Waka Waka ရဲ့ မူလအစ

This Time for Africa

ဒီနှစ် တောင်အာဖရိကမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်ဟာ ရင်ခုန်ရခြင်း စိတ်လှုပ်ရှားရခြင်းများနဲ့  ပွဲစဉ်တွေလည်း ပြီးဆုံးခါနီးလာပါပြီ.. မှန်းထားတဲ့ အသင်းကြီးတွေ အိမ်ပြန်မလှတဲ့ ဖြစ်ရပ်တွေ.. မမှန်းထားတဲ့ အသင်းတွေ အုပ်စုကနေ တက်လာတဲ့ ဖြစ်ရပ်တွေဟာ ကမ္ဘာ့ဖလားရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့အချက်တွေဖြစ်ပါတယ်… ပွဲစဉ်ကျင်းပရာ ကစားကွင်းထဲမှာ တစ်ကွင်းလုံးဆူညံနေတဲ့ တောင်အာဖရိက လူမျိုးတွေရဲ့ ဗုံသံနဲ့ ခရာသံက ကြည့်ရှုသူတွေရဲ့ နှလုံးသွေးကို ဆူပွက်စေနိုင်လောက်အောင် ဆူညံလွန်းလှပါတယ်.. ရှုံးသူတွေငိုပြီး နိုင်သူတွေပြုံးပျော်ကြတဲ့  ဒီပွဲမှာ ပွဲကြည့်သူတွေကလည်း ကိုယ်အားပေးရာ နိုင်ငံ အသင်းနဲ့အတူ ရင်ခုန်သံတွေ ဆူညံကာ လိုက်ပါ စီးမျှော ခံစားကြရင်းပေါ့..


 

ကမ္ဘာ့ဖလားမှာ အဖွင့်သီချင်းဖြစ်တဲ့ Shakira  သီဆိုထားတဲ့ Waka Waka ( This Time for Africa) သီချင်းလေးအကြောင်း ဖတ်မိတာလေးကို ပြန်လည် မျှဝေပေးချင်ပါတယ်.. ဒီသီချင်းလေးဟာ Shakira ကြောင့် နံမည်ကျော် ထင်ရှားလာတာ ကမ္ဘာက သိလာတာ ဆိုပေမဲ့လို့ တောင်အာဖရိက ဒေသမှာတော့ သမိုင်းနောက်ခံရှိတဲ့ သီချင်းလေးဖြစ်ပါတယ်.. တကယ်တော့ Waka Waka မူရင်းသီချင်းလေးရဲ့ နံမည်က  Tsamina  ခေါ် Zangalewa ဖြစ်ပြီး သူ့မူလအစဖြစ်တဲ့ ကင်မရွန်းနိုင်ငံမှာ ၁၉၈၆ခုနှစ်လောက်ကတည်းက ကျော်ကြားခဲ့တဲ့ သီချင်းဖြစ်ပါတယ်. ဒီသီချင်းဟာ  Golden Sounds လို့ခေါ်တဲ့ အဖွဲ့က သီဆိုခဲ့တာ ဖြစ်ပြီး ဒီသီချင်းကြောင့် ကျော်ကြားလာတဲ့ သူတို့အဖွဲ့ရဲ့ နံမည်ကိုလည်း Zangalewa လို့ ပြောင်းလဲစေခဲ့ပါတယ်..  သူတို့အဖွဲ့ဟာ ဒီသီချင်းကို ဒုတိယကမ္ဘာစစ်မှာ ပါဝင်ခဲ့တဲ့ အာဖရိကန်စစ်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စပ်ဆိုခဲ့တဲ့ သီချင်း ဖြစ်တယ်လို့ သိရပါတယ်...  ကင်မရွန်းစစ်တပ်အတွင်းမှာ ကျင်းပတဲ့ အထူးအခမ်းအနားနေ့များနဲ့၊ စစ်ရေးပြ ချီတက်ပွဲတွေမှာ စစ်ချီသံ သီချင်းအနေနဲ့ သီဆို တီးမှုတ်ကြတာ ဖြစ်ပါတယ်..

အာဖရိက ဒေသမှာ ယခုချိန်ထိ အဲဒီသီချင်းကို စစ်တပ်၊ ရဲ၊ ကျောင်းသား အားကစားသမားများ စတဲ့ အဖွဲ့အစည်းတွေမှာ၊ လူထုအတွင်း ချီတက်တဲ့ စစ်ရေးပြ စတဲ့ အချိန်တွေမှာ သီဆို အသုံးပြုကြဆဲ ဖြစ်ပါတယ်.. အထူးသဖြင့် ကင်မရွန်းနိုင်ငံမှာတော့ ကျောင်းတွေမှာ လူငယ် လူရွယ်လေးတွေအားလုံး အလွတ်ရကြတဲ့အထိ ကျော်ကြားထင်ရှားတဲ့ သီချင်းဖြစ်ပါတယ်..  ကိုလံဘီယာ နိုင်ငံအတွင်းမှာလည်း စစ်တပ်များတွင် ၄င်းသီချင်းကို စစ်ချီသီချင်းအဖြစ် အသုံးပြုကြပါတယ်.. ခုချိန်ထိလည်း ထင်ရှားကျော်ကြားနေဆဲ သမိုင်းဝင် သီချင်းဖြစ်ပါတယ်..

ထိုသီချင်းမှာ ပါဝင်သရုပ်ထားကြတဲ့ အဖွဲ့ဝင်တွေကိုယ်တိုင်ဟာ စစ်တပ်ယူနီဖောင်းကို ၀တ်ဆင်ကြပြီး ဆိုင်ကယ်စီးဦးထုပ်လို ဇောက်နက်သော ဦးထုပ်ကို ဆောင်းထားလေ့ရှိပါတယ်.. .. မျက်နှာပြင်များပေါ်မှာတော့ အဖြူရောင် ဆေးများကို လိမ်းခြယ်ကြရပါတယ်.. ပြီးတော့ ဗိုက်ပူပူ ဖင်ကောက်ကောက် သဏ္ဍာန်ဖြစ်အောင် ခေါင်းအုံးကိုထည့်ပြီး တင်းကြပ်စွာ စည်းနှောင်ထားလေ့ရှိကြပါတယ်.. သီချင်းလေးရဲ့ ရာဇ၀င်က ဌာနေတိုင်းရင်းသားတွေကို လူဖြူတွေနဲ့ပေါင်းပြီး ဖိနှိပ်အုပ်ချုပ်နေတဲ့ သူတို့လူမျိုး လူမည်းအရာရှိကို ဝေဖန်ထားတဲ့ သီချင်းဖြစ်တယ်လို့ ဆိုပါတယ်.. အချို့သီချင်း စာသားများကတော့ ကင်မရွန်းလူမျိုးတို့ရဲ့ ဘန်းစကားများနဲ့ စစ်အတွင်းမှာ စစ်သားများ သုံးလေ့ရှိကြတဲ့ ဘန်းစကားအသုံးအနှုန်းတစ်ချို့တို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားကြောင်း သိရပါတယ်..

သီချင်းမှာပါတဲ့ ကင်မရွန်းဘာသာစကားနဲ့ သီဆိုထားတဲ့ စာသားတစ်ချို့ရဲ့ အဓိပ္ပါယ်လေးတွေကို မသိသေးသူများ သိနိုင်အောင်  ဖော်ပြပေးလိုက်ပါတယ်..

Meaning of the words in Fang language:
# Tsaminamina means Come.
# Waka waka means Do the Job – as in perform a task. Waka is pidgin language meaning walk while working.
# Tsaminamina zangalewa means where do you come from?.
# Wana means it is mine.
# Zambo means wait.

အောက်မှာတော့ ဒီသီချင်းလေးကို သူတို့နိုင်ငံတွေရဲ့ စစ်ရေးပြအခမ်းအနားမှာ သီဆိုသရုပ်ဖော်ကြပုံလေးပါတဲ့ ဗီဒီယိုဖိုင်လေးပါ… အားလုံးဘဲ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်. You Tube  ပိတ်ထားတဲ့ နေရာတွေမှာတော့ ဖွင့်လို့ရမှာ မဟုတ်ပါဘူး..
Waka Waka

------------------------------------------------------------------------------------------------
အစိမ်းရောင်လွင်ပြင် Side Bar မှာ တင်ထားတဲ့ Shakira ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး စာသားများကို ခံစားနိုင်အောင်  အောက်မှာတော့ Shakira ရဲ့  သီချင်း စာသားများကိုပါ ဖော်ပြပေးလိုက်ပါတယ်.. အဲဒီ ဗီဒီယိုထဲမှာ Shakira နဲ့အတူ ကနေတဲ့ နောက်ခံလူတွေထဲမှာ ၀တ်စုံအပြာရောင်လေးနဲ့ မြန်မာမိန်းခလေး ၂ယောက် ပါတယ်လို့ သိရပါတယ်.. မျက်စိရှင်ရှင်လေးနဲ့ သေချာလေး ရှာကြည့်ကြည့်ပေါ့နော်...

Shakira's Waka Waka Lyrics


You're a good soldier
Choosing your battles
Pick yourself up
And dust yourself off
And back in the saddle


You're on the frontline
Everyone's watching
You know it's serious
We're getting closer
This isnt over


The pressure is on
You feel it
But you've got it all
Believe it


When you fall get up
Oh oh...
And if you fall get up
Oh oh...

Tsamina mina
Zangalewa
Cuz this is Africa


Tsamina mina eh eh
Waka Waka eh eh

Tsamina mina zangalewa
This time for Africa


Listen to your god
This is our motto
Your time to shine
Dont wait in line
Y vamos por Todo


People are raising
Their Expectations
Go on and feed them
This is your moment
No hesitations


Today's your day
I feel it
You paved the way
Believe it


If you get down
Get up Oh oh...
When you get down
Get up eh eh...

Tsamina mina zangalewa

This time for Africa


Tsamina mina eh eh
Waka Waka eh eh
Tsamina mina zangalewa
Anawa aa


Tsamina mina eh eh
Waka Waka eh eh
Tsamina mina zangalewa
This time for Africa





ကမ္ဘာ့ဖလားကို ရင်ခုန်ရင်း   အားလုံးဘဲ Waka Waka  နဲ့အတူ ပျော်ရွှင်စွာ စီးမျှောကြပါစို့လားရှင်....


ချော(အစိမ်းရောင်လွင်ပြင်)

ကျောက်ခဲစွပ်ပြုတ်


photo from Here




ကျောက်ခဲစွပ်ပြုတ်








ဒီနေ့တော့ စာဖတ်သူ မိတ်ဆွေသူငယ်ချင်းများကို ကျောက်ခဲ စွပ်ပြုတ်ကလေးနဲ့ ဧည့်ခံပါရစေနော်.. သိပ်ကောင်းတဲ့ ကျောက်ခဲစွပ်ပြုတ် ပြုလုပ်ပုံလေးက ဒီလိုပါရှင်...






ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာတုန်းက စစ်သားသုံးယောက်ဟာ စစ်ပွဲတစ်ပွဲကနေ နယ်ကျွံပြီး ရွာလေးတစ်ရွာကို ရောက်လာပါတယ်.. သူတို့၃ယောက်ဟာ  ရက်ရှည်လများ စစ်ပွဲမှာ စစ်တိုက်ရလို့ ပင်ပန်းနွမ်းနယ်နေပြီး အစားအစာ ကောင်းကောင်းမစားရတာလည်း ကြာပြီဖြစ်တဲ့အတွက် ဆာလောင် မွတ်သိပ်နေကြပါတယ်.. စစ်သားသုံးယောက် ရောက်ရှိသွားတဲ့ ရွာကလေးက ရွာသားတွေမှာလည်း ရှည်လျားလှတဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် အစားအစာ ကောက်ပဲသီးနှံရှားပါးပြီး ငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို ကာလရှည်ကြာ ခံစားနေခဲ့ရပါတယ်.. ဒါကြောင့်လဲ  စစ်သားသုံးယောက်ကို မြင်တဲ့အခါမှာ ရွာသားတွေဟာ သူတို့ဆီမှာ ရှိနေတဲ့ စားစရာ သောက်စရာလေးတွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ အမြန်ဆုံး ဖွက်ထားလိုက်ကြပါတယ်..





ရွာသားတွေဟာ စစ်သားသုံးယောက်ကို ရွာလယ်မှာရှိတဲ့ မြေကွက်လပ် တလင်းပြင်ကြီးမှာ လက်ဗလာနဲ့သွားရောက် တွေ့ဆုံကြပြီးတော့  ရွာသားတွေဆီမှာလည်း ဘာမှမရှိတာကြောင့်  အစားအသောက်တွေနဲ့ ဧည့်မခံနိုင်ကြောင်းနဲ့ ထိုသို့ ဧည့်ဝတ်မကျေပြွန်မှုအတွက် ၀မ်းနည်းပါကြောင်း ပြောပြကြပါတယ်... ရွာသားတို့ရဲ့ စကားကို ကြားတော့ စစ်သားသုံးယောက်တို့ဟာ သူတို့ အချင်းချင်း တိုးတိတ်ငြင်သာစွာ စကားပြောဆို တိုင်ပင်လိုက်ကြပါတယ်.





ထို့နောက်တော့ သူတို့ထဲက စစ်သားတစ်ယောက်က ရွာလူကြီး ဖြစ်သူဘက်လှည့်ပြီး “ခင်ဗျားတို့ဆီမှာ ဘာအစားအသောက်မှ မရှိတော့ကြောင်း ကြားရတာ ၀မ်းနည်းပါတယ်.. စိတ်မကောင်းလဲ ဖြစ်မိပါတယ်.. ဒါပေမဲ့စိတ်မပူပါနဲ့ဗျာ.. ကျွန်တော်တို့မှာ ရှိတာလေးကို ခင်ဗျားတို့ကို ပြန်ပြီး ဝေမျှပါမယ်.. ဒီတော့ ကျွန်တော်တို့က ကျောက်ခဲကနေ စွပ်ပြုတ်ကောင်းကောင်း ဖြစ်လာအောင် ဘယ်လို လုပ်ရတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ပြောပြပါ့မယ်..” လို့ ပြောလိုက်ပါတယ်.. စစ်သားရဲ့ စကားကို ကြားတော့  ရွာသားတွေဟာ အလွန်ဘဲ အံ့သြသွားကြပါတယ်. ပြီးတော့ သူတို့ စဉ်းစားမိတာက ကျောက်ခဲကနေ စွပ်ပြုတ်ဖြစ်အောင် လုပ်တဲ့ လျှို့ဝှက်ချက်ကိုသာ သိရပြီဆိုရင် သူတို့အတွက် အင်မတန်မှ အသုံးဝင်လာနိုင်ပြီး ဘာမှ စားစရာမရှိရင်တောင် ကျောက်ခဲစွပ်ပြုတ် လုပ်လို့ရမယ်ဆိုရင် သူတို့ ဘယ်တော့မှ ငတ်မွတ်ခြင်းဒဏ်ကို ခံစားရတော့မှာ မဟုတ်တော့ဘူး လို့ တွေးမိကြတာပါဘဲ.... ဒီတော့ သူတို့ သိပ်စိတ်ဝင်စားကြတော့တာပေါ့နော်..





ဒါကြောင့်လည်း ရွာသားတွေဟာ စစ်သားတွေ ညွှန်ကြားတဲ့အတိုင်း ထင်းတွေ ယူလာပြီး ရွာလယ်က ကွင်းပြင်ကြီးထဲမှာ မီးဖိုကြီးတစ်ခု ပြုလုပ်ကြပါတယ်.. ပြီးနောက် တစ်ရွာလုံးမှာ အကြီးဆုံးဖြစ်တဲ့ အိုးအကြီးကြီးကို ယူလာပြီး ရေအပြည့်ဖြည့်ခါ မီးဖိုပေါ် တင်လိုက်ပါတယ်.. စစ်သားတွေဟာ အဲဒီအိုးကြီးထဲကိုတော့ ချောမွတ်နေတဲ့ ကျောက်တုံးကြီး ၃လုံးကို ရေစင်အောင် ဆေးကြောပြီး ထည့်လိုက်ပါတော့တယ်.. ဒုတိယစစ်သားတစ်ယောက်က လူအုပ်ကြီးကို ကြည့်ပြီး “အခုဆိုရင် မကြာခင်မှာ အလွန်အရသာထူးကဲတဲ့ ကျောက်ခဲစွပ်ပြုတ်ကို ရပါတော့မယ်.. တကယ်လို့များ ဆားလေး နည်းနည်းနဲ့ ဟင်းခတ်အမွှေးအကြိုင် နည်းနည်းလေးများ ထည့်ခွင့်သာ ရလိုက်မယ်ဆိုရင် မမေ့နိုင်လောက်အောင် ကောင်းမွန်တဲ့ ကျောက်ခဲစွပ်ပြုတ် ဖြစ်လာမှာပါ.. ” လို့ ပြောလိုက်ပါတယ်..





စစ်သားရဲ့ စကားကို ကြားတော့ ရွာသားတစ်ယောက်ဟာ ထခုန်လိုက်ပြီး “အိုး ကံကောင်းလိုက်တာ.. ကျွန်တော် မေ့နေတာဗျ… ကျွန်တော့်မှာ ဆားနည်းနည်း ရှိနေသေးတာ သတိရပြီဗျ.. ကျွန်တော် သွားယူလာခဲ့မယ်.” လို့ ပြောပြီး  သူဖွက်ထားတဲ့ ဆားကို သွားယူဖို့ ထွက်ခွာသွားပါတယ်.. နောက် ရွာသားတစ်ယောက်ကလည်း သူ့မှာ ဟင်းခတ်အမွှေးအကြိုင် အနည်းငယ် ရှိသေးတာကို သတိရလာပြီဖြစ်ကြောင်းနဲ့ သူသွားယူလာမည် ဖြစ်ကြောင်း ပြောကာ ထွက်ခွာသွားပြန်ပါတယ်.. ဒီ့နောက် စစ်သားတွေဟာ ရွာသားတွေကို ဒီလိုနည်းနဲ့ သူတို့ ဖွက်ထားတဲ့ စားသောက်စရာလေးများကို ထည့်ချင်လာအောင် နိုးဆွပေးလိုက်တဲ့ အတွက် ကျန်တဲ့ ရွာသားတွေဟာ သူတို့မှာလည်း အချို့သော စားစရာများ ရှိသေးကြောင်း ပြောဆိုကာ အသီးသီး ထွက်ခွာသွားကြပါတယ်..  ဒီလိုနဲ့ ရွာသားတွေဟာ မုံလာဥ၊ အားလူး၊ အမဲသား အစရှိတဲ့ သူတို့ သိမ်းဆည်းထားတဲ့ အစားအစာများကို ယူဆောင်လာကြကာ စွပ်ပြုတ်အိုးထဲကို ပစ်ထည့်ကြပါတယ်..





စွပ်ပြုတ်အိုးကြီး ဆူပွက်လာတဲ့အခါ စုံလင်လှတဲ့ အမျိုးအမည်တို့ကြောင့် မွှေးကြိုင်သင်းပျံ့တဲ့ စွပ်ပြုတ်ရနံ့က တစ်ရွာလုံးကို လွှမ်းခြုံထားပါတော့တယ်… ဒီအချိန်မှာ ရွာသားတစ်ချို့ဟာ သူတို့ တန်ဖိုးထားကာ သစ်သားနဲ့စိမ်ထားတဲ့ ၀ိုင်စည်ကြီးတွေကို လိမ့်ကာ လိမ့်ကာ သယ်ထုတ်လာပါတော့တယ်.. ပြီးနောက်တော့ စစ်သားတွေနဲ့အတူ တစ်ရွာလုံးက ရွာသူရွာသားတွေဟာ စားပွဲသောက်ပွဲကြီးကို ပျော်ရွှင်စွာ ဆင်နွဲကြပါတော့တယ်.. တစ်ညလုံး စားကြသောက်ကြ သီချင်းသီဆို၊ ကခုန်အော်ဟစ်ကြနဲ့ အားလုံးဟာ အင်မတန်မှ ပျော်ရွှင်ကြရပါတယ်.. ရွာသားတွေဟာ သူတို့တစ်သက်မှာ ယခုလောက် အရသာရှိသော အစားအစာ၊ ယခုလောက် ပျော်ရွှင်ရသော ပွဲမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ကြပါဘူး.. ရွာသားတွေနဲ ပျော်ပျော်ပါးပါး ကခုန်သီဆိုရင်း  စစ်သားတွေဟာ မနက်လင်းခါနီးမှ အိပ်ပျော်သွားကြပါတယ်..




သူတို့နိုးလာတဲ့အချိန်မှာတော့ သူတို့သုံးယောက်ရဲ့ အနားမှာ ရွာသားတွေအားလုံး ၀ိုင်းဖွဲ့နေကြပြီး အိတ်ကြီးတစ်အိတ်က သူတို့ဘေးမှာ အဆင်သင့် ရှိနေခဲ့ပါတယ်.. ရွာသားတွေဟာ အဲဒီအိတ်ကြီးထဲမှာ သူတို့ရဲ့ အကောင်းဆုံး ပေါင်မုန့်များ ထောပတ်များကို စစ်သားတွေအတွက် လက်ဆောင်အဖြစ် စီစဉ်ထားပေးကြပါတယ်.. “ခင်ဗျားတို့ဟာ ကျွန်တော်တို့ကို ကျောက်တုံးကနေ သိပ်အရသာရှိတဲ့ စွပ်ပြုတ်ဖြစ်အောင် ပြုလုပ်တဲ့ လျှို့ဝှက်ချက်ကို အကောင်းဆုံး လက်ဆောင်အဖြစ် ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်.. ဒီနည်းလမ်းကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး.. ကျွန်တော်တို့အားလုံးကို သိပ်ကို ပျော်ရွှင်ကြရပါတယ်.. ဒီအတွက် ကျေးဇူးတင်ပါတယ်ဗျာ ”  လို့  ရွာလူကြီးက စစ်သားတွေကို ပြောကြားပါတယ်..







တတိယ စစ်သားဖြစ်သူက “တကယ်တော့ ဒါဟာ လျှို့ဝှက်ချက်မဟုတ်ပါဘူး.. ဒါပေမဲ့ သေချာတာကတော့ ဒီနည်းလမ်းဟာ ညီညွှတ်စွာ ပူးပေါင်း မျှဝေခြင်းသာ ဖြစ်ပါတယ်.. ဒီလိုနည်းနဲ့ဆိုရင် တစ်ဦးစီမှာ နည်းနည်းလေးသာ ရှိပေမဲ့ ရှိတာလေးတွေ အားလုံး စုပေါင်းလိုက်တဲ့ အခါမှာတော့ အားလုံးအတွက် လုံလောက်စွာ အရသာကောင်းမွန်တဲ့ စွပ်ပြုတ်ဖြစ်လာတော့တာပါဘဲ.. အဲဒီနည်းအတိုင်း ခင်ဗျားတို့ဘ၀မှာ ပျော်ရွှင်ခြင်းကို အားလုံးနဲ့အတူ ဝေမျှနိုင်ပါတယ်..” လို့   ပြောဆိုပြီး ရွာသားများကို နှုတ်ဆက်ကာ သူတို့သုံးယောက်ဟာ ရွာကနေ ထွက်ခွာသွားကြပါတော့တယ်..






~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ကျွန်မတို့လည်း ကိုယ့်မှာ ရှိတာလေးတွေ၊ ကိုယ်သိတာ ၊ ကိုယ်တတ်တာလေးတွေကို သိမ်းဆည်းထားမဲ့အစား တစ်ဦးနဲ့တစ်ဦး မျှဝေကြလို့ အကောင်းဆုံး စွပ်ပြုတ်အိုးကြီး ဖြစ်လာအောင် ကြိုးစားကြပြီး အားလုံးနဲ့အတူ ပျော်ရွှင်စွာ စားသုံးကြပါစို့နော်..










ဖတ်လိုက်ရသော Stone Soup ( Unknown Author) ကို နှစ်သက်မိသဖြင့် ဘာသာပြန် ဝေမျှပါတယ်ရှင်.. ခုတော့ ကျွန်မဧည့်ခံတဲ့ ကျောက်ခဲစွပ်ပြုတ်လေးကို အားမနာတမ်း သုံးဆောင်သွားကြပါဦးလို့...






The more we share, the more we have (Leonard Nimoy)














ချော(အစိမ်းရောင်လွင်ပြင်)


မသင်ဘဲရတဲ့ သင်ခန်းစာ




“ဆရာမ ဘယ်တုန်းက ရောက်လဲ..  အလည်လာတာလား.. ” 

ထွက်လာတဲ့ နှုတ်ဆက်သံကြောင့် ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်ပြီး ငေးနေသော ကျွန်မမှာ လှည့်ကြည့်လိုက်တော့ ဘေးနားမှာ လာရပ်သော အသက် ၁၉နှစ်လောက်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

“ကျွန်တော့်ကို မှတ်မိလားမသိဘူး.”

သူ့မျက်နှာကိုကြည့်ပြီး မြင်ဖူးသလိုလို.. သိပ်တော့မမှတ်မိ..  ကျွန်မ ဇဝေဇ၀ါဖြစ်သွားရသည်… နှဖူးကြောကို ရှုံ့လိုက်ရင်း စဉ်းစားမိတော့လည်း ခပ်ရေးရေး.. သိသလိုလို ..  မသေချာပြန်..

“ကျွန်တော် အောင်အောင်လေ ဆရာမ.. ငယ်ငယ်တုန်းက ဆရာမတပည့် ဖြစ်ခဲ့ဖူးပါတယ် ”

အိုး.. ဟုတ်ပါရဲ့.. ကျွန်မ မှတ်မိပြီ..  ကျွန်မ အသက် ၁၇ ၁၈လောက်က ၁၀တန်းအောင်ခါစ တက္ကသိုလ်မတက်ခင် အချိန်အားတွေမှာ ကျွန်မရဲ့ ဇာတိရွာကလေးတွင် လုပ်အားပေး ကျောင်းဆရာမ လုပ်ခဲ့စဉ်က သူငယ်တန်းကို သင်ခဲ့ဖူးသည်.. သူကလေးက ကျွန်မအတန်းထဲက ကလေးလေးတစ်ယောက်... ခုချိန်မှာတော့ ငယ်စဉ်ကလို ၀၀ လုံးလုံးကလေး မဟုတ်တော့ သင့်တင့်ကြည့်ကောင်းသော ရုပ်ရည်ကလေးနှင့် အရွယ်ရောက်နေသော သူတစ်ယောက်ဖြစ်နေခဲ့ပြီ . သူသာ မနှုတ်ဆက်ခဲ့ရင် ကျွန်မအနေနဲ့ မှတ်မိစရာမရှိ..   အင်းလေ ဖြစ်စရာပါဘဲ.. ကျွန်မရဲ့ ဇာတိကလေးကို ခွဲခွာပြီး တစ်ရပ်တစ်နယ်မှာ ရောက်နေခဲ့တာဘဲ ၁၀စုနှစ် တစ်ခုစာ ရှိခဲ့ပြီ မဟုတ်ပါလား..  အိမ်ကိုပင် နှစ်စဉ်မှန်မှန် မပြန်ဖြစ်နိုင်အောင် အလုပ်သံသရာထဲ လည်ပတ်စီးမျှောလို့ နေခဲ့သည်။ ဆိုင်ရှေ့တွင်ချထားသော ခုံတန်းလေးပေါ် ထိုင်ရင်း ကျွန်မရဲ့ တပည့်ကလေး ဖြစ်ခဲ့ဖူးသော အောင်အောင်နှင့် ကျွန်မ စကားပြောဖြစ်ကြသည်..

“အောင်အောင်က တကယ့်လူကြီး ဖြစ်နေပြီလေ.. ဒါကြောင့်ဆရာမ မမှတ်မိတော့တာပေါ့ နေကောင်းတယ်မဟုတ်လား ကလေး.. တက္ကသိုလ်တက်နေပြီလား…”  ကျွန်မ အောင်အောင်ကို ပြန်မေးလိုက်တော့

“ဟုတ်ကဲ့ ဆရာမ ကျွန်တော် ကွန်ပျူတာတက္ကသိုလ်မှာ နောက်ဆုံးနှစ်ရောက်နေပါပြီ.. ”

“ဟုတ်လား.. ကြားရတာ ၀မ်းသာလိုက်တာ.. မင်းသူငယ်ချင်းတွေရော ”

အောင်အောင်က သူနဲ့ ငယ်စဉ်က တွဲခဲ့သော သူငယ်ချင်းများအကြောင်း ကျွန်မကို ပြန်ပြောပြသည်.. တော်တော်များများကတော့ တက္ကသိုလ်ကျောင်းသားများ ဖြစ်နေခဲ့ပြီ.. ထိုစဉ်က အတန်းထဲက ကလေးတစ်ချို့ နံမည်တွေကိုတော့ ခုချိန်ထိ မှတ်မိနေသေးသည်.. အချို့ကျတော့ ကျွန်မ မမှတ်မိတော့..  ကျွန်မ စာသင်ပေးခဲ့ဖူးသော ကလေးတွေပင် တက္ကသိုလ်ကျောင်းသားများ ဖြစ်နေခဲ့ပြီ... ကြားရတာ ၀မ်းသာစရာ... ပီတိဖြစ်စရာပါ.. ကိုယ်စိုက်ပျိုးခဲ့သော၊ ရေလောင်းပေါင်းသင် လုပ်ခဲ့ဖူးသော ပန်းကလေးများ ဖူးပွင့်လာလျှင် ကျေနပ်ပီတိ ဖြစ်ရသော ဥယျာဉ်မှူးတစ်ယောက်၏ ပီတိမျိုးဘဲ ဖြစ်ပါလိမ့်မည်။

စကားများစွာ ပြောဆိုပြီးလို့ သွားတော့မည်ဟု လေးလေးစားစား ပြောဆိုကာ နှုတ်ဆက်ထွက်ခွာသွားသော အောင်အောင်ကို ကြည့်ရင်း ကျွန်မ စိတ်တွေက ထိုစဉ် ငယ်ငယ်ရွယ်ရွယ်နှင့်  ကျောင်းဆရာမလေးတစ်ယောက် လုပ်ခဲ့စဉ်က အဖြစ်အပျက်များ၊ အတွေ့အကြုံများကို ပြန်ပြီး သတိရသွားမိသည်..  အောင်အောင်ကိုတော့ လူကိုသာ မမှတ်မိ ရှိရမည်.. သူနှင့် သက်ဆိုင်သော အဖြစ်အပျက်လေးကိုတော့ သင်ခန်းစာလေးတစ်ခုအဖြစ် ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ကျွန်မ သတိတရနှင့် အမှတ်ရနေခဲ့ပါသည်..

အဲဒီချိန်တုန်းက ကျွန်မ စာသင်ရသော သူငယ်တန်း(A) သည် ကျောင်းသား ၆၀ကျော် ရှိသော အတန်းတစ်ခု ဖြစ်သည်.. အဲဒီနေ့က သူငယ်တန်း မြန်မာစာ သင်ခန်းစာရဲ့ နောက်ဆုံးအခန်းများကို သင်ကြားနေသော စာမေးပွဲကြီး သိပ်မလိုတော့သော တစ်နေ့လဲဖြစ်သည်.. စာမေးပွဲ နီးနေပြီဖြစ်၍ ကျွန်မက လက်ရှိ သင်ခန်းစာများကို အမြန်လက်စသပ်ကာ အစကနေ ပြန်ပြီး သင်ကြားလိုသော စိတ်စေတနာဇောနှင့် လောကြီးနေခဲ့သည်.. ပြီးတော့လဲ သင်ခန်းစာတွေက အနောက်နားရောက်လေ ကလေးတွေအတွက် ပိုပြီး ခက်ခဲလာလေ ဆိုတာကိုလည်း သဘောပေါက်မိသဖြင့် စိတ်ရှည်လက်ရှည် သင်ကြားဖို့ ကိုယ့်ကိုယ်ကိုလည်း သတိပေးနေရသည်.. ထို့ကြောင့် အဲဒီနေ့က သင်ကြားနေသော မြန်မာစာ ဖတ်စာလေးတစ်ခုကို သင်ပုန်းပေါ် ချရေးပြီး ကြိမ်လုံးကလေးနှင့် ထောက်ကာထောက်ကာ နှုတ်တိုက်အကြိမ်ပေါင်းများစွာ ချပေးနေခဲ့ရင်းက နှုတ်တိုက်ချပေးရသော အကြိမ်ပေါင်းများစွာကြောင့် လည်ချောင်းတွေပင်ခြောက်သွေ့လာပြီး ကျွန်မအသံတွေ ပြာအက်လာရသည်။

ဒီနေ့ သင်ခန်းစာသည် ကလေးတွေအတွက်  တကယ်လဲ ခက်ခဲပါသည်..  သူတို့လေးတွေကို လိုက်ဆိုခိုင်းတာလည်း အကြိမ်ပေါင်း များစွာ ရှိနေခဲ့ပြီ.. သို့သော် ကျွန်မအရှေ့က မဆိုပြတော့ဘဲ သူတို့ချည်း ဆိုခိုင်းလိုက်ရင် ကပေါက်တိကပေါက်ခြာနှင့် အလွဲလွဲ အချော်ချော်သာ ဖြစ်နေကြတုန်း.. မည်သူကမှ ကောင်းကောင်းဆိုနိုင်ခြင်းမရှိသေး.. ဒီတော့ ကြိမ်လုံးလေးကို ပြန်ကောက်ကိုင်ရင်း နောက်ထပ် အကြိမ်ပေါင်းများစွာ ပြန်လိုက်ဆို ခိုင်းပြန်သည်.. နာရီလက်တံတော်တော်များများ လည်ပတ်ပြီးချိန်မှာ သူတို့ချည်း ပြန်ဆိုခိုင်းတိုင်း ချောချောရှူရှူမဖြစ်.. အထစ်ထစ်နှင့် တစ်ယောက်တစ်ပေါက် ဖြစ်နေတုန်းသာ.. စိတ်ကို ဆွဲဆန့်ကာ နောက်တစ်ကြိမ် ရှေ့က တိုင်ပေးပြန်ရင်း ကျွန်မစိတ်ထဲမှာတော့ ဒီလောက်တောင် ညံ့ရပါ့မလား.. ဘာကြောင့် ခုချိန်ထိ မရကြသေးတာလဲ.. ဒီပုံနဲ့ ရှေ့ဆက် သင်ခန်းစာ ဘယ်လိုများ ဆက်သင်ရမလဲ စသည့်အတွေးများဖြင့် ဒေါသလဲ ထွက်လာရသည်..

နောက်ထပ်အကြိမ်ပေါင်းများစွာ ရှေ့ကတိုင်ပြီး ကလေးတွေချည်း ပြန်ဆိုခိုင်းပြန်တော့လဲ အရင် အကြိမ်တွေ တုန်းကအတိုင်းသာ.. ထစ်ထစ်ငေါ့ပေါ့နှင့်..  မည်သူမှ စာတစ်ကြောင်းကို ကောင်းကောင်းမွန်မွန် မဆိုနိုင်ကြ.. ဒီလောက်အချိန်ပေးပြီး ရှေ့က တိုင်ပေးနေတာအောင် ဘာမှ ထူးခြားမလာ.. ကျွန်မရဲ့ ဒေါသများက အဆုံးထိ မြင့်တက်သွားခဲ့ပြီး ကြိမ်လုံးလေးကို ကိုင်ကာ သင်ပုန်းရှေ့ရပ်နေသောကျွန်မ.. လက်ထဲက ကြိမ်လုံးကို အားကုန် လွှင့်ပစ်လိုက်ကာ အတန်းထဲမှ ထွက်သွားတော့မိသည်။ အတန်းအပြင်ဘက် အခန်းနှင့် ခပ်ဝေးဝေးက ၀ရံတာလေးမှာရပ်ရင်း စိတ်ထဲတွင် ဆူဝေနေသော ဒေါသများ စိတ်မရှည်မှုများကို  တော်တော်လေးကြာအောင် ဖြေဖျောက်နေရသည်။ အချိန်အနည်းငယ် အကြာမှာတော့ ကိုယ့်စိတ်ကို ပြန်ဖြေသိမ့်နိုင်မှု ရသွားခဲ့ပြီး ဒေါသများလျှော့ပါးသွားသည့်အခါ ကျွန်မခြေလှမ်းများက အတန်းထဲသို့  ပြန်ဝင်ရောက်လာမိတော့သည်..
အတန်းထဲရောက်လို့ ကလေးတွေရဲ့ မျက်နှာကို ကြည့်မိတော့ နားလည်သိတတ်သော ကလေးများက မျက်နှာငယ်ကလေးနှင့် ကျွန်မကို ကြည့်လို့နေခဲ့သည်။ သူတို့လေးတွေကို ကြည့်လိုက်ရင်း ကရုဏာစိတ်တို့ဖြင့် ကြိမ်လုံးလေး ပြန်ကောက်ကိုင်ကာ သင်ခန်းစာကို ပြန်သင်ကြားမိပြန်တော့သည်.. အစောတုန်းကလို အကြိမ်ပေါင်းများစွာ ရှေ့မှ တိုင်ပြီးသောအခါ  ကလေးများကို ချိုချိုသာသာနှင့် စကားပြောကာ သူတို့ချည်းဆိုဖို့ တိုက်တွန်းလိုက်တော့ စာဆိုသံထွက်မလာခဲ့.. ကျွန်မက ကြိမ်လုံးလေး ၀င့်ကာ မျက်ခုံးလေး ပင့်လိုက်ရင်း  ဆိုကြလေ “ဘာလို့မဆိုကြတာလဲ” လို့ ကလေးတွေကို မေးလိုက်စဉ်တွင်တော့ အောင်အောင်ကလေး ကျွန်မကို ပြန်ပြောလိုက်တဲ့စကားလေးက ဘယ်တော့မှ မမေ့ချင်စရာ    “ သားတို့ မဆိုချင်ဘူးဆရာမ.. သားတို့ ဆိုတာ မှားရင် ဆရာမ စိတ်ဆိုးမှာ.. ဆရာမ နောက်တစ်ခေါက် စိတ်ဆိုးမှာ စိုးတယ်..  ဒါကြောင့် သားတို့ မဆိုချင်ဘူး..” ဟူ၍ ဖြစ်သည်။

အောင်အောင်လေးရဲ့ စကားအဆုံးမှာ ကျွန်မရဲ့ လက်ထဲမှာ ကိုင်ထားသော ကြိမ်လုံးက အောက်ကို ပြုတ်ကျသွားခဲ့သည်.. အိုး ကြည့်ပါဦး.. ၅နှစ်အရွယ် ကလေးတွေကတောင် ဆရာမကို ချစ်ခင်တဲ့စိတ်နဲ့ ဆရာမလုပ်သူ စိတ်ဆိုးဒေါသဖြစ်မှာကို စဉ်းစား တွေးတော ပေးတတ်သေးသည်.. သူတို့ထက် အသက်အရွယ် ကြီးနေပြီဖြစ်တဲ့ ကျွန်မကတော့ ကလေးတွေလောက်တောင် စဉ်းစားဆင်ခြင်စိတ် မရှိပါဘဲလား.. ရှက်ဖို့တောင် ကောင်းသေးသည်..  ဒီနေ့သင်ခန်းစာသည် သူတို့အတွက် ခက်ခဲလွန်းနေသောကြောင့် ခုချိန်ထိ မဆိုနိုင်သေးတာကို ကျွန်မက နားလည်မှု မပေးနိုင်ခဲ့ ကိုယ်ဖြစ်ချင်တာတစ်ခုတည်း၊ သင်ခန်းစာများ အမြန်ပြီးလိုသော စိတ်နှင့်သာ ကြည့်ခဲ့မိသည်ထင်သည်။

ထိုနောက်ပိုင်း ဆရာမသက်တမ်းကာလ တစ်လျှောက်လုံး   စိတ်ဆိုးပြီး စာသင်ခန်းထဲက ထွက်သွားသည့် အပြုအမူမျိုး ဘယ်သောအခါမှ ကျွန်မ မလုပ်ဖြစ်ခဲ့တော့ပါ.   ကလေးဆိုသည်မှာလည်း အသိဥာဏ် ၊အမှတ်သညာ ရှိတတ်သော သူများသာဖြစ်သည်မဟုတ်လား.. ကလေးတွေလောက်ပင် မရင့်ကျက်သော၊ စာနာနားလည်စိတ် နည်းပါးသော၊ မိမိကိုယ်ကိုလဲ အောင်အောင်ရဲ့ စကားသံလေးတွေ ပြန်ကြားမိတိုင်း၊  ပြန်တွေးမိတိုင်း သတိတရနှင့် ရှက်နေတတ်ခဲ့ပါသည်.. ကျွန်မအတွက်တော့ မှတ်မှတ်ရရ ၅နှစ်အရွယ် သူငယ်တန်း ကလေးတစ်ယောက်ဆီက မသင်ယူဘဲ ရရှိလိုက်သော သင်ခန်းစာလေးတစ်ခုလည်း ဖြစ်ပါသည်။


ကျွန်မရဲ့ ငယ်စဉ်က ဆရာမဘ၀ အတွေ့အကြုံလေးတစ်ခုကို ပြန်လည်ရေးဖွဲ့ဖြစ်ပါသည်။



ချော(အစိမ်းရောင်လွင်ပြင်)

ဖားကန့်သို့ အပြန်ခရီး



မိသားစုကိစ္စတစ်ခုကြောင့် မိုးတွင်းကြီး အိမ်ကို တစ်ပတ်လောက် ပြန်ဖြစ်သွားပါတယ်.. ကျွန်မ မွေးဖွားရာဇာတိ ကချင်ပြည်နယ်ဟာ မိုးများတဲ့ ဒေသဖြစ်တာကြောင့် မိုးရွာမိရင် တစ်နေကုန် မတိတ်နိုင်အောင် ရွာတတ်ပြီး ခုလိုချိန်မျိုးမှာ ခရီးထွက်ရတာ စိုစိုစွတ်စွတ်နဲ့မို့ ပျင်းစရာ အလွန်ကောင်းလှပါတယ်.. ပြီးတော့လဲ နံမည်ကျော် ဖားကန့်လမ်းတွေက မိုးအခါမှာ ရွံ့တွေဗွက်တွေနဲ့ စိတ်ညစ်စရာ ကောင်းလောက်အောင် ဆိုးဝါးလှပါတယ်.. နွေတုန်းက ဖုန်တစ်ထောင်းထောင်း ထခဲ့တဲ့ လမ်းတွေဟာ အခု မိုးရာသီလဲရောက်ရော ရွံ့ဗွက်အိုင်တွေ အပြည့်နဲ့ ချိုင့်တွေ၊ ကျင်းတွေ တစ်လမ်းလုံးပါဘဲ.. ဘယ်လိုမှ သက်သောင့်သက်သာ မရှိပါဘူး.. အိမ်ခန ပြန်သွားတဲ့ တစ်ပတ်လုံးလုံးဟာ မိုး ရက်ဆက်ရွာပါတယ်.. တစ်ရက်မှကို မပြတ်ခဲ့ပါဘူး…  မိုးရာသီဆိုရင် မြေပြို တတ်ခြင်းကြောင့် အန္တရာယ် များလွန်းတဲ့အတွက် ကျောက်တူးလုပ်ငန်းများ၊ ရွှေတူးခြင်းများ အားလုံးနီးပါး ရပ်နားထားရပါတယ်.. မိုးအခါမှာတော့ ဖားကန့်ဒေသမှာ လူဦးရေ လျှော့သွားတတ်ပါတယ်.. အလုပ်ပါးတဲ့ အတွက် မိမိနေရပ်ကို ပြန်ကြသူများပါတယ်.. စီးပွားရေး အရောင်းအ၀ယ် လုပ်ငန်းများလဲ နည်းပါးသွားပါတယ်..




ရှေ့က ရွံ့ဗွက် ဘယ်လောက်နက်.. သိနိုင်ပါ့မလား..




ရုန်းလိုက်စမ်းကွယ်.. အဲ နွားမှ မဟုတ်တာနော်.. ဟိဟိ    မွှားသွားလို့း)





ဒီလို လမ်းမျိုးကို ဖားကန့် လမ်းလို့ခေါ်ပါသည်...





ရွံ့တွေ ရွံ့တွေ




မိုးကရွာ လမ်းကဆိုး



ရွံ့စင်မှာစိုး.......



နွေတုန်းက ကျွန်မစီးနေကျ မြစ်ကြီးနား - ဖားကန့် ဗင်ကားခဟာ ၂၅၀၀၀ လောက်သာ ရှိပေမဲ့ ယခု မိုးရာသီမှာတော့ ၅၀၀၀၀ ထိ ၂ဆ ဈေးတက်သွားခဲ့ပါတယ်.. ဖားကန့်အသွားကိုတော့ ဈေးဒီလာက်မရှိပါဘူး.. ၃၀၀၀၀ လောက်ဘဲ ရှိပါတယ်.. အပြန်က ဈေးပိုကြီးပါတယ်.. ကြည့်ရတာ မိုးအခါဆို ဖားကန့်ကနေ ပြန်တဲ့သူတွေ ပိုများလို့ ဖြစ်ပါလိမ့်မယ်.. လမ်းခရီးဆိုးတဲ့အတွက် ကားစီးရတဲ့ အချိန်လဲ ပိုပြီး ကြာပါတယ်. ခါတိုင်း ၆နာရီ ခရီးကို ၈နာရီ လောက်ထိ ကြာမြင့်တတ်ပါတယ်.. နွေအခါတုန်းက တည်ဆောက်ထားခဲ့တဲ့ ချောင်းကူးတံတား တစ်ချို့ ချောင်းရေထဲ မျှောပါသွားလို့ စက်လှေ၃စီးနဲ့ ပြုလုပ်ထားတဲ့ ကူးတို့ဖောင်နဲ့ ကားတွေ ဆိုင်ကယ်တွေ ကူးခဲ့ရပါတယ်..







ဥရုချောင်းလဲ ရေတွေကြီးလို့



လမ်းမှာတော့ တံတားမရှိတဲ့ မြစ်ပြင်ကို ကားရော ဆိုင်ကယ်ရော ကူးတို့ဖောင်နဲ့ ကျော်ကြရတယ်..







ဖြေးဖြေးဆင်းကြပါ....



ကူးတို့ဖောင်ပေါ်က ကား



ဒီလိုစက်လှေ ၃စီးပေါ် တင်ထားတဲ့ကုတို့ဖောင်ပါ..


ယခုဆိုးတယ်ဆိုတဲ့ မြစ်ကြီးနား ဖားကန့်လမ်းဟာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လမ်းကိုတော့ လုံးလုံး မမီပါဘူးရှင်.. ယခင်တုန်းခါကတော့ ခါးလောက်ထိ နှစ်တဲ့ ရွံဗွက်တွေနဲ့ ကားသွားလို့မရဘဲ လူနဲ့ နွားလှည်းတို့သာ သွားလို့ရပါတယ်… အဲဒီတုန်းက ဒီလမ်းဒီခရီးကို ၂ရက်၃ရက် လမ်းလျှောက်ပြီး သွားခဲ့ရတာပေါ့...  ခုလောက်ဆိုးတာကတော့ ပျင်းတောင် ပျင်းသေး...  :)




ရွံ့အိုင်ကို ကားအဖြတ်မှာ စင်လာတဲ့ ရွံ့ရေတွေကို မိမိရရရိုက်လိုက်သေး

ဒီလို ရွံ့တွေစင်တတ်လို့ တစ်ဖက်က ကားနဲ့ ကားချင်းယှဉ်ဖြတ်ကြတဲ့အခါ ကားမှန် မပိတ်ထားမိရင် ရွံ့တွေဟာ လူနဲ့ မျက်နှာကိုပါလာစင်ပါတယ်.. အင်္ကျီတွေရော အကုန်ပေတော့တာပါဘဲ.. ကားမှန်တွေကလည်း တင်ရခက် ချရခက်တဲ့ ရှေးဟောင်းကားတွေများတော့ ဒီတိုင်း ထားလိုက်ရတာ များပါတယ်။ မိုးရွာရင်တောင် မှန်တင်ရ ချရခက်လို့ အစိုခံရတဲ့ အခြေအနေတွေတောင် ရှိသေးတာကိုး။



နန့်ယားရွာကလေး


ဒီရွာကလေးကတော့ ကျောက်နီ( ပတ္တမြား) ထွက်တယ်လို့ နံမည်ကျော်တဲ့ နန့်ယားဆိပ်( နန့်ယားကျေးရွာ)ဘဲ ဖြစ်ပါတယ်.. မြစ်ကြီးနား - ဖားကန့် အသွား ကားနဲ့ ဆိုင်ကယ်များ ခရီးတစ်ထောက် နားကြတဲ့ နေရာလဲ ဖြစ်ပါတယ်.. စားသောက်ဆိုင် အများအပြားရှိပြီး ကျယ်ပြန့်တဲ့ လမ်းမ ရှိတာကြောင့် သာသာယာယာ ရှိသလို ကျောက်နီတူးဖော်တဲ့ ကုမ္ပဏီတွေလည်း ရှိတာကြောင့် စည်ကားပါတယ်။









 







မလိုင်အပြည့်နဲ့ နွားနို့



ဒီတစ်ခါတော့  နန့်ယားရွာမှာ ထမင်းစားခဲ့ပြီးလို့ ဗိုက်မဆာပေမဲ့ အရင်တစ်ခေါက် ပြန်တုန်းက ထမင်းစားနားတဲ့ လ၀ါးဆိုတဲ့ ကချင်ရွာကလေးမှာ ရှိတဲ့ ကချင်စားသောက်ဆိုင်ကလေးမှာ ကားပြင်ဖို့ ခနနားတော့ နွားနို့ သောက်ဖြစ်အောင် သောက်ခဲ့ပါတယ်....  ဒီရွာက နွားနို့သိပ်ကောင်းတယ်လို့ နံမည်ကြီးပြီး ကားမိုင်းမြို့နဲ့ မနီးမဝေးမှာ ရှိပါတယ်.. ဒီက နွားနို့ဟာ မြို့တွေမှာလို အဆီထုတ်ထားတဲ့ နွားနို့မဟုတ်ပါဘူး.. အဆီတွေအပေါ်မှာ ဝေ့နေပြီး မလိုင်ဖတ်တွေနဲ့ ပျစ်နှစ်နေတာမို့ နံမည်ကြီးမယ်ဆိုလဲ ကြီးလောက်ပါတယ်.. အဆီမထုတ်ထားတာကြောင့် ကျန်းမာရေးအရတော့ မပြောတတ်ပေမဲ့ ပင်ကိုယ်သဘာဝအတိုင်းမို့ အရသာကတော့ ကောင်းမှ ကောင်းပါဘဲ... မြို့က နွားနို့အရသာနဲ့ ဘာဆိုဘာမှမဆိုင်   ဟိဟိ :) တကယ်ပြောတာပါ.. မယုံဘူးလား...  ရောက်တဲ့အခါ သွားသောက်ကြည့်ပါလားနော်..





ရှောက်ပန်းသီးများ






အောက်အရပ်မှာ ကျွဲကောသီးခေါ်ပေမဲ့ ကျွန်မတို့ဆီမှာ ရှောက်ပန်းသီးလို့ခေါ်မှ သိကြပါတယ်..  .. အဲဒီကချင်ရွာကလေးမှာ အပင်တွေများကြီးမို့  စိတ်ယားစရာကောင်းအောင် သီးနေတာနဲ့ ဓာတ်ပုံရိုက်ခဲ့တာပါ..



အောက်က အပင်က ကျွန်မတို့အရပ်မှာ အိမ်မိုးတဲ့ ရုန်းပင်တွေပါ..


ရုန်းပင်များ





ဒါကတော့ ရုန်းကို အမိုးမိုးထားတဲ့ အိမ်ကလေးတစ်လုံးပါ..






ဒါကတော့ တံမြက်စည်း လုပ်တဲ့အပင်ပါ.. ဟိုမှာတော့ သိပ်ပေါပါတယ်...






တောတောင်တစ်ခုလုံးတော့ ဒီလို တောငှက်ပျောပင်တွေ အပြည့် ပါဘဲ..




မြစ်ကြီးနား မိုးကောင်းလမ်း ကတ္တရာ လမ်းမကြီးလဲ ရေကျော်နေပါတယ်..




ဖြေးဖြေးမောင်းနော်

မိုးတွင်းခရီးသွားရတာ လမ်းခရီး ကြမ်းတမ်းခက်ခဲပေမဲ့လို့ တစ်ခုတော့ စိတ်ချမ်းသာမိတယ်.. ကြည့်လေရာရာ မြင်လေရာရာဟာ စိမ်းစိမ်းစိုစိုနဲ့ပါဘဲ.. ရေတွေဖွေးနေတဲ့ လယ်ကွင်းပြင်တွေ၊  စိမ်းစိုနေတဲ့ စိုက်ခင်းတွေ၊  မြူခိုးဝေနေတဲ့ တောင်ပြာတန်းတွေ၊ ကြည့်လေရာ စိမ်းလန်း သာယာ နေတော့တာပါဘဲ..





ရေတွေဖွေးလို့

ရေဖွေးဖွေး လယ်ကွင်းလေး



အထီးကျန်သစ်ပင်







စိမ်းတစိုစို



စိမ်းစိမ်းစိုစိုရာဘာစိုက်ခင်းများ


ကချင်ပြည်နယ်မှာ မြေဧက တော်တော်များများကို ကုမ္ပဏီတွေက ရာဘာတွေ သစ်မွှေးတွေ စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်.. လမ်းတလျှောက် စိုက်ခင်းတွေ စိမ်းစိုနေတာကို ခြံကျယ်ကြီးတွေနဲ့ တွေ့ရပါတယ်



ကားပေါ်ကနေ ရိုက်လိုက်မိတဲ့  မြူခိုးတွေ ဆိုင်းနေတဲ့ တောင်တန်းအလှ




ကြည့်ပါဦးတော့ လှလိုက်တဲ့ အလှ



ခရီးထွက်ရတာ နှစ်သက်သဘောကျမိသူမို့ ပင်ပန်းပေမဲ့ စိမ်းလန်းစိုပြေနေတဲ့ ရှုခင်းတွေက အမောအပန်း ပြေပြီး စိတ်ကို ရွှင်လန်းစေတာမို့ အိမ်အပြန် ဒီခရီးကို ပျော်ပါတယ်လို့ဘဲ  မှတ်ချက်ချရမှာပါ.. ကချင်ပြည်နယ်အကြောင်း ဆက်ရန်ရှိပါသေးတယ်..  စောင့်မျှော်အားပေးကြပါဦးနော်..



ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ



အစိမ်းရောင်လွင်ပြင် အသစ်






ဘလော့အသစ်လေးအကြောင်း


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~













ဘယ်အကြောင်းကြောင့်မှန်းမသိရဘဲ ကျွန်မတို့ အသုံးပြုနေတဲ့ ကော်ဖီဆိုင်လေး Mylovecafe ဟာ မမျှော်လင့်ဘဲ လုံးဝကို ဖွင့်မရအောင် ဖြစ်သွားခဲ့ရပါတယ်.. ဒီကော်ဖီဆိုင်လေးကို အမှီပြုပြီး ဘလော့ရေးနေကြတဲ့ ၀ါသနာရှင်များ အားလုံးလည်း ဒုက္ခရောက်ကြပါတော့တယ်.. တစ်နေ့ပြန်ကောင်းနိုး ပြန်ကောင်းနိုးနဲ့ မျှော်လင့်ချက်ကြီးစွာ စောင့်စားနေကြသော်လည်း တစ်လနီးပါးရှိလာသည်အထိ ပြန်ကောင်းမလာခဲ့ပါဘူး.. ကိုယ့်လိုဘဲ  ဘလော့လေးဖွင့်မရကြတော့တဲ့ စာရေးဖော်အားလုံးကို ကိုယ်ချင်းစာစိတ်နဲ့ အားနာမိရပါတယ်.. ကျွန်မကိုယ်တိုင်လည်း စာပြန်ရေးနိုင်ဖို့ နည်းလမ်းမျိုးစုံစဉ်းစားပြီး၊ မိတ်ဆွေတွေဆီက အကူအညီပေါင်းစုံနဲ့ အမျိုးမျိုး ကြိုးစားပြီးတဲ့နောက်မှာ ဒီဘလော့လေးကို ယခင်အဟောင်းအတိုင်း ဒီဇိုင်းလေးကအစ တစ်ထပ်တည်းပြန်ဖြစ်အောင် အကောင်းအထည် ဖော်မိပြန်ပါပြီ.. တကယ်တော့ ဒီဘလော့ဟာ ယခင်က အစိမ်းရောင်လွင်ပြင်မဟုတ်ပါဘူး.. မနေ့တနေ့ကမှ အသစ်ပြန်လုပ်ထားတဲ့ အစိမ်းရောင်လွင်ပြင်သာ ဖြစ်ပါတယ်..





ကျွန်မအတွက် ဘလော့အခုလိုပြောင်းရတာ ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ် ပြောင်းရခြင်း ဖြစ်ပါတယ်.. ယခင်ကလဲ ရေးလက်စ Wordpress က ၀င်မရဖြစ်ပြီး စာတွေဆက်ရေးလို့ မရတော့တာကြောင့် Mylovecafe မှာ ပြန်ပြောင်းရေးရပါတယ်.. အဲဒီချိန်တုန်းကလဲ ပိုစ့်တွေကို တစ်ပုဒ်ချင်း ရွေ့ခဲ့ရပါတယ်.. ဘလော့ စရေးခါစလဲဖြစ်တော့ ပိုစ့်တွေကို Import လုပ်လို့ရတယ် ဆိုတာကို နားမလည်ခဲ့မိလို့ပါ. ခုတစ်ခါတော့ ကံကောင်းတာက အရင်ဘလော့လေး မပျက်သွားခင်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းချက်နဲ့ Back Up လုပ်ထားလိုက်မိပါတယ်.. Back up လေး လုပ်ထားလိုက်မိတော့ အရင်ကရေးခဲ့တဲ့ပိုစ့်တွေ အားလုံးနီးပါး ပြန်ရပါတယ်.. ဒီအတွက် အတိုင်းမသိ ၀မ်းသာ မိရပါတယ်. ဒါကြောင့် Back up လုပ်ထားဖို့ တိုက်တွန်းပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ပြောကြားခွင့်ပြုပါရှင်.. Mylovecafe မှာ ရေးနေသူ အားလုံးနီးပါး ဘယ်သူမှ Back up လုပ်ထားကြမှာ မဟုတ်လို့ သူတို့တွေရဲ့ ရေးပြီးသားစာတွေအားလုံး ပျောက်ဆုံးကုန်တဲ့အတွက်တော့ အားလုံးနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်.. ဒါကြောင့် စာရေးဖော်များကို တိုက်တွန်းချင်တာက ကိုယ့်ဘလော့လေးကို မကြာခန Back Up လုပ်ပေးကြပါဆိုတာပါဘဲ.. မဟုတ်ရင် ကိုယ်ကြိုးစားရေးခဲ့သမျှ မမျှော်လင့်တဲ့ အကြောင်းတွေနဲ့ ဆုံးရှုံးသွားတတ်ပါတယ်..





ကျွန်မတို့မှာ စာရေးချင်တဲ့စိတ်နဲ့၊ ၀ါသနာက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ ဖြစ်တဲ့အတွက် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ရေးနိုင်မလဲဆိုတာကို ဘလော့ဖွင့်မရတဲ့ ရက်တွေမှာ နေ့စဉ် စဉ်းစားကြံဆရင်း နည်းလမ်းတွေရှာမိပါတယ်.. စာအမြဲ လာဖတ်သူများကိုလည်း အားနာမိပါတယ်.. အများတကာ ရေးနေတဲ့ Blogspot မှာလဲ ကျွန်မတို့အနေနဲ့ ရေးလို့ အဆင်မပြေတာကြောင့် ကျွန်မနဲ့ ကျွန်မရဲ့ အစ်မတစ်ယောက်ကဲ့သို့ ချစ်ခင်ရပါသော  မမြသွေးနီ နဲ့ တိုင်ပင်ပြီးကာမှ Hosting တစ်ခု ၀ယ်လိုက်ပြီး ယခင်ကအတိုင်း အရှိန်မပျက် စာတွေ ပြန်ရေးနိုင်ဖို့ ကြိုးစားကြပြန်ပါပြီ.. လဲပြိုသွားပေမဲ့ ပြန်ထဖို့ ကြိုးစားကြခြင်း ဖြစ်ပါတယ်.. ကျွန်မတို့ ရေးတဲ့ စာတွေကို အမြဲလာဖတ်ကြသူများ စာရေးဖော် မိတ်ဆွေ သူငယ်ချင်းများ၊ ဘလော့လေးအတွက် အားတက်သရော အကူအညီပေးကြသူများ၊ အကြံပေးမေးမြန်းကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်.. ပြီးခဲ့တဲ့ရက်တွေက အိမ်ကို မမျှော်လင့်ဘဲ ပြန်ဖြစ်သွားတဲ့အတွက် ကချင်ပြည်နယ် ဖားကန့်ဒေသရဲ့ ဆိုးဝါးတဲ့ မိုးရာသီ လမ်းခရီး အတွေ့အကြုံများကို မကြာခင်မှာ ဓာတ်ပုံများနဲ့ ဖော်ပြပေးပါဦးမယ်..





ယခင်ကလိုဘဲ စာတွေကို အဆင်ပြေပြေ ဖတ်ရှုနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်.  စာတွေကိုလဲ ယခင်ကလို အတတ်နိုင်ဆုံး ပြန်ရေးပါမယ်လို့ အားလုံးကို အသိပေးရင်း အစိမ်းရောင်လွင်ပြင်အသစ်ကို အားမာန်အပြည့်ဖြင့် ပြန်လည် မွေးဖွားလိုက်ပါကြောင်းရှင်..







အားလုံးကို လေးစားချစ်ခင်စွာဖြင့်




ချော(အစိမ်းရောင်လွင်ပြင်)