နှင်းပန်းဝါ၀ါလေးများ

ကျွန်မကို သမီးဂျူလီက “မေမေ နှင်းပန်းဝါလေးတွေ မညိုးခင် သွားကြည့်ရအောင် ” လို့ အခါပေါင်းများစွာ တယ်လီဖုန်းဆက်ပြီး ခေါ်ပေမဲ့ ကျွန်မနေတဲ့ ပင်လယ်ကမ်းခြေက အိမ်ကနေ အဲဒီနှင်းပန်းဝါလေးတွေ စိုက်ပျိုးထားတဲ့ ရေကန်ကြီးဘေးက တောင်စောင်းကိုရောက်ဖို့  နှစ်နာရီကြာ ကားစီးရမဲ့ခရီးကို ငြီးငွေ့တာကြောင့် အခါခါ ငြင်းဆိုခဲ့ပါတယ်.. ဒါပေမဲ့ ဇွဲကောင်းလှတဲ့ ဂျူလီ့ကြောင့် နောက်ဆုံးမှာတော့ “ လာမဲ့ အင်္ဂါနေ့မှာ မေမေ လာခဲ့ပါမယ်” လို့ စိတ်မပါလှစွာနဲ့ ကတိပေးလိုက်ရပါတယ်..

ဒါနဲ့ အင်္ဂါနေ့ရောက်တော့ မနက်ခင်းဟာ အေးစက်ပြီး နှင်းတွေ ခပ်ဖွဲဖွဲကျနေပေမဲ့လို့ ကျွန်မရဲ့ကတိအတိုင်း ဂျူလီတို့အိမ်ကို ကားမောင်းထွက်လာခဲ့လိုက်ပါတယ်.. ပျင်းရိဖွယ် အချိန်တစ်ချို့ ကုန်ဆုံးအောင် ကားမောင်းလာပြီးနောက် သမီးဂျူလီတို့ အိမ်ရောက်တော့ မြေးလေးတွေ ကို ပွေ့ဖက်နှုတ်ဆက်ပြီး “သမီးရဲ့ နှင်းပန်းဝါတွေကို သွားကြည့်ဖို့ဆိုတာ မေ့လိုက်ပါတော့လားကွယ်။ ကြည့်ပါဦး အပြင်မှာ နှင်းတွေကျနေပြီး တိမ်တွေကလဲ ထူထပ်နေတာဘဲ။ ဒီလောက်အေးစက်နေတဲ့အချိန်မှာ အိမ်အပြင်ထွက်လာပြီး ခရီးသွားဖို့ဆိုတာ သမီးနဲ့မြေးလေးတွေကို တွေ့ဖို့သာ မဟုတ်ဘဲ တစ်ခြားကိစ္စအတွက်ဆို တစ်လက်မလေးတောင်မှ မေမေ ကားမောင်းလာမှာ မဟုတ်ဘူး” လို့ ဂျူလီ့ကို ပြောလိုက်ပါတယ်..

သမီးဂျူလီက ကျွန်မရဲ့စကားဆုံးတော့ တည်တည်ငြိမ်ငြိမ်လေး ပြုံးလိုက်ပြီး “မေမေရယ် ဒီလိုရာသီဥတုမျိုးမှာ ကားမောင်းခဲ့တာ အခုမှအခု မဟုတ်ဘဲနဲ့။ ဘာမှ မထူးဆန်းပါဘူး မေမေရဲ့ ”



“အင်းလေ.. ဒါပေမဲ့ ဒီနေ့က ခါတိုင်းထက် ဆိုးတယ်လို့ သမီး မထင်ဘူးလား။ သမီးအနေနဲ့ မေမေ့ကို ဒီလိုလမ်းမျိုးကို ထပ်မမောင်းစေချင်ဘူး မဟုတ်လား.. နှင်းတွေစဲသွားရင် မေမေ ခနနေ အိမ်ပြန်တော့မယ်” လို့ ခပ်ပြတ်ပြတ်အသံနဲ့ ကျွန်မလဲ ပြန်ပြောလိုက်ပါတယ်..



“အား မေမေကလဲ .. သမီးကားက ၀ပ်ရှော့ပို့ထားရတာမေမေရဲ့။သမီးကားကို သွားယူဖို့ ၀ပ်ရှော့ကို  မေမေ့ကားနဲ့ လိုက်ပို့ခိုင်းမလို့ပါဆို။ ” ဂျူလီက ပြုံးစစလေးနဲ့ ကျွန်မကို ပြောလိုက်ပါတယ်.. ဂျူလီရဲ့ မျက်ဝန်းတွေထဲမှာလည်း ရယ်ရွှင်မြူးတူးရိပ်ကလေးတွေကို တွေ့မြင်နေရပါတယ်.



“ကဲ.. ဒါဆိုလဲ အဲဒီဝပ်ရှော့က ဘယ်လောက်ဝေးလဲ ” ကျွန်မက ပြန်မေးလိုက်ပါတယ်။



“သိပ်မဝေးပါဘူး မေမေရဲ့… ကဲပါလေ သမီးမောင်းပါ့မယ်.. သမီးက ဒီလိုရာသီဥတုမျိုးမှာ ကားမောင်းတာ ကျွမ်းပါတယ်.. စိတ်မပူနဲ့” ဂျူလီက ပြုံးရယ်ပြီး ကျွန်မကို ပြန်ပြောပါတယ်။



ကလေးတွေကိုပါ ကားပေါ်ခေါ်တင်လာပြီး မိနစ်အနည်းငယ်ကြာ နှင်းတွေ သဲသဲလှုပ်ကျဆင်းနေတဲ့ လမ်းပေါ်မှာ ကားမောင်းပြီးတဲ့နောက်  ကျွန်မ မနေနိုင်တော့ဘဲ ဂျူလီ့ကို မေးလိုက်ပါတယ်.. “ဂျူလီ.. ဘယ်ကိုမောင်းနေတာလဲ.. ဒီလမ်းက သမီးပြောတဲ့ ကားဝပ်ရှော့ကို သွားတဲ့လမ်းလဲ မဟုတ်ပါလား”



“ကားဝပ်ရှော့သွားတဲ့လမ်းပါဘဲ မေမေရဲ့.. ဒါပေမဲ့ နှင်းပန်းဝါတွေဆီ သွားတဲ့လမ်းနဲ့တစ်လမ်းထဲဘဲလေ ”



“ဂျူလီ… ကားကိုပြန်လှည့်စမ်း… မေမေ အဲဒီကို မသွားချင်ပါဘူးလို့ သမီးကို ပြောထားပြီးသားလေ ” ကျွန်မ လေသံကို ခပ်တင်းတင်းလုပ်ပြီး ပြောလိုက်မိပါတယ်..



“သမီးကတိပေးပါတယ် မေမေရယ်.. အဲဒီကိုရောက်သွားတဲ့အခါကျရင် တွေ့ရတဲ့ မြင်ကွင်းကိုကြည့်ပြီး  မေမေစိတ်ပျက်မယ်ဆိုရင် သမီးကိုကြိုက်သလိုပြော.. တကယ်လို့ မသွားဖြစ်ခဲ့ရင်သာ မေမေ နောင်တရနေမိမှာ”



ကျွန်မလဲ သမီးဂျူလီရဲ့ စကားကို ဘာမှ မတုံ့ပြန်ဖြစ်တော့ဘဲ နှုတ်ဆိတ်ပြီး ကားပေါ် လိုက်လာမိပါတော့တယ်.. ကားပေါ်ပါလာတဲ့ မြေးကလေး ၂ယောက်ကတော့ ဆော့ကစားရင်း ပါလာကြပါတယ်.. မိနစ် ၂၀လောက် ကျောက်စရစ် လမ်းကျဉ်းလေးအတိုင်း ကားမောင်းလာပြီး ဘုရားရှိခိုးကျောင်း သေးသေးလေး တစ်ခုကို မြင်လိုက်ချိန်မှာ ဂျူလီက ကားကို ရပ်လိုက်ပါတယ်.. ဘုရားကျောင်းနဲ့ ခပ်ဝေးဝေး တစ်နေရာမှာတော့ လက်ရေးနဲ့ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုဒ် အမှတ်အသားလေး တစ်ခုကို တွေ့လိုက်ပါတယ်.. ကလေးတွေကို လက်ကိုယ်စီဆွဲပြီး အဲဒီဆိုင်းဘုဒ်ညွှန်ပြရာ လမ်းကလေးအတိုင်း ဂျူလီဦးဆောင်ပြီး ကျွန်မတို့တွေ လျှောက်လာခဲ့ ကြပါတယ်.. တောင်ပတ်လမ်းသွယ်လေးအတိုင်း လျှောက်လာရာက လမ်းတွေ့တစ်ခု အရောက် မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်မကို အသက်ရှု ရပ်ဆိုင်းသွားမတတ် ရင်သပ်ရှုမော ဖြစ်စေပါတော့တယ်။








ကျွန်မတစ်သက် မြင်ဖူးသမျှ မြင်ကွင်းတွေထဲမှာ အလှပဆုံး မြင်ကွင်းလေး တစ်ခုပါဘဲ။။ တောင်ထိပ် တစ်ခုလုံးနဲ့  တောင်စောင်း တစ်လျှောက်လုံးဟာ ရွှေဝါရောင် ကော်ဇောကြီး တစ်ချပ် ဖြန့်ခင်းထားသလို ၀င်းဝါတောက်ပ နေပြီးတော့ တစ်စုံတစ်ယောက်က စိတ်ကူးကောင်းကောင်းနဲ့ လက်ရာမြောက်အောင် သေသပ် လှပတဲ့ ရွှေရောင်ရေဆေး ခပ်များများနဲ့ ရေးခြယ်ထားတဲ့ ပန်းချီကားကြီး တစ်ချပ်လိုပါဘဲ.. ဒါပေမဲ့ အခု မြင်တွေ့နေရတာက တကယ့်သဘာဝ ပန်းချီကား။ တောင်ကြီးတစ်ခုလုံးကို ၀ံ့ကြွားတောက်ပစွာ  ရွှေရောင်လွှမ်းခြုံထားစေတဲ့ ပန်းချီဆရာတွေတောင် လက်မှိုင်ချရမဲ့ အလှ။ ဆွဲဆောင်မှုအားကောင်းလွန်းလို့ ကျွန်မဖြင့် အသက်တောင် မရှူမိဘူး ထင်တာပါဘဲ။


ဒီလိုမြင်ကွင်းမျိုးကို စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင်တောင် အခု လက်တွေ့မြင်နေရ တဲ့ မြင်ကွင်း လိုတော့ လှပအောင် စိတ်ကူးပုံဖော်တတ်ခဲ့မယ် မထင်ဘူး…. မြင်နေရတဲ့ တောင်စောင်းကြီး တစ်ခုလုံးမှာ အ၀ါရောင် လှိုင်းလုံးတွေ အလိပ်လိုက် ထနေသလို ထင်ရပြီး တောင်စောင်းကြီးတစ်ခုလုံးကို အလှဆင်ထားလိုက်ပုံက အ၀ါရောင် ဖဲကြိုးတွေ ချခင်းထားသလိုပါဘဲ။  ကျွန်မစိတ်ထဲ ရွှေရောင်ပင်လယ်ပြင်ကြီးတစ်ခု ကိုယ့်မျက်စိရှေ့ ကို ရောက်လာသလို ထင်မြင်မိတော့တယ်.. တစ်သက်မှာ တစ်ခါဆိုသလို အလှဆုံး ပန်းခင်းကြီးကို တွေ့လိုက်ရတာပါဘဲ...  အိုး…….. ဘယ်လိုလူတွေကများ ဒီတောင်ကြီး တစ်ခုလုံး ကို ရွှေရောင် လွှမ်းသွားလောက်အောင် မျက်စိတစ်ဆုံး ကျယ်ပြောလှတဲ့ ပန်းခင်းကြီးကို လာစိုက်ထားတာပါလိမ့်။

ဘယ်သူတွေကများ ဒီလောက်များလှတဲ့ ပန်းတွေကို ဒီနေရာမှာ စိုက်ထားတာလဲ ဂျူလီ” မနေနိုင်တော့တဲ့အဆုံး ဂျူလီ့ကို ကျွန်မ မေးလိုက်မိပါတော့တယ်။

“ဒီပန်းတွေကို စိုက်တာလား။။ လူအများကြီးက စိုက်ထားတယ်လို့ မေမေ ထင်နေတယ်လား.. မဟုတ်ဘူး မေမေရဲ့ ဒီပန်းခင်းကြီးတစ်ခုလုံးကိုလေ မိန်းမတစ်ယောက်တည်းက စိုက်တာ” ဂျူလီရဲ့ အဖြေစကားက ကျွန်မရဲ့ အံ့အားသင့်မှုကို ထိန်းချုပ်မထားနိုင်အောင် ထူးဆန်းသွားစေခဲ့တယ်..

“မိန်းမ တစ်ယောက်တည်းက ဒီလောက် ကျယ်ပြန့်လှတဲ့ ပန်းခင်းကြီးကို စိုက်တယ် ဟုတ်လား။။ ဖြစ်နိုင်ပါ့မလား ဂျူလီရယ်.. ” မယုံနိုင်လွန်းစွာ ကျွန်မ ပြန်ပြောလိုက်မိတော့ ဂျူလီက ပန်းခင်းကြီးတွေရဲ့ အလယ်မှာ ရှိနေတဲ့ အိမ်ကလေးတစ်လုံးကို လက်ညိုးညွှန်လိုက်ရင်း

“တကယ်ပြောတာပါ မေမေရဲ့။ သူက ဟောဟိုက အိမ်ကလေးမှာ နေတယ်လေ.. ဒါတွေအားလုံးဟာ သူတစ်ယောက်တည်းနဲ့ စိုက်ခဲ့တာတွေပေါ့.. လာ .. မေမေ မယုံရင် သမီးတို့ သူ့ဆီသွားကြမယ်။ သူနဲ့ စကားပြောကြည့်ပေါ့။ ”

ရွှေဝါရောင် ပန်းခင်းကြီးရဲ့အလယ်မှာ ရှိနေတဲ့ အိမ်ကလေးဆီကို ကျွန်မတို့ လျှောက်လာခဲ့ကြပါတယ်.. အိမ်ရှေ့အရောက်မှာတော့  ပေါ်တီကိုမှာ ချိတ်ထားတဲ့ ဆိုင်းဘုဒ်လေးတစ်ခုကို စိတ်ဝင်စားဖွယ် တွေ့လိုက် ရပါတယ်.. အဲဒီဆိုင်းဘုဒ်မှာ ရေးထားတာက “နှင်းပန်းဝါ၀ါတို့ရဲ့ ဥပဒေသ” ဆိုတဲ့ စကားလုံးတွေပါဘဲ။ အဲဒီအိမ်ကလေးမှာ ကျွန်မတို့ တွေ့ဆုံခဲ့ရသူ၊ ဒီလောက်များပြားလှသော နှင်းပန်းဝါတွေကို စိုက်ပျိုးထားတဲ့ အမျိုးသမီးဟာ ကျွန်မရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ သူပါဘဲ.. အိုး ကျွန်မအတွက်တော့ သူနဲ့ တွေ့ခွင့်ရ တာဟာ မေ့နိုင်စရာမရှိတဲ့ ဘ၀ရဲ့ အမှတ်တရလေး တစ်ခုပါဘဲ. သူ့ဆီက သိပ်ကောင်းမွန်တဲ့ ဘ၀အတွေ့အကြုံ၊ သင်ခန်းစာကောင်းလေးတစ်ခုကို လက်ဆောင်ရခဲ့ပါတယ်... ဒီအမျိုးသမီးဟာ ကျွန်မ ဘ၀တစ်လျှောက် ဘယ်သောအခါကမှ မတွေ့ခဲ့ဖူးပေမဲ့ တန်ဖိုးရှိလှတဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သွားခဲ့ပါတယ်.. နှင်းပန်းဝါကလေးတွေနဲ့ ပတ်သက်တဲ့ သူရဲ့ ဆောင်ပုဒ် က “တစ်ကြိမ်ကို နှင်းပန်းဥလေးတွေ တစ်လုံးစီ စိုက်ပျိုးရုံနဲ့ အကြိမ်ပေါင်းများစွာ စိုက်ပျိုးပြီးတဲ့အခါ တောင်ကြီးတစ်ခုလုံးကို နှင်းပန်းတွေ ဖုံးလွှမ်းသွားအောင် လုပ်နိုင်ပါတယ်တဲ့...”

သိပ်ကောင်းမွန်တဲ့ ဥပေဒသပါဘဲလား။ အားကျလေးစား စံနမူနာ ယူထိုက်လှပါတယ်... ဘယ်လောက်ကြီးမားတဲ့ ကိစ္စဘဲ ဖြစ်ဖြစ် မဖြစ်နိုင်ဘူးဆိုတာ ဘယ်မှာ ရှိပါ့မလဲနော်..  မိန်းမ တစ်ယောက်တည်းက စိုက်ပျိုးထားတာပါလို့ ပြောရင် ယုံနိုင်ဖွယ်မရှိတဲ့ ဒီ ပန်းပင်လယ်ကြီးဟာ တကယ် လက်တွေ့ကျကျ လုပ်ဆောင်တတ်သူ မိန်းမတစ်ယောက်ရဲ့ ဖန်တီးမှု စွမ်းအားတွေနဲ့ တောင်ကြီး တစ်ခုလုံးကို အ၀ါရောင်တွေလွှမ်းခြုံသွားအောင် ဆေးခြယ်ပစ်ခဲ့တယ်။ ဒီတောင်ကြီး တစ်ခုလုံး နှင်းပန်းဝါတွေ ဖုံးလွှမ်းသွားဖို့ဆိုတာ အတွေးသက်သက်ဆိုရင် ဖြစ်နိုင်မယ်လို့ မထင်ရပေမဲ့ အကြိမ်ပေါင်း များစွာ နှစ်ပေါင်းများစွာ ကြာတဲ့ အခါမှာတော့ စိတ်ကူးသက်သက်ဟာ လက်တွေ့ အကောင်အထည် ဖြစ်လာနိုင်ခဲ့ပြီ မဟုတ်ပါလား။ ဒီ ဥပဒေသလေးကို လက်ကိုင်ပြုပြီး ကျွန်မဘ၀မှာလည်း ကျွန်မဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ခွန်အားတွေ ရလိုက်ပါပြီ။ ကျွန်မကို ဒီနေရာ ရောက်အောင် ခေါ်ဆောင်လာတဲ့ သမီး ဂျူလီ့ကို နှစ်နှစ်ကာကာ ကျေးဇူးတင် မိရင်းက ပြုံးပြ လိုက်မိပါတော့တယ်။


Daffodil ခေါ် အ၀ါရောင် နှင်းပန်းတွေရဲ့အကြောင်းပါ။ The Daffodil Principle ( Unknown Author) ကို နှစ်ခြိုက်စွာ ဘာသာပြန် ဝေမျှပါသည်။






ပျော်ရွှင်တဲ့ဘဝ




ဘ၀ကို ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ ကျော်ဖြတ်နိုင်ဖို့ အောက်ပါအချက်အလက်တွေက သင့်ကို အထောက်အကူ ပြုနိုင်ပါတယ်။

၁. တစ်ရက်ကို ၁၀မိနစ်မှ မိနစ်၃၀အထိ နေ့စဉ် ပုံမှန် လမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း မျက်နှာကို ပြုံးပြုံးရွှင်ရွှင်ထားပါ။



၂. နေ့စဉ် ၁၀မိနစ်ခန့် အချိန်ပေး၍ တစ်နေရာတွင် စိတ်အာရုံမပျံ့လွင့်စေဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နိုင်အောင် ကြိုးစားပါ။

၃. တစ်နေ့ကို အိပ်ချိန် ၇နာရီပြည့်အောင် အိပ်ပါ။



၎. အလုပ်ကို ခွန်အားစိုက်ထုတ်၍ တက်တက်ကြွကြွ၊ နိုးနိုးကြားကြားနှင့် စိတ်အားထက်သန်စွာ ဆောင်ရွက်ပြီး အခြားသူများကိုလည်း မျှဝေတတ်သော စိတ်ကို မွေးမြူပါ။


၅. ဥာဏ်ရည်ထက်မြက်စေသော ကစားနည်းများ ကို မကြာခဏ ကစားပေးခြင်း၊ ရနိုင်သမျှ အချိန်တို့တွင် စာများများ ဖတ်ခြင်းတို့ကို ပြုလုပ်ပေးပါ။


၆. တတ်နိုင်သမျှ ရေများများသောက်ပါ။ အချိုရည်ကို လျှော့သောက်ပါ။


၇. အပင်မှရသော သဘာဝ အသီးအနှံများကို များများစားပြီး ပြုပြင်ဖန်တီးထားသော အစားအသောက်များကို လျှော့စားပါ။



၈. နံနက်စာကို များများစားပြီး နေ့လည်စာကို အတင့်အသင့်စားကာ ညစာကို တတ်နိုင်သမျှ နည်းအောင်စားပါ။

၉.တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့ကို ပြုလုပ်ပေးပါ။ ၄င်းတို့သည် စိတ်ကိုတည်ငြိမ်အေးချမ်းစေ၍ ခွန်အားများကို ရရှိစေပါသည်။



၁၀. ရယ်စရာများကို တတ်နိုင်သမျှ ရှာဖွေပါ။ နှစ်နှစ်ခြိုက်ခြိုက် ဟက်ဟက်ပက်ပက် ရယ်မောပါ။ တစ်ရက်ကို အနည်းဆုံး လူသုံးယောက်ကို ပြုံးရွှင်အောင် လုပ်ပါ။



၁၁. မိမိ၏ အဖိုးတန် အချိန်များ၊ ခွန်အားများကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနှင့်။

၁၂. မိမိ မတတ်နိုင်၊ အလုပ်နိုင် သော ကိစ္စရပ်များအတွက် အဆိုးမြင်ပြီး စိတ်ဆင်းရဲ၊ ဒေါသဖြစ်နေမည့်အစား စိတ်ချမ်းသာစရာ အကြောင်းအရာများကိုသာ တွေးတော ရှာဖွေပါ။

၁၃. အသက် ၇၀ကျော် လူကြီးသူမများ၊ အသက် ၆နှစ်အောက် ကလေးငယ်များနှင့် အချိန်ပေး၍ စကားပြောဆိုပါ။




၁၄.ဘ၀သည် တိုတောင်းလွန်းလှသောကြောင့် မိမိအချိန်များကို အခြားသူတစ်ဦးဦးအား မုန်းတီးခြင်း၊ ဂလဲ့စားချေခြင်း တို့ဖြင့် အချိန်မကုန်ဆုံးစေသင့်ပါ။

၁၅. မိမိကိုယ်မိမိ ဘယ်နေရာမှ ငါမရှိလျှင်မဖြစ်၊ ငါမပါလျှင်မပြီး ဟူသော အတွေးမျိုးကို ဖျောက်ဖျက်ပါ။

၁၆. မကောင်းသော အတိတ်ကာလ အကြောင်းအရာများကို မေ့ဖျောက်ပစ်ပါ။ မိမိချစ်သူခင်သူများ၏ အတိတ်က အမှားများကို မကြာခဏ ပြောဆိုခြင်း၊ သတိပေးခြင်း မပြုလုပ်သင့်ပါ။ ထိုအရာများသည် သင်၏ လက်ရှိပျော်ရွှင်မှုများကို ဖျက်ဆီးပစ်မည့် အရာများသာ ဖြစ်သည်။


၁၇.မည်သည့် အငြင်းအခုန်မျိုးတွင်ဖြစ်စေ၊ ပဋိပက္ခများတွင်ဖြစ်စေ သင်အနိုင်ရမှဖြစ်မည်ဆိုသော အတွေးကို ပယ်ဖျောက်ပါ။ အငြင်းပွားခြင်းသည် မိတ်ဆွေ လျှော့နည်းစေသော အကြောင်းတရားတစ်ခု ဖြစ်သည်။


၁၈. သင်၏ဘ၀ကို အခြားသူများနှင့် နှိုင်းယှဉ်၍ စိတ်ပျက်အားငယ်ခြင်း၊ မနာလိုခြင်းတို့ မည်သည့်အခါမျှ မဖြစ်ပါစေနှင့်။ အခြားသူများ၏ ဘ၀သည် တသမတ်တည်း ရှိမည်ဟူ၍ သင် အတတ်မပြောနိုင်သလို သင်၏ ဘ၀အခြေအနေသည်လည်း ယခုအတိုင်း အမြဲတမ်းရှိနေမည်ဟု မည်သူကမှ မပြောနိုင်ပါ။

၁၉.အလုပ်ကိုသာ ဦးစားပေးပြီး မိတ်ဆွေ သူငယ်ချင်းများကို မေ့လျှော့နေတာမျိုး၊ အချိန်မပေးနိုင်တာမျိုး မဖြစ်အောင်ကြိုးစားပါ။ သင်နေမကောင်းလျှင်၊ အကူအညီလိုအပ်လျှင် သင့်အလုပ်က သင့်ကို လာရောက်ကူညီမည်မဟုတ်။ သင့်မိတ်ဆွေ သူငယ်ချင်းများကသာ ကူညီပေးနိုင်ပါလိမ့်မည်။



၂၀. ခွင့်လွှတ်တတ်သော စိတ်ကို မွေးမြူပါ။

၂၁. မိသားစုများနှင့် မကြာခဏ ရင်းနှီးနွေးထွေးစွာ နေထိုင်ပါ။ အဝေးမှာရောက်နေလျှင်လည်း မကြာခန အဆက်အသွယ်ပြုလုပ်ပါ။



၂၂. ကောင်းမြတ်သောအရာများကို အခြားသူများအား ပြန်လည် မျှဝေနိုင်ရန်ကြိုးစားပါ။ လူမှုရေးလုပ်ငန်းများတွင် ပါဝင်တတ်သူဖြစ်အောင် ကြိုးစားပါ။

၂၃. ၀င်ငွေထွက်ငွေကို မျှတစွာ သုံးစွဲတတ်သူ ဖြစ်ပါစေ။

၂၄. သစ်ပင်စိုက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ မွေးမြူခြင်း၊ သူငယ်ချင်း၊ မိတ်ဆွေများကို ရင်းနှီးနွေးထွေးစွာ စကားပြောဆိုခြင်း၊ စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ကြင်နာ ဂရုစိုက်တတ်သော အလေ့ကောင်းကို မွေးမြူပါ။



၂၅. မိမိရဲ့ နိုးထလာသော မနက်ခင်းတိုင်းကို အကောင်းမြင်စိတ်ဖြင့် နိုးထကျင့်ကို ပျိုးထောင်ပါ။ ထိုသို့ဖြစ်နိုင်ရန်မှာ အလုပ်ချိန်နီးမှ ကပျာကယာ ထခြင်းထက် အချိန်စော၍ ကြိုတင်နိုးထခြင်းက သင့်အတွက် စိတ်ချမ်းသာ ပျော်ရွှင်သော မနက်ခင်းဖြင့် စတင်နိုင်ပါလိမ့်မည်။

အထက်ပါအချက်တွေကို ကျွန်မကိုယ်တိုင်လည်း နှစ်သက်မိသလို ကြိုးစားလိုက်နာဖို့လည်း လိုသေးတာမို့ ကိုယ်တိုင်လည်း သတိထားဖို့၊ အခြားသူများလည်း မျှဝေဖို့ ဖတ်မိတာလေးကို ဘာသာပြန်ပြီး ပြန်လည် ဝေမျှခြင်းသာ ဖြစ်ပါတယ်ရှင်။

ပျော်ရွှင်သာယာသော ဘ၀ကို လူတိုင်းတည်ဆောက်နိုင်ကြပါစေရှင်။


ချော(အစိမ်းရောင်လွင်ပြင်)


Source from http://www.funzug.com/

Photo from google

မမျှော်လင့်ခဲ့လေသော



အိမ်မှ ဆေးရုံသို့ ကားကို မောင်းလာရာ လမ်းတစ်လျှောက် ကလေးများအား စိတ်မချနိုင်ခြင်းများစွာဖြင့် ကျွန်မမှာ အထပ်ထပ်အခါခါ မှာကြားနေမိသည်။ ယခု ကျွန်မ၏ကလေးများ သွားတွေ့ရမည့် အမျိုးသမီးမှာ ကျွန်မ မိတ်ဆွေတစ်ယောက်ထံမှတစ်ဆင့် သိကျွမ်းခင်မင်ခဲ့ရကာ အာခေါင်တွင် ဖြစ်နေသော ကင်ဆာရောဂါကြောင့် ဝေဒနာကို အပြင်းအထန် ခံစားနေရကာ ဆေးရုံပေါ်တွင် ရောက်နေသော အဲန်နီဆိုသည့် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ ကျွန်မက အားချိန်များတွင် ဆေးရုံသို့ အမြဲလိုလို သွားရောက်ကာ အားပေးကူညီတတ်ပြီး သူ့လိုအပ်ချက်လေးများကို လူသားချင်း စာနာထောက်ထားစိတ်၊ ခင်မင်ကြင်နာစိတ်ဖြင့် ကူညီပေးနေခဲ့မိပါသည်။ ကျောထောက်နောက်ခံမရှိ၊ စောင့်ရှောက်သူ အမျိုးအဆွေ မရှိသော တစ်ကောင်ကြွက် အဲန်နီကလည်း ကျွန်မကို ပြန်လှန်အားကိုး ခင်မင်နေသူဖြစ်သည်။ အဲန်နီ့ဆီ သွားရောက်ချိန်တိုင်းလည်း စကားစပ်မိကြလျှင် ကျွန်မ၏ သားသမီးများအကြောင်း အဲန်နီကို မကြာခန ပြောပြတတ်သောကြောင့် ကျွန်မတွင် သားတစ်ယောက် သမီးတစ်ယောက် ရှိသည်ကိုသိထားသော အဲန်နီက သူတို့လေးတွေကို ဆေးရုံသို့ ခေါ်လာရန် တောင်းဆိုလေသည်။ သားသမီးမရှိရှာသော အဲန်နီက ကလေးများကို ချစ်တတ်သူလည်း ဖြစ်သည်လေ။

“အင်း ဒါပေမဲ့ ကလေးတွေက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ကျွန်မမျက်နှာကို မြင်တာနဲ့ လန့်ကြတာ များပါတယ်လေ. တကယ်လို့ သူတို့က မတွေ့ရဲဘူး ဆိုရင်တောင် ကျွန်မ နားလည်ပါတယ်လေ… ကလေးတွေက မတွေ့ချင်ဘူးဆိုရင်တော့ ခေါ်မလာပါနဲ့တော့နော်” ဟု ဆက်၍ ပြောလိုက်သော အဲန်နီ၏စကားက ကျွန်မ၏ရင်ထဲကို ဆို့နင့်သွားစေခဲ့သည်။ ကြည့်ရှုစောင့်ရှောက်သူ၊ စိုးရိမ်ပူပန်မဲ့သူ မရှိ၊ အထီးကျန်ဆန်လွန်းလှသော တစ်ကောင်ကြွက် အဲန်နီ၏အဖြစ်နှင့် ယခု သူမ ပြောလိုက်သော စကားတို့က  ကျွန်မ ရင်ထဲတွင်ရှိသော ကရုဏာစိတ်ကို တစ်ဖွားဖွား ဖြစ်ပေါ်လာစေမိသည်။ သို့နှင့် သားနှင့်သမီးတို့ကို အဲန်နီနှင့် ပေးတွေဖို့ သူမဆုံးဖြတ်လိုက်လေသည်။

သားနှင့်သမီးကိုလည်း သူတို့သွားတွေ့ရမည့် အဲန်နီ၏ ကင်ဆာရောဂါဖိစီးမှုကြောင့် ပိန်လှီမွဲခြောက်ပြီး ဆိုးဆိုးဝါးဝါး ရုပ်ပျက်နေသော ပုံပန်းသဏ္ဍာန်ကို ကြိုတင်မြင်ယောင်စေရန် ပြောပြထားရသည်။ မဟုတ်လျှင် အဲန်နီ့ကို ရုတ်တရက်တွေ့လိုက်ပါက ကလေးများ အထိတ်တလန့်ဖြစ်ခဲ့လျှင် အားနာစရာ၊ မျက်နှာပူစရာ ကောင်းမည် မဟုတ်ပါလား။

“ သားနဲ့သမီးရေ.. အန်တီအဲန်နီက သူ့ခံတွင်းမှာဖြစ်နေတဲ့ ကင်ဆာကြောင့် မျက်နှာကလည်း ကြည့်ရတာ တော်တော်ရုပ်ဆိုးနေတယ်..  ကလေးတွေ တော်တော်များများက သူ့ကိုမြင်လိုက်တာနဲ့ လန့်ကြတယ်.. သားနဲ့သမီး သူ့ကိုတွေ့ရင် အထိတ်တလန့် မဖြစ်ကြနဲ့နော်။ သား ဒေးဗစ် လွန်ခဲ့တဲ့ မနှစ်က သားနဲ့ မေမေတို့ ကြည့်ကြတဲ့ တီဗီဇာတ်လမ်း တစ်ခုမှတ်မိလား ကောင်လေးက ရောဂါတစ်ခုကြောင့် မျက်နှာပျက်စီးပြီး ကြောက်စရာ ဖြစ်နေတာလေ”

“ ဟုတ်ကဲ့ မေမေ .. သားမှတ်မိပါတယ်..  သား မေမေ့မိတ်ဆွေကို ဘယ်လိုပုံစံမျိုးနဲ့ တွေ့ရမယ်ဆိုတာ သိတယ်လို့ ထင်ပါတယ်မေမေ”

သားရဲ့လေသံကို နားထောင်ခြင်းအားဖြင့် အကျယ်တ၀င့်ရှင်းပြနေဖို့ မလိုမှန်း ကျွန်မ သဘောပေါက်လိုက်ပါသည်။

“မေမေ.. အာခေါင်ကင်ဆာဆိုတာ ဘယ်လိုမျိုးလဲဟင်”

ကိုးနှစ်အရွယ် သမီးလေး ဂျနီဖာက မေးလာသည်။ ထိုအမေးကို ဖြေဖို့ တော်တော်စဉ်းစားနေမိပါသည်.. သမီးလေးဟာ အဲန်နီကို တွေ့တဲ့အချိန်မှာ ကြောက်ရွံထိတ်လန့်တာ၊ ရွံရှာတာမျိုးလည်း ကျွန်မက မဖြစ်စေချင်ပါ။ နောက်ပြီး ကလေးတစ်ယောက်၏ အသိစိတ်တွင် ထိတ်လန့်ဖွယ်ကောင်းသည့် ရောဂါဆိုးအကြောင်း သိသွားပြီး တုန်လှုပ်တာမျိုးလဲ မဖြစ်စေချင်သောကြောင့် သက်တောင့် သက်သာဖြစ်စေမည့် စကားကိုသာ ရွေးချယ်မိပါတော့သည်။

“အာခေါင်ကင်ဆာဆိုတာ ပါးစပ်ထဲမှာ အကြိတ်တွေ ပေါက်တာမျိုးပေါ့ကွယ် သူက လျှာတွေကို စေးကပ်သွားစေပြီး စကားပြောဖို့ ခက်ခဲလာစေတယ်လေ.. သမီး အဲန်နီကိုတွေ့တဲ့ခါ မြင်ရပါလိမ့်မယ်.. ရုပ်ဆိုးနေတဲ့ မျက်နှာကို။ ဒါပေမဲ့ သမီး မကြောက်ရဘူးနော်။ အန်တီ အဲန်နီကိုတွေ့ရင် သူ့မျက်နှာကို သေချာမကြည့်နဲ့နော်။ သူ့မျက်နှာကို သေချာမကြည့်ရင် သမီးကြောက်တော့မှာ မဟုတ်ဘူးလေ။ နားလည်တယ်နော် သမီး”

သမီးလေးက နားလည်ကြောင်း ခေါင်းကို ညိတ်ပြပါသည်။ သို့သော်လည်း သမီးလေးက ကင်ဆာဆိုတာ ဘယ်လိုရောဂါလဲဟူ၍ စဉ်းစားပုံဖော်နေမှာတော့ သေချာပါသည်။

ဆေးရုံနှင့် နီးလာချိန်မှာ ကလေးတွေကို ထပ်ပြီး သတိပေးလိုက်မိပါသည်။

“သားနဲ့သမီးတို့ အန်တီအဲန်နီကိုတွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလား” ကားဆံခါးကို ဆွဲဖွင့်လိုက်ရင်း ကလေး၂ယောက်ကို ကားအပြင်ဘက် ဆွဲထုတ်လိုက်ကာ မေးလိုက်မိပါသေးသည်။

“ အဆင်သင့်ပါဘဲ မေမေ” မိခင်စိတ်ပူမှာကို သိတတ်စွာ ဘာမှ မဖြစ်လေဟန်နဲ့ သားလေးက ပြောလိုက်ပြီး သမီးလေးကတော့ ခေါင်းလေးကိုညိတ်ပြကာ “မပူပါနဲ့မေမေရဲ့… သမီးမကြောက်ပါဘူး” ဟူ၍ပင် စိတ်ပူနေမည့် ကျွန်မကို ပြန်ပြီး နှစ်သိမ့်လိုက်ပါသေးသည်။

ဆေးရုံ၏ ဧည့်ခန်းကို ဖြတ်ကျော်လာပြီးနောက်တွင် အဲန်နီ၏ အခန်းကို ရောက်ချိန်တော့ ကုတင်ပေါ်တွင် ကျောမှီပြီးထိုင်နေသော အဲန်နီကိုတွေ့ရပြီး သူ့ပေါင်ပေါ်မှာတော့ ပိုစ့်ကဒ်ကလေးတွေ ရှိနေကာ ကြည့်ရသည်မှာ သူငယ်ချင်းတွေဆီက ဆုတောင်းပေးပို့သော ကဒ်လေးတွေ ဖြစ်ပုံရပါသည်.. မလိမ်မညာတမ်းပြောရရင် ကလေးတွေရဲ့လက်ကိုဆွဲပြီး အဲန်နီ၏ ကုတင်ရှိရာကို တိုးကပ်လာမိရင်း စိတ်ထဲမှာလည်း ကလေးတွေဆီမှ တစ်ခုခုအထိတ်တလန့်အသံများ ထွက်လာလေမလား ဆိုသည့် စိုးရိမ်စိတ်ကို သတိထားရင်း ပူပန်စိတ်တွေနဲ့ ရောက်ယက်ခတ် နေခဲ့မိတော့သည်။

ကလေးတွေ ပါလာသည်ကို မြင်လိုက်သည်နှင့် အဲန်နီ့ မျက်နှာ ၀င်းပသွားပါသည်။ “ အိုး ကလေးတွေပါ ပါလာတာကိုး။ သားတို့ သမီးတို့လာတာ ၀မ်းသာလိုက်တာ”  ဟူ၍ တကယ့်ကို ပျော်ရွှင် လှိုက်လှဲစွာ ပြောလိုက်ပါသည်။ ထိုသို့ အားရ၀မ်းသာ ပြောလိုက်သောအသံသည်ပင် မပီမသ ထွက်ပေါ်လာခြင်းဖြစ်လေသည်။ ထိုစဉ်မှာ ပါးစပ်မှ မကြာခနစီးကျလာတတ်သော တံတွေး(သွားရေ) များကိုသုတ်ရန် အဲန်နီ၏ ပါးစပ်ကို ဖုံးထားသော တစ်ရှူးစမှာ လွှင့်ကျသွားပြီး နောက်တွင်တော့ မဲ့ရွဲ့ တွန့်လိမ်နေသော အဲန်နီ၏ ပါးစပ်နှင့် မျက်နှာပြင်သည် ဘွားခနဲ ပေါ်လာတော့သည်။ ကျွန်မ စိတ်ပူစွာဖြင့် အထိတ်တလန့် ကြည့်နေစဉ်မှာဘဲ ဒေးဗစ်သည် ခြေလှမ်းကြဲတွေနှင့် အဲန်နီရှိရာသို့ လျှောက်သွားကာ သူ့လက်ကလေးတွေဖြင့် အဲန်နီ၏ ပုခုံးကို သိုင်းဖက်လိုက်ပြီး အဲန်နီ၏ မျက်နှာနှင့် သူ၏ပါးပြင်ကို ထိကပ်၍ နှုတ်ဆက်လိုက်ပါတော့သည်။

ထို့နောက်တော့ အဲန်နီ၏ မျက်နှာကို ပြုံးပြီး ကြည့်လိုက်ကာ “ကျွန်တော်လည်း အန်တီအဲန်နီနဲ့ တွေ့ရတာ အရမ်းကို ၀မ်းသာပါတယ်ခင်ဗျာ” လို့ပြောလိုက်ပါတော့သည်။ အိုး ဘယ်လောက်တောင် လိမ္မာသိတတ်ပြီး ဂုဏ်ယူဖို့ကောင်းလိုက်တဲ့ သားလေးလဲနော်။

သမီးလေး ဂျနီဖာကလည်း သူ့အစ်ကို ပြုလုပ်သည့်အတိုင်း အဲန်နီကို ပွေ့ဖက်လိုက်ပြီး  နှုတ်ဆက်ပြန်ပါသည်။ ထို့နောက်တွင် အဲန်နီ၏ လက်ကလေးများကိုကိုင်ကာ သူမကုတင်ဘေးတွင် ၀င်ထိုင်လိုက်ကြပြီး စီးကျလာသော အဲန်နီ့ပါးစပ်မှ တံတွေးများကို တစ်ရှူးစဖြင့် တို့သုတ်ပေးနေလေတော့သည်။ မျှော်လင့်မထားသော သားနှင့်သမီးတို့၏ လှိုက်လှဲပြီး ရင်းနှီးနွေးထွေးသော၊ ကြင်နာသော အပြုအမူတို့ကြောင့် အဲန်နီ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပါသည်။  သားနှင့်သမီးထံမှ ထိုသို့ ကြင်နာ ယုယတတ်လိမ့်မည် ဟူ၍ပင် မျှော်လင့်မထားမိခဲ့သော ကျွန်မမှာ ထိုမြင်ကွင်းကို ကြည့်နေရင်း  ကြည်နူးမှု၊ စိတ်လှုပ်ရှားမှုတို့နဲ့အတူ လည်ချောင်းထဲတွင်ပင် ဆို့ကြပ်လာမိပါသည်။ ကျွန်မ သားနှင့် သမီးအတွက် ဘာမှ စိတ်ပူစရာ မလိုတော့ပါ။ သူတို့လေးတွေသည် လူသားချင်း စာနာထောက်ထားမှု၊ အားနည်းသူကို ဖေးမညှာတာတတ်မှု စသော အသိစိတ်များကို သင်ပေးစရာမလိုဘဲ သိနှင့်နေသူများသာ ဖြစ်နေသည် မဟုတ်ပါလား။

အားနည်းသူ၊ လိုအပ်နေသူများကို တတ်စွမ်းသမျှ ဖေးမကူညီတတ်ဖို့ ကျွန်မတို့ရဲ့ စိတ်နှလုံးများကို အသင့်ပြင်ဆင်ကြပါစို့ရှင်။

Victoria Harnish Benson ရဲ့ The hug of a child ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။




photo from google

ရေစစ်ကလေးများ







ဆိုခရေးတီးစ်ရဲ့  ရေစစ်ကလေးများ


ဘီစီ 469-399 တုန်းက ပေါ်ပေါက်ခဲ့တဲ့ ဂရိပညာရှင်ကြီး ဆိုခရေးတီစ်းဟာ သူ့ရဲ့ ပညာဥာဏ်ထက်မြက်မှု၊ အတွေးအခေါ် ကြီးမားရင့်သန်မှုတွေကြောင့် နိုင်ငံအ၀ှန်းက ချီးကျူးလေးစားခြင်း ခံရသူ ဖြစ်ပါတယ်.. တစ်ရက်တော့ ပညာရှင်ကြီး ဆိုခရေးတီးစ်နဲ့ အလွန်ကို ခင်မင်ရင်းနှီးတဲ့ သူတစ်ယောက်ဟာ သူ့ဆီကို အပြေးအလွှား ရောက်လာပြီး  ရေးကြီးသုတ်ပြာနဲ့ “ဆိုခရေးတီစ်း....  အသင်ရဲ့ တပည့်တစ်ယောက်အကြောင်း ကျွန်ပ် ကြားခဲ့တာလေး တစ်ခုကို ပြောပြချင်လို့” လို့ ပြောပါတယ်. ဒီတော့ ပညာရှင်ကြီး ဆိုခရေးတီးစ်က “ခနလောက် စောင့်ပါဦး.. အသင် မပြောခင် ကျွန်ပ် အရင်ပြောပါရစေ”  လို့ ပြန်ပြောလိုက်ပြီး “တကယ်လို့ အသင့်အနေနဲ့ ကြားခဲ့တဲ့ စကားကို ကျွန်ပ်ကို ပြောမယ်ဆိုရင် မပြောခင်မှာ  ရေစစ်သုံးခုနဲ့ စစ်ထုတ်တဲ့နည်းကို သုံးပြီး အသင်ရဲ့ သတင်းစကားကို အရင် စစ်ဆေးကြည့်ရအောင် ” လို့ ဆက်ပြောပါတယ်။





ဒီတော့ ကြားလာတဲ့ သတင်းစကားကို ပြောမဲ့သူက “ရေစစ်သုံးခု နဲ့ စစ်ထုတ်ကြည့်မယ် ဟုတ်လား ” လို့ နားမလည်နိုင်စွာနဲ့ ပြန်မေးပါတယ်။






ဆိုခရေးတီးစ်က “ ဟုတ်တယ်..  သင်အရင်ဆုံး ကျွန်ပ်ရဲ့ တပည့်အကြောင်း ကျွန်ပ်ကို မပြောခင် အချိန်ခနလေး ယူပြီး ပထမအဆင့်ကနေ စပြီး စစ်ထုတ်ကြည့်ရအောင်။ ပထမဆုံး သင့်ရဲ့ စကားလုံးတွေကို ဖြတ်သန်းရမဲ့ ရေစစ်က အမှန်တရား” ဆိုတဲ့ အဆင့်ပါဘဲ။ ကဲ အခု သင်ပြောမဲ့ အကြောင်းအရာတွေဟာ လုံးဝ အမှန်တရားတွေပါ။ သေချာပေါက်မှန်ပါတယ်လို့ သင် အာမခံနိုင်ရဲ့လား”  လို့ ဆိုခရေးတီးစ်က ထိုသူကို မေးလိုက်ပါတယ်။





“အဲ… ဒါတော့ ကျုပ်အာမ မခံနိုင်ပါဘူး.. ကျုပ်ကလဲ ကျုပ်ကြားလာတာကို သင့်ကို ပြန်ပြောမလို့ပါ.. မှန်တယ် မမှန်ဘူး ဆိုတာတော့ ကျုပ်လဲ သေချာမသိပါဘူး…. ” လို့ ထိုသူက ပြန်ပြောပါတယ်။





“ ကောင်းပြီ။ သင်ပြောမဲ့ စကားဟာ သေချာပေါက် မှန်တယ် မမှန်ဘူးဆိုတာ သင် အာမ မခံနိုင်ဘူးနော်။ ကဲ ဒီလိုဆို ဒုတိယအဆင့်ဖြစ်တဲ့ “ကောင်းသတင်း” ဆိုတဲ့ ရေစစ်နဲ့ ဖြတ်သန်းကြည့်ရအောင်။ သင်ပြောမဲ့ ကျွန်ပ်ရဲ့ တပည့် အကြောင်းဟာ ကောင်းတဲ့ သတင်း တစ်ခုခု ဟုတ်ပါသလား ” လို့ မေးပြန်ပါတယ်။





“ ဟို .. ဟင့်အင်း။  ကောင်းတဲ့ သတင်းလဲ မဟုတ်ပါဘူး… အဲဒါနဲ့ ဆန့်ကျင်တဲ့ သတင်းတွေပါ။”  လို့ ပြန်ဖြေပြန်တယ်။





“ဒါဆို သင်ပြောမဲ့ အကြောင်းအရာတွေက မှန်တယ်လို့တောင် သင်ကိုယ်တိုင် သေချာ မပြောနိုင်တဲ့ ကျွန်ုပ် တပည့်ရဲ့ မကောင်း သတင်းတွေပေါ့။ ” ဆိုခရေးတီစ်းက ဒီလိုပြောလိုက်တော့ ထိုသူက ပုခုံးကို တွန့်လိုက်ပါတယ်.. ပြီးတော့ သူ့စိတ်ထဲမှာလည်း ရှက်သလိုလိုတော့ ဖြစ်သွားပါတယ်။





ဆိုခရေးတီးစ်က ဆက်ပြီး “ကောင်းပြီလေ သင့်စကားတွေက ရေစစ်၂ခုနဲ့ စစ်ထုတ်တာကို အောင်မြင်စွာ မဖြတ်သန်းနိုင်ပေမဲ့ နောက်ဆုံးတစ်ဆင့်ကိုတော့ ဖြတ်ချင်ဖြတ်နိုင်မှာပါ။ အခု နောက်ဆုံးရေစစ်နဲ့ စစ်ထုတ်ကြည့်ရအောင်”  လို့ ပြောလိုက်ပြီး “နောက်ဆုံးအဆင့်ကတော့ အသုံးဝင်မှု” ဆိုတဲ့ ရေစစ်ပါဘဲ။ သင်ပြောမဲ့ ကျွန်ုပ်တပည့်ရဲ့ အကြောင်းဟာ ကျွန်ုပ်အတွက်၊ ဒါမှမဟုတ် လာပြောတဲ့ သင့်အတွက် တစ်စုံတစ်ရာ အသုံးဝင်မှု ရှိပါသလား ” လို့ မေးပြန်ပါတယ်။





“အို… အဲဒီလိုလည်း မရှိပါဘူး… သင့်အတွက်ရော ကျုပ်အတွက်ပါ ဘယ်လိုမှ အသုံးဝင်မဲ့ သတင်း မဟုတ်ပါဘူး” လို့ ထိုသူက ပြန်ဖြေလိုက်ပြီးတဲ့အခါမှာတော့ ပညာရှင်ကြီး ဆိုခရေးတီစ်းက  “ကဲ.… ကောင်းပြီ .. ဒီလိုဆိုရင်  သင် ကျွန်ုပ်ကို ပြောမဲ့ အကြောင်းအရာတွေဟာ မှန်ကန်မှုရှိကြောင်းလဲ မသေချာဘူး၊ ကောင်းတဲ့ သတင်းစကားမျိုးလည်း မဟုတ်ဘူး၊ နောက်ဆုံးမှာ ပြောသူအတွက်ရော နားထောင်သူအတွက်ပါ အသုံးဝင်မဲ့ သတင်းမျိုးလည်း မဟုတ်ဘူး။ ဒီလို သတင်းစကားမျိုးကို ဘာအတွက်ကြောင့်များ အချိန်ကုန်ခံပြီး ပြောချင်ရတာလဲ” လို့ နောက်ဆုံးအနေနဲ့ ပြောလိုက်ပါတော့တယ်။





ဆိုခရေးတီးစ် စကားကိုကြားလိုက်ရတဲ့ သတင်းစကားတွေကို ယူဆောင်လာတဲ့သူဟာ  အတော်လေးကို ရှက်သွားပါတော့တယ်.. ပညာရှင်ကြီးရဲ့ ရေစစ်သုံးခုကို ဖြတ်သန်းခြင်းခံလိုက်ရပြီး ပြောခွင့်မသာဘဲ ကျရှုံးသွားတဲ့  သူသယ်ဆောင်လာခဲ့သော “တိကျမှန်ကန်မှု မရှိတဲ့ သတင်း၊ ကောင်းကြောင်း မဟုတ်တဲ့ သတင်း၊ အသုံးဝင်မှု တစ်စုံတစ်ရာ မရှိတဲ့ သတင်းကို” ပြန်လည်ယူဆောင်လို့ လာရာလမ်းအတိုင်း လှည့်ပြန်သွားရပါတော့တယ်..   ဂုဏ်သတင်းကြီးကျယ်မြှင့်မားတဲ့ ပညာရှင်ကြီး ဆိုခရေးတီစ်းကတော့ သူ့ရဲ့ မှန်ကန်တဲ့ တွေးခေါ်မြော်မြင်မှု၊ လက်ကိုင်ထားတဲ့ ခံယူချက်တို့ကြောင့် နာမည် ဂုဏ်သတင်း ပိုလို့သာ ကျော်ဇော ထင်ရှားသွားပါတယ်။





---------------------------------------------------





ဒီဇာတ်လမ်းကို ဖတ်ပြီးချိန်မှာ ပညာရှင်ကြီး ဆိုခရေးတီစ်းရဲ့  ရေစစ်သုံးခုနဲ့ စစ်ထုတ်တဲ့နည်းကို ကျွန်မ တော်တော် သဘောကျသွားပါတယ်.. ကျွန်မတို့ ကိုယ်တိုင်လည်း လူမှုအသိုင်းအ၀ိုင်းမှာ ကိုယ်တိုင်အတွက်လည်း အကျိုးမရှိသလို၊ နားထောင်ရသူ အတွက်လည်း အကျိုးမရှိ၊ အသုံးမ၀င်တဲ့ အတင်းအဖျင်း စကားတွေကို မကြာခန ပြောဆိုမိတတ်ပါတယ်… လာပြောသူရှိပါကလည်း နားထောင်မိတတ်ပါတယ်..  အဲဒီလို သတင်းစကားတွေ၊ အတင်းအဖျင်း မျိုးတွေအတွက် ပညာရှင်ကြီး ဆိုခရေးတီးစ်ရဲ့ ရေစစ်သုံးခုနဲ့ စစ်ထုတ်ပြီးမှ ပြောကြမယ်ဆိုရင် မမှန်တဲ့စကားတွေ ပြောမိတာတို့၊ နားထောင်မိလို့ စိတ်ဆိုးဒေါသ ဖြစ်ရတာတို့ အတော်ကို နည်းသွားမယ် ထင်ပါတယ်..  တစ်ခါတစ်လေမှာ သူငယ်ချင်း မိတ်ဆွေ တစ်ယောက်ယောက်က “နင့်အကြောင်း ဘယ်သူတော့ဖြင့် မကောင်းပြောနေတယ် ဒါပေမဲ့ ဘာပြောတယ်ဆိုတာတော့ ငါမပြောချင်ပါဘူး” လို့များ  စပြီး လာပြောလိုက်ရင်  ကျွန်မတို့တွေဟာ အဲဒီစကားကို မသိရမချင်း မရ ရအောင် မေးလေ့ရှိပါတယ်...  သိသွားပြီးရင်လည်း ကိုယ့်ကိုယ် မကောင်းပြောတဲ့ စကားအတွက် ကိုယ်တိုင်က စိတ်ဆိုးဒေါသဖြစ်ရပြီး ဘာအကျိုးအမြတ်မှ မရဘဲ မကောင်းပြောတဲ့ သူကိုသာ စိတ်ခုသွားတာတို့၊  ဆတ်ဆတ်ထိ မခံတတ်သူများဆိုရင် သွားရန်တွေ့ပြီး မခေါ်မပြောနိုင် ဖြစ်ရကာ သူငယ်ချင်းမိတ်ဆွေ ဆုံးရှုံးကြတာတွေ၊ စိတ်ထဲ တနုံ့နုံ့ခံစားရပြီး နာကျင်နေရတာမျိုး၊ မကျေမချမ်း ဖြစ်နေရတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဒီလိုအဖြစ်တွေကို ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရဖူးပါတယ်...





တကယ်တမ်းတော့ ကျွန်မတို့တွေရဲ့ စိတ်ကို ပူလောင်စေတဲ့၊ ဘယ်သူအတွက်မှ အကျိုးမရှိနိုင်သော စကားများအတွက် နားမထောင်ခင်မှာဖြစ်စေ၊ မပြောမိခင်မှာ ဖြစ်စေ ပညာရှင်ကြီး ဆိုခရေးတီစ်းရဲ့ ရေစစ်များနဲ့သာ စစ်ထုတ်ကြမယ်ဆိုရင် ပူလောင်ဒေါသဖြစ်ရခြင်း၊ အချိန်ကုန် စိတ်ပင်ပန်းရခြင်း တို့ကနေ ကင်းဝေးနိုင်ဖို့ သေချာပါတယ်နော်။ စေတနာမပါသော အပြုသဘောမဆောင်တဲ့ မကောင်းစကားတွေ၊ အတင်းအဖျင်း စကားတွေကိုလည်း နားထောင်မနေဘဲ ဥပက္ခာ ပြုလိုက်မယ်ဆိုရင် ရင်ထဲမှာ ပူလောင်ဒေါသ မဖြစ်နိုင်တော့သလို ၊ ကိုယ့်ရဲ့ စိတ်နှလုံးလည်း ငြိမ်းချမ်းစွာ နေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်တောင် ကိုယ်က သူများကို ပြန်ပြောမဲ့စကား၊ သူများတွေက ကိုယ့်ကို လာပြောမဲ့စကားတွေကို ရေစစ်သုံးခုနဲ့ စစ်တတ်ဖို့ ကြိုးစားရဦးမှာ၊ ဆင်ခြင်ရဦးမှာပါ။ ဒါကြောင့်လည်း ဒီစာလေးကို ဖတ်မိချိန်မှာ ကိုယ့်ကိုယ်ကိုယ်လဲ အမြဲသတိထားနိုင်ဖို့ ဒီဘာသာပြန်ပိုစ့်လေးကို ရေးဖြစ်တာ ဖြစ်ပါတယ်ရှင်။







Story on Gossip ( Unknown Author) ကို နှစ်သက်မိသဖြင့် မိမိကိုယ်တိုင်လည်း ဆင်ခြင်နိုင်ဖို့ ဘာသာပြန်ပါသည်။







ကျွန်မတို့ရဲ့ ဒေသအစားအစာများ(၃)

ဒီနေ့လည်း ကျွန်မတို့ဒေသမှာ စားသောက်တတ်ကြတဲ့ ဟင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒေသအစားအစာ ဆိုပေမဲ့လို့ အခြားဒေသတွေမှာလည်း ရနိုင်ပြီး စားသောက်တတ်ကြတဲ့  ဟင်းတွေ ဖြစ်ပါတယ်... ချက်ပုံချက်နည်းသာလျှင် အနည်းငယ် ကွာခြားသွားနိုင်ပါတယ်.. တိုင်းရင်းသား ဟင်းချက်နည်းတွေဟာ အများအားဖြင့် ဆီအထည့်နည်းပါတယ်..  အသားငါးထက် အသီးအရွက်ကိုသာ ဖွယ်ဖွယ်ရာရာ ဆန်းဆန်းပြားပြား ပိုပြီး လုပ်စားတတ်ကြပါတယ်.. ကျွန်မကိုယ်တိုင်လည်း အသားငါးချက်တာထက် အသီးအရွက်ကိုသာ ပိုပြီး စားဖြစ်ပါတယ်.. အိမ်မှာလဲ အသားစုံ စားတာဆိုလို့ ကျွန်မအဖေနဲ့ မောင်လေးတွေသာ ရှိပြီး ကျန်မိသားစုဝင်တွေ အားလုံး ၀က်၊ အမဲ မစားကြတာကြောင့် တစ်ခါတစ်ရံ ကြက်၊ ငါးနဲ့ အသီးအရွက်သာ အချက်များပါတယ်..  ဒါကြောင့် ကျွန်မတို့ရဲ့  ဒေသအစားအစာ ဆိုရာမှာ ဟင်းကြီးဟင်းကောင်းများ ချက်ပြထားတာ မဟုတ်ဘဲ သာမန် အိမ်ချက်ဟင်းများသာ ဖြစ်ကြောင်းကြိုတင် စကားခံပါရစေရှင်။









ဒီအရွက်တွေက ကျွန်မတို့ဒေသမှာ အသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်ရွက်များ ဖြစ်ပါတယ်.. အပေါ်ဆုံးက ထိပ်ချွန်းကလေးနဲ့ ဖက်ဖယ် လို့ ခေါ်ပါတယ်.. အရွက်အရှည်ကတော့ ရှမ်းနံနံပါ။ အောက်ဆုံးက သေးသေး တွန့်တွန့်လေးများကတော့ နံနံပင်( ဗမာနံနံ) လို့လည်း ခေါ်ကြပါတယ်..





အာလူးသုပ်





ပထမဦးဆုံးမိတ်ဆက်ပေးမဲ့ ဟင်းလျာက အားလူးသုပ်ပါ။







အာလူးကို ပါးပါးလှီးပြီး အချောင်းလေးတွေဖြစ်အောင် လှီးဖြတ်လိုက်ပါတယ်..









ရေနွေးဆူဆူထဲ ခုလိုပြုတ်ပါတယ်... အားလူးကို မကျိုးမကြေစေဖို့ အချိန်အနည်းငယ်သာ ပြုတ်ရန်လိုအပ်ပါတယ်. မဟုတ်ပါက အာလူးများ ပြော့ပြဲသွားနိုင်ပါတယ်.. ဆတ်တောက်တောက်လေး ဖြစ်နေမှသာ ပိုစားကောင်းပါတယ်...









ပြုတ်ပြီးအားလူးချောင်းများကို ကြက်သွန်နီ၊ ငရုပ်သီး၊ နံနံ၊ ပုဇွန်ခြောက်၊ ပဲမှုန့်၊ ဆားအချိုမှုန်၊ ဆီချက်(သို့) ဆီစိမ်း၊ သံပုရာသီး၊ မြေပဲဆန်ထောင်းများထည့်ပြီ့း နယ်လိုက်မယ်ဆိုရင် ချဉ်စပ် အာလူးသုပ်တစ်ပွဲ ရပါပြီ။






အာလူးသုပ်ပါနော်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~






ကြက်ဥ ထောင်း





ကြက်ဥကို ချက်စား၊ ကြော်စားရတာ ငြီးငွေ့သူများအတွက် တစ်မျိုးပြောင်းပြီး ထောင်းစားဖို့အတွက် ကချင်ဒေသမှာ ထောင်းလေ့ရှိတဲ့ ကြက်ဥထောင်းပါ။ ငရုပ်သီးစပ်စပ်ကြိုက်လျှင် များများ ထည့်နိုင်ပါတယ်...








ကြက်ဥကို ပြုတ်ပြီး အခွံခွာပါတယ်.. ကြက်သွန်ဖြူ၊ ငရုပ်သီးများကို ရေစင်စင်ဆေးပြီး ငရုပ်ဆုံထဲ ထည့်ထောင်းပါတယ်..







ကြက်ဥကို ခုလို သေးသေးနှုတ်နှုတ်လေးတွေဖြစ်အောင် စင်းလိုက်ပါတယ်.. ပြီးတာနဲ့ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းတို့နဲ့ ရောထောင်းလိုက်ပါတယ်..







ဆား၊ အချိုမှုန့်နဲ့အတူ နံနံပင်များကို ကြက်ဥနဲ့အတူ ရောမွှေပြီး သမအောင် ထောင်းလိုက်ပါတယ်.. ကျွန်မတို့အရပ်မှာတော့ ဖက်ဖက်ရွက်ကို သုံးကြပါတယ်.. ဖက်ဖယ်မရှိက နံနံပင်ထည့်လို့ အဆင်ပြေပါတယ်...






ဟောဒီက ကြက်ဥထောင်းပါနော်။





ကြက်ဥပေါင်း



တစ်ဆက်တည်း ကြက်ဥလေးပါ ပေါင်းစားလိုက်ကြရအောင်နော်.. ကြက်ဥကို ဘာနဲ့မှ မရောဘဲ အလွတ်ပေါင်းတာဖြစ်ပါတယ်..








ကြက်ဥ ၄လုံး၅လုံးကို ပန်းကန်ထဲ ထည့်ပြီး ခပ်ကြာကြာလေး ဇွန်းနဲ့ ခလောက်ပါတယ်.. ဆားအချိုမှုန့် ၊ ဆီအနည်းငယ် ရေသောက်ရေခွက်တစ်ဝက် ထည့်ပြီး နှံ့စပ်အောင် ရောမွှေပါတယ်.. စိတ်ကြိုက် ရောသမမွှေပြီးသွားရင် အပေါ်မှ ရှောက်ကော၊ ပါးကော( တရုတ်မဆလာ) အမှုန့်များကို ပန်းကန်တစ်ပြင်လုံး နှံ့အောင် ဖြူးပါတယ်.. မီးဖိုပေါ် အိုးတစ်လုံးထဲ ရေကို ကြက်ဥပေါင်းမဲ့ ပန်းကန်တစ်ဝက် မြုပ်သာရုံ ထည့်ပြီး ကြက်ဥပန်းကန်ကိုထည့်ကာ အဖုံးအုပ်ထားလိုက်ရင် မကြာခင်မှာ မွှေးကြိုင် ပျော့ပြောင်းနေတဲ့ ကြက်ဥပေါင်းတစ်ခွက် ရပါပြီ။ ကြက်ဥပေါင်းရင် ရေများများ ရောမှ ကြက်ဥပူတင်းကဲ့သို့ ပျော့ပျော့အိအိလေးနဲ့ ပိုစားကောင်းပါတယ်..





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ကြောင်လျှာသီး အစိမ်းသုပ်








ကြောင်လျှာသီးအစိမ်းကို ပါးပါးမျှင်မျှင်လေးတွေ လှီးပါတယ်.. ပြီးတော့ ဆားနဲ့ သေချာနယ်ပြီး အခါးရည်များထွက်သွားအောင် အရည်ညစ်ပစ်ရပါတယ်..






ပြီးတော့ ခုလို ရေစိမ်ထားလိုက်ပါတယ်နော်။







စားခါနီးမှ ရေစိမ်ထားတဲ့ကြောင်လျှာသီးကို ရေစင်အောင်ညှစ်ပြီး ဆားအချိုမှုန့်၊ ကြက်သွန်နီ ပါးပါးလှီး၊ ပုဇွန်ခြောက်၊ ငရုပ်သီးစိမ်း၊ သံပုရာသီးတို့နဲ့ ရောနယ်လိုက်ရင် ချဉ်ချဉ်စပ်စပ် ကြောင်လျှာသီးသုပ် ရပါပြီ။ အပေါ်က နံနံပင်လေး ဖြူးထားလိုက်ရုံပါဘဲ...






ကြောင်လျှာသီး ဆန်လှော်ဟင်းရည်










အစောတုန်းကလိုဘဲ ကြောင်လျှာသီးကို  ပါးပါးလှီး ဆားနယ်ပြီး ရေစိမ်ထားတဲ့ အဖတ်များကို ဆန်လှော်ဟင်းရည် ချက်စားကြရအောင်နော်.. ဟင်းရည်အိုးတည်ပြီး ငပိအနည်းငယ်၊ ဆား၊ ပုဇွန်ခြောက် ၊ ငပိမရှိပါက အသားမှုန့် ထည့်နိုင်ပါတယ်.. ခရမ်းသီးကို မီးဖုတ်၊ မီးဖုတ်ရအခက်အခဲရှိပါက အခွံခွာပြီး ပြုတ်လိုက်ပါတယ်... ပြီးရင် အခွံနွာပြီး တောက်တောက်စင်းကာ ဟင်းအိုးဆူလာပါက အိုးထဲ ထည့်လိုက်ပါတယ်.. ပြီးလျှင် ကြောင်လျှာသီးကိုထည့်ပြီး ဆန်ကိုညိုအောင် လှော်ကာ အမှုန့်ထောင်းထားသော ဆန်လှော်မှုန့်ကို ထည့်ပါတယ်.. အချိုမှုန့် ထည့်ပြီး အပေါ့အငံ မြည်းကာ ပင်စိမ်းရွက်လေး ခတ်လိုက်မယ်ဆိုရင်  ဆန်လှော်နံ့လေး မွှေးမွှေးနဲ့ ဟင်းရည်တစ်ခွက် ရပါပြီ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ငါး ကချင်ချက်






ငါးတို့ ကြက်သားတို့ ၀က်သားတို့ကို ဆီပြန်ချက်စားရတာ ကြာတော့ အီလာတတ်ပါတယ်.. တစ်ခါတစ်လေလည်း ခုလို ချဉ်စပ်လေး အရည်လေးနဲ့ ချက်စားရင် ထမင်းမြိန်စေပါတယ်..  အရင်ပိုစ့်တွေမှာ ကြက်သားကချင်ချက်ကို ချက်ပြဖူးပါသေးတယ်.. ငါးကချင်ချက်က ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး... ကချင်ချက်က ဆီသတ်ပြီး ချက်ဖို့ မလိုပါ။ အားလုံးရောပြီး ချက်တဲ့နည်းဖြစ်ပါတယ်..







ကြေးခွံပါတဲ့ ငါးကို အရွယ်တော်ကို ခုတ်ပိုင်းပြီး ချက်မဲ့အိုးထဲ ထည့်လိုက်ပါတယ်.. ဆား၊အချိုမှုန့်၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ဖက်ဖယ်၊ ရှမ်းနံနံ စသည်တို့ကိုလည်း အိုးထဲတစ်ခါတည်း ထည့်ပါတယ်.. အရောင်တင်၊ နနွင်းမှုန့် အနည်းငယ်၊ ဆီ အနည်းငယ် ထည့်ပါတယ်... ကချင်ချက်မှာ ဆီကို ပါတယ်ဆိုရုံလေးသာ ထည့်ပါတယ်.. ဆီများလျှင် စားမကောင်းပါ။ အချဉ်အဖြစ် မက်လင်ချဉ်သီးအခြောက် (သို့မဟုတ်) ချဉ်စော်ခါးကားသီး အခြောက်များကို ပါးပါးလှီးထည့်ပါတယ်.. ၄င်းအသီးများ မရနိုင်ပါက သံပုရာသီး ညှစ်ထည့်ပြီး ချဉ်အောင် လုပ်၍ ရနိုင်ပါတယ်... နောက် ရေ အလောတော် ထည့်ကာ ဆူပွက်လာအောင် ချက်ပြီး အပေါ့အငံမြည်းလို့ အသားကျက်ပြီဆိုရင် ရေမခန်းခင် ချကာ နံနံပင်လေး အပေါ်က ပြန်အုပ်လိုက်မယ်ဆိုရင် အရည်လည်းသောက်လို့ရတဲ့ ချဉ်စပ်အရသာနဲ့ မွှေးကြိုင်တဲ့ ကျွန်မတို့ဒေသရဲ့ နံမည်ကျော် ငါးကချင်ချက် ရပါပြီ။






လျှာရင်းမြက်စေမဲ့ ငါးကချင်ချက်ပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~



အော်ဆွန်းသုပ်




ရန်ကုန်မှာတော့ ဆလပ်ရိုးလို့ သိကြတဲ့ အော်ဆွန်းကို သုပ်ပါဦးမယ်ရှင်။








ဒါလေးက ရှမ်းပြည်နယ်နဲ့ ကျွန်မတို့ကချင်ပြည်နယ်မှာ ပေါပေါများများ တွေ့ရတဲ့ အော်ဆွန်းပါ။




အပေါ်က အခွံကို နွာပြီး ပါးပါးရှည်ရှည် သေးသေးအချောင်းလေးများ ဖြစ်အောင်လှီးပြီး ရေအေးထဲမှာ ခနလောက် စိမ်ထားလိုက်ပါတယ်.. ရေစိမ်ထားပြီး စားခါနီးမှ သုပ်စားရင် ကျွတ်ဆတ်ဆတ်နဲ့ စားရတာ အရသာ ပိုကောင်းပါတယ်.. ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်၊ဆားအချိုမှုန့်၊ မြေပဲဆန်များ ထောင်းထည့်လိုက်ကာ သံပုရာသီးညှစ်ပြီး နံနံပင်နဲ့ နယ်လိုက်ရင် အော်ဆွန်းသုပ်တစ်ခွက် ရပါပြီ။  အော်ဆွန်းကို  ရှမ်းထမင်းဆိုင်တွေမှာလို ကြာဆန်နဲ့လည်း သုပ်စားနိုင်ပါသေးတယ်..






အော်ဆွန်းသုပ် ချဉ်စပ်လေးပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ခရမ်းချဉ်သီး ပန်ထွေဖျော်





ခရမ်းချဉ်သီးကို မီးကင် (သို့) ရေနဲ့ ပြုတ်ပါတယ်.. ခရမ်းချဉ်သီးများ ပျော့လာပါက အခွံခွာပြီး  ခရမ်းချဉ်သီးကို တောက်တောက်စင်းကာ ပန်းကန်လုံးတစ်ခုထဲထည့်ပြီး ကြက်သွန်နီ၊ ဆား၊ ငပိအနည်းငယ် (မထည့်လျှင်လည်း ရပါတယ်) အချိုမှုန့်၊ အသားမှုန့်၊ ငရုပ်သီးစိမ်း၊ နံနံပင်တို့ဖြင့် ရောမွှေလိုက်ပါက စားကောင်းတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် တစ်ခွက်ရပါပြီ။








ခရမ်းချဉ်သီး ပန်ထွေဖျော်






အရွက်စုံ အတို့အမြုတ်လေးနဲ့ ပန်ထွေဖျော်ကို တွဲဖက်လို့ စားနိုင်ပါပြီ။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ငါးကလေး အိုးကပ်








ငါးပေါက်စန သေးသေးလေးများကို အိုးကပ်ချက်စားဖို့  ရေစင်အောင်ဆေး ချေးဖောက်ပြီး ကြက်သွန်ဖြူ၊နီ၊ ငရုပ်သီးစိမ်း၊ အားအချိုမှုန့်၊ မျှစ်တို့ခြောက် (ချဉ်သောအရသာရှိစေရန်) မျှစ်တို့ခြောက်အစား ခရမ်းချဉ်သီးများများ ထည့်နိုင်ပါသည်။ နံနံ၊ ဖက်ဖယ်ရွက်၊ ဆီ၊ အရောင်တင်၊ နနွင်းမှုန့်များဖြင့် အိုးထဲ ရောနယ်လိုက်ပါတယ်...







ရေထည့်ပြီး မီးဖိုပေါ် တည်လိုက်ကာ ရေခမ်းချိန်မှာ ဆားအပေါ့အငံမြည်းလို့ ချလိုက်မယ်ဆိုရင် ငါးကလေး အိုးကပ်ဟင်းကို ရပါပြီ။






ငါးကလေး အိုးကပ်ဟင်းပါ။










ပျော်ရွှင်စွာသုံးဆောင်နိုင်ကြပါစေရှင်။