အသားအရေကိုလှပစေသော သစ်သီးများ



အသားအရေ လှပချောမွေ့ဖို့အတွက် အချို့သောသီးနှံများဟာ အထောက်အကူများစွာ ဖြစ်စေနိုင်ပါတယ်… သဘာဝအသီးအနှံတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အလှပြုပြင်ထိန်းသိမ်းရေး (skin care products) တွေလည်း မြောက်များစွာ ရှိတာကို တွေ့ရမှာပါနော်… ဒါကြောင့် မိမိအနီးအနားမှာ ရှိနေတတ်တဲ့ အသီးအနှံတွေဟာ မိမိရဲ့ အရေပြားကို သန့်စင်လှပ ၀င်းမွတ်ဖြူစင်ဖို့အတွက် ဈေးကြီးပေးစရာမလိုတဲ့ အလှပြုပြင်ရေးပစ္စည်းများ ဖြစ်နေပါတယ်.. ဒါကြောင့် ဘယ်လိုအသီးအနှံက ဘယ်လို အစွမ်းထက်တယ်ဆိုတာ ရှာဖွေ ဖတ်မိတာလေးကို ပျိုမေတို့ အကျိုးရှိစွာအသုံးချဖို့ ပြန်လည်ဝေမျှပါမယ်ရှင်။

သင်္ဘောသီး (Papaya)





သဘောင်္သီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်.. အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်.. ၄င်းနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေပြားကို ရရှိနိုင်ပါတယ်.. အရေပြားထိခိုက်လွယ်သူများ  ပထမဦးဆုံးအကြိမ် စလိမ်လိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်.. အခန့်မသင့်ပါက ၄င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်..

ပန်းသီး (Apples)



ပန်းသီးဟာ အသားအရေးကို လန်းဆန်းစေနိုင်တဲ့အစွမ်း ရှိတာကြောင့် Toner နဲ့ Conditioner အဖြစ် အသုံးဝင်ပါတယ်.. အရေပြားကို ကုစားပေးနိုင်စွမ်းရှိတာကြောင့် အလှကုန်ပစ္စည်းများထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထည့်သွင်းဖော်စပ်ခဲ့ကြပါတယ်.. မိမိချိုးမည့်ရေထဲသို့ ပန်းသီးရည် တစ်ခွက်ခန့် ပေါင်းစပ်ကာ ရေချိုးပါက အသားအရေကို သန့်ရှင်းစင်ကြယ်စေပြီး အရေပြားကို နူးညံ့ ပျော့ပြောင်းစေနိုင်ကြောင်း သိရပါတယ်.. ထို့ပြင် ပန်းသီးအရည်ဟာ ဦးရေပြားတွင်ဖြစ်တတ်သော ဗောက်များကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်.. ခေါင်းလျှော်ပြီးနောက် ပန်းသီးရည်ကို ဦးရေပြားတွင် သုတ်လိမ်းပြီး ရေစင်အောင်ဆေးပါက ဗောက်များကို ကင်းစင်စေနိုင်စွမ်း ရှိပါတယ်.. မျက်နှာပြင်ပေါ်တွင်ဖြစ်တတ်သော ၀က်ခြံများကိုလည်း ပန်းသီးရည်က ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

ရှောက်သီး (Lemons)



အလှအပအတွက် မပါမဖြစ် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်.. ရှောက်သီးဟာ အရေပြားနဲ့ ဆံပင်ကို လန်းဆန်းစေတယ်.. သန့်စင်စေနိုင်ပါတယ်..  ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အရေပြားနဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်က အသားမာတွေကိုလည်း ရှောက်သီး ဖြင့် ပွတ်တိုက်ပေးပါက အရေပြားများ နူးညံ့သန့်စင်စေလာနိုင်ပါတယ်.. ရေချိုးသောအခေါ ချိုးရေထဲသို့ ရှောက်ရည် အနည်းငယ်ရောစပ်၍ ချိုးပေးပါက တစ်နေ့တာလုံး လန်းဆန်း တက်ကြွစေနိုင်တယ်လို့ ဆိုပါတယ်.. ဦးရေပြားကိုလည်း သန့်စင်စေနိုင်စွမ်းရှိတာကြောင့် ခေါင်းလျှော်တိုင်း ရှောက်ရည်၊သံပုရာရည် လိမ်းကျံကာ နှိပ်နယ်ပြီးမှ ရေစင်အောင်ဆေးချလိုက်ပါက ဦးရေပြားသန့်စင်ကာ ဗောက်များ ကင်းစင်နိုင်စေပါတယ်.. အမာရွတ်များ ထင်ကျန်နေခဲ့ပါက ရှောက်သီး(သို့) သံပုရာသီးဖြင့် ပွတ်တိုက်ပေးပါက ထင်နေသော အမာရွတ်များ၊ အမဲစက်များကို လျှင်မြန်စွာ ပျောက်ကင်းသွားစေနိုင်ကြောင်းလည်း သိရပါတယ်..

သခွားသီး ( Cucumber)




သခွားသီးသည်လည်း ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်းကြောင့် အရေပြားကို သန့်စင်စေခြင်း သွေးလှည်ပတ်မှုအားကောင်းစေခြင်း၊ အသားအရေကို စိုစွတ်ချောမွေ့စေခြင်း၊ အရေပြားတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို သက်သာစေခြင်း စသည်တို့အတွက် အထူးကောင်းမွန်စေပါတယ်… အဆီပြန်တတ်သူများအတွက်လည်း ချွေးပေါက်များကိုကျဉ်းစေရန် အသုံးပြုနိုင်ပါတယ်။ ညအိပ်ရာဝင်ချိန်တွင် သခွားသီးကို ပါးပါးလွှာ၍ မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ဖုံးအုပ်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ.. ထိုသို့ ပုံမှန်ပြုလုပ်ပါက နူးညံ့တောက်ပနေသော မျက်နှာပြင်လေးကို စိတ်ကျေနပ်ဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ်.. သခွားသီးကို နွားနို့နှင့် ရောမွှေ၍ မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး မျက်နှာပြင်ကို နူးညံ့သန့်စင်စေပြီး ချွေးပေါက်များကိုလည်း ကျဉ်းစေနိုင်ပါတယ်..

မက်မွန်သီး (Peaches )



မက်မွန်သီးသည်လည်း အရေပြားအတွက် အလွန်ကောင်းမွန်သော အစွမ်းထက် သဘာဝပစ္စည်းဖြစ်ပါတယ်.. ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် မက်မွန်သီးနဲ့ ဒိန်ချဉ်တို့ကို ရောစပ်၍ မျက်နှာပေါ်တွင် ပေါင်းတင်ပေးနိုင်ပါတယ်.. မိနစ်၂၀ခန့်ထားပြီး ရေခပ်နွေးနွေးဖြင့် ဆေးကြောသန့်စင်ပြီးတဲ့အခါ ထူးထူးခြားခြား နူးညံ့စိုပြေလှပသော မျက်နှာအလှကို ပိုင်ဆိုင်နိုင်ကြောင်း သိရပါတယ်.... မက်မွန်သီးမှာ ဗီတာမင် အေနှင့် စီ ပါရှိခြင်းကြောင့် အရေပြားကို တောက်ပစေခြင်း၊ နူးညံ့ပျော့ပြောင်းစေခြင်း၊ အမဲစက်များကို လျော့ပါးစေခြင်း၊ ရေဓာတ်ကို ဖြည့်တင်းပေးခြင်း စသော အစွမ်းသတ္တိများကြောင့် အလှအပပစ္စည်းများတွင် တွယ်ကျယ်စွာ အသုံးပြုကြပါတယ်..

နာနတ်သီး (Pineapple)




သင်္ဘောသီးကဲ့သို့ပင် နာနတ်သီးသည်လည်း အရေပြားကို နုညံ့ပျော့ပြောင်းစေကာ ခြောက်သွေ့ထိုင်းမှိုင်းသော အသားအရေများကိုပင် စိုပြေကာ နုပျိုသစ်လွင်လာစေနိုင်သော အစွမ်းသတ္တိများရှိကြောင်း သိရပါတယ်.. နာနတ်သီးအလွှာများကို ကြမ်းတမ်းသော အရေပြားနေရာများဖြစ်သည့် ဒူးခေါင်း၊ တံတောင်ဆစ်၊ ခြေဖနောင့် ၊ ခြေမျက်စိတို့တွင် ပွတ်တိုက်ပေးပါက အသားမာများကို နုညံ့ပျော့ပြောင်းလာစေနိုင်ပါသည်။ ရေချိုးသောအခါတွင်လည်း ခန္ဓာကိုယ်အား နာနတ်သီးလွှာဖြင့် ပွတ်တိုက်ပေးပါက နုညံ့သန့်စင်သော အရေပြားကို ရရှိစေနိုင်ပါတယ်…

သလဲသီး (Pomegranates)






အနီရောင်သလဲသီးမှာ အဆီပြန်တတ်သော အသားအရေအတွက် အထူးသင့်တော်ပါတယ်.. သလဲသီးမှာ အရေပြားအတွက် အကျိုးဖြစ်စေသော AHA  ပါဝင်သောကြောင့် ချွေးပေါက်များကို ကျဉ်းစေနိုင်ပြီး ဗီတာမင်စီလည်း ပေါများစွာ ပါဝင်သောကြောင့် သဘာဝ တိုနာအဖြစ် အသုံးပြုနိုင်ပါတယ်.. ကြိတ်ချေထားသော သလဲသီးစေ့များဖြင့် မျက်နှာပြင်ပေါ် ဖြေးညှင်းစွာ ပွတ်တိုက်ပေးပါက အဆီပိုများကို ဖယ်ရှားပစ်ပြီး မျက်နှာပြင်အရေပြားကို လန်းဆန်းလာစေနိုင်ပါတယ်.. သလဲသီးရည်ဖြင့် မျက်နှာပြင်ပေါ် ၁၀မိနစ်ခန့် နှိပ်နယ်ပြီး ရေစင်အောင်ဆေးလိုက်ပါက တောက်ပကြည်လင်နေသော မျက်နှာပြင်ကို ပိုင်ဆိုင်စေနိုင်ပါတယ်..

ငှက်ပျောသီး (Bananas )



ငှက်ပျောသီးဟာ အရေပြားနာကျင်မှုကို သက်သာစေဖို့ အကောင်းဆုံး ဆေးတစ်လက်လို အသုံးဝင်ပါတယ်… ငှက်ပျောသီးမှာ ပရိုတိန်းနဲ့ သဘာဝ အဆီဓာတ်များ ပေါများစွာ ပါဝင်သောကြောင့် မည်သည့်အရေပြား အမျိုးအစားနဲ့မဆို သင့်လျော်ပါတယ်.. ငှက်ပျောသီးကို လက်နှင့်ချေမွ၍ မျက်နှာပေါ်တွင် မိနစ် ၂၀ခန့် မျက်နှာပေါင်းတင်ထားပြီး ရေခပ်နွေးနွေးဖြင့် သန့်စင်ဆေးကြောကာ Moisturize လိမ်းပေးပါက အရေပြားကို နုညံ့သန့်စင်စေသလို ချေမွထားသော ငှက်ပျောသီးကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ ဆံပင်အတွက် Conditioner  အဖြစ်အသုံးပြုပါက တောက်ပနူးညံ့သော ဆံပင်သားကို လှပစွာ ဖန်တီးနိုင်ပါတယ်..

ခရမ်းချဉ်သီး ( Tomato)




ခရမ်းချဉ်သီးသည်လည်း အရေပြားအတွက် အစွမ်းထက်သော အထောက်အကူပြု အသီးတစ်မျိုးဖြစ်ပါတယ်.. နေပူထဲ အချိန်ကြာကြာသွားလာ၍ နေလောင်ခြင်းဖြစ်ပါက ခရမ်းချဉ်သီးနှင့် သခွားသီးအရည်ကို ရောနှော၍ နေလောင်သော နေရာသို့ ၁၀မိနစ်ခန့် လိမ်းပြီး ရေဖြင့် ဆေးကြောလိုက်ပါက နေလောင်ခြင်းမှ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်.. ပျားရည်နှင့် ခရမ်းချဉ်သီးအရည် အရောအနှောကို မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ပေါင်းတင်ထားပြီး ရေဖြင့်ဆေးကြောလိုက်ချိန်တွင် မှန်ထဲတွင် သန့်ရှင်းတောက်ပြောင်၍ ၀င်းလက်နေသော မျက်နှာပြင်ကို ဖန်တီးနိုင်ပါတယ်.. ခရမ်းချဉ်သီးကို အရေပြားသန့်စင်လှပဖို့ ပုံမှန်အသုံးပြုပါက ထူးခြားထင်ရှားစွာ ၀င်းလဲ့တောက်ပသော အရေပြားအလှကို တွေ့ရမှာ ဖြစ်ပါတယ်..


အလှအပကို နှစ်သက်သူ မိန်းခလေး၊ ယောက်ျားလေးများအားလုံး အိမ်မှာရှိတဲ့ အသီးအနှံများဖြင့် လှပ လန်းဆန်းသော မျက်နှာအလှကို ဖန်တီးနိုင်ကြပါစေရှင်။




Ref:  Funzug.com and John Edward's Natural skin care from your kitchen

Photos from google

ပေါ့ပေါ့ပါးပါး ပြုံးစရာ(၉)



ဈေးရောင်းကောင်းသူ

စတိုးဆိုင်ကြီးတစ်ခုအတွင်းမှာ ချောချောမောမော လှလှပပ မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်နေပါတယ်.. အဲဒီမှာ အဆင်လှလှ ပိတ်စလေးတစ်စကို တွေ့လိုက်ရတော့ ၀ယ်ယူဖို့အတွက် အရောင်းကောင်ဆီမှာ “တစ်ကိုက်ကို ဘယ်လောက်လဲ” လို့ ဆိုင်ရှင်ကို ဈေးမေးလိုက်ပါတယ်.. ဆိုင်ပိုင်ရှင်က လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်ပါတယ်.. ဆိုင်ရှင်ကလည်း ချောချောလှလှ ကောင်မလေးကို ခပ်ပြုံးပြုံးနဲ့ “တစ်ကိုက်ကို အနမ်းတစ်ပွင့်ဘဲ ပေးပါ”  လို့ ပြန်ဖြေလိုက်ပါတယ်..  ဒီတော့ ကောင်မလေးကလည်း “အိုကေလေ ကောင်းတာပေါ့.. ဒီလိုဆို ကျွန်မ ဆယ်ကိုက်ယူမယ်” လို့ ပြောလိုက်ပါတယ်.. ဆိုင်ရှင်က အကွက်တော့ ၀င်ပြီဆိုပြီး ပြုံးရွှင်စွာနဲ့ မျှော်လင့်ချက်တွေပြည့်ပြီး အားရကျေနပ်တဲ့ မျက်နှာနဲ့ ပိတ်စ ဆယ်ကိုက်ကို အမြန်ဆုံး တိုင်းထွာလိုက်ပါတယ်..

ပီးနောက် အစကို ကပ်ကြေးနဲ့ ဖြတ်လိုက်ကာ အိတ်ကလေးတစ်ခုနဲ့ ထုပ်ပိုးပြီး ကောင်မလေးကို လှမ်းပေးလိုက်ပါတယ်.. ကောင်မလေးက အိတ်ကို လှမ်းယူလိုက်ပြီးနောက် မလှမ်းမကမ်းမှာ ရပ်စောင့်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို လက်ညိုးညွှန်လိုက်ကာ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေးနဲ့ ပြောလိုက်တာက “ကျသင့်တန်ဖိုးကို ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေးလိမ့်မယ် ” လို့ ပြောပြီး သူ့ရှေ့ကနေ ထွက်ခွာသွားပါတော့တယ်..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမှန်တရား

ဆမ် နဲ့ ဂျွန်တို့ဟာ  နေ့လည်စာ စားနားချိန်မှာ အစာစားရင်း စကားပြောနေကြပါတယ်.. ဆမ်က  “ ငါ ပိုက်ဆံကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူရှာလို့ရတယ်ဆိုတာ သိထားတယ် ” လို့ ဂျွန်ကို ပြောလိုက်ပါတယ်.. ဒီတော့ ဂျွန်က “ဘယ်လိုရှာရမလဲ.. ကျွန်တော့ကိုလည်း နည်းလမ်းလေး ဘာလေး ပေးပါဦး ” လို့ မေးလိုက်ပါတယ်.. ဒါနဲ့ ဆမ်က “အိမ်ရောက်ရင် မင်းအဖေဆီကိုသွား… ပြီးရင် အဖေ ကျွန်တော် အမှန်တွေ သိထားတယ်နော် လို့ ပြောလိုက်.. ဒါဆိုရင် မင်းအဖေက မင်းကို ပိုက်ဆံထုတ်ပေးလိမ့်မယ် ” လို့  ပြောပြပါတယ်..

ဂျွန်ဟာ အိမ်ကိုရောက်တဲ့အခါ သူ့အဖေဆီသွားပြီး “အဖေ.. အမှန်အတိုင်း  ကျွန်တော်သိတယ်နော် ” လို့ ပြောလိုက်ပါတယ်. ဒါနဲ့ သူ့အဖေက ဆယ်ဒေါ်လာတန် တစ်ရွက်ထုတ်ပေးပြီး သူသိထားတာတွေ ဘယ်သူ့ကိုမှ မပြောဖို့ ဂျွန့်ကို နှုတ်ပိတ်ပါတယ်.. ဂျွန်ဟာ ဒီနည်းကို အတော်သဘောကျသွားပါတယ်.. လွယ်လိုက်တဲ့ ပိုက်ဆံရှာနည်းပါလားလို့ စိတ်ထဲမှာ တွေးမိပြီး သူ့အမေဆီကို သွားပြန်ပါတယ်.. ပြီးတော့ သူ့အမေကို “ အမေ.. ကျွန်တော် အမှန်တွေ သိနေတယ်နော်”  လို့ ပြောပြန်ပါတယ်.. သူ့အမေကလည်း ဒေါ်လာ၂၀ကို ထုတ်ပေးပြီး သား.. မင်းသိထားတာတွေ မင်းအဖေ မသိစေနဲ့လို့ နှုတ်ပိတ်ပြန်ပါတယ်..

ဒေါ်လာ၃၀ရပြီး ပျော်နေတဲ့ ဂျွန်ဟာ ရတဲ့ပိုက်ဆံနဲ့ မုန့်ဝယ်စားဖို့ အိမ်အပြင်ကို ထွက်လာပါတယ်.. မုန့်တွေရောင်းတဲ့ ဆိုင်တွေဘက် အရောက်မှာ သူ့အိမ်ကို နွားနို့ပို့နေကျ လူကြီးကို တွေ့လိုက်ရပါတယ်.. ဒါနဲ့ ဂျွန်က ပိုက်ဆံထပ်ရအောင်ကြံဦးမှလို့ စိတ်ကူးပြီး နွားနို့ပို့တဲ့လူကို “ကျွန်တော် အမှန်အတိုင်းသိနေတယ်နော် ” လို့ ပြောလိုက်ပါတယ်..


ဒီတော့ နွားနို့ပို့တဲ့သူ ပြန်ပြောလိုက်တာက “ အော် မင်းက အမှန်အတိုင်းသိသွားပြီပေါ့.. ဒါဆိုလဲ မင်းအဖေအရင်းဖြစ်တဲ့ငါ့ကို လာပြီး ပွေ့ဖက်စမ်းပါကွာ” တဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမေရိကန် ပျော်ပွဲရွှင်ပွဲနေ့


တစ်ရက်မှာ အိုစမာဘင်လာဒင်ဟာ ရှေ့ဖြစ်ဟော ဆရာမကြီးတစ်ဦးကို သွားတွေ့ပြီး သူဘယ်နေ့ သေမလဲဆိုတာကို သိချင်တယ်လို့ မေးပါတယ်.. ဆရာမကြီးက ရှင်ဟာ အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့တစ်နေ့မှာ သေလိမ့်မယ်လို့ ပြန်ဖြေပါတယ်. ဒီတော့ ဘင်လာဒင်က ဘယ်ပျော်ပွဲရွှင်ပွဲနေ့များလဲ… အမေရိကန်မှာက ပျော်ပွဲရွှင်ပွဲနေ့တွေက သိပ်များတယ်လေ.. လို့ ပြန်မေးလိုက်တော့ ရှေ့ဖြစ်ဟော ဆရာမကြီးက “အိုး အဲဒါကကိစ္စမရှိပါဘူး.. ရှင်သာသေလို့ကတော့ အဲဒီနေ့ဟာ အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့ဖြစ်မှာ သေချာတယ် ” တဲ့။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အကြွေးဝယ်ကဒ်


လူတစ်ယောက်ဟာ သူရဲ့ အကြွေးဝယ်ကဒ် ကုမ္ပဏီကနေ ဖုန်းခေါ်တာကို လက်ခံရရှိပါတယ်.. ဖုန်းထဲမှာ သူ့ကိုပြောတာက “လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်မှာ ပုံမှန်မဟုတ်တဲ့နည်းနဲ့  ငွေသုံးထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်.. ဒါကြောင့် လူကြီးမင်းဆီ ကျွန်တော်တို့ဖုန်းဆက်တာပါ.. လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်ဟာ တစ်စုံတစ်ရာ ပြဿနာများ ရှိနေပါသလားခင်ဗျာ.. ” လို့ ပြောပါတယ်..


သူက “ဟုတ်ပါတယ်.. ကျွန်တော့် အကြွေးဝယ်ကဒ်ဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက အခိုးခံလိုက်ရပါတယ်..”  လို့ပြန်ဖြေပါတယ်.. ဒီတော့ အကြွေးကဒ် ကုမ္ပဏီက တာဝန်ရှိသူကလည်း “ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို အဲဒီကဒ် ပျောက်ပျောက်ခြင်း သတင်းမပို့တာလဲ ခင်ဗျာ” လို့ ပြန်မေးတော့သူက “ အကြွေးဝယ်ကဒ်က ကျွန်တော့်ဆီမှာ ရှိနေလို့ ကျွန်တော့်မိန်းမ သုံးဖြုန်းတာထက်စာရင် သူခိုးက အဲဒီကဒ်ကို ခိုးသွားပြီး သုံးပစ်တာက ကျွန်တော့်မိန်းမ သုံးတာထက် အများကြီး သက်သာပါသေးတယ်ဗျာ” လို့ ပြန်ဖြေလိုက်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှားသွားတဲ့ပန်းခြင်း

စီးပွားရေးလုပ်ငန်းသစ်တစ်ခု ဖွင့်လှစ်တဲ့ပွဲမှာ လုပ်ငန်းပိုင်ရှင်ဖြစ်သူဟာ သူ့ရဲ့ စီးပွားဖက် မိတ်ဆွေတွေထံကနေ ဂုဏ်ပြု ပန်းခြင်းတွေ လက်ခံရရှိပါတယ်.. ဒါပေမဲ့ ထူးထူးခြားခြား သူလက်ခံရရှိတဲ့ ပန်းခြင်းတစ်ခုကတော့ “ ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ” ဆိုတဲ့ အသုဘ အခမ်းအနားတွေမှာ ပေးပို့တဲ့ ပန်းခြင်းပေါ်က စာသားကို တွေ့လိုက်ရပါတယ်.. စိတ်ဆိုးသွားတဲ့ လုပ်ငန်းပိုင်ရှင်ဟာ ပန်းဆိုင်ကို ဖုန်းဆက်ပြီး ပန်းခြင်းပေါ်က စာကိစ္စကို သူမကျေနပ်ကြောင်း ဒီလို အမှားမျိုး မဖြစ်သင့်ကြောင်း ပြောဆိုပါတယ်…

တစ်ဖက်က ဖုန်းလက်ခံပြောဆိုတဲ့ ပန်းဆိုင်ရှင်ကလည်း “ ခုကိစ္စအတွက် ကျွန်တော်တို့ဘက်ကလည်း အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ.. ဒီနေ့ ကျွန်တော်တို့ဆိုင်ဟာ အသုဘတစ်ခုကို ပန်းခြင်းပို့ဖို့လည်း လက်ခံထားမိပါတယ်. ဒါကြောင့် ပန်းခြင်းမှားပြီး ပို့လိုက်တာ ဖြစ်ပါလိမ့်မယ်.. ဒါပေမဲ့ ခုလို စိတ်ဆိုး ဒေါသဖြစ်နေမဲ့အစား ခင်ဗျားနဲ့ ပန်းခြင်း မှားသွားတဲ့ အသုဘရှင်တွေ ဘက်ကလည်း ပြန်စဉ်းစားသင့်ပါတယ်.. ခင်ဗျားကိုပို့မဲ့ပန်းခြင်းကို မှားပြီး သူတို့ လက်ခံရရှိခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ နေရာအသစ်အတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ် ဆိုတဲ့ စာသားကြီးပါနေတဲ့ ပန်းခြင်းအတွက် သူတို့တွေ ဘယ်လိုများ နေမလဲဆိုတာ စဉ်းစားလိုက်မယ်ဆိုရင် ခု ခင်ဗျား ဖြစ်ရတဲ့ စိတ်ကသိကအောက်က အများကြီး တော်ဦးမှာပါဗျာ လို့ပြောလိုက်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟာသတွေ ရေးပါဦးလို့ တောင်းဆိုထားတဲ့သူတွေ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်.. ပေါ့ပေါ့ပါးပါး ရွှင်ပြုံးနိုင်ကြပါစေရှင်။


ဟာသများကို http://www.ajokeaday.com/ မှ ရှာဖွေ ဘာသာပြန်ပါသည်။



မိုင်းသာမြီးရှည် စားရအောင်



ပြီးခဲ့တဲ့ အပတ်က ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ရှိရာ မြို့ကလေးဆီ အလည်သွားကြပါတယ်.. မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းက အစားအသောက်တစ်မျိုးနဲ့ ကျွေးမွေးဧည့်ခံပါတယ်.. အမှန်တော့ အဲဒီအစားအသောက်ကို စားချင်တာကြောင့်လည်း သူ့ဆီသွားလည်တာပါလို့ ပြောရမှာဖြစ်ပါတယ်.. ဘာလို့ဆို အဲဒီအစားအသောက်က ဆိုင်တွေမှာ သိပ်တွေ့ရလေ့မရှိတဲ့ ရှားရှားပါးပါး တိုင်းရင်းသား အစားအသောက် တစ်မျိုးဖြစ်လို့ပါ။ အဲဒါကတော့ မိုင်းသာရှမ်းလူမျိုးတွေရဲ့ မြီးရှည် ဖြစ်ပါတယ်.. ရှားရှားပါးပါးဖြစ်တဲ့ ဒီမြီးရှည်လုပ်နည်းကို သူငယ်ချင်းအိမ်မှာ လုပ်စားဖြစ်ခဲ့တာလေး အတိုင်း ပြန်လည် ဝေမျှပါဦးမယ်...





မိုင်းသာမြီးရှည်အခြောက်တွေကို ရေစိမ်ပါတယ်.. ထူးခြားတာက ရိုးရိုး မြီးရှည်အဖြူရောင်မဟုတ်ဘဲ အနီရောင်လေး ဖြစ်နေတာပါ.. ဒါပေမဲ့ အနီရောင်မဟုတ်လဲ အဖြူရောင်နဲ့လည်း လုပ်စားကြပါတယ်.. မိုင်းသာမြီးရှည်ပြုလုပ်ပုံ အဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးထားပါတယ်နော်..




ကမ္ဘာ့အလှဆုံး ပန်းဥယျာဉ်များ





Image
ကမ္ဘာပေါ်မှာရှိတဲ့ သာယာလှပတဲ့ ပန်းဥယျာဉ်တွေထဲကမှ ထူးခြားထင်ရှားတဲ့ အပြင်အဆင်တွေ၊ များပြားလှတဲ့ ပန်းမျိုးစုံတွေ၊ ထူးခြားတဲ့ ဗိသုကာလက်ရာတွေ၊ ရေပန်းတွေ ၊ အလှအပတွေကြောင့် နံမည်ကျော်ကြား လူသိများတဲ့ ပန်းခြံတွေအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။။





Yogi Hraday Kamal - India




Image


ဒါကတော့ Yogi Hraday Kamal လို့ခေါ်တဲ့ ဥယျာဉ်ကြီးပါ.. အပေါ်ခပ်မြင့်မြင့်နေရာကနေ ဆီးပြီးကြည့်မယ်ဆိုရင် ကြာပန်းပုံသဏ္ဍာန်ရှိပါတယ်.. ပညာရှင် ရှိတ်စပီးယား မာတင်လူသာကင်းနဲ့အိန္ဒိယအကျော်အမော် တွေးခေါ်ပညာရှင်ကြီးတို့ရဲ့ အဆိုအမိန့်တွေကို ကြီးမားတဲ့ ကျောက်တုံးကြီးတွေပေါ်မှာ ထွင်းထုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်.. အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တည်ရှိပါတယ်..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~






The Garden of Cosmic Speculation – Scotland




Image

~~~~~~~~~~~~~~~~~~~~~~~~





ဒီဥယျာဉ်ကတော့ စကော့တလန်နိုင်ငံရှိ တစ်နှစ်လုံးမှာမှ တစ်ရက်ထဲသာ အများပြည်သူကို ၀င်ခွင့်ပေးတဲ့ Cosmic Speculation ဥယျာဉ်ဖြစ်ပါတယ်.. သိပ္ပံနဲ့ သင်္ချာပညာကို  ကျွမ်းကျင်လှပစွာ ပူးတွဲပေါင်းစပ်ပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဥယျာဉ်ကြီးလည်း ဖြစ်ပါတယ်.. ဒီလို စိတ်ကူးစိတ်သန်းနဲ့ တီထွင်ထားတဲ့ဥယျာဉ်မျိုး အခြား ဘယ်နေရာမှာမှ မရှိနိုင်ဘူး လို့ဆိုပါတယ်.. ၁၉၈၉ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး သာမာန်ဥယျာဉ်တွေနဲ့မတူ ထူးခြားဆန်းပြားတဲ့ စိတ်ကူးတွေနဲ့ လူတွေရဲ့ စိတ်အာရုံကို လှုံ့ဆော်မှုပေးနိုင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် ထင်ရှားပါတယ်..

ကျန်ရှိနေသေးတဲ့ ဥယျာဉ်တွေကတော့...







~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~







Keukenh of Gardens – The Netherlands






နှလုံးသားတံခါးပေါက်


လွန်ခဲ့တဲ့နှစ်များစွာက သိပ်ကိုအေးစက်နေတဲ့ မြောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ ဆောင်းမနက်ခင်း တစ်ခုမှာပေါ့.. အဖိုးအိုတစ်ယောက်ဟာ မြစ်ကြီးတစ်ခုကို ဖြတ်ကူးဖို့ ရောက်နေခဲ့ပါတယ်.. အဲဒီအချိန်ဟာ ဘယ်လောက်တောင် အေးသလဲဆိုရင် အဖိုးအိုရဲ့ ရှည်လျားတဲ့ မုတ်ဆိတ်မွေး တွေဟာလည်း နှင်းပွင့်မှုန်တွေရဲ့ ဖြန်းပက်မှုနဲ့အတူ ဖွေးဖွေးလှုပ်လို့နေခဲ့ပြီး သူ့တစ်ကိုယ်လုံးဟာလည်း အေးစက်တုန်ရီနေခဲ့ပါတယ်..

သူ့လက်ချောင်းတွေများဆို အေးခဲလွန်းလို့ ကွေးလို့တောင် မရနိုင်လောက်အောင် ဖြစ်နေရပါတယ်.. အဲဒီချိန်မှာတော့ မြင်းစီးတပ်သားတစ်စုဟာ မြစ်ကြီးကိုမြင်းတွေနဲ့ ဖြတ်ကူးနေတာကို သူဟာ စောင့်ကြည့်နေခဲ့ပါတယ်.. တပ်သားဦးရေဟာ များလွန်းတဲ့အတွက် တစ်စီးပြီးတစ်စီး ဖြတ်နေတာဟာ စောင့်ကြည့်လို့ မဆုံးနိုင်အောင် ဖြစ်နေခဲ့ပါတယ်..

နှင်းတွေဖုံးလွှမ်းနေတဲ့ လမ်းကလေးထက်မှာ စည်းချက်ကျကျမြည်အောင် ပြေးလွှားနေတဲ့ မြင်းတွေရဲ့ခွာသံဟာ နားထောင်လို့တောင် ကောင်းနေခဲ့ပါတယ်.. သူ့အနားကနေ မြစ်ဆိပ်ကမ်းကို ကျော်ဖြတ်ဖို့ တစ်ယောက်ပြီးတစ်ယောက် တစ်ယောက်ပြီးတစ်ယောက်  မြစ်ပြင်ကို ဖြတ်ကူးသွားနေတဲ့ စစ်သားတွေကို စောင့်ကြည့်နေခဲ့ပေမဲ့ ဖြတ်သွားတဲ့သူတွေထဲက တစ်ဦးတစ်ယောက်ကမှ သူ့အာရုံကို ဖမ်းစားနိုင်တဲ့သူ မရှိခဲ့ပါဘူး… စစ်သားတွေကလည်း သူ့ကို ဘယ်သူကမှ အရေးလုပ်ပြီး ကြည့်မသွားကြပါဘူး.. မြင်းစီး စစ်သည်တော်တွေ ကုန်ခါနီး နောက်ဆုံးတစ်ယောက်ဟာ သူ့ဘေးနား ရောက်လာချိန်မှာတော့ အဖိုးအိုရဲ့တစ်ကိုယ်လုံးဟာ နှင်းတွေဖုံးလွှမ်းခံနေရပြီး နှင်းတွေနဲ့ ထုထားတဲ့ ရုပ်ထုတစ်ခုလို ဖြူဖွေးလို့ နေခဲ့ပါပြီ။

သူ့အနားကိုရောက်လာတဲ့ နောက်ဆုံး မြင်းစီးစစ်သည်တော်နဲ့ မျက်လုံးချင်း ဆုံလိုက်မိချိန်မှာတော့ သူ့အာရုံ အားလုံးဟာ အဲဒီမြင်းစီးစစ်သားအပေါ် ရောက်ရှိလို့သွားပါတယ်.. သူ့ရင်ထဲမှာလည်း တစ်စုံတစ်ခုကို ခံစား နားလည်လိုက်မိပါတယ်.. သူဟာ မြင်းစီးသူကို လက်ပြတားလိုက်ပြီး “ကျုပ်လို အသက်ကြီးကြီး လူအိုတစ်ယောက်ကို မြစ်တစ်ဖက်ကမ်းကို မြင်းနဲ့တင်ခေါ်သွားပေးနိုင်မလား.. ဒီလောက်အေးလှတဲ့ မြစ်ရေပြင်ကြီးကို ခြေထောက်တွေနဲ့ ဒီတိုင်းဖြတ်ကူးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ  ” လို့ တောင်းဆိုလိုက်ပါတယ်..

မြင်းပေါ်က စစ်သားဟာ မြင်းဇက်ကြိုးကို အသာသတ်လိုက်ပြီး “ရပါတယ်ဗျာ… အဖိုးကို ကျွန်တော့်မြင်းပေါ် တင်ခေါ်သွားပါ့မယ်.. ” လို့ ပြန်ပြောပါတယ်.. ပြီးတော့ အဖိုးအိုကိုကြည့်လိုက်တော့ တစ်ကိုယ်လုံးဟာ အေးခဲမတတ်ဖြစ်နေတာမို့ သူ့ခြေထောက်တွေ လက်တွေဟာ ထုံကျင်အေးခဲနေပုံရပြီး မြင်းပေါ်ကိုတက်ဖို့ အတော်ကို ခက်ခဲနေတာမို့ မြင်းပေါ်ကနေ ဆင်းလိုက်ပြီး အဖိုးအို မြင်းပေါ်တက်နိုင်ဖို့ ကူညီပေးပါတယ်. အဖိုးအိုမြင်းပေါ်ရောက်တာနဲ့ သူလည်း မြင်းပေါ်ပြန်တက်လိုက်ပြီး မြစ်တစ်ဖက်ကမ်းကို မြင်းနဲ့ ကူးဖြတ်ခဲ့ကြပါတော့တယ်… မြင်းစီးနေရင်း အဖိုးအိုရဲ့ အိမ်နေရာကိုမေးတော့ နောက် တစ်မိုင်နီးပါး လိုသေးတာ သိရတာမို့ မြင်းနဲ့ဆက်လက်တင်ခေါ်လာပြီး လမ်းတစ်လျှောက် စကားပြောလာခဲ့ပါတယ်..

မကြာခင်မှာ သေးငယ်ပေမဲ့ နွေးထွေးပုံရတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ရောက်တော့ လူကြီးက သူ့အိမ်လို့ ညွှန်ပြပါတယ်.. မြင်းစီးစစ်သားက မြင်းကိုရပ်ပေးလိုက်ပြီး အဖိုးအိုဆင်းနိုင်အောင် ကူညီပါတယ်.. ပြီးတော့ မေးခွန်းလေးတစ်ခုကို မေးလိုက်ပါတယ်..

“အဖိုး.. ကျွန်တော် အဖိုးကိုကြည့်ရတာ နည်းနည်းထူးဆန်းလို့ မေးခွန်းတစ်ခုလောက်မေးပါရစေ.. ဒီလောက် မြင်းစီးစစ်သားတွေ အများကြီးဖြတ်သွားတဲ့တာ ကုန်လုနီးပါးဖြစ်နေပြီ.. အစောကြီးကတည်းက တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး လိုက်သွားခဲ့ရင် ခင်ဗျား စောစောစီးစီး အိမ်ကိုရောက်ပြီး စောစောစီးစီး နွေးနွေးထွေးထွေး နေလို့ရပါပြီပေါ့.. ဘာလို့များ စောစောကတည်းက တစ်ယောက်ယောက်ကို အကူအညီ မတောင်းတာလဲ… တကယ်လို့ နောက်ဆုံးဖြစ်တဲ့ ကျွန်တော်ကသာ အဖိုးကို မကူညီဘူးလို့ ငြင်းပယ်လိုက်ခဲ့ရင် အဖိုး ခုလို အိမ်ကို ရောက်နိုင်ပါဦးမလား ”လို့ မေးလိုက်ပါတယ်..

အဖိုးအိုက မြင်းပေါ်ကဆင်းလိုက်ပြီး မြင်းပေါ်က စစ်သားကြီးရဲ့ မျက်လုံးထဲကို စူးလိုက်ကြည့်လိုက်ကာ ပြုံးပြလိုက်ပါတယ်.. ပြီးတော့ သူပြောလိုက်တာ“ကျုပ် ဒီနေရာကို မကြာခဏရောက်လေ့ရှိပါတယ်.. ဖြတ်သွားတဲ့လူတွေကို သေချာစူးစိုက်ပြီး ကြည့်နေတာ .. ဖြတ်သွားသမျှ စစ်သားတွေရဲ့ မျက်နှာတွေကို မြင်လိုက်တာနဲ့ ကျုပ်ချက်ခြင်း သိလိုက်တယ်.. သူတို့တွေဟာ လမ်းဘေးမှာ အေးခဲနေတဲ့ ကျုပ်ကို အရေးလုပ်မနေခဲ့ကြဘူး.. ဘယ်သူကမှ ကျုပ်ကို မျက်လုံးချင်းဆိုင်ပြီး ကြည့်မသွားကြဘူး.. သူတို့တွေဟာ ကိုယ့်လမ်းကို သွားနေကြသူတွေ သက်သက်ပါဘဲ.. ဒီတော့ ကျုပ်သူတို့ကို အကူအညီတောင်းလဲ သူတို့ အရေးလုပ်ကြလိမ့်မယ် မဟုတ်ဘူးလို့ စိတ်ထဲက နားလည်ခံစားမိတယ်.. ဟော မောင်ရင့်ကိုတွေ့လိုက်တော့ မောင်ရင်ရဲ့ မျက်နှာကိုမြင်လိုက်တာနဲ့ ခင်ဗျားရဲ့ မျက်လုံးထဲမှာ သနားကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်းတွေ တွေ့လိုက်ရတယ်.. ဒါကြောင့်လည်း မောင်ရင်ကိုမှ ကျုပ်ကရွေးပြီး အကူအညီတောင်းတာပါ..”
အဖိုးအိုရဲ့ စကားက မြင်းစီးစစ်သားကြီးရဲ့ နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်စိမ့်ဝင်ပြီး နွေးထွေးသွားစေခဲ့ပါတယ်..  ပြီးတော့ သူက အဖိုးအိုကို “အဖိုးပြောလိုက်တဲ့ စကားက ကျွန်တော့် နှလုံးသားကို စိမ့်ဝင်သွားစေခဲ့ပါတယ်. အဖိုးခုလို ကျွန်တော့်ကို ပြောတာ ကျွန်တော် ၀မ်းမြောက်ဝမ်းသာနဲ့ ပီတိဖြစ်ရပါတယ်.. နောင်ကိုလည်း ကျွန်တော့်အရေးကိစ္စ ဘယ်လောက်ဘဲ ရှိနေပါစေ အကူအညီ လိုအပ်နေတဲ့သူတွေကို ဥပက္ခာပြုမထားဖို့၊ အားနည်းသူကို စေတနာ မေတ္တာအပြည့်နဲ့ ကူညီနိုင်ဖို့ ကျွန်တော် ကြိုးစားပါ့မယ် အဖိုး” လို့ ပြောလိုက်ပါတယ်. ထို့နောက်တော့ စစ်သားကြီးဟာ မြင်းဇက်ကိုဖွင့်လိုက်ပြီး သူ့ရဲ့ ဦးတည်ရာအရပ်ဖြစ်တဲ့ အိမ်ဖြူတော်ရှိရာသို့ စီးခဲ့ပါတော့တယ်..

အဖိုးအို မသိလိုက်တဲ့အချက်က ထိုမြင်းစီး စစ်သားဟာ နောင်တစ်ချိန်မှာ အမေရိကန်ရဲ့ တတိယမြောက်သမ္မတ သောမတ် ဂျက်ဖာဆန် ဖြစ်လာပါတယ်..
လူတွေရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ဆိုတာဟာ စကားလုံးများစွာ ပြောနေစရာမလိုဘဲ စိတ်ရဲ့ တံခါးပေါက်ဖြစ်တဲ့ မျက်လုံးများကနေတစ်ဆင့် ကြည့်ရှုတွေ့မြင်နိုင်ကြပါတယ်..  တစ်ချို့သော သူတွေဟာ လူသားများ၊ မိမိထက် အားနည်းသူများအပေါ် သနားကြင်နာတတ်ခြင်း၊ ကူညီဝေမျှတတ်ခြင်း စတဲ့ စိတ်နှလုံး ကောင်းမွန်မှုတွေဟာ  အရည်အချင်း တစ်ရပ်အနေနဲ့ ပြည့်စုံနေတတ်ကြပါတယ်.. ထိုသူတို့ကိုလည်း တွေ့မြင်လိုက်ရရုံနဲ့ လူတွေက ယုံကြည်အားကိုး လေးစား ချစ်ခင် ကြပါတယ်..

လူတစ်ယောက် စိတ်နှလုံး ကောင်းမကောင်း၊ အရည်အချင်း ရှိမရှိဆိုတာ စကားလုံးတွေ၊ စာတွေအများကြီးနဲ့ ဖော်ပြစရာမလိုဘဲ နက်ရှိုင်းတဲ့ နှလုံးသားထဲကနေ သူတို့အပေါ်ကို နှစ်နှစ်ကာကာ ယုံကြည်ချစ်ခင်မှု ရှိမရှိကိုကြည့်ရင် သိသာနိုင်ပါတယ်… ကျွန်မတို့ရဲ့ ဘေးပတ်ဝန်းကျင်မှာလည်း  ဒီလိုလူမျိုးတွေ ရှိနေတာကို တွေ့ရတတ်ပါတယ်.. လူတွေရဲ့ လေးစားယုံကြည် ကိုးစားခြင်းနဲ့ ထိုက်တန်သူများပေါ့နော်… ထိုသို့ စိတ်နှလုံးကောင်းမွန်ပြီး အရည်အချင်းရှိသူများဟာ ကြီးမြတ်သူတွေ လူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို အကြွင်းမဲ့ ရရှိသူတွေ ဖြစ်လာတတ်ကြပါတယ်..

It Was In Your Eyes ( Annymous) ကို ဘာသာပြန်ပါသည်။


လေးစားချစ်ခင်စွာဖြင့်