အချစ်ရဲ့ လှေကားထစ်လေးများ









လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်လောက်က အသက်၁၉နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ကို မေတ္တာသက်ဝင် ချစ်ခင်မိပါတယ်..  သူချစ်မိတဲ့ မိန်းခလေးဟာ ကောင်လေးထက် အသက်၁၀နှစ် ကြီးတဲ့အပြင် ကလေးရှိတဲ့ မုဆိုးမလေး တစ်ယောက် ဖြစ်ပါတယ်.. ဒီတော့ အချစ်ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းတွေ၊ မိဘ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေက ကလေးအမေ မုဆိုးမလဲဖြစ်၊ ကောင်လေးထက်လဲ အသက်ကြီးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သဘောမတူ ကန့်ကွက်ကြတယ်ပေါ့နော်။   အဲဒီခေတ်ကာလတုန်းက  အသက်အများကြီး ကြီးတဲ့ မုဆိုးမတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့ဆိုတာ သူတို့ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဖြစ်ရပ်တစ်ခုလို့ လက်ကိုင်ထားကြတဲ့ အချိန်လဲ ဖြစ်ပါတယ်။ ဒီတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့အတင်းစကားဆိုမှုတွေ၊ မိဘဆွေမျိုးတွေရဲ့ မကြည်ဖြူမှုတွေကို ရှောင်လွဲနိုင်ဖို့အတွက် ချစ်သူနှစ်ဦးဟာ လူတွေနဲ့ ဝေးတဲ့တစ်နေရာကို ထွက်ပြေးကြပြီး ဘ၀သစ်ကို စကြဖို့ ဆုံးဖြတ်လိုက်ကြကာ သူတို့နေထိုင်တဲ့ မြို့ငယ်ကလေးနဲ့ဝေးရာ တောင်တန်းတစ်နေရာကို ထွက်ပြေးကြပါတော့တယ်။




လူနေမှုအသိုင်းအ၀ိုင်းကနေ ထွက်ပြေးသွားခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ တောင်ပေါ်တစ်ခုက ကျောက်ဂူတစ်ခုထဲမှာ သူတို့ရဲ့ ဘ၀ကို စတင်ခဲ့ကြရတယ်.. အဲဒီမှာဘဲ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အခြေအနေကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်.. သူတို့နေတဲ့ တောင်ထိပ်ရောက်အောင် တက်ဖို့ဆိုတာ လမ်းရယ်လို့လဲ မရှိဘဲ ခက်ခက်ခဲခဲ ကုတ်ကပ် တွယ်တက်မှသာ ရောက်နိုင်ပါတယ်..  လက်ဗလာနဲ့ စတင်ကြတဲ့ သူတို့ဘ၀ဆီမှာ ဘာဆိုဘာမှ မရှိ၊ လျှပ်စစ်မီးမပြောနဲ့ စားစရာတောင် မရှိတဲ့ နေ့ရက်တွေကို တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ရင်း ခက်ခဲစွာ ကျော်ဖြတ်ကြရပါတယ်.. တောင်ပေါ်မှာတွေ့တဲ့ မြက်နုကလေးတွေ၊ စားကောင်းမယ် ထင်ရတဲ့ အရွက်တစ်ချို့နဲ့ သစ်ဥ၊ သစ်မြစ်ကလေးတွေကို စားပြီး အသက်ဆက်ခဲ့ရပါတယ်..  ကောင်လေးဟာ မိန်းခလေးကို အစစအရာရာ ညှာတာပြီး တောတောင်ထဲမှာ ရနိုင်သမျှ အစားအသောက်လေးတွေကို ရှာဖွေလို့ ကျွေးမွေးပြုစုရှာပါတယ်.. အနီးနားဝန်းကျင်မှာ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေတွေကိုလဲ ခုတ်ထွင်ရှင်းလင်းပြီး အသီးအရွက်လေးတွေ ရှာဖွေစိုက်ပျိုးပါတယ်။ ဘ၀က ခက်ခဲပင်ပန်းလွန်းပါတယ်.. ဒါပေမဲ့ သူတို့ ၂ယောက်ဟာ စိတ်မပျက်ဘဲ တစ်ယောက်ကို တစ်ယောက်အားပေးရင်း နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ရတယ်။




ညအချိန်တွေမှာ ထွန်းညှိဖို့ မီးအိမ်လေးတစ်ခုကို ကောင်လေးက သူကိုယ်တိုင် ပြုလုပ်ပြီး သူတို့ဘ၀တစ်လျှောက်လုံး ဒီမီးအိမ်ကို အသုံးပြုခဲ့ကြပါတယ်.. မိန်းခလေးဟာ ကောင်လေးကို အမြဲမေးတတ်တဲ့ မေးခွန်းလေးတစ်ခုက “ မင်း ငါနဲ့အတူတူ ခုလို ဘ၀မျိုးနဲ့ ပင်ပင်ပန်းပန်း နေရတာ နောင်တမရဘူးလားဟင်” ဆိုတဲ့ မေးခွန်းလေးပါ။ ကောင်လေးက “ အချစ်ရယ်.. ငါတို့တွေ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား လုပ်နေကြသားဘဲ။ ငါတို့ဘ၀ အခြေအနေတွေဟာလည်း ခုထက်ပိုပြီး ကောင်းမွန်လာမှာပေါ့။ ခုလဲ မင်းနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေနေရသားဘဲ..  ဘာများ နောင်တရစရာ ရှိသလဲ”  လို့ အမြဲတမ်း ပြန်ဖြေတတ်ပါတယ်။ ဟုတ်သားဘဲနော် ချစ်သူနဲ့ ၂ယောက်အတူတူ နေရရင် ခက်ခဲဆင်းရဲပင်ပန်းပေမဲ့ ချစ်သူမျက်နှာ၊ ချစ်သူအပြုံးကိုကြည့်လို့ အမောဖြေနိုင်သားဘဲလေ။ ဘေးနားမှာ နားလည်ပေးနိုင်စွမ်းရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ ချစ်သူဟာ ကောင်လေးအတွက်တော့ ခွန်အားတစ်ခုဘဲမဟုတ်လား။




အဲဒီတောင်တန်းပေါ်က ဂူလေးတစ်ခုထဲမှာ အတူတူနေထိုင်ကြတာ ၂နှစ်မြောက်တဲ့ အခါမှာတော့ ကောင်လေးဟာ သူချစ်တဲ့ မိန်းခလေးအတွက် တောင်အောက်ကို အလွယ်တကူ တက်ဆင်းပြုနိုင်ဖို့ မာကြောတဲ့မြေသားတွေကို ထွင်းထုပြီး လှေခါးထစ်တွေကို စတင်ပြုလုပ်ပါတော့တယ်… ကောင်လေးဟာ အနှစ် ၅၀ လုံးလုံး တောင်နံရံတွေကို သူကိုယ်တိုင် ထွင်းထုပြီး လှေခါးထစ်တွေ လုပ်လာခဲ့တာ စုစုပေါင်း လှေခါးထစ်လေးတွေ ၆၀၀၀ ကျော်ပါတယ်..  သူဖောက်လုပ်ခဲ့တဲ့ လှေကားထစ်တွေဟာ ချစ်သူအတွက် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ဖောက်လုပ်ခဲ့တာမို့ နှစ်တွေဘယ်လောက်ကြာကြာ ခိုင်ခံ့စွာ တည်ရှိနေမယ်လို့ သူယုံကြည်တယ်လေ။ ဒီလိုနဲ့ သူတို့ ချစ်သူနှစ်ဦးဟာ လူသူမနီး တောင်တန်းကြီးပေါ်က ဂူလေးထဲမှာ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်စွာနဲ့ နှစ်ပေါင်း ၅၀ကျော်တဲ့ အထိအောင် သားတွေ သမီးတွေနဲ့ နေထိုင်ခဲ့ကြပါတယ်။





ဟိုတုန်းက အသက် ၁၉နှစ်အရွယ် ကောင်လေးဟာ အသက်အရွယ်ရလာလို့ အဖိုးအရွယ်ဖြစ်လာတဲ့ အသက်၇၂နှစ်မှာ သူနေ့စဉ် အလုပ်လုပ်နေကျ ယာခင်းလေးဆီကနေ အပြန် အိမ်အရောက်မှာ ရုတ်တရက် လဲပြိုကျသွားပြီး သူချစ်တဲ့ အမျိုးသမီးရဲ့လက်ထဲမှာဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်.. အဖိုးအိုဟာ အသက် သေဆုံးသွားတာတောင် သူ့ချစ်သူရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးမှ အသက် ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အမျိုးသမီးက အသက်၈၂အရွယ် ရှိနေပါပြီ။ အဖွားအိုဟာ နေ့စဉ်နေ့တိုင်းဘဲ သူ့ယောက်ျားရဲ့ အလောင်းထည့်ထားတဲ့ အနက်ရောင်ခေါင်းတလား အစွန်းလေးကို ဆုပ်ကိုင်ပြီး “မင်း ငါ့ကို ကတိပေးခဲ့တယ်လေ. ငါသေတဲ့နေ့အထိ မင်းဟာ ငါ့ရဲ့ အနားကနေ တစ်ဖ၀ါးမှမခွာ ရှိနေပြီး ငါ့ကို စောင့်ရှောက်ပါ့မယ်ဆို။ ငါနဲ့အတူ ရှိနေပါ့မယ်ဆို။ ခုတော့ မင်းက ငါ့ကို အရင်ခွဲသွားခဲ့ပြီနော်။ မင်းမရှိဘဲနဲ့ ငါဘယ်လိုများ ဆက်ပြီး အသက်ရှင်နေထိုင်ရပါ့မလဲ” လို့ တတွတ်တွတ်နဲ့ ပြောဆိုရင်း ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက တစ်လိမ့်လိမ့် စီးကျနေခဲ့ပါတယ်။ အဖွားအိုစိတ်ထဲမှာ သေချာပေါက် တွေးနေပါလိမ့်မယ်.. “ဘာလို့များ သူ့ကိုပါ တစ်ပါတည်း ခေါ်မသွားဘဲ တစ်ယောက်တည်း ချန်ခဲ့ရတာလဲ” လို့။





အသက် ၇၂နှစ်အရွယ် အဖိုးအိုနဲ့ အသက်၈၂နှစ်အရွယ် အဖွားအို





အဖိုးအို  Liu





နှစ်ယောက်အတူ ရှိစဉ်က အဖွားအို Xu ရဲ့ ကြည်ကြည်နူးနူး အပြုံး



ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ တစ်ခုသော ပြည်နယ်မှာ တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ချစ်သူနှစ်ဦး ထွက်ပြေးသွားကြပြီး ရာစုနှစ် တစ်ဝက်လောက်ကြာပြီးတဲ့ နောက် ၂၀၀၁ခုနှစ်မှာမှ  တောတောင်ထဲကို စွန့်စွန့်စားစား ခရီးသွားကြတဲ့ အဖွဲ့တစ်ဖွဲ့ဟာ လူသူမနီးတဲ့ တောကြီးထဲက အဖိုးအိုအဖွားအို စုံတွဲနဲ့အတူ အံ့သြဖွယ် လှေကားထစ်ကလေးတွေကို တွေ့ရှိရာကစလို့ သူတို့၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို လူတွေ သိခွင့်ရသွားကြတာ ဖြစ်ပါတယ်။ အဖိုးအို အဖွားအိုတို့ရဲ့ ၇ယောက်မြောက် သားက “ကျွန်တော့်အဖေနဲ့ အမေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုချစ်ကြပါတယ်.. သူတို့၂ယောက်ဟာ အတူတူနေခဲ့ကြတဲ့ အနှစ်၅၀လုံးလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ရက်ကလေးတောင် ခွဲပြီး မနေခဲ့ကြဖူးပါဘူး.. ကျွန်တော့်အမေဟာ တောင်အောက်ကို အတက်အဆင်း ပြုလုပ်ခဲပေမဲ့ အမေ သက်တောင့်သက်သာနဲ့ အတက်အဆင်းပြုလုပ်နိုင်ဖို့ အဖေဟာ သူကိုယ်တိုင် သူ့လက်နဲ့ တောင်နံရံတွေကို ထွင်းပြီး လှေကားထစ်လေးတွေ စုစုပေါင်း ၆၀၀၀ကျော်ကို နှစ်ပေါင်းများစွာ ဖောက်လုပ်ခဲ့တာပါ။ ” လို့  ပြန်ပြောပြပါတယ်။





ချစ်သူအတွက် ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်များပေါ်မှာ တွဲလက်ခိုင်ခိုင်





နေအိမ်ကလေးရဲ့ အတွင်းမှာ




အချစ်ကြီးကြသူ သူတို့၂ဦးရဲ့ အမှတ်ရစရာ ပုံရိပ်များ



တရုတ်ပြည်မှာတော့ ဒီဇာတ်လမ်းလေးဟာ နံမည်ကျော်ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းလေး တစ်ခုအဖြစ် ထင်ရှားကျော်ကြားလာပါတယ်။ အဲဒီ ဒေသက နယ်မြေ အုပ်ချုပ်သူတွေကလည်း ချစ်သူနှစ်ဦး အတူတူနေထိုင်ခဲ့ကြတဲ့ နေရာလေးနဲ့ အဖိုးအို ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်လေးတွေကို ပြတိုက်လေးတစ်ခု အဖြစ် ထိမ်းသိမ်းစောင့်ရှောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်…. ဒီတော့ ချစ်သူနှစ်ဦးရဲ့ စံပြ အချစ်ဇာတ်လမ်းလေးနဲ့ အမှတ်တရတွေဟာ နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ဖို့ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့နေပေလိမ့်ဦးမယ် မဟုတ်ပါလားနော်။ အချစ်စစ်အချစ်မှန်ရင် အဆင့်အတန်း၊ အသက်အရွယ်၊ အခက်အခဲ အတားအဆီးတွေကို ကျော်လွှားပြီး ဘယ်လောက်တောင် ခက်ခဲပင်ပန်းတဲ့ ဘ၀ကို ရင်ဆိုင်ရသည်ဘဲဖြစ်စေ သက်ထက်ဆုံးတိုင် အတူတကွ ချစ်ခင်မြတ်နိုးစွာ နေနိုင်ကြတယ်ဆိုတာ ဒီဇာတ်လမ်းလေးက အကောင်းဆုံး သက်သေဘဲ မဟုတ်ပါလား။ သို့သော်လည်း နှစ်ဦးစလုံးရဲ့ ရင်ထဲမှာတော့ ခိုင်မာစွဲမြဲတဲ့ ချစ်ခြင်းမေတ္တာတရားက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေဖို့တော့ လိုအပ်ပါတယ်နော်။ မဟုတ်ရင်တော့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ရင်ဆိုင်ရတဲ့အခါမှာ စိတ်တူကိုယ်တူ အပင်ပန်းခံ ကျော်ဖြတ်နိုင်ကြလိမ့်မယ် မထင်ပါဘူး။ ချစ်ခြင်းမေတ္တာကို အလေးအနက် တန်ဖိုးထားကြသူများအတွက် “အချစ်ရဲ့လှေကားထစ်လေးများ” က အင်အားတစ်ခု ဖြစ်နိုင်ကြပါစေရှင်။




Funzug.com မှ A Love Story of All Time ကို နှစ်ခြိုက်မိသဖြင့် မဖတ်ရသေးသူများ အတွက်ရော၊ ဖတ်ဖူးပြီးသူများပါ အသစ်တစ်ဖန် ပြည်လည်ခံစားနိုင်ဖို့ ဘာသာပြန်ကာ ပြန်လည် မျှဝေပါသည်။





စစ်မှန်သော ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ ခိုလှုံနိုင်ကြပါစေရှင်။







အဖေနဲ့ ဟင်းချက်ကောင်းတဲ့ ညီမလေး









ကျွန်မတို့ မိသားစုမှာ မိသားစုဝင် စုစုပေါင်း ၈ဦး ရှိပေမဲ့ အိမ်ထောင်ကျလို့ အိမ်ကနေ ခွဲထွက်သူတွေ၊ စီးပွားရေးကြောင့် ၊ အလုပ်ကြောင့် အိမ်မကပ်နိုင်သူတွေ၊ တစ်နယ်တစ်ကျေး ရောက်နေသူတွေနဲ့မို့ အိမ်မှာ အိမ်သားအားလုံး စုံစုံညီညီ မရှိပါဘူး။ အမြဲတမ်း အိမ်မှာ ပင်တိုင် ရှိသူကတော့ အသက်ကြီးနေပြီဖြစ်တဲ့ ကျွန်မတို့အဖေပါ။ အဖေ့ကို အနီးကပ် ပြုစုစောင့်ရှောက်သူ၊ အဖေအတွက် ကောင်းနိုးရာရာလေးတွေ စဉ်းစားပြီး ချက်ကျွေးသူက ကျွန်မတို့ရဲ့ ညီမအငယ်ဆုံးလေးပါ။  ညီမလေး  ချက်ကျွေးတဲ့ဟင်းတွေကို ကောင်းကောင်းဆိုးဆိုး အဖေက အမြဲ အားပေးနေရတာပေါ့နော်။ ဒီပိုစ့်လေးကို ပေါ့ပေါ့ပါးပါး ရွှင်ပြုံးစရာလေးအဖြစ် ဖတ်ရှုနိုင်ဖို့ အဖေ့ရဲ့ ကပ်သီးကပ်သပ် စကားတွေနဲ့ ကျွန်မ ညီမလေးရဲ့ ဟင်းချက်ကောင်းပုံများ အကြောင်းကို အင်တာနက် စာမျက်နှာပေါ် ဖွပါဦးမယ်.. အဲဒီ အကြောင်းတွေကို ကျွန်မရဲ့ ညီမလေးက စာအုပ်ထဲမှာကို Diary သဖွယ် သေသေချာချာရေးပြီး မှတ်သားထားတာပါ။ ကျွန်မက ညီမလေးရေးထားတဲ့ အကြောင်းအရာတွေကို အနည်းငယ် ပြန်ပြင်ဆင်ရေးသားပြီး ဒီနေရာနေ ပြုံးချင်စရာလေးအဖြစ် ပြန်လည် ပြောပြချင်ပါတယ်။





ကျွန်မညီမလေးဟာ အဖေကြိုက်တတ်မယ် ထင်တဲ့ အစားအစာလေးတွေ ဖွယ်ဖွယ်ရာရာ ချက်ကျွေးရင်းနဲ့ “ဘာဟင်းချက်ရင် ကောင်းမလဲ၊ ဘယ်လိုဟင်းဆို အဖေကြိုက်မလဲ” လို့ သူ အမြဲ စဉ်းစားတတ်ပါတယ်.. ဒီလိုနဲ့ တစ်ရက်တော့ “ဝက်စတူးဟင်း ချက်ကျွေးရင် အဖေ ကြိုက်မှာဘဲ” လို့ သူ တွေးမိပါတယ်တဲ့ ။ ဒါပေမဲ့ ခက်တာက ဝက်စတူးဟင်းကို ဘယ်လိုချက်ရမယ်မှန်း ညီမလေးက သေချာမသိပါဘူး။ မသိဘူးဆိုတာထက် သူကိုယ်တိုင်ကလည်း ၀က်သားရော၊ ကြက်သားပါ မစားတော့ အဲဒီ အသားဟင်းချက်နည်းတွေ အကြောင်း မသိတာလည်း မဆန်းပါဘူး။ ဒီတော့ အဖေ့ကို ၀က်စတူးဟင်းကလည်း ချက်ကျွေးချင်၊ ချက်ကလည်း မချက်တတ်ဆိုတော့ အဲဒီချိန်မှာဘဲ ဘေးအိမ်က ဟင်းချက် အရမ်းတော်တဲ့ အန်တီဖြူ ဆိုတဲ့ တစ်ယောက်ကို အိမ်ရှေ့မှာ တွေ့တော့ ညီမလေးက ၀က်စတူးချက်နည်းကို မေးမြန်းပါတယ်။





အန်တီဖြူကလည်း “ဝက်သားကို ရေစင်အောင် ဆေးပြီး ဆား၊ အချိုမုန့်ထည့်၊ ဂျင်း ကို ထောင်းပြီး အရည်ညစ်ထည့်၊ ကြာညို့လေး နည်းနည်းရယ်၊ ဟင်းအနံ့မွှေးအောင်လို့ ကဇော် အရည် နည်းနည်းထည့်ပြီးတာနဲ့ ၀က်သားကိုနယ်၊ ခဏထား၊ ကြက်သွန်ဖြူ ကို နီညိုရောင် သန်းလာအောင် ကျော်ပြီး ဆယ်ထား။ ဝက်သားကို ဆီအိုး ထဲ ထည့် ရေ များများလေးထည့်ပြီး နူးနေအောင် ကြာကြာနှပ်ထား၊ ဝက်သား နူးလို့ရေခမ်းပြီဆို ကြက်သွန်ဖြူကျော် ကို အပေါ်မှာဖြူး ပြီးရင် စားလို့ရပြီ” လို့ ၀က်စတူးချက်နည်းကို ညီမလေးကို ပြောပြပါတယ်တဲ့။ ညီမလေးကလည်း အန်တီဖြူပြောတဲ့နည်းကို သေသေချာချာ လိုက်မှတ်နေတဲ့အအချိန်မှာ သူနဲ့ အန်တီဖြူ စကားပြောနေတာကို ကျွန်မတို့အဖေက ၀ရံတာမှာထိုင်ပြီး ပြုံးစိစိနဲ့ ကျွန်မညီမကို ကြည့်နေပါတယ်။ အဖေ့စိတ်ထဲ “ငါတော့ ၀က်စတူး ကောင်းကောင်းစားရချည်သေးရဲ့” လို့ တွေးပြီး ပြုံးနေသလားတော့ မသိပါဘူး။




ညီမလေးကလည်း ဒီတစ်ခါတော့ အဖေ လျှာလည်သွားအောင် ချက်ကျွေးပစ်လိုက်မယ်လို့ စိတ်ထဲက ကြုံးဝါးပြီး ဈေးကိုသွား၊ ဝက်သားသည်ဆီမှာ ၀က်သားဝယ်ပြီး ပြန်လာပါတယ်.. ဝက်သားကတော့ ၀ယ်လို့ ရခဲ့ပေမဲ့၊ ကဇော်ကတော့ ဝယ်မရခဲ့ဘူးတဲ့။ အန်တီဖြူပြောတဲ့ အတိုင်းချက်ဖို့ရာမှာ ကဇော်တော့ ၀ယ်မရဘူး ဒါပေမဲ့ အရက်ဝယ်သွားမယ်ဆိုပြီး ကဇော်အစား အရက်နည်းနည်း ဝယ်လိုက်ပါတယ်။ အိမ်ပြန်ရာက်တော့ သူက ဝက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်ထည့်၊ ကဇော်ရည်အစား အရက်ကိုထည့်၊ ကြာညို့ထည့်မယ်ဆိုပြီး ပုလင်းကြည့်လိုက်ပြန်တော့ ကြာညို့က ကုန်နေပြီတဲ့။ အဲဒါနဲ့ ချိုတာချင်း အတူတူဘဲဆိုပြီး အိမ်မှာ ရှိနေတဲ့ ထန်းညက်ခဲကို ရေနွေးနဲ့ ကျိုပြီး အဲ့ဒီအရည်ကို ကြာညို့ အဖြစ် ထည့်လိုက်ပါတယ်။ နောက် ဂျင်းကိုထောင်းပြီး အရည်ညှစ်ထည့်ပြီး အားလုံး နှံ့သွားအောင် နှယ်ပြီး ခဏထား ထားလိုက်တယ်တဲ့။ အဲဒီချိန်မှာ ညီမလေးက ကြက်သွန်ဖြူ ကြော်ပြန်တယ်.. ကြက်သွန်ဖြူကြော်တော့ မီးက များပြီး မီးတူးကြက်သွန်ကြော် ဖြစ်သွားပါတယ်။ သူက တူးသွားတဲ့ ကြက်သွန်ဖြူကို အမြန်ဆယ်ထားလိုက်ပြီး ဝက်သားကို ဆီအိုးထဲထည့်၊ ရေများများလေးနဲ့ နှပ်ထားလိုက်ပါတယ်။ ဝက်သားနူးလို့ ရေခမ်းသွားတဲ့အခါ  ၀က်စတူးတော့ ရပြီဟဲ့ ဆိုပြီး ပန်းကန်လုံးထဲကို ခူးခပ်ပြင်ဆင်လို့ ကြက်သွန်ဖြူကြော်နဲ့ နံနံပင်ကို အပေါ်က ဖြူးလိုက်ပါတယ်တဲ့။








အမြင်အရတော့ အနံ့ကလေး မွှေးမွှေးနဲ့ စားချင်စဖွယ် ဝက်စတူးဟင်းလေး ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ သူ ကိုယ်တိုင်ကတော့ ဝက်သား မစားတဲ့သူဖြစ်လို့ မမြည်းကြည့်ပါဘူး။ သူက သူ မစားတဲ့ အသားဟင်းတွေ ချက်ရင်သာ မမြည်းပေမဲ့ သူစားတဲ့ ဟင်းများချက်ရင် ဟင်းအိုးကုန်လုနီးပါး ဖြစ်အောင် မြည်းတတ်သူပါ။ ဟင်းအိုး ကျက်လို့ ချလိုက်ရင် အိုးထဲမှာ ဟင်းက သုံးပုံ တစ်ပုံလောက်ဘဲ ကျန်အောင် သူမြည်းတာနဲ့ ကုန်သွားတတ်ပါတယ်။ ဒါနဲ့ ၀က်စတူးဟင်းချက်ပြီးတော့ တစ်ခြားဟင်းတွေလည်း အကုန်ကျက်တဲ့အခါ ထမင်းပွဲပြင်ပြီး ညီမလေးက အဖေကို ထမင်းစားဖို့ ခေါ်ပါတယ်။ ကျွန်မတို့အဖေက သူချက်ကျွေးတဲ့ ဟင်းကို ဘာမှ မပြောဘဲ  ပြုံးပြုံး ပြုံးပြုံးနဲ့ စားနေတော့ ညီမလေးက “ငါ့ဟင်းတော့ အခြေအနေ ကောင်းပြီ၊ အဖေက ဘာမှ မဆူ၊ မပြောဘူးဆိုတော့ အရသာ ကောင်းလို့ဘဲ နေမယ်” ဆိုပြီး အဖေ ချီးကျူးလေမလားဆိုတဲ့ စိတ်နဲ့ “အဖေ ဘယ်လိုလဲ စားကောင်းရဲ့လား” လို့ အားတက်တရော မေးလိုက်ပါတယ်။





ဒါနဲ့ အဖေက ထမင်းစားနေတာကို ရပ်လိုက်ပြီး ရယ်မောရင်းနဲ့  ကျွန်မညီမလေးကို ပြောလိုက်တာက “ မိဖြူကို ပြန်ပြောပြရအုန်းမယ်။  မင်း ချက်နည်း ပြောပြလိုက်တဲ့ ဝက်စတူးဟင်း လာမြည်းကြည့်စမ်း၊ သိပ်ကောင်းတာဘဲ။ အရသာက ချို ၊ငံ ၊ဖန် ၊ခါး” တဲ့။ (၀က်စတူးချက်နည်း ပြောပြတဲ့အန်တီကို အဖေက မိဖြူလို့ ခေါ်ပါတယ်..)




ညီမလေး ပြန်ပြောပြလို့ ကျွန်မကိုယ်တိုင်လည်း  ရယ်လိုက်ရတာ ဗိုက်တွေတောင် နာပါတယ်.. ကျွန်မတို့အဖေဟာ သူမို့လို့ ဝက်စတူးဟင်း တစ်မျိုးတည်းကို အရသာစုံအောင် ပြောနိုင်တယ်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ကျွန်မ စဉ်းစားမိလိုက်တယ် ညီမလေးချက်တဲ့ ၀က်စတူးဟင်းမှာ ကြာညို့ ကုန်နေလို့ ကြာညို့အစား ထန်းညက်ရည် ထည့်လိုက်တယ်တဲ့ ။ ထန်းညက်ရည်က ဘယ်လောက်တောင် ထည့်လိုက်တယ် မသိတာ။ ငံ တာကလည်း ဝက်သားထဲ ဆား ထည့်လိုက်တာ နည်းနည်း လက်လွန်သွားပုံရပါတယ်.. သူကိုယ်တိုင်က မြည်းမကြည့်တော့ ဘယ်သိပါ့မလဲနော်။ ဖန် မှာပေါ့၊ ခါး မှာပေါ့ ကြက်သွန်ဖြူက မီးတူးတာ ဘယ်လောက်တောင် မဲတူးသွားတယ် မသိ။ ကဇော်ရည် မရှိလို့ ကဇော်ရည်အစား အရက်ထည့်လိုက်တယ်တဲ့.. အရက်လည်း ဘယ်လောက်တောင် ထည့်လိုက်တယ် မသိတာ။ ကျွန်မက  “အရက်ဘယ်လောက်များ ထည့်လိုက်သလဲ ” လို့ ညီမလေးကိုမေးတော့ “ သိဘူးလေ… ကဇော်ကလည်း များများ စားရင် မူးတတ်တယ် အရက်ကလည်း သောက်ရင် မူးတတ်တယ်။ မူးတတ်တဲ့ အမျိုးချင်း အတူတူပဲဆိုပြီး တစ်ခွက်လောက် ထည့်လိုက်တာပေါ့” တဲ့။ တော်သေးတာပေါ့... သူချက်တဲ့ ၀က်စတူးစားပြီး အဖေ မမူးတာ။  ချို၊ငံ၊ဖန်၊ခါး လောက်ဘဲ ဖြစ်သွားတာ ကျေးဇူးတင်ရမယ်.. :)  :)





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




နောက်တစ်ကြိမ်မှာတော့ ညီမလေးက အဖေ့ကို ၀က်ခေါက်ကြော်ကျွေးပါတယ်.. သူကြော်ကျွေးတဲ့ ၀က်ခေါက်ကြော် ကတော့ ဒီလိုပါ။ တစ်ရက်တော့ သူအပြင် သွားရင်း မုန့်ဆိုင်မှာ ဝက်ခေါက်ကြော် အထုပ်လေး တွေ့တာနဲ့ ဝယ်ခဲ့ပြီး အဖေကို ကျွေးပါတယ် ။ ဆိုင်က ၀ယ်လာတဲ့ ဝက်ခေါက်ကြော်လေး ကတော့ ကြွပ်ရွနေတော့ အဖေက တော်တော်များများ စားပါတယ်တဲ့ … အဖေ စားနေတာကို ကြည့်ပြီး “တစ်ရက်ကျရင်တော့ ငါကိုယ်တိုင် ဝက်ခေါက်ကြော် လုပ်ကျွေးပါအုန်းမယ်” လို့  ညီမလေးက တွေးလိုက်မိပါတယ်တဲ့။



အဲဒါနဲ့ ရက် နည်းနည်းလေး ကြာတော့ ဈေးကနေ ဝက်သား ဝယ် ၊ အသားကို ထမင်းနဲ့စားဖို့ ဟင်းချက်ပြီး အခေါက်ကိုတော့ ဆား၊ အချိုမုန့်နဲ့ နှယ်ပြီး နေပူ လှန်းထားလိုက်ပါတယ်။ အဲ့ဒီနေ့က နေလည်း တော်တော်လေး ပူပါတယ်တဲ့။ ဆိုင်တွေကတော့ ဝက်ခေါက်ကို ဘယ်လိုကြော်တယ် မသိပါဘူး။ ကျွန်မညီမကတော့ အဲဒီဝက်ခေါက်ကို တစ်နေ့လုံး နေပူလှန်းပြီး နောက်နေ့မနက်မှာ နေပူလှန်းထားတဲ့အတိုင်းဘဲ
အဖေကို ကြော်ကျွေး လိုက်ပါတော့တယ်။ ထုံးစံအတိုင်း ဝက်သားမစားတော့ မမြည်းကြည့်မိတော့ဘူးပေါ့နော်။ ကြော်ပြီးတဲ့ ၀က်ခေါက်ကို ဒီအတိုင်းပဲ ချကျွေးလိုက်ပါတယ်တဲ့။ ဒီတစ်ခါတော့ ညီမလေးက နပ်သွားပြီ။ စားမကောင်းရင် အပြောခံ နေရမှာမို့ဆိုပြီး အဖေကို “စားကောင်းလား ဘာညာ” ဘာမှ မမေးတော့ဘဲ ၀က်ခေါက်ကြော် ပန်းကန်လေးကို အဖေ့ရှေ့က စားပွဲပေါ် အသာလေးချပြီး အဖေ့ အနားက ထွက်သွားလိုက်ပါတယ်။




ညနေ ရောက်တော့ အဖေ ထိုင်နေတဲ့ ဝရံတာနားလေးမှာ ညီမလေးက သွားရပ်နေပေမဲ့ အဖေကိုတော့ သူ့ဝက်ခေါက်ကြော် ကောင်းမကောင်း ဆိုတဲ့အကြောင်း ယောင်လို့တောင် စကားမဟပါဘူး။ သို့သော်လည်းပေါ့နော် ...  ညီမလေးက မမေးပေမဲ့ အဖေက သူ့ကို ပြောလာပါတော့တယ်။ “အဖေ မင်းရဲ့ဝက်ခေါက်ကြော် တစ်ဖတ်ကို မနက်ကတည်းက ဝါးနေတာ အခု ညနေ ရောက်တဲ့အထိ အဲ့ဒီ ဝက်ခေါက်ကြော် တစ်ဖတ်က ဝါး လို့ မကုန်သေးဘူး” တဲ့။ ပြောလည်း ပြော ရယ်လည်း ရယ်နေပါတယ်။ ကျွန်မ ညီမကလည်း အရမ်း ရယ်တော့တာပေါ့။ သူကြော်ကျွေးတဲ့ ၀က်ခေါက်ကြော်ဟာ မနက်ကတည်းကနေ ညနေရောက်တဲ့အထိ ၀ါးမကုန်နိုင်အောင် ဘယ်လောက်များ မာနေသလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့နော်။




ပြီးတော့ ကျွန်မအဖေက ဆက်ပြီး ပြောပါသေးတယ်။ “ မိဖြူရဲ့ သားကလေး အိမ်လာလည်တော့ မင်းရဲ့ ဝက်ခေါက်ကြော်ကို ကျွေးလိုက်တာ ကလေးက ဝက်ခေါက်ကြော်ကို ဝါးပြီး မြိုချလိုက်တော့ မျက်လုံးတောင် ပြူးထွက် သွားတယ်။ မင်းရဲ့ ၀က်ခေါက်ကြော်ဖတ်က  ကလေး လည်ပင်းနင်ပြီး ဘာများဖြစ်သွားပြီလဲလို့ အဖေတောင် စိတ်ပူသွားတာဘဲ တဲ့။ ညီမလေး ပြန်ပြောပြလို့ ကျွန်မရော ညီမလေးပါ မျက်ရည်တွေထွက်၊ ဗိုက်တွေလည်း နာအောင် ရယ်မိပါတော့တယ်။ တော်ပါသေးရဲ့.. ကလေးများ တစ်ခုခု ဖြစ်သွားရင် သူ့ရဲ့ ၀က်ခေါက်ကြော်ကြောင့်ဆိုပြီး တရားခံ ဖြစ်ရချည်သေးရဲ့။ ဘာဘဲဖြစ်ဖြစ် ၀က်ခေါက်တစ်ဖတ်ကို တစ်နေကုန် ၀ါးနေရတော့ အကုန်အကျ သက်သာတာပေါ့နော်။ ချွေတာရေးစနစ်ကို ကြိုက်သူများ ညီမလေးရဲ့ ၀က်ခေါက်ကြော်နည်းအတိုင်း ကြော်စားကြည့်ပါလို့ နည်းလမ်းကောင်းလေး ပေးလိုက်ပါရစေ။  :)






ကျွန်မရဲ့ ညီမက အဲဒီလို အချက်အပြုတ်ကောင်းသူပါ။ နောက်ထပ်လည်း သူ အဖေ့ကို ချက်ကျွေးတဲ့ ဟင်းတွေအကြောင်း ပြောပြပါဦးမယ်.. အချိန်ရပြီး ကြုံကြိုက်လို့ အိမ်ကို အလည်သွားမယ်ဆိုရင် သူချက်ကျွေးတဲ့ ထမင်းဟင်းကို ကြည့်ကျက်ပြီး သတိနဲ့ စားကြဖို့ မှာကြားလိုက်ပါရစေနော်.. သူကလဲ ဧည့်သည်များ လာလို့ကတော့ လက်စွမ်းပြပြီး တစ်ရက်တစ်မျိုး မရိုးရအောင် ချက်ကျွေးပါလိမ့်မယ်...  ဗိုက်ဆာဆာနဲ့ အားရပါးရ မစားခင်မှာ နည်းနည်းလေးဖြစ်ဖြစ် အရင်မြည်းကြည့်ဖို့တော့ လိုလိမ့်မယ်နော်။ :)  :)



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ဟာသလေးတွေ မဖတ်ရတာကြာပြီ ရေးပါဦးလို့ ဆိုလာသူများအတွက် ပြုံးစရာလေးအနေနဲ့ ရယ်ရယ်မောမော ဖတ်ဖို့ အဖေနဲ့ ညီမလေးအကြောင်း အမှတ်တရ ရေးတာပါ။ ဒီပိုစ့်ရေးလို့ ညီမလေးက စိတ်ဆိုးမယ် မထင်ပါနဲ့။ သူကိုယ်တိုင်ဖတ်ပြီး တခွိခွိနဲ့ ရယ်နေပါတယ်။  :)






ကျောက်တုံးသစ်တောများ

ကျွန်မ အလည်သွားရောက်ချင်တဲ့ နေရာလေးတစ်ခုအကြောင်း ပြောပြချင်ပါသေးတယ်ရှင် .. အဲဒီ နေရာလေးကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမြို့နဲ့ ၁၂၀ ကီလိုမီတာ ( ၇၅မိုင်)  နှစ်နာရီကျော်ခန့် ကားမောင်းရတဲ့ အကွာအဝေးမှာ တည်ရှိနေတဲ့ ကျောက်တုံးသစ်တော ( Stone Forest)  ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံရဲ့ အနောက်ဘက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်ပါတယ်..









ကျောက်တုံးသစ်တော သို့အ၀င်




အဲဒီကျောက်တုံးသစ်တောဆိုတာ ဆန်းကျယ်တဲ့ သဘာဝတရားအရ လူတွေရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ဘဲ သဘာဝအတိုင်း ထူးဆန်းစွာဖြစ်ပေါ်နေတဲ့ ကျောက်တုံး၊ ကျောက်ဆောင်တွေဟာ သစ်တောအုပ်ကြီးတစ်ခုပမာ ဧကပေါင်းများစွာ ကျယ်ဝန်းပြီး မျက်စိတဆုံး အံ့သြဖွယ် တည်ရှိနေပါတယ်..  ကျောက်ဆောင်တွေဟာ သစ်ပင်များသဖွယ် အပေါ်ကိုထောင်မတ်နေပြီး အရွယ်မျိုးစုံ ဖြစ်ပေါ်နေတာကြောင့် မျက်စိပသာဒလဲဖြစ်ပြီး စိတ်ဝင်စားဖို့လဲ ကောင်းလှပါတယ်… ဘူမိဗေဒပညာရှင်များရဲ့ လေ့လာချက်အရ အဲဒီကျောက်တုံးတွေဟာ နှစ်သန်းပေါင်း ၂၇၀ခန့် သက်တမ်း ကြာမြင့်ပြီဖြစ်ကြောင်း သိရပါတယ်.. အဲဒီဒေသဟာ တစ်ချိန်က ပင်လယ်ပြင်ကြီး ဖြစ်ခဲ့ပုံရပြီး နှစ်သန်းပေါင်းများစွာကြာပြီးနောက် တဖြေးဖြေး ပင်လယ်ရေများ နိမ့်ဆင်းသွားသောအခါ ထုံးကျောက်များဟာ ယခုမြင်တွေ့ရသော ကျောက်တုံး သစ်တောသဖွယ် ပုံသဏ္ဍာန်မျိုးစုံ ဖြစ်ပေါ်လာစေတယ်လို့ ဆိုပါတယ်။







အချွန်အတက်များနှင့်









သစ်ပင်တို့နဲ့အပြိုင်







တမျှော်တခေါ်






တကယ့်ကို တောအုပ်ကြီးတစ်ခုပမာ






အရစ်အပိုင်းများစွာ







ရေပတ်လည်ဝိုင်း







ပန်းချီးဆန်ဆန်





ကျောက်တုံးတွေဟာ နဂါးပုံ၊ ငှက်ပုံ၊ မျောက်ပုံ၊ ဆင်ပုံ၊ မှိုပွင့်ပုံ၊ မျှော်စင်ပုံ၊ ပိရမစ်၊ လူစသဖြင့် ပုံသဏ္ဍာန်များမှာ စုံလင်စွာဖြင့် စီကာရီကာ ဒေါင်လိုက် အနေအထားအတိုင်း ဖြစ်ပေါ်နေတာကို  တွေ့ရနိုင်ပါတယ်.. ကျောက်တုံး ကျောက်ဆောင်များဟာ ပေတစ်ရာမှ ၁၃၀ထိ အမြင့်ရှိပြီး အချို့ ကျောက်တုံးများမှာတော့ အင်အားပြင်း ငလျှင်ဒဏ်ကြောင့် နဂိုမူလပုံသဏ္ဍာန် မရှိတော့ဘဲ အပိုင်းပိုင်းပြတ်များ ဖြစ်ပေါ်နေပြီး အချို့ကျောက်ဆောင်များမှာ ရေပတ်လည်ဝိုင်းနေတာကို တွေ့ရပါတယ်။






ရေကန်တွေနဲ့ သာသာယာ







စိမ်းလဲ့ကန်သာ







အေးချမ်းတဲ့ဒီနေရာ








စိတ်ရွှင်လန်းချမ်းမြေ့ဖွယ်






လှမ်းမျှော်ကြည့်ရင်





ကျောက်တုံး သစ်တောတည်ရှိရာ ဥယျာဉ်ကြီးကို ကျောက်တုံးဖြစ်ပေါ်နေတဲ့ ပုံသဏ္ဍာန်များ၊ ကျယ်ဝန်းလှသော နယ်မြေဒေသ အနေအထားများအရ  လေ့လာစရာ နေရာများကို အပိုင်းအလိုက် ခွဲခြားထားကြောင်း သိရပါတယ်. ကျောက်တုံး သစ်တောဥယျာဉ် ဧရိယာအတွင်းမှာဘဲ ထူးခြားဆန်းကျယ်သော ကျောက်လှိုင်ဂူကြီးများ၊ စမ်းချောင်းများ၊ ရေတံခွန်နဲ့  မြေအောက် မြစ်များ၊ သာယာလှပသော ရေကန်ကျယ်ကြီးများလည်း ရှိပါတယ်.. သဘာဝအတိုင်း လှပဆန်းကျယ်စွာ တည်ရှိနေတဲ့ တွေ့ရခဲသော မြင်ကွင်းဖြစ်တာကြောင့် ၂၀၀၇ခုနှစ်မှာ ယူနက်စကို အဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ ရွေးချယ်ခံရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။






ကောင်းကင်ပြာကြီးရဲ့ အောက်မှာ





နှစ်ပေါင်းသန်း၂၀၀ကျော်က ကျောက်ဆောင်များ









ကျောက်တုံးသစ်တော







ကျောက်ဆောင်ထိပ်က မျှော်စင်






ပြုတ်ကျတော့မလိုလို







စိမ်းစိမ်းစိုစို






ကျောက်တုံးသစ်တောရဲ့ အပေါ်စီး မြင်ကွင်း







ဥယျာဉ်ကြီးအတွင်းဝယ်





ယူနန်ဒေသမှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသား မျိုးနွယ်တွေရဲ့ အရောင်အသွေးစုံလင်လှတဲ့ ၀တ်စားဆင်ယင်မှုက နိုင်ငံခြားသားများအတွက် စိတ်ဝင်စားစရာ ဖြစ်စေပါတယ်.. တိုင်းရင်းသားတွေဟာ ရိုးသားအေးဆေးပြီး အလုပ်ကိုလဲ ကြိုးကြိုးစားစား လုပ်လေ့ရှိသလို သီချင်းဆိုခြင်း ကခုန်ခြင်း တို့ကိုလဲ ၀ါသနာကြီးကြကာ သူတို့လူမျိုးစုတွေမှာ စိတ်ဝင်စားဖွယ် ဒဏ္ဍာရီပုံပြင်များလည်း များစွာရှိကြောင်း သိရပါတယ်.. တရုတ်ပြည်ရဲ့ အခြားဒေသများလို ရာသီဥတု ဆိုးဝါးခြင်းမရှိဘဲ ပူနွေးစိုစွတ်တဲ့ဒေသ ဖြစ်တာကြောင့် ခရီးသွားရတာ အဆင်ပြေချောမွေ့ လွယ်ကူစေပြီး နေထိုင်ရတာ သက်သောင့်သက်သာ ရှိတယ်လို့ သိရပါတယ်.. ကျောက်တုံးသစ်တောကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးကာလဟာ စက်တင်ဘာလကနေ နောက်နှစ် မေလ အထိဖြစ်တယ်လို့ သိရပြီး ကားလမ်း၊ ရထားလမ်းတို့ဖြင့် အဆင်ပြေစွာ သွားရောက်နိုင်ကြပါတယ်.. ကျောက်တုံးသစ်တော အတွင်းမှာလည်း လက်ဆောင်ပစ္စည်း အရောင်းဆိုင်များစွာရှိပြီး ဆယ်စွယ်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော လက်မှုအနုပညာ ပစ္စည်းများ၊  တိုင်းရင်းသားတို့ရဲ့ ရိုးဝတ်စုံများ၊ ရိုးရာယဉ်ကျေးမှု ပန်းချီကားချပ်များ၊ အမှတ်တရပစ္စည်းများစွာကို ၀ယ်ယူရရှိနိုင်ပါတယ်..






ယူနန်ဒေသခံ တိုင်းရင်းသူများ






အရောင်အသွေးစုံတဲ့ တိုင်းရင်းသူ လှပျိုဖြူများ







ယူနန်ဒေသခံတိုင်းရင်သားတို့ရဲ့ ရိုးရာယဉ်ကျေးမှု







ကျောက်တုံးသစ်တော ဥယျာဉ်ကြီးထဲကို ဒီလိုကားတွေနဲ့ လှည့်ပတ်ကြည့်ရှုကြပါတယ်..





ကျောက်တုံးသစ်တော ဥယျာဉ်အတွင်း ၀င်ရောက် လည်ပတ်ကြည့်ရှုဖို့ ၀င်ကြေးက တစ်ယောက်ကို တရုတ်ငွေ ၁၇၅ယွမ် ဖြစ်ပြီး မြန်မာငွေ (၂၈,၀၀၀ - ၃၀,၀၀၀ ငွေဈေး အတက်အကျပေါ်  မူတည်) ကျသင့်ပါတယ်။ ဒေသခံတွေရဲ့ အပြောအရ ကူမင်းကို ရောက်လာတဲ့သူဟာ ကျောက်တုံးသစ်တောကို မရောက်ဖူးလိုက်ဘဲ ပြန်သွားတယ်ဆိုရင် အလကား အချိန်ဖြုန်းတာနဲ့တူတယ်.. ကူမင်းကို ရောက်ရကျိုးတောင် မနပ်ဘူးလို့ ဆိုကြပါတယ်။ ကျောက်တုံးသစ်တော တည်ရှိရာ ဥယျဉ်ကြီးကို ခရီးသွား လေ့လာသူများအတွက် မနက် ၈နာရီခွဲမှ ည ၆နာရီထိ ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်. တစ်နှစ်ကို ခရီးသွားပေါင်း ၂သန်းကျော်ခန့် လာရောက် လေ့လာကြပြီး နိုင်ငံခြားသားများရော ပြည်တွင်းခရီးသွားများ အတွက်ပါ ဆွဲဆောင်မှု အားကောင်းလှတဲ့ စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်ပါတယ်.. ၄င်း ကျောက်တုံးသစ်တောကြီးဟာ အေဒီ ၁၃၀၀ခန့်က အုပ်စိုးခဲ့သော “မင်”  မင်းဆက် လက်ထက်ကတည်းက လူသိများ ထင်ရှားတဲ့ နေရာတစ်ခု ဖြစ်ခဲ့ကြောင်းနဲ့ ယခုချိန်မှာလည်း ယူနန်ပြည်နယ်ရဲ့ နံမည်အကျော်ဆုံး နေရာဒေသတစ်ခု ဖြစ်ပြီး နိုင်ငံခြားသားများစွာ လာရောက်ကြတဲ့နေရာတစ်ခု ဖြစ်ပါတယ်..






ဒီနေရာလေးကိုတော့ ကျွန်မစိတ်ဝင်စားမိတဲ့ နေရာလေးတစ်ခုအဖြစ် ရွေးချယ်ပြီး အချက်အလက်များနဲ့ ဓာတ်ပုံများကို ရှာဖွေကာ ပြန်လည် ဝေမျှလိုက်ပါတယ်ရှင်..











Photos and Sources from :




http://www.chinahighlights.com/kunming/attraction/the-stone-forest.htm

http://www.coolpicturegallery.net/2010/01/chinas-270-million-year-old-stone.html

http://www.mywebsite.com and Google

အပြုံးတစ်ခုရဲ့ နောက်ကွယ်








ကျွန်တော်အထက်တန်းကျောင်း စတက်ချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ခုချိန်ထိ မှတ်မှတ်ထင်ထင် သတိရနေခဲ့မိပါတယ်… အဲဒီနေ့က ကျောင်းဆင်းလို့ အိမ်အပြန်မှာ ကျွန်တော်နဲ့ မလှမ်းမကမ်း ကျွန်တော့်ရှေ့နားမှာ တစ်ယောက်တည်း လျှောက်နေတဲ့ အတန်းထဲက ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရပါတယ်.. သူ့ကြည့်ရတာ လက်နှစ်ဖက်လုံး ပြည့်အောင် စာအုပ်တွေ ပွေ့ပိုက်လို့ ထားတာကြောင့် ရှိသမျှ ကျောင်းစာအုပ်တွေအားလုံး အိမ်ကို ပြန်သယ်ယူလာပုံရတယ်... သူ့ကိုကြည့်ပြီး ကျွန်တော်တွေးလိုက်မိပါတယ်.. “ဘာကြောင့်များ ဒီနေ့လို သောကြာနေ့မျိုးမှာ စာအုပ်တွေ အားလုံး အိမ်ကို သယ်ပြီး ပြန်ရတာပါလိမ့် .. ဒီကောင်ဟာ ကပ်သီးကပ်သပ် ကောင်စားမျိုးဘဲ ထင်ပါတယ်.. ကျွန်တော့်မှာတော့ ဒီပိတ်ရက်မှာ သွားလာ လည်ပတ်ဖို့ စဉ်းစား စီစဉ်ထားတာတွေက အများကြီးပါဘဲ.. လျှောက်လည်မယ်.. ဘောလုံးကန်မယ်.. သူငယ်ချင်းတွေနဲ့ ဂိမ်းကစားမယ်.. မုန့်ဆိုင်တွေမှာ မုန့်လိုက်စားကြမယ်.. အိုး.. လုပ်စရာတွေမှ အများကြီးပါဘဲ…. ဒီပိတ်ရက်မှာ သူ့လို စာအုပ်ကြီးတွေ အိမ်ပြန်သယ်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာဖို့ အစီအစဉ်ကို မရှိပါဘူး.. ” စဉ်းစားမိရင်း ကျွန်တော့်ပုခုံးကို အသာတွန့်လိုက်ပြီး လမ်းဆက်လျှောက် လာခဲ့လိုက်ပါတယ်။




အဲဒီလိုလျှောက်လာနေရင်း ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်အရပ်ကနေ ကလေးတစ်အုပ်ဟာ ပြေးပြေးလွှားလွှား ဆော့ကစားလာနေကြတာ တွေ့လိုက်ရပါတယ်.. ကလေးတွေဟာ ကျွန်တော့်ရှေ့ကနေ လျှောက်နေတဲ့ သူ့ကို အရှိန်နဲ့ ၀င်တိုက်မိလိုက်ပြီး သူ့လက်ထဲက စာအုပ်တစ်ပွေ့တစ်ပိုက်ကြီးဟာ မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်.. သူကိုယ်တိုင်လည်း ဖင်ထိုင်ရက် လဲကျသွားပြီး သူတပ်ထားတဲ့ မျက်မှန်ဟာ သူနဲ့ ခပ်လှမ်းလှမ်း ၁၀ပေ လောက်အကွာကို လွှင့်ထွက်သွားပါတော့တယ်.. သူ့မျက်နှာဟာ ရှုံ့မဲ့နေပြီး ကြည့်ရတာ အတော် နာကျင်သွားပုံရပါတယ်.. ပြီးတော့ လွှင့်ကျသွားတဲ့ သူ့မျက်မှန်ကို မြေပြင်ပေါ်မှာ စမ်းစမ်း စမ်းစမ်းနဲ့ လိုက်ရှာနေတာ ကျွန်တော်တွေ့လိုက်ရပါတယ်.. ဒီကောင်ဟာ မျက်မှန်မပါရင် ဘာကိုမှ သဲသဲကွဲကွဲ မြင်နိုင်ဟန် မတူပါဘူး… တစ်ချက်တစ်ချက် မော့လာတဲ့ သူ့မျက်နှာကြောင့် သူ့မျက်ဝန်းမှာလည်း မျက်ရည်စ တစ်ချို့ကို တွေ့လိုက်မိပါတယ်.   သူ့ကိုကြည့်ပြီး ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်သွားတာကြောင့် သူ့အနားကို အမြန်တိုးကပ်သွားကာ မျက်မှန်ကို ကောက်ယူလိုက်ပြီး နှစ်သိမ့်တဲ့အပြုံးလေးတစ်ခုနဲ့ “ကလေးတွေက ဒီလိုပါဘဲ.. သူတို့မှာ ဆော့ဖို့စိတ်ကလွဲလို့ ဘာမှ မရှိကြဘူး ” လို့ပြောရင်း သူ့ကို လှမ်းပေးလိုက်ပါတယ်.. “အိုး ကျေးဇူးဘဲ” သူကလည်း ပြန်ပြုံးပြလိုက်ပြီး ကျွန်တော့်ကို ကျေးဇူး စကား ဆိုပါတယ်။




သူထနိုင်အောင် ကျွန်တော် သူ့ကို ဆွဲထူပေးလိုက်ပြီး သူ့စာအုပ်တွေကိုလဲ ကူကောက်ပေးကာ သူဘယ်မှာနေတယ်ဆိုတာ စကား စ မေးလိုက်ပါတယ်.. သူပြန်ဖြေတဲ့ သူ့နေရပ်လိပ်စာဟာ ကျွန်တော့်အိမ်နဲ့ နီးနီးလေးဆိုတာ ကျွန်တော်သိလိုက်ရပေမဲ့ သူ့ကို အရင်က တစ်ခါမှ ကျွန်တော် မတွေ့ခဲ့ဖူးပါဘူး.. ဒါကြောင့် ကျွန်တော်က “အရင်က ဘာလို့ မတွေ့ဖူးကြတာလဲ” လို့ မေးလိုက်တော့ သူဟာ နံမည်ကြီး ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့ရတာ ဖြစ်ကြောင်း ကျွန်တော်တို့ တက်နေတဲ့ ဒီကျောင်းကို အခုမှ ရောက်တာတာဖြစ်ကြောင်း ပြန်ရှင်းပြပါတယ်.. ကျွန်တော်ကတော့ ကျွန်တော့်ဘ၀မှာ သူပြောတဲ့ ဘော်ဒါဆိုတဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားဘ၀မျိုး ဘယ်တုန်းကမှ မနေခဲ့ဖူးပါဘူး.. ပြီးတော့  သူ့နံမည်က ကာလ်း ဖြစ်ကြောင်းကိုလည်း ကျွန်တော် သိလိုက်ရပါတယ်။




အိမ်ကိုလျှောက်လာတဲ့ လမ်းတစ်လျှောက်လုံး ကျွန်တော်တို့ စကားတွေ ပြောလာကြရင်း  ကာလ်းရဲ့ စာအုပ်တစ်ချို့ကို ကူပြီး ကိုင်ပေးလာခဲ့ပါတယ်. ခုတော့လည်း ပြုံးပြုံးရွှင်ရွှင် စကားတပြောပြောနဲ့ ကာလ်းဟာ လူရည်သန့် လူငယ်လေးတစ်ယောက် ဖြစ်နေပြန်ပါပြီ။ ကျွန်တော်က ကာလ်းကို “ဘောလုံးကစားဖို့ ၀ါသနာပါသလား” လို့မေးတော့ သူက “ပါတယ်” လို့ပြန်ဖြေပါတယ်.. ဒီတော့ သူ့ကို မနက်ဖန် ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားမဲ့ ဘောလုံးပွဲမှာ ပါဝင်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. ကျွန်တော့်အိမ်ရှေ့ရောက်တော့လည်း အိမ်ထဲကို ၀င်ထိုင်ဖို့ သူ့ကို ဖိတ်ခေါ်လိုက်ပြီး ကျွန်တော့်ဆီမှာရှိနေတဲ့ ဂိမ်းတစ်ချို့ကို သူနဲ့အတူတူ ကစားကြပါတယ်.. ညပိုင်းလောက်မှာမှ အိမ်မှာဘဲ မေမေကျွေးတဲ့ ညနေစာကို စားပြီး သူပြန်သွားခဲ့ပါတယ်.. နောက်နေ့ ပိတ်ရက်၂ရက်လုံးလုံး ကာလ်းဟာ ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကစားကြရင်း အချိန်ကုန်သွားခဲ့ပါတယ်.. သူ့ကိုလည်း ကျွန်တော်အပါအ၀င် ကျွန်တော့သူငယ်ချင်းတွေက ခင်မင်ကြသလို သူကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။




နောက်တနင်္လာနေ့မနက်ရောက်တော့  ကာလ်းဟာ သောကြာနေ့တုန်းက ကျောင်းကနေအပြန် သယ်သွားတဲ့ စာအုပ်အပုံကြီးကို ပွေ့ပိုက်ပြီး ကျောင်းသွားဖို့ လျှောက်လာပါတယ်.. သူ့ကိုတွေ့တော့ ကျွန်တော်က ရပ်စောင့်နေလိုက်ပြီး “မင်း ဒီပုံစံအတိုင်းသာ စာအုပ်တွေ နေ့တိုင်း သယ်မယ်ဆိုရင် မင်းလက်မောင်း ကြွက်သားတွေ ပိုကြီးလာတော့မှာ သေချာတယ်” လို့ ကျွန်တော်သူ့ကို နောက်လိုက်ပါတော့တယ်. သူက ရယ်မောလိုက်ပြီး ကျွန်တော့်ကို သူ့လက်ထဲက စာအုပ်တစ်ချို့ လှမ်းပေးလိုက်ပါတယ်. အဲဒီအချိန်ကစလို့ ကာလ်းနဲ့ ကျွန်တော်ဟာ သိပ်ကို ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်.. အထက်တန်းတက်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း သူနဲ့ကျွန်တော်ဟာ အခင်ဆုံးသူတွေအဖြစ် တောက်လျှောက်တွဲလာခဲ့ကြပါတယ်.. သေချာပေါင်းကြည့်လေ ကာလ်းမှာ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အကျင့်စရိုက်မျိုး ရှိလေ ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်.. သူဟာ သူငယ်ချင်းတွေအပေါ် သိပ်ကို စိတ်ရှည်သီးခံတတ်ပြီး စိတ်ကောင်းလဲရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။




အထက်တန်းကျောင်းမှာ ၄နှစ်တိတိ ကားလ်းနဲ့ ကျွန်တော် ငယ်ပေါင်းကြီးဖော်တွေလို ချစ်ခင်ရင်းနှီးစွာ ပေါင်းဖြစ်ကြပါတယ်.. အထက်တန်း နောက်ဆုံးနှစ်မှာတော့ တက္ကသိုလ်တက်ဖို့ စဉ်းစားကြတဲ့အခါ ကျွန်တော်က Georgetown ကို သွားဖို့ စဉ်းစားပြီး သူကတော့ ဆရာဝန်လုပ်ဖို့အတွက် Duke တက္ကသိုလ်ကို တက်မယ်လို့ ပြောပါတယ်.. ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့၂ယောက်ကြား ဘာတွေဘဲခြားနေနေ အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ဆက်ပြီး ရှိနေကြမှာပါ။ အဲဒီအထက်တန်း နောက်ဆုံးနှစ်မှာ ကာလ်းဟာ ဂရိတ်ကောင်းကောင်းနဲ့ အောင်မြင်တဲ့အပြင် တစ်ကျောင်းလုံးမှာ အမှတ်အများဆုံးသူ တစ်ယောက်လဲ ဖြစ်တာကြောင့် အထက်တန်းအောင်မြင်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲသဘင်မှာ စကားပြောဆိုဖို့ ရွေးချယ်ခြင်းခံရပါတယ်.. သူရဲ့ အောင်မြင်မှုအတွက် ကျွန်တော်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။




အခုတော့ ဒီနေ့ကျင်းပတဲ့ ဂုဏ်ပြုပွဲနေ့မှာ စင်ပေါ်စကားတက်ပြောရမဲ့ ကားလ်ဟာ အထူး ကြည်လင်ရွှင်ပျနေတဲ့ ပုံစံရှိပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ လူငယ်တစ်ယောက်ရဲ့ ဟန်ပန်ကို သေသေချာချာ တွေ့မြင်ရပါတယ်.. လွန်ခဲ့တဲ့ ၄နှစ်လောက်က စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော်စတွေ့ခဲ့တဲ့ ပုံဏ္ဍာန်နဲ့ ကွာခြားချင်တိုင်း ကွားခြားလို့ နေပါပြီ။ မျက်မှန်တပ်ဆင်ထားပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ် ကျကျနန ၀တ်ဆင်ထားတတ်တဲ့ သူ့ပုံက လူရည်မွန် လူရည်သန့် ပုံစံအပြည့်နဲ့မို့ ကျွန်တော်ကတောင် ပြန်ပြီး မနာလိုရလောက်အောင် မိန်းခလေးတိုင်း စိတ်ကူးယဉ်ချင်စရာ ဖြစ်လို့နေပါတယ်.. တွေ့ကာစနေ့က  ကပ်သီးကပ်သပ် လူတစ်ယောက်လို့ ထင်ခံခဲ့ရဖူးတဲ့ ကာလ်းတစ်ယောက်ဟာ ခုကျတော့ ကျွန်တော်တို့ကပြန်ပြီး အားကျငေးမောနေရတဲ့ သူတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ စင်ပေါ်တက်ပြီး စကားပြောဖို့တော့ အနည်းငယ် တုန်လှုပ်နေဟန်ရှိတဲ့ သူ့မျက်နှာပေးကြောင့် ကျွန်တော်က သူ့ကြောကို ပုတ်လိုက်ပြီး  “သူငယ်ချင်း.. အားတင်းထား.. မင်းဟာ သူများတကာထက် တော်တဲ့သူဆိုတာ မမေ့နဲ့.. အေးဆေး ဟုတ်ပြီလား။” လို့ ပြောပြီး အားပေးလိုက်တော့  ကျွန်တော့်ကို ပထမဆုံး စတွေ့စ နေ့က သူပြုံးပြခဲ့ဖူးတဲ့ ကျေးဇူးတင်အပြုံးလေးကို ပြန်ပြုံးပြလိုက်ပြီး “ကျေးဇူးဘဲ သူငယ်ချင်း” လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။




သူစင်ပေါ်မှာ စကားပြောရမဲ့အလှည့် ရောက်တော့ တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့ပါပြီ။ အေးဆေးစွာဘဲ စင်ပေါ်ကိုလျှောက်သွားခဲ့ပြီး မိုက်ကရိုဖုန်းအရှေ့မှာ ရပ်လိုက်ကာ လည်ချောင်းကို တစ်ချက်ရှင်းလိုက်ရင်း စကားစပြောပါတော့တယ်.. သူပြောတဲ့ စကားတွေက “ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အထက်တန်းအောင် မြင်ပြီးဆုံးတဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲနေ့ ဖြစ်ပါတယ်.. ဒီနေ့မှာ ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံး  ကျွန်တော်တို့ကို ကူညီခဲ့ကြသူများကို ကျေးဇူးတင်စကား ဆိုရမဲ့နေ့လည်း ဖြစ်ပါတယ်.. ကျွန်တော်တို့ကို ယခုဒီအခြေအနေအထိ ရောက်အောင် ကူညီပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မိဘတွေ၊ ဆရာတွေ၊ မွေးချင်း ညီအစ်ကို မောင်နှမတွေ။ နည်းပြတွေ နောက်… အထူးသဖြင့် အတူတူ ကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို ကျးဇူးတင်စကား အထူးဆိုချင်ပါတယ်... ပြီးတော့လဲ ကျွန်တော်ဒီနေ့ ဒီနေရာကနေ သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြစ်နိုင်သော လက်ဆောင်တစ်ခု ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်.. ”




အဲဒီလို စကားအစချီပြီး ကျွန်တော်ရဲ့ သူငယ်ချင်း ကာလ်းဟာ ဇာတ်လမ်းလေးတစ်ခုကို အစပျိုးတော့တာပါဘဲ.. သူပြောနေတဲ့ အကြောင်းအရာတွေကို မယုံနိုင်ခြင်းများစွာနဲ့ ကျွန်တော်ဟာ မျက်လုံး အပြူးသား၊ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိပါတယ်.. ကာလ်းပြောပြနေတဲ့ အကြောင်းအရာဟာ သူနဲ့ ကျွန်တော် ပထမဦးဆုံး စတွေ့တဲ့ ရက်အကြောင်းကို ပြောပြနေတာ ဖြစ်ပါတယ်.. သူဟာ သူ့အမေနဲ့ အကြီးအကျယ် စကားများတာကြောင့် အဲဒီ အပတ်ကျောင်းပိတ်ရက်မှာ သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံဖြတ်လိုက်ပြီး ကျောင်းက သူရဲ့ လော်ကာကို သန့်ရှင်းရေးလုပ်ပါတယ်.. တစ်ခြားသူတွေအတွက် သူ့ပစ္စည်းတွေက အနှောက်အယှက် မဖြစ်စေချင်တာကြောင့် အဲဒီထဲမှာ ထည့်ထားတဲ့ သူပိုင်ပစ္စည်းနဲ့ စာအုပ်တွေအားလုံးကို အိမ်အပြန်မှာ သယ်ယူလာခဲ့တယ်လို့ ဆိုပါတယ်.. ဒါကြောင့် သူနဲ့ ပထမဆုံး စတွေ့တဲ့နေ့က  စာအုပ်တွေတနင့်တပိုးနဲ့ မနိုင်မနင်း ရှိနေခဲ့တဲ့ သူ့ပုံစံကို ကျွန်တော် ပြန်သတိရလိုက်မိပါတယ်။




ကာလ်းဟာ စင်ပေါ်ကနေ ကျွန်တော့်ကို ပြုံးပြလိုက်ပြီး စကားဆက်ပြောနေခဲ့ပါတယ်.. “တကယ့်ကို ကျေးဇူးတင်စရာပါဘဲ.. ကျွန်တော်ဟာ အလွန်တရာ ကံကောင်းလှစွာဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်..  အဲဒီနေ့  ကျောင်းကအပြန် စာအုပ်တွေ မနိုင်မနင်းနဲ့ ကျွန်တော့်ကို  အပြုံးလေးတစ်ခုနဲ့ ရောက်လာပြီး လာကူညီတဲ့ ကျွန်တော့်သူငယ်ချင်း ဖြစ်လာမဲ့သူဟာ ဟောဟိုမှာ ထိုင်နေတဲ့ ဒယ်နီရယ်ပါ..”  သူက ကျွန်တော့ကို လက်ညိုးညွှန်လိုက်ပါတယ်.. ပြီးတော့ ဆက်ပြောတာက “ ကျွန်တော့်ကို ပြုံးပြလိုက်တဲ့ သူ့အပြုံးဟာ ကျွန်တော့်ရင်ထဲအထိ ရောက်သွားခဲ့ပြီးနောက် သူနဲ့တွေ့ပြီး သူငယ်ချင်းဖြစ်သွားတဲ့ ကျွန်တော်ဟာ ခင်မင်စရာကောင်းတဲ့ သူ့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေမဲ့အစီအစဉ် ပျက်သွားခဲ့ရပါတယ်.. အဲဒီနောက်မှာတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကျောင်းသားဘ၀ကို သူနဲ့အတူတူ ဖြတ်သန်းကုန်ဆုံးလာရင်း ဒီနေ့မှာ ကျွန်တော်ဟာ အခု အခြေအနေကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်.. မမျှော်လင့်တဲ့ အဲဒီနေ့က သူ့ရဲ့ အပြုံးနဲ့အတူ အကူအညီလေးတစ်ခုဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်.. ဒါကြောင့်လည်း သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတစ်ခုလည်း ဖြစ်နိုင်ကြောင်းပြောကြားရင်း ကျွန်တော့်သူငယ်ချင်း ဒယ်နီရယ်ကို ကျေးဇူးအထူး တင်ပါတယ်လို့ ပြောပါရစေခင်ဗျာ… ”  လို့ စကားကို ဆုံးအောင်ပြောသွားခဲ့ပါတယ်။




ကားလ်ရဲ့ စကားအဆုံးမှာ ကားလ်ရဲ့ အဖေနဲ့အမေဟာ ထိုင်ရာက ထလာပြီး ကျွန်တော့်ကို ကျေးဇူးတင်စကား လာရောက်ပြောကြားပါတယ်. ကာလ်းအမေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်စ တစ်ချို့နဲ့ပါ။ ကျောင်းသားတွေ အားလုံးကလည်း ကျွန်တော့်ကို ဂုဏ်ယူတဲ့အပြုံးတွေနဲ့ လှိုက်လှဲစွာပြုံးပြလို့ လက်ခုပ်သြဘာ ပေးနေခဲ့ကြပါတယ်.. အိုး လူတစ်ယောက်ရဲ့ ဘာမှ မပြောပလောက်တဲ့ အပြုအမူလေး တစ်ခုဟာလည်း တစ်ခြားသူတစ်ယောက်အတွက် အကြီးမားဆုံး ပြောင်းလဲမှုကို ပေးနိုင်တယ်ဆိုကာ ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါပြီ။ မရည်ရွယ်ပါဘဲနဲ့ ကျွန်တော်တို့တွေရဲ့ လုပ်ရပ်၊ အပြုအမူ  အသေးအမွှားလေး တစ်ခုခုဟာ တစ်ခြားသူအတွက် ကောင်းကျိုးကိုဖြစ်စေ၊ ဆိုးကျိုးကိုဖြစ်စေ ကြီးကြီးမားမား ပြောင်းလဲစေနိုင်တယ် ဆိုလို့ရှိရင် သူတစ်ပါး ထိခိုက် နစ်နာစေနိုင်မယ်လို့ ထင်ရတဲ့ အပြုအမူ၊ အပြောအဆိုမျိုးကို ဘယ်လောက်သေးငယ်တဲ့ ကိစ္စဘဲဖြစ်ဖြစ် မပြောဖြစ်၊ မလုပ်ဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြပြီး ကောင်းကျိုးဖြစ်နိုင်မဲ့ စကားတွေ၊ အပြုအမူတွေကိုသာ ပြောဆို ပြုမူသင့်ကြတယ် မဟုတ်ပါလား.. မမျှော်လင့်ဘဲ အကူအညီလိုအပ်နေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း ဘယ်လောက်ပင်သေးငယ်တဲ့ အကူအညီဖြစ်ပါစေ ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်နော်။ ကိုယ်ပေးလိုက်ရတာ ဘယ်လောက်မှမဟုတ်ပေမဲ့ တစ်ဘက်လူအတွက်တော့ တန်ဖိုးမဖြတ်နိုင်အောင် ပြောင်းလဲသွားတာမျိုးလဲ ဖြစ်နေနိုင်ပါသေးတယ်..





John Deru ရဲ့ One small gesture can change a person's life ကို ဆီလျှော်အောင် ဘာသာပြန်ရေးဖွဲ့ပါသည်။






Photo from Google

တန်ဖိုးထားသင့်ကြသူများ





လူဆိုသည်မှာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဘ၀အခြေအနေကိုလိုက်ပြီး ရင့်ကျက်ပြောင်းလဲလို့ လာတတ်ကြပါတယ်။ ငယ်ရာမှ ကြီးလာကြတဲ့ သဘာဝရဲ့ နိယာမအတိုင်း လူတိုင်းဟာ အသက်ရှည်ရှည် နေခွင့်ရဦးမယ်ဆိုရင်ဖြင့် သက်ကြီးရွယ်အိုဘ၀ကို ဖြတ်သန်းကြရဦးမှာပါ။  အဲဒီလို အသက်ကြီးလာတဲ့ အလုပ်မလုပ်နိုင်တော့သော အသက်အရွယ်၊ ပင်စင်ယူလိုက်ရသော အသက်အရွယ်မျိုး ရောက်လာချိန်များမှာ ငယ်ရွယ်နုပျိုစဉ်ကာလ၊ အလုပ်လုပ်နိုင်တဲ့ သန်မာဖြတ်လတ် ကျန်းမာသန်စွမ်းနေသော ကာလတွေကို ပြန်လည်သတိရတတ်ကြပြီး မိမိလက်ရှိ ရောက်နေသော အခြေအနေ၊ ရရှိလာသော အနေအထားတို့ကို မကျေနပ်စိတ်၊ အားငယ်စိတ် ၊ အထီးကျန်စိတ်၊ အားမလို အားမရစိတ်များ ဖြစ်ပေါ်လာတတ်ကြပါတယ်.. လက်ရှိအရွယ်မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်၊ အလုပ်လဲ ယခင်ကာလတုန်းကလို မလုပ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ စိတ်ဓာတ်ကျတာ၊ အလိုမကျတာတွေ ဖြစ်လာတတ်ကြပါတယ်.. အဲဒီလို ဖြစ်နေတတ်တဲ့ သက်ကြီးရွယ်အို မိခင်ဖခင်၊ အဖိုးအို အဖွားအို တို့ကို အိမ်မှာရှိတဲ့ အိမ်သားတွေက  နားလည်မှုပေးနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။





ကျွန်မတို့ ပါတ်ဝန်းကျင်မှာ  “အိမ်က အဖေက အသက်ကြီးလာလေ စကားများလာလေဘဲ” ..  “အိမ်ကအဖွားက ဗျစ်တောက်ဗျစ်တောက် သိပ်လုပ်တာဘဲ”  ဆိုတဲ့ စကားတွေ မကြာခန ကြားကြဖူးမှာပါ။ ဒါတွေဟာ မိမိတို့အိမ်က အသက်ကြီးလာသူများကို နားလည်မှုပေးနိုင်ခြင်း အားနည်းတာကြောင့် ထွက်ပေါ်လာတဲ့ စကားများ ဖြစ်ပါတယ်. အသက်ကြီးလာသူများဟာ အလုပ်မလုပ်နိုင်တော့တာနဲ့အမျှ သူတို့ကိုယ်သူတို့ အရေးမပါတော့သူများ၊ အခြားသူတွေက လေးစားမှု မရှိကြတော့သူများ ဖြစ်နေပြီလို့ သူတို့ကိုယ်တိုင်ရဲ့ စိတ်က ထင်တတ်ပါတယ်.. ဒီအတွက် စိတ်အလိုမကျမှုများ၊ မကျေနပ်စိတ်၊ အားငယ်စိတ်များကြောင့် စကားများသူများ ဗျစ်တောက်ဗျစ်တောက် လုပ်သူများ ဖြစ်လာတတ်ကြပါတယ်။





ဒီလိုအခြေအနေမျိုးကို အိမ်မှာ ရှိတဲ့လူတွေက နားလည်သိတတ်စိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် ဖေးမကူညီပေးရမှာ ဖြစ်ပါတယ်.…  အသက်ကြီးလာတဲ့ အဖိုးအဖွား၊ မိဘတို့ကို ပစ်ပယ်ထားတာမျိုး၊ ဂရုတစိုက် မလုပ်တော့တာမျိုး မဖြစ်သင့်ပါဘူး… အသက်ကြီးသူတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံဥာဏ်ကောင်းတွေ၊ အတွေ့အကြုံကောင်းတွေ များစွာ ရှိနေတတ်ပါတယ်.. သူတို့ကို နေရာပေးပြီး အရေးကြီး ကိစ္စများကို ဆွေးနွေးတိုင်ပင်ခြင်း၊ မိမိရဲ့ လုပ်ငန်းတိုးချဲ့ရန်ဖြစ်စေ၊ လူမှုရေး၊ စီးပွားရေးကိစ္စများကိုဖြစ်စေ အလေးအနက်ထားကာ အသိပေးခြင်း၊ အကြံဥာဏ်ယူခြင်းများ ပြုလုပ်သင့်ပါတယ်.. အဲဒီလို နေရာပေး ဆွေးနွေးတိုင်ပင်ခြင်း၊ နွေးနွေးထွေးထွေး ဆက်ဆံပေးခြင်းတို့က သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျ အားငယ်စိတ်တို့ကို အထိုက်အလျှောက် လျှော့ပါးစေနိုင်ပါတယ်.. သူတို့ပေးတဲ့ အကြံဥာဏ်တွေကို ကိုယ့်အတွက် မသုံးဖြစ်ဘူဆိုရင်တောင် စကားအလိမ္မာသုံးပြီး အကြောင်းပြချက်လေးတွေ ပေးနိုင်ပါတယ်။





အရေးကြီးတာက သူတို့ကို နေရာပေး၊ အလေးထား တိုင်ပင်တာ၊ အကြံဥာဏ်တောင်းခံတာကို သူတို့ကိုယ်တိုင်က လိုလိုလားလား သဘောကျတတ်ကြတာမျိုးပါ။ အဲဒီလို တိုင်ပင်တာ နေရာပေးတာကိုဘဲ သူတို့အတွက် ငါဟာ “အသုံးကျနေဆဲပါလား” ဆိုတဲ့စိတ်လေး ဖြစ်ပေါ်လာပြီး သူတို့ကိုယ်သူတို့ ကျေနပ်စရာ ဖြစ်နေမှာပါ။ မိအိုဖအိုများကို အချိန်ပေးပြီး စကားပြောဆိုခြင်းကလည်း ဂရုတစိုက် လုပ်ပေးခြင်းတစ်မျိုးပါဘဲ.. အသက်ကြီးချိန်မှာ သူတို့ဟာ စကားပြောဖော်ကို တောင့်တတတ်ကြပါတယ်.. သူတို့ ပြောပြတဲ့ သူတို့ရဲ့ ဇာတ်လမ်းတွေ၊ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို အလေးအနက်ထား နားထောင်ပေးနိုင်ရင်ကိုဘဲ လူကြီးတွေက ကျေနပ်နေကြတာမျိုးပါ။ ပြီးတော့ အခါကြီး ရက်ကြီးများ၊ ဥပုသ်ရက်များတို့မှာ ဘုရားသွားကျောင်းတက် လုပ်နိုင်ဖို့ အလိုက်သတိ စီစဉ်ပေးခြင်း၊ သူတို့ ခင်မင်ရာ သူငယ်ချင်း အပေါင်းဖော်များနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခြင်း၊ လိုက်ပို့ပေးခြင်း တို့ကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်.. မိတ်ဆွေသူငယ်ချင်း၊ ငယ်ပေါင်းကြီးဖော်တွေနဲ့ စကားပြောဆို တွေ့ဆုံခြင်းဟာလည်း အိမ်က အသက်ကြီးသူများကို နုပျိုရွှင်လန်းစေနိုင်တဲ့ အချက်လဲ ဖြစ်ပါတယ်။





အသက်ကြီးသူတွေဟာ အသက်ငယ်ရွယ်သူများထက် စိတ်ဓာတ်ကျဖို့ ပိုပြီး မြန်ဆန် လွယ်ကူပါတယ်.. ယခင်ချိန်တုန်းက သားသမီးများဖြင့် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား နေလာခဲ့ပြီး သားသမီးများ အရွယ်ရောက်လာကာ  တစ်အိုးတစ်အိမ် ထူထောင်သွားခြင်း ကြောင့်လည်းကောင်း၊ တစ်အိမ်တည်း ရှိနေသော်လည်း အလုပ်များလွန်း၍ လူကြီးမိဘကို အချိန်မပေးနိုင်ခြင်း ကြောင့်လည်းကောင်း၊ အိမ်ရှိ လူတွေဟာ လူကြီးတွေနဲ့ တဖြေးဖြေးကင်းကွာလာပြီး လူကြီးတွေ ဖြစ်သူတို့ရဲ့စိတ်မှာ အထီးကျန် အားငယ်စိတ်တွေ ဖြစ်လာတတ်ကြပါတယ်.. အိမ်မှာ ကလေးငယ်လေးတွေ ရှိရင်တော့ လူကြီးတွေဟာ ကလေးတွေကို အဖော်လုပ်ပေးရင်း၊ ကလေးနဲ့အတူ ဆော့ကစား ရယ်မောရင်း ပျော်ရွှင် လန်းဆန်းနေတတ်ကြပါတယ်.. ဒါကြောင့် အိမ်တစ်အိမ်မှာ  ကလေးငယ်လေးတွေရှိရင်လည်း သူတို့တွေက လူကြီးတွေရဲ့စိတ်ကို နုပျိုအောင် လုပ်ပေးနိုင်ကြတာကို တွေ့ရပါတယ်.. အချို့အိမ်ထောင်စုတွေမှာ အသက်ကြီးသူများ အဖိုးအဖွားဖြစ်စေ မိခင်ဖခင်ဖြစ်စေ ၂ဦးလုံး အသက်ရှိထင်ရှားရှိနေခဲ့ရင် သူတို့ နှစ်ဦးသား အပြန်အလှန်ဖေးမရင်း၊ စကားပြောဆိုကြရင်း တိုင်ပင်စရာ အရင်းနှီးဆုံးသူ ရှိနေသေးတာမို့ အထီးကျန်စိတ် နည်းနိုင်ပေမဲ့ အဖိုး တစ်ဦးသာ ကျန်ရစ်ခဲ့ခြင်း မိခင်၊ သို့မဟုတ် ဖခင်တစ်ဦးတည်း ကျန်ရစ်ခဲ့ခြင်း စသည့် အခြေအနေမျိုးမှာတော့ ထိုမိခင်၊ ဖခင်၊ အဖိုးအဖွားဖြစ်သူဟာ စိတ်ဓာတ်ကျ အထီးကျန်တဲ့စိတ်တွေ ဖြစ်ဖို့ ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။







အတုခိုးလွယ်တဲ့ ကလေးသူငယ်တွေရဲ့ ရှေ့မှာ လူကြီးမိဘတွေကို မခန့်လေးစား အပြုအမူ၊ အပြောအဆိုမျိုး ပြောမိဆိုမိခြင်း၊ ပြုမူမိခြင်းတို့ကိုလည်း အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်.. အတုခိုးတတ်တဲ့ ကလေးတွေရဲ့စိတ်မှာ အသက်ကြီးသူတွေကို အရိုအသေ တန်သွားတာမျိုး၊ မလေးမစား ဆက်ဆံလို့ရတယ် ဆိုတဲ့စိတ်မျိုး ၀င်သွားပြီး အတုခိုးသွားနိုင်ပါတယ်.. ကိုယ်အသက်ကြီးလာချိန်မှာ အိမ်မှာရှိတဲ့ အသက်ငယ်ရွယ်သူများက အလေးမထား၊ ဂရုမစိုက် ဆက်ဆံတာမျိုး၊ ကူညီဖေးမမဲ့သူ မရှိ ဖြစ်တာမျိုးဆိုခဲ့ရင် ကျွန်မတို့တွေရဲ့ စိတ်ထဲမှာ ဘယ်လိုများ ခံစားရမလဲဆိုတာ ကြိုတင်တွေးတောပြီး ကိုယ်ချင်းစာစိတ်တွေ မွေးမြူထားရမှာပါ။ ကိုယ်တွေက ကိုယ့်ထက်ငယ်ရွယ်သူ ကလေးတွေရှေ့မှာ လူကြီးသူမတွေကို ရိုသေ လေးစားစွာ ဆက်ဆံပြပါမှ၊ ကျွေးမွေး စောက်ရှောက်တတ်တဲ့ အကျင့်ကောင်းလေးတွေ ပြထားပါမှ၊ အကြင်နာစိတ်တို့နဲ့ ဖေးမ ကူညီပြပါမှ လူငယ်တွေကလည်း အတုခိုးလာကြမှာပါ။ မိမိအသက်အရွယ်ကြီးရင့်ချိန်မှာ ထိုလူငယ်တွေက မိမိကို ပြန်လည် စောင့်ရှောက်ကြမှာ လေးလေးစားစား ဆက်ဆံကြမှာ ဖြစ်ပါတယ်.။ ကျွန်မတို့တွေသည်လည်း တစ်ချိန်ချိန်မှာတော့ မလွဲမသွေ သက်ကြီးရွယ်အိုများ ဖြစ်လာကြရဦးမှာမို့ အသက်ကြီးသူတွေရဲ့ ဒုက္ခ၊ စိတ်အခြေအနေ စတာတွေကို ကြိုတင်တွေးတော စာနာပေးခြင်းဖြင့် သက်ကြီးရွယ်အိုတွေကို အလေးထား ဂရုပြုပြီး စောင့်ရှောက်သင့်ကြပါတယ်။





ကျွန်မ ရှိနေတဲ့ မြို့ကလေးကတော့ သက်ကြီးရွယ်အိုတွေကို ဂရုစိုက် အလေးထားတဲ့ အနေအထားကို နှစ်သက်စဖွယ် တွေ့ရပါတယ်.. မြို့ရဲ့ ပန်းခြံလို နေရာမျိုးတွေ၊ ကွင်းပြင် ကျယ်ကျယ်ပြန့်ပြန့်တွေ ဖန်တီးထားပေးကာ သက်ကြီးရွယ်အိုတွေ စုပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နိုင်ဖို့၊ တီးလုံးနဲ့အတူ စုစုစည်းစည်း ကနိုင်ဖို့ စီစဉ်ပေးထားတာကို တွေ့ရပါတယ်.. ညနေရောက်ပြီဆိုရင် အဲဒီ နေရာလေးတွေမှာ အသက်ကြီးတဲ့ အဖိုးအဖွားအရွယ်တွေ၊ အန်တီ၊ အန်ကယ် အရွယ်တွေဟာ ကက်ဆက်ရယ် အသံချဲ့စက်ရယ် ဖွင့်ပြီး စိတ်ပျော်ရွှင်စရာ တီးလုံးတွေနဲ့ ကိုယ်လက်လှုပ်ရှားကြတာ၊ ကစားကြတာတွေကို နှစ်သက်စဖွယ် တွေ့မြင်ရပါတယ်.. အဲဒီလို အပေါင်းအဖော်တွေနဲ့ ကိုယ်လက်လှုပ်ရှား လုပ်ခြင်းဟာ စိတ်ကျန်းမာခြင်းကိုရော၊ လူကျန်းမာခြင်းကိုပါ အထောက်အကူပေးနိုင်တယ်လို့ ကျွန်မတော့ နှစ်နှစ်ကာကာ ယုံကြည်မိပါတယ်.. ကိုယ်လက်လှုပ်ရှားနေခြင်းအားဖြင့် သွေးလှည်ပတ်မှု ကောင်းသလို၊ ကျန်းမာရေးအတွက်လည်း များစွာ အကျိုးရှိနိုင်ပါတယ်.. လူတွေနဲ့ စုစုရုံးရုံး ပျော်ပျော်ပါးပါး နေနေရခြင်းကြောင့် စိတ်ကိုလည်း ရွှင်လန်းစေနိုင်ပါတယ်.. အထီးကျန်ခြင်း၊ အားငယ်ခြင်း စတာတွေကိုလည်း နည်းပါးစေနိုင်ပါတယ်.. လူတွေဟာ တစ်ဦးတစ်ယောက်တည်း အိမ်မှာ ငုတ်တုတ်ထိုင်ပြီး အထီးကျန် အားငယ်နေရတာမျိုးကို ဘယ်သူကမှ နှစ်သက်ကြမယ် မဟုတ်ပါဘူး။ အဖော်အပေါင်းနဲ့ စုစုဝေးဝေး နေထိုင်ရတာ၊ သွားလာ လှုပ်ရှားနေရတာကို လူတိုင်းသဘောကျ နှစ်သက်ကြမှာပါ။ အဲဒီလို သွားလာ လှုပ်ရှားခြင်းဟာလည်း သက်ကြီးရွယ်အိုတွေကို စိတ်ပျော်ရွှင် ကျန်းမာစေတဲ့ အဓိကအချက်တစ်ခု ဖြစ်ပါတယ်.။







ညနေစောင်းလာပြီဆိုရင် ပျော်ပျော်ပါးပါး ကိုယ်လက်လှုပ်ရှားဖို့ ပြင်






စိတ်လဲပျော်ရွှင် ကိုယ်လဲကျန်းမာ






လူငယ်တွေက ပြန်ပြီး အားကျငေးမောရတဲ့ အနေအထား






ညရောက်သော်လည်း မီးရောင်အောက်မှာ






မောတော့မောတယ်.. ဒါပေမဲ့ ပျော်ပျော်ပါးပါး







အိမ်တစ်အိမ်မှာ လူကြီးမိဘရဲ့ အရိပ်အာဝါသဟာ အလွန်ကို တန်ဖိုးရှိပါတယ်.. ကျွန်မတို့အိမ်မှာ အဖေဟာ အသက် ၈၀ကျော်နေပြီ ဖြစ်တဲ့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး... ၀ါတွင်းကာလတွေမှာ ဘုန်းကြီးကျောင်းသွား၊ ဥပုသ်ယူတတ်ပြီး သာမန်နေ့တွေမှာတော့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ဘုရားရှိခိုး၊ တရားထိုင်ပြီး နေ့လည်နေ့ခင်းတွေဆိုရင် အိမ်ရဲ့ ၀ရံတာလေးမှာ ထိုင်ကာ လမ်းဖြတ်သွားသူတွေထဲက သူ့သိတဲ့သူတွေကို စကားပြောနှုတ်ဆက်၊ သားသမီးတွေက တစ်ုခုပြီးတစ်ခု ကျွေးတာကို စားရင်း နေတတ်ပါတယ်.. အဖေဟာ သူ့သူငယ်ချင်းတွေ လာလည်ရင် ၀မ်းသာအားရ ရှိတာတွေ ချကျွေးပြီး စကားတွေပြောနေတတ်ပါတယ်.. မြို့ရွာ ကိစ္စနဲ့ ပတ်သက်လို့ အကြံဥာဏ်တောင်းဖို့ လာကြသူတွေကိုလည်း ပျော်ပျော်ရွှင်ရွှင် စကားတွေပြော၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း သူသိသမျှ အကြံပေးတတ်ပါတယ်.. အဖေ ခုလို ပျော်ပျော်ရွှင်ရွှင် စကားပြောနေရင် ကျွန်မတို့မှာလည်း ဘေးကနေကြည့်ရင်း စိတ်ချမ်းသာရပါတယ်.. ကျွန်မတို့ မိဘတွေဟာ အလုပ်မလုပ်နိုင်တော့ပေမဲ့ ကျွန်မတို့ရဲ့ စိတ်ထဲမှာတော့ အဖေ၊ အမေ ရှိနေသေးတယ်ဆိုတဲ့ အသိက ကျွန်မတို့ကို စိတ်ရောကိုယ်ပါ လုံခြုံမှု ပေးထားသလို ခံစားရပါတယ်.. မိဘတွေဟာ အသက်အရွယ်ကြောင့် အင်အားနည်းနေပေမဲ့လို့ သားသမီးတွေကိုတော့  လုံခြုံမှု ပေးနိုင်တုန်းပါဘဲ။ အိမ်တစ်အိမ်မှာ လူကြီးသူမ ရှိနေတယ်ဆိုတဲ့ အနေအထားအရ ဘေးပတ်ဝန်းကျင်ကလည်း လေးစားကြပါတယ်။ လူကြီးတွေဟာ သူတို့တွေ စွမ်းဆောင်နိုင်ခဲ့ကြတုန်းကလည်း သားသမီးတွေကို ကျွေးမွေးပြုစုခဲ့ကြ၊ ပညာတတ်အောင်  မြေတောင် မြှောက်ပေးခဲ့သြသလို အလုပ်မလုပ်နိုင်၊ ပိုက်ဆံမရှာနိုင်တော့တဲ့ အချိန်မှာလည်း ကျွန်မတို့ရဲ့ အိမ်ကို အမိုးသဖွယ်၊ ထီးသဖွယ် လုံခြုံတဲ့ အရိပ်အာဝါသကို ပေးနိုင်စွမ်း ရှိနေပါသေးတယ်..





တကယ်တမ်းတော့ အသက်ကြီးရင့်သူတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ရင့်ကျက်သူများ၊ အကြံဥာဏ်ကောင်းတွေ ပေးနိုင်သူများ၊  ဗဟုသုတ ပြည့်စုံသူများ  ဖြစ်ကြပါတယ်.. စိတ်လုံခြုံမှုကိုလည်း ပေးနိုင်စွမ်း ရှိနေတုန်းပါဘဲ။ လူတိုင်းဟာ အဖော်ကို ခုံမင်တတ်ကြတာမို့ သက်ကြီးရွယ်အိုတွေ ဘ၀မှာလည်း အထီးကျန်စိတ်၊ အားငယ်စိတ်များ လျော့ပါးစေဖို့အတွက် သူတို့ကို အဖော်လုပ်ပေးဖို့၊ စကားပြောဆိုပေးဖို့၊ ဂရုတစိုက် ပြုစုပေးဖို့ ၊ ဆွေးနွေးတိုင်ပင်တဲ့ အခွင့်အရေးတွေပေးဖို့ လိုအပ်ပါတယ်..  ပြုစုစောက်ရှောက်သူမရှိ အထီးကျန်နေသော သက်ကြီးရွယ်အိုများကို တွေ့ရင်လည်း မိမိကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ အိုရ၊ နာရဦးမဲ့ ဘ၀ကို တွေးဆပြီး ကိုယ်ချင်းစာစိတ်တို့ဖြင့် တတ်စွမ်းသမျှ ကူညီစောင့်ရှောက်သင့်ကြတယ် မဟုတ်ပါလား။ ဒါကြောင့် သက်ကြီးရွယ်အိုတို့ရဲ့ ဘ၀ကို မခန့်လေးစား ဆက်ဆံခြင်း၊ ဂရုတစိုက် လုပ်ပေးဖို့ မေ့လျော့ခြင်း၊ ပစ်ပယ်ထားခြင်းတို့ မလုပ်ကြဘဲ အလေးအနက် တန်ဖိုးထားကာ ပြုစုစောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းပါရစေရှင်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ဒီပိုစ့်လေးကို အောက်တိုဘာ (၁)ရက် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေးဖြစ်ပါတယ်.. မဝေးလှတော့တဲ့တစ်နေ့မှာ ကိုယ်တိုင် တွေ့ကြုံရတော့မဲ့ အသက်အရွယ်ကြီးသူ တစ်ယောက်ရဲ့ အနေအထားအတွက် ကြိုတင်ပြင်ဆင်ရင်း လူကြီးသူမတွေကို ဂရုစိုက် စောင့်ရှောက်တတ်တဲ့၊ အလေးထားကူညီတတ်တဲ့ စိတ်ကောင်းလေးများကို ကိုယ်တိုင်လည်း မွေးမြူကာ၊ နောင်လာ နောက်သားများကိုလည်း လက်ဆင့်ကမ်းနိုင်ဖို့ ကြိုးစားကြပါစို့လားရှင်။