လည်စည်းလှလှ စတိုင်ကျကျ


 

ပုဝါတစ်ထည်ကို ဒီလိုအမျိုးမျိုးစည်းနိုင်ပါတယ်

ဆောင်းရာသီ ရောက်လာပြီဆိုတော့ အအေးဒဏ်ကနေ ကာကွယ်ဖို့ရယ်၊ ဖက်ရှင်ကျကျ လှလှပပလေး လမ်းထွက်နိုင်ဖို့ရယ် ၊ ပွဲလမ်းသဘင်ကို စတိုင်ကျကျလေး တက်နိုင်ဖို့ရယ်အတွက် လည်စည်းလှလှလေးတွေနဲ့ အသုံးပြုကြပါစို့လားနော်…  ကျွန်မနေတဲ့ မြို့ကလေးမှာလည်း မနက်ခင်းနှင်းတွေဝေပြီး အေးလာပြီ ဖြစ်တဲ့အတွက်  လည်စည်းလေးတွေက အအေးဒဏ်ကနေ ကာကွယ်ပေးတဲ့ အဖော်မွန်လေးအဖြစ် အသုံးဝင်လာပြီ ဖြစ်ပါတယ်.. ကျွန်မက လည်စည်းစကာဖ့် ကလေးတွေကို နှစ်သက်စွာ စုဆောင်းတတ်သူမို့ ဆောင်းရာသီမှာ ကိုယ်စုဆောင်းထားတဲ့ ပုဝါလေးတွေကို အသုံးချခွင့်ရတော့ နှင်းလေးတွေ ဝေနေတဲ့ ဆောင်းရာသီကို ပျော်ရွှင်ကျေနပ်မိပါတယ်..

ဝတ်စုံဗြောင်နဲ့ အပွင့်လည်စည်းတွဲဖက်
အရောင်တူတွဲစပ်
အပြာနဲ့အဖြူတွဲ


အရောင်အရင်နဲ့ အနုတွဲဖက်

ထူးခြားတဲ့ အရောင်တွဲ


မျက်မှန်နဲ့ လည်စည်းနဲ့


လှလှပပ စတိုင်ကျကျ

 
အေးတဲ့ရာသီနဲ့ အေးတဲ့အရပ်ဒေသ အတွက်တော့လည်စည်းက မရှိမဖြစ်လို့ ဆိုရလောက်ပေမဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အောက်ပိုင်းတို့လို ပူနွေးတဲ့အရပ်ဒေသမှာလည်း လည်စည်းပုဝါ အပါးလေးတွေနဲ့ စတိုင်ထုတ်လို့ရပါတယ်.. နွေရာသီလို ဥတုမျိုးအတွက်လည်း ပါးလျသော အရောင်လှလှ လည်စည်းပုဝါလေးတွေ များစွာ ရှိပါတယ်.. လည်စည်းဆိုတာမျိုးကလဲ ပျိုပျိုအိုအို အသက်အရွယ်မရွေး ဘယ်သူနဲ့မဆို လိုက်ဖက်သင့်တော်တဲ့ ဖက်ရှင်လေးတစ်ခု ဖြစ်ပါတယ်.... ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားပေါ် မူတည်ပြီး လိုက်ဖက်မဲ့လည်စည်းလေး ရွေးချယ်ရတာကိုက စိတ်ဝင်စားစရာကောင်းပါတယ်. သာမာန်ရိုးရှင်းပြီး သိပ်ဆွဲဆောင်မှုမရှိတဲ့ ၀တ်စုံလေးတစ်စုံပေါ်မှာ လည်စည်းအရောင်လှလှလေး ဆင်မြန်းလိုက်တဲ့အခါ လည်စည်းပုဝါလေးရဲ့ အရောင်နဲ့ လှပစွာ စည်းနှောင်ထားတဲ့ အလှကြောင့် သင်ဟာ ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေမှာကို မယုံမရှိပါနဲ့နော်။ အောက်မှာ လည်စည်းစည်းနည်းအချို့ကို ပုံလေးတွေနဲ့ ဖော်ပြပေးထားပါမယ်.. နှစ်သက်ရာ စည်းနည်းနဲ့ လှပစွာ စည်းကြည့်လို့ရပါတယ်နော်...


(၁)

(၂)

(၃)


(၄)


(၅)


(၆)
(၇) ဒီနည်းကတော့ အင်္ကျီကုန်သက်သာမယ်.. ဒါပေမဲ့ မလုပ်နဲ့နော်  :)

(၈)

လည်စည်းကို နှစ်သက်ဖို့ကောင်းတဲ့ နောက်အကြောင်းရင်းတစ်ခုက လည်စည်းလေး ၀တ်ထားရင် ဘယ်လို လည်ဆွဲအဆင်တန်ဆာမှ ၀တ်ဆင်စရာ မလိုတော့တဲ့အတွက် ဆွဲကြိုးအဆင်တန်ဆာ ရွေးချယ်ရ သက်သာစေနိုင်ပြီး ဦးနှောက်စားတာလည်း သက်သာနိုင်ပါသေးတယ်.. ဒီတော့ သင့်မှာ လည်စည်းလုပ်ဖို့ စကာဖ့် ပုဝါတွေ အရောင်စုံသာ ရှိနေခဲ့မယ်ဆိုရင် အခြား ဖန်စီ ဆွဲကြိုးတို့၊ တန်ဖိုးကြီးလည်ဆွဲတို့ ၀ယ်ဖို့ မလိုတော့တဲ့အတွက် ငွေကုန်ကြေးကျ သက်သာစေတဲ့အပြင် လည်စည်းစည်းတာဟာ ကိုယ့်ရဲ့ စတိုင်၊ ကိုယ့်ရဲ့ အမှတ်အသားလေးအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ပါသေးတယ်။ တစ်ချို့တစ်ချို့သော မမတွေက လည်စည်းလေးတွေ အမြဲစည်းတတ်ကြတယ်လေ.. အဲဒါဆို သူများတကာထက် ထူးခြားနေတဲ့ သူတို့ရဲ့ကိုယ်ပိုင် အမှတ်အသားနဲ့ ကိုယ်ပိုင် စတိုင်လေးတွေဘဲပေါ့။ ဖက်ရှင်ဆိုတဲ့နေရာမှာ သူများလုပ်လို့ နောက်ကနေ လိုက်လုပ်တဲ့ဖက်ရှင်ထက် ကိုယ်ပိုင်စတိုင်လေးနဲ့ကိုယ် ရပ်တည်ပြီး မိမိနဲ့လိုက်ဖက်မဲ့ဖက်ရှင်ကို ကိုယ့်စိတ်ကူးလေးထဲကအတိုင်း ဆင်မြန်းတာက ပိုပြီး တင့်တယ်လှပစေပါတယ်..

(၉) စကာဖ့်ကို ခေါင်းစည်းနည်း


(၁၀) ဒါက တစ်နည်း
(၁၁) ဒါလည်း တစ်မျိုး
(၁၂)လည်ပင်းပေါက်ကျယ်လွန်းပြီး ပုဝါစည်းတာ သေးလွန်းတယ်



(၁၃)အရောင်ဖျော့နဲ့ အရောင်လွင်လွင်လေး တွဲဖက်ထားတာ တော်တော် လှပါတယ

(၁၄) ဒီနည်းက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်နေသလိုဘဲ.. ကြိုက်ဖူး.. လည်ပင်းအစ်တယ်
(၁၅) ဒါတော့လှတယ်.. လူလဲလှလို့ ဖြစ်မယ်ထင်တယ်နော်
လည်စည်းပုဝါလေးတွေဟာ ဈေးလည်း မများလှဘဲ စည်းထားသူကို စတိုင်ကျကျ အဆင့်မြင့်မြင့် လှပစေတဲ့ ထောက်ကူပစ္စည်းလေး ဖြစ်ပါတယ်.. တကယ်လို့များ  မိမိဝတ်ထားတဲ့အင်္ကျီကို အရမ်းရိုးလွန်းတဲ့ပုံ ပေါက်နေတယ်လို့ စိတ်ထဲကခံစားမိရင် လည်စည်းလှလှလေး တစ်ခုသာ ရွေးပြီးဆင်ယင်လိုက်ပါ.. စတိုင်ကျကျလေး ဖြစ်သွားနိုင်ပါတယ်.. တစ်ခါတစ်လေမှာလဲ ကိုယ်ဝယ်လာတဲ့အင်္ကျီဟာ လည်ပင်းပေါက်ကလေးများ သိပ်ကျယ်နေခဲ့ရင်လည်း.. လည်စည်းလေးကို အသုံးချလိုက်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လူတွေအကြား သွားလာဖို့ အဆင်ပြေနိုင် စေပါတယ်..  လည်ပင်းပြောင်ပြောင် ရှင်းရှင်းနဲ့ ရိုးရိုးရှင်းရှင်းအင်္ကျီတို့က လည်စည်းနဲ့အလွန်လိုက်ဖက်ပါတယ်.. အတွန့်အဖတ်အလွန်များတဲ့ အင်္ကျီမျိုးကို လည်စည်းနဲ့ တွဲဖက်ဝတ်ဆင်မယ် ဆိုရင်တော့ ဖက်ရှင်မကျတဲ့အပြင် အမြင်အာရုံ ရှုပ်ထွေးစေနိုင်ပါတယ်။

အနက်ဖက်ရှင်


အဖြူအနက်

ဆောင်းဖက်ရှင်



ချည်ထိုးလည်စည်း




ကိုယ့်ရဲ့ အိတ်မှာ ခုလိုချည်နှောင်ပြီး စတိုင်ထုတ်မယ်ဆိုရင်လည်း လှပါတယ်..

မိမိဝတ်ဆင်မဲ့အင်္ကျီဟာ အပွင့်အခက်များတဲ့ အဆင်သော်လည်းကောင်း၊ အစင်းအကြားများပါတဲ့ အဆင်သော်လည်းကောင်း ဖြစ်ခဲ့မယ်ဆိုရင် လည်စည်းဗြောင်ကလေးနဲ့သာ တွဲဖက်သင့်ပါတယ်.. ၀တ်ဆင်မဲ့ ၀တ်စုံဟာ အရောင်မထွက်ဘဲ ခပ်မှိုင်းမှိုင်း ဖြစ်နေတယ်လို့ သင့်စိတ်ထဲ ထင်နေခဲ့ရင် အရောင်ခပ်တောက်တောက် လည်စည်းပုဝါလေးကို အသုံးပြုပြီး လူတွေရဲ့ အမြင်အာရုံကို ဆွဲဆောင်စေနိုင်ပါတယ်..  အပွင့်အခက် အတွန့်အတက်မပါတဲ့ ရိုးရိုးရှင်းရှင်းအင်္ကျီမျိုးကတော့ ဘယ်လိုလည်စည်းနဲ့မဆို လိုက်ဖက်ပါတယ်.... အချို့ကတော့ ၀တ်စုံနဲ့ လိုက်ဖက်တဲ့ အရောင် အနုအရင့်လေးတွေကို ရွေးချယ် ဆင်မြန်းတတ်ကြပါတယ်..  ခရီးသွားတဲ့အခါမှာလည်း လည်စည်းပုဝါ တွေဟာ ခေါင်းစည်းအဖြစ် အသုံးချပြီး နေပူဒဏ်နဲ့ ဖုန်ထူထူဒဏ်ကိုလည်း ကာကွယ်နိုင်ပါသေးတယ်... အသက်ငယ်ငယ် မိန်းမပျိုလေးများအတွက် ဘောင်းဘီမှာ ခါးပတ်အနေနဲ့ လည်စည်းပုဝါတွေကို စည်းနှောင်ပြီး ဖက်ရှင်ထွင်လို့လည်း အဆင်ပြေနိုင်ပါသေးတယ်..

လန်းတယ်ဟုတ်
ခါးမှာ အလှပတ်တဲ့နည်း
ဒါတော့ တစ်မျိုး(အရပ်ရှည်ရှည် စတိုင်ဘောင်းဘီနဲ့ဆို ဒီနည်းအတိုင်းချည်)
ဒါကတစ်ဖုံ
ဒါလည်းလန်းတယ် ..

ဒါကတော့ အပေါ်ကနေ ပတ်ချင်သူတွေအတွက်




သူတို့တွေများ လှလိုက်ကြတာ


ဒီလိုလည်း ပတ်တယ်

 
လည်စည်းကို ပိတ်ချည်သား အရောင်စုံအဆင် ဒီဇိုင်းမျိုးစုံ ၀တ်ဆင်ကြသလို.. သိုးမွေး၊ ယုန်မွေးလို ချည်မျိုးနဲ့လဲ စိတ်ကြိုက်ပုံစံထိုးပြီး ၀တ်ဆင်ကြတာ တွေ့ရပါတယ်... အသက်ငယ်ရွယ်သူများကတော့ အရောင်ဆန်းဆန်း၊ ဒီဇိုင်းဆန်းဆန်းတွေကို ရွေးချယ်ဝတ်ဆင်လို့သင့်တော်ပေမဲ့ အသက်ရလာတဲ့ အန်တီတို့ ဘွားဘွားတို့အရွယ် ( ကျွန်မတို့လိုအရွယ် :) )   တွေကတော့ တည်တည်ငြိမ်ငြိမ်ဖြစ်မဲ့ အဆင်လေးတွေနဲ့ လူကြီးဆန်တဲ့ အရောင်ငြိမ်ငြိမ်လေးတွေကို ဆင်ယင်သင့်ပါတယ်.. ကျွန်မ တို့ဆီမှာ တစ်ခေတ်တစ်ခါက လည်စည်း၊ ခေါင်းစည်းဖက်ရှင်တွေ ခေတ်စားခဲ့ဖူးပါတယ်.. ရုပ်ရှင်မင်းသမီးကြီး အန်တီဒေါ်ခင်ယုမေဆိုရင် လည်စည်းလေးတွေနဲ့ စတိုင်ကျကျလေး အမြဲတမ်းတွေ့ရတတ်ပါတယ်.. ဖက်ရှင်ဆိုတာ ခေတ်ကုန်ပြီရယ်လို့မရှိဘဲ အမြဲတမ်း တစ်ပတ်ပြန်လည် လာတတ်တာမို့ မိမိနှစ်သက်တဲ့စတိုင်ကို လိုက်ဖက်အဆင်ပြေစွာ၊ စိတ်ကူးပုံဖော်ရင်း  ရာသီချိန်ခါမရွေး လှလှပပလေး ရွေးချယ် ၀တ်ဆင်နိုင်ပါတယ်ရှင်..

နံမည်ကျော်တို့ရဲ့ လည်စည်းဖက်ရှင်များ
ရီဟားနားရဲ့ စတိုင်


ဟောလီဝုဒ်စတား ကေသီဟုမ်းရဲ့ လည်စည်းဖက်ရှင်

အမ်မာရောဘတ်ရဲ့ဖက်ရှင်



ဂျက်ဆီကာ အယ်လ်ဘာ



ပဲရစ်စ်ကတော့ ခေါင်းစည်းစကာဖ့်ကို ပိုကြိုက်ပုံရပါတယ်.




ီလာရီဒဖ့်ရဲ့စတိုင်




အင်ဂျလီနာ ဂျိုလီရဲ့ လည်စည်း




ဂျနီဖာ လိုပက်ဇ်ကတော့ ၀တ်စုံနဲ့ ၀မ်းဆက် ပုဝါတွေကို နှစ်သက်စွာ ၀တ်ဆင်တတ်သူပါ။




ဗစ်တိုးရီးယား ဘက်ခမ်း


လည်စည်းဆိုတာ အမျိုးသမီးတွေသာ စည်းသင့်တယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်.. အမျိုးသားများဟာလည်း ဖက်ရှင်ကျဖို့အတွက်နဲ့ အအေးဒဏ်ကို ကာကွယ်ဖို့  လည်စည်းကို စည်းကြတယ်.. ပူအိုက်နေတဲ့ အချိန်မျိုးမှာတော့ စတိုင်ထုတ်ချင်ဇောနဲ့ လည်စည်းအထူကြီးတွေ ပတ်ပြီး မသွားမိဖို့တော့ လိုမယ် ထင်ပါတယ်.. စတိုင်မကျဘဲ လူတွေပြုံးစရာ ဖြစ်နေမှာ စိုးလို့ပါနော်…  အောက်မှာ လည်စည်းနဲ့ စတိုင်ကျန ခန့်ထည်နေတဲ့ အမျိုးသားအချို့ရဲ့ ပုံတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်….

ဘရက်ပစ်ရဲ့ စတိုင်

 
ဂျိတ် ဂျီလင်ဟောလ်

 
ပင်လယ်ဓားပြကြီးကလည်း လည်စည်းကြိုက်တယ်..


ဘောလုံးစတား ဘက်ခမ်းတော့ ပြောစရာမရှိ.. မိုက်မှမိုက်

 

အရမ်းအေးရင်တော့ ဒီလိုလေး ၀တ်



ပဲလေးနဲ့ ဒီလိုလေးလည်း စည်းလို့ရသေး


ဒါလည်းတစ်မျိုး



ပေါ့ပေါ့ပါးပါး



စွပ်ကျယ်နဲ့ လည်စည်းနဲ့  ( ဟိဟိ ဒါလည်း စတိုင်တစ်မျိုးပေါ့လေ)

 

ဒီလိုလည်း စည်းကြပြန်သေး


တစ်ချို့သော သူငယ်ချင်းတွေက အမျိုးသားတွေအတွက်တော့ မပါဘူး မျက်နှာလိုက်တယ် ပြောလာမှာစိုးလို့ မဖြစ်မနေ ထည့်ပေးရပါတယ်..... :)  :)


လူတိုင်း စတိုင်ကျကျနဲ့ ပျော်ရွှင်အဆင်ပြေစွာ လှပဆင်ယင်နိုင်ကြပါစေရှင်…



အုန်းသီးတစ်လုံးရဲ့ လျှို့ဝှက်ချက်


တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် ရန်ကုန်လိုမြို့ကြီးမှာ ရွှေတိဂုံဘုရားအနီးမှာ တွန်းလှည်းနဲ့ရောင်းတဲ့  အုန်းရည်ကို သောက်လို့ ရပါတယ်.. သန်လျင် ရေလည်ကျောက်တန်းဘုရားကို သွားဖူးရင်းနဲ့လည်း ဘုရားအနီးက ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ် ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။

အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

 
အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..

အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..

ကိုလက်စရောကို ကျဆင်းစေခြင်း

အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

ဆဲလ်အသစ်များကို တိုးပွားစေခြင်း

ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း
ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

ရောဂါများကို ခုခံကာကွယ်ပေးခြင်း

မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

ဘက်တီးရီးယားများကို သေစေနိုင်ခြင်း

စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်.. အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ၀ယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..

အုန်းဆီ


အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…

အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..  အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..

အုန်းသီးထွက်ပစ္စည်းများ


အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..


ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့  အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်....  :)

Kiran Patil ရဲ့  Health Benefits of Coconut Oil, Coconut Water Health Benefits နှင့် Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။ ဤပိုစ့်ပါ အချက်အလက်များကို အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော ဒေါက်တာဇီဝက(ဆေး-၂) အား အထူး ကျေးဇူး တင်ရှိပါသည်။


ရင်ထဲက လူစွမ်းကောင်း



ဒေါက်တာ မာရီလင်က ကျွန်မတို့ ၀န်ထမ်းတွေကို Staff meeting မှာ မိန့်ခွန်းတစ်ခုပြောပါတယ်.. သူဟာ ကျွန်မတို့ကို  ကျွန်မတို့ရဲ့ စိတ်အာရုံတစ်ခုလုံးကို အကောင်းမြင်တဲ့ ရှုထောင့်ကနေ ပိုပြီး ကြည့်တတ်ဖို့ အလေ့အကျင့်လေးတွေကိုလည်း သင်ကြားပြောပြပါတယ်..  သူက “မျက်လုံးလေးတွေ မှိတ်လိုက်ပြီးတော့ မင်းတို့ရဲ့ ငယ်စဉ်က အကြောင်းလေးတွေကို ပြန်စဉ်းစားကြည့်ရအောင်.. ငယ်ငယ်တုန်းက မင်းတို့ရဲ့ဘ၀မှာ အဖြစ်ချင်ခဲ့ဆုံး တစ်ခုက ဘာလဲ… အဲဒီအချိန်တုန်းက မင်းတို့ရဲ့ အိပ်မက်က ဘာတွေများ ဖြစ်မလဲ… မျက်လုံးလေးပိတ်ပြီး ပြန်စဉ်းစားကြည့်ကြပါနော်….” ဆိုပြီး သူက ကျွန်မတို့ကို သူရဲ့သြဇာပြည့်ဝ ကြည်လင်တဲ့အသံနဲ့ လွှမ်းမိုးပြောဆိုပါတယ်..

ကျွန်မ မျက်လုံးလေးကို အသာမှိတ်လိုက်ပြီး ကျွန်မ ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားပါတယ်.. “ကျွန်မ ငယ်တုန်းက ဘာဖြစ်ချင်ခဲ့တာပါလိမ့်… စဉ်းစားစမ်း.. သေချာ ပြန်စဉ်းစားကြည့်ပါဦး..” ကိုယ့်ကိုယ်ကိုပြောရင်း ကျွန်မရဲ့ မှတ်ဥာဏ်တွေကို အလုပ်ပေးလိုက်မိတော့  “အိုး.. သိပြီ.. ကျွန်မ သတိရပြီ.. ငယ်တုန်းက ကျွန်မဘာဖြစ်ချင်ခဲ့တယ်ဆိုတာ သတိရလိုက်ပါပြီ..”

ဒေါက်တာ မာရီလင်က သူ့ရဲ့ ငယ်စဉ်က အဖြစ်ချင်ခဲ့ဆုံးဆန္ဒက စာရေးဆရာမလို့ ပြောပါတယ်.. ခုချိန်မှာတော့ သူဟာ ဆောင်းပါးတွေ များစွာကို ရေးသားခဲ့တယ်.. ထုတ်ဝေခြင်းခံခဲ့ရတယ်. ဒါပေမဲ့ အဲဒီဆောင်းပါးတွေအတွက် သူဟာ အခကြေးငွေ မယူခဲ့ဘူးလို့ ပြောပါတယ်..  ဒေါက်တာ မာရီလင်ရဲ့ စကားက ကျွန်မရဲ့ နှလုံးသားကို ရိုက်ခတ်သွားစေခဲ့ပါတယ်..

ကျွန်မ ငယ်ငယ်တုန်းကလည်း ကျွန်မတို့အိမ်နဲ့ မနီးမဝေး လမ်းထောင့်က ဆေးဆိုင်လေးတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်.. ကျွန်မအသက်နဲ့စာရင် အလုပ်လုပ်ဖို့ သိပ်ကို ငယ်ရွယ်သေးတဲ့အချိန် ဖြစ်ပေမဲ့ အဲဒီဆေးဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်. ဘာလို့လဲဆိုတော့ ကျွန်မရဲ့အဖေက အဲဒီဆိုင်ပိုင်ရှင် ဖြစ်လို့ပါ။ ဖေဖေက ကျွန်မတို့ကို ပိုက်ဆံရဲ့ တန်ဖိုးကိုနားလည်အောင်၊ အလုပ်ကို ချစ်တတ်လာအောင် သင်ကြားပေးတဲ့အနေနဲ့ အလုပ်လုပ်စေခဲ့တာ ဖြစ်ပါတယ်.. အဲဒီအလုပ်ကနေ ကျွန်မအတွက် အတွေ့အကြုံတွေ အများကြီးရခဲ့သလို ဘ၀ကို ရင်ဆိုင်ဖို့ ခွန်အားတွေလဲ ရရှိခဲ့ပါတယ်.. အလုပ်ကိုလည်း ဂရုတစိုက်လုပ်တတ်လာသလို ကိုယ်ရဲ့လုပ်အားနဲ့ ရတဲ့ ငွေကြေးကိုလည်း တန်ဖိုးထားတတ်လာခဲ့ပါတယ်..

အဲဒီဆေးဆိုင်မှာ အလုပ်လုပ်ခဲ့ချိန်က ကျွန်မဟာ ဖေဖေ့ဆီမှာလုပ်တယ်ဆိုပေမဲ့လို့ အလုပ်ချိန်မှာ မခိုမကပ်နဲ့ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါတယ်..  အလုပ်နားချိန်ဖြစ်တဲ့ နေ့လည်စာစားချိန်ကိုလည်း ကျွန်မဟာ တန်ဖိုးထားပါတယ်.. အစားအသောက်အတွက်ကြောင့် တန်ဖိုးထားတာမဟုတ်ဘဲ အဲဒီ ခဏနားရတဲ့ အချိန်လေးမှာ ကျွန်မဟာ ရုပ်ပြစာအုပ်တွေကို သည်းကြီးမည်းကြီး ဖတ်ပါတယ်.. အချစ်ဇာတ်လမ်းတွေ၊ ဟာသတွေ ဖတ်တာမဟုတ်ပါဘူး.. ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေက စွန့်စားခန်းတွေပါတဲ့ အက်ရှင်ကာတွန်းစာအုပ်တွေပါ.. အဲဒီစာအုပ်တွေထဲက လူစွမ်းကောင်းတွေ၊ သူရဲကောင်းတွေက ကျွန်မရဲ့ ငယ်စဉ်ဘ၀ကို လွှမ်းမိုးခဲ့တယ်.. သူတို့ရဲ့ အနစ်နာခံမှုတွေ၊ လူထုအတွက် အကျိုးပြုခဲ့ပုံတွေ၊ လူတွေကို ကယ်တင်ခဲ့ပုံတွေ၊ မကောင်းမှုဘက်တော်သားတွေကို တိုက်ခိုက်ခဲ့ပုံတွေ၊ ပြီးတော့ လူထုက သူတို့ကို ချစ်ခင်မြတ်နိုးကြပုံတွေ အားလုံးဟာ အားကျစရာ၊ လေးစားစရာတွေချည်းပါဘဲ.. ကျွန်မလေ သူတို့ရဲ့ ဘ၀ကို အားကျခဲ့တယ်.. သူတို့လို ဖြစ်ချင်ခဲ့တယ်..

ဟုတ်တယ်.. အခု မျက်လုံးလေးမှိတ်ပြီး ပြန်စဉ်းစားလိုက်တော့ ကျွန်မ ငယ်စဉ်ခါက ဘာဖြစ်ချင်ခဲ့တယ်ဆိုတာ ကျွန်မရဲ့အာရုံမှာ ပြက်ပြက်ထင်ထင် ပေါ်လာတယ်.. ကျွန်မ ဘာဖြစ်ချင်ခဲ့တာလဲဆိုတော့ လူတွေကို အကျိုးပြုတဲ့ လူစွမ်းကောင်း တစ်ယောက် ဖြစ်ချင်ခဲ့တာ…. အက်ရှင်ကာတွန်းတွေဖတ်ပြီး ကျွန်မ အားကျခဲ့ရတဲ့ ဇာတ်လိုက် လူစွမ်းကောင်းတစ်ချို့တွေက စူပါမင်း၊ လင်းနို့လူသား၊ ပင့်ကူလူသား၊ သံမဏိလူသား စတာတွေဘဲ ဖြစ်ပါတယ်..  သူတို့တွေဟာ ငယ်စဉ်ဘ၀ ကျွန်မဖတ်ခဲ့တဲ့ ရုပ်ပြ စာအုပ်တွေထဲမှာ ပါဝင်ခဲ့တဲ့ ကျွန်မရင်ထဲက လူစွမ်းကောင်းတွေ ဖြစ်ကြပါတယ်..  သူတို့လို လူစွမ်းကောင်းတွေဟာ ထူးခြားထင်ရှားတဲ့ အချက်နှစ်ချက်နဲ့ လူသားတွေ ဖြစ်ကြတာကို သတိထားမိပါတယ်..

ပထမတစ်ချက်က အဲဒီ လူစွမ်းကောင်းတွေဟာ ကောင်းမှုနဲ့ မကောင်းမှုတို့ရဲ့ အားပြိုင်မှုတွေ၊ တိုက်ပွဲတွေကြားထဲမှာ ကောင်းမှုဘက်ကနေ အမြဲတမ်း တိုက်ပွဲဝင်ရသူတွေ၊ ရပ်တည်ကြသူတွေ ဖြစ်ပါတယ်.. မကောင်းမှုဘက်က တိုက်ခိုက်လာတဲ့ အလွန်ကြီးမားတဲ့ ရန်သူတွေ၊ အခက်အခဲတွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ လူစွမ်းကောင်းတွေဟာ ထိပ်တိုက်ရင်ဆိုင်ရပေမဲ့ ဘယ်လောက်ဘဲ အင်အားကြီးမားတဲ့ ရန်သူတွေဘဲ ဖြစ်ပါစေ.. ကောင်းမှုဘက်က ရပ်တည်ပြီး စိတ်ဓာတ်ကောင်းမွန်မြင့်မြတ်တဲ့ လူစွမ်းကောင်းတွေကသာ နောက်ဆုံးမှာ အနိုင်ရသွားကြပါတယ်..

ဒုတိယအချက်အနေနဲ့ လူစွမ်းကောင်းတွေရဲ့ ထူးခြားထင်ရှားချက်က သူတို့တွေဟာ သူတို့ ပါဝင်ဆောင်ရွက်လိုက်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်း၊ လူမှုရေး၊ ကယ်ဆယ်ရေးလုပ်ငန်းကနေ ဘယ်လို အခကြေးငွေ တံစိုးလက်ဆောင် တစ်စုံတစ်ရာကိုမှ မယူခြင်းဘဲ ဖြစ်ပါတယ်.. သူတို့ဟာ လူမှုရေး လုပ်ငန်းတွေကို အားကြိုးမာန်တက် အခမဲ့ ကူညီဆောင်ရွက် ပေးခဲ့ကြသလို သူတို့မှာ အသက်မွေးဝမ်းကြောင်းအတွက်  သူတို့ ကူညီပေးနေတဲ့ လူမှုရေးအကျိုးပြုကိစ္စတွေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ ကိုယ်ပိုင်ဝင်ငွေ ရှိသော သီးသန့်အလုပ်အကိုင် ကိုယ်စီ ရှိထားကြပါတယ်..

စူပါမင်းဟာ သတင်းထောက်တစ်ယောက်အဖြစ် ၀င်ငွေ ရှိသလို လင်းနို့လူသားဟာ ချမ်းသာတဲ့ စက်မှုလုပ်ငန်းရှင် တစ်ယောက်အဖြစ် ကိုယ်ပိုင်လုပ်ငန်း ရှိသူဖြစ်ပါတယ်.. ပင့်ကူလူသားကျတော့ ဓာတ်ပုံဆရာ ပီတာပါကာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုပြီးတော့ သံမဏိလူသားကျတော့ တိုနီစတတ် အဖြစ်နဲ့ စတပ် စက်မှုလုပ်ငန်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်.. သူတို့ ကူညီပေးလိုက်တဲ့ ၊ ကယ်တင်ပေးလိုက်တဲ့ သူတွေဆီကနေ၊ လူထုအကျိုးပြု လုပ်ငန်းတွေကနေ အကျိုးအမြတ် တစ်စုံတစ်ရာ၊ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူကြဘဲ ကောင်းမှုဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပြီး စိတ်သဘောထားမြင့်မြတ်စွာနဲ့ ပြည်သူတွေကို အခမဲ့ ကူညီနေသော လေးစားထိုက်ဖွယ် တကယ့် လူစွမ်းကောင်းတွေ ဖြစ်ကြပါတယ်.. လူစွမ်းကောင်းဆိုတဲ့သူတွေက ဘာအခွင့်အရေးမှ မမျှော်ကိုးဘဲ စေတနာသက်သက်နဲ့ လူထုကို ကူညီပေးနေတာကြောင့်လည်း သူတို့တွေကို ပြည်သူတွေက ချစ်ခင် မြတ်နိုးကြတာဘဲပေါ့နော်...

အခုလည်း ငယ်စဉ်ကျွန်မရဲ့ အိပ်မက်ကို ပြန်စဉ်းစားမိရင်းက ဒေါက်တာ မာရီလင်ရဲ့ သူလုပ်ခဲ့တဲ့ လူမှုရေး လုပ်ငန်းတွေ ဆီကနေ အခကြေးငွေ မယူခဲ့တဲ့အကြောင်းတွေကို ပြောပြနေတဲ့ စကားတွေကို ငြိမ်သက်တိတ်ဆိတ်စွာ နားထောင်နေမိပါတယ်.. ဟုတ်ပါတယ်.. သူဟာ ပရဟိတလုပ်ငန်းတွေ၊ ကင်ဆာဖောင်ဒေးရှင်းတွေ၊ မသန်မစွမ်းသူများ စောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် ဆောင်းပါးတွေ စာတွေ မြောက်မြားစွာ ရေးခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါတွေအတွက် အခကြေးငွေ မယူခဲ့တဲ့သူပါ။ သူပြောတာက “တကယ့် လူစွမ်းကောင်းတွေဟာ သူတို့ဆောင်ရွက်လိုက်တဲ့ လူမှုရေးလုပ်ငန်းတွေကနေ ဘယ်တော့မှ အခကြေးငွေ မယူကြပါဘူးတဲ့…” ဒီလိုလူမျိုးတွေကို လူစွမ်းကောင်းတွေလို့ ခေါ်ဆိုနိုင်ပါတယ်တဲ့… လူတိုင်းဟာလည်း မိမိပါတ်ဝန်းကျင်လေးကို တတ်နိုင်သလောက် အကျိုးပြုရင်း လူစွမ်းကောင်းအလုပ်ကို လုပ်ခွင့်ရနိုင်ကြပါတယ်တဲ့…

အိုး . ဟုတ်သားဘဲနော်.. တကယ်တမ်းတော့ ကျွန်မဖြစ်ချင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ရဲ့ဘ၀ဟာ ခုချိန်မှာ တကယ်ကို ဖြစ်လာနေတာပါဘဲလား.. ဒါကို ကျွန်မက သတိမထားမိခဲ့ဘူး… ကျွန်မဟာ မျက်မမြင်ကျောင်းတစ်ကျောင်းမှာ စာသင်တဲ့အလုပ်ကို အခကြေးငွေမယူဘဲ စေတနာ့ဝန်ထမ်း လုပ်ပေးနေခဲ့တာ အတော်ကြာပါပြီ။ ဒီလိုဆို ကျွန်မဟာလည်း လူစွမ်းကောင်းတစ်ယောက် ဖြစ်နေခဲ့တယ် မဟုတ်လားနော်..

တစ်ခြားသူတွေလည်း ကိုယ့်ရဲ့ သားသမီးတွေကို စောင့်ရှောက်ခြင်း၊ ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို တတ်အားသလောက် ကူညီပေးခြင်း၊ ကိုယ့်မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အကူအညီ လိုအပ်သူများကို နည်းတယ်များတယ် သဘောမထားဘဲ ကူညီပေးနိုင်ခြင်း၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ် စောင့်ရှောက်ခြင်း စတဲ့ လူမှု ပရဟိတအလုပ်တွေကို ကူညီလုပ်ကိုင်ပေးနိုင်ခြင်း၊ အခြားသူများအပေါ်မှာ အပြန်အလှန် ငွေကြေးတစ်စုံတစ်ရာ မျှော်လင့်ချက် မထားဘဲ စေတနာအပြည့်နဲ့ကူညီဆောင်ရွက်လိုက်ခြင်းအားဖြင့် လူတိုင်းဟာ လူစွမ်းကောင်းတွေ ဖြစ်ခွင့် ရနိုင်ကြတယ် မဟုတ်ပါလားရှင်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူသားတွေ ကောင်းကျိုးကို ဆောင်ရွက်နေကြသူတွေ၊ ကောင်းမှုဘက်က ရပ်တည်ပြီး မကောင်းမှုကို ပြတ်ပြတ်သားသား တိုက်ထုတ်နေကြသူတွေ၊ ငွေကြေးတစ်စုံတစ်ရာအတွက် မဟုတ်ဘဲ စေတနာမေတ္တာသက်သက်ဖြင့် လူထုအကျိုးပြုလုပ်ငန်း လုပ်ဆောင်နေသူတွေကို လူတိုင်းက လူစွမ်းကောင်းတွေအဖြစ် ရင်ထဲကနေ လှိုက်လှဲစွာ လက်ခံပြီး လေးစား ကြည်ညိုတတ်ကြတယ် မဟုတ်ပါလားနော်.. အခွင့်အရေးကို မျှော်ကိုးပြီး စေတနာမပါတဲ့ ဆောင်ရွက်ချက်တွေနဲ့ နံမည်တစ်လုံး ရယူနေသူများကိုတော့ ဘယ်သူကမှ သူရဲကောင်းတွေ၊ လူစွမ်းကောင်းတွေလို့ သတ်မှတ်ပြီး ချစ်ခင်ကြည်ညိုကြလိမ့်မယ် မထင်ပါဘူး...

တကယ်လို့များ သင်ရဲ့ ဘ၀မှာ အလေးစားဆုံး၊ လွှမ်းမိုးမှုအရှိဆုံး အားကျစရာအကောင်းဆုံး လူစွမ်းကောင်းဟာ ဘယ်သူများလဲလို့ ကျွန်မတို့ ကိုယ့်ရင်ထဲကို ပြန်ပြီး မေးကြည့်ကြမယ်ဆိုရင် ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ခွင့်လွှတ်သီးခံနိုင်စွမ်းရှိခြင်း၊ စိတ်သဘောထားမြင့်မြတ်ခြင်း၊ အခွင့်အရေးတစ်စုံတစ်ရာ မျှော်ကိုးမှုမရှိခြင်း စတဲ့ အရည်အချင်းများစွာနဲ့ ကိုယ့်ရဲ့အကျိုးကို မငဲ့ကွက်ဘဲ နှစ်ပေါင်းများစွာ စွန့်လွှတ်ပြီး ပေးဆပ်နေတဲ့ သူတစ်ယောက်တော့  ရင်ထဲက လူစွမ်းကောင်းအဖြစ် ကျွန်မတို့ ကိုယ်စီရဲ့ရင်ထဲမှာ ရှိနေလိမ့်မယ် ထင်ပါတယ်နော်။


Nathaniel Bronner Jr.  ရဲ့ Super Hero ကို နှစ်သက်စွာ ဘာသာပြန်ခံစား ရေးဖွဲ့ပါသည်။

ပျော်ပျော်ပါးပါး ထမင်းစားကြွပါ.....




ပျော်ပျော်ပါးပါး လက်ဆုံစားကြမယ်

ဒီနေ့တော့ ဘလော့ကို အလည်ရောက်လာကြတဲ့ ကျွန်မရဲ့ မောင်နှမတွေကို ပျော်စရာနေ့လေးအတွက် အမှတ်တရ အထူးထမင်းဝိုင်းနဲ့ ဧည့်ခံပါမယ်…. ပျော်ပျော်ပါးပါးနဲ့ ဂုဏ်ပြုစားသောက်ပွဲလေး ပါဝင်ဆင်နွဲ ကျင်းပကြပါစို့လားနော်… အားလုံးလဲ ကျွန်မနဲ့ထပ်တူ ပျော်ရွှင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်.. ဒီထမင်းဝိုင်းမှာ ပါဝင်မဲ့ ဟင်းလျာတွေက ငါးပဲငပိပေါင်း၊ သီးစုံအစိမ်းကြော်၊ ကြက်သားကချင်ချက်၊ လက်ဖက်ပုဇွန် ကောင်လုံးမွှေးကြော်၊ ဂေါ်ရခါးသီးနဲ့ ဥနီကို အချဉ်သုပ်၊ အားလူးမွကြော်၊ ငါးဖယ်လုံးနဲ့ ပဲလိပ်ပြာရွက် ဟင်းချိုတို့ ဖြစ်ပါတယ်.. အခု ထမင်းပွဲမှာ ပါဝင်တဲ့ အချို့သော ဟင်းချက်နည်းတွေကို ဖော်ပြပြီးသားဖြစ်တာမို့ မဖော်ပြရသေးတဲ့ ဟင်းတွေအတွက် ချက်နည်းကို ပြန်လည်ဝေမျှပါမယ်ရှင်။

ငါးပဲငပိပေါင်း
ပထမဦးဆုံး ပေါင်းလိုတဲ့ ငါးကို ကြေးခွံခွာ၊ ဗိုက်ဖောက်ရေဆေး လုပ်ပြီးသကာလ ဓါးဖြင့် ပုံပါအတိုင်း မွန်းပါတယ်… ပြီးတော့ ငါးကို အရက်အနည်းငယ်၊ ဆား၊အချိုမှုန့် (အသားမှုန့်) တို့နဲ့ နယ်ပြီး အရသာတွေ ငါးထဲဝင်အောင် အချိန်အတန်ကြာ ထားလိုက်ပါတယ်..



အသုံးပြုမဲ့ ပဲငံပြာရည်နဲ့ ပဲငပိပုလင်း


ပုလင်းထဲက ပဲငပိ ဒီလောက်ထည့်မယ်နော်

 

ပဲငံပြာရည်၊ ပဲငပိ၊ ကြက်သွန်ဖြူ၊ချင်း၊ ငရုပ်သီး နံနံ၊ အချိုမှုန့်၊ အသားမှုန့်

ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခန့်ကို ပန်းကန်လုံးတစ်ခုထဲ ထည့်ပါတယ်.. ရေအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးအနည်းငယ်တို့ကို တောက်တောက်စင်းပြီး ရှမ်းနံနံ ပါးပါးလှီး၊ နှမ်းဆီ အနည်းငယ်နဲ့ ပဲငပိ ဇွန်းတစ်ဝက်ခန့် ၊ သကြားနည်းနည်း၊ အချိုမှုန့် ၊ အသားမှုန့်တို့ အားလုံးကို ရောမွှေပါတယ်..


အဆာပလာတွေနဲ့ နယ်

ငါးကို ပန်းကန်ပြားတစ်ခုထဲထည့်လိုက်ပြီး ရောမွှေထားတဲ့ ပဲငံပြာရည်တို့ကို ငါးပေါ်လောင်းချလိုက်ပြီး နှံ့အောင် နယ်ပါမယ်..

ပေါင်းပြီနော်

ထို့နောက် ဒယ်အိုးတစ်ခုထဲရေထည့်ကာ ငါးထည့်ထားတဲ့ ပန်းကန်ပြားကို ဒယ်အိုးထဲ နေရာချပြီး ငါးကိုလုံအောင်  အဖုံးဖုံးကာ ရေနွေးငွေ့ဖြင့် စတင်ပေါင်းပါတယ်.. ပန်းကန်ပြားအောက်မှာ ပန်းကန်လုံးတစ်လုံး ခံထားပါတယ်.. တစ်ဖက်ကျက်ရင် နောက်တစ်ဖက်ကို လှန်ပေးလို့ စုစုပေါင်း ၁၅ မိနစ်ခန့် အချိန်လောက်ဆို ဖွင့်ကြည့်လိုက်မယ်ဆိုရင် အနံ့အရသာ ကောင်းမွန်မွှေးကြိုင်နေတဲ့ ငါးပဲငပိပေါင်းကို ရပါတယ်..




စားဖို့အဆင်သင့်ပါ။

ပန်းကန်ပြားတစ်ခုထဲ ထည့်ပြီး အပေါ်က အစိမ်းရောင်နံနံပင်များကို အလှဖြူးလိုက်ပြီဆိုရင်တော့ သုံးဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့ ငါးပဲငပိပေါင်းတစ်ခွက် ရပါပြီရှင်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သီးစုံအစိမ်းကြော်
ရောင်စုံ အသီးများ

နောက်ဟင်းတစ်မည်က သီးစုံအစိမ်းကြော်ပါ… ကျွန်မက အစိမ်းကြော်ဆိုရင် အရောင်လေးတွေ စုံအောင် ထည့်ရတာကို သဘောကျပါတယ်.. ဒါကြောင့် အခုကြော်ထားတဲ့ အစိမ်းကြော်မှာ ပြောင်းဖူးသေး ( Baby Corn)၊ ဥနီ၊ ငရုပ်ပွ အနီ၊ အစိမ်း၊ ရွှေပဲသီး တို့ကို အဆင်သင့်ပြင်ဆင်ထားပါတယ်.



ကြော်ကြမယ် လှော်ကြမယ်..

ကက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီအိုးထဲထည့်လိုက်ပါတယ်.. ပြီးတော့ အသီးရောင်စုံတွေကို ဆီအိုးထဲထည့်၊ ဆားအချိုမှုန့်၊ ခရုဆီ၊ အသားမှုန့် တို့ကို ထည့်ပြီး မွှေပါမယ်.. ကော်မှုန့်နည်းနည်းကို ရေဖျော်ပြီး ထည့်ပါတယ်..  အသီးတွေ မနွမ်းခင် ခပ်ကျွတ်ကျွတ် အနေအထားမှာ ချလိုက်ရင် အရောင်လဲလှ အရသာလဲ ရှိတဲ့ သီးစုံအစိမ်းကြော် တစ်ခွက်ရပါပြီ။ အသီးတွေက ၀ါစိမ်းနီတော့ စုံသွားတာပါဘဲ.. ဒါတောင် အပြာရောင် အသီးမရှိလို့ မထည့်လိုက်ရဘူး... ရှိများရှိရင် ၀ါစိမ်းနီပြာဆိုပြီး နံမည်ပေးဦးမလို့း)


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာလူးမွကြော်

အာလူးမွကြော်

အာလူးမွကြော်ဖို့အတွက် အာလူးတွေကို အရင်ပြုတ်ပါတယ်.. အာလူးကျက်ပြီဆိုရင် ရေအေးနဲ့ ခနထားလိုက်ပြီး အခွံနွာ အသားတွေကို လက်နဲ့ အနည်းငယ်ခြေလိုက်ပါတယ်.. ပြီးတော့ ဆီအိုးတည် ဆီကျက်ရင် နနွင်းမှုန့်အနည်းငယ်ထည့် ၊ အာလူးခြေထားတာကိုထည့်ပြီး ဆားအချိုမှုန့်လေးထည့်ပြီး အနည်းငယ်ကြော်လိုက်ပြီး ပန်းကန်ပြားထဲထည့် နံနံပင်လေး အုပ်လိုက်ရင် အာလူးမွကြော် ရပါပြီနော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးဆုပ်ပဲလိပ်ပြာ ဟင်းချို




ငါးဆုပ်ပဲလိပ်ပြာဟင်းချို

ငါးဆုပ်လုံး ပဲလိပ်ပြာဟင်းချိုအတွက် ပထမဆုံး အိုးတစ်လုံးနဲ့ ရေနွေးတည်ပါမယ်.. ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပြီး ဆား၊ အချိုမှုန့် ထည့်ပြီး ငါးဆုပ်များကို နှစ်ခြမ်းခွဲပြီး ထည့်ပြုတ်ပါတယ်.. ငါးဆုပ်ကျက်ပါက ဟင်းအိုးဆူဆူထဲကို အရွက်ကြမ်းသင်ထားတဲ့ ပဲလိပ်ပြာရွက်ထည့်လိုက်ပြီး အပေါ့အငံမြည်းလို့ ပန်းကန်တစ်လုံးထဲထည့်ကာ အပေါ်က ငရုပ်ကောင်းမှုန့်လေး ဖြူးလိုက်ပါက ပူပူနွေးနွေး ငါးဆုပ်လုံး ပဲလိပ်ပြာဟင်းချို ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂေါ်ရခါးသီး ဥနီ အချဉ်သုပ်

ခေါ်ရခါးသီး၊ ဥနီ အစိမ်း အချဉ်သုပ်

ဂေါ်ရခါးသီးနဲ့ ဥနီ အချဉ်သုပ်ဖို့အတွက် ဂေါ်ရခါးသီးကို အခွံခွာ၊ ပါးပါးလှီးပြီး အချောင်းသေးသေးလေးများ ရအောင် လှီးပါမယ်.. ဥနီကိုလည်း ပါးပါးလှီးပြီး အချောင်းသေးရှည်ရှည် မျှင်မျှင်လေးတွေ လှီးပြီး ကျွတ်အောင် ရေစိမ်ထားပါမယ်.. စားခါနီးမှာ  ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်၊ နံနံ၊ သံပုရာသီး (ရှာလကာရည်)၊ ဆား၊အချိုမှုန့် တို့နဲ့ နယ်ပြီး အပေါ်က နှမ်းလှော်ကို ဖြူးလိုက်ရင် အချဉ်သုပ်တစ်ခွက်ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကြက်သားကချင်ချက်

ဆီနည်းနည်း အချဉ်အစပ် များများနဲ့ ကြက်သားကချင်ချက်

ကက်သားကချင်ချက်ကို ဟိုးအရင်ကတင်ခဲ့ဖူးပါတယ်.. ဒါပေမဲ့ ချက်နည်းကို ပြန်ပြောရမယ်ဆိုရင် ကြက်သားကို ရေဆေးပြီး အတုံးအနေတော်လေးများ တုံးပါတယ်.. ငရုပ်သီးများများ၊ ကြက်သွန်ဖြူနီ၊ ခရမ်းချဉ်သီး၊ နံနံ၊ ဖက်ဖယ်ရွက်၊ မက်လင်ချဉ်သီးအခြောက် ပါးပါးလှီး၊ ဆား၊ အချိုမှုန့်၊ ဆီအနည်းငယ်၊ ကြက်သားနဲ့တကွ အရောင်တင်၊ နနွင်းမှုန့်နဲ့ အဆာပလာအားလုံးကို အိုးတစ်လုံးထဲထည့် ရေထည့်ပြီး ကြက်သားနူးအောင် ချက်လိုက်ရင် အချဉ်နဲ့ အစပ် အရသာကဲတဲ့ ကြက်သားကချင်ချက် ရပါတယ်.. ကချင်ချက်မှာ မပါမဖြစ်ထည့်တာက ဖက်ဖယ်ရွက် ဖြစ်ပါတယ်.. မက်လင်သီးမရရင် ရတဲ့အချဉ်နဲ့ ချက်နိုင်ပါတယ်.. ဆီအနည်းငယ်သာ ထည့်ဖို့လိုပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လက်ဖက်ပုဇွန်ကောင်လုံးမွှေးကြော်

လက်ဖက်ပုဇွန်ကြော်

လက်ဖက် ပုဇွန်ကောင်လုံးမွှေးကြော်နည်းကို ဒီစာမျက်နှာအောက်မှာတင် ဖော်ပြပြီး ဖြစ်တဲ့အတွက် ထပ်ပြီး မရေးပြတော့ပါဘူးရှင်.. ဒီနေ့တော့ လက်ဖက်ခြောက်ခပ်များများနဲ့ ကြော်ထားတာဖြစ်ပါတယ်... အားလုံးဘဲ ပျော်ရွှင်စိတ်ကြည်လင်စွာ သုံးဆောင် စားသောက်ကြပါနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူတိုင်းပျော်ရွှင်ဝမ်းသာ စိတ်ချမ်းသာသော နေ့ကလေးအတွက် ရည်ရွယ်တဲ့ ထမင်းဝိုင်းလေး ဖြစ်ပါတယ်... နောင်လာမဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ၊  ကောင်းသော မျှော်လင့်ခြင်းတွေ ယူဆောင်ပေးသော နေ့ရက်များ ဖြစ်ကြပါစေရှင်..