ကျန်းမာရေးအတွက် ရေညှိတစ်ခွက်



ရေညှိသုပ်




ဒီနေ့တော့ စာဖတ်သူများကို လူသားတွေအတွက် အကျိုးရှိလှတဲ့ ရေညှိအကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်..




ရေညှိကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပင်လယ်ကမ်းရိုးတန်းတွင် နေထိုင်သူများက အစားအစာအဖြစ် စားသောက်ခဲ့ကြပါတယ်.. အထူးသဖြင့် ဂျပန်၊တရုတ်၊ ကိုးရီးယား စတဲ့ နိုင်ငံတွေမှာ အထူးစားသုံးကြပြီး  ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကလည်း စားသုံးကြသလို အင်ဒိုနီးရှား၊ ဘရာဇီလ်း၊ ပီရူး၊ ချီလီ၊ ကနေဒါကျွန်းဆွယ်၊ အိုင်ယာလန်၊ ဖိလိပိုင်၊ စကော့တလန်၊နော်ဝေး အစရှိတဲ့ ပင်လယ် ကမ်းခြေမှာ တည်ရှိတဲ့ နိုင်ငံတွေကလည်း စားသုံးကြပါတယ်..






ပင်လယ်ကမ်းစပ်မှ ရေညှိလုပ်ငန်းတစ်ခု




ရေညှိမှာ အမျိုးအစားပေါင်း ၉၀၀၀ကျော်ခန့် ရှိပေမဲ့ အဓိကအားဖြင့် အုပ်စု ၃စု ခွဲခြားထားပါတယ်.. အဲဒီသုံးမျိုးက အစိမ်းရောင်၊ အနီရောင်နဲ့ အညိုရောင်တို့ ဖြစ်ပါတယ်.. ရေညှိကို ကမ္ဘာအနှံ့အပြားက ပင်လယ်ကြမ်းပြင်တွေမှာ တွေ့နိုင်ပေမဲ့လို့ ရေအတိမ်အနက်ကို လိုက်ပြီး ပေါက်ရောက်တဲ့ ရေညှိအမျိုးအစားလည်း ကွဲပြားသွားတတ်ပါတယ်.. အစိမ်းရောင်ရေညှိဟာ ပင်လယ်ကမ်းခြေအနီးတစ်ဝိုက် ရေတိမ်ပိုင်းတွေမှာ ပေါက်ရောက်တတ်ပြီး အညိုရောင်ရေညှိကတော့ ရေအနက် ပေ၅၀မှ ပေ၇၅ အတွင်းမှာ ပေါက်ရောက်နိုင်ပါတယ်.. အနီရောင်ရေညှိမျိုးကတော့ ရေအနက် ပေ၈၀၀ကျော် နဲ့ အထက်မှာမှ ပေါက်ရောက်တယ်လို့ ဆိုပါတယ်.. အစားအသောက်အဖြစ် ပေါပေါများများ အသုံးပြုကြတာက အညိုရောင်ရေညှိကို အသုံးပြုတယ် လို့သိရပါတယ်.. အခြားအရောင်တို့ထက် အညိုရောင်ရေညှိကို များများစားစား လွယ်လွယ်ကူကူ တွေ့ရှိရတာကြောင့်ပါ…





အစိမ်းရောင်ရေညှိ






အနီရောင်ရေညှိ





အညိုရောင်ရေညှိ




ရေညှိဟာ အမြစ်၊ ပင်စည်မရှိတဲ့ ရေမှာပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး ပင်လယ်ရေအောက် အနက်မှာတည်ရှိနေသော ကျောက်တုံးများမှာ တွယ်ကပ်ပြီး ပေါက်ရောက်တတ်ပါတယ်.. ပင်လယ်ရေအောက် သတ္တ၀ါတို့အတွက် အစားအသောက်ဖြစ်သလို အောက်ဆီဂျင်ကို ထုတ်လွတ်ပေးသော အကြီးမားဆုံး အရင်းအမြစ်လဲဖြစ်ပါတယ်.. ရေညှိမှာ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ် စတဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ အလွန်ကြွယ်ဝပါတယ်.. လူသားတို့ အတွက်လည်း အလွန်အကျိုးများသော သဘာဝက လက်ဆောင်ပေးထားသော အစားအစာတစ်မျိုး ဖြစ်ပါတယ်.. ရေညှိမှာ ကုန်းပေါ်တွင်စိုက်ပျိုးသော အသီးအနှံတို့ထက်  သတ္တုဓာတ် အဆ ၂၀နီးပါး ပါဝင်ကြောင်း သိရှိရပါတယ်.. ဘယ်လိုမြေသြဇာမျိုးမှ အသုံးပြုခြင်းမရှိဘဲ သဘ၀အလျှောက် ရှင်သန်ကြီးထွားသော အပင်မျိုး ဖြစ်တာကြောင့် အန္တရာယ်ကင်းစွာနဲ့ စားသောက်သင့်တဲ့ စားသောက်ကုန်တစ်မျိုး ဖြစ်ပါတယ်.. ခုခေတ်မှာ ပင်လယ်ကမ်းခြေတွင် နေထိုင်သူများဟာ ရေညှိကို စီးပွားဖြစ် စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်..









ရေညှိတစ်မျိုး






ပင်လယ်ကမ်းခြေတွင်ရေညှိသန့်စက် အခြောက်လှမ်းနေသူများ





တရုတ်၊ ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ရေညှိကို အခြောက်ခံပြီး အပြားလိုက်ပြုလုပ်ကာ ဟင်းချိုချက်ရာတွင် လည်းကောင်း၊ ဆူရှီခေါ် ထမင်းလိပ် ပြုလုပ်ရာတွင်လည်းကောင်း၊ အသုံးချကြပါတယ်.. မြန်မာလူမျိုးတို့ အလှူမှာမပါမဖြစ် ကျွေးမွေးကြတဲ့ ကျောက်ကျောကိုလည်း ပင်လယ်ရေညှိမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်.. အခြား စက်မှု လုပ်ငန်းများမှာလည်း ရေညှိဟာ များစွာအသုံးဝင်ပါတယ်.. ဓာတ်မြေသြဇာ၊ ဆိုးဆေး၊ သွားတိုက်ဆေး၊ အိမ်သုတ်ဆေး၊ ဂျယ်လ် စသည်များနဲ့ အလှကုန်ထုတ်လုပ်ရာတွင်လည်း ရေညှိကို ထည့်သွင်း ဖော်စပ်ကြပါတယ်.. အညိုရောင်ရေညှိမှာ ရေတွင်အလွယ်တကူ မပျော်ဝင်နိုင်တဲ့ ကာဗွန်ဟိုက်ဒြိတ် ပါဝင်တာကြောင့် မြေဆီမြေသြဇာကို ထိန်းညှိပေးတဲ့ နေရာမှာ အလွန်အသုံးဝင်ကြောင်း သိရပါတယ်.. အထူးသဖြင့် စိုက်ပျိုးဖို့ မကောင်းလှတဲ့ ရွံ့မြေလို နေရာမျိုးအတွက်တော့ မရှိမဖြစ် အသုံးဝင်ပါတယ်။






သဘာဝရေညှိ




သက်သပ်လွတ်စားသုံးသူများအတွက်လည်း ရေညှိဟာ လိုအပ်တဲ့ ပရိုတိန်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝ လုံလောက်စွာ ဖြည့်တင်းပေးနိုင်ပါတယ်.. အိုင်အိုဒင်းဓာတ် ပေါများစွာ ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီပါဝင်မှု နည်းပါးခြင်းကြောင့် ကျန်းမာရေးအတွက်လည်း အလွန်သင့်တော်ပါတယ်..  အစားအသောက် မျိုးစုံမှာလည်း ထည့်သွင်းအသုံးပြုကြသလို ခေါက်ဆွဲတွင်လည်း ရေညှိကို ထည့်သွင်းအသုံးပြုပါတယ်.. ဆေးဝါးများ ဖော်စပ်ရာတွင်လည်း ရေညှိဟာ အလွန်အသုံးဝင်ပါတယ်.. ပင်လယ်ကမ်းခြေမှာ နေထိုင်သူတို့ရဲ့ အသက်ရှည်ခြင်းလျှို့ဝှက်ချက်ဟာ ရေညှိကို အမြဲတမ်း စားသုံးကြခြင်းကြောင့်လို့ ပြောကြပါတယ်. . ဂျပန်လူမျိုးတို့ကတော့ အစားအသောက် တော်တော်များများမှာ ရေညှိကို ထည့်သွင်းစားသုံးတတ်ကြပါတယ်။ ရေညှိကို အရသာမျိုးစုံ ထည့်သွင်းပြီး အဆာပြေစားစရာ Snack အဖြစ်ပါ ထုတ်လုပ် ရောင်းချလာကြတာကို တွေ့ရပါတယ်..






ရေညှိစားဖွယ်ရာ








စားချင့်စဖွယ် ရေညှိလိပ်




ရေညှိရဲ့ ကောင်းကျိုးများကို ဖော်ပြရမယ်ဆိုရင် ရေညှိဟာ အသားအရေကို စိုပြေစေပြီး ငယ်ရွယ်နုပျိုစေကာ  ဆံပင်ကိုလည်း နက်မှောင် တောက်ပြောင်စေတဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်.. ကယ်လ်စီယံဓာတ် အလွန်ကြွယ်ဝတာကြောင့် အရိုးနဲ့ သွားများကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်... Iodine နဲ့  Amino Acid တို့ကြောင့် ကင်ဆာဆဲလ်များ ပြန့်ပွားခြင်းကို ထိန်းချုပ်ပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တက်စေတယ်လို့ ဆိုပါတယ်.. သွေးတိုးကိုလည်း ကျစေနိုင်စွမ်းရှိပါတယ်..  ခန္ဓာကိုယ်အတွင်းရှိ PH Level ကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိပြီး ကိုလက်စရောလ် ကိုလည်း လျှော့ချပေးနိုင်စွမ်း ရှိပါတယ်.. ကိုယ်အလေးချိန်လျှော့ချလိုသူများ အတွက်လည်း ရေညှိဟာ အသုံးဝင် စားသောက်ဖွယ်ရာတစ်မျိုးလဲ ဖြစ်ပါတယ်...




ရေညှိရဲ့ ဆိုးကျိုးကတော့ ရေညှိမှာ အိုင်အိုဒင်းအများအပြား ပါဝင်တာကြောင့် အိုင်အိုဒင်းဓာတ် မတည့်သူများအတွက် အများအပြားစားသုံးပါက အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သိရပါတယ်..




ရေညှိပါဝင်သော စားသောက်ဖွယ်ရာများ























ကဲ.. ဒီလိုဆိုရင် ဒီလောက်ကောင်းတယ်ဆိုတဲ့ ရေညှိကို ကျွန်မတို့လဲ မစားသင့်ဘူးလားနော်..  အချို့က ရေညှိကို သုပ်စားကြသလို ဟင်းချိုလည်း လုပ်သောက်ကြပါတယ်.. ကျွန်မ မော်လမြိုင်မြို့နားမှာရှိတဲ့ ကျိုက္ခမီ ရေလည်ဘုရားကို အလည်ရောက်တုန်းက ဘုရားအနီးက ဆိုင်ကလေးတွေမှာ ကျောက်ပွင့်သုပ်ဆိုပြီး ရောင်းကြတဲ့ ရေညှိသုပ်တွေကို စားခဲ့ဖူးပါတယ်.. ရေညှိဟာ မကြိုက်သူတွေအတွက် အနံ့တစ်မျိုးရပါတယ်.. အနည်းငယ်တော့ အနံ့နံတယ်လို့ ပြောရမှာပါ.. ဒါပေမဲ့ ကျွန်မကတော့ သူ့အရသာရယ် ၀ါးတဲ့အခါ ထုတ်ထုတ်နဲ့ ဖြစ်တဲ့ အရသာရယ်ကို သဘောကျမိပါတယ်.. ဒါကြောင့်လဲ အပြန်မှာ အဲဒီရေညှိအခြောက်တွေ (ဒေသအခေါ် ကျောက်ပွင့်တွေ) အများကြီး ၀ယ်လာမိပါတယ်.။






ရေညှိ သန့်စင်နေပုံ




တစ်ဆက်တည်းမှာ ကြက်ဥ ရေညှိဟင်းချို လုပ်သောက်နည်းလေးကို မျှဝေချင်ပါသေးတယ်… လွယ်လွယ် ကူကူလေးပါဘဲ.. ပထမဆုံး ဟင်းချိုချက်ဖို့ ရေနွေးတည်ပါတယ်.. ပြီးတော့ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီးထည့်ပါတယ်.. ဆားနဲ့ အသားမှုန့် ခတ်ပါတယ်.. ရေနွေးဆူရင် ရေညှိကို ထည့်ပါတယ်.. ကျွန်မကတော့ ရေညှိကို အိုးထဲ မထည့်ခင်မှာ ရေထဲမှာ ခနစိမ်ထားပါတယ်.. ပြီးတော့မှ ဆယ်ယူရေစစ်ပြီး အိုးထဲထည့်တာပါ..






ရေညှိဟင်းချို ချက်မဲ့ တရုတ်က လာတဲ့ ရေညှိအခြောက်ထုပ်ပါ..




နောက် ကြက်ဥကို ခွက်တစ်ခုထဲ ဖောက်ပြီးထည့်ကာ ဇွန်းနဲ့ အတန်ကြာ ခလောက်ပေးပါတယ်.. ပြီးတော့မှာ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲကို အပေါ်ကနေ ဖြေးဖြေးချင်းလောင်းချပါတယ်.. အောက်ကလဲ လက်တစ်ဖက်က အိုးကို အဆက်မပြတ်မွှေပေးရပါတယ်.. ဒီလိုဆိုရင် အပေါ့အငံ မြည်းကြည့်ပြီး လိုအပ်တာ ထည့်လိုက်မယ်ဆိုရင် အရသာရှိလှတဲ့ ကြက်ဥ ရေညှိဟင်းချို ရပါပြီ.. အချိုမှုန့်ကြိုက်သူများ အချိုမှုန့် ထည့်နိုင်ပါတယ်.. သက်သပ်လွတ်သမားများ အသားမှုန့်နဲ့ ကြက်ဥမထည့်ဘဲ ချက်စားလို့ ရပါတယ်..





ရေပွက်ပွက်ဆူအောင်တည်ပါတယ်...










ရေဆူတော့ ရေညှိကို ထည့်လိုက်ရုံပါဘဲ






ကြက်ဥကို ခေါက်ပါတယ်..





ဆူနေတဲ့ အိုးထဲ အပေါ်ကနေလောင်းချပါတယ်.. အမှန်တော့ အောက်ကနေ အဆက်မပြတ်မွှေပေးရမှာ ကင်မရာတစ်ဘက်နဲ့မို့ မမွှေနိုင်ရှာ ဖြစ်နေတာပါ...း)






ဒီလိုလေးပါ.. ကြက်ဥရေညှိဟင်းရည်ပါ..







စားလို့ရပါပြီ.. အဆင်သင့်ပါဘဲ...






တန်ဖိုးလည်းနည်းပြီး ကျန်းမာရေးအတွက် သင့်တော်လှပါတယ်ဆိုရင် ကျွန်မတို့တွေ ရေညှိကို ဘာလို့မစားရမှာလဲနော်...  ငယ်ရွယ်နုပျိုလှပပြီး အသားအရေလည်း စိုပြေမယ်.. ဆံပင်လည်းကောင်း၊ အရိုးလည်းသန်မာမယ်၊ ကင်ဆာကိုလဲကာကွယ်တယ် စတဲ့ ကောင်းကျိုးတွေကို ရေညှိမှာ တွေ့နိုင်တာမို့ ရေညှိကို စားကြပါစို့လို့ တိုက်တွန်းရင်း....






အားလုံးဘဲ လှပစိုပြေပြီး ကျန်းမာရေးကောင်းကြပါစေရှင်...




ချော(အစိမ်းရောင်လွင်ပြင်)




Ref.. http://www.answers.com/topic/seaweed


http://www.oceanvegetables.com/

ရေကန်ထဲက ဆား






ရေကန်ထဲကဆား




တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..  ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က  “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..





ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း  အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..





ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို  သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့  လူငယ်က  “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့  နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့  လူငယ်က ပြန်ဖြေလိုက်ပါတယ်..





ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်..  . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”





“ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ..  ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”  လို့ ပြောလိုက်ပါတယ်..





"Stop being a glass. Become a lake."





ဒီဥပမာလေးကို သဘောကျလို့  ပြန်လည်ဝေမျှပါတယ်ရှင်.. ကျွန်မတို့လဲ ဘ၀မှာ ကြုံလာတဲ့ ခါးသီးနာကျင်မှုတွေကို ရေဖန်ခွက်လေးနဲ့ မခံယူဘဲ ရေကန်ကြီးနဲ့  ခံယူနိုင်အောင် ကြိုးစားသင့်လှတယ် မဟုတ်ပါလားနော်..








The taste of life ( Unknown Author)  ကို ဘာသာပြန်ဆိုပါသည်။







ချော( အစိမ်းရောင်လွင်ပြင်)




Photo from Here

နှစ်သက်ဖွယ်အထူးအဆန်းအသုံးအဆောင်ကလေးများ



ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့်ပြီး မအားမလပ်ဖြစ်နေတာကြောင့် စာမရေးနိုင်သေးတာနဲ့  ထူးထူးဆန်းဆန်း လှလှပပ အသုံးအဆောင်လေးတွေကို ရှာဖွေပြီး တင်ပေးထားပါတယ်.. ကြိုက်တဲ့ဒီဇိုင်းလေးတွေကို ရွေးချယ် အားပေးသွားကြပါလို့...




အောက်က ပုံကိုကြည့်ပြီး ဘာပစ္စည်းလေးလို့ ထင်ကြပါသလဲ... ခန့်မှန်းကြည့်ပါလားနော်..









ဒီလိုလေး ဖြန့်ထုတ်လိုက်ပါတယ်..







ဘယ်နေရာသွားသွား အလွယ်တူ သယ်ယူလို့ လွယ်ကူတဲ့ အိတ်ဆောင် မီးပူလေးဖြစ်ပါတယ်..









လှပစွာပြင်ဆင်ထားတဲ့ ငါးမွေးကန်လဲဟုတ် ဘေစင်လဲဟုတ်







စာအုပ်စင်ဒီဇိုင်းသစ်များ







ဒါလေးက တစ်မျိုး







ဒါကတော့ တစ်ဘာသာ












လှေခါးလဲဟုတ် စာအုပ်အဖြစ်လဲ အသုံးဝင်








စားပွဲခုံ ဒီဇိုင်းသစ်





အမှိုက်သိမ်းတဲ့ ဂေါ်ပြားပါ.. ဘယ်လိုသုံးကြမလဲ..







လက်နဲ့မကိုင်ချင်သူများအတွက် ဒီလို ခြေထောက်ကလေးနဲ့ ညှပ်ပြီး အမှိုက်သိမ်းလို့ ရပါတယ်..







ဘာလေးလဲမသိ





ကော်ဖီခွက်တစ်ခြမ်း မုန့်ကိုတစ်ခြမ်းထည့်လို့ရတဲ့ ဒီဇိုင်းဆန်းပါ.





နှစ်မျိုးသုံးလို့တဲ့ ဖန်ခွက်ပါ..








ဒီလို ဒီလို ထည့်လို့ရပါတယ်.







ဒီစဉ့်တီတုံးလဲ မဆိုးပါဘူးနော်









ဒုံးကျည်မဟုတ်ပါဘူး... အလှပန်းအိုးပါ..









ချစ်စရာ စားပွဲနဲ့ ထိုင်ခုံများ










ဒီလိုဆို ဆိုဖာပေါ့.. အောက်မှာတော့ ကုတင်အဖြစ် အသုံးပြုလို့ ရပါတယ်..









တစ်မျိုး မထင်ပါနဲ့... အသားကြိတ်စက်ပါ.. :)





ကော်ဖီခွက်တွေက မျက်နှာကြက်မှာရောက်နေပြီ.. အော် မီးလုံးတွေပါလား







ပေါင်မုန့် မီးကင်စက်






ဖိနပ်စင် ဒီဇိုင်းအသစ်










ဒါလေးက ဘာလေးလဲမသိ






ဒီလိုလေး ယူပြီး စားပွဲပေါ် ခင်းလိုက်မယ်ဆိုရင်






ထမင်းဟင်းထည့်ဖို့ ခွက်တွေပါ အဆင်သင့် ပါတဲ့ စားပွဲခင်းတစ်မျိုးပါ.. .. နောင်ဆိုရင် အိမ်မှာ ပန်းကန်တွေဝယ်ထားစရာမလိုတော့ဘူးပေါ့.. ဒီလိုစားပွဲခင်းတွေရှိရင် အလုပ်ဖြစ်ပြီ..









မောက်စ်တွေက ရေစိုနေပါလား..ရေစိုခံမောက်စ်များလား








၂ခုလုံး ဆပ်ပြာတွေဖြစ်ပါတယ်.. ဒါကတော့  Gmail ဆပ်ပြာပေါ့..   :)







ဒီရေကန်က ဘယ်လိုလဲ







အင်္ကျီဇစ် တစ်ဝက်တစ်ပျက်ဖွင့်ထားတဲ့ ပုံသဏ္ဍာန်နဲ့ ရေကန်ပါ..






ချစ်စရာ ထိုင်ခုံလေးများ








ထိုင်ခုံ စားပွဲ တစ်ဆက်တည်း







ကျွန်မတို့ မြန်မာပြည်က စာသင်ခန်းတွေမှာ ဒီလိုခုံတွေရှိရင် သိပ်ကောင်းမှာနော်..





ငါးအလှမွေး ဖန်ခွက်





Source from Funzug.com







အားလုံးဘဲ ပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်.........




ချော(အစိမ်းရောင်လွင်ပြင်)

ဖန်ဆင်းသူ


picture from Here




မစ်ဇူရီပြည်နယ်က စိန့်လူးဝစ်မှာ ရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ နေ့လည်စာစားချိန် အလုပ်ခနနားပါတယ်.. ၀န်ထမ်း အားလုံးဟာ နားချိန်စေ့လို့ နေ့လည်စာ စားသောက်ကြတဲ့ ကန်င်တင်းကနေ အလုပ်ကို အသီးသီး ပြန်ဝင်လာကြချိန်မှာတော့ ကုမ္ပဏီအ၀င်ပေါက် တံခါးမကြီးမှာ ကြော်ငြာတစ်စောင် ကပ်ထားတာကို တွေ့ကြရပါတယ်… ကြော်ငြာစာရွက်ပေါ်မှာက  “သင်ရဲ့ ငယ်ရွယ်နုပျိုမှု၊ သင်ရဲ့ ပျော်ရွှင်မှုတွေကို တားဆီးပိတ်ပင်ထားတဲ့ ဒီ ကုမ္ပဏီက လူတစ်ယောက်ဟာ မနေ့က သေဆုံးသွားခဲ့ပါတယ်.. သူရဲ့ အသုဘကို ကုမ္ပဏီရဲ့ အားကစား ခန်းမမှာ ပြင်ဆင်ထားပါတယ်.. ဒါကြောင့် အသုဘရှု ကြွရောက်ဖို့ ၀န်ထမ်းများ အားလုံးကို အကြောင်းကြားအပ်ပါတယ်” လို့ ရေးထားတာပါ..




ရုတ်တရက် ကြော်ငြာကို ဖတ်လိုက်ရတော့ ၀န်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်တော့ ဆုံးပါးသွားပြီ ဆိုပြီး စိတ်မကောင်းဖြစ်သွားကြပါတယ်.. ဒါပေမဲ့ အနည်းငယ်ကြာတဲ့အချိန်မှာတော့ သေဆုံးသွားသူဟာ ဘယ်သူများဖြစ်မလဲဆိုပြီး သူတို့ရဲ့ အတွေးထဲမှာ “ငါ့ရဲ့  ပျော်ရွှင်မှုတွေ၊ ငယ်ရွယ်နုပျိုမှုတွေကို ရပ်တန့်အောင် လုပ်နိုင်တာ ဘယ်သူများပါလိမ့်.. အဲဒီလူဟာ ဘယ်လိုလူမျိုးလဲ... အင်း ဘာဘဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒီလူဟာ ကုမ္ပဏီမှာ မရှိတော့ဘူးပေါ့..” ဆိုတဲ့  သိချင်စိတ် ပြင်းပြစွာနဲ့ရော၊ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို နောက်ဆုံး အနေနဲ့ နှုတ်ဆက်ဂါရ၀ပြုဖို့ပါ အားလုံးဟာ အားကစားခန်းမကြီးထဲကို ရောက်လာကြပါတယ်..




အားကစားခန်းမကြီးထဲမှာ ပြင်ဆင်ထားတဲ့ အခေါင်းနားကို ၀န်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက်  ရောက်လာကြပါတယ်.. သူတို့ဟာ အခေါင်းထဲကို ငုံ့ကြည့်လိုက်ချိန်မှာတော့ အံ့သြ တုန်လှုပ်မှု များစွာနဲ့ လူတိုင်းဟာ ရုတ်ချည်း တိတ်ဆိတ် ငြိမ်သက် ဆွံ့အလို့ သွားကြပါတယ်.. ပြီးတော့ အခေါင်းဘေးမှာ ခြောက်ခြားစွာနဲ့ မတ်တပ်ရပ်နေကြပြီး ဘယ်သူမှ ဘာစကားသံမှကို ထွက်မလာနိုင်တော့ပါဘူး.. သူတို့ရဲ့ စိတ်အသိဥာဏ်တို့ကို တစ်စုံတစ်ယောက်က ထိန်းချုပ်လိုက်လို့ အသက်မဲ့သွားသလိုပါဘဲ… မျက်နှာပေါ်မှာလဲ နက်နဲတဲ့ အတွေးတွေကို ကိုယ်စီ တွေးနေမိကြတဲ့  အရိပ်အယောင်တွေ ယှက်ဖြာလို့...




အခေါင်းထဲမှာ သူတို့ တွေ့လိုက်ရတာက ကြည့်မှန်တစ်ချပ်ပါ… ၀န်ထမ်းတွေဟာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို တွေ့လိမ့်မယ် အထင်နဲ့ အခေါင်းထဲကို ကြည့်လိုက်တဲ့အခါ အခေါင်းထဲက မှန်ပေါ်မှာ ထင်ထင်ရှားရှား မြင်လိုက်ရတာက မျှော်လင့်မထားတဲ့ သူတို့ကိုယ်တိုင်ရဲ့ရုပ်ပုံလွှာ၊ သူတို့ရဲ့ မျက်နှာသာ ဖြစ်လို့နေပါတယ်.. မှန်ရဲ့ အောက်ခြေမှာ ရေးပြီး ကပ်ထားတဲ့ စာတန်းလေးတစ်ခုက “မင်းရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ စိတ်ပျော်ရွှင် ကြည်လင်မှုတွေကို ကန့်သတ် ထိန်းချုပ်နိုင်တဲ့ သူဟာ မင်းကိုယ်တိုင်သာ ဖြစ်ပါတယ် ” တဲ့…




ဟုတ်ပါတယ်နော်.. လူဆိုတာ ကိုယ့်ဘ၀ကိုယ်သာ လုံးဝဥဿုံ ပြောင်းလဲပစ်နိုင်ပါတယ်.. တစ်ခြားဘယ်သူကမှ ကိုယ့်ဘ၀ကြီးတစ်ခုလုံးကို ကြိုးကိုင်ချယ်လှယ်လို့ မရပါဘူး… ကိုယ့်ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ကိုယ့်ရည်မှန်းချက် စတာတွေကို  ကိုယ့်ဖာသာ တည်ဆောက်နိုင်ပါတယ်.. သင့်အလုပ်ရှင်ကလည်း သင့်ဘ၀ကြီးကို ပြောင်းလဲအောင် မတတ်နိုင်သလို၊ သင့်မိတ်ဆွေ၊ သင့်သူငယ်ချင်း၊ သင့်မိဘဆွေမျိုး၊ သင့်ချစ်သူ စသည်တို့ကလည်း သင့်ဘ၀ပြောင်းလဲသွားအောင် မတတ်နိုင်ကြပါဘူး… သင့်ဘ၀ကို သင်ကိုယ်တိုင်က ပြောင်းလဲမှသာ ပြောင်းလဲလို့ရပါတယ်.. သင့်ဘ၀အတွက် တာဝန်အရှိဆုံးသူက သင်ကိုယ်တိုင်သာ ဖြစ်ပါတယ်.။





ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ဆင်ခြင်သတိပြုစရာလေးတွေ၊ တွေးတောစရာလေးတွေ  ရလိုက်မိပါတယ်.. ကျွန်မတို့တွေ မိမိရဲ့ ပတ်ဝန်းကျင်မှာ မကြာခန ကြားဖူးကြမှာပါ.. ဘယ်သူ့ကြောင့်တော့ဖြင့် သူ့ဘ၀ပျက်ရပါတယ် ဆိုတဲ့စကားတွေ… ဥပမာ ချစ်ကံခေလို့ ရည်းစားကွဲကြတဲ့ လူငယ်တွေ.. ဒီတစ်ယောက်နဲ့ကွဲလို့ သူ့မှာ မစားနိုင်မသောက်နိုင်ဖြစ်ကြရပါတယ်.. လောကကြီးမှာ အသက်ရှင်ချင်စိတ် မရှိတော့အောင်ဖြစ်ရပါတယ်.. ဆိုတာတွေ.. တစ်ချို့ကျတော့ ဘ၀ရဲ့ တိုက်ပွဲတစ်ခုခုမှာ ရှုံးနိမ့်ရတဲ့အဖြစ်တွေ၊ ဥပမာ စီးပွားရေးလောကမှာ အရှုံးနဲ့ တွေ့ရတာမျိုး၊ အလုပ်ပြုတ်ရတာမျိုး၊  ကျောင်းသားတွေ စာမေးပွဲကျရတာမျိုး စတဲ့ အဖြစ်တွေပါ..  ဒီလိုအဖြစ်တွေနဲ့ ကြုံလာတဲ့ အဲဒီအချိန်တွေမှာ တစ်ချို့သော သူတွေဟာ စိတ်ဓါတ် နလံမထူနိုင်အောင် အလဲလဲအပြိုပြို ခံစားတတ်ကြပါတယ်..




တကယ်တမ်းတော့ ခုလိုဖြစ်တာဟာ မိမိရဲ့စိတ်ကြောင့်သာ ဖြစ်ပါတယ်.. ခဏတာ အခက်အခဲ၊ ခဏတာ ကျရှုံးမှုကို တစ်သက်လုံး ဆုံးရှုံးတယ်လို့ ထင်ကြပြီး စိတ်ဓာတ်ကို အောက်ဆုံးရောက်အောင် လျှော့ပစ်လိုက်ကြသူများ ဖြစ်ပါတယ်.. ရည်းစားနဲ့ကွဲရတဲ့အဖြစ်၊ စီးပွားရေးလုပ်ရင်း အဆင်မပြေဖြစ်ရတဲ့ အဖြစ်၊ စာမေးပွဲ ကျရှုံးရတဲ့အဖြစ်တွေဟာ ဘ၀ကြီးတစ်ခုလုံး ဆုံးရှုံးရတာမျိုးမဟုတ်ဘဲ… အချိန်မရွေး ပြန်လည် အောင်မြင်အောင် ကြိုးစားနိုင်တဲ့ ဖြစ်ရပ်တွေသာ ဖြစ်ပါတယ်.. ရည်းစားဆိုတာလည်း ကွဲတုန်းခန ခံစားကြရမှာ ဖြစ်ပေမဲ့ အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး အချစ်သစ်ကို ပြန်လည် တွေ့ကြရဦးမှာသာ ဖြစ်ပါတယ်.. ၀န်ထမ်းတစ်ယောက် အလုပ်ပြုတ်ရင်လဲ ကိုယ့်ဘက်က မှားနေတာရှိရင် ပြင်ဆင်လိုက်မယ်ဆိုရင် နောက်ထပ်အလုပ်သစ်တစ်ခုကို  ပြန်လည် ရရှိနိုင်သေးပါတယ်..




အဓိက အရေးအကြီးဆုံးက အပြောင်းအလဲ တစ်ခုခုဖြစ်ချိန်၊ တစ်ခုခုကို ဆုံးရှုံးချိန်မှာ မိမိစိတ်ဓာတ်ကို လျှော့မချပစ်ဘဲ အားတင်းထားဖို့၊ ကြံ့ကြံ့ခံနိုင်ဖို့သာ လိုအပ်ပါတယ်.. ကိုယ့်ဘ၀ ကျရှုံးအောင်လည်း ကိုယ်သာ တတ်နိုင်သလို ကိုယ့်ဘ၀ အောင်မြင်အောင်လဲ ကိုယ်သာ တတ်နိုင်ပါတယ်.. စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ လုပ်ဆောင်မယ်ဆိုရင် မအောင်မြင်စရာ အကြောင်းမရှိပါဘူး.. ဒါကြောင့် မိမိရဲ့ ဘ၀မှာ မိမိသာလျှင် ဆရာသခင် မိမိကိုယ်တိုင်သာလျှင် ဖန်ဆင်းရှင်  ဖြစ်ပါတယ်လို့ ဖတ်မိတာလေးကို နှစ်သက်စွာနဲ့ ပြန်လည်ဝေမျှပါကြောင်းရှင်…






Last Respects ( Unknown Author) ကို ဘာသာပြန် ဝေမျှပါသည်။




"The most important relationship you can have, is the one you have with yourself."







ချော(အစိမ်းရောင်လွင်ပြင်)