နှစ်သက်ဖွယ်အထူးအဆန်းအသုံးအဆောင်ကလေးများ



ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့်ပြီး မအားမလပ်ဖြစ်နေတာကြောင့် စာမရေးနိုင်သေးတာနဲ့  ထူးထူးဆန်းဆန်း လှလှပပ အသုံးအဆောင်လေးတွေကို ရှာဖွေပြီး တင်ပေးထားပါတယ်.. ကြိုက်တဲ့ဒီဇိုင်းလေးတွေကို ရွေးချယ် အားပေးသွားကြပါလို့...




အောက်က ပုံကိုကြည့်ပြီး ဘာပစ္စည်းလေးလို့ ထင်ကြပါသလဲ... ခန့်မှန်းကြည့်ပါလားနော်..









ဒီလိုလေး ဖြန့်ထုတ်လိုက်ပါတယ်..







ဘယ်နေရာသွားသွား အလွယ်တူ သယ်ယူလို့ လွယ်ကူတဲ့ အိတ်ဆောင် မီးပူလေးဖြစ်ပါတယ်..









လှပစွာပြင်ဆင်ထားတဲ့ ငါးမွေးကန်လဲဟုတ် ဘေစင်လဲဟုတ်







စာအုပ်စင်ဒီဇိုင်းသစ်များ







ဒါလေးက တစ်မျိုး







ဒါကတော့ တစ်ဘာသာ












လှေခါးလဲဟုတ် စာအုပ်အဖြစ်လဲ အသုံးဝင်








စားပွဲခုံ ဒီဇိုင်းသစ်





အမှိုက်သိမ်းတဲ့ ဂေါ်ပြားပါ.. ဘယ်လိုသုံးကြမလဲ..







လက်နဲ့မကိုင်ချင်သူများအတွက် ဒီလို ခြေထောက်ကလေးနဲ့ ညှပ်ပြီး အမှိုက်သိမ်းလို့ ရပါတယ်..







ဘာလေးလဲမသိ





ကော်ဖီခွက်တစ်ခြမ်း မုန့်ကိုတစ်ခြမ်းထည့်လို့ရတဲ့ ဒီဇိုင်းဆန်းပါ.





နှစ်မျိုးသုံးလို့တဲ့ ဖန်ခွက်ပါ..








ဒီလို ဒီလို ထည့်လို့ရပါတယ်.







ဒီစဉ့်တီတုံးလဲ မဆိုးပါဘူးနော်









ဒုံးကျည်မဟုတ်ပါဘူး... အလှပန်းအိုးပါ..









ချစ်စရာ စားပွဲနဲ့ ထိုင်ခုံများ










ဒီလိုဆို ဆိုဖာပေါ့.. အောက်မှာတော့ ကုတင်အဖြစ် အသုံးပြုလို့ ရပါတယ်..









တစ်မျိုး မထင်ပါနဲ့... အသားကြိတ်စက်ပါ.. :)





ကော်ဖီခွက်တွေက မျက်နှာကြက်မှာရောက်နေပြီ.. အော် မီးလုံးတွေပါလား







ပေါင်မုန့် မီးကင်စက်






ဖိနပ်စင် ဒီဇိုင်းအသစ်










ဒါလေးက ဘာလေးလဲမသိ






ဒီလိုလေး ယူပြီး စားပွဲပေါ် ခင်းလိုက်မယ်ဆိုရင်






ထမင်းဟင်းထည့်ဖို့ ခွက်တွေပါ အဆင်သင့် ပါတဲ့ စားပွဲခင်းတစ်မျိုးပါ.. .. နောင်ဆိုရင် အိမ်မှာ ပန်းကန်တွေဝယ်ထားစရာမလိုတော့ဘူးပေါ့.. ဒီလိုစားပွဲခင်းတွေရှိရင် အလုပ်ဖြစ်ပြီ..









မောက်စ်တွေက ရေစိုနေပါလား..ရေစိုခံမောက်စ်များလား








၂ခုလုံး ဆပ်ပြာတွေဖြစ်ပါတယ်.. ဒါကတော့  Gmail ဆပ်ပြာပေါ့..   :)







ဒီရေကန်က ဘယ်လိုလဲ







အင်္ကျီဇစ် တစ်ဝက်တစ်ပျက်ဖွင့်ထားတဲ့ ပုံသဏ္ဍာန်နဲ့ ရေကန်ပါ..






ချစ်စရာ ထိုင်ခုံလေးများ








ထိုင်ခုံ စားပွဲ တစ်ဆက်တည်း







ကျွန်မတို့ မြန်မာပြည်က စာသင်ခန်းတွေမှာ ဒီလိုခုံတွေရှိရင် သိပ်ကောင်းမှာနော်..





ငါးအလှမွေး ဖန်ခွက်





Source from Funzug.com







အားလုံးဘဲ ပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်.........




ချော(အစိမ်းရောင်လွင်ပြင်)

ဖန်ဆင်းသူ


picture from Here




မစ်ဇူရီပြည်နယ်က စိန့်လူးဝစ်မှာ ရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ နေ့လည်စာစားချိန် အလုပ်ခနနားပါတယ်.. ၀န်ထမ်း အားလုံးဟာ နားချိန်စေ့လို့ နေ့လည်စာ စားသောက်ကြတဲ့ ကန်င်တင်းကနေ အလုပ်ကို အသီးသီး ပြန်ဝင်လာကြချိန်မှာတော့ ကုမ္ပဏီအ၀င်ပေါက် တံခါးမကြီးမှာ ကြော်ငြာတစ်စောင် ကပ်ထားတာကို တွေ့ကြရပါတယ်… ကြော်ငြာစာရွက်ပေါ်မှာက  “သင်ရဲ့ ငယ်ရွယ်နုပျိုမှု၊ သင်ရဲ့ ပျော်ရွှင်မှုတွေကို တားဆီးပိတ်ပင်ထားတဲ့ ဒီ ကုမ္ပဏီက လူတစ်ယောက်ဟာ မနေ့က သေဆုံးသွားခဲ့ပါတယ်.. သူရဲ့ အသုဘကို ကုမ္ပဏီရဲ့ အားကစား ခန်းမမှာ ပြင်ဆင်ထားပါတယ်.. ဒါကြောင့် အသုဘရှု ကြွရောက်ဖို့ ၀န်ထမ်းများ အားလုံးကို အကြောင်းကြားအပ်ပါတယ်” လို့ ရေးထားတာပါ..




ရုတ်တရက် ကြော်ငြာကို ဖတ်လိုက်ရတော့ ၀န်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်တော့ ဆုံးပါးသွားပြီ ဆိုပြီး စိတ်မကောင်းဖြစ်သွားကြပါတယ်.. ဒါပေမဲ့ အနည်းငယ်ကြာတဲ့အချိန်မှာတော့ သေဆုံးသွားသူဟာ ဘယ်သူများဖြစ်မလဲဆိုပြီး သူတို့ရဲ့ အတွေးထဲမှာ “ငါ့ရဲ့  ပျော်ရွှင်မှုတွေ၊ ငယ်ရွယ်နုပျိုမှုတွေကို ရပ်တန့်အောင် လုပ်နိုင်တာ ဘယ်သူများပါလိမ့်.. အဲဒီလူဟာ ဘယ်လိုလူမျိုးလဲ... အင်း ဘာဘဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒီလူဟာ ကုမ္ပဏီမှာ မရှိတော့ဘူးပေါ့..” ဆိုတဲ့  သိချင်စိတ် ပြင်းပြစွာနဲ့ရော၊ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို နောက်ဆုံး အနေနဲ့ နှုတ်ဆက်ဂါရ၀ပြုဖို့ပါ အားလုံးဟာ အားကစားခန်းမကြီးထဲကို ရောက်လာကြပါတယ်..




အားကစားခန်းမကြီးထဲမှာ ပြင်ဆင်ထားတဲ့ အခေါင်းနားကို ၀န်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက်  ရောက်လာကြပါတယ်.. သူတို့ဟာ အခေါင်းထဲကို ငုံ့ကြည့်လိုက်ချိန်မှာတော့ အံ့သြ တုန်လှုပ်မှု များစွာနဲ့ လူတိုင်းဟာ ရုတ်ချည်း တိတ်ဆိတ် ငြိမ်သက် ဆွံ့အလို့ သွားကြပါတယ်.. ပြီးတော့ အခေါင်းဘေးမှာ ခြောက်ခြားစွာနဲ့ မတ်တပ်ရပ်နေကြပြီး ဘယ်သူမှ ဘာစကားသံမှကို ထွက်မလာနိုင်တော့ပါဘူး.. သူတို့ရဲ့ စိတ်အသိဥာဏ်တို့ကို တစ်စုံတစ်ယောက်က ထိန်းချုပ်လိုက်လို့ အသက်မဲ့သွားသလိုပါဘဲ… မျက်နှာပေါ်မှာလဲ နက်နဲတဲ့ အတွေးတွေကို ကိုယ်စီ တွေးနေမိကြတဲ့  အရိပ်အယောင်တွေ ယှက်ဖြာလို့...




အခေါင်းထဲမှာ သူတို့ တွေ့လိုက်ရတာက ကြည့်မှန်တစ်ချပ်ပါ… ၀န်ထမ်းတွေဟာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို တွေ့လိမ့်မယ် အထင်နဲ့ အခေါင်းထဲကို ကြည့်လိုက်တဲ့အခါ အခေါင်းထဲက မှန်ပေါ်မှာ ထင်ထင်ရှားရှား မြင်လိုက်ရတာက မျှော်လင့်မထားတဲ့ သူတို့ကိုယ်တိုင်ရဲ့ရုပ်ပုံလွှာ၊ သူတို့ရဲ့ မျက်နှာသာ ဖြစ်လို့နေပါတယ်.. မှန်ရဲ့ အောက်ခြေမှာ ရေးပြီး ကပ်ထားတဲ့ စာတန်းလေးတစ်ခုက “မင်းရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ စိတ်ပျော်ရွှင် ကြည်လင်မှုတွေကို ကန့်သတ် ထိန်းချုပ်နိုင်တဲ့ သူဟာ မင်းကိုယ်တိုင်သာ ဖြစ်ပါတယ် ” တဲ့…




ဟုတ်ပါတယ်နော်.. လူဆိုတာ ကိုယ့်ဘ၀ကိုယ်သာ လုံးဝဥဿုံ ပြောင်းလဲပစ်နိုင်ပါတယ်.. တစ်ခြားဘယ်သူကမှ ကိုယ့်ဘ၀ကြီးတစ်ခုလုံးကို ကြိုးကိုင်ချယ်လှယ်လို့ မရပါဘူး… ကိုယ့်ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ကိုယ့်ရည်မှန်းချက် စတာတွေကို  ကိုယ့်ဖာသာ တည်ဆောက်နိုင်ပါတယ်.. သင့်အလုပ်ရှင်ကလည်း သင့်ဘ၀ကြီးကို ပြောင်းလဲအောင် မတတ်နိုင်သလို၊ သင့်မိတ်ဆွေ၊ သင့်သူငယ်ချင်း၊ သင့်မိဘဆွေမျိုး၊ သင့်ချစ်သူ စသည်တို့ကလည်း သင့်ဘ၀ပြောင်းလဲသွားအောင် မတတ်နိုင်ကြပါဘူး… သင့်ဘ၀ကို သင်ကိုယ်တိုင်က ပြောင်းလဲမှသာ ပြောင်းလဲလို့ရပါတယ်.. သင့်ဘ၀အတွက် တာဝန်အရှိဆုံးသူက သင်ကိုယ်တိုင်သာ ဖြစ်ပါတယ်.။





ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ဆင်ခြင်သတိပြုစရာလေးတွေ၊ တွေးတောစရာလေးတွေ  ရလိုက်မိပါတယ်.. ကျွန်မတို့တွေ မိမိရဲ့ ပတ်ဝန်းကျင်မှာ မကြာခန ကြားဖူးကြမှာပါ.. ဘယ်သူ့ကြောင့်တော့ဖြင့် သူ့ဘ၀ပျက်ရပါတယ် ဆိုတဲ့စကားတွေ… ဥပမာ ချစ်ကံခေလို့ ရည်းစားကွဲကြတဲ့ လူငယ်တွေ.. ဒီတစ်ယောက်နဲ့ကွဲလို့ သူ့မှာ မစားနိုင်မသောက်နိုင်ဖြစ်ကြရပါတယ်.. လောကကြီးမှာ အသက်ရှင်ချင်စိတ် မရှိတော့အောင်ဖြစ်ရပါတယ်.. ဆိုတာတွေ.. တစ်ချို့ကျတော့ ဘ၀ရဲ့ တိုက်ပွဲတစ်ခုခုမှာ ရှုံးနိမ့်ရတဲ့အဖြစ်တွေ၊ ဥပမာ စီးပွားရေးလောကမှာ အရှုံးနဲ့ တွေ့ရတာမျိုး၊ အလုပ်ပြုတ်ရတာမျိုး၊  ကျောင်းသားတွေ စာမေးပွဲကျရတာမျိုး စတဲ့ အဖြစ်တွေပါ..  ဒီလိုအဖြစ်တွေနဲ့ ကြုံလာတဲ့ အဲဒီအချိန်တွေမှာ တစ်ချို့သော သူတွေဟာ စိတ်ဓါတ် နလံမထူနိုင်အောင် အလဲလဲအပြိုပြို ခံစားတတ်ကြပါတယ်..




တကယ်တမ်းတော့ ခုလိုဖြစ်တာဟာ မိမိရဲ့စိတ်ကြောင့်သာ ဖြစ်ပါတယ်.. ခဏတာ အခက်အခဲ၊ ခဏတာ ကျရှုံးမှုကို တစ်သက်လုံး ဆုံးရှုံးတယ်လို့ ထင်ကြပြီး စိတ်ဓာတ်ကို အောက်ဆုံးရောက်အောင် လျှော့ပစ်လိုက်ကြသူများ ဖြစ်ပါတယ်.. ရည်းစားနဲ့ကွဲရတဲ့အဖြစ်၊ စီးပွားရေးလုပ်ရင်း အဆင်မပြေဖြစ်ရတဲ့ အဖြစ်၊ စာမေးပွဲ ကျရှုံးရတဲ့အဖြစ်တွေဟာ ဘ၀ကြီးတစ်ခုလုံး ဆုံးရှုံးရတာမျိုးမဟုတ်ဘဲ… အချိန်မရွေး ပြန်လည် အောင်မြင်အောင် ကြိုးစားနိုင်တဲ့ ဖြစ်ရပ်တွေသာ ဖြစ်ပါတယ်.. ရည်းစားဆိုတာလည်း ကွဲတုန်းခန ခံစားကြရမှာ ဖြစ်ပေမဲ့ အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး အချစ်သစ်ကို ပြန်လည် တွေ့ကြရဦးမှာသာ ဖြစ်ပါတယ်.. ၀န်ထမ်းတစ်ယောက် အလုပ်ပြုတ်ရင်လဲ ကိုယ့်ဘက်က မှားနေတာရှိရင် ပြင်ဆင်လိုက်မယ်ဆိုရင် နောက်ထပ်အလုပ်သစ်တစ်ခုကို  ပြန်လည် ရရှိနိုင်သေးပါတယ်..




အဓိက အရေးအကြီးဆုံးက အပြောင်းအလဲ တစ်ခုခုဖြစ်ချိန်၊ တစ်ခုခုကို ဆုံးရှုံးချိန်မှာ မိမိစိတ်ဓာတ်ကို လျှော့မချပစ်ဘဲ အားတင်းထားဖို့၊ ကြံ့ကြံ့ခံနိုင်ဖို့သာ လိုအပ်ပါတယ်.. ကိုယ့်ဘ၀ ကျရှုံးအောင်လည်း ကိုယ်သာ တတ်နိုင်သလို ကိုယ့်ဘ၀ အောင်မြင်အောင်လဲ ကိုယ်သာ တတ်နိုင်ပါတယ်.. စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ လုပ်ဆောင်မယ်ဆိုရင် မအောင်မြင်စရာ အကြောင်းမရှိပါဘူး.. ဒါကြောင့် မိမိရဲ့ ဘ၀မှာ မိမိသာလျှင် ဆရာသခင် မိမိကိုယ်တိုင်သာလျှင် ဖန်ဆင်းရှင်  ဖြစ်ပါတယ်လို့ ဖတ်မိတာလေးကို နှစ်သက်စွာနဲ့ ပြန်လည်ဝေမျှပါကြောင်းရှင်…






Last Respects ( Unknown Author) ကို ဘာသာပြန် ဝေမျှပါသည်။




"The most important relationship you can have, is the one you have with yourself."







ချော(အစိမ်းရောင်လွင်ပြင်)

သွားကြစို့ ပူတာအို



ပူတာအိုမှ ကြိုဆိုပါ၏။






သွားကြစို့ ပူတာအို


~~~~~~~~~~~~~~~~~~~~~~~









ကချင်ပြည်နယ်ရဲ့ သာယာလှပတဲ့ နေရာတွေအကြောင်း ရေးပါဦးလို့ ဆိုလာကြသူများအတွက် ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ လှပငြိမ်းချမ်းတဲ့ ဒေသလေး တစ်ခုအကြောင်း ပြောပြချင်ပါတယ်.. အဲဒီနေရာလေးကတော့ ပူတာအိုမြို့နဲ့ အနီးတစ်ဝိုက်ဒေသ ဖြစ်ပါတယ်.. ပူတာအိုဒေသဟာ မြစ်ကြီးနားမြို့ကနေ ၂၁၉မိုင် ကွာဝေးပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၁၃၀၀ မှ ၁၈၀၀ ထိ အမြင့် ရှိပါတယ်.. တောင်တန်းတွေကြားမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ပူတာအို လွင်ပြင်ဒေသ ဖြစ်ကာ မြောက်ကနေ တောင်ကို ၁၅မိုင် ကျယ်ပြန့်ပြီး အရှေ့ကနေ အနောက်ကို ၂၅မိုင်ကျယ်ဝန်းပါတယ်..  စမ်းချောင်းတွေပေါများပြီး မြေသြဇာကောင်းမွန်တဲ့ ပူတာအိုလွင်ပြင်ဒေသမှာ သစ်သီးဝလံများလည်း ပေါများလှပါတယ်.. ဂရိတ်ဖရု၊ လိမ္မော်၊ ၀ါရှင်တန်သီး စသည်တို့ စိုက်ပျိုးထားသော ခြံများစွာ ရှိပါတယ်..






============================














တိုင်းရင်းသားတို့ စပါးထောင်းလေ့ရှိတဲ့ လက်ထောင်းဆုံလေးပါ..







ရိုးရာ ဂျပ်ခုပ်ယက်ကန်း





ချစ်စရာ တိုင်းရင်းသူလေး







တိုင်းရင်းသားတို့ရဲ့ အဆင်တန်ဆာ




ပူတာအိုမြို့ကလေးဟာ အသီးအနှံပေါရုံမက မိန်းမချောလေးတွေလဲ ပေါတယ်လို့ ပြောရမှာပါ.. ကျွန်မမှာ အလွန်ဘဲ ခင်မင်ရင်းနှီးတဲ့ ပူတာအိုသူ  သူငယ်ချင်းတစ်ယောက် ရှိပါတယ်.. သူ့ရဲ့ အသားအရေဟာ ဖြူဖွေးဝင်းနှစ်နေပြီး ခင်မင်ဖော်ရွေစွာဘဲ ချစ်စရာအလွန်ကောင်းတဲ့ ခန္တီးရှမ်း လူမျိုးဖြစ်ပါတယ်.. သဘောမနောလဲ ကောင်းလှပါတယ်.. သူ့ဆီ သွားလည်တဲ့အခါ ဧည့်သည်လာရင် ပျော်ရွှင်စွာ ဧည့်ဝတ် ကျေပြွန်တတ်ကြတဲ့ ချစ်စရာ တိုင်းရင်းသား အလေ့အထများကို အပြည့်အ၀ မြင်တွေ့ရပါတယ်..  ပူတာအို ဈေးကတော့ သစ်တောထွက်ပစ္စည်းများနဲ့ စိတ်ဝင်စားစရာ ကောင်းလှသလို အရောင်စုံလှတဲ့ တိုင်းရင်းသားတို့ရဲ့ ၀တ်စားဆင်ယင်ပုံ များကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်.. ပူတာအို တစ်ဝိုက်မှာတော့ ကချင်၊ ရ၀မ်၊လီဆူး၊ ခန္တီးရှမ်း၊ စတဲ့ တိုင်းရင်းသား လူမျိုးတွေ နေထိုင်ကြပြီး ဗမာနဲ့ အခြား တိုင်းရင်းသားများ အနည်းငယ် ရှိပါတယ်... ပူတာအိုကို သွားမယ်ဆိုရင် လေယာဉ်နဲ့သာ သွားနိုင်ပါတယ်.. နွေရာသီမှာတော့ ကားနဲ့လည်း သွားနိုင်တယ်လို့ ဆိုပါတယ်..







=================================









ပလိုင်းလွယ်သူ လှပျိုဖြူ ( နောက်မှာ လွယ်ရတဲ့ ပလိုင်းမို့  ကျွန်မတို့အရပ်မှာ နောက်လွယ်လို့လဲ ခေါ်ပါတယ်..)



===============================









ပူတာအိုမြို့က နေချင့်စဖွယ် အိမ်ကလေး




================================






ပကာသနမဖက်တဲ့ ရိုးရာအိမ်ကလေးတစ်လုံး


==============================






တောင်တွေကြည့်ပြီး လွမ်းတယ်..


================================












ခါကာဘိုရာဇီတောင် ရဲ့အလှ


==================================





တောင်စဉ်တောင်တန်းတွေ ၀ိုင်းပတ်ကာရံထားတဲ့ ပူတာအိုမြို့ကလေးကတော့ တစ်နှစ်ပတ်လုံး အေးမြတဲ့ရာသီဥတုရှိပြီး ရေခဲဖုံးနေတဲ့ တောင်ထွတ်များကို လှမ်းမြင်ရတဲ့ မြို့ကလေးဖြစ်ပါတယ်.. မနက်ခင်း နေခြည်ဖြာအဆင်းမှာ ဟိုးဝေးဝေးက တောင်တန်းထိပ်ဖျားများပေါ်က လင်းလက်တောက်ပနေတဲ့ ရေခဲပြင် ဖြူဖြူဖွေးဖွေးတွေကို မြင်ရတာ ဘယ်အရာနဲ့မှ မတူအောင် ရင်ခုန် ကြည်နူးဖို့ ကောင်းလှပါတယ်.. သာယာလှပတဲ့ ပူတာအိုမြို့ကလေးဟာ မြို့ပြနဲ့ အလှမ်းဝေး နေသေးတဲ့ အတွက် သဘာဝအလှတရားများ၊ တိုင်းရင်းသားတို့ရဲ့ စစ်မှန်တဲ့ ရိုးရာ ယဉ်ကျေးမှုများကို တွေ့မြင်နေရဆဲ နေရာတစ်ခု ဖြစ်ပါတယ်.. ရိုးသားလှတဲ့ တိုင်းရင်းသားတွေနေထိုင်တဲ့ ဒေသဖြစ်တာကြောင့် အေးချမ်းပြီး စိတ်ဝင်စားစရာ ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းလှပါတယ်.. ပူတာအိုမြို့ကနေ မချမ်းဘော၊ ဆွမ်ပရာဘွမ် စတဲ့ မြို့ကလေးတွေကိုလည်း အလည် သွားရောက်နိုင်ပါတယ်. မချမ်းဘော မြို့ကလေးမှာတော့ လည်စရာနေရာတစ်ခုက ကျောက်နဂါးလို့ခေါ်တဲ့ နဂါးပုံဖြစ်နေတဲ့ ကျောက်တန်းရှည်ကြီးတစ်ခုပါ.. ကျောက်နဂါးနဲ့ ပါတ်သက်ပြီး ဒေသခံ တိုင်းရင်းသားတို့ရဲ့ ပါးစပ်ရာဇ၀င်လေးကိုလည်း နားထောင်နိုင်ပါတယ်..  ပူတာအိုမြို့အနီးက မူလာရှီးဒီ ချောင်းကလေးဟာ ဖန်သားပြင်တစ်မျှ ကြည်လင်လှပပြီး သန့်စင်လွန်းလှပပြီး ချောင်းကိုဖြတ်ကူးတဲ့ မူလာရှီးဒီ ကြိုးတံတားကိုလည်း ရောက်ဖူးသူတိုင်းက မေ့မရအောင် တသသနဲ့ သတိတရ ရှိနေတတ်ကြပါတယ်..








မူလာရှီးဒီ ကြိုးတံတား ( Source )








ကျောက်နဂါး ( photo source )








သဘာဝဆန်တဲ့ မြေနီလမ်း












=================================











စိတ်ဝင်စားဖွယ် တိုင်းရင်းသားတို့ရဲ့ ပူတာအိုဈေး






==========================











===============================





နှင်းဖုံးတောင်ထွတ်များရဲ့ အလှအပ



==============================








ကြည်လင်အေးမြနေတဲ့ စမ်းချောင်းကလေးရဲ့ အလှ




================================







ပူတာအိုကနေ မိုင် ၁၈၀အကွာမှာတော့ အမြင့်ပေ ၁၉၃၂၆ ရှိပြီး အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီတောင် တည်ရှိပါတယ်… ခါကာဘိုရာဇီ တောင်ထိပ်ကိုတော့ ၁၉၉၆ခုနှစ်မှသာ ဂျပန်အမျိုးသား တောင်တက်သမား တစ်ဦ်းက ကချင်လူမျိုး လမ်းပြများနဲ့အတူ တက်ရောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်.. တောင်ထိပ်ကို တက်ရောက်ဖို့ အလွန်ခက်ခဲပြီး အန္တရာယ်လဲ များလွန်းလှပါတယ်.. ပေ ၉၀၀၀ ကျော်မြင့်တဲ့ ဖုန်ဂမ်ရာဇီ တောင်ကတော့ ပူတာအိုမြို့ကနေ ခြေလျှင်ခရီးနဲ့ ၆ရက်ခရီးတာ ကွာဝေးပြီး တောင်တက်သမားများ အတွက် တက်ရောက်ရတာ ပိုအဆင်ပြေ လွယ်ကူတာကြောင့် တောင်တက်ဝါသနာပါသူတို့ တောင်တက်လေ့ကျင့်တဲ့  နေရာတစ်ခုလည်း ဖြစ်ပါတယ်.. ပူတာအိုမြို့ဟာ တောင်တက်သမားများ၊ သဘာဝ အလှအပချစ်သူများ၊ သစ်ခွမုဆိုး၊ လိပ်ပြာမုဆိုးတို့ မဖြစ်မနေ ရောက်ရှိစခန်းချရာ မြို့ကလေး ဖြစ်ပါတယ်.. အဲဒီကမှတစ်ဆင့်  တောင်တန်းတွေပေါ်ကို တက်ရောက်ဖို့ စီစဉ်ပြင်ဆင်ကြတာ ဖြစ်ပါတယ်..








ဖုန်ဂမ်ရာဇီတောင်


=====================================







================================










ရဲဝံ့သူတို့ရဲ့ ခရီး




ဟိမ၀န္တာ တောင်တန်းကြီးကနေ ဖြာဆင်းလာတဲ့ တောင်စဉ်တောင်တန်းတွေကြောင့် တောတောင် ထူထပ်ပြီး သဘာဝအရင်းအမြစ်တွေ ပေါပေါများများ ရှိနေဆဲဒေသ ဖြစ်တာကြောင့် သိပ္ပံပညာရှင်များအတွက် လေ့လာစရာများ၊ ပယင်းကဲ့သို့သစ်စေးရုပ်ကြွင်း၊ သားမင်း၊ တောင်ဆိတ်၊ တောဝက်၊ ဆတ်၊ ကတိုးကောင်၊ ၀က်ဝံနက်၊ သမင်နက် အစရှိသော ရှားပါး သတ္တ၀ါများ၊ ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ သစ်ခွနက်လို ရှားပါးသစ်ခွများ၊ ဆေးဘက်ဝင် အပင်များ၊ သစ်မွှေးများ စသည်တို့ ပေါများစွာ တွေ့ရနိုင်ပါတယ်.. သစ်ခွမျိုးစိတ်အသစ်များ၊ လိပ်ပြာ မျိုးစိတ်သစ်များကို ထိုဒေသတို့မှာ မကြာခန တွေ့ရှိရတတ်တာကြောင့် နိုင်ငံခြားသားများ အလွန်ဘဲ စိတ်ဝင်စားတဲ့  ဒေသတစ်ခုလဲဖြစ်ပါတယ်.. တောင်ဆိတ်အဆီဆိုတာ ကချင်ဒေသမှာတော့ ဈေးကြီးပေးရတဲ့ ဆေးဘက်ဝင်တဲ့ အရာပါ.. ဒဏ်ကြေလိမ်းဆေးအဖြစ် ထည့်သွင်းဖော်စပ် အသုံးပြုကြပါတယ်.. ပြီးတော့ မချစ်ဥ (မဂျစ်ဥ)၊ ခမ်းတောက်မြစ်၊ ရေခဲမှို၊ မရှော့ရွက် စတဲ့ နံမည်ကျော် ဆေးဘက်ဝင်အပင်များစွာလည်း ရှိပါတယ်..







နံမည်ကျော် တောင်ဆိတ်


===============================












သစ်ခွနက်





တောတောင်တွေကြားက ချောင်းအလှ





အဲဒီဒေသတစ်ဝိုက်မှာ အောက်ခံကျောက်တုံးကျောက်ခဲတို့ကို မြင်ရလောက်အောင် သန့်ရှင်း ကြည်လင်စွာစီးဆင်းနေတဲ့ စမ်းချောင်းများစွာ ရှိပါတယ်.. စမ်းချောင်းတွေကိုဖြတ်ကူးဖို့ ဆောက်လုပ်ထားတဲ့ ကြိုးတံတားနဲ့ ၀ါးတံတားများစွာတို့ဟာ ဒေသခံလူမျိုးတွေအတွက် မထူးဆန်းပေမဲ့ တစ်ခေါက်တစ်ခါ အလည်ရောက်သူများ အတွက်တော့ အထူးအဆန်း စိတ်ဝင်စားစရာများ ဖြစ်ပါတယ်.. အချို့ချောင်းတွေဟာ ရေစီးသန်လှပြီး တစ်ဝုန်းဝုန်းနဲ့ အသံမြည်နေအောင်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေပါတယ်.. ကျောက်ဆောင် ကျောက်တုံးများကို ဖြတ်ပြီး စီးဆင်းနေတာကြောင့် အလွန်လှပတဲ့ မြင်ကွင်းဖြစ်သလို ပြင်းထန်လှတဲ့ ရေစီးသံကလည်း ရင်ခုန်ထိတ်လန့်ဖို့ ကောင်းလှပါတယ်.. စွန့်စွန့်စားစား ခရီးသွားချင်သူများ၊ တောင်တက်ဝါသနာပါသူများ၊ တောင်ပေါ်ရေခဲပြင်တို့ရဲ့ အလှကို မြင်တွေ့ ခံစားချင်သူများ အတွက် မမေ့နိုင်တဲ့ ခရီးဖြစ်မှာတော့ သေချာလှပါတယ်..














ရင်ခုန်စရာ ကြိုးတံတား




================================











တိုင်းရင်းသားတို့ရဲ့ ရွာ


===============================










အေးချမ်းဆိတ်ငြိမ်ရာ






ပူတာအိုဒေသနဲ့ ပါတ်သက်သော ဓာတ်ပုံများကို http://sites.google.com/site/jinghpawlaika/putao နဲ့ http://www.plateaumyanmar.com/gallery.htm တို့မှ ကျေးဇူးတင်စွာ အသုံးပြုပါတယ်.. အချို့ပုံများအတွက် လင့်များ ဖော်ပြဖို့ကျန်ခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ ပန်ကြားပါတယ်ရှင်...  စာဖတ်သူများလည်း အချိန်လေးများရခဲ့ရင် တိုင်းရင်းသားတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတွေ မပျက်မစီး တည်ရှိနေသေးတဲ့ သဘာဝ အလှအပတွေကို ခံစားဖို့ ပူတာအိုမြို့ကို တစ်ခေါက်တစ်ခါ အရောက်သွားကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ရှင်……..







ချော(အစိမ်းရောင်လွင်ပြင်)