မိုင်းသာမြီးရှည် စားရအောင်



ပြီးခဲ့တဲ့ အပတ်က ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ရှိရာ မြို့ကလေးဆီ အလည်သွားကြပါတယ်.. မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းက အစားအသောက်တစ်မျိုးနဲ့ ကျွေးမွေးဧည့်ခံပါတယ်.. အမှန်တော့ အဲဒီအစားအသောက်ကို စားချင်တာကြောင့်လည်း သူ့ဆီသွားလည်တာပါလို့ ပြောရမှာဖြစ်ပါတယ်.. ဘာလို့ဆို အဲဒီအစားအသောက်က ဆိုင်တွေမှာ သိပ်တွေ့ရလေ့မရှိတဲ့ ရှားရှားပါးပါး တိုင်းရင်းသား အစားအသောက် တစ်မျိုးဖြစ်လို့ပါ။ အဲဒါကတော့ မိုင်းသာရှမ်းလူမျိုးတွေရဲ့ မြီးရှည် ဖြစ်ပါတယ်.. ရှားရှားပါးပါးဖြစ်တဲ့ ဒီမြီးရှည်လုပ်နည်းကို သူငယ်ချင်းအိမ်မှာ လုပ်စားဖြစ်ခဲ့တာလေး အတိုင်း ပြန်လည် ဝေမျှပါဦးမယ်...





မိုင်းသာမြီးရှည်အခြောက်တွေကို ရေစိမ်ပါတယ်.. ထူးခြားတာက ရိုးရိုး မြီးရှည်အဖြူရောင်မဟုတ်ဘဲ အနီရောင်လေး ဖြစ်နေတာပါ.. ဒါပေမဲ့ အနီရောင်မဟုတ်လဲ အဖြူရောင်နဲ့လည်း လုပ်စားကြပါတယ်.. မိုင်းသာမြီးရှည်ပြုလုပ်ပုံ အဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးထားပါတယ်နော်..




ကမ္ဘာ့အလှဆုံး ပန်းဥယျာဉ်များ





Image
ကမ္ဘာပေါ်မှာရှိတဲ့ သာယာလှပတဲ့ ပန်းဥယျာဉ်တွေထဲကမှ ထူးခြားထင်ရှားတဲ့ အပြင်အဆင်တွေ၊ များပြားလှတဲ့ ပန်းမျိုးစုံတွေ၊ ထူးခြားတဲ့ ဗိသုကာလက်ရာတွေ၊ ရေပန်းတွေ ၊ အလှအပတွေကြောင့် နံမည်ကျော်ကြား လူသိများတဲ့ ပန်းခြံတွေအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။။





Yogi Hraday Kamal - India




Image


ဒါကတော့ Yogi Hraday Kamal လို့ခေါ်တဲ့ ဥယျာဉ်ကြီးပါ.. အပေါ်ခပ်မြင့်မြင့်နေရာကနေ ဆီးပြီးကြည့်မယ်ဆိုရင် ကြာပန်းပုံသဏ္ဍာန်ရှိပါတယ်.. ပညာရှင် ရှိတ်စပီးယား မာတင်လူသာကင်းနဲ့အိန္ဒိယအကျော်အမော် တွေးခေါ်ပညာရှင်ကြီးတို့ရဲ့ အဆိုအမိန့်တွေကို ကြီးမားတဲ့ ကျောက်တုံးကြီးတွေပေါ်မှာ ထွင်းထုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်.. အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တည်ရှိပါတယ်..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~






The Garden of Cosmic Speculation – Scotland




Image

~~~~~~~~~~~~~~~~~~~~~~~~





ဒီဥယျာဉ်ကတော့ စကော့တလန်နိုင်ငံရှိ တစ်နှစ်လုံးမှာမှ တစ်ရက်ထဲသာ အများပြည်သူကို ၀င်ခွင့်ပေးတဲ့ Cosmic Speculation ဥယျာဉ်ဖြစ်ပါတယ်.. သိပ္ပံနဲ့ သင်္ချာပညာကို  ကျွမ်းကျင်လှပစွာ ပူးတွဲပေါင်းစပ်ပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဥယျာဉ်ကြီးလည်း ဖြစ်ပါတယ်.. ဒီလို စိတ်ကူးစိတ်သန်းနဲ့ တီထွင်ထားတဲ့ဥယျာဉ်မျိုး အခြား ဘယ်နေရာမှာမှ မရှိနိုင်ဘူး လို့ဆိုပါတယ်.. ၁၉၈၉ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး သာမာန်ဥယျာဉ်တွေနဲ့မတူ ထူးခြားဆန်းပြားတဲ့ စိတ်ကူးတွေနဲ့ လူတွေရဲ့ စိတ်အာရုံကို လှုံ့ဆော်မှုပေးနိုင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် ထင်ရှားပါတယ်..

ကျန်ရှိနေသေးတဲ့ ဥယျာဉ်တွေကတော့...







~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~







Keukenh of Gardens – The Netherlands






နှလုံးသားတံခါးပေါက်


လွန်ခဲ့တဲ့နှစ်များစွာက သိပ်ကိုအေးစက်နေတဲ့ မြောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ ဆောင်းမနက်ခင်း တစ်ခုမှာပေါ့.. အဖိုးအိုတစ်ယောက်ဟာ မြစ်ကြီးတစ်ခုကို ဖြတ်ကူးဖို့ ရောက်နေခဲ့ပါတယ်.. အဲဒီအချိန်ဟာ ဘယ်လောက်တောင် အေးသလဲဆိုရင် အဖိုးအိုရဲ့ ရှည်လျားတဲ့ မုတ်ဆိတ်မွေး တွေဟာလည်း နှင်းပွင့်မှုန်တွေရဲ့ ဖြန်းပက်မှုနဲ့အတူ ဖွေးဖွေးလှုပ်လို့နေခဲ့ပြီး သူ့တစ်ကိုယ်လုံးဟာလည်း အေးစက်တုန်ရီနေခဲ့ပါတယ်..

သူ့လက်ချောင်းတွေများဆို အေးခဲလွန်းလို့ ကွေးလို့တောင် မရနိုင်လောက်အောင် ဖြစ်နေရပါတယ်.. အဲဒီချိန်မှာတော့ မြင်းစီးတပ်သားတစ်စုဟာ မြစ်ကြီးကိုမြင်းတွေနဲ့ ဖြတ်ကူးနေတာကို သူဟာ စောင့်ကြည့်နေခဲ့ပါတယ်.. တပ်သားဦးရေဟာ များလွန်းတဲ့အတွက် တစ်စီးပြီးတစ်စီး ဖြတ်နေတာဟာ စောင့်ကြည့်လို့ မဆုံးနိုင်အောင် ဖြစ်နေခဲ့ပါတယ်..

နှင်းတွေဖုံးလွှမ်းနေတဲ့ လမ်းကလေးထက်မှာ စည်းချက်ကျကျမြည်အောင် ပြေးလွှားနေတဲ့ မြင်းတွေရဲ့ခွာသံဟာ နားထောင်လို့တောင် ကောင်းနေခဲ့ပါတယ်.. သူ့အနားကနေ မြစ်ဆိပ်ကမ်းကို ကျော်ဖြတ်ဖို့ တစ်ယောက်ပြီးတစ်ယောက် တစ်ယောက်ပြီးတစ်ယောက်  မြစ်ပြင်ကို ဖြတ်ကူးသွားနေတဲ့ စစ်သားတွေကို စောင့်ကြည့်နေခဲ့ပေမဲ့ ဖြတ်သွားတဲ့သူတွေထဲက တစ်ဦးတစ်ယောက်ကမှ သူ့အာရုံကို ဖမ်းစားနိုင်တဲ့သူ မရှိခဲ့ပါဘူး… စစ်သားတွေကလည်း သူ့ကို ဘယ်သူကမှ အရေးလုပ်ပြီး ကြည့်မသွားကြပါဘူး.. မြင်းစီး စစ်သည်တော်တွေ ကုန်ခါနီး နောက်ဆုံးတစ်ယောက်ဟာ သူ့ဘေးနား ရောက်လာချိန်မှာတော့ အဖိုးအိုရဲ့တစ်ကိုယ်လုံးဟာ နှင်းတွေဖုံးလွှမ်းခံနေရပြီး နှင်းတွေနဲ့ ထုထားတဲ့ ရုပ်ထုတစ်ခုလို ဖြူဖွေးလို့ နေခဲ့ပါပြီ။

သူ့အနားကိုရောက်လာတဲ့ နောက်ဆုံး မြင်းစီးစစ်သည်တော်နဲ့ မျက်လုံးချင်း ဆုံလိုက်မိချိန်မှာတော့ သူ့အာရုံ အားလုံးဟာ အဲဒီမြင်းစီးစစ်သားအပေါ် ရောက်ရှိလို့သွားပါတယ်.. သူ့ရင်ထဲမှာလည်း တစ်စုံတစ်ခုကို ခံစား နားလည်လိုက်မိပါတယ်.. သူဟာ မြင်းစီးသူကို လက်ပြတားလိုက်ပြီး “ကျုပ်လို အသက်ကြီးကြီး လူအိုတစ်ယောက်ကို မြစ်တစ်ဖက်ကမ်းကို မြင်းနဲ့တင်ခေါ်သွားပေးနိုင်မလား.. ဒီလောက်အေးလှတဲ့ မြစ်ရေပြင်ကြီးကို ခြေထောက်တွေနဲ့ ဒီတိုင်းဖြတ်ကူးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ  ” လို့ တောင်းဆိုလိုက်ပါတယ်..

မြင်းပေါ်က စစ်သားဟာ မြင်းဇက်ကြိုးကို အသာသတ်လိုက်ပြီး “ရပါတယ်ဗျာ… အဖိုးကို ကျွန်တော့်မြင်းပေါ် တင်ခေါ်သွားပါ့မယ်.. ” လို့ ပြန်ပြောပါတယ်.. ပြီးတော့ အဖိုးအိုကိုကြည့်လိုက်တော့ တစ်ကိုယ်လုံးဟာ အေးခဲမတတ်ဖြစ်နေတာမို့ သူ့ခြေထောက်တွေ လက်တွေဟာ ထုံကျင်အေးခဲနေပုံရပြီး မြင်းပေါ်ကိုတက်ဖို့ အတော်ကို ခက်ခဲနေတာမို့ မြင်းပေါ်ကနေ ဆင်းလိုက်ပြီး အဖိုးအို မြင်းပေါ်တက်နိုင်ဖို့ ကူညီပေးပါတယ်. အဖိုးအိုမြင်းပေါ်ရောက်တာနဲ့ သူလည်း မြင်းပေါ်ပြန်တက်လိုက်ပြီး မြစ်တစ်ဖက်ကမ်းကို မြင်းနဲ့ ကူးဖြတ်ခဲ့ကြပါတော့တယ်… မြင်းစီးနေရင်း အဖိုးအိုရဲ့ အိမ်နေရာကိုမေးတော့ နောက် တစ်မိုင်နီးပါး လိုသေးတာ သိရတာမို့ မြင်းနဲ့ဆက်လက်တင်ခေါ်လာပြီး လမ်းတစ်လျှောက် စကားပြောလာခဲ့ပါတယ်..

မကြာခင်မှာ သေးငယ်ပေမဲ့ နွေးထွေးပုံရတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ရောက်တော့ လူကြီးက သူ့အိမ်လို့ ညွှန်ပြပါတယ်.. မြင်းစီးစစ်သားက မြင်းကိုရပ်ပေးလိုက်ပြီး အဖိုးအိုဆင်းနိုင်အောင် ကူညီပါတယ်.. ပြီးတော့ မေးခွန်းလေးတစ်ခုကို မေးလိုက်ပါတယ်..

“အဖိုး.. ကျွန်တော် အဖိုးကိုကြည့်ရတာ နည်းနည်းထူးဆန်းလို့ မေးခွန်းတစ်ခုလောက်မေးပါရစေ.. ဒီလောက် မြင်းစီးစစ်သားတွေ အများကြီးဖြတ်သွားတဲ့တာ ကုန်လုနီးပါးဖြစ်နေပြီ.. အစောကြီးကတည်းက တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး လိုက်သွားခဲ့ရင် ခင်ဗျား စောစောစီးစီး အိမ်ကိုရောက်ပြီး စောစောစီးစီး နွေးနွေးထွေးထွေး နေလို့ရပါပြီပေါ့.. ဘာလို့များ စောစောကတည်းက တစ်ယောက်ယောက်ကို အကူအညီ မတောင်းတာလဲ… တကယ်လို့ နောက်ဆုံးဖြစ်တဲ့ ကျွန်တော်ကသာ အဖိုးကို မကူညီဘူးလို့ ငြင်းပယ်လိုက်ခဲ့ရင် အဖိုး ခုလို အိမ်ကို ရောက်နိုင်ပါဦးမလား ”လို့ မေးလိုက်ပါတယ်..

အဖိုးအိုက မြင်းပေါ်ကဆင်းလိုက်ပြီး မြင်းပေါ်က စစ်သားကြီးရဲ့ မျက်လုံးထဲကို စူးလိုက်ကြည့်လိုက်ကာ ပြုံးပြလိုက်ပါတယ်.. ပြီးတော့ သူပြောလိုက်တာ“ကျုပ် ဒီနေရာကို မကြာခဏရောက်လေ့ရှိပါတယ်.. ဖြတ်သွားတဲ့လူတွေကို သေချာစူးစိုက်ပြီး ကြည့်နေတာ .. ဖြတ်သွားသမျှ စစ်သားတွေရဲ့ မျက်နှာတွေကို မြင်လိုက်တာနဲ့ ကျုပ်ချက်ခြင်း သိလိုက်တယ်.. သူတို့တွေဟာ လမ်းဘေးမှာ အေးခဲနေတဲ့ ကျုပ်ကို အရေးလုပ်မနေခဲ့ကြဘူး.. ဘယ်သူကမှ ကျုပ်ကို မျက်လုံးချင်းဆိုင်ပြီး ကြည့်မသွားကြဘူး.. သူတို့တွေဟာ ကိုယ့်လမ်းကို သွားနေကြသူတွေ သက်သက်ပါဘဲ.. ဒီတော့ ကျုပ်သူတို့ကို အကူအညီတောင်းလဲ သူတို့ အရေးလုပ်ကြလိမ့်မယ် မဟုတ်ဘူးလို့ စိတ်ထဲက နားလည်ခံစားမိတယ်.. ဟော မောင်ရင့်ကိုတွေ့လိုက်တော့ မောင်ရင်ရဲ့ မျက်နှာကိုမြင်လိုက်တာနဲ့ ခင်ဗျားရဲ့ မျက်လုံးထဲမှာ သနားကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်းတွေ တွေ့လိုက်ရတယ်.. ဒါကြောင့်လည်း မောင်ရင်ကိုမှ ကျုပ်ကရွေးပြီး အကူအညီတောင်းတာပါ..”
အဖိုးအိုရဲ့ စကားက မြင်းစီးစစ်သားကြီးရဲ့ နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်စိမ့်ဝင်ပြီး နွေးထွေးသွားစေခဲ့ပါတယ်..  ပြီးတော့ သူက အဖိုးအိုကို “အဖိုးပြောလိုက်တဲ့ စကားက ကျွန်တော့် နှလုံးသားကို စိမ့်ဝင်သွားစေခဲ့ပါတယ်. အဖိုးခုလို ကျွန်တော့်ကို ပြောတာ ကျွန်တော် ၀မ်းမြောက်ဝမ်းသာနဲ့ ပီတိဖြစ်ရပါတယ်.. နောင်ကိုလည်း ကျွန်တော့်အရေးကိစ္စ ဘယ်လောက်ဘဲ ရှိနေပါစေ အကူအညီ လိုအပ်နေတဲ့သူတွေကို ဥပက္ခာပြုမထားဖို့၊ အားနည်းသူကို စေတနာ မေတ္တာအပြည့်နဲ့ ကူညီနိုင်ဖို့ ကျွန်တော် ကြိုးစားပါ့မယ် အဖိုး” လို့ ပြောလိုက်ပါတယ်. ထို့နောက်တော့ စစ်သားကြီးဟာ မြင်းဇက်ကိုဖွင့်လိုက်ပြီး သူ့ရဲ့ ဦးတည်ရာအရပ်ဖြစ်တဲ့ အိမ်ဖြူတော်ရှိရာသို့ စီးခဲ့ပါတော့တယ်..

အဖိုးအို မသိလိုက်တဲ့အချက်က ထိုမြင်းစီး စစ်သားဟာ နောင်တစ်ချိန်မှာ အမေရိကန်ရဲ့ တတိယမြောက်သမ္မတ သောမတ် ဂျက်ဖာဆန် ဖြစ်လာပါတယ်..
လူတွေရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ဆိုတာဟာ စကားလုံးများစွာ ပြောနေစရာမလိုဘဲ စိတ်ရဲ့ တံခါးပေါက်ဖြစ်တဲ့ မျက်လုံးများကနေတစ်ဆင့် ကြည့်ရှုတွေ့မြင်နိုင်ကြပါတယ်..  တစ်ချို့သော သူတွေဟာ လူသားများ၊ မိမိထက် အားနည်းသူများအပေါ် သနားကြင်နာတတ်ခြင်း၊ ကူညီဝေမျှတတ်ခြင်း စတဲ့ စိတ်နှလုံး ကောင်းမွန်မှုတွေဟာ  အရည်အချင်း တစ်ရပ်အနေနဲ့ ပြည့်စုံနေတတ်ကြပါတယ်.. ထိုသူတို့ကိုလည်း တွေ့မြင်လိုက်ရရုံနဲ့ လူတွေက ယုံကြည်အားကိုး လေးစား ချစ်ခင် ကြပါတယ်..

လူတစ်ယောက် စိတ်နှလုံး ကောင်းမကောင်း၊ အရည်အချင်း ရှိမရှိဆိုတာ စကားလုံးတွေ၊ စာတွေအများကြီးနဲ့ ဖော်ပြစရာမလိုဘဲ နက်ရှိုင်းတဲ့ နှလုံးသားထဲကနေ သူတို့အပေါ်ကို နှစ်နှစ်ကာကာ ယုံကြည်ချစ်ခင်မှု ရှိမရှိကိုကြည့်ရင် သိသာနိုင်ပါတယ်… ကျွန်မတို့ရဲ့ ဘေးပတ်ဝန်းကျင်မှာလည်း  ဒီလိုလူမျိုးတွေ ရှိနေတာကို တွေ့ရတတ်ပါတယ်.. လူတွေရဲ့ လေးစားယုံကြည် ကိုးစားခြင်းနဲ့ ထိုက်တန်သူများပေါ့နော်… ထိုသို့ စိတ်နှလုံးကောင်းမွန်ပြီး အရည်အချင်းရှိသူများဟာ ကြီးမြတ်သူတွေ လူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို အကြွင်းမဲ့ ရရှိသူတွေ ဖြစ်လာတတ်ကြပါတယ်..

It Was In Your Eyes ( Annymous) ကို ဘာသာပြန်ပါသည်။


လေးစားချစ်ခင်စွာဖြင့်


အမြင်အာရုံ လှည့်စားမှုများ


သင်ရဲ့ အမြင်အာရုံဟာ ဘယ်လောက်ဘဲ အားကောင်းလှပါတယ်ဆိုဆို အချို့သော ပုံတွေကြောင့် မိမိရဲ့ မျက်စိဟာ လှည့်စားခံလိုက်ရပါတယ်.. အောက်က ပုံတွေကိုကြည့်ပြီး သင့်အမြင်အာရုံ ဘယ်လောက်ကောင်းတယ် သင့်ဦးနှောက် ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ စမ်းကြည့်ကြပါစို့လားနော် ...

(၁) Kanizsa Triangle




အပေါ်က ပုံမှာ တြိဂံ ဘယ်နှစ်ခု မြင်ပါသလဲ... ၂ခု လို့မြင်ရတာ ဟုတ်ပါတယ်နော်... ဒါပေမဲ့ တကယ်တမ်းဆွဲထားတာ တြိဂံတစ်ခုတည်းပါ။ ပြင်ပက တစ်စိတ်စီပဲ့နေတဲ့ စက်ဝိုင်းတွေရယ် ပြတ်နေတဲ့ အနက်ရောင်တြိဂံရဲ့ လှည့်စားမှုတွေရယ်ကြောင့် မျက်စိအမြင်အာရုံဟာ လှည့်စားခံလိုက်ရပြီး ဦးနှောက်ကပါ တြိဂံ၂ခု ဖြစ်ကြောင်း မှားယွင်းဆုံးဖြတ်မိတာ ဖြစ်ပါတယ်.. ဒီသရုပ်ဖော်ပုံလေးကိုတော့ Kanizsa Triangle လို့ ခေါ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၂)Fraser Spiral Illusion

အောက်က ပုံမှာ အဖြူအနက် ကြိုးတွေဟာ ခွေနေတဲ့ ကြိုးတွေလား သို့မဟုတ် ရိုးရိုး စက်ဝိုင်းတွေလား .. သေချာကြည့်ပါနော်...


တကယ်တမ်းတော့ ရိုးရိုးစက်ဝိုင်းပုံ ကြိုးတွေဖြစ်ပါတယ်.. အမြင်အာရုံက မှားယွင်း သတင်းပို့တဲ့အတွက် ဦးနှောက်ဟာလည်း ခွေရစ်နေတဲ့ကြိုးတွေအဖြစ် ထင်သွားခဲ့ပါတယ်.. ဒါကြောင့် ဦးနှောက် ရှိသူများလည်း လှည့်စားခံရတတ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၃)The moving image illusion

တစ်ခါတစ်လေမှတော့ အရောင်နဲ့ အရာဝတ္ထုပစ္စည်းရဲ့ အထားအသိုကြောင့်လည်း အမြင်အာရုံလှည့်စားပြီး မိမိရဲ့ ဦးနှောက်ဟာ အချို့သော အရာဝတ္ထုတွေလှုပ်ရှားနေကြတယ်လို့မှားယွင်း ဆုံးဖြတ်မိ တတ်ပါသေးတယ်..






တကယ်တော့ အထဲက အလုံးကလေးတွေဟာ လှုပ်ရှားနေတာ မဟုတ်ပါဘူး.. ဒါပေမဲ့ သင့်မျက်စိမှာတော့ လှုပ်ရှားနေတဲ့ အရာဝတ္ထုလေးတွေအဖြစ် မြင်နေရတယ် မဟုတ်ပါလားနော်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၄)Cafe wall

အောက်မှာ Cafe Wall လို့ အမည်ပေးထားတဲ့ သရုပ်ဖော်ပုံကို စတင်တွေ့ရှိခဲ့သူက Doctor Richard Gregory ဖြစ်ပါတယ်.. အညီအညာဆွဲထားတဲ့ ကန့်လန့်ဖြတ် မျဉ်းတွေဟာ ဒေါင်လိုက် လေးထောင့်ကွက်တွေရဲ့ နေရာ အထားအသိုကြောင့် မျဉ်းဖြောင့်အဖြစ် မမြင်ရဘဲ ကွေးနေတဲ့ မျဉ်းတွေလို့ မျက်စိအာရုံက လှည့်စားခံလိုက်ရပါတယ်..


တကယ်တမ်းတော့ သေချာကြည့်မယ်ဆိုရင် ကန့်လန့်မျဉ်းတွေအားလုံးဟာ မျဉ်းဖြောင့်များသာ ဖြစ်ပါတယ်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၅) The Hermann Grind

အောက်ကပုံမှာ လေးထောင့်ကွက်တွေရဲ့ ထောင့်စွန်းလေးခု ဆုံတဲ့နေရာတွေမှာ မီးခိုးဖျော့ ရောင်ခြယ်လေးတွေ တွေ့မြင်နေရတယ်လို့ ထင်ရပါတယ်... သေချာအနီးကပ် ကြည့်ကြည့်လိုက်ရင်တော့ မြင်နေရပါတယ်လို့ ထင်ရတဲ့ မီးခိုးရောင်လေးတွေဟာ ပျောက်ကွယ်သွားတာကို တွေ့ရပါတယ်.. ဒါဟာလည်း အဖြူအနက်ရဲ့ အမြင်အာရုံလှည့်စားမှု တစ်ခုပါဘဲ




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၆) Different Colours

အောက်ကပုံမှာ အရောင် ဘယ်နှစ်မျိုး သင်မြင်ရပါသလဲ.... သေချာကြည့်ပါနော်





သင်ရဲ့ အမြင်အာရုံလှည့်စားချက်အရ အရောင် ငါးရောင်မြင်ရတယ်လို့ ဦးနှောက် လက်ခံမိမယ် ထင်ပါတယ်.. အစိမ်းရောင်၊ အစိမ်းရင့်ရောင်၊ ပန်းရောင်နဲ့ ပန်းရင့်ရောင်၊ အဖြူရောင်တို့ မြင်ရမယ် ထင်ပါတယ်နော်... တကယ်တမ်းတော့ အရောင် သုံးမျိုးထဲပါဘဲ... ညာဘက် ပန်းရောင်လိုင်းရဲ့ ဘေးမှာတော့ အဖြူကွက်တွေသာ သီးသန့်ရှိနေတဲ့အတွက် ပန်းရောင်အဖျော့လို့မြင်ရပြီး ဘယ်ဘက်လိုင်းကတော့ ဘေးကပ်ရပ်အကွက်တွေ အားလုံးဟာ အစိမ်းရောင်တွေချည်းဖြစ်အောင် နေရာချထားတဲ့အတွက် အရောင်ရင့်တွေအဖြစ် အမြင်အာရုံလှည့်စားပြီး မြင်ရတာ ဖြစ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၇)Pictographic Ambiguity

ရုပ်ပုံဆွဲသူရဲ့ ပညာစွမ်းနဲ့ လှည့်စားချက်လေးတစ်ခုပါ.. အောက်ကပုံမှာ သင့်မျက်စိထဲမှာ ဘယ်လို ပုံမျိုးလေး မြင်ရပါသလဲ.. အမျိုးသမီးငယ်တစ်ယောက်ရဲ့ ပုံကို မြင်ရမယ်ထင်ပါတယ်နော်.. ကြည့်တဲ့ ရှုထောင့် အနေအထားကို ပြောင်းပြီး ပြည်ကြည့်ကြည့်ပါလား။ သင့်အမြင်အာရုံ ဘယ်လောက် ထက်မြက်လည်း စမ်းကြည့်လို့ရပါတယ်.. မိန်းမပျိုလေးကို တွေ့ပြီးရင်  အဖွားအို တစ်ယောက်ရဲ့ ပုံရိပ်ကို ကြည့်လို့ တွေ့မြင်ရပါရဲ့လား။  တကယ်တမ်းတော့ မိန်းမပျိုလေးရယ်.. အဖွားအို တစ်ယောက်ရဲ့ ပုံရယ်ကို ပုံစံ ၂မျိုးအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်..




အဖွားအိုပုံကို ဘယ်လိုမှ ကြည့်လို့ မမြင်ရဘူးဆိုရင်တော့ ကြည့်တဲ့ နည်းလေး ပြောပြပါရစေ... မိန်းခလေးရဲ့ မေးစေ့လို့ မြင်ရတဲ့နေရာကို နှာခေါင်းတစ်ခုအဖြစ် သဘောထားပြီး ပြန်ကြည့်လိုက်ပါနော်... ဒီလိုဆိုရင် အဖွားအိုတစ်ယောက်ရဲ့ ပုံရိပ်ကို ပီပီပြင်ပြင် တွေ့မြင်ရပြီထင်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၈) လည်နေတဲ့ ဖရဲသီးများ

အောက်ကပုံမှာတော့ လည်နေတယ်လို့ ထင်ရတဲ့ ဖရဲသီးတွေ တွေ့ရပါလိမ့်မယ်... တကယ်တမ်းတော့ ရုပ်ငြိမ်တွေသာ ဖြစ်ပါတယ်..



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၉) နှင်းဆီလက်ဆောင်

အမြင်အာရုံကောင်းကောင်းနဲ့ ကြည့်ပြီးသွားသူတွေကို ကျွန်မက နှင်းဆီပန်းလေးတစ်ပွင့် လက်ဆောင်ပေးပါမယ်ရှင်... အောက်ကပုံမှာတော့ 3 Dလို့ခေါ်တဲ့ သုံးဘက်မြင် ရုပ်ကြွလေး တစ်ခုရှိပါတယ်.. 3D ကြည့်နည်းကို အားလုံးကြည့်မြင်တတ်မယ် ထင်ပါတယ်.... ကျွန်မကတော့ 3D ပုံတွေကို မပေါ်ပေါ်အောင် ကြည့်ရတာ အတော့်ကိုစိတ်ဝင်စားမိပါတယ်.. အာရုံစူးစိုက်ပြီး သေချာကြည့်လို့ ပုံကို မြင်လိုက်ရတဲ့ ခံစားချက်က ပျော်ရွှင်ဖို့ ကောင်းပါတယ်.. ပုံရဲ့ အလယ်ကောင်တည့်တည့်မှာ လှပတဲ့ ရုပ်ကြွ နှင်းဆီပန်းတစ်ပွင့်ပုံလေး ရှိနေပါတယ်ရှင်.. မြင်နိုင်သူများ နှင်းဆီပွင့်လေးကို လက်ဆောင်အဖြစ် ယူသွားပါလို့နော်.. :)  :)



ဘာရယ်မဟုတ်ပေမဲ့ အပျင်းလဲပြေ၊ ကိုယ့်အမြင်ကိုလည်း ပျော်ရွှင်စွာ စမ်းသပ်ကြည့်ဖို့ပါ။


ကစားမလား နားမလား

ဓာတ်ပုံဆရာတစ်ယောက်က အခြားသော ဓာတ်ပုံကင်မရာမင်း တစ်ယောက်ကို ဓာတ်ပုံရိုက်ထားတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ အောက်က ပုံမှာ အမေရိကား အရီဇိုးနားပြည်နယ်က နံမည်ကျော်ကြားလှတဲ့ ဂရင်းကင်ညွှန်ချောက်ကြီးရဲ့ ညနေဆည်းဆာအလှကို ဓာတ်ပုံဆရာ Hans van de Vorst က ဓာတ်ပုံရိုက်နေရင်း ပင်မ ချောက်ကမ်းပါးထိပ်ကနေ သီးသန့် ကွဲထွက်နေတဲ့ ကျောက်သားအစွန်းပေါ်ကိုတက်ပြီး ဓာတ်ပုံရိုက်နေတဲ့ ပုံထဲက အင်္ကျီအဖြူနဲ့ ( အမည်မသိ) အခြားသော ဓာတ်ပုံဆရာကို သူတွေ့လိုက်ရပါတယ်.. အဲဒီမှာ ကင်မရာမင်း Hans van de Vorst က သူလက်ရှိ ဓာတ်ပုံရိုက်နေတဲ့ ချောက်ကမ်းပါးကြီးရဲ့ ညနေဆည်းဆာအလှကို မေ့လျော့သွားပြီး အင်္ကျီအဖြူနဲ့ ကင်မရာမင်းအပေါ်ကိုသာ သူ့စိတ်အာရုံတစ်ခုလုံး  လုံးလုံးလျားလျား ကျရောက်သွားပါတော့တယ်..

သီးသန့် ကျောက်စွန်းပေါ်က ဓာတ်ပုံဆရာ

ဓာတ်ပုံထဲမှာတွေ့ရတဲ့အတိုင်း အင်္ကျီဖြူနဲ့ ကင်မရာမင်းရပ်နေတဲ့ ကျောက်သားဟာ ကမ်းပါးနဲ့ အနည်းငယ် လှမ်းနေပါတယ်.. သူ့မှာက သုံးချောင်းထောက် ဓာတ်ပုံရိုက်တဲ့ စတဲန်းရယ်၊ ကင်မရာရယ် ပါနေသေးတယ်.. ပြီးတော့လည်း သူစီးထားတာက ရိုးရိုး သားရေကွင်းစွပ်ဖိနပ်နဲ့… သူရပ်နေတဲ့ ကျောက်စွန်းအောက်တည့်တည့် ဂရင်းကင်ညွှန်ချောက်ကြီးရဲ့ အနက်ဟာ ၉၀၀မီတာ (ပေပေါင်း ၂၉၀၀ကျော်) ရှိပါတယ်.. ပြုတ်သာကျခဲ့မယ် ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိဖို့ မလွယ်ကူပါဘူး…   ကင်မရာမင်း Hans Van De Vorst က ထူးဆန်းအံ့သြစိတ်ရဲ့ စေ့ဆော်မှုနဲ့ အဲဒီအင်္ကျီဖြူနဲ့ ဓာတ်ပုံသမားလေးကို ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်.. ပြီးတော့ သူ့စိတ်ထဲမှာ

၁.  သူဘယ်လိုများ အဲဒီကျောက်စွန်းထိပ်ကို ရောက်နေတာပါလိမ့်

၂.  ဒီကျောက်စွန်းပေါ်ကနေ ဘာကြောင့်များ ဓာတ်ပုံရိုက်နေတာပါလိမ့်.. လုံခြုံစိတ်ချမှု ရှိတယ်လို့ သူယုံကြည်ရဲ့လား

၃. သူ ဒီဘက် ချောက်ကမ်းပါးပေါ်ကို ဘယ်လိုများ ပြန်ကူးလာမှာပါလိမ့် ဆိုတဲ့ မေးခွန်းတွေနဲ့ စိတ်ဝင်စားစွာ စောင့်ကြည့်နေမိပါတယ်..

နေလုံးကြီးဟာ ဂရင်းကင်ညွှန်ချောက်ကြီးရဲ့ နောက်ကွယ်ကို ၀င်ရောက်သွားပြီးလို့ အမှောင်ရိပ်လေးစပြီး လွှမ်းခြုံလာတာနဲ့ အင်္ကျီဖြူနဲ့ ဓာတ်ပုံဆရာလေးဟာ သူ့ပစ္စည်းတွေကို စတင်ထုတ်ပိုး သိမ်းဆည်းပါတော့တယ်..   ကင်မရာကို သူ့ပုခုံးမှာ လွယ်လိုက်ပြီး သုံးချောင်းထောက်တိုင်ရယ် ပလပ်စတစ် အိတ်ရယ်ကိုတော့ သူ့ဘယ်လက်က ခေါက်ပြီးကိုင်ထားပါတယ်.. ဒီတော့ သူ့မှာ ညာဘက်လက် တစ်ဖက်ဘဲ အားပါတော့တယ်.. သူဟာ မျက်နှာချင်းဆိုင်က ပင်မချောက်ကမ်းပါးထိပ်ကို မျက်နှာမူလိုက်ပြီး အသက်ကို အပြည့်အ၀ ရှူရှိုက်လိုက်ကာ သူ့ရဲ့ သားရေကွင်းထိုးဖိနပ်နဲ့ အားယူပြီး ခုန်လိုက်ပါတော့တယ်.. ချောက်ကြီးရဲ့ အနက်ဟာ မီတာ ၉၀၀(ပေ ၂၉၀၀ကျော်) ရှိပါတယ်.. ဒါပေမဲ့ အင်္ကျီဖြူနဲ့ ဓာတ်ပုံဆရာဟာ သူခုန်လိုက်ဖို့ပြင်တဲ့အချိန်မှာ ချောက်ကမ်းပါးကြီးရဲ့ အနက်ကိုရော၊ သူဟိုဘက်ကမ်းပါးကို ရောက်မှ ရောက်ပါ့မလားဆိုတဲ့ သံသယအတွေးကိုရော လုံးဝ တွေးမိပုံ မပေါ်ပါဘူး.. သူ့ကိုယ်သူ ယုံကြည်မှု ရှိရှိနဲ့ ရဲရဲရင့်ရင့် ခုန်ကူးလိုက်ပါတယ်..


တစ်ဖက်ကမ်းပါးသို့ခုန်အကူး

တစ်ဘက် ကမ်းပါးဟာ သူရပ်နေတဲ့ ကျောက်စွန်းထက် ပိုမြင့်တဲ့အတွက် သူဟာ အနည်းငယ်နိမ့်တဲ့ အောက်က လျှောစောက်ကလေးပေါ် ခုန်လိုက်တာ ဖြစ်ပါတယ်.. အဲဒီခပ်လျှောလျှောဖြစ်နေတဲ့ နေရာလေးဟာ လူတစ်ကိုယ်စာ ရပ်တည်ဖို့အတွက် ခက်ခဲလွန်းတဲ့ အနေအထား ဖြစ်ပါတယ်.. ဒါပေမဲ့ သူဟာ အဲဒီနေရာကို ညာခြေလှမ်းနဲ့ ခုန်ချလိုက်ပြီး ကျောက်သားပေါ် ခြေချမိတာနဲ့ လွတ်နေတဲ့ တစ်ဖက်တည်းသော ညာလက်နဲ့ အပေါ်က ကျောက်သားကို ခိုင်ခိုင်မြဲမြဲ ကုတ်တွယ်လိုက်ပါတယ်.

ညာခြေနဲ့ တစ်ဖက်တည်းသော ညာလက်ကို အားပြု၍

တကယ်လို့များ သူ့လက်သာ ကုတ်တွယ်မှု မြဲမြံခြင်း မရှိခဲ့ရင် အောက်ကို ပြုတ်ကျသွားမှာ သေချာပါတယ်.. ဒါပေမဲ့ သေချာကြည့်ပါ.. အဲဒီ ကင်မရာမင်းလေးမှာ လွယ်ထားတဲ့ ကင်မရာရယ်၊ သုံးချောင်းထောက်ရယ်၊ ပလပ်စတစ်အိတ်တစ်လုံးရယ်ပါ ပါနေပါသေးတယ်.. ဒီပစ္စည်းတွေရယ် သူ့ခန္ဓာကိုယ်အလေးချိန်ရယ်ကို သူ့ညာဘက်လက် တစ်ဖက်တည်းရဲ့ ကုတ်တွယ်မှုအားနဲ့ ထိန်းထားခဲ့ပါတယ်.. အဲဒီအနေအထားကို သေချာ စောင့်ကြည့်နေတဲ့ ကင်မရာမင်း Hans Van De Vorst က စိတ်ဝင်တစား ဓာတ်ပုံရိုက်ထားခဲ့မိပါတယ်.. ခြေချော်သွားတာဘဲဖြစ်ဖြစ် လက်မမြဲလို့ဘဲ ဖြစ်ဖြစ် ပြုတ်သာကျလိုက်မယ်ဆိုရင်တော့ တကယ်ကို မတွေးရဲစရာပါ။

အန္တရာယ်လက်တစ်ကမ်း

တစ်ဖက်က ချောက်ကမ်းပါး လျှောစွန်းလေးမှာ ရောက်သွားတဲ့ အင်္ကျီဖြူနဲ့ကင်မရာမင်းလေးဟာ စက္ကန့် အနည်းငယ်မျှ ရပ်လိုက်ကာ သူ့ပစ္စည်းတွေကို  အပေါ်ကမ်းပါးစွန်းပေါ် ပစ်တင်လိုက်ပါတယ်.. ထို့နောက်တော့ ခန္ဓာကိုယ်တစ်ခုလုံး အပေါ်ရောက်အောင် တွယ်တက်လိုက်ပြီး အပေါ်ရောက်တာနဲ့ သူ့ပစ္စည်းတွေကို ကောက်သိမ်းလိုက်ကာ သက်တောင့်သက်သာ အနေအထားနဲ့ ဘာကိုမှ ဂရုမထားမိလေဟန် သူ့ခရီးကို ဆက်လက် ထွက်ခွာသွားပါတော့တယ်.. ဓာတ်ပုံရိုက်နေမိတဲ့ ကင်မရာမင်း Hans Van De Vorst သာလျှင် မဆုံးနိုင်တဲ့ အတွေးတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်..  တကယ်လို့များ ဓာတ်ပုံထဲက ကင်မရာမင်းလေးဟာ ပြုတ်ကျမဲ့ အန္တရာယ်ကိုကြောက်ပြီး ခုန်ကူးဖို့ သတ္တိမရှိခဲ့ဘူးဆိုရင် ဒီအဖြစ်အပျက်တွေ ဖြစ်လာမှာမဟုတ်သလို လူတွေဟာ အန္တရာယ်ကို တွေးတောကြောက်လန့်ပြီး ဘယ်အလုပ်ကိုမှ မလုပ်ဖြစ်ဘူးဆိုရင် အောင်မြင်မှုဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။

ဓာတ်ပုံဆရာ Hans Van De Vorst က ပြောပါတယ်.. ကြိုးစားမယ်ဆိုရင်  မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးတဲ့..  ဘ၀ဆိုတာ ကစားပွဲနဲ့တူပါတယ်.. လောကကြီးက သတ္တိရှိသူတွေ၊ စွန့်စားဝံ့သူတွေ၊ အောင်မြင်တဲ့ သူရဲကောင်းတွေကို ချစ်ခင်မြတ်နိုးသလို ကြိုးစားရက်နဲ့ ရှုံးနိမ့်သွားတဲ့ သူတွေကိုလည်း ချစ်ခင်စွာနဲ့ နောက်ထပ်ကြိုးစားဖို့ အခွင့်အရေးတွေ ပေးတတ်ပါတယ်.. ဒါပေမဲ့ ဘာမှမလုပ်၊ ဘာမှမကြိုးစားဘဲ အခြားသူတွေ လုပ်နေတာ၊ ကြိုးစားနေတာတွေကို ဘေးကနေထိုင်ကြည့်ပြီး အပြစ်ပြောနေတတ်တဲ့ သူမျိုးတွေကိုတော့ လောကကြီးက မုန်းတီးပါတယ်တဲ့..  ဒီလိုဆိုရင်ဖြင့် မဖြစ်နိုင်ဘူးဆိုတာ မရှိတဲ့ ဒီကမ္ဘာကြီးပေါ်မှာ  အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ ဘ၀ရဲ့ကစားပွဲတွေ ဆင်နွဲရင်း အောင်မြင်မှုကို စွန့်စွန့်စားစား ရယူမလား.. ဘာမှမလုပ်ဘဲ ထိုင်ကြည့်ပြီး လွယ်လွယ်နဲ့ အရှုံးပေးလိုက်မလား..

စာဖတ်သူမိတ်ဆွေ...   စွန့်စားမှုတွေ၊ အန္တရာယ်တွေ၊ မာယာတွေများလှတဲ့ ဘ၀ရဲ့ကစားပွဲကြီးမှာ သင်သာဆိုရင် ရှေ့ဆက်ပြီး.... ကစားမလား…  နားမလား ???

Photographer Hans Van De Vorst ရဲ့  Nothing is Impossible ကို နှစ်ခြိုက်စွာ ဘာသာပြန်ခံစား ရေးဖွဲ့ပါသည်။