ကျူးလစ်ပန်းက ပြောတဲ့စကား


ဒီနေ့တော့ ကျွန်မနှစ်သက်သဘောကျတဲ့ ကျူးလစ်ပန်းလေးတွေရဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်.. ဒီကျူးလစ်ပန်းဟာ .. ကမ္ဘာပေါ်မှာ ရေပန်းစားထင်ရှားတဲ့ပန်းဖြစ်ပေမဲ့ ကျွန်မတို့မြန်မာနိုင်ငံမှာ မရှိသလောက် ရှားပါးတဲ့အတွက် ဒီပန်းကို ငယ်စဉ်ကတည်းက စာအုပ်တွေမှာသာ မြင်ဖူးခဲ့ရတာမို့ ကျွန်မ စိတ်ဝင်စားမိတဲ့ ပန်းလည်း ဖြစ်ပါတယ်.. ဆွဲဆောင်မှုကောင်းလှတဲ့ အရောင်အသွေး စုံလင်စွာနဲ့ တင့်တယ်လှပပြီး အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေအတွက် အထူးသင့်တော်တဲ့ပန်းဖြစ်ပြီး ဥရောပမှာတော့ ကျူးလစ်ပန်းဟာ မင်္ဂလာအခမ်းအနားတွေမှာ အသုံးများတဲ့ပန်းလည်းဖြစ်ပါတယ်.. နေ့ထူးနေ့မြတ်များ၊ နှစ်ပတ်လည်နေ့များ အတွက်လည်း လက်ဆောင် အပေးများဆုံး ပန်းထဲမှာ ပါဝင်ပါတယ်.. အချို့ ကျူးလစ်အမျိုးအစားတွေဟာ ခပ်သင်းသင်းမွှေးတဲ့ ရနံ့လေးရှိပြီး အရောင်အမျိုးစုံလင်လှသလို အရောင်ကိုလိုက်ပြီး အဓိပ္ပါယ်များကိုလည်း ခွဲခြားထားကြောင်း သိရပါတယ်.. အောက်မှာတော့ ကျွန်မ စုဆောင်းထားတဲ့ အင်မတန်လှပ ဆွဲဆောင်မှုရှိလှတဲ့ ကျူးလစ်ပန်းခင်းပုံများနဲ့ ကျူးလစ်ပန်းအကြောင်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။


ရေလှိုင်းပမာ

တစ်ကွက်စီ တစ်ကန့်စီ


ခရမ်းပြာရောင်ကျူးလစ်ပန်းခင်း

ကျူးလစ်ပန်းဟာ စိတ်ကူးယဉ်ဆန်ခြင်း၊ မျှော်လင့်ချက်ထားခြင်း၊ ပြည့်စုံသောချစ်ခြင်းနဲ့ ချစ်ခြင်း မေတ္တာတရားကို ဖော်ကျူးခြင်း တို့ရဲ့ သင်္ကေတ လို့ လက်ခံယုံကြည်ကြပါတယ် ဥရောပနိုင်ငံတွေမှာ အထူးထင်ရှား ကျော်ကြားသော်လည်း ကျူးလစ်ပန်းရဲ့ မူလအစဟာ အာရှအလယ်ပိုင်းမှာ တောင်စောင်းတွေ၊ အေးတဲ့နေရာတွေမှာ သဘာဝအတိုင်း ပေါက်ရောက်သော အပင်အဖြစ် ပထမဦးဆုံး တွေ့ရှိရတာဖြစ်ပြီး ပါးရှားနဲ့ တူရကီနိုင်ငံမှာတော့ အေဒီ ၁၀၀၀ခုနှစ်ထက် စောပြီး စိုက်ပျိုးခဲ့ကြောင်း သိရပါတယ်. ကျူးလစ်ပန်းကို ကမ္ဘာပေါ်မှာ ထင်ရှားလာအောင် စပြီး မိတ်ဆက်ပေးခဲ့သူက သြစတြီးယန်း ရုက္ခဗေဒပညာရှင် Carolus Clusius  ဖြစ်ပါတယ်.. သူဟာ ကျူးလစ်ပန်းများကို ပထမဦးဆုံး အကြီးအကျယ် စိုက်ပျိုးခဲ့သူဖြစ်ပါတယ်. ယခုအချိန်မှာတော့ မှတ်တမ်းတင်ထားတဲ့ ကျူးလစ်ပန်း အမျိုးအစားပေါင်း ၃၀၀၀ခန့် ရှိနေပြီး နှစ်စဉ် ကျူးလစ်ပန်း သန်းပေါင်းများစွာကို ကမ္ဘာတစ်ဝှန်းလုံး စိုက်ပျိုးထုတ်လုပ် ရောင်းချကြပါတယ်.. သမိုင်းအထောက်အထားများအရ ဥရောပတိုက်မှာ ကျူးလစ်ပန်းကို အော်သိုမန် အင်ပါယာခေတ်မှာ စတင် စိုက်ပျိုးခဲ့တယ်လို့ ယုံကြည်ကြပါတယ်..
ပန်းရင့်ရောင်ကျူးလစ်ပန်းခင်း


အနီရောင်ကျူးလစ်ပန်းခင်း


ဖူးပွင့်ဝေစီ

ကျူးလစ်ပန်းဟာ နွေဦးရာသီမှာ လှပဝေစီစွာ ဖူးပွင့်ပြီးတော့ သစ္စာပန်းတို့လို ဥကနေ စိုက်ပျိုးတဲ့အပင် အမျိုးအစား ဖြစ်ပါတယ်.. သူ့ရဲ့ မျိုးစိတ်ပေါ်မူတည်ပြီး ပင်စည်ဟာ အရှည်၎လက်မကနေ ၂၈လက်မအထိ ရှိနိုင်ပါတယ်.. အများအားဖြင့် ပင်စည်ရိုးတံ တစ်ခုမှာ တစ်ပွင့်တည်းသာ ပွင့်တတ်သောပန်း ဖြစ်သော်လည်း အချို့သော ကျူးလစ်အမျိုးအစားကတော့ ရိုးတံတစ်ခုမှာ အပွင့်၎ပွင့်အထိ ပွင့်နိုင်ပါတယ်.. အပြာရောင်မှလွဲ၍ အရောင်မျိုးစုံ ရှိပြီး ချစ်စရာကောင်းလှတဲ့ အရောင်စပ်ကြားများလည်း ရှိပါတယ်.. ပန်းပွင့်ပုံသဏ္ဍာန်မှာ ခွက်တစ်ခုပမာ ရှိပြီး ကျူးလစ်ပန်းပင်တစ်ပင်မှာ အရွက် ၂ရွက်မှ ၆ရွက်အထိ ရှိတတ်ပြီး အချို့မျိုးစိတ်မှာတော့ ၁၂ရွက်အထိ ရှိတတ်ကြောင်း သိရပါတယ်… အရွက်ပုံသဏ္ဍာန်မှာ ရှည်လျားပြီး အပေါ်မျက်နှာပြင် ဖယောင်းသားကဲ့သို့ ချောပြောင်နေကာ စိမ်းစိုတောက်ပလျှက် ရှိပါတယ်.. အလွန်ကြီးမားကျယ်ပြန့်သော မြေဧကပေါင်းများစွာမှာ တစ်ရောင်စီ ခွဲခြား စိုက်ပျိုးတတ်တာကြောင့် ကျူးလစ်ပန်းခင်းများဟာ ရှုချင်စဖွယ် မျက်စိပသာဒရှိလှပြီး ဓာတ်ပုံဝါသနာအိုးများအတွက်လည်း စွဲမက်ဖွယ် ကောင်းလှပါတယ်.. အရောင်စုံကို ရောထွေးစိုက်ပျိုးတာမဟုတ်ဘဲ တစ်မျိုးကို တစ်ကန့်စီသော်လည်းကောင်း၊ တစ်ကွက်စီသော်လည်းကောင်း စိုက်ပျိုးကြတာ ဖြစ်တဲ့အတွက် သူ့အရောင် သူ့အကန့်နဲ့သူ အရောင်စုံ၊ အကွက်စုံမို့ စိတ်ဝင်စားဖို့ကောင်းသလို လှလည်းအလွန်လှပါတယ်..



ရေလှိုင်းပမာ


တိမ်ဆည်းဆာနှင့် ပန်းပင်လယ်


အနီရောင်လွင်ပြင်

လှပစွာဖူးပွင့်နေတဲ့ ကျူးလစ်ပန်းခင်းများ
ကျူးလစ်ပန်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း ကျူးလစ်ပန်းတို့ရဲ့ သဘာဝအရ အပွင့်များကို ခူးဆွတ်ပြီး မြေကြီးထဲကျန်သော ဥများကို ဇွန်လတွင် တူးဖော်သိမ်းဆည်းကာ စက်တင်ဘာလတွင် ပြန်လည် စိုက်ပျိုးကြပါတယ်.. အေးမြတဲ့ .. နွေနှောင်းနဲ့ ဆောင်းရာသီတို့မှာ မြေကို ကောင်းစွာထွန်ယက်ပြီး လေးလက်မမှ ၈လက်မအထိ မြေအနက်မှာ စိုက်ပျိုးကြတာ များပါတယ်.. ရှည်လျားတဲ့ ဆောင်းရာသီမရှိသော အချို့နိုင်ငံတွေမှာတော့ ကျူးလစ်ပန်းဥကို ၁၂လက်မအထိ မြေကြီးထဲ မြုပ်နှံကာ စိုက်ပျိုးကြရပါတယ်.. အဲဒီလိုစိုက်ပျိုးတာဟာ ပူပြင်းတဲ့ နေရောင်ဒဏ်မှ ကာကွယ်ဖို့ရယ် အပင်မပေါက်နိုင်တဲ့ ဥသေးဥမွှားများ ဖြစ်မလာဘဲ အပင်ကြီးမားသန်စွမ်းမဲ့ ဥကြီးတစ်ခုတည်းသာ ဖြစ်စေပြီး အပွင့်လှလှ ရနိုင်ဖို့အတွက်ရယ် ဖြစ်ပါတယ်… ကျူးလစ်ပန်းဥတစ်လုံး သေးငယ်သောအရွယ်မှ ပန်းပွင့်များ ပွင့်နိုင်တဲ့အရွယ် ရောက်ဖို့ ၅နှစ်မှ ၈နှစ်အထိ အချိန်ယူရတယ်လို့ သိရပါတယ်.. စိုက်ပျိုးနိုင်သော အရွယ်ရောက်တဲ့ ဥတွေကိုမှသာ အရွယ်အစားအလိုက် ဈေးကွက်မှာ ရောင်းချကြပါတယ်.. ဥအရွယ်အစား ကြီးမားလေ ပန်းပွင့်အရွယ်ကြီးမားလေဖြစ်ကြောင့် သိရပါတယ်.. ပန်းပွင့်ဖို့အရွယ်မရောက်သေးသော ဥငယ်များကိုတော့ မြေကြီးထဲမှာ ပြန်လည်မြုပ်နှံပြီး ကြီးထွားလာအောင် ထားကြရပါတယ်..  ကျူးလစ်ပန်းပွင့်များကို ခူးဆွတ်ပြီးခဲ့သော်မှ အပင်ကို ခုတ်ပစ်ခြင်းမပြုရဘဲ နောက်တစ်ရာသီ စိုက်ပျိုးချိန်အတွက် ကျူးလစ်ဥများ အင်အားပြည့်ကြီးထွားလာဖို့ အပင်များ အလိုလို သေဆုံးသွားသည်အထိ မြေကြီးထဲမှာ ဆက်လက် ထားရှိရပါတယ်.. တကယ်လို့ သင့်အိမ်မှာ ကြက်သွန်နီ ကုန်နေတယ်ဆိုခဲ့ရင် ကြက်သွန်နီအစား ကျူးလစ်ပန်းဥကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။



အနီနဲ့ခရမ်းပြာ

အရောင်အသွေးစုံစွာ

ပန်းကော်ဇော

ကျူးလစ်ပန်းကို ၁၆၃၆- ၃၇ခုနှစ်မှာ နယ်သာလန် ( ဟော်လန်) နိုင်ငံမှာ ဂုဏ်သိက္ခာရှိခြင်း၊ ချမ်းသာကြွယ်ဝခြင်း ပြယုဒ်အနေနဲ့လည်း စိုက်ပျိုးသူများ ရှိကြပါတယ်.. အဲဒီခေတ်က ကျူးလစ်ပန်းများကို ငွေကြေးတစ်ရပ်ကဲ့သို့ ကုန်သွယ် ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်.. ထိုအချိန်ကတည်းက ဆန်းပြားသော အရောင်မျိုးစုံလည်း ပေါ်ထွက်နေပြီ ဖြစ်ပါတယ်.. ရှားပါးသော တန်ဖိုးကြီး ကျူးလစ်ပန်းဥ တစ်ဥသည်ပင် အိမ်တစ်လုံးဝယ်နိုင်သည့် ပမာဏခန့်မျှ ငွေကြေးဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း ဗဟုသုတအနေနဲ့ မှတ်သားရပါတယ်.. ကျူးလစ်ပန်း၏ တန်ဖိုးအဆင့်အတန်းကို ပန်းတွင်ပါဝင်သော အရောင်များကိုကြည့်ကာ ခွဲခြား သတ်မှတ်ကြပါတယ်.. ခုခေတ်တွင်တော့ ကျူးလစ်ပန်းစိုက်ပျိုးသူများဟာ အရောင်မျိုးစုံရအောင် မျိုးစပ်ပြီး စိုက်ပျိုးနိုင်ကြပြီ ဖြစ်သလို စိုက်ပျိုးတဲ့ နည်းပညာတွေလည်း ပိုမိုတိုးတက်လာပြီ ဖြစ်ပါတယ်.. ကျူးလစ်ပန်းဟာ ဟော်လန်နိုင်ငံရဲ့  အထိမ်းအမှတ်ပန်းလို့ ပြောနိုင်လောက်အောင် တစ်နိုင်ငံလုံးမှာ ကျူးလစ်ပန်းခင်းများ လှပဆန်းကျယ်စွာ စိုက်ပျိုးကြပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြားကို တင်ပို့ရောင်းချတာကြောင့် ကမ္ဘာပေါ်မှာ  ကျူးလစ်ပန်းကို စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးရောင်းချတဲ့ နိုင်ငံဖြစ်တာနဲ့အညီ တစ်နှစ်ကို ကျူးလစ်ပန်းဥပေါင်း သန်း၃၀၀၀ ခန့် ထုတ်လုပ်ရောင်းချပါတယ်..



ပန်းမွေ့ရာ


ပန်းခြံထဲမှာ


ပန်းလွင်ပြင်

ပန်းကလေးတွေဟာ အဓိပ္ပါယ် အသီးသီးရှိတာမို့ မိမိပြောလိုတဲ့ စကားတွေကို နှုတ်က ဖွင့်ဟစရာမလိုဘဲ ပန်းတွေမှာရှိတဲ့ ကိုယ်စားပြု အဓိပ္ပါယ်လေးတွေနဲ့ မိမိပြောလိုတဲ့စကားတွေကို လိုက်ဖက်တဲ့ ပန်းအရောင်တွေ ရွေးချယ် လက်ဆောင်ပေးပြီး ပြောလို့ရပါတယ်.. ကျူးလစ်ပန်းနဲ့ပတ်သက်ပြီး အရောင်တစ်ချို့ရဲ့ အဓိပ္ပါယ်မှာ အနီရောင်သည် “ငါ့ကိုယုံကြည်ပါ” ဟူသော အဓိပ္ပါယ် ရသကဲ့သို့ ချစ်ခြင်းမေတ္တာကို ဖွင့်ဟ၀န်ခံရာတွင်လည်း အနီရောင် ကျူးလစ်ပန်းဖြင့် ဖွင့်ဟ ၀န်ခံကြပါတယ်.. အ၀ါရောင် ကျူးလစ်ပန်းရဲ့ အဓိပ္ပါယ်မှာ နေရောင်ခြည်လို တောက်ပတဲ့အပြုံးလေးလို့ အဓိပ္ပါယ်ဖြင့် ပေးကြသလို ပျော်ရွှင်ဝမ်းမြောက်ခြင်းကိုလည်း ကိုယ်စားပြုပါတယ်.. ခရင်မ်ရောင် ကျူးလစ်ပန်းက မင်းကိုထာဝရချစ်နေမယ်၊ အဖြူဆွတ်ဆွတ် ကျူးလစ်ပန်းက  ကောင်းကင်ဘုံ၊ သစ်လွင်တောက်ပခြင်း၊ သန့်စင်ခြင်းကို ကိုယ်စားပြုပါတယ်.. ခရမ်းရောင်က တော်ဝင်ဆန်ခြင်း မြင့်မြတ်ခြင်း၊ ပန်းရောင်က ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက် နွေးထွေးခြင်း၊ လိမ္မော်ရောင် ကျူးလစ်ပန်းကတော့ ခွန်အားရှိခြင်း၊ စိတ်အားထက်သန်ခြင်း၊ စိတ်ကူးဥာဏ်ကွန့်မြူးခြင်း၊ ရမ္မက်စိတ်ထက်သန်ခြင်း စသဖြင့် အသီးအသီး ကိုယ်စားပြု အဓိပ္ပါယ်များရှိကြောင်း မှတ်သားရပါတယ်..


အ၀ါထဲက တစ်ပွင့်တည်းသော အနီ
လှဟန်ရေးခြယ် လှရေးကြွယ်

ရောင်စုံလှိုင်းများ


ပန်းချီကားတစ်ချပ်လိုလှရေးကြွယ်

အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်ရဲ့ အနောက်မြောက် ဆီယာတယ်မြို့ရဲ့ မြောက်ဘက် မိုင်၆၀အကွာက Skagit Velly တစ်ဝိုက်မှာတော့ ကျူးလစ်ပန်းပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်.. အဲဒီပွဲတော်ချိန်မှာ ဧကပေါင်း ရာနဲ့ချီပြီး ကျယ်ဝန်းတဲ့ ကျူးလစ်ပန်းခင်းကြီးတွေဟာ အရောင်စုံ အသွေးစုံ မျက်စိတစ်ဆုံး၊ လျှောက်လည်၍ပင် မဆုံးနိုင်အောင် ပြန့်ပြောကျယ်ဝန်းလှပြီး လာရောက်လည်ပတ်တဲ့ ဧည့်သည် အရေအတွက်ဟာလည်း များပြားလှပါတယ်.. ရောက်လာသူတိုင်း ရင်သပ်ရှုမောကြရလောက်အောင် ပန်းပင်လယ်ကြီးဟာ အချင်းမိုင်အားဖြင့် ၁၅မိုင်ခန့် ကျယ်ဝန်းတယ်လို့ သိရပါတယ်.. ကျူးလစ်ပန်းပွဲတော်ကို ပန်းတွေအားလုံး စုံညီစွာ ဖူးပွင့်ကြတဲ့ ဧပြီ ၁ရက်နေ့မှ ၃၀ရက်အထိ ၄င်းဒေသမှာ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်.. ဒီလောက်ကျယ်ဝန်းပြီးး အရောင်စုံစွာလှပတဲ့ အိပ်မက်ဆန်ဆန် ပန်းခင်းကြီးကို ကြည့်ရဖို့ ဘယ်လောက်များ ရင်ခုန်စရာ ကောင်းလိုက်မလဲနော်။ အခွင့်အရေးများရရင် အဲဒီပန်းပွဲတော်ကြီးကို သွားကြည့်ချင်မိပါတယ်။ လောလောဆယ်တော့ ကျူးလစ်ပန်းပွဲတော်ကြီးကို မရောက်နိုင်သေးခင်မှာ ဓာတ်ပုံတွေကိုကြည့်ရင်းဘဲ စိတ်အပန်းဖြေကြရအောင်လားရှင်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီကျူးလစ်ပန်းကိုတော့ ကျွန်မနှစ်သက်တဲ့ပန်းတစ်မျိုးမို့ အချက်အလက်များ၊ ဓာတ်ပုံများ စတာတွေကို နှစ်သက်စွာ စုဆောင်းထားသမျှ မျက်စိပသာဒဖြစ်စွာ ဖတ်ရှုခံစားနိုင်ဖို့ ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်ရှင်..



Sources and photos from Google


http://www.livingartsoriginals.com/flower-tulip.htm

ထူးထူးဆန်းဆန်းရေကန်နဲ့ အပင်များ

Canada’s Spotted Lake



ရေကန်ကြီးထဲက ရေကန်ငယ်လေးများ

ရေကန်ငယ်လေးများစွာ ဖြစ်ပေါ်နေတဲ့ ဆားရေကန်ကြီးဟာ ကနေဒါနိုင်ငံ၊ ဘရစ်တစ်ကိုလံဘီယာနယ်ရဲ့ အနောက်မြောက်မှာရှိတဲ့ Osoyoos  မြို့အနီးမှာ တည်ရှိပါတယ်.. အဲဒီရေကန်ငယ်ကလေးတွေထဲက ရေဟာ ဓါတုပစ္စည်း ပျော်ဝင်မှု အလွန်များပြားပြီး အမျိုးပေါင်းစုံလင်စွာသော ဓါတ်သတ္တုများ ပျော်ဝင်နေပါတယ်.. နွေရာသီအခါမှာ ရေကန်ထဲမှာရှိတဲ့ရေတွေဟာ အငွေ့ပျံခြောက်ခမ်းသွားပြီးတဲ့နောက် ကန်ထဲမှာ ဓာတ်သတ္တုတွေသာ ကျန်ရစ်ခဲ့ပါတယ်.. ရေကန်ထဲမှာတော့ ဓါတုပစ္စည်းကျန်ရစ်ခဲ့တဲ့ နေရာအနေအထားပေါ် မူတည်ပြီး မတူညီတဲ့ အရောင်အသွေးနဲ့ ကန်ငယ်လေးပေါင်းများစွာ အကွက်အကွက်လိုက် ဖြစ်ပေါ်စေခဲ့ပါတယ်.. ကန်ကြီးတစ်ခုလုံးဟာ အရောင်မျိုးစုံလင်လှတဲ့ အကွက်အပျောက်ငယ် ကလေးတွေအဖြစ် ထူးဆန်းလှပစွာ ဖြစ်ပေါ်နေစေပါတော့တယ်..
ရေတွေခမ်းခြောက်ပြီး ဆားနဲ့ သတ္တုတွေသာကျန်ရစ်နေတဲ့ ရေကန်

ဆားတွေတင်ကျန်နေတဲ့ ရေကန်ကြီး

မဂ္ဂနီစီယမ် ဆာလ်ဖိတ်အများဆုံး ပါဝင်နေတဲ့ ရေကန်ငယ်လေးပေါင်းများစွာဟာ နွေရာသီအခါမှာတော့ ပုံဆောင်ခဲလေးတွေအဖြစ် ကျန်နေရစ်တတ်ပါတယ်… ရေတွေခမ်းခြောက်သွားပြီးတဲ့နောက် ရေကန်ငယ်လေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ လူသွားလို့ရတဲ့ လမ်းသဖွယ် ဖြစ်ပေါ်လာစေခဲ့ပါတယ်.. အဲဒီရေကန်ငယ်လေးတွေထဲမှာ မဂ္ဂနီစီယမ် ၊ကယ်လ်စီယမ်နဲ့ ဆိုဒီယမ်ဆာလ်ဖိတ် ပါဝင်မှုနှုန်းဟာ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်… ငွေ နဲ့ တိုက်တေနီယမ် သတ္တုတွေပါ ပါဝင်နေပြီးတော့ ၄င်း သတ္တုတွေ၊ ဓါတုပစ္စည်းတွေကြောင့်ဘဲ အရောင်စုံ အကွက်ပေါင်း ၃၆၅ ကွက်ခန့် မြောက်များစွာ ဖြစ်ပေါ်နေတာကြောင့် အဲဒီရေကန်ကို Spotted Lake လူသိများပါတယ်.. အဖြူရောင်၊ အစိမ်းဖျော့ရောင်၊ အ၀ါရောင် စသဖြင့် အရောင်စုံအောင် ဖြစ်ပေါ်နေစေပါတယ်.


အကွက်လိုက်ကျန်



ရေကန်ရဲ့ ရှုခင်း တစ်မျိုး

အဲဒီရေကန်ကြီးဟာ ရောဂါဘယတွေကို ကုသပေးနိုင်စွမ်း ရှိတယ်လို့ ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေက ယုံကြည်ကြပြီးတော့ အစဉ်အဆက် တန်ဖိုးထားထိမ်းသိမ်းခဲ့ကြတယ်လို့ သိရပါတယ်.. မတူညီတဲ့ သတ္တုပါဝင်မှုနှုန်းတွေကြောင့်လည်း အဲဒီစက်ဝိုင်းပုံ ကန်ငယ်လေးတွေရဲ့ ရောဂါပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိဟာလည်း မတူညီ ကွဲပြားတယ်လို့ ယုံကြည်လက်ခံကြပါတယ်.. ကန်ကြီးထဲကို အလည်အပတ်သွားရောက်ကြမဲ့ ဧည့်သည်တွေဟာလည်း ကန်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သူတို့ဆီက ခွင့်ပြုချက်ယူရတယ်လို့ ဆိုပါတယ်.. အချိန်မရွေး သွားရောက် လည်ပတ်နိုင်ပေမဲ့ အကောင်းဆုံးကာလက ဇွန်ကနေ စက်တင်ဘာဆိုရင် ရေတွေခမ်းခြောက်ပြီး ရေကန်တစ်ခုလုံးဟာ အကွက်လေးတွေ ဖြစ်နေတာမို့ ရှုခင်းအလှဆုံး အချိန်လို့ သိရပါတယ်.. ရောဂါရှိတဲ့သူတွေ ကိုယ့်မှာ ရှိတဲ့ရောဂါတွေ ပျောက်အောင် ဒီရေကန်ကိုအလည်သွားသင့်ပါတယ်နော်။ သွားဖြစ်အောင် သွားပါလို့ တိုက်တွန်းလိုက်ပါတယ်..      :)  :)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထူးထူးခြားခြား အပင်များနဲ့ ဆိုဂိုထရာကျွန်း



ထူးဆန်းပင်များ

ရီမင်နိုင်ငံရဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဆိုဂိုထရာကျွန်းကလေးဟာ ကမ္ဘာပေါ်က ထူးဆန်းတဲ့ ဒေသတစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်.. အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းစုလေးဖြစ်တဲ့ ဆိုဂိုထရာကျွန်းဟာ လူသူအရောက်အပါက်နည်းပြီးတော့ သီးခြားကမ္ဘာငယ်လေးတစ်ခုလို ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ ရှေးနှစ်သန်းပေါင်း ၂၀ ကတည်းက ရှိခဲ့ပြီး ယခုလက်ရှိ ဘယ်နိုင်ငံ ဘယ်ဒေသမှာမှ မတွေ့နိုင်တော့တဲ့ ထူးထူးဆန်းဆန်း ရှားပါးအပင်တွေ၊ သတ္တ၀ါမျိုးစိတ်ပေါင်း ၇၀၀ ကျော်ခန့်ကို တွေ့ရှိရတာကြောင့် ကမ္ဘာမြေပေါ်က ကျွန်းနဲ့မတူဘဲ ဂြိုလ်သားတွေရဲ့ နေရာဒေသတစ်ခုနဲ့ တူနေတာမို့ ထူးဆန်းတဲ့ဒေသတစ်ခုအဖြစ် ထင်ရှားလာတာ ဖြစ်ပါတယ်..

Dragon's Blood Tree
ဆိုဂိုထရာကျွန်းပေါ်က Dragon's Blood အပင်များ


ကန္တာရနှင်းဆီ
ကန္တာရ နှင်းဆီပင်
ဆင်ခြေထောက်ကြီးနဲ့ တူတဲ့ ကြီးမားတဲ့ ကန္တာရ နှင်းဆီပင်ကြီးတွေလဲ ရှိပါရဲ့။

အချို့ကတော့ အဲဒီ ဆိုဂိုထရာ ကျွန်းကလေးကို စိတ်ကူးယဉ်ကမ္ဘာထဲက နယ်မြေလေးလို့ တင်စား ခေါ်တတ်ကြပါတယ်.. လှပဖြူဖွေးတဲ့ သဲသောင်ပြင်နဲ့အတူ တာကွိုဇ် ကျောက်ဆောင်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ်းခြေရှိပြီးတော့ ထုံးကျောက်တောင်ကြီးတွေဆီကို တဖြေးဖြေး မြင့်တက်သွားကာ ကျောက်ဆောင်တွေလည်း ပတ်လည်ဝန်းရံလို့နေပါတယ်.. အဲဒီကျောက်တောင်တွေမှာလည်း လိုဏ်ဂူတွေများစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်..ကျွန်းပေါ်မှာတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ရှိပါတယ်.. နီရဲနေတဲ့ ပင်စည်ကိုင်းတွေရှိပြီး ကောင်းကင်ပြင်ပေါ် ပြန့်ကားကာ ပျံတက်နေတဲ့ ပုံသဏ္ဍာန်ရှိ နဂါးသွေးပင် Dragon’s Blood ၊ ကန္တာရနှင်းဆီပင်ကြီးများနှင့် ထူးခြားဆန်းကျယ်တဲ့ အပင်များစွာ ကိုလည်း တွေ့ရှိနိုင်ပါတယ်.. ရေငုတ်ဝါသနာပါသူများအတွက်လည်း အာရေဘီယံ ပင်လယ်ပြင်ကြီးထဲမှာ လှပတဲ့ ရေအောက်ရှုခင်းတွေ သန္တာကျောက်တန်းကြီးတွေကို ကြည့်လို့ရနိုင်ပါတယ်..

ဆိုဂိုထရာကျွန်းရဲ့ လှပတဲ့ သဲသောင်ကမ်းခြေ

ကမ်းသာယာ
ကျွန်းပေါ်က ငှက်တစ်မျိုး
ကျွန်းပေါ်က ထုံးကျောက်လှိုင်ဂူ

ဂူအတွင်းမှာ လေ့လာစဉ်


ထုံးကျောက်ဆောင်တွေရဲ့ ဆန်းပြားတဲ့အလှ

ပညာရှင်တွေကတော့ ကျွန်းပေါ်မှာ ရှိတဲ့အပင်တွေ၊ ငှက်တွေ ထူးဆန်းရှားပါးသတ္တ၀ါတွေရဲ့ စာရင်းတွေကို လေ့လာမှတ်တမ်းတင်ခြင်းတွေ စတင်နေတယ်လို့ သိရပါတယ်.. စာရင်းမှတ်တမ်း မ၀င်သေးတဲ့ ထူးဆန်းအပင်တွေ သတ္တ၀ါမျိုးစိတ်တွေ အများကြီး ရှိနေသေးကြောင်း သိရှိရပါတယ်..



Sources and Photos from :

http://www.greenmuze.com/nature/water/1947-canadas-spotted-lake-.html and google

http://www.wayfaring.info/2008/10/04/socotra-island/

မနိုင်ဝန်ထမ်းခြင်း



ဒီတစ်ပတ် ဖတ်မိတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဒီနေရာလေးကနေ ပြန်လည်ပြောပြချင်ပါတယ်..

တစ်ခါတုန်းက  လူတစ်ယောက်မှာ မြည်းနှစ်ကောင်ရှိပါတယ်.. အဲဒီမြည်းနှစ်ကောင်ကို နံမည်ပေးရမယ်ဆိုရင် ပထမမြည်းကို မောင်နီလို့ နံမည်ပေးပြီး ဒုတိယမြည်းကိုတော့ မောင်ဖြူလို့ နံမည်ပေးလိုက်ပါမယ်။ မောင်နီဟာ အလုပ်ကို အလွန်ကြိုးစားပြီး သူ့စိတ်ထဲမှာ မောင်ဖြူဆိုတဲ့မြည်းထက် သာချင်တဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်၊ သူ့သခင်ဖြစ်သူရဲ့ ချီးကျူးတာကို ခံချင်တဲ့စိတ်တွေ အမြဲ ရှိပါတယ်.. ဒါကြောင့်လည်း ပိုင်ရှင်ဖြစ်သူ ခိုင်းစေသမျှ အလုပ်တွေကို မောင်နီဟာ မောင်ဖြူထက်ကို တက်တက်ကြွကြွ အားကြိုးမာန်တက် လုပ်သလို၊ ကုန်စည်စလှယ်တွေ သယ်ပိုးကြပြန်တော့လည်း ဘယ်လောက်လေးပင်တဲ့ ကုန်ပစ္စည်းတွေ သယ်ပိုးထားရသည်ဖြစ်စေ မောင်ဖြူထက်ကို ရှေ့ကို ခြေလှမ်းတွေ သာနေအောင် ကြိုးစားပြီး အမြန်ဆုံး နှုန်ထားတွေနဲ့ အရှေ့ကို လျှောက်လေ့ရှိပါတယ်။

ဘာမှ မသိရှာတဲ့ မောင်ဖြူကတော့ ခြေလှမ်းတွေကို သာမန်နှုန်းအတိုင်းဘဲ ပုံမှန်လှမ်းသလို သူသယ်ပိုးနိုင်တဲ့ အတိုင်းအတာအတွင်းမှာဘဲ ကုန်တွေကို သယ်ဆောင်လေ့ရှိပါတယ်.. စိတ်ထဲမှာ သူ့သခင်ဆီက မျက်နှာသာရဖို့ ဘယ်လိုလုပ်မယ်လို့ မစဉ်းစားမိသလို၊ အတွေးများများလည်း တွေးလေ့မရှိဘဲ ပုံမှန်အတိုင်းသာ သူလုပ်စရာရှိတာကို လုပ်နေတတ်သူက မောင်ဖြူပါ။ မောင်နီကတော့ ကုန်ပစ္စည်းတွေကိုလည်း အများကြီးသယ်သလို ခြေလှမ်းကိုလည်း အပြေးတစ်ပိုင်း သွက်လက်စွာ လှမ်းလေ့ရှိပါတယ်.. ဒီလိုနဲ့ သူတို့မြည်းနှစ်ကောင်ရဲ့ မတူညီတဲ့ အလုပ်လုပ်ပုံကို အချိန်အနည်းငယ်ကြာတော့ သခင်ဖြစ်သူက သတိထားမိလာပါတယ်.. အဲဒီတော့ အလုပ်ကို ပုံမှန်သာ လုပ်လေ့ရှိတဲ့ မြည်း မောင်ဖြူကို ပိုင်ရှင်ဖြစ်သူက အပြစ်မြင်လာပါတယ်.. မောင်နီလိုဘဲ အလုပ်ကို တက်တက်ကြွကြွလုပ်ဖို့၊ ကုန်တွေသယ်ပိုးပြီး ခြေလှမ်းမြန်မြန်လျှောက်ဖို့ အော်ဟစ် ဆူပူတတ်လာတယ်.. ပုံမှန်ခြေလှမ်း လှမ်းနေတဲ့ မောင်ဖြူကို နှေးတယ်၊ မောင်နီက ပိုပြီး အလုပ်လုပ်တယ် ဆိုပြီး ကြိမ်လုံးတွေနဲ့ ရိုက်နှက် အပြစ်ပေးပြီး ခြေလှမ်းမြန်လာဖို့၊ အလုပ်ပိုကြိုးစားဖို့ သူ့သခင်က ဖိအားပေးပါတယ်။ ဒီလိုနဲ့ မောင်ဖြူဟာ ကြိမ်လုံးနဲ့ အမြဲတမ်း အရိုက်ခံ၊ အော်ဟစ်ခံနေရပါတော့တယ်..

တစ်ရက်တော့ အလုပ်နားကြတဲ့ည မောင်နီနဲ့ နှစ်ကောင်သား အေးအေးဆေးဆေး တွေ့ရချိန်မှာ မောင်ဖြူဟာ မျက်ရည်တွေကျပြီး “ သူငယ်ချင်းမောင်နီရေ ဒီအလုပ်မှာ ငါတို့နှစ်ယောက်တည်း ရှိတာ၊ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေမလဲ၊ ဘာဖြစ်လို့ တစ်ယောက်ထက် တစ်ယောက် သာချင်တဲ့စိတ်တွေ မွေးနေမလဲကွာ။ သယ်စရာရှိတဲ့ကုန်တွေကို ငါတို့နှစ်ယောက်သား ညီညီမျှမျှ သယ်ယူကြပြီး ငါတို့လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေ ငါတို့လှမ်းနိုင်တဲ့ ခြေလှမ်းတွေနဲ့လျှောက်ကြပြီး  တာဝန်ကျေအောင် လုပ်ကြရအောင်လေ၊ ကိုယ်တတ်နိုင်တာထက် ပိုပြီးလုပ်ပေးလို့ရော ငါတို့သခင်က ငါတို့ကို ဘာမှ ပိုပြီး သိတတ်မှာမဟုတ်ဘူး.. ငါတို့အတွက် ဘာအကျိုးခံစားခွင့်မှ ရမှာမဟုတ်ဘူးလေ။ ငါတို့သာ မတန်တဆ ပင်ပန်းကြဖို့သာ ရှိတယ်.”  လို့  ပြောဆိုတိုင်ပင်ပါတယ်.. မောင်နီကတော့ မောင်ဖြူပြောတာကို နားထောင်နေပေမဲ့ ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

နောက်တစ်နေ့ရောက်လို့ ကုန်ပစ္စည်းတွေ သယ်ကြတဲ့အခါ မောင်နီဟာ အခါတိုင်းသယ်တဲ့နှုန်းထက် ပိုပြီး ပစ္စည်းတွေကို သယ်တဲ့အပြင် ပိုပြီး သယ်နိုင်ကြောင်း ပြတဲ့အနေနဲ့ ခါတိုင်းထက်တောင် အပြေးကလေး လျှောက်သွားပါသေးတယ်.. ဒီတော့ ပိုင်ရှင်ဖြစ်သူက  ပုံမှန်သာ သွားနေတဲ့မောင်ဖြူကို ပိုပြီး စိတ်ဆိုး ဒေါသတွေထွက်ပြန်ပါတယ်.. ရိုက်နှက်ပြန်ပါတယ်.. နောက်တစ်နေ့ရောက်ပြန်တော့ မောင်နီရော မောင်ဖြူရဲ့ ကျောပေါ်ကိုရော  ပစ္စည်းတွေ ခါတိုင်းထက် ပိုပြီး ထပ်တင်ပေးပြန်ပါတယ်.. မောင်နီကတော့ ထုံးစံအတိုင်း အရှေ့ကနေ မြန်သထက်မြန်အောင် လျှောက်နေပေမဲ့ မောင်ဖြူကတော့ များလွန်းလှတဲ့ ကုန်စည်စလှယ်တွေကြောင့် အရင်ကလောက်တောင်  မလျှောက်နိုင်တော့ဘဲ ဖြစ်နေပါတယ်.. ဒါကိုကြည့်ပြီး မြည်းပိုင်ရှင်ဟာ မောင်ဖြူ့ကို ဒေါသထွက်လွန်းတဲ့အတွက် ရက်ရက်စက်စက် ရိုက်နှက်ပြီး မြန်မြန်လျှောက်ဖို့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းပါတယ်.. ဒါပေမဲ့ မောင်ဖြူက ဘယ်လိုမှ မြန်မြန်မလျှောက်နိုင်သလို သယ်ရတဲ့ပစ္စည်းတွေ များလွန်းလေးလွန်းလို့ ခြေလှမ်းတောင် အနိုင်နိုင်ဖြစ်နေရပါတယ်.. ပိုပိုပြီး ဒေါသထွက်လာတဲ့ မြည်းပိုင်ရှင်ဟာ မောင်ဖြူမြန်မြန်လျှောက်ဖို့ နည်းမျိုးစုံနဲ့ ရိုက်နှက် ကန်ကျောက်ပါတော့တယ်..  နောက်ဆုံးတော့ မြည်းပိုင်ရှင်ရဲ့ နှိပ်စက်မှုကိုဘယ်လိုမှ မခံနိုင်တော့တဲ့ မောင်ဖြူဟာ မြေပြင်ပေါ်မှာ လဲကျ သေဆုံးသွားပါတော့တယ်..

ယခုအခါမှာ ပြိုင်ဘက်မရှိတော့ပြီဖြစ်တဲ့ မောင်နီဟာ သူ့သခင်တော့ သူကို ပိုပြီး အားထားတော့မှာဘဲ ဆိုတဲ့စိတ်နဲ့ ပျော်ရွှင်ဝမ်းမြောက်စွာ ကုန်စည်တွေကို သယ်ပိုးပါတယ်.. မြန်သထက်မြန်အောင်လည်း ကြိုးစားလျှောက်သလို ကုန်တွေကိုလည်း များနိုင်သမျှ များများသယ်ပေးပါတယ်.. ဒါပေမဲ့ သူ့သခင်က သေသွားတဲ့ မောင်ဖြူအစားပါ ပစ္စည်းတွေကို နှစ်ကောင်စာ သယ်ယူခိုင်းပါတယ်.. နေ့စဉ် မတန်တဆ ကုန်ပစ္စည်းတွေ သယ်ယူရတဲ့အပြင် ကုန်တွေများလို့ ပင်ပန်းလွန်းတာကြောင့် အပြေးသွားနေတဲ့ ခြေလှမ်းလေးတွေက မလှမ်းနိုင်တော့ဘဲ ပုံမှန်အတိုင်း လှမ်းလိုက်ရင်တောင် မြည်းပိုင်ရှင်က မောင်နီ့ကို အလုပ်မှာ ခိုကပ်တယ်… အရင်လို အလုပ်ကို မကြိုးစားဘူးဆိုပြီး မြည်တွန်တောက်တီးကာ ရိုက်နှက်ကန်ကျောက်ပါတယ်.. ဒီလိုနဲ့ ကုန်တွေကို  နေ့စဉ် မတန်တဆ သယ်ပိုးလာရတဲ့ မောင်နီဟာ မြည်းပိုင်ရှင် စိတ်ကျေနပ်လောက်တဲ့ အတိုင်းအတာကိုရောက်အောင် မသယ်ပိုးနိုင်ဘူးဆိုပြီး ပိုင်ရှင်နှိပ်စက်သမျှကိုလည်း ခံရရှာပါတယ်..

အချိန်တွေကြာလာတော့ မြည်းပိုင်ရှင် ရိုက်နှက် နှိပ်စက် ကန်ကျောက်တာတွေကြောင့် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ဗရပွနဲ့ ဖြစ်လာတဲ့အပြင် ကုန်တွေအများအပြား သယ်ရလို့ ပင်ပန်းလွန်းတဲ့ ဒဏ်တွေဖိစီးပြီး အားနည်းပိန်ချုံးကာ ချိနဲ့လာတော့တယ်.. သူတတ်နိုင်တဲ့ အင်အားနဲ့ ကုန်တွေကို သယ်ပိုးပေမဲ့ လိုချင်လောဘကြီးလှတဲ့ မြည်းပိုင်ရှင်ရဲ့ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်တော့တာကြောင့် မြည်းပိုင်ရှင်က ဒေါသတွေထွက်ပြီး မောင်နီရဲ့အမြီးကိုမီးနဲ့ရှို့၊ အရေပြားကို လှီးဆွ၊ အသားကို ဓါးနဲ့ထိုး စသဖြင့် နည်းမျိုးစုံနဲ့ မြည်းကို မြန်မြန်သွားအောင် ကြိုးစားပြန်ပါတယ်.. ပိုင်ရှင်က ဘယ်လိုဘဲ နှိပ်စက်ခိုင်းစေပေမဲ့ ဒဏ်ရာတွေနဲ့ ချိနဲ့နေပြီဖြစ်တဲ့ မောင်နီမှာ အရင်နှုန်းထားအတိုင်း ဘယ်လိုမှ အလုပ်လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးတော့ ဒေါသရော လောဘပါကြီးလွန်းတဲ့ မြည်းပိုင်ရှင်ဟာ မောင်နီ့ကို သတ်ပစ်လိုက်ပြီး တစ်ခြား မြည်းအသစ်တစ်ကောင် ၀ယ်ယူဖို့ လိုက်ရှာပါတော့တယ်။

ဒီပုံပြင်လေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူးကြမှာပါနော်။ သူဌေးလို အလုပ်ရှင်ရဲ့ မျက်နှာသာရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစားလုပ်ပြသူတွေ၊ အချင်းချင်း ခြေခံထိုးတတ်သူမျိုးတွေ၊ သူဌေးကိုဖားပြီး အောက်က ၀န်ထမ်းတွေကို ဖိနင်းတတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာတွေကို သိုဝှက်သိမ်းဆည်းပြီး လက်တွဲခေါ်ဖို့စိတ်ကူးမရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင်စေဖို့အတွက် အလုပ်ပိုကြိုးစား လုပ်ပြတတ်သူတွေအများကြီး ရှိတတ်ကြပါတယ်.. မြည်းပိုင်ရှင်နဲ့တူသော သူဌေးတွေကတော့ ၀န်ထမ်းတွေ ဘယ်လောက်ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ်မပြုတတ်သူတွေ၊ တန်ဖိုးထားရကောင်းမှန်း မသိနိုင်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်.. ဘယ်လိုဘဲဖြစ်စေ ဒီလို လူမျိုးတွေနဲ့ ကြုံတဲ့အချိန်မှာ အရာရာကို သင်ခန်းစာယူပြီး သူတို့နေရာမှာ ကိုယ်သာရောက်လာခဲ့မယ်ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့လိုတယ်လို့ အတွေးတွေနဲ့ စဉ်းစားမိပါတယ်..

တစ်ခါတစ်လေမှာတော့ အခြားသူနဲ့ ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ ငြင်းပယ်လို့ခက်တာကြောင့်သော်လည်းကောင်း၊ အားနာလို့သော်လည်းကောင်း မတန်တဆအလုပ်ကို လက်ခံပြီး လုပ်ရတဲ့အခါမျိုးတွေ၊  ကိုယ် မနိုင်မနင်း ဖြစ်တဲ့အထိ အလုပ်ကို လုပ်ပေးရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့လာနိုင်ပါသေးတယ်.. အဲဒီအခါမျိုးမှာ ကိုယ်မနိုင်တဲ့ဝန်ကို အားနာစိတ်နဲ့ သော်လည်းကောင်း၊ မနိုင်မှန်းသိရက်နဲ့ သူဌေးငြိုငြင်မှာ စိုး၍သော်လည်းကောင်း အကြောင်းကြောင်းကြောင့် လုပ်ပေးနေရပေမဲ့ ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးကြီးမားပြီး စိတ်သောက များရသလို၊ ပူပန်မှုတွေ၊ ဖိအားတွေလည်း ကြုံတွေ့လာရတတ်ပါတယ်.. အဲဒီချိန်မှာ မိမိကိုယ်ကို သေချာပြန်စဉ်းစားဖို့ လိုတာက ဒီအလုပ်ကို လုပ်ပေးရခြင်းအတွက် စိတ်ပျော်ရွှင်မှု ရပါရဲ့လား၊ ကိုယ့်အတွက်ရော ပညာသော်လည်းကောင်း၊ ဥစ္စာသော်လည်းကောင်း ကျန်ပါရဲ့လား။  သင့်သူဌေးကရော သင်လုပ်ပေးတဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုပါရဲ့လား။ မြည်းနှစ်ကောင်ရဲ့ ပိုင်ရှင်လို အလိုလောဘကြီးစွာနဲ့ လုပ်ပေးသမျှကို အကောင်းမမြင် မကျေနပ်နိုင်သူများ ဖြစ်နေခဲ့ပြီလား။ ဒီလိုမှမဟုတ်ဘဲ ဒီမတန်တဆအလုပ်ကို ငြင်းဖို့အားနာပြီး လုပ်ပေးရခြင်းအတွက် ကိုယ့်မှာ ၀န်ထုပ်ဝန်ပိုးကြီး သက်သက် တစ်ခုလို မနိုင်မနင်းဖြစ်စေခဲ့တယ်၊ ဒါမှမဟုတ် သူတစ်ပါးကို တိုက်ခိုက်ဖို့ ၊ သူတစ်ပါးနစ်နာစေဖို့ သက်သက်ကြောင့် မတန်တဆ မနိုင်ဝန်ဖြစ်စေနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ခြင်းသာ ဆိုခဲ့ရင် ဒီအလုပ်ကို လုပ်ဖို့ ပြန်စဉ်းစားဖို့တော့ လိုနေပြီလို့ ထင်ပါတယ်နော်။

Don't overload oneself ( Unknown Author) ကို နှစ်ခြိုက်မိသောကြောင့် ဘာသာပြန်ပါသည်။


ပုဇွန်လ္ဘက်မွှေးကြော်

တစ်ရက်တော့ ချောကလက် ဆိုဒ်မှာ တင်ထားတဲ့ ဟင်းချက်နည်းလေးတစ်မျိုးကို ကျွန်မ တော်တော်လေး စိတ်ဝင်စားသွားမိပါတယ်.. နံမည်လေးကလည်း လှသလို အရသာလည်း ကောင်းမဲ့ပုံရတာမို့ ချက်ခြင်းကို လုပ်စားကြည့်ဖို့ စိတ်ကူးလိုက်မိပါတယ်. နံမည်လေးကိုက ချစ်ဖို့ကောင်းပါတယ်.. လက်ဖက်ခြောက် ပုဇွန် ကောင်လုံးမွှေးကြော် ပါတဲ့။ ဘယ်လိုလဲ  စိတ်ဝင်စားသွားပြီလား .. ကျွန်မလုပ်စားဖြစ်တဲ့ ချက်နည်းလေး ပြန်လည်ဝေမျှပါမယ်နော်။


Image Hosted by PicturePush - Photo Sharing

လက်ဖက်ခြောက်

ပထမဦးဆုံး လက်ဖက်ခြောက် ပုဇွန်ကောင်လုံးမွှေးကြော်ဖို့က လက်ဘက်ခြောက် လက်တစ်ဆုပ် စာလောက်ကို ပန်းကန် တစ်ခုထဲထည့်ပြီး ပွလာအောင် ရေနွေးနဲ့ အချိန်ကြာကြာ စိမ်ထားရအောင်နော်။ ပြီးရင်  ရေနွေးနဲ့ စိမ်ထားလို့ ပွနေတဲ့ လက်ဖက်ခြောက်တွေကို ရေ၂ခါ ၃ခါ ပြန်ဆေးပြီး စစ်ထားလိုက် ပါမယ်။


Image Hosted by PicturePush - Photo Sharing

အရသာဝင်အောင် နယ်ထားတဲ့ပုဇွန်များ

ပုဇွန်တွေကို ခေါင်းဖြတ် ရေစင်အောင်ဆေးကြောပြီး ဆား၊ အသားမှုန့်၊ အချိုမှုန့်၊ အရက်အနည်းငယ်တို့နဲ့ နယ်ထားပြီး အရသာများ အသားထဲသို့ဝင်သွားအောင် အချိန်အနည်းငယ် ထားလိုက်ပါတယ်..


Image Hosted by PicturePush - Photo Sharing

 ပုဇွန်ကောင်လုံးကြော်

နှပ်ထားတဲ့ပုဇွန်တွေကို ဆီနဲ့ ကျက်အောင် ကြော်ထားလိုက်ပါတယ်.. ဆားအချိုမှုန့် အရသာဟာ အသားထဲဝင်အောင် နှယ်ပြီး နှပ်ထားတာမို့ ခုတိုင်းတောင် အတော်စားကောင်းနေပြီ ဖြစ်ပါတယ်.. ကြော်ထားတဲ့ ပုဇွန်တွေ ကုန်အောင် မနှိုက်စားမိဖို့တော့ တော်တော့ကို သတိထားလိုက်ရပါတယ်.. :)



Image Hosted by PicturePush - Photo Sharing

လ္ဘက်ခြောက်ကြော်

Image Hosted by PicturePush - Photo Sharing

ကြော်ထားတဲ့လက်ဖက်ခြောက်

ရေစစ်ထားတဲ့ လက်ဘက်ခြောက်တွေကို ခြောက်ပြီး ကျွတ်လာအောင် ဆီနဲ့ကြော်ပါမယ်.. ကျွတ်လာရင် ပန်းကန်တစ်ခုထဲကို ထည့်ထားလိုက်ရအောင်နော်။

Image Hosted by PicturePush - Photo Sharing

ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီ

ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီးတောက်တောက်စင်းတို့ကို နှမ်းဆီ၊ အရက်၊ ပဲငံပြာရည်အကြည် (အနည်းငယ်စီ) တို့ကို ရောနှယ်ထားပြီး ဆီသတ်ဖို့ အသင့်ပြင်ဆင်ထားပါတယ်..


ခရမ်းချဉ်သီးကြက်သွန် ဆီသတ်

ပြီးတော့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီတို့ကို ဆီသတ်ပြီး ခရမ်းချဉ်သီးတွေလိပ်အောင် ကြော်ပါတယ်..

Image Hosted by PicturePush - Photo Sharing

ပုဇွန်ကြော်ကို ထည့်မွှေပါတယ်

Image Hosted by PicturePush - Photo Sharing


ခရမ်းချဉ်သီး လိပ်သွားပြီဆိုတာနဲ့ အစော ကြော်ထားတဲ့ လက်ဖက်ကြော်ထားတာနဲ့ ပုဇွန် ကြော်ထား တာတွေကို ရောမွှေပြီး ထည့်ကြော်လိုက်ရင် အင်မတန်မှ မွှေးပြီး ဆိမ့်သက်သက်လေးနဲ့ အရသာထူးသော ပုဇွန်လက်ဖက် ကောင်လုံးမွှေးကြော်ကို ရပါတယ်.. လက်ဖက်ကို ကြော်ထားတဲ့ အရသာလေးက ခါးသက်သက်လေးပေမဲ့ အတော်ကို မွှေးပါတယ်.. ပုံထဲမှာ အမဲရောင်လေးတွေက လက်ဖက်ကြော်ပါ။  ၀ါသနာပါသူများ လုပ်စားကြည့်ပါနော်.. လျှာလည်သွားမှာ သေချာပါတယ်။


Image Hosted by PicturePush - Photo Sharing

လက်ဖက်ခြောက် ပုဇွန်ကောင်လုံးမွှေးကြော်ပါ

ကျွန်မက အဲဒီလို နည်းနည်းထူးခြားတဲ့ ဟင်းချက်နည်းလေးတွေကို စိတ်ဝင်စားပြီး ချက်နည်းလေးကို သိရရင် ကိုယ်တိုင် ပြန်ချက်စားချင်သူပါ။ ချက်ကြည့်တော့လည်း စားလို့ကောင်းတာမို့ မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေလိုက်ပါတယ်နော်..


Image Hosted by PicturePush - Photo Sharing

ခါးသက်သက် ဆိမ့်တိမ့်တိမ့် ပုဇွန်လ္ဘက်မွှေးကြော်


Image Hosted by PicturePush - Photo Sharing


မလောက်ရင် နောက်တစ်ခွက် ယူစားနော်

ချက်နည်းလေးကို  မျှဝေပြီး  (ချောကလက်မြို့တော်)  မှာ တင်ပေးထားတဲ့ တောင်ပေါ်သူလေးကို ကျေးဇူးတင်ပါတယ်.. ကန်တော်ကြီးထဲက White Rice Restaurant ရဲ့ ချက်နည်းလို့ သိရပါတယ်.. သူတို့ကတော့ လက်ဖက်ခြောက်တွေ များကြီးဘဲ ထည့်ထားပါတယ်.. ကျွန်မကတော့ အများကြီးမထည့်ဘူး.. တော်ကြာ လက်ဖက်ခြောက်ရဲ့ ခါးတဲ့ အရသာက ပုဇွန်ထဲဝင်ကုန်လို့ ပုဇွန်ပါ ခါးကုန်ရင် နှမြောလှချည်ရဲ့လို့ စဉ်းစားမိပြီး လက်ဖက်ခြောက်ကို လက်တစ်ဆုပ်စာလောက်သာ ထည့်လိုက်တာပါ။  ဘာဘဲဖြစ်ဖြစ် တကယ်ကို စားလို့ကောင်းပါတယ်။ တကယ်ပြောတာပါ :) :)


က်ဖက်ခြောက် ပုဇွန် ကောင်လုံးမွှေးကြော်နည်းလေးကတော့ ဒီတစ်ပတ် စားစရာလက်ဆောင်ပါ။ ပျော်ရွှင်စွာ စားသောက်နိုင်ကြပါစေရှင်......