ဖားကန့်ဒေသ ရေကြီးမှုမှတ်တမ်း







ကျွန်မရဲ့ဇာတိ ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မိုးအပြင်းအထန်ရွာပါတယ်.. မိုးရွာသွန်းမှုကြောင့် ထူးထူးခြားခြား ရေကြီးတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်.. ကျွန်မ ဒီအကြောင်းတွေ မရေးချင်ပါဘူး.. ကျွန်မဘလော့ လာတဲ့ သူတွေကို စိတ်ညစ်စရာ၊ စိတ်မချမ်းသာစရာ အကြောင်းအရာတွေနဲ့ ဆီးကြို ဧည့်ခံတာမျိုး မလုပ်ချင်ပါဘူး.. ဒါကြောင့် ဒီဓာတ်ပုံတွေကို မတင်တော့ဘူးလို့ စဉ်းစားမိပါတယ်.. ဒါပေမဲ့ ဒီလိုနေပြန်ရင် ကိုယ့်ဒေသအပေါ် တာဝန်မကျေရာ ကျမယ်ဆိုတဲ့စိတ်က ဖိစီးထားတော့ မနေနိုင်ဘူး ဖြစ်ပြန်တယ်.. ဒီလို ရေကြီးရေလျှံတာဟာ သဘာဝရာသီဥတုကြောင့် မဟုတ်ဘဲ လူတွေရဲ့ လောဘ၊ လူတွေရဲ့ ပယောဂကြောင့်ဆိုတာ သိစေချင်တယ်.. ဒီလိုသိလာခြင်းအားဖြင့်လည်း ဖားကန့်ဒေသမှာ စီးပွားရေး လုပ်နေကြသူများရော ဒေသခံများနဲ့ တာဝန်ရှိကြသူများပါ အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ အသိတရားတစ်စုံတစ်ရာ ရကြမယ်ဆိုရင်ဖြင့် ဒီမက်ဆေ့ကို ပေးရကျိုးနပ်မယ်လို့ ကျွန်မ ယူဆပါတယ်..




ပြီးခဲ့တဲ့မေလတုန်းက မြေလှန်ရှာကြသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မတို့ ဖားကန့်ဒေသမှာ စက်ယန္တယားတွေနဲ့ မြေတွေကို လှန်လှော ရှာဖွေကြတဲ့ အကြောင်းနဲ့ ဥရုချောင်းတွင်းမှာ ချောင်းရေကို ပိတ်ဆို့ပြီး ကျောက်တူးကြတာတွေ၊ မြေစာပုံတွေကြောင့် ချောင်းအကျယ်နဲ့ အနက်ဟာ တဖြေးဖြေး ကျဉ်းမြောင်းလာပြီး တိမ်ကောသွားရတဲ့ အကြောင်းတွေ ပုံတွေပါဖော်ပြပြီး ရေးခဲ့ဖူးပါတယ်..( ဒီနေရာမှာ ကလစ်နှိပ်ပြီး ပြန်ဖတ်လို့ရပါတယ်.. ) ဒါတွေကြောင့်လည်း ဒေသခံ မြို့ရွာတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာနေတဲ့ ရေဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံလာခဲ့ရပါတယ်.. ဒီလို ရေဘေးအန္တရာယ်ဟာ သဘာဝတရားကြောင့် ဖြစ်လာရတာမဟုတ်ဘဲ လူတွေရဲ့ ဖန်တီးမှု ဆိုးကျိုးတွေကြောင့် ဖြစ်လာရတာပါ… သဘာဝတရားကြောင့် မဟုတ်ဘူးလို့ ဘာကြောင့် ကျွန်မ အခိုင်အမာ ပြောနိုင်ပါသလဲဆိုရင် ကျွန်မငယ်စဉ်ကတည်းက နေခဲ့တဲ့ ဒေသ၊ ကျွန်မ မိဘတွေတစ်သက်လုံး နေထိုင်ခဲ့တဲ့ အရပ်ဒေသမှာ ခုလို ရေကြီးမှုမျိုးကို ဘယ်အခါကမှ မကြုံဖူးခဲ့ကြပါဘူး.. ကချင်ပြည်နယ်ဟာ မိုးများတဲ့ အရပ်ဖြစ်တာကြောင့် နေ့စဉ်ရက်ဆက် တစ်ပတ်ဆယ်ရက်လောက် ရွာတတ်တာမျိုး ရှိပါတယ်.. ဒါပေမဲ့ ဘယ်လောက်ဘဲ မိုးရွာသည်ဖြစ်စေ မြို့လယ်လမ်းမ နှစ်မြုပ်တဲ့အထိ ရေကြီးတာမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ပြန်လှန်ကြည့်မယ်ဆိုရင်လဲ မတွေ့ရပါဘူး.. ဥရုချောင်းဟာ သူ့အကျယ်နဲ့ သူ့ရေပြင် သဟဇာတ မျှတပြီးသား ဖြစ်ခဲ့ပါတယ်..





ဒီနေ့ခေတ်မှာတော့ လုပ်ငန်းရှင် ငွေရှင်ကြေးရှင်ကြီးများမှ ကုမ္ပဏီနံမည် အမျိုးမျိုးနဲ့ ၀င်ရောက်လာပြီး လုပ်ကွက်များစွာကို စက်ယန္တယား စုံလင်စွာနဲ့ အင်တိုက်အားတိုက် တူးဖော်လိုက်ကြတာ တောင်တွေက မြေပြင်ဖြစ်ပြီး ချောင်းအကျယ်က မြောင်းသာသာဖြစ်သွားပါတော့တယ်.. ဖားကန့်ဒေသတစ်ဝိုက်မှာ ရှိသမျှတောင်တွေဟာ ကုန်ခါနီး ၊ ကုန်လုနီးပါး ဖြစ်သွားပါပြီ။ ဒီအတွက် အကျိုးဆက်က နဂိုက သူ့ပတ်ဝန်းကျင်နဲ့သူ မျှတပြီးသား မြေပြင်သဘာဝဟာ လူတွေရဲ့ လောဘကြောင့် ပျက်စီးကုန်ပြီး မမျှော်မှန်းနိုင်တဲ့ ဆိုးကျိုးတွေ တွေ့ကြုံလာရပါတယ်.. တစ်မြို့တစ်ရွာက လာကြတဲ့ လုပ်ငန်းရှင်များဟာ သူတို့စီးပွားရေး ပြီးဆုံးသွားတာနဲ့ ဖုတ်ဖက်ခါပြီး ပြန်သွားကြတဲ့ တစ်နေ့မှာ ကျွန်မတို့ ဖားကန့်ဒေသမှာ ဘာတွေကျန်ခဲ့မလဲဆိုရင် ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်၊ ပျောက်ကွယ်သွားတဲ့ တောင်တန်းတွေ၊ တိမ်ကောသွားတဲ့ ချောင်းတွေ၊ အပုံလိုက်ဖြစ်ပြီးကျန်နေခဲ့တဲ့ မြေစာပုံကြီးတွေနဲ့ အတူ ဒုက္ခပင်လယ်ဝေကြမဲ့ ဒေသခံတွေ ကျန်ရစ်ခဲ့မှာပါ။ ယခင်အချိန်ကတော့ လယ်မြေတွေ၊ ယာခင်းတွေအများကြီး ရှိခဲ့ဖူးပေးမဲ့ ကုမ္ပဏီတွေက ပိုက်ဆံပေးဝယ်ပြီး ကျောက်တူးတာတွေ၊ ရွှေရှာကြတာတွေ၊ မြေစာစွန့်ပစ်တာတွေ လုပ်ကြတော့ နောင်နှစ်အနည်းငယ်အတွင်းမှာ ဖားကန့်ဒေသမှာ စိုက်ပျိုးစရာ လယ်မြေတွေ ရှိဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဒါဟာသိပ်ကို သေချာတဲ့ အမှန်တရားပါ။




ဒီလိုဆိုရင် ကျောက်မတူးကြရတော့ဘူးလား… မေးစရာရှိပါတယ်.. တူးကြပါ.. တူးလို့ရပါတယ်.. သို့သော် ဒီနေရာမှာ ဒီလုပ်ကွက်တွေ ချပေးလိုက်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ.. အနီးအနားက အိမ်ခြေတွေ၊ ကျေးရွာတွေအတွက်  တစ်ခုခုထိခိုက်နိုင်သလား.. ပတ်ဝန်းကျင်တွေ ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားနိုင်သလား၊  စသည်တို့ကို စဉ်စားတွက်ချက်ပြီး မိမိလုပ်ကွက်ဆွဲမဲ့ ဧရိယာဟာ ကျေးရွာအိမ်ခြေတွေနဲ့ လွတ်ကင်းမှသာ လုပ်ကွက်များကို ဆွဲသင့်ပါတယ်.. ငွေရဖို့ အဓိကဆိုတဲ့ ငွေမျက်နှာတစ်ခုတည်းကို မကြည့်ဘဲ အခြားသူများရဲ့ အကျိုးပျက်စီးနိုင် မစီးနိုင်ကိုလည်း ကြည့်ပြီးမှ မိမိအကျိုးစီးပွားကို ဆောင်ရွက်သင့်ပါတယ်.. ဒီလိုမှ မဟုတ်ခဲ့ရင်တော့ ကိုယ့်အကျိုးစီးပွား တစ်ခုတည်းအတွက် ကျန်တဲ့ လက်လုပ်လက်စား ဒေသခံ ရွာသူရွာသား လူအများတွေက ဒုက္ခရောက်ကြရပါတယ်.. ဒုက္ခလဲရောက်နေကြရပြီ ဖြစ်ပါတယ်..





ပြီးခဲ့တဲ့ ဇူလိုင်လကုန်ခါနီးမှာ မိုးအပြင်းအထန်ရွာပါတယ်.. မိုးတွင်းချိန်ခါမှာ မိုးရေတွေများစွာကို စုဆောင်းပြီး မြေကြီးတွေကို  မြောတိုက်တဲ့ကုမ္ပဏီတွေရှိပါတယ်.. တာတမံအသေးတစ်ခုလို တည်ဆောက်ပြီး မိုးရေတွေကို သိုလှောင်ထားတာပါ.. အခုလဲ ဖားကန့်ဒေသ ကုဋေမှော ကျေးရွာအနီးမှာ ရှိတဲ့ ကုမ္ပဏီတစ်ခုဟာ သူ့စီးပွားရေးလုပ်ငန်းအတွက် ရေတားတမံတစ်ခုကိုဆောက်လုပ်ပြီး မြေစာတွေကို ရေအင်အားနဲ့ မြောတိုက်ချဖို့ ရေတွေကို စုဆောင်းထားတာမှာ မိုးအပြင်းအထန်ရွာပြီး ကုဋေကျေးရွာဘက် အခြမ်းက တာတမံကျိုးပေါက်ပြီး အင်အားပြင်းထန်လှတဲ့ ရေလုံးဟာ ရွာလည်လမ်းမကြီးတစ်လျှောက် အရှိန်အဟုန်ပြင်းစွာနဲ့ စီးဆင်းကျလာပါတော့တယ်.




ရေအင်အား ဘယ်လောက်တောင် ပြင်းထန်သလဲဆိုရင် ရွာလမ်းတစ်လျှောက် ရေစီးကြောင်းတည့်တည့်မှာ ရှိတဲ့ အိမ်အလုံး ၂၀ကျော်ခန့်ဟာ မျှောပါသွားပြီး ကဋေမှော်ရွာ တစ်ရွာလုံး ရေနှစ်မြုပ်ခြင်းခံရကာ အိမ်ခြေတော်တော်များများ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပါတယ်.. အဲဒီ ရေတားတမံကြီး ကျိုးပေါက်သွားပြီးတဲ့နောက်မှာတော့ ဖားကန့်၊ လုံးခင်း၊ မှော်စီစာ၊ ကုဋေမှော်ရွာ ၊ နန့်မဖြစ် စတဲ့ မြို့ရွာတွေဟာ ရေထဲနှစ်မြုပ်ကုန်ပါတယ်.. တစ်ချို့ရွာတွေဟာ အခုလောက် ရေကြီးတာမျိုး ဘယ်ခေတ်အခါကမှ မဖြစ်ခဲ့ပါဘူး.. ရွာတွေမှာ ကုန်းမြေဆိုတာ မရှိတော့ဘဲ အားလုံး ရေထဲကို ရောက်သွားကြရပါတယ်.. ရွာတွေ တော်တော်များများဟာ ရှိသမျှ စားစရာသောက်စရာတွေ၊ ဆန်အိတ်တွေ၊ အိမ်ပစ္စည်းများစွာ ရေထဲမျှောပါသွားတာတွေ၊ ရေစိုကုန်လို့ ပစ်လိုက်ရတာတွေ ဆန်အိတ်တွေ၊ စားသောက်ကုန်တွေ မြောက်မြားစွာပါဘဲ...  အောက်ကပုံတွေမှာ ကြည့်စေချင်ပါတယ်.. လူတွေ ဘယ်လောက် ဒုက္ခရောက်ကြမလဲဆိုတာ.. ကုမ္ပဏီက ရေတမံကြီးကျိုးပေါက်ပြီး စီးဆင်းလာတဲ့ ရေတွေဟာ ရွာကအိမ်တစ်ချို့တွေကို မျှောပါ တိုက်စားသွားစေခဲ့ပါတယ်.. ရေတွေကျသွားပြီးတဲ့ နောက်တစ်နေ့မှာတော့ ရေနစ်လို့ သေဆုံးသွားတဲ့ တိရိစ္ဆာန်တွေ၊ ရေစိုလို့ ပျက်စီးကုန်တဲ့ စားသောက်စရာတွေ ဆန်အိတ်တွေကြောင့် တစ်ရွာလုံး ပုတ်စော်နံဟောင်နေပါတော့တယ်.. ရေထဲမှာလည်း ပေါလောမျှောနေတဲ့ အကောင်ပုတ်တွေ နေရာအနှံ့ ကျန်နေခဲ့ပါတယ်.. ရေကျသွားပြီးတဲ့ နောက်မှာတော့ အိမ်တွေတိုင်းဟာ ဆေးကြောသန့်ရှင်းရေးလုပ်ကြရပါတယ်..







ကုဋေမှော် ရွာလယ် လမ်းတစ်လျှောက် စီးဆင်းလာတဲ့ ရေများ






အိမ်တွေလဲ မျှောတဲ့ဟာ မျှောပြီး မြုပ်တဲ့အိမ် မြုပ်ပေါ့





နှစ်မြုပ်သွားတဲ့ အိမ်တစ်ချို့



ရေစီးအရှိန် ဘယ်လောက်ပြင်းသလဲ.. တွက်ဆကြည့်ပါ..













ပြိုပျက်တိုက်စား မြေသားများ








လမ်းတစ်လျှောက် မြေသားတွေကို တိုက်စားပြီး နန့်မားယံချောင်းထဲကို စီးဝင်သွားပါတယ်..








ချောင်းထဲကို စီးဝင်သွားပြီးတဲ့နောက်မှာ ချောင်းကူးတံတားကြီးကို ရေအားနဲ့ တိုက်စားနေတာမို့ စိုးရိမ်တကြီး စောင့်ကြည့်နေရတဲ့ ဒေသခံများ





ကြောက်စရာ ရေလုံးများ




ကျိုးပေါက်ပြီး စီးဆင်းလာတဲ့ရေတွေဟာ နန့်မားယံချောင်းထဲကို စီးဝင်ပါတယ်.. ထိုချောင်းမှ တစ်ဆင့် ဥရုချောင်းထဲကို ပြန်လည်စီးဝင်တဲ့အခါမှာတော့ နဂိုက ချောင်းအကျယ်လဲကျဉ်းပြီး မြေစာတွေဖုံးနေလို့ ပျက်စီးနေတဲ့ ဥရုချောင်းဟာ ပြင်းထန်စွာ ရေလျှံပြီး ချောင်းတစ်လျှောက်က မြို့ရွာတွေထဲကို ရေတွေ ၀င်ကုန်ပြီး အိမ်တွေလမ်းတွေ ဆိုင်တွေအားလုံး နစ်မြုပ်ကုန်ပါတော့တယ်.. သူတို့ ဘ၀တစ်သက်လုံးမှာ ဒီတစ်ကြိမ်လောက် ရေနစ်တဲ့ ရေကြီးတဲ့အဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ဖူးပါဘူးလို့ လူကြီးသူမတွေက ပြောကြပါတယ်..






မြို့ထဲကို ရေတွေဝင်ကုန်ပြီ















လမ်းမတစ်လျှောက်က ရေပြင်ကျယ်








ဈေးဆိုင်တွေလဲ ရေထဲမှာ






မြို့လယ်လမ်းမပေါ်မှာ  လှေနဲ့ သွားနေရတဲ့ ဘဝ



အိမ်ထဲကို ၀င်ဖို့ ပုံး၂ပုံးကို လှေလိုစီးပြီး ၀င်နေရသူ





တိရိစ္ဆာန်တွေလဲ အသက်ဘေးအတွက် ရှိတဲ့ မြေသားပေါ်မှာ ခိုတွယ်နေရရှာ






ဆိုင်ကယ်ကို လူက မစီးရဘဲ ဆိုင်ကယ်က လူကို ပြန်စီးနေပြီပေါ့..





ဘုန်းတော်ကြီးကျောင်းလဲ ရေထဲမှာ










အလုံးအရင်းနဲ့ စီးဝင်လာတဲ့ ရေများ





ရေပြင်ကျယ်မှာ ကူးချည်သန်းချည်



အောက်က ပုံတွေကတော့ ကုဋေမှော်ရွာထဲကို ဖြတ်စီးသွားတဲ့ ရေတွေကြောင့် ပျက်စီးသွားတဲ့ အိမ်တစ်ချို့နဲ့ သဲမြေတွေ နစ်မြုပ်သွားတဲ့ အိမ်တစ်ချို့ပုံတွေပါ။








ရေကျသွားပြီးတဲ့နောက် အိမ်ရဲ့ သုံးပုံတစ်ပုံက သဲတွေဖုံးသွားပြီ






ရေထဲ မျှောပါမသွားဘဲ ကျန်နေတဲ့ အိမ်တစ်လုံး





















အပျက်အစီး







အခုလိုဘဲ ကိုယ်ကျိုးစီးပွားအတွက် သာဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ရပ်ရွာပြည်သူတွေကို ဥပေက္ခာပြုနေကြဦးမယ်.. ငွေမျက်နှာ ကြည့်နေကြဦးမယ်ဆိုရင် ရှေ့လျှောက် ဘာတွေဖြစ်လာမလဲ... လက်ရှိစီးပွားရေး လုပ်နေကြသူများဟာ တစ်ရပ်တစ်ကျေးကလာပြီး စီးပွားလာရှာကြတာမို့ သူတို့မှာအချိန်တန်ရင် ပြန်စရာအိမ်ရှိပေမဲ့ ကျွန်မတို့ဒေသခံတွေက ဘယ်အိမ်ကို ပြန်ကြရပါမလဲ.. ဒီပတ်ဝန်းကျင်ကို စွန့်ခွာပြီး ဘယ်အရပ်ဘယ်ဒေသကို ပြောင်းရွေ့ကြရပါမလဲ.. တစ်ချိန်မှာ တောင်တွေ တောတွေ ကုန်ဆုံးသွားသလို မြေအောက် သယံဇာတတွေလဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်.. ဒီအခါ မှော်နယ်မြေကို အမှီပြုပြီး နေထိုင်စားသောက်နေကြရသူတွေဟာ ဘာတွေများ လုပ်ကိုင်စားသောက်ကြရပါမလဲ.. စဉ်းစားစရာပါဘဲ..  လူတော်တော်များများက ခန့်မှန်းကြပါတယ်.. နောင်၁၀နှစ်ဆိုရင် ဖားကန့်က ကျောက်တွေကုန်ပြီတဲ့.. ဒီစကားကိုကြားတော့ ကျွန်မအထိတ်တလန့် စဉ်းစားလိုက်မိတယ်.. ဒီလိုဆိုရင် ငါတို့ဒေသကလူတွေ ဘာလုပ်စားကြတော့မလဲ ဆိုတာပါဘဲ.. စိုက်ပျိုးစရာမြေလဲ မရှိ၊ ရှာဖွေစရာကျောက်လဲ မရှိ၊ တောင်ယာခုတ်ဖို့ တောင်တွေမရှိ၊ ဟင်းသီးဟင်းရွက်ရှာဖွေဖို့ တောတွေ မရှိတော့တဲ့တစ်နေ့၊ အဲဒီနေ့ကို ရောက်လာမှာ တွေးပြီး ကြောက်နေခဲ့မိပါတယ်.. ဒီအတိုင်းသာ ဆက်ပြီးသွားမယ်ဆိုရင် ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်သာ ဒေသခံတွေနဲ့အတူ ထီးထီးမားမား ကျန်ရစ်ခဲ့ဦးတော့မှာပါ။




ဒီပိုစ့်ကို ကျွန်မရဲ့ မွေးရပ်မြေ ဇာတိဒေသကို ချစ်ခင်စိတ်၊ မပျက်စီးစေလိုတဲ့စိတ်၊ သဘာဝပတ်ဝန်းကျင်ကို ထိမ်းထိမ်းသိမ်းသိမ်း ဖြစ်စေချင်စိတ်နဲ့အတူ ကိုယ်ကျိုးစီးပွားကို ဆင်ဆင်ခြင်ခြင် စဉ်းစားဆောင်ရွက်စေလိုစိတ်နဲ့ ရေးသားခြင်း အသိပေးခြင်းဖြစ်ပါတယ်.. တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။






ချော(အစိမ်းရောင်လွင်ပြင်)



ကျိုးသွားတဲ့ ဖားကန့်တံတား





ဖားကန့် မရှီကထောင် ဘေလီတံတား






လွန်ခဲ့တဲ့ တစ်ပတ်လောက်ကျော်လောက်က ကျွန်မတို့ ဇာတိဖြစ်တဲ့ ဖားကန့်ဒေသမှာ မိုးအပြင်းအထန် ရွာသွန်းပါတယ်.. မိုးရွာသွန်းမှုကြောင့်  ဖားကန့်ဒေသမှာ မကြုံစဖူး ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်.. ရေကြီးပြီး ၃ရက်လောက်မှာတော့ ဖားကန့်မြို့နဲ့ မရှီကထောင် ရပ်ကွက်ကို ဖြတ်သန်းဖို့ ဖောက်လုပ်ထားတဲ့ မရှီကထောင် ဘေလီတံတားဟာ ကျိုးကျသွားခဲ့ပါတယ်.. ကျိုးကျရတဲ့ အကြောင်းရင်းကတော့  ကျောက်မျက် ကုမ္ပဏီတစ်ခုက စွန့်ပစ်မြေစာတွေအပြည့် တင်ဆောင်လာတဲ့ မြေသယ်ကား ဖြတ်သန်းတဲ့အချိန်မှာ ခံနိုင်ဝန်အားမမျှဘဲ ကျိုးကျသွားတာ ဖြစ်ပါတယ်..  မြေသယ်ကားနဲ့အတူ အဲဒီချိန်မှာ တံတားဖြတ်နေတဲ့ နောက်ထပ်ကား၁စီး ၊ဆိုင်ကယ်၃စီးနဲ့ လမ်းလျှောက်ကူးနေတဲ့ လူအချို့ပါပြုတ် ကျသွားကြောင်း သိရပါတယ်..  ဥရုချောင်း ရေကြီးနေတဲ့ အချိန်ဖြစ်တာကြောင့် ပြုတ်ကျသွားတဲ့ ကားတွေကို ချက်ခြင်း ဆယ်ယူဖို့ ခက်သလို ပြုတ်ကျသွားချိန်မှာလည်း လူအချို့ ရေကူးပြီး ပြန်တက်လာနိုင်ပေမဲ့ အချို့မှာတော့ ................။   လူအသေအပျောက် ရှိတယ်လို့ သိရပါတယ်...





ကျိုးသွားတဲ့ တံတားနဲ့ ကျသွားတဲ့ကား (အ၀ါရောင်)




ဒီတံတားဟာ သံဘောင်နဲ့ သစ်သားတို့ဖြင့် ဆောက်လုပ်ထားတဲ့ ဘေလီတံတားအမျိုးအစား ဖြစ်ပါတယ်.. အရှည် ပေ၄၀၀ခန့် ရှိပါတယ်.. ဖားကန့်ဒေသရဲ့ အဓိက တံတားတစ်ခု ဖြစ်ပါတယ်.. ဆိုင်းတောင်၊ တာမခံ၊ ဟောင်ပါး၊ ဟွေခါ အစရှိတဲ့ မြို့တွေ ၊ မှော်တွေ၊ ရွာတွေကိုလည်း ဒီတံတားကနေ ဖြတ်သန်း သွားကြရတာဖြစ်ပါတယ်... အခု ဘေလီတံတား ကျိုးသွားတော့  ယခင်က ကြိုးတံတားအဟောင်းကို ပြန်အသုံးပြုနေရပေမဲ့  အဲဒီကြိုးတံတားမှာ ကားတွေဖြတ်သန်းလို့ မရသလို၊ ဆိုင်ကယ်ကို တွန်းပြီး လမ်းလျှောက်သွားလာရပါတယ်.. ကြိုးတံတားကလည်း စိတ်ချရတဲ့ တံတားတစ်ခု မဟုတ်ဘဲ ခနော်ခနဲ့ ယိုင်းယိမ်နေတဲ့ ကြိုးတံတားဟောင်းတစ်ခု ဖြစ်ပါတယ်.....  ဒီတော့  ခုလို အဓိကကျတဲ့ တံတားကျိုးသွားတဲ့အတွက်  ဖားကန့်ဒေသမှာ လောလောဆယ် သွားရေးလာရေး ခက်ခဲနေမှာတော့ သေချာပါတယ်..









ရေကြီးတဲ့နေ့က ဒီတံတားလည်း မြုပ်သွားခဲ့ပါတယ်.. ခုလဲ ရေကြီးနေတော့ ဘာဆိုဘာမှ မလုပ်နိုင်ခဲ့..







ကားအ၀ါရဲ့ အောက်မှာ အခြားကားတစ်စီးရှိနေခဲ့ပါတယ်.. ကားအ၀ါက ဖိနေခဲ့တာပါ..










ခုချိန်မှာတော့ တံတားပြန်လည် ပြုပြင်ရေးကို အပူတပြင်း လုပ်ဆောင်နေပြီလို့ သိရပါတယ်.. တံတားတစ်စင်းလုံး အသစ်ပြန်တည်ဆောက်မှာ မဟုတ်ဘဲ ကျိုးသွားတဲ့ အပိုင်းကိုသာ ပြန်ပြင်မှာ ဖြစ်ပါကြောင်းရှင်... ဒီပိုစ့်ကိုတော့ သတင်းတစ်ခုအနေနဲ့ ဖော်ပြတာ ဖြစ်ပါတယ်.. ဒီသတင်းကို ရေးသားရခြင်းမှာ ကိုယ့်ဇာတိဒေသရဲ့ ထူးခြားမှုကို ဖော်ပြလိုတဲ့အနေနဲ့ ရေးသားရခြင်း ဖြစ်ပါကြောင်းနဲ့  နောက်ရက်မှာ ကျွန်မတို့ ကျောက်စိမ်းတွင်းဒေသမှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးသေးတဲ့ ရေကြီးမှုမျိုးကို ကြုံတွေ့ရတဲ့ မှတ်တမ်းဓာတ်ပုံများ ဖော်ပြပေးပါဦးမယ်..








ချော(အစိမ်းရောင်လွင်ပြင်)

အာလူး အပုပ်ကလေးများ




တစ်နေ့မှာ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကျောင်းသားတွေကို သင်ခန်းစာလေးတစ်ခု ပေးချင်တဲ့အတွက် သူတို့ရဲ့အိမ်ကနေ အာလူးတစ်ချို့ကို ပလပ်စတစ်အိတ်ကလေးနဲ့ ထည့်ပြီး ယူလာဖို့ ကျောင်းသားတွေကို ပြောလိုက်ပါတယ်.. ပြီးတော့လည်း အဲဒီအာလူး တွေပေါ်မှာ ကိုယ်မုန်းတဲ့လူရဲ့ နာမည်ကို ရေးထိုးခဲ့ရမယ်လို့လဲ ဆိုပါတယ်.. အာလူးအရေအတွက်ဟာ မုန်းတဲ့သူ အရေအတွက်ပေါ် မူတည်ပြီး ကြိုက်သလောက် ယူလာခဲ့လို့ရတယ်လို့ ပြောပါတယ်..




ဒီလိုပြောလိုက်တော့ တစ်ချို့ကျောင်းသားတွေက အာလူး ၂လုံး၊ အချို့ကလည်း ၄လုံး၊ အချို့ ၅လုံး စသဖြင့် သူတို့မုန်းတဲ့သူ အရေအတွက် များရင် များသလို အာလူးတွေ ပိုယူလာခဲ့ကြပါတယ်.. လူတိုင်း လူတိုင်း အာလူးတွေ ပါလာပြီးတဲ့နောက်မှာ ဆရာမက သူတို့ယူလာသမျှ အာလူးကို ပလပ်စတစ်အိတ် ကိုယ်စီနဲ့ထည့်ထားပြီး သွားလေရာနေရာတိုင်း ( အိမ်သာသွားချိန်ပါမကျန်) နှစ်ပတ်တိတိ သယ်ယူသွားရမယ်လို့ ပြောပါတယ်..




အာလူးအိတ်ကိုယ်စီနဲ့ ကျောင်းသားတွေဟာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာတော့  သူတို့သယ်ယူရတဲ့ အာလူးနဲ့ပတ်သက်ပြီး အသံတွေ ထွက်လာပါပြီ.. ဘာကြောင့်လဲဆိုတော့ အချို့ အာလူးတွေက ပုပ်စပြုလာပြီဖြစ်လို့ အနံ့အသက်တွေလဲ ထွက်စပြုလာပြီ ဖြစ်ပါတယ်.. ဒီတော့ နံစော်နေတဲ့ အာလူးတွေကို နေရာတကာကို သယ်ယူသွားရတာ စိတ်အနှောက်အယှက် ဖြစ်လာကြပါပြီ …. အချို့ မုန်းသူများပြီး အာလူးအရေအတွက် များများ သယ်ယူတဲ့ သူတွေအတွက်ဆို ဒီအာလူးထည့်ထားတဲ့ ပလပ်စတစ်အိတ်ကို  နေရာတကာယူသွားရတာ ပိုပြီး ၀န်ထုပ်ဝန်ပိုးဖြစ်လို့ လာပါတယ်.. ရက်ကြာလေ ပုပ်လာလေဖြစ်တဲ့ အာလူးအနံ့ကလဲ မခံမရပ်နိုင်အောင် ပျို့အံချင်စရာ ကောင်းလွန်းလှပါတယ်..




နှစ်ပတ်ကုန်ဆုံးသွားတော့မှ အာလူးအိတ်တွေ သယ်ယူဖို့ အချိန်စေ့ပြီဖြစ်တာကြောင့် သွားလေရာသယ်သွားဖို့ မလိုတော့ဘဲ ကျောင်းသားတွေဟာ စိတ်ရော လူပါ သက်သာရာ ရပါတော့တယ်.. ဒီတော့မှ ဆရာမက “အာလူးတွေကို နှစ်ပတ်တိတိ သွားလေရာ သယ်သွားရတာ ဘယ်လိုများနေကြသလဲ” လို့ မေးပါတယ်.. ကျောင်းသားတွေဟာ တစ်ယောက်ပြီးတစ်ယောက် ပုပ်နေတဲ့ အာလူးကြောင့် ရရှိတဲ့ အနံ့ဆိုးတွေ၊ အာလူးများလို့ သယ်ရတာ လေးလံတဲ့ ဒုက္ခတွေအကြောင်း ပြောကြပါတယ်.. သေချာတာကတော့ လူတိုင်းဟာ ဒီအာလူးတွေအတွက် စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်ကြရတာပါဘဲ…




အားလုံးဟာ သူတို့ခံစားရသမျှတွေကို ပြောပြီးတဲ့ နောက်မှာမှ ဆရာမက အခုလို လုပ်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်.. “အာလူး အနည်းငယ်ကိုတောင် နှစ်ပတ်လောက် သယ်ရတာ ရက်ကြာလာတာနဲ့အမျှ ပုပ်လာတဲ့ အာလူးရဲ့အနံ့၊ သူ့ရဲ့ လေးလံလာမှုတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ကြရရင် အာလူးမှာ နံမည်ရေးထိုးထားတဲ့ မုန်းသူတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ နာကြည်းမုန်းတီးစိတ်နဲ့ သွားလေရာကို အမြဲတမ်း သယ်ယူသွားခဲ့ရလိမ့်မယ်.... ဒီလူကို မုန်းတီးစိတ်နဲ့ အမုန်းကြောင့်ဖြစ်ရတဲ့ ဒေါသတွေ၊ နာကြည်းမှုတွေဟာ အဆိပ်တွေလို မင်းတို့နှလုံးသားကို ကောင်းကောင်းကြီး ဒုက္ခပေးနေလိမ့်မယ်.. အာလူးရဲ့ အနံ့ဆိုးတွေကို တစ်ပတ် နှစ်ပတ်လောက်တောင် သည်းခံနိုင်ဖို့ ခက်ခဲလွန်းတယ်ဆိုရင် လူတစ်ယောက်ကို မုန်းတီးမှုတွေနဲ့ တစ်သက်လုံး ဘယ်လောက်များ စိတ်တွေ၊ နှလုံးသားတွေ ဖိစီးလေးလံနေမလဲ.. နာကျင် အဆိပ်သင့်နေမလဲဆိုတာ သေချာ စဉ်းစားကြည့်ကြပါ… အမုန်းတွေကို ကိုယ့်နှလုံးသားထဲမှာ ရေရှည် မွေးမြူထားမလား.. သန့်ရှင်းတဲ့ နှလုံးသားနဲ့ အမုန်းတရားကင်းစွာ စိတ်အေးချမ်းသာ နေမလားဆိုတာ မင်းတို့ ဘ၀အတွက် စဉ်းစားကြပါ.. ကိုယ့်စိတ်ကို ဒုက္ခပေးမဲ့ အာလူးအပုပ်တွေလို ကိုယ်မုန်းနေတဲ့ လူများရှိခဲ့ရင် နှလုံးသားထဲကနေ ထုတ်ပစ်ကြပါ”  လို့ ဆရာမက ကျောင်းသားတွေကို သင်ခန်းစာပေးလိုက်ပါတယ်..





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ဒီသင်ခန်းစာလေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့ရင်ထဲမှာရော လူတစ်ယောက်ကို မုန်းတီးတဲ့ အာလူးတွေ ဘယ်နှလုံးလောက်များ ရှိနေခဲ့သလဲ.. ဒီအာလူးကြောင့် နှလုံးသားဟာ ဘယ်လောက်များ အဆိပ်သင့် နေခဲ့ပြီလဲ.. ကိုယ်တိုင်ကရော အခြားလူတွေအတွက် အာလူးအပုပ်တစ်လုံးများ ဖြစ်နေခဲ့သလား ဆိုတာပါဘဲ… ရင်ထဲက အာလူးတွေကို စွန့်ပစ်နိုင်ဖို့နဲ့ ကိုယ်တိုင်လည်း သူတစ်ပါးအတွက် နံစော်ပြီး သွားလေရာ သယ်ယူသွားခြင်းခံရတဲ့ အာလူးအပုပ်တစ်လုံး မဖြစ်အောင်တော့ ကြိုးစားရပါဦးမယ်ရှင်။





Rotten Potatoes ( Unknown Author) ကို ဘာသာပြန် ဝေငှပါသည်။







အမုန်းတရားများ ကင်းဝေးကြပါစေရှင်။






ချော(အစိမ်းရောင်လွင်ပြင်)

ကျွန်မတို့ရဲ့ ဒေသ အစားအစာများ

ကျွန်မရဲ့ ချစ်ခင်လှစွာသော အစ်မ မမြသွေးနီ က ကျွန်မရဲ့ ဇာတိဒေသ ကချင်ပြည်နယ်ရဲ့ အစားအစာတွေ အကြောင်း သိချင်တယ်လို့ တောင်းဆိုထားတာကြောင့် အခွင့်သင့်တုန်း ကျွန်မ အိမ်အပြန်မှာ ဒေသ အစားအစာတစ်ချို့ကို ဓာတ်ပုံရိုက်ဖြစ်ခဲ့တာလေးတွေကို ဖော်ပြပြီး ကျွန်မတို့ဒေသမှာ ချက်စားကြတဲ့ ဟင်းတစ်ချို့အကြောင်း ရေးချင်ပါတယ်... ကျွန်မက ကချင်ပြည်နယ်မှာ နေတဲ့ ရှမ်းဖြစ်တာကြောင့် ရှမ်းလူမျိုးတွေ ချက်စားဖြစ်တဲ့ ဟင်းတစ်ချို့ပေါ့နော်..



ဟင်းပြင်းဖူး

ဒီအဖူးလေးတွေကတော့ ဟင်းပြင်းဖူးလို့ခေါ်ပါတယ်.. ကျွန်မ သိရသလောက်ကတော့ ကချင်ပြည်နယ်မှလွဲလို့ တစ်ခြား ဘယ်ပြည်နယ်တွေမှာမှ မတွေ့ဖူးတဲ့ ဟင်းပြင်းပင်ကနေ ရတာပါ..ဟင်းပြင်းဖူးကို ဟင်းပေါင်း၊ ဟင်းလှော်၊ အရည်သောက်၊ ကြော်တာမျိုး စသည်ဖြင့် အမျိုးမျိုး ပြုလုပ်စားသောက်လေ့ရှိပါတယ်.. ကျွန်မကတော့ ဟင်းပြင်းဖူးကို ကြက်သွန်ဖြူနီ တို့နဲ့ ပုဇွန်ခြောက်ကလေးတွေထည့်ပြီး  ကြော်စားတာကို ပိုသဘောကျပါတယ်... ငရုပ်သီးစိမ်းကလေးလည်း ထည့်ပေါ့နော်.. အရသာက ဆိမ့်သက်သက်ရှိပါတယ်..



ဟင်းပြင်းဖူးကြော်...

ဟင်းပြင်းပင်ကိုတော့ ကျွန်မတို့ ကချင်ပြည်နယ်မှာ တောတောင်တွေမှာ အလေ့ကျ ပေါက်တဲ့ အပင်ပုအဖြစ် တွေ့ရတတ်ပါတယ်.. တောတောင်တွေမှာ ဟင်းသီးဟင်းရွက် အရှာထွက်သူများက ခူးဆွတ်ပြီး ရောင်းချတာပါ... စိုက်ခင်းတွေမှာ စိုက်လေ့ မရှိတဲ့ သဘာဝပေါက်ပင် ဖြစ်ပါတယ်.. သူ့အရွက်နု ကလေးတွေကိုတော့ တစ်နှစ်ပတ်လုံး ရနိုင်ပါတယ်... အရွက်ကိုလည်း အမျိုးမျိုး ဟင်းချက်စားလေ့ရှိပါတယ်.. . ဟင်းပြင်းဖူးတွေ ကြီးလာတဲ့အခါ ကော်ဖီသီးအရွယ် အသီးလေးတွေ ဖြစ်သွားပါတယ်.. အဲဒီ အသီးတွေကိုလည်း ကျော်ချက် ချက်စားပါတယ်..


ဟင်းပြင်းဖူး၊ ဟင်းပြင်းရွက် ၊ ဆူးပုတ်၊ မုံလာထုပ်

 
အပေါ်က ပုံထဲမှာ ပါဝင်တဲ့ ဟင်းပြင်းဖူး၊ ဆူးပုတ်ရွက်၊ ဟင်းပြင်းရွက်၊မုံလာထုပ်တို့ကို ခုလို ရောပြီး ဟင်းလှော် လုပ်စားဖို့ ပြင်ဆင်ထားတာပါ.. ဟင်းလှော်လုပ်ပုံက ဒယ်အိုးလို အ၀ကျယ်အိုးထဲကို ရေအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီအနည်းငယ်၊ ဆား၊ ငပိ၊ ပုဇွန်ခြောက်ထောင်း၊ အချိုမှုန့်  ၊ ဆီအနည်းငယ် တို့ကိုထည်ပါတယ်.. ခရမ်းချဉ်သီးတစ်လုံးကို လက်နဲ့ ဖဲ့ရွဲ့ပြီးထည့်ပါတယ်... ပြီးတော့ ရေဆူတဲ့အခါ ခုနက ရောနှောထားတဲ့ အရွက်တွေကို ဟင်းအိုးထဲ ထည့်ပြီး မွှေပေးပါတယ်.. ဆန်မှုန့် (မုန့်နှစ်) ကို အပေါ်ကနေ နည်းနည်းချင်းစီ ဖြူးပေးပြီး အောက်ကနေ အဆက်မပြတ်မွှေပေးရပါတယ်.. ရေကို မများစေဖို့ ဂရုစိုက်ရပါတယ်.. ရေများရင် ရေဘောလောနဲ့ ဟင်းလှော်က စားမကောင်းပါ။


ဆန်မှုန့်တွေနဲ့ ရောပြီးသွားတဲ့အခါ မီးခပ်အေးအေးနဲ့ ထားလိုက်ပြီး မကြာခန မွှေပေးပါတယ်.. အောက်က ချိုးကပ်မှာ စိုးလို့ပါ။ အပေါ့အငံ မြည်းကြည့်ပြီး ဟင်းရွက်တွေ နူးသွားပြီဆိုရင် ကျွန်မတို့ ကချင်ပြည်နယ်က ရှမ်းလူမျိုးတွေ စားကြတဲ့ ဟင်းလှော်ကို ရပါပြီ. ဟင်းပေါင်းလို့လဲ ခေါ်ပါတယ်..


ဟင်းလှော်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇင်ပြွန်းသီး



ဇင်ပြွန်းသီး

အပေါ်က အသီးက ကျွန်မတို့အရပ်မှာ ဇင်ပြွန်းသီးလို့ ခေါ်ပါတယ်.. ဒီအသီးကို တစ်ခြား ဘယ်နေရာတွေမှာ ရှိနိုင်တယ်ဆိုတာတော့ ကျွန်မ သေချာမသိပါဘူး.... ဇင်ပြွန်းပင်ဟာ အပင်မြင့် တစ်မျိုးဖြစ်ပြီး အပင်ပေါ်က ကြွေကျတဲ့ အသီးတွေကို ကောက်ယူပြီး ပြုတ်ကာ ဈေးမှာ ရောင်းတတ်ကြပါတယ်.. ဇင်ပြွန်းသီးဟာ မွှေးတဲ့အနံ့ရှိတာကြောင့် အပင်အောက်ရောက်တဲ့အခါ မွှေးရနံ့တွေနဲ့ ကြိုင်လှိုင်နေတတ်တာကို တွေ့ရပါတယ်.. ဇင်ပြွန်းသီးကို ပြုတ်ပြီး အနည်းငယ်ညက်သွားအောင် ချေမွပြီး ဇင်ပြွန်းသီး သနပ် လုပ်စားကြပါတယ်..



ပါးပါးလှီးထားတဲ့ ပဒဲကော

 
ဇင်ပြွန်းသီး သနပ် ပြုလုပ်ပုံကတော့ ပဒဲကောလို့ခေါ်တဲ့ ချင်း(ဂျင်း) နဲ့ ဆင်ဆင်တူတဲ့ အတက်ကလေးတွေကို ပါးပါးလှီးပြီး ထောင်းထားပါတယ်..  ပြီးနောက် ကြက်သွန်ဖြူနီကို ငရုပ်သီးမှုန့်၊ နနွင်းမှုန့်တို့နဲ့ ဆီသတ်ပြီး ငပိအတော်အသင့်၊ ပုဇွန်ခြောက် ထည့်ကာ ချေထားတဲ့ စင်ပြွန်းသီးကိုထည့်လိုက်ပြီး ပဒဲကောထောင်းနဲ့ အတူ ဆားအချိုမှုန့် ထည့်ပါတယ်.. ပဒဲကော မထည့်လဲ ရပါတယ်..  ပြီးတော့ မီးနဲ့ အတန်ကြာ ကြော်ပြီးတဲ့အခါ မွှေးပျံ့လှတဲ့ ဇင်ပြွန်းသီး သနပ်ကို ရပါတယ်... စားလိုက်တဲ့အခါမှာ လျှာဖျားမှာ ပန်းပွင့်တစ်မျိုးရဲ့ အနံ့ကို ရတတ်ပါတယ်.. သူ့အရသာက ချဉ်တဲ့အရသာ ရှိပါတယ်.. ဒါကြောင့် ဇင်ပြွန်းသီးက ရနံ့လဲမွှေးပြီး ခံတွင်းလည်းမြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်..


ဇင်ပြွန်းသီး သနပ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
နောက်ထပ် စားစရာ တစ်မျိုးကတော့ ကြွက်နားရွက်မှိုလို့ ခေါ်တဲ့ မှိုတစ်မျိုးပါ။ ကျွန်မတို့ဘက်မှာတော့ မှိုတုံတုံ လို့ ခေါ်ပါတယ်.. တုံတုံအိအိ နေတာကြောင့်ပါ။



ကြွက်နားရွက်မှို

အဲဒီမှိုကို ရေနွေးထဲမှာ ခေတ္တပြုတ်ပါတယ်... ပြီးရင်တော့ ခပ်ပါးပါးလေး လှီးပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ နံနံပင်၊ ပုဇွန်ခြာက်ထောင်းထည့်ပြီး သံပုရာသီးညှစ်ကာ ဆား၊ အချိုမှုန့် ထည့် နယ်လိုက်မယ်ဆိုရင် သိပ်ကို အရသာရှိတဲ့ ကြွက်နားရွက်မှိုသုပ်ကို ရပါတယ်..မှို အခြောက်ကိုလဲ ရေနွေးဆူဆူနဲ့ ပြုတ်ပြီး ခုလို သုပ်စားလို့ ရပါတယ်။ လွယ်လဲလွယ်ကူပြီး အဆာပလာ များများ မလိုတဲ့ အရသာရှိတဲ့ ဟင်းတစ်ပွဲဖြစ်လာပါတယ်..



စားချင့်စဖွယ် ချဉ်ချဉ် စပ်စပ် ကြွက်နားရွက်မှိုသုပ်ပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



အင်ဥ များ

 
နောက်ထပ် စားလေ့ရှိတဲ့ ဟင်းတစ်မျိုးက အင်ဥဖြစ်ပါတယ်.. ဒီအင်ဥကိုတော့ အစ်မ မရွှေစင်က ကောင်းကောင်းကြီးသိပါတယ်.. သူ့ဘလော့မှာလဲ တင်ဖူးပါတယ်.. စားရတာ ဆိမ့်တဲ့အရသာ ရှိပါတယ်.. စားပြီးရင်တော့ အိပ်လို့ အတော်ကောင်းတဲ့ ဟင်းဖြစ်ပါတယ်.. ဟုတ်တယ်နော်.. မရွှေစင်.. :)





ပါးပါးလှီးမယ်..


အင်ဥဟာ ကျွန်မတို့ဒေသမှာ အင်ပင်တွေ မရှိတာကြောင့် မပေါက်ပါဘူး...သူက အင်ပင်တွေရဲ့ အောက်မှာသာ ပေါက်တယ်လို့ ဆိုပါတယ်.. သံလမ်းရိုးတစ်လျှောက် အထူးသဖြင့် စစ်ကိုင်းတိုင်းဘက်ကနေ လာရောင်းတတ်ကြပါတယ်..  အင်ဥကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးကာ ကြက်သွန်ဆီသတ်ပြီး ကြော်စားကြပါတယ်.. ပြုတ်ပြီးမှ ကြော်စားရင် အိအိလေးနဲ့ ပိုကောင်းပါတယ်.. မဟုတ်ရင် အပေါ်အခွံက အနည်းငယ် မာပါတယ်..အတွင်းသားအမဲရောင်လေးတွေက အိအိလေးနဲ့ ဆိမ့်နေပြီး အတော်စားကောင်းပါတယ်.. အပေါ်ခွံလေးက တထုတ်ထုတ်နဲ့ ဆိုတော့ ၀ါးလို့ကောင်းပါတယ်..



အင်ဥကြော်တစ်ခွက်


~~~~~~~~~~~~~~~~~~~~~


တစ်ခြားဒေသတွေမှာ စားလေ့မရှိတဲ့ နောက်ထပ်အထူးအဆန်း တစ်မျိုးက ငါးချေးဟင်းပါ။ ငါးကလီစာလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်.. ကျွန်မတို့အရပ်မှာ ငါးချေး လို့ဘဲ ခေါ်ကြပါတယ်.. လတ်ဆတ်တဲ့ ငါးရဲ့ ဗိုက်ထဲက ကလီစာတွေကို ချက်စားတာပါ... ငါးသည်းခြေကိုတော့ တွေ့အောင်ရှာပြီး ဖယ်ထုတ်ရပါတယ်.. မဟုတ်ရင် သည်းခြေပါတဲ့ ငါးချေးဟင်းတစ်ခွက်ဟာ ခါးသက်လွန်းပြီး ဘယ်လိုမှ စားလို့ ဖြစ်မှာ မဟုတ်ပါဘူး။ အောက်က ပုံက ငါးချေး( ငါးကလီစာ) တွေပါ.. သူငယ်ချင်း တော်တော်များများကို မေးဖူးပါတယ်.. ငါးချေးဟင်းစားဖူးသလားဆိုတော့ ဘယ်သူကမှ မစားဖူးကြပါဘူးတဲ့.... ကျွန်မတို့ ဆီမှာတော့ စားလေ့ရှိပါတယ်.. နည်းနည်းများ ထူးဆန်းနေမလား မသိဘူး... စားလို့တော့ သိပ်ကောင်းပါတယ်..


ငါးဗိုက်ထဲက ကလီစာများ၊ အူအသည်း၊ ငါးစီပေါင်း များ အပါအ၀င်

 
ငါးချေးကို ရေစင်အောင် ဆေးပြီး ချေးတွေနဲ့ မဲနေတဲ့ အူတွေကိုတော့ ဖယ်ထုတ်ပစ်ပါတယ်..... ပြီးတော့ ငါးစီပေါင်းတို့ အူတို့ကို ဓားနဲ့ ခပ်နှုတ်နှုတ်လေး စင်းပါတယ်.. ကြက်သွန်ဖြူနီ၊ နံနံ မျိုးစုံ၊ ဆားအချိုမှုန့်၊ငရုပ်သီးစိမ်း ၊ ကြက်ဥ၂လုံးလောက် ဖောက်ထည့်ပြီး နယ်လိုက်ပါတယ်.. ရေနွေးဆူဆူ အိုးထဲမှာ ပန်းကန်လေးတစ်လုံးထည့်ပြီး ပေါင်းလိုက်မယ်ဆိုရင် ငါးချေးပေါင်း ဟင်းတစ်ခွက်ရပါတယ်..







အားလုံး အဆာပလာ အစုံထည့်ပြီး ပေါင်းရန် အဆင်သင့်


ငါးချေးကို ချက်စားတာလဲ ကောင်းပါတယ်.. ချက်မယ်ဆိုရင်တော့ ဆီကို နည်းနည်းသာ ထည့်ဖို့ လိုအပ်ပါတယ်.. ငါးကလီစာထဲကနေ အဆီတွေ အများအပြား ထပ်ထွက်လာဦးမှာမို့ပါ။ ကြက်သွန်ဖြူနီ ကို အရောင်တင်မှုန့်၊ နနွင်းမှုန့်တို့နဲ့ ဆီသတ်ပြီး ခရမ်းချဉ်သီးထည့်ပါတယ်.. ပြီးတော့ နှုတ်နှုတ်စင်းစားတဲ့ ငါးချေးတွေကို ထည့်ပြီး ရေ အနည်းငယ်ထည့်ပါတယ်.. . ပြီးတော့ ကြက်ဥ၊ သို့မဟုတ် ဆန်မှုန့်တွေကို ထည့်ပါတယ်.. ဆားအချိုမှုန့်ထည့်၊ ပင်စိမ်း၊ဖက်ဖယ်၊ နံနံရွက်များ ထည့်ပါတယ်.. ပြီးရင် အဖုံးအုပ် ထားလိုက်ပြီး ရေခမ်းသွားတဲ့အခါ ဆီတွေနဲ့ အိနေတဲ့ ငါးချေးချက်ဟင်းကို ရပါတယ်.. ကြက်ဥ သို့မဟုတ် ဆန်မှုန့်ကို ထည့်တာက ငါးချေးဟာ ခါးတဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ကြက်ဥ ထည့်လိုက်ရင် လုံးဝ မခါးတော့ဘဲ ဆိမ့်အိနေတဲ့ ငါးချေးဟင်းတစ်ခွက် ဖြစ်လာပါတယ်..



ငါးချေးပေါင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးကင်


အဆာပလာ နယ်ထားတဲ့ ငါး


ဆားနဲ့ နယ်ပြီး တစ်ည နှစ်ည သိပ်ထားတဲ့ ငါးကိုသော်လည်းကောင်း၊ ငါးလတ်လတ်ဆတ်ဆတ်ကို သော်လည်းကောင်း ရေစင်အောင်ဆေးပြီး ပုံမှာ အတိုင်း ဓါးနဲ့ မွန်းကာ  ကြက်သွန်ဖြူနီ၊ဂျင်း၊ နံနံ၊ဖက်ဖယ်၊ စသည့် အမွှေးအကြိုင်ရွက်တွေနဲ့ ငရုပ်သီးစိမ်းကို စင်းပြီး ငါးကို ဆားအချိုမှုန့်တို့နဲ့ နယ်ပါတယ်..


ပြီးတော့ ဒီလို ငှက်ပျောဖက်နဲ့ ထုတ်ပါတယ်...


ငါးကင်နေတယ်..

မီးသွေးမီးဖိုပေါ် ကင်ရပါတယ်.. ဖက်နဲ့ ထုတ်ထားတဲ့ အတွက် မီးတူးမှာ မပူရသလို ငှက်ပျောဖက်နံ့ သင်းသင်းလေးကိုလည်း ရတာကြောင့် စားချင်စဖွယ် အရသာထူးတဲ့ မွှေးပျံ့ပျံ့ ငါးကင်ကို ရပါတယ်...  :)


ဟောဒီက ငါးကင်မွှေးမွှေးလေး............. :)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ နံမည်ကျော် အင်းတော်ကြီးအိုင်ဟာ ငါးအလွန်ပေါပါတယ်.. အင်းတော်ကြီး ငါးချဉ်ဆိုတာတော့ နံမည်ကြီးပါဘဲ.. အရိုးနည်းပြီး အသားများများနဲ့ သိပ်ကို စားကောင်းပါတယ်.. အောက်မှာ အင်းတော်ကြီးဒေသက လာတဲ့ ငါးချဉ်ထုပ်ပါ။ ဒီလို အထုပ်တွေနဲ့ လာပါတယ်.. ပဲခူးငါးချဉ်လို အထုတ်သေးမျိုး မဟုတ်ပါဘူး.. အရိုး မပါသလောက်နည်းပါတယ်..



ဖက်ကို ဖြည်လိုက်တဲ့ အချိန်မှာ စားချင့်စဖွယ် သွားရေယိုစရာ ငါးချဉ်ကိုအောက်က ပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်..



ငါးချဉ်ကို အတုံးလေးတွေတုံးပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ အချိုမှုန့်၊ ဆီ၊ နံနံပင်တို့နဲ့ သုပ်စားလို့ သိပ်ကောင်းပါတယ်..


ငါးချဉ်သုပ်

ကျွန်မတို့ဒေသမှာ ငါးချဉ်ကို ကြော်စားသလို ခပ်နှုတ်နှုတ်စင်းပြီး ကြက်သွန်ဖြူနီ၊ချင်း ငရုပ်သီး နံနံ၊ ပင်စိမ်းရွက်များထည့်ကာ ဖက်ရွက်နဲ့ လုံအောင်ထုတ်ပြီး မီးသွေးနဲ့ ကင်၍သော်လည်းကောင်း မီးသွေးနည်းနည်းနဲ့ ပြာပူဖုံးပြီး မီးအုံး၍သော်လည်းကောင်း လုပ်စားတတ်ကြပါတယ်..

ကျွန်မတို့ဒေသရဲ့ ချစ်စရာ ဓလေ့တစ်ခုက သီတင်းကျွတ် ဘုန်းကြီးကန်တော့ပွဲတို့လို အလှူအကြီးအကျယ် လုပ်တဲ့ အချိန်ခါမျိုးဖြစ်တဲ့ ဆန် အတင်းပေါင်း ၃၀ မှ ၄၀ ထိ ကုန်အောင် ထမင်းကျွေးတဲ့ အလှူမျိုးတွေမှာ ငါးချဉ်မြောက်မြားစွာကို ငှက်ပျောပင်ရဲ့ အူတိုင် နုနုလေးနဲ့ နယ်ပြီး တစ်ညသိပ်ကာ နောက်တစ်ရက်မှာ သုပ်ကျွေးပါတယ်.. လူပေါင်းများစွာကို ကျွေးနိုင်တဲ့ အလှူနိုင်တဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူနဲ့တွဲဖက်ပြီး ကျွေးတဲ့ ဟင်းရည်က မယ်ဇလီ ဟင်းရည်စ်ပါတယ်..


မယ်ဇလီရွက်ပြုတ်



ပွဲတိုးတဲ့ မယ်ဇလီ ဟင်းတစ်မျိုး


မယ်ဇလီဟင်းရည်ချက်တဲ့အခါ ခရမ်းသီးကို မီးဖုတ်ပြီး အသားလေးတွေ နွာပြီးထည့်တာက အနံ့ပိုမွှေးပါတယ်.. ဆန်ကို လှော်ပြီး အမှုန့်ထောင်းထည့်မယ်ဆိုရင် သိပ်ကောင်းတဲ့ မယ်ဇလီဆန်လှော်ဟင်းကို ရပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မုန်ညင်းစော

မုန်ညင်းစော.. ကျွန်မတို့ဆီမှာ မုန်ညင်းကျိုင်း လို့လည်း ခေါ်တတ်ပါတယ်..

မုန်ညင်းစောကတော့ ရှမ်းပြည်နယ်မှာလည်း နံမည်ကျော်တဲ့ ရှမ်းရိုးရာ ဟင်းတစ်မျိုးပါ.. ဒေသတစ်ခုနဲ့တစ်ခု ချက်ပြုတ်ပုံချင်း အနည်းငယ်တော့ ကွဲလွဲနိုင်ပါတယ်..  ရေနွေးတည်ပြီး ရေထဲကို ဆားငပိခတ်ပြီး ဆူတဲ့ အခါ အနေတော် ပိုင်းထားတဲ့ မုန်ညင်းရွက်နဲ့ အဖူးတွေကို ထည့်ပါတယ်.. မုန်ညင်းစောရာမှာ မုန်ညင်းဖြူတို့လို မုန်ညင်းအနုမျိုးကို မသုံးပါဘူး... မုန်ညင်းချဉ်တည်တဲ့ မုန်ညင်းမျိုးကိုသာ စောပါတယ်.. မုန်ညင်းထည့်ပြီးတာနဲ့ အချဉ်တစ်မျိုးမျိုးကို ထည့်ပါတယ်... ချဉ်စော်ကားသီးအခြောက်၊ မန်ကျည်းသီးမှည့် စသဖြင့် နှစ်သက်ရာ အချဉ်ကို မှန်းဆပြီး ထည့်ပါ။ ကချင်ပြည်နယ်မှာတော့ ချဉ်စော်ကားသီး အသုံးနည်းပြီး မက်လင်ချဉ်သီး ပေါတာကြောင့် မက်လင်သီး အခြောက်ကို သုံးပါတယ်.. သကြား အနည်းငယ်ထည့်ပါတယ်..  မုန်ညင်းတွေ နူးသွားတဲ့အထိ အချိန်အတန်ကြာ မီးနဲ့တည်ပြီး ဆားအချိုမှုန့် မြည်းကြည့်ပါ.... ချိုချိုချဉ်ချဉ် မုန်ညင်းစောဟင်းတစ်ခွက်ကို ရပါတယ်.. ခူးခပ်ပြီးတဲ့အခါ အပေါ်ကနေ ငရုပ်သီးစိမ်းနဲ့ နံနံပင် ပါးပါးလှီးထားတာကို ဖြူးလိုက်ပါတယ်.. မုန်ညင်းကို ၀က်ရိုးနဲ့ အချဉ်ရည်ချက်သလို မျှစ်ချဉ်နဲ့လည်း ချက်စားကြပါတယ်....


ကချင်ပြည်နယ်ရဲ့ နံမည်ကျော် ကြက်သားကချင်ချက်အကြောင်းကို  တင်ခဲ့ဖူးပါတယ်.. စိတ်ဝင်စားမယ်ဆိုရင် အောက်ဆုံးမှာ  ခေါင်းစဉ်လေးတွေ  ဖော်ပြထားပါတယ်.. အဲဒီမှာ ကလစ်နှိပ်ပြီး ပြန်ကြည့်လို့ရပါတယ်နော်..  ကျွန်မတို့ဒေသမှာ စားတဲ့ အခြား ဒေသတွေမှာ မရှိတဲ့ အစားအစာတွေ အများကြီး ရှိပါသေးတယ်.. ဒါပေမဲ့ အိမ်ပြန်တုန်းခနသာ အချိန်ရတာမို့ ကျန်တဲ့ ဟင်းတွေတော့ မချက်စားဖြစ်တာရော၊ ဓာတ်ပုံလည်း မရှိတာကြောင့်ရော ဒီလောက်နဲ့ဘဲ ဒေသ အစားအစာအကြောင်း ရပ်နားခွင့်ပြုပါနော်.. နောင်ကို အခွင့်ကြုံခဲ့ရင်တော့ အခြား ဟင်းများအကြောင်း ထပ်ပြီး ပြောပြခွင့်ရဖို့ မျှော်လင့်ပါတယ်ရှင်....


ကျွန်မဆီကိုများ လာလည်ကြမယ်ဆိုရင်လေ ငါးချေးဟင်းကို  သူငယ်ချင်းတို့ လျှာလည်သွားအောင် ရှယ် ချက်ကျွေးပါမယ်လို့ ...........  :)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စားဖွယ်ရာများ






ဖြည့်စွက်ချက်။     ။ ဇေတာရာရဲ့ တောင်းဆိုချက်ကြောင့် သောက်စရာ အရည်တစ်ခုခုမှ မပါရင် စားမ၀င်သူများအတွက် ကချင်ပြည်နယ်မှာ သိပ်ကိုကောင်းလှတဲ့ ခေါင်ရည်နဲ့ တွဲဖက်ပြီး ကျွေးပါမယ်လို့ နော်..  :)


ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်............

ချော(အစိမ်းရောင်လွင်ပြင်)