ထူးထူးဆန်းဆန်း ရွေ့လျားနေသော ကျောက်တုံးများ

Death Velly National Park






Death Velly Desert


Free Stock Photo of Death Valley Sand Dunes in High Resolution
S

Death Velly National Park ဟာ အမေရိကား ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိပြီး အပူပြင်းဆုံးနဲ့ အခြောက်သွေ့ဆုံး၊ ပင်လယ်ရေ မျက်နှာပြင်ထက် အနိမ့်ဆုံး အမျိုးသားဥယျာဉ် တစ်ခုလည်း ဖြစ်ပါတယ်.. ဧက ၃သန်းကျော် ကျယ်ဝန်းလှတဲ့  ကန္တာရကြီးတစ်ခုလည်း ရှိနေပြီး သူရဲ့ဘေးမှာတော့ ပေပေါင်း တစ်သောင်းကျော်ခန့် မြင့်ပြီး နှင်းဖုံးနေတဲ့ တောင်ထွတ်တွေ၊ အရောင်စုံကျောက်လွှာတွေ ထပ်ထပ်ပြီးဖြစ်ပေါ်နေတဲ့ တောင်တန်းတွေ  ၀ိုင်းရံနေပါတယ်.. အဲဒီ Death Velly National Park ဟာ  ခရီးလမ်းပန်း ခက်ခဲကြမ်းတမ်းလွန်းတဲ့ နေရာမှာ ရှိပေမဲ့လို့ တစ်နှစ်မှာ လူဦးရေ ၇သိန်းကျော်ခန့် သွားရောက်ကြပြီး သဘာဝရှုခင်းများ၊ ပထ၀ီဝင် မြေပြင်အနေအထား ပြောင်းလဲလာပုံများ ၊ ရှေးခေတ်ကျောက်လွှာများနဲ့ တောရိုင်းတိရိစ္ဆာန်များ၊ သစ်ပင်များ၊ ခြောက်သွေ့နေတဲ့ ကန္တာရရှုခင်းများ၊ ညရှုခင်းများကို လေ့လာကြည့်ရှုဖို့နဲ့ တောင်တက်ဖို့ သွားရောက်တတ်ကြပါတယ်.. ရွှေရှာကြသူများဟာ ၄င်းဒေသကို ဖြတ်သန်းချိန်မှာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတာကြောင့် Death Velly ရယ်လို့ နံမည် တွင်လာခြင်းဖြစ်ပါတယ်.. အဲဒီ Death Velly National Park မှာ ရှိတဲ့ Racetrack Playa ကွင်းပြင်ကတော့ ထူးဆန်းအံ့သြဖွယ် ကောင်းအောင် ရွေ့လျားနေတဲ့ ကျောက်တုံးတွေကြောင့် ပိုပြီး လူသိများ ထင်ရှားလာပါတယ်.. ရွေ့လျားနေတဲ့ ကျောက်တုံးတွေအကြောင်းကို အောက်မှာ ဓာတ်ပုံများနဲ့ ဖော်ပြပေးထားပါတယ်။

ထူးဆန်းစွာရွေ့လျားနေသော ကျောက်တုံးများ

sailing stones 1


sailing stones 2



sailing stones 3


Death Velly မှာ ရှိနေတဲ့ Racetrack Playa ကွင်းပြင်ကြီးဟာ တောင်တန်းတွေ အထပ်ထပ် ၀ိုင်းရံနေတဲ့ကြားက သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကွင်းပြင်ဖြစ်ပြီး သာမာန်အချိန်မှာ ကွင်းပြင်ဟာ ရေထုဖုံးလွှမ်းနေတဲ့ ရေကန်အဖြစ် မြင်တွေ့ရပါတယ်.. နွေရာသီမှာ Racetrack Playa ကွင်းပြင်က ရေတွေခမ်းခြောက်လို့ ရွံနွံတွေဟာ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး ဆောင်းရာသီမှာတော့ ရေတွေခဲနေတတ်ပါတယ်.. ရေတွေ ခမ်းခြောက်သွားချိန်မှာတော့ ယောက်ျားကြီးတစ်ယောက် မ နိုင်တဲ့ အရွယ်အစား (သို့မဟုတ်) အဲဒီအရွယ်အစားထက် အနည်းငယ်ကြီးတဲ့ အနေအထားရှိ ကျောက်တုံးတွေဟာ ထူးဆန်းအံ့သြဖွယ် သူ့နည်းသူ့ဟန်နဲ့ ရွံမြေပြင်ပေါ်မှာ နေရာရွေ့သွားလာနေတဲ့ စွပ်ကြောင်းတွေကို တွေ့ရှိရပါတော့တယ်.. ဒီကျောက်တုံးတွေ ရွေ့လျားနေတဲ့အကြောင်းအရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတိုင်းအတွက် ပဟေဠိသဖွယ် ဖြစ်နေကြပါတယ်.. အဲဒီကျောက်တုံးတွေဟာ လူ့စွမ်းအား၊ လူ့ပယောဂကြောင့် မဟုတ်ဘဲ သူ့သဘာဝအတိုင်း အလိုလို နေရာရွေ့နေကြပြီး   ၄င်း Racetrack Playa  ဒေသဟာ ရာသီဥတု ကောင်းမွန်တဲ့ နွေရာသီလို အချိန်မှာတောင် ခရီးလမ်းပန်း ခက်ခဲကြမ်းတမ်းတာကြောင့် လူပြတ်လွန်းတဲ့ ဒေသလဲ ဖြစ်ပါတယ်..  သွားလာဖို့ ခက်ခဲသော်လည်း များစွာသော ဘူမိဗေဒပညာရှင်များဟာ ထိုနေရာကို စွန့်စားသွားရောက်ကာ ထူးဆန်းလှတဲ့ ကျောက်တုံးတွေ ရွေ့လျားတဲ့အကြောင်းကို စိတ်ဝင်တစား လေ့လာစုံစမ်းကြပါတယ်.. ဓာတ်ပုံများကို ရိုက်ယူခဲ့ကြပါတယ်.. ထိုနေရာဟာ ဆောင်းရာသီလို ရာသီဥတုဆိုးဝါးပြီး နှင်းမုန်တိုင်းတွေ အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ အချိန်အခါမျိုးမှာတော့ ဘယ်သူမှ သွားရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။


sailing stones 4


sailing stones 5





sailing stones 6


sailing stones 8


sailing stones 9

sailing stones 10


sailing stones 11





sailing stones 13


sailing stones 14


sailing stones 15


လျှို့ဝှက်ချက်တွေရှိနေတဲ့ Racetrack Playa မှာ ရေတွေခမ်းပြီး ရွံ့ပြင်ကြီးလည်း တဖြေးဖြေး ခြောက်သွေ့ သွားတဲ့အချိန်မှာတော့ အက်ကွဲကြောင်းတွေ ဖြစ်နေပြီး ညီညာပြန့်ပြူးနေတဲ့ မြေပြင်ပေါ်မှာ ကျောက်တုံးတွေ ရွေ့လျားရာကနေ ဖြစ်ပေါ်နေတဲ့ လမ်းကြောင်းတွေကို အထင်အရှား တွေ့ရနိုင်ပါတယ်.. အချို့ ဘူမိဗေဒ ပညာရှင်များကတော့ ၄င်းဖြစ်ရပ်ဟာ မြေပြင်ပေါ်က ရွံ့တွေ မခြောက်သွေ့ခင် စိုစွတ်နေဆဲအချိန်မှာ ကျောက်တုံးပေါ်မှာ တင်ကျန်နေဆဲ ရေခဲပြင် ခပ်ပါးပါးကြောင့် ပြင်းထန်တဲ့ လေတိုက်ခတ်ချိန်မှာ နေရာမှ တစ်ရွေ့ရွေ့ ရွေ့စေနိုင်တာ ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချကြပေမဲ့ တကယ်တမ်းတော့ ဒီယူဆချက်ဟာ လုံးဝမှန်ကန်တယ်လို့ မပြောနိုင်လောက်အောင်ဘဲ ရွံပြင်ကြီးတစ်ခုလုံးနဲ့ ကျောက်တုံးတွေအားလုံး ခြောက်သွေ့သွားပြီး ပက်ကြားအက်ထနေအောင် အပူချိန် မြင့်မားနေတဲ့ နွေရာသီလို အချိန်မျိုးမှာတောင် ကျောက်တုံးတွေဟာ ထူးဆန်းစွာ ရွေ့လျားနေတတ်ကြပါတယ်လို့ ဆိုပါတယ်။ အဲဒီလို ခြောက်သွေ့  ညီညာနေတဲ့ မြေပြင်ပေါ်မှာ နေရာရွေ့နေကြရုံမျှမက  ကျောက်တုံး ရွေ့လျားတဲ့ လမ်းကြောင်းရာတွေ ခပ်နက်နက်နဲ့ ထင်ထင်ရှားရှား ဖြစ်ပေါ်နေတာကိုပါ ထူးဆန်းအံ့သြဖွယ် တွေ့ရပါတယ်.. ကွင်းပြင်ထဲကို ရောက်လာတဲ့ ကျောက်တုံးတွေကတော့ အနီးအနား ကျောက်တောင်တွေကနေ ပဲ့ကျ လိမ့်ဆင်းကျလာတတ်တဲ့ ကျောက်တုံးတွေ ဖြစ်ကြပါတယ်.။ ဘေးဝန်းကျင်က တောင်များမှာ အများအားဖြင့် ဒိုလိုမိုက်ကျောက် အမျိုးအစားတွေ ဖြစ်ကြကြောင်း သိရပါတယ်။

sailing stones 12



Racetrack Playa မှာ ဖြစ်ပေါ်နေတဲ့ ကျောက်တုံးတွေ ရွေ့လျားနေတဲ့ အဖြစ်အပျက်ဟာ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ ဆင်ခြင်ကြံဆမှုတွေကို စိန်ခေါ်နေတဲ့ အဖြစ်အပျက်တစ်ခု အဖြစ် ထင်ရှားလာနေပါတယ်.. ဒီကိစ္စကို အတိအကျ အဖြေထုတ်နိုင်ဖို့တော့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်.. နောက်ထူးခြားချက်တစ်ခုက ကျောက်တုံးတွေ ရွေ့လျားရာ လမ်းကြောင်းအားလုံးဟာ မျဉ်းပြိုင်အနေအထားအတိုင်း ရွေ့နေကြခြင်းပါဘဲ.. နှစ်စဉ်လေ့လာချက်များအရ ကျောက်တုံးတွေဟာ ကိုယ်စီလမ်းကြောင်းအတိုင်း ရွေ့လျားနေတတ်ပြီး အချို့ကျောက်တုံးများရဲ့ လမ်းကြောင်းဟာ  အဖြောင့်အတိုင်း ရှိနေသော်လည်း အချို့ကျောက်တုံးတွေရဲ့ ရွေ့လျားရာလမ်းကြောင်းမှာ အဖြောင့် သဏ္ဍာန်မှ ရုတ်တရက် ချိုးကွေ့သွားပြီး၊ အချို့မှာ  အနည်းငယ် တိမ်းစောင်းကောက်ကွေ့တဲ့ လမ်းကြောင်းမျိုးတွေ ဖြစ်ပေါ်နေတတ်တယ်လို့ သိရပါတယ်..  ကျောက်တုံးတွေရဲ့ ရွေ့လျားရာ လမ်းကြောင်းတွေကို အထင်အရှားမြင်နိုင်ကြပေမဲ့လို့ ကျောက်တုံးတွေ ရွေ့နေတာကိုတော့ မျက်မြင်ကိုယ်တွေ့ ဘယ်သူကမှ မမြင်ဖူးကြဘူးလို့ ဆိုပါတယ်.. ဘယ်အချိန်မှာ ကျောက်တုံးတွေရွေ့တယ်.. (Speed) အရှိန်ဘယ်လောက်နဲ့ ရွေ့လျားနေတယ်ဆိုတာကိုလည်း ဘယ်သူကမှ အတိအကျ မပြောနိုင်ကြပါဘူး။  အချို့ကျောက်တုံးများဟာ ပေါင်ချိန်အနည်းငယ်သာ လေးသော်လည်း အချို့သော ကျောက်တုံးကြီးများမှာ ပေါင် ၇၀၀ခန့်ပင် ရှိတတ်ပြီး အချို့ကျောက်တုံးများမှာ ပေအနည်းငယ်ခန့်သာ ရွေ့လျားကြသော်လည်း အချို့မှာတော့ ကိုက်ပေါင်းများစွာ ကွာဝေးအောင် ရွေ့လျားထားကြောင်း သိရပါတယ်။








sailing stones 7
မြေပြင်ပေါ်မှ ထင်ရှားနေတဲ့ ရွေ့လျားကြောင်းများ


အဲဒီ Death Velly က Racetrack Playa ဒေသတစ်ပိုက်ဟာ လူနေအိမ်ခြေလဲမရှိ၊ ခရီးလမ်းပန်းလည်း ခက်ခဲ ကြမ်းတမ်းလွန်းပါတယ်.. ဒီလောက် လူသူမနီး၊ အစွန်အဖျားကျပြီး လမ်းဆိုး၊ ရာသီဥတုဆိုးဝါးတဲ့  နေရာဒေသတစ်ခုမှာ သဘာဝမဟုတ်တဲ့  ကျောက်တုံးတွေ ရွေ့နေတဲ့အကြောင်းဟာ ခုချိန်ထိတော့ အဖြေအတိအကျထုတ်ဖို့ ခက်ခဲနေသေးတဲ့ ပဟေဠိတစ်ပုဒ် အနေနဲ့သာ ရှိနေသေးကြောင်းနဲ့ ဒီသတင်းလေးကို ဖတ်မိပြီး ဓာတ်ပုံတွေကို တွေ့ချိန်မှာ ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားမိတာကြောင့် အချက်အလက်များ၊ ဓာတ်ပုံများကို စုစည်းကာ စာဖတ်သူများ၊ မိတ်ဆွေသူငယ်ချင်းများ  ကြည့်ရှုနိုင်ရန် ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားသူများ Google Earth မှာလည်း Racetrack Playa လို့ရိုက်ထည့်ပြီး ရှာမယ်ဆိုရင် အဲဒီနေရာဒေသရဲ့ တည်နေရာအနေအထားနဲ့ ရွေ့နေတဲ့ ကျောက်တုံးများရဲ့ ဓာတ်ပုံများကို ရှာဖွေကြည့်ရှုလို့ ရပါကြောင်း တင်ပြရင်းနဲ့ ဒီပိုစ့်လေးကို နိဂုံးချုပ်ပါတယ်ရှင်။


လေးစားချစ်ခင်စွာ



Photos and Sources: http://virtual.yosemite.cc.ca.us/ghayes/Racetrack%20Playa.htm

http://planetoddity.com/the-mysterious-sailing-stones-of-death-valley/

ကျောက်တုံးရွေ့လျားရာ လမ်းကြောင်းများ

ခွဲစိတ်ကုသခ




ခွဲစိတ်ကုသခ









တက်စ်ဟာ အသက်၈နှစ်အရွယ် ချစ်စရာကလေးမလေး တစ်ဦးပေါ့။  တစ်နေ့မှာ သူ့အဖေနဲ့ အမေ နေမကောင်းဖြစ်ပြီး ဆေးကုသခံနေရတာ ကြာပြီဖြစ်တဲ့ သူမောင်ငယ်လေး အင်ဒရူးအကြောင်း တီးတိုးတိုင်ပင် ပြောဆိုနေတာကို အမှတ်မထင် ကြားလိုက်ရပါတယ်။ အခုသူကြားလိုက်ရတဲ့ အကြောင်းအရာက သူမရဲ့ အဖေနဲ့ အမေတို့မှာ စုဆောင်းထားသမျှ ပိုက်ဆံလဲ ကုန်ပြီဖြစ်လို့ အင်ဒရူးလေးရဲ့ ဆေးကုသစရိတ်အတွက် ဆရာဝန်ကို ပေးချေဖို့  အခုနေတဲ့ အိမ်ကို နောက်လထဲမှာ ရောင်းချပြီး အခြား ဈေးသက်သာတဲ့ တိုက်ခန်းတစ်ခုကို ပြောင်းရွေ့ရတော့မှာ ဖြစ်ကြောင်း၊ သူတို့ကို ပိုက်ဆံချေးငှားမဲ့သူလည်း ဘယ်သူမှ မရှိတဲ့ အတွက်    ခွဲစိတ်ကုသမှု လုပ်နိုင်ဖို့ မလွယ်တော့ကြောင်း၊ ဈေးသက်သာတဲ့ ဆရာဝန်နဲ့သာ ကလေးကို ဆက်ပြီး ကုသနိုင်တော့မဲ့ အခြေအနေအကြောင်း ပြောဆိုနေကြတာပါ။ သူ့အဖေက မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်ဝန်းအစုံနဲ့ နားထောင်နေရှာတဲ့ သူ့အမေကို တိုးတိုးလေးပြောလိုက်တာက “တန်ခိုးရှင် တစ်ပါးပါးကသာ သူတို့ သားလေးကို ကယ်တင်နိုင်တော့မယ် ထင်ပါတယ် ” ဆိုတဲ့ စကားလေးဘဲ ဖြစ်ပါတယ်...။




သူ့အဖေနဲ့အမေစကားကို ကြားရတဲ့ တက်စ်လေးဟာ ခေတ္တမျှ စဉ်းစားနေပြီး ရုတ်တရက် သတိရလာဟန်နဲ့ သူမရဲ့ အိပ်ခန်းထဲကို ၀င်သွားပြီး ဘီဒိုထဲ သိမ်းထားတဲ့ ဖန်ပုလင်းလေးတစ်ခုကို ဆွဲထုတ်လာပါတယ်။ ဖန်ပုလင်းလေးထဲမှာတော့ သူရတဲ့မုန့်ဖိုးလေးတွေ စုထားတဲ့ ငွေအကြွေစေ့လေးတွေ ရှိနေပါတယ်.. အဲဒီငွေအကြွေ အားလုံးကို ကြမ်းပြင်ပေါ် သွန်ချလိုက်ပြီး တစ်စေ့စီဂရုတစိုက် ကောက်ယူကာ ရေတွက်ပါတော့တယ်.. သုံးကြိမ်သုံးခါတိတိ သူမရဲ့  အကြွေစေ့လေးတွေကို မမှားရအောင် ပြန်ရေတွက်ပြီးတဲ့နောက်မှာတော့ ငွေဘယ်လောက်ရှိနေပြီဆိုတာ သူ့ကိုယ်သူ သေချာသွားခဲ့ပါပြီ. ဒါနဲ့ တက်စ်လေးဟာ အကြွေစေ့တွေကို ဖန်ပုလင်းလေးထဲ သေချာပြန်ထည့်လိုက်ပြီး အဖုံးလေးကို ဂရုတစိုက် ပြန်ပိတ်လိုက်ပါတယ်.. ပြီးတော့ သူမရဲ့ အင်္ကျီအိတ်လေးထဲကို ပုလင်းလေးကိုထည့်လိုက်ပြီး အိမ်ရဲ့ နောက်ဖေးတံခါးလေးကို တိတ်တိတ်လေးဖွင့်ကာ သူမတို့အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ဆေးဆိုင်လေးဆီကို သုတ်ခြေတင်ပြီး ပြေးပါတော့တယ်။




ဆေးဆိုင်ရောက်တဲ့အချိန်မှာ ဆေးဆိုင်မှာ လူတစ်ယောက်တည်းရှိနေခဲ့ပြီး အဲဒီလူက ပိုင်ရှင်ဖြစ်ပုံလဲ ရပါတယ်.. ပြီးတော့ သူ့ကြည့်ရတာ  အလုပ်ရှုပ်နေခဲ့ပါတယ်..  သူမ ဆိုင်ရှေ့ရောက်နေတာကို  မြင်တွေ့ပုံမရပါဘူး။ ဒါကြောင့် ဆိုင်ရှင်ရဲ့ အာရုံ သူမဆီ ရောက်လာဖို့အတွက်  တက်စ်လေးဟာ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်.. အတော်ကြာ စောင့်နေပေမဲ့ ဆိုင်ရှင်က သူမကို သတိမပြုမိသေးပါဘူး။ ဒါနဲ့ တက်စ်က ဆိုင်ရှင်သတိပြုမိအောင် သူမရဲ့ ခြေထောက်က ဖိနပ်တွေကို အသံမြည်အောင် ကြမ်းပြင်နဲ့ ပွတ်တိုက်လိုက်ပါတယ်.. ဒါလည်း ဆိုင်ရှင်က မတွေ့ပါဘူး။ တစ်ခါ သူမရဲ့ကလေးအသံလေးနဲ့ ကြိုးစားပြီး ချောင်းဟန့်တဲ့ အသံပြုလုပ်ပြန်ပါတယ်… အရာမထင်ပါဘူး။ နောက်ဆုံးတော့ သူမလေးရဲ့ အင်္ကျီအိတ်ထဲက ဖန်ပုလင်းလေးကို ထုတ်လိုက်ပြီး ဆေးတွေထည့်ထားတဲ့ မှန်ကောင်တာကို အသံမြည်အောင် ခေါက်လိုက်ပါတော့တယ်… ဒီတော့မှ ဆိုင်ရှင်က သူမကို သတိပြုမိပြီး “ဘာလိုချင်သလဲ”  လို့ ခပ်ဆတ်ဆတ် လေသံနဲ့ လှမ်းမေးပါတယ်..  ကြည့်ရတာ တက်စ်ဟာ သူ့အတွက် အနှောက်အယှက် ဖြစ်သွားခဲ့ပုံ ပေါ်ပါတယ်။




တက်စ်ရဲ့ အဖြေကို မစောင့်ဘဲ ဆိုင်ရှင်က တစ်ဆက်တည်း ပြောလိုက်တာက “ငါက ချီကာကိုက ရောက်လာတဲ့ ငါ့အစ်ကိုနဲ့ စကားပြောနေတာ.. သူနဲ့ ငါက မတွေ့ရတာ ငါ့တစ်သက်တောင် ရှိတော့မယ်..”  လို့ စိတ်ကသိကအောက်ဖြစ်တဲ့ လေသံနဲ့  လှမ်းပြောလိုက်ပါတယ်.. ဒီတော့ တက်စ်လေးကလည်း “အိုး သမီးလည်း သမီးရဲ့ မောင်လေးအကြောင်း ပြောပြချင်သေးတယ်.. သူက အခု အရမ်းကို နေမကောင်းဖြစ်နေပါတယ်... တကယ့်ကို နေမကောင်းတာပါ။ သမီးကို သမီးမောင်လေးအတွက် တန်ခိုးရှင် ရောင်းပါ” လို့ တက်စ်က ပြောလိုက်ပါတယ်.. သူမရဲ့ စကားကို နားရှုပ်ထွေးသွားပုံရတဲ့ ဆေးဆိုင်ပိုင်ရှင်က “ဘာပြောလိုက်တာလဲ” လို့ ထပ်မေးပါတယ်.. ဒီတော့ တက်စ်လေးက “ သမီးမောင်လေးနံမည်က အင်ဒရူးလို့ ခေါ်ပါတယ်.. ဆရာဝန်တွေက သူရဲ့ ခေါင်းထဲမှာ ဆိုးဆိုးဝါးဝါး တစ်ခုခု ဖြစ်နေတယ်လို့ ပြောပါတယ်.. ဆေးကုနေတာလဲ ကြာပြီ မသက်သာသေးပါဘူး.. ဖေဖေပြောတာတော့ တန်ခိုးရှင်က ကယ်မှဘဲ အင်ဒရူုးရဲ့ ရောဂါက သက်သာတော့မယ် ပြောပါတယ်.. ဒါကြောင့် ဒီဆေးဆိုင်မှာ တန်ခိုးရှင်ကို လာဝယ်တာပါ။ ဘယ်လောက်နဲ့ရောင်းပါသလဲ” လို့ ပြန်ပြောပြန်ပါတယ်။ “အိုး ငါတို့ဆိုင်မှာ တန်ခိုးရှင်ဆိုတာ မရောင်းပါဘူး။ ၀မ်းနည်းပါတယ် ကောင်မလေးရယ်.. မင်းကို မကူညီနိုင်တာ စိတ်မကောင်းပါဘူး” လို့  ဆိုင်ပိုင်ရှင်က ပြန်ပြောလိုက်ပါတယ်.. တက်စ်လေးဟာ မျက်ရည်တွေဝဲလာပြီး အသံတုန်တုန်လေးနဲ့ “ အိုး ဆိုင်ပိုင်ရှင်ကြီးရယ် သမီးဆီမှာ အဲဒီတန်ခိုးရှင်ကို ၀ယ်ဖို့ ပိုက်ဆံပါပါတယ်.. အခုပါတဲ့ ပိုက်ဆံနဲ့ မလောက်သေးဘူးဆိုရင် သမီးအိမ်ပြန်ပြီး ပိုက်ဆံသွားထပ်ယူပါ့မယ်... သမီးကို တန်ခိုးရှင်ဆိုတဲ့ဆေး ရောင်းဖြစ်အောင် ရောင်းပေးပါနော်..  ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတာ သမီးကို ပြောပါ ဆိုင်ပိုင်ရှင်ကြီးရယ်” လို့ ပြောလိုက်ပါတယ်။





သူတို့၂ယောက်ကို သပ်သပ်ရပ်ရပ် ၀တ်စားထားကာ စိတ်ဝင်တစားနဲ့ ဘေးကနေ ရပ်ကြည့်နေတဲ့ ဆေးရောင်းသူရဲ့ အစ်ကို ဆိုသူက “သမီးရဲ့ မောင်လေးအတွက် ဘယ်လိုတန်ခိုးရှင်မျိုး လိုအပ်နေတာလဲ” လို့ ကြင်နာတဲ့ အသံနဲ့ လှမ်းမေးလိုက်ပါတယ်..  “ဟင့်အင်း သမီးမသိဘူး အန်ကယ်.. သမီးသိတာက မောင်လေးဟာ အသည်းအသန် နေမကောင်းဖြစ်နေတယ်ဆိုတာပါဘဲ.. မေမေကတော့ မောင်လေးအတွက် ခွဲစိတ်ကုသမှု လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်.. ဒါပေမဲ့ သမီးတို့ ဖေဖေမှာလည်း ပိုက်ဆံက မရှိတော့ဘူး.. ဒါကြောင့် သမီးစုထားတဲ့ ပိုက်ဆံကလေးတွေနဲ့ တန်ခိုးရှင် ဆိုတာကို လာဝယ်တာပါ”  လို့ တက်စ်လေးက စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်ပါတယ်. “ကဲ.. ဒီလိုဆိုရင် သမီးဆီမှာ ပိုက်ဆံဘယ်လောက်ရှိလဲ.. ” ထိုလူကြီးက ပြန်မေးတော့ တက်စ်က “သမီးဆီမှာ စုစုပေါင်း တစ်ဒေါ်လာနဲ့ ဆယ့်တစ်ဆင့် ရှိပါတယ်.. ဒါ သမီးမှာ ရှိတဲ့ ပိုက်ဆံအကုန်ပါဘဲ.. ဒါပေမဲ့ တန်ခိုးရှင်ကို ၀ယ်ဖို့ပိုက်ဆံ မလောက်သေးဘူးဆိုရင် သမီး အိမ်ပြန်ပြီးပိုက်ဆံထပ်ယူပါ့မယ်” လို့ ထိုလူကြားလောက်ရုံမျှ အသံလေးနဲ့ ပြန်ဖြေပါတယ်။ ထိုလူကြီးက ပြုံးလိုက်ပြီး “အိုး ဘယ်တောင် အံ့သြဖို့ကောင်းတဲ့ တိုက်ဆိုင်မှုလဲ.. တစ်ဒေါ်လာနဲ့ ဆယ့်တစ်ဆင့်ဆိုရင် သမီးမောင်လေးအတွက် တန်ခိုးရှင်ကို ၀ယ်ဖို့ ကွက်တိပါဘဲ… ပိုက်ဆံ ထပ်ပေးဖို့ မလိုတော့ပါဘူး” လို့  ကလေးမလေးကို ပြန်ပြောလိုက်ရင်း လက်တစ်ဖက်တည်းနဲ့ ပိုက်ဆံအကြွေတွေကို လှမ်းယူလိုက်ပြီး ကျန်လက်တစ်ဖက်က ကလေးမလေးရဲ့ အေးစက်နေတဲ့ လက်ဖျားလေးကို ကြင်နာယုယစွာ ဆုပ်ကိုင်လိုက်ကာ “သမီးတို့နေတဲ့နေရာကို အန်ကယ့်ကိုခေါ်သွားနော်.. အန်ကယ်သမီးရဲ့ မောင်လေးကို လိုက်ကြည့်မယ်.. ပြီးတော့ သမီးရဲ့ မိဘတွေနဲ့လည်း တွေ့ချင်သေးတယ်.. သမီးလိုချင်တဲ့ တန်ခိုးရှင်ဆိုတာ ဦးလေးမှာ ရှိမရှိ စမ်းသပ်ကြည့်ရအောင် ” လို့ပြောလိုက်ပါတယ်။




တကယ်တော့ ကလေးမလေးနဲ့အတူ အိမ်ကို လိုက်ပါလာတဲ့ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသူဟာ ဦးနှောက်နဲ့ အာရုံကြော အထူးကု ခွဲစိတ်ဆရာဝန်ကြီး  “ဒေါက်တာ ကာတန်အမ်းစ်ထရောင်း” ဖြစ်ပါတယ်.. ဆေးရုံကြီးမှာ ဒေါက်တာ ကာတန်အမ်းစ်ထရောင်းရဲ့ ဦးဆောင်ခွဲစိတ်မှုတို့ ပြီးဆုံးသွားချိန်မှာတော့ အခကြေးငွေ တစ်ပြားတစ်ချပ်မှာ ထပ်ကုန်စရာ မလိုတော့ဘဲ အင်ဒရူးလေးဟာ မကြာခင်မှာ နေကောင်းကျန်းမာလာပြီး အိမ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်.. အင်ဒရူလေး နေပြန်ကောင်းလာလို့ သူ့ရဲ့ အဖေအမေနဲ့ တက်စ်လေးတို့ဟာ ပျော်ရွှင်ဝမ်းသာစွာနဲ့ အဖြစ်အပျက်တွေကို မယုံနိုင်ခြင်းများစွာနဲ့ ပြောဆိုနေခဲ့ကြပါတယ်.. “ သားလေးရဲ့ ခွဲစိတ်မှုဟာ တကယ့်ကို မယုံနိုင်လောက်အောင် ထူးဆန်းလွန်းတယ်နော်.. တန်ခိုးရှင်တစ်ပါးပါးက ဖန်ဆင်းပေးလိုက်သလိုပါဘဲရှင်... ကျွန်မဖြင့် ပိုက်ဆံတွေ အများကြီး ကုန်ကျတော့မှာဘဲ.. ဘယ်ကနေရှာရမလဲ လို့ စိတ်ပူနေတာ.. ဒီလို တန်ခိုးရှင်လို သနားကြင်နာတတ်တဲ့ ဆရာဝန်ကြီးတွေ ကေမှာ ဘယ်နှစ်ယောက်များ ရှိနေမှာပါလိမ့်။ တကယ်လို့များ အင်ဒရူးအတွက် ခွဲစိတ်ခသာ ပေးရမယ်ဆိုရင် ဘယ်လောက်များ ကျမလဲ မသိဘူးနော်” လို့ မိခင်ဖြစ်သူက ပြောလိုက်တော့ တက်စ်ကလေးက မျက်ဝန်းလေးတွေ ရွှန်းလဲ့တောက်ပသွားအောင် ပြုံးလိုက်ပါတယ်.. အင်ဒရူးလေးရဲ့ ခွဲစိတ်ခ ဘယ်လောက်ကျတယ်ဆိုတာ သူမအသိဆုံး မဟုတ်လား.. “ခွဲစိတ်ခအတွက် ကုန်ကျစရိတ် စုစုပေါင်းဟာ တစ်ဒေါ်လာနဲ့ ဆယ့်တစ်ဆင့်ရယ်.. သူမရဲ့  ဇွဲနဲ့ စိတ်အားထက်သန်တဲ့ ယုံကြည်မှုရယ်ဘဲပေါ့။”







John Deru ရဲ့  A miracle of $1.11 ကို နှစ်သက်မိသဖြင့် ဘာသာပြန်ပါသည်။







တောင်နံရံပေါ်က အံ့သြဖွယ်ဘုရားကျောင်း

ကျောက်နံရံမြင့်မြင့်မားပေါ်က အံ့သြဖွယ်ဘုရားကျောင်း







လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မဆီကို သူငယ်ချင်းတစ်ယောက်က ပို့လိုက်တဲ့ အီးမေလ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘုရားကျောင်းတစ်ခုရဲ့ ပုံတွေ ပါလာပါတယ်.. ပုံတွေချည်းဘဲကြည့်ရတာကို အတော်စိတ်ဝင်စားမိတာကြောင့် အခြားသူများကို ပြန်လည်ဝေမျှချင်မိတဲ့စိတ်နဲ့ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် ဓာတ်ပုံများ အချက်အလက်များကို အင်တာနက်ကနေ ရှာဖွေပြီး ဒီဘလောဂ့်ပေါ်ကတစ်ဆင့် ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။







တောင်ခြေရှိ ဘုရားကျောင်းအ၀င် မုဒ်ဦး







ကျောက်သားပေါ်က ကျောင်းဆောင်များ






မတ်စောက် မြင့်မားလှတဲ့ တောင်စောင်းမှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့  ဘုရားကျောင်း ဆိုတာ တရုတ်ပြည် စန်းရှီးပြည်နယ် ဟောင်ယွန်ခရိုင်ကနေ  ၅ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ဟန်စန်းတောင်ခြေရဲ့ ကျောက်သားနံရံပေါ်မှာ တွယ်ကပ်ပြီး တည်ဆောက်ထားတဲ့ ဘုရားကျောင်းတစ်ခုပါ။ ဟန်စန်းတောင်ဆိုတာ တရုတ်ပြည်မှာတော့ အထွတ်အမြတ်ထားတဲ့ နံမည်ကျော် တောင်ကြီး ၅ခုမှာ မြောက်ဘက်အကျဆုံး တောင်တစ်ခုဖြစ်ပါတယ်.. တောင်နံရံနဲ့ ကပ်ပြီးတည်ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်များဟာ အဝေးကနေကြည့်မယ်ဆိုရင် တောင်နံရံမှာ ၀ဲပျံနေတဲ့ ဖီးနစ်ငှက်ရဲ့ အသွင်သဏ္ဍာန်ရှိတယ်လို့ သိရပါတယ်.. ဘုရားကျောင်းရဲ့ အဆောက်အဦများ အားလုံးဟာ ဟန်စန်းတောင်ရဲ့ အချွန်အတက်ပေါများတဲ့ တောင်စောင်းတွေမှာ ချိတ်ဆွဲထားသကဲ့သို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. ဒေါင်လိုက် ရှိနေတဲ့ မတ်စောက်တဲ့ တောင်စောင်းမှာ အလွန်ခဲရာခဲဆစ် တည်ဆောက်ထားတာမို့ သဲထိတ်ရင်ဖို ရှိလှပါတယ်.. မြေပြင်မှ အမြင့်၂၄၆ ပေမှာ ထူးဆန်းအံ့သြဖွယ် မတ်စောက်လှတဲ့ တောင်နံရံစောင်းမှာ ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်..




ဘုရားကျောင်းဟာ ကျင်းလုံတောင်ကြားက ဟန်စန်းတောင်ခြေမှာ တည်ရှိပြီး ဟန်စန်းတောင်ရဲ့ သမိုင်းနောက်ခံ အချက်အလက်များအရ ၆ရာစုနှစ်ခန့်က Liao Ran အမည်ရှိ ဘုန်းကြီး တစ်ပါးက တရုတ်ပြည် ဝေ့ မင်းဆက် လက်ထက်မှာ ပထမဦးဆုံး တည်ဆောက်ခဲ့တယ်လို့ အဆိုရှိပါတယ်.. ဒါကြောင့် ဒီဘုရားကျောင်းဟာ နှစ်ပေါင်း ၁၄၀၀ ကျော်ခန့် သက်တမ်းကြာမြင့်ပြီဖြစ်ကြောင်း သိရပါတယ်.. အကြိမ်ပေါင်း မြောက်မြားစွာ ပြုပြင်မှုများ ပြုလုပ်ပြီးချိန်မှာ ၄င်းဘုရားကျောင်းဟာ မတ်စောက်တဲ့ ကျောက်သားနံရံ တောင်စောင်းမှာ ကျောက်နံရံကြီးကို နောက်ခံအားပြုကာ သေသပ်လှတဲ့ ဗိသုကာပညာများနဲ့ ကျွမ်းကျင်စွာ တည်ဆောက်ထားသော အလွန်ထူးခြားသည့် အံ့သြဖွယ် ဘုရားကျောင်းအဖြစ် တရုတ်ပြည်မှာ နံမည်ကြီးလာပါတော့တယ်. ကျောက်နံရံကြီးကို အမှီပြုပြီး ခက်ခက်ခဲခဲနေရာမှာ တည်ဆောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ၂ချက်မှာ ဘုရားကျောင်းကို မိုးဒဏ်၊ နှင်းမုန်တိုင်းဒဏ်၊ လေဒဏ်နဲ့ အခြား သဘာဝ ဘေးအန္တရာယ်တို့မှ ကျောက်ဆောင်ကြီးက အကွာအကွယ်ပေးနိုင်ခြင်း နဲ့ တာအိုဘာသာ အယူဝါဒ စည်းမျဉ်းစည်းကမ်းအရ ဆူညံသောအသံဗလံတို့မှ ကင်းဝေးစေရန်အတွက် ယခုလို ကျောက်နံရံကြီးပေါ်က မြို့ရွာ၊ လူနေအိမ်ခြေတို့နဲ့ ကင်းဝေးဆိတ်ငြိမ်ရာမှာ သီးခြား တည်ဆောက်ထားကြောင်း သိရပါတယ်။




ကျောက်ဆောင်ကြီးရဲ့ အောက်မှာ တည်ရှိနေတဲ့ ဘုရားကျောင်းဟာ အနီရောင်နံရံများနဲ့ ခဲရောင် အုတ်ကြွတ်ပြားများဖြင့် ခန့်ထည်စွာ တည်ဆောက်ထားပါတယ်.. ကျောက်သားများကို အလျားလိုက် အပေါက်များဖြစ်အောင် ထွင်းထုပြီး သံချောင်းများထိုးစိုက်သွင်းကာ သံဘောင်များဖြင့် ချိတ်ဆက်ပြီး နံရံများ အမိုးများကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။  အဆောက်အဦးများကိုတော့ မြောက်မှတောင်သို့ သွယ်တန်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်.. အဆောင်အခန်းပေါင်း ၄၀ကျော်ပါရှိပြီး ၄င်းအဆောင်များကို တစ်ခုနဲ့တစ်ခု ကျဉ်းမြောင်းခက်ခဲတဲ့ ဖြတ်လမ်းများနဲ့ ဆက်သွယ်ထားပါတယ်... တော်ရုံတန်ရုံ အသည်းငယ်သူများအတွက် မူးမေ့စေနိုင်လောက်တဲ့ လျှောက်လမ်းကလေးများ ဖြစ်ကြပါတယ်…  အဆောက်အဦးများဟာ တရုတ်ပြည်ရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို စုစည်းပေါင်းစပ်ထားတဲ့ သင်္ကေတသဖွယ် ခမ်းနားတင့်တယ်စွာ တည်ရှိနေပါတယ်။  ထူးဆန်းအံ့သြဖွယ်ကောင်းအောင် မတ်စောက်နေတဲ့ တောင်စောင်းမှာ တည်ရှိနေရုံမျှမက ကဗျည်းမှတ်တမ်းစာများ၊ ကဗျာများ မြောက်မြားစွာ ရှိနေခဲ့ပါတယ်.. ကိုးကွယ်ယုံကြည်မှု အယူဝါဒ တစ်ခုတည်းအတွက် တည်ဆောက်ခဲ့တာ မဟုတ်ဘဲ တရုတ်ပြည်တွင် ထွန်းကားခဲ့တဲ့ အယူဝါဒ ၃ခုဖြစ်သော ဗုဒ္ဓဘာသာ၊ တာအိုဝါဒ၊ ကွန်ဖြူးရှပ် ၀ါဒတို့နဲ့ သက်ဆိုင်တဲ့ ကြေးနီ၊ သံ၊ ရွံ့စေး၊ ကျောက်သားနံရံ စသည်တို့ဖြင့် ထွင်းထုထားသော ရုပ်တုပေါင်း ၇၈ခုကို ထင်ရှားစွာ တွေ့ရှိရပါတယ်.. ကိုးကွယ်ယုံကြည်မှု ဘာသာ၃ခုနဲ့ သက်ဆိုင်တဲ့ ရုပ်ထုများစွာတို့ကို တစ်ပေါင်းတစ်စည်းတည်း ထူးခြားစွာ တွေ့ရှိရတဲ့အတွက် တန်ဖိုး မဖြတ်နိုင်လောက်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု အမွေအနှစ် ရှေးခေတ်လက်ရာများ ဖြစ်သောကြောင့် နံမည်ကျော် ထင်ရှားလှပါတယ်…





အဆောင်တစ်ခုနဲ့တစ်ခု ကူးဖို့ လျှောက်လှမ်းများ


























သွယ်တန်းဖောက်လုပ်ထားတဲ့ အဆောင်ကူးလမ်းများ


















ခပ်လှမ်းလှမ်းက မြင်ရတဲ့ ကျောက်နံရံနဲ့ ကပ်နေသောအဆောင်များ













နဂါးခံတွင်းဝသို့အ၀င်





သဲထိတ်ရင်ဖို











ကားသွားနိုင်တဲ့ ကျောက်တောင်လမ်းများ









ဇစ်ဇက်ပုံ တောင်တက်လူသွားလမ်း








တောင်ခိုးများနဲ့ လွမ်းစဖွယ်





















ဒီလို လှပသာယာတဲ့ စိတ်ချမ်းမြေ့ဖွယ် ရေတံခွန်အလှအပများလည်း ရှိနေပါတယ်။





စွန့်စားချင်သူများအတွက် အသည်းယားဖွယ် လူသွားလမ်း






သွားကြမလား ဒီတောင်ကြား








ကားသွားလမ်း










------------------------------------------------------------------











--------------------------------------------------------------------------









----------------------------------------------------------------------















ဘာသာရေးဆိုင်ရာ ရုပ်ထုများ












ယခုအချိန်မှာတော့ စိတ်ဝင်စားဖို့ကောင်းလှတဲ့ ဗိသုကာပညာကြောင့်ရော၊ တရုတ်ပြည်ရဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာရေးကို လေ့လာလိုသူများအတွက် ၊ အထူးအဆန်း နေရာဒေသများကို နှစ်ခြိုက်စိတ်ဝင်စားသူ နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှုရှိလှတဲ့ လူအများ သွားရောက်လေ့လာတဲ့ နေရာတစ်ခုအဖြစ် နံမည်ကျော်ထင်ရှားလှပြီ ဖြစ်ပါတယ်။ အခွင့်အခါများ ကြုံခဲ့ရင် ကိုယ်တိုင်လည်း သွားရောက်ခွင့် ရချင်ပါသေးကြောင်းဖြင့် ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။





ချမ်းမြေ့ကြပါစေရှင်။








Sources from- http://saiprema.wordpress.com/2010/07/03/incredible-hanging-temple-in-datong-china/


photos from - Funzug.com , google  and mail

စိန်ရောင်လက်တဲ့ အိပ်ပျက်ညများ








စိန်ရောင်လက်တဲ့ အိပ်ပျက်ညများ








ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် ကိုယ်တစ်ပိုင်းကို ချောင်းရေထဲစိမ်ရင်း လက်ထဲမှာ သစ်သားအင်ပြားကို ဝေ့ကာ ၀ိုက်ကာ ရေပေါ်လှုပ်ခါရင်း ဒေါ်သန်းဆင့် ရွှေကျင်နေသည်။ သူမ၏ ၁၃နှစ်အရွယ် သမီးလေး အေးဆင့်က ချောင်းကမ်းစပ်မှ မြေကြီးများ တူရွင်းပြားအတိုလေးဖြင့် တူးဆွကာ ရလာသော မြေကြီးများကို ဒေါ်သန်းဆင့်၏အနီးနား မြေပြင်ပေါ်တွင် ဂေါ်တောင်းနှင့်သယ်သယ်လာပြီး ပုံကာထားပေးနေသည်။ နွေရာသီ ကျောင်းပိတ်ရက်မို့ အားလပ်နေသော သမီးအေးဆင့်က ဒေါ်သန်းဆင့်ရွှေကျင်ရာတွင် တတပ်တအား ကူညီနိုင်ခွင့် ရနေလေသည်။ ဥရုချောင်းဆိုသည့် နံမည်ကျော်ချောင်းကမ်းဘေးမှာ သူမတို့ သားအမိနှစ်ယောက် မိန်းမသားတို့အင်အားလေးနှင့် ချောင်းကမ်းစပ် အပေါ်ယံမြေကြီးများကို တူးဆွကာ အင်ဟုခေါ်သော သစ်သားအပြားဝိုင်းဖြင့် မြေကြီးများကို တဖြေးဖြေး ဖယ်ရှားပစ်ပြီး ရွှေမှုန်ကလေးများကို ကဲ့ယူသော နည်းဖြင့် ရွှေကျင်နေကြခြင်းဖြစ်သည်။ မနက်စောစော ထမင်းချက်ပြီး သားအမိ၂ယောက်သား  ထမင်းကို ဆားဖြူး၍ ဆီပါသည်ဆိုရုံမျှ နယ်ဖတ်ကာ စားခဲ့ကြပြီးနောက် ကျန်သောထမင်းနှင့် ဟင်းခေါ်နိုင်ရုံမျှ အချဉ်ရည် အနည်းငယ်နှင့် ငပိထောင်းတို့ကို ချိုင့်အစုတ်ကလေးဖြင့် ရွှေကျင်ရာသို့ ယူလာကာ နေ့လည် ရွှေကျင်နားချိန်တွင် စားသောက်ပြီးကြလေပြီ။





တစ်နေ့တာ ရွှေကျင်ပြီး ရလာသောရွှေမှုန်ကလေးများကို ပုလင်းသေးလေးတစ်လုံးနှင့် ထည့်ကာ သားအမိနှစ်ယောက်သား အိမ်ပြန်ကြရသည်။ သူမတို့လက်ထဲက ရွှေမှုန်ထည့်ထားသော ပုလင်းလေးသည် သူမတို့အတွက် မျှော်လင့်ချက် ဖြစ်လေသည်။ တစ်ရက်ကို ရွေးတစ်ခြမ်း၊ တခါတရံ တစ်ရွေးလောက်ရသော ရွှေမှုန်ကလေးများအား ညနေစောင်းအိမ်ပြန်ရင်း ရွှေဆိုင်တွင် သွားရောင်းချခြင်းဖြင့် ရလာသော ငွေကြေးလေးများဖြင့် တစ်နေ့လုပ် တစ်နေ့စားဖြင့် ဘ၀ကို ရုန်းကန် ရပ်တည်နေခဲ့ရသည်။ မိုးရာသီနှင့် ဆောင်းရာသီတို့တွင် ဒေါ်သန်းဆင့်အတွက် အလုပ်မရှား။ မိုးရာသီတွင် ရွာထဲမှ လယ်ပိုင်ရှင်များထံတွင် ကောက်စိုက်၊ ပျိုးနှုတ် လုပ်နိုင်သလို ဆောင်းရာသီ စပါးပေါ်ချိန်တွင် စပါးရိတ်သည့်အလုပ်ကို လုပ်နိုင်သည်။ ထိုအချိန်တွင်တော့ သမီးအေးဆင့်က ကျောင်းတက်၊ စာကျက်သည်။ တကယ်တမ်းတော့ ဒေါ်သန်းဆင့်တို့က ရွှေဘိုအနီးက ရွာလေးတစ်ရွာတွင် နေထိုင်ကြသူများသာ။ သူမယောက်ျား ကိုသက်လွင် ဆုံးသွားသောအခါ သမီးလေးတစ်ယောက်နှင့် ကျန်ရစ်ခဲ့သော ဒေါ်သန်းဆင့်မှာ ရွာတွင် ဆက်ပြီးမနေလိုတော့သဖြင့် အထက်အရပ်သို့ ရောက်လာပြီး ရွှေနှင့် ကျောက်ထွက်သည့် ဥရုချောင်းဘေး ရွာကလေးသို့ ရောက်လာကြခြင်းဖြစ်သည်။





သူများလို ငွေအရင်းအနှီးလည်းမရှိ၊ အဆွေအမျိုးလည်းမရှိသော သည်ရွာကလေးတွင် သူမတတ်အားသမျှနှင့် မနေမနား အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရင်း သမီးလေးကို ကျောင်းထားနိုင်ခဲ့သည်။ ရွာအစွန်မှ တဲဖြစ်ရုံသာသာ  အိမ်ကလေးမှာ သားအမိနှစ်ယောက်သား နေထိုင်ရင်း ဘ၀ကို အသစ်ပြန်စခဲ့ရသည်။ ပင်ပင်ပန်းပန်း လုပ်ကိုင်ရသော်လည်း သမီးလေးရှိသေးရွေ့ သူမ အသက်ရှင်သန်နေရပါဦးမည်။ သည်သမီးလေးသည် သူမ၏ မျှော်လင့်ချက်လည်း ဖြစ်သည်လေ။ အင်ပေါ်တွင် တင်ကျန်နေရစ်သော ရွှေမှုန်ကလေးအနည်းငယ်ကို ပန်းကန်ပြားလေးပေါ် ရေဖြင့်သပ်ချလိုက်ပြီးနောက် ပန်းကန်ပြားမှတစ်ဆင့် ပုလင်းလေးထဲ စောင်းငှဲ့ထည့်လိုက်ရင်း သူမအတွေးတွေကို လက်စသပ်လိုက်ကာ မြေကြီးတူးနေသော သမီးအေးဆင့်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ပူပြင်းလှသော နေရောင်အောက်တွင် ပင်ပင်ပန်းပန်းလုပ်နေသော သမီးလေးကို သူမ မကြည့်ရက်ပါ။ သို့သော်လည်း ၂ယောက်ပေါင်းပြီး လုပ်တာက လုပ်အား ပိုတွင်ကျယ်သလို ရွှေများများလည်း ပိုရနိုင်သဖြင့် မလွဲသာလွန်း၍သာ သမီးကို ခေါ်လာရခြင်းဖြစ်လေသည်။ ဒီနှစ်ကျောင်းပြန်ဖွင့်လျှင် အေးဆင့်က ၉တန်းတက်ရတော့မည်။ သူမကို မြို့ကြီးတစ်ခုတွင် ကျောင်းသွားထားချင်စိတ်က ဒေါ်သန်းဆင့်ရင်ထဲ ခိုင်ခိုင်မာမာ ဖြစ်ထွန်းနေခဲ့သည်။ သို့သော် တစ်နေ့လုပ်မှ တစ်နေ့စားရသော သူမတို့ဘ၀တွင် အေးဆင့်ကို မြို့ကျောင်းသို့ ပို့နိုင်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပေလိမ့်မည်။





ဘေးနားပုံထားသော မြေကြီးကို အင်ထဲထည့်လိုက်ပြီး ရေနှင့်မြေကြီးများကို ဖျော်လိုက်ကာ ကျောက်ခဲကြီးများကို ရွေးထုတ်လိုက်ရင်း ရေထဲမှာ အင်ကို လှည့်ပတ်လိုက်တော့ မြေကြီးများက ရေနှင့်အတူ ချောင်းထဲ စီးမျှောသွားကြသည်။ အင်ထဲတွင် တဖြေးဖြေးနှင့် ကျောက်ခဲ ခပ်သေးသေးနှင့် မြေကြီးအနည်းငယ်တို့ ကျန်နေခဲ့သည်။ ဒေါ်သန်းဆင့်လက်က အင်ထဲမှ ကျောက်ခဲအချို့ကို ကောက်ကာ ရေထဲ လွင့်ပစ်လိုက်ရင်း သူမမျက်လုံးက လက်ခနဲဖြစ်သွားသော အရာတစ်ခုကို တွေ့လိုက်ရသည်။ လက်ဖြင့် ကောက်ကိုင်လိုက်တော့ ကျောက်ခဲ မဟုတ်သော တစ်စုံတစ်ရာကို ကိုင်မိလိုက်သည်။ လက်ထဲမှ အရာလေးကို နေရောင်အောက်တွင် ထောင်ကြည့်လိုက်တော့ ၀င်းခနဲဖြစ်သွားသည်။ ရွှေရောင်လက်နေသော လက်စွပ်လေးတစ်ကွင်း။ မြေကြီးတို့ ဖုံးလွှမ်းနေသော လက်စွပ်ကျောက်နေရာကို ပွတ်ဆေးလိုက်သည့်အခါ နေရောင်အောက်တွင် တဖျတ်ဖျတ် လက်နေသည်ကို တွေ့လိုက်ရသည်။ “ဘုရားရေ ဒါ စိန်ကို ရွှေနဲ့ ကွင်းထားတဲ့ တကယ့် လက်စွပ်အစစ်ပါလား” တခါတရံတွင် ဒေါ်သန်းဆင့်တို့ ရွှေကျင်ရင်း ကလေးကစားစရာ လက်စွပ်များ၊ နားကပ်လေးများ ပါလာတတ်သည်။ သို့သော် ဒီဟာလေးကတော့ လေးလေးပင်ပင်လည်းရှိသည်၊ တောက်ပ ပြောင်လက်နေသည်မှာလည်း ငြင်းမရအောင်တန်ဖိုးကြီးလှသော အဖိုးတန်လက်စွပ်မှန်း သိသာစေသည်။ ဖြူဖွေးဆွတ်ကြည်နေသော ဇီးသီးကင်းခန့် စိန်အရောင်က လင်းလက်တောက်ပလွန်းသဖြင့် သူမလက်များပင် တဆတ်ဆတ် တုန်ယင်လာသည်။ ဒေါ်သန်းဆင့် ဘ၀တွင် ဒီလိုအဖိုးတန်ပစ္စည်းမျိုး ရဖို့မပြောနှင့်။ ကိုင်ဖူးသည့်အဆင့်ကိုပင် မရောက်ခဲ့ပါ။ ဒီလက်စွပ်လေးဟာ လူတွေ တပ်မက်ကြသော စိန်ဆိုသည့် တန်ဖိုးကြီး ကျောက်မျက်ရတနာသာ ဖြစ်ပေလိမ့်မည်။





ထိုစဉ် သူမအနားသို့ သမီးအေးဆင့်ရောက်လာပြီး “အမေ.. ဘာတွေ့လို့ ဒီလောက်ကြည့်နေတာလဲ” ဟု မေးလာသည်။ ဒေါ်သန်းဆင့်က “ ဒီမှာကြည့်စမ်းသမီး.. ဒီလက်စွပ်ဟာ စိန်အစစ်လက်စွပ်လေးတစ်ကွင်း ဖြစ်လိမ့်မယ်.. နေရောင်မှာ ဖျတ်ဖျတ်ကို လက်နေတာဘဲ.. ရွှေကလည်း အစစ်ဖြစ်တာ သေချာတယ်”





“ ဟင်.. အမေ .. သမီးသိပြီ.. ဒီလက်စွပ်ဟာ မိုးတွင်းတုန်းက ချောင်းထဲမှာ ရေချိုးရင်း လက်စွပ် ကျပျောက်သွားတဲ့ အဖွားလေး ဒေါ်သီတာရဲ့ လက်စွပ်ဖြစ်မယ်... အမေ အမေမှတ်မိလား.. ဒီလက်စွပ်ကို ရအောင်ပြန်ရှာနိုင်တဲ့သူကို ကျေးဇူးဆပ်မယ်လို့တောင် ကြောငြာသေးတယ်လေ .. ရွာထဲက ရေငုတ်ကျွမ်းကျင်တဲ့ သူတွေ တော်တော်များများ ၀ိုင်းရှာကြပေမဲ့ … မိုးတွင်းတုန်းက ချောင်းရေက နောက်ကျိနေလို့ ဘယ်လိုမှ ရှာမရတော့လို့ ရှာတဲ့သူတွေ လက်လျှော့လိုက်တယ်လေ.. ”





ဒီတော့မှ ဒေါ်သန်းဆင့် ပြန်သတိရလာသည်။ ဟုတ်သည် သမီးအေးဆင့်ပြောတာ အမှန်ဖြစ်သည်။ ဒီရွာကလူတွေအားလုံးက ပိုက်ဆံချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသူဖြစ်ဖြစ် ချောင်းထဲမှသာ အားလုံးက နွေနွေမိုးမိုး ရေချိုးကြသည့် အကျင့်ရှိသည်။ ပြီးခဲ့သည့် မိုးရာသီတုန်းက ရွာထဲမှ ပိုက်ဆံချမ်းသာသော ဒေါ်သီတာက ချောင်းထဲရေဆင်းချိုးရင်း လက်စွပ်ကို မချွတ်မိသဖြင့် ဆပ်ပြာတိုက်နေစဉ် လက်စွပ်မှာ လျှောထွက်သွားပြီး ချောင်းရေထဲသို့ ကျသွားခဲ့သည်။ တန်ဖိုးကြီးလှသော စိန်လက်စွပ်ဖြစ်သဖြင့် လူအင်အားများနှင့် လိုက်ရှာကြသည် ဆိုတာကိုလည်း ကြားမိသည်။ ရေစီးသန်ပြီး နောက်ကျိနေသော ချောင်းရေကြောင့် ဘယ်လိုမှ ရှာမတွေ့တော့ဘဲ လက်လျှော့လိုက်သော်လည်း လက်စွပ်ပြန်ရအောင် ရှာပေးနိုင်သူအား ထိုက်တန်စွာ ကျေးဇူးဆပ်မည်ဟု ကြေငြာခဲ့ဖူးသည်။ ထိုလက်စွပ်သည် ဒေါ်သီတာတို့၏ မိဘ ဘိုးဘွားပိုင် အမွေဟုလည်း လူတွေ ပြောသံ ကြားဖူးခဲ့သည်။ ဒေါ်သီတာတို့ ရေချိုးဆိပ်သည် ဒေါ်သန်းဆင့်တို့ ရွှေကျင်နေသော နေရာ၏ အထက်ဖက် ခပ်လှမ်းလှမ်းတွင်ဖြစ်သည်။ ရေစီးကြောင့် ယခုနေရာထိ လိမ့်ဆင်းလာပြီး မြေကြီးအောက်ထဲတွင် နှစ်မြုပ်နေဟန်ရှိသည်။




“အမေ ဒီလက်စွပ်ကို ဖွားလေး ဒေါ်သီတာတို့ကို ပြန်အပ်လိုက်ရင် သမီးတို့ ဆုငွေတွေ ရမှာဘဲနော်.. ” သမီးအေးဆင့်က ၀မ်းသာအားရ ပြောလိုက်သည်။ ဒေါ်သန်းဆင့်က လက်ထဲမှ လက်စွပ်ကို ကဗျာကယာ လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး “ဘာလို့ပြန်ပေးရမှာလဲ သမီး.. ရေအဆုံး ကုန်းတစ်ဝက်ဆိုတာ ကြားဖူးတယ်မဟုတ်လား.. အခု အမေတို့က ရေထဲမှာ ကောက်ရတာမို့ အမေတို့ပိုင်ပြီ။ ဒေါ်သီတာကို ပြန်ပေးရင် သူတို့ပေးတဲ့ ဆုငွေက ဘယ်လောက်ရမှာမို့လဲ.. ဒါကို ကိုယ့်ဟာကို ရောင်းလိုက်ရင် ငွေတွေအများကြီးရမှာ သမီးရဲ့ .. အမေတို့ရဲ့ ပျက်စီးနေတဲ့ အိမ်ကိုလည်း ပြင်ဆောက်နိုင်မယ် သမီးကိုလည်း ကျောင်းကောင်းကောင်းမှာ ထားနိုင်တော့မယ်.. ”





“ဟင်.. အမေကလည်း ပိုင်ရှင်ဘယ်သူလဲဆိုတာ သိနေရက်နဲ့ ပြန်မပေးဘဲယူထားတာ ကောင်းပါ့မလား.. ပိုင်ရှင်မရှိတဲ့ ပစ္စည်းဆိုရင် တော်သေးတယ်.. ”





“ပါးစပ်ပိတ်ထား.. အေးဆင့်။ ဒီလက်စွပ်ရတဲ့ ကိစ္စ ဘယ်သူ့ကိုမှ မပြောနဲ့။ ဘယ်သူမှ မသိစေနဲ့။ သမီးနဲ့အမေတို့ ဒီရွာကနေ ထွက်သွားပြီး တစ်မြို့တစ်ရွာမှာ သွားပြီး ထုခွဲရောင်းချမယ်...  ဒီရွာမှာ မုဆိုးမဘ၀နဲ့ ဆင်းဆင်းရဲရဲ မျက်နှာငယ်ငယ်နဲ့ နေရတဲ့ အချိန်တွေကို မေ့ပစ်ရမယ်.. ဒါဘဲနော်. အမေထပ်ပြောမယ် ဒီကိစ္စကို သမီးဘယ်သူ့မှ မပြောရဘူး”





ဒေါ်သန်းဆင့်ရဲ့ လေသံမာမာအဆုံးမှာ မျက်နှာလေး ငယ်ငယ်ဖြင့် အေးဆင့် ငြိမ်ကျသွားကာ သူမ လုပ်လက်စ မြေကြီးတူးသော အလုပ်ကို ဆက်လုပ်နေသည်။ ဒေါ်သန်းဆင့်မှာတော့ သူတို့ ဒီလက်စွပ်ကောက်ရတာ ဘယ်သူများ မြင်သွားပြီလဲ ဟူသောစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ရသေးသည်။ သူမတို့နှင့် မလှမ်းမကမ်းတွင်တော့ သူမတို့လို ရွှေကျင်နေသော လူ သုံးလေးဦးရှိနေသည်။ သို့သော် ကြည့်ရသည်မှာ ဒေါ်သန်းဆင့်တို့ဘက် ကြည့်နေပုံလဲ မရ။ မြင်တွေ့ပုံလဲ မပေါ်သဖြင့် အနည်းငယ် စိတ်အေးသွားပြီး လက်စွပ်ကလေးကို အ၀တ်ခြောက်ဖြင့် ပွတ်သုတ်ကာ သူမ အင်္ကျီအတွင်းအိတ်ထဲ ထည့်လိုက်မိတော့သည်။ စိန်လက်စွပ်ကို ဒီရွာလေးတွင် ရောင်းချ၍တော့ ဘယ်လိုမှ မဖြစ်နိုင်မှန်း ဒေါ်သန်းဆင့် သိပါသည်။ တစ်ရွာလုံးကလည်း ဒီလက်စွပ်အကြောင်း သိနေကြပြီးသားမို့  မြင်လိုက်တာနှင့် ဒေါ်သီတာလက်စွပ်မှန်း အားလုံးက သိကြမည်သာ။ ရွှေဆက်ကျင်ပြီး ငွေစုဆောင်းကာ ရလာသည့်ငွေနှင့် တစ်ခြားတစ်မြို့တစ်ရွာသို့ သွားကာ ရောင်းချနိုင်ဖို့ စိတ်ကူးမိလေသည်





ထိုနေ့က ညနေစောင်းလို့ အိမ်အပြန်တွင် ရလာသော ရွှေမှုန်လေးများကို သူတို့ ရောင်းနေကျ ပန်းတိမ်ဆိုင်တွင် ၀င်ရောင်းတော့ ရွှေမှုန် ရွေးတစ်ရွေး ကျော်ကျော်အတွက် ပိုက်ဆံ ၆၅၀၀ခန့် ရလာသည်။ ကုန်စုံဆိုင်လေးတွင် ဆန်အနည်းငယ်နှင့် ငါးခြောက်နည်းနည်းတို့ကို ၀ယ်ယူကာ သားအမိနှစ်ယောက် အိမ်ပြန်ကြတော့သည်။ အိမ်ရောက်လျှင် သူမတို့ တဲအိမ်အစုတ်ကလေးတွင် တန်ဖိုးကြီးပစ္စည်း သိုဝှက်သိမ်းဆည်းဖို့ နေရာတစ်ခုခုကို လိုက်လံရှာဖွေသော်လည်း လုံခြုံစိတ်ချရာ နေရာဟူ၍လည်း မတွေ့မိပေ။ လက်စွပ်လေးကို ဟိုနားထားရကောင်းနိုး၊ ဒီနားဖွက်ရကောင်းနိုးဖြင့် ထားစရာနေရာ ရှာမတွေ့ဘဲ ဗျာများနေသော ဒေါ်သန်းဆင့်ကို ကြည့်ပြီး အေးဆင့်က တစ်ခုခု ပြောချင်ဟန်ဖြင့် ခနခန လှမ်းကြည့်သော်လည်း သူ့အမေစိတ်ကို သိနေသဖြင့် ဘာမှတော့ မပြောပေ။ အေးဆင့်စိတ်ထဲကတော့ လက်စွပ်ကို ပိုင်ရှင်ထံပြန်အပ်ကာ ပေးသည့်ဆုငွေလေးနှင့်သာ တင်းတိမ် ရောင့်ရဲလိုက်စေချင်သည်။ သို့သော်လည်း သက်ပြင်းလေးသာ ချလိုက်မိရင်း ညစာ ထမင်းအိုးလေးတည်ကာ ငါးခြောက်တစ်ပိုင်းလေးကို မီးဖုတ်လိုက်ရင်း အိမ်ဘေးတွင် စိုက်ထားသော ဟင်းချိုရွက်တစ်ချို့ကို ခူးကာ  အရည်သောက်တစ်ခွက် ချက်လိုက်ပြီး ထမင်းစားဖို့ ပြင်လိုက်တော့သည်။ သားအမိနှစ်ယောက် ထမင်းစားကြရင်း စကားမပြောမိကြ။ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေမိကြသည်။





ညအိပ်ချိန်ရောက်သောအခါ လက်စွပ်ကို ဘယ်နားထားရမည်မှန်း ထားဖို့နေရာ ရှာမရသော ဒေါ်သန်းဆင့်သည် စိတ်မချသဖြင့် ခေါင်းအုံးအောက်တွင် ထားကာ အိပ်လေတော့သည်။ ညသာ တဖြေးဖြေး နက်လာသော်လည်း အိပ်၍ မပျော်နိုင်၊ အိမ်ထဲတွင် ကြွက်ဖြတ်ပြေး၍ ချိုးချိုးချွတ်ချွတ် အသံကြားလျှင် ချက်ခြင်း လန့်နိုးလာတတ်ပြီး သူမလက်က ခေါင်းအုံးအောက်သို့  အလိုလို ရောက်ရောက်သွားတတ်သည်။ မလှမ်းမကမ်းမှ ခွေးဟောင်သံ ကြားပြန်လျှင်လည်း သူတို့အိမ်အနီးသို့ သူခိုးများ ကပ်လေသလားဟု ပူပန်စိတ်များ ဖြစ်ရပြန်သည်။ အေးဆင့်ဘက်သို့ ကြည့်လိုက်သည့်အခါတွင် အေးဆင့်မှာ ဟောက်သံလေးများပင်ထွက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။ အိပ်မပျော်နိုင်သော ဒေါ်သန်းဆင့်သာ ခြေသံတွေကို ကြားမိသလိုလို၊ တစ်စုံတစ်ယောက်က သူမတို့ အိမ်ကို ချောင်းနေသလိုလို စိတ်ထဲ ခံစားရကာ တစ်ညလုံး ခြောက်ခြားစိတ်၊ ထိတ်လန့်ပူပန်စိတ်တို့ဖြင့် တစ်ရေးမှ မမှေးနိုင်တော့ဘဲ မိုးလင်းသွားရတော့သည်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





အိပ်ရာမှထကာ မနက်စာစားဖို့ ဆန်ဆေး ထမင်းအိုးတည်ရင်း သူမလက်ထဲရောက်နေသော စိန်လက်စွပ်အတွက် ဘယ်နေရာမှာ ဖွက်ထားရမည်ကိုသာ ထိုင်စဉ်းစားနေမိကာ မီးဖိုဘေးတွင် ခေတ္တမျှ ငိုက်သွားမိတော့ ထမင်းအိုး မီးတူးသွားသည်ပင် မသိလိုက်မိတော့ချေ။ ထိုချိန်တွင် အိပ်ရာမှ နိုးလာသော အေးဆင့်က “အမေ ထမင်းအိုး မီးတူးနံ့ရတယ်” ဟု လှမ်းပြောလိုက်မှ ထမင်းအိုးရေခမ်းနေပြီး မီးတူးနေတာကို သတိထားလိုက်မိတော့သည်။ “အမေဒီနေ့အစောကြီး ထတယ်.. ညက အိပ်မပျော်ဘူးလား” ဟု အေးဆင့်က လှမ်းမေးတာကို “ဟုတ်တယ်.. အိပ်မပျော်လို့ ” ဟုသာ ပြန်ဖြေလိုက်ပြီး ညနေက ကျန်သော ငါးခြောက်ဖုတ်ကလေးနှင့် မနက်စာစားဖို့ ပြင်ဆင်လိုက်သည်။ ရွှေကျင်သွားလျှင် ထည့်သွားဖို့ ငါးခြောက်ကို အနည်းငယ် ထပ်ဖုတ်လိုက်သည်။ သားအမိ၂ယောက် မနက်စာစားပြီး ရွှေကျင်ထွက်လာတော့ သူမတို့ အိမ်အစုတ်ကလေးတွင်  ထားခဲ့ဖို့ ဘယ်လိုမှ စိတ်မချနိုင်သော စိန်လက်စွပ်က ဒေါ်သန်းဆင့် အင်္ကျီအိတ်ထဲ ပါလာပြန်သည်။






ထိုနေ့လည်း ရွှေကျင်နေရင်း မလှမ်းမကမ်းမှ အခြားရွှေကျင်သူများက သူမတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်ဟု ဒေါ်သန်းဆင့် စိတ်ထဲ ထင်နေမိသည်။ မနေ့ကများ သူတို့သားအမိ စိန်လက်စွပ်ရသွားတာကို တွေ့များသွားလေသလား ဟု မလုံမလဲစိတ်က  ဒေါ်သန်းဆင့်ကို တစ်ချိန်လုံး ဒုက္ခပေးနေလေတော့သည်။ ရွာထဲမှာ လူတစ်ဦးစ နှစ်ဦးစ ရွှေကျင်သည့်အနားမှ ဖြတ်သွားပြန်လျှင်လည်း သူမတို့ကို လာစောင့်ကြည့် နေသူများလားဟု စိုးရိမ်စိတ်က ငယ်ထိပ်ကို ဆောင့်ဆောင့်တက်လာသေးသည်။ လက်က အင်္ကျီချွေးခံအိတ်ထဲသို့ ရောက်ရောက်သွားတတ်ပြီး လက်စွပ်ရှိမှ ရှိသေးရဲ့လားဟုလည်း စမ်းနေရသည်က အလုပ်တစ်ခု။ ညက တစ်ညလုံးလဲ အိပ်မပျော်ခဲ့သဖြင့် ရွှေကျင်ရသည်မှာလည်း လက်က မသွက်လက်၊ မှိုင်တိမှိုင်တိုင် ဖြစ်နေသော သူမကို အေးဆင့်က လှမ်းလှမ်းကြည့်ကာ “အမေ နေမကောင်းဘူးလား” ဟု မေးတတ်သည်။ သူက “ကောင်းပါတယ်” ဟုသာ ပြန်ဖြေရင်း ရွှေကို ဆက်ကျင်နေမိသည်။ ထိုနေ့က ခါတိုင်းထက် ရွှေကျင်နိုင်စွမ်းအား ကျဆင်းသဖြင့် ညနေပိုင်း ပန်းတိမ်ဆိုင် ရောက်သော် ဆိုင်ကကောင်လေးက အလေးချိန်ချိန်တော့ ရွှေ ရွေးတစ်ခြမ်းခန့်သာ ရပြီး ပန်းတိမ်ဆိုင်က ပိုက်ဆံ ၃၀၀၀ ပေးလိုက်လေသည်။ အိမ်ပြန်ရောက်လို့ ညနေစာစားချိန်တွင် အိပ်ရေးပျက်သောအရှိန်ဖြင့် ဒေါ်သန်းဆင့်မှာ ထမင်းပါ စားမ၀င် ဖြစ်ရတော့သည်။ ညအိပ်ချိန်ရောက်လျှင်လည်း မနေ့ညက ကဲ့သို့ပင် အသံ တစ်စုံတစ်ရာကြားတိုင်း ထိတ်ခနဲဖြစ်ဖြစ်သွားကာ ဆက်အိပ်လို့မရ ဖြစ်နေပြန်သည်။ မှေးခနဲ ပျော်သွားမည်ကြံတိုင်းလည်း ခေါင်းအုံးအောက်တွင် ထားထားသော လက်စွပ်အတွက် စိုးရိမ်ပူပန်စိတ်များဖြင့် လက်က ဆတ်ခနဲရောက်သွားတတ်ပြီး မျက်လုံးအစုံက ပြန်အိပ်မရ ဖြစ်ပြန်သည်။





အရင်တုန်းကများ ခေါင်းချလိုက်တာနှင့် တစ်နေကုန်ပင်ပန်းနေသော လူက တုံးခနဲ အိပ်ပျော်သွားသည်မှာ မနက်မိုးလင်းသည်ထိ တစ်ရေးမှ မနိုးတတ်ခဲ့၊ သူမတို့ အိမ်အစုတ်ကလေးကို သူခိုးကပ်မှာလဲ ပူစရာမလို၊ အေးအေးချမ်းချမ်း အိပ်ပျော်သွားတတ်ခဲ့သည်သာ။ ကြွက်သံဖြစ်စေ၊ ကြောင်သံဖြစ်စေ ဒေါ်သန်းဆင့်ကို အိပ်ရာမှ နိုးအောင် မတတ်နိုင်ခဲ့။ ခုတော့ လေတိုက်သံကြားလျှင်ပင် စိတ်တို့က ခြောက်ခြားလာရသည်။ ခွေးဟောင်သံသည်လည်း သူ့အတွက် တုန်လှုပ်စရာ ဖြစ်ရတော့သည်။ ဒေါ်သန်းဆင့်အတွက် စိန်လက်စွပ်လေးတစ်ကွင်း ကောက်ရချိန်မှစလို့ ညစဉ်ရက်ဆက်  အိပ်ပျက်ညတွေသာ ဖြစ်လာရတော့သည်။ အိပ်ရေးပျက်တော့ အစားလဲ မစားနိုင်၊ အလုပ်လဲ ကောင်းကောင်းမလုပ်နိုင် ဖြစ်လာကာ တစ်ပတ်ကျော်လာပြီး နောက်ဆုံးတွင် ရွှေကျင်နေရင်း မိုက်ခနဲဖြစ်သွားကာ မူးလဲသည့်အဆင့်သို့ ရောက်လေတော့သည်။





အေးဆင့်က အခြားသူများကို လှမ်းအော် အကူအညီတောင်းသဖြင့် အနီးအနားမှ ရွှေကျင်နေသူများ အပြေးအလွှား ရောက်လာကြကာ ဒေါ်သန်းဆင့်ကို  ၀ိုင်းပြုစုကြသည်။ ထို့နောက်တော့ အခြားသူများက အားနည်းလို့ မူးလဲတာဖြစ်ကြောင်း ဆေးရုံသွားကာ ဆရာဝန်နှင့် သွားပြသင့်ကြောင်း ၀ိုင်းဝန်းတိုက်တွန်းကြသည်။ သို့သော် အကျီ်အိတ်ထဲမှ လက်စွပ်ကို လက်နှင့်ဖိထားရင်း ဆေးရုံသွားဖို့ကို တွင်တွင်ငြင်းကာ သားအမိ နှစ်ဦးသား အိမ်သို့ ပြန်ခဲ့ကြသည်။ အေးဆင့်ကလည်း လမ်းတွင် ဆေးရုံသွားဖို့ကို တစ်ဖွဖွ ပြောလာသော်လည်း ဒေါ်သန်းဆင့်က ခေါင်းမာမာနှင့် ငြင်းပစ်သည်။ ဆေးရုံရောက်လို့ ဆရာဝန်က နားကြပ်ဖြင့် ဟိုစမ်းသပ် သည်စမ်းသပ်လုပ်လျှင် သူမအိတ်ထဲမှ လက်စွပ်ကို စမ်းမိသွားမှာကို စိုးနေသည်လေ။ သူမတို့လို ဆင်းရဲသူလက်မှ စိန်လက်စွပ်ကို တွေ့သွားခဲ့လျှင် မယုံသင်္ကာ ဖြစ်လာနိုင်စရာတွေ ပေါ်ပေါက်လာဦးမည်.. ထိုအသိဖြင့် ဆေးရုံသွားဖို့ ဒေါ်သန်းဆင့်ကို ဘယ်လိုပြောပြော လက်မခံနိုင် ဖြစ်နေရလေသည်။





အိမ်ပြန်ရောက်လျှင် သမီးအေးဆင့်က “စိန်လက်စွပ်ကို ပိုင်ရှင်လက် သွားအပ်ကြပါစို့ ” ဟု ဒေါ်သန်းဆင့်ကို တောင်းပန်သည်။ ဒေါ်သန်းဆင့် ဘာမှ ပြန်မပြောဖြစ်ပေမဲ့ ထိုညက စိန်လက်စွပ်နှင့်ပတ်သက်ပြီး ဘာဆက်လုပ်ရမည်ဆိုတာကို တစ်ညလုံး ဒေါ်သန်းဆင့် စဉ်းစားနေမိသည်။ ဒီစိန်လက်စွပ် သူမလက်ထဲ ရောက်ကတည်းက ညတိုင်းလည်း ထိတ်လန့်ခြင်း၊ စိုးရွံ့ခြင်းများဖြင့် အိပ်မပျော်နိုင်ခဲ့။ အအိပ်ပျက်၊ အစားပျက်ဖြစ်ရသလို အလုပ်အကိုင်လည်း ကောင်းကောင်းမလုပ်နိုင်၊ ပိုက်ဆံပင် ခါတိုင်းလို ရအောင် မရှာနိုင်တော့။ ဒေါ်သန်းဆင့် စိတ်ထဲတွင်လည်း ဒီလက်စွပ်သည် သူမနှင့် မထိုက်၊ ပိုင်ရှင်ရှိသော ပစ္စည်း၊ သူတစ်ပါးမသိအောင် ယူထားရသော ပစ္စည်းမို့လားမသိ၊ လိပ်ပြာမလုံ ဖြစ်ရကာ စိုးတထိတ်ထိတ်နှင့် ဖြတ်သန်းရသော နေ့ရ့က်များသည်ပင် နေပျော်ချင်စရာ မကောင်းတော့။ ဒီပစ္စည်းကို ပိုင်ရှင်လက်သို့ ပြန်အပ်လိုက်သည်ကသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု နောင်တ ရမိတော့သည်။  ထို့နောက်တော့ မနက်မိုးလင်းတာနှင့် ဒေါ်သီတာတို့အိမ် သွားကာ လက်စွပ်ကို သွားပြန်အပ်မည်ဟု စိတ်ကိုဒုန်းဒုန်းချ ဆုံးဖြတ်လိုက်တော့မှ ဒေါ်သန်းဆင့်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရလေတော့သည်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~





နောက်နေ့မနက်တွင် သမီးအေးဆင့်ကို ခေါ်ကာ ဒေါ်သီတာတို့ အိမ်ဘက်သို့ ထွက်လာခဲ့ကြသည်။ ကျယ်ကျယ်ဝန်းဝန်း ခမ်းခမ်းနားနားရှိသော ဒေါ်သီတာတို့အိမ်မှာ ဒေါ်သန်းဆင့်တို့ တဲစုတ်ကလေးနှင့် ကွာချင်တိုင်း ကွာနေတော့သည်။ ဒေါ်သီတာနှင့် တွေ့သောအခါ  လက်စွပ်ကို တအံ့တသြ ကြည့်ရှုစစ်ဆေးပြီး  သူ့လက်စွပ် ဟုတ်မှန်ကြောင်းပြောကာ ဘယ်လိုတွေ့လာသလဲဟု မေးလေသည်။ ရွှေကျင်ရင်း ကောက်ရလာသည် ဟုပြန်ဖြေလိုက်တော့ သူမတို့သားအမိကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုသည်။ ထိုလက်စွပ်လေးကို ကာလတန်ဖိုးထက် ဘိုးဘွားအမွေပစ္စည်းမို့ သူမတို့က ပိုပြီး တန်ဖိုးထားခဲ့ကြောင်း၊ ခုလို ရိုးရိုးသားသား လာပြန်ပေးသည့်အတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ကြောင်း ပြောကာ ဒေါ်သန်းဆင့်တို့မိသားစု လိုအပ်သမျှ ကူညီထောက်ပံ့မည်၊ ပျက်နေသော အိမ်ကိုလည်း ပြင်ဆင်ပေးမည်။ အေးဆင့်ကလေးကိုလည်း တက္ကသိုလ် ပြီးချိန်ထိ ကျောင်းကိစ္စ တာဝန်ယူပေးမည် ဟု ကမ်းလှမ်းလေသည်။ ပီတိမျက်ရည်တို့ဖြင့် ကျေးဇူးစကားကို ၀မ်းမြောက်ဝမ်းသာ ပြန်ပြောခဲ့မိပြီး ဒေါ်သန်းဆင့်တို့ သားအမိ ဒေါ်သီတာတို့အိမ်မှ ပြန်ထွက်လာခဲ့ကြသည်။






ပေါ့ပါးသွက်လက်နေသော ခြေလှမ်းများဖြင့် လျှောက်လာသော သူမတို့ သားအမိ၏ အိမ်အပြန် လမ်းတစ်လျှောက်တွင်  အဖြစ်အပျက်ကို ကြားသိပြီးသော ရွာထဲရှိ လူတိုင်းက သူမတို့၏ ရိုးသားမှုအတွက် ၀ိုင်းဝန်းချီးကျူးကြသည်။ ဆင်းရဲလွန်းသောကြောင့် ခါတိုင်း ဆေးဖော်ကြောဖက်ပင် မလုပ်ကြသူများပင် သူမတို့သားအမိကို ဖော်ဖော်ရွေရွေ နှုတ်ဆက်စကားဆိုကြသည်။ ရင်ထဲတွင်ဖြစ်နေခဲ့သော ပူလောင်သောကများကြောင့် တင်းမာနေခဲ့သော ဒေါ်သန်းဆင့်၏ မျက်နှာပြင်ထက်တွင်လည်း ခါတိုင်းနှင့် မတူသော အပြုံးလေးဖြင့် လန်းဆန်းနေပါတော့သည်။








ရိုးသားမှုသည် အလွန်တန်ဖိုးကြီးကြောင်း  ဒေါ်သန်းဆင့် ကောင်းကောင်းကြီး နားလည်လိုက်ပါပြီ။  ပိုင်ရှင်လက်သို့ ပြန်အပ်ပြီး၍ သူမလက်ထဲတွင် စိန်လက်စွပ် မရှိတော့သည့် အချိန်မှစကာ ဒေါ်သန်းဆင့်အဖို့  စိတ်အေးအေး၊ နောက်ကြောင်းရှင်းရှင်းနှင့် ညစဉ်ညတိုင်း အိပ်ရေး၀၀ အိပ်နိုင်တော့မည်မှာ သေချာလှပါသည်လေ။