မမေ့အပ်သော


အာဇာနည်ခေါင်းဆောင်ကြီးများ




ရွှေတိဂုံဘုရားသွားဖို့ ပန်းတွေ တစ်ပွေ့တစ်ပိုက် ၀ယ်ယူပြီး တက္ကစီတစ်စီးစီးကို ငှားရန် လမ်းဘေးတွင် ရပ်စောင့်နေသော သူမအနားသို့ တက္ကစီတစ်စီး ထိုးဆိုက်လာသည်..“ ဘယ်သွားမလို့လဲ ” ဟု လှမ်းမေးသော ကားဆရာ စကားအဆုံးတွင် ကားနောက်ခန်းထဲသို့ သူမ ငုံ့ကြည့်မိတော့ အထဲတွင် အသက် ၇၀ကျော်အရွယ် အဖိုးအိုတစ်ဦးနှင့် ၁၀နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦးတို့ ရှိနေသည်။ ရွှေတိဂုံဘုရားကို သွားမလို့ ဟုပြောလိုက်ရင်း ကားထဲတွင် အခြားသူများ ရှိနေနှင့်သည့်အတွက် ထိုကားကို သူမ မငှားချင်ပါ။ သို့သော် ချောင်ကျလွန်းလှသော သူမတို့၏ ရပ်ကွက်လမ်းသွယ်က တက္ကစီ တစ်စီးလာဖို့ အတော် ခက်ခဲမှန်းကိုလည်း သိနေသဖြင့် တွေဝေသွားမိသည်။ ဒီမှာတင် ကားဆရာက “ဟာ အတော်ဘဲဗျ.. ဒီက အဖိုးတို့ကလည်း ဘုရားသွားမှာဘဲ… တစ်လမ်းထဲ ဖြစ်နေတော့ တစ်ခါတည်း သွားလိုက်ရုံဘဲလေ.. ကားခ ၂၀၀၀ ဘဲပေးပါ” ဟူ၍ ပြောလိုက်သောကြောင့် သူမ လွတ်နေသော ကားရှေ့ခန်းထဲသို့ ၀င်ထိုင်လိုက်သည်။




မိုးခပ်ဖွဲဖွဲ ရွာနေသောကြောင့် ကားဆရာက ကားကို ခပ်မှန်မှန်လေး မောင်းနေသည်။ ဒီမှာတင် ကားနောက်ခန်းမှ ကလေးငယ်နှင့် အမျိုးသားကြီးတို့၏ အချီအချ စကားပြောသံက သူမနားသို့ ၀င်ရောက်လာသည်။ “ဖိုးဖိုး သားတို့ ဘုရားသွားပြီးရင် အရင်နှစ်တွေတုန်းကလိုဘဲ အလေးသွားပြုမှာ မဟုတ်လား . ”





“ဟုတ်တယ်လေ မြေးရဲ့..… ငါ့မြေးငယ်ငယ်ကတည်းက အာဇာနည်နေ့ရောက်တိုင်း ဘုရားသွားတယ်. ပြီးတော့ အာဇာနည်ခေါင်းဆောင်တွေကို အလေးသွားပြုတယ်.. ဒီနေ့လဲ ခါတိုင်းလိုဘဲပေါ့.. ဘုရားပေါ်က ဆင်းတာနဲ့ အာဇာနည်ကုန်းကို ခပ်လှမ်းလှမ်းကနေ အလေးပြုကြမယ်လေ… အာဇာနည်နေ့ ဘာကြောင့် ဖြစ်လာတယ်ဆိုတာ မြေးကိုဖိုးဖိုး အမြဲတမ်း ပြောပြခဲ့တယ် .. မြေးမှတ်မိတယ် မဟုတ်လား..”





“ဟုတ်ကဲ့ဖိုးဖိုး.. သားသိပါတယ်.. ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံခေါင်းဆောင်တွေ သေနတ်နဲ့ ပစ်ခံရလို့ ကျဆုံးသွားလို့ အာဇာနည်နေ့ဖြစ်လာတာပါ ….ဖိုးဖိုး ပြောပြတာကို သားမှတ်မိပါတယ်ဖိုးဖိုးရဲ့.. ဒါနဲ့ဖိုးဖိုး အာဇာနည်နေ့ရောက်တိုင်း သားတို့ကျောင်းတွေပိတ်တယ်နော်... ”





“ဟုတ်တယ်မြေးရေ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့နေ့မို့လို့.. ၀မ်းနည်းတဲ့သဘောနဲ့ နှစ်တိုင်း ဒီနေ့လို ဇူလိုင်လ ၁၉ရက်ရောက်တိုင်း ကျောင်းတွေ၊ ရုံးတွေ၊ အားလုံးပိတ်ကြတာပေါ့.. ”





“ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့နေ့ရောက်လို့ ကျောင်းပိတ်တာပေါ့နော်.. ဒီလိုဆို ဟိုးရက်တုန်းက သားတို့အိမ်ဘေးက ဖိုးသားတို့အဖေ ကားတိုက်ပြီး သေသွားတာ.. နောက်နှစ်ဆို အဲဒီရက်ရောက်ရင် ကျောင်းပိတ်မှာလား ဖိုးဖိုး .. ပြီးတော့ သူ့ကို မြုပ်ထားတဲ့နေရာမှာ သားတို့ အလေးသွားပြုကြဦးမှာလားဟင်.”





အဲ.. စပြီ… ကလေးငယ်နဲ့ သူ့အဖိုး စကားတွေကို ကြားနေရသော ကျွန်မ မျက်လုံး တစ်ချက် ၀ိုင်းခနဲဖြစ်ကာ စိတ်ဝင်တစား ဖြစ်သွားရတော့သည်။ ကလေးရဲ့ အဖိုးဖြစ်သူ ဘယ်လိုများ အဖြေပေးမှာပါလိမ့်. ကျွန်မ ဆက်ပြီး နားစွင့်ကြည့်မိတော့



“မြေးလေး နားလည်အောင် ဖိုးဖိုး ရှင်းပြရရင် ဖိုးသားတို့အဖေက နိုင်ငံအတွက်၊ လူမျိုးအတွက် ထူးထူးခြားခြား ကောင်းမွန်အောင် ဘာမှ လုပ်ခဲ့တဲ့သူ မဟုတ်ဘူးလေ.. သူအသက်ရှင်နေတဲ့ အချိန်မှာ သူ့မိသားစုအတွက် သူကောင်းအောင်လုပ်ချင်လုပ်ခဲ့မယ်.. ဒါပေမဲ့ လူအများအတွက် ကိုယ့်အကျိုးကို စွန့်လွတ်ပြီး စွမ်းစွမ်းတမံ လုပ်ခဲ့တဲ့သူတစ်ယောက် မဟုတ်ဘူး… တိုင်းပြည်အတွက် ဘာမှ ပေးဆပ်ခဲ့တဲ့သူလည်း မဟုတ်ဘူး... ဖိုးဖိုးတို့လို ပြည်သူပြည်သားတွေက လေးစားကြည်ညိုရတဲ့သူ မဟုတ်ဘူးလေ.. ဒီတော့ သူသေတဲ့နေ့က ရိုးရိုးလူတွေသေတဲ့နေ့လိုဘဲ.. ဘာမှ မထူးဆန်းပါ.. လူတွေက အချိန်တန်ရင် မေ့သွားကြလိမ့်မယ်.. သူသေတဲ့နေ့ကိုလည်း သူ့မိသားစုလောက်ကလွဲလို့ ဘယ်သူကမှ သတိရကြမှာမဟုတ်ဘူး.. ဒါကြောင့် ဖိုးသားတို့အဖေ သေတဲ့နေ့ရောက်ရင် ကျောင်းတွေပိတ်မှာမဟုတ်သလို အာဇာနည်နေ့လို အလေးသွားပြုကြမှာလည်း မဟုတ်ဘူး.. ”





အဖိုးဖြစ်သူရဲ့ အဖြေစကားကို ကျွန်မ သဘောကျသွားမိသည်။ ကလေးနားလည်လွယ်အောင် ရိုးရိုးရှင်းရှင်းလေး ရှင်းပြသွားနိုင်သည်။ သို့သော် ကလေးထံမှ ဆက်ပြီး အမေးစကားထွက်လာပြန်သည်။





“ဒီလိုဆိုရင် ဘယ်သူနဲ့မှ မတူတဲ့သူတွေ သေတဲ့နေ့မို့လို့ အာဇာနည်နေ့လို့ခေါ်ပြီး အလေးပြုကြတာ၊ ကျောင်းတွေပိတ်ရတာပေါ့နော်.. အာဇာနည်ဆိုတာ သူများတွေနဲ့ မတူဘူးပေါ့နော် ဖိုးဖိုး  ”





“ဟုတ်တာပေါ့ မြေးရယ်.. သူတို့က သာမာန်လူတွေ မလုပ်နိုင်တာ မစွန့်လွှတ်နိုင်တာကို စွန့်လွှတ်ပြီး လုပ်နိုင်ခဲ့ကြတယ်.. လောကကြီးမှာ လူအများရဲ့ ချစ်ခင်လေးစားမှု၊ ရိုသေအားထားမှုကို ရဖို့ဆိုတာ မလွယ်လှဘူး…  ဗိုလ်ချုပ်အောင်ဆန်းကိုကျတော့ တစ်နိုင်ငံလုံးက ချစ်ကြတယ်… ရိုသေ လေးစားကြတယ်.. ဘာလို့လဲဆိုတော့ သူက ဖိုးဖိုးတို့နိုင်ငံကြီးကို အင်္ဂလိပ်လက်ထဲက ရအောင် ကယ်ခဲ့တယ်လေ.. အဲဒါကို လွတ်လပ်ရေးရတယ်လို့ခေါ်တယ်.. လွတ်လပ်ရေးသာ မရခဲ့ရင် ဖိုးဖိုးတို့နိုင်ငံဟာ တစ်ခြားလူမျိုးတွေက အုပ်ချုပ်တာကို ခံနေရဦးမှာ.. ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးက အုပ်ချုပ်ခွင့်မရတာလောက် ကံဆိုးတာ ဘယ်ရှိတော့မလဲ ငါ့မြေးရယ်.. ဒီတော့ အဖိုးတန်ပြီး အရေးပါလှတဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်တို့ကို အားလုံးက ချစ်ကြတာပေါ့.. ကျေးဇူးတင်ကြတာပေါ့... ဒီလွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့အသက်သေရမယ်ဆိုရင်လဲ မနှမြောဘူး… ဆင်းရဲဒုက္ခ ခံရမယ်ဆိုရင်လည်း ဂရုမစိုက်ဘူး.. အပင်ပန်းခံတယ်.. အဆင်းရဲခံတယ်.. အနစ်နာခံတယ်.. နောက်ဆုံး အသက်ပါ စွန့်သွားရတဲ့အထိ တိုင်းပြည်အတွက်  အနစ်နာခံခဲ့တယ်.. ကိုယ်ကျိုးစွန့်ခဲ့တယ်.. စွန့်လွှတ်ခဲ့တယ်.. တော်ရုံလူတွေက ဒီလို စွန့်လွှတ်နိုင်ဖို့ မလွယ်ဘူး.. ကိုယ့်အကျိုးအတွက်ဘဲ ကြည့်တတ်ကြတယ်လေ...





“ဒီတော့ အများအကျိုး၊ တိုင်းပြည်အကျိုးအတွက် အသက်ကိုပါ စွန့်သွားကြလို့ ဖိုးဖိုးတို့လို ပြည်သူတွေက နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဗိုလ်ချုပ်နဲ့ ကျန်တဲ့ ခေါင်းဆောင်ကြီးတွေကို ခုချိန်ထိ မမေ့နိုင်တာပေါ့… ခုချိန်ထိ အလေးပြုနေကြတာပေါ့.. ဒီလောက်လေးစားဖို့ကောင်းတဲ့ လူစားမျိုးကို ဘယ်မေ့လို့ဖြစ်မလဲ ငါ့မြေးရယ်.. ဒါကြောင့် မြေးလေး သိတတ်စအရွယ်ကတည်းက ဖိုးဖိုးက မြေးလေးကို နှစ်တိုင်း ဘုရားခေါ်သွားပြီး အာဇာနည် ခေါင်းဆောင်တွေအတွက် ရည်စူးလို့ ဘုရားမှာ ဆီမီးပူဇော်တယ်.. ရေသပ္ပါယ်တယ်.. အမျှဝေတာတွေလုပ်တယ်လေ.. ပြီးတော့  အာဇာနည်ဗိမ္မာန်ကို မြေးနဲ့ဖိုးဖိုး အဝေးကနေ နှစ်တိုင်း အလေးလာပြုကြတာပေါ့.. ဒါဟာ ငါ့မြေးလေး အာဇာနည်ခေါင်းဆောင်ကြီးတွေကို မမေ့အောင်၊ သူတို့ရဲ့ကျေးဇူးတွေကို အမြဲသတိရအောင် ဖိုးဖိုးက ပြန်သင်ပေးတာ၊ သတိပေးတာဘဲ.. နောင်ကို ငါ့မြေး ကြီးလာလို့ သားတွေ၊ သမီးတွေ ရလာရင်လဲ အခု ဖိုးဖိုးပြောသလို ငါ့မြေးရဲ့ သားသမီးတွေကို ပြန်ပြီး ပြောပြရမယ်နော် ဟုတ်ပြီလား.. ”





ကျွန်မ ကိုယ်တိုင်လည်း အာဇာနည်နေ့မို့ ဗိုလ်ချုပ်တို့အတွက် ရည်စူးကာ ဘုရားတွင် ဆီမီး၊ ပန်း၊ရေချမ်း လှူဒါန်းပြီး အမျှအတန်းဝေဖို့ သွားရောက်ခြင်းဖြစ်ရာ အာဇာနည်အကြောင်းကို ဂဃနဏ ရှင်းပြနေသော ကလေးငယ်ရဲ့ အဖိုးဖြစ်သူ၏စကားကို ကြားရသောကြောင့် အဖိုးအိုကို လေးစားမိသောစိတ်များ ၀င်လာရသည်။ ဗိုလ်ချုပ်တို့လို နိုင်ငံနှင့်လူမျိုးအတွက် အသက်စွန့်သွားခဲ့သော လေးစားဖွယ် အာဇာနည်ပုဂ္ဂိုလ်များအကြောင်းကို နောင်လာနောက်သားများ မမေ့မလျော့စေရန်၊ အာဇာနည်ဟူသော အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်းနားလည် သဘောပေါက်စေရန်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ကျေးဇူးတရား သိတတ်စေရန်တို့အတွက်မူ မမေ့သင့် မမေ့အပ်သူတို့ကို မမေ့မလျော့ ရှိသင့်အောင် လက်ဆင့်ကမ်း အမွေပေးခဲ့ရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်တို့အကြောင်းကို လူငယ်လူရွယ်ကလေးများ၏ နှလုံးသားထဲ စိမ့်ဝင်အောင် ရှင်းလင်းပြောပြတတ်သော တာဝန်ကျေသော ယခုကားပေါ်က အဖိုးအိုကဲ့သို့ စိတ်ထားလည်း လူတိုင်းမှာ ရှိသင့်လှပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုသည်မှာ တိုင်းပြည်ကြီးတစ်ခုလုံးအတွက် အစားထိုးမရသော၊ မမေ့အပ်သော ကျေးဇူးရှင်မဟုတ်ပါလားရှင်.....




ယနေ့ ဇူလိုင်၁၉ရက်မှာ ကျရောက်သော ၆၃ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည် ခေါင်းဆောင် များကို  ဤစာစုဖြင့် လေးမြတ်ရိုသေစွာ ဦးညွှတ်ကန်တော့ပန်းဆင်ပါ၏။


















အာဇာနည်နေ့နှင့် ပါတ်သက်သော သီချင်းများကို ပို့ပေးပါသော ကိုဂျစ်တူး(မုံရွာ)နှင့် အပေါ်တွင် အသုံးပြုထားသော အာဇာနည်ခေါင်းဆောင်များ၏ ဓာတ်ပုံအတွက် ဖန်တီးသူကို ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေရှင်.....






ချော(အစိမ်းရောင်လွင်ပြင်)

ပေါ့ပေါ့ပါးပါး ပြုံးစရာ(၇)


ကျေးဇူးရှင်





ကောင်မလေးတစ်ယောက်ဟာ သူ့ရည်းစားဖြစ်သူ ကောင်ကလေးနဲ့ တွဲပြီး ကပွဲ သွားကြဖို့ထွက်လာကြရာ လမ်းတစ်ဝက်က သူ့အဖွားအိမ်ရှေ့အရောက်မှာ အဖွားဖြစ်သူနဲ့ သူ့ရည်းစားကောင်လေးကို မိတ်ဆက်ပေးဖို့ စိတ်ကူးရတာကြောင့် ကားကို ရပ်လိုက်ပါတယ်..





ပြီးတော့ ကောင်လေးနဲ့အတူ အိမ်ထဲကို ၀င်လာပြီး သူ့အဖွားနဲ့ ကောင်လေးကို မိတ်ဆက်ပေးပါတယ်.. အဖွားကလဲ စကားပြောကောင်းသူ၊ ဖော်ရွေသူဖြစ်တော့ ၃ယောက်သား စကားကောင်းနေကြတာ.. စကားပြောကြရင်း စားပွဲပေါ်တင်ထားတဲ့ မြေပဲလှော်ပန်းကန်ထဲက မြေပဲတွေကို ကောင်လေးက နှိုက်ယူစားတာ ကုန်သလောက် ရှိသွားပါပြီ.. စကားပြောပြီး တစ်နာရီလောက်ကြာတော့ သူတို့၂ယောက်ဟာ ပြန်တော့မယ်ဆိုပြီး အဖွားဖြစ်သူကို နှုတ်ဆက်ကြပါတယ်.. ကောင်လေးကလဲ အဖွားလုပ်သူကို ဖော်ရွေမှု၊ နွေးထွေးစွာ ကြိုဆိုဧည့်ခံမှု တို့အတွက် ကျေးဇူးတင်ကြောင်းပြောပါတယ်..





ဒီတော့ အဖွားဖြစ်သူက “ရပါတယ်ကွယ်.. မြေပဲတွေ လက်စသတ်ပေးလိုက်တဲ့ အတွက် မင်းကိုလဲ အဖွားက ကျေးဇူးတင်ပါတယ်.. အဖွား အံကပ်ပျောက်သွားကတည်းက မြေပဲအပေါ်က ချောကလက်တွေဘဲ စုပ်စားနေရတာ.. မြေပဲတွေကို ဒီတိုင်းထားရတာ နှမြောစရာ.. ခုမှဘဲ မြေပဲတွေ ကုန်သွားတော့တယ် ” လို့ ပြောလိုက်ပါတယ်..




======================================================================================





ဘီလ် နဲ့မိုး





ဘီလ်နဲ့မိုးဟာ သိပ်ချစ်ခင်တဲ့ သူငယ်ချင်း၂ယောက်ဖြစ်ကြပါတယ်.. သူတို့၂ယောက်ပေါင်းပြီး စီးပွားရေးလုပ်ငန်း လုပ်ကြတဲ့အခါ ပထမပိုင်းတော့ အောင်မြင်လာကြပြီး ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်လာကြပါတယ်.. နောက်တော့ လုပ်ငန်းလဲကြီးလာရော တစ်ယောက်နဲ့တစ်ယောက် စည်းလုံးမှု မရှိတော့ဘဲ ကုမ္ပဏီကိုလဲ စိတ်ထင်တိုင်း လုပ်ကြတဲ့အတွက် တစ်ဖြေးဖြေး ကျဆင်းလာကာ နောက်ဆုံးတော့ ကုမ္ပဏီကြီးတစ်ခုလုံး ပျက်စီးသွားပြီး သူတို့၂ယောက်လဲ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ကြပြီး မခေါ်မပြောနိုင်ဖြစ်ကာ ကွဲပြဲသွားကြပါတယ်.





ဒီလိုနဲ့ နောက် ၅နှစ်ကြာတဲ့အခါ ဘီလ်ဟာ စားသောက်ဆိုင်လေး တစ်ဆိုင်မှာ ညစာသွားစားပါတယ်.. ညစာစားသောက်ပြီးလို့ ကော်ဖီတစ်ခွက် သောက်နေချိန်မှာ တစ်ဖက်စားပွဲကို သန့်ရှင်းရေးလုပ်နေတဲ့ စားပွဲထိုးတစ်ယောက်ကို သတိထားလိုက်မိပြီး သေချာကြည့်မိတော့ သူ့သူငယ်ချင်း မိုး ဖြစ်နေတာကို တွေ့ရပါတယ်.




မိုး.. ” သူက အံ့အားသင့်စွာနဲ့ လှမ်းခေါ်လိုက်ပါတယ်..“ အိုး ဆိုးဝါးလိုက်တာ.. မင်းကို ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားမိဘူးကွာ .. မင်းက လုပ်စရာရှားလို့ ဒီလောက်ညံ့ဖျင်းတဲ့ စားသောက်ဆိုင်မှာမှ အလုပ်လုပ်ရသလားကွာ.. ”




“အင်း ဟုတ်ပါတယ်ကွာ.. ဒါပေမဲ့ အနည်းဆုံးတော့ ငါက ညံ့ဖျင်းလှတဲ့ ဒီစားသောက်ဆိုင်မျိုးမှာ ဘယ်တော့မှ  မစားဘူးကွာ” လို့ မိုးက ဘီလ်ကို ပြန်ပြောလိုက်ပါတယ်..




======================================================================================





ဥာဏ်ကြီးရှင်





လူတစ်ယောက်ဟာ နယူးရောခ့်မြို့ရဲ့ နံမည်ကြီးဘဏ်တစ်ခုထဲကို ၀င်လာပြီး ဘဏ်မန်နေဂျာနဲ့ တွေ့ဆုံကာ သူဟာ တစ်ခြားနိုင်ငံကို နှစ်ပတ်ကြာ စီးပွားရေးကိစ္စနဲ့ ခရီးထွက်မှာမို့ ဒေါ်လာ ၅၀၀၀ ကို ဘဏ်ကနေ ချေးယူလိုကြောင်း ပြောပြပါတယ်.. ဒီတော့ ဘဏ်မန်နေဂျာက ဘဏ်ကနေ ငွေချေးဖို့ဆိုရင် တန်ဖိုးရှိတဲ့ အာမခံပစ္စည်း တစ်ခုခုထားဖို့ လိုတဲ့အကြောင်းပြောတော့ ငွေချေးသူက ဘဏ်ရှေ့မှာ သူ့ရိုးလ်ရွိုက်စ် ကားရပ်ထားကြောင်းနဲ့ အဲဒီကားကို အာမခံအဖြစ် ထားခဲ့မှာ ဖြစ်ကြောင်း ပြန်ပြောပြီး သူ့ကားသော့ကို မန်နေဂျာလက်ထဲ အပ်လိုက်ပါတယ်...





ဘဏ်က တာဝန်ရှိသူများအားလုံး ကားကို စစ်ဆေးပြီးနောက် ငွေချေးဖို့ သဘောတူလိုက်ကာ ထိုသူကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေးလိုက်ပါတယ်. ထိုသူ ဘဏ်ကနေ ပြန်ထွက်သွားတော့ ဘဏ်လုံခြုံရေး တစ်ယောက်က ကားကို တက်မောင်းပြီး ဘဏ်ရဲ့ မြေအောက်ခန်းရှိ ကားဂိုဒေါင်ထဲကို ကားကို မောင်းသွင်းသွားလိုက်ပါတယ်..





နှစ်ပတ်ကြာပြီးနောက်မှာ ထိုငွေချေးသူဟာ ဘဏ်ကိုရောက်လာပြီး သူချေးယူထားတဲ့ ဒေါ်လာ ၅၀၀၀နဲ့အတူ အတိုး ကျသင့်ငွေ ၁၄.၄၁ ဒေါ်လာကိုပါ ပေးဆပ်ပါတယ်.. ဘဏ်မန်နေဂျာက ထိုသူကို “ကျွန်တော်တို့ ခင်ဗျားနဲ့ ခုလို အလုပ်လုပ်ရတာ အရမ်းဝမ်းသာဂုဏ်ယူပါတယ်. ဒါပေမဲ့ ကျွန်တော်တို့အတွက် ပဟေဠိဖြစ်စရာက ခင်ဗျားခရီးထွက်သွားပြီး ခင်ဗျားအကြောင်း စုံစမ်းကြည့်တော့ ခင်ဗျားဟာ ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာတဲ့ သူဌေးတစ်ဦးဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်.. ခင်ဗျားလို ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်က ဘဏ်ကနေ ဒေါ်လာ ၅၀၀၀ ချေးတယ်ဆိုတာ ကျွန်တော်တို့အတွက် တော်တော်ကို စဉ်းစားရခက်တဲ့ ပဟေဠိဖြစ်နေပါတယ်..”  လို့ပြောပါတယ်..





ဒီတော့ ထိုသူဌေး ပြန်ပြောလိုက်တာက “နယူးရောခ့်လို ကားပါကင်ခ ဈေးကြီးလွန်းတဲ့နေရာမှာ ၂ပတ်ကို ၁၅ဒေါ်လာလောက်နဲ့ ကားထားလို့ရတဲ့ နေရာ ဘယ်မှာများ ရှိလို့လဲဗျာ” တဲ့…




======================================================================================





မြို့သား





တစ်ခါက တောရွာတစ်ရွာမှာရှိတဲ့ လယ်သမားကြီးတစ်ယောက်က  မြို့ကနေရောက်လာတဲ့ သူ့တူကို တောရွာမှာ ရှိတဲ့ ကြက်၊ ၀က်၊ နွား၊ မွေးမြူရေးလုပ်ငန်းတွေ လယ်ကွင်းတွေ၊ စတာတွေကို လိုက်ပြပါတယ်… ဒါတွေကိုဘဲ ကြည့်နေရတာ ၃ရက်လောက်ရောက်တော့ မြို့သားက ပျင်းလာပါတယ်.. ဒီတော့ ဦးလေးဖြစ်သူက မြို့သားသူ့တူ အပျင်းပြေအောင် ဘယ်လိုလုပ်ပေးရမလဲ စဉ်းစာပါတယ်..




နောက်ဆုံး အကြံတစ်ခု ရလာတာနဲ့ သူ့တူကို “ ငါ့တူ ဦးလေးဆီမှာ သေနတ်တစ်လက် ရှိတယ်.. အဲဒါယူပြီး သေနတ်ပစ် ထွက်ပါလားကွ.. အိမ်က ခွေးတစ်ကောင် ခေါ်သွား” လို့ ပြောလိုက်ပါတယ်..  ဦးလေးစကားကြားတော့ မြို့သားက ၀မ်းသာအားရဖြစ်သွားပြီး သေနတ်ကို ဆွဲကာ ခွေးတစ်ကောင်ခေါ်ပြီး ထွက်သွားပါတယ်..





တစ်နာရီလောက်အကြာမှာ မြို့သား ပြန်ရောက်လာတော့ ဦးလေးက “ ဘယ်လိုလဲငါ့တူ.. အပျင်းပြေရဲ့လား.. သေနတ်ပစ်ထွက်ရတာ ပျော်ရဲ့လား” လို့ မေးလိုက်ရာ မြို့သားက “ဟာ သိပ်ပျော်ဖို့ကောင်းတာဘဲ.. ကျွန်တော်တော့ သဘောကျတယ်..  ဦးလေးဆီမှာ နောက်ထပ် ခွေးဘယ်နှကောင် ကျန်သေးလဲ.. ကျွန်တော် နေ့တိုင်း သေနတ်ပစ် ထွက်မယ်ဗျ” လို့ ပြောလိုက်ပါတယ်..





======================================================================================






On Second Thought , Bill and Moe , Parking in New York,  City Boy တို့ကို ဘာသာပြန် မျှဝေပါသည်။




ရယ်စရာလေးတွေ တင်ပေးပါဦးဆိုသူများ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်. ရယ်မောခြင်းဖြင့် ဘ၀အမောများ ပြေပျောက်ကြပါစေ..




ချော(အစိမ်းရောင်လွင်ပြင်)

ဖားကန့်ဒေသ ရွှေရှာကြရာဝယ်







ဒီတစ်ခေါက် အိမ်အပြန်မှာတော့ ရွှေကျင်းဘက်ကိုလှည့်ပြီး ဖားကန့်ဒေသဘက်မှာ တစ်ပိုင်တစ်နိုင် ရွှေတူးလုပ်ကြတဲ့ လုပ်ငန်းခွင်ကို သွားရောက်လို့ ဓာတ်ပုံများ ရိုက်ယူခဲ့ပါတယ်.. ပြန်သွားတဲ့ အချိန်က မိုးတွင်းဖြစ်တာကြောင့် ရွှေကျင်းလုပ်ကြတဲ့ လုပ်ကွက်တွေကို သွားတဲ့အခါ လမ်းတော်တော်လေးကို ဆိုးဝါးပါတယ်..  ဆိုင်ကယ်တောင် မနည်းသွားရတဲ့ အချိန်ကာလဖြစ်ပါတယ်. ချောင်းရေကြီးချိန်ဖြစ်တာကြောင့် နွေအခါအသုံးပြုတဲ့ တံတားတွေလဲ ရေထဲပါသွားတာကြောင့် တံတားမရှိတော့ဘဲ ကူးတို့လှေနဲ့ ကူးရပါတယ်.. အခုဖော်ပြမဲ့ အကြောင်းအရာ၊ ဓာတ်ပုံတွေဟာ လုပ်ကွက်ကြီးတွေ၊ ကုမ္ပဏီကြီးတွေရဲ့ တူးဖော်ပုံမျိုးမဟုတ်ဘဲ.. ဒေသခံလူများ၊ အရင်းအနှီး အနည်းငယ်ရှိသူများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြတဲ့ ရွှေလုပ်ငန်းမျိုးဖြစ်ပါတယ်..







ရွှေကျင်းကိုသွားတဲ့ လမ်းတစ်လျှောက်







ဒီလိုလမ်းတွေကို ဆိုင်ကယ်နဲ့ သွားရတာပါ.. ကိုယ်တိုင်မမောင်းဘူး..သူများနောက်က လိုက်စီးတာ .. ကြောက်လို့   :)








ဒီလိုချောင်းရေတွေဆို အမြဲဝင်းဝါနေတာဘဲ.. ကြည်ကြည်လင်လင် ဘယ်တော့မှ မရှိ








လမ်းဘေးရှုခင်း








ဒီလှေနဲ့ ချောင်းကိုဖြတ်ကူးကြမယ်








ကူးတို့သမား လှော်တဲ့လှေ







ဒီလိုလုပ်ငန်းအတွက် အရင်းအနှီး အနည်းဆုံး သိန်း၂၀မှ ၃၀ထိ လိုတယ်လို့ သိရပါတယ်.. မိမိလုပ်ကွက်က ရွှေအထွက်များရင် စရိတ်ကျေပြီး အမြတ်ထွက်ပေမဲ့ ရွှေအကျနည်းတဲ့ ကျင်းမျိုးဆိုရင် အကြွေးတင်ကြတဲ့ သူတွေတောင်ရှိတတ်ပါတယ်.. ဒီလုပ်ငန်းကလည်း မမြင်ရတဲ့ မြေကြီးအောက်က သယံဇာတကို တူးဖော်ရတာဖြစ်လို့ ခန့်မှန်းဖို့ခက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်.. ဖားကန့်ဒေသမှာ မြေကြီးအောက်တိုင်းမှာ ရွှေထွက်တယ် ဆိုပေမဲ့လို့ တစ်နေရာနဲ့ တစ်နေရာ ရွှေအထွက်နှုန်းက မတူတဲ့အတွက် အရှုံးအမြတ်ကို ပုံသေတွက်ဆလို့ မရတဲ့ လုပ်ငန်းဖြစ်ပါတယ်.. ရွှေတူးသူတိုင်းဟာ အရှုံးအမြတ်ကို အလောင်းအစားသဘောမျိုး လုပ်ကြရတာဖြစ်ပါတယ်. ရွှေကျင်းတစ်ကျင်းပြီးတိုင်း အမြတ်ကျန်မယ်လို့ သေချာပေါက်မပြောနိုင်ပါဘူး… လုပ်ကွက်ချင်း ကပ်လျက် ကျင်းနှစ်ကျင်း ဘေးချင်းယှဉ်ပြီး လုပ်ကြရင်တောင် တစ်ဖက်ကျင်းက ရွှေအကျများပြီး တစ်ဖက်ကျင်းက ရွှေအကျနည်းတာမျိုး ဖြစ်တတ်ပါတယ်.. ဒါကြောင့် ကံသေကံမ ပြောလို့ မရနိုင်တာပါ.. အချို့ကျတော့  အရင်းအနှီး မများတဲ့အတွက် ရွှေထွက်တာနဲ့ ဒီနေ့ထွက်တာ ဒီနေ့ ရောင်းပြီး ကျင်းစရိတ်ထဲ ပြန်ထည့်ကြပါတယ်.. ရွှေကျင်းတစ်ကျင်းမှာ ကုန်ကျစရိတ်အများဆုံးက ဆီဖိုးနဲ့ စားစရိတ်ဖြစ်ပါလိမ့်မယ်..








ချောင်းတစ်ဖက်ကမ်း ရွှေကျင်းသို့သွားရာလမ်း







နွေရာသီ၊ဆောင်းရာသီတုန်းကတော့ ဒီလမ်းတွေဟာ ဆိုင်ကယ်နဲ့ သွားလာလို့ရပါတယ်.. အခုတော့ တံတားမရှိတော့ ကူးတို့လှေနဲ့ ကူးခဲ့ရတာမို့ ဆိုင်ကယ်ကို ချောင်းတစ်ဘက်ကမ်းမှာ ထားခဲ့ပြီး ဒီဘက်ကမ်းရောက်တော့ ခြေလျှင်နဲ့ သွားလာရပါတယ်.. အသိရဲ့ ရွှေကျင်းရောက်အောင် တော်တော်လေး လမ်းလျှောက်လိုက်ရပါတယ်..  မောသလားဆိုရင်တော့  အင်း... မောတော့ မောတာပေါ့.. ဒါပေမဲ့ မမောဘူးဘဲ ဆိုကြပါစို့...ဒီလို ရွှေတူးကြဖို့ အရင်ဆုံးလုပ်ရမဲ့အလုပ်က မြေကွက်ဝယ်ကြရပါတယ်.. ပြီးတော့မှ ရွှေတူးရာမှာ လိုအပ်တဲ့ စက်တွေ၊ ပိုက်တွေ၊ အလုပ်သမားတွေ၊ သူတို့နေဖို့ တဲတွေဆောက်ရမယ်. ရိက္ခာတွေ ၀ယ်ယူစုဆောင်းကြရပါတယ်.. စက်ကိုမောင်းနှင်ဖို့ ဆီတွေဝယ်ရပါမယ်. ဒီလိုကျင်းတစ်ကျင်းအတွက် အလုပ်သမား အနည်းဆုံး ၇ယောက်မှ ၁၀ယောက်အထိ လိုအပ်ပါတယ်..






ရွှေကျင်းတစ်ခုရဲ့ မြင်ကွင်း









မြေကျင်းဟာ ပေအနက် ၁၀ပေကျော်ပါတယ်.. ကျင်းထဲက စက်ကိုတော့  မုန်စုပ်စက်လို့ ခေါ်ပါတယ်.. ကျင်းထဲက မြေကြီးတွေက အပေါ်ရောက်အောင် အားနဲ့မှုတ်တင်ပေးတဲ့ စက်ပါ..  ရွှေကျင်းတူးတဲ့အခါ အပေါ်ယံမြေသားဖြစ်တဲ့ ရွှံမြေတွေမှာ ရွှေပါလေ့မရှိပါဘူး... အနည်းဆုံး ၅ပေ၆ပေခန့် အပေါ်ယံမြေကြီးတွေကို ဖယ်ထုတ်ရပါတယ်. အဲလိုဖယ်ထုတ်ရတာကို ခေါင်းပေါင်းကျင်းတယ်လို့ ခေါ်ပါတယ်.. ပြီးတော့မှ အောက်က မြေမာ ကျောက်ခဲတွေပါတဲ့ မြေမျိုးမှာမှ ရွှေပါတတ်ပါတယ်.. အဲဒီအလွှာကိုရောက်မှသာ သဲမြေတွေကို အပေါ်ကို မုန်စုပ်စက်နဲ့ မှုတ်တင်ပါတယ်..






အင်အားပြင်းတဲ့ ရေအားနဲ့ မြေကြီးကို ခုလိုတိုက်စားပစ်ပါတယ်..










မုန်စုပ်စက်ထဲကို စီးမျှောလာတဲ့ မြေကြီးတွေမှာ ကျောက်စရစ်ခဲ ကြီးကြီးမားမားတွေကို ကျန်တဲ့သူတွေက ခုလို ဖယ်ရှားပေးရပါတယ်.  ဘေးမှာ ပုံထားတဲ့ကျောက်ခဲတွေက ဖယ်ထားတဲ့ကျောက်ခဲတွေပါ.. ဒီလိုနည်းအားဖြင့် ရွှေပါဝင်တဲ့ မြေကြီးတွေဟာ ရေအားနဲ့အတူ မျှောပါသွားပြီး အောက်က မုန်စုတ်စက်ထဲကမှတစ်ဆင့် ရေနဲ့ မြေကြီးတွေကို ပိုက်နဲ့ ကျင်းအပေါ်ကို  အရှိန်ပြင်းပြင်း ပို့လွှတ်လိုက်ပါတယ်..






မုန်စုပ်စက်နဲ့ဆက်သွယ်ထားတဲ့ပိုက်.. ဒီပိုက်ကနေ အပေါ်ကို မြေကြီးတွေကို မှုတ်တင်ပေးပါတယ်..







ပိုက် နောက်တစ်ဆင့်ပါ..





အပေါ်ရောက်တော့ ရွှေသဲနဲ့ ကျောက်ခဲတွေကို ဒီလို ခွဲခြားပစ်ပါတယ်..









ရွှေပါတဲ့ မြေကြီးကို ခုလို ဒီနေရာကို ဖြတ်သန်းစေတဲ့အခါမှာ  ကျောက်ခဲတို့ သဲတို့ထက် လေးလံတဲ့ သတ္တုဖြစ်တဲ့ ရွှေရဲ့ သဘာဝအရ ရွှေမှုန်တွေဟာ ဒီနေရာက ရွှေဖမ်းကော်ဇောပေါ်တို့မှာ ကျ ကျန်နေခဲ့ပြီး သဲ၊ ကျောက်ခဲ မြေကြီးတွေကတော့ ရေနဲ့အတူ အောက်ကို ဆက်လက်စီးဆင်းသွားပါတယ်..






ရေစီးအားနှင့်အတူ သဲနှင့်ကျောက်ခဲများ စီးဆင်းရာ








ရွှေတွေဟာ အခုမြင်ရတဲ့ သေတ္တာလို လေးထောင့်ပုံးထဲမှာ အဓိက ကျန်ရစ်ခဲ့ပါတယ်..








ပိုက်အ၀ါရောင်လေးက ကျင်းထဲကို ရေပို့လွှတ်တဲ့ ရေပိုက်ပါ







ခပ်လှမ်းလှမ်းက ရေအိုင်ကနေ ရေတွေကို စက်နဲ့ စုတ်ပြီး ပိုက်ကနေတစ်ဆင့် ကျင်းထဲကို ပို့ပေးတာပါ.












ရွှေကျင်ဖို့ ပြုလုပ်ထားတဲ့ နေရာပါ.. ဘေးနားက အိတ်အဖြူတွေဟာ ရွှေပါတဲ့ သဲမြေတွေဖြစ်ပါတယ်..




တစ်နေ့တာ မြေကြီးတွေကို ခုလို စက်နဲ့ မှုတ်တင်ပေးလို့ ရလာတဲ့ မြေကြီး( ရွှေသဲ) တွေကို  စုဆောင်းပြီး ရွှေသပ်သပ် ခွဲခြားဖို့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ အင်နဲ့ ရွှေကို ကျင်ယူရပါတယ်...









ရွှေကျင်နေပုံ







ရွှေနဲ့ရောနေတဲ့ မြေကြီးတွေကို ခုလို အင်ထဲကိုထည့်ပြီး ရေပေါ်မှာ ကျင်ရပါတယ်.. အဲဒီသစ်သားအ၀ိုင်းကြီးကို အင်လို့ ခေါ်ပါတယ်..  အဲဒီလို ကျင်တဲ့အခါ မြေကြီးတွေဟာ ရေနဲ့အတူ ပါသွားပြီး အင်ထဲမှာ တစ်ဖြေးဖြေးနဲ့ မြေကြီးတွေနည်းလာပြီး သဲတစ်ချို့နဲ့ ရွှေစတွေသာ ကျန်ရစ်ခဲ့ပါတယ်.. ရွှေကျင်းမှာရှိတဲ့ အဒေါ်ကြီးတစ်ယောက်က ကျွန်မကို လက်တွေ့ ကျင်ပြတာကို ဓာတ်ပုံ ရိုက်လာတာ ဖြစ်ပါတယ်..  ကျွန်မတို့ ငယ်ငယ်ကတော့ ဥရုချောင်းထဲမှာ ရွှေကျင်သူများဆီက အင်ကို ခနငှားပြီး အပျော်ကျင်ခဲ့ဖူးပါတယ်.. ရွှေကျင်ရတာ အနည်းငယ်တော့ လက်ဝင်ပါတယ်.. ရေပေါ်မှာ အင်ကို ဝေ့ကာဝိုက်ကာလှည့်ပြီးမှ အင်ထဲက မြေကြီးတွေ အပြင်ထွက်သွားအောင် လုပ်ယူရတာမျိုး ဖြစ်ပါတယ်.. အလေ့အကျင့် ရှိသွားရင်တော့ လွယ်လွယ်ကူကူ ဖြစ်သွားပါတယ်. ကျောက်ခဲအတုံးကြီးတွေကိုတော့ လက်နဲ့ ဖယ်ထုတ်ရပါတယ်..








အမဲရောင်သဲမှုန်တွေကို ကျွန်မတို့အရပ်မှာ ရွှေချီး လို့ ခေါ်ပါတယ်.. ရွှေရှိတဲ့နေရာမှာ သူအမြဲတမ်းရှိတတ်လို့ပါ.. ရွှေနဲ့ ရွှေချီးဟာ အမြဲအတူတူရှိပါတယ်..







အင်ထဲမှာ မြေကြီးမရှိသလောက်ဖြစ်သွားပြီး ရွှေချီးနဲ့ ရွှေမှုန်တွေသာ ကျန်ရစ်ခဲ့ပါတယ်..








ရွှေရောင် လက်နေတာလေးတွေက ရွှေအမှုန်လေးများ ဖြစ်ပါတယ်.. အမဲရောင်တွေကတော့ ရွှေသဲ(ရွှေချီး) ဖြစ်ပါတယ်.. တကယ်တမ်းတော့ ရွှေကျင်ပြီး စွန့်ပစ်ထားတဲ့ မြေကြီးကို နမူနာကျင်ပြတာဖြစ်တဲ့အတွက် ရွှေပါဝင်မှုနှုန်းက အလွန်နည်းပါးခြင်း ဖြစ်ပါတယ်..သို့သော်လည်း စွန့်ပစ်ထားပြီးသား မြေကြီးထဲမှာတောင် ခုလိုရွှေမှုန်လေးများ ပါဝင်နေတတ်ပါတယ်..









ရွှေနဲ့ ရွှေချီး








နောက်ဆုံးမှာ ရွှေချီးသဲအမှုန်တွေကို နည်းနိုင်သမျှ နည်းအောင် ဖယ်ထုတ်လိုက်တဲ့အခါ ရွှေမှုန်များနဲ့ ရွှေချီး အနည်းငယ်သာ ပါဝင်တဲ့ ရွှေမှုန်အစုကို ရပါတယ်.. ရွှေချီးနဲ့ ရောနေတဲ့  ရွှေအမှုန်များကို ပြဒါးနဲ့ဖမ်းလိုက်တဲ့အခါ ရွှေအမှုန်သီးသန့်ကို ရရှိပါတယ် .. ပြဒါးနဲ့ဖမ်းတဲ့အခါ ရွှေတွေအားလုံး အဖြူရောင်ကို ပြောင်းလဲသွားပါတယ်... မီးပြန်ဖုတ်မှသာ နဂိုမူလ ရွှေအရောင်ကို ပြရပါတယ်... ရွှေမှုန်တွေအားလုံးကို အလုံးပြုလုပ်ကာ မီးဖုတ်လိုက်တော့ ရွှေတုံး ရွှေခဲကို အကြမ်းအဖြစ်ရရှိပါတယ်..







မီးဖုတ်ထားသော ရွှေအလုံး







ရုတ်တရက်ကြည့်ရင် သာမန်မြေကြီးလုံးတစ်လုံးနဲ့ တူပါတယ်..






ရွှေတူးရင်း ခုလို ကျောက်စိမ်းများလည်း ထွက်တတ်ပါတယ်..







ရွှေကျင်းနှင့်အနီးတစ်ဝိုက် ရှုခင်းများ






ရွှေကျင်းတူးသူများအဖို့ မျှော်လင့်စရာက ရွှေများများ ပါဖို့ထက် ကျောက်ကောင်းကောင်း တစ်လုံးသာ ကျင်းထဲက ထွက်မယ်ဆိုရင် နေ့ချင်းညချင်း ဘ၀ပြောင်းသွားနိုင်ပါတယ်.. ဒါကြောင့်လည်း ရွှေရှာသူတွေဟာ ဒီမျှော်လင့်ချက်တွေနဲ့ ရွှေတူးကြတာလည်း ဖြစ်ပါတယ်.. ရွှေပါဝင်မှုနည်းထားဟာ တစ်နေရာနဲ့တစ်နေရာ မတူညီ ကွဲပြားပါတယ်.. အချို့မြေတွေမှာ တစ်ရက်ကို ရွှေ၂ကျပ်သားအထိ ရတတ်ပြီး အချို့မြေတွေမှာတော့ ရွေး ၄၀ ရွေး၅၀ စသဖြင့် ကွဲပြားနိုင်ကြောင်း သိရပါတယ်..   မြန်မာ့ရွှေချိန်အရ ရွှေတစ်ကျပ်သားကို  ၁၂၈ရွေး ရှိပါတယ်.. ဥရုချောင်းရိုးတစ်လျှောက်တော့ ရွှေပါဝင်နှုန်း များတတ်ပါတယ်..





ဖားကန့်ဒေသမှာ ရွှေတူးတာနဲ့ပါတ်သက်ပြီး အကြမ်းဖျင်းသာ ရေးပြထားခြင်း ဖြစ်တဲ့အတွက် အချက်အလက် မပြည့်စုံခြင်း၊ အခြားဒေသများနှင့် ရွှေရှာပုံခြင်း မတူ ကွဲလွဲခြင်းများ ရှိကောင်းရှိနိုင်ပါတယ်.. သိသလောက် ရေးပြခြင်းဖြစ်တာမို့ ချို့ယွင်းချက်များ ရှိခဲ့ရင် ခွင့်လွှတ်ကြဖို့ ပန်ကြားလိုက်ပါတယ်ရှင်...








ချော(အစိမ်းရောင်လွင်ပြင်)









လှပတဲ့ နှင်းစက်ကလေး


လှပတဲ့ နှင်းစက်ကလေး






နက်ခင်းရဲ့ နေခြည်နုနုလေးက သစ်ရွက်ပေါ်မှာ တွဲရရွဲခိုနေတဲ့ ကျွန်မရဲ့ ဖြူလွလွ ကိုယ်ခန္ဓာလေးပေါ်ကို လှပစွာဖြန်းပက်လိုက်တော့ ကျွန်မနဲ့ နေရောင်ခြည်အတွေ့မှာ လင်းလက်တောက်ပနေပုံက စိန်ပွင့်ကလေးတွေလို တစ်ဖြတ်ဖြတ်လက်လို့ပါဘဲ… လှလိုက်တာ.. ဘေးနားက ကျွန်မနဲ့ ဘ၀တူ နှင်းစက်ကလေးတွေကို ကြည့်လိုက်မိတော့လည်း တစ်ချို့တွေက ကျွန်မရှိနေတဲ့ သစ်ရွက်ပေါ်တွဲခိုလို့ ... တစ်ချို့ကျတော့ အခြားသစ်ရွက် သစ်ကိုင်းတွေပေါ်မှာ.. ရွှန်းစိုလင်းပနေကြတယ်... အားလုံးဟာ ကဗျာလေးတစ်ပုဒ်လို ငြိမ်သက် အေးမြခြင်းနဲ့အတူ နွေးထွေးတဲ့ နေရာင်ခြည်ရဲ့ လက်ဖြာမှုအောက်မှာ ၀င်းလို့ လင်းလို့.. နှိုင်းရက်စရာမရှိအောင် လှလွန်းနေပါရဲ့….. သူတို့တွေရဲ့ မျက်နှာပေါ်မှာလည်း သူတို့ရဲ့ လင်းလက် တောက်ပမှုတွေအတွက် ဂုဏ်ယူဝံ့ကြွားတဲ့ အပြုံးကိုယ်စီနဲ့.... ဘယ်လောက်တောင် သဘာဝဆန်ပြီး အေးချမ်းကြည်လင်ကာ ကြည်နူးရွှင်ပျဖို့  ကောင်းလိုက်တဲ့ အလှလဲနော်..











ဒါပေမဲ့ နှင်းစက်တွေအားလုံးထဲမှာတော့ ကျွန်မဟာ အလှဆုံး နှင်းစက်ကလေး တစ်စက်ပါဘဲ.. .. ကြည့်ပါဦး.. စိမ်းစိုရင့်မှောင်နေတဲ့  သစ်ရွက်ပေါ်  တွဲခိုနေပုံကိုက မခို့တရို့ ကဗျာဆန်ဆန် နွဲ့နွဲ့နှောင်းနှောင်းနဲ့  ဘယ်လောက်များ လှနေသလဲဆိုတာ.. ကတ္တီပါမြသားပေါ်က စိန်ရတီပွင့်ကလေး လင်းလက်ဝင်းပနေပုံနဲ့ တူရဲ့ မဟုတ်လားရှင်.. ကျွန်မလောက် လှတဲ့သူ ဒီပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတော့ဘူး.. ကျွန်မသာလျှင် အလှဆုံး.. အတောက်ပဆုံးနဲ့ အကြီးဆုံး နှင်းစက်ကလေးတစ်စက်ပါဘဲ..  ကျွန်မကြောင့်သာ သစ်ရွက်ကလေးရဲ့အလှက ပိုပြီးစိမ်းစိုလာသလို၊ ကျွန်မကြောင့်ဘဲ ပတ်ဝန်းကျင်က ပိုပြီးလင်းလက် တောက်ပ နေတာမဟုတ်လား... ဒီအတွက်လည်း ကျွန်မက သိပ်ကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်.. ကိုယ်ရှိနေတဲ့သစ်ရွက်၊ ကိုယ်ရောက်နေတဲ့ ၀န်းကျင်ကို အလှဆင်ခွင့်ရတာ သိပ်ကို ကြည်နူးဝမ်းမြောက်ဖို့ ကောင်းတယ် မဟုတ်ပါလားနော်..








ပျော်ရွှင်ကြည်နူးမဆုံး ဖြစ်နေတုန်းမှာဘဲ မမျှော်လင့်တဲ့ အခြေအနေတစ်ရပ်ကို ကြုံတွေ့လိုက်ရပါတော့တယ်.. ကျွန်မတွဲခိုထားတဲ့ သစ်ရွက်ဟာ တစ်ဆတ်ဆတ် တုန်ခါလာပါတယ်. ဟင်…  ဘယ်လိုဖြစ်တာပါလိမ့်.. စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့  ဘေးဘီဝဲယာ ဘေးပတ်ဝန်းကျင်ကို  ကြည့်မိတော့ ကျွန်မ သဘောပေါက်လိုက်ပြီ.. လေပြင်းတိုက်ခတ်နေတာပါလား.. တစ်ချက်တစ်ချက်  ခပ်ပြင်းပြင်း ဝေ့ကနဲ့ တိုက်လိုက်တဲ့လေကြောင့် ထက်အောက် ဘယ်ညာ ရမ်းခါလွန်းနေတဲ့ သစ်ရွက်အရှိန်ဟာ ကျွန်မရဲ့ ကိုယ်လေးကို သစ်ရွက်အစွန်အဖျားဆီ တစ်လိမ့်လိမ့်နဲ့ ရောက်အောင် တွန်းပို့နေသလိုပါဘဲ...သိပ်ကို  ကြောက်ဖို့ကောင်းတာပါလား...






ဆိုးရွားလိုက်တာရှင်.. ဘာကြောင့်များ ငြိမ်သက်အေးချမ်းနေတဲ့ အခြေအနေ၊ လှပချောမွေ့နေတဲ့ အခြေအနေကို ပြောင်းလဲချင်ရတာပါလိမ့်.. ဘာကြောင့်လဲ.. ဘာကြောင့်များလဲရှင်…  ဒီသစ်ရွက်ပေါ်က လိမ့်ဆင်းသွားခဲ့ရင် ကျွန်မဟာ ဘယ်နေရာကိုများ ရောက်သွားမှာပါလိမ့်.. ကျန်တဲ့နှင်းစက်ကလေးတွေကို ကြည့်မိတော့လဲ အလူးလူးအလိမ့်လိမ့်.. အားလုံဟာ ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့နေတဲ့ မျက်နှာတွေနဲ့.. စောစောတုန်းက အခြေအနေတွေနဲ့ တစ်ခြားစီ.. ဂုဏ်ယူတဲ့အပြုံးတွေ ပျောက်ကွယ်လို့..  ကျွန်မကရော.. ဒီသစ်ရွက်အစွန်အဖျားပေါ်မှာ ဘယ်ချိန်ထိ ရှိနေနိုင်မှာလဲ..





ကြမ်းသထက်ကြမ်းလာတဲ့ လေတိုက်နှုန်းကလည်း ကြောက်ခမန်းလိလိ.. သေချာပါပြီ.. ကျွန်မတို့အတွက် နောက်ဆုံးအချိန်ဟာ ရောက်ရှိလာပါပြီ.. ဒီမနက်တင်မှ ကောင်းကင်ကနေ ကျဆင်းလာပြီး လှပတဲ့ နှင်းစက်ကလေးဖြစ်ခွင့်ရလာတာ ဘာမှကိုမကြာသေး.. အားလုံးဟာ အဆုံးသတ်ရတော့မယ်… မတရားလိုက်တာ.. မျှတမှုမရှိလိုက်တာ.. ကျွန်မလဲ တတ်နိုင်သမျှ အင်နဲ့အားနဲ့ သစ်ရွက်အစွန်းလေးကို ဖက်တွယ်လို့ ကြံ့ကြံ့ခံပြီး လေပြင်းဒဏ်ကို အံတုကာ ကြိုးစား နေကြည့်ပါသေးတယ်.. ဒါပေမဲ့ တစ်ဖြေးဖြေးနဲ့ ခွန်အားချည့်နဲ့လို့လာပါပြီ… ကျွန်မသွားရပါတော့မယ်.. ဒီသစ်ရွက်ကလေးကိုစွန့်ခွာပြီး လွှင့်စင်ကျသွားတော့မှာ..









ကြောက်ရွံ့မှုကြောင့် ကျွန်မတစ်ကိုယ်လုံးလဲ တုန်ရီနေပါရဲ့..  တကယ်လို့များ ကျွန်မသာ လွှင့်စင်ကျသွားခဲ့ရင် ဘယ်ကိုရောက်သွားမှာပါလိမ့်.. သိချင်စိတ်ကြောင့် အောက်တည့်တည့်မှာ ဘာများရှိနေမလဲ ဆိုပြီး ငုံ့ကြည့်လိုက်မိတော့ မှန်တစ်ချပ်လို ကြည်လင်တောက်ပနေတဲ့ ကျယ်ပြန့်တဲ့ အရာတစ်ခုကို တွေ့လိုက်မိပါတယ်.. နေရောင်အောက်မှာ တစ်လက်လက် တစ်ဖြတ်ဖြတ်နဲ့ အစွမ်းကုန် တောက်ပနေပုံက မျက်စိတောင်ကျိန်းလောက်ပါရဲ့.. ဒါဟာ ဘယ်လိုအရာမျိုးပါလိမ့်.. အိုး ရေကန်ကြီးတစ်ခုပါလား.. အစောတုန်းကတော့ အောက်ကို မကြည့်ခဲ့မိဘဲ  အပေါ်မှာရှိတဲ့ ကျွန်မရဲ့ ဘေးဝန်းကျင်ကိုသာ ကြည့်ခဲ့မိတယ်..  သာယာ ကြည်နူးနေခဲ့မိတယ်..  နောက်ဆုံးတစ်ချက် လေခပ်ပြင်းပြင်းအဝေ့မှာ ကျွန်မဟာ သစ်ရွက်ပေါ်ကနေ စွင့်ကနဲ လွှင့်စင်ပြီးတော့ အောက်က ရေကန်မျက်နှာပြင်ဆီ တစ်ရှိန်ထိုး ကျဆင်းသွားပါတော့တယ်..





ရေကန်မျက်နှာပြင်နဲ့အတွေ့မှာတော့ ကျွန်မဟာ နှင်းစက်ကလေးတစ်စက် မဟုတ်တော့ဘူး.. ရေကန်ထဲက ရေအဖြစ်ပြောင်းလဲသွားပြီ.. ကျန်တဲ့ နှင်းစက်တွေလဲ ကျွန်မလို အလားတူပါဘဲ.. ကျွန်မတို့တွေဟာ ဘယ်ဟာနှင်းစက် ဘယ်ဟာ ရေပေါက်ရယ်လို့ ခွဲခြားလို့မရတော့ဘူး အားလုံးဟာ တစ်သားတည်း ဖြစ်သွားခဲ့ပြီ.. ကြောက်ရွံ့ထိတ်လန့်နေရာကနေပြီး ပျော်ရွှင်ကြည်နူးစိတ်ကို ရုတ်တရက်ပြောင်းလဲသွားခဲ့ပါပြီ.. ဘယ်လောက်အင်အားကြီးတဲ့ လေပြင်းကမှ ကျွန်မတို့ကို မဖျက်ဆီးနိုင်တော့ပါဘူး… နှင်းစက်ကလေးတွေ စုပေါင်းပြီးလဲ ရေကန်ထဲက ရေတွေ ဖြစ်လာနိုင်သေးတာဘဲနော်..










ကျွန်မဟာ နှင်းစက်ကလေး ဘ၀တုန်းကလို လှချင်မှ လှပပါလိမ့်မယ်.. တောက်ပချင်မှ တောက်ပပါလိမ့်မယ်.. ဒါပေမဲ့ အခုတော့ ရေကန်ထဲက ရေအဖြစ် လူသားတွေ၊ တိရိစ္ဆာန်တွေ လိုရာသုံးစွဲဖို့၊ သစ်တောကြီးတွေ စိမ်းစိုလန်းဖြာဖို့၊ လယ်ယာမြေတွေမှာ ကောက်ပဲသီးနှံတွေ ဝေဆာနိုင်ဖို့အတွက် လိုအပ်တဲ့ ရေတွေမျှဝေဖို့.. အိုး ကျွန်မတို့ လုပ်နိုင်တာ၊ အသုံးဝင်တာတွေက  အများကြီးပါဘဲ… ခုမှ တကယ့်ဂုဏ်ယူစရာအလှ၊ ဂုဏ်ယူသင့်တဲ့ ဘ၀ကို ကျွန်မပိုင်ဆိုင်လိုက်ရပါပြီ.. ခုလိုစုစည်း ပေါင်းစပ်လိုက်တာဟာ ရန်သူတွေ အလွယ်တကူ မဖြိုဖျက်နိုင်ဘူး ဆိုတာရယ် တစ်ဦးတစ်ယောက်တည်းထက် ပိုပြီး လောကကို အကျိုးပြုနိုင်တယ် ဆိုတာရယ်ကို ကျွန်မ နှင်းစက်ကလေး (အခုတော့ ရေ) က သင်ခန်းစာကောင်းကောင်း ရသွားပါပြီရှင်။






Peter Hughes  ရဲ့ The Dew Drop ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။






ချော(အစိမ်းရောင်လွင်ပြင်)




Photo from google and  Here



အောင်ပွဲနဲ့အတူ





အောင်ပွဲနဲ့အတူ





တောင်အာဖရိကမြေမှာ ကျင်းပတဲ့  ရင်ခုန်စိတ်လှုပ်ရှားဖွယ်၊ ပျော်ရွှင်တက်ကြွဖွယ်၊ ၀မ်းနည်းကြေကွဲဖွယ်၊ လွမ်းမောဖွယ်တွေနဲ့ ရသစုံပေးနိုင်စွမ်းတဲ့ ကမ္ဘာ့ဖလားပွဲကြီးတော့ ပြီးဆုံးသွားပါပြီ။ ရှုံးသူတွေရဲ့ မျက်ရည်စတွေ တောင်အာဖရိက မြေပေါ်မှာ ကျခဲ့ကြသလို၊ နိုင်သူတွေကလည်း ဒီမြေမှာ အောင်ပွဲခံခဲ့ကြရင်းပေါ့… ဒီလိုရသမျိုးကို ပြန်လည်ခံစားဖို့ဆိုရင် နောက်၎နှစ်မှာမှ တစ်ဖန် ပြန်လည်ရရှိနိုင်ပါတော့မယ်..






ရှကီရာရဲ့ Waka Waka





ပိတ်ပွဲမှ အာဖရိကရဲ့ သင်္ကေတ






ပိတ်ပွဲမှ မြင်ကွင်းတစ်ခု






ရှကီယာရဲ့ Waka Waka နဲ့အစပြုလို့ တောင်အာဖရိကသား ညိုပြာညက်တို့ရဲ့ ဗူဗူဇီလာခရာသံက ပွဲစဉ်ရဲ့ ရစ်သမ်ကို မြှင့်တက်စေပြီးတဲ့နောက် ရှကီရာရဲ့ မြူးကြွတဲ့ Waka Waka နဲ့ဘဲ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်… ပိတ်ပွဲမှာသီဆိုတဲ့ ရှကီရာရဲ့ Waka Waka ဟာ ဖွင့်ပွဲတုန်းကအတိုင်း မပြောင်းမလဲ သီဆိုတာ ဖြစ်ပေမဲ့လို့ ပိတ်ပွဲ ( နှုတ်ဆက်ပွဲဆိုတဲ့) အသိနဲ့ ကြည့်လို့ထင်ပါရဲ့.. ဒီလောက်မြူးကြွတဲ့ သီချင်းကတောင် လွမ်းစရာကောင်းနေသလိုလို… Special Effects တွေ အစုံအလင်နဲ့ ပိတ်ပွဲကိုကြည့်ရတာ အရောင်စုံလင်လှသလို ရွှင်မြူးဖို့လည်းကောင်း၊ စိတ်လှုပ်ရှားဖို့လည်း ကောင်းလှပါတယ်..





ရှကီရာ





တစ်လနီးပါးကြာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ စောစောစီးစီး အိမ်ပြန်သွားကြတဲ့အသင်းတွေရှိသလို ဖိုင်နယ်အထိ တက်လာတဲ့ အသင်းတွေကလဲ ပွဲစဉ်တွေကို ပိုပြီး အရှိန်အဟုန်မြင့်စေလို့ပါဘဲ.. ကျွန်မအားပေးတဲ့ စပိန်အသင်းကတော့ မထင်မှတ်ဘဲ ဖိုင်နယ် ပွဲစဉ်အထိ တက်လို့လာခဲ့ပါတယ်.. တကယ်တမ်း ကျွန်မ စပိန်အသင်းကို အားပေးခဲ့တာ ယခုနှစ်မှသာ မဟုတ်ဘဲ ၁၉၉၈ တောင်ကိုးရီးယားမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲ ကတည်းက ဖြစ်ပါတယ်... နှစ်စဉ်နှစ်တိုင်း စပိန်အသင်းကို အားပေးခဲ့သလို ဒီနှစ်မှာလည်း ပွဲစဉ်တွေ စကတည်းက စပိန်အသင်းကိုသာ တစ်စိုက်မတ်မတ် ဆက်လက်အားပေးခဲ့တာပါ.. ဒီလိုအားပေးတာဟာ စပိန်အသင်း နိုင်ခြေရှိလို့ရယ် မဟုတ်ဘဲ အသင်းမှာ လူကောင်းတွေ၊ ပရော်ဖက်ရှင်နယ် ကစားသမားတွေ ၊ အရည်အချင်းရှိသူတွေ ရှိပါရက်နဲ့ ဆီမီးဖိုင်နယ် အဆင့်ကိုတောင် မရောက်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်တာကြောင့် သူတို့အသင်းကို အားပေးခြင်းဖြစ်ပါတယ်.. အများအားဖြင့် လူတိုင်းက စပိန်အသင်းဟာ ကံမကောင်းတတ်ဘူးလို့ ပြောတတ်ကြတာကြောင့်လည်း အခြားအသင်းတွေနဲ့ စာရင် လူကြိုက်နည်းတတ်ပါတယ်..







စပိန်လက်ရွေးစင်အသင်း






ခုလို ဖိုင်နယ်အထိ တက်ရောက်နိုင်တာဟာ ကမ္ဘာ့ဖလားကျင်းပတဲ့ မှတ်တမ်းမှာ စပိန်အသင်းအတွက် ပထမဆုံး အကြိမ်လဲ ဖြစ်ပါတယ်.. ပြည်တွင်းလိဂ် ပွဲစဉ်တွေ ကောင်းသလောက်၊ ကလပ်အသင်းတွေ အင်အားကြီးမားသလောက် နိုင်ငံ့လက်ရွေးစင် စပိန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ ဆီမီးဖိုင်နယ် အဆင့်အထိ မရောက်နိုင်ခဲ့တာ နှစ်ပေါင်း ၆၀ရှိခဲ့ပြီ ဖြစ်ပါတယ်.. ဒါကြောင့်မို့လည်း စပိန်အသင်းဟာ ၂၀၀၈ခုနှစ်ရဲ့ ဥရောပ ချန်ပီယံဖြစ်ခဲ့ပေမဲ့  ကမ္ဘာ့ဖလားမှာတော့ ရေပန်းစားမှုနည်းပါတယ်.. ကျွန်မအနေနဲ့တော့ အစဉ်အလာနဲ့ သဘာအရ ကမ္ဘာ့ဖလား မကြာခနရတတ်သူတွေနဲ့ ရဖူးသူတွေကို အားမပေးဘဲ တစ်ခါမှ မရသေးတဲ့ စပိန်အသင်းကို ရစေချင်တဲ့စိတ်လည်း ဖြစ်မိပါတယ်.. စပိန်နဲ့ နယ်သာလန်(ဟော်လန်) ၂သင်းစလုံးတို့ဟာ ဗိုလ်လုပွဲတက်ခွင့်ရတဲ့ အသင်းတွေဖြစ်ပြီး ဘယ်အသင်းကမှ ကမ္ဘာ့ဖလားကို မရဖူးသေးတာကြောင့် အနိုင်ရလိုစိတ်၊ ကမ္ဘာ့ဖလားကို ကိုင်မြောက်ခွင့် ရလိုစိတ်ကတော့ ၂သင်းလုံးမှာ  တူညီသော စိတ်ဆန္ဒပြင်းပြမှုနဲ့ ရှိနေကြမှာတော့ မလွဲပါဘူးနော်…





ကမ္ဘာ့ဖလား ဖိုင်နယ်ရောက် အသင်း၂သင်း





စပိန်လက်ရွေးစင်အသင်း






နယ်သာလန် လက်ရွေးစင်အသင်း





အကြိတ်အနယ်ရှိလှတဲ့ ဒီဗိုလ်လုပွဲစဉ်မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတာဖြစ်ပြီး ပွဲချိန် မိနစ်၉၀အထိ ၂ဖက်လုံး ဂိုးမသွင်းနိုင်တဲ့ အနေအထားဖြစ်နေတာကြောင့် အချိန်ပိုကစားခဲ့ရပါတယ်.. ဒီနေရာမှာ စပိန်နည်းပြလုပ်သူ ဗင်းဆင့် ဒဲဘော့စကေးရဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို လေးစားမိတာက တစ်ဂိုးသာ ထပ်သွင်းနိုင်မယ်ဆိုရင်  ဂိုးအရေအတွက်တူနေတဲ့ သောမတ်စ်မူလာ (ဂျာမဏီ)ကို ကျော်လွန်ပြီး ရွှေဖိနပ်ဆုကို ရနိုင်တဲ့ ဒေးဗစ်ဗီလာကို လူစားလဲပစ်တာဘဲ ဖြစ်ပါတယ်.. တစ်ဦးတစ်ယောက်အတွက် မကြည့်ဘဲ အသင်းအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်တာဖြစ်ပါတယ်.. အချိန်ပို ကန်တဲ့ ၁၁၇မိနစ်မှာ အင်နီယေစတာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ စပိန်တို့ ကမ္ဘာ့ဖလားကို ကိုင်မြောက်ခွင့်ရသွားပြီး သူတို့အတွက် ပထမဆုံး အကြိမ်အဖြစ် သမိုင်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်..  ဘရာဇီးလ်၊ အင်္ဂလန်၊ အာဂျင်တီးနား၊ ဂျာမဏီ၊ အီတလီတို့လောက် လူကြိုက်မများလှပေမဲ့ အောင်ပန်းဆင်သွားခဲ့ပြီ ဖြစ်ပါတယ်.. စပိန်ဟာ ကစားတဲ့ ပွဲစဉ် ၇ပွဲမှာ သွင်းဂိုး ၈ဂိုးနဲ့ ဂိုးအနည်းဆုံးသွင်းပြီး ၂ဂိုးသာ အသွင်းခံရတဲ့ ကမ္ဘာ့ချန်ပီယံအသင်း ဖြစ်သွားခဲ့ပါတယ်.. နောက်ဆုံးကစားပွဲ ဖြစ်တဲ့ စပိန်နဲ့ နယ်သာလန် ဖိုင်နယ်ပွဲမှာ အကောင်းဆုံး ကစားသမား ( Man of the Match) အဖြစ်လည်း ဂိုးသွင်းသွားသူ အင်နီယေစတာ  ကသာ ရွေးချယ်ခံလိုက်ရပါတယ်..





အင်နီယေစတာရဲ့ အနိုင်ဂိုး








အချိန်ပို ရွှေဂိုးရှင် အင်နီယေစတာရဲ့ အောင်ပွဲခံပုံ





စပိန်အသင်းနည်းပြ ဗင်းဆင့် ဒဲဘော့စကေး






ထိုက်တန်သူအတွက် ဆုဖလား






စပိန်တို့ရဲ့ သူရဲကောင်း






ရဲရင့်သူတို့ အောင်ပွဲ





စပိန်အသင်းရဲ့ ပျော်ရွှင်မှု






ချန်ပီယံဖလားနှင့် အတူ






ဒီ ၂၀၁၀ ကမ္ဘာ့ဖလားပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ဥရုဂွေးတိုက်စစ်မှူး ဒီယေဂို ဖော်လန်က အက်ဒီးဒက်စ် ရွှေဘောလုံး ဆုကို ဆွတ်ခူးရရှိသွားကာ ဒုတိယငွေဘောလုံးဆုကို ဟော်လန် အသင်းမှ ၀က်စလီရှနိုက်ဒါက ရရှိခဲ့ပြီး တတိယ ကြေးဘောလုံး ဆုကို စပိန် တိုက်စစ်မှူး ဒေးဗစ်ဗီလာက ရရှိသွားခဲ့ပါတယ်.. စပိန်အသင်းရဲ့ ဗီလာဟာ ဂိုးသွင်းဘုရင် ဒုတိယ ငွေဖိနပ်ဆုကိုလဲ ရရှိသူဖြစ်ပါတယ်.. ဂျာမဏီရဲ့ သောမတ်မူလာဟာ အကောင်းဆုံး လူငယ်ဘောလုံးသမားဆုကိုလည်း ရရှိသူဖြစ်ပြီး ဂိုးသွင်းဘုရင်ပထမ ရွှေဖိနပ်ဆုကိုလည်း ရရှိသူဖြစ်ပါတယ်.. တတိယ ဂိုးသွင်းဘုရင် ကြေးဖိနပ်ဆုကိုတော့ နယ်သာလန်အသင်းမှ ရှနိုက်ဒါက ရရှိသွားခဲ့ပါတယ်.. အကောင်းဆုံး ဂိုးသမားဆုဖြစ်တဲ့ ရွှေလက်အိတ်ဆုကိုတော့ စပိန်ရဲ့ ကြယ်ပွင့် ဂိုးသမားလဲဖြစ် အသင်းခေါင်းဆောင်လဲဖြစ်သူ  အိုက်ကာ ကာစီလက်က ရရှိသွားခဲ့ပါတယ်.. ပြီးတော့လဲ စပိန်အသင်းဟာ  ကမ္ဘာ့ဖလား ပွဲစဉ်အစမှ အဆုံးထိ အ၀ါကဒ် ၈ခုသာ ရရှိတဲ့ အသန့်ရှင်းဆုံး အသင်းဆုကိုလည်း ရရှိသွားခဲ့ပါတယ်.. သူ့ထက် အ၀ါကဒ်နည်းတဲ့ မြောက်ကိုးရီးယား အသင်းဟာ အ၀ါကဒ် ၂ခုသာ ရခဲ့ပေမဲ့ ကစားတဲ့ပွဲစဉ်အရေအတွက် ၃ပွဲသာရှိတဲ့အတွက် အသန့်ရှင်းဆုံး အသင်းအဖြစ် အရွေးမခံခဲ့ရပါဘူး… ဒီဖိုင်နယ်ပွဲစဉ်မှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်တဲ့ အင်္ဂလန်ဒိုင် ဟောင်းဝပ်ဝက်ဘ်ဟာ ဟော်လန်အသင်းကို အ၀ါကဒ် ၉ခု၊ အနီကဒ်တစ်ခုနဲ့ စပိန်အသင်းကို အ၀ါကဒ်၅ခု တိတိ ပြခဲ့ရတဲ့အထိ  ပြိုင်ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်.. သူကတော့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အ၀ါကဒ် အများဆုံးပြတဲ့ ဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်သွားတော့တာ ဖြစ်ပါတယ်..




ရွှေဘောလုံးဆု









ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံး ဆုရှင် ဒီယေဂို ဖော်လန်( ဥရုဂွေး)








ကမ္ဘာ့ဒုတိယအကောင်းဆုံး ငွေဘောလုံး ဆုရှင် ၀က်စလီ ရှနိုက်ဒါ(နယ်သာလန်) ၊ တတိယဂိုးသွင်းဘုရင်ဆု
















ကမ္ဘာ့တတိယအကောင်းဆုံး ကြေးဘောလုံး ဆုရှင် ဒေးဗစ်ဗီလာ(စပိန်) ၊ ဒုတိယ ဂိုးသွင်းဘုရင် ငွေဖိနပ်ဆု








ရွှေဖိနပ်ဆု





အကောင်းဆုံး လူငယ်ဘောလုံးသမားဆု၊ ဂိုးသွင်းဘုရင် ပထမရွှေဖိနပ်ဆုရှင် သောမတ်စ် မူလာ(ဂျာမဏီ)








အကောင်းဆုံး ဂိုးသမား ရွှေလက်အိတ်ဆုရှင် အိုက်ကာ ကာဆီလက် (စပိန်)



၁၉၉၈ကတည်းက အားပေးခဲ့တဲ့ စပိန်အသင်းမှာ အဲဒီချိန်ကတည်းက ပါတဲ့သူဆိုလို့ ကျွန်မ မှတ်မိသလောက်ဆို ဂိုးသမား ကာဆီလက်သာ ကျန်တော့ပါတယ်.. ကျန်တဲ့သူတွေကတော့ အသက်အရွယ်နဲ့ ခြေစွမ်းတွေကြောင့် လူသစ်တွေ အစားထိုးပြီး ဖြစ်ပါတယ်.. ၁၉၉၈ကတည်းက ကမ္ဘာ့ဖလားပွဲကို နွဲခဲ့တဲ့ ကာဆီလက်ဟာ သူ့အတွက် ယခု ၄ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှသာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်တဲ့ အခွင့်အရေးကို ရရှိခဲ့တာ ဖြစ်ပါတယ်.. ပွဲပြီးလို့ စပိန်အသင်း အနိုင်ရသွားချိန်မှာတော့ ကာဆီလက်ရဲ့ ၀မ်းသာပီတိ မျက်ရည်ကို မဆည်နိုင်ဖြစ်နေတာ တွေ့လိုက်ရပါတယ်.. ရှုံးနိမ့်သူတို့ရဲ့ မျက်ရည်ကိုတွေ့ရသလို အောင်မြင်သူတို့ရဲ့ ပီတိမျက်ရည်ကိုလည်း တွေ့ခဲ့ရတာဘဲ ဖြစ်ပါတယ်.. ကျွန်မအားပေးတဲ့ စပိန်အသင်း အနိုင်ရသွားလို့ ၀မ်းသာမိသလို တစ်လုံးတည်းနဲ့ ကပ်ပြီး ရှုံးသွားတဲ့ ဟော်လန်အသင်းအတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်.. စပိန်တို့ ကမ္ဘာ့ဖလားကြီးကို လက်ခံယူပြီး ပျော်မြူးနေချိန်မှာ ကွင်းစပ်ကနေကြည့်နေတဲ့ ဟော်လန်တို့ရင်ထဲက ခါးသီးတဲ့အရှုံးရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်.. တကယ်တော့ ဟော်လန်တွေအတွက်တော့ လက်တကမ်းအကွာက ဖလားကို လက်လွတ်လိုက်ရတာ ဖြစ်ပါတယ်..





နည်းပြနဲ့အတူ အောင်ပွဲခံ





စပိန်တို့ရဲ့ အောင်ပွဲ






ဆုတက်ယူတဲ့အချိန်မှာ ဟော်လန်တစ်သင်းလုံးဟာ ဘယ်သူမှ မပြုံးနိုင်ကြဘဲ ကြေကွဲနေတဲ့ မျက်နှာတွေနဲ့ ဆုလက်ခံယူကြတာ တွေ့ရပြီး ဗိုလ်စွဲသွားတဲ့ စပိန် တစ်သင်းလုံးကတော့ တစ်ယောက်မကျန် ပြုံးပြုံးရွှင်ရွှင် အားရ၀မ်းသာနဲ့ တွေ့ရတာမို့ အနိုင်အရှုံးရဲ့ ကွာခြားချက်ဟာ လူတွေရဲ့ စိတ်ကို ဘယ်လောက်ထိ ရိုက်ခတ်နိုင်တယ် ဆိုတာ နားလည်သဘောပေါက်မိပါတယ်.. ဘေးကနေကြည့်ရတဲ့ သူတွေတောင် ဒီလောက် စိတ်လှုပ်ရှားရင်ခုန်ရလွန်းပြီး ကိုယ်အားပေးတဲ့အသင်း ရှုံးရင်လဲ ၀မ်းနည်းကြေကွဲကြရသလို နိုင်ရင်လဲ ခုန်ပေါက်မိအောင် ၀မ်းသာပျော်ရွှင်ရပါတယ်.. .. ဒီလိုဆိုရင် တကယ် ကန်ရတဲ့ သူတွေမှာ ဘယ်လောက်တောင် ထိခိုက်ခံစားရမလဲ ဆိုတာကိုလည်း ဆင်ခြင်မိပါတယ်..









ခါးသီးတဲ့အရှုံး





ရှုံးသူတို့ရဲ့ ကြေကွဲခြင်း







၂၀၁၀ ကမ္ဘာ့ဖလား ဆုရသူများစာရင်း





ကမ္ဘာ့ဖလား ချန်ပီယံအသင်းဆု





ပထမဆု- စပိန်အသင်း


ဒုတိယဆု - နယ်သာလန်အသင်း


တတိယ- ဂျာမဏီအသင်း




====================





အကောင်းဆုံး ဘောလုံးသမားဆု



ပထမ ရွှေဘောလုံးဆု - ဒီယေဂို ဖော်လန် (ဥရုဂွေး)


ဒုတိယ ငွေဘောလုံးဆု - ၀က်စလီ ရှနိုက်ဒါ(နယ်သာလန်)


တတိယ ကြေးဘောလုံးဆု- ဒေးဗစ်ဗီလာ (စပိန်)




==============================





ဂိုးသွင်းဘုရင်ဆု





ပထမ ရွှေဖိနပ်ဆု- သောမတ်စ်မူလာ (ဂျာမဏီ)


ဒုတိယငွေဖိနပ်ဆု- ဒေးဗစ်ဗီလာ (စပိန်)


တတိယ ကြေးဖိနပ်ဆု - ၀က်စလီ ရှနိုက်ဒါ(နယ်သာလန်)


==========================




အကောင်းဆုံး လူငယ်ဘောလုံးသမားဆု


သောမတ်စ်မူလာ (ဂျာမဏီ)


===========================






အကောင်းဆုံး ဂိုးသမား ရွှေလက်အိတ်ဆု


အိုက်ကာ ကာဆီလက် (စပိန်)


==========================






အသန့်ရှင်းဆုံး အသင်းဆု


စပိန်အသင်း


========================






ဘယ်လိုဘဲ ဖြစ်ဖြစ် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကမ္ဘာ့ဖလားပွဲစဉ်တွေ ပြီးသွားတော့ ရင်ထဲမှာ ဟာတာတာ ဖြစ်ပြီး ကျန်ခဲ့တာတော့ သေချာပါတယ်.. ဒီလို စိတ်လှုပ်ရှား ရင်ခုန်ရပြီး  ရှုံးသူတွေအတွက် ၀မ်းနည်းရကာ နိုင်သူတွေအတွက် ၀မ်းသာဂုဏ်ယူရတဲ့ ခံစားမှု ရသစုံသော ကမ္ဘာ့ဖလားပွဲစဉ်များကိုတော့ ဘရာဇီလ်းနိုင်ငံမှာ ကျင်းပဖို့ အလှည့်ကျတဲ့ ၂၀၁၄မှာ ပြန်လည်တွေ့ဆုံ ခံစားကြပါဦးစို့နော်.. ဒီနေ့တော့ ကမ္ဘာ့ဖလားကို ထိုက်တန်စွာ ရရှိသွားတဲ့ ကမ္ဘာ့ချန်ပီယံအသစ်စက်စက် ၂၀၀၈ ဥရောပချန်ပီယံ စပိန်အသင်းကို ၀မ်းမြောက်စွာ ဂုဏ်ပြုလိုက်ပါတယ်.. သူတို့အသင်းဟာ အောင်ပွဲနဲ့အတူ ကမ္ဘာ့ဖလားကြီးကို သယ်ယူသိမ်းပိုက်လို့ စပိန်နိုင်ငံကို ပြန်ကြပြီဖြစ်သလို စပိန်နိုင်ငံရဲ့ ပြည်သူတွေကလည်း အောင်ပွဲနဲ့ပြန်လာမဲ့ လက်ရွေးစင် စပိန်အသင်းကို   လှိုက်လှဲ ၀မ်းမြောက်စွာ ကြိုဆိုကြပါတော့မယ်.. ကျွန်မတို့လဲ ယခင်က  အရှေ့တောင် အာရှပွဲတွေမှာ မျက်ရည်ကျခဲ့ရသည်ထိ စွဲစွဲမက်မက် အားပေးခဲ့ရသော မြန်မာ့လက်ရွေးစင် အသင်းကို တစ်ချိန်ချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်နွဲခွင့်ရနိုင်တဲ့ အခွင့်အရေးမျိုး ရရှိလာနိုင်ပါစေလို့ မျှော်လင့်ရင်း ဒီပိုစ့်လေးကို နိဂုံးချုပ်လိုက်ပါရစေရှင်………….





ချော(အစိမ်းရောင်လွင်ပြင်)





Sources and Photos from


FIFA.com


http://www.soccermyanmar.com


http://news.bbc.co.uk/sport2