သဘာဝတရားကို ဆန်းပြားစွာဖန်တီးကြသူများ


တကယ့်အိမ်လေးတစ်လုံးရဲ့ မြင်ကွင်းပုံ




ကျွန်မ ဘွန်ဇိုင်းပင်လေးတွေအကြောင်းကို အတော်စိတ်ဝင်စားပါတယ်.. ဟိုးလွန်ခဲ့တဲ့ ၅လပိုင်းလောက်ကလည်း ငယ်သော်ငြားလည်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘွန်ဇိုင်းဖြစ်ပေါ်လာခြင်း ရာဇ၀င်နဲ့ လှလှပပ ဘွန်ဇိုင်းပင် လေးတွေအကြောင်း ရေးခဲ့ဖူးပါတယ်.. ဘွန်ဇိုင်းဆိုတဲ့ အဓိပ္ပါယ်ဟာ အိုး(လင်ပန်း) အတွင်းမှာ စိုက်ပျိုးထားသော အပင်လို့ ဖော်ပြခဲ့ပါတယ်.. အပင်တွေကို နှစ်ဘယ်လောက်ကြာကြာ အရွယ်အစားကြီးထွားမလာစေဘဲ ထိန်းချုပ်ထားပြီး သစ်ပင်ကြီးတစ်ပင်ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် စိတ်ရှည်လက်ရှည် ပုံဖော်ထုဆစ်ထားတာ ဖြစ်ပါတယ်.. အဲဒီတုန်းကတော့ တစ်ပင်တည်းကို အိုးတွေနဲ့ စိုက်ပျိုးထားပြီး တကယ့် အပင်ကြီးလို ထင်ရတဲ့ ဖူးပွင့်နေသော သက်ကြီးပု ဘွန်ဇိုင်းပင်တွေအကြောင်းကို လှလှပပ ပုံလေးတွေနဲ့ပါ ဖော်ပြခဲ့တာပါ။ စိတ်ဝင်စားသူများ (ဒီနေရာ)မှာ ဖတ်ကြည့်လို့ရပါတယ်ရှင်။

ဂရိတ်ဝေါလ်တံတိုင်းနှင့် ကျောက်တောင်ကြီးပမာ ဖန်တီးမှု အနုလက်ရာ


ကျောက်ဆောင်ရဲ့ မာကြောမှုနဲ့ သစ်ပင်ရဲ့ နွဲ့ပျောင်းမှု



ရေတံခွန်လေးတစ်ခုပါ ပါဝင်တဲ့ ဖန်တီးမှု


တစ်မျိုးဆန်းနေတဲ့ ရှုခင်းလေးပေါ့


တစ်ပင်တည်း သို့သော်...

 
ဒီတစ်ခါ ရေးချင်တာကတော့ အဲဒီလို သက်ကြီးပု ဘွန်ဇိုင်းပင်တွေနဲ့ သစ်တုံးတွေ၊ ကျောက်တုံး ကျောက်ဆောင်တွေ၊ အိမ်ပုံစံငယ်လေးတွေ ပေါင်းစပ်လို့ တကယ့်ကို ပြင်ပ ရှုခင်းလို ဖြစ်အောင် လှပသိမ်မွေ့တဲ့ အိုင်ဒီယာစိတ်ကူး ကောင်းတွေနဲ့ တည်ဆောက်ထားတတ်တဲ့ မြေယာရှုခင်း အသေးစားလေးတွေအကြောင်း ဖြစ်ပါတယ်.. တစ်ချို့ဆိုရင် ဘုရားကျောင်း၊ လူ၊ တိရိစ္ဆာန်၊ ရေအိုင်၊ လှေ၊ ငှက်၊ ခြုံပုတ်၊ ပန်းပွင့်လေးများ စသည်တို့ ပါဝင်ကြပြီး အလွန်သေးငယ်သော အချိုးအစားများ ဖြင့် ပြုလုပ်ထားသော်လည်း တကယ့် ပြင်ပရှုခင်းနဲ့မခြား ကြည့်ရသူတွေရဲ့စိတ်ကို ကြည်လင် ရွှင်လန်းလာအောင်၊ နှစ်သက်သဘောကျလာအောင် ပြုလုပ်ထားတတ်ကြပါတယ်. အဲဒါဟာ ဘွန်ဇိုင်းနည်းပညာနဲ့ မြေယာရှုခင်း အတတ်ပညာတို့ကို အချိုးညီညီ စိတ်ကူးကောင်းကောင်းနဲ့ ပေါင်းစပ်ထားတဲ့ ပညာဖြစ်ပါတယ်.. သဘာဝအလှအပကို ဝေးဝေးလံလံ သွားကြည့်စရာမလိုဘဲ မိမိရဲ့ အိမ်ထဲမှာဘဲ အလွယ်တကူ မြင်တွေ့ခွင့်ရအောင်  ဆန်းပြားတဲ့ စိတ်ကူးကောင်းလေးတွေနဲ့ ဖန်တီးထားတဲ့ လက်ရာများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

ခန့်ညားခြင်း

ညွှတ်ကိုင်းခြင်း

ပေါင်းကူးခြင်း


ထည်ဝါခြင်း

အင်အားရှိခြင်း


ဟန်ချက်ညီခြင်း


ဘွန်ဇိုင်းပင်နဲ့ ကျောက်တုံးတွေ ပေါင်းစပ် အလှဆင်တဲ့နည်းကို စတင်တာက ထုံးစံအတိုင်း တရုတ်လူမျိုးတွေ ဖြစ်ပါတယ်.. ဒုတိယကမ္ဘာစစ် ပြီးချိန်မှသာ ဂျပန်သို့ ရောက်ရှိသွားပြီး ဂျပန်လူမျိုးများကြားမှာ ရေပန်းစား ထင်ရှားလာခြင်း ဖြစ်ပါတယ်.. ဂျပန်နိုင်ငံတွင် ဘွန်ဇိုင်းကို ၄င်းတို့၏ အထိမ်းအမှတ်၊ ဂုဏ်သိက္ခာတစ်ရပ် အဖြစ်ပါ  အထူးအလေးထား စိုက်ပျိုးကြပြီး အိမ်တိုင်းနီးပါးတွင် ဘွန်ဇိုင်းပင်များကို တွေ့ရနိုင်ပါတယ်.. အများအားဖြင့် ခရမ်းရောင်ပန်းပွင့်သော အပင်၊ ထင်းရူးပင်၊ မေပယ်လ်ပင်တို့ကို ဘွန်ဇိုင်း ပြုလုပ် စိုက်ပျိုးတတ်ကြသော်လည်း အခြားသော အပင်အမျိုးအစား အစုံတို့ကိုလည်း အပင်သေးသေးလေးများဖြင့် တစ်ပင်လုံး ညွှတ်ဝေ သီးပွင့်နေအောင် လှပချစ်စဖွယ်ကောင်းအောင် ပြုပြင်ဖန်တီးထားကြပါတယ်.. ထိုသို့ ဘွန်ဇိုင်းနှင့် ကျောက်တုံး ကျောက်ဆောင်များ ပေါင်းစပ်ပြုပြင်ခြင်းကိုတော့ တရုတ်လူမျိုးများက အထူးပင် ကျွမ်းကျင်ကြပါတယ်.. ဘွန်ဇိုင်းနှင့် အခြား အရာများကို ပေါင်းစပ်၍ ပြုပြင်ဖန်တီထားသော ဘွန်ဇိုင်းမြေယာရှုခင်းကို ဘယ်လိုပင် ပုံစံမျိုးစံ၊ စိတ်ကူး ဒီဇိုင်းမျိုးစုံတို့ဖြင့် ဖန်တီးသော်ငြားလည်း မပါမဖြစ် အဓိက သုံးချက်မှာ အပင်၊ မြေကြီးနဲ့ ကျောက်တုံးတို့ ဖြစ်ကြပါတယ်..


ကျောက်ဆောင်နှင့် ထင်ရှူးပင်

ကျောက်ဆောင်ပေါ်က အိမ်

မတ်မတ်ရပ်ခြင်း

စိတ်ကြည်နူးဖွယ် ရေကန်နဲ့ လှေငယ်


ညီညွှတ်ခြင်းအား

အချို့သော ဘွန်ဇိုင်းပညာရှင်များမှာ ဘွန်ဇိုင်းပင်များကို စုစည်းကာ အိုး(လင်ပန်း) တစ်ခုတည်းတွင်သာ စုပေါင်းစိုက်ပျိုးပြီး တကယ့် တောအုပ်သဏ္ဍာန် ပြုလုပ်ဖန်တီးထားတတ်ကြပါတယ်… ၄င်းပုံသဏ္ဍာန်ရရှိဖို့ အပင်တွေကို ပြုပြင်ဖန်တီးသင့်တဲ့ အရွယ်အစားဟာ ၂နှစ်ကနေ ၆နှစ်အတွင်းမှာ အသင့်တော်ဆုံးလို့ ဆိုပါတယ်.. ၄င်းသစ်ပင်လေးများကို စုပေါင်းပြီး တောအုပ်ပုံစံ ဖန်တီးခြင်းကိုလည်း အနည်းဆုံး အပင် ၅ပင် မှစကာ ဖန်တီးတတ်ကြပါတယ်.. အချို့မှာ ၇ပင် အချို့မှာ ၉ပင် ထက်ကျော်လွန်ပြီးလည်း ပါဝင် ဖန်တီးတတ်ပြီး အရေးအကြီးဆုံးအချက်မှာ တောအုပ်ပြုလုပ်ထားတဲ့ အပင်တွေဟာ “မ” ဂဏန်းများ ဖြစ်တာကို တွေ့ရှိရပါတယ်.. ဘွန်ဇိုင်းတောအုပ် ဖန်တီးသူများ သတိထားရမဲ့ အချက်တစ်ခုမှာ အမျိုးအစားတူ အပင်များကိုသာ ရွေးချယ် စုစည်းပြီး ဖန်တီးခြင်းကသာ အကောင်းဆုံး ဖြစ်စေနိုင်ပါတယ်.. ကွဲပြားခြားနားသော အပင်များကို စုစည်းထားခြင်းအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ ခက်ခဲစေနိုင်ပါတယ်..


စိမ်းလန်းတဲ့တောအုပ်ကလေး


                                                ချစ်စဖွယ်တောအုပ်ကလေး

သဘာဝတရားနဲ့ ထပ်တူ


တကယ့်အပင်ကြီးတွေနဲ့မခြား




 နိမ့်မြင့် အပင်များစုဝေးရာ

စီစီရီရီ

မှီတွယ်ခြင်း

တောအုပ်ဘွန်ဇိုင်းဖြစ်လာဖို့ စတင်ပြုစုပျိုးထောင်တဲ့အချိန်မှာ အပင်ငယ်လေးတွေကို နေရာချထားပုံကလည်း အရေးပါပါတယ်.. စိတ်ကူးထဲမှာ ၄င်းအပင်တွေ အနာဂတ်မှာ ဘယ်လို ပုံစံမျိုး ကြီးထွားလာ မလဲဆိုတာကို ကြိုတင် တွေးတောထားရတယ်လို့ ဆိုပါတယ်.. သို့မှသာ တကယ့် သစ်တောအုပ်နဲ့ တူပြီး သဘာဝကျကျ လှပမှာ ဖြစ်ပါတယ်.. အုပ်စုဓာတ်ပုံ ရိုက်သကဲ့သို့ ရှည်သော အင်အားကြီး သန်မာသော အပင်တွေက အလယ်မှာ နေရာချထားရမှာ ဖြစ်ပါတယ်.. ဘွန်ဇိုင်းပင်များကို ပျိုးထောင်ရာမှာ ရေကို အများအပြားလောင်းခြင်း၊ အပင်အတွက် အလင်းရောင် လိုအပ်သည်ဆိုသော်လည်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်.။ ဘွန်ဇိုင်းတောအုပ် စတင်စိုက်ပျိုးပြီး ၂နှစ်ပြည့်ချိန်မှာ အခြားအိုးနဲ့ ပြောင်းလဲ စိုက်ပျိုးသင့်ကြောင်း သိရပါတယ်.... ဘွန်ဇိုင်းပင်ပုလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ တောအုပ်ကလေးဟာ နှစ်အနည်းငယ် အကြာမှာတော့ တကယ့်တောအုပ်လေးတစ်ခုလို လှပသက်ဝင်ပြီး ရှုချင်စဖွယ်၊ ချစ်စဖွယ်ကောင်းနေပါတော့တယ်..


သမနိရှည်ကြာ


သက်တမ်းရင့် ဘွန်ဇိုင်းပင်ကြီး

လွမ်းမောဖွယ်

တရုတ်ဆန်သော အနုပညာ


ပြိုင်ပွဲဝင် လက်ရာတစ်ခု


ရေသောက်ဆင်းတဲ့ သမင်ပျို

ကျောက်တုံးကျောက်ဆောင်များနဲ့ ဘွန်ဇိုင်းကို မြေယာရှုခင်းပြုလုပ်ဖို့အတွက် အဓိကအချက်မှာ မည်သည့်ကျောက်တုံး ပုံသဏ္ဍာန်နဲ့မဆို ပြုလုပ်နိုင်သော်လည်း ရွေးချယ်ထားသော ကျောက်တုံးမှာ ခိုင်ခန့်မာကြောသော၊ မကွဲအက်လွယ်သော ကျောက်တုံး ဖြစ်ရန်လိုပါတယ် .. ရွေးချယ်သင့်သော ကျောက်တုံး အရောင်များမှာ အဖြူ၊ အမဲ၊ မီးခိုးရောင်၊ နီညိုရောင်တို့ ဖြစ်ကြပါတယ်.. အများအားဖြင့် ထောင်မတ်နေသော ကျောက်တုံးများကို ရွေးချယ်ကြသော်လည်း အလျားလိုက် ဖြစ်နေသော ကျောက်ဆောင် ပုံသဏ္ဍာန်များကိုလည်း ရွေးချယ် ဖန်တီးတတ်ကြပါသေးတယ်.. သေးငယ်သော ကျောက်ဆောင်များကို ပြင်ပတွင်ရှိသော ကျောက်တုံး ကျောက်ဆောင်များ၏ ပုံသဏ္ဍာန်နှင့်မခြား ဖန်တီးပြီး ဘွန်ဇိုင်းပင်များ၊ ခြုံပင်ငယ်များနဲ့ တွယ်ယှက်ပေါင်းစပ်ကာ အခြားသော ရေကန်၊ အိမ်၊ လူ၊ တိရိစ္ဆာန်၊ လှေ စသည်တို့ဖြင့် စိတ်ကူးရှိသလို လှပစွာ ဖန်တီးထားခြင်းသည် ဘွန်ဇိုင်းဖြင့် မြေယာရှုခင်းအလှဆင်ခြင်း ဖြစ်ပါတယ်..

စိမ်းလန်းခြင်း

ဆန်းသစ်ခြင်း

ရင့်ကျက်ခြင်း


ရန်စောင်ခြင်း

အေးချမ်းခြင်း

ပေါင်းစပ်ခြင်း

တည်ငြိမ်ခြင်း


ဝေဆာခြင်း

အထီးကျန်ခြင်း


အဲဒီလို ပြုပြင်ဖန်တီးထားတဲ့ ရှုခင်းသေးသေးလေးတွေကို ကျွန်မအနေနဲ့ နှစ်သက်သဘောကျမိတာမို့ ရှာဖွေစုဆောင်းထားတာလေးတွေကို သူငယ်ချင်းမိတ်ဆွေများကိုလည်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်ရှင်။





source and photos from google search

နှစ်သစ်ဆုတောင်း


ချစ်ခင်ရပါသော ဘလော့ရေးဖော် မိတ်ဆွေများ၊ အလည်လာ စာလာဖတ် ကြသူများ ၊ ရောက်လာကြသူများ အားလုံး မင်္ဂလာရှိတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေရှင်.. တစ်နှစ်ကုန်ဆုံးသွားပြီးတော့ နှစ်တစ်နှစ် စချိန်မှာ အားလုံးဟာ မျှော်လင့်ချက် အသစ်တွေနဲ့ တက်ကြွနေကြမှာတော့ အမှန်ပါဘဲနော်... ဘယ်လိုဘဲ ဖြစ်ဖြစ် နှစ်သစ်ကူးတဲ့ရက်ဆိုရင်တော့ စိတ်ထဲမှာ ခါတိုင်းနဲ့ မတူ အနည်းငယ်လေးတော့ဖြစ်ဖြစ် ထူးထူးခြားခြား ခံစားမိကြမှာပါ။ ဒီလိုထူးခြားတဲ့ နေ့လေးမှာ ကျွန်မခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ ဘလော်ဂါများ၊ စာလာဖတ်ကြတဲ့ မိတ်ဆွေများ အားလုံး ဘ၀ရဲ့ ချိုမြိန်ခြင်း အသီးအပွင့်တွေကို ဆွတ်ခူးနိုင်ပါစေ.... စိတ်ရောကိုယ်ပါ ကြည်လင် ချမ်းမြေ့ပါစေ.. အောင်မြင်ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ... စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒအားလုံးပြည့်ဝကြပါစေ... နေ့ရက်တိုင်း အဓိပ္ပါယ်ပြည့်ဝသော ရှင်သန်ခြင်းဖြင့် ဘ၀ကို ကျော်ဖြတ်နိုင်ပါစေ... ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေ လို့ နှစ်သစ်ဆုတောင်းလေး ပေးပါရစေရှင်။

ကုန်လွန်ခဲ့တဲ့ ၂၀၁၀ကတော့ ကျွန်မအတွက် အပြောင်းအလဲ ကြီးကြီးမားမား မရှိတဲ့နှစ်လို့ ပြောရမှာပါ။ ထူးခြားတာဆိုလို့ ကျွန်မဒီဘလော့လေးကို လုပ်ဖြစ်ခဲ့ပြီး ဒီဘလော့နဲ့ပတ်သက်ပြီး စိတ်ခံစားမှုများစွာ ရှိခဲ့သလို  ပျော်ရွှင်ကြည်နူးမှု များစွာကို ရခဲ့ပါတယ်.. ဒါကြောင့်လည်း ၂၀၁၀ဟာ စာတွေအများကြီး ရေးဖြစ်တဲ့နှစ် ဖြစ်တဲ့အတွက် ထူးခြားမှုတစ်ခုလို့ ပြောရမှာပါ။ စာရေးရင်းနဲ့ မိတ်ဆွေကောင်းတစ်ချို့ကိုလည်း ရရှိခဲ့ပါတယ်.. စာရေးဖော် ဘလော်ဂါများနဲ့လည်း စာတွေ ဖတ်ကြရင်း ဘလော့်ပေါ်ကနေ ရင်းနှီးနွေးထွေးခွင့်ရခဲ့သလို စာလာဖတ်ကြသူတွေဆီက ရခဲ့တဲ့ တုံ့ပြန်သံလေးတွေကလည်း ကျေနပ်ဖို့ကောင်းစွာ ကျွန်မအတွက် အမှတ်ရစရတွေဖြစ်ခဲ့ပါတယ်.. ဒီအတွက်တော့ ၂၀၁၀ကို ကျေးဇူးတင်ပါတယ်.. ဘာဘဲဖြစ်ဖြစ် နှစ်တစ်နှစ်တော့ ကုန်ဆုံးခဲ့ပါပြီ။ ကျွန်မအတွက် ထူးထူးခြားခြား ဘာမှ မလုပ်ဖြစ်ပေမဲ့ ကျွန်မနေတဲ့ မြို့ကလေးမှာတော့ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ မီးရှူးမီးပန်းတွေလွှတ် ဗျောက်အိုးတွေဖောက်နဲ့ တစ်မြို့လုံး ဆူညံနေခဲ့ပါတယ်.. မီးပန်းတွေ ကြည့်ရတာလည်း  အနက်ရောင် ကောင်းကင်ကြီးရဲ့ အောက်မှာ အရောင်စုံတဲ့ မီးပန်းတွေကြောင့် စိတ်လှုပ်ရှားဖို့ကောင်းလှသလို၊ လှလည်းလှပြီး အတော့်ကို ပျော်စရာကောင်းပါတယ်.. ဒါကြောင့် ကျွန်မလဲ ဖုန်းကင်မရာလေးနဲ့ ကောင်းကင်ထက်က မီးပန်းတွေကို ဓာတ်ပုံ ရိုက်ယူထားမိပါတယ်.. အဲဒီပုံလေးတွေထဲက တစ်ချို့ကို ပြန်လည်မျှဝေချင်ပါတယ်ရှင်… 

မီးရောင်စုံဖြာ ကောင်းကင်မှာ

လင်းလက်ကောင်းကင်

မီးပန်းတို့ရဲ့ ပေါက်ကွဲသံစဉ်

ရောင်စဉ်ယှက်ဖြာ


နှစ်သစ်ဦးညလယ်ယံ


ဒါကတော့ ကျွန်မနေတဲ့ မြို့ကလေးမှာ နှစ်သစ်ကူးညရဲ့ နှင်းမှုန်လေးတွေကျနေပုံပါ။

သူများတွေလို နှင်းဖြူဖွေးဖွေးတွေကျတာမဟုတ်ဘဲ မှုန်မွှားမွှားနှင်းကလေးတွေ ကျတာမျိုးပါ။

 
 ဒီပိုစ့်လေးနဲ့အတူ ကျွန်မရဲ့ ဘလောဂ့်ကို အမြဲတမ်းအလည်လာပြီး စာလာဖတ်ကြသူများ၊ ကျွန်မဘလော်ဂ့်ကို လင်ခ့်ချိတ်ထားကြတဲ့  မိတ်ဆွေဘလော်ဂါများကို တစ်ခုပန်ကြားလိုတာက ကျွန်မဘလော်ဂ့်ဟာ Wordpress ကနေ အခုဒီ Blogger ကို ပြောင်းလိုက်တာ ဖြစ်တဲ့အတွက် အရင်လင့်ခ် ချိတ်ထားတဲ့ ဘလော့ဂ်တွေမှာ ပိုစ့်အသစ်တင်တိုင်း Update မပြတော့ဘဲ ဖြစ်နေပါတယ်.. ဒီအတွက် ယခင်ချိတ်ထားတာကို ဖြုတ်ချပြီး ဒီလင့်ကိုဘဲ နောက်တစ်ကြိမ်ပြန်လည် ချိတ်ပေးကြဖို့ အနူးအညွှတ် တောင်းပန်ပါရစေ.. ဘလော့လိပ်စာ ပြောင်းသွားတာ မဟုတ်ပေမဲ့ လင်ခ့်ကို အသစ်ပြန်ချိတ်မှသာ ပိုစ့်အသစ်တင်တိုင်း Update ဖြစ်မှာမို့လို့ပါရှင်။ အလုပ်ရှုပ်သွားစေခဲ့ရင် အနူးအညွှတ် တောင်းပန်ပါတယ်ရှင်။ အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့တဲ့ နှစ်သစ်ဖြစ်ကြပါစေနော်။ ၂၀၁၁ကို ကြည်လင်ရွှင်လန်းစွာ ကြိုဆိုနှုတ်ခွန်းဆက်ကြပါစို့ရှင်။ အားလုံးအတွက် Happy New Year ပါ။


ချစ်ခင်စွာဖြင့်



                                              

မထင်မှတ်တဲ့ အကြင်နာ .....


ကက်သရင်းနဲ့ ကျွန်မဟာ အလွန်ချစ်ခင်ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ဖြစ်ကြပါတယ်.. ငယ်စဉ်ကတည်းက တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က ကူညီလို့ တစ်ယောက်ခံစားချက် တစ်ယောက် ဝေမျှခဲ့ကြသူတွေဖြစ်ပြီး နှစ်ကိုယ့်တစ်စိတ်လို့ ပြောရလောက်အောင် စေးကပ်နွေးထွေးခဲ့ကြတဲ့ အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်…. ဒါပေမဲ့ ကက်သရင်းဟာ အိမ်ထောင်ရေး ကံမကောင်းရှာပါဘူး… ပြီးခဲ့တဲ့ ၃နှစ်လောက်က သူ့အိမ်ထောင်နဲ့ ကွာရှင်းပြီးနောက် ဒီမြို့မှာ ဆက်မနေချင်လောက်အောင် စိတ်ထိခိုက်သွားတဲ့ ကက်သရင်းဟာ အခြားပြည်နယ်တစ်ခုကို ပြောင်းရွေ့သွားခဲ့ပါတယ်..  ဘယ်လောက်ဘဲ ဝေးကွာသွားကြပေမဲ့ ကျွန်မတို့နှစ်ယောက်ဟာ အဆက်အသွယ် မပြတ်ကြဘဲ စာတွေ၊ ပိုစ့်စကဒ်တွေ အမြဲတမ်း ပို့နေခဲ့ကြသလို တစ်ပတ်တစ်ခါ တယ်လီဖုန်း အဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။

စနေနေ့ ညနေခင်းတစ်ခုမှာတော့ ကက်သရင်းဆီက ခေါ်လာတဲ့ဖုန်းဟာ သတင်းဆိုးတစ်ခုကို ယူဆောင်လို့လာခဲ့ပါတယ်.. ဖုန်းသံမြည်လာလို့ ကျွန်မ ကောက်ကိုင်လိုက်တယ်ဆိုရင်ဘဲ ခါတိုင်းနဲ့မတူ တုန်လှုပ်ခြောက်ခြားနေတဲ့ အသံနဲ့ ကက်သရင်းက ကျွန်မကို နှုတ်ဆက်ပါတယ်.. အသံကို နားထောင်ပြီး ကက်သရင်း တစ်ခုခုဖြစ်နေမှန်း သိလိုက်တာမို့ “ကက်သရင်း တစ်ခုခုဖြစ်နေသလား… နေကောင်းရဲ့လား.. ဘာတွေဖြစ်နေလဲ” လို့ ကျွန်မက အလျင်စလို မေးလိုက်မိတော့ ကက်သရင်းဟာ အတန်ကြာ တိတ်ဆိတ်သွားခဲ့ပါတယ်..  ပြီးတော့မှ “ ငါ… ငါ့ ရင်ဘတ်မှာ အကျိတ်တစ်ခု တွေ့လို့…”  ဆိုတဲ့ စကားကို အတော်အားယူလိုက်တဲ့ လေသံနဲ့ တုန်ရီစွာ ပြောလိုက်ပါတယ်… သူ့စကားလည်း ကြားလိုက်ရော ကျွန်မ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး စကားသံ မထွက်နိုင်လောက်အောင်လည်း တဒင်္ဂဆွံ့အ သွားခဲ့ရပါတယ်… ခဏကြာတော့မှာ “ဆရာဝန်နဲ့ စစ်ဆေးကြည့်ပြီးပြီလား..” လို့ ကက်သရင်းကို မေးလိုက်တော့ “ ဆရာဝန်ပြပြီးပြီ..  အကျိတ်ကရတဲ့ အသားစကိုလည်း (Biopsy) စစ်ဆေးပြီးပြီ။ ကင်ဆာကျိတ်လို့ အဖြေထွက်တယ်.. ငါ့ကို အင်္ဂါနေ့မှာ ခွဲစိတ်ဖို့ စီစဉ်ထားတယ်”  ကက်သရင်းက ရှိုက်သံလေးစွက်ပြီး ပြောလာပါတယ်..

သနားဖို့ကောင်းလှတဲ့ ကက်သရင်းပါဘဲ… အိမ်ထောင်ရေးမှာ ကံဆိုးတဲ့အပြင် အခုလည်း ကင်ဆာကျိတ် တွေ့ပြန်ပြီတဲ့… ကျွန်မ ကက်သရင်းကို နှစ်သိမ့်နိုင်ဖို့ ကြိုးစားပါတယ်.. ဒါပေမဲ့ ဘယ်လို စကားလုံးတွေနဲ့ နှစ်သိမ့်ရမယ်ဆိုတာ မသိအောင် ဖြစ်နေခဲ့ပြီး ကျွန်မကိုယ်တိုင်လည်း တည်ငြိမ်မှုရဖို့ကို မနည်းကြိုးစားနေခဲ့ရပါတယ်.. ခုချိန်မှာ ကက်သရင်းဟာ သိပ်ခံစားနေရမယ်၊ တုန်လှုပ်ခြောက်ခြား၊ အားငယ်နေမယ်ဆိုတာ ကျွန်မသိပါတယ်.. သူဟာ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်သလို ညီအစ်မအရင်းတွေလို ချစ်ခင်ရသူဆိုရင်လဲ မမှားပါဘူး။ ကိုယ်ခင်မင်တွယ်တာ ရသူတစ်ဦးဦးမှာ ကင်ဆာဖြစ်နေပြီ ဆိုတဲ့အသိဟာ ဘယ်လောက်တောင် ထိတ်လန့်တုန်လှုပ်ဖို့ ကောင်းတယ်ဆိုတာ စဉ်းစားကြည့်ဖို့တောင် ခက်ခဲလွန်းပါတယ်.. ကျွန်မတို့ နှစ်ယောက်လုံး သူ့ရဲ့ ကင်ဆာအကြောင်းကို ဆက်မပြောဖြစ်တော့ဘဲ ဘာမှမဖြစ်သလိုနဲ့ တစ်ခြား အကြောင်းအရာတွေကိုသာ ဆက်ပြီးပြောနေခဲ့ပါတယ်.. ကျွန်မလဲ ကက်သရင်းစိတ်ပျော်ရွှင်မဲ့ အကြောင်းအရာမျိုးလေးတွေကို ရွေးပြီး ဂရုစိုက် ပြောဆိုနေခဲ့ပေမဲ့ ရင်ထဲမှာတော့ ပူလောင်လို့နေပါတယ်.. အတန်ကြာဖုန်းပြောပြီး ကက်သရင်းက နှုတ်ဆက်ကာ ဖုန်းချသွားခဲ့ပါတယ်..

သေခြင်းတရားနဲ့ အနီးဆုံးလို့ ပြောရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကင်ဆာဟာ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ကက်သရင်းကို ထိုးနှက်နေပါပြီ။ ကျွန်မရဲ့ အချစ်ဆုံး မိခင်ဟာလည်း ကင်ဆာနဲ့ဘဲ လွန်ခဲ့တဲ့ ၇နှစ်လောက်က ကျွန်မတို့ကို ခွဲခွာသွားခဲ့တာ ဖြစ်ပါတယ်.. ကက်သရင်း ဘယ်လောက်များ ကြောက်လန့်၊ ခံစားနေရရှာမလဲ။ အိမ်ထောင်ကွဲပြီး သားသမီးလည်း မကျန်ခဲ့တဲ့ ကက်သရင်းဟာ ခွဲစိတ်မဲ့အချိန်မှာ သူ့ဘေးမှာ အရင်းနှီးဆုံးသူဆိုတာ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး… အဲဒီချိန်မှာ သူဘယ်လောက်များ အားငယ်နေမလဲဆိုတာ မှန်းဆကြည့်လို့ ရပါတယ်.. ကက်သရင်းဟာ ကျွန်မကို လာစေချင်တယ်လို့ တစ်ခွန်းမှ ပြောမသွားခဲ့သလို ကျွန်မကလည်း လာခဲ့မယ်လို့ တစ်ခွန်းမှ ပြန်မပြောဖြစ်ခဲ့ပါဘူး.. ဒါပေမဲ့ ကက်သရင်းကျွန်မကို လာစေချင်မှန်း ကျွန်မရင်ထဲက သိနေခဲ့သလို ကျွန်မ မဖြစ်ဖြစ်အောင် သူ့ဆီ ရောက်လာလိမ့်မယ်ဆိုတာ ကက်သရင်း သိနေမယ်လို့ ကျွန်မခံစားမိပါတယ်.. ပြီးတော့ ကျွန်မလည်း အဲဒီချိန်လေးမှာ သူ့ဘေးနားမှာ ရှိနေချင်ပါတယ်.. သူဟာလည်း ကျွန်မကို လိုအပ်နေမှာ သေချာပါတယ်..   ဒါကြောင့် ကက်သရင်းအကြောင်း ကျွန်မခင်ပွန်းကို ပြောပြလိုက်ပြီး ခွဲစိတ်မှု ခံယူမဲ့နေ့မှာ သူ့ဆီကို သွားချင်တဲ့အကြောင်း ခွင့်တောင်းပါတယ်.. နားလည်ပြည့်ဝတဲ့ ကျွန်မရဲ့ အမျိုးသားဟာလည်း အင်္ဂါနေ့မနက်ခင်းထွက်မဲ့ လေယာဉ်အတွက် ချက်ခြင်းဘဲ လက်မှတ် ဘွတ်ကင်လုပ်ပေးပါတယ်..

နှစ်ရက်လုံးလုံး စိတ်နဲ့ကိုယ် မကပ်မိအောင် ဖြစ်နေခဲ့ရကာ ကက်သရင်းအတွက် တစ်ချိန်လုံး စိတ်သောက ရောက်နေခဲ့မိပါတယ်.. ဒီရက်အတွင်း လုပ်စရာရှိတဲ့အလုပ်တွေကို ပြီးပြတ်အောင် ကြိုစားလုပ်ခဲ့ပြီး အင်္ဂါနေ့မနက်ခင်းမှာ လေဆိပ်ကို ကျွန်မရဲ့ အမျိုးသားက လိုက်ပို့ပါတယ်.. အ၀တ်အစားအိတ်တစ်လုံးနဲ့ ကျွန်မကို လေဆိပ်မှာထားခဲ့ပြီး သူ့အလုပ်ကို ထွက်ခွာသွားခဲ့ပါတယ်.. လေဆိပ်ရောက်တဲ့ အချိန်မှာတော့ ကက်သရင်းရှိတဲ့မြို့ကို သွားဖို့ လေယာဉ်လက်မှတ်ရောင်းတဲ့ ကောင်တာမှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို တွေ့လိုက်ရပါတော့တယ်.. ကျွန်မအလှည့် ရောက်ဖို့ကိုဘဲ မိနစ် ၂၀ကျော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရပါတယ်.. ကောင်တာရှေ့ရောက်တော့ ကျွန်မရဲ့ မှတ်ပုံတင်ကဒ်ပြားကို ကောင်တာက အမျိုးသမီးလေးကို လှမ်းပေးလိုက်ပြီး လက်မှတ်မှာထားကြောင်း ပြောပြတော့ ကွန်ပျူတာကို ခဏလောက် စစ်ဆေးပြီးတာနဲ့ အမျိုးသမီးလေးက ကျွန်မရဲ့ မှတ်ပုံတင်ကဒ်လေးကို ပြန်ထိုးပေးပြီး “၀မ်းနည်းပါတယ်ရှင်.. ခုလောလောဆယ်ထွက်မဲ့ လေယာဉ်အတွက်တော့ လက်မှတ် မရနိုင်တော့ပါဘူး.. အားလုံးကုန်သွားပြီ ဖြစ်ပါတယ်.. မနက်ဖန်ထွက်မဲ့ လေယာဉ်ဆိုရင်တော့ လက်မှတ်ရဖို့ စီစဉ်ပေးနိုင်ပါတယ် ” လို့ ပြောလာပါတယ်..

“ ဒါ.. ဒါပေမဲ့ ကျွန်မ ကြိုတင်မှာထားခဲ့တာ လွန်ခဲ့တဲ့ ၂ရက်ကတည်းပါ။ ဒီနေ့လေယာဉ်နဲ့ လိုက်မှ ဖြစ်မှာမို့ပါ။ ဒီခရီးဟာ ကျွန်မအတွက် အပျော်သွားမဲ့ခရီး မဟုတ်ပါဘူး…. ကျွန်မအတွက် အရေးကြီးပါတယ်..  ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ မကြာခင် ခွဲစိတ်ခန်းဝင်ရတော့မှာပါ.. သူ ကျွန်မကို လိုအပ်နေလိမ့်မယ်.. ကျွန်မလဲ သူ့ဘေးမှာ ရှိနေဖို့ လိုအပ်တယ်… ဒါကြောင့် ဒီနေ့လေယာဉ်ကို ဖြစ်အောင် စီစဉ်ပေးပါ”  လက်မှတ်ရောင်းသူ အမျိုးသမီးလေးကို အငမ်းမရ ဗလုံးဗထွေးနဲ့ ထစ်ငေါ့စွာ ပြောနေမိပါတယ်.. “ ၀မ်းနည်းပါတယ်ရှင် .. အားလုံးဟာ သူ့ကိစ္စနဲ့သူ အရေးကြီးနေကြတာကြီးပါဘဲ… လက်မှတ်ရဖို့ ဒီလိုဘဲ အကြောင်းပြကြမှာပါဘဲ။ အစ်မက လက်မှတ်ကို မှာရုံမှာထားပြီး လာမဖြတ်ထားတဲ့အတွက် ဒီမနက်ဘဲ ရောင်းလိုက်ပါပြီ.. ခုတော့ လက်မှတ်က ဘယ်လိုမှ မရှိတော့တဲ့အတွက် ခုထွက်မဲ့လေယာဉ်နဲ့ လိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး… မနက်ဖြန်ထွက်မဲ့ လေယာဉ်အတွက်ဆိုရင် လက်မှတ်ရပါမယ်..” ကျွန်မလဲ ဘယ်လိုမှ အချိန်ဆိုင်းဖို့ မဖြစ်နိုင်တဲ့အတွက် ညွှတ်နူးစွာတောင်းပန်ဖို့ လေသံကို အတတ်နိုင်ဆုံး လျှော့ချပြီး  “ညီမရယ်.. တကယ်ကို အရေးကြီးလို့ပါ .. အစ်မအတွက် မသွားမဖြစ် ခရီးမို့ပါကွယ်.. ဒီနေ့ထွက်မဲ့ လယာဉ်အတွက်ဘဲ အတတ်နိုင်ဆုံး ကူညီပါ ညီမရယ်” လို့ ပြောလိုက်ပေမဲ့ “ ဘယ်လိုမှ မတတ်နိုင်လို့ပါအစ်မ.. မနက်ဖန်မှဘဲ ရပါမယ်.. တစ်ရက်တော့ စောင့်ပါ”    ကောင်မလေးက ပုခုံးလေးကို တွန့်ကာ ပြန်ပြောလိုက်ပြီး ကျွန်မကို အရေးမစိုက်တော့ဘဲ နောက်တစ်ယောက် လို့ အော်လိုက်ပါတော့တယ်..

ကောင်တာကနေ နှေးကွေးလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ ထွက်ခွာလာပြီးတဲ့နောက်မှာ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်မိကာ နီးရာ ခုံလွတ်တစ်ခုမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိပါတော့တယ်.. မျှော်လင့်မထားတဲ့ အခက်အခဲကြောင့် စိတ်တွေထိခိုက်လွန်းရပြီး ကျွန်မပါးပြင်ပေါ်မှာလည်း မျက်ရည်တွေ စီးကျလာပါတော့တယ်.. ပိုက်ဆံအိတ်လေးထဲက တစ်ရှူးစကို ထုတ်လိုက်ပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို အသာတို့ သုတ်လိုက်ချိန်မှာတော့ လေဆိပ်အသံချဲ့စက်ကနေ မကြာခင်မှာ လေယာဉ်ထွက်ခွာတော့မဲ့အကြောင်း ကြေငြာသံ ထွက်လာပါတယ်..  လူတစ်ချို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး လေယာဉ်ရှိရာကို သွားကြဖို့ ပစ္စည်းတွေ အဆင်သင့် ပြင်ဆင်နေတာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ နာနာကျင်ကျင် ခံစားရပြီး အလုံးကြီးတစ်ခုကလည်း ရင်ဘတ်ထဲမှာ ဆောင့်တက်လာခဲ့သလို  ၀မ်းဗိုက်တစ်ခုလုံးပါ နာကျင်စွာ ခံစားနေရပါတယ်.. မျက်ရည်တွေက အဆင်မပြတ် ပါးပြင်ပေါ် ပြန်လည် စီးကျလာပြန်ပါတယ်.. ကက်သရင်း ကျွန်မကို စောင့်နေရှာတော့မှာဘဲ… ကျွန်မ အချိန်မှီရောက်မသွားခဲ့ရင် သူဘယ်လောက် ၀မ်းနည်း အားငယ်နေမှာပါလိမ့်…  ဒါပေမဲ့ ကျွန်မ သူ့ဆီ ဒီနေ့တော့ မရောက်နိုင်တော့ဘူး.... စိတ်ထိခိုက်စွာ တွေးမိရင်း စီးလာတဲ့ မျက်ရည်တွေကို သုတ်ဖို့ မကြိုးစားတော့ဘဲ သက်ပြင်းကို လေးကန်စွာ ချလိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ အောက်မှာ ချထားတဲ့ ကျွန်မရဲ့ အ၀တ်အစားအိတ်ကို ငုံ့ကာ ကောက်ယူလိုက်ပါတော့တယ်..

“အန်တီ တစ်ခုလောက် ကူညီပါရစေလား” .. နူးညံ့တဲ့ အသံလေးတစ်ခုကို ကြားလိုက်ရတာကြောင့် ခေါင်းကို ပြန်မော့ပြီး ကြည့်လိုက်တော့ အပြာရောင်မျက်ဝန်းတစ်စုံနဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ဦးက ကျွန်မကို ပြုံးပြနေတာကို တွေ့လိုက်ရပါတယ်.. လေဆိပ်ရဲ့ မှန်ပြူတင်းတွေကို ဖြတ်သန်းပြီး ၀င်ရောက်လာတဲ့ နံနက်ခင်း နေခြည်နုနုလေးတွေက အမျိုးသမီးကြီးရဲ့ ဆင်စွယ်ရောင် အသားအရေကို ပိုမိုဝင်းလက် တောက်ပနေစေခဲ့ကာ ငွေမှင်ရောင်သန်းနေတဲ့ ခေါင်းပေါ်က ဆံပင်တွေကလည်း သူမရဲ့ သွယ်လျကျက်သရေရှိတဲ့ မျက်နှာကို အနားသတ်ထားသလို ရှိနေခဲ့ပါတယ်.. အသက်ကြီးနေပေမဲ့လို့ ရင့်ကျက် အိနြေ္ဒတွေနဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်နှာပြင်က ခန့်ထည်စွာ ကြည့်ကောင်းနေဆဲပါ။ ကျွန်မက မျက်ရည်တွေကို သုတ်ပစ်လိုက်ရင်း နားမလည်နိုင်စွာနဲ့ “ဘယ်လိုများ ကူညီမလို့ပါလဲ”  လို့ ပြန်မေးလိုက်တော့  “သမီး လက်မှတ်ကောင်တာမှာ အခြေအတင် စကားပြောနေတာ အန်တီကြားရပါတယ်.. ခွဲစိတ်ခန်းဝင်မဲ့ လူနာအတွက်လည်း အန်တီ ကိုယ်ချင်းစာမိပါတယ်.. ဒီတော့ အန်တီက ခုံနံပါတ် 7B မှာ နေရာရထားပြီးသားပါ.. သမီး အန်တီလက်မှတ်ကို ယူပြီး ဒီလေယာဉ်နဲ့ လိုက်သွားမယ်ဆိုရင် အန်တီ ၀မ်းသာမိမှာပါကွယ်..” သူမက လေယာဉ်လက်မှတ်လေးနဲ့ ၀င်ခွင့် ဖြတ်ပိုင်းလေးကို ပြလိုက်ရင်း ကျွန်မကို ပြောလိုက်ပါတယ်..

ရုတ်တရက်တော့ ကျွန်မ ၀မ်းသာစိတ် ဖြစ်မိလိုက်ပေမဲ့ သူ့ဆီက လက်မှတ်ကို ယူဖို့ဆိုတာ စဉ်းစားကြည့်လိုက်တော့ တွေဝေသွားခဲ့ပါတယ်.. ကိုယ့်ကြောင့် သူရဲ့ ခရီးစဉ်နှောင့်နှေးသွားမှာ၊ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့မှာကိုလည်း ကျွန်မ မလိုလားပါဘူး… ဒါကြောင့် “ကျွန်မ အန်တီ့လက်မှတ်ကို မယူပါရစေနဲ့….. ကျွန်မကြောင့် အန်တီ့ခရီး အနှောက်အယှက် မဖြစ်စေချင်ပါဘူး.. အန်တီလဲ ခရီးဆုံးကို စောစောစီးစီး ရောက်ချင်မှာဘဲ မဟုတ်လား”  လို့ ကျွန်မက ပြောလိုက်တော့ သူမက ခပ်ဖွဖွလေး တစ်ချက် ပြုံးလိုက်ပြီး “ အန်တီ့ အိမ်အပြန်ခရီးကို ဘယ်သူကမှ စောင့်မနေပါဘူးကွယ်.. အရေးတကြီး ပြန်စရာအကြောင်းလဲ မရှိပါဘူး.. စောရောက်သည်ဖြစ်စေ.. နောက်ကျမှ ရောက်သည်ဖြစ်စေ အန်တီ့အတွက် ဘာမှ မထူးပါဘူး.. အန်တီက တစ်ယောက်တည်း နေတဲ့သူပါ.. ဒီမြို့မှာ တစ်ရက်လောက် ထပ်နေရလဲ အန်တီ့အတွက်ထူးပြီး စိတ်အနှောက်အယှက် မဖြစ်ပါဘူး.. မသွားဖြစ်တော့ဘူးလို့ ဖုန်းဆက်လိုက်တာနဲ့ အန်တီ့သမီးက လေဆိပ်ကိုရောက်လာပြီး သူ့အိမ်ကို ပြန်ကြိုသွားမှာပါ.. အန်တီရဲ့ မြေးကလေးတွေကိုတောင် အံ့သြအောင် လုပ်လို့ရပါသေးတယ်.. သမီး စိတ်ဖြောင့်ဖြောင့်နဲ့ အန်တီ့နေရာကို ယူပြီး သွားလိုက်ပါ.. သမီး သူငယ်ချင်း လူနာအတွက် အရေးကြီးပါတယ်.. ”

“ ခုလို ကူညီတာ သိပ်ကျေးဇူးတင်ပါတယ်အန်တီ… ဒါပေမဲ့ အန်တီနဲ့ ကျွန်မတို့ နောက်ကို ပြန်မတွေ့ဖြစ်ကြရင် အန်တီ့ကို အပြန်အလှန်အားဖြင့် အကူအညီတစ်ခုခု ဘယ်လိုမှ ပြန်ပေးနိုင်မှာမဟုတ်တဲ့ အတွက် အန်တီ့ဆီက အကူအညီယူဖို့ဆိုတာ သိပ်ကို အားနာပါတယ်.. ” လို့ ကျွန်မ ခေါင်းမာမာနဲ့ ပြန်ပြောမိတော့ “ သိပ်မစဉ်းစားပါနဲ့ သမီးရယ်.. သမီးသူငယ်ချင်းဆီကို  ဒီနေ့ရောက်အောင် သွားဖို့တာ စဉ်းစားပါ…” သူက ကျွန်မကို သူကိုင်ထားတဲ့ လက်မှတ်ကို အတင်းထိုးပေးပြီး တိုက်တွန်းပါတယ်.. ကျွန်မလဲ သူ့ရဲ့ ရက်ရောတဲ့ အကူအညီကို လက်ခံယူဖို့ ဆုံးဖြတ်လိုက်ပြီး နှစ်ယောက်သား လက်မှတ်ရောင်းတဲ့ ကောင်တာကို ထွက်လာကြကာ သူ့ခုံနေရာနဲ့ ကျွန်မ လိုက်ခွင့်ရဖို့အတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ကြရာ အချိန်အနည်းငယ်အတွင်းမှာဘဲ အားလုံး ပြေလည်သွားပါတော့တယ်.. ဒီနေ့တော့ ကက်သရင်းဆီ မရောက်နိုင်တော့ဘူးလို့ ထင်ထားကာမှ ဘယ်လိုမှ မမျှော်လင့်တဲ့ သူတစ်ယောက်ရဲ့ ကြင်နာမှုကြောင့် ကျွန်မ ဒီလေယာဉ်နဲ့ လိုက်ခွင့်ရလိုက်ပါပြီ။

လေယာဉ်ဆီ ထွက်ခွာဖို့ အဆင်သင့်ဖြစ်ချိန်မှာ ကျွန်မဟာ အင်မတန် ရက်ရော သဘောကောင်းလှတဲ့ အမျိုးသမီးကြီးရဲ့လက်ကို တင်းတင်းကြပ်ကြပ် ကျေးဇူးတင်စွာ ဆုပ်ကိုင်လိုက်ရင်း မျက်ရည်ဝေ့နေတဲ့ မျက်ဝန်းတွေနဲ့ ကျေးဇူးတင်စကား အထပ်ထပ် ဆိုနေမိပါတယ်..  သူမကလည်း ကျွန်မရဲ့လက်တွေကို ပြန်လည်ဆုပ်ကိုင်ပြီး “ တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်ဟာ ခုလို သောကတွေ၊ ပူပန်မှုတွေပိုက်ပြီး စိတ်ဆင်းရဲကြီးစွာ ခံစားနေရတာကို တွေ့ကြုံလာခဲ့ရင် အန်တီ့နေရာမှာ သမီးသာဆို ခုလိုဘဲ ပြန်ကူညီမယ်ဆိုတာ အန်တီယုံကြည်ပါတယ်.. ”  ဆိုတဲ့စကားနဲ့အတူ အားပေးပြုံးလေး တစ်ချက် ပြုံးလိုက်ရင်း ကျွန်မလက်ကို လွှတ်ပေးလိုက်ပါတယ်.. ကျွန်မလဲ သူ့ကို နှုတ်ဆက်စကားဆိုပြီး အ၀တ်အစားအိတ်ကို ကောက်ယူလိုက်ကာ လေယာဉ်ရှိရာကို အပြေးအလွှား ထွက်ခွာလာခဲ့ပါတော့တယ်..


ကက်သရင်းရဲ့ ခွဲစိတ်ကုသမှု အစီအစဉ်ကို အချိန်မှီဘဲ ကျွန်မ ရောက်သွားခဲ့ပါတယ်.. ကံကောင်း ထောက်မစွာဖြင့် အားလုံးဟာ အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်..  ခွဲစိတ်ကုသမှုလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သလို ဆရာဝန်ကြီးကလည်း ကက်သရင်းရဲ့ ကင်ဆာဖြစ်ခါစ အကျိတ်နဲ့ အသားစအားလုံးကို ဖယ်ရှားပြီးကြောင်းနဲ့ စိတ်ချမ်းသာစွာ နေနိုင်ပြီ ဖြစ်ကြောင်း ရှင်းပြပါတယ်..  လေဆိပ်မှာ ကျွန်မကို ကူညီလိုက်တဲ့ အမျိုးသမီးအကြောင်း ကက်သရင်းကို ပြောပြလိုက်တော့ ကက်သရင်း ကလည်း လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောပါတယ်. ကျွန်မကိုယ်တိုင်လည်း ကြင်နာတတ်တဲ့ အဲဒီအမျိုးသမီးကို မကြာခဏ သတိရနေခဲ့မိပါတယ်.. သူတစ်ပါးကို ကူညီဖို့အတွက် သူ့ရဲ့ အဆင်ပြေချောမွေ့မှုတွေကို စွန့်လွှတ်သွားခဲ့တဲ့ အမျိုးသမီးကြီးလို လူမျိုးတွေဟာ လောကကို အလှဆင်နေကြတဲ့ သူတွေထဲမှာ ပါဝင်နေကြသူတွေ ဖြစ်ပါတယ်.. ကျွန်မကိုယ်တိုင်လည်း အကူအညီ လိုအပ်နေတဲ့သူတွေကို တွေ့လာချိန်မှာ မျက်နှာလွှဲမပစ်ဘဲ တတ်နိုင်တဲ့ အကူအညီကို ပေးနိုင်အောင် ကြိုးစားသွားဖို့ ဆုံးဖြတ်မိပါတယ်.. အဲဒါဟာလည်း ကျွန်မကို ကူညီသွားခဲ့တဲ့ အမျိုးသမီးကြီးကို ပြန်လည် ကျေးဇူးဆပ်ခြင်းဖြစ်သလို လောကကြီးကို အလှဆင်နေတဲ့ သူတွေထဲမှာ တစ်ထောင့်တစ်နေရာက တစ်ယောက်သောသူအဖြစ် ပါဝင်အားဖြည့်ခြင်းလဲ ဖြစ်တယ် မဟုတ်ပါလားရှင်။


Chicken Soup for the Soul ( Older and Wiser) မှ Suzanne A. Baginskie ရဲ့ A Friendly Act of Kindness ကို နှစ်သက်စွာ ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


ဝင်းပစိုပြေ အသားအရေ


 

လူတိုင်းဟာ တောက်ပစိုပြေချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ အောက်မှာတော့ ဖတ်ခဲ့ဖူးတဲ့ အရေပြားစိုပြေလှပစေမဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးပါရစေရှင်။





၁. နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် သောက်ပါ။





၂.သကြားမုန်လာကို အပိုင်းပိုင်း ခုတ်ဖြတ်၍ အရည်ညှစ်ပြီး သင်၏မျက်နှာပေါ် ၅မိနစ်ခန့် လိမ်းကျံထားပါ… ထို့နောက် ဆပ်ပြာအပျော့စားဖြင့် မျက်နှာကို သန့်စင်ပေးပါ။








၃.နံ့သာကို နှင်းဆီရေဖြင့်ဖျော်၍ နွားနို့ အနည်းငယ်ရောကာ သင့်မျက်နှာနှင့် ကိုယ်ခန္ဓာကို လိမ်းကျံပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးပါ။

၎.ရေခွက်ထဲ ပျားရည်အနည်းငယ်ထည့်ကာ မနက်ခင်းတိုင်း သောက်သုံးပေးပါက သင့်အသားအရေကို စိုပြေ ချောမွေ့ တောက်ပ စေနိုင်ပါသည်။

၅.ပျားရည်ကို အနည်းငယ် အပူပေးပြီး ရှောက်ရည်၊ သံပုရာရည်ဖြင့် ရောကာ မျက်နှာကို ၁၀မိနစ်ခန့် ပေါင်းတင်ပေးပါ။

၆.နနွင်း၊ နံ့သာ၊ သံလွင်ဆီ တို့ကို ရောစပ်၍ ခန္ဓာကိုယ်ကို လိမ်းပေးပြီး ၁၀မိနစ်ခန့်ကြာလျင် ရေဆေးပစ်ပါ။

၇.နွားနို့ဖြင့် ခန္ဓာကိုယ်ကို နှိပ်နယ်ပေးပါ။ နွားနို့သည် အရေပြားကို ချောမွေ့သန့်စင်စေသော အကောင်းဆုံး အားဖြည့်အလှဆီ ဖြစ်ပါသည်။

၈.အခန်းတွင်း အပူချိန်ကို ပုံမှန်အနေအထားတွင်သာ ထားရှိပါ။ အလွန်အေးခြင်း အလွန်ပူပြင်းခြင်း စသော အစွန်းရောက် အနေအထားကို ရှောင်ကျဉ်ပါ။

၉.ရေကို အချိန်ကြာကြာချိုးပါက သင်၏ခန္ဓာကိုယ်ရှိ ဆဲလ်အသေများ အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။ တဘက်ဖြင့် ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။

၁၀. ဗီတာမင် အေနှင့်စီ များများပါဝင်သော အစားအစားကို စားပါ။



၁၁.နေပူထဲထွက်ဖန်များ၍ အရေပြားများ နေပူလောင်သော် ပုံမှန်အသားအရေ ပြန်ရရှိရန်အတွက် သခွားရည်နှင့် ခရမ်းချဉ်သီးရည် ဆတူရောကာ ၄င်း အပူလောင်သောနေရာကို လိမ်းပြီး ၁၀မိနစ်ခန့်ကြာလျှင် ရေဆေးချလိုက်ပါ။




၁၂.မုန်ညင်းဆီဖြင့် အရေပြားကို ၅မိနစ်ခန့် နှိပ်နယ်ပြီး ဂျုံမှုန့် အနုစား သို့မဟုတ် ဆပ်ပြာအပျော့စားဖြင့် ရေချိုးပေးပါ။

၁၃. ဒိန်ချဉ်နှင့် ဂျုံမှုန့်တို့ကို ရောနယ်ကာ မျက်နှာပေါ်တွင် ၅မိနစ်ခန့်ထားပြီး ဆေးကြောပေးပါ။

၁၄.အသားအရေ ကြမ်းတမ်း ညစ်နွမ်းနေသောသူများ အရေပြား ပြန်လည်စိုပြေ လှပလာစေရန်အတွက် အသီးအနှံ များများစားပါ။ မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် (အသုပ်) များများစားပါ။ဆိတ်နို့၊ ချိစ်၊ ထောပတ်သီး၊ မုံလာထုပ်၊ ပင်လယ်ကျောက်ပွင့် တို့ကို များများစားပေးပါ။

၁၅. အရေးအကြောင်း၊ အတွန့်များသော မျက်နှာနှင့် အသားအရေ ပိုင်ရှင်များအတွက် သခွားသီးသည် အကောင်းဆုံး ကုသပေးနိုင်သော သဘာဝဆေးတစ်လက်ဖြစ်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ မျက်နှာပြင်ပေါ်တွင် ၁၅မိနစ်ခန့်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ။

၁၆.အဖုအပိန့်များသောအရေပြားပိုင်ရှင်များသည် ပဲပင်ပေါက်၊ ဘာလီ၊ ဂျုံ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး ၊ သဖန်းသီး၊ သတွတ်သီး၊ ဟင်းနုနွယ်ရွက် စသည်တို့ကို များများစားသုံးသင့်ပါသည်။

 ၁၇.ခြောက်သွေ့ကွဲအက်နေသော အသားအရေများအတွက် ဂျုံမြက်နုနှင့် အစိမ်းရောင် များများပါသော အသီးအရွက်များကို စားသုံးသင့်ပါသည်။


စိုပြေလန်းဆန်း နုပျိုကျန်းမာ စိတ်ချမ်းသာကြပါစေရှင်။

ရခဲ့ဖူးတဲ့ ခရစ္စမတ်လက်ဆောင်



မနက်ခင်း အိပ်ရာမှနိုးနိုးချင်း ခေါင်းရင်းမှ ပြူတင်းတံခါးကို ဖွင့်လိုက်စဉ်မှာဘဲ နှင်းငွေ့တွေဖြင့် ဝေ့၀ဲလွင့်မျောကာ နုထွေးစိမ့်အေးနေသည့် လေပြေကလေးက သူမမျက်နှာကို ရုတ်တရက် ဖြန်းပက် ကျီစယ်လိုက်သည်။ မှုန်ဝါးဝါး နှင်းပွင့်လေးတွေကြောင့် ခပ်ဝေးဝေးမှာ အမြဲတမ်း ပြာလွင်လှပစွာ ရှိနေတတ်သော တောင်စဉ်တောင်တန်း အထပ်ထပ်တွေကိုပင် မမြင်နိုင်တော့အောင် ၀န်းကျင်တစ်ခုလုံးက ၀ိုးတ၀ါးလေး ဖြစ်လို့နေသည်။ ကြည့်လေရာ နေရာတိုင်းကို မှုန်ဝါးဝါးလေးသာ မြင်နေရအောင်ဘဲ ဒီဇင်ဘာရဲ့ နှင်းဝတ်လွှာလေးတွေက ၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံလို့ထားခဲ့ပြီ။ အမြဲတမ်း အိပ်ရာထ နောက်ကျတတ်သဖြင့် မနက်ခင်းမှာ နှင်းတွေ ဝေနေပြီ ဆိုတာကို သတိမထားမိခဲ့ဘဲ ထူးထူးခြားခြား စောစီးစွာ နိုးလာသော ဒီမနက်ခင်းလေးမှဘဲ နှင်းတွေကို သူမ မြင်တွေ့လိုက်ရတော့သည်။ တကယ်တမ်းတော့ ဆောင်းဆိုတာ နှင်းတွေရှိမှ ပြီးပြည့်စုံသလို၊ စိမ့်စိမ့်လေး အေးမှလည်း ဆောင်းရဲ့ အရသာက ပီပြင်သည်ဟု သူမတော့ ယူဆမိပါသည်။ သူမက ဖြူလွှလွှ နှင်းပွင့်လေးတွေကို ချစ်သည်လေ။ မြို့တော်ကြီးမှာ ကာလကြာမြင့်စွာ နေခဲ့ရစဉ်က ဒီလို နှင်းလေးတွေ မမြင်ခဲ့ရ၊ အေးစိမ့်သော အရသာကို မခံစားခဲ့ရဘဲ  ဆောင်းဆိုတာကိုပင် မေ့လျော့ နေခဲ့မိလောက်အောင် ဒီဇင်ဘာ မနက်ခင်းတို့က နှင်းတွေ၊ အအေးဓာတ်တွေ ကင်းပလို့နေခဲ့သည်။

ခုချိန်မှာတော့ ချစ်စဖွယ် နှင်းဝတ်မှုန်လေးတွေက သူမ၀န်းကျင်မှာ အကန့်အသတ်မဲ့ ပိတ်ဆို့ယှက်သန်းလို့ နေလေပြီ။ ခရစ္စမတ်ရောက်တော့မည်ဟု နှင်းပွင့်လေးတွေက သူမကို အသိပေး ပြောကြားနေသယောင် ရှိလေသည်။ သူငယ်ချင်းတစ်ယောက် ပေးပို့လာသည့် လှပ ချစ်စရာကောင်းသော စန်တာကလော့ပုံ ခရစ္စမတ် ကဒ်လေးကို စားပွဲပေါ်တွင် မြင်တွေ့လိုက်မိစဉ်တော့ ဒီအချိန် ဒီရာသီမှာ သူမဇာတိ မွေးရပ်မြေကလေးတွင်လည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် ပြင်ဆင်ပျော်ရွှင် နေကြပေတော့မည်ကို တွေးလိုက်မိပါသည်။ သူမဘ၀တွင် ဖြတ်သန်းခဲ့သော ခရစ္စမတ်များစွာ၊ နှစ်သစ်များစွာတို့ ရှိခဲ့လေသည်။ ရရှိခဲ့ဖူးသော လက်ဆောင်လေးများမှာလည်း များလှပါသည်။ သို့သော်လည်း ထိုလက်ဆောင် များစွာတို့ထဲတွင်မှ သူမကို အမြဲတမ်းအမှတ်ရနေစေကာ မမေ့နိုင်စေလောက်အောင် ဖြစ်မိသော လက်ဆောင်လေး တစ်ခုလည်း ရှိခဲ့ပါသည်။ ထို လက်ဆောင်လေးအကြောင်း ပြန်စဉ်းစားမိချိန်တွင်တော့ ၀န်းကျင်တခို နှင်းမှုန်လေးများ ယှက်ဖြာ ကာဆီးထားသော်လည်း သူမစိတ်အစဉ်ကိုတော့ ဘယ်အရာကမှ ပိတ်ဆို့ ဆီးတားခြင်းမရှိဘဲ အတိတ်လွင်ပြင်ကို တလွင့်လွင့်ဖြင့် ခရီးနှင်လေတော့သည်။

ထိုစဉ်က သူမသည် ၁၀တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်မတက်ခင်စပ်ကြား အားလပ်နေသဖြင့် တက္ကသိုလ်တက်ဖို့စောင့်ရင်း သူမ ဇာတိရွာကလေး၏ အလယ်တန်းတွင် ကျောင်းဆရာမ ပြန်လုပ်နေချိန် ဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးက  သူမ စာသင်ကြားဖို့ တာဝန်ပေးသည့်အတန်းက သူငယ်တန်း(ခ) ဖြစ်သည်။ စာသင်ကြားမှု အတွေ့အကြုံလည်းမရှိ၊ ငယ်ရွယ်သေးသော အချိန်လည်းဖြစ်သောကြောင့် ကလေးငယ်များကို စာသင်ရခြင်း၊ ထိန်းသိမ်းရခြင်းသည် သူမအတွက်တော့ ခက်ခဲသော အလုပ်တစ်ခုပင် ဖြစ်လေသည်။ သို့သော် သူငယ်တန်း(က)ကို သင်ကြားသော ဆရာမမှာ သူမတို့ ဒီကျောင်းမှာ တက်ခဲ့စဉ်ကတည်းက သူငယ်တန်းကိုသာ တစိုက်မတ်မတ် သင်ခဲ့သော ၀ါရင့် အတွေ့အကြုံရှိ သူမ၏ ငယ်ဆရာမ တစ်ဦးလည်း ဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးရော၊ သူမ၏ ငယ်ဆရာမကပါ ကလေးငယ်များအား စာသင်ကြားရေးသာမက၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ပုံပါ နည်းလမ်းနှင့် အကြံဥာဏ်ပေးပါသည်။ ဒီကျောင်းသည် သူမ ငယ်စဉ်ကတည်းက တက်လာခဲ့သော ကျောင်းဖြစ်ပြီး အလယ်တန်း ရောက်မှသာ မြို့တွင် ကျောင်းသွားတက်ခြင်း ဖြစ်သောကြောင့် ကျောင်းသည် သူမနှင့် မစိမ်းလှသလို ဆရာ၊ဆရာမ တော်တော်များများသည်လည်း သူမကို စာသင်ပေးခဲ့ဖူးသူများ ဖြစ်ကြပါသည်။ ပြီးတော့လည်း ဆရာဆရာမတွေရော ကျောင်းတော်ကြီးကပါ သူမကို နွေးထွေးစွာ ကြိုဆိုကြပါသည်။

သူငယ်တန်း(ခ)ကို စာသင်ရသည်မှာ အစပိုင်းတွင် သူမအတွက် အလွန်ခက်ခဲသည်ဟု ထင်သော်လည်း တဖြေးဖြေး အရှိန်ရလာသောအခါ သူမသည် ကလေးများနှင့်  ပျော်ရွှင်လာသည်။ ကလေးဆိုသည်ကလည်း အလွန်ချစ်စရာ ကောင်းသူများ ဖြစ်သည်လေ။ ကလေးများအား စာသင်သည့်အချိန်သင်၊ ကစားချိန် တန်လျှင် ကစားခိုင်း၊ ပုံပြင်ပြောပြလိုက် သီချင်းသင်လိုက်ဖြင့် သူတို့လေးတွေ ကျောင်းတွင် ပျော်ရွှင်လာအောင်လည်း သူမ ကြိုးစားတတ်လာသည်။ ကလေးများအတွက် သီချင်းများ၊ ပုံပြင်များ ရှာဖွေရသည်မှာလည်း သူမအတွက် အလုပ်တစ်ခု ဖြစ်လို့လာသည်။ ကလေးများကိုလည်း သံယောဇဉ်ရှိလာသလို သူတို့လေးတွေကလည်း သူမအပေါ် ချစ်ခင်ကြသည်။ သူမ ကျောင်းရှေ့အရောက် ကျောင်းဝင်းထဲဝင်လာတာ တွေ့သည်နှင့် ကလေးများက သူမကို အပြေးကလေး လာကြိုတတ်ကြသည်။ ကိုင်လာသော စာအုပ်၊ ခြင်း စသည်တို့ကို ဆီးယူကြသည်။ ဆံပင်ကို နောက်ကျောတွင် စည်းထားတတ်သော၊ ရံဖန်ရံခါ ဆံထုံးလေး ထုံးထားတတ်သော သူမဆံပင်တွင် ပန်ဆင်ရန်အတွက် ကလေးများသည် အဖိုးမတန်သော်လည်း လှပမွှေးပျံ့သော အလေ့ကျ တောပန်းကလေးများ၊ သူတို့ အိမ်တွင် ပွင့်နေတတ်သော ပန်းကလေးများကို ခူးဆွတ်၍ ယူလာပေးတတ်ကြသည်။ သူမကလည်း ပေးလာသမျှ ပန်းတို့ကို ခေါင်းတွင်ပန်ဆင်၍လည်းကောင်း စားပွဲပေါ်တွင် ပန်းအိုးကလေးတစ်ခုဖြင့် ထိုးထားခြင်း သော်လည်းကောင်း ကလေးများ စိတ်ကျေနပ်စေရန် အလေးထားပေးရသည်။ ကလေးများနှင့် သူမ၏ ဖြူစင်သော မေတ္တာသည် အပြန်အလှန် ကူးလူးယှက်နွယ်လျှက် ရှိလေသည်။

သို့သော်.. သူမစာသင်ရသော အတန်းတွင် ကလေးငယ်များ အားလုံးတော့ သူမ၏ စာသင်ကြားမှု အစီအစဉ်၊ ပျော်ရွှင်စရာ အစီအစဉ်တို့တွင် လိုက်ပါ စီးမျှောနေခြင်းမဟုတ်ဘဲ ထူးထူးခြားခြား တစ်ဦးသော ကလေးငယ်မှာ စာသင်ချိန်လျှင် လိုက်ဆိုခြင်းမရှိဘဲ သူတစ်ဦးတည်း ဆော့နေခြင်း၊ ပုံပြောလျှင် (သို့မဟုတ်) သီချင်းဆို၊ ကဗျာရွတ်လျှင်လည်း သူ့ စာအုပ်လေးထဲတွင် ဟိုခြစ်သည်ခြစ် ခြစ်နေခြင်း၊ ခုံပေါ်တွင်အိပ်နေခြင်း၊ တွေဝေငေးမောနေခြင်း စသဖြင့် လုပ်နေတတ်သည်။ ထိုကျောင်းသားလေး အမည်မှာ နော်ဆိုင်းဖြစ်သည်။  အများအားဖြင့် နော်ဆိုင်းသည် ပုံဆွဲ ၀ါသနာပါပုံရပြီး လူရုပ်၊ ငှက်ရုပ်၊ စက်ရုပ် စသည်ဖြင့် သူစိတ်ကူးပေါက်ရာ အရုပ်များ ရေးဆွဲနေတတ်သည်။ အခြားသူများနှင့် ပြောဆို ရယ်မောခြင်းလည်းမရှိ၊ တစ်ယောက်ထီးတည်းဖြင့် အပြုံးအရယ်ကင်းမဲ့စွာ နေလေ့ရှိသည်။ အခြားကလေးများက သူ့ကိုစနောက်လျှင်လည်း ခဲတံဖြင့် ထိုးခြင်း၊ တွေ့ရာဖြင့်ရိုက်နှက်ခြင်း၊ ပေါက်ခြင်း စသည်ဖြင့် တုံ့ပြန်တတ်သည်။ သူ့ကြောင့် အနာတရဖြစ်ရသော ကလေးများလည်း မနည်းတော့ပေ။ သူမက ပြောဆိုဆုံးမသည်ဖြစ်စေ၊ အပြစ်ပေးလျှင်ဖြစ်စေ မထီမဲ့မြင် ပုံစံမျိုးဖြင့် ပြန်လည်းမပြော နားလည်းမထောင် နေလေ့ရှိသလို သူမအားလည်း ရန်လိုသော အကြည့်ဖြင့် ကြည့်နေတတ်ခဲ့သည်။ တခါတရံ ကျောင်းအားလပ်ချိန် ၁၅မိနစ်ဆင်းပြီး ကျောင်းပြန်တက်လျှင် နော်ဆိုင်းမှာ ကျောင်းခန်းထဲတွင် မရှိတော့ဘဲ အိမ်ပြန်သွားတတ်ပြန်သည်။

ထိုသို့ဖြင့် စာသင်၍လည်းမရ၊ သူမစကားလည်း နားမထောင်၊ အခြားကျောင်းသားများနှင့်လည်း အဆင်မပြေ၊ သူနေချင်သလို နေနေတတ်သော နော်ဆိုင်းကို  စာထဲတွင် စိတ်ပါလာဖို့၊ သီချင်းများ၊ ကဗျာများကို အခြားကလေးငယ်များလို ပျော်ပျော်ရွှင်ရွှင် သီဆိုဖို့၊ ကစားတတ်လာဖို့ သူမ နည်းမျိုးစုံဖြင့် ကြိုးစားသော်လည်း နော်ဆိုင်းလေး၏ အခြေအနေမှာ ထူးခြား ပြောင်းလဲလာခြင်း မရှိဘဲ ဂျစ်ကန်ကန်၊ မာကြောကြော သူ့စရိုက်အတိုင်းသာ နေနေတတ်ခဲ့သည်။ သို့ဖြင့် ဘေးခန်းကိုသင်သော သူမ၏ ဆရာမကိုလည်း နော်ဆိုင်းအကြောင်း ပြောပြကာ ကလေးအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို တိုင်ပင် အကြံဥာဏ်တောင်းသောအခါ ဆရာမက သူမအား အကြံတစ်ချို့ ပေးလေသည်။ သို့သော်လည်း ထိုအတိုင်း နော်ဆိုင်းကို ဆွဲဆောင် စည်းရုံးသော်လည်း ထူးမခြားနားသာ။ နော်ဆိုင်းအကြောင်း  အနည်းငယ်သိရသည်မှာ သူသည် အဖေအမေ မရှိဘဲ ဆင်းရဲသော အဒေါ်တစ်ယောက်က ခေါ်ယူကျွေးမွေးကာ ကျောင်းထားပေးခြင်းခံရသော ကလေးတစ်ယောက် ဖြစ်ကြောင်းကို သူမတို့ သိရသည်။ မိသားစု၏ နွေးထွေးသော မေတ္တာကို ခံစားခဲ့ရခြင်းမရှိ၍ နော်ဆိုင်းမှာ ခပ်ပေပေ ခပ်ဆိုးဆိုး ကလေးတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ နောက်ဆုံးတော့ စိတ်ရှည်ရှည်ဖြင့် ကလေးအား ပြုပြင်သိမ်းသွင်းရန် ဆရာမက သူမအား အကြံပေးပါတော့သည်။

သို့နှင့် စာသင်နှစ် တစ်ဝက် ကျိုးခဲ့ပြီ။ သူမနှင့် ကလေးများမှာလည်း ပျော်ပျော်ရွှင်ရွှင် စာသင်ရင်း သင်ခန်းစာ အသစ်များဖြင့် အချိန်တွေကို ကျော်ဖြတ်ခဲ့ကြပြီ။ ကလေးတိုင်းလည်း စာသင်ရက် ကြာသည်နှင့်အမျှ ဥာဏ်ရည်နှင့် စိတ်ဝင်စားမှုမှာ တိုးတက် ပြောင်းလဲလာသော်လည်း ခုချိန်ထိ ပြောင်းလဲခြင်းမရှိသူက နော်ဆိုင်းတစ်ယောက်သာ။ သီတင်းကျွတ် ကျောင်းပိတ်ရက် ကုန်ဆုံး၍ ကျောင်းပြန်ဖွင့်ချိန်တွင် နော်ဆိုင်းမှာ ကျောင်းသို့ ရောက်မလာသေးပါ။ ကျောင်းဖွင့်သည်မှာ တစ်ပတ်ခန့်ပင်ရှိပြီ။ သို့သော်လည်း နော်ဆိုင်းအတွက် မည်သူကမှ ခွင့်တိုင်ကြားခြင်းမရှိသလို သူမအနေဖြင့် သူ နေမကောင်း၍လား၊ တစ်စုံတစ်ခုကြောင့် ကျောင်းပျက်သည်လား ဆိုတာ မည်သူ့ကို မေးရမှန်းလည်း မသိပေ။ ကျောင်းဝင် စာရင်း စာအုပ်တွင် လိုက်ရှာသောအခါလည်း နော်ဆိုင်း မိဘနံမည် (ကွယ်လွန်) နှင့်  ရွာနံမည်မှလွဲ၍ လိပ်စာအတိအကျ ဖြည့်မထားပေ။ နော်ဆိုင်းနေသော ရွာမှာလည်း သူမတို့ ရွာနှင့် နှစ်မိုင်ခန့် ဝေးလေသည်။ သို့နှင့် နော်ဆိုင်းတို့ရွာမှ ကျောင်းလာတက်သော ကျောင်းသားတစ်ယောက်ကို ရှာဖွေသောအခါ ၅တန်းမှ ကျောင်းသားလေးတစ်ယောက်ကို သွားတွေ့ပြီး ထိုကျောင်းသားကို ခေါ်ယူစုံစမ်းသောအခါမှ နော်ဆိုင်းမှာ ရေနွေးပူ အလောင်းခံရပြီး ခန္ဓာကိုယ် အတော်များများ နေရာတို့တွင် အပူလောင်သွားပြီး ဒဏ်ရာများ ရသွားခဲ့သည်ဟု သိရလေသည်။

သို့နှင့် စနေနေ့ ကျောင်းပိတ်သောရက်တွင် သူမက ကျောင်းမှ သူငယ်ချင်း ဆရာမလေးတစ်ယောက်ကို အဖော်ခေါ်ပြီး နော်ဆိုင်းတို့ ရွာကလေးသို့ လိုက်သွားကြလေသည်။ မုန့်တစ်ချို့နှင့် အသီးတစ်ချို့ကိုလည်း သူမက ၀ယ်ယူခဲ့လေသည်။ နော်ဆိုင်းတို့ အိမ်ကို မေးမြန်းစုံစမ်းပြီး ရောက်သွားသောအခါ အိမ်ကလေးမှာ ခပ်သေးသေး ၀ါးထရံကြဲကြဲဖြင့် ကာရံထားပြီး အကာနှင့် အမိုးတစ်ချို့မှာ ယိုယွင်းပျက်စီးနေခဲ့ကာ မပြေလည်သော အိမ်၏အခြေအနေကို အထင်းသား ပြနေဘိသို့ ရှိလေသည်။ အိမ်ရှေ့တွင် ကလေးငယ်လေးတစ်ယောက်ကို ပိုက်ထားသော အသက်၃၅နှစ်ခန့် အမျိုးသမီးကို တွေ့ရသဖြင့် နော်ဆိုင်းကို လာကြည့်သော ကျောင်းမှ ဆရာမများ ဖြစ်ကြောင်း အကျိုးအကြောင်း ပြောပြသောအခါ ထိုအမျိုးသမီးက သူမသည် နော်ဆိုင်းအဒေါ် ဖြစ်ကြောင်း ပြောပြီး အိမ်ထဲသို့ သူမတို့ကို ခေါ်သွားကာ ဧည့်ခန်းအဖြစ် ခင်းထားသော ၀ါးကွပ်ပျစ်လေးပေါ်တွင် ထိုင်စေသည်။ အိပ်ခန်း တစ်ခန်းတည်း ရှိသော အိမ်ကလေးဖြစ်ပြီး အိမ်အလည် မြေပြင်တွင် မီးဖိုတစ်ခု ရှိနေပြီး ထမင်းဟင်းများမှာလည်း ၄င်း နေရာတွင်သာ ချက်ပြုတ်စားသောက်ဟန် ရှိလေသည်။ ဘေးနားက ကွပ်ပျစ်ပေါ်တွင်တော့ ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးနီးပါး ပတ်တီးများ ဖုံးနေသော နော်ဆိုင်းတစ်ယောက်ကို တွေ့လိုက်ရလေသည်။

နော်ဆိုင်း၏ ဖခင်မှာ မူးယစ်ဆေးဝါးကြောင့် နော်ဆိုင်း မမွေးခင်ကပင် ဆုံးပါးသွားခဲ့ပြီး ထိုအဒေါ်၏ ညီမဖြစ်သူ နော်ဆိုင်းအမေ မှာလည်း နော်ဆိုင်းကို မွေးပြီး မီးတွင်းထဲမှာပင် ဆုံးပါးသွားခဲ့ပြန်သည်။ ကလေး၃ယောက်ရှိသော နော်ဆိုင်းအဒေါ်သည် တူဖြစ်သူ နော်ဆိုင်းအား မိဘတွေ မရှိတော့သဖြင့် ခေါ်ယူ ကျွေးမွေးထားရသော်လည်း စီးပွားရေး ပြေလည်သူတစ်ယောက် မဟုတ်ပေ။ ယောက်ျားဖြစ်သူမှာ ထင်းခုတ်ရောင်းချရပြီး သူမကတော့ မနက်ခင်း ဈေးထဲတွင် ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ အိမ်တွင် ၀က်များ မွေးထားခြင်းဖြင့် မိသားစု နေထိုင်စားသောက်ရေးအတွက် ရုန်းကန်နေရသူဖြစ်သည်။ နော်ဆိုင်းမှာ မနက်တိုင်း ကျောင်းမသွားခင် ကလေးထိန်းရပြီး အိမ်သုံးရန်အတွက်လည်း သောက်ရေ၊ သုံးရေကို ရေခပ်ရသေးသည်။ ညနေပြန်လာလျှင်လည်း ၀က်စာအတွက် ပိန်းရွက်များ၊ အခြားအရွက်များ ခူးရခြင်း၊ ရွာထဲရှိ အိမ်များတွင် စွန့်ပစ် ထမင်းကျန် ဟင်းကျန်များ လိုက်လံသိမ်းဆည်းကာ ၀က်စာကျိုရခြင်း တို့ကိုလုပ်ရပြီး ၀က်များကို ကျွေးမွေးရလေသည်။ သို့နှင့် လွန်ခဲ့သည့်အပတ်က နော်ဆိုင်း ၀က်စာကျိုနေစဉ် မီးဖိုပေါ်မှ ၀က်စာအိုး မှောက်ကျကာ ခန္ဓာကိုယ်အောက်ပိုင်း တော်တော်များများ အပူလောင်သွားခဲ့သည်ဟု နော်ဆိုင်းအဒေါ်က နော်ဆိုင်းအကြောင်းနှင့် အဖြစ်အပျက်တို့ကို  ပြောပြလေသည်။

သူ့လို အရွယ်လေးနှင့်မှ မမျှအောင် အလုပ်လုပ်နေရသည်ကို သိလိုက်ရသဖြင့် သူမရင်ထဲတွင် နော်ဆိုင်းအတွက် နာကျင်ဝမ်းနည်းစွာ ခံစားမိလေသည်။ “အပူလောင်တော့ ဆေးခန်းပြသလား” ဟု သူမ မေးတော့ ရွာထဲရှိ ကျန်းမာရေးမှူးထံတွင် ပြကြောင်း သိရပြီး ကျန်းမာရေးမှူးက ဆေးဖိုးမယူဘဲ ဆေးထည့်ပေးသော်လည်း သောက်ရန်အတွက် ဆေးကိုတော့ ၀ယ်ခိုင်းကြောင်း  သူမတို့ကို ပြောပြလေသည်။ သို့သော်လည်း နော်ဆိုင်း၏ အဒေါ်ဖြစ်သူက စားသောက်ဖို့ပင် အနိုင်နိုင်ဖြစ်နေသော သူတို့မိသားစုက နော်ဆိုင်းသောက်ရန် ဆေးဝယ်ဖို့ အတွက် ငွေကုန်ကြေးကျ ခံနိုင်ခြင်း မရှိသဖြင့် သောက်ဆေးတော့ မ၀ယ်ဖြစ်ကြောင်း သိရလေသည်။ ယခုလည်း နော်ဆိုင်းမှာ စောင်ကောင်းကောင်းပင် ခြုံရဟန်မတူ။ စုတ်ပြဲနေသော စောင်ပါးလေး တစ်ထည်သာ ခြုံထားသည်။ ခါတိုင်းတွင် မှုန်ကုတ်ကုတ် နေတတ်သော နော်ဆိုင်းမျက်နှာလေးမှာ ယခုတော့ ဒဏ်ရာကြောင့်လားမသိ.. ညှိုးငယ်လျှက် ရှိနေလေသည်။ ယခုမှ ဆောင်းဝင်စ ဆိုသော်လည်း သူမတို့ တောင်ပေါ်ဆောင်းက အသည်းခိုက်အောင် အေးသည်မို့ ချမ်းနေရှာမှာ အသေအချာပင်။ တဲအလယ်တွင် မီးဖိုရှိသော်လည်း နော်ဆိုင်းအိပ်နေရာ နေရာဆီသို့ အပူရှိန်က ရောက်နိုင်သည်မဟုတ်။

စိတ်မကောင်း ကရုဏာဖြစ်ခြင်းဖြင့် သူမရင်ထဲ ဆို့နင့်စွာ ခံစားရကာ သူမက သူမအင်္ကျီ အိတ်ထောင်လေးကို နှိုက်ကာ ပါလာသမျှငွေကို ရေတွက်ကြည့်သော် ငွေ ၇၀၀၀ ကျော် ရှိသည်ကို တွေ့ရလေသည်။ ထိုစဉ်က ငွေ ၇၀၀၀ သည် မနည်းလှသော ပမာဏဖြစ်ပါသည်။  ၀င်စပြုလာပြီဖြစ်သည့် ဆောင်းအတွက် အနွေးထည်ကောင်းကောင်း တစ်ထည်ဝယ်ဖို့ သူမ စိတ်ကူး ရှိခဲ့သော်လည်း ရှိထားသည့် အနွေးထည်နှင့် သည်ဆောင်းကို ဖြတ်သန်းဖို့ လုံလောက်ပါသည်။ သူမအတွက် အင်္ကျီအသစ်တစ်ထည် မ၀ယ်ရလည်း ဘာမျှဖြစ်မည် မဟုတ်ပါ။ သို့သော် နော်ဆိုင်းတို့ မိသားစုမှာတော့ ဆေးကုရန်မပြောနှင့် စားသောက်ဖို့ပင် အနိုင်နိုင်မို့ ထိုငွေပမာဏသည် တစ်စုံတစ်ခုသော အတိုင်းအတာတော့ အကျိုးဖြစ်လောက်မည် ထင်ပါသည်။ နော်ဆိုင်း အဒေါ် လက်ထဲသို့ ထိုငွေကို ထည့်ပေးလိုက်ပြီး နော်ဆိုင်းအတွက် သောက်ရန်ဆေးနှင့်  လိုအပ်သောပစ္စည်းများ ၀ယ်ဖို့ဟု ပြောကာ ပေးလိုက်လျှင် နော်ဆိုင်း အဒေါ်မှာ အားတုံ့အားနာဖြင့် လက်ခံယူပြီး ကျေးဇူးတင်စကား ပြောရှာပါသည်။ နော်ဆိုင်းကိုလည်း မကြာခင် အနာသက်သာပြီး ကျောင်းပြန်တက်နိုင်မည်ဖြစ်ကြောင်း သူမက ပြောဆို အားပေးသောအခါ ယခင်ကလို ရန်လိုသောအကြည့်မျိုးနှင့် ကြည့်မနေဘဲ အားငယ်စိတ်များ လွှမ်းနေသော အကြည့်တစ်မျိုးဖြင့် သူမကို ကြည့်နေခဲ့သည်။

နော်ဆိုင်းနှင့် သူ့အဒေါ်ကို သူမတို့နှုတ်ဆက်ပြီး ပြန်လာခဲ့စဉ်တွင်  မိဘမေတ္တာကိုလည်း မခံစားရ၊ အရွယ်နှင့်ပင်မမျှအောင် အလုပ်လုပ်ရသော နော်ဆိုင်းအတွက် ဖော်ပြရန်ခက်သော ခံစားမှု တစ်မျိုးဖြင့် သူမစိတ်ထဲတွင် ၀မ်းနည်းလို့ နေမိသည်။ ထို့ကြောင့်လည်း နော်ဆိုင်းသည် ကျောင်းတွင် အများနှင့်မတူ ကြမ်းတမ်းခက်ထန်သော၊ နေချင်သလို နေတတ်သော ကလေးတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူ့တွင် ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀၏ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက် နေခဲ့သည် မဟုတ်ပါလား။ နောက်တစ်ပတ် ကျောင်းပိတ်ရက်တွင် အိမ်တွင်ရှိသည့် စောင်တစ်ချို့၊ စားစရာသောက်စရာနှင့် သူမမောင်လေး၏ မတော်တော့သော အနွေးထည်များကို ယူဆောင်ကာ နော်ဆိုင်းတို့ ရွာကလေးသို့ ထပ်သွားမိပြန်သည်။ သည်တစ်ကြိမ်တွင် နော်ဆိုင်းက ထူးထူးခြားခြား သူမကို နှုတ်ဆက်စကား ပြောပါသည်။  သူမကိုယ်တိုင် နော်ဆိုင်းကို အစားအသောက်တစ်ချို့ကို ကျွေးမွေးကာ ဆေးပါ တိုက်ခဲ့ပြီး သူ့အတွက် ယူသွားသော အနွေးထည်များကို ပေးသောအခါတွင် မျက်နှာလေးမှာ ၀မ်းသာသော အရိပ်အယောင်များဖြင့် ၀င်းပနေခဲ့သည်။ သို့နှင့် ကျောင်းပိတ်ရက်တိုင်း နော်ဆိုင်းတို့ ရွာကလေးသို့ သူမ သွားလေ့ရှိသလို နော်ဆိုင်းမှာလည်း တစ်လနီးပါးခန့်အကြာတွင် အပူလောင်သည့် အနာ ကျက်လာပြီး သက်သာစ ပြုလာတော့သည်။ သူမအပေါ်တွင်လည်း ရင်းနှီးခင်မင်သည့် အမူအရာများ ရှိလာပြီး စကားလုံး များများ ပြောစ ပြုလာပြီဖြစ်သည်။

အနာသက်သာပြီး ကျောင်းပြန်တက်သောအချိန်တွင် နော်ဆိုင်းအမူအရာမှာ ယခင်နှင့်မတူတော့ဘဲ ပြောင်းလဲသွားခဲ့ပါပြီ။ သူမပြောစကားကိုလည်း နားထောင်လာပြီး အခြား ကလေးငယ်များနှင့်လည်း သင့်သင့်မြတ်မြတ် နေထိုင်တတ်လာသည်။ ပုံဆွဲ ၀ါသနာပါသော နော်ဆိုင်းအတွက် သူမက ရောင်စုံခဲတံတစ်ဘူး ၀ယ်ပေးထားပြီး စာသင်ချိန်မဟုတ်သည့် အခါတွင်မှ ဆွဲရန်ပြောထားသည်။ နော်ဆိုင်းကလည်း သူမပြောစကား နားထောင်ပါသည်။  စာသင်လျှင် ငေးမောခြင်း၊ ပုံဆွဲနေခြင်းမျိုး မလုပ်တော့ဘဲ.. ငြိမ်သက်စွာ နားထောင်ခြင်း လိုက်ဆိုခြင်းတို့ကို ပြုလုပ်တတ်လာသည်။  ထိုသို့ အတန်းထဲတွင် စိတ်ပါဝင်စားစွာ ရှိလာခြင်းသည်  သူမ၏ စေတနာအတွက် နော်ဆိုင်းထံမှ ပြန်ရလိုက်သော တုံ့ပြန်မှုလေးများ ဖြစ်ပါသည်။ သို့နှင့် ခရစ္စမတ်ကျောင်းပိတ်ရက် နီးလာပြီဖြစ်သည်။ ပိတ်ရက် မတိုင်မှီတွင် သူမတို့ ကျောင်းတွင်  ကျောင်းခရစ္စမတ်ပွဲတော်ကို ကျင်းပလေ့ ရှိပါသည်။ သူမတို့ကျောင်းသည် ကျောင်းသူကျောင်းသားများတွင်ရော ဆရာဆရာမများတွင်ပါ  ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ရောနှောလျှက်ရှိသော်လည်း ဘာသာတစ်ခုနှင့်တစ်ခု ခွဲခြားခြင်းမရှိဘဲ ၀ါဆိုသင်္ကန်းကပ်ခြင်း၊ ကထိန်သင်္ကန်းကပ်ခြင်း၊ ကျောင်းခရစ္စမတ်ပွဲ ပြုလုပ်ခြင်း စသည့် ရာသီအလိုက် ဘာသာရေးပွဲများကို တစ်ကျောင်းလုံး အနေအထားဖြင့် ပြုလုပ်ကျင်းပလေ့ရှိပါသည်။ ကျောင်းသားတိုင်းလည်း သာတူညီမျှ ခွဲခြားခြင်းမရှိ ပါဝင်ဆင်နွဲကြရပါသည်။ ဤသည်မှာ ကျောင်းကို အုပ်ချုပ်မှုကောင်းသော ဆရာမကြီး၏ စည်းလုံးညီညွှတ်မှုနှင့် အရည်အချင်းရှိမှု၏ ပြယုဒ်တစ်ခု ဖြစ်ပါသည်။ 



နှင်းငွေ့တို့ဖြင့် သိုင်းခြုံရစ်ထွေးထားသော သူမမွေးရပ်မြေ၏ ဒီဇင်ဘာဆောင်းသည် ချမ်းအေးလှသော်လည်း ကျောင်းခရစ္စမတ်ပွဲရက်မို့ ကျောင်းသားကျောင်းသူတိုင်းက အချမ်းဒဏ်ကို မေ့လျော့ကာ ပျော်ရွှင် တက်ကြွနေကြသည်။ ခရစ္စမတ်သစ်ပင်များ အလှဆင်ခြင်း၊ အသံချဲ့စက်များ တတ်ဆင်ခြင်း ၊ ကျောင်းဟောခန်းမတွင် တစ်ကျောင်းလုံးအတွက် ထိုင်ခုံနေရာများ ချထားခြင်း၊ တစ်ကျောင်းလုံး စားသောက်ရန်အတွက် ကြက်သားဆန်ပြုတ် ပြုတ်ခြင်းတို့ကို တာဝန်ခွဲဝေထားသော ဆရာဆရာမများက ဦးဆောင်ပြီး အတန်းကြီး ကျောင်းသားများဖြင့် စုပေါင်းကာ ပျော်ပျော်ပါးပါး ပြင်ဆင်နေကြသည်။ တစ်ကျောင်းလုံးအတွက် ဆန်ပြုတ်အိုးကြီးမှာလည်း အငွေ့တစ်ထောင်းထောင်း အနံ့တသင်းသင်းဖြင့် မွှေးပျံ့၍ နေပေတော့သည်။ ကျောင်းခရစ္စမတ်ပွဲရက်တွင် သူမတို့ကျောင်းမှ ကျောင်းသူကျောင်းသားများအားလုံး မိမိတို့၏ ဆရာဆရာမများကို ခရစ္စမတ် လက်ဆောင်လေးများ ပေးလေ့ရှိသလို အတန်းကြီးကျောင်းသားများက အတန်းသားအချင်းချင်းလည်း ခရစ္စမတ် လက်ဆောင်ပစ္စည်းများကို ပျော်ရွှင်စွာ လှဲလှယ်လေ့ ရှိကြသည်။ ကလေးများပေးသည့် ခရစ္စမတ် လက်ဆောင်လေးများမှာ ပြက္ခဒိန်၊ စာအုပ်၊ ပိုစ့်စကဒ် စသည်မှ အမျိုးမျိုးသော လက်ဆောင်ကလေးများ ပါဝင်ကြသည်။ သူမစားပွဲပေါ်တွင်လည်း ကလေးငယ်များပေးသော ပြက္ခဒိန်လေး၊ ပန်းကလေးများ၊ အရုပ်သေးသေးလေးများ၊ ခရစ္စမတ် ရင်ထိုးကလေးများ စသဖြင့် တန်ဖိုးမကြီးသော်လည်း အမြတ်တနိုး အမှတ်တရပေးသော လက်ဆောင်များဖြစ်၍လည်း လှပ ချစ်စရာကောင်းနေပါသည်။


ခရစ္စမတ်ပွဲ ကျင်းပဖို့ အချိန်နီးပြီဖြစ်၍ ကျောင်းသားများအားလုံး ဟောခန်းမသို့ ၀င်ခါနီး ချိန်တွင် နော်ဆိုင်းက သူမအနီးသို့ ရောက်လာပြီး ခေါက်ထားသော စာရွက်လေးတစ်ရွက်ကို ဆရာမအတွက်ဟု ပြောကာ ပေးလာပါသည်။ သူမက ပြုံးလိုက်ကာ စာရွက်လေးကို ဖွင့်ကြည့် လိုက်ချိန်တွင် ရောင်စုံခဲတံဖြင့် အင်္ကျီကို အဖြူရောင်၊ လုံချည်ကို အစိမ်းခြယ်ထားပြီး ခေါင်း တွင် ပန်းပန်ထားပုံရသည့် ကျောင်းဆရာမပုံမှန်း သိသာစေသော အရုပ်ပုံလေးတစ်ခု ဖြစ်နေလေသည်။ ကလေးငယ်တစ်ယောက်၏ လက်ရာဖြစ်၍ သေသပ် လှပ မနေသော်လည်း ပုံကလေးကို သူမအမြတ်တနိုး ဖြစ်မိပါသည်။ နော်ဆိုင်းက ကြည်စင်သန့်ရှင်းနေသော အပြုံးလေးနှင့်အတူ “ဆရာမပုံ ကျွန်တော်ဆွဲထားတာ” ဟု ပြောလေသည်။ ပြုံးနေသော နော်ဆိုင်းမျက်နှာလေးနှင့် သူဆွဲထားသော အဖြူအစိမ်းဝတ် ရုပ်ပုံလေးကို ကြည့်ကာ မျက်ရည်များပင် ရစ်ဝိုင်းလာမိအောင် သူမရင်ထဲ ကြည်နူးချမ်းမြေ့ခြင်းကို ခံစားလိုက်ရပါသည်။ အမြဲတမ်း မှုန်ကုတ်နေတတ်ခဲ့သော၊ ရန်လိုသောအကြည့်များဖြင့် ကြည့်တတ်ခဲ့သော၊ အခြားသူများနှင့် မည်သည့်အခါမှ ပေါင်းသင်းဆက်ဆံခြင်းမပြုဘဲ တစ်သီးတစ်ခြား နေလေ့ရှိသော နော်ဆိုင်းလေးသည် ယခုချိန်တွင်တော့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

သူမဘ၀တွင် ကျော်ဖြတ်ခဲ့ဖူးသော ခရစ္စမတ်များစွာ ရှိခဲ့ပါသည်။ ရခဲ့ဖူးသော ခရစ္စမတ် လက်ဆောင် များမှာလည်း များစွာ ရှိခဲ့ပါသည်။ သို့သော်လည်း နော်ဆိုင်းထံမှ ရခဲ့သော အပြုံးကလေးတစ်ပွင့်နှင့် ခရစ္စမတ်လက်ဆောင်လေး တစ်ခုသည် သူမအတွက်တော့ နှစ်ပေါင်းမည်မျှ ကြာသည်ဖြစ်စေ ဘယ်ခါမှ မေ့မည်မဟုတ်သလို အမြဲတမ်း အမှတ်ရနေမည့် လက်ဆောင်လေးတစ်ခုလည်း ဖြစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့သော ၁၀တန်းအောင်ပြီးစကာလ ဇာတိဒေသတွင် ကျောင်းဆရာမလုပ်ခဲ့စဉ် ရခဲ့ဖူးသော ခရစ္စမတ် လက်ဆောင်လေး များစွာသို့............