အပြုံးတစ်ခုရဲ့ နောက်ကွယ်








ကျွန်တော်အထက်တန်းကျောင်း စတက်ချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ခုချိန်ထိ မှတ်မှတ်ထင်ထင် သတိရနေခဲ့မိပါတယ်… အဲဒီနေ့က ကျောင်းဆင်းလို့ အိမ်အပြန်မှာ ကျွန်တော်နဲ့ မလှမ်းမကမ်း ကျွန်တော့်ရှေ့နားမှာ တစ်ယောက်တည်း လျှောက်နေတဲ့ အတန်းထဲက ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရပါတယ်.. သူ့ကြည့်ရတာ လက်နှစ်ဖက်လုံး ပြည့်အောင် စာအုပ်တွေ ပွေ့ပိုက်လို့ ထားတာကြောင့် ရှိသမျှ ကျောင်းစာအုပ်တွေအားလုံး အိမ်ကို ပြန်သယ်ယူလာပုံရတယ်... သူ့ကိုကြည့်ပြီး ကျွန်တော်တွေးလိုက်မိပါတယ်.. “ဘာကြောင့်များ ဒီနေ့လို သောကြာနေ့မျိုးမှာ စာအုပ်တွေ အားလုံး အိမ်ကို သယ်ပြီး ပြန်ရတာပါလိမ့် .. ဒီကောင်ဟာ ကပ်သီးကပ်သပ် ကောင်စားမျိုးဘဲ ထင်ပါတယ်.. ကျွန်တော့်မှာတော့ ဒီပိတ်ရက်မှာ သွားလာ လည်ပတ်ဖို့ စဉ်းစား စီစဉ်ထားတာတွေက အများကြီးပါဘဲ.. လျှောက်လည်မယ်.. ဘောလုံးကန်မယ်.. သူငယ်ချင်းတွေနဲ့ ဂိမ်းကစားမယ်.. မုန့်ဆိုင်တွေမှာ မုန့်လိုက်စားကြမယ်.. အိုး.. လုပ်စရာတွေမှ အများကြီးပါဘဲ…. ဒီပိတ်ရက်မှာ သူ့လို စာအုပ်ကြီးတွေ အိမ်ပြန်သယ်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာဖို့ အစီအစဉ်ကို မရှိပါဘူး.. ” စဉ်းစားမိရင်း ကျွန်တော့်ပုခုံးကို အသာတွန့်လိုက်ပြီး လမ်းဆက်လျှောက် လာခဲ့လိုက်ပါတယ်။




အဲဒီလိုလျှောက်လာနေရင်း ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်အရပ်ကနေ ကလေးတစ်အုပ်ဟာ ပြေးပြေးလွှားလွှား ဆော့ကစားလာနေကြတာ တွေ့လိုက်ရပါတယ်.. ကလေးတွေဟာ ကျွန်တော့်ရှေ့ကနေ လျှောက်နေတဲ့ သူ့ကို အရှိန်နဲ့ ၀င်တိုက်မိလိုက်ပြီး သူ့လက်ထဲက စာအုပ်တစ်ပွေ့တစ်ပိုက်ကြီးဟာ မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်.. သူကိုယ်တိုင်လည်း ဖင်ထိုင်ရက် လဲကျသွားပြီး သူတပ်ထားတဲ့ မျက်မှန်ဟာ သူနဲ့ ခပ်လှမ်းလှမ်း ၁၀ပေ လောက်အကွာကို လွှင့်ထွက်သွားပါတော့တယ်.. သူ့မျက်နှာဟာ ရှုံ့မဲ့နေပြီး ကြည့်ရတာ အတော် နာကျင်သွားပုံရပါတယ်.. ပြီးတော့ လွှင့်ကျသွားတဲ့ သူ့မျက်မှန်ကို မြေပြင်ပေါ်မှာ စမ်းစမ်း စမ်းစမ်းနဲ့ လိုက်ရှာနေတာ ကျွန်တော်တွေ့လိုက်ရပါတယ်.. ဒီကောင်ဟာ မျက်မှန်မပါရင် ဘာကိုမှ သဲသဲကွဲကွဲ မြင်နိုင်ဟန် မတူပါဘူး… တစ်ချက်တစ်ချက် မော့လာတဲ့ သူ့မျက်နှာကြောင့် သူ့မျက်ဝန်းမှာလည်း မျက်ရည်စ တစ်ချို့ကို တွေ့လိုက်မိပါတယ်.   သူ့ကိုကြည့်ပြီး ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်သွားတာကြောင့် သူ့အနားကို အမြန်တိုးကပ်သွားကာ မျက်မှန်ကို ကောက်ယူလိုက်ပြီး နှစ်သိမ့်တဲ့အပြုံးလေးတစ်ခုနဲ့ “ကလေးတွေက ဒီလိုပါဘဲ.. သူတို့မှာ ဆော့ဖို့စိတ်ကလွဲလို့ ဘာမှ မရှိကြဘူး ” လို့ပြောရင်း သူ့ကို လှမ်းပေးလိုက်ပါတယ်.. “အိုး ကျေးဇူးဘဲ” သူကလည်း ပြန်ပြုံးပြလိုက်ပြီး ကျွန်တော့်ကို ကျေးဇူး စကား ဆိုပါတယ်။




သူထနိုင်အောင် ကျွန်တော် သူ့ကို ဆွဲထူပေးလိုက်ပြီး သူ့စာအုပ်တွေကိုလဲ ကူကောက်ပေးကာ သူဘယ်မှာနေတယ်ဆိုတာ စကား စ မေးလိုက်ပါတယ်.. သူပြန်ဖြေတဲ့ သူ့နေရပ်လိပ်စာဟာ ကျွန်တော့်အိမ်နဲ့ နီးနီးလေးဆိုတာ ကျွန်တော်သိလိုက်ရပေမဲ့ သူ့ကို အရင်က တစ်ခါမှ ကျွန်တော် မတွေ့ခဲ့ဖူးပါဘူး.. ဒါကြောင့် ကျွန်တော်က “အရင်က ဘာလို့ မတွေ့ဖူးကြတာလဲ” လို့ မေးလိုက်တော့ သူဟာ နံမည်ကြီး ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့ရတာ ဖြစ်ကြောင်း ကျွန်တော်တို့ တက်နေတဲ့ ဒီကျောင်းကို အခုမှ ရောက်တာတာဖြစ်ကြောင်း ပြန်ရှင်းပြပါတယ်.. ကျွန်တော်ကတော့ ကျွန်တော့်ဘ၀မှာ သူပြောတဲ့ ဘော်ဒါဆိုတဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားဘ၀မျိုး ဘယ်တုန်းကမှ မနေခဲ့ဖူးပါဘူး.. ပြီးတော့  သူ့နံမည်က ကာလ်း ဖြစ်ကြောင်းကိုလည်း ကျွန်တော် သိလိုက်ရပါတယ်။




အိမ်ကိုလျှောက်လာတဲ့ လမ်းတစ်လျှောက်လုံး ကျွန်တော်တို့ စကားတွေ ပြောလာကြရင်း  ကာလ်းရဲ့ စာအုပ်တစ်ချို့ကို ကူပြီး ကိုင်ပေးလာခဲ့ပါတယ်. ခုတော့လည်း ပြုံးပြုံးရွှင်ရွှင် စကားတပြောပြောနဲ့ ကာလ်းဟာ လူရည်သန့် လူငယ်လေးတစ်ယောက် ဖြစ်နေပြန်ပါပြီ။ ကျွန်တော်က ကာလ်းကို “ဘောလုံးကစားဖို့ ၀ါသနာပါသလား” လို့မေးတော့ သူက “ပါတယ်” လို့ပြန်ဖြေပါတယ်.. ဒီတော့ သူ့ကို မနက်ဖန် ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားမဲ့ ဘောလုံးပွဲမှာ ပါဝင်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. ကျွန်တော့်အိမ်ရှေ့ရောက်တော့လည်း အိမ်ထဲကို ၀င်ထိုင်ဖို့ သူ့ကို ဖိတ်ခေါ်လိုက်ပြီး ကျွန်တော့်ဆီမှာရှိနေတဲ့ ဂိမ်းတစ်ချို့ကို သူနဲ့အတူတူ ကစားကြပါတယ်.. ညပိုင်းလောက်မှာမှ အိမ်မှာဘဲ မေမေကျွေးတဲ့ ညနေစာကို စားပြီး သူပြန်သွားခဲ့ပါတယ်.. နောက်နေ့ ပိတ်ရက်၂ရက်လုံးလုံး ကာလ်းဟာ ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကစားကြရင်း အချိန်ကုန်သွားခဲ့ပါတယ်.. သူ့ကိုလည်း ကျွန်တော်အပါအ၀င် ကျွန်တော့သူငယ်ချင်းတွေက ခင်မင်ကြသလို သူကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။




နောက်တနင်္လာနေ့မနက်ရောက်တော့  ကာလ်းဟာ သောကြာနေ့တုန်းက ကျောင်းကနေအပြန် သယ်သွားတဲ့ စာအုပ်အပုံကြီးကို ပွေ့ပိုက်ပြီး ကျောင်းသွားဖို့ လျှောက်လာပါတယ်.. သူ့ကိုတွေ့တော့ ကျွန်တော်က ရပ်စောင့်နေလိုက်ပြီး “မင်း ဒီပုံစံအတိုင်းသာ စာအုပ်တွေ နေ့တိုင်း သယ်မယ်ဆိုရင် မင်းလက်မောင်း ကြွက်သားတွေ ပိုကြီးလာတော့မှာ သေချာတယ်” လို့ ကျွန်တော်သူ့ကို နောက်လိုက်ပါတော့တယ်. သူက ရယ်မောလိုက်ပြီး ကျွန်တော့်ကို သူ့လက်ထဲက စာအုပ်တစ်ချို့ လှမ်းပေးလိုက်ပါတယ်. အဲဒီအချိန်ကစလို့ ကာလ်းနဲ့ ကျွန်တော်ဟာ သိပ်ကို ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်.. အထက်တန်းတက်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း သူနဲ့ကျွန်တော်ဟာ အခင်ဆုံးသူတွေအဖြစ် တောက်လျှောက်တွဲလာခဲ့ကြပါတယ်.. သေချာပေါင်းကြည့်လေ ကာလ်းမှာ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အကျင့်စရိုက်မျိုး ရှိလေ ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်.. သူဟာ သူငယ်ချင်းတွေအပေါ် သိပ်ကို စိတ်ရှည်သီးခံတတ်ပြီး စိတ်ကောင်းလဲရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။




အထက်တန်းကျောင်းမှာ ၄နှစ်တိတိ ကားလ်းနဲ့ ကျွန်တော် ငယ်ပေါင်းကြီးဖော်တွေလို ချစ်ခင်ရင်းနှီးစွာ ပေါင်းဖြစ်ကြပါတယ်.. အထက်တန်း နောက်ဆုံးနှစ်မှာတော့ တက္ကသိုလ်တက်ဖို့ စဉ်းစားကြတဲ့အခါ ကျွန်တော်က Georgetown ကို သွားဖို့ စဉ်းစားပြီး သူကတော့ ဆရာဝန်လုပ်ဖို့အတွက် Duke တက္ကသိုလ်ကို တက်မယ်လို့ ပြောပါတယ်.. ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့၂ယောက်ကြား ဘာတွေဘဲခြားနေနေ အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ဆက်ပြီး ရှိနေကြမှာပါ။ အဲဒီအထက်တန်း နောက်ဆုံးနှစ်မှာ ကာလ်းဟာ ဂရိတ်ကောင်းကောင်းနဲ့ အောင်မြင်တဲ့အပြင် တစ်ကျောင်းလုံးမှာ အမှတ်အများဆုံးသူ တစ်ယောက်လဲ ဖြစ်တာကြောင့် အထက်တန်းအောင်မြင်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲသဘင်မှာ စကားပြောဆိုဖို့ ရွေးချယ်ခြင်းခံရပါတယ်.. သူရဲ့ အောင်မြင်မှုအတွက် ကျွန်တော်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။




အခုတော့ ဒီနေ့ကျင်းပတဲ့ ဂုဏ်ပြုပွဲနေ့မှာ စင်ပေါ်စကားတက်ပြောရမဲ့ ကားလ်ဟာ အထူး ကြည်လင်ရွှင်ပျနေတဲ့ ပုံစံရှိပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ လူငယ်တစ်ယောက်ရဲ့ ဟန်ပန်ကို သေသေချာချာ တွေ့မြင်ရပါတယ်.. လွန်ခဲ့တဲ့ ၄နှစ်လောက်က စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော်စတွေ့ခဲ့တဲ့ ပုံဏ္ဍာန်နဲ့ ကွာခြားချင်တိုင်း ကွားခြားလို့ နေပါပြီ။ မျက်မှန်တပ်ဆင်ထားပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ် ကျကျနန ၀တ်ဆင်ထားတတ်တဲ့ သူ့ပုံက လူရည်မွန် လူရည်သန့် ပုံစံအပြည့်နဲ့မို့ ကျွန်တော်ကတောင် ပြန်ပြီး မနာလိုရလောက်အောင် မိန်းခလေးတိုင်း စိတ်ကူးယဉ်ချင်စရာ ဖြစ်လို့နေပါတယ်.. တွေ့ကာစနေ့က  ကပ်သီးကပ်သပ် လူတစ်ယောက်လို့ ထင်ခံခဲ့ရဖူးတဲ့ ကာလ်းတစ်ယောက်ဟာ ခုကျတော့ ကျွန်တော်တို့ကပြန်ပြီး အားကျငေးမောနေရတဲ့ သူတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ စင်ပေါ်တက်ပြီး စကားပြောဖို့တော့ အနည်းငယ် တုန်လှုပ်နေဟန်ရှိတဲ့ သူ့မျက်နှာပေးကြောင့် ကျွန်တော်က သူ့ကြောကို ပုတ်လိုက်ပြီး  “သူငယ်ချင်း.. အားတင်းထား.. မင်းဟာ သူများတကာထက် တော်တဲ့သူဆိုတာ မမေ့နဲ့.. အေးဆေး ဟုတ်ပြီလား။” လို့ ပြောပြီး အားပေးလိုက်တော့  ကျွန်တော့်ကို ပထမဆုံး စတွေ့စ နေ့က သူပြုံးပြခဲ့ဖူးတဲ့ ကျေးဇူးတင်အပြုံးလေးကို ပြန်ပြုံးပြလိုက်ပြီး “ကျေးဇူးဘဲ သူငယ်ချင်း” လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။




သူစင်ပေါ်မှာ စကားပြောရမဲ့အလှည့် ရောက်တော့ တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့ပါပြီ။ အေးဆေးစွာဘဲ စင်ပေါ်ကိုလျှောက်သွားခဲ့ပြီး မိုက်ကရိုဖုန်းအရှေ့မှာ ရပ်လိုက်ကာ လည်ချောင်းကို တစ်ချက်ရှင်းလိုက်ရင်း စကားစပြောပါတော့တယ်.. သူပြောတဲ့ စကားတွေက “ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အထက်တန်းအောင် မြင်ပြီးဆုံးတဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲနေ့ ဖြစ်ပါတယ်.. ဒီနေ့မှာ ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံး  ကျွန်တော်တို့ကို ကူညီခဲ့ကြသူများကို ကျေးဇူးတင်စကား ဆိုရမဲ့နေ့လည်း ဖြစ်ပါတယ်.. ကျွန်တော်တို့ကို ယခုဒီအခြေအနေအထိ ရောက်အောင် ကူညီပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မိဘတွေ၊ ဆရာတွေ၊ မွေးချင်း ညီအစ်ကို မောင်နှမတွေ။ နည်းပြတွေ နောက်… အထူးသဖြင့် အတူတူ ကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို ကျးဇူးတင်စကား အထူးဆိုချင်ပါတယ်... ပြီးတော့လဲ ကျွန်တော်ဒီနေ့ ဒီနေရာကနေ သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြစ်နိုင်သော လက်ဆောင်တစ်ခု ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်.. ”




အဲဒီလို စကားအစချီပြီး ကျွန်တော်ရဲ့ သူငယ်ချင်း ကာလ်းဟာ ဇာတ်လမ်းလေးတစ်ခုကို အစပျိုးတော့တာပါဘဲ.. သူပြောနေတဲ့ အကြောင်းအရာတွေကို မယုံနိုင်ခြင်းများစွာနဲ့ ကျွန်တော်ဟာ မျက်လုံး အပြူးသား၊ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိပါတယ်.. ကာလ်းပြောပြနေတဲ့ အကြောင်းအရာဟာ သူနဲ့ ကျွန်တော် ပထမဦးဆုံး စတွေ့တဲ့ ရက်အကြောင်းကို ပြောပြနေတာ ဖြစ်ပါတယ်.. သူဟာ သူ့အမေနဲ့ အကြီးအကျယ် စကားများတာကြောင့် အဲဒီ အပတ်ကျောင်းပိတ်ရက်မှာ သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံဖြတ်လိုက်ပြီး ကျောင်းက သူရဲ့ လော်ကာကို သန့်ရှင်းရေးလုပ်ပါတယ်.. တစ်ခြားသူတွေအတွက် သူ့ပစ္စည်းတွေက အနှောက်အယှက် မဖြစ်စေချင်တာကြောင့် အဲဒီထဲမှာ ထည့်ထားတဲ့ သူပိုင်ပစ္စည်းနဲ့ စာအုပ်တွေအားလုံးကို အိမ်အပြန်မှာ သယ်ယူလာခဲ့တယ်လို့ ဆိုပါတယ်.. ဒါကြောင့် သူနဲ့ ပထမဆုံး စတွေ့တဲ့နေ့က  စာအုပ်တွေတနင့်တပိုးနဲ့ မနိုင်မနင်း ရှိနေခဲ့တဲ့ သူ့ပုံစံကို ကျွန်တော် ပြန်သတိရလိုက်မိပါတယ်။




ကာလ်းဟာ စင်ပေါ်ကနေ ကျွန်တော့်ကို ပြုံးပြလိုက်ပြီး စကားဆက်ပြောနေခဲ့ပါတယ်.. “တကယ့်ကို ကျေးဇူးတင်စရာပါဘဲ.. ကျွန်တော်ဟာ အလွန်တရာ ကံကောင်းလှစွာဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်..  အဲဒီနေ့  ကျောင်းကအပြန် စာအုပ်တွေ မနိုင်မနင်းနဲ့ ကျွန်တော့်ကို  အပြုံးလေးတစ်ခုနဲ့ ရောက်လာပြီး လာကူညီတဲ့ ကျွန်တော့်သူငယ်ချင်း ဖြစ်လာမဲ့သူဟာ ဟောဟိုမှာ ထိုင်နေတဲ့ ဒယ်နီရယ်ပါ..”  သူက ကျွန်တော့ကို လက်ညိုးညွှန်လိုက်ပါတယ်.. ပြီးတော့ ဆက်ပြောတာက “ ကျွန်တော့်ကို ပြုံးပြလိုက်တဲ့ သူ့အပြုံးဟာ ကျွန်တော့်ရင်ထဲအထိ ရောက်သွားခဲ့ပြီးနောက် သူနဲ့တွေ့ပြီး သူငယ်ချင်းဖြစ်သွားတဲ့ ကျွန်တော်ဟာ ခင်မင်စရာကောင်းတဲ့ သူ့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေမဲ့အစီအစဉ် ပျက်သွားခဲ့ရပါတယ်.. အဲဒီနောက်မှာတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကျောင်းသားဘ၀ကို သူနဲ့အတူတူ ဖြတ်သန်းကုန်ဆုံးလာရင်း ဒီနေ့မှာ ကျွန်တော်ဟာ အခု အခြေအနေကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်.. မမျှော်လင့်တဲ့ အဲဒီနေ့က သူ့ရဲ့ အပြုံးနဲ့အတူ အကူအညီလေးတစ်ခုဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်.. ဒါကြောင့်လည်း သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတစ်ခုလည်း ဖြစ်နိုင်ကြောင်းပြောကြားရင်း ကျွန်တော့်သူငယ်ချင်း ဒယ်နီရယ်ကို ကျေးဇူးအထူး တင်ပါတယ်လို့ ပြောပါရစေခင်ဗျာ… ”  လို့ စကားကို ဆုံးအောင်ပြောသွားခဲ့ပါတယ်။




ကားလ်ရဲ့ စကားအဆုံးမှာ ကားလ်ရဲ့ အဖေနဲ့အမေဟာ ထိုင်ရာက ထလာပြီး ကျွန်တော့်ကို ကျေးဇူးတင်စကား လာရောက်ပြောကြားပါတယ်. ကာလ်းအမေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်စ တစ်ချို့နဲ့ပါ။ ကျောင်းသားတွေ အားလုံးကလည်း ကျွန်တော့်ကို ဂုဏ်ယူတဲ့အပြုံးတွေနဲ့ လှိုက်လှဲစွာပြုံးပြလို့ လက်ခုပ်သြဘာ ပေးနေခဲ့ကြပါတယ်.. အိုး လူတစ်ယောက်ရဲ့ ဘာမှ မပြောပလောက်တဲ့ အပြုအမူလေး တစ်ခုဟာလည်း တစ်ခြားသူတစ်ယောက်အတွက် အကြီးမားဆုံး ပြောင်းလဲမှုကို ပေးနိုင်တယ်ဆိုကာ ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါပြီ။ မရည်ရွယ်ပါဘဲနဲ့ ကျွန်တော်တို့တွေရဲ့ လုပ်ရပ်၊ အပြုအမူ  အသေးအမွှားလေး တစ်ခုခုဟာ တစ်ခြားသူအတွက် ကောင်းကျိုးကိုဖြစ်စေ၊ ဆိုးကျိုးကိုဖြစ်စေ ကြီးကြီးမားမား ပြောင်းလဲစေနိုင်တယ် ဆိုလို့ရှိရင် သူတစ်ပါး ထိခိုက် နစ်နာစေနိုင်မယ်လို့ ထင်ရတဲ့ အပြုအမူ၊ အပြောအဆိုမျိုးကို ဘယ်လောက်သေးငယ်တဲ့ ကိစ္စဘဲဖြစ်ဖြစ် မပြောဖြစ်၊ မလုပ်ဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြပြီး ကောင်းကျိုးဖြစ်နိုင်မဲ့ စကားတွေ၊ အပြုအမူတွေကိုသာ ပြောဆို ပြုမူသင့်ကြတယ် မဟုတ်ပါလား.. မမျှော်လင့်ဘဲ အကူအညီလိုအပ်နေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း ဘယ်လောက်ပင်သေးငယ်တဲ့ အကူအညီဖြစ်ပါစေ ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်နော်။ ကိုယ်ပေးလိုက်ရတာ ဘယ်လောက်မှမဟုတ်ပေမဲ့ တစ်ဘက်လူအတွက်တော့ တန်ဖိုးမဖြတ်နိုင်အောင် ပြောင်းလဲသွားတာမျိုးလဲ ဖြစ်နေနိုင်ပါသေးတယ်..





John Deru ရဲ့ One small gesture can change a person's life ကို ဆီလျှော်အောင် ဘာသာပြန်ရေးဖွဲ့ပါသည်။






Photo from Google

တန်ဖိုးထားသင့်ကြသူများ





လူဆိုသည်မှာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဘ၀အခြေအနေကိုလိုက်ပြီး ရင့်ကျက်ပြောင်းလဲလို့ လာတတ်ကြပါတယ်။ ငယ်ရာမှ ကြီးလာကြတဲ့ သဘာဝရဲ့ နိယာမအတိုင်း လူတိုင်းဟာ အသက်ရှည်ရှည် နေခွင့်ရဦးမယ်ဆိုရင်ဖြင့် သက်ကြီးရွယ်အိုဘ၀ကို ဖြတ်သန်းကြရဦးမှာပါ။  အဲဒီလို အသက်ကြီးလာတဲ့ အလုပ်မလုပ်နိုင်တော့သော အသက်အရွယ်၊ ပင်စင်ယူလိုက်ရသော အသက်အရွယ်မျိုး ရောက်လာချိန်များမှာ ငယ်ရွယ်နုပျိုစဉ်ကာလ၊ အလုပ်လုပ်နိုင်တဲ့ သန်မာဖြတ်လတ် ကျန်းမာသန်စွမ်းနေသော ကာလတွေကို ပြန်လည်သတိရတတ်ကြပြီး မိမိလက်ရှိ ရောက်နေသော အခြေအနေ၊ ရရှိလာသော အနေအထားတို့ကို မကျေနပ်စိတ်၊ အားငယ်စိတ် ၊ အထီးကျန်စိတ်၊ အားမလို အားမရစိတ်များ ဖြစ်ပေါ်လာတတ်ကြပါတယ်.. လက်ရှိအရွယ်မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်၊ အလုပ်လဲ ယခင်ကာလတုန်းကလို မလုပ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ စိတ်ဓာတ်ကျတာ၊ အလိုမကျတာတွေ ဖြစ်လာတတ်ကြပါတယ်.. အဲဒီလို ဖြစ်နေတတ်တဲ့ သက်ကြီးရွယ်အို မိခင်ဖခင်၊ အဖိုးအို အဖွားအို တို့ကို အိမ်မှာရှိတဲ့ အိမ်သားတွေက  နားလည်မှုပေးနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။





ကျွန်မတို့ ပါတ်ဝန်းကျင်မှာ  “အိမ်က အဖေက အသက်ကြီးလာလေ စကားများလာလေဘဲ” ..  “အိမ်ကအဖွားက ဗျစ်တောက်ဗျစ်တောက် သိပ်လုပ်တာဘဲ”  ဆိုတဲ့ စကားတွေ မကြာခန ကြားကြဖူးမှာပါ။ ဒါတွေဟာ မိမိတို့အိမ်က အသက်ကြီးလာသူများကို နားလည်မှုပေးနိုင်ခြင်း အားနည်းတာကြောင့် ထွက်ပေါ်လာတဲ့ စကားများ ဖြစ်ပါတယ်. အသက်ကြီးလာသူများဟာ အလုပ်မလုပ်နိုင်တော့တာနဲ့အမျှ သူတို့ကိုယ်သူတို့ အရေးမပါတော့သူများ၊ အခြားသူတွေက လေးစားမှု မရှိကြတော့သူများ ဖြစ်နေပြီလို့ သူတို့ကိုယ်တိုင်ရဲ့ စိတ်က ထင်တတ်ပါတယ်.. ဒီအတွက် စိတ်အလိုမကျမှုများ၊ မကျေနပ်စိတ်၊ အားငယ်စိတ်များကြောင့် စကားများသူများ ဗျစ်တောက်ဗျစ်တောက် လုပ်သူများ ဖြစ်လာတတ်ကြပါတယ်။





ဒီလိုအခြေအနေမျိုးကို အိမ်မှာ ရှိတဲ့လူတွေက နားလည်သိတတ်စိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် ဖေးမကူညီပေးရမှာ ဖြစ်ပါတယ်.…  အသက်ကြီးလာတဲ့ အဖိုးအဖွား၊ မိဘတို့ကို ပစ်ပယ်ထားတာမျိုး၊ ဂရုတစိုက် မလုပ်တော့တာမျိုး မဖြစ်သင့်ပါဘူး… အသက်ကြီးသူတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံဥာဏ်ကောင်းတွေ၊ အတွေ့အကြုံကောင်းတွေ များစွာ ရှိနေတတ်ပါတယ်.. သူတို့ကို နေရာပေးပြီး အရေးကြီး ကိစ္စများကို ဆွေးနွေးတိုင်ပင်ခြင်း၊ မိမိရဲ့ လုပ်ငန်းတိုးချဲ့ရန်ဖြစ်စေ၊ လူမှုရေး၊ စီးပွားရေးကိစ္စများကိုဖြစ်စေ အလေးအနက်ထားကာ အသိပေးခြင်း၊ အကြံဥာဏ်ယူခြင်းများ ပြုလုပ်သင့်ပါတယ်.. အဲဒီလို နေရာပေး ဆွေးနွေးတိုင်ပင်ခြင်း၊ နွေးနွေးထွေးထွေး ဆက်ဆံပေးခြင်းတို့က သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျ အားငယ်စိတ်တို့ကို အထိုက်အလျှောက် လျှော့ပါးစေနိုင်ပါတယ်.. သူတို့ပေးတဲ့ အကြံဥာဏ်တွေကို ကိုယ့်အတွက် မသုံးဖြစ်ဘူဆိုရင်တောင် စကားအလိမ္မာသုံးပြီး အကြောင်းပြချက်လေးတွေ ပေးနိုင်ပါတယ်။





အရေးကြီးတာက သူတို့ကို နေရာပေး၊ အလေးထား တိုင်ပင်တာ၊ အကြံဥာဏ်တောင်းခံတာကို သူတို့ကိုယ်တိုင်က လိုလိုလားလား သဘောကျတတ်ကြတာမျိုးပါ။ အဲဒီလို တိုင်ပင်တာ နေရာပေးတာကိုဘဲ သူတို့အတွက် ငါဟာ “အသုံးကျနေဆဲပါလား” ဆိုတဲ့စိတ်လေး ဖြစ်ပေါ်လာပြီး သူတို့ကိုယ်သူတို့ ကျေနပ်စရာ ဖြစ်နေမှာပါ။ မိအိုဖအိုများကို အချိန်ပေးပြီး စကားပြောဆိုခြင်းကလည်း ဂရုတစိုက် လုပ်ပေးခြင်းတစ်မျိုးပါဘဲ.. အသက်ကြီးချိန်မှာ သူတို့ဟာ စကားပြောဖော်ကို တောင့်တတတ်ကြပါတယ်.. သူတို့ ပြောပြတဲ့ သူတို့ရဲ့ ဇာတ်လမ်းတွေ၊ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို အလေးအနက်ထား နားထောင်ပေးနိုင်ရင်ကိုဘဲ လူကြီးတွေက ကျေနပ်နေကြတာမျိုးပါ။ ပြီးတော့ အခါကြီး ရက်ကြီးများ၊ ဥပုသ်ရက်များတို့မှာ ဘုရားသွားကျောင်းတက် လုပ်နိုင်ဖို့ အလိုက်သတိ စီစဉ်ပေးခြင်း၊ သူတို့ ခင်မင်ရာ သူငယ်ချင်း အပေါင်းဖော်များနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခြင်း၊ လိုက်ပို့ပေးခြင်း တို့ကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်.. မိတ်ဆွေသူငယ်ချင်း၊ ငယ်ပေါင်းကြီးဖော်တွေနဲ့ စကားပြောဆို တွေ့ဆုံခြင်းဟာလည်း အိမ်က အသက်ကြီးသူများကို နုပျိုရွှင်လန်းစေနိုင်တဲ့ အချက်လဲ ဖြစ်ပါတယ်။





အသက်ကြီးသူတွေဟာ အသက်ငယ်ရွယ်သူများထက် စိတ်ဓာတ်ကျဖို့ ပိုပြီး မြန်ဆန် လွယ်ကူပါတယ်.. ယခင်ချိန်တုန်းက သားသမီးများဖြင့် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား နေလာခဲ့ပြီး သားသမီးများ အရွယ်ရောက်လာကာ  တစ်အိုးတစ်အိမ် ထူထောင်သွားခြင်း ကြောင့်လည်းကောင်း၊ တစ်အိမ်တည်း ရှိနေသော်လည်း အလုပ်များလွန်း၍ လူကြီးမိဘကို အချိန်မပေးနိုင်ခြင်း ကြောင့်လည်းကောင်း၊ အိမ်ရှိ လူတွေဟာ လူကြီးတွေနဲ့ တဖြေးဖြေးကင်းကွာလာပြီး လူကြီးတွေ ဖြစ်သူတို့ရဲ့စိတ်မှာ အထီးကျန် အားငယ်စိတ်တွေ ဖြစ်လာတတ်ကြပါတယ်.. အိမ်မှာ ကလေးငယ်လေးတွေ ရှိရင်တော့ လူကြီးတွေဟာ ကလေးတွေကို အဖော်လုပ်ပေးရင်း၊ ကလေးနဲ့အတူ ဆော့ကစား ရယ်မောရင်း ပျော်ရွှင် လန်းဆန်းနေတတ်ကြပါတယ်.. ဒါကြောင့် အိမ်တစ်အိမ်မှာ  ကလေးငယ်လေးတွေရှိရင်လည်း သူတို့တွေက လူကြီးတွေရဲ့စိတ်ကို နုပျိုအောင် လုပ်ပေးနိုင်ကြတာကို တွေ့ရပါတယ်.. အချို့အိမ်ထောင်စုတွေမှာ အသက်ကြီးသူများ အဖိုးအဖွားဖြစ်စေ မိခင်ဖခင်ဖြစ်စေ ၂ဦးလုံး အသက်ရှိထင်ရှားရှိနေခဲ့ရင် သူတို့ နှစ်ဦးသား အပြန်အလှန်ဖေးမရင်း၊ စကားပြောဆိုကြရင်း တိုင်ပင်စရာ အရင်းနှီးဆုံးသူ ရှိနေသေးတာမို့ အထီးကျန်စိတ် နည်းနိုင်ပေမဲ့ အဖိုး တစ်ဦးသာ ကျန်ရစ်ခဲ့ခြင်း မိခင်၊ သို့မဟုတ် ဖခင်တစ်ဦးတည်း ကျန်ရစ်ခဲ့ခြင်း စသည့် အခြေအနေမျိုးမှာတော့ ထိုမိခင်၊ ဖခင်၊ အဖိုးအဖွားဖြစ်သူဟာ စိတ်ဓာတ်ကျ အထီးကျန်တဲ့စိတ်တွေ ဖြစ်ဖို့ ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။







အတုခိုးလွယ်တဲ့ ကလေးသူငယ်တွေရဲ့ ရှေ့မှာ လူကြီးမိဘတွေကို မခန့်လေးစား အပြုအမူ၊ အပြောအဆိုမျိုး ပြောမိဆိုမိခြင်း၊ ပြုမူမိခြင်းတို့ကိုလည်း အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်.. အတုခိုးတတ်တဲ့ ကလေးတွေရဲ့စိတ်မှာ အသက်ကြီးသူတွေကို အရိုအသေ တန်သွားတာမျိုး၊ မလေးမစား ဆက်ဆံလို့ရတယ် ဆိုတဲ့စိတ်မျိုး ၀င်သွားပြီး အတုခိုးသွားနိုင်ပါတယ်.. ကိုယ်အသက်ကြီးလာချိန်မှာ အိမ်မှာရှိတဲ့ အသက်ငယ်ရွယ်သူများက အလေးမထား၊ ဂရုမစိုက် ဆက်ဆံတာမျိုး၊ ကူညီဖေးမမဲ့သူ မရှိ ဖြစ်တာမျိုးဆိုခဲ့ရင် ကျွန်မတို့တွေရဲ့ စိတ်ထဲမှာ ဘယ်လိုများ ခံစားရမလဲဆိုတာ ကြိုတင်တွေးတောပြီး ကိုယ်ချင်းစာစိတ်တွေ မွေးမြူထားရမှာပါ။ ကိုယ်တွေက ကိုယ့်ထက်ငယ်ရွယ်သူ ကလေးတွေရှေ့မှာ လူကြီးသူမတွေကို ရိုသေ လေးစားစွာ ဆက်ဆံပြပါမှ၊ ကျွေးမွေး စောက်ရှောက်တတ်တဲ့ အကျင့်ကောင်းလေးတွေ ပြထားပါမှ၊ အကြင်နာစိတ်တို့နဲ့ ဖေးမ ကူညီပြပါမှ လူငယ်တွေကလည်း အတုခိုးလာကြမှာပါ။ မိမိအသက်အရွယ်ကြီးရင့်ချိန်မှာ ထိုလူငယ်တွေက မိမိကို ပြန်လည် စောင့်ရှောက်ကြမှာ လေးလေးစားစား ဆက်ဆံကြမှာ ဖြစ်ပါတယ်.။ ကျွန်မတို့တွေသည်လည်း တစ်ချိန်ချိန်မှာတော့ မလွဲမသွေ သက်ကြီးရွယ်အိုများ ဖြစ်လာကြရဦးမှာမို့ အသက်ကြီးသူတွေရဲ့ ဒုက္ခ၊ စိတ်အခြေအနေ စတာတွေကို ကြိုတင်တွေးတော စာနာပေးခြင်းဖြင့် သက်ကြီးရွယ်အိုတွေကို အလေးထား ဂရုပြုပြီး စောင့်ရှောက်သင့်ကြပါတယ်။





ကျွန်မ ရှိနေတဲ့ မြို့ကလေးကတော့ သက်ကြီးရွယ်အိုတွေကို ဂရုစိုက် အလေးထားတဲ့ အနေအထားကို နှစ်သက်စဖွယ် တွေ့ရပါတယ်.. မြို့ရဲ့ ပန်းခြံလို နေရာမျိုးတွေ၊ ကွင်းပြင် ကျယ်ကျယ်ပြန့်ပြန့်တွေ ဖန်တီးထားပေးကာ သက်ကြီးရွယ်အိုတွေ စုပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နိုင်ဖို့၊ တီးလုံးနဲ့အတူ စုစုစည်းစည်း ကနိုင်ဖို့ စီစဉ်ပေးထားတာကို တွေ့ရပါတယ်.. ညနေရောက်ပြီဆိုရင် အဲဒီ နေရာလေးတွေမှာ အသက်ကြီးတဲ့ အဖိုးအဖွားအရွယ်တွေ၊ အန်တီ၊ အန်ကယ် အရွယ်တွေဟာ ကက်ဆက်ရယ် အသံချဲ့စက်ရယ် ဖွင့်ပြီး စိတ်ပျော်ရွှင်စရာ တီးလုံးတွေနဲ့ ကိုယ်လက်လှုပ်ရှားကြတာ၊ ကစားကြတာတွေကို နှစ်သက်စဖွယ် တွေ့မြင်ရပါတယ်.. အဲဒီလို အပေါင်းအဖော်တွေနဲ့ ကိုယ်လက်လှုပ်ရှား လုပ်ခြင်းဟာ စိတ်ကျန်းမာခြင်းကိုရော၊ လူကျန်းမာခြင်းကိုပါ အထောက်အကူပေးနိုင်တယ်လို့ ကျွန်မတော့ နှစ်နှစ်ကာကာ ယုံကြည်မိပါတယ်.. ကိုယ်လက်လှုပ်ရှားနေခြင်းအားဖြင့် သွေးလှည်ပတ်မှု ကောင်းသလို၊ ကျန်းမာရေးအတွက်လည်း များစွာ အကျိုးရှိနိုင်ပါတယ်.. လူတွေနဲ့ စုစုရုံးရုံး ပျော်ပျော်ပါးပါး နေနေရခြင်းကြောင့် စိတ်ကိုလည်း ရွှင်လန်းစေနိုင်ပါတယ်.. အထီးကျန်ခြင်း၊ အားငယ်ခြင်း စတာတွေကိုလည်း နည်းပါးစေနိုင်ပါတယ်.. လူတွေဟာ တစ်ဦးတစ်ယောက်တည်း အိမ်မှာ ငုတ်တုတ်ထိုင်ပြီး အထီးကျန် အားငယ်နေရတာမျိုးကို ဘယ်သူကမှ နှစ်သက်ကြမယ် မဟုတ်ပါဘူး။ အဖော်အပေါင်းနဲ့ စုစုဝေးဝေး နေထိုင်ရတာ၊ သွားလာ လှုပ်ရှားနေရတာကို လူတိုင်းသဘောကျ နှစ်သက်ကြမှာပါ။ အဲဒီလို သွားလာ လှုပ်ရှားခြင်းဟာလည်း သက်ကြီးရွယ်အိုတွေကို စိတ်ပျော်ရွှင် ကျန်းမာစေတဲ့ အဓိကအချက်တစ်ခု ဖြစ်ပါတယ်.။







ညနေစောင်းလာပြီဆိုရင် ပျော်ပျော်ပါးပါး ကိုယ်လက်လှုပ်ရှားဖို့ ပြင်






စိတ်လဲပျော်ရွှင် ကိုယ်လဲကျန်းမာ






လူငယ်တွေက ပြန်ပြီး အားကျငေးမောရတဲ့ အနေအထား






ညရောက်သော်လည်း မီးရောင်အောက်မှာ






မောတော့မောတယ်.. ဒါပေမဲ့ ပျော်ပျော်ပါးပါး







အိမ်တစ်အိမ်မှာ လူကြီးမိဘရဲ့ အရိပ်အာဝါသဟာ အလွန်ကို တန်ဖိုးရှိပါတယ်.. ကျွန်မတို့အိမ်မှာ အဖေဟာ အသက် ၈၀ကျော်နေပြီ ဖြစ်တဲ့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး... ၀ါတွင်းကာလတွေမှာ ဘုန်းကြီးကျောင်းသွား၊ ဥပုသ်ယူတတ်ပြီး သာမန်နေ့တွေမှာတော့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ဘုရားရှိခိုး၊ တရားထိုင်ပြီး နေ့လည်နေ့ခင်းတွေဆိုရင် အိမ်ရဲ့ ၀ရံတာလေးမှာ ထိုင်ကာ လမ်းဖြတ်သွားသူတွေထဲက သူ့သိတဲ့သူတွေကို စကားပြောနှုတ်ဆက်၊ သားသမီးတွေက တစ်ုခုပြီးတစ်ခု ကျွေးတာကို စားရင်း နေတတ်ပါတယ်.. အဖေဟာ သူ့သူငယ်ချင်းတွေ လာလည်ရင် ၀မ်းသာအားရ ရှိတာတွေ ချကျွေးပြီး စကားတွေပြောနေတတ်ပါတယ်.. မြို့ရွာ ကိစ္စနဲ့ ပတ်သက်လို့ အကြံဥာဏ်တောင်းဖို့ လာကြသူတွေကိုလည်း ပျော်ပျော်ရွှင်ရွှင် စကားတွေပြော၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း သူသိသမျှ အကြံပေးတတ်ပါတယ်.. အဖေ ခုလို ပျော်ပျော်ရွှင်ရွှင် စကားပြောနေရင် ကျွန်မတို့မှာလည်း ဘေးကနေကြည့်ရင်း စိတ်ချမ်းသာရပါတယ်.. ကျွန်မတို့ မိဘတွေဟာ အလုပ်မလုပ်နိုင်တော့ပေမဲ့ ကျွန်မတို့ရဲ့ စိတ်ထဲမှာတော့ အဖေ၊ အမေ ရှိနေသေးတယ်ဆိုတဲ့ အသိက ကျွန်မတို့ကို စိတ်ရောကိုယ်ပါ လုံခြုံမှု ပေးထားသလို ခံစားရပါတယ်.. မိဘတွေဟာ အသက်အရွယ်ကြောင့် အင်အားနည်းနေပေမဲ့လို့ သားသမီးတွေကိုတော့  လုံခြုံမှု ပေးနိုင်တုန်းပါဘဲ။ အိမ်တစ်အိမ်မှာ လူကြီးသူမ ရှိနေတယ်ဆိုတဲ့ အနေအထားအရ ဘေးပတ်ဝန်းကျင်ကလည်း လေးစားကြပါတယ်။ လူကြီးတွေဟာ သူတို့တွေ စွမ်းဆောင်နိုင်ခဲ့ကြတုန်းကလည်း သားသမီးတွေကို ကျွေးမွေးပြုစုခဲ့ကြ၊ ပညာတတ်အောင်  မြေတောင် မြှောက်ပေးခဲ့သြသလို အလုပ်မလုပ်နိုင်၊ ပိုက်ဆံမရှာနိုင်တော့တဲ့ အချိန်မှာလည်း ကျွန်မတို့ရဲ့ အိမ်ကို အမိုးသဖွယ်၊ ထီးသဖွယ် လုံခြုံတဲ့ အရိပ်အာဝါသကို ပေးနိုင်စွမ်း ရှိနေပါသေးတယ်..





တကယ်တမ်းတော့ အသက်ကြီးရင့်သူတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ရင့်ကျက်သူများ၊ အကြံဥာဏ်ကောင်းတွေ ပေးနိုင်သူများ၊  ဗဟုသုတ ပြည့်စုံသူများ  ဖြစ်ကြပါတယ်.. စိတ်လုံခြုံမှုကိုလည်း ပေးနိုင်စွမ်း ရှိနေတုန်းပါဘဲ။ လူတိုင်းဟာ အဖော်ကို ခုံမင်တတ်ကြတာမို့ သက်ကြီးရွယ်အိုတွေ ဘ၀မှာလည်း အထီးကျန်စိတ်၊ အားငယ်စိတ်များ လျော့ပါးစေဖို့အတွက် သူတို့ကို အဖော်လုပ်ပေးဖို့၊ စကားပြောဆိုပေးဖို့၊ ဂရုတစိုက် ပြုစုပေးဖို့ ၊ ဆွေးနွေးတိုင်ပင်တဲ့ အခွင့်အရေးတွေပေးဖို့ လိုအပ်ပါတယ်..  ပြုစုစောက်ရှောက်သူမရှိ အထီးကျန်နေသော သက်ကြီးရွယ်အိုများကို တွေ့ရင်လည်း မိမိကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ အိုရ၊ နာရဦးမဲ့ ဘ၀ကို တွေးဆပြီး ကိုယ်ချင်းစာစိတ်တို့ဖြင့် တတ်စွမ်းသမျှ ကူညီစောင့်ရှောက်သင့်ကြတယ် မဟုတ်ပါလား။ ဒါကြောင့် သက်ကြီးရွယ်အိုတို့ရဲ့ ဘ၀ကို မခန့်လေးစား ဆက်ဆံခြင်း၊ ဂရုတစိုက် လုပ်ပေးဖို့ မေ့လျော့ခြင်း၊ ပစ်ပယ်ထားခြင်းတို့ မလုပ်ကြဘဲ အလေးအနက် တန်ဖိုးထားကာ ပြုစုစောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းပါရစေရှင်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ဒီပိုစ့်လေးကို အောက်တိုဘာ (၁)ရက် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေးဖြစ်ပါတယ်.. မဝေးလှတော့တဲ့တစ်နေ့မှာ ကိုယ်တိုင် တွေ့ကြုံရတော့မဲ့ အသက်အရွယ်ကြီးသူ တစ်ယောက်ရဲ့ အနေအထားအတွက် ကြိုတင်ပြင်ဆင်ရင်း လူကြီးသူမတွေကို ဂရုစိုက် စောင့်ရှောက်တတ်တဲ့၊ အလေးထားကူညီတတ်တဲ့ စိတ်ကောင်းလေးများကို ကိုယ်တိုင်လည်း မွေးမြူကာ၊ နောင်လာ နောက်သားများကိုလည်း လက်ဆင့်ကမ်းနိုင်ဖို့ ကြိုးစားကြပါစို့လားရှင်။









ကျောက်တုံးတွေ ပိနေတဲ့မြို့


a setenil de las bodegas spain 17 City built into rock: Setenil De Las Bodegas, Spain (26 photos)

အဝေးက ကြည့်လိုက်ရင် ကျောက်တုံးကြီး ပိနေတယ်လို့ ထင်ရလောက်အောင် ကျောက်ဆောင်ကြီးရဲ့ အောက်မှာ အိမ်တွေ တည်ဆောက်ထားတဲ့ မြို့ကလေးအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ ထူးထူးဆန်းဆန်း စိတ်ဝင်စားသူများ၊ ခရီးသွား ၀ါသနာပါသူများအတွက်တော့  သွားလည် လေ့လာချင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေမှာတော့ သေချာပါတယ်။




အဲဒီမြို့ဟာလည်း စပိန်နိုင်ငံ Cadiz Andalusia ပြည်နယ်မှာ ရှိတဲ့ Setenil De Las Bodegas လို့ခေါ်တဲ့ မြို့ကလေးပါ။ ကြီးမားလှတဲ့ ကျောက်ဆောင်ကြီးက ဖိနေတယ်လို့ ထင်ရလောက်အောင် အိမ်တွေကို ကျောက်ဆောင်ကြီးရဲ့ အောက်ခြေ အတွင်းထဲမှာ စိတ်ကူးကောင်းကောင်းနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. အဲဒီ ကျောက်ဆောင်ကြီး အပေါ်မှာလည်း နောက်ထပ် အိမ်တွေက ရှိနေပြန်ပါတယ်.. အဲဒီအရပ်ဒေသမှာ ငလျှင်များသာ လှုပ်လို့ကတော့ မတွေးရဲစရာပါဘဲ။ အချို့အိမ်များဆိုရင် အမိုးက ကျောက်ဆောင်ဖြစ်နေပြီး အဲဒီအမိုး ကျောက်ဆောင်ပေါ်မှာမှ သံလွင်သီးပင်များကို စိုက်ပျိုးထားတယ်လို့ သိရပါတယ်..  ဒီမြို့လေးဟာ လွန်ခဲ့တဲ့ ၁၂ရာစုလောက်ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်.. သို့သော်လည်း အဲဒီဒေသမှာ လူတွေ နေထိုင်ခဲ့တဲ့ အထောက်အထား များစွာကတော့ ဒီထက် အများကြီး စောတယ်လို့ ဖော်ပြနေကြောင်း သိရပါတယ်.. ကျောက်ဂူတွေမှာ တွေ့ရှိရတဲ့ သက်သေ အထောက်အထားများကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀၀ သက်တမ်းရှိ လူသားတို့ရဲ့ လက်ရာအစအနများကို တွေ့ရှိရတဲ့အတွက် ဒီဒေသမှာ ရှေးနှစ်ပေါင်းများစွာကတည်းက လူသားများ အခြေချ နေထိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်..



မြို့ကလေးမှာရှိတဲ့ အိမ်တွေအားလုံးဟာ အိမ်နံရံတွေကို အဖြူရောင်ဆေးများ သုတ်ထားလေ့ရှိတာကြောင့်   တစ်မြို့လုံး ဖြူဖွေးသန့်ရှင်းနေပါတယ်.. ကျောက်ဆောင်တွေရဲ့ အောက်မှာ လူနေအိမ် သက်သက်သာ ရှိတာမဟုတ်ဘဲ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဘီယာဘားတွေလဲ ရှိနေပါတယ်.. အဲဒီ ဒေသ တောင်ကုန်းတွေ တစ်ဝိုက်က ထွက်တဲ့ အသားနဲ့ပတ်သက်တဲ့ စားသောက်ဖွယ်ရာ၊ ၀က်အူချောင်းတွေဟာ အရည်အသွေးကောင်းပြီး အရသာလဲ ရှိလှတာကြောင့် နံမည်ကျော် ထင်ရှားပါတယ်.. အသားနဲ့ ပြုလုပ်ထားတဲ့မုန့်တွေ၊ အဆာသွပ်မုန့်တွေဟာလည်း အဲဒီမြို့ကလေးရဲ့ စားသောက်ဆိုင်တွေကို နံမည်ကြီး စေတဲ့ အရာတွေဖြစ်ကြောင်း သိရပါတယ်..  စနေတနင်္ဂနွေလို ပိတ်ရက်မျိုးတွေမှာ စားသောက်ဆိုင်တွေ၊ ဘားတွေဟာ လူတွေ ပြည့်ကျပ်နေလောက်အောင် စည်ကားနေတတ်ပါတယ် ။











 City built into rock: Setenil De Las Bodegas, Spain (26 photos)



 City built into rock: Setenil De Las Bodegas, Spain (26 photos)

ကျောက်တုံးအောက်မှာ ပိပိပြား


 City built into rock: Setenil De Las Bodegas, Spain (26 photos)
ဒီလိုလဲ ရှိရဲ့


 

 City built into rock: Setenil De Las Bodegas, Spain (26 photos)

အဲဒီဒေသတစ်ဝိုက်က လူတွေဟာ မွေးမြူရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိက လုပ်ဆောင်ကြပါတယ်.. သံလွင်သီး၊  အယ်လ်မန်သီး၊ နဲ့ စပျစ်သီးတို့ကို စိုက်ပျိုးကြပြီး အဲဒီဒေသက ထွက်တဲ့ ၀ိုင်နီကလည်း ဆွေမျိုးမေ့လောက်အောင် ကောင်းမွန် အရသာရှိလှတယ်လို့ ဆိုပါတယ်။ ကျောက်တုံးတွေအောက်က မြို့ကလေးရဲ့ ပတ်လည် အနီးတစ်ဝိုက်မှာလည်း လည်ပတ်စရာနေရာတွေ အများအပြား ရှိနေပါသေးတယ်..  ရှေးခေတ်  Morish ရဲတိုက်၊ ရှေးခေတ်ဘုရားရှိခိုးကျောင်း ၊ အေဒီ ၁ရာစု လောက်ကတည်းက ရှိခဲ့ဖူးတဲ့ ရှေးဟောင်းမြို့တော် Acinipo ၊ ရောမခေတ် ခန်းမဆောင် ၊ ကြေးခေတ် လူနေမှုစနစ်ရဲ့ အထောက်အထား သက်သေများ စသဖြင့် စိတ်ဝင်စားစရာ နေရာများစွာ ရှိနေပါတယ်..


 City built into rock: Setenil De Las Bodegas, Spain (26 photos)



မီးသာ ပျက်လို့ကတော့ အတွင်းထဲမှာ မှောင်မဲနေမယ် ထင်တယ်



 City built into rock: Setenil De Las Bodegas, Spain (26 photos)

သတ္တိရှိရှိ နေရဲကြတယ်




 City built into rock: Setenil De Las Bodegas, Spain (26 photos)



တစ်မြို့လုံး အဖြူရောင်နံရံနဲ့ အနီရောင် အမိုးတွေ

Image (1) a-setenil-de-las-bodegas-spain-17.jpg for post 36105

ကျောက်တောင်အောက်က စားသောက်ဆိုင်



ကျာက်တုံးတွေအောက်က Setenil မြို့ကလေးကိုရောက်လို့   Torism Center နဲ့ ဆက်သွယ်လိုက်ရင်  တည်းခိုရန်နေရာ၊ လည်ပတ်စရာနေရာ၊ ကျောက်တုံးတွေအောက်က အိမ်တစ်ချို့ကို သွားရောက်နိုင်ဖို့နဲ့ မြို့အနီးတစ်ဝိုက်မှာရှိတဲ့ လေ့လာစရာ နေရာတွေကို စီစဉ်ပေးတယ်လို့ သိရပါတယ်.. စပိန်နိုင်ငံရောက်လို့ ကြုံကြိုက်ခဲ့ရင် စိမ်းလန်းနေတဲ့ ဘူတာကို ရောက်အောင်သွားပြီး ကျောက်တုံးအောက်က မြို့လေးကိုလဲ သွားလည်ကြပါဦးလို့.............

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်လေးဖြစ်မြောက်ဖို့ တကူးတက လင်ခ့်လေး ပေးပို့ပြီး ရေးပါလို့ တိုက်တွန်းသွားတဲ့ မောင်လေး ဇေတာရာနဲ့ ညီမလေး တို့ကို ကျေးဇူးအထူးပါနော်။






အားလုံးကို လေးစားချစ်ခင်စွာဖြင့်


Sources and Photos from : http://thechive.com/2009/05/25/city-built-into-rocks-setenil-de-las-bodegas-spain-26-photos/

http://www.odditycentral.com/pics/setenil-de-las-bodegas-living-under-a-rock.html and   google search

ကြက်ဆီထမင်း စားကြသူများ


ကြက်ဆီထမင်းစားကြသူတွေက တစ်ခြားသူတွေမဟုတ်ပါဘူး။ ကိုယ်တိုင် လုပ်စားဖြစ်တာကို ပြောချင် တာပါ။ ကြက်ဆီ ထမင်းကို လူတိုင်း စားဖူးကြမှာ ဖြစ်သလို ကြက်ဆီထမင်း လုပ်နည်းကို လည်း တော်တော် များများက သိပြီးကြပြီး ဖြစ်မှာပါနော်... ဒါပေမဲ့ လုပ်နည်းလေးတွေတော့  တစ်ဦးနဲ့ တစ်ဦး ကွဲပြားနိုင်တယ်လို့ ကျွန်မ ထင်ပါတယ်.. ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့တုန်းက အိမ်မှာ  ကြက်ဆီ ထမင်း လုပ်ပြီး သူငယ်ချင်းတွေနဲ့ စားခဲ့ကြပါတယ်.. အဲဒီတုန်းက လုပ်ခဲ့တဲ့နည်းလေးကို ဒီနေရာ ကနေ ပြန်လည် မျှဝေချင် ပါတယ်။ ဆိုင်တွေမှာ လုပ်တဲ့နည်းနဲ့တော့ ကွဲပြားမှာပါ။ မိမိအိမ်မှာ  ပေါ့ပေါ့ ပါးပါး လုပ်စားလို့  ရ နိုင်တဲ့ နည်းသာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ပြုတ်ဖို့ အနေအထား ပြင်ဆင်ခြင်း

ပထမဦးဆုံး ကြက်၀၀ ဆူဖြိုးဖြိုးကို အကောင်လိုက်ဖြစ်စေ၊ အပိုင်းလိုက်ဖြစ်စေ ရေနဲ့ ပြုတ်ဖို့ လိုအပ်ပါတယ်.. အဲဒီထဲကို ကြက်သွန်ဖြူ၊ ဂျင်း၊ မှိုခြောက်၊ ဆန်အရက်(သို့) ဟင်းချက်ဝိုင်(အနည်းငယ်)၊ ဆား၊ အချိုမှုန့် တို့ကိုထည့်ပြီး ရေကို ခပ်များများထည့်ကာ ပြုတ်ပါတယ်.. ကျွန်မတို့ဆီမှာတော့ ဆွမ်းမွှေးရွက်လေး ရှိနေတာကြောင့် အဲဒါလေးပါ ထည့်လိုက်ပါတယ်..  ကြက်သားပြုတ်ရာမှာ Rice cooker နဲ့ ပြုတ်လဲဖြစ်ပါတယ်..


Image Hosted by PicturePush - Photo Sharing

ကြက်သား ရေထည့်ပြီး ပြုတ်ဖို့ ပြင်ဆင်ပါတယ်

Image Hosted by PicturePush - Photo Sharing
ကြက်သားလဲ နူး၊ ကြက်ဆီတွေလဲ ထွက်လာချိန်မှာ ဒီလိုလေးပေါ့နော်။

Image Hosted by PicturePush - Photo Sharing

အဆီများမဲ့ ကြက်၀၀ကို ပြုတ်မှ ခုလို ကြက်ဆီတွေအများကြီးထွက်ပါတယ်..


အပေါ်က ကြက်ဆီများကို ဇွန်းနဲ့ကဲ့ပြီး ခွက်တစ်လုံးနဲ့ အသာလေး ခပ်ထားပါတယ်။ ပြီးတော့ အသားတွေကို လည်း ဆယ်ယူလိုက်ပါတယ်..  ကြက်ဆီကို ဒယ်အိုးတစ်ခုထဲ ထည့်ပြီး ကြက်သွန်ဖြူအမွှာကို ဆီထဲထည့် ရှောက်ကော၊ ပါးကော( နာနတ်ပွင့် လို့လည်း ခေါ်ပါတယ်) အဲဒါကို အလုံးလိုက်ထည့်၊ ရေဆေးပြီး စစ်ထားတဲ့ ဆန်ကိုပါထည့်ပြီး အောက်က ပုံအတိုင်း  ဆန်အနည်းငယ် ၀ါလာအောင် ကြော်လိုက်ပါတယ်.


Image Hosted by PicturePush - Photo Sharing

ကြက်ဆီနဲ့ ဆန်အစိမ်းကို ကြော်တာပါ။ အကြာကြီး ကြော်ဖို့မလိုဘဲ ၀ါရောင်သန်းရုံလေးသာ  ကြော်ဖို့ လိုပါတယ်..


Image Hosted by PicturePush - Photo Sharing



ကြော်ထားတဲ့ ဆန်ကို အိုးထဲထည့်၊  အစောက ရှိနေတဲ့ ကြက်ပြုတ်ရည်ကိုထည့်၊ ဆွမ်းမွှေး ရွက်လေး မွှေးအောင်ထည့်ပါတယ် (မရှိရင် ထည့်ဖို့မလိုပါ)။ အိမ်မှာရှိတဲ့ ပျားရည်လေးပါ ထည့်ထား ပါတယ်. ဆားသင့်တင့်ရုံထည့်ဖို့ လိုပါတယ်.. ရေခမ်းချိန်မှာ ထက်အောက် မွှေပေးဖို့ လိုပါတယ်.. ဒါမှသာ ကြက်ဆီများ နှံ့စပ်သွားမှာ ဖြစ်ပါတယ်.. မဟုတ်ရင် ဆီတွေက အောက်မှာဘဲ ရှိနေမှာဖြစ်ပြီး ထမင်းအိုး အပေါ်ပိုင်းက ခြောက်ကပ်ကပ် ဖြစ်နေနိုင်ပါတယ်..


Image Hosted by PicturePush - Photo Sharing

ကျက်သွားပြီ။ ပျားရည်ပါလို့ ဆန်က အ၀ါရောင်သန်းနေပါတယ်.. ကြက်ဆီထမင်းက ဆွမ်းမွှေးရွက်နံ့၊ ပျားရည်နံ့၊ ရှောက်ကောပါးကောနံ့၊  ကြက်ဆီနံ့တွေ တလှိုင်လှိုင်နဲ့ပေါ့။


Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီး ဆယ်ယူထားတဲ့ ကြက်သားတွေကို ခုလို လှီးဖြတ်ထားပါတယ်..


Image Hosted by PicturePush - Photo Sharing

ဒီမုန်လာဥနီတွေက ကြက်ဆီထမင်းကို လှပအောင် တန်ဆာဆင်ပေးမဲ့အရာတွေပေါ့။


Image Hosted by PicturePush - Photo Sharing
မုန်လာဥနီပန်းပွင့်ဖော်ပုံ

မုန်လာဥနီတွေကို အပေါ်ကလို ပန်းပွင့်ပုံလေးတွေ ဖြစ်အောင် လုပ်နည်းလေးကို လူတိုင်းသိကြမှာပါနော်။ ဒါပေမဲ့  မသိသူများကို တစ်လက်စတည်း ဒီနေရာကနေ မျှဝေချင်ပါသေးတယ်.. သိပြီးသူများ ခွင့်လွှတ် သီးခံပါရှင်။ ဥနီကို အပေါ်ယံအခွံကို ခြစ်ပစ်ပြီး  ပုံပေါ်မှာ ပြထားသလို ခပ်ရွေရွေ ခပ်စောင်းစောင်းလေး ဖြစ်အောင် အမြောင်းလေး လုပ်ပါတယ်.. ပြီးရင် အဲဒီ အမြောင်းနေရာက အသားလေးကို ဖယ်ထုတ်လိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ဒီလိုအနေအထား ရရင် အိုကေပါ။

အကွာအဝေးခပ်ညီညီ ခုလို မြောင်းလေးတွေ ပတ်ပတ်လည် ဖော်လိုက်ပါတယ်.. မြောင်းထဲက အသားတွေကို ဖယ်ထုတ်ပြီး တစ်လုံးလုံးကို ခုလို မြောင်းလေးတွေလုပ်ပြီးတဲ့အခါ မထူမပါးလေး လှီးလိုက်ပါတယ်. ဒီလိုဆိုရင် ပန်းပွင့်ပုံ ဥနီလေးတွေ ရပါပြီ။ သခွားသီးကိုလည်း ခုလို ပန်းပွင့်ပုံဖော်ပါတယ်.. ဒါပေမဲ့ ဒီက သခွားသီးတွေက သေးသေးရှည်ရှည်လေးတွေ ဖြစ်တာကြောင့် ပန်းပွင့်ပုံဖော်လို့ အဆင်ပြေတာပါ။ သခွားသီး ကြီးကြီးတွေဆိုရင်တော့ ပန်းပွင့်လုပ်ဖို့ အဆင်မပြေနိုင်ပါ။



Image Hosted by PicturePush - Photo Sharing

သုံးဆောင်လို့ရပါပြီ။

ကျက်ပြီး ကြက်ဆီထမင်းကိုခူးကာ ပန်းကန်လုံးတစ်ခုထဲထည့်ပြီး သိပ်သွားအောင် လက်နဲ့အသာဖိပြီး ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါတယ်.. ဒီလိုဆို ပုံမပျက် လှလှပပ ကြက်ဆီထမင်းလေးက ပန်းကန်ပြားလေးပေါ်မှာ၊ ထမင်းဘေးပတ်လည်မှာ  ကြက်သားရယ် ၊ သခွားသီး၊ ဥနီ၊ နံနံပင်များကို ခုလို နေရာချလိုက်တဲ့အခါ အားလုံး အဆင်သင့် အနေအထားနဲ့ ကြက်ဆီထမင်းပါ။ တွဲဖက် စားသုံးရတဲ့ ငရုပ်ဆော့နဲ့ ပဲငပိကိုတော့ ဓာတ်ပုံ မရိုက်ဖြစ်လိုက်လို့ မဖော်ပြနိုင်တော့ပါဘူး။ ကြက်သားပြုတ်ရည် ကျန်နေသေးရင်တော့ သောက်စရာ ဟင်းချိုအဖြစ် အသုံးချလို့ ရပါတယ်။


Image Hosted by PicturePush - Photo Sharing

စားချင့်စဖွယ် ပြင်ဆင်ကွယ်

ကြက်ဆီထမင်းလေးကတော့ ဒီတစ်ပတ် Sunday Special ပါ။  ချက်ပြုတ်ရာမှာ ဘယ်ဟင်းလျှာ၊ ဘယ်မုန့်လုပ်နည်းမဆို  မိမိစိတ်ကူးရှိသလို၊ မိမိအိမ်မှာရှိတဲ့ ပစ္စည်းပေါ် မူတည်ပြီး တီထွင် ချက်ပြုတ်နိုင်ပါတယ်.. အခြားသူတွေ ချက်ပြတာ၊ လုပ်ပြထားတာနဲ့ တစ်ထပ်တည်း ဖြစ်ရမယ်လို့ သတ်မှတ်ချက်ထားဖို့ မလိုပါဘူးနော်။ မိမိမှာ ရှိတာလေးနဲ့ အဆင်ပြေစွာ ချက်ပြုတ် စားသောက်နိုင် ကြပါစေရှင်။ :)


Image Hosted by PicturePush - Photo Sharing