S
ထူးဆန်းစွာရွေ့လျားနေသော ကျောက်တုံးများ
မြေပြင်ပေါ်မှ ထင်ရှားနေတဲ့ ရွေ့လျားကြောင်းများ
ကျောက်တုံးရွေ့လျားရာ လမ်းကြောင်းများ
တက်စ်ဟာ အသက်၈နှစ်အရွယ် ချစ်စရာကလေးမလေး တစ်ဦးပေါ့။ တစ်နေ့မှာ သူ့အဖေနဲ့ အမေ နေမကောင်းဖြစ်ပြီး ဆေးကုသခံနေရတာ ကြာပြီဖြစ်တဲ့ သူမောင်ငယ်လေး အင်ဒရူးအကြောင်း တီးတိုးတိုင်ပင် ပြောဆိုနေတာကို အမှတ်မထင် ကြားလိုက်ရပါတယ်။ အခုသူကြားလိုက်ရတဲ့ အကြောင်းအရာက သူမရဲ့ အဖေနဲ့ အမေတို့မှာ စုဆောင်းထားသမျှ ပိုက်ဆံလဲ ကုန်ပြီဖြစ်လို့ အင်ဒရူးလေးရဲ့ ဆေးကုသစရိတ်အတွက် ဆရာဝန်ကို ပေးချေဖို့ အခုနေတဲ့ အိမ်ကို နောက်လထဲမှာ ရောင်းချပြီး အခြား ဈေးသက်သာတဲ့ တိုက်ခန်းတစ်ခုကို ပြောင်းရွေ့ရတော့မှာ ဖြစ်ကြောင်း၊ သူတို့ကို ပိုက်ဆံချေးငှားမဲ့သူလည်း ဘယ်သူမှ မရှိတဲ့ အတွက် ခွဲစိတ်ကုသမှု လုပ်နိုင်ဖို့ မလွယ်တော့ကြောင်း၊ ဈေးသက်သာတဲ့ ဆရာဝန်နဲ့သာ ကလေးကို ဆက်ပြီး ကုသနိုင်တော့မဲ့ အခြေအနေအကြောင်း ပြောဆိုနေကြတာပါ။ သူ့အဖေက မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်ဝန်းအစုံနဲ့ နားထောင်နေရှာတဲ့ သူ့အမေကို တိုးတိုးလေးပြောလိုက်တာက “တန်ခိုးရှင် တစ်ပါးပါးကသာ သူတို့ သားလေးကို ကယ်တင်နိုင်တော့မယ် ထင်ပါတယ် ” ဆိုတဲ့ စကားလေးဘဲ ဖြစ်ပါတယ်...။
သူ့အဖေနဲ့အမေစကားကို ကြားရတဲ့ တက်စ်လေးဟာ ခေတ္တမျှ စဉ်းစားနေပြီး ရုတ်တရက် သတိရလာဟန်နဲ့ သူမရဲ့ အိပ်ခန်းထဲကို ၀င်သွားပြီး ဘီဒိုထဲ သိမ်းထားတဲ့ ဖန်ပုလင်းလေးတစ်ခုကို ဆွဲထုတ်လာပါတယ်။ ဖန်ပုလင်းလေးထဲမှာတော့ သူရတဲ့မုန့်ဖိုးလေးတွေ စုထားတဲ့ ငွေအကြွေစေ့လေးတွေ ရှိနေပါတယ်.. အဲဒီငွေအကြွေ အားလုံးကို ကြမ်းပြင်ပေါ် သွန်ချလိုက်ပြီး တစ်စေ့စီဂရုတစိုက် ကောက်ယူကာ ရေတွက်ပါတော့တယ်.. သုံးကြိမ်သုံးခါတိတိ သူမရဲ့ အကြွေစေ့လေးတွေကို မမှားရအောင် ပြန်ရေတွက်ပြီးတဲ့နောက်မှာတော့ ငွေဘယ်လောက်ရှိနေပြီဆိုတာ သူ့ကိုယ်သူ သေချာသွားခဲ့ပါပြီ. ဒါနဲ့ တက်စ်လေးဟာ အကြွေစေ့တွေကို ဖန်ပုလင်းလေးထဲ သေချာပြန်ထည့်လိုက်ပြီး အဖုံးလေးကို ဂရုတစိုက် ပြန်ပိတ်လိုက်ပါတယ်.. ပြီးတော့ သူမရဲ့ အင်္ကျီအိတ်လေးထဲကို ပုလင်းလေးကိုထည့်လိုက်ပြီး အိမ်ရဲ့ နောက်ဖေးတံခါးလေးကို တိတ်တိတ်လေးဖွင့်ကာ သူမတို့အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ဆေးဆိုင်လေးဆီကို သုတ်ခြေတင်ပြီး ပြေးပါတော့တယ်။
ဆေးဆိုင်ရောက်တဲ့အချိန်မှာ ဆေးဆိုင်မှာ လူတစ်ယောက်တည်းရှိနေခဲ့ပြီး အဲဒီလူက ပိုင်ရှင်ဖြစ်ပုံလဲ ရပါတယ်.. ပြီးတော့ သူ့ကြည့်ရတာ အလုပ်ရှုပ်နေခဲ့ပါတယ်.. သူမ ဆိုင်ရှေ့ရောက်နေတာကို မြင်တွေ့ပုံမရပါဘူး။ ဒါကြောင့် ဆိုင်ရှင်ရဲ့ အာရုံ သူမဆီ ရောက်လာဖို့အတွက် တက်စ်လေးဟာ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်.. အတော်ကြာ စောင့်နေပေမဲ့ ဆိုင်ရှင်က သူမကို သတိမပြုမိသေးပါဘူး။ ဒါနဲ့ တက်စ်က ဆိုင်ရှင်သတိပြုမိအောင် သူမရဲ့ ခြေထောက်က ဖိနပ်တွေကို အသံမြည်အောင် ကြမ်းပြင်နဲ့ ပွတ်တိုက်လိုက်ပါတယ်.. ဒါလည်း ဆိုင်ရှင်က မတွေ့ပါဘူး။ တစ်ခါ သူမရဲ့ကလေးအသံလေးနဲ့ ကြိုးစားပြီး ချောင်းဟန့်တဲ့ အသံပြုလုပ်ပြန်ပါတယ်… အရာမထင်ပါဘူး။ နောက်ဆုံးတော့ သူမလေးရဲ့ အင်္ကျီအိတ်ထဲက ဖန်ပုလင်းလေးကို ထုတ်လိုက်ပြီး ဆေးတွေထည့်ထားတဲ့ မှန်ကောင်တာကို အသံမြည်အောင် ခေါက်လိုက်ပါတော့တယ်… ဒီတော့မှ ဆိုင်ရှင်က သူမကို သတိပြုမိပြီး “ဘာလိုချင်သလဲ” လို့ ခပ်ဆတ်ဆတ် လေသံနဲ့ လှမ်းမေးပါတယ်.. ကြည့်ရတာ တက်စ်ဟာ သူ့အတွက် အနှောက်အယှက် ဖြစ်သွားခဲ့ပုံ ပေါ်ပါတယ်။
တက်စ်ရဲ့ အဖြေကို မစောင့်ဘဲ ဆိုင်ရှင်က တစ်ဆက်တည်း ပြောလိုက်တာက “ငါက ချီကာကိုက ရောက်လာတဲ့ ငါ့အစ်ကိုနဲ့ စကားပြောနေတာ.. သူနဲ့ ငါက မတွေ့ရတာ ငါ့တစ်သက်တောင် ရှိတော့မယ်..” လို့ စိတ်ကသိကအောက်ဖြစ်တဲ့ လေသံနဲ့ လှမ်းပြောလိုက်ပါတယ်.. ဒီတော့ တက်စ်လေးကလည်း “အိုး သမီးလည်း သမီးရဲ့ မောင်လေးအကြောင်း ပြောပြချင်သေးတယ်.. သူက အခု အရမ်းကို နေမကောင်းဖြစ်နေပါတယ်... တကယ့်ကို နေမကောင်းတာပါ။ သမီးကို သမီးမောင်လေးအတွက် တန်ခိုးရှင် ရောင်းပါ” လို့ တက်စ်က ပြောလိုက်ပါတယ်.. သူမရဲ့ စကားကို နားရှုပ်ထွေးသွားပုံရတဲ့ ဆေးဆိုင်ပိုင်ရှင်က “ဘာပြောလိုက်တာလဲ” လို့ ထပ်မေးပါတယ်.. ဒီတော့ တက်စ်လေးက “ သမီးမောင်လေးနံမည်က အင်ဒရူးလို့ ခေါ်ပါတယ်.. ဆရာဝန်တွေက သူရဲ့ ခေါင်းထဲမှာ ဆိုးဆိုးဝါးဝါး တစ်ခုခု ဖြစ်နေတယ်လို့ ပြောပါတယ်.. ဆေးကုနေတာလဲ ကြာပြီ မသက်သာသေးပါဘူး.. ဖေဖေပြောတာတော့ တန်ခိုးရှင်က ကယ်မှဘဲ အင်ဒရူုးရဲ့ ရောဂါက သက်သာတော့မယ် ပြောပါတယ်.. ဒါကြောင့် ဒီဆေးဆိုင်မှာ တန်ခိုးရှင်ကို လာဝယ်တာပါ။ ဘယ်လောက်နဲ့ရောင်းပါသလဲ” လို့ ပြန်ပြောပြန်ပါတယ်။ “အိုး ငါတို့ဆိုင်မှာ တန်ခိုးရှင်ဆိုတာ မရောင်းပါဘူး။ ၀မ်းနည်းပါတယ် ကောင်မလေးရယ်.. မင်းကို မကူညီနိုင်တာ စိတ်မကောင်းပါဘူး” လို့ ဆိုင်ပိုင်ရှင်က ပြန်ပြောလိုက်ပါတယ်.. တက်စ်လေးဟာ မျက်ရည်တွေဝဲလာပြီး အသံတုန်တုန်လေးနဲ့ “ အိုး ဆိုင်ပိုင်ရှင်ကြီးရယ် သမီးဆီမှာ အဲဒီတန်ခိုးရှင်ကို ၀ယ်ဖို့ ပိုက်ဆံပါပါတယ်.. အခုပါတဲ့ ပိုက်ဆံနဲ့ မလောက်သေးဘူးဆိုရင် သမီးအိမ်ပြန်ပြီး ပိုက်ဆံသွားထပ်ယူပါ့မယ်... သမီးကို တန်ခိုးရှင်ဆိုတဲ့ဆေး ရောင်းဖြစ်အောင် ရောင်းပေးပါနော်.. ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတာ သမီးကို ပြောပါ ဆိုင်ပိုင်ရှင်ကြီးရယ်” လို့ ပြောလိုက်ပါတယ်။
သူတို့၂ယောက်ကို သပ်သပ်ရပ်ရပ် ၀တ်စားထားကာ စိတ်ဝင်တစားနဲ့ ဘေးကနေ ရပ်ကြည့်နေတဲ့ ဆေးရောင်းသူရဲ့ အစ်ကို ဆိုသူက “သမီးရဲ့ မောင်လေးအတွက် ဘယ်လိုတန်ခိုးရှင်မျိုး လိုအပ်နေတာလဲ” လို့ ကြင်နာတဲ့ အသံနဲ့ လှမ်းမေးလိုက်ပါတယ်.. “ဟင့်အင်း သမီးမသိဘူး အန်ကယ်.. သမီးသိတာက မောင်လေးဟာ အသည်းအသန် နေမကောင်းဖြစ်နေတယ်ဆိုတာပါဘဲ.. မေမေကတော့ မောင်လေးအတွက် ခွဲစိတ်ကုသမှု လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်.. ဒါပေမဲ့ သမီးတို့ ဖေဖေမှာလည်း ပိုက်ဆံက မရှိတော့ဘူး.. ဒါကြောင့် သမီးစုထားတဲ့ ပိုက်ဆံကလေးတွေနဲ့ တန်ခိုးရှင် ဆိုတာကို လာဝယ်တာပါ” လို့ တက်စ်လေးက စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်ပါတယ်. “ကဲ.. ဒီလိုဆိုရင် သမီးဆီမှာ ပိုက်ဆံဘယ်လောက်ရှိလဲ.. ” ထိုလူကြီးက ပြန်မေးတော့ တက်စ်က “သမီးဆီမှာ စုစုပေါင်း တစ်ဒေါ်လာနဲ့ ဆယ့်တစ်ဆင့် ရှိပါတယ်.. ဒါ သမီးမှာ ရှိတဲ့ ပိုက်ဆံအကုန်ပါဘဲ.. ဒါပေမဲ့ တန်ခိုးရှင်ကို ၀ယ်ဖို့ပိုက်ဆံ မလောက်သေးဘူးဆိုရင် သမီး အိမ်ပြန်ပြီးပိုက်ဆံထပ်ယူပါ့မယ်” လို့ ထိုလူကြားလောက်ရုံမျှ အသံလေးနဲ့ ပြန်ဖြေပါတယ်။ ထိုလူကြီးက ပြုံးလိုက်ပြီး “အိုး ဘယ်တောင် အံ့သြဖို့ကောင်းတဲ့ တိုက်ဆိုင်မှုလဲ.. တစ်ဒေါ်လာနဲ့ ဆယ့်တစ်ဆင့်ဆိုရင် သမီးမောင်လေးအတွက် တန်ခိုးရှင်ကို ၀ယ်ဖို့ ကွက်တိပါဘဲ… ပိုက်ဆံ ထပ်ပေးဖို့ မလိုတော့ပါဘူး” လို့ ကလေးမလေးကို ပြန်ပြောလိုက်ရင်း လက်တစ်ဖက်တည်းနဲ့ ပိုက်ဆံအကြွေတွေကို လှမ်းယူလိုက်ပြီး ကျန်လက်တစ်ဖက်က ကလေးမလေးရဲ့ အေးစက်နေတဲ့ လက်ဖျားလေးကို ကြင်နာယုယစွာ ဆုပ်ကိုင်လိုက်ကာ “သမီးတို့နေတဲ့နေရာကို အန်ကယ့်ကိုခေါ်သွားနော်.. အန်ကယ်သမီးရဲ့ မောင်လေးကို လိုက်ကြည့်မယ်.. ပြီးတော့ သမီးရဲ့ မိဘတွေနဲ့လည်း တွေ့ချင်သေးတယ်.. သမီးလိုချင်တဲ့ တန်ခိုးရှင်ဆိုတာ ဦးလေးမှာ ရှိမရှိ စမ်းသပ်ကြည့်ရအောင် ” လို့ပြောလိုက်ပါတယ်။
တကယ်တော့ ကလေးမလေးနဲ့အတူ အိမ်ကို လိုက်ပါလာတဲ့ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသူဟာ ဦးနှောက်နဲ့ အာရုံကြော အထူးကု ခွဲစိတ်ဆရာဝန်ကြီး “ဒေါက်တာ ကာတန်အမ်းစ်ထရောင်း” ဖြစ်ပါတယ်.. ဆေးရုံကြီးမှာ ဒေါက်တာ ကာတန်အမ်းစ်ထရောင်းရဲ့ ဦးဆောင်ခွဲစိတ်မှုတို့ ပြီးဆုံးသွားချိန်မှာတော့ အခကြေးငွေ တစ်ပြားတစ်ချပ်မှာ ထပ်ကုန်စရာ မလိုတော့ဘဲ အင်ဒရူးလေးဟာ မကြာခင်မှာ နေကောင်းကျန်းမာလာပြီး အိမ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်.. အင်ဒရူလေး နေပြန်ကောင်းလာလို့ သူ့ရဲ့ အဖေအမေနဲ့ တက်စ်လေးတို့ဟာ ပျော်ရွှင်ဝမ်းသာစွာနဲ့ အဖြစ်အပျက်တွေကို မယုံနိုင်ခြင်းများစွာနဲ့ ပြောဆိုနေခဲ့ကြပါတယ်.. “ သားလေးရဲ့ ခွဲစိတ်မှုဟာ တကယ့်ကို မယုံနိုင်လောက်အောင် ထူးဆန်းလွန်းတယ်နော်.. တန်ခိုးရှင်တစ်ပါးပါးက ဖန်ဆင်းပေးလိုက်သလိုပါဘဲရှင်... ကျွန်မဖြင့် ပိုက်ဆံတွေ အများကြီး ကုန်ကျတော့မှာဘဲ.. ဘယ်ကနေရှာရမလဲ လို့ စိတ်ပူနေတာ.. ဒီလို တန်ခိုးရှင်လို သနားကြင်နာတတ်တဲ့ ဆရာဝန်ကြီးတွေ လောကမှာ ဘယ်နှစ်ယောက်များ ရှိနေမှာပါလိမ့်။ တကယ်လို့များ အင်ဒရူးအတွက် ခွဲစိတ်ခသာ ပေးရမယ်ဆိုရင် ဘယ်လောက်များ ကျမလဲ မသိဘူးနော်” လို့ မိခင်ဖြစ်သူက ပြောလိုက်တော့ တက်စ်ကလေးက မျက်ဝန်းလေးတွေ ရွှန်းလဲ့တောက်ပသွားအောင် ပြုံးလိုက်ပါတယ်.. အင်ဒရူးလေးရဲ့ ခွဲစိတ်ခ ဘယ်လောက်ကျတယ်ဆိုတာ သူမအသိဆုံး မဟုတ်လား.. “ခွဲစိတ်ခအတွက် ကုန်ကျစရိတ် စုစုပေါင်းဟာ တစ်ဒေါ်လာနဲ့ ဆယ့်တစ်ဆင့်ရယ်.. သူမရဲ့ ဇွဲနဲ့ စိတ်အားထက်သန်တဲ့ ယုံကြည်မှုရယ်ဘဲပေါ့။”
John Deru ရဲ့ A miracle of $1.11 ကို နှစ်သက်မိသဖြင့် ဘာသာပြန်ပါသည်။
လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မဆီကို သူငယ်ချင်းတစ်ယောက်က ပို့လိုက်တဲ့ အီးမေလ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘုရားကျောင်းတစ်ခုရဲ့ ပုံတွေ ပါလာပါတယ်.. ပုံတွေချည်းဘဲကြည့်ရတာကို အတော်စိတ်ဝင်စားမိတာကြောင့် အခြားသူများကို ပြန်လည်ဝေမျှချင်မိတဲ့စိတ်နဲ့ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် ဓာတ်ပုံများ အချက်အလက်များကို အင်တာနက်ကနေ ရှာဖွေပြီး ဒီဘလောဂ့်ပေါ်ကတစ်ဆင့် ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။
တောင်ခြေရှိ ဘုရားကျောင်းအ၀င် မုဒ်ဦး
ကျောက်သားပေါ်က ကျောင်းဆောင်များ
မတ်စောက် မြင့်မားလှတဲ့ တောင်စောင်းမှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ဘုရားကျောင်း ဆိုတာ တရုတ်ပြည် စန်းရှီးပြည်နယ် ဟောင်ယွန်ခရိုင်ကနေ ၅ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ဟန်စန်းတောင်ခြေရဲ့ ကျောက်သားနံရံပေါ်မှာ တွယ်ကပ်ပြီး တည်ဆောက်ထားတဲ့ ဘုရားကျောင်းတစ်ခုပါ။ ဟန်စန်းတောင်ဆိုတာ တရုတ်ပြည်မှာတော့ အထွတ်အမြတ်ထားတဲ့ နံမည်ကျော် တောင်ကြီး ၅ခုမှာ မြောက်ဘက်အကျဆုံး တောင်တစ်ခုဖြစ်ပါတယ်.. တောင်နံရံနဲ့ ကပ်ပြီးတည်ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်များဟာ အဝေးကနေကြည့်မယ်ဆိုရင် တောင်နံရံမှာ ၀ဲပျံနေတဲ့ ဖီးနစ်ငှက်ရဲ့ အသွင်သဏ္ဍာန်ရှိတယ်လို့ သိရပါတယ်.. ဘုရားကျောင်းရဲ့ အဆောက်အဦများ အားလုံးဟာ ဟန်စန်းတောင်ရဲ့ အချွန်အတက်ပေါများတဲ့ တောင်စောင်းတွေမှာ ချိတ်ဆွဲထားသကဲ့သို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. ဒေါင်လိုက် ရှိနေတဲ့ မတ်စောက်တဲ့ တောင်စောင်းမှာ အလွန်ခဲရာခဲဆစ် တည်ဆောက်ထားတာမို့ သဲထိတ်ရင်ဖို ရှိလှပါတယ်.. မြေပြင်မှ အမြင့်၂၄၆ ပေမှာ ထူးဆန်းအံ့သြဖွယ် မတ်စောက်လှတဲ့ တောင်နံရံစောင်းမှာ ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်..
ဘုရားကျောင်းဟာ ကျင်းလုံတောင်ကြားက ဟန်စန်းတောင်ခြေမှာ တည်ရှိပြီး ဟန်စန်းတောင်ရဲ့ သမိုင်းနောက်ခံ အချက်အလက်များအရ ၆ရာစုနှစ်ခန့်က Liao Ran အမည်ရှိ ဘုန်းကြီး တစ်ပါးက တရုတ်ပြည် ဝေ့ မင်းဆက် လက်ထက်မှာ ပထမဦးဆုံး တည်ဆောက်ခဲ့တယ်လို့ အဆိုရှိပါတယ်.. ဒါကြောင့် ဒီဘုရားကျောင်းဟာ နှစ်ပေါင်း ၁၄၀၀ ကျော်ခန့် သက်တမ်းကြာမြင့်ပြီဖြစ်ကြောင်း သိရပါတယ်.. အကြိမ်ပေါင်း မြောက်မြားစွာ ပြုပြင်မှုများ ပြုလုပ်ပြီးချိန်မှာ ၄င်းဘုရားကျောင်းဟာ မတ်စောက်တဲ့ ကျောက်သားနံရံ တောင်စောင်းမှာ ကျောက်နံရံကြီးကို နောက်ခံအားပြုကာ သေသပ်လှတဲ့ ဗိသုကာပညာများနဲ့ ကျွမ်းကျင်စွာ တည်ဆောက်ထားသော အလွန်ထူးခြားသည့် အံ့သြဖွယ် ဘုရားကျောင်းအဖြစ် တရုတ်ပြည်မှာ နံမည်ကြီးလာပါတော့တယ်. ကျောက်နံရံကြီးကို အမှီပြုပြီး ခက်ခက်ခဲခဲနေရာမှာ တည်ဆောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ၂ချက်မှာ ဘုရားကျောင်းကို မိုးဒဏ်၊ နှင်းမုန်တိုင်းဒဏ်၊ လေဒဏ်နဲ့ အခြား သဘာဝ ဘေးအန္တရာယ်တို့မှ ကျောက်ဆောင်ကြီးက အကွာအကွယ်ပေးနိုင်ခြင်း နဲ့ တာအိုဘာသာ အယူဝါဒ စည်းမျဉ်းစည်းကမ်းအရ ဆူညံသောအသံဗလံတို့မှ ကင်းဝေးစေရန်အတွက် ယခုလို ကျောက်နံရံကြီးပေါ်က မြို့ရွာ၊ လူနေအိမ်ခြေတို့နဲ့ ကင်းဝေးဆိတ်ငြိမ်ရာမှာ သီးခြား တည်ဆောက်ထားကြောင်း သိရပါတယ်။
ကျောက်ဆောင်ကြီးရဲ့ အောက်မှာ တည်ရှိနေတဲ့ ဘုရားကျောင်းဟာ အနီရောင်နံရံများနဲ့ ခဲရောင် အုတ်ကြွတ်ပြားများဖြင့် ခန့်ထည်စွာ တည်ဆောက်ထားပါတယ်.. ကျောက်သားများကို အလျားလိုက် အပေါက်များဖြစ်အောင် ထွင်းထုပြီး သံချောင်းများထိုးစိုက်သွင်းကာ သံဘောင်များဖြင့် ချိတ်ဆက်ပြီး နံရံများ အမိုးများကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အဆောက်အဦးများကိုတော့ မြောက်မှတောင်သို့ သွယ်တန်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်.. အဆောင်အခန်းပေါင်း ၄၀ကျော်ပါရှိပြီး ၄င်းအဆောင်များကို တစ်ခုနဲ့တစ်ခု ကျဉ်းမြောင်းခက်ခဲတဲ့ ဖြတ်လမ်းများနဲ့ ဆက်သွယ်ထားပါတယ်... တော်ရုံတန်ရုံ အသည်းငယ်သူများအတွက် မူးမေ့စေနိုင်လောက်တဲ့ လျှောက်လမ်းကလေးများ ဖြစ်ကြပါတယ်… အဆောက်အဦးများဟာ တရုတ်ပြည်ရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို စုစည်းပေါင်းစပ်ထားတဲ့ သင်္ကေတသဖွယ် ခမ်းနားတင့်တယ်စွာ တည်ရှိနေပါတယ်။ ထူးဆန်းအံ့သြဖွယ်ကောင်းအောင် မတ်စောက်နေတဲ့ တောင်စောင်းမှာ တည်ရှိနေရုံမျှမက ကဗျည်းမှတ်တမ်းစာများ၊ ကဗျာများ မြောက်မြားစွာ ရှိနေခဲ့ပါတယ်.. ကိုးကွယ်ယုံကြည်မှု အယူဝါဒ တစ်ခုတည်းအတွက် တည်ဆောက်ခဲ့တာ မဟုတ်ဘဲ တရုတ်ပြည်တွင် ထွန်းကားခဲ့တဲ့ အယူဝါဒ ၃ခုဖြစ်သော ဗုဒ္ဓဘာသာ၊ တာအိုဝါဒ၊ ကွန်ဖြူးရှပ် ၀ါဒတို့နဲ့ သက်ဆိုင်တဲ့ ကြေးနီ၊ သံ၊ ရွံ့စေး၊ ကျောက်သားနံရံ စသည်တို့ဖြင့် ထွင်းထုထားသော ရုပ်တုပေါင်း ၇၈ခုကို ထင်ရှားစွာ တွေ့ရှိရပါတယ်.. ကိုးကွယ်ယုံကြည်မှု ဘာသာ၃ခုနဲ့ သက်ဆိုင်တဲ့ ရုပ်ထုများစွာတို့ကို တစ်ပေါင်းတစ်စည်းတည်း ထူးခြားစွာ တွေ့ရှိရတဲ့အတွက် တန်ဖိုး မဖြတ်နိုင်လောက်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု အမွေအနှစ် ရှေးခေတ်လက်ရာများ ဖြစ်သောကြောင့် နံမည်ကျော် ထင်ရှားလှပါတယ်…
အဆောင်တစ်ခုနဲ့တစ်ခု ကူးဖို့ လျှောက်လှမ်းများ
သွယ်တန်းဖောက်လုပ်ထားတဲ့ အဆောင်ကူးလမ်းများ
ခပ်လှမ်းလှမ်းက မြင်ရတဲ့ ကျောက်နံရံနဲ့ ကပ်နေသောအဆောင်များ
နဂါးခံတွင်းဝသို့အ၀င်
သဲထိတ်ရင်ဖို
ကားသွားနိုင်တဲ့ ကျောက်တောင်လမ်းများ
ဇစ်ဇက်ပုံ တောင်တက်လူသွားလမ်း
တောင်ခိုးများနဲ့ လွမ်းစဖွယ်
ဒီလို လှပသာယာတဲ့ စိတ်ချမ်းမြေ့ဖွယ် ရေတံခွန်အလှအပများလည်း ရှိနေပါတယ်။
စွန့်စားချင်သူများအတွက် အသည်းယားဖွယ် လူသွားလမ်း
သွားကြမလား ဒီတောင်ကြား
ကားသွားလမ်း
------------------------------------------------------------------
--------------------------------------------------------------------------
----------------------------------------------------------------------
ဘာသာရေးဆိုင်ရာ ရုပ်ထုများ
ယခုအချိန်မှာတော့ စိတ်ဝင်စားဖို့ကောင်းလှတဲ့ ဗိသုကာပညာကြောင့်ရော၊ တရုတ်ပြည်ရဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာရေးကို လေ့လာလိုသူများအတွက် ၊ အထူးအဆန်း နေရာဒေသများကို နှစ်ခြိုက်စိတ်ဝင်စားသူ နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှုရှိလှတဲ့ လူအများ သွားရောက်လေ့လာတဲ့ နေရာတစ်ခုအဖြစ် နံမည်ကျော်ထင်ရှားလှပြီ ဖြစ်ပါတယ်။ အခွင့်အခါများ ကြုံခဲ့ရင် ကိုယ်တိုင်လည်း သွားရောက်ခွင့် ရချင်ပါသေးကြောင်းဖြင့် ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။
ချမ်းမြေ့ကြပါစေရှင်။
Sources from- http://saiprema.wordpress.com/2010/07/03/incredible-hanging-temple-in-datong-china/
photos from - Funzug.com , google and mail