ရခဲ့ဖူးတဲ့ ခရစ္စမတ်လက်ဆောင်



မနက်ခင်း အိပ်ရာမှနိုးနိုးချင်း ခေါင်းရင်းမှ ပြူတင်းတံခါးကို ဖွင့်လိုက်စဉ်မှာဘဲ နှင်းငွေ့တွေဖြင့် ဝေ့၀ဲလွင့်မျောကာ နုထွေးစိမ့်အေးနေသည့် လေပြေကလေးက သူမမျက်နှာကို ရုတ်တရက် ဖြန်းပက် ကျီစယ်လိုက်သည်။ မှုန်ဝါးဝါး နှင်းပွင့်လေးတွေကြောင့် ခပ်ဝေးဝေးမှာ အမြဲတမ်း ပြာလွင်လှပစွာ ရှိနေတတ်သော တောင်စဉ်တောင်တန်း အထပ်ထပ်တွေကိုပင် မမြင်နိုင်တော့အောင် ၀န်းကျင်တစ်ခုလုံးက ၀ိုးတ၀ါးလေး ဖြစ်လို့နေသည်။ ကြည့်လေရာ နေရာတိုင်းကို မှုန်ဝါးဝါးလေးသာ မြင်နေရအောင်ဘဲ ဒီဇင်ဘာရဲ့ နှင်းဝတ်လွှာလေးတွေက ၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံလို့ထားခဲ့ပြီ။ အမြဲတမ်း အိပ်ရာထ နောက်ကျတတ်သဖြင့် မနက်ခင်းမှာ နှင်းတွေ ဝေနေပြီ ဆိုတာကို သတိမထားမိခဲ့ဘဲ ထူးထူးခြားခြား စောစီးစွာ နိုးလာသော ဒီမနက်ခင်းလေးမှဘဲ နှင်းတွေကို သူမ မြင်တွေ့လိုက်ရတော့သည်။ တကယ်တမ်းတော့ ဆောင်းဆိုတာ နှင်းတွေရှိမှ ပြီးပြည့်စုံသလို၊ စိမ့်စိမ့်လေး အေးမှလည်း ဆောင်းရဲ့ အရသာက ပီပြင်သည်ဟု သူမတော့ ယူဆမိပါသည်။ သူမက ဖြူလွှလွှ နှင်းပွင့်လေးတွေကို ချစ်သည်လေ။ မြို့တော်ကြီးမှာ ကာလကြာမြင့်စွာ နေခဲ့ရစဉ်က ဒီလို နှင်းလေးတွေ မမြင်ခဲ့ရ၊ အေးစိမ့်သော အရသာကို မခံစားခဲ့ရဘဲ  ဆောင်းဆိုတာကိုပင် မေ့လျော့ နေခဲ့မိလောက်အောင် ဒီဇင်ဘာ မနက်ခင်းတို့က နှင်းတွေ၊ အအေးဓာတ်တွေ ကင်းပလို့နေခဲ့သည်။

ခုချိန်မှာတော့ ချစ်စဖွယ် နှင်းဝတ်မှုန်လေးတွေက သူမ၀န်းကျင်မှာ အကန့်အသတ်မဲ့ ပိတ်ဆို့ယှက်သန်းလို့ နေလေပြီ။ ခရစ္စမတ်ရောက်တော့မည်ဟု နှင်းပွင့်လေးတွေက သူမကို အသိပေး ပြောကြားနေသယောင် ရှိလေသည်။ သူငယ်ချင်းတစ်ယောက် ပေးပို့လာသည့် လှပ ချစ်စရာကောင်းသော စန်တာကလော့ပုံ ခရစ္စမတ် ကဒ်လေးကို စားပွဲပေါ်တွင် မြင်တွေ့လိုက်မိစဉ်တော့ ဒီအချိန် ဒီရာသီမှာ သူမဇာတိ မွေးရပ်မြေကလေးတွင်လည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် ပြင်ဆင်ပျော်ရွှင် နေကြပေတော့မည်ကို တွေးလိုက်မိပါသည်။ သူမဘ၀တွင် ဖြတ်သန်းခဲ့သော ခရစ္စမတ်များစွာ၊ နှစ်သစ်များစွာတို့ ရှိခဲ့လေသည်။ ရရှိခဲ့ဖူးသော လက်ဆောင်လေးများမှာလည်း များလှပါသည်။ သို့သော်လည်း ထိုလက်ဆောင် များစွာတို့ထဲတွင်မှ သူမကို အမြဲတမ်းအမှတ်ရနေစေကာ မမေ့နိုင်စေလောက်အောင် ဖြစ်မိသော လက်ဆောင်လေး တစ်ခုလည်း ရှိခဲ့ပါသည်။ ထို လက်ဆောင်လေးအကြောင်း ပြန်စဉ်းစားမိချိန်တွင်တော့ ၀န်းကျင်တခို နှင်းမှုန်လေးများ ယှက်ဖြာ ကာဆီးထားသော်လည်း သူမစိတ်အစဉ်ကိုတော့ ဘယ်အရာကမှ ပိတ်ဆို့ ဆီးတားခြင်းမရှိဘဲ အတိတ်လွင်ပြင်ကို တလွင့်လွင့်ဖြင့် ခရီးနှင်လေတော့သည်။

ထိုစဉ်က သူမသည် ၁၀တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်မတက်ခင်စပ်ကြား အားလပ်နေသဖြင့် တက္ကသိုလ်တက်ဖို့စောင့်ရင်း သူမ ဇာတိရွာကလေး၏ အလယ်တန်းတွင် ကျောင်းဆရာမ ပြန်လုပ်နေချိန် ဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးက  သူမ စာသင်ကြားဖို့ တာဝန်ပေးသည့်အတန်းက သူငယ်တန်း(ခ) ဖြစ်သည်။ စာသင်ကြားမှု အတွေ့အကြုံလည်းမရှိ၊ ငယ်ရွယ်သေးသော အချိန်လည်းဖြစ်သောကြောင့် ကလေးငယ်များကို စာသင်ရခြင်း၊ ထိန်းသိမ်းရခြင်းသည် သူမအတွက်တော့ ခက်ခဲသော အလုပ်တစ်ခုပင် ဖြစ်လေသည်။ သို့သော် သူငယ်တန်း(က)ကို သင်ကြားသော ဆရာမမှာ သူမတို့ ဒီကျောင်းမှာ တက်ခဲ့စဉ်ကတည်းက သူငယ်တန်းကိုသာ တစိုက်မတ်မတ် သင်ခဲ့သော ၀ါရင့် အတွေ့အကြုံရှိ သူမ၏ ငယ်ဆရာမ တစ်ဦးလည်း ဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးရော၊ သူမ၏ ငယ်ဆရာမကပါ ကလေးငယ်များအား စာသင်ကြားရေးသာမက၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ပုံပါ နည်းလမ်းနှင့် အကြံဥာဏ်ပေးပါသည်။ ဒီကျောင်းသည် သူမ ငယ်စဉ်ကတည်းက တက်လာခဲ့သော ကျောင်းဖြစ်ပြီး အလယ်တန်း ရောက်မှသာ မြို့တွင် ကျောင်းသွားတက်ခြင်း ဖြစ်သောကြောင့် ကျောင်းသည် သူမနှင့် မစိမ်းလှသလို ဆရာ၊ဆရာမ တော်တော်များများသည်လည်း သူမကို စာသင်ပေးခဲ့ဖူးသူများ ဖြစ်ကြပါသည်။ ပြီးတော့လည်း ဆရာဆရာမတွေရော ကျောင်းတော်ကြီးကပါ သူမကို နွေးထွေးစွာ ကြိုဆိုကြပါသည်။

သူငယ်တန်း(ခ)ကို စာသင်ရသည်မှာ အစပိုင်းတွင် သူမအတွက် အလွန်ခက်ခဲသည်ဟု ထင်သော်လည်း တဖြေးဖြေး အရှိန်ရလာသောအခါ သူမသည် ကလေးများနှင့်  ပျော်ရွှင်လာသည်။ ကလေးဆိုသည်ကလည်း အလွန်ချစ်စရာ ကောင်းသူများ ဖြစ်သည်လေ။ ကလေးများအား စာသင်သည့်အချိန်သင်၊ ကစားချိန် တန်လျှင် ကစားခိုင်း၊ ပုံပြင်ပြောပြလိုက် သီချင်းသင်လိုက်ဖြင့် သူတို့လေးတွေ ကျောင်းတွင် ပျော်ရွှင်လာအောင်လည်း သူမ ကြိုးစားတတ်လာသည်။ ကလေးများအတွက် သီချင်းများ၊ ပုံပြင်များ ရှာဖွေရသည်မှာလည်း သူမအတွက် အလုပ်တစ်ခု ဖြစ်လို့လာသည်။ ကလေးများကိုလည်း သံယောဇဉ်ရှိလာသလို သူတို့လေးတွေကလည်း သူမအပေါ် ချစ်ခင်ကြသည်။ သူမ ကျောင်းရှေ့အရောက် ကျောင်းဝင်းထဲဝင်လာတာ တွေ့သည်နှင့် ကလေးများက သူမကို အပြေးကလေး လာကြိုတတ်ကြသည်။ ကိုင်လာသော စာအုပ်၊ ခြင်း စသည်တို့ကို ဆီးယူကြသည်။ ဆံပင်ကို နောက်ကျောတွင် စည်းထားတတ်သော၊ ရံဖန်ရံခါ ဆံထုံးလေး ထုံးထားတတ်သော သူမဆံပင်တွင် ပန်ဆင်ရန်အတွက် ကလေးများသည် အဖိုးမတန်သော်လည်း လှပမွှေးပျံ့သော အလေ့ကျ တောပန်းကလေးများ၊ သူတို့ အိမ်တွင် ပွင့်နေတတ်သော ပန်းကလေးများကို ခူးဆွတ်၍ ယူလာပေးတတ်ကြသည်။ သူမကလည်း ပေးလာသမျှ ပန်းတို့ကို ခေါင်းတွင်ပန်ဆင်၍လည်းကောင်း စားပွဲပေါ်တွင် ပန်းအိုးကလေးတစ်ခုဖြင့် ထိုးထားခြင်း သော်လည်းကောင်း ကလေးများ စိတ်ကျေနပ်စေရန် အလေးထားပေးရသည်။ ကလေးများနှင့် သူမ၏ ဖြူစင်သော မေတ္တာသည် အပြန်အလှန် ကူးလူးယှက်နွယ်လျှက် ရှိလေသည်။

သို့သော်.. သူမစာသင်ရသော အတန်းတွင် ကလေးငယ်များ အားလုံးတော့ သူမ၏ စာသင်ကြားမှု အစီအစဉ်၊ ပျော်ရွှင်စရာ အစီအစဉ်တို့တွင် လိုက်ပါ စီးမျှောနေခြင်းမဟုတ်ဘဲ ထူးထူးခြားခြား တစ်ဦးသော ကလေးငယ်မှာ စာသင်ချိန်လျှင် လိုက်ဆိုခြင်းမရှိဘဲ သူတစ်ဦးတည်း ဆော့နေခြင်း၊ ပုံပြောလျှင် (သို့မဟုတ်) သီချင်းဆို၊ ကဗျာရွတ်လျှင်လည်း သူ့ စာအုပ်လေးထဲတွင် ဟိုခြစ်သည်ခြစ် ခြစ်နေခြင်း၊ ခုံပေါ်တွင်အိပ်နေခြင်း၊ တွေဝေငေးမောနေခြင်း စသဖြင့် လုပ်နေတတ်သည်။ ထိုကျောင်းသားလေး အမည်မှာ နော်ဆိုင်းဖြစ်သည်။  အများအားဖြင့် နော်ဆိုင်းသည် ပုံဆွဲ ၀ါသနာပါပုံရပြီး လူရုပ်၊ ငှက်ရုပ်၊ စက်ရုပ် စသည်ဖြင့် သူစိတ်ကူးပေါက်ရာ အရုပ်များ ရေးဆွဲနေတတ်သည်။ အခြားသူများနှင့် ပြောဆို ရယ်မောခြင်းလည်းမရှိ၊ တစ်ယောက်ထီးတည်းဖြင့် အပြုံးအရယ်ကင်းမဲ့စွာ နေလေ့ရှိသည်။ အခြားကလေးများက သူ့ကိုစနောက်လျှင်လည်း ခဲတံဖြင့် ထိုးခြင်း၊ တွေ့ရာဖြင့်ရိုက်နှက်ခြင်း၊ ပေါက်ခြင်း စသည်ဖြင့် တုံ့ပြန်တတ်သည်။ သူ့ကြောင့် အနာတရဖြစ်ရသော ကလေးများလည်း မနည်းတော့ပေ။ သူမက ပြောဆိုဆုံးမသည်ဖြစ်စေ၊ အပြစ်ပေးလျှင်ဖြစ်စေ မထီမဲ့မြင် ပုံစံမျိုးဖြင့် ပြန်လည်းမပြော နားလည်းမထောင် နေလေ့ရှိသလို သူမအားလည်း ရန်လိုသော အကြည့်ဖြင့် ကြည့်နေတတ်ခဲ့သည်။ တခါတရံ ကျောင်းအားလပ်ချိန် ၁၅မိနစ်ဆင်းပြီး ကျောင်းပြန်တက်လျှင် နော်ဆိုင်းမှာ ကျောင်းခန်းထဲတွင် မရှိတော့ဘဲ အိမ်ပြန်သွားတတ်ပြန်သည်။

ထိုသို့ဖြင့် စာသင်၍လည်းမရ၊ သူမစကားလည်း နားမထောင်၊ အခြားကျောင်းသားများနှင့်လည်း အဆင်မပြေ၊ သူနေချင်သလို နေနေတတ်သော နော်ဆိုင်းကို  စာထဲတွင် စိတ်ပါလာဖို့၊ သီချင်းများ၊ ကဗျာများကို အခြားကလေးငယ်များလို ပျော်ပျော်ရွှင်ရွှင် သီဆိုဖို့၊ ကစားတတ်လာဖို့ သူမ နည်းမျိုးစုံဖြင့် ကြိုးစားသော်လည်း နော်ဆိုင်းလေး၏ အခြေအနေမှာ ထူးခြား ပြောင်းလဲလာခြင်း မရှိဘဲ ဂျစ်ကန်ကန်၊ မာကြောကြော သူ့စရိုက်အတိုင်းသာ နေနေတတ်ခဲ့သည်။ သို့ဖြင့် ဘေးခန်းကိုသင်သော သူမ၏ ဆရာမကိုလည်း နော်ဆိုင်းအကြောင်း ပြောပြကာ ကလေးအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို တိုင်ပင် အကြံဥာဏ်တောင်းသောအခါ ဆရာမက သူမအား အကြံတစ်ချို့ ပေးလေသည်။ သို့သော်လည်း ထိုအတိုင်း နော်ဆိုင်းကို ဆွဲဆောင် စည်းရုံးသော်လည်း ထူးမခြားနားသာ။ နော်ဆိုင်းအကြောင်း  အနည်းငယ်သိရသည်မှာ သူသည် အဖေအမေ မရှိဘဲ ဆင်းရဲသော အဒေါ်တစ်ယောက်က ခေါ်ယူကျွေးမွေးကာ ကျောင်းထားပေးခြင်းခံရသော ကလေးတစ်ယောက် ဖြစ်ကြောင်းကို သူမတို့ သိရသည်။ မိသားစု၏ နွေးထွေးသော မေတ္တာကို ခံစားခဲ့ရခြင်းမရှိ၍ နော်ဆိုင်းမှာ ခပ်ပေပေ ခပ်ဆိုးဆိုး ကလေးတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ နောက်ဆုံးတော့ စိတ်ရှည်ရှည်ဖြင့် ကလေးအား ပြုပြင်သိမ်းသွင်းရန် ဆရာမက သူမအား အကြံပေးပါတော့သည်။

သို့နှင့် စာသင်နှစ် တစ်ဝက် ကျိုးခဲ့ပြီ။ သူမနှင့် ကလေးများမှာလည်း ပျော်ပျော်ရွှင်ရွှင် စာသင်ရင်း သင်ခန်းစာ အသစ်များဖြင့် အချိန်တွေကို ကျော်ဖြတ်ခဲ့ကြပြီ။ ကလေးတိုင်းလည်း စာသင်ရက် ကြာသည်နှင့်အမျှ ဥာဏ်ရည်နှင့် စိတ်ဝင်စားမှုမှာ တိုးတက် ပြောင်းလဲလာသော်လည်း ခုချိန်ထိ ပြောင်းလဲခြင်းမရှိသူက နော်ဆိုင်းတစ်ယောက်သာ။ သီတင်းကျွတ် ကျောင်းပိတ်ရက် ကုန်ဆုံး၍ ကျောင်းပြန်ဖွင့်ချိန်တွင် နော်ဆိုင်းမှာ ကျောင်းသို့ ရောက်မလာသေးပါ။ ကျောင်းဖွင့်သည်မှာ တစ်ပတ်ခန့်ပင်ရှိပြီ။ သို့သော်လည်း နော်ဆိုင်းအတွက် မည်သူကမှ ခွင့်တိုင်ကြားခြင်းမရှိသလို သူမအနေဖြင့် သူ နေမကောင်း၍လား၊ တစ်စုံတစ်ခုကြောင့် ကျောင်းပျက်သည်လား ဆိုတာ မည်သူ့ကို မေးရမှန်းလည်း မသိပေ။ ကျောင်းဝင် စာရင်း စာအုပ်တွင် လိုက်ရှာသောအခါလည်း နော်ဆိုင်း မိဘနံမည် (ကွယ်လွန်) နှင့်  ရွာနံမည်မှလွဲ၍ လိပ်စာအတိအကျ ဖြည့်မထားပေ။ နော်ဆိုင်းနေသော ရွာမှာလည်း သူမတို့ ရွာနှင့် နှစ်မိုင်ခန့် ဝေးလေသည်။ သို့နှင့် နော်ဆိုင်းတို့ရွာမှ ကျောင်းလာတက်သော ကျောင်းသားတစ်ယောက်ကို ရှာဖွေသောအခါ ၅တန်းမှ ကျောင်းသားလေးတစ်ယောက်ကို သွားတွေ့ပြီး ထိုကျောင်းသားကို ခေါ်ယူစုံစမ်းသောအခါမှ နော်ဆိုင်းမှာ ရေနွေးပူ အလောင်းခံရပြီး ခန္ဓာကိုယ် အတော်များများ နေရာတို့တွင် အပူလောင်သွားပြီး ဒဏ်ရာများ ရသွားခဲ့သည်ဟု သိရလေသည်။

သို့နှင့် စနေနေ့ ကျောင်းပိတ်သောရက်တွင် သူမက ကျောင်းမှ သူငယ်ချင်း ဆရာမလေးတစ်ယောက်ကို အဖော်ခေါ်ပြီး နော်ဆိုင်းတို့ ရွာကလေးသို့ လိုက်သွားကြလေသည်။ မုန့်တစ်ချို့နှင့် အသီးတစ်ချို့ကိုလည်း သူမက ၀ယ်ယူခဲ့လေသည်။ နော်ဆိုင်းတို့ အိမ်ကို မေးမြန်းစုံစမ်းပြီး ရောက်သွားသောအခါ အိမ်ကလေးမှာ ခပ်သေးသေး ၀ါးထရံကြဲကြဲဖြင့် ကာရံထားပြီး အကာနှင့် အမိုးတစ်ချို့မှာ ယိုယွင်းပျက်စီးနေခဲ့ကာ မပြေလည်သော အိမ်၏အခြေအနေကို အထင်းသား ပြနေဘိသို့ ရှိလေသည်။ အိမ်ရှေ့တွင် ကလေးငယ်လေးတစ်ယောက်ကို ပိုက်ထားသော အသက်၃၅နှစ်ခန့် အမျိုးသမီးကို တွေ့ရသဖြင့် နော်ဆိုင်းကို လာကြည့်သော ကျောင်းမှ ဆရာမများ ဖြစ်ကြောင်း အကျိုးအကြောင်း ပြောပြသောအခါ ထိုအမျိုးသမီးက သူမသည် နော်ဆိုင်းအဒေါ် ဖြစ်ကြောင်း ပြောပြီး အိမ်ထဲသို့ သူမတို့ကို ခေါ်သွားကာ ဧည့်ခန်းအဖြစ် ခင်းထားသော ၀ါးကွပ်ပျစ်လေးပေါ်တွင် ထိုင်စေသည်။ အိပ်ခန်း တစ်ခန်းတည်း ရှိသော အိမ်ကလေးဖြစ်ပြီး အိမ်အလည် မြေပြင်တွင် မီးဖိုတစ်ခု ရှိနေပြီး ထမင်းဟင်းများမှာလည်း ၄င်း နေရာတွင်သာ ချက်ပြုတ်စားသောက်ဟန် ရှိလေသည်။ ဘေးနားက ကွပ်ပျစ်ပေါ်တွင်တော့ ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးနီးပါး ပတ်တီးများ ဖုံးနေသော နော်ဆိုင်းတစ်ယောက်ကို တွေ့လိုက်ရလေသည်။

နော်ဆိုင်း၏ ဖခင်မှာ မူးယစ်ဆေးဝါးကြောင့် နော်ဆိုင်း မမွေးခင်ကပင် ဆုံးပါးသွားခဲ့ပြီး ထိုအဒေါ်၏ ညီမဖြစ်သူ နော်ဆိုင်းအမေ မှာလည်း နော်ဆိုင်းကို မွေးပြီး မီးတွင်းထဲမှာပင် ဆုံးပါးသွားခဲ့ပြန်သည်။ ကလေး၃ယောက်ရှိသော နော်ဆိုင်းအဒေါ်သည် တူဖြစ်သူ နော်ဆိုင်းအား မိဘတွေ မရှိတော့သဖြင့် ခေါ်ယူ ကျွေးမွေးထားရသော်လည်း စီးပွားရေး ပြေလည်သူတစ်ယောက် မဟုတ်ပေ။ ယောက်ျားဖြစ်သူမှာ ထင်းခုတ်ရောင်းချရပြီး သူမကတော့ မနက်ခင်း ဈေးထဲတွင် ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ အိမ်တွင် ၀က်များ မွေးထားခြင်းဖြင့် မိသားစု နေထိုင်စားသောက်ရေးအတွက် ရုန်းကန်နေရသူဖြစ်သည်။ နော်ဆိုင်းမှာ မနက်တိုင်း ကျောင်းမသွားခင် ကလေးထိန်းရပြီး အိမ်သုံးရန်အတွက်လည်း သောက်ရေ၊ သုံးရေကို ရေခပ်ရသေးသည်။ ညနေပြန်လာလျှင်လည်း ၀က်စာအတွက် ပိန်းရွက်များ၊ အခြားအရွက်များ ခူးရခြင်း၊ ရွာထဲရှိ အိမ်များတွင် စွန့်ပစ် ထမင်းကျန် ဟင်းကျန်များ လိုက်လံသိမ်းဆည်းကာ ၀က်စာကျိုရခြင်း တို့ကိုလုပ်ရပြီး ၀က်များကို ကျွေးမွေးရလေသည်။ သို့နှင့် လွန်ခဲ့သည့်အပတ်က နော်ဆိုင်း ၀က်စာကျိုနေစဉ် မီးဖိုပေါ်မှ ၀က်စာအိုး မှောက်ကျကာ ခန္ဓာကိုယ်အောက်ပိုင်း တော်တော်များများ အပူလောင်သွားခဲ့သည်ဟု နော်ဆိုင်းအဒေါ်က နော်ဆိုင်းအကြောင်းနှင့် အဖြစ်အပျက်တို့ကို  ပြောပြလေသည်။

သူ့လို အရွယ်လေးနှင့်မှ မမျှအောင် အလုပ်လုပ်နေရသည်ကို သိလိုက်ရသဖြင့် သူမရင်ထဲတွင် နော်ဆိုင်းအတွက် နာကျင်ဝမ်းနည်းစွာ ခံစားမိလေသည်။ “အပူလောင်တော့ ဆေးခန်းပြသလား” ဟု သူမ မေးတော့ ရွာထဲရှိ ကျန်းမာရေးမှူးထံတွင် ပြကြောင်း သိရပြီး ကျန်းမာရေးမှူးက ဆေးဖိုးမယူဘဲ ဆေးထည့်ပေးသော်လည်း သောက်ရန်အတွက် ဆေးကိုတော့ ၀ယ်ခိုင်းကြောင်း  သူမတို့ကို ပြောပြလေသည်။ သို့သော်လည်း နော်ဆိုင်း၏ အဒေါ်ဖြစ်သူက စားသောက်ဖို့ပင် အနိုင်နိုင်ဖြစ်နေသော သူတို့မိသားစုက နော်ဆိုင်းသောက်ရန် ဆေးဝယ်ဖို့ အတွက် ငွေကုန်ကြေးကျ ခံနိုင်ခြင်း မရှိသဖြင့် သောက်ဆေးတော့ မ၀ယ်ဖြစ်ကြောင်း သိရလေသည်။ ယခုလည်း နော်ဆိုင်းမှာ စောင်ကောင်းကောင်းပင် ခြုံရဟန်မတူ။ စုတ်ပြဲနေသော စောင်ပါးလေး တစ်ထည်သာ ခြုံထားသည်။ ခါတိုင်းတွင် မှုန်ကုတ်ကုတ် နေတတ်သော နော်ဆိုင်းမျက်နှာလေးမှာ ယခုတော့ ဒဏ်ရာကြောင့်လားမသိ.. ညှိုးငယ်လျှက် ရှိနေလေသည်။ ယခုမှ ဆောင်းဝင်စ ဆိုသော်လည်း သူမတို့ တောင်ပေါ်ဆောင်းက အသည်းခိုက်အောင် အေးသည်မို့ ချမ်းနေရှာမှာ အသေအချာပင်။ တဲအလယ်တွင် မီးဖိုရှိသော်လည်း နော်ဆိုင်းအိပ်နေရာ နေရာဆီသို့ အပူရှိန်က ရောက်နိုင်သည်မဟုတ်။

စိတ်မကောင်း ကရုဏာဖြစ်ခြင်းဖြင့် သူမရင်ထဲ ဆို့နင့်စွာ ခံစားရကာ သူမက သူမအင်္ကျီ အိတ်ထောင်လေးကို နှိုက်ကာ ပါလာသမျှငွေကို ရေတွက်ကြည့်သော် ငွေ ၇၀၀၀ ကျော် ရှိသည်ကို တွေ့ရလေသည်။ ထိုစဉ်က ငွေ ၇၀၀၀ သည် မနည်းလှသော ပမာဏဖြစ်ပါသည်။  ၀င်စပြုလာပြီဖြစ်သည့် ဆောင်းအတွက် အနွေးထည်ကောင်းကောင်း တစ်ထည်ဝယ်ဖို့ သူမ စိတ်ကူး ရှိခဲ့သော်လည်း ရှိထားသည့် အနွေးထည်နှင့် သည်ဆောင်းကို ဖြတ်သန်းဖို့ လုံလောက်ပါသည်။ သူမအတွက် အင်္ကျီအသစ်တစ်ထည် မ၀ယ်ရလည်း ဘာမျှဖြစ်မည် မဟုတ်ပါ။ သို့သော် နော်ဆိုင်းတို့ မိသားစုမှာတော့ ဆေးကုရန်မပြောနှင့် စားသောက်ဖို့ပင် အနိုင်နိုင်မို့ ထိုငွေပမာဏသည် တစ်စုံတစ်ခုသော အတိုင်းအတာတော့ အကျိုးဖြစ်လောက်မည် ထင်ပါသည်။ နော်ဆိုင်း အဒေါ် လက်ထဲသို့ ထိုငွေကို ထည့်ပေးလိုက်ပြီး နော်ဆိုင်းအတွက် သောက်ရန်ဆေးနှင့်  လိုအပ်သောပစ္စည်းများ ၀ယ်ဖို့ဟု ပြောကာ ပေးလိုက်လျှင် နော်ဆိုင်း အဒေါ်မှာ အားတုံ့အားနာဖြင့် လက်ခံယူပြီး ကျေးဇူးတင်စကား ပြောရှာပါသည်။ နော်ဆိုင်းကိုလည်း မကြာခင် အနာသက်သာပြီး ကျောင်းပြန်တက်နိုင်မည်ဖြစ်ကြောင်း သူမက ပြောဆို အားပေးသောအခါ ယခင်ကလို ရန်လိုသောအကြည့်မျိုးနှင့် ကြည့်မနေဘဲ အားငယ်စိတ်များ လွှမ်းနေသော အကြည့်တစ်မျိုးဖြင့် သူမကို ကြည့်နေခဲ့သည်။

နော်ဆိုင်းနှင့် သူ့အဒေါ်ကို သူမတို့နှုတ်ဆက်ပြီး ပြန်လာခဲ့စဉ်တွင်  မိဘမေတ္တာကိုလည်း မခံစားရ၊ အရွယ်နှင့်ပင်မမျှအောင် အလုပ်လုပ်ရသော နော်ဆိုင်းအတွက် ဖော်ပြရန်ခက်သော ခံစားမှု တစ်မျိုးဖြင့် သူမစိတ်ထဲတွင် ၀မ်းနည်းလို့ နေမိသည်။ ထို့ကြောင့်လည်း နော်ဆိုင်းသည် ကျောင်းတွင် အများနှင့်မတူ ကြမ်းတမ်းခက်ထန်သော၊ နေချင်သလို နေတတ်သော ကလေးတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူ့တွင် ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀၏ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက် နေခဲ့သည် မဟုတ်ပါလား။ နောက်တစ်ပတ် ကျောင်းပိတ်ရက်တွင် အိမ်တွင်ရှိသည့် စောင်တစ်ချို့၊ စားစရာသောက်စရာနှင့် သူမမောင်လေး၏ မတော်တော့သော အနွေးထည်များကို ယူဆောင်ကာ နော်ဆိုင်းတို့ ရွာကလေးသို့ ထပ်သွားမိပြန်သည်။ သည်တစ်ကြိမ်တွင် နော်ဆိုင်းက ထူးထူးခြားခြား သူမကို နှုတ်ဆက်စကား ပြောပါသည်။  သူမကိုယ်တိုင် နော်ဆိုင်းကို အစားအသောက်တစ်ချို့ကို ကျွေးမွေးကာ ဆေးပါ တိုက်ခဲ့ပြီး သူ့အတွက် ယူသွားသော အနွေးထည်များကို ပေးသောအခါတွင် မျက်နှာလေးမှာ ၀မ်းသာသော အရိပ်အယောင်များဖြင့် ၀င်းပနေခဲ့သည်။ သို့နှင့် ကျောင်းပိတ်ရက်တိုင်း နော်ဆိုင်းတို့ ရွာကလေးသို့ သူမ သွားလေ့ရှိသလို နော်ဆိုင်းမှာလည်း တစ်လနီးပါးခန့်အကြာတွင် အပူလောင်သည့် အနာ ကျက်လာပြီး သက်သာစ ပြုလာတော့သည်။ သူမအပေါ်တွင်လည်း ရင်းနှီးခင်မင်သည့် အမူအရာများ ရှိလာပြီး စကားလုံး များများ ပြောစ ပြုလာပြီဖြစ်သည်။

အနာသက်သာပြီး ကျောင်းပြန်တက်သောအချိန်တွင် နော်ဆိုင်းအမူအရာမှာ ယခင်နှင့်မတူတော့ဘဲ ပြောင်းလဲသွားခဲ့ပါပြီ။ သူမပြောစကားကိုလည်း နားထောင်လာပြီး အခြား ကလေးငယ်များနှင့်လည်း သင့်သင့်မြတ်မြတ် နေထိုင်တတ်လာသည်။ ပုံဆွဲ ၀ါသနာပါသော နော်ဆိုင်းအတွက် သူမက ရောင်စုံခဲတံတစ်ဘူး ၀ယ်ပေးထားပြီး စာသင်ချိန်မဟုတ်သည့် အခါတွင်မှ ဆွဲရန်ပြောထားသည်။ နော်ဆိုင်းကလည်း သူမပြောစကား နားထောင်ပါသည်။  စာသင်လျှင် ငေးမောခြင်း၊ ပုံဆွဲနေခြင်းမျိုး မလုပ်တော့ဘဲ.. ငြိမ်သက်စွာ နားထောင်ခြင်း လိုက်ဆိုခြင်းတို့ကို ပြုလုပ်တတ်လာသည်။  ထိုသို့ အတန်းထဲတွင် စိတ်ပါဝင်စားစွာ ရှိလာခြင်းသည်  သူမ၏ စေတနာအတွက် နော်ဆိုင်းထံမှ ပြန်ရလိုက်သော တုံ့ပြန်မှုလေးများ ဖြစ်ပါသည်။ သို့နှင့် ခရစ္စမတ်ကျောင်းပိတ်ရက် နီးလာပြီဖြစ်သည်။ ပိတ်ရက် မတိုင်မှီတွင် သူမတို့ ကျောင်းတွင်  ကျောင်းခရစ္စမတ်ပွဲတော်ကို ကျင်းပလေ့ ရှိပါသည်။ သူမတို့ကျောင်းသည် ကျောင်းသူကျောင်းသားများတွင်ရော ဆရာဆရာမများတွင်ပါ  ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ရောနှောလျှက်ရှိသော်လည်း ဘာသာတစ်ခုနှင့်တစ်ခု ခွဲခြားခြင်းမရှိဘဲ ၀ါဆိုသင်္ကန်းကပ်ခြင်း၊ ကထိန်သင်္ကန်းကပ်ခြင်း၊ ကျောင်းခရစ္စမတ်ပွဲ ပြုလုပ်ခြင်း စသည့် ရာသီအလိုက် ဘာသာရေးပွဲများကို တစ်ကျောင်းလုံး အနေအထားဖြင့် ပြုလုပ်ကျင်းပလေ့ရှိပါသည်။ ကျောင်းသားတိုင်းလည်း သာတူညီမျှ ခွဲခြားခြင်းမရှိ ပါဝင်ဆင်နွဲကြရပါသည်။ ဤသည်မှာ ကျောင်းကို အုပ်ချုပ်မှုကောင်းသော ဆရာမကြီး၏ စည်းလုံးညီညွှတ်မှုနှင့် အရည်အချင်းရှိမှု၏ ပြယုဒ်တစ်ခု ဖြစ်ပါသည်။ 



နှင်းငွေ့တို့ဖြင့် သိုင်းခြုံရစ်ထွေးထားသော သူမမွေးရပ်မြေ၏ ဒီဇင်ဘာဆောင်းသည် ချမ်းအေးလှသော်လည်း ကျောင်းခရစ္စမတ်ပွဲရက်မို့ ကျောင်းသားကျောင်းသူတိုင်းက အချမ်းဒဏ်ကို မေ့လျော့ကာ ပျော်ရွှင် တက်ကြွနေကြသည်။ ခရစ္စမတ်သစ်ပင်များ အလှဆင်ခြင်း၊ အသံချဲ့စက်များ တတ်ဆင်ခြင်း ၊ ကျောင်းဟောခန်းမတွင် တစ်ကျောင်းလုံးအတွက် ထိုင်ခုံနေရာများ ချထားခြင်း၊ တစ်ကျောင်းလုံး စားသောက်ရန်အတွက် ကြက်သားဆန်ပြုတ် ပြုတ်ခြင်းတို့ကို တာဝန်ခွဲဝေထားသော ဆရာဆရာမများက ဦးဆောင်ပြီး အတန်းကြီး ကျောင်းသားများဖြင့် စုပေါင်းကာ ပျော်ပျော်ပါးပါး ပြင်ဆင်နေကြသည်။ တစ်ကျောင်းလုံးအတွက် ဆန်ပြုတ်အိုးကြီးမှာလည်း အငွေ့တစ်ထောင်းထောင်း အနံ့တသင်းသင်းဖြင့် မွှေးပျံ့၍ နေပေတော့သည်။ ကျောင်းခရစ္စမတ်ပွဲရက်တွင် သူမတို့ကျောင်းမှ ကျောင်းသူကျောင်းသားများအားလုံး မိမိတို့၏ ဆရာဆရာမများကို ခရစ္စမတ် လက်ဆောင်လေးများ ပေးလေ့ရှိသလို အတန်းကြီးကျောင်းသားများက အတန်းသားအချင်းချင်းလည်း ခရစ္စမတ် လက်ဆောင်ပစ္စည်းများကို ပျော်ရွှင်စွာ လှဲလှယ်လေ့ ရှိကြသည်။ ကလေးများပေးသည့် ခရစ္စမတ် လက်ဆောင်လေးများမှာ ပြက္ခဒိန်၊ စာအုပ်၊ ပိုစ့်စကဒ် စသည်မှ အမျိုးမျိုးသော လက်ဆောင်ကလေးများ ပါဝင်ကြသည်။ သူမစားပွဲပေါ်တွင်လည်း ကလေးငယ်များပေးသော ပြက္ခဒိန်လေး၊ ပန်းကလေးများ၊ အရုပ်သေးသေးလေးများ၊ ခရစ္စမတ် ရင်ထိုးကလေးများ စသဖြင့် တန်ဖိုးမကြီးသော်လည်း အမြတ်တနိုး အမှတ်တရပေးသော လက်ဆောင်များဖြစ်၍လည်း လှပ ချစ်စရာကောင်းနေပါသည်။


ခရစ္စမတ်ပွဲ ကျင်းပဖို့ အချိန်နီးပြီဖြစ်၍ ကျောင်းသားများအားလုံး ဟောခန်းမသို့ ၀င်ခါနီး ချိန်တွင် နော်ဆိုင်းက သူမအနီးသို့ ရောက်လာပြီး ခေါက်ထားသော စာရွက်လေးတစ်ရွက်ကို ဆရာမအတွက်ဟု ပြောကာ ပေးလာပါသည်။ သူမက ပြုံးလိုက်ကာ စာရွက်လေးကို ဖွင့်ကြည့် လိုက်ချိန်တွင် ရောင်စုံခဲတံဖြင့် အင်္ကျီကို အဖြူရောင်၊ လုံချည်ကို အစိမ်းခြယ်ထားပြီး ခေါင်း တွင် ပန်းပန်ထားပုံရသည့် ကျောင်းဆရာမပုံမှန်း သိသာစေသော အရုပ်ပုံလေးတစ်ခု ဖြစ်နေလေသည်။ ကလေးငယ်တစ်ယောက်၏ လက်ရာဖြစ်၍ သေသပ် လှပ မနေသော်လည်း ပုံကလေးကို သူမအမြတ်တနိုး ဖြစ်မိပါသည်။ နော်ဆိုင်းက ကြည်စင်သန့်ရှင်းနေသော အပြုံးလေးနှင့်အတူ “ဆရာမပုံ ကျွန်တော်ဆွဲထားတာ” ဟု ပြောလေသည်။ ပြုံးနေသော နော်ဆိုင်းမျက်နှာလေးနှင့် သူဆွဲထားသော အဖြူအစိမ်းဝတ် ရုပ်ပုံလေးကို ကြည့်ကာ မျက်ရည်များပင် ရစ်ဝိုင်းလာမိအောင် သူမရင်ထဲ ကြည်နူးချမ်းမြေ့ခြင်းကို ခံစားလိုက်ရပါသည်။ အမြဲတမ်း မှုန်ကုတ်နေတတ်ခဲ့သော၊ ရန်လိုသောအကြည့်များဖြင့် ကြည့်တတ်ခဲ့သော၊ အခြားသူများနှင့် မည်သည့်အခါမှ ပေါင်းသင်းဆက်ဆံခြင်းမပြုဘဲ တစ်သီးတစ်ခြား နေလေ့ရှိသော နော်ဆိုင်းလေးသည် ယခုချိန်တွင်တော့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

သူမဘ၀တွင် ကျော်ဖြတ်ခဲ့ဖူးသော ခရစ္စမတ်များစွာ ရှိခဲ့ပါသည်။ ရခဲ့ဖူးသော ခရစ္စမတ် လက်ဆောင် များမှာလည်း များစွာ ရှိခဲ့ပါသည်။ သို့သော်လည်း နော်ဆိုင်းထံမှ ရခဲ့သော အပြုံးကလေးတစ်ပွင့်နှင့် ခရစ္စမတ်လက်ဆောင်လေး တစ်ခုသည် သူမအတွက်တော့ နှစ်ပေါင်းမည်မျှ ကြာသည်ဖြစ်စေ ဘယ်ခါမှ မေ့မည်မဟုတ်သလို အမြဲတမ်း အမှတ်ရနေမည့် လက်ဆောင်လေးတစ်ခုလည်း ဖြစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့သော ၁၀တန်းအောင်ပြီးစကာလ ဇာတိဒေသတွင် ကျောင်းဆရာမလုပ်ခဲ့စဉ် ရခဲ့ဖူးသော ခရစ္စမတ် လက်ဆောင်လေး များစွာသို့............


ပုဇွန်စတော်ဘယ်ရီ ချိုချဉ်ကြော်

ဟိုးတစ်လောက အဖြူရောင် နတ်သမီးက သူ့မွေးနေ့ပွဲကို ဘလော့ပေါ်ကနေ ကျင်းပပါတယ်.. အဲဒီမှာ သူတင်ထားတဲ့ အစားအသောက် ပုံတွေက တစ်ပုံက ကျွန်မကို တော်တော်လေး ဆွဲဆောင်သွားပါတယ်. တစ်ရက်တော့ အဲဒီထဲကအတိုင်း ချက်စားမယ် ဆိုတဲ့ စိတ်ကူးနဲ့ အဲဒီပုံလေးကို သိမ်းလာခဲ့ပါတယ်.. ပုံလေးက အောက်မှာပါ။ ဒီဟင်းလေးအတွက်တော့ ပုံလေးကို ရှာပြီးတင်ထားတဲ့ အဖြူရောင်နတ်သမီး ကို ကျေးဇူးတင်ပါတယ် ။ သူ့ပုံလေးကြောင့် ဒီဟင်းကို ချက်စားဖို့ စိတ်ကူးရလာလို့ ပါ။














အဖြူရောင်နတ်သမီးဆီက ခိုးလာတဲ့ပုံပါ။ ကျွန်မကြော်တဲ့ဟင်းမဟုတ် :)

 ပုဇွန်စတော်ဘယ်ရီ ချိုချဉ်ကြော်



ပုံထဲမှာ မြင်ရတဲ့ အတိုင်းပါဘဲ.. စားချင်စဖွယ်လေးမို့ တော်တော်လေး သဘောကျသွားပါတယ်. ဒီပုံလေးကြည့်ပြီး ကျွန်မကတော့ ပုဇွန်ရယ်၊ စတော်ဘယ်ရီ၊ ပြောင်းဖူးသေး (Baby Corn)  ၊ ငရုပ်ပွအစိမ်း ရယ်တို့ကို ချိုချဉ်ကြော်ထားတယ်လို့ ခန့်မှန်းပါတယ်.. ဒါနဲ့ အဲဒီကလည်းက စိတ်ကူးထားပါတယ်.. စတော်ဘယ်ရီပေါ်ချိန်ရောက်ရင် ဒီဟင်းလေးကို ချက်ဖြစ်အောင်ချက်စားမယ် ဆိုပြီးတော့ပေါ့.. ခုတော့ ကျွန်မနေတဲ့အရပ်မှာ စတော်ဘယ်ရီသီးတွေ ပေါ်နေပါပြီ။ ဒါနဲ့ဘဲ ဒီပုံလေးထဲက ဟင်းကို ကျွန်မက ချက်စားဖို့အတွက် အောက်ပါအတိုင်း အစီအစဉ် လုပ်ပါတော့တယ်..

ဒီလို စတော်ဘယ်ရီတွေကို ရေစင်အောင်ဆေးပါတယ်..

ဒီလိုလေးတွေ ခြမ်းထားလိုက်ပါတယ်.(သွားရေကျချင်စရာလေးနော် ) :)

သန့်စင်ဆားနယ်ပြီး ပုဇွန်
ပုဇွန်လေးကိုတော့ ဘာညာဘာညာ လုပ်ပြီး သန့်စင်ပြီး ခုလို ပဲငံပြာရည်အကြည်၊ ဆား၊ အသားမှုန့် တို့နဲ့ နယ်ပြီး ထားလိုက်ပါတယ်..
ဥနီ၊ ငရုပ်ပွ၊ ပြောင်းဖူးစေ့

ပုံမှာပါတဲ့အတိုင်း ငရုပ်ပွစိမ်း၊ ပြောင်းဖူးသေး( Baby Corn) က မရလို့ ပြောင်းဖူးအကြီးကိုဘဲ အစေ့တွေ ချွေထည့်ပါတယ်.. ဥနီကတော့ ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ထည့်လိုက်ပါတယ်.. အရောင်စုံအောင်လို့ပါ။ :)
ပုဇွန်၊ ဥနီ၊ ပြောင်းဖူး

ပထမဦးစွာ ဆားနယ်ထားတဲ့ ပုဇွန်တွေကို ထည့်ကြော်ပါတယ်.. ပုဇွန်ကျက်ခါနီးမှာမှ ကြက်သွန်ဖြူ ၃မွှာလောက်ကို ဓါးပြားရိုက်ထည့်ပါတယ်.. ပြီးတော့ ဥနီနဲ့ ပြောင်းဖူးလေးတွေကို ထည့်ကြော်ပါတယ်..

ငရုပ်ပွကိုထည့်လိုက်ပါပြီ။ ရေအနည်းငယ်ထည့်ပါတယ်..

ကော်မှုန့်၊ ဗနီဂါ၊ သကြား၊ ခရမ်းချဉ်သီးဆော့ ထည့်ပြီးပုံ

ပုံမှာမြင်ရသလို ကော်မှုန့် အနည်းငယ်ကို ရေအေးနဲ့ အရည်ဖျော်၊ ဗနီဂါအချဉ်ရည်၊ သကြား၊ ခရမ်းချဉ်သီးဆော့ အနည်းငယ်တို့ကို ထည့်လိုက်ပါတယ်.. အရသာ အပေါ့အငံမြည်းပြီး လိုတာ ထပ်ထည့်ပါ။

အပ်ချလောင်...  ပုဇွန်စတော်ဘယ်ရီချိုချဉ်ကြော် ထွက်လာပါပြီ။
အပေါ်ဆုံးက ပုံအတိုင်း တစ်ထပ်တည်းမဖြစ်ပေမဲ့လည်း ခုလိုလေးအတိုင်းလည်း အနီ၊ အ၀ါ၊ အစိမ်းလေးတွေနဲ့ စားချင်စဖွယ်လေးပါနော်.. ဧည့်သည်လာရင် လက်စွမ်းပြပြီး ဧည့်ခံလို့ကောင်းမဲ့ ရာသီပေါ်ဟင်းတစ်ခွက်ပါ။ ခုလို စတော်ဘယ်ရီသီးလေးတွေပေါ်ချိန်မှသာ ချက်စားလို့ ရတာမို့ ရာသီဟင်းလို့ဘဲ ပြောရမှာပါ။ ချိုချိုချဉ်ချဉ်လေးနဲ့ ခံတွင်းတွေ့စရာ ပုဇွန်နဲ့ စတော်ဘယ်ရီကို ချိုချဉ်ကြော်ထားတဲ့ ဟင်းတစ်ခွက် ဖြစ်ပါတယ်ရှင်။

နောက်တစ်ပုံ
ဒီပုံလေးကတော့ ပုဇွန်စတော်ဘယ်ရီ မတင်သေးဘူးလားလို့ မတင်ခင်ကတည်းက သွားရေ တမြားမြားနဲ့ လာလာမျှော်နေတဲ့ ဟင်းချက်ကောင်း သူလေးတွေအတွက်ပါ။ :)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုန်းရည်ကြီးထမင်းသုပ်

ဟင်းချက်ရမှာ ပျင်းတဲ့နေ့ (ဒါမှမဟုတ်) ဧည့်သည်က ရောက်နေပြီ။ ဟင်းချက်ဖို့ အချိန်မမှီတော့တာဘဲဖြစ်ဖြစ် အပျင်းပြေစားဖို့ဘဲ ဖြစ်ဖြစ် စားလို့ကောင်းတဲ့ ပုန်းရည်ကြီးနဲ့ ထမင်းသုပ်ပုံလေးကို လက်ဆောင်ပေးပါဦးမယ်..

နယ်တော့မည့် ထမင်းသုပ်

ပုံမှာပါတဲ့အတိုင်းပါဘဲ.. ထမင်းကို (စားမဲ့လူအရေအတွက်နဲ့ ခန့်မှန်းထည့်ပါ။) ကြက်သွန်နီ ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်၊ ဆား၊ အသားမှုန့်( အချိုမှုန့်) ၊ ပဲငံပြာရည်၊ ပုန်းရည်ကြီး၊ ဆီ ၊ မြေပဲဆန်ထောင်း တို့ကို ရောနယ်ဖို့ အဆင်သင့်ပြင်ပါတယ်.. ပုန်းရည်ကြီးကတော့ ကျွန်မဆီမှာ အထုပ်နဲ့လာတဲ့ အခြောက်မှုန့်ဘဲ ရှိတဲ့အတွက် အဲဒါကို အရည်ဖျော်ထားပြီး ထည့်ပါတယ်..

ရောသမမွှေ

အားလုံးရောနယ်ပြီးတော့ စားချင်စဖွယ် ဒီလိုလေးပါ။ နံနံပင်လေးပါ ထည့်နယ်ထားပါတယ်.. အရသာ အပေါ့အငံတော့ စိတ်ကြိုက် ထပ်ထည့်ပေါ့နော်...  ပြီးသွားပါပြီ။ ဒါပေမဲ့ ဧည့်သည်ကို ဒီလို ဇလုံလိုက်ကြီး ချကျွေးရင် ဘယ်ကောင်းပါ့မလဲနော်..  ပန်းကန်လေးနဲ့ လှလှပပလေး ထည့်ကျွေးမယ်လေ (အမှန်တော့ ကိုယ့်အတွက် မချန်ဘဲ အားလုံးစားသွားမှာစိုးလို့ပါ။) :)
ဟမ်း............ ပုန်းရည်ကြီးထမင်းသုပ် လှလှလေး ရပါပြီ။

ပန်းကန်လုံး တစ်ခုထဲကိုထည့် ၊ လက်ကလေးနဲ့ အသာဖိ၊ ပြီးတော့ ပန်းကန်ပြားတစ်ခုပေါ်ခုလို မှောက်ချလိုက်ပါတယ်.. ပြုတ်ထားတဲ့ ကြက်ဥတွေကို ဘေးနားမှာ အလှဆင်၊ ကြက်သွန်မြိတ်၊ ငရုပ်သီး၊ ကြက်သွန်ဖြူတို့ကို စီရရီလေးထည့်.. ဟော လှလဲလှ စားချင်စဖွယ်လဲဖြစ်တဲ့ ပုန်းရည်ကြီးထမင်းသုပ်ရပြီပေါ့နော်။ အစားအသောက် ပြင်ဆင်ချက်ပြုတ်ရာမှာ အရသာရှိရုံနဲ့ မပြီးသေးပါဘူးတဲ့ .. စားချင်စဖွယ် မျက်စိပသာဒ ဖြစ်ဖို့လည်း လိုပါသေးတယ်တဲ့။ ( ကြည့်ဖူးတဲ့ ကိုးရီးယားကားထဲက စားဖိုမှူးက ပြောတာပါ) :)  :)
နောက်တစ်ပုံ လာထား

ဒါပေမဲ့ ကျွန်မတော့ စားဖိုမှူးပြောတာ လက်ခံပါတယ်.. အပေါ်က ဇလုံကြီးထဲကနဲ့စာရင် ပန်းကန်ပြားလေးထဲက ထမင်းသုပ်က ပိုပြီး စားချင်စဖွယ် မဖြစ်ဘူးလားရှင်။ အရသာချင်း တူဦးတော့တောင် အမြင်လှလှလေးက ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်နော်.. ဟုတ်တယ်ဟုတ်း)

ဒီပုန်းရည်ကြီးထမင်းသုပ် ဖြစ်မြောက်ဖို့အတွက်တော့ ပုန်းရည်ကြီးထုပ်၊ မုန့်ဟင်းခါးထုပ်များ၊ အခြားသော စားသောက်ဖွယ်ရာများနဲ့ ကျွန်မအလိုချင်ဆုံး စာအုပ်များကို မဖြစ်ဖြစ်အောင် ရှာပြီး ပို့ပေးသော ချစ်စွာသော အစ်မ မမြသွေးနီကို ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားပါရစေရှင်။

စားကောင်းသောက်ဖွယ်များဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေရှင်။

တစ်နှစ်ပြည့် ခြေရာလေးများ




ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင်လေးဟာ မနှစ်က အခုလို အေးမြတဲ့ ဒီဇင်ဘာလမှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်တဲ့အတွက် အခုဆို တစ်နှစ်တိတိပြည့်ပါပြီ။ ဘလောဂ့်လေး စတင်တည်ဆောက်ပြီးတော့ အစိမ်းရောင်လွင်ပြင်ရယ် လို့ အမည်ပေးဖြစ်ခဲ့ပါတယ်.. ဒီဘလောဂ့်လေးကို ကျွန်မရဲ့ အချိန်တွေ အင်အားတွေ အများကြီးပေးပြီး တည်ဆောက်ဖြစ်ခဲ့တာပါ။ အချို့ညတွေများဆို တစ်ညလုံး မအိပ်ဖြစ်ခဲ့တဲ့ ရက်တွေ ရှိခဲ့ပါတယ်.. မကြာခဏ အခက်အခဲတွေ၊ အကြောင်းကြောင်းကြောင့် ပျက်စီးသွား၊ ရပ်ဆိုင်းသွားတဲ့ အစိမ်းရောင်လွင်ပြင်ကို တစ်နှစ်အတွင်းမှာ ဘလောဂ့်အသစ် ၅ကြိမ်ခန့် ပြောင်းရွေ့ပြီး ပြန်ပြန်အားယူခဲ့ရပါတယ်.. ဘလော့ရေးခါစ ဘာတစ်ခုမှ နားမလည်ခင်ချိန်မှာ ပိုစ့်တွေအားလုံးကို တစ်ခါတည်း Import လုပ်လို့ရတယ်ဆိုတာ နားမလည်မိခဲ့တဲ့အတွက် တစ်ပုဒ်ချင်း ရွေ့ပြောင်းပြီး အချိန်များစွာ အကုန်ခံခဲ့ဖူးပါတယ်... ပြီးတော့လည်း ကျွန်မအတွက် စာရေးဖို့နေရာဟာ ရှားပါးလွန်းတယ်လို့ ပြောရမှာပါ.. သူများတကာသုံးနေတဲ့ ဘလော့စပေါ့ဆိုတာလည်း ကျွန်မနေတဲ့နေရာက သုံးလို့မရသလို Word Press ကိုလည်း ပိတ်ထားတာဖြစ်လို့ သုံးလို့မရပါဘူး.. ကျွန်မအတွက်တော့ ဘလောဂ့်တစ်ခု တည်ဆောက်ဖို့ အခက်အခဲ များလွန်းလှပါတယ်.. ဒါကြောင့် စာရေးဖို့နေရာလေးတစ်ခုကို ကျွန်မရဲ့ ချစ်သောအစ်မ မမြသွေးနီနဲ့အတူ ၀ယ်ယူကြပြီး ဒီဘလော့လေးကို အခက်အခဲတွေနဲ့ တည်ဆောက်ဖြစ်ခဲ့တာပါ။

အဲဒီလို အခက်အခဲတွေနဲ့ တည်ဆောက်ခဲ့ရတာကြောင့်လည်း ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင်ကို တန်ဖိုးထားမိသလို ကိုယ်တိုင်လည်း ပိုစ့်တွေကို ခက်ခက်ခဲခဲ တင်ရတာ ဖြစ်တာကြောင့် စာမျက်နှာတွေပေါ်မှာလည်း စာဖတ်သူရဲ့အချိန်ကို အလဟသ ကုန်စေမဲ့စာမျိုး မတင်မိအောင် ကြိုးစားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်.. ကျွန်မရဲ့ ဘလောဂ့်အစိမ်းရောင်လွင်ပြင်ကို ပြုစုပျိုးထောင်ဖြစ်တဲ့နေရာမှာ စာဖတ်သူ မောင်နှမတွေအတွက် အကျိုးရှိမဲ့စာ၊ အသုံးဝင်မဲ့စာ၊ သုတ၊ ရသပေးနိုင်မဲ့ အကြောင်းအရာ မျိုးတွေကိုသာ ရွေးချယ်ပြီး တင်ဖြစ်ခဲ့ပါတယ်… ကျွန်မ ဒီဘလော့လေးမှာ စာရေးတာ တစ်နှစ်ပြည့်ပါပြီ.. နောက်ထပ် ဘယ်လောက်ကြာကြာ အင်တာနက်စာမျက်နှာပေါ်မှာ စာတွေရေးနိုင်မလဲ? ကျွန်မကိုယ်ကျွန်မ ပြန်မေးရမယ်ဆိုရင် ဘယ်အချိန်ထိဆိုတာ ကျွန်မကိုယ်တိုင်လည်း သေချာမပြောနိုင်ပါဘူး… ဒီနေ့ မနက်ဖန် ကျွန်မဟာ အင်တာနက် စာမျက်နှာထက်ကနေ မမျှော်လင့်သော အကြောင်းကြောင်းတွေကြောင့် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပါတယ်.. ဘာကိုမှ မသေချာတဲ့လောကကြီးမှာ ကျွန်မအတွက် အင်တာနက်ကို အဆင်ပြေပြေ သုံးစွဲခွင့်ရနိုင်တဲ့ အချိန်လေးအတွင်းမှာတော့ လူအများအတွက် အကျိုးရှိနိုင်တဲ့ အကြောင်းအရာလေးတွေ အသုံးဝင်မဲ့စာလေးတွေကို တတ်နိုင်သလောက် မျှဝေပေးချင်မိတာပါ... ရေးချင်မိတာပါ။ ဒါဟာ ကျွန်မတတ်နိုင်တဲ့ ကောင်းမှုကုသိုလ်လေးတစ်ခု လုပ်တယ်လို့ သဘောထားမိသလို ကျွန်မရဲ့ စာရေးချင်တဲ့ဝါသနာနဲ့ ကိုယ်ပိုင် အားလပ်ချိန်တွေရယ်၊ အဆင်ပြေပြေ သုံးစွဲခွင့်ရနေတဲ့ အင်တာနက်ရယ်ကို အကျိုးရှိစွာ အသုံးချချင်လို့လည်း ဖြစ်ပါတယ်..

ကျွန်မ ဒီအင်တာနက်ပေါ်မှာ စာရေးဖြစ်တဲ့ အကြောင်းလေးက စာရေးစာဖတ် ၀ါသနာကနေ အစပြုပါတယ်.. ကျွန်မ ငယ်စဉ်ကတည်းက မြန်မာစာကို ၀ါသနာပါခဲ့ပါတယ်.. ကျောင်းသင် ဘာသာရပ်တွေထဲမှာ အခြားဘာသာတွေထက် မြန်မာစာကို စွဲစွဲလန်းလန်း နှစ်သက် ခုံမင်ခဲ့သလို၊ ကျွန်မကို မြန်မာစာကို ချစ်ခင်မြတ်နိုးတတ်လာအောင် သင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ ကြုံတွေ့ခဲ့ရတာ ကျွန်မအတွက် ကံကောင်းခြင်းတစ်ခုလည်း ဖြစ်ပါတယ်… အဲဒီချိန်ကတည်းက စာပေတွေကို ချစ်တဲ့စိတ်၊ စာရေးချင်တဲ့စိတ်က အစပျိုးခဲ့ပါတယ်.. ကြီးလာရင် စာတွေ ရေးမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး ရှိခဲ့ပါတယ်.. စာစီစာကုံးများဆို ၁၃မျက်နှာထိ ရောက်သွားအောင် အားရပါးရ ရေးတတ်လို့ ဆရာမကတောင် ပြောယူခဲ့ရပါတယ်.. တက္ကသိုလ် ရောက်ချိန်မှာတော့ တက္ကသိုလ်မှာ မြန်မာစာဆရာမ တစ်ယောက်ဖြစ်ချင်ခဲ့ပြီး မြန်မာစာဆရာမဘ၀နဲ့ စာတွေရေးမယ်ဆိုတဲ့ စိတ်ကူးများစွာနဲ့ ကျွန်မတက်နေတဲ့ သိပ္ပံဘာသာရပ်ကနေ မြန်မာစာမေဂျာကို ပြောင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်.. အကြောင်းကြောင်းကြောင့် ပြောင်းလို့မရခဲ့တဲ့အတွက် ကျွန်မဟာ သိပ္ပံနဲ့ ဘွဲ့ရသူတစ်ယောက် ဖြစ်လာခဲ့ရပြီး လုပ်ငန်းခွင်ကိုဝင်ရောက်လို့ အလုပ်တွေနဲ့ သင်တန်းတွေ၊ နောက်ထပ် ကျောင်းစာတွေနဲ့ အချိန်အတော်ကြာ ရှုပ်နေခဲ့တာကြောင့် စာတွေ ဖတ်ရုံကလွဲလို့ စာရေးတဲ့အလုပ်ကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါက မြန်မာစာဆရာမ ဖြစ်ချင်ခဲ့ပေမဲ့ ဖြစ်မလာခဲ့တဲ့ အကြောင်းလေးတစ်ခုပါ။ ခုချိန်မှာတော့ ကံအားလျော်စွာ အင်တာနက်ကို အဆင်ပြေပြေ သုံးစွဲနိုင်ပြီး အားလပ်တဲ့ အချိန်ပိုတွေလည်း ရှိနေပြီ ဖြစ်တာကြောင့် တက္ကသိုလ်မှာ မြန်မာစာဆရာမ ဖြစ်ခွင့်မရခဲ့၊ ဖြစ်မလာခဲ့ပေမဲ့ ငယ်စဉ်ကတည်းက သန္ဓေတည်ခဲ့တဲ့ စာရေးချင်စိတ်ကို ပြန်လည်အစပျိုးပြီး အင်တာနက်ပေါ်ကနေ စာတွေ ရေးမိခြင်းသာ ဖြစ်ပါတယ်..

အဲဒီလို အင်တာနက်ပေါ်မှာ စာရေးနေမိတာကို ကျွန်မက ပင်လယ်ကမ်းစပ်က သဲသောင်ပြင်ပေါ် လမ်းလျှောက်သွားနေတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်မျိုး ရှိနေခဲ့ပါတယ်… သဲသောင်ပြင်ပေါ် ထင်ကျန်နေမဲ့ ကျွန်မရဲ့ခြေရာတွေဟာ တစ်ချိန်ချိန်မှာ လှိုင်းဒဏ်ကြောင့်သော်လည်းကောင်း မိုးဒဏ်၊ လေဒဏ်ကြောင့်သော်လည်းကောင်း၊ ပျောက်ကွယ်သွားရမှာပါ.. ဒါပေမဲ့ အဲဒီလို မပျောက်ကွယ်ခင် အချိန်လေးမှာတော့ ကျွန်မ ချန်ထားခဲ့တဲ့ခြေရာ၊ ကျွန်မလျှောက်ခဲ့တဲ့လမ်းကို ကိုယ်တိုင် နောက်ပြန်လှည့်လို့ ကြည့်ချိန်မှာ ကျွန်မဘယ်လိုခြေလှမ်းမျိုးနဲ့ လျှောက်သွားခဲသလဲ.. ကွေ့ကွေ့ကောက်ကောက်လား၊ တွန်းတွန်းတိုက်တိုက်လား၊ ယိုင်တိယိုင်ထိုးလား၊ ဖြောင့်ဖြောင့်တန်းတန်းလား၊ ဒေါသတကြီး အင်အားပြင်းပြင်းနဲ့ နင်းချပြီး လျှောက်သွားသလားဆိုတာ ကျွန်မကိုယ်တိုင်က အလွယ်တကူ ပြန်မြင်တွေ့ရမှာ ဖြစ်သလို ဘေးက ကြည့်နေသူများကလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်.. ကျွန်မလျှောက်သွားတဲ့ လမ်းကြောင်းကိုတော့ ကောင်းသည်ဆိုးသည် ဖြောင့်တန်းသည်၊ ကွေ့ကောက်သည် ဆိုတာကို ဘေးကကြည့်နေတဲ့သူများ အလွယ်တကူ သုံးသပ် ဆုံးဖြတ်လို့ ရနိုင်ပါတယ်..

 
ကျွန်မချန်ရစ်ခဲ့တဲ့ ခြေရာတွေဟာ ဘယ်သူ့ကိုမှ တွန်းတိုက်ပြီး လျှောက်သွားတာမျိုးမဟုတ်ဘဲ ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်မှန်မှန်နဲ့ လျှောက်သွားသူတစ်ယောက်ရဲ့ ခြေရာတွေအဖြစ်သာ ကျန်ရစ်ခဲ့စေချင်မိပါတယ်.. ရေရှည်ထင်ကျန်ရစ်မဲ့ ခြေရာတွေ မဟုတ်ခဲ့ရင်တောင်မှ ကိုယ်လျှောက်တဲ့ ခြေလှမ်းတွေကြောင့် တစ်စုံတစ်ယောက်မှာ နာကျင်ခံစားရတာ၊ ထိခိုက်နစ်နာရတာတွေ ရှိခဲ့ရင် ကိုယ်တိုင်က ပြန်လှည့်ကြည့်မိချိန်မှာ နောင်တပြန်ရမဲ့ ခြေလှမ်းမျိုး မချန်ထားရစ်ခဲ့ချင်တာ ကျွန်မရင်ထဲက ဆန္ဒတစ်ခုသာ ဖြစ်ပါတယ်.. ကိုယ်ပိုင်စာမျက်နှာထက်မှာ ရေးတယ်ဆိုပေမဲ့ ကျွန်မရွေးချယ်တဲ့ အကြောင်းအရာတွေဟာ လူတိုင်းဖတ်နိုင်တဲ့၊ သုတ၊ရသ တစ်ခုခုတော့ ရနိုင်မဲ့ အကြောင်းအရာတွေကိုသာ ရွေးချယ်ဖြစ်ပြီးတော့ စကားလုံး အသုံးအနှုန်းကစလို့ သေချာဂရုတစိုက်ပြီး ကြိုးစားရေးမိပါတယ်.. လူငယ်တွေအတွက် အဆိပ်အတောက်ဖြစ်စေမဲ့စာ၊ အတုခိုးမှားနိုင်စေမဲ့စာမျိုးကိုလည်း တတ်နိုင်သမျှ ရှောင်ရှားပြီး ရေးဖြစ်ခဲ့ပါတယ်.. သို့သော် ကျွန်မ ဘယ်လိုရေးခဲ့ပါတယ်လို့ ပြောနေ၊ ရေးနေသည်ဖြစ်စေ ကျွန်မရေးခဲ့တဲ့ စာတွေ၊ အကြောင်းအရာတွေရဲ့ ကောင်းသည်ဆိုးသည်ဆိုတဲ့ မှတ်ချက်ကိုတော့ ကျွန်မရဲ့ဘလောဂ့်လေးကို လာလည်ပြီး စာဖတ်ကြတဲ့ မောင်နှမတွေကသာ ဆုံးဖြတ်ပေးနိုင်မှာပါ။

ကျွန်မနဲ့အတူ ဒီသဲသောင်ပြင်ကြီးပေါ်ကို ဖြတ်သန်းသွားလာနေကြတဲ့ စာရေးနေကြသော ၀ါသနာတူ အခြား ဘလောဂ့်စာမျက်နှာတွေကိုလည်း ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရေးသားနေကြသူတွေဘဲ ဖြစ်ပါစေ ကိုယ်လက်လှမ်းမှီသလောက်တော့ အချိန်ပေးပြီး ဖတ်ဖြစ်သလို၊ ဖတ်တိုင်းလည်း သေသေချာချာ ဖတ်ပြီး မှတ်ချက်လေးတွေ ရေးဖြစ်ခဲ့ပါတယ်.. အထူးသဖြင့် ဘလောဂ့်ရေးခါစ အသစ်လေးတွေရဲ့ စာမျက်နှာတွေကို အသစ်တင်တိုင်း နွေးနွေးထွေးထွေးနဲ့ သွားရောက်ကြိုဆိုပြီး အမြဲတမ်းလိုလို ဖတ်နိုင်အောင် ကြိုးစားဖြစ်ပါတယ်.. ဒါကတော့ လွန်ခဲ့သော တစ်နှစ်ကာလက အသစ်ဖြစ်ခဲ့သော ကျွန်မရဲ့ ခံစားချက်များဖြင့် ကိုယ်ချင်းစာပြီးတော့ ကျွန်မတတ်နိုင်သလောက် အသစ်တွေကို အားပေးခြင်း၊ လက်တွဲခေါ်ယူခြင်းသာ ဖြစ်ပါတယ်.. သူတို့ရဲ့ ခံစားချက်တွေ မျှဝေမှုတွေကို စိတ်ထဲက လှိုက်လှဲစွာ အားပေးဖြစ်ခဲ့ပါတယ်.. ကျွန်မအတွက်လည်း ဘလောဂ့်ရေးတဲ့ တစ်နှစ်အတွင်းမှာ သူငယ်ချင်း မိတ်ဆွေများနဲ့ စာဖတ်သူမောင်နှမများဆီက တုံ့ပြန်အားပေးတဲ့ မှတ်ချက်တွေ စာလေးတွေက ကျွန်မ စာတွေဆက်ရေးဖြစ်ဖို့ ခွန်အားတွေဖြစ်ခဲ့ရပါတယ်.. ဒီလိုတုံ့ပြန်သံတွေဟာ စာရေးသူတွေရဲ့ အင်အားဆိုတာ နားလည်နေမိတာကြောင့်လည်း အသစ်အသစ်တွေကို တတ်နိုင်သမျှ အားပေးပြီး၊ လက်ကမ်းကြိုဆိုဖြစ်ခဲ့တာပါ။

ကျွန်မဘလောဂ့်ကို အလည်လာ စာဖတ်ကြသူ မောင်နှမတွေဆီကနေ နွေးထွေးလှိုက်လှဲတဲ့ အားပေးတုန့်ပြန်သံတွေကို ရရှိခဲ့တဲ့အတွက်လည်း ကျေးဇူးတင်စွာ ပီတိဖြစ်ခဲ့ရပါတယ်.. ကျွန်မရဲ့ တစ်နှစ်စာသော ပိုစ့်တွေထဲမှာ ကျွန်မကို မှတ်မှတ်ရရ အဖြစ်စေဆုံး ပိုစ့်၂ပုဒ်ရှိခဲ့ပါတယ်.. ပထမတစ်ပုဒ်က ကျွန်မရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တဲ့ ရေမွှေးပုလင်းနှင့်တူသောယောက်ျားများ ဖြစ်ပြီး မထင်မှတ်ထားဘဲ အားပေးမှုများစွာ ရရှိစေခဲ့တာကြောင့် ကြည်နူးစေခဲ့မိသလို ကွာရှင်းပြတ်စဲခြင်း ဆိုတဲ့ ဘာသာပြန်ပိုစ့်လေးကတော့ ကျွန်မကို မျက်ရည်ဝဲစေလောက်တဲ့အထိ စိတ်ခံစားမှုပေးစေတဲ့ တုံ့ပြန်သံလေးကို ရရှိခဲ့ဖူးတာကြောင့် မှတ်မှတ်ရရဖြစ်စေခဲ့တာပါ.. ဒီကွာရှင်းပြတ်စဲခြင်းဆိုတဲ့ ဘာသာပြန်ပိုစ့်လေးရေးပြီး မကြာခင်မှာ စာလေးတစ်စောင် ရောက်လာပါတယ်. စာထဲမှာ ကွာရှင်းပြတ်စဲခြင်းပိုစ့်ကို ဖတ်မိတာကြောင့် တစ်လအတွင်း ကွာရှင်းပြတ်စဲကြဖို့ စီစဉ်ထားတဲ့ လင်မယားတစ်စုံတို့ဟာ ပြန်လည် နားလည်မှုရရှိသွားကြပြီး မကွာရှင်းဖြစ်တော့ပါဘူး ဆိုတဲ့အကြောင်း ရေးထားလေး ပါပါတယ်.. အဲဒီစာကို လက်ခံရပြီး ဖတ်လိုက်ချိန်မှာ မျက်ရည်လည်မိအောင် ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်… ကျွန်မရေးတဲ့ စာတွေ၊ ဘာသာပြန်တဲ့ အကြောင်းအရာတွေကနေ ခုလိုမျိုး တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုလေး ရှိသွားခဲ့တယ်ဆိုတဲ့ စကားက စာတွေဆက်ရေးဖြစ်ဖို့ ကျွန်မကို တွန်းအားပေးတဲ့ ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်..

စာရေးခြင်းဟာ ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ချမ်းမြေ့ခြင်းကို ရရှိစေသလို၊ အကျိုးရှိစွာ အချိန်ကုန်ဆုံးစေတဲ့ နည်းလည်း ဖြစ်ပါတယ်.. ၀ါသနာကြောင့် စာရေးနေမိတာဖြစ်ပေမဲ့ ကျွန်မဖတ်မိတဲ့ ၊ တွေ့ကြုံခဲ့တဲ့ အကြောင်းအရာတွေ၊ စာကောင်းလေးတွေကို အစိမ်းရောင်လွင်ပြင်ပေါ်ကနေ ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းများကို မျှဝေးပေးချင်ပါတယ်.. တကူးတက ရောက်လာပြီး လာဖတ်ပေမဲ့ အချိန်ကုန်ရကျိုး မနပ်တဲ့စာမျိုး၊ ဖတ်ပြီး ဒေါသသင့်စေမဲ့ စာ၊ အချည်းနှီး ဖြစ်စေမဲ့ စာမျိုးတွေကိုတော့ တတ်နိုင်သမျှ ရှောင်ရှားခဲ့ပါတယ်.. လူအများ ဖတ်ရှုနိုင်တဲ့ ဒီစာမျက်နှာတွေထက်မှာ တစ်စုံတစ်ယောက်ကို မကျေနပ်ခြင်း၊ စိတ်ဆိုးဒေါသဖြစ်ခြင်း၊ ရည်ရွယ်တိုက်ခိုက်ခြင်း၊ သူတစ်ပါး စိတ်အနှောက်အယှက်ဖြစ်အောင် ထိခိုက်စော်ကားခြင်း စတဲ့ အများနဲ့မသက်ဆိုင်တဲ့ ကိုယ့်ရဲ့ပူလောင်ဒေါသတွေကို ဘယ်တုန်းကမှ မရေးဖြစ်ခဲ့သလို နောင်ကိုလည်း ရေးသွားဖို့ စိတ်ကူးမရှိခဲ့ပါဘူး…. ဒါက ကျွန်မရဲ့ ဒီဘလော့ဂ်လေးနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထားလေးပါ။ ကျွန်မရဲ့ အားလပ်ချိန်လေးတွေ ရှိနေသရွေ့၊ စာရေးဖို့ အခွင့်အရေးတွေ ရနေသရွေ့တော့ စာတွေကို ဆက်ပြီး ရေးနေပါဦးမယ်.. အသက်တွေကြီးလာချိန်မှာလည်း အေးအေးချမ်းချမ်းနဲ့ စာရေး၊ စာဖတ်ပြီး ဘ၀ရဲ့ အချိန်တွေကို ကျော်ဖြတ်ချင်ပါတယ်.. ဒါကတော့ ဖြစ်ချင်တဲ့ ကျွန်မရဲ့ ဆန္ဒတစ်ခုသာ ဖြစ်ပါတယ်..

ဘလောဂ့်စလုပ်ချိန်တုန်းက ဘာတစ်ခုမှ နားမလည်သေးချိန်မှာ လက်တွဲခေါ်ခဲ့သူများ၊ ကူညီအကြံပေးခဲ့ကြသူများ၊ တိုက်တွန်း အားပေးကြသူများ၊ ဘလောဂ့်ရေးတဲ့ သက်တမ်းတစ်နှစ်အတွင်း အခက်အခဲများစွာနဲ့ စိတ်သောကရောက်ချိန်မှာ ဖေးမကူညီခဲ့သူများ၊ အကြောင်းကြောင်းတွေကြောင့် စာဆက်ရေးဖို့ စိတ်ကုန်ခမ်းသွားရလောက်အောင် စိတ်ဆင်းရဲမိချိန်မှာ မိတ်ဆွေကောင်းပီသစွာ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသူများ၊ မကြာခဏ ပျက်သွားတတ်တဲ့ ဘလော့ဂ်လေးကြောင့် စိတ်ပျက်ရချိန်မှာ ၀ိုင်းဝန်း ပူပန်ပေးကြသူများ၊ စာလာဖတ်ကြသော ညီအစ်ကို မောင်နှမများ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းကို သတိတရ ပြောကြားလိုပါတယ်.. ခုလည်း ဘလောဂ့်က ဆာဗာဒေါင်းတာ မကြာခဏ ဖြစ်နေပါသေးတယ်.. အဲလို ၀င်လို့မရ ဖြစ်တဲ့အခါ Refresh ပြန်ပြန်လုပ်တာဘဲဖြစ်ဖြစ်၊ နည်းနည်းလေး အချိန်ကြာမှာ ထပ်ဝင်တာမျိုးနဲ့ဖြစ်ဖြစ် ကျွန်မဘလောဂ့်လေးကို စိတ်ရှည်ရှည်နဲ့ ၀င်ပေးကြဖို့ တောင်းပန်ချင်ပါတယ်.. (ခုတော့ ၆ကြိမ်မြောက်အဖြစ် အသစ်ကို ပြန်ပြောင်းလိုက်ပြန်ပါပြီ) ဘယ်အချိန်အထိ အင်တာနက်မှာ စာတွေရေးနိုင်မလဲဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ ကျွန်မအတွက် စာတွေရေးနေဖို့ အခွင့်အရေး ရှိနေသေးချိန်ထိတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ မထိခိုက်စေတဲ့ အကြောင်းအရာမျိုးတွေ၊ သင်ခန်းစာယူစရာ အတွေ့အကြုံတွေ၊ သုတ၊ ရသဖြစ်စေမဲ့ စာမျိုးတွေ၊ စိတ်ရွှင်လန်းစရာလေးတွေ၊ ကျွန်မလို အချက်အပြုတ် ၀ါသနာပါသူများအတွက် ဟင်းချက်နည်းလေးတွေကို ဆက်လက်ပြီး မျှဝေပေးသွားပါဦးမယ်လို့ တစ်နှစ်ပြည့်စကားလေး ပါးလိုက်ပါရစေရှင်။


( ကျွန်မရဲ့ မောင်ငယ်တစ်ယောက်လို ခင်မင်ရပါသော ဘလော်ဂါ မေပယ်လ်လေးက ဖြစ်မလာခဲ့သောနဲ့ ဖြစ်ချင်နေသောဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တဂ်ပိုစ့်လေးအဖြစ် ရေးခိုင်းထားပေမဲ့ သီးသန့်မရေးတော့ဘဲ ဒီတစ်နှစ်ပြည့် ပိုစ့်လေးထဲမှာသာ အနည်းအကျဉ်း ထည့်ရေးပေးလိုက်ပါတယ်နော်.. မပြည့်စုံတဲ့ ကျွန်မရဲ့ ဖြစ်ချင်တာနဲ့ ဖြစ်မလာတဲ့အကြောင်းလေးတွေ အတွက်တော့ ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်.. ရေးခိုင်းထားတဲ့ မေပယ်လ်လေး ဒီလာက်နဲ့ဘဲ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်..)





ကံကြမ္မာ ကစားဝိုင်း





*************************************************************************
ထိန်လင်းက လက်ဖက်ရည်ဆိုင် ဝေါဟာရနှင့်ခေါ်ရမည်ဆိုလျှင် တီးဆရာ..


တီးဆရာဆိုတာ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်အဖျော်ဆရာ.. ဒီလက်ဖက်ရည်ဆိုင်လေးသို့ သူရောက်လာပုံက သိပ်တော့ အဆန်းတကြယ်မဟုတ်.. ယခင်က ထိန်လင်းအလုပ်လုပ်သော မန္တလေးမြို့ရှိ မိုးဆန်းပန်း လက်ဖက်ရည်ဆိုင်လေးမှာ ဒီဆိုင်ရှင်ဖြစ်လာမည့် ကိုကျော်ဝေက သူ့လက်ရာကို သဘောကျပြီး လက်ဖက်ရည်အမြဲ လာသောက်သူဖြစ်သည်။ ထိုစဉ်က ကိုကျော်ဝေက နယ်ကနေ မန္တလေးတွင် ကျောင်းလာတက်နေသည့် တက္ကသိုလ်ကျောင်းသားဖြစ်သည်။ ကိုကျော်ဝေ ကျောင်းတက်သည့် ကာလ တစ်လျှောက်လုံး ထိန်လင်းဖျော်သည့် လက်ဖက်ရည်ဆိုင်တွင်သာ လာသောက်လေ့ ရှိသည်။ ကျောင်းပြီးလို့ နယ်ပြန်တော့မည်ဆိုသည့်အခါ နယ်တွင်စီးပွားရေးလုပ်ဖို့ စိတ်ကူးတော့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ကိုကျော်ဝေက စိတ်ကူးရပြီး ထိန်လင်းကို သူ့ဇာတိ နယ်စပ်မြို့ကလေးတွင် လိုက်ပြီး သူဖွင့်မည့် ဆိုင်အသစ်တွင် အလုပ်လုပ်နိုင်မည်လား ဟု ကမ်းလှမ်းသောအခါ မန္တလေးမြို့မှ လွဲ၍ အခြားမြို့များကို မရောက်ဖူးသော သူက နယ်စပ်မြို့ကလေး၏ နံမည်ကြားတာနဲ့ပင် ၀မ်းသာအားရ သဘောတူခဲ့သည်။ ကိုကျော်ဝေ ပေးမည့်လစာကလည်း မက်လောက်စရာဖြစ်သည်လေ။ ထို့နောက်တော့ ကိုကျော်ဝေပြန်သောအခါ သူပါတစ်ပါတည်း လိုက်လာပြီး မြို့ကလေးဆီရောက်တော့ လက်ဖက်ရည်ဆိုင် အသစ်ကလေးကို ဖွင့်ဖြစ်ကြသည်။

ဆိုင်ကလေးမှာ မျှော်လင့်တာထက် အောင်မြင်သည်ဟု ပြောရမည်။ ထိန်လင်းက လက်ဖက်ရည်ဖျော်ရာတွင် လက်ရာကောင်းပြီး အချိုးအဆ မှန်လှသလို လူတွေကြိုက်အောင်လည်း လက်ဖက်ရည်နှပ်ရာတွင် ထည့်ရသည့် အချိုးအဆနှင့် လက်ဖက်ခြောက်အကြောင်းကို ကျွမ်းကျင်လှသည်။  ကိုကျော်ဝေကလည်း ဆိုင်ကိုစီမံခန့်ခွဲမှု နိုင်နင်းသလို၊ ခေတ်လူငယ်ဖြစ်သောကြောင့် လူငယ်တွေအကြိုက်ကို သိတတ်သည်။ သူ့ဆိုင်တွင် မရှိသော သီချင်းခွေ မရှိသလောက်ဖြစ်ပြီး ဆန်းသစ်သော အိုင်ဒီယာများ ရှိသည်။ ဆိုင်ကိုပင် အများနှင့် မတူသော အပြင်အဆင်များဖြင့် လက်ဖက်ရည်ဆိုင်နှင့်ပင် မတူအောင် သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားပြီး  ဆိုင်အတွင်းရှိ စားပွဲတိုင်းကိုလည်း လူစိတ်ဝင်စားဖွယ် ဖြစ်အောင် ပန်းနံမည်လေးများဖြစ်သော ခွာညို၊ သစ်ခွ၊ နှင်းဆီ စပါယ် စသည်ဖြင့် နံမည်အသီးသီး ပေးထားတတ်သည်။ သန့်ရှင်းသပ်ရပ်မှုနဲ့ ဖော်ရွေသောဆက်ဆံရေးကို အထူးဂရုစိုက်သည်။ ထို့ကြောင့်လည်း အချိန်တိုလေးအတွင်းတွင် ဆိုင်ကလေးမှာ နံမည်ရပြီး လူများဖြင့် စည်ကားလို့ နေလေတော့သည်။

လက်ဖက်ရည်ကိုလည်း အများနှင့် မတူ ချိုဆိမ့်၊ ပေါ့ကျ စသဖြင့် ရိုးရိုး မခေါ်စေဘဲ မိုးဟေကို၊ မိုးယုစံ၊ ၀တ်မှုံရွှေရည် စသဖြင့် မင်းသမီး မော်ဒယ်နံမည်လေးများ ပေးထားလေတော့ ဆိုင်ထဲတွင် လက်ဖက်ရည် မှာသောအခါ မင်းသမီးနံမည်အော်သံများဖြင့် လန်ပြန်နေတော့သည်.. စားပွဲထိုးအသစ် တစ်ယောက်ဝင်လျှင် ကိုကျော်ဝေ၏ လက်ဖက်ရည်နံမည်စာရင်းကို အလွတ်ရအောင် အရင်ကျက်ရလေ့ ရှိသည်.. ရပြီဆိုမှ အလုပ်စဆင်းခိုင်းတတ်သည်။  သောက်သုံးသူက ပေါ့ဆိမ့် ၂ခွက်မှာလျှင် မိုးဟေကို ၂ယောက် ဟု တီးကောင်တာရှိ ထိန်လင်းထံ လှမ်းအော်ရသည်။ ချိုကျဆိုလျှင် မိုးယုစံ စသဖြင့် လူစိတ်ဝင်စားအောင် အဆန်းထွင်တတ်သော ကိုကျော်ဝေ ဖြစ်သည်။ ကိုကျော်ဝေက ထိန်လင်းကိုတော့ ညီတစ်ယောက်လို ချစ်ခင်သည်။ သူအပြင်သွားစရာရှိလျှင်၊ ဆိုင်မလာအားလျှင် ထိန်လင်းအား ဆိုင်ကိုကြည့်ရှုထားဖို့ လွှဲအပ်ထားတတ်သည်အထိ သူ့အပေါ် ယုံကြည်စိတ်ချသည်။ ဆိုင်စဖွင့်ကတည်းက ထိန်လင်းနှင့် လက်တွဲလာခဲ့သည် ဆိုတော့လည်း လူယုံတစ်ယောက်ထက် ညီတစ်ယောက်လို သဘောထားသည်။

ထိန်လင်းက ငွေကို ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားတတ်သူ ဖြစ်သည်။ ကိုကျော်ဝေပေးသော လစာမှာ သူ့အတွက် မနည်းလှသော လစာဖြစ်ပြီး မန္တလေးရှိ မိခင်ကြီးထံ ၃လတစ်ခါလောက် ငွေပို့သည်က လွဲ၍ အပိုမသုံးသဖြင့် ငွေအနည်းငယ်တော့ လက်ထဲ စုမိလေသည်။ သူ၏ ရည်ရွယ်ချက်မှာလည်း ကိုယ်ပိုင် လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်ရန်ဖြစ်လေသည်။ ကိုကျော်ဝေကလည်း ဆိုင်တွင် သူနှင့်အတူလုပ်ပြီး ၂နှစ်လောက်ကြာလျှင် သူကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ဖို့ ကူညီပေးမည်ဟု ကတိပေးထားသည်။ ထို့ကြောင့်လည်း သူ့မှာ မျှော်လင့်ချက် အိပ်မက်များဖြင့် ပျော်ရွှင်စွာ၊ ရိုးသားစွာ အလုပ်ကို ကြိုးစားလုပ်ကိုင်နေခဲ့သည်။ ဆိုင်ကိုလည်း အလုပ်သမားစားပွဲထိုးများ၊ မုန့်ဆရာများကို သူကိုယ်တိုင် စေ့စေ့စပ်စပ် ထောင့်စေ့အောင်ကြည့်ကာ ကွပ်ကဲတတ်သည်။ ဒီလိုနှင့် နယ်စပ်မြို့ကလေးရှိ ကိုကျော်ဝေ၏ လက်ဖက်ရည်ဆိုင်တွင် အဆင်ပြေချောမွေ့စွာ အလုပ်လုပ်နေရင်း လအနည်းငယ် အကြာတွင် ဆိုင်တွင် လက်ဖက်ရည် လာသောက်တတ်သော အောင်ကြီးဆိုသည့် ကောင်လေးနှင့် ခင်မင်ရင်းနှီးလာရာမှ သူ့ကို တစ်ရက်တော့ ဘီယာတိုက်မည်ဟုဆိုကာ အပြင်သွားကြဖို့ မကြာခဏ ခေါ်တတ်သည်။ သူက အစောပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း ကြာလာတော့ အားနာလာသဖြင့် လိုက်ပါမည်ဟု ပြောလိုက်မိတော့သည်။

တစ်ရက် သူလက်ဖက်ရည်ဖျော် အလှည့်ပြီးလို့ အခြား တီးဆရာတစ်ယောက်နှင့် လူလဲသော နေ့လည်ချိန်များတွင် အပြင်ထွက်ဖို့ သူ့ကိုလာလာခေါ်သဖြင့် အောင်ကြီးနှင့် မြို့ကလေးထဲ လိုက်လည်ရာမှ ထိန်လင်းအတွက် အတွေ့အကြုံ အသစ်အဆန်းများကို စတင် တွေ့ထိမိလေတော့သည်။ ဘီယာမသောက်ခင် မြို့ကိုလျှောက်ပြမည်ဟုဆိုကာ သူမရောက်ဖူးသော နေရာကို ခေါ်သွားမည်ဟုဆိုကာ မြို့စွန်ဘက်ကို သူ့ကိုခေါ်လာလေသည်။  သူတို့န ယ်စပ်မြို့ကလေး၏ မြို့စွန်ဘက်တွင် ၆ကောင်ဂျင်နှင့် ၄ကောင်ဂျင်ဟု ခေါ်သည့် ဂျင်ဝိုင်းများ ရှိလေသည်။ ၄င်းနေရာကို အောင်ကြီးခေါ်သွားမှ သူရောက်ဖူးခြင်းဖြစ်ပြီး ၄ကောင်ဂျင်နှင့် ၆ကောင်ဂျင် ကစားနည်းကို အောင်ကြီးက သူ့ကို သင်ပြပေးလေသည်။ သူက ၄ကောင်ဂျင်ထက် ကိုယ်တိုင်လည်း ကြိုးကို ဆွဲချကစားနိုင်သည့် ၆ကောင်ဂျင်ကစားနည်းကို ပိုပြီး စိတ်ဝင်စားမိလေသည်။ ကြိုးကို ဆွဲချလိုက်လို့ အံစာတုံးလေးတွ ကျလာရင် ကိုယ်ထိုးထားသည့်အကောင်းပါမပါ စောင့်ကြည့်ရတာကိုက စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။  ထိုးထားသည့်အကောင် ပါလို့ အော်ဟစ်လိုက်ရသော အရသာသည် ဘာနဲ့မှ မတူအောင် စိတ်တွေကို လွတ်လပ် ပေါ့ပါးစေသလို ခံစားရသည်။
၆ကောင်ဂျင်ဆိုသည်မှာ


မိုက်ခရိုဝေဖ့်ရဲ့ ဆိုးကျိုးများ



မိုက်ခရိုဝေဖ့် မီးဖို
နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်ထွန်းကားလာသော ယနေ့လို ခေတ်ကာလမျိုးမှာ ဘယ်အရာမဆို ခလုပ်လေးတစ်ချက်နှိပ်ယုံနဲ့ အဆင်သင့် ရနိုင်လောက်တဲ့အထိ ခေတ်တွေ ပြောင်းလဲလာပြီ ဖြစ်ပါတယ်.. အစားအသောက်ချက်ပြုတ်ရာမှာလည်း ယခင်ကတော့ ထင်းမီးဖိုနဲ့ ချက်ပြုတ်ကြပါတယ်.. ဒီကမှ မီးသွေး၊ လျှပ်စစ်၊ဂက်စ် စသည်တို့နဲ့ ချက်ပြုတ်လာကြရာမှာ ခုတော့ အိမ်ရှင်မတွေအတွက် မိုက်ခရိုဝေဖ့်မီးဖိုနဲ့ လွယ်ကူလျှင်မြန်စွာနဲ့ သက်သက်သာသာ ချက်ပြုတ်နေကြပါပြီ.. အချိန်ကုန်လဲ သက်သာသလို လွယ်လဲလွယ်ကူတာကြောင့် လူသုံးများတဲ့ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် နေရာယူလာပြီ ဖြစ်ပါတယ်.. ဒါပေမဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေမှာ side effect ကတော့ အနည်းနဲ့ အများ ရှိနေတတ်ပါတယ်..  အခုလည်း တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနေကြတဲ့ မိုက်ခရိုဝေဖ့် မီးဖိုနဲ့ပတ်သက်ပြီး လေ့လာမိသလောက် ဆိုးကျိုးတွေ ရှိတာကို တွေ့ရပါတယ်.. ၄င်းကနေ ဖြာထွက်လာတဲ့ ပြင်းထန်တဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေဟာ အစားအသောက်နဲ့ ရေတွေမှာ ပါဝင်တဲ့ မူလ ဓာတ်သဘာဝကို ပြုပြင်ပြောင်းလဲပစ်နိုင်စွမ်း အားကြီးပါတယ်..



မိုက်ခရိုဝေဖ့် မီးဖိုနဲ့ပတ်သက်ပြီး စမ်းသပ်ချက်တစ်ခုက သန့်စင်ထားတဲ့ ရေကို ယူလာပြီး ခွက် ၂ခုထဲကို ခွဲထည့်လိုက်ပါတယ်.. ပထမခွက်ထဲက ရေကိုတော့ ရိုးရိုး မီးဖိုက မီးနဲ့ ကျိုချက်လိုက်ပြီး နောက်ခွက်တစ်ခုကရေကိုတော့ မိုက်ခရိုဝေဖ့်ထဲ ထည့်ပြီး ကျိုချက်ပါတယ်.. ပြီးတော့ အဲဒီရေ၂မျိုးလုံးကို အေးသွားအောင် အအေးခံလိုက်ပါတယ်.. ပြီးတော့ ဖန်ပုလင်းတစ်ခုစီကို ရေတစ်မျိုးစီထည့်ပြီး အမျိုးတူအပင်ငယ်လေး ၂ပင်ကို ထည့်ထားလိုက်ပါတယ်.. နေ့တိုင်းလည်း ရေ၂မျိုးကို သူ့အိုးနဲ့သူ လောင်းထည့်ပေးပါတယ်.. ပြီးတော့ ထူးခြားဖြစ်စဉ်ကို စောင့်ကြည့်တဲ့အခါမှာ အံ့သြစရာက သာမန်ရိုးရိုး မီးဖိုနဲ့ ကျိုချက်ထားတဲ့ ရေကိုထည့်ထားတဲ့ အပင်လေးဟာ လန်းဆန်းစွာ ရှင်သန်နေပြီးတော့ မိုက်ခရိုဝေ့က ထွက်လာတဲ့ရေနဲ့ စိုက်ထားတဲ့အပင်ကတော့ အရွက်တွေဟာ လန်းဆန်းခြင်းမရှိတော့သလို၊ ချည့်နဲ့စွာနဲ့ ရှင်သန်နေခဲ့ရပါတယ်.. ဒီလိုဆိုရင် ရေထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို မိုက်ခရိုဝေ့ဖ်က ပြုပြင်ပြောင်းလဲပစ်လိုက်ပုံ ရပါတယ်..

`````````````````````
စမ်းသပ်ထားတဲ့ အပင်ငယ်

နောက်ထပ် စမ်းသပ်ချက်တစ်ခုက အမျိုးအစားတူ အပင်ငယ်နှစ်ပင်ကို အိုးတစ်ခုစီမှာစိုက်ပျိုးထားပြီး ပထမအိုးကို  Microwaved water လို့ စာတန်းကပ်ထားပြီး အခြားတစ်အိုးမှာ Purified water လို့ စာကပ်ပါတယ်.. ကပ်ထားတဲ့အတိုင်းပါဘဲ ပထမပန်းအိုးကိုတော့ မိုက်ခရိုဝေ့ မီးဖိုနဲ့ ကျိုချက်ထားတဲ့ ရေကို နေ့စဉ်လောင်းပေးပြီး ဒုတိယအိုးကိုတော့ ရိုးရိုး မီးဖိုနဲ့ ချက်ပြီး အအေးခံထားတဲ့ရေကို လောင်းပါတယ်.. အောက်က ပုံတွေမှာ ကြည့်ပါရှင်…

Image Hosted by PicturePush - Photo Sharing

ပထမဆုံးနေ့ အနေအထား


Image Hosted by PicturePush - Photo Sharing
တတိယနေ့ အနေအထား


Image Hosted by PicturePush - Photo Sharing
၅ရက်မြောက်နေ့ အနေအထား


Image Hosted by PicturePush - Photo Sharing
၇ရက်မြောက် အနေအထား


Image Hosted by PicturePush - Photo Sharing 


ကိုးရက်မြောက်အနေအထား( အပင်ကတော့ သေသွားရှာပြီ)

နောက်ဆုံးမှာတော့ မိုက်ခရိုဝေဖ့်က ရေနဲ့လောင်းတဲ့ပန်းအိုးက အပင်လေးဟာ တစ်ဖြေးဖြေး ညှိုးရော်လာပြီး ၉ရက်မြောက်နေ့မှာ အပင်ဟာ လုံးလုံးလျားလျား သေဆုံးသွားပါတော့တယ်. ဒီစမ်းသပ်ချက်ကို ပြုလုပ်သူက William P. Kopp ဖြစ်ပါတယ်ရှင်။

Prepared By: William P. Kopp
A. R. E. C. Research Operations
TO61-7R10/10-77F05
RELEASE PRIORITY: CLASS I ROO1a



ဒီတော့ ကျွန်မတို့ဟာ လွယ်ကူမြန်ဆန်တာနဲ့ဘဲ ဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့ မိုက်ခရိုဝေဖ့် မီးဖိုတွေကို သုံးဖို့ မသုံးဖို့ စဉ်းစားရမှာပါနော်.. ဆက်လက်ပြီး မိုက်ခရိုဝေဖ့် နဲ့ ပတ်သက်တဲ့ ဆိုးကျိုးများကို ဖော်ပြရမယ်ဆိုရင်

မိုက်ခရိုဝေဖ့်ဖြစ့် ချက်ပြုတ်ထားသော အစားစာများကိုရေရှည် စားသုံးခြင်းအားဖြင့် ဦးနှောက်၏လုပ်ငန်းစဉ်များ နှောင့်နှေးခြင်းနှင့့် အစားထိုးမရသော ဦးနောက်ဆဲလ်များ ယိုယွင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

လူ၏ ကိုယ်ခန္ဓာသည် မိုက်ခရိုဝေဖ့်ကြောင့် အသစ်ထပ်မံထွက်လာသော အော်ဂဲနစ်ပစ္စည်းများကို ပုံမှန်ချေဖျက်နိုင်ခြင်း မရှိနိုင်တော့သဖြင့် ကိုယ်တွင်းတွင် ကြာရှည်စွာ ခိုအောင်းနေနိုင်ခြင်းများ ဖြစ်စေနိုင်ပါတယ်.။

ကျားဟိုမုန်း၊ မဟိုမုန်း ထွက်စေသည့် ဖြစ်စဉ်များကို ပြောင်းလဲစေနိုင်ခြင်း၊ မညီမျှစေခြင်း၊ လျော့နည်းသွားခြင်းများ ဖြစ်စေနိုင်ပါတယ် ။

မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်ထားသော အစားအသာက်များတွင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် အဟာရဓာတ်များ လျော့နည်းသွားခြင်းသော်လည်း လျှပ်စစ် သံလိုက်လှိုင်းများကြောင့် အခြားဓာတ်ပေါင်းများ အဖြစ်သို့ ပြောင်းလဲသွားခြင်းသော်လည်းကောင်း ဖြစ်နိုင်သောကြောင့်  စားသောက်သူအတွက် အကျိုး ဖြစ်ထွန်းမှု နည်းပါးပါတယ်.. ၄င်းအပြင် ဖြစ်ပေါ်လာသော ဓာတ်ပေါင်းများကိုလည်း ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နိုင်စွမ်း နည်းပါးပါတယ်.

အသီးအရွက်များတွင် ပါဝင်တတ်သော သတ္တုဓာတ်မှာလည်း မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်လိုက်ပါက ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုးပစ္စည်းများ အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပါတယ်..

မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်ထားသော အစားအသောက်သည် အစာအိမ်၊ အူမကြီး၊ သွေးတို့တွင် ကင်ဆာ  ဖြစ်နိုင်ချေ ပိုမိုများပြားပြီး ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို လျော့နည်းစေနိုင်ပါတယ်

မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်သော အစားအသောက်များသည် မှတ်ဥာဏ်အားနည်းခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ထက်မြက်သော ဥာဏ်ရည်ဥာဏ်သွေး လျော့နည်းလာခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်.

ဒီလိုဆိုရင် ကျန်းမာရေးအရ မိုက်ခရိုဝေဖ့်မီးဖိုတွေကို အမြဲတမ်း မသုံးစွဲသင့်ကြောင်းကို လေ့လာတွေ့ရှိချက်တွေက ညွှန်ပြနေပါတယ်.. ကမ္ဘာအနှံ့မှာ မိုက်ခရိုဝေဖ့် မီးဖိုများကို သုံးစွဲနေကြသော်လည်း ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ အချို့သောပိုက်ဆံရှိ အိမ်ထောင်စုများမှ လွဲ၍ အသုံးပြုကြသူ နည်းပါးပါသေးတယ်..  ဘယ်လိုပင်ဖြစ်စေကာမူ မိုက်ခရိုဝေဖ့်ကို အမြဲတမ်းအသုံးမပြုဘဲ ရိုးရိုး သာမာန် လျှပ်စစ်မီးဖို ဂက်စ်မီးဖို၊ ထင်းမီးသွေး မီးဖိုတို့ကိုသာ တတ်နိုင်သမျှ အသုံးပြုသင့်ကြပြီး  ရံဖန်ရံခါလောက်သာ အသုံးပြုသင့်ပါတယ်လို့ ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်ရှင်..

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်……



ဒီပိုစ့်လေးအတွက် အချက်အလက်များ ကူညီရှာဖွေပေးသော Dr. CK ကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်…

Ref: http://www.highbeam.com/doc/1G1-75178712.html, Google and Funzug.com