လူသားဆန်သော... သူ


နန့်စမ်းကျေးရွာကလေးတွင် ဦးနှောက်ကျပ်မပြည့်သော သူတစ်ဦးရှိသည်။ သူ့နံမည်က အောင်ထွန်း……

အောင်ထွန်းကို မွေးတော့ အချင်းစလွယ်ဆိုင်းပြီး မွေးသည်ဟု ပြောကြသည်။ ထိုသို့ အချင်းစလွယ်ဆိုင်း၍ မွေးလာသောသူသည် တစ်ခုခု ထူးထူးခြားခြား ဖြစ်ထွန်းတတ်သည်၊ အကြီးအကဲဖြစ်တတ်သည်ဟု ဆိုရိုးရှိသောကြောင့် လူအများက “ဒီကလေးက ထူးခြားမဲ့ကလေး”ဟု ၀ိုင်းပြီး မှတ်ချက်ပေးကြသောအခါ အနီးနားရှိ လူကြီးတစ်ဦးက “အင်း ထူးရင်ထူး၊ မထူးရင်တော့ အရူးဘဲ ဖြစ်မယ်” ဟု ပြောလိုက်ကြောင်းကို  အောင်ထွန်းမွေးလာသော ဇာတ်ကြောင်းအဖြစ် လူအချို့က ပြန်ပြောတတ်ကြလေသည်။ တကယ်တမ်း ကျောင်းနေသည့်အရွယ် ရောက်လာချိန်တွင် အောင်ထွန်းမှာ ဦးနှောက်ကျပ်မပြည့်သူ ဖြစ်သောကြောင့် အခြားကလေးများလို ကျောင်းတက်ဖို့ အခွင့်မရရှာပါ။ သို့သော် အံ့သြဖို့ကောင်းသည်မှာ အောင်ထွန်းက ဦးနှောက်မပြည့်သော်လည်း မှတ် ဉာဏ်တော့ အလွန်ကောင်းသည်။ နန့်စမ်းရွာ တစ်ရွာလုံးက လူတွေကို နံမည်နှင့်တွဲရက် သူမသိသူမရှိ။ မမှတ်မိဘဲမနေ။ ထို့ပြင် လူတိုင်းကို နံမည်မှန်အောင် ခေါ်နိုင်သလို လူတိုင်း၏ နံမည်ကိုလည်း အင်္ဂလိပ်လို စာလုံးပေါင်းတတ်သည်။ ကျောင်းပင်မနေခဲ့ဖူးသော အောင်ထွန်းသည် ထိုစာလုံးပေါင်းများကို မည်ကဲ့သို့တတ်လာသည်ကိုလည်း မည်သူကမျှ မပြောနိုင်ချေ။ ရွာထဲကလူတစ်ချို့က “အောင်ထွန်းရေ.. ငါ့နာမည် အင်္ဂလိပ်လို ပေါင်းပြစမ်းပါကွာ” ဟု မေးလိုက်လျှင် ရွှန်းရွှန်းဝေအောင် ပေါင်းပြလေတော့သည်။

အောင်ထွန်းသည် ထင်းခွေ၊ ရေခပ် ၊ တောတောင်ထဲတွင် သပြေပန်းများခူး၍ လိုအပ်သည့်အိမ်များကို ရောင်းချပေးခြင်းဖြင့် မိခင်အိုကြီးကို လုပ်ကျွေးနေသူဖြစ်သည်။ ယောက်ျားသား မရှိသောအိမ်များ၊ အလုပ်မအားလပ်သော အိမ်များကလည်း အောင်ထွန်းကိုခေါ်၍ ထင်းခွဲခိုင်းခြင်း၊ ရေခပ်ခိုင်းခြင်းတို့ကို အခကြေးငွေ ပေး၍ ခိုင်းစေတတ်ကြသည်။ ဘယ်၍ ဘယ်မျှဟု သတ်မှတ်ခြင်းမရှိဘဲ ပေးသလောက်သာ ယူတတ်၍ အလုပ်ကိုလည်း စေတနာပါပါ လုပ်ပေးတတ်သည်။ ဓားများတုံးနေသည်ကို မြင်ပါက မနေနိုင်ဘဲ သွေးသွားပေးခြင်း၊ ခြင်းများ စုတ်ပြဲနေလျှင် နှီးရက်ပြီး ဖာထေးသွားပေးခြင်း၊ ခြံထဲတွင် ရှုပ်ပွနေလျှင် ရှင်းသွားပေးခြင်း၊ ၀ါးလုံးတို အစများတွေ့လျှင် နှီးဖြာပေးသွားခြင်း စသည်ဖြင့် သူ့မျက်စိထဲ မြင်သမျှ တောက်တိုမယ်ရ အလုပ်တို့ကိုလည်း ၀င်လုပ်ပေးတတ်သောကြောင့် ရွာထဲမှ လူအများက အောင်ထွန်းကို သဘောကျ၊ ခင်မင်ကြသည်။

လူကြီးပိုင်းက အောင်ထွန်းနှင့် အဆင်ပြေသလောက် သူနှင့်အစေးမကပ်သော ရန်ဘက်များမှာ ကလေးများအုပ်စု ဖြစ်လေသည်။ အောင်ထွန်းတွင် မည်သို့သော အကြောင်းကြောင့်မှန်းမသိရဘဲ သူ့ရှေ့တွင် ချောင်းဆိုးလျှင် စိတ်ဖောက်ပြန်သလိုဖြစ်လာပြီး ချောင်းဆိုးသူကို တွေ့ရာဒုတ်ချောင်းများ ခဲလုံးများ စသည်ဖြင့် လိုက်ရိုက်ခြင်း၊ ပေါက်ခြင်းကို လုပ်တတ်သည်။ ပြီးလျှင်လည်း သူ၏ရှေ့တွင် ငပိဆိုသော စကားလုံးကို သုံးလျှင်လည်း အလွန်စိတ်ဆိုးတတ်သည်။ စိတ်ဆိုးပြီး လိုက်ရိုက်တတ်သော အကျင့်ရှိသည်။ ကလေးများအုပ်စုကလည်း အောင်ထွန်းကိုမြင်လျှင် သူ့ရှေ့တွင် တမင်တကာ ချောင်းဆိုးခြင်း သော်လည်းကောင်း၊ အောင်ထွန်း ငပိ ဟု အော်ဟစ်စနောက်ခြင်း သော်လည်းကောင်း ပြုလုပ်ကာ ထွက်ပြေးတတ်ကြသည်။ ထို့ကြောင့် ကလေးများက အောင်ထွန်းကိုမြင်တိုင်း စတတ်၊ နောက်တတ်သလို အောင်ထွန်းကလည်း သူ့ကို စနောက်တတ်သော ကလေးများကို မုန်းသူ၊ ရန်လိုသူ ဖြစ်လာသည်။ အချို့ကလေးများမှာ အောင်ထွန်း ရှိနေသည်ကို မတွေ့မိဘဲဖြစ်စေ၊ အောင်ထွန်းအကြောင်း မသိ၍ဘဲ ဖြစ်စေ ချောင်းဆိုးမိခြင်း ပြုခဲ့မိလျှင် ထိုကလေးကို အောင်ထွန်းက လိုက်ရိုက်တတ်လေသည်။ လူကြီး မိဘ တစ်ဦးဦးက မြင်တွေ့သွားပြီး အော်ဟစ်ခြောက်လှန့်ကာ အောင်ထွန်းကို ပြန်ရိုက်နှက်မည့်ပုံစံ လုပ်ပြမှ ထွက်ပြေးသွားတတ်သည်။

တစ်ရက် အောင်ထွန်းမှာ တောထဲ ပန်းခူးထွက်ဖို့ နန့်စမ်းကျေးရွာ၏ စာသင်ကျောင်းအနီးမှ ဖြတ်သွားရသောအခါ ကျောင်းခေတ္တအားလပ်ချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ကျောင်းသားများအားလုံး ကျောင်းခန်းပြင်ပ ကျောင်းဝင်းထဲတွင် ဆော့ကစားနေချိန် ဖြစ်လေသည်။ ကျောင်းအနီးမှ  အောင်ထွန်းဖြတ်သွားသည်ကို တွေ့မြင်ကြသော ကျောင်းသားများ အားလုံးက “အောင်ထွန်း ငပိ ၊ အဟမ်းအဟမ်း”  စသော အသံများ ဆူညံစွာဖြင့် အော်ဟစ် စနောက် ကြလေသောအခါ ဒေါသအိုး ပေါက်ကွဲလေသော အောင်ထွန်းသည် ကျောင်းကို ခဲဖြင့် အညှိုးတကြီး ထုလေတော့သည်။ ဆရာ၊ဆရာမများက ကျောင်းသားများကိုမစကြ၊ မနောက်ကြဖို့၊ အသံတိတ်ဖို့ အော်ဟစ်တားမြစ်သောကြောင့် ကျောင်းသားများဆီက အသံ တိတ်သွားတော့မှသာ အောင်ထွန်းမှာ တောထဲသို့ ထွက်ခွာသွားလေသည်။ ထိုသို့ဖြင့် ကလေးများမှာလည်း အောင်ထွန်းကိုတွေ့တိုင်း အော်ဟစ် နောက်ပြောင်ကာ ထွက်ပြေးတတ်သလို  အောင်ထွန်းကလည်း ကလေးများကိုတွေ့လျှင် မျက်စောင်းတခဲခဲ ဖြစ်နေတတ်သည်။ ဘယ်သူက သူ့ရှေ့တွင် ချောင်းဆိုးလိုက်လေမည်လဲ၊ ဘယ်သူက ငပိဟု အော်ဟစ်မည်လဲဟူ၍ သတိကြီးကြီးနှင့် စောင့်ကြည့်နေတတ်သည်။ ရွာထဲမှ အစ အနောက် သန်လွန်းသော အချို့ကလေးများ၊ အောင်ထွန်းအကြောင်း မသိ၍ ချောင်းဆိုးမိသော ကလေးများမှာ သူ့လက်ချက်ဖြင့် ထိပ်ပေါက်ခေါင်းကွဲခြင်းမှာ မကြာခန ဖြစ်တတ်လာသည်။ သို့ဖြင့် အောင်ထွန်းနှင့် ကလေးများမှာမူ ကမ္ဘာ့ရန်များသဖွယ် ဖြစ်လာကြလေတော့သည်။

နန့်စမ်းရွာ၏ စာသင်ကျောင်းသည် ရွာအ၀င် လမ်းမကြီးဘေးတွင်ရှိပြီး ရွာထဲမှ ကျောင်းသို့လာလျှင် ချောင်းကူး တံတားကြီးတစ်ခုကို ဖြတ်ပြီးမှ ကျောင်းသို့ရောက်သည်။ တံတားမှာ ခပ်ကျဲကျဲ ပျဉ်ချပ်များဖြင့် ခင်းထားလေသည်။ ကျေးလက်တောရွာဖြစ်ပြီး လယ်ယာအလုပ်၊ တောတောင်ထဲတွင် ထင်းခွေ၊ ဟင်းရှာ၊ မီးသွေးဖုတ် စသဖြင့် အလုပ်မအားလပ်ကြသော မိဘများမှာ မြို့ကျောင်းများမှ မိဘများကဲ့သို့ မိမိတို့သားသမီးများကို ကျောင်းပို့၊ ကျောင်းကြို လုပ်လေ့လုပ်ထ မရှိသလို လုပ်နိုင်အောင်လည်း အချိန်မပေးနိုင်ကြသောကြောင့် ကျောင်းသားများ၊ ကလေးသူငယ်များမှာ မိမိတို့ဖာသာ ကျောင်းသို့ သွားကြရသည်။ ကျောင်းတက်စ သူငယ်တန်း  ကလေးများကိုလည်း နီးစပ်ရာ ကျောင်းသားကြီးများနှင့် ထည့်ပေးလိုက်ကြသော်လည်း ကျောင်းတက်ရက် ကြာလာလျှင်တော့ သူတစ်ဦးတည်းဖြစ်စေ သူငယ်ချင်းများနှင့်ဖြစ်စေ ကျောင်းသွားကျင့် ရသွားတတ်ကြသည်သာ ဖြစ်လေသည်။

တစ်ရက်တွင် ၄တန်းကျောင်းသားလေး အိုက်ဦးမှာ မိခင်ဖြစ်သူ ထမင်းချက် နောက်ကျနေသဖြင့် မနက်စာ စားနောက်ကျသောကြောင့် ကျောင်းချိန် အနည်းငယ် နောက်ကျသွားလေသည်။ ကျောင်းနှင့် မဝေးလှသောကြောင့် ခေါင်းလောင်းထိုးသံကိုပင် ကြားလိုက်ရသေးသည်။ ကျောင်းနောက်ကျနေသဖြင့် ကပျာကယာ အပြေးအလွှား ကျောင်းသို့ထွက်အလာတွင် ချောင်းကူးတံတားပေါ်အရောက်တွင်  ပျဉ်ပြားခင်းသော တံတား၏ တစ်နေရာတွင် သစ်သားတစ်ချောင်းမှာ ကျိုးနေသောကြောင့် အပေါက်အနည်းငယ်ကျယ်နေရာ အမြန်လျှောက်လာသော အိုက်ဦးမှာ ထိုအပေါက်တွင် ခြေတစ်ဖက် ကျွံသွားပြီး သူစီးလာသော ဖိနပ်တစ်ဖက်မှာ တံတားအောက်သို့ ကျသွားတော့သည်။ ဖိနပ်မှာ မိခင်ဖြစ်သူ ဒီမနက်မှ ဈေးက၀ယ်လာသော ဖိနပ်အသစ်ဖြစ်သည့်အတွက် အရိုက်ခံ ထိတော့မည်ကို တွေးမိပြီး ထိတ်လန့်သွားမိလေသည်။ တံတားပေါက်မှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ချောင်းအစပ်မြေပြင်ပေါ်တွင် ရေပြင်ပေါ်တစ်ပိုင်း ကမ်းစပ်ပေါ် တစ်ပိုင်း  ကျလုကျခင် တင်နေသော သူ၏ ဖိနပ်လေးကို တွေ့လိုက်ရသောကြောင့် အမြန်ဆင်းကောက်မည်ဟု ဆုံးဖြတ်ကာ တံတားထိပ်ဖက်သို့ ပြန်လျှောက်လာပြီး ဖိနပ်ကျသွားရာ တံတားအောက်ဖက်ရှိ ချောင်းကမ်းစပ်သို့ ဆင်းသွားလေသည်။

ထိုအချိန်တွင် အောင်ထွန်းမှာ တောထဲမှ သပြေပန်းများ ခူးပြီး  တံတားဟိုဘက်ထိပ်ဆီမှ ရွာဘက်သို့ ပြန်လာရာ အိုက်ဦးလေး ချောင်းစပ်သို့ ပြေးဆင်းသွားသည်ကို သူက တွေ့လိုက်ရလေသည်။ သို့နှင့် တံတားပေါ်မှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ချောင်းစပ်သို့ ပြေးဆင်းနေသော အိုက်ဦးကိုတွေ့လိုက်၍ ပြန်လာခဲ့ရန် အော်ခေါ်လိုက်သော်လည်း အိုက်ဦးမှာ ကြားဟန်မတူဘဲကမ်းစပ်ဆီသို့ ပြေးမြဲပြေးဆင်းနေသဖြင့် အောင်ထွန်းလည်း တံတားထိပ်ဘက်သို့ ရောက်အောင် အမြန်ပြေးကာ အိုက်ဦးနောက်သို့ လိုက်လေတော့သည်။ အိုက်ဦးလေး ချောင်းစပ်သို့ ရောက်ချိန်တွင် ညက ပြင်းပြင်းထန်ထန် ရွာခဲ့သော မိုးကြောင့် တရိပ်ရိပ် တက်နေသော ချောင်းရေက သူ့ဖိနပ်လေးကို ကမ်းစပ်မှ မျှောပါသွားအောင် ဆွဲချသွားလေတော့သည်။ ဖိနပ်အသစ်လေးလဲဖြစ်၊ အိမ်ရောက်၍ ဖိနပ်မပါလာသည်ကို တွေ့ပါက လူကြီးများ ရိုက်မည်ကိုလည်း စိုးသောကြောင့် အိုက်ဦးလေးမှာ ဘာမှ မစဉ်းစားတော့ဘဲ ရေကြီးနေသောချောင်းထဲ ဆင်းလိုက်ပြီး မျှောပါစ ပြုနေသော ဖိနပ်ကို ဆင်းဆယ်ပါတော့သည်။

သို့သော်လည်း ရေတက်နေသောကြောင့် ဖိနပ်မှာ ရေစီးဖြင့် အလျှင်အမြန်မျှောပါနေသလို ရေထဲဆင်းလိုက်သော အိုက်ဦးကိုလည်း ချောင်းရေက အရှိန်ဖြင့် ဆွဲခေါ်သွားလေရာ ရေကူးတတ်သော်လည်း ရေစီးပြင်းသဖြင့် အိုက်ဦးမှာ ချောင်းရေထဲ မျှောပါလေတော့သည်။ အိုက်ဦးနောက် လိုက်လာသော အောင်ထွန်းမှာ ချောင်းရေထဲ မျှောပါနေသော အောင်ထွန်းကိုတွေ့သည်တွင် ဘာမှ စဉ်းစားမနေတော့ဘဲ သူ့ထဲကိုင်လာသော သပြေပန်းနှင့် ခါးတွင်ထိုးထားသော ဓားကို ကမ်းစပ်တွင် ပစ်ချလိုက်ပြီး အောင်ထွန်းမျှောပါသွားရာ ချောင်းရေထဲသို့ အမြန် ဆင်းလိုက်လေတော့သည်။ ရေစီးသန်နေသဖြင့် အောင်ထွန်းကိုယ်တိုင်မှာလည်း မျှောပါသွားတော့သည်။ မကြာခင်တွင် ရေစီးနှင့်မျှောပါနေသော အိုက်ဦးလေးမှာ ရေကူးတတ်သောကြောင့် ရေစီးဖြင့် မျှောရုံသာမျှောပါနေသော်လည်း  အောင်ထွန်းမှာ ရေထဲတွင် မြုပ်ချည်ပေါ်ချည် ဖြစ်နေတော့သည်။ ထိုအချိန်တွင် ကံကောင်းထောက်မစွာဖြင့် စက်လှေတစ်စီး ဖြတ်အသွား ရေနစ်စပြုနေသော အောင်ထွန်းနှင့် ရေစီးဖြင့် မျှောနေသော အိုက်ဦးတို့ကို စက်လှေပေါ်မှ လူများက ကယ်လိုက်ကြလေသည်။

သူတို့၂ယောက်ကို စက်လှေက ကမ်းစပ်သို့ ပြန်ပို့ချိန်တွင် ရေနစ်သည်ဟု အသံကြားသဖြင့် ကမ်းစပ်တွင် လူအများက ရောက်ရှိနေကြပြီဖြစ်သည်။  တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြရင်း အိုက်ဦးကို ဆင်းကယ်သဖြင့် အောင်ထွန်းရေနစ်သည် ဟု သိလိုက်ကြလေသည်။ တကယ်တမ်းတွင် အောင်ထွန်းမှာ ရေလုံးဝ မကူးတတ်ပါ။ သို့သော် သူ့ရှေ့တွင် ရေထဲမျှောပါနေသော ကလေးကိုတွေ့သဖြင့် ဘာကိုမှ မစဉ်းစားဘဲ ရေထဲဆင်းကယ်ဖို့ ကြိုးစားခြင်း ဖြစ်လေသည်။  ကလေးများကို မုန်းတီးသူ၊ ရန်လိုတတ်သူ အောင်ထွန်းမှာ ယခု သူ၏ ရန်ဘက်ဖြစ်သော အိုက်ဦးကဲ့သို့ ကလေးတစ်ယောက်ကို ရေပင်မကူးတတ်ဘဲ ကယ်ဖို့ ကြိုးစားသည်ကို ၀ိုင်းကြည့်နေသူများက နားမလည်နိုင်အောင်ဖြစ်ကာ အံ့သြကြလေသည်။ ဘာကြောင့်ရေမကူးတတ်ဘဲ ကလေးတစ်ယောက်ကို ကယ်ဖို့ ကြိုးစားသည်ကို နားမလည်နိုင်ဖြစ်ရသလို အံ့သြခြင်းလည်း ဖြစ်ကြရလေသည်။ သို့ဖြင့် အောင်ထွန်းအား လူအများက “ရေမကူးတတ်ဘဲ ဘာကြောင့် ရေထဲဆင်းသလဲ”  ဟု ၀ိုင်းမေးကြလေတော့သည်။ ထိုသူများ၏ မေးခွန်းကို အောင်ထွန်းပြန်ဖြေလိုက်သည်က “ လူတစ်ယောက် ရေနစ်နေတာ မြင်တော့ ကျုပ် ရေမကူးတတ်တာ သတိမရတော့ဘူး။ ရေနစ်မှာကိုလည်း သတိမထားမိတော့ဘူး.. ကျုပ်ကို ရွာဦးဆရာတော်က ပြောဖူးတယ်.. လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းဟာ ရခဲတယ်.. တန်ဖိုးရှိတယ်လို့ ပြောထားဖူးတယ်.. ကျုပ်အဲဒါကို ဘယ်တော့မှ မမေ့ဘူး.. ဒါကြောင့်လည်း ဒီကလေး ရေနစ်မှာစိုးလို့ ကျုပ် ဆင်းပြီးကယ်တာ..” ဟူ၍ ဖြစ်သည်။
လူအုပ်ထဲတွင် ၀ိုင်းကြည့်နေသောသူများထဲမှာ လူတော်တော်များများ၏ စိတ်ထဲတွင် “ကျပ်မပြည့်သော အောင်ထွန်းလို လူတစ်ယောက်ကပင် သူနှင့် လုံးဝ မတည့်သော သူ၏ရန်ဘက် ကလေးတစ်ယောက်အား လူ့အသက်တစ်ချောင်းသည် တန်ဖိုးရှိမှန်း၊ ကယ်တင်ရကောင်းမှန်းကို လူသားဆန်စွာ သိနားလည်နေခဲ့ပါလျှင် အောင်ထွန်းထက်  ဦးနှောက်အသိဉာဏ် ပြည့်စုံသောသူတွေကရော လူအများကို တန်ဖိုးထားရကောင်းမှန်း၊ အသက်တစ်ချောင်းကို ကယ်တင်ရကောင်းမှန်း သိကြပါရဲ့လား ” ဟူ၍ အတွေးနက်မိကြတော့သည်။

လူအချင်းချင်း တန်ဖိုးထားတတ်သော စိတ်နှလုံးကောင်းဟူသည် ရာထူးအဆင့်အတန်း၊ အသက်အရွယ်၊ ဆင်းရဲချမ်းသာ၊  ပညာတတ်ခြင်း၊ မတတ်ခြင်းပေါ်တွင် ခွဲခြမ်းစိတ်ဖြာ ကြည့်ရှု၍ မရနိုင်ဘဲ လူတစ်ယောက်၏ ပင်ကိုယ်နှလုံးသားထဲမှ စိမ့်ထွက် ယိုစီးကျလာသော စစ်မှန်သည့် အသံကို နားထောင်မှသာ မြင်နိုင်သည့်အရာ  ဖြစ်လေသည်။


မြေအောက်ကြယ်နှင့် တွင်းပြာကြီး

မြေပြင်အောက်က ကြယ်ပွင့်များ

ကောင်းကင်ပေါ်မှာ လင်းလက်တောက်ပနေတဲ့ ကြယ်ကလေးများကို လူတိုင်းက တွေ့ဖူးကြမှာပါနော်… ဒါပေမဲ့ ကမ္ဘာမြေကြီးရဲ့ အနက်တစ်နေရာမှာ လင်းလက်နေတဲ့ ကြယ်ကလေးတွေ ရှိတယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား .. မယုံဘူးဆိုရင် အောက်မှာဆက်ပြီးဖတ်ကြည့်ပါနော်။
လင်းလက်နေသောကြယ်လေးများ

မျက်နှာကျက်ပေါ်မှာ ရောင်စဉ်ဖြာ

မြေအောက်မှာ လင်းလက်တောက်ပနေတဲ့ ကြယ်တွေကို ကြည့်ဖို့အတွက် ပထမဆုံး နယူးဇီလန်နိုင်ငံရဲ့ မြောက်ကျွန်းစုကို သွားဖို့လိုအပ်ပါတယ်.. အဲဒီကျွန်းမှာရှိတဲ့ Waitomo Glowworm လို့ခေါ်တဲ့ မြေအောက်ဂူကြီးတစ်ခုမှာ လင်းနေတဲ့ကြယ်တွေကို မြင်ရပါလိမ့်မယ်.. ဒါပေမဲ့ တကယ့်ကြယ်အစစ်တော့ မဟုတ်ပါဘူး။ အဲဒီလိုလင်းလက်နေတဲ့အရာတွေက မြေအောက်ဂူကြီးရဲ့ မျက်နှာကျက်မှာ တွဲလောင်းချိတ်ဆွဲနေတဲ့ ပိုးကောင်တွေကနေ အရောင်တွေဖြာထွက်ပြီး လင်းလက်တောက်ပနေတာ ဖြစ်ပါတယ်.. မှောင်မဲနေတဲ့ ဂူကြီးထဲမှာ တစ်လက်လက် တောက်ပနေပုံက ကောင်းကင်ယံမှာ ကြယ်ပွင့်လေးတွေ လင်းလက်နေပုံမျိုးနဲ့ ဆင်ဆင်တူတယ်လို့ ပြောပါတယ်..
လှေကလေးနှင့် သွားကြမည်


အနီးကပ်လေ့လာနေသူတစ်ဦး
အသည်းယားစရာ တွဲလောင်းများ

အဲဒီပိုးကောင်တွေဟာ ကမ္ဘာပေါ်မှာ ဘယ်မှာမှ မတွေ့နိုင်ဘဲ နယူးဇီလန်တစ်နိုင်ငံတည်းမှာသာ ရှိတယ်လို့ သိရပါတယ်.. ပိုးကောင်လေးတွေဟာ အလွန်သေးငယ်ပြီး အရွယ်အစားအားဖြင့် ခြင်တစ်ကောင်ရဲ့ ပမာဏလောက်သာ ရှိပါတယ်.. ၄င်း ထူးဆန်းတဲ့  ပိုးကောင်လေးတွေကို ကြည့်ဖို့အတွက် လှိုင်ဂူထဲကို ဖြတ်စီးနေတဲ့ Waitomo မြေအောက်မြစ်ပြင်ကနေ အပျော်စီး လှေကလေးကိုစီးကာ ၀င်ရောက်ရပြီး မျက်နှာကျက်ကို မော့ကြည့်ရတာ ဖြစ်ပါတယ်.. လေ့လာစောင့်ကြည့်သူများအဖွဲ့က လှိုင်ဂူကြီးရဲ့ အပူချိန်၊ လေထုသန့်ရှင်းမှု စတာတွေကို လေ့လာမှတ်တမ်းပြုစုပြီး တစ်ကြိမ်လျှင် လေ့လာသူခရီးသွားများဦးရေ ဘယ်နှစ်ယောက်ဝင်ခွင့်ပြုလျှင် အဆင်ပြေ သင့်တော်နိုင်မလဲဆိုတာ အမြဲတမ်းလေ့လာ စောင့်ကြပ်နေကြပါတယ်..

ကဲ……. မြေအောက်မှာ လင်းလက်နေတဲ့ ကြယ်ပွင့်ကလေးတွေကို ကြည့်ချင်တယ်ဆိုရင် နယူးဇီလန်ကို သွားကြပါစို့နော်။။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘာ့အကြီးဆုံး အပြာရောင် ပင်လယ်ရေအောက်တွင်းနက်ကြီး

ပင်လယ်ကြမ်းပြင်ပေါ်က တွင်းပြာကြီး

တကယ်လို့ စာဖတ်သူဟာ ဘီလိဇ်နိုင်ငံရဲ့ ကမ်းခြေမှာ ရောက်နေတယ်ဆိုရင် ပင်လယ်ထဲမှာ ဖြစ်တည်နေတဲ့ အကြီးဆုံးအပြာရောင် တွင်းနက်ကြီးကို အလည်သွားဖို့ အခွင့်အရေးကို ရရှိနိုင်ပါတယ်… အဲဒီအပြာရောင်တွင်းနက်ကြီးဟာ ကမ္ဘာပေါ်က အလှဆုံးနဲ့ သဘာဝတရားရဲ့ ထူးဆန်းအံ့သြဖွယ် တစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်.. အဲဒီ အပြာရောင် တွင်းပေါက်ကြီးဟာ ဘီလိဇ်ကျောက်တန်းကြီးတွေ ၀ိုင်းရံနေပြီး ဘီလိဇ်မြို့တော်နဲ့ မိုင် ၆၀အကွာမှာ တည်ရှိပါတယ်.. ကမ္ဘာ့အကြီးဆုံး ပင်လယ်တွင်းနက်ကြီး တစ်ခုလို့ ယုံကြည်ကြပြီး ၁၂၅မီတာ ( ၄၁၀ ပေ)  နက်ပြီးတော့ အကျယ်အားဖြင့် မီတာ ၃၀၀ ( ၉၈၀ပေ) ကျယ်ဝန်းပါတယ်..


ကျောက်တန်းကြီးတွေက ဘေးပတ်လည်မှာ ၀ိုင်းရံကာ



စက်ဝိုင်းပုံ တွင်းပြာကြီး

တွင်းနက်ကြီးဟာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပေါ်နေပြီး ကောင်းကင်ပေါ်ကနေကြည့်ရင် ပင်လယ်ကြမ်းပြင်မှာ ဖြစ်ပေါ်နေတဲ့ ၀ိုင်းဝိုင်းစက်စက် အပြာရောင် တွင်းကြီးရဲ့ အလှကို ထင်ထင်ရှားရှား ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်.. ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခုထဲမှာ ပါဝင်ပြီး ရေငုတ်ဝါသနာပါသူများ ပင်လယ်ရေအောက်လေ့လာရေးသမားများအတွက် တွင်းနက်ကြီးထဲကို ရေငုတ်ကာ ၀င်ရောက်လေ့လာဖို့ အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်.. ၄င်းတွင်းနက်ကြီးထဲမှာ ရေအောက် ကျောက်လှိုင်ဂူတွေ အများအပြား ရှိနေပြီးတော့ ရှားပါး ပင်လယ်သတ္တ၀ါများလည်း ရှိနေပါတယ်.. အချို့သော ရေအောက် သတ္တ၀ါများဆိုလျှင် ၄င်းတွင်းနက်ကြီးမှာသာ တွေ့ရနိုင်တယ်လို့ သိရပါတယ်။

တွင်းပြာကြီးထဲသို့ ကူးခတ်လေ့လာနေကြသူများ


ရေအောက်မှာ
~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီတစ်ပတ် အထူးအဆန်းလေးတွေ ရှာဖွေတာ ဒီလောက်ဘဲ ရပ်ပါမယ်နော်.. နောက်တစ်ကြိမ်မှာ ထူးဆန်းတာလေးတွေ ထပ်ပြီး ရှာဖွေ ဝေမျှပါဦးမယ်... အားလုံးဘဲ ပျော်ရွှင်စရာ နိုဝင်ဘာလ ဖြစ်ကြပါစေရှင်။


Source and photos from http://planetoddity.com/

အပ်နဲ့ကပ်ကျေး ကြိုက်ရာရွေး



အပ်ချုပ်သမားတစ်ယောက်ဟာ အ၀တ်စကြီးတစ်စကို ယူလာပြီး အင်္ကျီတစ်ထည် ဖြစ်လာဖို့အတွက် အားစိုက်ပြီး ချုပ်လုပ်နေပါတယ်.. အ၀တ်စကို လက်၊ ကိုယ်လုံး၊ ကော်လံ စသည်ဖြင့် တစ်ပိုင်းစီ သူ့အပိုင်းလိုက် ပုံပေါ်အောင် ကပ်ကျေးနဲ့ ညှပ်ဖြတ်ပါတယ်..  ညှပ်ပြီးသွားပြန်ရင် ကပ်ကျေးလေးကို သူ့ရဲ့ ခြေထောက်နားကို ပစ်ချထားလိုက်ပါတယ်.. ပြီးတော့ အပ်ကလေးတစ်ချောင်းကို ဆွဲယူလိုက်ရင်း အပ်ချည်ဖြည့်ကာ အစောက ညှပ်ထားတဲ့ အပိုင်းအစလေးတွေကို သူ့နေရာသူ တွဲဆက်ပြီး ချုပ်ပါတော့တယ်.. အစလေးတွေ အားလုံးကို အပ်နဲ့ အပ်ချည်ကိုအသုံးပြုလို့  ကျွမ်းကျင်စွာ တွဲဆက်ပြီးချိန်မှာတော့ အလွန်ကောင်းမွန် သေသပ်လှပတဲ့ ရှပ်အင်္ကျီလေးတစ်ထည် ဖြစ်လာပါတော့တယ်. ဒီအခါမှာ သူဟာ အင်္ကျီချုပ်တဲ့ အပ်ကလေးကို တရိုတသေနဲ့ သူ့ခေါင်းက ခေါင်းပေါင်းစမှာ ထိုးစိုက်ထားလိုက်ပါတယ်။

သူအင်္ကျီချုပ်တာကို ဘေးနားကနေထိုင်ကြည့်နေတဲ့ သူ့ရဲ့သားလေးက သူ့ဖခင် အပ်ချုပ်သမားရဲ့ အပြုအမူကို ကြည့်ပြီး မျက်မှောင်လေးကျုံ့ကာ မေးခွန်းထုတ်ပါတော့တယ်.. “ အဖေ..  အဖေ့ရဲ့ အပ်ကလေးက သေးသေးလေးရယ်.. ဈေးကလဲပေါသေးတယ်.. အပ်ထက်စာရင် ကပ်ကျေးက ပိုပြီး ဈေးကြီးတယ်.. လှလဲလှတယ်.. ဒါပေမဲ့ အဖေက ကပ်ကျေးကိုကျတော့ ခြေထောက်နားကို ပစ်ချလိုက်တယ်.. အပ်ကလေးကကျတော့ ဘာမှလည်း တန်ဖိုးမရှိဘူး… အဖေ လိုချင်ရင် ဒါဇင်နဲ့ချီပြီး လွယ်လွယ်ကူကူ ၀ယ်လို့ရနေတာဘဲ.. ဒါပေမဲ့ အဲဒီအပ်ကလေးကိုတော့ အဖေက တယုတယနဲ့ ခေါင်းပေါင်းမှာ ထိုးစိုက်ထားလိုက်တယ်.. အဖေလုပ်ပုံက တန်ဖိုးမထားသင့်တာကိုကျတော့ တန်ဖိုးထားနေသလိုဘဲ။ အဖိုးတန်တဲ့ ကပ်ကျေးကိုကျတော့ ပစ်စလက်ခတ် ထားတယ်.. အဲဒါ ဘယ်လိုအကြောင်းကြောင့်လဲ အဖေ”

“ အော်.. ငါ့သားက အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာကိုး.. သားပြောတာ ဟုတ်တော့ဟုတ်ပါတယ် .. ကပ်ကျေးမှာလည်း သူ့ရဲ့ အသုံးဝင်တဲ့ အချက် ရှိပါတယ်.. ဒါကို သံသယရှိစရာ မလိုပါဘူး… ဒါပေမဲ့ ကပ်ကျေးရဲ့ အသုံးကျမှုက အ၀တ်စတွေကို အပိုင်းအပြတ်လေးတွေ ဖြစ်သွားအောင်ဘဲ သူညှပ်ပေးနိုင်တယ်..  ဒါထက်ပိုပြီး သူဘာမှ မလုပ်ပေးနိုင်ဘူး .. အဲ…  အဖေ့ခေါင်းပေါ်က အပ်ကလေးကျတော့ အ၀တ် အပိုင်းအစလေးတွေကို ပေါင်းစပ်စုစည်းစေပြီး သေသပ်လှပတဲ့ အင်္ကျီတစ်ထည် ဖြစ်လာအောင် ချုပ်လုပ်ပေးတယ်လေ.. ဒီအပ်ကလေးရဲ့ စွမ်းဆောင်ချက်ကြောင့် အ၀တ်စတွေဟာ ပိုပြီး တန်ဖိုးရှိလာတယ် မဟုတ်လား။ အင်္ကျီဖြစ်သွားတာကြောင့် လူတွေအတွက်လည်းပိုပြီး အသုံးဝင်သွားတယ်လေ.. ဒါကြောင့် အဖေ့အတွက်တော့ အပ်ကလေးရဲ့ စွမ်းဆောင်ချက်ကို  ပိုပြီး တန်ဖိုးထားမိတယ်..  တန်ဖိုးဆိုတာ ၀ယ်တဲ့ဈေးနှုန်း ဒါမှမဟုတ် သူ့ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အသုံးပြုနိုင်တဲ့ အရည်အချင်း ကြည့်ပြီး ဆုံးဖြတ်ရတယ် သားရဲ့”

“အဲဒီလိုဘဲ သားရဲ့ .. လူတွေရဲ့ တန်ဖိုးကို ဆုံးဖြတ်တဲ့နေရာမှာလည်း အဲဒီလူရဲ့ သြဇာအာဏာ ကြီးမားမှု၊ ပြည့်စုံကြွယ်ဝမှု၊ အောင်မြင်ထယ်ဝါမှု၊  ဟိတ်ဟန်ကြီးကျယ် ခမ်းနားမှု၊ အပေါ်ယံ ရုပ်ရည်လှပချောမွေ့မှုတွေနဲ့ တန်ဖိုး မဖြတ်ပါနဲ့။ လူ့လောက ကောင်းကျိုးအတွက် သူ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေအကျိုးပြုခဲ့ပြီလဲ၊ သူ့လုပ်ရပ်က လူသားတွေအတွက် ဘယ်အတိုင်းအတာထိ အကျိုးသက်ရောက်မှု ရှိခဲ့ပြီလဲ။ လောကကြီးအတွက် သူဟာ ဘယ်လောက်အသုံးဝင်သလဲ၊ သူဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာတွေကိုကြည့်ပြီး ဆုံးဖြတ်ပါ.. တစ်ချို့လူတွေက အပေါ်ယံအားဖြင့်တော့ ကပ်ကျေးလို အမြင်လှပြီး အင်အားလည်းကြီးမားပေမဲ့ တကယ်တမ်း အသုံးဝင်မှုက နည်းနည်းလေးရယ်..  တစ်ချို့လူတွေကျတော့ အပ်ကလေးလို သေးငယ်ပြီး အမြင်မလှပေမဲ့ သူ့ရဲ့ ဆောင်ရွက်နိုင်စွမ်းအားက အများကြီး ရှိတတ်ပါတယ်..  အဆုံးအဖြတ် မမှားပါစေနဲ့သားရေ” ဆိုတဲ့ စကားလေးကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြေကြားရင်း တစ်လက်စတည်း ဆုံးမစကားပါ ပြောကြားလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မတို့တွေကရော လူတွေကို သူ့တို့ရဲ့ ဘယ်လိုအရည်အချင်းတွေ၊ ဘယ်အရာတွေကို ကြည့်ပြီး တန်ဖိုးဖြတ်ကြပါမလဲ။ ရွေးချယ်ကြရတော့မယ်ဆိုရင် လူတွေရဲ့ တန်ဖိုးနဲ့ အရည်အချင်းကိုရော  မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ပါ့မလား။ အပြိုင်အဆိုင် ကြော်ငြာနေတဲ့ခေတ်ကြီးမှာ ကိုယ်ရွေးချယ်တာ မှန်ကန်ဖို့၊ အရွေးမမှားဖို့တော့ လိုမယ် ထင်ပါတယ်နော်....

Lakshmi Raj Sharma ရဲ့    The Tailor's Needle ကို နှစ်သက်မိသောကြောင့် ဘာသာပြန်ပါသည်။


လူတိုင်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခွင့် ရကြပါစေရှင်......

ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း



ကောင်းကင်ပေါ်တွင် လင်းလက်တောက်ပနေသော ကြယ်ကလေးများကို မော့ကြည့်ရင်း သူမရင်ထဲက အိမ်ကိုလွမ်းဆွတ်မိသည့်စိတ်က တစ်လှိုက်လှိုက် လျှံတက်လို့လာသည်။ သေချာပါသည်လေ.. သည်အချိန်ဆိုလျှင် သူမ၏ ဖခင်နှင့် မိခင်တို့သည်လည်း အိမ်ရှေ့ဝရံတာလေးတွင် ထိုင်ရင်း ကောင်းကင်က ကြယ်တွေကို မော့ကြည့်နေမှာ ဖြစ်သလို အဝေးတစ်နေရာက သမီးတစ်ယောက်ကိုလည်း သတိရနေပါလိမ့်မည်။ ထူးထူးခြားခြား သည်နေ့မှ ကောင်းကင်မှာ တိမ်မျှင်တစ်စမျှ မရှိသလို ကြည်လင်နေသော အနက်ရောင်ကတ္တီပါကြီးမှာ စိန်ပွင့်လေးတွေ လင်းလက်နေသကဲ့ ကောင်းကင်ပြင်ကြီးပေါ်တွင် ကြယ်ကလေးများစွာ ပြန့်ကျဲလျှက် ရှိနေလေသည်။ ကြယ်တွေကို မော့ကြည့်နေသော သူမကို အချို့သော ကြယ်ပွင့်လေးများက ပြုံးပြနေသလို သူမစိတ်ထဲ ခံစားမိသည်။ ကြယ်တွေ တကယ်ပြုံးတတ်ကြပါသလား… ဒါကိုတော့ ခံယူသူနှင့်သာ ဆိုင်မည်ထင်ပါသည်။ သူမကတော့ ကြယ်ကလေးတွေ ပြုံးတတ်သည်ဟု ယုံကြည်မိပါသည်။ ကြယ်တွေကို မော့ကြည့်ရင်း ဆွတ်ဆွတ်ကြင်ကြင် သူမ ရေရွတ်လိုက်မိတဲ့ စကားတစ်ခွန်းက “ အိမ်ကို လွမ်းလိုက်တာ ”..

သူမအတွက် အိမ်နဲ့ စတင်ပြီး ခွဲခွာခဲ့စဉ်က အသက် ၁၁နှစ်အရွယ် ပီဘိကလေးသာသာ အရွယ်သာ ရှိသေးသည်။ အိမ်နှင့် ခွဲခွာရသော အရသာသည် ခါးသီးဖွယ်ကောင်းလွန်းမှန်း ငယ်စဉ်ကတည်းက နားလည် ခံစားတတ်ခဲ့သည်။ အိမ်နဲ့ခွဲခွာရချိန်တွေကို  မုန်းတီးမိသည်။ သို့သော်  ဘ၀ရဲ့ အချိန် အတော်များများသည် အိမ်နှင့်ခွဲပြီး နေရချိန်ကသာ များလေသည်။ ပညာရေးအတွက်၊ ဘ၀တိုးတက်ရေးအတွက် စသည့်အတွက် များစွာတို့ကြောင့် အိမ်နှင့်အကြိမ်ကြိမ် ရက်ရှည်လများ နှစ်လရှည်ကြာအောင် ခွဲခွာခဲ့ရသည်။ အိမ်နဲ့ခွဲနေရချိန်များတွင် သူမ မက်လေ့ရှိသော အိမ်မက်မှာ အိမ်သို့ ပြန်ရောက်နေပြီး မိသားစုထမင်းဝိုင်းမှာ အမေကိုယ်တိုင် ချက်ကျွေးတတ်သည့် သူမ နှစ်သက်သော ဟင်းလျာများဖြင့် ကြိုဆိုနေတတ်သည်တဲ့… စုံလင်လှသော ထမင်းဟင်းများကိုကြည့်ရင်း အ၀စားပြစ်မည်ဟု ကြုံးဝါးပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်သည်နှင့် အိပ်မက်မှ နိုးလာတော့သည်။ နိုးလာတိုင်းလည်း အမေချက်ထားသော ထမင်းဟင်းကို မစားလိုက်ရ၍ သူမ စိတ်တိုမိသည်။ ၀မ်းနည်းမိသည်။ အကြိမ်ပေါင်းများစွာ ထိုအိပ်မက်ကို မက်တတ်သည်.. မက်ခဲ့သည်.. ယခုချိန်ထိလည်း ထိုအိပ်မက်က မက်နေဆဲဖြစ်သည်။ အိပ်မက်က နိုးချိန်တွင် ခြောက်ကပ်တိတ်ဆိတ်လှသော သူမ၏ အခန်းလေးက တစ်ခန်းလုံး မဲမှောင်နေပြီး အထီးကျန်ခြင်း အငွေ့အသက်များဖြင့် မွန်းကြပ်နေတော့သည်။ သေချာတာကတော့ ထိုအိပ်မက်သည်  အိမ်သို့ တကယ်ပြန်ခွင့်ရပြီး မိသားစု မောင်နှမတွေ စုံစုံညီညီဖြင့်နေခွင့်ရသည့် အချိန်ရောက်လျှင်တော့ မက်တော့မည် မဟုတ်ပေ။ သို့သော် ထိုနေ့သည် ဘယ်နေ့မှန်း မသိနိုင်အောင် သူမ အာရုံထဲမှာ ခပ်ဝါးဝါးသာ ရှိနေလေသည်။

သူမတို့ငယ်စဉ်တုန်းက အိမ်မှာအမေ ခရီးထွက်လျှင် အဖေက သားသမီးတွေကို ထမင်းချက်ကျွေးတတ်သည်။ အဖေ ချက်ကျွေးသော ဟင်းများတွင် ထူးဆန်းသော ဟင်းတစ်ချို့ ပါလာလျှင် မောင်နှမတတွေမှာ စိတ်ဝင်တစားလဲဖြစ်၊ မစားရဲ စားရဲဖြင့် တစ်တို့လောက် အရင်မြည်းကြည့်ပြီး နောက်ဆုံးတော့ ခွက်ပြောင်အောင် လုစားကြရသည်သာ များသည်။ အဖေ ချက်ကျွေးတတ်သော ဟင်းများတွင် သူမ အကြိုက်ဆုံးက အဆီမပါသော တောဝက်သား၊ ချေသား၊ ဆတ်သားဟင်းများ ဖြစ်ပြီး ဖြူသား၊ မြွေသား၊ ပုရစ်ကြော်၊ ဖားချက် တို့ကိုတော့ ခပ်ကြောက်ကြောက်ဖြင့် စားခဲ့ဖူးပါသည်။ အဖေက ထိုသို့ ထူးထူးဆန်းဆန်း အစားအသောက်လေးများကို ကြိုက်သူဖြစ်သည်။  ပြီးလျှင် အဖေ လုပ်ကျွေးတတ်သော ဆန်နှင့် အသားများကို ၀ါးထဲထည့်ပြီး ရေထည့်ကာ ထိုဝါးကိုအပေါ်မှ မီးဖြင့်ကင်၍ကျွေးသော ထမင်းကိုလည်း အမြဲတမ်း သတိရနေမိတတ်သည်။ ထိုထမင်းလေးအကြောင်း စဉ်းစားလိုက်လျှင် မွှေးပျံ့သော ရနံ့လေးပင် ချက်ခြင်း ရလာသလို သူမစိတ်ထဲ ခံစားမိလေသည်။ အဖေ၏ အကောင်းဆုံး လက်ရာတစ်ခုဖြစ်သော ငါးကိုကင်ပြီး တောက်တောက်စင်းကာ အမွှေးအကြိုင်ရွက်များထည့်ပြီး အရည်ဖျော်ထားသော ငါးကောဟင်းသည်လည်း သူမ တမ်းမက်စွာ အိပ်မက် မက်တတ်သော ဟင်းတစ်မယ် ဖြစ်လေသည်။
အိမ်ပြန်ပြီး သူမချစ်သော မိခင်၊ဖခင် မောင်နှမတွေနှင့် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေထိုင်ဖို့ အမြဲတမ်း စိတ်ဆန္ဒရှိခဲ့သော်လည်း လက်တွေ့တွင် အလုပ်တာဝန်များစွာတို့ဖြင့် မအားမလပ်နိုင်သူမို့ တစ်နှစ်တစ်ခါပင် ရောက်နိုင်ဖို့ ခဲယဉ်းလွန်းခဲ့လေသည်။  အိမ်ကို အလည် ပြန်ရောက်သွားသည့် အခိုက်များတွင်လည်း သူမ မိခင်သည် ဈေးခြင်းတောင်းလေးကို ကိုင်ပြီး သူမ ကြိုက်တတ်သော ဟင်းများကို မေးစရာမလိုဘဲ ၀ယ်လာတတ်ပြီး မအားနိုင်အောင် ချက်ပြုတ်ကာ  ကျွေးမွေးတော့သည်။ သားကြီး ငါးကြီး မစားတတ်သော အမေ့လက်ရာ အသီးအရွက် မျိုးစုံ အကြော်အလှော်အသုပ်များသည် သူမအတွက် မည်သည့် ထမင်းဆိုင်မှ လိုက်မမီနိုင်သည့် မေတ္တာတရားတို့ဖြင့် ပြည့်စုံ မွှေးထုံနေသော ထမင်းဝိုင်းသာ ဖြစ်လေသည်။ ထိုထမင်းဝိုင်းကိုလည်း အမေ့အိမ်တွင်မှ လွဲ၍ အခြားနေရာတွင်  ရှာ၍ မတွေ့နိုင်ခဲ့ပါ။ ပကာသန မပါသော်လည်း မေတ္တာများစွာ ခြံရံထားသော ထမင်းဝိုင်းက သူမတို့မောင်နှမ တစ်စုအတွက် နတ်သုဒ္ဓါလို့လည်း ခေါ်ဆိုနိုင်ပါသေးသည်။ အိုး……….. အမေ့လက်ရာ ထမင်းဝိုင်းလေးကို လွမ်းဆွတ်လွန်းရပါသည်လေ။

နေ့ခင်းတုန်းက အိမ်ကိုဖုန်းဆက်ချိန်တွင် ဖခင်ဖြစ်သူ၏ “သမီး သီတင်းကျွတ် ပြန်မလာဘူးလား” ဆိုသည့်အမေးက သူမကို တဒင်္ဂ ဆွံ့အသွားစေခဲ့ပြီး ရင်ထဲတွင်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်သွားခဲ့ရသည်. သီတင်းကျွတ်မှာ သူမ ပြန်လာမည်ဟု အဖေက မျှော်လင့်ထားပုံရလေသည်။ အဖေ့ကို  ပြန်ပြောဖြစ်ခဲ့သည်က “ပြန်ချင်တာပေါ့ အဖေရယ်.. ပြန်ချင်လိုက်တာမှ… တစ်ပိုင်းသေမတတ်ပါဘဲ.. ဒါပေမဲ့.. ”  ဆိုပြီး  ဆက်မပြောတတ်ခဲ့တော့ပါ။ တာဝန်ဝတ္တရားများက သူမကို အိမ်ပြန်ခွင့် မရအောင် ချည်နှောင်ထားခဲ့သော အရာများသာ ဖြစ်လေသည်။ သူမ မပြန်နိုင်လျှင်၊ မပြန်ဖြစ်လျှင်လည်း မိဘများကတော့ နားလည် ခွင့်လွှတ်ကြမည်သာ ဖြစ်ပါသည်။ သို့သော်လည်း သူတို့ရင်ထဲမှာတော့ ပြန်မလာနိုင်သော အဝေးရောက် သမီးတစ်ယောက်ကို မျှော်လင့်နေမည်မှာ သေချာပါသည်လေ။ ခုချိန်မှာတော့ သူမနှင့် အိမ်အကြားတွင် ခရီးမိုင်များစွာ ဝေးကွာလို့နေခဲ့သည်။

အိပ်မပျော်သော ည၏ထုံးစံအတိုင်း အိမ်ရှေ့က ၀ရံတာလေးတွင် ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း၊ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်း သူမ၏ အိမ်လွမ်းစိတ်တို့ကို ဖြေသိမ့်ခဲ့သည်မှာ အကြိမ်ပေါင်းများစွာပင်။ သူမ၏ အလွမ်းဝေဒနာကိုလည်း မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ကလေးတို့က နားလည်ပြီး ကူညီဝေမျှ ခံစားပေးနိုင်သည်ဟု သူမက ယုံကြည်မိသည်လေ. “သမီးကို မွေးတုန်းက ကောင်းကင်မှာ လကလည်းသာ၊ ကြယ်တွေဆိုလည်း စုံလိုက်တာ သမီးရယ်.. အဖေတောင် သမီးကို ပွေ့ပြီး ခေါ်ပြမလားတောင် တွေးမိတယ်.. နောက်တော့မှ သမီးက မွေးစလေး ရှိသေးတာ.. ဘယ်မြင်နိုင်မလဲလို့ စဉ်းစားမိတော့တာ။ ” ဟု ပြောခဲ့သော အဖေ့စကားကြောင့် ကြယ်တွေစုံတဲ့ ညတွေကို သူမကလည်း အခြားသော ညတွေထက် ပိုမို ခင်တွယ်မိသည်။ ကြယ်ကလေးတွေကိုလည်း သူငယ်ချင်းရင်းခြာပမာ ချစ်ခင်မိလေသည်။ ဘယ်လောက်တောင် လှလိုက်တဲ့ ကောင်းကင်ကြီးလဲနော်။ ဒီလို ကြယ်တွေ စုံလွန်းတဲ့ ညတွေချည်းသာ ဖြစ်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမည်လဲ.. ဒီလိုဆိုလျှင်ဖြင့် သူမ၏ ရင်တွင်းမှ အိမ်လွမ်းနာသည်လည်း ကြယ်ပွင့်လေးတွေကြောင့် သက်သာရ ရနိုင်ပေမည် မဟုတ်လား။

ဒီအချိန်မှာတော့ သူမကို အိမ်ပြန်လာစေချင်စိတ်တို့ဖြင့် သူမ ပြန်လာမည့်အချိန်ကို မျှော်လင့်နေမည့် အဖေအမေသည် အိမ်ရှေ့ဝရံတာလေးမှာ ထိုင်ရင်း ကြယ်တွေစုံလင်နေသော ကောင်းကင်ကြီးကို သူမ လိုဘဲ မော့ကြည့်နေပါလိမ့်မည်။ သူမကလည်း ကြယ်လေးတွေကို တိုင်တည်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် ပြောမိသည်မှာ  “ အဖေအမေတို့အိမ်လောက် နွေးထွေးလုံခြုံတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး ... သမီး တစ်နေ့နေ့တော့ အမေတို့ရဲ့ အိမ်ကို အပြီးအပိုင် ပြန်လာမှာပါ.. သမီးကို စောင့်နေပါ အဖေနဲ့အမေရယ်”.... ထိုအချိန်မှာဘဲ တိုက်တိုက်ဆိုင် လွှင့်ပျံလာသည့် သီချင်းလေးက အဆိုတော် ထူးအိမ်သင်ရဲ့ “ကြယ်တွေ စုံတဲ့ည”။ လူတိုင်းမှာ မျှော်လင့်ခွင့်ရှိပါသည်။ သို့သော် ထိုအခွင့်အရေးသည် ခုချိန်တွင်တော့ ခပ်ဝါးဝါးမှုန်ပြပြ ကြယ်လေးတစ်စင်းလို အပြည့်အ၀ လင်းလက်ခွင့် မရနိုင်ဘဲ မှေးမှိန်နေဆဲသာ ရှိလေသည်။ သူမ လိုဘဲ အိမ်ပြန်ချင်စိတ်ဖြင့် စိတ်ဓာတ်တွေ နာဖျားနေသူ ဒီလောကကြီးမှာ ဘယ်လောက်များ ရှိနေကြမှာပါလိမ့်၊ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်သေးသောကြောင့် အိပ်ပြန်သည့်အိပ်မက်ရှည်ကို မက်နေသူတွေ ဘယ်လောက်တောင် ရှိနေမှာပါလိမ့်။ သားသမီးတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်နေမည့် မိခင်ဖခင်တို့ရော ဒီကမ္ဘာကြီးပေါ် ဘယ်လောက်တောင် များနေမှာပါလိမ့်… လူတွေသည် မပြည့်စုံနိုင်သော အိပ်မက်များဖြင့် လှုပ်ရှား ရုန်းကန်နေကြရသူတွေ များလှသည်။  ထိုအထဲတွင် သူမသည်လည်း အပါအ၀င် ဖြစ်ပါသည်။ ကြယ်တွေကိုကြည့်ရင်း သူမဆုတောင်းလိုက်မိသည်က သားသမီးတိုင်း မိခင်ဖခင်ရှိရာ မေတ္တာရိပ်မြုံကို ခိုလှုံနိုင်ခွင့် ရကြပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မ နှစ်သက်မိသော ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည သီချင်းကို အကြိမ်ကြိမ် အဖန်ဖန် နားထောင် ခံစားမိရင်း ကြယ်တွေစုံတဲ့ ညတစ်ညမှာ လျှံတက်လာသော အိမ်အလွမ်းကို ဒီစာလေးဖြင့် အမှတ်တရ ရေးဖွဲ့မိပါတယ်... ။ သီချင်းလေးကိုတော့ ကျွန်မရဲ့ ချစ်စွာသောအစ်မ မမြသွေးနီ ရဲ့ ဘလော့မှာ နားဆင်လို့ရပါတယ်ရှင်။


Image Hosted by PicturePush - Photo Sharing

ကျွန်မတို့ရဲ့ ဒေသအစားအစာများ(၄)

ဒီနေ့တော့ ကျွန်မတို့ရဲ့ ဒေသ အစားအစာအကြောင်းလေး ပြောပြချင်ပါသေးတယ်... အရင်က ဟင်းတွေမဟုတ်တဲ့ အခြားဟင်းလျာတွေပါ။ ကျွန်မတို့စားဖြစ်တဲ့ ဒေသအစားအစာတွေဟာ အသားငါးထက် အသီးအရွက်သာ များပါတယ်ရှင်။ ဒါကြောင့် ကျွန်မရဲ့ ဒေသအစားအစာတွေဟာ အသီးအရွက်တွေကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ဖြစ်တဲ့ အကြောင်းတွေသာ ဖြစ်ပါတယ်။



ကန်းစွန်းရွက်သုပ်

ပထမဦးဆုံး မိတ်ဆက်ပေးမဲ့ ဟင်းက ကန်စွန်းရွက်သုပ်ပါ။ ကန်စွန်းရွက်ကို အများအားဖြင့် ကြော်စားတာနဲ့ အချဉ်ရည်ချက်စားကြတာ များပါတယ်.. ဒါပေမဲ့ ကျွန်မတို့ဘက်မှာတော့ ကန်စွန်းရွက်ကို သုပ်စားကြပါတယ်.. ကန်စွန်းရွက်ကို အစိမ်းသုပ်နဲ့ ပြုတ်ပြီး သုပ်ရယ်လို့ နှစ်မျိုး ရှိပါတယ်..

ကန်စွန်းရွက် အစိမ်းသုပ်
အစိမ်းသုပ် ပြုလုပ်ပုံက လွယ်လွယ်လေးပါ။ ကန်စွန်းရွက်သုပ်ဖို့က ထိုင်ဝမ်ကန်စွန်းကို အသုံးမပြုပါဘူး။ ရိုးရိုး ရေကန်စွန်းကိုသာ သုံးပါတယ်.. အရိုးနုနဲ့ အရွက်တို့ကို ခြွေယူလိုက်ပြီး အပိုင်းအပိုင်းလေးတွေ လှီးဖြတ်လိုက်ပါတယ်..



ပြီးတော့ ကန်စွန်းရွက်နဲ့အတူ ကြက်သွန်နီ၊ ငရုပ်သီး၊ ပုဇွန်ခြောက်၊ ဆား၊အချိုမှုန့်၊ အသားမှုန့် ( သပ်သပ်လွတ်စားလိုလျှင် ပုဇွန်ခြောက်နှင့် အသားမှုန့်မထည့်ဘဲ သုပ်နိုင်ပါသည်) ခရမ်းချဉ်သီး၊ သံပုရာသီး တို့ကို အဆင်သင့် လုပ်ထားပါ။

စားခါနီးမှ နယ်လိုက်ရင် ချဉ်ချဉ် စပ်စပ် ကန်စွန်းရွက်အစိမ်းသုပ် တစ်ခွက်ရပါပြီ။

ကန်စွန်းရွက် အဆိမ့်သုပ်
ကန်စွန်းရွက်ကို ပြုတ်ပြီး သုပ်ပါဦးမယ်.. ကန်စွန်းရွက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါတယ်.. ကန်ဇွန်းရွက်ကို ပျော့အိအောင့် မပြုတ်ရပါ။ ခဏတာ ရေနွေးနှင့် ပြုတ်ပြီး ရေအေးအေးတွင် စိမ်းထားပါ။



ပြုတ်ပြီး ရေအေးအေးမှာ စိမ်ထားရင် ကန်စွန်းရွက် အရောင်ပြောင်းသွားတာမျိုး မဖြစ်နိုင်တော့ပါဘူး။


ထို့နောက် ဆီကျက်ချက်၊ မြေပဲဆန်( သို့) နှမ်းကို လှော်ပါ။ ပြီးလျှင် မြေပဲဆန်ထောင်း၊ နှမ်းထောင်းထည့်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီထည့် ၊ ဆားအချိုမှုန့် ဆီကျက်ထည့်ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ကန်စွန်းရွက် အဆိမ့်သုပ် တစ်ခွက်ရပါပြီ။


ကန်စွန်းရွက် အဆိမ့်သုပ်


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြက်ဥ တိုဟူးဖြူပေါင်း


စားလို့ကောင်းတဲ့ ပဲပြားခေါ် တိုဟူးဖြူပေါင်းနည်းလေးကို မျှဝေပါရစေရှင်။ ဒီပဲပြားကိုတော့ ဘယ်နေရာမဆို အလွယ်တကူ ၀ယ်ယူလို့ ရနိုင်တာမို့ လူတိုင်းအတွက် ချက်စားဖို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။


ပဲပြားကို ခုလိုအတုံးလေးတွေ တုံးပြီး ပန်းကန်လုံးထဲထည့်ထားပါတယ်.. ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ နံနံတို့နဲ့အတူ အရောင်စုံသွားအောင် ဥနီလေးကိုပါ သေးသေးရှည်ရှည်လေးလှီးပြီး အပေါ်က ထည့်ပါမယ်..


အစိမ်း၊အနီ၊လိမ္မော် ၊ အဖြူ အရောင်လေးတွေ စုံသွားအောင်ပေါ့နော်

ပေါင်းမယ်လေ

ကြက်ဥနှစ်လုံးလောက်ကို ဖောက်ပြီး ခွက်တစ်ခုထဲ နာနာခေါက်ပြီး ဆားအချိုမှုန့်တို့နှင့် ရေအနည်းငယ် ရောကာ ကြက်ဥနှင့် ရောမွှေပါ။ ပြီးလျှင် ကြက်ဥကို တိုဟူးဖြူပန်းကန်ထဲသို့ ဘေးမှ လောင်းချပါ။ တိုဟူးဖြူပန်းကန် တစ်ဝက်နီးပါးခန့် မြုပ်အောင် ဒယ်အိုးတစ်ခုထဲ ရေထည့်ကာ အဖုံးအုပ်ပြီး မီးဖိုပေါ်တင်ပြီး အချိန် ၁၀မိနစ်ခန့် ပေါင်းလိုက်လျှင် စားချင့်စဖွယ် ကြက်ဥ တိုဟူးဖြူပေါင်း ရပါပြီ။


စားလို့ရပြီနော် ကြက်ဥ တိုဟူးဖြူပေါင်း။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခရမ်းချဉ်သီး ပဲပြားချက်
ပဲပြား (တိုဟူးဖြူ)ကိုဘဲ ခရမ်းချဉ်သီးနဲ့ ချက်စားလို့ ရပါသေးတယ်.. ချက်နည်းလေး ပြောပြပါမယ်နော်။



ပဲပြားချက်ဖို့ လိုအပ်တဲ့ အဆာပလာတွေပါ။

ပဲပြားကို အတုံးလေးတွေ ပြုလုပ်ပါတယ်.. ခရမ်းချဉ်သီးကို တောက်တောက်စင်းထားပါမယ်.. ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ ငရုပ်သီးတို့ကို ပြင်ဆင်ပါမယ်.. ခွက်သေးလေးထဲကတော့ တိုကျန် ( ပဲငပိပါ) ။  ကြက်သွန်ဖြူနီ၊ ဂျင်းတို့ကို နနွင်း၊ အရောင်တင်တို့ဖြင့် ဆီသတ်ပါတယ်.. ခရမ်းချဉ်သီးထည့်ပြီး မကြာခင် ရေထည့်ပါတယ်.. ရေဆူလျှင် တိုဟူးဖြူနဲ့ ပဲငပိ အနေတော်ကို ထည့်ပါမယ်.. ငရုပ်သီးကိုထည့်ပါတယ်.. ဆားအချိုမှုန့် ခတ်ပြီး ကျက်ခါနီးမှာ နံနံပင်ကို ထည့်လိုက်ပါတယ်..



ခရမ်းချဉ်သီး တိုဟူးဖြူ(ပဲပြား)ချက်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မတို့ ကချင်ပြည်နယ်ဟာ သစ်ဝါးပေါတာကြောင့် မျှစ်လည်း အလွန်ပေါပါတယ်... ဒါကြောင့် မျှစ်ကို အမျိုးမျိုး ချက်စား၊ သုပ်စားကြတာကို ပြောပြချင်ပါသေးတယ်...

ငပိထောင်းနဲ့ မျှစ်ပြုတ်


မျှစ်ပြုတ်ကို ကျွန်မတို့က ငပိထောင်းလေးနဲ့ တို့စားကြပါတယ်.. ငပိကိုမီးဖုတ် ကြက်သွန်ဖြူ၊ ငရုပ်သီးကို အရင်ထောင်း၊ ပုဇွန်ခြောက်ကို ထည့်ထောင်းပါတယ်.. ငပိဖုတ်ကို အချိုမှုန့် ထည့်ပြီး ထောင်းလိုက်ပါတယ်.. ပြီးတော့မှ သံပုရာသီးကို ညှစ်လိုက်ပြီး နံနံပင်နဲ့ ရောထောင်းလိုက်ပါတယ်.. ငပိထောင်းဘူးအဆင်သင့် ရှိရင်လည်း ငပိထောင်းကို ပန်းကန်လေးထဲထည့် သံပုရာသီးလေး ညှစ်ပြီး စားမယ်ဆိုရင် ခံတွင်းပျက်နေသူတွေတောင် သုံးပန်ကန်လောက် ထမင်းမြိန်စေနိုင်ပါတယ်..  :)



သံပုရာသီးညှစ်ထားတဲ့ ငပိထောင်းနဲ့ တို့စရာ မျှစ်ပြုတ်

မျှစ်သုပ်



မျှစ်သုပ်

မျှစ်ကို ပါးပါးမျှင်မျှင်လေးတွေလှီးပြီး ငရုပ်သီး ကြက်သွန်နီ၊ပုဇွန်ခြောက်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ဆားအချိုမှုန်၊့ သံပုရာသီးတို့နဲ့ သုပ်တာက မျှစ်ကို အချဉ်သုပ်တာပါ။ အဆိမ့်သုပ်မယ်ဆိုရင် မြေပဲဆန်၊ ဆီချက်ထည့်ပြီး သံပုရာသီးမထည့်ဘဲ ဂျင်းအရွက်နုလေးကို ပါးပါးလှီးထည့်လို့ အဆိမ့်သုပ်စားကြပါတယ်။

မျှစ်ဆန်လှော်



မျှစ်ဆန်လှော်

မျှစ်ဆန်လှော်ချက်ဖို့ အိုးထဲရေထည့် ဆား၊ငပိ၊ ကြက်သွန်ဖြူ ပုဇွန်ခြောက်အနည်းငယ် ထည့်ကာ ရေနွေးဆူအောင်တည်ပါတယ်.. ရေဆူလျှင် ပါးပါးလှီးထားသော မျှစ်ကိုထည့်ပါတယ်.. ဆန်အနည်းငယ်ကို ညိုရောင် သန်းလာအောင် လှော်ပြီး အမှုန့်ထောင်းထားတာကို ထည့်ပါတယ်.. ဟင်းအိုး ကျပြီဆိုလျှင် ပင်စိမ်းရွက်ကို ခတ်ပြီး အပေါ့အငံမြည်းကာ ချလို့ ရပါပြီ။ ဆန်လှော်နဲ့ ပင်စိမ်းနံ့ သင်းပျံ့ပျံ့ မျှစ်ဆန်လှော်ဟင်းတစ်ခွက် ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မျှစ်ချဉ်လှော်

ျှစ်ပေါများတဲ့ ရာသီမှာ မျှစ်တွေ အများကြီး ခူးပြီး မျှစ်ချဉ် ပြုလုပ်လေ့ ရှိပါတယ်.. အဲဒီမျှစ်ချဉ်ဟာ နှစ်ရှည်ကြာအောင် အထားခံပြီး စားလို့လဲ ကောင်းတာမို့ လူကြိုက်များပါတယ်..  ကျွန်မတို့ဘက်မှာ မျှစ်ချဉ်ကို အစားများပါတယ်.. ခေါက်ဆွဲကိုလည်း မျှစ်ချဉ်နဲ့ စားကြတာ များပါတယ်.. ကဇော့သီး၊ ဟင်းပြင်းရွက်၊ ကန်ဇင်းရွက်တို့နဲ့ မျှစ်ချဉ်ကို လှော်စားကြပါတယ်.. အရွက်မထည့်ဘဲ မျှစ်ချဉ်ကြီးဘဲလည်း လှော်စားလို့ရပါတယ်.. ရေခမ်းအောင် လှော်ထားရင် ရက် ကြာကြာ အထားခံပါတယ်.. ပြုလုပ်ပုံက မျှစ်ချဉ်ကို ရေများများနဲ့ ဆားထည့်ပြီး ပြုတ်ပါတယ်.. ၂ရေ ၃ရေ ကုန်တဲ့အထိအောင် ပြုတ်ပါတယ်.. မျှစ်ချဉ်နူးပြီလို့ ယူဆပြီဆိုရင် ရေခမ်းအောင်ပြုတ်ပါတယ်... ရေခမ်းသွားရင် မျှစ်ချဉ်အိုးထဲဆီထည့် ကြက်သွန်ဖြူနီကို ထည့်ပါတယ်.. အရောင်တင် နနွင်းမှုန့်ကိုထည့်ပြီး ငပိအနည်းငယ်၊ ပုဇွန်ခြောက် ၊ ငရုပ်သီးစိမ်း တို့ကို ထည့်ကာ ရောမွှေပြီး လှော်ပါတယ်...  အချိန်အနည်းငယ်ကြာလို့ ဆားအချိုမှုန့် အရသာ မြည်းလို့အနေတော်ရင် ကြက်သွန်မြိတ်၊ နံနံတို့ကို ထည့်ပြီး ချလို့ရပါပြီ။


မျှစ်ချဉ်လှော်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပဲသီးထောင်း

ပဲတောင့်ရှည်ကို ကျွန်မတို့ဘက်မှာ အစိမ်းထောင်းစားကြပါသေးတယ်..



ပဲသီးထောင်း

ပုဇွန်ခြောက်ကို ညက်အောင်ထောင်း၊ ပဲသီးနဲ့ ငရုပ်သီးစိမ်းကို  ပါးပါးလှီးပြီး ပုဇွန်ခြောက် ဆားအချိုမှုန့်တို့နဲ့ ရောထောင်းပါတယ်။ သံပုရာသီး တင့်သင့်ရုံညစ်လို့ နံနံပင်လေးနဲ့ ထောင်းလိုက်ရင် ပဲသီးအစိမ်းထောင်း ချဉ်ချဉ်စပ်စပ် ရပါပြီ။မိုးရာသီမှာတော့ ပဲသီးကို သရက်သီးအစိမ်းနဲ့ ငပိဖုတ်လေး အနည်းငယ်ထည့်လို့ ထောင်းပါတယ်.. ကြက်သွန်နီအစိမ်းပါးပါးလှီးထည့်လည်း ကောင်းပါတယ်..  ဆင်ခရမ်းချဉ်သီးခေါ် မပူသီးနဲ့လည်း ထောင်းစားပါတယ်..
~~~~~~~~~~~~~~~~~~~~ပဲသီးအဆိမ့်သုပ်

ပဲသီးအဆိမ့်သုပ်

ပဲသီးအဆိမ့်သုပ်ဖို့ ပဲသီးကို အမြီး ခေါင်းဖြတ်ပြီး ပြုတ်ပါတယ်.. ပဲသီးအနေတော်ကျက်ရင် (မပျော့ပါစေနှင့်)  ရေအေးနဲ့ စိမ်ထားပါတယ်.. ပြီးနောက် လက်တစ်ဆစ် အတိုင်း ဖြတ်ပြီး မြေပဲဆန်၊ဆီကျက်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ၊ ဆားအချိုမှုန့်တို့နဲ့ သုပ်လို့ ရပါပြီ။ အစပ်ကြိုက်ရင် ငရုပ်သီးထည့်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးပဲငပိ



ငါးပဲငပိ

ငါးကို အကောင်မပျက်အောင် ကြော်ပါတယ်.. ပြီးနောက် ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူနီကိုဆီသတ် ပဲငပိခပ်များများ ထည့်ပြီး မီးအေးအေးဖြင့် ကြော်ပါတယ်.. ကြက်သွန်မြိတ်ကိုထည့်ပြီး အစောက ကြော်ထားတဲ့ငါးကို ဟိုဘက်ဒီဘက် ပြန်ထည့်ကြော်ပြီး ပန်းကန်တစ်ခုထဲ ထည့်လိုက်ရင် ငါးပဲငပိကြော်ရပါပြီ။


ငါးငရုပ်သီးထောင်း


ငါးကြော် ငါးချက်စားရတာ ငြီးငွေ့သူများအတွက် ငါးကို ငရုပ်သီးထောင်းလို့ရပါသေးတယ်.. ခပ်ကြွပ်ကြွပ် ကြော်ထားတဲ့ငါးကို ခေါင်းနဲ့ အရိုးကိုဖယ်ထုတ်ပြီး ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ငရုပ်ပွ မီးကင်တို့နဲ့ ရောထောင်းပါတယ်.. ဆားအချိုမှုန့် နံနံပင်တို့ထည့်လိုက်ရင် ငါးငရုပ်သီးထောင်း ရပါပြီ။
~~~~~~~~~~~~~~~~~~~~~~
ဂျူးမြစ်ထောင်း



ဂျူးမြစ်ထောင်း

ဂျူးမြစ်ကို ရေစင်စင်ဆေးပြီး အပိုင်းအပိုင်းဖြတ်ထားပါမယ်... ငရုပ်သီး၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူတို့ကို ထောင်းပြီး ဂျူးမြစ်ကို ဆားအချိုမှုန့်၊ နံနံပင်တို့နဲ့ရောထောင်းလိုက်ပါမယ်..  ပန်းကန်းတစ်ခုထဲ ထည့်လို့ ဆီစိမ်းလေးဆမ်းပြီး စားသုံးနိုင်ပါပြီ။ ပုဇွန်ခြောက်အစား ငါးခြောက်အသားကိုလည်း ထည့်ထောင်းလို့ ရပါသေးတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝဥသုပ်

ကျွန်မတို့ကချင်ပြည်နယ်မှာ ၀ဥ အတော်ပေါပါတယ်.. တောထဲတောင်ထဲမှာ အလေ့ကျ ပေါက်သလို အိမ်တွေမှာလည်း မစိုက်ဘဲ ပေါက်တတ်ပါတယ်.. အဲဒီ ခပ်ကြီးကြီး ဥတွေကို ပျော့အိအောင် ပြုတ်ပြီး အခွံခွာ၊ အသားကိုနယ်ပြီး ညက်အောင်ထောင်းပါတယ်.. ငရုပ်သီး၊ နံနံပင် ၊ ထုံးရေကြည်အနည်းငယ်နှင့် ဆားထည့်ပြီး ပြန်ပေါင်းထားတာကို ၀ပေါင်းလို့ ခေါ်ပါတယ်..



ဝပေါင်းပါ။

အဲဒီဝပေါင်းကို အတုံးလေးတွေတုံးပြီး ၀က်ရိုး၊ ကြက်ရိုးတို့နဲ့ ဟင်းချို ချက်စားလို့ရသလို သုပ်စားလို့လည်း ရပါတယ်..  ၀ဥသုပ်ပုံက အခြားအသုပ်တွေအတိုင်းဘဲ ဖြစ်ပါတယ်..၀ဥပေါင်းကို ပါးပါးရှည်ရှည်လှီး၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ ဆားအချိုမှုန့်၊ ငရုပ်သီး၊  နံနံပင်၊ သံပုရာသီးလေးညှစ်ပြီး နယ်လိုက်ရင် ချဉ်စပ် ၀ဥသုပ်ရပါပြီ။


ဝသုပ်ပါ။  ( ၀တုတ် မဟုတ်ပါ)  :)

ဝဥ


ဘာမှ မလုပ်ရသေးတဲ့ ၀ဥပါ။ သူ့အရွယ်က  ရွှေဖရုံသီး တစ်လုံးထက်တောင် ကြီးတတ်ပါသေးတယ်..

ကျွန်မတို့အရပ်မှာ ၀ဥကို ရွှေဖရုံသီးလို ဆီပြန်ချက်စားကြပါသေးတယ်..  လယ်လုပ်ချိန်ဆို ကောက်စိုက်သူအများကြီးကို ဒီလို ၀ဥတွေကို အခွံခွာ အတုံးလေးတွေလုပ်ပြီး ကြက်သွန်ဖြူနီ ဆီသတ်လို့ စိမ်းစားငပိလေး အနည်းငယ်ထည့်ပြီး ၀ဥကိုထည့် ဆား၊ အချိုမှုန့်၊ ရေထည့်ပြီး ၀ဥနူးပြီဆို ရေခမ်းအောင်တည်ပြီး ဆီပြန်နေအောင် ချက်ကျွေးကြပါတယ်..


ဘလော်ဂါမကောင်းမွန်ဝင်း ကတော့ ဂျပန်လူမျိုးတွေဟာ ၀ဥကို နည်းအမျိုးမျိုးနဲ့ လုပ်စားကြတယ်လို့ ဗဟုသုတအနေနဲ့ ဖော်ပြထားပြီးတော့ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတာမို့ ဂျပန်လူမျိုးတွေက ၀ဥကို အတော်အစားများတယ်လို့ သူ့ပိုစ့်ထဲမှာ ရေးထားတဲ့အပြင် မြန်မာ လူမျိုးတွေလည်း များများ စားသင့်ကြောင်းကို တိုက်တွန်းထားပါတယ်.. စိတ်ဝင်စားမယ်ဆိုရင် မကောင်းမွန်ဝင်း ရေးထားတဲ့ ၀ဥ အကြောင်းကို ( ဒီနေရာမှာ ) သွားဖတ်လို့ ရပါတယ်.. မြန်မာပြည်ကနေလည်း ဂျပန်ကို ၀ဥ Export လုပ်ကြတာ ရှိပါတယ်.. တရုတ်ကလည်း ၀ဥကို အတော်လေး ၀ယ်ပါတယ်.. မာလာခေါက်ဆွဲကို ၀ဥကနေ လုပ်တယ်လို့ သိရပါတယ်.. ဒီလိုဆို အကျိုးများပြီး အရသာလည်း ရှိတဲ့ ၀ဥကို များများ စားကြရအောင်နော် .....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟင်းအမယ်တွေ သိပ်များသွားမှာစိုးလို့ ဒီလောက်နဲ့ဘဲ ရပ်ပါမယ်.. နောက်ကြုံတဲ့အခါ ဒေသအစားအစာ အခြားဟင်းလျှာများကို အလျဉ်းသင့်ရင် ဖော်ပြပေးပါဦးမယ်ရှင်။


ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်။