ဘ၀ရဲ့ နိဂုံးချုပ် တံခါးပိတ်သံ





ကျွန်တော်ဟာ တက္ကစီမောင်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူတစ်ယောက်ပါ။  နေ့လည်ပိုင်းတော့ ကျွန်တော် လုပ်ချင်တဲ့ အလုပ်လေးတွေ၊ ၀ါသနာပါတာလေးတွေ လုပ်နိုင်အောင်လို့ ညဆိုင်းကိုသာ မောင်းပါတယ်.. ကျွန်တော့် တက္ကစီဟာ ခရီးသည်တွေရဲ့ ရင်ဖွင့်ရာ ဌာနလဲ ဖြစ်ခဲ့ပါတယ်။ ကားငှားတဲ့ ခရီးသည်ဟာ ကားထဲဝင်လိုက်ပြီး ကျွန်တော့်အနောက်က ခုံမှာထိုင်လိုက်ပြီးတာနဲ့ သူတို့ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်က မသိရပါဘဲ သူတို့ရဲ့ ဘ၀အကြောင်း ဇာတ်စုံ ခင်းကြတော့တာပါဘဲ။ ဘာဘဲပြောပြော မမျှော်လင့်ဘဲ ကြားခဲ့ရတဲ့ သူတို့ပြောပြတဲ့ ဇာတ်ကြောင်းတွေထဲမှာ အချို့တွေက အံ့အားသင့်စရာတွေ ဖြစ်ခဲ့ပြီး၊ အချို့ အကြောင်းအရာတွေကတော့ ဂုဏ်ယူစရာ စိတ်အားတက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အချို့ အကြောင်းအရာများကျတော့ ပျော်ရွှ့င်ရယ်မောစရာ၊ အချို့အကြောင်းအရာများ ကျတော့လည်း ၀မ်းနည်း စိတ်မကောင်းစရာ ဖြစ်ခဲ့ပါတယ်.. လူတိုင်းမှာ မတူညီတဲ့ ဘ၀ကိုယ်စီ ရှိတတ်ကြပြီး အဲဒီဘ၀တွေကနေ မတူညီတဲ့ သင်ခန်းစာတွေကို ကျွန်တော် ရခဲ့ပါတယ်။




မှတ်မှတ်ရရပြောရရင် ကျွန်တော် တက္ကစီမောင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အဖွားအိုတစ်ယောက်ကို မောင်းပို့ခဲ့ရတဲ့ ခရီးလောက် ဘယ်အဖြစ်အပျက်ကမှ ကျွန်တော့်ရဲ့စိတ်နှလုံးကို ထိထိခိုက်ခိုက်ဖြစ်စေ၊ အမှတ်ရစေနိုင်ခဲ့တာ မရှိတော့ပါဘူး။ အဲဒီညက တစ်ခုသော သြဂုတ်လရဲ့ ညတစ်ညပါ။ ကျွန်တော်တို့ တက္ကစီ ရုံးချုပ်ကနေ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ လိပ်စာပြောပြီး အဲဒီက လူတစ်ယောက်ကို သွားကြိုဖို့ အမိန့်တစ်ခု ကျွန်တော် လက်ခံရရှိလိုက်ပါတယ်.. ကျွန်တော်ထင်တာကတော့ ခုလို ညသန်းခေါင်တောင် ကျော်နေပြီဆိုတော့ ပါတီပွဲတစ်ခုခုကနေ အိမ်ပြန်မဲ့သူ၊ ဒါမှမဟုတ် လင်မယားရန်ဖြစ်လို့ စိတ်တိုတိုနဲ့ အိမ်ကဆင်းမဲ့သူ၊ ဒါမှမဟုတ်ရင်တော့ မနက်အလုပ်စောစောဆင်းမဲ့သူ တစ်ယောက်ယောက်က မြို့ပြင်မှာရှိတဲ့ စက်ရုံတစ်ခုခုကို သွားလိမ့်မယ်လို့ ထင်နေခဲ့တာပါဘဲ။




လိပ်စာအတိုင်း မောင်းသွားတော့ အဲဒီကို ကျွန်တော်ရောက်သွားတဲ့အချိန်ဟာ မနက် ၂နာရီခွဲ ရှိနေပါပြီ။ မြေညီထပ် ပြတင်းပေါက်က မီးရောင်ပြပြလေး တစ်ခုကလွဲလို့ အဆောက်အဦးတစ်ခုလုံးဟာ မှောင်မဲ တိတ်ဆိတ်နေပါတယ်.. ဘေးပတ်ဝန်းကျင်မှာလည်း အိမ်တွေဟာ နီးနီးနားနားမှာ မရှိကြဘဲ ဟိုးခပ်ဝေးဝေးမှာသာ ရှိနေကြတာမို့ တော်တော်ကို ခြောက်ခြားစရာ ကောင်းလောက်အောင် အထီးကျန် အဖော်မဲ့နေတဲ့ အိမ်တစ်လုံးနဲ့ တူပါတယ်.. ဒီလိုအခြေအနေမျိုးသာဆို တစ်ခြား တက္ကစီမောင်းသူတွေဟာ ကားဟွန်း တစ်ကြိမ်နှစ်ကြိမ် တီးပြီး ခနလောက် စောင့်ကြည့်ပြီးတာနဲ့ လူသံမကြားရရင် ချက်ခြင်း မောင်းထွက်သွားကြမှာ သေချာပါတယ်။ ဒါပေမဲ့ အိမ်သုံးကားတွေ ဘာတွေ မရှိတဲ့ သူတွေ အတွက်တော့ ခုလို ညဉ့်နက်သန်းခေါင်မှာ တက္ကစီသာမရရင် သူတို့အတွက် အတော်ကို အခက်အခဲ ဖြစ်ကြပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ကတော့ အန္တရာယ်ဖြစ်နိုင်တဲ့ မသင်္ကာစရာ အနေအထားမျိုးကလွဲလို့ သာမန်အတိုင်းဆို အိမ်တံခါးပေါက်ထိအောင် အရောက်သွားပြီး စုံစမ်းလေ့ရှိပါတယ်.. တကယ်လို့များ တစ်စုံတစ်ယောက်ရဲ့ အကူအညီနဲ့မှ သွားနိုင်လာနိုင်တဲ့ ခရီးသည်မျိုး ဖြစ်နေခဲ့ရင် လိုအပ်တဲ့အကူအညီ ပေးနိုင်အောင် ဆိုတဲ့စိတ်မျိုး အမြဲတမ်း ထားခဲ့ပါတယ်။




ဒါကြောင့် အခုလည်း အဲဒီအိမ်ရဲ့ တံခါးဝကို သွားရောက်ပြီး တံခါးကို ခေါက်လိုက်တဲ့အခါ “ခနလောက် စောင့်ပေးပါ” ဆိုတဲ့ အသံတစ်သံ ထွက်လာပါတယ်.. အသံကို နားထောင်ခြင်းအားဖြင့် အသံပိုင်ရှင်ဟာ  အင်အားချည့်နဲ့ပြီး အတော်လေးကို အသက်ကြီးပြီလို့ ခန့်မှန်းရပါတယ်.. ပြီးတော့ တစ်စုံတစ်ခုကို ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲနေတဲ့ အသံကိုလည်း ကြားလိုက်ရပါတယ်။ အတော်လေးကြာတဲ့ အချိန်မှာတော့ တံခါးဖွင့်သံ ကြားလိုက်ရပြီး အသက် ၈၀ကျော်နေပြီဖြစ်တဲ့ အဖွားအိုတစ်ဦး တံခါးပေါက်ကနေ ပေါ်လာပါတယ်.. အဖွားအိုရဲ့ ပုံစံက အတော်လေးကို သေးကွေးပြီးတော့ ပိန်လှီဖျော့တော့ကာ နာမကျန်းဖြစ်နေတာ ကြာနေခဲ့ပုံ ရပါတယ်.. သူဝတ်ထားတာက ပွင့်ရိုက်ဝတ်စုံဖြစ်ပြီး ခေါင်းပေါ်မှာတော့ ဦးထုပ်လေးတစ်လုံးကို ဆောင်းထားပါတယ်.. အဖွားအိုရဲ့ အပြင်အဆင်ပုံစံဟာ ၁၉၄၀ ခုနှစ်လောက်က ရုပ်ရှင်တွေမှာ မြင်တွေ့ရတတ်တဲ့ ၀တ်စားဆင်ယင်ပုံမျိုး ဖြစ်နေပါတယ်.. သူ့ဘေးမှာတော့ နိုင်လွန် ခရီးဆောင်အိတ်လေး တစ်လုံးပါ။ အိမ်ကိုကြည့်ရတာ လူမနေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ပုံစံပေါက်နေပြီး ရှိသမျှ ပရိဘောဂတွေကိုလည်း အ၀တ်စတွေနဲ့ ဖုံးအုပ်ထားပါတယ်.. နံရံပေါ်မှာတော့ နာရီတစ်လုံးတစ်လေမှ ချိတ်ထားတာ မတွေ့ရသလို ဘီဒိုတွေထဲမှာလည်း အသုံးအဆာင်ပစ္စည်းတွေ ရှိမနေပါဘူး။ အိမ်ရဲ့ထောင့် တစ်နေရာမှာတော့ ကဒ်ထူသေတ္တာလေး တစ်ခုနဲ့ ဓာတ်ပုံတစ်ချို့ ရှိနေခဲ့ပါတယ်။




“အဖွားရဲ့ အိတ်ကို သယ်ပေးပါလားကွယ်” သူမက ကျွန်တော့်ကို ချိုသာအေးဆေးတဲ့ အသံလေးနဲ့ လှမ်းပြောလိုက်တော့ ကျွန်တော့ သူ့အိတ်သေးလေးကို ကားဆီကို အရင် သွားထားလိုက်ပြီး တစ်ခါ အဖွားအိုကို တွဲခေါ်ဖို့ အိမ်တံခါးပေါက်ကို ပြန်လာခဲ့ပါတယ်.. အဖွားအိုဟာ ကျွန်တော့ လက်ကိုတွဲလိုက်ပြီး ဖြေးဖြေးသာသာ လမ်းစလျှောက်ပါတယ်.. တုန်ချိနှေးကွေးနေတဲ့ ခြေလှမ်းတွေကြောင့် သတိထားပြီး တွဲခေါ်ခဲ့ရပါတယ်.. ကားဆီရောက်လို့ ၀င်ထိုင်ပြီးချိန်မှာ အဖွားအိုက ကျွန်တော့်ကို ကျေးဇူးတင်စကား ဆိုပါတယ်..




“ရပါတယ် အဖွား ကိစ္စမရှိပါဘူး.. ကျွန်တော်က ခရီးသည်တွေကို ဒီလိုဘဲ ကူညီနေကျပါ. အဖွားကိုလဲ မိခင်တစ်ယောက်ကို သဘောထားပြီး ကူညီတာပါ”  လို့ ကျွန်တော်က ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။




“မင်းဟာ အတော်သိတတ်တဲ့ ကလေးဘဲ”... လို့ အဖွားအိုက ပြောလိုက်ပြီး လိပ်စာကဒ်ပြားလေးတစ်ခုကို ထုတ်ပေးပါတယ်… ပြီးတော့ “ဒီလိပ်စာကို သွားမှာပါ.. ဒါပေမဲ့ အဖွားကို မြို့ထဲလမ်းအတိုင်း မောင်းပို့ပေးပါလားကွယ်” လို့ ပြောပါတယ်။




ကျွန်တော်လည်း ချက်ခြင်းဘဲ “အဖွား မြို့ထဲကနေမောင်းရင် ဒီလိပ်စာအတိုင်းဆို တကွေ့တပတ်ကြီး ဖြစ်သွားလိမ့်မယ်.. အချိန်လဲပိုကြာလိမ့်မယ်..” လို့ ပြန်ပြောလိုက်ပါတယ်.။




“အို…  ရပါတယ်.. အဖွားက အလျင်မလိုပါဘူး.. ဖြေးဖြေးသွားကြတာပေါ့.. အဖွားမှာ မိသားစု ဆွေမျိုးဆိုလို့လဲ တစ်ဦးတစ်ယောက်မှ မရှိတော့ဘူး… ပြီးတော့ လူ့လောကမှာ ကြာကြာနေဖို့ အချိန်လဲ အဖွားမှာ မရှိတော့ပါဘူးကွယ်.. အဖွားကို ကြည့်ပေးနေကျ ဆရာဝန်ကလည်း လူမမာစောင့်ရှောက်ရေး ဂေဟာနဲ့ ဆက်သွယ်ပေးပြီး အဲဒီမှာ သွားနေဖို့ စီစဉ်ပေးလို့ အခု အဲဒီကို သွားရမှာပါ..”




အဖွားရဲ့ တုန်တုန်ရီရီ စကားသံအဆုံးမှာ နောက်ကြည့်မှန်ကနေ ကျွန်တော် သူ့မျက်နှာကိုကြည့်လိုက်တော့ အဖွားရဲ့ မျက်ဝန်းတွေဟာ ညအမှောင်ထဲမှာ တဖျတ်ဖျတ် တောက်ပနေခဲ့တယ်.. ဘုရားရေ… မျက်ရည်တွေများလား။  ကျွန်တော့်လက်က ခရီးအကွာအဝေးကို ဖော်ပြတဲ့ မီတာဆီ အလိုလို ရောက်သွားပြီး မီတာခလုပ်ကို တိတ်ဆိတ်စွာ ပိတ်လိုက်မိပါတယ်.. ပြီးတော့ “အဖွား သွားချင်တဲ့ နေရာတွေကိုပြောပါ။ ကျွန်တော် မောင်းပို့ပေးပါမယ် ” လို့ ပြောလိုက်မိပါတော့တယ်။




နောက် ၂နာရီလောက်မှာတော့ ကျွန်တော်တို့တွေ မြို့ထဲတစ်လျှောက်မောင်းနှင်နေပါပြီ.. အဖွားအိုဟာ အဆောက်အဦး တစ်ခုကို ညွှန်ပြပြီးတော့ သူငယ်စဉ်ခါက အလုပ်လုပ်ခဲ့တဲ့ ရုံးလို့ ပြောပြပါတယ်.. အခြား လမ်းတစ်ခုကို ဖြတ်သွားချိန်မှာလည်း အိမ်တစ်အိမ်ကိုပြပြီး သူနဲ့ သူ့ခင်ပွန်းတို့ ညားကာစ အချိန်တွေတုန်းက နေခဲ့တဲ့ အိမ် ဖြစ်ကြောင်း ပြောပြီး အိမ်ရှေ့နားမှာ ကားကိုရပ်ခိုင်းကာ တော်တော်လေးကြာအောင် ငေးကြည့်နေခဲ့ပါတယ်.. တစ်ခါ အိမ်ထောင်ပရိဘောဂတွေ ရောင်းတဲ့ ဆိုင်ရှေ့မှာ ကားရပ်ခိုင်းပြီးတော့ ထိုနေရာဟာ တစ်ချိန်က အလွန်နံမည်ကြီး ထင်ရှားတဲ့ စားသောက်ဆိုင်ရဲ့နေရာ တစ်ခု ဖြစ်ခဲ့ကြောင်းနဲ့ ထိုစားသောက်ဆိုင်ဟာ သူမတို့ လင်မယား အမြဲတမ်း စားသောက်တတ်တဲ့ ဆိုင်တစ်ခုဖြစ်ကြောင်း ပြောပြပြန်ပါတယ်.. တခါတလေမှာတော့ အဆောက်အဦး အချို့ရှေ့ ဖြတ်တဲ့အခါ ကားကို ဖြေးဖြေးမောင်းခိုင်းတတ်ပြီး စကားတစ်ခွန်းမှ မပြောဘဲနဲ့ အကြာကြီး ငေးမောနေတတ်ပါတယ်။ အဖွားအိုရဲ့ပုံစံက အရာရာကို နောက်ဆုံး နှုတ်ဆက်တဲ့ ဆွေးဆွေးမြည့်မြည့် အကြည့်မျိုးနဲ့ တူနေတာမို့  ကြည့်ရတာ ၀မ်းနည်းဖို့ ကောင်းလွန်းနေပါတယ်။ အဖွားအိုရင်ထဲမှာ ဘယ်လိုများ ခံစားနေရမလဲဆိုတာ ကျွန်တော်တွေးကြည့်မိပြီး ကိုယ်တိုင်လည်း ၀မ်းနည်းလာမိပါတယ်။




အရှေ့ဘက်ဆီက အရုဏ်ဦး အလင်းရောင်လေး ပေါ်ထွက်လာတဲ့အချိန်မှာတော့  “အဖွား ပင်ပန်းသွားပြီကွယ်.. ပြောထားတဲ့ လိပ်စာအတိုင်းသာ ကားကို ဆက်မောင်းပါတော့ ” လို့ပြောလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်ကာ ကားနောက်မှီကို မှီချလိုက်ပါတော့တယ်.. ကျွန်တော်လဲ တိတ်ဆိတ်စွာဘဲ ကားကို ဆက်မောင်းခဲ့လိုက်ပါတယ်.. အဖွားအို ပေးထားတဲ့ လိပ်စာအတိုင်း ရောက်တဲ့အချိန်မှာ ရှည်မျှောမျှော အဆောက်အဦးတစ်ခုကို တွေ့လိုက်ရပါတယ်.. တကယ်ဘဲ လူမမာတွေအတွက် ပြုစုစောင့်ရှောက်တဲ့ ဂေဟာ ဖြစ်ပုံရပါတယ်.. ကားကို အဆောက်အဦးရဲ့ ပေါ်တီကို အရောက် ကျွန်တော် မောင်းသွားလိုက်တဲ့အချိန်မှာ ၀န်ထမ်းဖြစ်ပုံရတဲ့ လူ၂ယောက်ဟာ ပြေးထွက်လာကာ ကားဆီကို ရောက်လာပြီး အဖွားအိုကို ဂရုတစိုက် အလေးအနက်ထားကာ ကူညီဖေးမနေတာကို တွေ့ရပါတယ်..  ကြည့်ရတာ အဖွားအို ရောက်အလာကို အဆင်သင့် စောင့်ဆိုင်းနေပုံရပါတယ်.. ကားနောက်ခန်းထဲ ထည့်ထားတဲ့ အဖွားအိုရဲ့ အိတ်ကို ကျွန်တော် သွားယူလာပြီးတဲ့အချိန်မှာ အဖွားအိုဟာ ၀ှီးချဲ ပေါ်ရောက်နေပါပြီ။




“ကားခ ဘယ်လောက် ကျသလဲကွယ် ” လို့   အဖွားအိုက သူ့ပိုက်ဆံအိတ်သေးသေးလေးကို ဖွင့်လိုက်ရင်း ကျွန်တော့်ကို လှမ်းမေးလိုက်ပါတယ်..




“မပေးရပါဘူးခင်ဗျာ”  ကျွန်တော်က ပြုံးပြီး ပြန်ဖြေလိုက်တော့





“အို မဟုတ်တာ မင်းမှာလဲ နေထိုင်စားသောက်ရေးက ရှိဦးမယ်လေ… ပိုက်ဆံ ယူပါကွယ်..”  အဖွားက စိတ်မကောင်းတဲ့ လေသံလေးနဲ့ ပြန်ပြောပါတယ်။




“တစ်ခြား ခရီးသည်တွေ ရှိပါသေးတယ်အဖွား.. ဒီကအပြန်မှာလည်း ကျွန်တော် ခရီးသည် ရဦးမှာပါ.. ကျွန်တော့ အတွက် စိတ်မပူပါနဲ့.. ” လို့ ပြန်ပြောလိုက်ရင်း ကျွန်တော့် စိတ်ထဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့  ၀ှီးချဲပေါ်က အဖွားအိုကို ခါးညွှတ်ပြီး ပွေ့ဖက်လိုက်မိပါတယ်.. အဖွားကလည်း ကျွန်တော့ကို သူ့လက်ကလေးတွေနဲ့ ပြန်လည်ပွေ့ဖက်ပါတယ်။




“မင်းဟာ အဖွားအိုတစ်ယောက်ရဲ့ နောက်ဆုံးအချိန်လေးတွေကို စိတ်ချမ်းသာ၊ ကျေနပ်မှု ရသွားအောင် ကူည်ီပေးခဲ့သူပါကွယ်.. အဲဒီအတွက် ကျေးဇူး အထူးပါ ကလေးရယ်… ”





အဖွားရဲ့ စကားက ကျွန်တော့် နှလုံးသားကို ဆုတ်ညစ်လိုက်သလို ခံစားလိုက်မိပါတယ်.. ဒါဟာ သူ့အတွက် နောက်ဆုံးအချိန်တွေတဲ့လား… ကျွန်တော် ဘာစကားမှ ထပ်မပြောဖြစ်တော့ဘဲ အဖွားရဲ့ လက်ကို နောက်ဆုံးအနေနဲ့ ဖျစ်ညစ်လိုက်ပြီး ကားဆီကို လျှောက်သွားကာ ကားကို မောင်းထွက်ခဲ့လိုက်ပါတော့တယ်.. ကျွန်တော် မောင်းထွက်လာပြီးတဲ့နောက်မှာ တံခါးပိတ်သံတစ်ချက်ကို ကျွန်တော့်နားထဲမှာ သဲသဲကွဲကွဲ ကြားလိုက်ရပါတယ်.. ဒီအသံဟာ ဘ၀တစ်ခုရဲ့ နိဂုံးချုပ်သွားတဲ့ တံခါးပိတ်သံတစ်ခုလို့ ကျွန်တော့်စိတ်ထဲ ခံစားလိုက်မိပါတယ်။




အဲဒီက အပြန်လမ်းတစ်လျှောက်မှာ  ခရီးသည် တစ်ဦးတစ်ယောက်မှ ထပ်မတင်ဖြစ်တော့ဘဲ ကားကို ရည်ရွယ်ချက်မဲ့စွာ မောင်းလာခဲ့မိပါတယ်.. ဦးနှောက်တစ်ခုလုံးလဲ ဗလာဖြစ်နေခဲ့ပြီး အဲဒီနေ့တစ်နေ့လုံး စကားတောင် မပြောနိုင်လောက်အောင် ကျွန်တော့် ရင်ထဲမှာ အဖွားအိုအတွက် တစ်စုံတစ်ရာ ထိခိုက် ခံစားနေခဲ့မိပါတယ်.. တကယ်လို့များ အဖွားအိုဟာ သူရဲ့ နောက်ဆုံးအချိန်လေးမှာ စိတ်မရှည် ၊ ဒေါသကြီးတဲ့ တက္ကစီသမား တစ်ယောက်ယောက်နဲ့များ ကြုံတွေ့ခဲ့မိရင်၊ ဒါမှမဟုတ် ကျွန်တော်သာ သူပြောတဲ့ မြို့ထဲလမ်းအတိုင်း မောင်းပေးဖို့ ငြင်းဆန်ခဲ့မိရင်၊ သို့မဟုတ် တစ်ခေါက်လောက် ကားဟွန်းတီးပြီး လူထွက်လာတာ မတွေ့လို့ ကားမောင်းထွက်သွားခဲ့မိရင် ဆိုတဲ့အတွေးတွေနဲ့ ဖိစီးနေခဲ့မိပါတယ်.. ဒီလိုသာဖြစ်ခဲ့ရင်တော့ ဒီအဖွားအိုရဲ့ နောက်ဆုံးအချိန်တွေဟာ စိတ်ချမ်းသာမှု ရရှိသွားခဲ့မယ် မထင်ဘူး… ဘာဘဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့လုပ်လိုက်မိတဲ့ ကောင်းမှုလေးတစ်ခု အတွက်တော့ ဘယ်တော့မှ မေ့လို့ မရအောင် သတိရနေဦးတော့မှာပါ။






အသက်ကြီးလာတဲ့ အိုမင်းမစွမ်းနဲ့ အထီးကျန်ဘ၀ အချိန်တွေမှာ အခြားသူတွေရဲ့  ဂရုစိုက်နွေးထွေးမှု၊ ကြင်နာစောင့်ရှောက်မှု၊ နားလည်သိတတ်မှု၊ ဖေးမကူညီမှု တို့ဟာ လိုအပ်လှပါတယ်လေ… တစ်ချိန်ချိန်တော့ ခုလို ဘ၀တံခါးကြီး ပိတ်သွားတဲ့အသံကို ကျွန်တော်တို့တွေလည်း ကြုံရပေလိမ့်ဦးမယ် မဟုတ်ပါလား။






Kent Nerburn ရဲ့  The Cab Ride I’ll Never Forget ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။







အပင်နှင့်တူသော သူများ



ကျွန်မမှာရှိတဲ့ ၀ါသနာလေးတစ်ခုက အပင်လေးတွေ စိုက်တာဘဲ ဖြစ်ပါတယ်.. ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ချစ်စရာကောင်းတဲ့ အပင်လေးတွေ၊ ကျွန်မ ကြိုက်နှစ်သက်တဲ့ ပန်းပင်လေးတွေကို နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိသည်ဖြစ်စေ၊ နေရာ ကျဉ်းကျဉ်းသာ ရတဲ့နေရာဖြစ်စေ ရှိတဲ့နေရာလေးမှာ  အိုးကလေးတွေနဲ့ စိုက်ပျိုးတတ်ပါတယ်.. လက်ရှိ ကျွန်မရောက်နေတဲ့ နေရာလေးရဲ့ အိမ်ရှေ့မျက်နှာစာမှာ ကျယ်ဝန်းတဲ့ ၀ရံတာ ရှိတဲ့အတွက် အဲဒီဝရံတာလေးမှာ အပင်မျိုးစုံကို အိုးကလေးတွေနဲ့ စိုက်ထားမိတာ အပင်မျိုးပေါင်း တော်တော်စုံနေပါပြီ။ ကျွန်မစိုက်ထားတဲ့အပင်တွေဟာ ကျွန်မသဘောကျနှစ်သက်တဲ့ အပင်လေးတွေချည်း စုဆောင်းထားတာ ဖြစ်ပါတယ်.. စိုက်ထားတဲ့ ပန်းအိုးတွေဟာ ၀ရံတာတစ်လျှောက် တန်းစီနေပြီးတော့ အရွယ်စုံ၊ မွှေးရနံ့အစုံနဲ့ သူတို့ စွမ်းအား ရှိသလောက်လေးနဲ့ ပတ်ဝန်းကျင်ကို အလှဆင်နေကြပါတယ်။ စိုက်ပျိုးထားတဲ့ အပင်မျိုး စုံလင်လှသလို အဲဒီအပင်လေးတွေကိုလည်း ရည်ရွယ်ချက် မတူညီစွာ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
စိမ်းစိမ်းစိုစို

ပန်းပင်လေးတွေကို ကျွန်မ ရေလောင်းတဲ့ အချိန်က ညနေပိုင်းအချိန်တွေ ဖြစ်ပြီး တခါတလေ ညနေပိုင်း အလုပ်များလို့ဖြစ်စေ၊ မေ့လျော့သွားလို့ ဖြစ်စေ မလောင်းဖြစ်ခဲ့ရင်တော့ မနက်အိပ်ရာထတာနဲ့ ရေလောင်းဖြစ်ပါတယ်.. ကျွန်မအနေနဲ့ ရေလောင်းတိုင်းမှာလည်း အပင်လေးတွေမှာ ဖြစ်လာတဲ့ ထူးခြားချက်လေးတွေကို ဂရုတစိုက် ကြည့်မိတတ်ပါတယ်.. ဘယ်အပင်က အဖူးလေး ထွက်လာတာ၊ ဘယ်အပင်ကတော့ဖြင့် ပိုးကောင်လေးတွေ ကိုက်ခံနေရတာ စသဖြင့် အပင်တွေရဲ့ အခြေအနေကို ကြည့်ပြီး လိုအပ်ရင် ပိုးသတ်ဆေးဖြန်းရတာ၊ မြေသြဇာထည့်ရတာ၊ အပင်သန်ဆေး ကျွေးရတာ၊ ပေါင်းမြက်တွေနှုတ်တာ စသဖြင့် လုပ်ပေးရပါတယ်။ အပင်စိုက်သူမှန်သမျှတိုင်းဟာ ကိုယ်စိုက်ပျိုးထားတဲ့ အပင်ကြားမှာ အခုလို ပေါက်လာတတ်တဲ့ ပေါင်းပင်တွေ၊ မြက်ပင်တွေကို နှုတ်ပစ်ရတာ သဘာဝပါ။ ဘာလို့လဲ ဆိုတော့ ပေါင်းမြက်ပင်တွေဟာ ကိုယ်စိုက်ပျိုးတဲ့ အပင်တွေကို အနှောက်အယှက် ဖြစ်စေနိုင်ပြီးတော့ မြေဆီ မြေသြဇာနဲ့ ရေ စသည်တို့ကို ပေါင်းမြက်ပင်တွေက စုပ်ယူ စားသုံးသွားတာကြောင့် ကိုယ်စိုက်ပျိုးတဲ့ အပင်လေးတွေဟာ၊ အစာအဟာရ လုံလောက်အောင် မရနိုင်တော့တာ တွေ ဖြစ်လာပြီး အပင်မသန်တော့ဘဲ ကျုံလှီသွားနိုင်ပါတယ်။




Azalea နှင်းဆီလိုအပင်



ချစ်စရာ သနပ်ခါးပန်းပင်ပုလေး

 
ကျွန်မစိုက်ပျိုးထားတဲ့ ပန်းအိုးအရွယ်စုံတွေထဲမှာ အပွင့်ပွင့်တတ်တဲ့ နှင်းဆီ၊ ယုဇနပင်အပုလေး၊ မလေးရှားစကားလို့ခေါ်ကြတဲ့ ကန္တာရနှင်းဆီ၊ အပွင့်သေးသေး ၀ါဝါလေးပွင့်တတ်တဲ့ သနပ်ခါးပန်းပင်၊ စပါယ်ပင် တို့ကို အိုးလေးတွေနဲ့ စိုက်ထားပါတယ်… အဲဒီအပွင့်ပွင့်တတ်တဲ့ အပင်တွေ ကိုတော့ လှပတဲ့ ပန်းပွင့်တွေ၊ပို မျက်စိပသာဒ ဖြစ်ဖို့နဲ့ မွှေးပျံ့သင်းထုံတဲ့ ရနံ့တွေကို ညွှတ်နူး ခံစားချင်တဲ့ ဆန္ဒကြောင့် စိုက်ခဲ့တာဖြစ်ပြီး အပင်ပုပုလေးနဲ့ တစ်ပင်လုံးညွှတ်ခဲနေအောင် သီးတတ်တဲ့ ငရုပ်ပင်လေးကျတော့ ရုတ်တရက် လိုအပ်တဲ့ အချိန် အသုံးပြုနိုင်အောင်ရယ်၊ တစ်ပင်လုံး အသီးနီနီ ရဲရဲလေးတွေကြောင့် ပန်းပင်လေးတစ်ပင်လို လှလွန်းအားကြီးတာမို့ စိုက်ပျိုးဖြစ်တာပါ။ ပန်းအိုးတွေထဲမှာ ဆွမ်းမွှေးရွက်လို အပွင့်မပွင့်ဘဲ အရွက်စိမ်းစိမ်းတွေ ဖြာဖြာဝေနဲ့ အပင်လေးတွေလဲ ရှိပါတယ်။ ဆွမ်းမွှေးရွက်ကို စိုက်ပျိုးတဲ့ရည်ရွယ်ချက်က စိမ်းစိမ်းစိုစိုနဲ့ မျက်စိ အေးစေတာရယ်၊ အရွက်ကို ခူးပြီး ထမင်းချက်တဲ့အခါ ထည့်လိုက်ရင် ထမင်းအိုး ကျက်သွားတဲ့အခါမှာ အလွန်ကို မွှေးကြိုင်တဲ့ ကောက်ညှင်းရနံ့မျိုးကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်လဲ အဲဒီအရွက်ကို ဆွမ်းမွှေးရွက်လို့ ခေါ်ကြတယ် ထင်ပါတယ်။ ဆွမ်းမွှေးရွက်ကို အချို့က ဖျော်ရည်ပြုလုပ်တာတွေ၊စားစရာ မုန့် ပြုလုပ်တဲ့နေရာတွေ၊ အစားအစာ ချက်ပြုတ်တဲ့နေရာတွေမှာ နည်းမျိုးစုံနဲ့ အသုံးချကြပါတယ်။

 

မလေးရှားစကားပန်း (ခ) ကန္တာရ နှင်းဆီ

  

ဆွမ်းမွှေးရွက် (ခ) Padan Leaves




နောက်ထပ်စိုက်ပျိုးထားတဲ့ အပင်လေးက ဘွန်ဇိုင်းလို့ခေါ်တဲ့ သက်ကြီးပုပင်လေးပါ။ ဘွန်ဇိုင်းလုပ်ထားတဲ့ သီးပင်သေးသေးလေးက ကွေ့ကွေ့ကောက်ကောက် သစ်ကိုင်းတွေနဲ့ တကယ့် အပင်ကြီးတစ်ပင်ရဲ့ အင်္ဂါရပ်တွေ ပြည့်စုံနေပြီး ချစ်စရာကောင်းလွန်းတာမို့ သဘောကျပြီး စိုက်ပျိုးထားတာဖြစ်ပါတယ်။ အိမ်ကို အလည်လာကြသူတိုင်းလည်း ချစ်စရာကောင်းတယ်လို့ ချီးကျူးသွားခြင်း ခံရတဲ့ အပင်လေးဖြစ်ပါတယ်။ အခြား တယုတယစိုက်ဖြစ်တဲ့ ပန်တစ်မျိုးက ညလယ်ယံမှသာ ဖြူစင်မွှေးမြစွာ လန်းဆန်းဝေဆာတဲ့  ကုမုဒြာပန်းပါ။ ကုမုဒြာပန်းရဲ့ ထူးခြားချက်က ညအခါ လရောင်ဖြာမှသာ ပွင့်ပြီး မနက်ရောက်တာနဲ့ ညှိုးနွမ်းသွားတတ်ပါတယ်.. အနံ့လေးက သင်းသင်းလေးမွှေးတာကြောင့် အဲဒီပန်းပွင့်တဲ့ညတွေမှာ ပျံ့ပျံ့သင်းနေတဲ့ ရနံ့လေးကို တစ်ညလုံး ရနေတာကိုက စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်။ ပန်းပွင့်ဖို့အချိန်ကြာကြာ စောင့်ရပေမဲ့ ပွင့်မဲ့ပွင့်တော့ တစ်ညတည်းသာ ခံတဲ့ပန်းဖြစ်တာမို့ ရှားပါးတဲ့ ပန်းလို့ ပြောလို့ရပါတယ်။ အခြားသော အမည်မသိတဲ့ ပန်းပင်လေးတွေလည်း ကျွန်မဆီမှာ ရှိပါသေးတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျွန်မရဲ့ အပင်လေးတွေဟာ သူ့ပင်ကိုယ်အရည်အချင်း၊ သူ့အစွမ်းအစလေးတွေနဲ့  တတ်စွမ်းသမျှတော့ လောကကို အလှဆင်နေကြ၊ အကျိုးပြုနေကြပါတယ်။



ဘွန်ဇိုင်းပင်


ကျွန်မတို့ လူနေမှု အသိုင်းအ၀ိုင်း မှာလည်း လူတိုင်းဟာ သစ်ပင် ပန်းပင်လေးတွေကဲ့သို့ ကိုယ်နေထိုင်ရာ လောကကြီးအတွက် ကိုယ်စီကိုယ်ငှ  တတ်စွမ်းသမျှ အလှဆင်သင့်ကြပါတယ်။ ပတ်ဝန်းကျင်ကို အလှဆင်ပေးနိုင်တဲ့ ပန်းတွေပွင့်တဲ့အပင်၊ မွှေးမြစေတဲ့ ရနံ့တွေ ဖန်တီးပေးနိုင်တဲ့ အပင်၊ လူတွေအတွက် အသုံးဝင်စေတဲ့ သစ်ပင်ကြီးတွေ၊ အပင်ငယ်တွေကို လူတိုင်းက တယုတယ စိုက်ပျိုးလို့ တန်ဖိုးထားတတ်ကြသလိုပါဘဲ။ မိမိပတ်ဝန်းကျင်ရှိ လူတွေအတွက် အကျိုးပြုသူ၊ စိတ်ကောင်း စေတနာ ထားတတ်ကြသူ၊  အများအကျိုး ရွက်ဆောင်ကြသူများကိုတော့ လူတိုင်းက လိုလား နှစ်သက်ကြပါတယ်..  ပတ်ဝန်းကျင်ကို မိမိတတ်နိုင်သလောက်လေးမှ အကျိုးပြုရကောင်းမှန်းမသိ၊ ကောင်းကျိုးမပေးဘဲ အဖျက်အဆီး ပြုတတ်သူ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ အဖွဲ့အစည်း၊ နေရာဒေသတို့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်တတ်ကြသူမျိုးကိုတော့ မိမိတို့စိုက်ပျိုးထားတဲ့ အပင်တွေအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ ပေါင်းမြက်တွေကို ဖယ်ရှားနှုတ်ပယ်ပစ်ကြသလို လူအများက ရှောင်ရှားတတ်ကြပါတယ်..  ထိုလူမျိုးအတွက်လည်း လောက အသိုင်းအ၀ိုင်းမှာ နေရာမရှိအောင် ကျဉ်းမြောင်းလှပါတယ်။


Orange Jasmine Plant


Orange Jasmine ခေါ် ယုဇနပန်း




အသက်ရှင်သန်စဉ် အချိန်လေးမှာတော့ တစ်စုံတစ်ဦးအတွက် ဖြစ်စေ၊ ကိုယ့်မိသားစုအတွက်၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်၊ အဖွဲ့အစည်း တစ်ခုခု အတွက်ဖြစ်စေ၊ ကိုယ့်မြို့ရွာ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး စသဖြင့် မိမိတတ်နိုင်သမျှ အကျယ်ချဲ့ရင် ချဲ့နိုင်သလောက် ကိုယ်စွမ်းနိုင်သလောက် အကျိုးပြုသွားသင့်ပါတယ်.. လောကကောင်းကျိုးရယ်လို့ ကြီးကြီးမားမား လုပ်ဆောင်တာ အသာထားလို့ ကောင်းကျိုးတစ်ခုခု မပြုလုပ်နိုင်ခဲ့ရင်တောင်မှ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ်နေထိုင်ရာ အရပ်ဒေသတို့ကို နံမည်ပျက်အောင် ဖျက်သွားသူများ မဖြစ်သင့်ကြပါဘူးနော်..  မိမိတစ်ဦးအတွက်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံး၊ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာ ကျဆင်းရမယ်ဆိုရင် ဒီအလုပ်မျိုး လုပ်သင့်မလုပ်သင့် စဉ်းစားချင့်ချိန်ရမှာ ဖြစ်ပါတယ်။


ကျွန်မတို့တွေဟာ မိမိကိုယ်ကို နှင်းဆီပင်လေး တစ်ပင်လောက်ပဲဖြစ်ဖြစ်၊ ရေကန်သာကို ကျက်သရေ ဝေဖြာစေနိုင်တဲ့ ကြာပင်လေးတစ်ပင်အဖြစ်၊ အင်အားရှိသူများကလည်း ကြီးမားခက်ဖြာ စိမ်းစိုလန်းဆန်းပြီး အရိပ်အာဝါသလည်းပေးနိုင်၊ အသီးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် သီးဝေနိုင်တဲ့ သစ်ပင်ကြီး အဖြစ်ပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သမျှ အင်အားတို့နဲ့ တစ်ထောင့်တစ်နေရာကနေ လောကကို အလှဆင်မလား.. ဒါမှမဟုတ် ဘယ်နေရာမှ အကျိုးမပြုဘဲ အနှောင့်အယှက်သက်သက်သာ ဖြစ်စေနိုင်တဲ့ ပေါင်းပင်တို့လို ရှင်သန်မလား ဆိုတာ လူတိုင်းမှာ ရွေးချယ်ခွင့်ကိုယ်စီ ရှိနေနိုင်တာမို့ ဘယ်လိုအပင်မျိုးအဖြစ် ရှင်သန်ကြမလဲဆိုတာ ကျွန်မတို့ကိုယ်ကို စဉ်းစားကြည့်ကြပါစို့လားရှင်။


Image Hosted by PicturePush - Photo Sharing

စားကြည့်စေချင် ငါးထမင်းချဉ်

တနင်္ဂနွေနေ့တုန်းက အလုပ်နည်းနည်းအားတာနဲ့ အစားအကြောင်း စဉ်းစားမိပါတယ်.. ဘာလုပ်စားရင် ကောင်းပါ့လို့။ တစ်ခါမှ မလုပ်စားဖူးသေးတဲ့ ငါးထမင်းချဉ် လုပ်စားရင် ကောင်းမယ်လို့ အကြံရတာနဲ့ နီးနီးနားနား ဈေးထဲကိုပြေးပြီး ငါးနဲ့ နံနံပင်၊ ဂျူးမြစ်တို့ သွားဝယ်ပြီး ချက်စားဖို့ အစီအစဉ်လုပ်ကြပါတယ်... လုပ်မဲ့လူက ညီမလေးတစ်ယောက်နဲ့ ကိုယ်နဲ့ စုစုပေါင်းမှ ၂ယောက်ပါ.. စာဖတ်သူများကိုလည်း ဒီ ငါးထမင်းချဉ်  ပြုလုပ်ပုံလေး ပြန်လည်မျှဝေချင်တာကြောင့် ဘလော့မှာ တင်ပေးလိုက်ပါတယ်နော်.. ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ဒီလိုပါ။ ငါးထမင်းချဉ်မှာ ငါးကတော့ အဓိကပေါ့နော်။









ထမင်းကိုတော့ ခါတိုင်းထက် ရေများများပိုထည့်ပြီး ပျော့နေအောင်ချက်ပါတယ်... ပြီးတော့ ၀ယ်လာတဲ့ငါးကို စင်အောင်ဆေးကြောပြီး   ကြက်သွန်ဖြူ၊ ဂျင်း၊ ဆားအချိုမှုန့် ထည့်ပြီး ပြုတ်ပါတယ်....အားလူးနဲ့ ခရမ်းချဉ်သီးကိုလဲ ပြုတ်ပြီး ခရမ်းချဉ်သီးကိုတော့ မွှမွှ ကြေအောင် တောက်တောက်စင်းပါတယ်..  ကျွန်မကတော့ ခရမ်းချဉ်သီးကို အရောင်ပိုလှအောင် ဆီသတ် ပါတယ်... ပြုတ်ထားတဲ့ငါးကို အရိုး အသား နွှင်ပါတယ်.. ဂျူးမြစ်နဲ့နံနံပင်ကို ရေစင်စင်ဆေးပြီး ပုံထဲကအတိုင်း ပြင်ဆင်ထားပါတယ်... ငရုပ်သီးအတောင့် အခြောက်တွေကို ကြော်ထားပါတယ် . . ကြက်သွန်ဖြူဆီကျက် ချက်ပါတယ်.. ပြီးတော့ ပဲပုတ်ခြောက် အပြားကို မီးအေးအေးနဲ့ ကြော်ထားပြီး အေးသွားအခါ ညက်ညက်လေး ထောင်းထားလိုက် ပါတယ်... အချို့ အချဉ်ကြိုက်သူများ မန်ကျည်းသီးအချဉ်ရည်ကိုလည်း အသုံးပြုကြပါတယ်.. ကျွန်မကတော့ ခရမ်းချဉ်သီးအချဉ်နဲ့သာ လုံလောက်ပါတယ်..  အားလုံးပြီးသွားတဲ့အခါ အောက်က ပုံအတိုင်း အဆင်သင့်ဖြစ်နေပါပြီ။












အဆင်သင့်ဖြစ်သွားတဲ့အခါ ညီအစ်မနှစ်ယောက်တည်း စားရမှာပျင်းတာနဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ သူတို့ရောက်လာတဲ့အခါ  ထမင်းပျော့ပျော့ကို ဇလုံခပ်ကြီးကြီးထဲထည့်ကာ အာလူးကို ချေမွပြီးထည့် ပါတယ်.. ပဲပုတ်၊ ခရမ်းချဉ်သီးနဲ့ ဆီချက်(ဆီသက်သက်)ကိုထည့်ပြီး ဆား၊အချိုမှုန့် သင့်သင့်အောင် ထည့်ပြီး ကြိုက်တတ်ရင်တော့ အသားမှုန့်လေးပါ ထည့်နယ်လို့ရပါတယ်... နယ်ရတာ လက်တော့ အတော်ညောင်းပါတယ်.. ထမင်းကစေးကပ်ကပ် ဖြစ်နေတာကြောင့်ပါ.. ပြီးသွားတဲ့အခါ ထမင်းကို ပုံစံလှအောင် ပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး လက်နဲ့ အသာဖိပါတယ်... ပြီးတော့မှ ပန်းကန်ပြား ပက်ပက်လေးထဲကို အသာမှောက်ပြီးထည့်၊ အပေါ်က ပဲပုတ်အမှုန့်နဲ့ ဆီချက်လေးတွေဖြူးပြီး ဘေးနားမှာ ဂျူးမြစ်ရယ် နံနံပင်လေးရယ် နေရာချလို့ ငရုပ်သီးကြော်လေးကို တွဲဖက်လိုက်တဲ့အခါ ပုံလေးထဲကအတိုင်း စားဖို့အဆင်သင့်ဖြစ်ပါပြီ။









ငါးကိုရေခပ်များများနဲ့ ပြုတ်ထားတာဆိုတော့ ရှိနေတဲ့ငါးပြုတ်ရည်ကို ဆူအောင်ပြန်တည်ပြီး ရေညှိအခြောက်လေးထည့်၊ ကြက်ဥကိုခေါက် ပွက်ပွက်ဆူနေတဲ့ ရေထဲကို အပေါ်ကနေ ဖြေးဖြေးလေး လောင်းချလိုက်တဲ့အခါ ရေညှိကြက်ဥ ဟင်းရည်လေးကို ငါးထမင်းနဲ့ တွဲစားလို့ ရပါပြီ... ဟင်းရည် ပူပူလေးသောက်ရင်း ငရုပ်သီးကြော်လေးကို ကိုက်ရင်း စားလိုက်ရတဲ့  ရှူးရှူးရှဲရှဲ အရသာကို အားလုံးကို  ပြန်မျှဝေလိုက်ပါတယ်နော်။









အစားအသောက် ၀ါသနာပါသူများ လုပ်စားကြည့်ချင်တယ်ဆိုရင် ငွေကုန်ကြေးကျ မများလှတဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ ငါးထမင်းချဉ် အရသာကို ခံစားနိုင်ပါပြီ။





ချော (အစိမ်းရောင်လွင်ပြင်)

ကွာရှင်းပြတ်စဲခြင်း










ကွာရှင်းပြတ်စဲခြင်း








အပိုင်း(၁)



ထမင်းစားခန်းမှာ ညစာပြင်ဆင်နေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့်ရဲ့ စိတ်အစဉ်က ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်တာကာလရဲ့ တစ်ခုသော နေ့လေးတစ်နေ့ကို ပြန်တွေးတော သတိရလိုက်မိပါတယ်..  အဲဒီနေ့က ကျွန်တော့်တို့၂ယောက်ရဲ့ မင်္ဂလာဦးနေ့။




ကျွန်တော်နဲ့ ကေသီကို သယ်ဆောင်လာတဲ့ မင်္ဂလာကားဟာ ကျွန်တော်တို့ ၂ယောက်နေထိုင်မဲ့ တစ်ထပ်တိုက်ပုလေးရှေ့မှာ ရပ်လိုက်တယ်ဆိုရင်ဘဲ ကျွန်တော်ဟာ ကေသီကို ကျွန်တော့်လက်တွေနဲ့ ပွေ့ချီပြီး ခြံဝင်းကလေးကနေ အိမ်ထဲကို ၀င်လာခဲ့ပါတယ်.. အဲဒီချိန်တုန်းက ကေသီရဲ့ မျက်နှာဟာ ကြည်နူးတဲ့ အလှဆုံးအပြုံးလေးနဲ့အတူ ရှက်သွေးတွေဖြာလို့ သိပ်ကို ချစ်စရာကောင်းနေခဲ့တယ်.. ကျွန်တော်ဟာလည်း ကမ္ဘာမှာ အပျော်ဆုံး သတို့သားတစ်ယောက် ဖြစ်ခဲ့တာပါဘဲ။




အဲဒီနေ့တွေဟာ ကျွန်တော်တို့အတွက် မမေ့နိုင်အောင် ပျော်ဖို့ကောင်းတဲ့ ကြည်နူးဖွယ်ရက်စွဲတွေ ဖြစ်ခဲ့ပါတယ်.. ကျွန်တော်တို့ အိမ်ထောင်ရေးဟာလည်း သန့်စင်ကြည်လင်နေတဲ့ ရေခွက်ထဲက ရေလိုပါဘဲ.. ကြည်ကြည်လင်လင်နဲ့ စိတ်ချမ်းသာဖို့ သိပ်ကောင်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ရှိခဲ့ကြပါတယ်..  သူငယ်ချင်းတွေကြားမှာ အားကျစရာ အိမ်ထောင်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ကြတယ်..  အိမ်ထောင်သက် ၂နှစ်လောက်အကြာ သားတစ်ယောက် ရလာပြီးနောက်မှာတော့ ကျွန်တော့် စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာခဲ့တယ်.. ပိုင်ဆိုင်မှုတွေ တဖြေးဖြေး တိုးပွားလာသလို အလုပ်တွေလဲ များလာတယ်.. ကေသီကလည်း ရုံးတစ်ရုံးမှာ ၀န်ထမ်းဆိုတော့ မနက်တိုင်း အလုပ်သွားတာ ညနေမှ ပြန်ရောက်နိုင်တယ်.. ကျွန်တော်တို့ ၂ယောက်လုံး အိမ်ကနေ အတူတူထွက်ဖြစ်ကြပေမဲ့ အလုပ်ရှိရာအရပ်က တစ်ယောက်တစ်လမ်းစီမို့ ကေသီက ဘတ်စ်ကား စောင့်စီးပြီး ကျွန်တော်ကတော့ ကိုယ့်ကားနဲ့ကိုယ် ကုမ္ပဏီကို ထွက်သွားတတ်ပါတယ်။




ကျွန်တော်တို့ သားလေးကိုတော့ သူ့ပညာရေးအတွက် မြို့ကြီးပေါ်က ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား သွားထားထားတဲ့အတွက် အိမ်မှာ မရှိပါဘူး..  ညနေဆို ကေသီက အိမ်ပြန်ရောက်တာ ပုံမှန်အချိန်ဖြစ်ပေမဲ့ အလုပ်များလွန်းတဲ့ ကျွန်တော့်အတွက်က ပုံမှန်အချိန်တိုင်း အိမ်ပြန်နိုင်ဖို့ မလွယ်တော့ဘူး။ လုပ်ငန်း အောင်မြင်လာတာနဲ့အမျှ အိမ်အတွက် အချိန်မပေးနိုင်တော့ဘဲ စီးပွားရေးမိတ်ဆွေတွေနဲ့ ဒင်နာသွားစားရတာတွေ၊ ဧည့်ခံ့ပွဲသွားရတာတွေနဲ့ တဖြေးဖြေး အိမ်ပြန်ချိန်ဟာ နောက်ကျကျလာတယ်.. ကေသီနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆုံတွေ့ချိန် နည်းလာတယ်.. ဒီလိုနဲ့ အိမ်ထောင်သက်တမ်း ကြာလာလေ ကျွန်တော်တို့ ၂ယောက်ကြားထဲက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှုတွေဟာ ဒီရေကျသလို တစ်ဖြေးဖြေး ကျဆင်းလာတယ်.. အားကျစရာဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ၂ယောက်ရဲ့ ချစ်ခြင်းဟာ  အေးစက်လာခဲ့တော့တယ်.. အိမ်ပြန်ချိန်နောက်ကျတတ်တဲ့ ကျွန်တော့်ကို ကေသီက ထူးထူးခြားခြား ဘာမှမေးလေ့မရှိဘဲ ဘာသိဘာသာ နေတတ်တယ်.. ကေသီက ကျွန်တော့်ကို ယုံကြည်လွန်းတာဘဲလား.. ဥပက္ခာပြုထားတာဘဲလား  သွေးအေးလွန်းတာဘဲလား ကျွန်တော် သေချာ မခန့်မှန်းနိုင်ခဲ့ဘူး။ ကေသီ ကျွန်တော့်ကို မချစ်တော့ဘူး ထင်ပါတယ်။





ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ၀င်ရောက်လာခဲ့တယ်.. ဂျူလီဟာ တည်ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်သည်ဘ၀ကို ယိမ်းယိုင်သွားဖို့ အစပျိုးလာပါတော့တယ်... ချစ်စရာကောင်းပြီး ငယ်ရွယ်ချောမောတဲ့ ဂျူလီဟာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း ကျွန်တော်နဲ့ သံယောဇဉ်ကြိုး သွယ်မိခဲ့ကြတာပါ။   ကေသီနဲ့ဆို အေးစက်ပြီးရင်ခုန်ဖို့ မေ့လျော့နေခဲ့တဲ့ ကျွန်တော့် နှလုံးသားဟာ ဂျူလီရဲ့ အချစ်ကြောင့် တစ်ဖန်ပြန်လည်ပြီး ရင်ခုန်တတ်ခဲ့ပါပြီ..  အချစ်ဆိုတာကို ပြန်ပြီး ခံစားတတ်လာပါတယ်။ ဂျူလီကလည်း သိပ်ကို ကြင်နာတတ်သလို၊ အယုအယကလဲ သိပ်ကောင်းပါတယ်.. စကားကိုလဲ ချိုအီနေအောင် ပြောတတ်တော့ ကျွန်တော့်စိတ်အာရုံအားလုံး ဂျူလီ့အပေါ် ပုံကျသွားခဲ့တာပါဘဲ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၂)




တစ်ရက်မှာ တိုက်ခန်းက ၀ရံတာလေးမှာ ထွက်ရပ်ပြီး ကျွန်တော် အတွေးနက်နေတုန်း ဂျူလီက ကျွန်တော့်ရဲ့ အနောက်ကနေ သိုင်းဖက်လိုက်ပါတယ်..  ဒီတိုက်ခန်းဟာ ဂျူလီအတွက် ကျွန်တော် ၀ယ်ထားပေးတဲ့တိုက်ခန်းပါ။ ဂျူလီက “ကိုက အရမ်းချောတာဘဲ.. မိန်းခလေးတစ်ယောက်ရဲ့ နှလုံးသားကို ကောင်းကောင်းကြီး ဆွဲဆောင်ထားနိုင်စွမ်း ရှိတဲ့သူဘဲနော်.. ဒါကြောင့်လဲ ဂျူလီက ကို့ကို သိပ်ချစ်မိတာပေါ့”  လို့ တိုးတိုးလေးနဲ့ ကပ်ချွဲပြီးပြောလိုက်တော့ သူ့ရဲ့ စကားလုံးတွေက ကျွန်တော့်ဇနီး ကေသီကို ရုတ်တရက် အမှတ်ရသွားစေခဲ့ပါတယ်..  ကေသီနဲ့ကျွန်တော် အိမ်ထောင်ဦးကာလတုန်းကလည်း ကေသီက ကျွန်တော့်ကို “ မောင်ဟာ မိန်းခလေးတွေအတွက် အတော့်ကို ဆွဲဆောင်အားကောင်းတဲ့သူ.. ကေသီတော့ စိတ်မချ ဖြစ်နေရဦးတော့မယ်”  လို့ ပြောခဲ့ဖူးပါတယ်.. ဒီစကားကို ပြန်သတိရမိတော့ ကေသီကို သစ္စာဖောက်မိတာ နောင်တရမိသလို ဖြစ်သွားရပါတယ်.. ဒါပေမဲ့ အေးစက်နေတဲ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးဟာ ပြန်လည်နွေးထွေးလာဖို့လဲ မျှော်လင့်ချက် မရှိတော့ပါဘူး… ကျွန်တော်ကိုယ်တိုင်လည်း ငယ်ရွယ်လှပပြီး တီတီတာတာ ပြောတတ်တဲ့ ဂျူလီကို ချစ်နေမိပြီပဲလေ။




ကျွန်တော် ဂျူလီနဲ့ မျက်နှာခြင်းဆိုင် ရပ်လိုက်ပြီး “ဂျူလီ.. တိုက်ခန်းအတွက် လိုအပ်တဲ့ ပရိဘောဂတွေ သွားဝယ်မယ်ဆို.. သွားလေ.. ကိုယ် အလုပ်ရှိသေးလို့ ကုမ္ပဏီကို ပြန်သွားလိုက်ဦးမယ်..”  ကျွန်တော့် စကားကို ကြားတော့ ဂျူလီရဲ့ မျက်နှာ ညှိုးသွားပါတယ်.. ပရိဘောဂဆိုင်ကို ကျွန်တော်တို့၂ယောက် အတူ သွားကြမယ်လို့ သူ့ကို ကတိပေးထားခဲ့တာကြောင့် ၂ယောက် အတူတူ သွားလိမ့်မယ်လို့ ဂျူလီက မျှော်လင့်ထားတာပါ။ မကြာခင်မှာ ကေသီ့ကို ကျွန်တော်နဲ့ ဂျူလီအကြောင်း ဖွင့်ပြောပြီး တရားဝင် ကွာရှင်းမယ်.. ပြီးရင် ဂျူလီနဲ့အတူတူ နေကြမယ် ဆိုပြီး ကျွန်တော်တို့ စီစဉ်ထားခဲ့ကြပေမဲ့ ခက်နေတာက တကယ်တမ်း ကျွန်တော် ကေသီကို ကွာရှင်းစကား စပြောဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဘယ်လောက်ဘဲ တတ်နိုင်သလောက် ငြင်ငြင်သာသာ ဖြစ်အောင် ပြောပြော ကေသီအတွက်တော့ အပြင်းအထန် နာကျင်ခံစားရမှာပါဘဲ.. ကျွန်တော်တို့ ၂ယောက်ရဲ့ ကြားမှာ ဟိုးအရင် အိမ်ထောင်ဦးဘ၀ကလို ရင်ခုန်လှိုက်မောစွာနဲ့ ပူနွေးတဲ့ အချစ်မျိုး မရှိကြတော့တာကလွဲလို့ ကေသီဟာ ကျွန်တော့်အတွက်  သိပ်ကို ကောင်းတဲ့ ဇနီးတစ်ယောက်ပါ။





ကျွန်တော်ကြိုက်တတ်တဲ့ မနက်စာကို ကျွန်တော်မထခင်  သူတစ်ယောက်တည်း စောစောထပြီး အမြဲတမ်း ပြင်ဆင်ထားတတ်သလို ညနေလဲ ရုံးကနေလဲ အချိန်မှန် ပြန်ရောက်ပြီး ဘယ်လောက်တောင် အလုပ်ပင်ပန်းသည်ဖြစ်စေ မနားနိုင်ဘဲ ကျွန်တော်တို့ ၂ယောက်အတွက် ညစာကို ကျွန်တော်စားသည်ဖြစ်စေ၊ မစားဖြစ်သည်ဖြစ်စေ ပြင်ဆင်ချက်ပြုတ်ပါတယ်.. ကျွန်တော်ကတော့ စောစောပြန်ရောက်တဲ့ နေ့မှာတောင် သူ့ကို ကူဖော်မရဘဲ တီဗီရှေ့မှာထိုင်၊ တီဗီကြည့်ရင်း ကေသီချက်ပြုတ်ပြီးချိန်ထိ စောင့်နေတတ်ပါတယ်.. စားသောက်ပြီးတော့မှ တီဗီဆက်ကြည့်ရင်ကြည့်၊ မကြည့်ရင်လဲ ကွန်ပျူတာရှေ့မှာ အလုပ်များသလိုလိုနဲ့ ထိုင်နေပြီး ဂျူလီ့မျက်နှာလေးကို မှန်းဆကာ သူ့အကြောင်းလေးတွေ တွေးရင်း သူ့ကို သတိရနေတတ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကွာရှင်းစကားပြောဖို့တော့ ကျွန်တော့်နှုတ်က ထွက်ဖို့ ခက်ခဲလွန်းတာတော့ အမှန်ပါ။





ဒီကြားထဲမှာ ကျွန်တော် ကေသီကို နောက်သလိုလိုနဲ့ စကား စကြည့်ခဲ့ဖူးပါတယ်.. “ကေသီ တကယ်လို့များ မောင်တို့၂ယောက် ကွာရှင်းကြမယ်ဆိုရင် ကေသီဘာလုပ်မလဲ ”လို့ ရယ်ရယ်မောမော လှမ်းပြောလိုက်ပါတယ်.. ကေသီက ကျွန်တော့ကို အချိန်တော်တော်လေးကြာအောင် စိုက်ပြီးကြည့်နေခဲ့ပါတယ်.. စကားတစ်ခွန်းမှတော့ ပြန်မပြောပါဘူး.. ဒါပေမဲ့ သူ့စိတ်ထဲမှာ ဒီစကားဟာ နောက်ပြောင်တဲ့စကား ဖြစ်လိမ့်မယ်လို့ဘဲ ယုံကြည်ပုံ ရပါတယ်.. ဒါနဲ့တောင် ကေသီ့မျက်ဝန်းလေးတွေ မှာ မျက်ရည်စတွေနဲ့ လက်ခနဲ ဖြစ်သွားပြီး မှုန်မှိုင်းသွားပါတယ်.. စကားတစ်ခွန်းမှတောင် ခွန်းတုံ့မပြန်နိုင်ပါဘူး.. ကျွန်တော် ကွာရှင်းမဲ့ကိစ္စကို အတည်သာပြောမယ်ဆိုရင် ကေသီဘယ်လောက်များ ခံစားရမှာပါလိမ့်။ ကေသီဘယ်လိုများ တုံ့ပြန်မယ်ဆိုတာ ကျွန်တော် မှန်းဆလို့တောင် မရပါဘူး။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၃)




တစ်ရက်မှာ ကေသီဟာ သူတို့ရုံးကိစ္စတစ်ခုနဲ့ အပြင်ထွက်လာရင်း ကျွန်တော့်ကုမ္ပဏီကို ရောက်လာပါတယ်.. ကံကောင်းတာက အဲဒီအချိန်မှာ ဂျူလီက အပြင်ထွက်သွားချိန် ဖြစ်နေပါတယ်..  ဒါပေမဲ့ ကေသီဟာ ကျွန်တော့်ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်က စာနာသနားတဲ့ ဂရုဏာအရိပ်အယောင်တွေ၊ ဖွင့်ဟမပြောပေမဲ့ တစ်စုံတစ်ရာ ဖုံးကွယ်ထားပုံရတဲ့ စကားလုံးတွေဆီကနေ သင်္ကာမကင်းဖြစ်စရာ အရိပ်အယောင်တစ်ခုခုကို ရှာတွေ့သွားပုံ ရခဲ့ပါတယ်.. သူဟာ ၀န်ထမ်းတွေကို ညင်ညင်သာသာလေး ပြုံးပြပြီး စကားပြောနေခဲ့ပေမဲ့လို့ သူ့မျက်ဝန်းတွေမှာတော့ နာကျင်တဲ့ ခါးသီးမှုတစ်မျိုးကို ကျွန်တော်တွေ့လိုက်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း နာကျင်နေပုံရတဲ့ ကေသီမျက်ဝန်းတွေကိုကြည့်ပြီး ၀မ်းနည်းလာမိပါတယ်.. ကေသီကို ကျွန်တော်မချစ်တော့ပေမဲ့ ရက်စက်နိုင်တဲ့စိတ်လည်း ကျွန်တော့်မှာ မရှိပါဘူး။ ကေသီဟာ  ပြန်ခါနီးကျတော့ ကျွန်တော့်ကို ကြည့်သွားတဲ့ အကြည့်တွေထဲမှာ အဓိပ္ပါယ်တစ်ချို့ ပါဝင်တဲ့ အကြည့်တွေနဲ့ ကြည့်သွားခဲ့ပါတယ်.. နာကျင်ရိပ် တစ်ချို့နဲ့အတူ တောင်းပန်ရိပ်လေးတွေ စွက်နေခဲ့တယ်လို့ ကျွန်တော် ခံစားနားလည်မိလိုက်ပါတယ်။




ဒီလိုနဲ့ ကွာရှင်းပြတ်စဲဖို့ ခုချိန်ထိ ပြတ်ပြတ်သားသား မလုပ်သေးဘဲ အချိန်ဆွဲနေတဲ့ ကျွန်တော့်ကို ဂျူလီကလည်း တစ်ချိန်လုံး ဖိအားတွေ ပေးလာနေပါပြီ။ ဒီတစ်ပတ်ထဲမှာဘဲ ကေသီကို ဖွင့်ပြောဖို့ ဂျူလီက ရာဇသံပေးပါတယ်.. ကျွန်တော်လည်း ပြတ်သားဖို့အချိန်တန်ပြီလို့ ဆုံးဖြတ်ပြီး ဒီတစ်ပတ်မှာ ပြောပါမယ်လို့ ဂျူလီကို ကတိပေးလိုက်ပါတော့တယ်.. ဖွင့်ပြောဖို့ ဆုံးဖြတ်ထားတဲ့ တစ်ရက်မှာတော့ ကေသီပြင်ဆင်ကျွေးမွေးတဲ့ ညနေစာကို စားသောက်ပြီးချိန်မှာ ကျွန်တော် သူ့လက်ကို အသာဆုပ်ကိုင်လိုက်ပြီး “ကေသီ မင်းကို မောင်ပြောစရာရှိတယ်..” လို့ စကားစ လိုက်ပါတယ်... ဒီအခါ ပန်းကန်သိမ်းဖို့ ပြင်နေတဲ့ ကေသီဟာ ထမင်းစားပွဲက ထိုင်ခုံမှာ ပြန်ထိုင်ချလိုက်ပြီး ကျွန်တော့်ကို ဘာမှ မမေး ၊ စကားလည်း တစ်ခွန်းမှ မဆိုဘဲ စားပွဲခင်းကိုသာ စိုက်ကြည့်နေပါတယ်.. သူ့မျက်ဝန်းတွေထဲက နာကျင်ရိပ်တွေကို ကျွန်တော် တွေ့မြင်လိုက်ရပြန်ပါပြီ။ ကျွန်တော် ဘာပြောမယ်ဆိုတာ ကေသီ ရိပ်များ ရိပ်မိနေမလား… စဉ်းစားရင်း ကျွန်တော်ပါးစပ်က ကွာရှင်းဖို့ကိစ္စကို ပြောထွက်ဖို့ ချက်ခြင်းဘဲ ၀န်လေးသွားရပြန်ပါပြီ..  ဒါပေမဲ့ ကျွန်တော် တွေဝေနေလို့ မဖြစ်တော့ဘူး ပြောကိုပြောမှ ဖြစ်တော့မယ်.. ဂျူလီကလဲ ကျွန်တော်နဲ့ အမြဲတမ်း အတူတူနေချင်လှပြီ.. ခုလိုတစ်ခါတစ်လေမှ တွေ့ရတဲ့ ဘ၀ကို သူမကျေနပ်နိုင်တော့ဘူး.. ကျွန်တော် ကေသီကို တရားဝင်ကွာရှင်းပြီး ဂျူလီနဲ့ဘဲ ဘ၀အသစ်ကို စတော့မယ်..  ဒီလိုတွေးမိလိုက်ပြီး အားပြန်တင်းရင်း ကေသီ့ကို ကျွန်တော် ပြောချလိုက်ပါတယ်..




“မောင့်ကို ကွာရှင်းခွင့်ပေးပါ ကေသီ.. မောင် မင်းနဲ့ ကွာရှင်းချင်တယ်.. ”




ကျွန်တော့်စကားကို ကြားတဲ့ ကေသီဟာ ထူးထူးခြားခြား တုန်လှုပ်ဟန်၊ အံ့သြဟန်လဲ မပြဘူး.. ဒါပေမဲ့ သူ့မျက်ဝန်းကနေတော့ မျက်ရည်တွေ စီးကျလာတယ်.. ပြီးတော့ ကြေကွဲ ဆို့နင့်နေတဲ့ အသံနဲ့ “အကြောင်းပြချက်က ဘာကြောင့်လဲမောင် .. မောင့်အပေါ် ဘာတွေများ တာဝန်မကျေလို့လဲ.. ကေသီ့ဘက်က မယားဝတ္တရား ပျက်ကွက်တာ ဘာများ ရှိခဲ့လို့လဲ… ” မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ ကေသီ့မေးခွန်းတွေကို ပြန်ဖြေဖို့ ကျွန်တော် ဆွံ့အသွားပါတယ်.. ကျွန်တော်ထင်တာက ကျွန်တော့်စကားကို ကြားရင် ကေသီဟာ အော်ကြီးဟစ်ကျယ်  ရန်တွေ့မယ်.. ငိုယိုပြီး ကျွန်တော့်ကို ထုရိုက်မယ်၊ တွေ့ရာနဲ့ ကောက်ပေါက်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ တွေးထင်မထားခဲ့တာကြောင့် ကေသီကို ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရပါတယ်.. ကျွန်တော့်မျက်နှာကို မျက်ရည်တွေကြားကနေ အကြာကြီး စိုက်ကြည့်နေခဲ့ပြီး ကျွန်တော့်အဖြေကို ကေသီက စောင့်ဆိုင်းနေခဲ့တယ်.. ကျွန်တော့်ဆီက ဘာစကားသံမှ ထွက်မလာတဲ့အဆုံး “ကောင်းပြီလေ..  ကွာရှင်းဖို့ကို မောင့်ဘက်က တကယ် လိုလားနေတယ် ဆိုမှတော့ မောင့် စိတ်တိုင်းကျသာ ဆုံးဖြတ်ပါ…” လို့ ပြောပြီး ခါးခါးသီးသီး ရှိုက်သံတွေ၊ မျက်ရည်တွေနဲ့  ကေသီ ထမင်းစားခန်းထဲကနေ ပြေးထွက်သွားခဲ့ပါတယ်.. အဲဒီညက ကျွန်တော်တို့၂ယောက်ရဲ့ အိပ်ခန်းထဲကို ကေသီရောက်မလာပါဘူး.. အခန်းပိုတစ်ခုမှာ သူ့တစ်ယောက်တည်း သွားအိပ်ပုံရပါတယ်. ကေသီဟာ တစ်ညလုံး ငိုကြွေးနေမှာ သေချာပါတယ်.. အကြောင်းပြချက် မပေးပေမဲ့ ကေသီနားလည်မယ် ထင်ပါတယ်လေ. ကေသီနဲ့ပတ်သက်ရင် အေးစက်နေတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သူမြင်တွေ့နိုင်မှာပါ.. ခုချိန်မှာတော့ ကျွန်တော့ အသည်းနှလုံးက ဂျူလီအတွက်သာ ဖြစ်နေပါပြီ။ ဂျူလီဟာ ကျွန်တော့်ရင်ခုန်သံ မြန်အောင်ပြုစားနိုင်တဲ့ နတ်သမီးတစ်ပါးပါ။ ဂျူလီနဲ့ဆို ကျွန်တော် သိပ်ကိုပျော်မယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၄)




နောက်ရက်ကစပြီး ကျွန်တော်ဟာ ကေသီနဲ့ ကွာရှင်းပြတ်စဲဖို့ကိစ္စကို စတင် ဆောင်ရွက်ပါတော့တယ်.. ကွာရှင်းစာချုပ်တစ်စောင် အကြမ်းရေးပြီး ကေသီ့ကို ကျွန်တော် ပြလိုက်တယ်.. စာချုပ်ထဲမှာ အခုလက်ရှိ ကျွန်တော်နဲ့ ကေသီနေတဲ့အိမ်ရယ်၊ ကျွန်တော်စီးနေတဲ့ကားရယ်၊ ကျွန်တော့် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၃၀% ရယ်ကို ကေသီ့ကို ပိုင်ဆိုင်ခွင့်ပေးကြောင်း ထည့်ရေးထားတာပါ။ ကျွန်တော်ပြတဲ့ စာချုပ်အကြမ်းကို ကေသီက တစ်ချက်သာ ဖြတ်ခနဲကြည့်လိုက်ပြီး တစ်စစီ ဆွဲဆုတ်လိုက်ပြီးနောက်မှာ  ကျွန်တော့်ရှေ့မှာ ရှုံးပွဲချ ငိုကြွေးနေပါတယ်… ကြေကြေကွဲကွဲ ငိုကြွေးနေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့ရင်ထဲမှာလဲ တစ်ဆစ်ဆစ်နဲ့ နာကျင်နေမိပါတယ်.. ဒါပေမဲ့ တစ်ခုခု နှစ်သိမ့်ဖို့ ကျွန်တော် မကြိုးစားချင်တော့ပါဘူး… စိတ်ရှိလက်ရှိ ငိုကြွေးလိုက်တာက သူ့ရင်ထဲမှာ ခံစားနေတာတွေ နည်းနည်းတော့ ဖြစ်ဖြစ် သက်သာသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်.. ခုလိုဆိုတော့ ဂျူလီအတွက်ကြောင့်  ၁၀နှစ်ကျော်ကြာအောင် ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်နဲ့ သူစိမ်းပြင်ပြင် ဖြစ်ရတော့မှာကို တွေးမိတော့ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမိတာတော့ အမှန်ပါ။ ကွာရှင်းဖို့ စီစဉ်နေရပေမဲ့ ကိုယ့်ကိုယ်ကို အပြစ်ကျူးလွန်နေမိတယ်လို့ ကျွန်တော် ခံစားနေမိပါတယ်.. ဒါပေမဲ့ ကျွန်တော် နောက်ဆုတ်လို့လဲ မဖြစ်တော့ပါဘူး… ကေသီ့အပေါ် မတရားမှန်း ကျွန်တော်သိပေမဲ့ ဂျူလီရဲ့ အချစ်ကိုလည်း ကျွန်တော် မလွန်ဆန်နိုင်ဘူး...  ကျွန်တော်ဂျူလီနဲ့နေဖို့ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေပါပြီ။




အဲဒီညမှာ ကေသီဟာ စာရေးစားပွဲပေါ်မှာထိုင်ပြီး တစ်စုံတစ်ခုကို ရေးနေတာ တွေ့ရပါတယ်.. ညတစ်ရေးနိုးလို့ ရေထသောက်ချိန်ထိလဲ အဲဒီစားပွဲမှာ သူရှိနေတုန်းပါ… ကျွန်တော် ပြန်အိပ်ပျော်သွားပြီးလို့  မိုးလင်းတော့ မနက်စာ စားချိန်မှာ ကေသီဟာ သူကိုယ်တိုင်ရေးထားတဲ့ ကွာရှင်းစာချုပ် အကြမ်းတစ်စောင်ကို လာပြပါတယ်.. သူ့စာချုပ်ထဲမှာ ကျွန်တော်နဲ့ ကွာရှင်းပြတ်စဲတဲ့အတွက် ဘယ်လိုရပိုင်ခွင့်မျိုးကိုမှ သူယူမှာမဟုတ်တဲ့အကြောင်း၊ ဒါပေမဲ့ ကျွန်တော်နဲ့ မကွာရှင်းခင် တစ်လတိတိ သူနဲ့အတူတူ ယခင်ကအတိုင်း ပုံမှန်အနေအထားမျိုး အတတ်နိုင်ဆုံး နေပေးဖို့ တောင်းဆိုထားပါတယ်.. သူ့အကြောင်းပြချက်က ကျွန်တော်တို့ ၂ယောက်ရဲ့ သားလေးဟာ နောက်၃ရက်လောက်ဆို နွေရာသီ ကျောင်းတစ်လပိတ်တာမို့ အိမ်ကိုပြန်လာတော့မှာ ဖြစ်ပါတယ်.. ကွာရှင်းတဲ့ကိစ္စကို သားရှေ့မှာ မဖြစ်စေချင်တာကြောင့် သားရှိနေတဲ့ ဒီတစ်လအချိန်အတွင်းမှာ ကျွန်တော်တို့၂ယောက် ပုံမှန်အတိုင်း နေပြချင်တယ်လို့ ကေသီက တောင်းဆိုတာပါ။ ကျိုးကြောင်း ဆီလျော်တဲ့ ကေသီရဲ့ တောင်းဆိုချက်ကို ကျွန်တော်လဲ လျောလျောရှူရှူ လက်ခံလိုက်ပါတယ်..




ကေသီက ကျွန်တော့်ကို “မောင်… ကေသီတို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်တုန်းက ကေသီ ဒီအိမ်ထဲကို ဘယ်လိုရောက်လာတယ်ဆိုတာ မောင်မှတ်မိသေးလား” လို့ နူးညံ့တဲ့ အသံလေးနဲ့ မေးလိုက်တဲ့ ကေသီ့မေးခွန်းက ကျွန်တော်တို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်ကို ပြန်အမှတ်ရ သွားစေခဲ့ပါတယ်.. “မောင်.. မှတ်မိပါတယ်”  လို့ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တော့ ကေသီက ဆက်ပြီးပြောပါတယ်.. “ မောင်က ကေသီ့ကို ပွေ့ချီပြီး ကားပေါ်ကနေ အိမ်ထဲ ခေါ်လာခဲ့တာလေ.. ဒီတော့ မောင့်ကို ကေသီတစ်ခု တောင်းဆိုချင်တာက မောင်နဲ့ မကွာရှင်းခင် အတူတူနေခွင့်ရတဲ့ ဒီတစ်လအတွင်းမှာ မောင်ရော ကေသီရော အလုပ်ကို သွားကြတဲ့ မနက်တိုင်း အိမ်ခန်းထဲကနေ ခြံဝင်းထိ မောင်က ကေသီ့ကို ပွေ့ချီသွားပေးပါ။ သားလေး ပြန်ရောက်တဲ့ နေ့ကစလို့ နောက် တစ်လတိတိ နေ့တိုင်း မပျက်မကွက် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်.. ဒါလေးကို မောင် လိုက်လျောပေးနိုင်မလား ” ကေသီရဲ့ တောင်းဆိုစကားကို ကြားရတော့ ကျွန်တော် တွေဝေ တုံ့ဆိုင်းနေခြင်း မရှိဘဲ လိုက်လျောဖို့ သဘောတူလိုက်ပါတယ်.. ရက်ရက်စက်စက် ချန်ထားခြင်းခံရမဲ့ ကေသီအတွက် ဒီလောက်တော့ လိုက်လျောဖို့ ထိုက်တန်ပါတယ် လို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ကေသီဟာ မင်္ဂလာဦးကာလတုန်းက ပျော်ရွှင်ခဲ့ရတဲ့ အဖြစ်တွေကို ပြန်သတိရပြီး အခု ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်စရာ အမှတ်တရတွေနဲ့သာ အဆုံးသတ်ချင်ပုံရပါတယ်..




ကျွန်တော်က ကေသီရဲ့ တောင်းဆိုချက်အကြောင်းကို ဂျူလီ့ကို ပြောပြပြီး တစ်လလောက် စောင့်ပေးဖို့ ပြောလိုက်တော့ ဂျူလီက မျက်နှာကို တစ်ချက်မဲ့လိုက်ပြီး အားရပါးရ ရယ်မောပါတယ်… ပြီးတော့ “ဒါ သက်သက်ညစ်တာ… ကို့မိန်းမက ဘာတွေ ပရိယာယ်ဆင်ဦးမလို့လဲ မသိဘူး.. သူဘာဘဲလုပ်လုပ်လေ နောက်ဆုံးတော့ ကွာရှင်းတာကိုဘဲ သူရမှာပါ” လို့ သူ့ကိုယ်သူ ယုံကြည်စွာနဲ့ အခိုင်အမာ ပြောလိုက်ပါတယ်.. ဂျူလီရဲ့ စကားက ကျွန်တော့်စိတ်ကို ကသိကအောက် ဖြစ်စေပြီး ကေသီအတွက် စိတ်မကောင်းဖြစ်မိပါတယ်.. တကယ်တမ်းတော့ ကျွန်တော် ကွာရှင်းချင်တယ် ဆိုပေမဲ့ ကေသီ့မှာ ဘာမှ အပြစ်မရှိရှာပါဘူး… ဂျူလီကို ချစ်မိတဲ့ အကြောင်းတစ်ခုတည်းနဲ့ ကေသီကို ကျွန်တော် ထားခဲ့ရမှာပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၅)




အရင်ကတည်းက ကေသီနဲ့ကျွန်တော်ဟာ မင်္ဂလာဦး ကာလတွေတုန်းကလို  နှစ်နှစ်ကာကာ၊ သည်းသည်းလှုပ် ဖြစ်မနေတော့ဘဲ အေးစက်စက် ဖြစ်နေခဲ့တာ ကြာပြီဆိုပေမဲလို့ ကွာရှင်းဖို့ကိစ္စ ဖွင့်ပြောလိုက်တဲ့နေ့ကစပြီး ကေသီနဲ့ကျွန်တော့်အကြားမှာ အရိပ်မဲကြီးတစ်ခု ခြားသွားသလို ခံစားလိုက်ရပါတယ်.. ကေသီရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်စကိုမှ မတွေ့ရတော့ဘဲ ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာကိုသာ တွေ့ရတော့တယ်.. တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ကိုလည်း ရှောင်လွှဲနေခဲ့ကြတော့ တကယ့်ကို တစိမ်းပြင်ပြင် ဖြစ်သွားသလိုပါဘဲ..





ကျွန်တော်တို့ ၂ယောက် သဘောတူထားတဲ့ အတိုင်းပါဘဲ.. သားပြန်ရောက်လာတဲ့ ပထမဆုံးနေ့ ရုံးသွားချိန်မှာ ကေသီကို အခန်းထဲကနေ အိမ်ရှေ့ခြံဝင်း တံခါးပေါက်ထိ ကျွန်တော် ပွေ့ချီလာတော့ ၂ယောက်လုံး တောင့်တောင့်ကြီးတွေ ဖြစ်နေခဲ့ကြတယ်.. တစ်ယောက်နဲ့တစ်ယောက် ခုလို ကြင်ကြင်နာနာ၊ ယုယုယယ မနေဖြစ်ခဲ့တာ ကြာခဲ့ပြီ မဟုတ်လား..  ဘာမှ မသိရှာတဲ့ သားလေးကတော့ “ဟေး…  ဖေဖေက မေမေ့ကို ပွေ့ထားတယ်ကွ” လို့ အော်ဟစ်ပြီး ၀မ်းသာအားရ လက်ခုပ်လေးတီးရှာတယ်.. သားရဲ့ အသံက ကျွန်တော့် အသည်းနှလုံးကို ဖျစ်ညစ်လိုက်သလို ခံစားလိုက်ရပါတယ်.. အိမ်ရှေ့ခြံဝင်းထဲရောက်တော့ “ကွာရှင်းမဲ့ကိစ္စ သားလေးမသိပါစေနဲ့နော်” လို့ ကေသီက တိုးတိုးလေး ပြောလိုက်တော့ သူ့ကိုပွေ့ချီထားရက်နဲ့ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး “စိတ်ချပါကွာ” လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ မသက်မသာ ခံစားနေရတာ အမှန်ပါဘဲ.. ခြံရှေ့ရောက်တော့ ကေသီကို ကျွန်တော် ချပေးလိုက်ပြီး ကားပေါ် မောင်းတက်ခဲ့လိုက်ပါတယ်.. ကေသီကတော့ ဘတ်စ်ကားဂိတ်ကို ထွက်ခွာသွားပါတယ်။




နောက်နေ့တွေမှာတော့ ပထမဆုံးနေ့ကလို  ခပ်တောင့်တောင့် ဖြစ်မနေကြတော့ဘဲ ကေသီ့ကို ပွေ့ချီရတာ သက်တောင့်သက်သာ ရှိလာတယ်..  ကေသီကလည်း ကျွန်တော်ရဲ့ လည်ပင်းကို ပြန်ပြီးသိုင်းဖက်လာတတ်တယ်.. ကေသီရဲ့ အင်္ကျီမှာ ဆွတ်ထားတဲ့ ရေမွှေးနံ့တောင် ကျွန်တော့ နှာဝမှာ အတိုင်းသား ရှုရှိုက်နေရတယ်.. အဲဒီရေမွှေးနံ့ကို ရလိုက်တော့မှ ကျွန်တော် ကေသီ့ကို ရေမွှေးပုလင်း မ၀ယ်ပေးဖြစ်တာ ဘယ်နှနှစ် ရှိသွားပြီလဲဆိုတာကို ပြန်စဉ်းစားတော့ ဘယ်လောက် ကြာသွားပြီဆိုတာ  မှတ်ကိုမမှတ်မိတော့..  ဟိုးယခင်တုန်းကတော့ ကေသီကြိုက်တတ်တဲ့ ရေမွှေးပုလင်းတွေတိုင်း ကျွန်တော် ၀ယ်ပေးခဲ့တာချည်းပါဘဲ..  တစ်အိမ်ထဲ နေကြပေမဲ့လို့ ကေသီနဲ့ပတ်သက်တဲ့ အကြောင်းတွေ ကျွန်တော် သတိမထားဖြစ်တာ ကြာခဲ့ပြီဘဲ။ သက်ပြင်းကိုဖွဖွ  ချလိုက်မိတော့ ကေသီက ကျွန်တော့် မျက်နှာကို မော့ကြည့်လာတယ်.. ကျွန်တော်လဲ ကေသီ့မျက်နှာကို ပြန်ငုံ့ကြည့်မိလိုက်ပြန်တယ်..  ဒီတော့မှ ကေသီ့မျက်နှာကို စေ့စေ့ မကြည့်ဖြစ်ခဲ့တာတောင် ကြာပြီဆိုတာကိုလည်း  သတိရသွားမိတော့တယ်.. အိုး ကေသီဟာ လွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော်တို့ မင်္ဂလာဦးချိန်တွေတုန်းကလို ငယ်ရွယ်နုပျိုတဲ့ မိန်းခလေးတစ်ယောက် မဟုတ်တော့ပါဘဲလား… သူ့မျက်နှာနဲ့ မျက်လုံးထောင့်တွေမှာ အရေးအကြောင်း တစ်ချို့ ထင်စပြုနေခဲ့ပြီ။ လှပတဲ့ ကေသီ့မျက်နှာက ရင့်ကျက်ခြင်းနဲ့အတူ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလှကို ထပ်ဆောင်းထားခဲ့ပြီ။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၆)




နောက်တစ်တစ်ပတ်လောက်မှာ့ ကေသီကို ကျွန်တော်ပွေ့ချီလိုက်တော့ ကေသီက “ညတုန်းက မိုးရွာထားတာ ခြံထဲက ကျောက်ပြားက ချောနေတယ်.. သတိထားနော်” လို့ တိုးတိုးလေး သတိပေးစကားကို ပြောလာတယ်.. ကျွန်တော့် ရင်ထဲမှာ နွေးကနဲ ခံစားလိုက်ရပြီး ကြည်ကြည်နူးနူး ပြုံးလိုက်တော့ ကေသီက မျက်နှာနီပြီး ခေါင်းကိုငုံ့သွားတယ်.. ကေသီ့ကို ပွေ့ထားရတဲ့ ကျွန်တော့်ရဲ့ ခံစားချက်ဟာ ပထမနေ့တုန်းကလို တာဝန်အရ လုပ်ရတာမျိုး မဟုတ်တော့ဘဲ တကယ့်ကို စိတ်ပါလက်ပါဖြစ်လာတယ်.. ဒါပေမဲ့ ဒီအကြောင်းတွေကို ဂျူလီကို ကျွန်တော်လုံးဝ မပြောမိဘူး… ဂျူလီရဲ့ “ဘာတွေထူးခြားသေးလဲ” ဆိုတဲ့ အမေးကို ဘာမှ “မထူးခြားပါဘူးကွာ” ဆိုပြီး ခပ်ပေါ့ပေါ့ အဖြေကိုသာ ပေးဖြစ်ခဲ့တယ်။




နောက်ရက်တွေမှာလည်း ကေသီဟာ ကျွန်တော်ရဲ့ အင်္ကျီကို  မီးပူတိုက်ပြီး ဘယ်ပေါ်မှာ တင်ထားတယ်.. ဘယ်ဘောင်းဘီနဲ့ ၀တ်သွား၊ ပြန်လာရင် ညနေအတွက် ဘယ်ဟိုတယ်မှာ သားလေးကြိုက်တာလေး ၀ယ်ခဲ့ပါ စသဖြင့် ပြောတတ်လာတယ်.. ညပြန်ရောက်ရင် သားရယ် ကေသီရယ်၊ ကျွန်တော်ရယ် ညစာအတူတူစားကြ၊ တီဗီကလာတဲ့ အစီအစဉ်တွေ ထိုင်ကြည့်ပြီး ရယ်မောကြနဲ့ ခါတိုင်း ဒီချိန်တွေမှာ ဂျူလီကို သတိရနေတတ်တဲ့ ကျွန်တော့်စိတ်တွေ မိသားစုပျော်ရွှင်မှုထဲ နှစ်မြုပ်လာတယ်.. ဂျူလီဟာ ကျွန်တော့် သတိရခြင်းတွေထဲမှာ မှုန်ဝါးဝါးဖြစ်လာခဲ့ပြီ။ ကေသီ့ကို ပွေ့ချီရတာလည်း တစ်ရက်ထက်တစ်ရက် ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်လို့ ကျွန်တော် ထင်လာခဲ့တယ်။






ရက် ၂၀လောက်ကြာတော့ မနက် ရုံးသွားကြဖို့ အ၀တ်လဲနေတဲ့ ကေသီ့ကို ပွေ့ချီဖို့စောင့်ရင်း ကျွန်တော်က “ကေသီ မင်းကို ပွေ့ရတာ အရင်ကထက်စာရင် ပိုပြီးပေါ့သွားသလိုဘဲ.. မောင်က  ပိုပြီး သန်မာလာလို့ ဖြစ်မယ်ထင်တယ်နော်” လို့ နောက်ပြီး ပြောလိုက်ပါတယ်.. ကေသီက အ၀တ်တွေ တစ်စုံပြီးတစ်စုံ ရွေးနေရင်း သူနဲ့တော်တဲ့ အင်္ကျီကို ရှာမတွေ့ဖြစ်နေဟန်နဲ့ သက်ပြင်းချလိုက်ပြီး “အင်္ကျီတွေလဲ တစ်နေ့တစ်နေ့ ပိုကြီးကုန်ပြီထင်တယ်.. ကျွန်မနဲ့ တော်တဲ့အင်္ကျီ ရှာမရတော့ဘူး.”. လို့ ငြီးတွားလိုက်တော့ ကျွန်တော်က ပြုံးလိုက်မိပါတယ်.. ဒါပေမဲ့ ကေသီ့ကို သေချာကြည့်လိုက်တော့မှ ကျွန်တော် သဘောပေါက်လိုက်မိ့ပြီ.. ကေသီဟာ တော်တော့်ကို ပိန်သွားခဲ့တာပါဘဲလား.... တကယ်တမ်းတော့  ကျွန်တော်က ပိုပြီးသန်မာလာလို့ မဟုတ်ဘဲ ကေသီကသာ ကျွန်တော်ပွေ့ကာစ အရင် နေ့တွေထက်စာရင် အများကြီး ပိန်သွားတာမို့ သူ့ဝတ်စုံတွေက သူနဲ့ မတော်တော့ဘဲ ကြီးနေခဲ့တာပါ။ ဘာမှ မဖြစ်သလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းတော့ ကျွန်တော်နဲ့ ကွာရှင်းဖို့ကိစ္စဟာ ကေသီ့ရဲ့နှလုံးသားကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံစားရပုံ ပေါ်ပါတယ်..  ကေသီ ဘယ်လောက်များ စိတ်ဆင်းရဲနေခဲ့ပါလိမ့်…




ပိန်သွားတဲ့ ကေသီ့ခန္ဓာကိုယ် သွယ်လျလျကိုကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ  ၀မ်းနည်းခြင်းတွေ တစ်လှိုက်လှိုက် တက်လာပါတယ်.. ကျွန်တော် ကေသီ့ခေါင်းကလေးကို ကြင်နာစိတ်ကလေးနဲ့ လှမ်းကိုင်လိုက်ဖို့ လက်ရွယ်လိုက်တုန်းမှာ သားလေးက အခန်းထဲကို ရုတ်တရက် ရောက်လာပြီး “ဖေဖေ.... မေ့မေ့ကိုပွေ့ချီပြီး အလုပ်သွားဖို့ အချိန်ရောက်ပြီလေ” လို့ သတိပေးစကား ပြောလာပါတယ်.. သားလေးကြည့်ရတာ သူ့အဖေဟာ အမေဖြစ်သူကို ပွေ့ပြီး အလုပ်သွားတာကို အမြဲတမ်းတွေ့နေရမဲ့ မြင်ကွင်းလို့ ထင်မှတ်ထားပုံရပါတယ်.. ကေသီက သားလေးအနားကို တိုးကပ်သွားပြီး တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပါတယ်.. ကျွန်တော် ဒီမြင်ကွင်းကို ကြည့်ဖို့ အင်အားမရှိတော့တာကြောင့် မျက်နှာလွဲပစ်လိုက်မိပါတော့တယ်.. နောက်ဆုံးအချိန်နားနီးလာမှ ဆုံးဖြတ်ပြီးသား ကျွန်တော့်စိတ်တွေ ပြန်ပြောင်းလာမှာကိုလဲ စိုးမိပါတယ်.. ခနကြာတော့ ကေသီ့ကိုယ်လေးကို ကျွန်တော် ပွေ့ချီလိုက်ပြီး အိပ်ခန်းကနေ ခြံဝင်းတံခါးထိ လျှောက်လာတဲ့အချိန်မှာ ခါတိုင်းလိုဘဲ ကေသီက ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားပါတယ်.. ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ မင်္ဂလာဦးနေ့ကို ပြန်သတိရနေမိပေမဲ့ ကေသီရဲ့ ခန္ဓာကိုယ်ကတော့ မင်္ဂလာဦး အချိန်တွေတုန်းကထက် ပိုပြီးပေါ့ပါးသွားခဲ့ပြီ။ ဒီအဖြစ်က ကျွန်တော်ကို ထိထိခိုက်ခိုက် ကြေကွဲ ၀မ်းနည်းစေပါတယ်..




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၇)




ဒီနေ့ဟာ ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေး နောက်ဆုံးနေ့ပါဘဲ… ကျောင်းတွေပြန်ဖွင့်ပြီမို့ ညနေဆိုရင် သားလေးဟာ သူနေတဲ့ အဆောင်ကို ပြန်ရတော့မယ်.. ကျွန်တော်တို့၂ယောက်အတွက် နောက်ဆုံးနေ့မှန်းသိနေတော့ ကေသီ့ကိုပွေ့ချီထားတဲ့ ကျွန်တော့လက်တွေဟာ ခွန်အားမဲ့နေသလို ဖြစ်နေပြီး ခြေထောက်တွေကလည်း ခြေတစ်လှမ်းလှမ်းဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့မိတယ်.. ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားတဲ့ ကေသီရဲ့ လက်ဖျားလေးတွေဟာလည်း အေးစက်နေတာပါဘဲ.. တစ်ညလုံး ငိုကြွေးထားပုံရတဲ့  ကေသီရဲ့ မျက်ဝန်းတွေဟာလည်း နီရဲနေခဲ့တယ်.. သူ့ကိုပွေ့ချီလာတဲ့ လမ်းတစ်လျှောက်မှာ ကေသီကျွန်တော့်ကို ပြောလိုက်တဲ့စကားတစ်ခွန်းက “ကေသီစိတ်ထဲမှာ မင်္ဂလာဦးနေ့တုန်းကလိုဘဲ ကေသီတို့၂ယောက်လုံး အသက်ကြီးတဲ့အချိန်ထိ ကေသီ့ကို မောင့်လက်တွေနဲ့ အမြဲတမ်းပွေ့ချီလိမ့်မယ်လို့ ထင်ခဲ့မိတယ်” လို့ ကြေကြေကွဲကွဲ တုန်ရီဆို့နင့်တဲ့အသံနဲ့ ပြောလိုက်ပါတယ်.. ကျွန်တော် ကေသီ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး“ကေသီရယ် မောင်တို့ ၂ယောက်လုံးဟာ ခုလို အချစ်တွေ တဖြေးဖြေး လျော့ပါးလာတာကို သတိမမူမိခဲ့ကြဘူး.. စောစောကသာ သတိထားမိခဲ့ကြရင် သိပ်ကောင်းမှာဘဲ” လို့ပြောလိုက်မိပါတယ်.. ခြံရှေ့မှာ ကေသီရဲ့ ကိုယ်လေးကို ချလိုက်ပြီး ကျွန်တော် ကားတံခါးကိုတောင် သေချာမပိတ်နိုင်တော့ဘဲ ကားကို အလောတကြီး မောင်းထွက်လာခဲ့မိပါတော့တယ်..




ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော် ကြန့်ကြာလို့ မဖြစ်ဘူး.. ဒီတစ်ခါတော့ ဆုံးဖြတ်ချက်တွေ နှောင့်နှေးနေတာမျိုး မဖြစ်ချင်တော့ဘူး...  ကျွန်တော့်စိတ်တွေ ထပ်ပြီး ယိမ်းယိုင်သွားတာမျိုးလည်း အဖြစ်မခံနိုင်တော့ဘူး.. ကားကို ဂျူလီရဲ့ တိုက်ခန်းအောက်မှာ အသံမြည်အောင် ထိုးရပ်လိုက်ပြီး တိုက်ခန်း လှေကားထစ်တွေပေါ်ကို အပြေးကလေး တက်လာခဲ့မိပါတယ်.. ဂျူလီ့အခန်းရှေ့ရောက်လို့ တံခါးကိုခေါက်လိုက်တော့ ဂျူလီက ပြုံးချိုတဲ့ မျက်နှာလေးနဲ့ တံခါးလာဖွင့်ပေးတယ်.. ရောက်ရောက်ချင်း အခန်းထဲကို လှမ်းမ၀င်နိုင်ဘဲ ဂျူလီ့ကို အလောတကြီး ပြောချလိုက်မိတာက  “ဂျူလီ ကိုယ် ကေသီနဲ့ ကွာရှင်းဖို့ကိစ္စ မဖြစ်နိုင်တော့ဘူး” ကျွန်တော့်စကားကို ကြားလိုက်တဲ့ ဂျူလီဟာ အံ့သြသွားတဲ့ မျက်နှာနဲ့ “ဟင်.. ကို ဘာတွေပြောနေတာလဲ..နောက်နေတာလား.. ကြည့်စမ်းပါဦး  မျက်နှာလဲမကောင်းဘူး.. ကို ဖျားနေတာလား” ပြောပြောဆိုဆို ကျွန်တော့် နှဖူးကို သူ့လက်ကလေးနဲ့ လာစမ်းလိုက်ပါတယ်.. ကျွန်တော်က သူ့လက်ကို ဖယ်လိုက်ရင်း “ကိုယ်နောက်နေတာ မဟုတ်ဘူးဂျူလီ.. တကယ်ပြောနေတာ.. ဆောရီးပါဂျူလီ.. မင်းအတွက် ကိုယ်ဝမ်းနည်းပါတယ် ဆိုတာကလွဲလို့ တစ်ခြားလဲ ကိုယ်မပြောတတ်တော့ဘူး.. ကိုယ် ကေသီနဲ့ ကွာရှင်းဖို့ ဆိုတာ တကယ်ကို မလုပ်နိုင်တော့ဘူး… ကိုယ်နဲ့ ကေသီတို့ရဲ့ အိမ်ထောင်သည်ဘ၀ဟာ ပျင်းရိငြီးငွေ့စရာ ကောင်းခဲ့တာတော့ အမှန်ပါ။ အိမ်ထောင်သည် ဘ၀မှာ ဆက်လက်ရှိရမဲ့ အကြင်နာတွေ၊ ကရုဏာတွေ၊ ဂရုစိုက်နွေးထွေးမှုတွေကို ကိုယ်တို့ မေ့လျော့ခဲ့ကြတယ်.. တကယ်တမ်းတော့ တစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်က မရှိကြတော့လို့ မဟုတ်ကြပါဘူး.. ဒါကို ကိုယ်တို့၂ယောက် ခွဲရတော့မယ်ဆိုမှ နားလည်လာတယ်.. တန်ဖိုးထားရမှန်း သိလာတယ်.. ကိုယ် ကေသီကို မထားခဲ့နိုင်တော့ဘူး.. ကိုယ် အသက်ကြီးတဲ့အထိ ကေသီဟာ ကိုယ့်ဘေးနားမှာ ရှိရမဲ့ သူဘဲဆိုတာ ကိုယ် ခွဲခြားနားလည်သွားပြီ။ ဒါကြောင့် မင်းအတွက် ၀မ်းနည်းပါတယ်လို့ဘဲ ကိုယ်ပြောပါရစေဂျူလီ… ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့”




ကျွန်တော့်ရဲ့ စကားဆုံးသွားတော့မှ ဂျူလီဟာ ကျွန်တော် အလေးအနက် ပြောနေတယ်ဆိုတာ သိသွားပုံရပါတယ်.. အိပ်ရာက ရုတ်တရက်နိုးလာတဲ့သူလို ယောင်ယောင်ကန်းကန်း ကျွန်တော့်ကို ကြည့်နေရာကနေ သူရဲ့ လက်တစ်ဖက် မြောက်တက်သွားတာကို ကျွန်တော် မြင်လိုက်ပါတယ်.. ဒါပေမဲ့ ရှောင်လွဲဖို့ မကြိုးစားတော့ပါဘူး.. ကျွန်တော့်အပြစ်အတွက် ဒီလောက်တော့ ထိုက်တန်ပါတယ်.. မရှောင်ဘဲ ငြိမ်နေတဲ့ ကျွန်တော့် ပါးပေါ် ဂျူလီရဲ့ လက်ဝါးက အရှိန်ပြင်းပြင်း ကျလာပါတယ်.. ကျွန်တော့်မျက်နှာ လည်ထွက်သွားပြီး နောက်ဘက်ကို ယိုင်သွားတဲ့အချိန်မှာ ဂျူလီဟာ အခန်းတံခါးကို ၀ုန်းခနဲ မြည်အောင် ဆောင့်ပိတ်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ အသံကို ကြားလိုက်ရပါတယ်.. ကျွန်တော်လဲ ဂျူလီရဲ့ ငိုသံတွေကို လစ်လျူရှု ကြောခိုင်းလိုက်ပြီး  အောက်ထပ်ကို ပြန်ဆင်းလို့ ကားပေါ်တက်ကာ ကုမ္ပဏီကိုဦးတည် မောင်းထွက်ခဲ့ပါတော့တယ်။





ကားမောင်းလာရင်း လမ်းမှာတွေ့တဲ့ ပန်းဆိုင်တစ်ဆိုင်မှာ ကားကိုရပ်ပြီး ကေသီကြိုက်တတ်တဲ့ နှင်းဆီအဖြူဆွတ်ဆွတ်တွေနဲ့ ပန်းစည်းလှလှလေးတစ်စည်း လုပ်ပေးထားဖို့နဲ့၊ ညနေ ရုံးဆင်းချိန်မှာ လာယူမဲ့အကြောင်းပြောပြီး အော်ဒါမှာလိုက်ပါတယ်.. ဆိုင်က ၀န်ထမ်းကောင်မလေးက ပန်းစည်းပေါ်ချိတ်မဲ့ ကဒ်ပြားမှာ ဘယ်လို အကြောင်းအရာမျိုးရေးမလဲလို့ လှမ်းမေးပြီးတော့ ကျွန်တော့်ကို စာရွက်အကြမ်းတစ်ရွက် လှမ်းပေးလိုက်ပါတယ်..  ကျွန်တော်က တစ်ချက်ပြုံးလိုက်ပြီး စာရွက်ပေါ် ချရေးလိုက်တာက “ မောင်တို့ ၂ယောက်လုံး အိုမင်းလာတဲ့အချိန်ထိ မောင် မင်းကို ပွေ့ချီသွားမှာပါ.” ဆိုတဲ့ စာသားလေးပါ။ ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်လို့ ဒီပန်းစည်းလေးကို သူ့လက်ထဲ ထည့်လိုက်တဲ့အခါ ပန်းစည်းပေါ်က စာသားလေးကိုဖတ်လိုက်ရရင် ကေသီဘယ်လောက်များ ပျော်ရွှင်သွားမှာပါလိမ့်။ တွေးလိုက်မိတာနဲ့တင်  ကြည်နူးမှုလှိုင်းတွေ တစ်လိမ့်လိမ့်တက်လာပြီး ကျွန်တော့်ရင်ခုန်သံတွေကလည်း မင်္ဂလာဦးနေ့တုန်းကလို မြန်ဆန် နွေးထွေးလာပါတော့တယ်။




*****************************************************************************************************************






Love Stories Destiny မှ The Divorce ( Unknown Author) ကို နှစ်ခြိုက်မိသဖြင့် ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ အခြားသူများ ဘာသာပြန်ထားပြီးခဲ့ပါက တိုက်ဆိုင်မှုအတွက် ခွင့်လွှတ်ဖို့ ကြိုတင် တောင်းပန်ပါတယ်ရှင်.. ဒီဝတ္ထုလေး ဖတ်ပြီးချိန်မှာ နက်နက်ရှိုင်းရှိုင်း ခံစားမိသောကြောင့် စာဖတ်သူများကိုလည်း  ဒီဝတ္ထုကနေ တစ်စုံတစ်ရာ ရစေလိုသောစိတ်ဖြင့် ပြန်လည် ဝေမျှ ခံစားနိုင်ရန် ကြိုးစားပြီး ဘာသာပြန်ဖြစ်ပါတယ်..




ချစ်သူတိုင်း နားလည်စာနာခြင်း၊ နွေးထွေးယုယခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့ဖြင့် တွဲလက်ခိုင်ခိုင် မြဲနိုင်ကြပါစေရှင်။





ချော(အစိမ်းရောင်လွင်ပြင်)



ဉာဏ်ရည်ထက်တဲ့ ခွေးတစ်ကောင်





တစ်ရက်မှာ အသားငါးတွေ  ကုန်ခြောက်တွေ ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ထဲကို  ခွေးတစ်ကောင်ဟာ တန်းတန်းမတ်မတ် ၀င်လာခဲ့ပါတယ်.. ဆိုင်ရှင်ဖြစ်သူဟာ အဲဒီခွေးကို အကြိမ်ကြိမ် မောင်းထုတ်ပေမဲ့လို့ မောင်းထုတ်ချိန်မှာတော့ ဆိုင်ထဲကနေထွက်သွားလိုက် ခနကြာတော့ ပြန်ဝင်လာလိုက်နဲ့ အကြိမ်ကြိမ် လုပ်နေတာတွေ့တော့ ဆိုင်ရှင်က သူ့စိတ်ထဲမှာ ထူးခြားတယ်လို့ ထင်လာမိပါတယ်.. ဒါနဲ့ ခွေးရဲ့ အနားကို တိုးကပ်သွားတဲ့အခါမှာ ခွေးရဲ့ ပါးစပ်ထဲမှာ ကိုက်ချီထားတဲ့စာရွက်ပိုင်းလေးတစ်ခုကို တွေ့လိုက်ပါတယ်.. စာရွက်လေးကို ယူပြီး ဖွင့်ကြည့်လိုက်တော့ “၀က်အူချောင်း၁၂ချောင်းနဲ့ သိုးခြေထောက်တစ်ချောင်း ရောင်းပေးလိုက်ပါရန်နှင့် ခွေးပါးစပ်ထဲတွင် ပိုက်ဆံ ထည့်ပေးလိုက်ပါတယ် ” လို့ ရေးထားတာကို တွေ့ရပါတယ်.. ဆိုင်ရှင်ဟာ ခွေးပါးစပ်ထဲကို ကြည့်လိုက်တော့ တကယ်ကို ၁၀ဒေါ်လာတန် တစ်ရွက်ကို တွေ့လိုက်ရပါတယ်..




ဒါနဲ့ ပိုက်ဆံကိုယူလိုက်ပြီး ၀က်အူချောင်း ၁၂ချောင်း၊ သိုးခြေထောက်တစ်ချောင်း၊ ပြန်အမ်းငွေရယ်ကို သေချာ ထုပ်ပိုးပြီး ခွေးရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်တော့ ခွေးဟာ အဲဒီအထုပ်ကို သေချာကိုက်ချီပြီး ဆိုင်ထဲကနေ ပြန်ထွက်သွားပါတယ်.. ဆိုင်ရှင်ဟာ အဲဒီခွေးအပေါ်မှာ တော်တော်လေးကို စိတ်ဝင်စားမိပါတယ်.. ဆိုင်ပိတ်ချိန်လဲ ရောက်နေပြီမို့ ထိုခွေးနောက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုင်ကို ကမန်းကတန်း ပိတ်လိုက်ကာ ထွက်ခွာသွားတဲ့ ခွေးရဲ့ အနောက်ကို အမြန်လိုက်ပါတော့တယ်.. ခွေးထွက်သွားတဲ့ လမ်းမအတိုင်း လိုက်ခဲ့ရာမှာ  မီးပွိုင့်တစ်နေရာရောက်တော့ လမ်းတစ်ဖက်ကို ဖြတ်ကူးဖို့ပြင်နေတဲ့ ခွေးကို သူ တွေ့လိုက်ရပါတယ်.. ခွေးဟာ သူ့ပါးစပ်မှာကိုက်ချီထားတဲ့ အထုပ်ကို ချလိုက်ပြီး လူကူးမျဉ်းကို ဖြတ်ကူးသူတွေအတွက် ထားထားတဲ့မီးပွိုင့်က ခလုပ်ကို ခုန်ပြီး သူ့လက်နဲ့ ဖိနှိပ်လိုက်ပါတယ်.. ပြီးတော့ အထုပ်ကို ပြန်ကောက်ချီလိုက်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါတယ်.. လူကူးမီးလုံးလေး စိမ်းသွားတဲ့အခါမှ ခွေးဟာ လမ်းတစ်ဘက်ကို ဖြတ်ကူးသွားပါတယ်.. ဆိုင်ရှင်ကလည်း ခွေးနောက်ကို ဆက်ပြီး လိုက်ခဲ့ပါတယ်..




ဘတ်စ်ကားဂိတ်တစ်ခုကို အရောက်မှာ ခွေးဟာ ကားဂိတ်က အချိန်ဇယားကို တစ်ချက်လှမ်းကြည့်ပါတယ်.. ဆိုင်ရှင်ဟာ အခြေအနေတွေကို အံ့သြစွာ စောင့်ကြည့်နေခဲ့ပါတယ်.. အချိန်ဇယားကို မော့ကြည့်ပြီးတဲ့နောက် ခွေးဟာ ခရီးသည်တွေ ကားစောင့်ဖို့ လုပ်ထားပေးတဲ့ ထိုင်ခုံတစ်ခုမှ အကျ ၀င်ထိုင်လိုက်ပါတယ်… ဘတ်စ်ကားတစ်စီး ရောက်လာတဲ့အခါ ကားရှေ့ကိုသွားပြီး ကားနံပါတ်ကို သွားကြည့်ဟန်တူတဲ့ ခွေးရဲ့ အပြုအမူကို တွေ့လိုက်ရပါတယ်.. ပြီးတော့ သူစီးမဲ့ကား ဟုတ်ပုံမရတဲ့အတွက် ထိုင်ခုံမှာ ပြန်လာထိုင်ပါတယ်.. နောက်ထပ် ကားတစ်စီး ထပ်ရောက်လာပြန်တော့ ခုနက အတိုင်း ကားရှေ့ကနံပါတ်ကို သွားကြည့်ပါတယ်.. ဒီတစ်ခါတော့ သူစီးမဲ့ကားဖြစ်ပုံရပါတယ်.. အဲဒီခွေးဟာ ဖွင့်လာတဲ့ ကားတံခါးကနေ ကားပေါ်ကို တက်ရောက်သွားပါတော့တယ်.. လိုက်ကြည့်နေတဲ့ ဆိုင်ရှင်ဟာ ပါးစပ်ဟပြီး အံ့သြတကြီး ကြောင်ငေးကြည့်နေရာကနေ ကမန်းကတန်း ကားပေါ်ကို ပြေးတက်လိုက်ရပါတယ်..  ဒီခွေးသွားတဲ့ ခရီးလမ်းဆုံးထိ သူလိုက်ကြည့်ဖို့ ဆုံးဖြတ်ထားမိပါပြီ။




ဘတ်စ်ကားဟာ မြို့ထဲလမ်းကနေ တစ်ဖြေးဖြေး မြို့ပြင်ဘက်က လူနေရပ်ကွက်တွေကို ရောက်လာပါပြီ.. ခွေးဟာလည်း ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်ကြည့်ပြီး ကားပေါ်ပါလာရင်း တစ်နေရာအရောက်မှာ ထိုင်ရာက ထလိုက်ပြီး ကားရှေ့ပိုင်းကို ထွက်လာပါတယ်.. ပြီးတော့ နောက်ခြေ၂ချောင်းပေါ် မတ်တပ်ရပ်လိုက်ပြီး ဘတ်စ်ကား ရပ်တဲ့ခလုပ်ကို ရှေ့ခြေထောက်နဲ့ ဖိလိုက်ပါတယ်.. ကားရပ်ပြီး တံခါးဖွင့်သွားတဲ့အခါမှာတော့ ကားပေါ်ကနေ ဆင်းသွားပါတယ်.. သူ့ရဲ့ပါစပ်ထဲမှာတော့ ဆိုင်ကနေ ၀ယ်လာတဲ့ အထုပ်ကလေးက ကိုက်ချီရက်သားလေးနဲ့ပါဘဲ… ဆိုင်ရှင်ဟာလည်း ခွေးရဲ့ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားပြန်ပါတယ်..




ခွေးဟာ လမ်းသွယ်လေးတစ်ခုအတိုင်း ၀င်သွားပြီးတဲ့နောက် ခြံတစ်ခြံထဲကို ၀င်ရောက်သွားပါတယ်.. ခြံထဲက လမ်းကလေးအတိုင်း လျှောက်သွားပြီးတဲ့နောက်မှာ တစ်ထပ်တိုက်တစ်လုံး ရှေ့မှာ ရပ်လိုက်ပြီး သူ့ပါးစပ်မှာ ကိုက်ချီလာတဲ့ အထုပ်ကို လှေကားထစ်ပေါ်မှာ ချလိုက်ပါတယ်.. ပြီးတော့ အိမ်နဲ့ ခပ်လှမ်းလှမ်းအထိ နောက်ပြန်ဆုတ်သွားပြီး အရှိန်ပြင်းပြင်းနဲ့ ပြန်ပြေးလာကာ အိမ်တံခါးကို သူ့ကိုယ်လုံးနဲ့ ၀င်တိုက်ပါတော့တယ်… တစ်ခါ နောက်ပြန်ဆုတ်ပြီး  အိမ်တံခါးကို ပြန်ပြေးတိုက်ပြန်ပါတယ်.. ဒီလိုနဲ့ ခပ်ဝေးဝေးကို လျှောက်သွားလိုက် ပြေးလာပြီး အိမ်တံခါးကို ကိုယ်လုံးနဲ့ တိုက်ဖွင့်လိုက် အကြိမ်ကြိမ် အခါအခါ လုပ်နေတာကို ခွေးနောက်လိုက်လာတဲ့ ဆိုင်ရှင်ဟာ လမ်းပေါ်ကနေ စိတ်ဝင်တစား ငေးမောကြည့်ရှုနေပါတယ်..




အဲဒီခွေးဟာ သူ့ကိုယ်လုံးနဲ့ တံခါးကို အကြိမ်ပေါင်းများစွာ တွန်းတိုက်နေပေမဲ့ အထဲက ဘာတုံ့ပြန်သံမှ မကြားရပါဘူး။ ဒီနောက်တော့ အိမ်နဲ့ ကပ်နေတဲ့ အုတ်တံတိုင်းကြားထဲကို ၀င်ပြီး ပြူတင်းတံခါးကို သူ့ခေါင်းနဲ့ သွားသွားဆောင့်ပါတယ်.. အကြိမ်ပေါင်းများစွာ ပြူတင်းတံခါးနဲ့ သူ့ခေါင်းနဲ့ သွားသွားဆောင့်ပြီးတော့ တစ်ခါ အိမ်ရှေ့တံခါးမကြီးရှေ့မှာ လာထိုင်စောင့်ပြန်တယ်..  ခဏအကြာမှာတော့ လူခပ်ကြီးကြီးတစ်ယောက်ဟာ တံခါးကို လာဖွင့်ပြီးတော့ ခွေးကို အော်ဟစ်ဆဲဆိုပြီး လက်သီးတွေနဲ့ထိုး ခြေထောက်တွေနဲ့ ရိုက်နှက်ကန်ကျောက်ပါတယ်.. ဒီအခါမှာ လမ်းမပေါ်ကနေ ကြည့်နေတဲ့ ဆိုင်ပိုင်ရှင်ဟာ ဆက်ပြီး ဒီတိုင်း ကြည့်မနေနိုင်တော့တာကြောင့် အပြေးအလွှားသွားရောက်လို့ “ဟေ့.... ဟေ့.. ခင်ဗျား ဘယ်လိုလူလဲ… ဒီလောက်တောင် အသိဉာဏ်ရှိတဲ့ ခွေးကို ဘာလို့များ ရက်ရက်စက်စက် ရိုက်နှက်နေရတာလဲ.. ကျွန်တော်ဖြင့် တစ်သက်မှာ ဒီလောက် ဉာဏ်ကောင်းပြီး လိမ္မာတဲ့ခွေးမျိုး တီဗီထဲမှာကလွဲလို့ အပြင်မှာ ဒီတစ်ခါဘဲ တွေ့ဖူးတယ်.. ခင်ဗျား ဒီလောက်ထိတော့ မရိုက်နှက်သင့်ပါဘူး.. တကယ်တမ်းဆိုရင် ဒီလောက်တောင် တတ်သိလိမ္မာနေတဲ့ ခွေးကို ခင်ဗျားအနေနဲ့ ချီးတောင် ချီးကျူးရမှာ၊ ဒီခွေးကို ပိုင်ဆိုင်ထားတဲ့အတွက် ခင်ဗျား ဂုဏ်ယူရမှာ ” ဆိုပြီး ၀င်ရောက်တားမြစ်ပါတယ်။




ဒီတော့ အဲဒီလူက ဆိုင်ရှင်ကို “ဘာဗျ… ဒီလောက်လေးကို အသိဉာဏ်ရှိတယ်လို့ ခေါ်တယ် ဟုတ်လား.. ဒီငထုံ ငအက ဒီတစ်ပတ်ထဲမှာ သူယူသွားရမဲ့ အိမ်သော့ကို မေ့သွားတာ ၂ခါရှိပြီ.. ဒီလောက် ဉာဏ်နည်းတဲ့ ကောင်ကို ဒီလို အပြစ်ပေးမှ တော်ရုံကျမှာ..  ” လို့ ပြန်ပြောပါတယ်…. ဆိုင်ရှင်ဟာ အဲဒီလူရဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး “ကိုယ့်မှာ တန်ဖိုးရှိတဲ့အရာဝတ္ထုကို ပိုင်ဆိုင်ထားတာတောင်မှ တန်ဖိုးကို မသိတတ်တဲ့သူဟာ ခင်ဗျားလို လူမျိုးဘဲ…. ခင်ဗျားဟာ ကိုယ့်အတွက် ဘယ်လောက်ကောင်းအောင် လုပ်ပေးပေး အမြဲတမ်း အပြစ်မြင်နေမဲ့ လူစားမျိုး.. ကိုယ့်အခြေအနေကို ကျေနပ်နိုင်ခြင်း မရှိတဲ့ လူမျိုးပါဘဲ”  လို့ ပြောလိုက်ပြီး တတ်သိလိမ္မာတဲ့ ခွေးကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး စိတ်မကောင်းစွာနဲ့ အဲဒီအိမ်ရှေ့ကနေ  လှည့်ထွက်ခဲ့ပါတော့တယ်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ဒီခွေးပိုင်ရှင်လိုပါဘဲ အချို့သောသူတွေဟာ မိမိမှာ ရရှိထားတဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းများကို တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြသလို၊ အချို့ကလည်း မိမိရရှိထားတဲ့ ရာထူး၊ မိမိ ရဲ့ လုပ်ငန်းအနေအထား၊ မိမိရဲ့ဘ၀ကို စိတ်ကျေနပ်နိုင်ခြင်းမရှိ၊ တန်ဖိုးထားရကောင်းမှန်းမသိဘဲ အမြဲတမ်း စိတ်ပျက်ညီးတွား နေတတ်ကြပါတယ်.. အချို့သော လုပ်ငန်းရှင်များ၊ အထက်လူကြီးများဟာလည်း မိမိမှာ ရှိနေတဲ့ ၀န်ထမ်းကောင်းတွေကို ဘယ်လောက်ဘဲ ကောင်းအောင် လုပ်ပေးပေး၊  အကောင်းမပြောဘဲ အမြဲတမ်း အပြစ်တင်နေတတ်ကြတယ်.. အကြံဥာဏ်ကောင်းများ ပေးရင်တောင် လက်ခံနိုင်ခြင်း မရှိကြပါဘူး... ဒီလို လူမျိုးတွေရဲ့ လက်အောက်မှာ လုပ်ကြရတဲ့ လက်အောက်ငယ်သားတွေ၊ ၀န်ထမ်းတွေဟာ လုပ်ငန်းခွင်မှာ မပျော်ပိုက်တော့ဘဲ အလုပ်ပြောင်းတာမျိုး၊ အလုပ်ထွက်ကြတာမျိုးတွေ မကြာခန ဖြစ်လာရပါတယ်.. ကိုယ့်အလုပ်သမားတွေ တော်ရင်တော်သလို ကောင်းရင်ကောင်းသလို ချီးကျူးနိုင်တဲ့ စိတ်မျိုး မရှိကြဘဲ အမြဲတမ်း အပြစ်တင်နေရင် ဒီလိုလုပ်ငန်းခွင်ဟာ ပျော်ရွှင်သာယာဖွယ် လုပ်ငန်းခွင်မျိုး မဖြစ်နိုင်တော့ပါဘူး… ဒါတွေဟာ  သူတစ်ပါးကို ချီးကျူးစကားဆိုဖို့ ၀န်လေးတဲ့စိတ်ရယ်၊ ကိုယ့်ကိုယ်ကိုက လွဲလို့ ကျန်တာ ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်တဲ့ အတ္တတွေရဲ့ ဖုံးလွှမ်းထားခြင်း ခံထားရတာကြောင့်ရယ် ဖြစ်ပါတယ်.. ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ မကြာခန တွေ့ရတတ်ပါတယ်.. စဉ်းစားမိတာက ကိုယ်ကိုယ်တိုင်ရော ခွေးပိုင်ရှင်လို လူစားမျိုးလား၊ ဘယ်လောက်ကောင်းအောင် လုပ်ပေးသူကိုဖြစ်ဖြစ် တန်ဖိုးထားဖို့ သတိမရဘဲ အပြစ်သာ မြင်နေတတ်သူလား.. အတ္တကြီးနေသူလား ဆိုတာပါဘဲ.. ဒီလိုဆိုရင် ခွေးပိုင်ရှင်လို လူစားမျိုး မဖြစ်အောင်တော့ ကိုယ်တိုင်လည်း ကြိုးစားရပါဦးမယ်ရှင်။






A Clever Dog ( Unknow Author) ကို ဘာသာပြန် ဝေမျှပါသည်။





ချော(အစိမ်းရောင်လွင်ပြင်)