အားမာန်ပေးတဲ့ ဟင်းတစ်ခွက်


သရုပ်ဖော်ပုံ လူထုအသံအွန်လိုင်းဂျာနယ် မှကူညီပါသည်။








“မေမေ.. ဒီနေ့ ဘာဟင်းချက်ရမလဲဟင်”




မီးဖိုလေးထဲမှာ ထမင်းအိုးတည်နေသော အသက် ၁၂နှစ်အရွယ် ၇တန်းကျောင်းသူ သမီး အကြီး ငွေနှင်း ကလှမ်းမေးသည်.. စနေနေ့ ရုံးပိတ်ရက်မို့ ရုံးသွားစရာ မလိုသဖြင့် အိမ်က ရေတွင်းမှာ အ၀တ်လျှော်နေသော ဒေါ်ရွှေကြည် သမီးဖြစ်သူအမေးကို ပြန်ဖြေရန် အဖြေမဲ့သွားသည်.. လကုန်ရက်ရောက်ဖို့ကလဲ အဝေးကြီး လိုသေးသည်.. ပြီးတော့ သူမယောက်ျား ကိုထွန်းအေး ကလဲ အရင်ကတော့ ရုံးတစ်ခုမှာ ၀န်ထမ်း၊ ညပိုင်းတွင် ဆိုက်ကား နင်းရင်း အပိုဝင်ငွေ ရှာတတ်သည်.. လွန်ခဲ့သော ၅လခန့်က ကိုထွန်းအေး နင်းသော ဆိုက်ကားကို ကားတစ်စီးက ၀င်တိုက်ပြီး ကိုထွန်းအေး ခြေထောက် သွင်သွင် ကျိုးလေသည်.. ရုံးအလုပ်မှ နားလိုက်ရပြီး အိမ်မှာ အငြိမ်းစားဘ၀ ရောက်သွားတော့သည်. ဒေါ်ရွှေကြည်တို့မှာ သားသမီးလေးယောက် ရှိပြီး အကြီးဆုံးက ငွေနှင်း၊ အလတ်မ ငွေမှုန်၊ သားငယ် အောင်ထွန်း.. အငယ်ဆုံးလေး ငွေရည် အားလုံးက ကျောင်းသားတွေချည်း..





လောလောဆည် မိသားစု ၆ယောက်မှာ ၀င်ငွေရှိသူက ဒေါ်ရွှေကြည် တစ်ယောက်တည်းသာ.. သူမလစာနဲ့ မိသားစု ၆ယောက်ရဲ့ စားဝတ်နေရေးက ဘယ်လိုမှ လောက်ငှသည်မရှိ.. ဒေါ်ရွှေကြည်မှာလည်း ရုံးဝန်ထမ်းမို့ တစ်ခြား အပိုဝင်ငွေလဲ ရစရာမရှိ.. ရှာလဲ မရှာဖွေတတ်ပါ.. ဒီတော့ တစ်လလုံး သူမ၀င်ငွေလစာနဲ့ ဒီမိသားစု စားစရိတ် ကျောင်းစရိတ်က ခေါင်းခြောက်စရာ.. စဉ်းစားတိုင်း အိပ်မရတဲ့ ညပေါင်းလဲ မနည်းတော့.. ယခင်က စုဆောင်းထားသမျှလည်း ကိုထွန်းအေး ဆေးကုစဉ်က ကုန်ခဲ့ပြီ..





“မေမေ .. သမီးမေးတာလဲ မဖြေဘူး.. ဘာဟင်းချက်ရမလဲလို့”




သမီးကြီး ငွေနှင်းထံမှ အသံထပ်ပေါ်လာပြန်သဖြင့် ဒေါ်ရွှေကြည် အ၀တ်လျှော်နေရာမှ မီးဖိုဘက်ကို ရောက်သွားရသည်… ဆန်အိုး ထဲတွင် ဆန်လဲအတော် နည်းနေပြီ.. ကြက်သွန်ဖြူနီ၊ ဆီ ဘာမှ မကျန်တော့.. ချက်စရာ ဟင်းဖြစ်မဲ့ အရာတစ်ခုမှ မီးဖိုထဲတွင် ဒေါ်ရွှေကြည် မတွေ့မိပါ.. ဒီလ လကုန်ထိအောင် ဘယ်လိုများ စခန်းသွားရပါ့.. တွေးပြီး တော်တော်ကို စိတ်ဆင်းရဲမိတော့သည်.. ငွေနှင်းက ငပိရည်ကျိုတစ်ခွက်တော့ ကျိုထားပုံရသည်.. ထမင်းစားစားပွဲပေါ်တွင် ငပိရည်တစ်ခွက်တော့ တွေ့မိသည်။





နောက်ထပ် ဘာအရွက်လေး ချက်ရင်ကောင်းမလဲ …. မီးဖို ပြူတင်းပေါက်နားမှာ ရပ်ရင်း ဒေါ်ရွှေကြည် စဉ်းစားခန်း ၀င်နေမိပြန်သည်.. စဉ်းစားရင်း ခြံဝင်းထဲမှာ ချက်စရာ တစ်ခုခုတွေ့လို တွေ့ငြား လိုက်ကြည့်နေမိသည်.. ခြံထဲတွင် စိုက်ထားသော အသီးအရွက်မှာလည်း နေ့စဉ်နေ့တိုင်း ခူးစား၍ ကုန်သလောက်ဖြစ်နေပြီ.. ချဉ်ပေါင်ပင်လေးများဆို ငုတ်တိုလေးသာ ရှိတော့သည်.. ရွက်သစ်ပင် မထွက်နိုင်ရှာတော့.. ဆူးပုတ်ပင်ဆိုလျှင်လည်း ထိုနည်းအတိုင်း .. အရွက်ကြမ်းကြမ်းများသာ အပင်ပေါ်မှာ ဝေေ၀ဆာဆာ… ချက်စားစရာ ဘာမှကို မမြင်မိတော့.. လက်ထဲမှာလည်း ဈေးဝယ်ဖို့လည်း ငွေက မရှိသလောက်၊ ထိုစဉ် ဒေါ်ရွှေကြည် တစ်ဘက်ခြံထဲသို့ မျက်လုံးအကြည့်က ရောက်သွားမိသည်.. ဒေါ်လှအေး တို့ခြံတွင်းရှိ ဘူးစင်ကြီးက အသီးနဲ့ အရွက်ဝေေ၀ဆာဆာ.. စိမ်းစိမ်းစိုစို.. ဘူးရွက်ဟင်းချိုလေး ချက်လိုက်ရရင် သိပ်ကောင်းမှာဘဲ… ရလာသော စိတ်ကူးကို သမီးငွေနှင်းကို ပြောပြလိုက်ရင်း ဒေါ်လှအေးတို့ခြံမှာ ဘူးရွက်နည်းနည်း သွားတောင်းဖို့ ငွေနှင်းကို ပြောလိုက်မိသည်.. ဒေါ်ရွှေကြည်တို့ နယ်ဘက်တွင် တစ်ခြံနှင့်တစ်ခြံ ကိုယ့်ရှိအရွက် သူခူး.. သူ့ရှိအရွက် ကိုယ်ခူးသည့် အလေ့အထ ရှိသည်..





“အာ.. မေမေကလည်း ဒေါ်လှအေးက ပါးစပ်ဒီလောက်ဆိုးတာ .. သမီး မတောင်းချင်ဘူး မေမေရာ..”




“သွားလိုက်ပါ သမီးရယ်.. ငါးပိရည်ကျိုလေးနဲ့ ဘူးရွက်ဟင်းရည်လေး ချက်လိုက်ရင် စားလို့ဖြစ်ပြီဘဲ.. ဘူးရွက်လေးကို ငါးပိရည်လေးနဲ့ တို့စားလို့လဲ ကောင်းတယ်လေ.. လိမ္မာတယ် .. သွားတောင်းလိုက်နော်.. ”




ငွေနှင်း မသွားချင် သွားချင်နှင့် ထွက်သွားသည်.. သိပ်မကြာပါ… ၁၀ မိနစ်ခန့်တွင် မျက်နှာနီရဲလျှက် မျက်ဝန်းတွင် မျက်ရည်စများ စို့လျှက် ဘူးရွက်လေး လက်က ကိုင်ပြီး ပြန်ရောက်လာသည်.. ဒေါ်ရွှေကြည် အလန့်တကြား မေးလိုက်မိသည်။





“သမီး ငွေနှင်း ဘာဖြစ်လို့လဲဟင်.. ဘာလို့ ငိုလာတာလဲ”



ငွေနှင်းက ဘူးရွက်များကို ရေဇလုံထဲ ပစ်ချပြီး




“သမီးသွားတော့ ဒေါ်လှအေးက မရှိဘူး.. ဒါနဲ့ သူ့သမီး လဲ့လဲ့ဝင်း ဆီမှာ ဘူးရွက်ခူးမလို့လို့ပြောလိုက်တယ်.. လဲ့လဲ့ဝင်းက ခူးပါလို့ ပြောတာနဲ့ ခူးပြီးတော့ သမီးလဲ ပြန်ထွက်လာတယ်.. အိမ်အထွက်မှာ ဒေါ်လှအေးနဲ့ တွေ့တယ်.. သူက သမီးတို့ကို ရစရာမရှိဘူး ပြောလိုက်တာ  ဘူးရွက်လေးတောင် မ၀ယ်စားနိုင်ရ ကောင်းလား… သူများခြံမှာ လာခူးစားတာ မရှက်ဘူးလားနဲ့ စုံနေတာဘဲ… သမီးရှက်လိုက်တာ မေမေရယ်…” ပြောပြီး မျက်ရည်များ စီးကျလာပြန်သည်..




ဒေါ်ရွှေကြည် ရင်ထဲမှာ နင့်ကနဲ ခံစားလိုက်ရသည်.. ဘူးရွက်ကလေး သွားခူးမိတဲ့အတွက် အရှက်မရှိသူများ ဖြစ်ရပြီ.. သို့သော် ကြာကြာစိတ်မကောင်းမဖြစ်အား. မနက်စာအမှီ ချက်ရဦးမည်.. အငယ်နှစ်ကောင်က ဗိုက်ဆာသည် အော်နေပြီ.. သူတို့မှာ မနက်စာကိုလည်း အများတကာလို ကောင်းကောင်းမွန်မွန် စားရရှာသည်မဟုတ်.. ထမင်းကြမ်း တစ်ယောက်နည်းနည်းစီသာ ကျွေးထားရသည်.. ခုဘဲ မနက် ၁၁နာရီ ရှိနေပြီဆိုတော့ မနက် ၆နာရီလောက်က ထမင်းကြမ်းသည် ဗိုက်ထဲမှာ ဘာမှကျန်တော့မည်မဟုတ်..





အိုးတစ်လုံးထဲ ရေထည့် ဆားအချိုမှုန့်၊ ငပိလေးအနည်းငယ်ထည့် တစ်လုံးတည်းကျန်နေသော ခရမ်းချဉ်သီး ကိုဖဲ့ရွဲ့ပြီး ထည့်လိုက်သည်.. ပွက်ပွက်ဆူလာသောအခါ ရေဆေးပြီး သင်ထားသော ဘူးရွက်ကို ဟင်းအိုးထဲထည့်ပြီး ခနအကြာ အိုးပေါ်မှ ချလိုက်ရင် မိသားစုအားလုံးစားဖို့ ထမင်းခူးခပ်ပြင်ဆင်လိုက်သည်.. အားလုံးပြင်ဆင်ပြီး ကိုထွန်းအေးကို ထမင်းစားခေါ်သည်.. သားသမီး ၄ယောက်ကိုလည်း အော်ခေါ်သည်.. ကိုထွန်းအေးက အိမ်ရှေ့ သစ်ပင်အောက်ရှိ ကုလားထိုင်လေးပေါ်မှာ စာဖတ်နေရာမှ တုတ်ကောက်လေးကို အားပြုကာ အိမ်တွင်းသို့ ထမင်းစားရန် ၀င်လာသည်.. ကလေးအငယ် ၃ယောက်လည်း ပြေးပြေးလွှားလွှား ထမင်းစားပွဲကို လာထိုင်ကြသည်.. အကြီးမ ငွေနှင်းမှာ ထမင်းဝိုင်းသို့ရောက်မလာ..



ကိုထွန်းအေးက မေးသည်..



“သမီးကြီးရော ထမင်းမစားဘူးလား”




ဒေါ်ရွှေကြည် ဘာဖြေရမှန်းမသိ… သူသိပါသည်.. သမီးကြီးငွေနှင်းက အသက်ကလေးကလည်း သိတတ်သည့် အရွယ်ရောက်လာပြီ ရှက်ရကောင်းမှန်းသိလာပြီ.. ဟိုဘက်အိမ်က ဒေါ်လှအေးစကားက သမီးရဲ့ နှလုံးသားနုနုကို ထိခိုက်စေခဲ့ပြီ.. သူမ ထမင်းဝိုင်းမှ အသာထလိုက်ရင်း သမီးကို ထမင်းစားဖို့ သွားခေါ်တော့ သမီးက အခန်းထဲမှာ တရှုံ့ရှုံ့ငိုကောင်းတုန်း..



“သမီး.. သမီးအဖေ မေးနေတယ်.. မငိုနဲ့တော့ .. လာထ ထမင်းစားရအောင်နော်.. ”


“သမီးမစားချင်ဘူး မေမေရာ.. ”




“မစားချင်လို့ မရဘူးသမီး သမီးအဖေ စိတ်မကောင်းဖြစ်လိမ့်မယ်.. လာပါ ထပါသမီးရယ်.”




ငွေနှင်း မျက်ရည်စကို အသာသုတ်၍ ထမင်းဝိုင်းသို့ လိုက်လာသည်.. ကိုထွန်းအေးက သူ့သမီးကို မြင်တာနှင့် ငိုထားမှန်း သိလေပြီ..



“သမီးငွေနှင်း ဘာဖြစ်တာလဲ အဖေ့ကို ပြောစမ်းပါဦး.. ဘာလို့ငိုထားတာလဲ..”




မေးလိုက်မှ ငွေနှင်းမျက်ရည် ဆည်ကျိုးသလို ပိုးပိုးပေါက်ပေါက် သွန်ကျလာလေသည်.. ပြီးတော့ ဘူးရွက် သွားတောင်းတုန်းက ဒေါ်လှအေး ပြောလိုက်တဲ့စကားတွေအကုန် ငိုရှိုက်ရင်းက လုံးစေ့ပတ်စေ့ ပြောလေတော့သည်.. ငွေနှင်းစကားကို နားထောင်ရင်း ကိုထွန်းအေးမျက်နှာ နီရဲလာသည်..



“မိန်းမ မင်းက ဘာလို့ သွားတောင်းခိုင်းရတာလဲကွာ ..မရှိရင် ရှိတဲ့ဟင်းနဲ့စားပေါ့.. နောက်ဘယ်တော့မှ ဒီလို မဖြစ်စေနဲ့… အင်း ငါတို့ကလဲ ဟုတ်တော့ ဟုတ်ပါတယ်.. မိသားစု ၆ယောက်မှာ ပိုက်ဆံရှာနိုင်တဲ့သူက မရှိတော့ ဒီလိုအပြောခံဖို့ ဖြစ်လာတာဘဲပေါ့.. ငါတို့လဲ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး တစ်ခုခု လုပ်မှ ဖြစ်တော့မယ်… ”




“ကျွန်မကတော့ ရုံးဆင်းချိန်နဲ့ ရုံးပိတ်ရက်တွေမှာ အိမ်တွေလိုက်ပြီး အ၀တ်လျှော်မယ်လို့ စိတ်ကူးတယ်.. ဒါဆို အရင်းအနှီးလဲ မလိုဘူး.. အပိုဝင်ငွေလဲ ရလာမယ်လေ.. ”




“မိန်းမ မင်းက ရုံးသမားနော်.. သေချာစဉ်းစားဦး.. ဒီလို အ၀တ်လိုက်လျှော်ရင် မင်းရုံးက လူတွေသိရင် မင်းအတွက် ရှက်စရာဖြစ်မယ်..”




“အိုး ဘာလို့ ရှက်ရမှာလဲ ကိုထွန်းအေး.. ပိုက်ဆံမရှိလို့ သူများဆီမှာ ဘူးရွက်ကလေး သွားတောင်းမိတာ ဘယ်လောက်အပြောခံလိုက်ရသလဲ.. ဒါကသာ ရှက်စရာကောင်းတာ… အ၀တ်လျှော်တာ တောင်းစားတာလဲ မဟုတ်ဘူး.. မရှက်ဘူး.. ကျွန်မ လုပ်ကိုလုပ်မယ်…”




“အေး .. ငါကတော့ ငါငယ်ငယ်က ဘကြီးဆီက သင်ခဲ့ဘူးတဲ့ ကြိမ်ခြင်းတွေယက်တဲ့ အလုပ်ကို အိမ်မှာ ယူလုပ်ဖို့ စိတ်ကူးရတယ်.. အိုးမကွာအိမ်မကွာပေါ့ကွာ.. ပင်ပန်းတာလဲ မဟုတ်တော့ ငါ့ခြေထောက်လဲ သုံးစရာမလိုဘူး.. ဒီလိုဆို ငါလဲ အိမ်အတွက် ၀င်ငွေရှာပေးနိုင်မယ်လေ..”




သမီးသမီးအကြီးငွေနှင်းက ၀င်ပြောသည်.. “အဖေနဲ့အမေ သမီးလဲ ကျောင်းအားတဲ့အချိန်တွေမှာ ဒေါ်တင်မာ့ဆီက အကြော်တို့ မုန့်ဖက်ထုပ်တို့ကို ယူပြီး ရပ်ကွက်တွေမှာ လိုက်ပြီးရောင်းမယ်လေ.. ”




“ဖြစ်မလားသမီးရယ်.. စာကျက်ချိန်တွေ လျှော့သွားမှာပေါ့”




ဒေါ်ရွှေကြည်က သမီးကို စိတ်ပူစွာ ၀င်ပြောလိုက်သည်။




“ဖြစ်ပါတယ်မေမေရယ်.. ညကျရင် အချိန်ယူပြီး စာပိုကျက်မှာပေါ့..”




“မေမေ သမီးလဲ မမနဲ့အတူ ဈေးလိုက်ရောင်းကူမယ်လေ.. ” ၁၀နှစ်သမီး ငွေမှုန်လေးကပါ ၀င်ပြောသည်။




“သားလဲ မမတို့နဲ့ လိုက်မယ်..”




၃တန်းကျောင်းသားလေး အောင်ထွန်းကပါ စိတ်ဝင်တစား ၀င်ပြောလေသည်။ ထိုနေ့က ထမင်းဝိုင်းမှာ မည်သူမှ ထမင်း ဟုတ်တိပတ်တိ မစားဖြစ်လိုက်.. မိသားစု ၀င်ငွေရရှိရေးအတွက် ၀ိုင်းစဉ်းစားကြရင်း အားလုံးက တက်ကြွနေကြသည်.. ဒီနေ့တော့ ဒေါ်ရွှေကြည်တို့ မိသားစုကို ဒီလို ကိုယ်စီကိုယ်ငှ အလုပ်လုပ်ကြဖို့ ခွန်အားပေးလိုက်တာက စားပွဲပေါ်က ဘူးရွက်ဟင်းလေး တစ်ခွက်ဘဲ ဖြစ်ပါလိမ့်မည်.. ပိုက်ဆံမရှိ၍ သူများထံမှာ အောက်ကျ နောက်ကျခံရခြင်းထက် မိမိလုပ်အားနဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး စားရသော ထမင်းက ပိုချိုကြောင်း၊ လိပ်ပြာသန့်ကြောင်းကို သိလိုက်ရပါပြီ..





နောက်နေ့မှစ၍ သူတို့မိသားစု အလုပ်ကိုယ်စီ လုပ်ကြသည်.. ဖခင်ဖြစ်သူက အိမ်မှာ ချက်ပြုတ်ရင်း ခြင်းတောင်းများကို ယက်သည်။ မိခင် ဒေါ်ရွှေကြည်က ရုံးတစ်ဘက်နှင့် အားချိန်တွင် အိမ်တကာလည်၍ အ၀တ်လျှော်သည်။ သားသမီးများက ကျောင်းအားချိန်တွင် ရပ်ကွက်များတွင် ဈေးလိုက်ရောင်းသည်။ ထိုနည်းဖြင့် အိမ်စားရိတ်၊ ကျောင်းစားရိတ် လုံလောက်စွာ ရလာသည့်အပြင် အပိုဝင်ငွေ လေးများ စုမိဆောင်းမိအောင် မိသားစုတစ်ခုလုံး တက်ညီလက်ညီ ကြိုးစားကြလေသည်။ သိပ်မကြာခင်ကာလတွင် အိမ်ဆိုင်ကလေး တည်လာနိုင်ပြီး ကလေးများလည်း ရပ်ကွက်တွင်း ဈေးလိုက်ရောင်းစရာ မလိုတော့ဘဲ တည်တည်ငြိမ်ငြိမ်နှင့် အိုးမကွာ အိမ်မကွာ စာကျက်ရင်း ဈေးရောင်းလာနိုင်ကြသည်။





ထိုချိန်မှစ၍ နှစ်ပေါင်း ၁၅ နှစ်ကြာတဲ့အချိန်မှာတော့ ဒေါ်ရွှေကြည်ဟာ သူမရဲ့ရုံးမှာ လက်ထောက် ညွှန်ကြား ရေးမှူး ဖြစ်နေခဲ့ပါပြီ… ဒေါ်ငွေနှင်းကတော့ တက္ကသိုလ်တစ်ခုမှာ တွဲဘက်ပါမောက္ခ ဖြစ်နေခဲ့ပြီး အလတ်မလေး ငွေမှုန်ကတော့ ဆေးရုံတစ်ခုမှာ ဆရာဝန်မလေးပါ.. သားအငယ်ဖြစ်သူ အောင်ထွန်းမှာ နိုင်ငံရပ်ခြား တစ်နိုင်ငံမှာ အလုပ်လုပ်နေခဲ့ပါပြီ.. အငယ်ဆုံးလေး ငွေရည်က နည်းပညာတက္ကသိုလ်မှာ တက်ရောက်လို့နေခဲ့ပါပြီ..





------------------------------------------------------------------------------------------




ဒီဇာတ်လမ်းလေးကို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပြောပြချက်အရ ရေးဖွဲ့ဖြစ်ပါတယ်… နံမည်မှ လွဲ၍ ကျန်တဲ့အချက်အလက်များသည် တကယ့် အဖြစ်မှန်ပေါ်တွင် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ ဘ၀တွင် သင်ခန်းစာယူ၍ ကြိုစားမည် ဆိုလျှင်ဖြင့် မအောင်မြင်လာစရာအကြောင်း ဘာမှမရှိပါဆိုတာ သက်သေပြနေသလို အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု သဘောထား၍ ကြိုးစားခဲ့သော ထိုမိသားစုလေးကို အတုယူအားကျဖို့ ဒီဝတ္ထုလေးကို ရေးဖွဲ့ဖြစ်ပါသည်။






ချော(အစိမ်းရောင်လွင်ပြင်)

အမှားလေးတစ်ခု


အမှားလေးတစ်ခု


---------------------------------------------

တစ်ခါက တောင်ခြေတစ်ခုမှာ သာယာလှပပြီး နေချင်စဖွယ် ရွာလေးတစ်ရွာ တည်ရှိပါတယ်.. ရွာနဲ့ မလှမ်းမကမ်း တောင်ပေါ်မှာတော့ ရေခဲတောင်တွေဆီကနေ ရေခဲတွေ အရည်ပျော်ပြီး စီးဆင်းလာတဲ့ ရေတွေဟာ ရေကန်ကြီးတစ်ကန် ဖြစ်ပေါ်စေခဲ့ပါတယ်..။ အဲဒီကန်ထဲကမှ တဆင့် ရေတွေဟာ ရေတံခွန်ငယ်ကလေးအဖြစ် တောင်အောက်ကို စီးကျလာပြီး အောက်ရောက်တဲ့အခါမှာတော့ စမ်းချောင်းလေးအဖြစ်နဲ့ ရွာကလေးကို ကွေ့ကာ ၀ိုက်ကာနဲ့ ဖြတ်ပြီး စီးဆင်းလာပါတယ်.. ရေကန်ကြီးရဲ့ ပတ်ပတ်လည်မှာတော့ ထူထပ်တဲ့ တောအုပ်ကြီး ရှိနေပါတယ်..





ဒါကြောင့် ကျေးရွာ အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ကန်ကြီးထဲက ရေတွေ စမ်းချောင်းလေးထဲကို ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်းနဲ့ စီးဆင်းလာနိုင်ဖို့အတွက် ရေကန်ကြီးရဲ့ ပန်ဝန်းကျင်ကို သန့်ရှင်းရေး လုပ်ဖို့နဲ့ ရေကန်ပတ်လည်ကို အမြဲတမ်း ကြည့်ရှုနိုင်စေဖို့ဆိုပြီး အဖိုးအို တစ်ယောက်ကို ငှားရမ်းလိုက်ပါတယ်.. အဖိုးအိုဟာ ရေကန်ကြီးတစ်လျှောက် အမြဲတမ်း လှည့်ပတ်ကြည့်ရှုပါတယ်.. ရေကန်ထဲကို ကျရောက်မဲ့ သစ်ရွက်သစ်ခက်များ၊ သစ်ကိုင်း သစ်ဆွေးခြောက်များ စတာတွေကို ဂရုတစိုက်နဲ့ အမြဲတမ်း ဖယ်ရှားပေးပါတယ်..




သူဟာ အလုပ်အပေါ် တာဝန်ကျေတာထက်ပိုပြီး စေတနာနဲ့ ကြိုးကြိုးစားစား လုပ်လေ့ရှိပါတယ်.. ဒါကြောင့်လဲ ကန်ထဲကရေတွေဟာ အချိန်တိုင်း သန့်ရှင်းစိမ်းမြနေပြီး ရေတံခွန်လေးကနေ တစ်ဆင့် စမ်းချောင်းလေးအဖြစ်နဲ့ ရွာထဲကို အဟန့်အတားမရှိ ကြည်လင်စွာ အမြဲတမ်း စီးဆင်းခွင့် ရနေခဲ့ပါတယ်။ သာယာလှပတဲ့ ရွာကလေးဟာ အခြားမြို့ရွာကနေ အလည်လာသူများ ပျော်ပွဲစား ထွက်လာသူများနဲ့ အမြဲတမ်း စည်ကားနေတတ်ပါတယ်.. ဖန်သားပြင်လို ကြည်လဲ့နေတဲ့ စမ်းချောင်းလေးထဲမှာ ငွေငန်းဖြူတို့ကလဲ ပျော်ရွှင်ချမ်းမြေ့စွာ လူးလာခေါက်တုံ ကူးခတ်ပျော်ပါး ဆော့ကစားနေကြပါတယ်။ စက်ရုံအလုပ်ရုံ များစွာဟာလည်း စမ်းချောင်းလေးက ရေကို အားပြုပြီး နေ့ရောညပါ လှည်ပတ်နေကြပါတယ်. လယ်မြေဧကပေါင်းများစွာကိုလည်း စမ်းချောင်းကလေးဆီက ရေကို သွယ်ယူလို့ လယ်မြေတွေကို စိမ်းလန်းနေစေတော့တာပါဘဲ..




လှပလွန်းတဲ့ ရွာကလေးရဲ့ ရှုခင်းတွေကြောင့်လဲ အနားယူအပန်းဖြေသူများနဲ့ တစ်ဖြေးဖြေး စည်ကားလို့ လာနေပါတယ်.. လာလည်ကြတဲ့ ဧည့်သည်တွေဟာ တည်းခိုရာ ဘန်ဂလိုတွေ၊ စားသောက်ဆိုင်တွေမှာ အနားယူ အပန်းဖြေပြီး ရွာကလေးရဲ့ ရှုခင်း အလှအပတွေကို တစ်မေ့တစ်မော ကြည့်ရှုခံစားကြပါတယ်..




ဒီလိုနဲ့ နှစ်အနည်းငယ်ကြာတဲ့ အခါ တစ်ညနေမှာတော့ ရွာကလေးရဲ့ အုပ်ချုပ်သူအဖွဲ့ဝင်တွေဟာ နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ကျင်းပကြပါတယ်.. ရွာကလေးရဲ့ သာရေး၊ နာရေးတွေမှာ အသုံးပြုတဲ့ ငွေစာရင်းတွေကို ညှိနိုင်းစည်းဝေးကြပါတယ်.. တစ်ယောက်သော ရွာလူကြီးက ရေကန်ကြီးကို ကြည့်ရှု စောင့်ရှောက်ဖို့ ငှားထားတဲ့ အဖိုးအိုအတွက် ပေးထားတဲ့ လစာ စာရင်းကိုထောက်ပြပြီး




“ဒီလစာငွေတွေဟာ အလကား သက်သက် ကုန်ကျနေတာဖြစ်တယ်.. ဒီလူကို မလိုအပ်ဘဲနဲ့ ဘာကြောင့်များ တစ်နှစ်ပြီးတစ်နှစ် လစာငွေတွေ ပေးပြီး ငှားထားရတာလဲ.. သူတောင်ပေါ်မှာ နေပြီး အလုပ်လုပ်တယ် မလုပ်ဖူး ဆိုတာလည်း ဘယ်သူကမှလည်း မြင်ရတာမဟုတ်ဘူး.. သူမရှိလည်း ရေကန်ထဲက ရေတွေက စီးမြဲစီးဆင်းနေမှာဘဲ.. ကြည်လင်မြဲ ကြည်လင်နေမှာဘဲ.. ဒီတော့ မလိုအပ်ဘဲ ပိုက်ဆံအကုန်အကျ မခံသင့်ဘူး..” လို့ ပြောပါတယ်.. အဲဒီလူကြီးရဲ့ စကားကြောင့် ရွာအုပ်ချုပ်သူတွေကြားမှာ အဖိုးကြီးကို ဆက်ငှားသင့်မငှားသင့် မဲခွဲပြီး ဆုံးဖြတ်ကြတဲ့အခါမှာ မငှားဖို့က မဲအရေအတွက် များတဲ့အတွက် သန့်ရှင်းရေးလုပ်သူ အဖိုးကြီးကို နောက်လက စလို့ ဆက်ပြီး မငှားကြတော့ပါဘူး..




ရက်သတ္တပတ် အနည်းငယ် အတွင်းမှာတော့ တစ်စုံတစ်ရာ အပြောင်းအလဲ မရှိပေမဲ့ ဆောင်းဦးပေါက်ရာသီ ရောက်လာချိန်မှာတော့ ရေကန်ပတ်လည်မှာရှိတဲ့ သစ်တောအုပ်ကြီးထဲက သစ်ပင်တွေဟာ သစ်ရွက်တွေ ၀ါရော်ခြောက်သွေ့လာပြီး လေပြေအဝေ့မှာ ကန်ရေပြင်ထဲကို ကြွေကျလာပါတော့တယ်.. သစ်ကိုင်းတစ်ချို့ တွေဟာလည်း ခြောက်သွေ့ပြီး ရေကန်ထဲကို ကျိုးကျကုန်ပါတယ်.. အဲလို ရေကန်ထဲကို ပြုတ်ကျတဲ့ သစ်ကိုင်းခြောက်တွေ၊ ညိုးနွမ်းကြွေကျတဲ့ သစ်ရွက်ခြောက် တွေဟာ ပုတ်သိုးဆွေးမြေ့ပြီး ကြည်လင်သန့်ရှင်းစွာ စီးဆင်းနေတဲ့ ရေတွေကို တစ်ဖြေးဖြေး အရောင်ပြောင်းစေလာသလို ရေစီးဆင်းရာမှာလည်း အဟန့်အတား ဖြစ်လာစေပါတော့တယ်..




တစ်နေ့မှာတော့ ခုလိုအပြောင်းအလဲကို ဖြစ်လာတာကို လူတစ်ယောက်က အရင်ဆုံး သတိပြုမိလိုက်ပါတယ်.. သူဟာ စမ်းချောင်းလေးရဲ့ ရေစီးကြောင်းထဲမှာ ခပ်ညိုညိုအရောင်တွေ ရောပါလာတာကို တွေ့လိုက်မိပါတယ်. ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့ထားလိုက်ပြီး အရေးတယူ မပြုလိုက်မိပါဘူးတဲ့.. နောက် ရက်အနည်းငယ် ထပ်ကြာ ချိန်မှာတော့ စမ်းချောင်းလေးရဲ့ ရေဟာ ပိုပြီး ညိုမှောင်လို့ လာနေပါပြီ… ရေထဲမှာလည်း သစ်ရွက်ဆွေး ပုတ်တွေဟာ စမ်းချောင်းလေးထဲ မျှောပါလာနေပြီး မကောင်းတဲ့ အနံ့တွေဟာလည်း ထွက်စ ပြုလာပါတော့တယ်.. ရေအားနဲ့ လည်ပတ်ရတဲ့ စက်ရုံတွေဟာလည်း ရေထဲမှာ ပါလာတဲ့ သစ်ကိုင်းသစ်ခက်တို့ကြောင့် လည်ပတ်နှုန်းတွေနှေးလာပါတယ်..




ရေထဲမှာ မြူးတူး ပျော်ပါးဆော့ကစားနေကြတဲ့ ငွေငန်းဖြူ အုပ်စုဟာလည်း မဲမှောင်နံစော်လာတဲ့ ချောင်းရေကိုစွန့်ခွာလို့ အဝေးကို ထွက်သွားကြပါပြီ.. အခြားမြို့က ခရီးသွားတို့ဟာလည်း တစ်ဖြေးဖြေးနဲ့ အလည်အပတ် လာရောက်ခြင်း နည်းပါးလာနေပါပြီ။ ညစ်ပတ်နံစော်တဲ့ ချောင်းရေကို သောက်သုံးနေရတဲ့အတွက် ရွာသူရွာသားတွေမှာလည်း အဖျားအနာ၊ ၀မ်းရောဂါ စတာတွေ စွဲကပ်လို့ လာနေပြီဖြစ်ပါတယ်..




ဒီတော့မှ ရွာကို အုပ်ချုပ်သူ လူကြီးတွေဟာ အရေးပေါ် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပရပါတော့တယ်.. ခုချိန်မှာ သူတို့ရဲ့ မမြင်သင့်တဲ့ ငွေကြေးကလေးကို နှမြောမိတဲ့အတွက်၊ ဆုံးဖြတ်ချက်မှားခဲ့မိတဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်လာခဲ့ရတာကို သဘောပေါက်ကြပါတော့တယ်.. ဒါကြောင့် ရေကန်ကို သန့်ရှင်းရေး လုပ်ဖို့အတွက် အရင်က ငှားခဲ့တဲ့ တောင်ပေါ်က အဖိုးကြီးကို ပြန်ပြီး ငှားရမ်းလိုက်ကြပါတယ်.. အဖိုးကြီးကို ပြန်ငှားလိုက်ပြီး တစ်လခန့် ကြာတဲ့အခါမှာတော့ သစ်ရွက်သစ်ခက်တွေ၊ သစ်ကိုင်းဆွေးတွေ ဖယ်ရှားသန့်ရှင်းပြီးလို့ ကန်ရေပြန်ဟာ ပြန်ပြီး ကြည်လင်လာပါတော့တယ်..




စမ်းချောင်းထဲကိုလည်း အေးမြကြည်လင်တဲ့ရေတွေ ပြန်ပြီးစီးဆင်းလာတာမို့ ငွေငန်းဖြူတို့ကို မြူးတူးဆော့ကစားနေတာ ပြန်တွေ့ရပြီ ဖြစ်သလို ဧည့်သည်တွေလဲ ပြန်လည်ရောက်ရှိလာကြပါပြီ.. ရေအားနဲ့လှည်ပတ်ရတဲ့ စက်ရုံတွေလည်း ဘီးတွေ တစ်ဝှီးဝှီး လည်ပတ်လို့ပေါ့.. ခုတော့လည်း ရွာကလေးက အေးချမ်းသာယာပြီး ရွာသားတွေလည်း ပျော်ရွှင်ကြည်နူးလို့ နေပါတော့တယ်..။





——————————————————————————————————————-။




တစ်ခါတစ်လေမှာတော့ ကျွန်မတို့ရဲ့ ဘ၀မှာ အသေးအမွှားလေးရယ်လို့ ယူဆပြီး ဂရုမစိုက်မိတတ်ကြတဲ့ ကိစ္စလေးတွေဟာ အင်မတန်မှ ကြီးကျယ်သော ဆုံးရှုံးနစ်နာမှုများကို ကြုံတွေ့လာရတတ်ကြောင်းနဲ့ ဂရုမစိုက်မိတဲ့ အမှားလေးများကိုလည်း အချိန်မှီလေး ပြုပြင်လိုက်မယ် ဆိုရင် ဆုံးရှုံးနစ်နာမှု နည်းပါးနိုင်ကြောင်း ဒီဇာတ်လမ်းဖတ်ပြီး အသိရလိုက်မိတာကြောင့် ဘယ်အရာကိုဘဲ ဖြစ်ဖြစ် ဂရုတစိုက် အလေးအနက်ထားပြီး လုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကို သတိပေးရင်း စာဖတ်သူများကိုလည်း ပြန်လည်ဝေငှပါတယ်ရှင်..








(Charles R. Swindoll ရဲ့ Keeper Of The Spring ကို ဘာသာပြန် ရေးဖွဲ့ပါသည်။)




ပျော်ရွှင်ငြိမ်းချမ်းကြပါစေ။




ချော(အစိမ်းရောင်လွင်ပြင်)

သမီးလေးရဲ့ စွန့်လွှတ်ခြင်း


သမီးလေးရဲ့စွန့်လွှတ်ခြင်း

----------------------------------

တစ်နေ့မှာ ကျွန်မတို့နေတဲ့မြို့နဲ့ သိပ်မဝေးကွာလှတဲ့ မြို့ငယ်ကလေးမှာ အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်သွားခဲ့ပါတယ်.. မုန်တိုင်းကြောင့် လူပေါင်းများစွာ အိမ်ခြေတွေ ပျက်စီးဆုံးရှုံးရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ်.. မြို့နယ် သတင်းစာတွေမှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်သူတွေ၊ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးကြသူတွေရဲ့ သတင်းတွေ အဆက်မပြတ် ဖော်ပြနေကြပါတယ်..




တနင်္ဂနွေနေ့မှာ ထုတ်တဲ့ သတင်းစာတစ်စောင်မှာ ပါလာတဲ့ ပုံလေးတစ်ပုံနဲ့ သတင်းလေးတစ်ပုဒ်ကြောင့် ကျွန်မရင်ထဲ ထိထိခိုက်ခိုက် ခံစားလိုက်ရပါတယ်.. ပုံထဲမှာ မုန်တိုင်းကြောင့် ပြိုလဲပျက်စီးကျနေတဲ့ အိမ်ငယ်ကလေးတစ်လုံးရဲ့ ရှေ့မှာ မျှော်လင့်ချက်ဟူသမျှ အကုန်ဆုံးရှုံးထားသူ တစ်ယောက်ရဲ့ စိတ်ဆင်းရဲ ညှိုးငယ်နေတဲ့ မျက်နှာ၊ ဆင်းရဲပင်ပန်း နာကျင်နေတဲ့ မျက်နှာမျိုးနဲ့ မိန်းမငယ်တစ်ယောက် ရပ်နေခဲ့ပါတယ်.. သူမရဲ့ ဘေးနားမှာတော့ မျက်လွှာကို အောက်စိုက်ချထားတဲ့ အသက်၇နှစ်အရွယ် ကောင်လေး တစ်ယောက်နဲ့ စကတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ကင်မရာကို ထိတ်လန့် တုန်လှုပ်စွာ ငေးစိုက်ကြည့်နေတဲ့ အသက်၅နှစ်အရွယ် ကလေးမလေးတို့ ရှိနေကြပါတယ်..





ပုံလေးနဲ့အတူ တွဲဖက်ပါလာတဲ့ သတင်းလေးက မုန်တိုင်းဒဏ်ကြောင့် အရာရာ ဆုံးရှုံးသွားတဲ့ ဒီမိသားစုအတွက် သင့်တော်မဲ့ အ၀တ်အစားလေးနဲ့ အစားအသောက်များ လှူဒါန်းလိုသူရှိပါက လာရောက်ပေးကမ်း လှူဒါန်း နိုင်ကြောင်းလေးကို ဖော်ပြထားပါတယ်.. ဖော်ပြထားတဲ့ သတင်းနဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး ထိုမိသားစုလေးကို သနားမိသလို ကိုယ်ချင်းလဲ စာနာမိပါတယ်.. ပြီးတော့ ကျွန်မမှာလည်း ဒီကလေးတွေအရွယ် သားလေး၂ယောက်နဲ့ သမီးလေးတစ်ယောက် ရှိတာကြောင့် သားတို့ရဲ့ အ၀တ်အစားလေးတွေဟာ သူတို့နဲ့ သင့်တော်လောက်ပါတယ်.. ဒီလိုစဉ်းစားလိုက်မိတော့ ကျွန်မရဲ့ ကလေးတွေကို ဒုက္ခရောက်နေသူ၊ အကူအညီလိုအပ်နေသူ၊ ကိုယ့်ထက် ဆင်းရဲနွမ်းပါးသူများကို ကူညီချင်တတ်တဲ့ စိတ်ကလေး ဖြစ်လာအောင် လှုံ့ဆော် သင်ခန်းစာလေးပေးရင်း ဒီမိသားစုကို ကူညီဖို့ ပိုပြီး စိတ်ဝင်စားလာမိပါတော့တယ်..





ဒါကြောင့် ကျွန်မလဲ သတင်းစာမှာ ပါလာတဲ့ ဓာတ်ပုံလေးကို ဖြတ်ပြီးတော့ ရေခဲသေတ္တာမှာ ကပ်ထားလိုက်ပါတယ်.. ပြီးတော့ ကျွန်မရဲ့ ၇နှစ်အရွယ် သားအမွှာ ၂ယောက်နဲ့ ၅နှစ်အရွယ် သမီးလေးတို့ကို ဒီမိသားစုရဲ့ အဖြစ်အပျက်နဲ့ ဆင်းရဲဒုက္ခအကြောင်းကို ရှင်းပြပါတယ်.. “မေမေတို့မှာ ပစ္စည်းတွေ၊ စားစရာတွေ၊ အ၀တ်တွေ အများကြီးရှိပေမဲ့ ဒီမိသားစုမှာကျတော့ ဘာမှ မရှိရှာဘူး.. အ၀တ်တောင်ဝတ်စရာ မရှိအောင် ဒုက္ခရောက်နေကြတယ်.. မရှိဆင်းရဲတဲ့ လူတွေကို တတ်နိုင်သလောက် ကူညီသင့်တယ်.. ဒီတော့ မေမေတို့က ကိုယ့်မှာ ရှိတာလေးတွေ သူတို့ကို ပြန်ပြီး ဝေငှပေးကြရအောင်” လို့ ပြောပြရပါတယ်..





ထို့နောက် ကျွန်မက ထပ်ခိုးပေါ်မှာ တင်ထားခဲ့တဲ့ သေတ္တာ ၃လုံးကို ယူချလာပြီး အိမ်ဧည့်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ ချထားလိုက်ပါတယ်.. ပြီးတော့ သေတ္တာ တစ်လုံးထဲကို စည်သွပ်ဘူးများ၊ အခြားကြာရှည်ခံ စားသောက်ဖွယ်ရာများ၊ ဆပ်ပြာနဲ့ လူသုံးပစ္စည်းတို့ကို ထည့်နေပါတယ်.. သမီးးအငယ်လေးဟာ ကျွန်မလုပ်နေ ကိုင်နေတာကို ဘေးကနေရပ်ပြီး အလေးအနက်နဲ့ စူးစူးစိုက်စိုက် မျက်တောင်မခတ်တမ်း ကြည့်နေခဲ့ပါတယ်..





နောက်သေတ္တာတစ်ခုထဲကို ကျွန်မတို့မိသားစုအတွက် မ၀တ်ဖြစ်တော့တဲ့ အ၀တ်ဟောင်း ကလေးတွေကို စီပြီးထည့်နေတုန်း ကျွန်မရဲ့ကလေးတွေကို သူတို့ မကြိုက်တော့တဲ့ အရုပ်လေးတွေ သွားယူလာပြီး မုန်တိုင်းဒဏ် ခံရတဲ့ မိသားစုကို ပေးကမ်းတဲ့ပစ္စည်းတွေနဲ့အတူ ထည့်ပေးလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်.. အမွှာ၂ယောက် ပြေးထွက် သွားကြပြီး သူတို့ မကြိုက်တော့တဲ့ အရုပ်ဟောင်းများ၊ ကစားစရာဟောင်းများ အသီးသီး သွားယူလာကြတာကို အငယ်ဆုံး သမီးလေးဟာ ငြိမ်ငြိမ်သက်သက် ကြည့်နေခဲ့ပါတယ်. ဒါနဲ့ ကျွန်မလဲ “သမီးလေး မေမေဒီအ၀တ်တွေထည့်ပြီးရင် ဟို ကလေး မလေးအတွက် ကစားစရာတစ်ချို့ သမီးလေးရဲ့ အရုပ်တွေထဲကနေ သွားယူပေးလိုက်မယ်နော်..” လို့ပြောလိုက်ပါတယ်..





အမွှာ၂ယောက်ကတော့ သူတို့ ယူလာခဲ့တဲ့ အရုပ်တွေကို သေတ္တာတစ်ခုထဲကို ထည့်နေ ကြပါတယ်.. ဒီစဉ်မှာဘဲ သမီးငယ်လေးဟာ အခန်းထဲကို ၀င်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ အရုပ်ကလေး တစ်ရုပ်ကို ကိုင်လာပါတယ်.. အဲဒီအရုပ်ကလေးက သမီးလေးရဲ့ အနှစ်သက်ဆုံး လူစီလို့ သူအမည်ပေးထားတဲ့ သူရဲ့ အချစ်တော် အရုပ်ကလေး.. သူကလေးဟာ သေတ္တာရှေ့မှာ ခေတ္တရပ်လိုက်ပြီး အရုပ်ကလေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ ဆေးခြယ်ထားတဲ့ လူစီအရုပ်မလေးရဲ့ ပါးပြင်ပေါ်ကို နောက်ဆုံးအနမ်းကလေး ပေးလိုက်ပါတယ်.. ပြီးတော့မှ သေတ္တာထဲကို သူမ အစ်ကိုတွေ ထည့်ထားတဲ့ အခြားအရုပ်တွေနဲ့အတူ ထည့်လိုက်ပါတော့တယ်..





“အိုး.. သမီးလေးရယ်.. လူစီလေးက သမီးအကြိုက်ဆုံး အရုပ်ကလေးမဟုတ်လား.. ဒီအရုပ်လေးကို ဘာလို့ပေးရတာလဲ.. သမီးမှာ တစ်ခြားအရုပ်တွေ အများကြီးရှိရက်နဲ့ကွယ်.. အဲဒီထဲက သမီးမကြိုက်တဲ့ အရုပ်ကလေးတွေ ပေးလိုက်လေ” လို့ ကျွန်မကပြောလိုက်တော့ သမီးလေးဟာ အရွယ်နဲ့မလိုက်အောင် လေးနက် တည်ကြည်မှုလေးနဲ့ ခေါင်းလေးကို အသာငြိမ့်လိုက်ပြီး “လူစီလေးကို သမီးသိပ်ချစ်ပါတယ်. မေမေရယ်.. သမီးကိုလည်း လူစီလေးက ပျော်ရွှင်မှုတွေ အများကြီးပေးခဲ့ပါတယ်.. ဟိုသနားစရာ ကောင်မလေးကိုလဲ လူစီလေးက ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်လို့ သမီးထင်ပါတယ်.. ဒါကြောင့်လဲ သမီးအရမ်းချစ်တဲ့ လူစီလေးကို သူ့အတွက် ထည့်ပေးလိုက်တာပါ. သူလဲ သမီးလိုဘဲ လူစီလေးကို ချစ်မှာပါ.. လူစီ့ကိုမြင်ရင် ပျော်သွားရှာမှာ” လို့ ပြန်ပြောပါတယ်..





သမီးလေးရဲ့ စကားအဆုံးမှာ ကျွန်မရင်ထဲ နင့်ခနဲဖြစ်သွားပြီး စကားမပြောနိုင်ဘဲ သမီးလေးကို ငေးစိုက်ကြည့်နေ မိပါတော့တယ်.. ဒီလူစီဆိုတဲ့ အရုပ်မလေးအပေါ် ထားတဲ့ တွယ်တာမြတ်နိုးမှုကို ကျွန်မက အသိဆုံးပါ။ သမီးလေးဟာ ဒီအရုပ်လေးကို ဘယ်သွားသွား လက်က မချတမ်း ယူသွားလေ့ရှိသလို ညအိပ်ရင်လဲ လူစီလေးနဲ့အတူ အိပ်လေ့ရှိပါတယ်.. တစ်ခြား ဘယ်အရုပ်တွေကိုမှ လူစီလောက် သူခင်တွယ်မှုလဲ မရှိပါဘူး.. ဒါကြောင့် လူစီဟာသမီးလေးရဲ့ ကိုယ်ပွားလေးလို့တောင် ပြောရင်ရတဲ့ အနေအထားပါ။





အမွှာဖြစ်တဲ့ သားကလေး၂ယောက်ဟာ သူတို့ ညီမရဲ့ အပြုအမူအတွက် ပါးစပ်လေးတွေ အဟောင်းသားနဲ့ ကြည့်နေကြရင်းက တစ်ယောက်က မပြောမဆိုနဲ့ အခန်းတွင်းသို့ ၀င်သွားပြီး သူ့အကြိုက်ဆုံး အရုပ်ကလေးကို သွားယူလာခဲ့ပါတယ်.. အရုပ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးနောက် သူ့ညီမလေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သေတ္တာလေးထဲက လူစီအရုပ်ကလေး ဘေးကို ထည့်သွင်းလိုက်ပါတော့တယ်.. ကျန်တဲ့ သားအမွှာ တစ်ယောက်ကလဲ သူမျက်နှာလေးဟာ တဖြေးဖြေးပြုံးလာပြီး ထိုင်ရာမှ ခုန်ထလိုက်ကာ သူ့အဖိုးတန် အရုပ်များထားရာ စင်ဆီကို ပြေးသွားပါတယ်.. ပြီးတော့ သူကြိုက်ဆုံး တန်ဖိုးအထားဆုံး ပြိုင်ကားကလေးကို သွားယူလာပါတယ်..





အဲဒီအချိန်လေးတွေမှာ ကျွန်မကလေးတွေရဲ့ မျက်လုံးလေးတွေဟာ ညအမှောင်ထုထဲက ကြယ်ပွင့် ကလေးရဲ့ အလင်းရောင်လေးလို တစ်ဖျတ်ဖျတ် လင်းလဲ့တောက်ပလို့ပါဘဲ.. အံ့သြစရာကောင်း လောက်အောင် ကျွန်မ နားလည် သဘောပေါက်လိုက်မိတာက သားအမွှာ၂ယောက်ဟာလည်း သူတို့ရဲ့ ညီမအငယ်လေးရဲ့ အပြုအမူကို နားလည် သဘောပေါက်ကြပြီး ညီမငယ်လေးလိုဘဲ သူတို့ မြတ်နိုးတန်ဖိုးထားတဲ့ အရုပ်ကလေးတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ.. သူတို့လေးတွေရဲ့ အပြုအမူအတွက် ရင်ထဲမှာ တစ်စုံတစ်ရာ ခံစားချက်တို့ဖြင့် ကျွန်မပါးပြင်ပေါ် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာကာ ကလေး၃ယောက်လုံးကို ချစ်ခင်ကြင်နာစွာ သိုင်းဖက်ထားလိုက်မိပါတော့တယ်..





ထို့နောက်တော့ ပေးမယ်လို့ရည်ရွယ်ပြီး သေတ္တာထဲ ထည့်ထားမိတဲ့ ကျွန်မရဲ့ အနွေးထည် အဟောင်းလေးကို ဖယ်ထုတ်လိုက်ပြီး မကြာခင်ကမှ ကြိုက်လွန်းလို့ ၀ယ်လာခဲ့တဲ့ အစိမ်းရောင် သက္ကလပ်အင်္ကျီ အသစ်စက်စက်လေးကို ထည့်လိုက်ပါတော့တယ်.. ကျွန်မဒီအင်္ကျီကို နှစ်သက်သလို ပုံထဲက ကလေးအမေ မိန်းမငယ်လေးဟာလည်း နှစ်သက်သဘောကျမယ်လို့ ကျွန်မယုံကြည်ပါတယ်..





ဒီမှာတင်ဘဲ ကျွန်မသဘောပေါက်လိုက်မိတာက လူတွေဟာ သူတို့အတွက် မလိုအပ်တော့တဲ့ ပစ္စည်း၊ သိပ်အရေးမပါတဲ့ ပစ္စည်းတို့ကိုဆို လွယ်လွယ်ကူကူ ပေးကမ်း စွန့်ကြဲ နိုင်ကြပေမဲ့ ကိုယ်သိပ်မြတ်နိုးတဲ့ ပစ္စည်း၊ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ပစ္စည်းဆိုရင် စွန့်လွှတ်နိုင်ဖို့ ခက်ခဲကြပါတယ်… တကယ်တမ်းတော့ ရက်ရောတယ်ဆိုတာ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ပစ္စည်း၊ ကိုယ်တကယ်မြတ်နိုးတဲ့ ပစ္စည်းကို စွန့်လွှတ်နိုင်မှ သာလျှင် ရက်ရောတယ်လို့ ခေါ်ဆိုထိုက်ပါတယ်.. ကိုယ့်အတွက် အသုံးမလိုတဲ့၊ ကိုယ်မမြတ်နိုးတဲ့ ပစ္စည်းတွေကို စွန့်လွှတ်နိုင်ခြင်းဟာ ရက်ရောခြင်းမမည်ပါဘူး..





ကျွန်မရဲ့ ၅နှစ်အရွယ် သမီးငယ်ကလေးကတော့ သူအလွန် ချစ်ခင်စုံမက်တဲ့ အရုပ်ကလေးကို တစ်ဘက်သား ပျော်ရွှင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပြီး ရက်ရက်ရောရောနဲ့ စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်.. ကလေးတွေကို အလှူဒါနပြုလုပ်တတ်ဖို့၊ ပေးကမ်းစွန့်ကြဲတတ်တဲ့ အသိကောင်း လေးတွေ ၀င်လာအောင် သွန်သင်ဆုံးမဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းပေးကမ်းဖို့ ကိစ္စကို ဆောင်ရွက်လိုက်ပေမဲ့ တကယ်တမ်းတော့ ကျွန်မကသာ သမီးငယ်လေးဆီက သင်ခန်းစာ ကောင်းလေးတစ်ခုကို မထင်မှတ်ဘဲ သင်ယူ ရရှိရလိုက်သူသာ ဖြစ်နေခဲ့ပါတယ်..





လူတွေရဲ့ အတ္တစိတ်ဟာ ကိုယ်မလိုအပ်တဲ့ အရာတွေကို အလွယ်တကူ ပေးကမ်းစွန့်လွှတ် နိုင်ကြပြီး ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ အရာတွေကိုတော့ အလွယ်တကူ စွန့်လွှတ်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်.. တကယ်တမ်းတော့ ကျွန်မရဲ့ အငယ်ဆုံး သမီးလေးဆီက ရလိုက်တဲ့ သင်ခန်းစာလေးလိုပါဘဲ.. ကိုယ့်ဆီမှာ အသုံးမလိုတဲ့ အရာတွေကို ပေးကမ်းနိုင်တာက စွန့်လွှတ်တာ မဟုတ်ဘဲ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေကို စွန့်လွှတ် ပေးကမ်းနိုင်ခြင်းသည်သာလျှင် ရက်ရောတဲ့ စွန့်လွှတ်ခြင်းလို့ ခေါ်ဆိုထိုက်တယ် မဟုတ်ပါလားရှင်။







Ruthie ရဲ့ Lucy ကို ဘာသာပြန် ခံစားရေးဖွဲ့ထားပါသည်။


ချော(အစိမ်းရောင်လွင်ပြင်)

နှလုံးရည်ပြည့်သူ


နှလုံးရည်ပြည့်သူ


------------------------------------

သူမတွင် အသက် ၅နှစ်အရွယ် ချစ်စဖွယ် သားကလေးတစ်ယောက် ရှိပါသည်။ ထိုသားကလေးသည် ဂီတ အနုပညာကို အလွန်အင်မတန်မှ ၀ါသနာပါလွန်းသောကြောင့် သူမက ကလေးအတွက် ဆရာတစ်ယောက်ကို အိမ်ခေါ်ပြီး စန္ဒရားလေ့ကျင့်ခန်းများကို စတင် သင်ကြားစေပါသည်။ ကလေးသည်လည်း အရွယ်နှင့်မလိုက်အောင် လေ့လာ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းအား မြှင့်မားလှလေသည်.. စန္ဒရားကိုလည်း ချစ်ခင် မြတ်နိုးလွန်းလှသည်။





တစ်နေ့တွင် သူမတို့မြို့မှာ ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ကျင်းပမည်ဟု သတင်းရလေသည်။ ထိုပွဲတွင် နိုင်ငံကျော်စန္ဒရားဆရာ တစ်ဦး လာရောက် ဖျော်ဖြေမည်ဟုလည်း သတင်းရတာကြောင့် ကလေးသည်လည်း သူမကို ကြည့်ချက်ကြောင်း ပူဆာလေသည်။ သူမကလဲ သားငယ်လေးဆန္ဒကို လိုက်လျောဖို့ ညပွဲအတွက် လက်မှတ် ၀ယ်ယူထားလိုက်ပါတော့သည်။







ည ၇နာရီလောက်တွင် သူမသည် သားလေးနှင့်အတူ ဂီတပွဲရှိရာ မြို့တော်ကြီးရဲ့ ပြဇာတ်ရုံသို့ ထွက်လာခဲ့ကြပါသည်။ ပြဇာတ်ရုံကြီးထဲ ရောက်သည့်အခါ လက်မှတ်ပေါ်က ခုံနံပါတ်လေးအတိုင်း နေရာရှာပြီး ထိုင်လိုက်စဉ်တွင် ဟိုဟိုဒီဒီ လိုက်ကြည့်မိတော့ သူမတို့ ထိုင်ခုံနှင့် မဝေးလှသော ၃တန်းမြောက်လောက်ခုံတွင် မတွေ့ရတာ အလွန်ကြာပြီ ဖြစ်သော သူမ၏ သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်စဉ်တွင် နှုက်ဆက်စကား ပြောချင်လာသောကြောင့် “သားလေး မေမေ ဟိုမှာ သူငယ်ချင်းကိုသွားနှုတ်ဆက်လိုက်ဦးမယ်.. သားဘယ်မှ မသွားနဲ့.. ဒီမှာဘဲ ငြိမ်ငြိမ်ထိုင်နေခဲ့နော်.. မေမေ ခုဘဲပြန်လာမယ် ” ဟု ပြောကာ သူငယ်ချင်းကို နှုတ်ဆက်စကားပြောဖို့ နေရာမှ ထလာခဲ့လေသည်။







ထိုစဉ်တွင် မည်သူမှ သတိမထားလိုက်မိသော အဖြစ်အပျက်တစ်ခုမှာ သူမ၏ သားငယ်ကလေးသည် ထိုင်ခုံမှ ထသွားကာ အခွင့်မရှိ မ၀င်ရဟု စာကပ်ထားသော စင်ထောင့်ဘက်အခန်းမှ တစ်ဆင့် ၀င်ရောက် ပျောက်ကွယ်သွားလေသည်။







သူငယ်ချင်းနှင့် စကားတွေကောင်းနေစဉ်တွင် ဂီတဖျော်ဖြေပွဲ စတင်တော့မည့် အရိပ်အယောင်ဖြစ်သော ပြဇာတ်ရုံ၏ မီးအလင်းရောင်သည် တစ်ဖြေးဖြေး မှိန်ဖျော့လာသောအခါတွင်မှ သူမ၏ ထိုင်ခုံနေရာသို့ ပြန်လာသောအချိန်တွင် သူမ၏သားမှာ ထိုင်ခုံတွင် ရှိမနေတော့ပေ။ ဆူဝေပြာလောင်မှုများဖြင့် သူမထိုင်ရမလို ထရမလို ဟိုကြည့်ဒီကြည့် ဖြစ်နေစဉ်တွင် စင်မြင့်ထက်မှ ကန့်လန့်ကာသည် ၂ခြမ်း ဟသွားပြီး ဆလိုက်မီးရောင် ခပ်စူးစူးလေး တစ်ခုကသာ စင်ပေါ်တွင် ခန့်ခန့်ညားညား ရှိနေသော စတိန်းဝေးစန္ဒရားကြီး၏ အပေါ်သို့ အလင်း ပေးလိုက်ပါတော့သည်။







အိုး… ဘုရားရေ… သူမ၏သား.. သူ…. စန္ဒရားရှေ့မှာ အကျထိုင်လို့ပါလား..







ထို့နောက်တွင်တော့ သူမသားလေးက စန္ဒရား ခလုပ်ကလေးများကို တို့ထိကာ သူတီးနေကျ တောက်ပတဲ့ကြယ်ကလေး သီချင်းလေးကို စပြီး တီးနေခဲ့ပြီ.. အိုး သူမ ဘာလုပ်ရမှာပါလိမ့်.. သူမ ထိုင်ခုံမှ ထပြီး သားလေးကို သွားခေါ်ရမည်လား ဘာလုပ်ရမှန်းမသိဘဲ သူမ၏ ပေါ့ဆမှုအတွက် မိမိကိုယ်ကို အပြစ်တင်ရင်း ဆောက်တည်ရာမရ ဖြစ်နေမိစဉ် နံမည်ကျော်စန္ဒရားဆရာကြီး စင်ပေါ်တက်လာလေသည်။ တစ်ခုခုဖြစ်တော့မည် ဟူသော အသိစိတ်ဖြင့် သူမနှလုံးခုန်သံများ အဆမတန် မြန်ဆန်လာတော့သည်။ စန္ဒရားဆရာကြီးက သူမ၏သားကို အော်ထုတ် လေမည်လား.. သို့မဟုတ် တစ်စုံတစ်ခု လုပ်လေမည်လားဟူသော စိုးရိမ်စိတ်တို့ဖြင့် သူမအသက်ရှုပင် ရပ်တန့်ထားလိုက်မိတော့သည်။







သို့သော် နံမည်ကျော် စန္ဒရား ဆရာကြီးသည် သူမ၏သား ရှိနေသောစန္ဒရားဆီသို့ တိုးကပ်သွားပြီးနောက် ကလေးလေး၏ ပုံခုံးလေးကို ညာလက်ဖြင့် အသာဖက်လိုက်ကာ နားနားကပ်ပြီး “မရပ်နဲ့နော် ကလေး… ဆက်ပြီးတီးနော်” ဟု တီးတိုးလေး ပြောလိုက်သည်ကို ဆရာကြီး၏ နှုတ်ခမ်းအလှုပ်ကို မှန်းဆ၍ သူမသိလိုက်ရလေသည်။







ပြီးလျှင်တော့ စန္ဒရားဆရာကြီး၏ ဘယ်လက်သည် စန္ဒရား၏ ခလုပ်ခုံများပေါ်သို့ ရောက်သွားပြီး သူမ၏သားလေး တီးနေသော တောက်ပတဲ့ ကြယ်ကလေးတီးလုံးအတွက် အဖြည့်တီးလုံးကလေးများကို လိုက်ပြီး တီးပေးနေလေတော့သည်။ နံမည်ကြီး ကျော်ကြားထင်ရှားလှသော အသက်ကြီးကြီး စန္ဒရားဆရာကြီးနှင့် မျိုးဆက်သစ် ပညာသင် ကလေးငယ်လေးတို့၏ မြိုင်ဆိုင်လှသော လက်သံသည် ဖျော်ဖြေပွဲကျင်းပရာ ကဇာတ်ရုံကြီးတစ်ခုလုံးရှိ ပရိတ်သတ် အပေါင်းတို့အား ညှို့ယူဖမ်းစား ထားလေတော့သည်။







ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေတစ်ရပ်မှ အင်မတန် ထူးခြားလှသော ဖျော်ဖြေပွဲအဖြစ်သို့ ပြောင်းလဲသွားအောင် ပြုလုပ်လိုက်နိုင်သူကား အတွေ့အကြုံ ရင့်ကျက်ကာ ပညာရည်ပြည့်ဝသော်လည်း ဂုဏ်မောက်မာခြင်းမရှိဘဲ နှလုံးရည် ပြည့်ဝလှသော စန္ဒရား ဆရာကြီးဖြစ်လေသည်။ ဆရာကြီသည် သူ၏ စန္ဒရားပညာတွင်သာ ထူးချွန် လှသည်မဟုတ် ပြဿနာရပ်ကိုလည်း ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းသွားနိုင်သော လေးစား လောက်ဖွယ် လူသားတစ်ဦး ဖြစ်လေသည်။ သူမမှာ ထိုမြင်ကွင်းကို ကြည့်ကာ သူမတစ်သက်တာတွင် မည်သည့်အခါမှ မေ့ဖျောက်နိုင်တော့မည်မဟုတ်သော ပုံရိပ်နှင့် အဖြစ်အပျက်အဖြစ် သူမနှလုံးအိမ်ထဲတွင် စွဲထင်နေတော့မည်ကား သေချာလှပါသည်။




The Great Lesson (Author Unknown ) ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။






ချစ်ခင်လေးစားစွာဖြင့်




ချော(အစိမ်းရောင်လွင်ပြင်)

ငါးလိမ္မော်





ဒီနေ့ စာမရေးချင်ဘူး ဖြစ်နေတယ်.. ဘာကြောင့်လဲဆိုတော့ နည်းနည်းပျင်းနေလို့ပါ.. ဒီတော့ ပျင်းပျင်းနဲ့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားမိတော့ ချက်နေကျ မဟုတ်တဲ့ ဟင်းတစ်မျိုးလောက် လုပ်စားမယ်လို့ စိတ်ကူးရပါတယ်.. ကရိကထလဲ သိပ်မများတဲ့ ဟင်းပေါ့နော်.. ဟင်းနံမည်က ငါးလိမ္မော် ပါ.. ဒီချက်နည်းလေးကို အားလုံးကို ပြန်ဝေမျှချင်တာကြောင့် ဓာတ်ပုံလေးနဲ့အတူ စာရေးပြီးတင်လိုက်ပါတယ်.. စာမရေးချင်ဘူးပြောပြီး ဟင်းချက်စားပြန်တော့ စာရေးမိတာ ပါဘဲနော်.. :)  ငါးလိမ္မော် ဆိုမှတော့ ငါးနဲ့ချက်ရတော့မယ်လေ… ဒီတော့ ဈေးသွားတဲ့ ညီမလေးကို ငါးတစ်ကောင်ဝယ်လာဖို့ မှာလိုက်ပါတယ်.. သူရောက်လာတော့ ပါလာတဲ့ငါးကို ကြေးခွံဖယ် ရေဆေး သန့်စင်ရပါတယ်..






ဒီငါးပေါ့.. ဟင်းချက်ခံဖို့ စဉ်းတီတုံးပေါ်အဆင်သင့် ဖြစ်နေပြီ။


ပုံမှာ ပါတဲ့အတိုင်းပါဘဲ.. စားမဲ့လူက ညီမလေးနဲ့ ၂ယောက်စာမို့ ဒီငါးသေးသေးနဲ့ လုံလောက်ပါပြီ.. ပြီးရင် ငါးကို အတုံး ခပ်ရွယ်ရွယ်လေးတွေဖြစ်အောင် တုံးရပါတယ်..





ခပ်ရွယ်ရွယ် တုံးထားတဲ့ ငါးများ




တုံးထားတဲ့ ငါးကို ဆား၊အချိုမှုန့်၊ အသားမှုန့် (ကြိုက်တတ်ရင်) ထည့်ပြီး နှံ့စပ်အောင်နှယ်ကာ ဆား၊ အချိုမှုန့်များ အသားထဲဝင်အောင် မိနစ် ၂၀ခန့် ခေတ္တ နှပ်ထားရပါတယ်.. ပြီးတော့ ကြက်ဥကို ဖောက်ပြီး အကြော်မှုန့်(ဂျုံမှုန့်) ကို ရေအေးနည်းနည်းနဲ့ ဖျော်ကာ ကြက်ဥနှင့် ပြန်ရောနယ်ပါတယ်.. အောက်က ပုံအတိုင်းပါ။





ကြက်ဥနဲ့ ဂျုံမှုန့်အနှစ်




ဆားနဲ့နယ်ထားတဲ့ ငါးတွေကို ကြက်ဥနဲ့ ဂျုံမှုန့် အနှစ်ရည်လူးပေးပြီး ကော်မှုန့်ပါးပါးပြန်ဖုံးကာ ဆီပူအိုးထဲတွင် အ၀ါရောင် သန်းလာသည်အထိ ကြော်ပေးပါ။





ငါးကြော်အိုး






ရွှေဝါရောင်သန်းလာအောင် ကြော်ထားတဲ့ငါးများ




ထို့နောက် ကြက်သွန်ဖြူကို နှုတ်နှုတ်စင်း၍ ဆီအနည်းငယ်နှင့် ဆီသတ်ပါ။ ပြီးလျှင် လိမ္မော်ရည်ကို ဆီအိုးထဲ လောင်းထည့်ပါ။ အရည်မှာ ဆားအနည်းငယ်ထည့် မွှေပေးပါ။





ဆီအိုးထဲကို လိမ္မော်ရည် လောင်းထားတာပါ




လိမ္မော်ရည် ခပ်ပျစ်ပျစ်လေး ဖြစ်လာအောင် ကော်မှုန့်အနည်းငယ်ကို အရည်ဖျော်ပြီး လောင်းထည့်လိုက်ပါတယ်… ဒီတော့ လိမ္မော်ရည်လေးက စေးပျစ်ပျစ်ကလေး ဖြစ်သွားပြီပေါ့နော်.. လိမ္မော်ရည် ချခါနီးမှာ နံနံပင်လေးတွေကို ပါးပါးရိပ်ရိပ်လှီးပြီး ထည့်လိုက်ပါတယ်…






ဒီလိုလေး ဖြစ်သွားတာပေါ့နော်.. အနံ့ကလေ မွှေးနေတာပါဘဲ.. သိလား




ပြီးသွားရင် ချက်ထားတဲ့ လိမ္မော်ရည်ပျစ်ပျစ်လေးကို ခုနက ကြော်ပြီးဆီစစ်ထားတဲ့ ငါးကြော်ပန်းကန်လေးထဲ လောင်းချလိုက်ပါတယ်.. ဒီတော့ စားချင့်စဖွယ် လိမ္မော်နံ့သင်းသင်းမွှေးနေတဲ့ ငါးလိမ္မော်ဟင်းလေး ရလာပါပြီ။ လိမ္မော်ရည်ကို စားခါနီးမှ ချက်ပြီးလောင်းချပါ။ မဟုတ်ရင် ငါးကြော်တွေ ပျော့အိပြီး စားမကောင်းတော့ဘဲ ဖြစ်ပါလိမ့်မယ်..






အရသာတစ်မျိုးထူးတဲ့ ငါးလိမ္မော်ဟင်းပါနော်.. ငါးကို ကြက်ဥဂျုံမှုန့်တို့နဲ့ ရောပြီး ကြော်ထားတဲ့အတွက် ရိုးရိုးကြော်တဲ့အရသာနဲ့မတူဘဲ အရသာ တမူ ထူးစေပါတယ်.. အချဉ် အစပ်ဟင်း မဟုတ်တဲ့ အနံ့သင်းသင်းနဲ့ ရိုးရိုး အချိုဟင်းလေးပါဘဲ… အစားကောင်းကြိုက်သူများ၊ ကိုယ်တိုင် ချက်စားချင်သူများအတွက် ဒီနေ့ချက်စားဖြစ်တာလေးကို ပြန်လည်ဝေမျှပေးခြင်း ဖြစ်ပါတယ်.. အသောက် ၀ါသနာပါသူများ အတွက်လည်း အမြည်းအနေနဲ့လည်း အဆင်ပြေ သင့်တော်မယ်လို့ ထင်ပါတယ်.. :) :)






စားကောင်းသောက်ကောင်း ဖြစ်ကြပါစေရှင်..




ချော(အစိမ်းရောင်လွင်ပြင်)