ဒီနေ့လည်း ကျွန်မတို့ဒေသမှာ စားသောက်တတ်ကြတဲ့ ဟင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒေသအစားအစာ ဆိုပေမဲ့လို့ အခြားဒေသတွေမှာလည်း ရနိုင်ပြီး စားသောက်တတ်ကြတဲ့ ဟင်းတွေ ဖြစ်ပါတယ်... ချက်ပုံချက်နည်းသာလျှင် အနည်းငယ် ကွာခြားသွားနိုင်ပါတယ်.. တိုင်းရင်းသား ဟင်းချက်နည်းတွေဟာ အများအားဖြင့် ဆီအထည့်နည်းပါတယ်.. အသားငါးထက် အသီးအရွက်ကိုသာ ဖွယ်ဖွယ်ရာရာ ဆန်းဆန်းပြားပြား ပိုပြီး လုပ်စားတတ်ကြပါတယ်.. ကျွန်မကိုယ်တိုင်လည်း အသားငါးချက်တာထက် အသီးအရွက်ကိုသာ ပိုပြီး စားဖြစ်ပါတယ်.. အိမ်မှာလဲ အသားစုံ စားတာဆိုလို့ ကျွန်မအဖေနဲ့ မောင်လေးတွေသာ ရှိပြီး ကျန်မိသားစုဝင်တွေ အားလုံး ၀က်၊ အမဲ မစားကြတာကြောင့် တစ်ခါတစ်ရံ ကြက်၊ ငါးနဲ့ အသီးအရွက်သာ အချက်များပါတယ်.. ဒါကြောင့် ကျွန်မတို့ရဲ့ ဒေသအစားအစာ ဆိုရာမှာ ဟင်းကြီးဟင်းကောင်းများ ချက်ပြထားတာ မဟုတ်ဘဲ သာမန် အိမ်ချက်ဟင်းများသာ ဖြစ်ကြောင်းကြိုတင် စကားခံပါရစေရှင်။
ဒီအရွက်တွေက ကျွန်မတို့ဒေသမှာ အသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်ရွက်များ ဖြစ်ပါတယ်.. အပေါ်ဆုံးက ထိပ်ချွန်းကလေးနဲ့ ဖက်ဖယ် လို့ ခေါ်ပါတယ်.. အရွက်အရှည်ကတော့ ရှမ်းနံနံပါ။ အောက်ဆုံးက သေးသေး တွန့်တွန့်လေးများကတော့ နံနံပင်( ဗမာနံနံ) လို့လည်း ခေါ်ကြပါတယ်..
အာလူးသုပ်
ပထမဦးဆုံးမိတ်ဆက်ပေးမဲ့ ဟင်းလျာက အားလူးသုပ်ပါ။
အာလူးကို ပါးပါးလှီးပြီး အချောင်းလေးတွေဖြစ်အောင် လှီးဖြတ်လိုက်ပါတယ်..
ရေနွေးဆူဆူထဲ ခုလိုပြုတ်ပါတယ်... အားလူးကို မကျိုးမကြေစေဖို့ အချိန်အနည်းငယ်သာ ပြုတ်ရန်လိုအပ်ပါတယ်. မဟုတ်ပါက အာလူးများ ပြော့ပြဲသွားနိုင်ပါတယ်.. ဆတ်တောက်တောက်လေး ဖြစ်နေမှသာ ပိုစားကောင်းပါတယ်...
ပြုတ်ပြီးအားလူးချောင်းများကို ကြက်သွန်နီ၊ ငရုပ်သီး၊ နံနံ၊ ပုဇွန်ခြောက်၊ ပဲမှုန့်၊ ဆားအချိုမှုန်၊ ဆီချက်(သို့) ဆီစိမ်း၊ သံပုရာသီး၊ မြေပဲဆန်ထောင်းများထည့်ပြီ့း နယ်လိုက်မယ်ဆိုရင် ချဉ်စပ် အာလူးသုပ်တစ်ပွဲ ရပါပြီ။
အာလူးသုပ်ပါနော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြက်ဥ ထောင်း
ကြက်ဥကို ချက်စား၊ ကြော်စားရတာ ငြီးငွေ့သူများအတွက် တစ်မျိုးပြောင်းပြီး ထောင်းစားဖို့အတွက် ကချင်ဒေသမှာ ထောင်းလေ့ရှိတဲ့ ကြက်ဥထောင်းပါ။ ငရုပ်သီးစပ်စပ်ကြိုက်လျှင် များများ ထည့်နိုင်ပါတယ်...
ကြက်ဥကို ပြုတ်ပြီး အခွံခွာပါတယ်.. ကြက်သွန်ဖြူ၊ ငရုပ်သီးများကို ရေစင်စင်ဆေးပြီး ငရုပ်ဆုံထဲ ထည့်ထောင်းပါတယ်..
ကြက်ဥကို ခုလို သေးသေးနှုတ်နှုတ်လေးတွေဖြစ်အောင် စင်းလိုက်ပါတယ်.. ပြီးတာနဲ့ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းတို့နဲ့ ရောထောင်းလိုက်ပါတယ်..
ဆား၊ အချိုမှုန့်နဲ့အတူ နံနံပင်များကို ကြက်ဥနဲ့အတူ ရောမွှေပြီး သမအောင် ထောင်းလိုက်ပါတယ်.. ကျွန်မတို့အရပ်မှာတော့ ဖက်ဖက်ရွက်ကို သုံးကြပါတယ်.. ဖက်ဖယ်မရှိက နံနံပင်ထည့်လို့ အဆင်ပြေပါတယ်...
ဟောဒီက ကြက်ဥထောင်းပါနော်။
ကြက်ဥပေါင်း
တစ်ဆက်တည်း ကြက်ဥလေးပါ ပေါင်းစားလိုက်ကြရအောင်နော်.. ကြက်ဥကို ဘာနဲ့မှ မရောဘဲ အလွတ်ပေါင်းတာဖြစ်ပါတယ်..
ကြက်ဥ ၄လုံး၅လုံးကို ပန်းကန်ထဲ ထည့်ပြီး ခပ်ကြာကြာလေး ဇွန်းနဲ့ ခလောက်ပါတယ်.. ဆားအချိုမှုန့် ၊ ဆီအနည်းငယ် ရေသောက်ရေခွက်တစ်ဝက် ထည့်ပြီး နှံ့စပ်အောင် ရောမွှေပါတယ်.. စိတ်ကြိုက် ရောသမမွှေပြီးသွားရင် အပေါ်မှ ရှောက်ကော၊ ပါးကော( တရုတ်မဆလာ) အမှုန့်များကို ပန်းကန်တစ်ပြင်လုံး နှံ့အောင် ဖြူးပါတယ်.. မီးဖိုပေါ် အိုးတစ်လုံးထဲ ရေကို ကြက်ဥပေါင်းမဲ့ ပန်းကန်တစ်ဝက် မြုပ်သာရုံ ထည့်ပြီး ကြက်ဥပန်းကန်ကိုထည့်ကာ အဖုံးအုပ်ထားလိုက်ရင် မကြာခင်မှာ မွှေးကြိုင် ပျော့ပြောင်းနေတဲ့ ကြက်ဥပေါင်းတစ်ခွက် ရပါပြီ။ ကြက်ဥပေါင်းရင် ရေများများ ရောမှ ကြက်ဥပူတင်းကဲ့သို့ ပျော့ပျော့အိအိလေးနဲ့ ပိုစားကောင်းပါတယ်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြောင်လျှာသီး အစိမ်းသုပ်
ကြောင်လျှာသီးအစိမ်းကို ပါးပါးမျှင်မျှင်လေးတွေ လှီးပါတယ်.. ပြီးတော့ ဆားနဲ့ သေချာနယ်ပြီး အခါးရည်များထွက်သွားအောင် အရည်ညစ်ပစ်ရပါတယ်..
ပြီးတော့ ခုလို ရေစိမ်ထားလိုက်ပါတယ်နော်။
စားခါနီးမှ ရေစိမ်ထားတဲ့ကြောင်လျှာသီးကို ရေစင်အောင်ညှစ်ပြီး ဆားအချိုမှုန့်၊ ကြက်သွန်နီ ပါးပါးလှီး၊ ပုဇွန်ခြောက်၊ ငရုပ်သီးစိမ်း၊ သံပုရာသီးတို့နဲ့ ရောနယ်လိုက်ရင် ချဉ်ချဉ်စပ်စပ် ကြောင်လျှာသီးသုပ် ရပါပြီ။ အပေါ်က နံနံပင်လေး ဖြူးထားလိုက်ရုံပါဘဲ...
ကြောင်လျှာသီး ဆန်လှော်ဟင်းရည်
အစောတုန်းကလိုဘဲ ကြောင်လျှာသီးကို ပါးပါးလှီး ဆားနယ်ပြီး ရေစိမ်ထားတဲ့ အဖတ်များကို ဆန်လှော်ဟင်းရည် ချက်စားကြရအောင်နော်.. ဟင်းရည်အိုးတည်ပြီး ငပိအနည်းငယ်၊ ဆား၊ ပုဇွန်ခြောက် ၊ ငပိမရှိပါက အသားမှုန့် ထည့်နိုင်ပါတယ်.. ခရမ်းသီးကို မီးဖုတ်၊ မီးဖုတ်ရအခက်အခဲရှိပါက အခွံခွာပြီး ပြုတ်လိုက်ပါတယ်... ပြီးရင် အခွံနွာပြီး တောက်တောက်စင်းကာ ဟင်းအိုးဆူလာပါက အိုးထဲ ထည့်လိုက်ပါတယ်.. ပြီးလျှင် ကြောင်လျှာသီးကိုထည့်ပြီး ဆန်ကိုညိုအောင် လှော်ကာ အမှုန့်ထောင်းထားသော ဆန်လှော်မှုန့်ကို ထည့်ပါတယ်.. အချိုမှုန့် ထည့်ပြီး အပေါ့အငံ မြည်းကာ ပင်စိမ်းရွက်လေး ခတ်လိုက်မယ်ဆိုရင် ဆန်လှော်နံ့လေး မွှေးမွှေးနဲ့ ဟင်းရည်တစ်ခွက် ရပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငါး ကချင်ချက်
ငါးတို့ ကြက်သားတို့ ၀က်သားတို့ကို ဆီပြန်ချက်စားရတာ ကြာတော့ အီလာတတ်ပါတယ်.. တစ်ခါတစ်လေလည်း ခုလို ချဉ်စပ်လေး အရည်လေးနဲ့ ချက်စားရင် ထမင်းမြိန်စေပါတယ်.. အရင်ပိုစ့်တွေမှာ ကြက်သားကချင်ချက်ကို ချက်ပြဖူးပါသေးတယ်.. ငါးကချင်ချက်က ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး... ကချင်ချက်က ဆီသတ်ပြီး ချက်ဖို့ မလိုပါ။ အားလုံးရောပြီး ချက်တဲ့နည်းဖြစ်ပါတယ်..
ကြေးခွံပါတဲ့ ငါးကို အရွယ်တော်ကို ခုတ်ပိုင်းပြီး ချက်မဲ့အိုးထဲ ထည့်လိုက်ပါတယ်.. ဆား၊အချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ဖက်ဖယ်၊ ရှမ်းနံနံ စသည်တို့ကိုလည်း အိုးထဲတစ်ခါတည်း ထည့်ပါတယ်.. အရောင်တင်၊ နနွင်းမှုန့် အနည်းငယ်၊ ဆီ အနည်းငယ် ထည့်ပါတယ်... ကချင်ချက်မှာ ဆီကို ပါတယ်ဆိုရုံလေးသာ ထည့်ပါတယ်.. ဆီများလျှင် စားမကောင်းပါ။ အချဉ်အဖြစ် မက်လင်ချဉ်သီးအခြောက် (သို့မဟုတ်) ချဉ်စော်ခါးကားသီး အခြောက်များကို ပါးပါးလှီးထည့်ပါတယ်.. ၄င်းအသီးများ မရနိုင်ပါက သံပုရာသီး ညှစ်ထည့်ပြီး ချဉ်အောင် လုပ်၍ ရနိုင်ပါတယ်... နောက် ရေ အလောတော် ထည့်ကာ ဆူပွက်လာအောင် ချက်ပြီး အပေါ့အငံမြည်းလို့ အသားကျက်ပြီဆိုရင် ရေမခန်းခင် ချကာ နံနံပင်လေး အပေါ်က ပြန်အုပ်လိုက်မယ်ဆိုရင် အရည်လည်းသောက်လို့ရတဲ့ ချဉ်စပ်အရသာနဲ့ မွှေးကြိုင်တဲ့ ကျွန်မတို့ဒေသရဲ့ နံမည်ကျော် ငါးကချင်ချက် ရပါပြီ။
လျှာရင်းမြက်စေမဲ့ ငါးကချင်ချက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အော်ဆွန်းသုပ်
ရန်ကုန်မှာတော့ ဆလပ်ရိုးလို့ သိကြတဲ့ အော်ဆွန်းကို သုပ်ပါဦးမယ်ရှင်။
ဒါလေးက ရှမ်းပြည်နယ်နဲ့ ကျွန်မတို့ကချင်ပြည်နယ်မှာ ပေါပေါများများ တွေ့ရတဲ့ အော်ဆွန်းပါ။
အပေါ်က အခွံကို နွာပြီး ပါးပါးရှည်ရှည် သေးသေးအချောင်းလေးများ ဖြစ်အောင်လှီးပြီး ရေအေးထဲမှာ ခနလောက် စိမ်ထားလိုက်ပါတယ်.. ရေစိမ်ထားပြီး စားခါနီးမှ သုပ်စားရင် ကျွတ်ဆတ်ဆတ်နဲ့ စားရတာ အရသာ ပိုကောင်းပါတယ်.. ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်၊ဆားအချိုမှုန့်၊ မြေပဲဆန်များ ထောင်းထည့်လိုက်ကာ သံပုရာသီးညှစ်ပြီး နံနံပင်နဲ့ နယ်လိုက်ရင် အော်ဆွန်းသုပ်တစ်ခွက် ရပါပြီ။ အော်ဆွန်းကို ရှမ်းထမင်းဆိုင်တွေမှာလို ကြာဆန်နဲ့လည်း သုပ်စားနိုင်ပါသေးတယ်..
အော်ဆွန်းသုပ် ချဉ်စပ်လေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခရမ်းချဉ်သီး ပန်ထွေဖျော်
ခရမ်းချဉ်သီးကို မီးကင် (သို့) ရေနဲ့ ပြုတ်ပါတယ်.. ခရမ်းချဉ်သီးများ ပျော့လာပါက အခွံခွာပြီး ခရမ်းချဉ်သီးကို တောက်တောက်စင်းကာ ပန်းကန်လုံးတစ်ခုထဲထည့်ပြီး ကြက်သွန်နီ၊ ဆား၊ ငပိအနည်းငယ် (မထည့်လျှင်လည်း ရပါတယ်) အချိုမှုန့်၊ အသားမှုန့်၊ ငရုပ်သီးစိမ်း၊ နံနံပင်တို့ဖြင့် ရောမွှေလိုက်ပါက စားကောင်းတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် တစ်ခွက်ရပါပြီ။
ခရမ်းချဉ်သီး ပန်ထွေဖျော်
အရွက်စုံ အတို့အမြုတ်လေးနဲ့ ပန်ထွေဖျော်ကို တွဲဖက်လို့ စားနိုင်ပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငါးကလေး အိုးကပ်
ငါးပေါက်စန သေးသေးလေးများကို အိုးကပ်ချက်စားဖို့ ရေစင်အောင်ဆေး ချေးဖောက်ပြီး ကြက်သွန်ဖြူ၊နီ၊ ငရုပ်သီးစိမ်း၊ အားအချိုမှုန့်၊ မျှစ်တို့ခြောက် (ချဉ်သောအရသာရှိစေရန်) မျှစ်တို့ခြောက်အစား ခရမ်းချဉ်သီးများများ ထည့်နိုင်ပါသည်။ နံနံ၊ ဖက်ဖယ်ရွက်၊ ဆီ၊ အရောင်တင်၊ နနွင်းမှုန့်များဖြင့် အိုးထဲ ရောနယ်လိုက်ပါတယ်...
ရေထည့်ပြီး မီးဖိုပေါ် တည်လိုက်ကာ ရေခမ်းချိန်မှာ ဆားအပေါ့အငံမြည်းလို့ ချလိုက်မယ်ဆိုရင် ငါးကလေး အိုးကပ်ဟင်းကို ရပါပြီ။
ငါးကလေး အိုးကပ်ဟင်းပါ။
ပျော်ရွှင်စွာသုံးဆောင်နိုင်ကြပါစေရှင်။