် ပျောက်ကွယ်သွားပါတယ်.. မိနစ်အနည်းငယ် အကြာမှာတော့ သားလေးက သစ်တောအုပ် ကလေးထဲကနေ အိမ်ဘက်ကို အပြေးကလေး ပြန်ထွက်လာပါတော့တယ်.. ဒါနဲ့ ကျွန်မလည်း သူလုပ်ချင်တာ တစ်ခုခု သွားလုပ်ခဲ့ပြီးပြီ နေမှာပါလေဆိုပြီး နေ့လည်စာ စီစဉ်နေတဲ့ဘက်ကို အာရုံ ပြန်စိုက်လိုက်ပါတယ်..

နောက် မိနစ်အတန်ကြာပြန်တော့ သားလေးဟာ တောအုပ်ကလေးဘက်ဆီကို တစ်ခါ ပြန်သွားနေတာ တွေ့ရပြန်ပါတယ်.. ပြီးတော့ ပြန်ပြေးထွက်လာပြန်တယ်.. ဒီလို့နဲ့ အကြိမ်ရေ တော်တော်များများ တောအုပ်ကလေးထဲ ၀င်သွားလိုက်၊ အိမ်ဘက်ဆီ ပြန်ပြေးလာလိုက်နဲ့ အလုပ်ရှုပ်နေပုံ၊ တစ်စုံတစ်ခုကို သည်းကြီးမည်းကြီး စူးစူးစိုက်စိုက် လုပ်နေပုံရတဲ့ သားရဲ့ လှုပ်ရှားမှုတွေဟာ ကျွန်မအမြင်မှာ အတော်လေး ဆန်းကျယ်နေပါတော့တယ်.. ကျွန်မလဲ သိချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ဘဲ အိမ်အပြင်ဘက် အသာလေး ထွက်လာခဲ့ပြီး တောအုပ်ဆီဦးတည် သွားနေတဲ့ သားလေးရဲ့ နောက်ကို တိတ်တဆိတ် လိုက်ချောင်းမိပါတော့တယ်.. ဒီလို လိုက်ချောင်းတာကိုလဲ သားလေး မသိအောင် လုပ်ရသေးတယ်. မဟုတ်ရင် ကျွန်မလိုက်ကြည့်မှန်းသိရင် သူလုပ်နေတဲ့အလုပ်ကို ဆက်မလုပ်တော့ဘဲ ရပ်ပစ်လိုက်မှာ စိုးရသေးတယ်လေ..
ကျွန်မတွေ့လိုက်ရတာက သားလေးဟာ သူ့လက်ကလေး၂ဘက်ကို ခွက်ကလေးသဏ္ဍာန် ပြုလုပ်ပြီး အဲဒီလက်ကလေးထဲမှာ ရေတွေကိုဖြည့်လို့ ရေမဖိတ်အောင် သတိလေးနဲ့ သစ်တောအုပ်ဘက်ကို လမ်းလျှောက်သွားနေတာ ဖြစ်ပါတယ်.. ကြည့်ပါဦး.. သူ့လက်ကလေး သေးသေးလေးထဲမှာ ရေဘယ်လောက်များများ ပါနိုင်မှာမို့လဲ.. အလွန်ဆုံးပါလှ ဇွန်း၂ဇွန်း ၃ဇွန်းစာပေါ့.. ကျွန်မလဲ သားလေးရဲ့ အပြုအမူကို အတော်စိတ်ဝင်စားမိပြီး သူဝင်သွားတဲ့ တောအုပ်ထဲကို နီးနိုင်သမျှ နီးအောင် တိုးကပ်လို့ တိတ်ဆိတ်စွာဘဲ လိုက်ပါသွားမိပါတယ်.. သစ်ကိုင်းတွေ၊ သစ်ခက်ကလေးတွေဟာ သားလေးရဲ့ မျက်နှာကို ထိခိုက်ပွတ်တိုက်မိကြပေမဲ့ အဲဒါတွေကို အမှုမထားဘဲ လက်ကလေးထဲက ရေကိုသာ မဖိတ်အောင် ဂရုတစိုက်နဲ့ ရှေ့ဆက်သွားနေပါတယ်.. မကြာခင်မှာဘဲ ရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းလေးကတော့ ကျွန်မကို အံ့သြတကြီးနဲ့ ကြက်သေ သေသွားစေခဲ့ပါတယ်..

အိုး…. ဟိုရှေ့မှာ  များလိုက်တဲ့ သမင်လေးတွေပါလား. သားလေးက သမင်လေးတွေဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ လမ်းလျှောက်လို့ သွားနေခဲ့ပါတယ်.. ကျွန်မမှာ သားလေးအတွက် စိုးရိမ်ပူပန်စိတ်ကြောင့် လွတ်ခနဲအော်ဟစ်မိတော့မတတ် ဖြစ်သွားခဲ့ရပါတယ်.. ဒီလောက်များပြားလှတဲ့ သမင်တွေဟာ သားလေးကို တစ်စုံတစ်ရာ အန္တရာယ်ပေးလေမလားလို့ ကျွန်မ တုန်လှုပ်ခြောက်ခြားမိပေမဲ့ သမင်လေးတွေဟာ သားလေးကို ဘာအန္တရာယ်မှ မပေးရှာပါဘူး.. သားလေးဟာ သမင်အုပ်နားမှာ ဒူကလေးထောက်ပြီး ထိုင်ချလိုက်တာတွေ့ရပါတယ်.. ကျွန်မတွေ့လိုက်တာက သမင်ပေါက်စလေး တစ်ချို့ဟာ ရေငတ်လွန်းတဲ့ဒဏ်ရယ် ပူပြင်းလွန်းတဲ့ အပူဒဏ်ရယ်ကြောင့် အားပြတ်ပြီး မြေပြင်ပေါ်ကို လဲကျနေတာပါ.. ကျွန်မရဲ့သားကလေးလဲ ထိုင်ချလိုက်ရော လဲကျနေရှာတဲ့ သမင်လေးတစ်ကောင်ဟာ အားယူပြီး ခေါင်းကလေးကိုအသာမလို့ သားလေးရဲ့ လက်ကလေးထဲက ရေကို အငမ်းမရ သောက်နေရှာပါတော့တယ်.. တောထဲက သတ္တ၀ါလေးတွေတောင် ရေငတ်မွတ်ခြင်းကို ခံနေရပါပြီကောလား..

ရေကုန်သွားတော့ သားလေးဟာ ခုန်ထလိုက်ပြီး အိမ်ဘက်ကို ပြန်ပြေးပြန်ပါတယ်.. ကျွန်မလဲ သစ်ပင်နောက်ကို ကပျာကယာလေး ပုန်းလိုက်ရပါတယ်.. ပြီးတော့ သားလေးနောက်ကို အပြေးကလေး လိုက်ရပြန်ပါတယ်.. ဘာလို့ဆို ခုလိုရေ ရှားပါးနေတဲ့အချိန်မှာ ရေပိုက်ကို တအားဖွင့်လိုက်ရင် အပြင်ကို ရေတွေလျှံထွက်ကုန်ပြီး အလဟဿဖြစ်မှာ စိုးမိလို့ပါ. ဒါပေမဲ့ သားလေးက ကျွန်မတို့ စုဆောင်းသိုလှောင်ထားတဲ့ နည်းနည်းသာကျန်တော့တဲ့ ကန်ထဲကရေကို ယူဖို့ ပိုက်ကို ဖြေးဖြေးလေး လှည့်ဖွင့်လိုက်ပါတယ်.. ကန်ထဲက ရေတွေဟာ တစ်စက်ချင်း သားလေးရဲ့ လက်ကလေးထဲကို စီးကျနေပါတယ်..  ဒူးကလေးထောက်ပြီး တစ်စက်ချင်း စီးကျနေတဲ့ ရေတွေကို လက်ခွက်ကလေးနဲ့ ခံယူနေတဲ့ သားရဲ့ နောက်ကျောကို နေရောင်က တောက်ပစူးရှစွာ ဖြာကျနေပါတယ်.. သားလေးက ပြီးခဲ့တဲ့အပတ်က ဒီကန်ထဲက ရေကိုဖွင့်ပြီး ဆော့ကစားခဲ့လို့ ဒီလောက်ရေရှားပါးချိန်မှာ ဆော့ရပါ့မလားဆိုပြီး ကျွန်မက အပြစ်ပေးခဲ့ဖူးပါတယ်.. ဒါကြောင့်လဲ ကလေးဟာ သမင်လေးကို ကူညီမဲ့ကိစ္စမှာ ကျွန်မကို အသိမပေးရဲတော့ဘဲ တိတ်တဆိတ် လုပ်နေတာဘဲ ဖြစ်ပါတယ်.. ပြီးတော့ ရေပိုက်ကလေးကို တစ်စက်ချင်းသာ ကျအောင် သူ့မှာ ဖွင့်နေရှာတာပါ။  ရေကတစ်စက်ချင်းမို့ သူ့လက်ခွက်လေးထဲ ရေပြည့်ဖို့ကိုဘဲ အတော်အချိန်ကြာပါတယ်..

သူ့လက်ကလေးနဲ့ ရေပြည့်ပြီလဲဆိုရော မတ်တပ်ရပ်လိုက်ပြီး တောအုပ်ဖက်ဦးတည်မယ်လုပ်တော့  သူ့နောက်မှာ ရပ်နေတဲ့ ကျွန်မကိုတွေ့သွားပြီး တုန်လှုပ်သွားဟန်နဲ့ မျက်ဝန်းမှာလည်း မျက်ရည်လေးတွေ ရစ်ဝဲလာပါတယ်.. “သား.. သား ရေကို အလကားဆော့တာ မဟုတ်ပါဘူးမေမေ.. ”  သူ့အသံ တုန်တုန်ရီရီလေးနဲ့ ကျွန်မကို ပြောရှာပါတယ်.. သူ့လက်ထဲက ရေတွေဟာလည်း သားလက်ကလေးထဲကနေ လျှောကျကုန်ပါတော့တယ်.. ကျွန်မလဲ သားလေးကို သိုင်းဖက်လိုက်ပြီး မီးဖိုချောင်ထဲကို ခေါ်လာခဲ့ပါတယ်.. ပြီးတော့ အိုးကလေးတစ်ခုထဲကို ရေထည့်ပေးလိုက်ပြီး သားကိုပေးလိုက်တော့ ပြုံးရွှင်သွားတဲ့ သားကလေးရဲ့ အပြုံးက ဘာနဲ့မှ နှိုင်းမရအောင် ကြည်စင်လှပလွန်းနေတယ်..

ရေအိုးကလေးကိုင်ထားတဲ့ သားလေးနဲ့အတူ တောအုပ်ဖက်ကို ကျွန်မပါ လျှောက်လိုက်ခဲ့ပါတယ် .. သမင်အုပ်နား ရောက်ချိန်မှာတော့ သစ်ပင်တစ်ပင်ရဲ့ အနောက်နားလေးမှာဘဲ ကျွန်မ ကျန်နေခဲ့လိုက်ပါတယ်.. ရေတိုက်တာက သားလေးရဲ့ လုပ်လက်စအလုပ်မို့ သမင်လေးတွေရော သားလေးကိုပါ  ကျွန်မကြောင့် အနှောက်အယှက် မဖြစ်စေချင်တာကြောင့်ပါ။ သမင်အုပ်ကြီးအလယ်က အားပြတ်လဲကျနေတဲ့သမင်လေးတွေကို တစ်ကောင်ပြီးတစ်ကောင် ယုယစွာ ရေတိုက်ကျွေးနေတဲ့ သားလေးကိုကြည့်ပြီး ငယ်ရွယ်သေးတဲ့  ၆နှစ်အရွယ် ကျွန်မရဲ့သားလေးမှာ ဒီလောက်လှပ မွန်မြတ်တဲ့ စိတ်ထားကလေး ရှိနေတာ ကျွန်မ ဂုဏ်ယူလိုက်တာ၊ ပီတိဖြစ်လိုက်ရတာ၊  ကြည့်စမ်းပါဦးနော်.. ဘယ်လောက်များ လှပလိုက်တဲ့ မြင်ကွင်းလေးလဲရှင်.. သားလေးရဲ့ ဖြူစင်တဲ့ အကြင်နာတရားကို တောတွင်းတိရိစ္ဆာန်တွေဖြစ်တဲ့ သမင်လေးတွေကတောင် နားလည်လို့ ဘယ်ကိုမှ ထွက်မပြေးကြဘဲ သားလေးအနားမှာ ၀ိုင်းနေလိုက်ကြတာ.. ကမ္ဘာပေါ်မှာ အလှဆုံး မြင်ကွင်းကလေးပါဘဲလေ.. ဒီမြင်ကွင်းကိုကြည့်ရင်း  မျက်ရည်စက်များက ကျွန်မပါးပြင်ပေါ် တစ်လိမ့်ချင်း စီးကျလာပါတယ်.. တစ်စက်ပြီး တစ်စက်.. တစ်စက်ပြီးတစ်စက်..

ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရင်း ကျွန်မပြောလိုက်မိတာကမိုးမင်းကြီးရယ်.. ကျွန်မရဲ့ သားကလေးဟာ သမင်ကလေးတွေအပေါ် ကြင်နာသနားစွာ ရေတိုက်ကျွေးပြီး အသက် ကယ်လိုက်သလို ပူပြင်း ခြောက်သွေ့နေတဲ့ ဒီဒေသလေး စိမ်းလန်းစိုပြေလာပြီး ကျွန်မတို့တတွေ ရှေ့ဆက်ပြီး အသက်ရှင်သန်နိုင်ခွင့် ရအောင် မိုးကလေးများ ရွာသွန်းလို့ပေးပါလားရှင်… ဆိုတဲ့စကားဘဲ ဖြစ်ပါတော့တယ်….

-------------------------------------------------------------------------------------------------//
၆နှစ်အရွယ် ကလေးငယ်ကလေးကတောင် ဒုက္ခရောက်နေသူများကို ကူညီဖို့ အသိတရားရှိတယ်ဆိုရင် အသက်အရွယ် ရောက်နေပြီဖြစ်တဲ့ ကျွန်မတို့တွေလည်း ဒုက္ခရောက်နေသူများကို စာနာသနား ကြင်နာစိတ်ကလေးထားပြီး ကူညီသင့်ကြပါတယ်နော်...
-----------------------------------------------------------------------------------------------//

The Water of Life (Author Unknown) ကို ဘာသာပြန်ဆိုပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)

သောကြာကြယ်နဲ့ လရဲ့မြင်ကွင်း



အောက်ကပုံတွေမှာပေါ့.. လနဲ့ သောကြာကြယ်လို့ ခေါ်တဲ့ ဗီးနပ်စ်ဂြိုလ်တို့ နီးနီးကပ်ကပ် ဖြတ်သွားတာကို မြန်မာနိုင်ငံကနေ မြင်လိုက်ရတဲ့ မြင်ကွင်းလေးတွေ...


























၁၆.၅.၂၀၁၀ မနေ့က ည၆နာရီခွဲလောက်မှာ သူငယ်ချင်းတစ်ယောက်က ဂျီတော့ကနေ လှမ်းပြောတယ်.. အပြင်ကို ခုချက်ချင်း ထွက်ကြည့်လိုက်တဲ့.. ထွက်တော့ကြည့်ပါရဲ့.. မိုးသားတွေက မဲမှောင်နေလို့ ဘာကိုမှ မတွေ့လိုက်ရပါဘူး.. အိမ်က ညီမလေးကလဲ ဖုန်းဆက်လာတယ်.. မမရေ ကောင်းကင်မှာ ကြယ်နဲ့ လနဲ့ နီးနေတာ မြင်ရလားတဲ့.. ဒီမှာတော့ လူတိုင်းက ထွက်ကြည့်နေကြတယ်.. တဲ့... သူ့ကိုလဲ မမြင်ရကြောင်း ပြန်ပြောလိုက်ရတယ်.. သူ့ခမျာ အစ်မလုပ်သူ မမြင်လိုက်ရမှာစိုးလို့၊ မြင်စေချင်လို့ ဖုန်းဆက်ပြီးပြောကာမှ ဒီက ဘာမှ မမြင်လိုက်ရပါဘူး.. ဒါပေမဲ့ မနက် လင်းလို့ ကွန်ပျူတာလဲဖွင့်ရော မေလ်းထဲမှာ ပုံလေးတွေက ရောက်နေပြီ.. ဒါကြောင့် မမြင်လိုက်ရသူများ မြင်ရအောင် ပိုစ့်လေး တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်.. ဒီလို ကြယ်နဲ့လနဲ့ နီးလို့ ဘာတွေဖြစ်လာမလဲ၊ ဘာတွေဖြစ်နိုင်မလဲ မေးရင်တော့ ကျွန်မ ဘာမှ မသိပါဘူးလို့ဘဲ ပြောရမှာပါ.. ဘာလို့ဆို ကိုယ်က နက္ခတ်ပညာရှင် မဟုတ်တာကြောင့်ပါ..  မမေးနဲ့နော်...         :)  :)
















တော်တော်နီးနီးကပ်ကပ်ပါဘဲနော်























ပုံတွေကိုတော့ First Eleven ဂျာနယ်ကရယ်၊ မောင်ငယ်လေး ကိုဖြိုးပို့ပေးတဲ့ Forward Mail ထဲကရယ် ရတာပါ.. ဓာတ်ပုံ ရိုက်တဲ့သူကို မသိလို့ နံမည် မဖော်ပြပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်.. ရိုက်ထားတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ပို့ပေးတဲ့ ကိုဖြိုးကိုလည်း ကျေးဇူးတင်ပါတယ်.. ကျွန်မတို့လို မမြင်တွေ့လိုက်ရတဲ့ သူတွေ အတွက် ပုံလေးမှာ မြင်ခွင့်ရလိုက်တာလည်း ကျေနပ်စရာပါဘဲရှင်.. ဒီအဖြစ်အပျက်က သောကြာကြယ်(ဂြိုလ်) နဲ့ ကမ္ဘာရဲ့ကြားကို လက ဖြတ်သွားတာကြောင့် ဖြစ်လာတာလို့ သိရပါတယ်. ဒီလိုအဖြစ်အပျက်ဟာ ဖြစ်တောင့်ဖြစ်ခဲ ကြုံတောင့်ကြုံခဲ  ဖြစ်တတ်တဲ့ အကြောင်းအရာ ဆိုတာလည်း သိရပါတယ်.. ဒါကြောင့်လဲ ဘာရယ်မဟုတ်ပေမဲ့ အမှတ်တရ သိမ်းထားချင်တာရော.. မမြင်ရသူတွေ မြင်ရဖို့ရော ဒီကနေ ပြန်တင်ပေးလိုက်တာပါ။ လောလောဆည် သတင်းကောင်းတစ်ခုက ဒီမနက် မြန်မာပြည်မြို့ရွာ အနှံ့အပြားမှာ မိုးရွာပါပြီတဲ့... ဒီလိုဆိုရင်တော့ သောကြာကြယ်နဲ့ လနဲ့နီးတာ အကောင်းတွေဖြစ်မယ်လို့ မျှော်လင့်ရမယ် ထင်ပါရဲ့နော်..












အားလုံးကို လေးစားချစ်ခင်စွာဖြင့်










ချော(အစိမ်းရောင်လွင်ပြင်)

မီးတူးနေတဲ့ ဘီစကစ်လေးများ





photo from Here


ကျွန်မရဲ့ဘ၀မှာ ဘယ်တော့မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို သတိတရလေး ပြောပြချင်မိပါတယ်.. ကျွန်မငယ်စဉ် မူလတန်းကျောင်းသူဘ၀ရဲ့ တစ်ခုသော ရက်တစ်ရက်မှာပေါ့.. ကျွန်မတို့မေမေက အလုပ်ကနေပြန်ရောက်ပြီးရင် မိသားစု ညစာစားဖို့အတွက် အမြဲတမ်း ပြင်ဆင် ချက်ပြုတ်ရပါတယ်... အဲဒီနေ့ကလည်း ခါတိုင်းလိုပါဘဲ.. မေမေဟာ အလုပ်ကနေ ပြန်ရောက်တာနဲ့ ကျွန်မတို့အားလုံးအတွက် ညစာ ပြင်နေပါတယ်.

မေမေပြင်ဆင်နေတဲ့ ညစာက ကြက်ဥကြော်၊ ၀က်အူချောင်းနဲ့၊ တော်တော်လေးကို မီးတူးနေတဲ့ ဘီစကစ်လေးတွေပါဘဲ.. အဲဒီဘီစကစ်တွေဟာ မေမေကိုယ်တိုင် လုပ်ထားတဲ့ ဘီစကစ်တွေလည်း ဖြစ်ပါတယ်..  ညစာစားတဲ့ စားပွဲမှာ ဆေးရုံကနေ တာဝန်ပြီးလို့ ပြန်ရောက်နေတဲ့ ကျွန်မရဲ့ ဖေဖေလည်း ထိုင်နေပါတယ်..  မေမေရဲ့ မီးတူးနေတဲ့ ဘီစကစ်တွေကို ကြည့်ပြီး ကျွန်မစိတ်ထဲ တွေးနေမိတာက ဒီ မီးတူးနေတဲ့ မုန့်တွေအကြောင်း ဖေဖေဘယ်တော့များ သတိပြုမိပြီး မေမေ့ကို ပြောတော့မလဲ ဆိုတာပါဘဲ…

ဒါပေမဲ့ ဖေဖေဟာ သူ့လက်က ဘီစကစ်တွေဆီ ရောက်သွားခဲ့ပေမဲ့ ဘာမှ သတိမပြုမိတဲ့ ပုံစံနဲ့ ပါးစပ်ထဲ ကောက်ဝါးလိုက်ရင်း ကျွန်မကိုသာ ဒီနေ့ကျောင်းမှာ အဆင်ပြေရဲ့လား ဘာတွေထူးသေးလဲလို့ မေးလာပါတယ်. အဲဒီချိန်မှာ ကျွန်မက ဘီစကစ်ချပ်လေးတွေပေါ်ကို ထောပတ်တွေသုပ်လိမ်းပြီး ယိုတစ်ထပ် ပြန်သုပ်ကာ ၀ါး စားနေခဲ့ပါတယ်.. ဖေဖေ့မေးခွန်းကို အဆင်ပြေကြောင်းသာ ပြန်ပြီး ဖြေဖြစ်ခဲ့ပါတယ်..

အဲဒီနေ့က ညစာ စားပြီးချိန်ထိအောင် ဖေဖေဟာ မီးတူးနေတဲ့ ဘီစကစ်ကိစ္စကို မေမေ့ကို ပြောဖို့ဆိုဖို့ မပြောနဲ့ သတိထားလိုက်မိဟန်တောင် မတူပါဘူး… ကျွန်မက ညစာစားတဲ့ စားပွဲကနေ ထဖို့ စဉ်းစားလိုက်မိတဲ့ အချိန်မှာဘဲ မေမေ့ဆီက “ ဒီနေ့တော့ ဘီစကစ်လုပ်တာ မီးတူးသွားတဲ့အတွက် တောင်းပန်ပါတယ်” ဆိုတဲ့အသံ ထွက်လာပါတယ်.. ဒီမှာတင်ဘဲ မေမေ့ကို ပြန်ပြောလိုက်တဲ့ ဖေဖေရဲ့ စကားကို ကျွန်မ ဘယ်တော့မှ မေ့လို့မရခဲ့တာပါ။

“ကိစ္စမရှိပါဘူး မိန်းမရယ်.. ကိုယ်က မီးတူးနေတဲ့ ဘီစကစ်တွေကို စားရတာ သဘောကျပါတယ်” တဲ့

အဲဒီညမှာ ကျွန်မဟာ ညအိပ်ရာဝင်ဖို့ ဖေဖေ့ကို နှုတ်ဆက်တဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ အောင့်မထားနိုင်ဘဲ ဖေဖေ့ကို မေးလိုက်မိတာက “ ဖေဖေ.. မေမေရဲ့ မီးတူးနေတဲ့ ဘီစကစ်တွေကို တကယ်ကြိုက်တာ ဟုတ်ရဲ့လား ဟင်” ဆိုတာပါဘဲ… ဒီတော့ ကျွန်မဖေဖေဟာ သဘောထား ကြီးမားသူတစ်ယောက်ရဲ့ အပြုံးကလေးကို ပြုံးလိုက်ရင်း ကျွန်မကို ပွေ့ဖက်လိုက်ပြီး

“သမီး မေမေဟာ တစ်နေ့လုံးလဲ သူ့အလုပ်မှာ ပင်ပင်ပန်းပန်း လုပ်လာခဲ့ရတယ်.. အိမ်ပြန်ရောက်တော့လဲ မနားရဘဲ ဖေဖေတို့အတွက် ညစာ ချက်ပြုတ် ပြင်ဆင်ရသေးတယ်.. ဘီစကစ်လေး မီးတူးတဲ့ကိစ္စဟာ ဘယ်သူ့ကိုမှ ထိခိုက်စေတာ မဟုတ်လို့ အဲဒီကိစ္စကို အပြစ်တင်ခြင်းအားဖြင့် သမီးမေမေရဲ့စိတ်ကို ထပ်ပြီး မပင်ပန်းစေချင်ပါဘူးကွယ်..  ပြီးတော့ ဒီဘာမဟုတ်တဲ့ ဘီစကစ်လေး မီးတူးတာကို အပြစ်တင်လိုက်ရင် သမီးမေမေလဲ စိတ်အနှောက်အယှက် ဖြစ်သွားမယ်.. ဖေဖေခုလို သဘောကျကြောင်း ပြန်ပြောလိုက်တော့ သူလဲ စိတ်မသက်မသာ မဖြစ်တော့ဘဲ အရာရာအားလုံးဟာ ပြေပြေလည်လည် ပြီးမသွားခဲ့ဖူးလား.. တစ်ယောက်ရဲ့အမှားကို အပြစ်တင်နေတာထက်စာရင်  ခွင့်လွှတ်လိုက်တာက ပိုပြီး ပျော်စရာကောင်းပါတယ်..သမီးရယ် ”  လို့ ပြန်ပြောပါတယ်..

အိုး.. ကောင်းလိုက်တဲ့ ဖေဖေရဲ့ စကားလေးပါဘဲနော်.. ကျွန်မတို့တွေဟာ ဘာမဟုတ်တဲ့ ကိစ္စရပ်ကလေးတွေ၊ လူတစ်ယောက်ယောက်ရဲ့ အပြစ်အသေးအမွှားတွေကို ပုံကြီးချဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ပြောဆိုနေခဲ့ကြဖူးမယ်ထင်ပါတယ်.. ဘ၀မှာ ဘယ်အရာမှ ပြည့်စုံတယ် ဆိုတာမရှိသလို၊ လူတိုင်းဟာလည်း မကင်းနိုင်တဲ့ အမှားကလေးတွေ ရှိကြမှာပါနော်….. တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်ကြမယ်ဆိုရင် မီးတူးနေတဲ့ဘီစကစ်လေးတွေဟာလည်း ကောင်းမွန် ချိုမြိန်နေတတ်သလို မိသားစုဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေး တွေမှာလည်း တစ်ဦးအပြစ်ကို တစ်ဦးက ခွင့်လွှတ်လို့ တစ်ယောက်ရဲ့အမှားကလေးတွေကို တစ်ယောက်က သီးခံကြရင်း နေပျော်စရာ လူမှုဝန်းကျင်လေးတွေကို ဖန်တီးလို့ သာယာလှပတဲ့ ရေရှည်ဆက်ဆံရေးကို မျှော်ကိုးကာ မိမိချစ်သူ ခင်သူများနဲ့ ရာသက်ပန် အဆင်ပြေ ပျော်ရွှင်နိုင်ကြမှာပါနော်..

------------------------------------------------------------------------------------------//
ကျွန်မလဲ မီးတူးနေတဲ့ ဘီစကစ်လေးတွေတွေ့ရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါဦးမယ်ရှင်...



Bill Rayborn ရဲ့Burned Biscuits ကို နှစ်သက်မိသဖြင့် ဘာသာပြန် မျှဝေပါသည်။
အားလုံးဘဲ သာယာပျော်ရွှင်အဆင်ပြေသော လူမှုဝန်းကျင်ကို ဖန်တီးနိုင်ကြပါစေရှင်...

ချော(အစိမ်းရောင်လွင်ပြင်)