ရွေးချယ်စရာ လမ်းနှစ်သွယ်



ဂျယ်ရီဆိုတဲ့သူဟာ အရာရာကို အကောင်းမြင်တတ်ပြီး သူတစ်ပါးကိုလည်း ကူညီတတ်တဲ့သူဖြစ်ကာ စိတ်ထားကောင်းတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်.. သူဟာ ပြဿနာတိုင်းကိုလည်း အကောင်းမြင်တဲ့ ရှုဒေါင့်ကနေကြည့်ပြီး ပြောဆို ဖြေရှင်းတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်.. ဒါကြောင့်လည်း သူဟာ သူအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာ ပြိုင်ဘက်ကင်းအောင်တော်တဲ့ မန်နေဂျာကောင်းတစ်ယောက်အဖြစ် အားလုံးက သတ်မှတ်လက်ခံထားရသူ ဖြစ်နေပါတယ်.. ဆိုင်မှာအလုပ်လုပ်နေတဲ့ သူ့လက်အောက်က ၀န်ထမ်းတွေအားလုံး၊ ကျွန်တော်အပါအ၀င် အားလုံးက ဂျယ်ရီကို ချစ်ခင်လေးစားကြပြီး ဂျယ်ရီ့ညွှန်ကြားမှု၊ အုပ်ချုပ်မှုတွေကို စိတ်ပါလက်ပါ လိုက်နာဆောင်ရွက်တတ်ကြတယ်.. ဘာကြောင့်လဲ? မေးချင်စရာပါ.. တစ်ခြားကြောင့် မဟုတ်ပါဘူး.. ဂျယ်ရီရဲ့ အကောင်းမြင်တတ်တဲ့ စိတ်နေ သဘောထားကြောင့်ပါဘဲ။ ဒီအကောင်းမြင်စိတ်ကြောင့်ဘဲ သူဟာ အခြားသူတွေရဲ့ စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတာပါဘဲ။




အလုပ်မှာ တစ်ယောက်ယောက်ဟာ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ပြီ၊ စိတ်ဆိုးစရာတစ်ခုခုနဲ့ ဒေါသတကြီးဖြစ်နေပြီ ဆိုရင် ဂျယ်ရီက အကောင်းဘက်ကနေ ကြည့်ပြီး ဘယ်လို သဘောထားသင့်တယ်၊ ဘယ်လိုဖြေရှင်းရမယ်  ဆိုတာကို ဖြောင်းဖြပြောဆို အကြံပေးတတ်ပါတယ်.. သူပေးတဲ့အကြံ၊ သူပြောပြတဲ့ သဘောထား တွေကြောင့်လည်း ပြဿနာဟာ ပြေလည်သွားတတ်သလို ဒေါသတကြီး ဖြစ်နေသူတွေ ဆိုရင်လည်း စိတ်ပြေငြိမ်းအေး သွားတတ်ကြပါတယ်… ဒီလိုအရည်အချင်းတွေ ရှိနေတဲ့ ဂျယ်ရီဟာ ကျွန်တော့အတွက်တော့ စိတ်ဝင်တစား စပ်စုမေးမြန်းချင်စိတ်တွေ ဖြစ်ပေါ်နေမိတော့တာပါဘဲ။ ဒါကြောင့်လည်း တစ်နေ့မှာ အလုပ်အားချိန် ခဏရတုန်း ကျွန်တော်ဟာ ဂျယ်ရီ့ဆီသွားပြီး မေးခွန်းတွေမေးမိပါတယ်။




“ဂျယ်ရီ လူတစ်ယောက်ဟာ အချိန်တိုင်းတော့ အကောင်းမြင်နိုင်ဖို့ဆိုတာ မလွယ်ဘူးလို့ ကျွန်တော် နားလည်မိတယ်.. ဒါပေမဲ့ ခင်ဗျားကတော့ ဘယ်အရာမဆို အကောင်းမြင်တတ်လွန်းတယ်ဗျာ… ခင်ဗျား ဘယ်လိုများ ဒီလို အကောင်းမြင်နိုင်အောင် ကြိုးစားသလဲဆိုတာ ကျွန်တော် သိပ်သိချင်ပါတယ်.. ”




ကျွန်တော့်အမေးကို ဂျယ်ရီက “ မနက်ခင်းတိုင်း ကျွန်တော် အိပ်ရာက နိုးတဲ့အချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် မေးပါတယ်.. ဂျယ်ရီ မင်းမှာ ရွေးချယ်စရာ လမ်းနှစ်လမ်းရှိတယ်.. ကောင်းတဲ့စိတ်နေစိတ်ထားကို ရွေးမလား၊ မကောင်းတဲ့စိတ်နေစိတ်ထားကို ရွေးမလားလို့ မေးပြီး  ကျွန်တော် ကောင်းတဲ့စိတ်နေစိတ်ထားကို ရွေးချယ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးပါတယ်.. ကျွန်တော့်ဘ၀မှာ မကောင်းတဲ့ အဖြစ်အပျက် ပြဿနာ တစ်ခုခုနဲ့ကြုံတွေ့ရတိုင်း အဲဒီပြဿနာရဲ့ ဖိစီးနှိပ်စက်မှု၊ ဒုက္ခပေးမှုကို ခံယူပြီး စိတ်ဆင်းရဲနေမလားး၊ အဲဒီပြဿနာကို ပြေလည်အောင်ဖြေရှင်းဖို့ အကောင်းဘက်ကနေ ရှုမြင်ပြီး ဖြေရှင်းမလား ဒီလိုမေးပြီး အဲဒီ လမ်းနှစ်သွယ်ထဲကမှ ကျွန်တော်က အကောင်းဘက်ကနေကြည့်ပြီး ဖြေရှင်းနိုင်အောင် ပြေလည်အောင် ကြိုးစားပါတယ်.. ကျွန်တော့်လိုဘဲ တစ်ခြားသူတွေကို ကိစ္စတစ်ရပ်ကို လမ်းနှစ်သွယ်ရှိကြောင်း ပြောပြပြီး ဘယ်လမ်းက ကောင်းတယ်၊ ဘယ်လမ်းကို ရွေးချယ်သင့်တယ်ဆိုတာ သူတို့သိလာအောင်  ပြောဆို လမ်းကြောင်းပေးပါတယ်.. ”




“ခင်ဗျားပြောတာ မှန်ပါတယ် ဂျယ်ရီ.. ဒါပေမဲ့ တကယ်တော့ အရာရာတိုင်းကို အကောင်းမြင်နိုင်ဖို့ လိုက်လုပ်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်လှဘူးနော်. ” ကျွန်တော်က ထပ်ပြီး အထွန့်တက်လိုက်ပါတယ်..




“ဟုတ်ပါတယ်.. မလွယ်ဘူးဆိုတာ ကျွန်တော် လက်ခံပါတယ်.. ဒါပေမဲ့ ကျွန်တော်တို့တွေ ကြုံတွေ့နေရတဲ့ ပြဿနာတိုင်းမှာ ဘယ်လိုရှုမြင်သုံးသပ်မလဲ ဆိုတာ ရွေးချယ်စရာရှိပါတယ်.. ကောင်းတဲ့စိတ်နဲ့ ရှုမြင်သုံးသပ်မလား၊ မကောင်းတဲ့စိတ်နဲ့ သုံးသပ်မလား.. သင်ဘာကို ရွေးရွေး၊ သင်ပြန်ရလာမဲ့ ရလဒ်ကတော့ သင်ရွေးချယ်တဲ့အတိုင်း ဖြစ်မှာပါဘဲ… ကောင်းတဲ့စိတ်နဲ့ အရာရာကို ကြည့်နိုင်လာရင် သင့်မှာ ပူပင်သောကနည်းပြီး စိတ်ချမ်းသာရမယ်.. မကောင်းတဲ့စိတ်နဲ့ ရှုမြင်သုံးသပ်ရင် သင့်စိတ်ဟာ ပူလောင်ဆင်းရဲနေမှာ သေချာပါတယ်.. နောက်ဆုံးတော့ သင်ရွေးချယ်တဲ့လမ်းဟာ သင်ရဲ့ ဘ၀နေနည်း ဖြစ်ပါတယ်.. ”




ဂျယ်ရီရဲ့ စကားက ကျွန်တော့်ရဲ့ စိတ်တံခါးတွေကို ပွင့်သွားစေသလိုပါဘဲ.. လင်းခနဲ ခံစားလိုက်ရတယ်.. သူပြောတဲ့  ရွေးချယ်ပုံကို ကျွန်တော်ကိုယ်တိုင်လည်း သဘောကျ လက်ခံမိပါတယ်.. ဂျယ်ရီ့ကို ကျေးဇူးတင်စကားပြောပြီး သူ့ကိုနှုတ်ဆက်လို့ လုပ်ငန်းခွင်ကို ပြန်ဝင်လာခဲ့ပေမဲ့ သူပြောလိုက်တဲ့ စကားတွေက ကျွန်တော့်နားထဲ ကြားယောင်နေမိတုန်းပါဘဲ။





ဒီလိုနဲ့ မကြာခင်မှာ စားသောက်ဆိုင်ဝန်ထမ်း ဘ၀ကနေ ကျွန်တော် အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုခုကို ဇောက်ချလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်… ကိုယ်ပိုင်အလုပ်လုပ်ဖြစ်တော့ ဂျယ်ရီနဲ့လည်း အတွေ့နည်းသွားခဲ့ပေမဲ့  ကျွန်တော် သူ့ကို မကြာခဏ သတိရနေမိပါတယ်.. အထူးသဖြင့်တော့ ကျွန်တော့်ဘ၀မှာ ရွေးချယ်စရာတွေနဲ့ ကြုံတွေ့လာတဲ့ အခြေအနေမျိုးမှာ ပိုပြီး သတိရတတ်ပါတယ်.. ဂျယ်ရီပြောခဲ့တဲ့ စကားတွေကြောင့်လည်း ကျွန်တော်ဟာ အချို့သော စိတ်ပျက်ဖွယ် အခြေအနေတွေကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး နေထိုင်တတ်လာပါတယ်. ဖြေရှင်းတတ်လာတယ်.. ဒီလိုနဲ့ ကျွန်တော့်ရဲ့ ဘ၀လမ်းကြောင်းတွေမှာ ဘယ်လမ်းကို ရွေးသင့်တယ်ဆိုတာ စဉ်းစားတတ်ခဲ့ပါတယ်။




ဂျယ်ရီနဲ့မတွေ့တာ နှစ်အတော်လေး ကြာပြီးနောက်မှ မထင်မှတ်ဘဲ ဂျယ်ရီ့အကြောင်း ကျွန်တော်ကြားလိုက်ရပါတယ်.. တစ်ခုသောရက်ရဲ့  မနက်စောစောမှာ ဂျယ်ရီဟာ ထုံးစံအတိုင်း စားသောက်ဆိုင်ကို ကြည့်ရှုကွပ်ကဲဖို့ ဘယ်သူမှ မရောက်ခင် အရင်ဆုံးရောက်တတ်တဲ့ အကျင့်အတိုင်း နောက်ဖေးတံခါးကနေ ဆိုင်အတွင်းကို သော့ဖွင့် ၀င်ရောက်သွားခဲ့ပါတယ်..  တံခါးကိုတော့ အခြားဝန်ထမ်းတွေ ၀င်လာနိုင်ဖို့ ဖွင့်ထားခဲ့ပါတယ်.. ဆိုင်ထဲမှာ ရောက်သွားပြီးတဲ့နောက် သူဖွင့်ထားခဲ့တဲ့ နောက်ဖေးတံခါးကနေ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ ဓားပြသုံးယောက်ဟာ တိတ်တဆိတ် ၀င်ရောက်လာခဲ့ပါတယ်.. ဓားပြတွေဟာ မီးခံသေတ္တာကို ဖွင့်ဖို့ ကြိုးစားနေတုန်း ဂျယ်ရီက အပေါ်ထပ်က ဆင်းအလာ ဓားပြတွေကို အတွေ့မှာ ရုတ်တရက် ထိတ်လန့်ပြီး သူ့လက်ထဲက ကိုင်လာတဲ့ ပစ္စည်းတွေ ပြုတ်ကျသွားတော့ ဓါးပြတွေလဲ လန့်ဖြတ်ပြီး သူ့ကို သေနတ်နဲ့ပစ်ချလိုက်ကာ ထွက်ပြေးသွားခဲ့ကြတယ်တဲ့။ အဲဒီမှာ ဂျယ်ရီဟာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါတယ်.. ဒါပေမဲ့ ကံကောင်းစွာနဲ့  အခြားသူတွေရဲ့ ကူညီမှုနဲ့ သူ့ကို ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ပေးခဲ့ကြပါတယ်။




၁၈နာရီကြာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး သီတင်းပတ်ပေါင်းများစွာ ဆရာဝန်တွေရဲ့ စောင့်ရှောက် ကုသမှု ခံယူရပြီးတဲ့နောက် ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်..  သူဆေးရုံကဆင်းပြီး ၆လလောက်ကြာမှ အဲဒီသတင်းကို ကြားပြီး ကျွန်တော် ဂျယ်ရီ့ဆီ ရောက်သွားခဲ့ပါတယ်.. ဂျယ်ရီ့ကိုတွေ့တော့ ဘယ်လိုနေလဲ.. နေလို့ကောင်းရဲ့လား” ဆိုပြီး နှုတ်ဆက်စကား စပြောတော့ ဂျယ်ရီက ပြုးပြုံးရယ်ရယ်နဲ့ ကျွန်တော့်ကို နေကောင်းကြောင်း တုံ့ပြန်ပြီး သူရဲ့ အမာရွတ်ကို ကြည့်မလား လို့ မေးပါတယ်.. ကျွန်တော်က မကြည့်တော့ပါဘူးလို့ ပြန်ပြောလိုက်ပေမဲ့ အဲဒီ ဓားပြတွေကို တွေ့တဲ့အချိန်မှာ စိတ်ထဲ ဘယ်လိုခံစားရသလဲလို့ ထူးထူးဆန်းဆန်း မေးမိပါတယ်။ ဂျယ်ရီ ကျွန်တော့်ကို ပြန်ပြောတာက “အဲဒီအချိန်မှာ ကျွန်တော့်အတွေးထဲဝင်လာတာက ကျွန်တော်ဟာ နောက်ဖေးတံခါးကို ပိတ်ခဲ့ဖို့သင့်တယ် ဆိုတာရယ် ပြီးတော့ ကျွန်တော် သေနတ်ပစ်ခံရပြီး ကြမ်းပြင်ပေါ်လှဲကျနေချိန် ကျွန်တော် တွေးမိတာက ငါ့မှာ ရွေးစရာ လမ်းနှစ်ခု ရှိတယ်.. ငါ် သေချင်သလား ဆက်ပြီး အသက်ရှင်ချင်သေးသလား ဆိုတာကိုပါဘဲ။ ဒီတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပြောမိတယ်.. ငါမသေချင်သေးဘူး ငါအသက်ရှင်ချင်သေးတယ် လို့ ကျွန်တော့်စိတ်ထဲကနေ ထပ်ခါထပ်ခါ ပြောနေမိတယ်..” လို့ ဂျယ်ရီက ကျွန်တော့်ကို ရှင်းပြနေပါတယ်။




“ခင်ဗျား အဲဒီအချိန်လေးမှာ ကြောက်တဲ့စိတ်တွေ မဖြစ်မိဘူးလား… ပြီးတော့ ခင်ဗျား ဒီလောက်ဒဏ်ရာပြင်းတာ သတိမေ့မသွားခဲ့ဘူးလားဗျာ” ကျွန်တော်သူ့ကို မေးလိုက်မိပြန်ပါတယ်..




“ကျွန်တော် အဲဒီအချိန်တွေမှာ သတိ မရတစ်ချက် ရတစ်ချက် ဖြစ်နေခဲ့တာပါ။ ကျွန်တော့်မိတ်ဆွေတွေဟာ ကျွန်တော့်ကို ဆေးရုံပို့တော့ ဘေးကနေ တောက်လျှောက် အားပေးလာကြတယ်.. အဲဒီအသံတွေလည်း ကျွန်တော် နားထဲမှာ ကြားလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့တယ်.. ဒါပေမဲ့ ဆေးရုံထဲရောက်လို့ အရေးပေါ်အခန်းထဲကို တွန်းဝင်သွားကြတဲ့အချိန်မှာ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ မျက်နှာပေါ်က အရိပ်အယောင်တွေကို ကျွန်တော် လှမ်းမြင်လိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော် အရမ်းကို ကြောက်ရွံ့သွားခဲ့မိတယ်.. .. ခင်ဗျားသိလား.. ကျွန်တော် သူတို့ မျက်နှာပေါ်မှာ တွေ့လိုက်တာက ကျွန်တော့်ကို သေလူ တစ်ယောက်အနေနဲ့ သဘောထားနေကြပြီ ဆိုတာပါဘဲ.. ကျွန်တော်ရလိုက်တဲ့ ဒဏ်ရာက သိပ်ပြင်းထန်လွန်းတော့ ကျွန်တော်အသက်ရှင်မယ်လို့ သူတို့က မထင်တော့ဘူးလေ…  ”




“ခင်ဗျား ဘယ်လိုလုပ်ခဲ့သလဲ” ကျွန်တော် စိတ်ဝင်တစား မေးလိုက်မိပါတယ်။




“ဒီတော့ ကျွန်တော် အသက်ရှင်ချင်စိတ် ရှိသေးတယ်၊ ကျွန်တော် သတိရှိနေသေးတယ်ဆိုတာ သူတို့သိအောင် လုပ်ရတော့မယ်လို့ ကျွန်တော် တွေးလိုက်မိတယ်.. အဲဒီအချိန်မှာ တစ်ယောက်ယောက်က ကျွန်တော့်ကို  ကျွန်တော်နဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတစ်ခုခုများ ရှိသလားလို့ အသံကျယ်ကျယ်နဲ့ အော်မေးပါတယ်.. ကျွန်တော် တုံ့ပြန်မှုရှိမရှိကို ဆရာဝန်တွေရော၊ သူနာပြုတွေပါ စောင့်ကြည့်နေခဲ့ကြပုံရပါတယ်..  ကျွန်တော် တစ်ခုခု တုံ့ပြန်မှ ဖြစ်မယ်ဆိုတာ သဘောပေါက်တယ်.. အားလုံးက ကျွန်တော်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေကြတယ်လို့ ကျွန်တော်စိတ်ထဲက ထင်နေတယ်လေ.. အဲဒီအချိန်မှာ ကျွန်တော့်အနေအထားကလည်း တစ်ခုခု တုံ့ပြန်ဖို့မပြောနဲ့ ကျွန်တော့်မှာ အသိအာရုံက လွတ်ထွက်သွားတော့မတတ်တောင် ဖြစ်နေခဲ့တယ်..  ဒါပေမဲ့ ကျွန်တော် အတွေးထဲ ရောက်လာတာက ငါ ဆက်ပြီး အသက်ရှင်မလား၊ အသေခံလိုက်တော့မလား ဆိုတာပါဘဲ… ကျွန်တော် မသေချင်သေးဘူးလေ.. အသက်ရှင်ချင်သေးတယ်.. ကျွန်တော် အသက်ရှင်ကို ရှင်ရဦးမယ်.. ဒီလို အတွေးနဲ့ ကျွန်တော်ဟာ ရှိသမျှအားကို ညှစ်ထုတ်လိုက်ပြီး “ရှိတယ်.. ကျည်ဆန် ” လို့ ကျုံးအော်ပစ်လိုက်ပါတယ်..”





ကျွန်တော့်စိတ်ထဲမှာလည်း ဒီတစ်ကြိမ်မှာလည်း ရွေးစရာ လမ်း၂ခုထဲက အသက်ရှင်ဖို့လမ်းကို ငါရွေးမယ်.. ငါ့ကို မင်းတို့ ခွဲစိတ်ကုသရမယ်.. ငါမှ မသေသေးတာ.. ငါအသက်ရှင်ရဦးမယ်လို့ ဆက်ခါဆက်ခါ ပြောနေခဲ့ပါတယ်.. ဒါနဲ့ဘဲ ဆရာဝန်တွေရဲ့ ကျွမ်းကျင်စွာ ခွဲစိတ်ကုသမှုနဲ့ ကျွန်တော် အသက်ပြန်ရှင်လာခဲ့ပါတယ်.. ကျွန်တော့်ကို ကုသပေးလိုက်တဲ့ ဆရာဝန်ကြီးတွေရဲ့ ကျွမ်းကျင်မှုက တကယ်ကို အံ့သြစရာပါဗျာ.. တကယ့်ကို ကျေးဇူးတင်စရာပါ။ သူတို့ရဲ့ ကုသမှုကြောင့် ကျွန်တော် အသက်ပြန်ရှင်လာရသလို ကျွန်တော့်ရဲ့ မသေချင်သေးတဲ့ စိတ်အင်အားကြီးမားမှုကလည်း ကျွန်တော်အသက်ပြန်ရှင်လာအောင် တွန်းအားပေးလိုက်တဲ့ အရာဘဲ ဖြစ်ပါတယ်.. ” လို့ ပြောပြီး ဂျယ်ရီက သူ့အဖြစ်အပျက် အကြောင်းကို အဆုံးသတ်လိုက်ပါတယ်။




ဟုတ်ပါတယ်.. ဆရာဝန်တွေရဲ့ ကျွမ်းကျင်တဲ့ ခွဲစိတ်ကုသမှုအပြင် ဂျယ်ရီရဲ့ အသက်ရှင်သန်ဖို့ကို လိုလားတဲ့ စိတ်အားထက်သန်မှု၊ သူရဲ့ ရွေးချယ်မှုကသာ သူ့အသက်ကို ကယ်လိုက်တယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း တကယ်ကို နားလည် သဘောပေါက်လိုက်မိတာပါဘဲဗျာ။ လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုဟာ သေခြင်းတရားကိုတောင် ကျော်လွန်သွားနိုင်ခဲ့တယ်ဆိုတာ အံ့သြစရာဘဲ မဟုတ်ပါလား။ ကျွန်တော်တို့ရဲ့ဘ၀မှာ ကြုံလာတဲ့ အခြေအနေတွေမှာ ရွေးချယ်စရာတွေ ရှိနေပါတယ်.. ဘယ်လမ်းကို ရွေးမလဲ။ သင်ဘယ်လို ရှင်သန်နေထိုင်မလဲ… အကောင်းမြင်စိတ်နဲ့လား၊ အဆိုးမြင်စိတ်နဲ့လား… သင်ရွေးချယ်တဲ့အတိုင်း၊ သင့်သဘောထား အတိုင်း သင်နေထိုင်တဲ့ဘ၀မှာ အကျိုးသက်ရောက်မှု ရှိနေမှာဘဲ ဖြစ်ပါတယ်။





WE HAVE TWO CHOICES ( UNKNOWN AUTHOR) ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။





စိတ်အင်အားဖြင့် အရာရာကို အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေရှင်။





မာလာငါးနဲ့ ကြက်ခြေထောက်ချဉ်စပ်





ဒီနေ့တော့ အစားအသောက်အချက်အပြုတ် ၀ါသနာပါသူများအတွက်  မာလာငါး၊ မာလာကြက်ခြေထောက်၊ ကြက်ခြေထောက်ချဉ်စပ်၊ ပြုလုပ်ပုံလေးကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကလေးနဲ့ ရှင်းပြချင်ပါတယ်။





မာလာငါးဟင်း




ပထမဦးစွာ အရွယ်တော် ငါး တစ်ကောင်ဖြစ်စေ မိမိပြုလုပ်မည့် ပမာဏအတိုင်း ၃ကောင်၎ကောင်ဖြစ်စေ ရေဆေး အကြေးခွံထိုးပြီး အပေါ်မှ ဓားဖြင့် မွန်းပါတယ်။ ထို့နောက် အိုးတစ်လုံးထဲ ရေအသင့်တင့်ထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်( ရှိက) ဆား၊အချိုမှုန့်တို့ကိုထည့်ပြီး ငါးကိုပြုတ်ပါတယ်.. အကျက်ညီအောင် ဟိုဘက်ဒီဘက် ဖြေးညင်းစွာ လှန်လှောပေးပါ။








ငါးကို ပုံပျက်ပန်းပျက် ဖြစ်သွားအောင် အကြာကြီးပြုတ်ဖို့မလိုပါ။ အချိန်အနည်းငယ်အတွင်းမှာ ငါးကျက်ပြီဆိုတာနဲ့ ငါးကို အကောင်မပျက်ဆယ်ယူပြီး ပန်းကန်ပြားလေးတစ်ခုထဲမှာ ငါးကိုထားထားလိုက်ပါတယ်..






ငရုပ်သီးကြမ်းမှုန့်(အစပ်ကြိုက်လျှင် များများ) ကြော်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ရှောက်ကော၊ ပါးကော၊ ဟွားကြောင်း (တရုတ်မဆလာများ)အမှုန့်နဲ့ တိုကျန် (တရုတ်ပဲငပိ) ကိုအသင့် ပြင်ဆင်ထားပါတယ်။







တရုတ်ပဲငပိ( တိုကျန်) ပါ။






မာလာအနှစ်ပြုလုပ်ထားပုံ



အစောက ငါးပြုတ်ထားတဲ့အရည်ကို ဆူအောင်ပြန်တည်ပြီး ကော်မှုန့်အနည်းငယ်ကို ရေအေးဖြင့်ဖျော်ပြီး ဆူနေတဲ့ ငါးပြုတ်ရည်ထဲ လောင်းထည့်ကာ တိုကျန်(တရုတ်ပဲငပိ) အနည်းငယ်ကို ထည့်ပြီး ဖြေးဖြေးမွှေပေးပါက အရည်မှာ ပစ်လာပါလိမ့်မယ်.. ဆားအချိုမှုန့် အနေတော်ဖြစ်မဖြစ် မြည်းကြည့်ပြီးနောက် ၄င်းအရည်ကို အသင့်ပြင်ထားသော ငရုပ်သီးကြမ်းကြော်၊  ရှောက်ကော၊ ပါးကောအမှုန့်၊ နှမ်း၊ မြေပဲတို့ဖြင့် ရောနှောကာ နံနံပင်ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးကာ အားလုံးကို ပန်းကန်လုံးတစ်ခုထဲ  ရောမွှေလိုက်ပါတယ်...






မာလာငါး စားလို့ရပြီ



ရောမွှေထားတဲ့ အရည်ကို အစောက ဆယ်ယူထားသောာ ငါးပေါ်လောင်းချလိုက်မယ်ဆိုရင် အခုလို စားချင်စဖွယ် ငါးမာလာဟင်းတစ်ခွက်ကို ရပြီ ဖြစ်ပါတယ်... ဧည့်သည်များကို ဧည့်ခံဖို့ အဆင်ပြေသလို သူငယ်ချင်းတွေနဲ့ အိမ်မှာ ပျော်ပျော်ပါးပါးလုပ်စားဖို့ဘဲ ဖြစ်ဖြစ်၊ အိမ်သားတွေနဲ့ ချက်စားဖို့ဘဲဖြစ်ဖြစ် ပြုလုပ်ရ လွယ်ကူပြီး စားလို့လဲ ကောင်းတဲ့ ငါးမာလာဟင်းပါ။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





မာလာကြက်ခြေထောက်






မာလာကြက်ခြေထောက်






ကြက်ခြေထောက်ကို ရေဆူဆူနဲ့ပြုတ်ပါတယ်..



မာလာကြက်ခြေထောက် ပြုလုပ်ပုံမှာလည်း အထက်ပါနည်းအတိုင်း အတူတူဖြစ်ပါတယ်.. ပထမဦးစွာ ကြက်ခြေထောက်များကို ခြေသည်း လှီးဖြတ်၊ ရေစင်အောင်ဆေးပြီး ကြက်သွန်ဖြူ၊ ဂျင်းများထည့်ပြီး ၄င်း ကြက်ခြေထောက်များ နူးအိနေအောင်  ပြုတ်ပါတယ်..  ကြက်ခြေထောက်များ နူးအိပါက အရည်ပြုလုပ်ပုံမှာ အပေါ်ကအတိုင်းဖြစ်ပြီး ပြုတ်ထားတဲ့ ကြက်ခြေထောက်ပေါ် လောင်းချလိုက်ပါက မာလာကြက်ခြေထောက်ဟင်း တစ်ပွဲ ရပါတယ်။






မာလာကြက်ခြေထောက်





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ကြက်ခြေထောက်ချဉ်စပ်စိမ်




ကြက်ခြေထောက်ကို အသီးအရွက်တွေနဲ့ အချဉ်ရည်စိမ်တဲ့ နည်းလေး ပြောပြပါဦးမယ်.. ဒီ ကြက်ခြေထောက် ချဉ်စပ်ကို ယူနန်ပြည်နယ်တစ်ဝိုက်မှာ သွားရေစာအနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားသောက်ကြတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ကြက်ခြေထောက်နဲ့အတူ အချဉ်ရည်စိမ်ထားတဲ့ မုန်လာဥနီ၊ ဥဖြူ၊ သခွားသီးတို့ဟာ ဆတ်တောက်ဆတ်တောက် ချဉ်ချဉ် စပ်စပ်နဲ့  စားရတာ အလွန်အရသာရှိပါတယ်။







ပြုတ်ပြီး ကြက်ခြေထောက်များ






ကြက်ခြေထောက် အချဉ်ရည်စိမ်ဖို့ ကြက်ခြေထောက်တွေကို ပြုတ်ပါတယ်.. ဒီတစ်ခါမှာတော့ အစောတုန်းကလို နူးအိနေအောင် ပြုတ်ဖို့ မလိုပါဘူး။ ကျက်လောက်ရုံ အနေအထားလေးသာ ပြုတ်ပြီး ကျက်တာနဲ့ အအေးခံထားပါတယ်။







ကြက်ခြေထောက်စိမ်ထဲ ထည့်ဖို့ ပြင်ဆင်ထားတဲ့ သခွားသီး၊ မုန်လာဥနီ၊ ဥဖြူ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီး၊ သံပုရာသီး၊ အရိုးဖြူဖြူ ရှည်ရှည်လေးတွေက တရုတ်နံနံလို့ ခေါ်တဲ့ အရိုးတွေပါ။







အစောက အရိုးဖြူဖြူလေးတွေ ဖြတ်ယူထားတဲ့ တရုတ်နံနံပင်ပါ။ အချဉ်ရည်စိမ်တဲ့အခါ အရွက်တွေက အချဉ်ရည်နဲ့စိမ်တာကြာတဲ့အခါ ရိသွားမှာ စိုးတဲ့အတွက် အရိုးကိုသာ ယူပါတယ်။







ရှောက်ကောပါးကောနဲ့ နာနတ်ပွင့်၊ (ဟွားကြောင်း) တရုတ်ငရုပ်ကောင်းစေ့လေးတွေပါ။







ဂျင်းတွေကို အချောင်းသွယ်သွယ်လေးတွေ လှီးဖြတ်ပြီး၊ ကြက်သွန်ဖြူ၊ ငရုပ်သီး သံပုရာသီး အနည်းငယ်တို့ကို ပုံပါအတိုင်း ထည့်ပါတယ်။








တရုတ်နံနံရိုး၊ မုန်လာဥနီ၊ ဥဖြူတို့ကို အချောင်းရှည်ရှည်လေးတွေ ဖြစ်အောင် လှီးဖြတ်ရပါတယ်.. ပြီးနောက် ရှာလကာရည်(သို့) ဗနီကာရည် ထည့်ပြီး သံပုရာသီးကို အရည်ညှစ်လိုက်ပါတယ်.. ပြီးနောက် ရှောက်ကောပါးကော၊ ငရုပ်ကောင်းစေ့ တို့ကို ထည့်ပြီး ရေထပ်ထည့်ကာ ဆား၊အချိုမှုန့်တို့နဲ့ ရောမွှေလိုက်ပါတယ်..









သခွားသီးကိုလည်း သေးသေးရှည်ရှည် လှီးဖြတ်ပြီး ပြုတ်ထားတဲ့ ကြက်ခြေထောက်ပါ ရောပြီး ထည့်လိုက်ပါတယ်။ အချို့ကတော့ ကြက်ခြေထောက်ကို နှစ်ခြမ်း ခြမ်းပါတယ်.. အသီးအရွက်များကို ရေမြုပ်စေရန် အရည်များများထည့်ဖို့ လိုအပ်ပါတယ်..အချဉ်ရည်စိမ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး ၄နာရီ ၅နာရီကြာရင် စားလို့ ရပါပြီ။  ရေခဲသေတ္တာမရှိ၊ မီးမလာလျှင်လည်း အပြင်မှာ ၄နာရီ ၅နာရီ ထားထားလျှင် စားလို့ ရပါပြီ။ အကယ်၍များ ညကတည်းက စိမ်မယ်ဆိုရင် သခွားသီးကို နောက်တစ်နေ့မနက်မှ အချဉ်ရည်ထဲ ထည့်ပါ။ မဟုတ်လျှင် သခွားသီးများ ရိပြီး ပျော့အိသွားတတ်ပါတယ်..








စားခါနီးမှာ ငရုပ်သီးမှုန့်ကို ကြော်ပြီး နှမ်းနှင့်ရောကာ အခုလို လောင်းထည့်ပြီး နံနံပင်လေးနဲ့ မွှေပေးလိုက်လျှင် အရောင်အဆင်းလဲလှ မွှေးလဲ ပိုမွှေးပါတယ်..







ဒါက ဆိုင်မှာရောင်းတဲ့ ကြက်ခြေထောက် ချဉ်စပ်စိမ်ပါ။  ကျွန်မလက်ရာနဲ့ ဘယ်ဟာ ပိုကောင်းမလဲ မြည်းကြည့်ကြပါနော်။  :)








စားဖို့ အဆင်သင့် ဖြစ်နေတဲ့ ကျွန်မရဲ့ ကြက်ခြေထောက် ချဉ်စပ်စိမ် ဖြစ်ပါတယ်။  ကျွန်မကတော့ ကြက်ခြေထောက်ထက်ကို ဥနီဥဖြူ၊ သခွားသီးတို့ကို စားရတာ ချဉ်ချဉ်စပ်စပ်လေးနဲ့ ကျွတ်ကျွတ်မြည်အောင် ၀ါးစားရတာ အလွန်သဘောကျပါတယ်.






မာလာငါးနဲ့ ကြက်ခြေထောက်ချဉ်စပ်ကတော့ ဒီတစ်ပတ် Sunday Special ပါ။ အိမ်မှာ လုပ်စားလို့ အဆင်ပြေကြပါစေရှင်။









အချစ်ရဲ့ လှေကားထစ်လေးများ









လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်လောက်က အသက်၁၉နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ကို မေတ္တာသက်ဝင် ချစ်ခင်မိပါတယ်..  သူချစ်မိတဲ့ မိန်းခလေးဟာ ကောင်လေးထက် အသက်၁၀နှစ် ကြီးတဲ့အပြင် ကလေးရှိတဲ့ မုဆိုးမလေး တစ်ယောက် ဖြစ်ပါတယ်.. ဒီတော့ အချစ်ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းတွေ၊ မိဘ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေက ကလေးအမေ မုဆိုးမလဲဖြစ်၊ ကောင်လေးထက်လဲ အသက်ကြီးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သဘောမတူ ကန့်ကွက်ကြတယ်ပေါ့နော်။   အဲဒီခေတ်ကာလတုန်းက  အသက်အများကြီး ကြီးတဲ့ မုဆိုးမတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့ဆိုတာ သူတို့ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဖြစ်ရပ်တစ်ခုလို့ လက်ကိုင်ထားကြတဲ့ အချိန်လဲ ဖြစ်ပါတယ်။ ဒီတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့အတင်းစကားဆိုမှုတွေ၊ မိဘဆွေမျိုးတွေရဲ့ မကြည်ဖြူမှုတွေကို ရှောင်လွဲနိုင်ဖို့အတွက် ချစ်သူနှစ်ဦးဟာ လူတွေနဲ့ ဝေးတဲ့တစ်နေရာကို ထွက်ပြေးကြပြီး ဘ၀သစ်ကို စကြဖို့ ဆုံးဖြတ်လိုက်ကြကာ သူတို့နေထိုင်တဲ့ မြို့ငယ်ကလေးနဲ့ဝေးရာ တောင်တန်းတစ်နေရာကို ထွက်ပြေးကြပါတော့တယ်။




လူနေမှုအသိုင်းအ၀ိုင်းကနေ ထွက်ပြေးသွားခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ တောင်ပေါ်တစ်ခုက ကျောက်ဂူတစ်ခုထဲမှာ သူတို့ရဲ့ ဘ၀ကို စတင်ခဲ့ကြရတယ်.. အဲဒီမှာဘဲ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အခြေအနေကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်.. သူတို့နေတဲ့ တောင်ထိပ်ရောက်အောင် တက်ဖို့ဆိုတာ လမ်းရယ်လို့လဲ မရှိဘဲ ခက်ခက်ခဲခဲ ကုတ်ကပ် တွယ်တက်မှသာ ရောက်နိုင်ပါတယ်..  လက်ဗလာနဲ့ စတင်ကြတဲ့ သူတို့ဘ၀ဆီမှာ ဘာဆိုဘာမှ မရှိ၊ လျှပ်စစ်မီးမပြောနဲ့ စားစရာတောင် မရှိတဲ့ နေ့ရက်တွေကို တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ရင်း ခက်ခဲစွာ ကျော်ဖြတ်ကြရပါတယ်.. တောင်ပေါ်မှာတွေ့တဲ့ မြက်နုကလေးတွေ၊ စားကောင်းမယ် ထင်ရတဲ့ အရွက်တစ်ချို့နဲ့ သစ်ဥ၊ သစ်မြစ်ကလေးတွေကို စားပြီး အသက်ဆက်ခဲ့ရပါတယ်..  ကောင်လေးဟာ မိန်းခလေးကို အစစအရာရာ ညှာတာပြီး တောတောင်ထဲမှာ ရနိုင်သမျှ အစားအသောက်လေးတွေကို ရှာဖွေလို့ ကျွေးမွေးပြုစုရှာပါတယ်.. အနီးနားဝန်းကျင်မှာ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေတွေကိုလဲ ခုတ်ထွင်ရှင်းလင်းပြီး အသီးအရွက်လေးတွေ ရှာဖွေစိုက်ပျိုးပါတယ်။ ဘ၀က ခက်ခဲပင်ပန်းလွန်းပါတယ်.. ဒါပေမဲ့ သူတို့ ၂ယောက်ဟာ စိတ်မပျက်ဘဲ တစ်ယောက်ကို တစ်ယောက်အားပေးရင်း နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ရတယ်။




ညအချိန်တွေမှာ ထွန်းညှိဖို့ မီးအိမ်လေးတစ်ခုကို ကောင်လေးက သူကိုယ်တိုင် ပြုလုပ်ပြီး သူတို့ဘ၀တစ်လျှောက်လုံး ဒီမီးအိမ်ကို အသုံးပြုခဲ့ကြပါတယ်.. မိန်းခလေးဟာ ကောင်လေးကို အမြဲမေးတတ်တဲ့ မေးခွန်းလေးတစ်ခုက “ မင်း ငါနဲ့အတူတူ ခုလို ဘ၀မျိုးနဲ့ ပင်ပင်ပန်းပန်း နေရတာ နောင်တမရဘူးလားဟင်” ဆိုတဲ့ မေးခွန်းလေးပါ။ ကောင်လေးက “ အချစ်ရယ်.. ငါတို့တွေ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား လုပ်နေကြသားဘဲ။ ငါတို့ဘ၀ အခြေအနေတွေဟာလည်း ခုထက်ပိုပြီး ကောင်းမွန်လာမှာပေါ့။ ခုလဲ မင်းနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေနေရသားဘဲ..  ဘာများ နောင်တရစရာ ရှိသလဲ”  လို့ အမြဲတမ်း ပြန်ဖြေတတ်ပါတယ်။ ဟုတ်သားဘဲနော် ချစ်သူနဲ့ ၂ယောက်အတူတူ နေရရင် ခက်ခဲဆင်းရဲပင်ပန်းပေမဲ့ ချစ်သူမျက်နှာ၊ ချစ်သူအပြုံးကိုကြည့်လို့ အမောဖြေနိုင်သားဘဲလေ။ ဘေးနားမှာ နားလည်ပေးနိုင်စွမ်းရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ ချစ်သူဟာ ကောင်လေးအတွက်တော့ ခွန်အားတစ်ခုဘဲမဟုတ်လား။




အဲဒီတောင်တန်းပေါ်က ဂူလေးတစ်ခုထဲမှာ အတူတူနေထိုင်ကြတာ ၂နှစ်မြောက်တဲ့ အခါမှာတော့ ကောင်လေးဟာ သူချစ်တဲ့ မိန်းခလေးအတွက် တောင်အောက်ကို အလွယ်တကူ တက်ဆင်းပြုနိုင်ဖို့ မာကြောတဲ့မြေသားတွေကို ထွင်းထုပြီး လှေခါးထစ်တွေကို စတင်ပြုလုပ်ပါတော့တယ်… ကောင်လေးဟာ အနှစ် ၅၀ လုံးလုံး တောင်နံရံတွေကို သူကိုယ်တိုင် ထွင်းထုပြီး လှေခါးထစ်တွေ လုပ်လာခဲ့တာ စုစုပေါင်း လှေခါးထစ်လေးတွေ ၆၀၀၀ ကျော်ပါတယ်..  သူဖောက်လုပ်ခဲ့တဲ့ လှေကားထစ်တွေဟာ ချစ်သူအတွက် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ဖောက်လုပ်ခဲ့တာမို့ နှစ်တွေဘယ်လောက်ကြာကြာ ခိုင်ခံ့စွာ တည်ရှိနေမယ်လို့ သူယုံကြည်တယ်လေ။ ဒီလိုနဲ့ သူတို့ ချစ်သူနှစ်ဦးဟာ လူသူမနီး တောင်တန်းကြီးပေါ်က ဂူလေးထဲမှာ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်စွာနဲ့ နှစ်ပေါင်း ၅၀ကျော်တဲ့ အထိအောင် သားတွေ သမီးတွေနဲ့ နေထိုင်ခဲ့ကြပါတယ်။





ဟိုတုန်းက အသက် ၁၉နှစ်အရွယ် ကောင်လေးဟာ အသက်အရွယ်ရလာလို့ အဖိုးအရွယ်ဖြစ်လာတဲ့ အသက်၇၂နှစ်မှာ သူနေ့စဉ် အလုပ်လုပ်နေကျ ယာခင်းလေးဆီကနေ အပြန် အိမ်အရောက်မှာ ရုတ်တရက် လဲပြိုကျသွားပြီး သူချစ်တဲ့ အမျိုးသမီးရဲ့လက်ထဲမှာဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်.. အဖိုးအိုဟာ အသက် သေဆုံးသွားတာတောင် သူ့ချစ်သူရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးမှ အသက် ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အမျိုးသမီးက အသက်၈၂အရွယ် ရှိနေပါပြီ။ အဖွားအိုဟာ နေ့စဉ်နေ့တိုင်းဘဲ သူ့ယောက်ျားရဲ့ အလောင်းထည့်ထားတဲ့ အနက်ရောင်ခေါင်းတလား အစွန်းလေးကို ဆုပ်ကိုင်ပြီး “မင်း ငါ့ကို ကတိပေးခဲ့တယ်လေ. ငါသေတဲ့နေ့အထိ မင်းဟာ ငါ့ရဲ့ အနားကနေ တစ်ဖ၀ါးမှမခွာ ရှိနေပြီး ငါ့ကို စောင့်ရှောက်ပါ့မယ်ဆို။ ငါနဲ့အတူ ရှိနေပါ့မယ်ဆို။ ခုတော့ မင်းက ငါ့ကို အရင်ခွဲသွားခဲ့ပြီနော်။ မင်းမရှိဘဲနဲ့ ငါဘယ်လိုများ ဆက်ပြီး အသက်ရှင်နေထိုင်ရပါ့မလဲ” လို့ တတွတ်တွတ်နဲ့ ပြောဆိုရင်း ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက တစ်လိမ့်လိမ့် စီးကျနေခဲ့ပါတယ်။ အဖွားအိုစိတ်ထဲမှာ သေချာပေါက် တွေးနေပါလိမ့်မယ်.. “ဘာလို့များ သူ့ကိုပါ တစ်ပါတည်း ခေါ်မသွားဘဲ တစ်ယောက်တည်း ချန်ခဲ့ရတာလဲ” လို့။





အသက် ၇၂နှစ်အရွယ် အဖိုးအိုနဲ့ အသက်၈၂နှစ်အရွယ် အဖွားအို





အဖိုးအို  Liu





နှစ်ယောက်အတူ ရှိစဉ်က အဖွားအို Xu ရဲ့ ကြည်ကြည်နူးနူး အပြုံး



ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ တစ်ခုသော ပြည်နယ်မှာ တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ချစ်သူနှစ်ဦး ထွက်ပြေးသွားကြပြီး ရာစုနှစ် တစ်ဝက်လောက်ကြာပြီးတဲ့ နောက် ၂၀၀၁ခုနှစ်မှာမှ  တောတောင်ထဲကို စွန့်စွန့်စားစား ခရီးသွားကြတဲ့ အဖွဲ့တစ်ဖွဲ့ဟာ လူသူမနီးတဲ့ တောကြီးထဲက အဖိုးအိုအဖွားအို စုံတွဲနဲ့အတူ အံ့သြဖွယ် လှေကားထစ်ကလေးတွေကို တွေ့ရှိရာကစလို့ သူတို့၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို လူတွေ သိခွင့်ရသွားကြတာ ဖြစ်ပါတယ်။ အဖိုးအို အဖွားအိုတို့ရဲ့ ၇ယောက်မြောက် သားက “ကျွန်တော့်အဖေနဲ့ အမေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုချစ်ကြပါတယ်.. သူတို့၂ယောက်ဟာ အတူတူနေခဲ့ကြတဲ့ အနှစ်၅၀လုံးလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ရက်ကလေးတောင် ခွဲပြီး မနေခဲ့ကြဖူးပါဘူး.. ကျွန်တော့်အမေဟာ တောင်အောက်ကို အတက်အဆင်း ပြုလုပ်ခဲပေမဲ့ အမေ သက်တောင့်သက်သာနဲ့ အတက်အဆင်းပြုလုပ်နိုင်ဖို့ အဖေဟာ သူကိုယ်တိုင် သူ့လက်နဲ့ တောင်နံရံတွေကို ထွင်းပြီး လှေကားထစ်လေးတွေ စုစုပေါင်း ၆၀၀၀ကျော်ကို နှစ်ပေါင်းများစွာ ဖောက်လုပ်ခဲ့တာပါ။ ” လို့  ပြန်ပြောပြပါတယ်။





ချစ်သူအတွက် ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်များပေါ်မှာ တွဲလက်ခိုင်ခိုင်





နေအိမ်ကလေးရဲ့ အတွင်းမှာ




အချစ်ကြီးကြသူ သူတို့၂ဦးရဲ့ အမှတ်ရစရာ ပုံရိပ်များ



တရုတ်ပြည်မှာတော့ ဒီဇာတ်လမ်းလေးဟာ နံမည်ကျော်ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းလေး တစ်ခုအဖြစ် ထင်ရှားကျော်ကြားလာပါတယ်။ အဲဒီ ဒေသက နယ်မြေ အုပ်ချုပ်သူတွေကလည်း ချစ်သူနှစ်ဦး အတူတူနေထိုင်ခဲ့ကြတဲ့ နေရာလေးနဲ့ အဖိုးအို ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်လေးတွေကို ပြတိုက်လေးတစ်ခု အဖြစ် ထိမ်းသိမ်းစောင့်ရှောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်…. ဒီတော့ ချစ်သူနှစ်ဦးရဲ့ စံပြ အချစ်ဇာတ်လမ်းလေးနဲ့ အမှတ်တရတွေဟာ နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ဖို့ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့နေပေလိမ့်ဦးမယ် မဟုတ်ပါလားနော်။ အချစ်စစ်အချစ်မှန်ရင် အဆင့်အတန်း၊ အသက်အရွယ်၊ အခက်အခဲ အတားအဆီးတွေကို ကျော်လွှားပြီး ဘယ်လောက်တောင် ခက်ခဲပင်ပန်းတဲ့ ဘ၀ကို ရင်ဆိုင်ရသည်ဘဲဖြစ်စေ သက်ထက်ဆုံးတိုင် အတူတကွ ချစ်ခင်မြတ်နိုးစွာ နေနိုင်ကြတယ်ဆိုတာ ဒီဇာတ်လမ်းလေးက အကောင်းဆုံး သက်သေဘဲ မဟုတ်ပါလား။ သို့သော်လည်း နှစ်ဦးစလုံးရဲ့ ရင်ထဲမှာတော့ ခိုင်မာစွဲမြဲတဲ့ ချစ်ခြင်းမေတ္တာတရားက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေဖို့တော့ လိုအပ်ပါတယ်နော်။ မဟုတ်ရင်တော့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ရင်ဆိုင်ရတဲ့အခါမှာ စိတ်တူကိုယ်တူ အပင်ပန်းခံ ကျော်ဖြတ်နိုင်ကြလိမ့်မယ် မထင်ပါဘူး။ ချစ်ခြင်းမေတ္တာကို အလေးအနက် တန်ဖိုးထားကြသူများအတွက် “အချစ်ရဲ့လှေကားထစ်လေးများ” က အင်အားတစ်ခု ဖြစ်နိုင်ကြပါစေရှင်။




Funzug.com မှ A Love Story of All Time ကို နှစ်ခြိုက်မိသဖြင့် မဖတ်ရသေးသူများ အတွက်ရော၊ ဖတ်ဖူးပြီးသူများပါ အသစ်တစ်ဖန် ပြည်လည်ခံစားနိုင်ဖို့ ဘာသာပြန်ကာ ပြန်လည် မျှဝေပါသည်။





စစ်မှန်သော ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ ခိုလှုံနိုင်ကြပါစေရှင်။







အဖေနဲ့ ဟင်းချက်ကောင်းတဲ့ ညီမလေး









ကျွန်မတို့ မိသားစုမှာ မိသားစုဝင် စုစုပေါင်း ၈ဦး ရှိပေမဲ့ အိမ်ထောင်ကျလို့ အိမ်ကနေ ခွဲထွက်သူတွေ၊ စီးပွားရေးကြောင့် ၊ အလုပ်ကြောင့် အိမ်မကပ်နိုင်သူတွေ၊ တစ်နယ်တစ်ကျေး ရောက်နေသူတွေနဲ့မို့ အိမ်မှာ အိမ်သားအားလုံး စုံစုံညီညီ မရှိပါဘူး။ အမြဲတမ်း အိမ်မှာ ပင်တိုင် ရှိသူကတော့ အသက်ကြီးနေပြီဖြစ်တဲ့ ကျွန်မတို့အဖေပါ။ အဖေ့ကို အနီးကပ် ပြုစုစောင့်ရှောက်သူ၊ အဖေအတွက် ကောင်းနိုးရာရာလေးတွေ စဉ်းစားပြီး ချက်ကျွေးသူက ကျွန်မတို့ရဲ့ ညီမအငယ်ဆုံးလေးပါ။  ညီမလေး  ချက်ကျွေးတဲ့ဟင်းတွေကို ကောင်းကောင်းဆိုးဆိုး အဖေက အမြဲ အားပေးနေရတာပေါ့နော်။ ဒီပိုစ့်လေးကို ပေါ့ပေါ့ပါးပါး ရွှင်ပြုံးစရာလေးအဖြစ် ဖတ်ရှုနိုင်ဖို့ အဖေ့ရဲ့ ကပ်သီးကပ်သပ် စကားတွေနဲ့ ကျွန်မ ညီမလေးရဲ့ ဟင်းချက်ကောင်းပုံများ အကြောင်းကို အင်တာနက် စာမျက်နှာပေါ် ဖွပါဦးမယ်.. အဲဒီ အကြောင်းတွေကို ကျွန်မရဲ့ ညီမလေးက စာအုပ်ထဲမှာကို Diary သဖွယ် သေသေချာချာရေးပြီး မှတ်သားထားတာပါ။ ကျွန်မက ညီမလေးရေးထားတဲ့ အကြောင်းအရာတွေကို အနည်းငယ် ပြန်ပြင်ဆင်ရေးသားပြီး ဒီနေရာနေ ပြုံးချင်စရာလေးအဖြစ် ပြန်လည် ပြောပြချင်ပါတယ်။





ကျွန်မညီမလေးဟာ အဖေကြိုက်တတ်မယ် ထင်တဲ့ အစားအစာလေးတွေ ဖွယ်ဖွယ်ရာရာ ချက်ကျွေးရင်းနဲ့ “ဘာဟင်းချက်ရင် ကောင်းမလဲ၊ ဘယ်လိုဟင်းဆို အဖေကြိုက်မလဲ” လို့ သူ အမြဲ စဉ်းစားတတ်ပါတယ်.. ဒီလိုနဲ့ တစ်ရက်တော့ “ဝက်စတူးဟင်း ချက်ကျွေးရင် အဖေ ကြိုက်မှာဘဲ” လို့ သူ တွေးမိပါတယ်တဲ့ ။ ဒါပေမဲ့ ခက်တာက ဝက်စတူးဟင်းကို ဘယ်လိုချက်ရမယ်မှန်း ညီမလေးက သေချာမသိပါဘူး။ မသိဘူးဆိုတာထက် သူကိုယ်တိုင်ကလည်း ၀က်သားရော၊ ကြက်သားပါ မစားတော့ အဲဒီ အသားဟင်းချက်နည်းတွေ အကြောင်း မသိတာလည်း မဆန်းပါဘူး။ ဒီတော့ အဖေ့ကို ၀က်စတူးဟင်းကလည်း ချက်ကျွေးချင်၊ ချက်ကလည်း မချက်တတ်ဆိုတော့ အဲဒီချိန်မှာဘဲ ဘေးအိမ်က ဟင်းချက် အရမ်းတော်တဲ့ အန်တီဖြူ ဆိုတဲ့ တစ်ယောက်ကို အိမ်ရှေ့မှာ တွေ့တော့ ညီမလေးက ၀က်စတူးချက်နည်းကို မေးမြန်းပါတယ်။





အန်တီဖြူကလည်း “ဝက်သားကို ရေစင်အောင် ဆေးပြီး ဆား၊ အချိုမုန့်ထည့်၊ ဂျင်း ကို ထောင်းပြီး အရည်ညစ်ထည့်၊ ကြာညို့လေး နည်းနည်းရယ်၊ ဟင်းအနံ့မွှေးအောင်လို့ ကဇော် အရည် နည်းနည်းထည့်ပြီးတာနဲ့ ၀က်သားကိုနယ်၊ ခဏထား၊ ကြက်သွန်ဖြူ ကို နီညိုရောင် သန်းလာအောင် ကျော်ပြီး ဆယ်ထား။ ဝက်သားကို ဆီအိုး ထဲ ထည့် ရေ များများလေးထည့်ပြီး နူးနေအောင် ကြာကြာနှပ်ထား၊ ဝက်သား နူးလို့ရေခမ်းပြီဆို ကြက်သွန်ဖြူကျော် ကို အပေါ်မှာဖြူး ပြီးရင် စားလို့ရပြီ” လို့ ၀က်စတူးချက်နည်းကို ညီမလေးကို ပြောပြပါတယ်တဲ့။ ညီမလေးကလည်း အန်တီဖြူပြောတဲ့နည်းကို သေသေချာချာ လိုက်မှတ်နေတဲ့အအချိန်မှာ သူနဲ့ အန်တီဖြူ စကားပြောနေတာကို ကျွန်မတို့အဖေက ၀ရံတာမှာထိုင်ပြီး ပြုံးစိစိနဲ့ ကျွန်မညီမကို ကြည့်နေပါတယ်။ အဖေ့စိတ်ထဲ “ငါတော့ ၀က်စတူး ကောင်းကောင်းစားရချည်သေးရဲ့” လို့ တွေးပြီး ပြုံးနေသလားတော့ မသိပါဘူး။




ညီမလေးကလည်း ဒီတစ်ခါတော့ အဖေ လျှာလည်သွားအောင် ချက်ကျွေးပစ်လိုက်မယ်လို့ စိတ်ထဲက ကြုံးဝါးပြီး ဈေးကိုသွား၊ ဝက်သားသည်ဆီမှာ ၀က်သားဝယ်ပြီး ပြန်လာပါတယ်.. ဝက်သားကတော့ ၀ယ်လို့ ရခဲ့ပေမဲ့၊ ကဇော်ကတော့ ဝယ်မရခဲ့ဘူးတဲ့။ အန်တီဖြူပြောတဲ့ အတိုင်းချက်ဖို့ရာမှာ ကဇော်တော့ ၀ယ်မရဘူး ဒါပေမဲ့ အရက်ဝယ်သွားမယ်ဆိုပြီး ကဇော်အစား အရက်နည်းနည်း ဝယ်လိုက်ပါတယ်။ အိမ်ပြန်ရာက်တော့ သူက ဝက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်ထည့်၊ ကဇော်ရည်အစား အရက်ကိုထည့်၊ ကြာညို့ထည့်မယ်ဆိုပြီး ပုလင်းကြည့်လိုက်ပြန်တော့ ကြာညို့က ကုန်နေပြီတဲ့။ အဲဒါနဲ့ ချိုတာချင်း အတူတူဘဲဆိုပြီး အိမ်မှာ ရှိနေတဲ့ ထန်းညက်ခဲကို ရေနွေးနဲ့ ကျိုပြီး အဲ့ဒီအရည်ကို ကြာညို့ အဖြစ် ထည့်လိုက်ပါတယ်။ နောက် ဂျင်းကိုထောင်းပြီး အရည်ညှစ်ထည့်ပြီး အားလုံး နှံ့သွားအောင် နှယ်ပြီး ခဏထား ထားလိုက်တယ်တဲ့။ အဲဒီချိန်မှာ ညီမလေးက ကြက်သွန်ဖြူ ကြော်ပြန်တယ်.. ကြက်သွန်ဖြူကြော်တော့ မီးက များပြီး မီးတူးကြက်သွန်ကြော် ဖြစ်သွားပါတယ်။ သူက တူးသွားတဲ့ ကြက်သွန်ဖြူကို အမြန်ဆယ်ထားလိုက်ပြီး ဝက်သားကို ဆီအိုးထဲထည့်၊ ရေများများလေးနဲ့ နှပ်ထားလိုက်ပါတယ်။ ဝက်သားနူးလို့ ရေခမ်းသွားတဲ့အခါ  ၀က်စတူးတော့ ရပြီဟဲ့ ဆိုပြီး ပန်းကန်လုံးထဲကို ခူးခပ်ပြင်ဆင်လို့ ကြက်သွန်ဖြူကြော်နဲ့ နံနံပင်ကို အပေါ်က ဖြူးလိုက်ပါတယ်တဲ့။








အမြင်အရတော့ အနံ့ကလေး မွှေးမွှေးနဲ့ စားချင်စဖွယ် ဝက်စတူးဟင်းလေး ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ သူ ကိုယ်တိုင်ကတော့ ဝက်သား မစားတဲ့သူဖြစ်လို့ မမြည်းကြည့်ပါဘူး။ သူက သူ မစားတဲ့ အသားဟင်းတွေ ချက်ရင်သာ မမြည်းပေမဲ့ သူစားတဲ့ ဟင်းများချက်ရင် ဟင်းအိုးကုန်လုနီးပါး ဖြစ်အောင် မြည်းတတ်သူပါ။ ဟင်းအိုး ကျက်လို့ ချလိုက်ရင် အိုးထဲမှာ ဟင်းက သုံးပုံ တစ်ပုံလောက်ဘဲ ကျန်အောင် သူမြည်းတာနဲ့ ကုန်သွားတတ်ပါတယ်။ ဒါနဲ့ ၀က်စတူးဟင်းချက်ပြီးတော့ တစ်ခြားဟင်းတွေလည်း အကုန်ကျက်တဲ့အခါ ထမင်းပွဲပြင်ပြီး ညီမလေးက အဖေကို ထမင်းစားဖို့ ခေါ်ပါတယ်။ ကျွန်မတို့အဖေက သူချက်ကျွေးတဲ့ ဟင်းကို ဘာမှ မပြောဘဲ  ပြုံးပြုံး ပြုံးပြုံးနဲ့ စားနေတော့ ညီမလေးက “ငါ့ဟင်းတော့ အခြေအနေ ကောင်းပြီ၊ အဖေက ဘာမှ မဆူ၊ မပြောဘူးဆိုတော့ အရသာ ကောင်းလို့ဘဲ နေမယ်” ဆိုပြီး အဖေ ချီးကျူးလေမလားဆိုတဲ့ စိတ်နဲ့ “အဖေ ဘယ်လိုလဲ စားကောင်းရဲ့လား” လို့ အားတက်တရော မေးလိုက်ပါတယ်။





ဒါနဲ့ အဖေက ထမင်းစားနေတာကို ရပ်လိုက်ပြီး ရယ်မောရင်းနဲ့  ကျွန်မညီမလေးကို ပြောလိုက်တာက “ မိဖြူကို ပြန်ပြောပြရအုန်းမယ်။  မင်း ချက်နည်း ပြောပြလိုက်တဲ့ ဝက်စတူးဟင်း လာမြည်းကြည့်စမ်း၊ သိပ်ကောင်းတာဘဲ။ အရသာက ချို ၊ငံ ၊ဖန် ၊ခါး” တဲ့။ (၀က်စတူးချက်နည်း ပြောပြတဲ့အန်တီကို အဖေက မိဖြူလို့ ခေါ်ပါတယ်..)




ညီမလေး ပြန်ပြောပြလို့ ကျွန်မကိုယ်တိုင်လည်း  ရယ်လိုက်ရတာ ဗိုက်တွေတောင် နာပါတယ်.. ကျွန်မတို့အဖေဟာ သူမို့လို့ ဝက်စတူးဟင်း တစ်မျိုးတည်းကို အရသာစုံအောင် ပြောနိုင်တယ်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ကျွန်မ စဉ်းစားမိလိုက်တယ် ညီမလေးချက်တဲ့ ၀က်စတူးဟင်းမှာ ကြာညို့ ကုန်နေလို့ ကြာညို့အစား ထန်းညက်ရည် ထည့်လိုက်တယ်တဲ့ ။ ထန်းညက်ရည်က ဘယ်လောက်တောင် ထည့်လိုက်တယ် မသိတာ။ ငံ တာကလည်း ဝက်သားထဲ ဆား ထည့်လိုက်တာ နည်းနည်း လက်လွန်သွားပုံရပါတယ်.. သူကိုယ်တိုင်က မြည်းမကြည့်တော့ ဘယ်သိပါ့မလဲနော်။ ဖန် မှာပေါ့၊ ခါး မှာပေါ့ ကြက်သွန်ဖြူက မီးတူးတာ ဘယ်လောက်တောင် မဲတူးသွားတယ် မသိ။ ကဇော်ရည် မရှိလို့ ကဇော်ရည်အစား အရက်ထည့်လိုက်တယ်တဲ့.. အရက်လည်း ဘယ်လောက်တောင် ထည့်လိုက်တယ် မသိတာ။ ကျွန်မက  “အရက်ဘယ်လောက်များ ထည့်လိုက်သလဲ ” လို့ ညီမလေးကိုမေးတော့ “ သိဘူးလေ… ကဇော်ကလည်း များများ စားရင် မူးတတ်တယ် အရက်ကလည်း သောက်ရင် မူးတတ်တယ်။ မူးတတ်တဲ့ အမျိုးချင်း အတူတူပဲဆိုပြီး တစ်ခွက်လောက် ထည့်လိုက်တာပေါ့” တဲ့။ တော်သေးတာပေါ့... သူချက်တဲ့ ၀က်စတူးစားပြီး အဖေ မမူးတာ။  ချို၊ငံ၊ဖန်၊ခါး လောက်ဘဲ ဖြစ်သွားတာ ကျေးဇူးတင်ရမယ်.. :)  :)





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




နောက်တစ်ကြိမ်မှာတော့ ညီမလေးက အဖေ့ကို ၀က်ခေါက်ကြော်ကျွေးပါတယ်.. သူကြော်ကျွေးတဲ့ ၀က်ခေါက်ကြော် ကတော့ ဒီလိုပါ။ တစ်ရက်တော့ သူအပြင် သွားရင်း မုန့်ဆိုင်မှာ ဝက်ခေါက်ကြော် အထုပ်လေး တွေ့တာနဲ့ ဝယ်ခဲ့ပြီး အဖေကို ကျွေးပါတယ် ။ ဆိုင်က ၀ယ်လာတဲ့ ဝက်ခေါက်ကြော်လေး ကတော့ ကြွပ်ရွနေတော့ အဖေက တော်တော်များများ စားပါတယ်တဲ့ … အဖေ စားနေတာကို ကြည့်ပြီး “တစ်ရက်ကျရင်တော့ ငါကိုယ်တိုင် ဝက်ခေါက်ကြော် လုပ်ကျွေးပါအုန်းမယ်” လို့  ညီမလေးက တွေးလိုက်မိပါတယ်တဲ့။



အဲဒါနဲ့ ရက် နည်းနည်းလေး ကြာတော့ ဈေးကနေ ဝက်သား ဝယ် ၊ အသားကို ထမင်းနဲ့စားဖို့ ဟင်းချက်ပြီး အခေါက်ကိုတော့ ဆား၊ အချိုမုန့်နဲ့ နှယ်ပြီး နေပူ လှန်းထားလိုက်ပါတယ်။ အဲ့ဒီနေ့က နေလည်း တော်တော်လေး ပူပါတယ်တဲ့။ ဆိုင်တွေကတော့ ဝက်ခေါက်ကို ဘယ်လိုကြော်တယ် မသိပါဘူး။ ကျွန်မညီမကတော့ အဲဒီဝက်ခေါက်ကို တစ်နေ့လုံး နေပူလှန်းပြီး နောက်နေ့မနက်မှာ နေပူလှန်းထားတဲ့အတိုင်းဘဲ
အဖေကို ကြော်ကျွေး လိုက်ပါတော့တယ်။ ထုံးစံအတိုင်း ဝက်သားမစားတော့ မမြည်းကြည့်မိတော့ဘူးပေါ့နော်။ ကြော်ပြီးတဲ့ ၀က်ခေါက်ကို ဒီအတိုင်းပဲ ချကျွေးလိုက်ပါတယ်တဲ့။ ဒီတစ်ခါတော့ ညီမလေးက နပ်သွားပြီ။ စားမကောင်းရင် အပြောခံ နေရမှာမို့ဆိုပြီး အဖေကို “စားကောင်းလား ဘာညာ” ဘာမှ မမေးတော့ဘဲ ၀က်ခေါက်ကြော် ပန်းကန်လေးကို အဖေ့ရှေ့က စားပွဲပေါ် အသာလေးချပြီး အဖေ့ အနားက ထွက်သွားလိုက်ပါတယ်။




ညနေ ရောက်တော့ အဖေ ထိုင်နေတဲ့ ဝရံတာနားလေးမှာ ညီမလေးက သွားရပ်နေပေမဲ့ အဖေကိုတော့ သူ့ဝက်ခေါက်ကြော် ကောင်းမကောင်း ဆိုတဲ့အကြောင်း ယောင်လို့တောင် စကားမဟပါဘူး။ သို့သော်လည်းပေါ့နော် ...  ညီမလေးက မမေးပေမဲ့ အဖေက သူ့ကို ပြောလာပါတော့တယ်။ “အဖေ မင်းရဲ့ဝက်ခေါက်ကြော် တစ်ဖတ်ကို မနက်ကတည်းက ဝါးနေတာ အခု ညနေ ရောက်တဲ့အထိ အဲ့ဒီ ဝက်ခေါက်ကြော် တစ်ဖတ်က ဝါး လို့ မကုန်သေးဘူး” တဲ့။ ပြောလည်း ပြော ရယ်လည်း ရယ်နေပါတယ်။ ကျွန်မ ညီမကလည်း အရမ်း ရယ်တော့တာပေါ့။ သူကြော်ကျွေးတဲ့ ၀က်ခေါက်ကြော်ဟာ မနက်ကတည်းကနေ ညနေရောက်တဲ့အထိ ၀ါးမကုန်နိုင်အောင် ဘယ်လောက်များ မာနေသလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့နော်။




ပြီးတော့ ကျွန်မအဖေက ဆက်ပြီး ပြောပါသေးတယ်။ “ မိဖြူရဲ့ သားကလေး အိမ်လာလည်တော့ မင်းရဲ့ ဝက်ခေါက်ကြော်ကို ကျွေးလိုက်တာ ကလေးက ဝက်ခေါက်ကြော်ကို ဝါးပြီး မြိုချလိုက်တော့ မျက်လုံးတောင် ပြူးထွက် သွားတယ်။ မင်းရဲ့ ၀က်ခေါက်ကြော်ဖတ်က  ကလေး လည်ပင်းနင်ပြီး ဘာများဖြစ်သွားပြီလဲလို့ အဖေတောင် စိတ်ပူသွားတာဘဲ တဲ့။ ညီမလေး ပြန်ပြောပြလို့ ကျွန်မရော ညီမလေးပါ မျက်ရည်တွေထွက်၊ ဗိုက်တွေလည်း နာအောင် ရယ်မိပါတော့တယ်။ တော်ပါသေးရဲ့.. ကလေးများ တစ်ခုခု ဖြစ်သွားရင် သူ့ရဲ့ ၀က်ခေါက်ကြော်ကြောင့်ဆိုပြီး တရားခံ ဖြစ်ရချည်သေးရဲ့။ ဘာဘဲဖြစ်ဖြစ် ၀က်ခေါက်တစ်ဖတ်ကို တစ်နေကုန် ၀ါးနေရတော့ အကုန်အကျ သက်သာတာပေါ့နော်။ ချွေတာရေးစနစ်ကို ကြိုက်သူများ ညီမလေးရဲ့ ၀က်ခေါက်ကြော်နည်းအတိုင်း ကြော်စားကြည့်ပါလို့ နည်းလမ်းကောင်းလေး ပေးလိုက်ပါရစေ။  :)






ကျွန်မရဲ့ ညီမက အဲဒီလို အချက်အပြုတ်ကောင်းသူပါ။ နောက်ထပ်လည်း သူ အဖေ့ကို ချက်ကျွေးတဲ့ ဟင်းတွေအကြောင်း ပြောပြပါဦးမယ်.. အချိန်ရပြီး ကြုံကြိုက်လို့ အိမ်ကို အလည်သွားမယ်ဆိုရင် သူချက်ကျွေးတဲ့ ထမင်းဟင်းကို ကြည့်ကျက်ပြီး သတိနဲ့ စားကြဖို့ မှာကြားလိုက်ပါရစေနော်.. သူကလဲ ဧည့်သည်များ လာလို့ကတော့ လက်စွမ်းပြပြီး တစ်ရက်တစ်မျိုး မရိုးရအောင် ချက်ကျွေးပါလိမ့်မယ်...  ဗိုက်ဆာဆာနဲ့ အားရပါးရ မစားခင်မှာ နည်းနည်းလေးဖြစ်ဖြစ် အရင်မြည်းကြည့်ဖို့တော့ လိုလိမ့်မယ်နော်။ :)  :)



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ဟာသလေးတွေ မဖတ်ရတာကြာပြီ ရေးပါဦးလို့ ဆိုလာသူများအတွက် ပြုံးစရာလေးအနေနဲ့ ရယ်ရယ်မောမော ဖတ်ဖို့ အဖေနဲ့ ညီမလေးအကြောင်း အမှတ်တရ ရေးတာပါ။ ဒီပိုစ့်ရေးလို့ ညီမလေးက စိတ်ဆိုးမယ် မထင်ပါနဲ့။ သူကိုယ်တိုင်ဖတ်ပြီး တခွိခွိနဲ့ ရယ်နေပါတယ်။  :)






ကျောက်တုံးသစ်တောများ

ကျွန်မ အလည်သွားရောက်ချင်တဲ့ နေရာလေးတစ်ခုအကြောင်း ပြောပြချင်ပါသေးတယ်ရှင် .. အဲဒီ နေရာလေးကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမြို့နဲ့ ၁၂၀ ကီလိုမီတာ ( ၇၅မိုင်)  နှစ်နာရီကျော်ခန့် ကားမောင်းရတဲ့ အကွာအဝေးမှာ တည်ရှိနေတဲ့ ကျောက်တုံးသစ်တော ( Stone Forest)  ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံရဲ့ အနောက်ဘက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်ပါတယ်..









ကျောက်တုံးသစ်တော သို့အ၀င်




အဲဒီကျောက်တုံးသစ်တောဆိုတာ ဆန်းကျယ်တဲ့ သဘာဝတရားအရ လူတွေရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ဘဲ သဘာဝအတိုင်း ထူးဆန်းစွာဖြစ်ပေါ်နေတဲ့ ကျောက်တုံး၊ ကျောက်ဆောင်တွေဟာ သစ်တောအုပ်ကြီးတစ်ခုပမာ ဧကပေါင်းများစွာ ကျယ်ဝန်းပြီး မျက်စိတဆုံး အံ့သြဖွယ် တည်ရှိနေပါတယ်..  ကျောက်ဆောင်တွေဟာ သစ်ပင်များသဖွယ် အပေါ်ကိုထောင်မတ်နေပြီး အရွယ်မျိုးစုံ ဖြစ်ပေါ်နေတာကြောင့် မျက်စိပသာဒလဲဖြစ်ပြီး စိတ်ဝင်စားဖို့လဲ ကောင်းလှပါတယ်… ဘူမိဗေဒပညာရှင်များရဲ့ လေ့လာချက်အရ အဲဒီကျောက်တုံးတွေဟာ နှစ်သန်းပေါင်း ၂၇၀ခန့် သက်တမ်း ကြာမြင့်ပြီဖြစ်ကြောင်း သိရပါတယ်.. အဲဒီဒေသဟာ တစ်ချိန်က ပင်လယ်ပြင်ကြီး ဖြစ်ခဲ့ပုံရပြီး နှစ်သန်းပေါင်းများစွာကြာပြီးနောက် တဖြေးဖြေး ပင်လယ်ရေများ နိမ့်ဆင်းသွားသောအခါ ထုံးကျောက်များဟာ ယခုမြင်တွေ့ရသော ကျောက်တုံး သစ်တောသဖွယ် ပုံသဏ္ဍာန်မျိုးစုံ ဖြစ်ပေါ်လာစေတယ်လို့ ဆိုပါတယ်။







အချွန်အတက်များနှင့်









သစ်ပင်တို့နဲ့အပြိုင်







တမျှော်တခေါ်






တကယ့်ကို တောအုပ်ကြီးတစ်ခုပမာ






အရစ်အပိုင်းများစွာ







ရေပတ်လည်ဝိုင်း







ပန်းချီးဆန်ဆန်





ကျောက်တုံးတွေဟာ နဂါးပုံ၊ ငှက်ပုံ၊ မျောက်ပုံ၊ ဆင်ပုံ၊ မှိုပွင့်ပုံ၊ မျှော်စင်ပုံ၊ ပိရမစ်၊ လူစသဖြင့် ပုံသဏ္ဍာန်များမှာ စုံလင်စွာဖြင့် စီကာရီကာ ဒေါင်လိုက် အနေအထားအတိုင်း ဖြစ်ပေါ်နေတာကို  တွေ့ရနိုင်ပါတယ်.. ကျောက်တုံး ကျောက်ဆောင်များဟာ ပေတစ်ရာမှ ၁၃၀ထိ အမြင့်ရှိပြီး အချို့ ကျောက်တုံးများမှာတော့ အင်အားပြင်း ငလျှင်ဒဏ်ကြောင့် နဂိုမူလပုံသဏ္ဍာန် မရှိတော့ဘဲ အပိုင်းပိုင်းပြတ်များ ဖြစ်ပေါ်နေပြီး အချို့ကျောက်ဆောင်များမှာ ရေပတ်လည်ဝိုင်းနေတာကို တွေ့ရပါတယ်။






ရေကန်တွေနဲ့ သာသာယာ







စိမ်းလဲ့ကန်သာ







အေးချမ်းတဲ့ဒီနေရာ








စိတ်ရွှင်လန်းချမ်းမြေ့ဖွယ်






လှမ်းမျှော်ကြည့်ရင်





ကျောက်တုံး သစ်တောတည်ရှိရာ ဥယျာဉ်ကြီးကို ကျောက်တုံးဖြစ်ပေါ်နေတဲ့ ပုံသဏ္ဍာန်များ၊ ကျယ်ဝန်းလှသော နယ်မြေဒေသ အနေအထားများအရ  လေ့လာစရာ နေရာများကို အပိုင်းအလိုက် ခွဲခြားထားကြောင်း သိရပါတယ်. ကျောက်တုံး သစ်တောဥယျာဉ် ဧရိယာအတွင်းမှာဘဲ ထူးခြားဆန်းကျယ်သော ကျောက်လှိုင်ဂူကြီးများ၊ စမ်းချောင်းများ၊ ရေတံခွန်နဲ့  မြေအောက် မြစ်များ၊ သာယာလှပသော ရေကန်ကျယ်ကြီးများလည်း ရှိပါတယ်.. သဘာဝအတိုင်း လှပဆန်းကျယ်စွာ တည်ရှိနေတဲ့ တွေ့ရခဲသော မြင်ကွင်းဖြစ်တာကြောင့် ၂၀၀၇ခုနှစ်မှာ ယူနက်စကို အဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ ရွေးချယ်ခံရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။






ကောင်းကင်ပြာကြီးရဲ့ အောက်မှာ





နှစ်ပေါင်းသန်း၂၀၀ကျော်က ကျောက်ဆောင်များ









ကျောက်တုံးသစ်တော







ကျောက်ဆောင်ထိပ်က မျှော်စင်






ပြုတ်ကျတော့မလိုလို







စိမ်းစိမ်းစိုစို






ကျောက်တုံးသစ်တောရဲ့ အပေါ်စီး မြင်ကွင်း







ဥယျာဉ်ကြီးအတွင်းဝယ်





ယူနန်ဒေသမှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသား မျိုးနွယ်တွေရဲ့ အရောင်အသွေးစုံလင်လှတဲ့ ၀တ်စားဆင်ယင်မှုက နိုင်ငံခြားသားများအတွက် စိတ်ဝင်စားစရာ ဖြစ်စေပါတယ်.. တိုင်းရင်းသားတွေဟာ ရိုးသားအေးဆေးပြီး အလုပ်ကိုလဲ ကြိုးကြိုးစားစား လုပ်လေ့ရှိသလို သီချင်းဆိုခြင်း ကခုန်ခြင်း တို့ကိုလဲ ၀ါသနာကြီးကြကာ သူတို့လူမျိုးစုတွေမှာ စိတ်ဝင်စားဖွယ် ဒဏ္ဍာရီပုံပြင်များလည်း များစွာရှိကြောင်း သိရပါတယ်.. တရုတ်ပြည်ရဲ့ အခြားဒေသများလို ရာသီဥတု ဆိုးဝါးခြင်းမရှိဘဲ ပူနွေးစိုစွတ်တဲ့ဒေသ ဖြစ်တာကြောင့် ခရီးသွားရတာ အဆင်ပြေချောမွေ့ လွယ်ကူစေပြီး နေထိုင်ရတာ သက်သောင့်သက်သာ ရှိတယ်လို့ သိရပါတယ်.. ကျောက်တုံးသစ်တောကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးကာလဟာ စက်တင်ဘာလကနေ နောက်နှစ် မေလ အထိဖြစ်တယ်လို့ သိရပြီး ကားလမ်း၊ ရထားလမ်းတို့ဖြင့် အဆင်ပြေစွာ သွားရောက်နိုင်ကြပါတယ်.. ကျောက်တုံးသစ်တော အတွင်းမှာလည်း လက်ဆောင်ပစ္စည်း အရောင်းဆိုင်များစွာရှိပြီး ဆယ်စွယ်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော လက်မှုအနုပညာ ပစ္စည်းများ၊  တိုင်းရင်းသားတို့ရဲ့ ရိုးဝတ်စုံများ၊ ရိုးရာယဉ်ကျေးမှု ပန်းချီကားချပ်များ၊ အမှတ်တရပစ္စည်းများစွာကို ၀ယ်ယူရရှိနိုင်ပါတယ်..






ယူနန်ဒေသခံ တိုင်းရင်းသူများ






အရောင်အသွေးစုံတဲ့ တိုင်းရင်းသူ လှပျိုဖြူများ







ယူနန်ဒေသခံတိုင်းရင်သားတို့ရဲ့ ရိုးရာယဉ်ကျေးမှု







ကျောက်တုံးသစ်တော ဥယျာဉ်ကြီးထဲကို ဒီလိုကားတွေနဲ့ လှည့်ပတ်ကြည့်ရှုကြပါတယ်..





ကျောက်တုံးသစ်တော ဥယျာဉ်အတွင်း ၀င်ရောက် လည်ပတ်ကြည့်ရှုဖို့ ၀င်ကြေးက တစ်ယောက်ကို တရုတ်ငွေ ၁၇၅ယွမ် ဖြစ်ပြီး မြန်မာငွေ (၂၈,၀၀၀ - ၃၀,၀၀၀ ငွေဈေး အတက်အကျပေါ်  မူတည်) ကျသင့်ပါတယ်။ ဒေသခံတွေရဲ့ အပြောအရ ကူမင်းကို ရောက်လာတဲ့သူဟာ ကျောက်တုံးသစ်တောကို မရောက်ဖူးလိုက်ဘဲ ပြန်သွားတယ်ဆိုရင် အလကား အချိန်ဖြုန်းတာနဲ့တူတယ်.. ကူမင်းကို ရောက်ရကျိုးတောင် မနပ်ဘူးလို့ ဆိုကြပါတယ်။ ကျောက်တုံးသစ်တော တည်ရှိရာ ဥယျဉ်ကြီးကို ခရီးသွား လေ့လာသူများအတွက် မနက် ၈နာရီခွဲမှ ည ၆နာရီထိ ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်. တစ်နှစ်ကို ခရီးသွားပေါင်း ၂သန်းကျော်ခန့် လာရောက် လေ့လာကြပြီး နိုင်ငံခြားသားများရော ပြည်တွင်းခရီးသွားများ အတွက်ပါ ဆွဲဆောင်မှု အားကောင်းလှတဲ့ စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်ပါတယ်.. ၄င်း ကျောက်တုံးသစ်တောကြီးဟာ အေဒီ ၁၃၀၀ခန့်က အုပ်စိုးခဲ့သော “မင်”  မင်းဆက် လက်ထက်ကတည်းက လူသိများ ထင်ရှားတဲ့ နေရာတစ်ခု ဖြစ်ခဲ့ကြောင်းနဲ့ ယခုချိန်မှာလည်း ယူနန်ပြည်နယ်ရဲ့ နံမည်အကျော်ဆုံး နေရာဒေသတစ်ခု ဖြစ်ပြီး နိုင်ငံခြားသားများစွာ လာရောက်ကြတဲ့နေရာတစ်ခု ဖြစ်ပါတယ်..






ဒီနေရာလေးကိုတော့ ကျွန်မစိတ်ဝင်စားမိတဲ့ နေရာလေးတစ်ခုအဖြစ် ရွေးချယ်ပြီး အချက်အလက်များနဲ့ ဓာတ်ပုံများကို ရှာဖွေကာ ပြန်လည် ဝေမျှလိုက်ပါတယ်ရှင်..











Photos and Sources from :




http://www.chinahighlights.com/kunming/attraction/the-stone-forest.htm

http://www.coolpicturegallery.net/2010/01/chinas-270-million-year-old-stone.html

http://www.mywebsite.com and Google