ဘလောဂ့်ရေးကြရာဝယ်...




ကျွန်မတို့ ဘလောဂ့်လောကကြီးမှာ အများအားဖြင့် ဘလောဂ့်ကို ပုံမှန်အတိုင်းလေး အရှိန်မပျက် ရေးနိုင်ကြတာ ပြည်ပကနေ ရေးနေတဲ့ ဘလော်ဂါတွေ များကြပါတယ်.. ပြည်တွင်းကနေ ရေးနေသူများကျတော့ အင်တာနက် ကော်နက်ရှင် အခက်အခဲနဲ့ ဘလော်ဂါထဲကို ၀င်ဖို့အတွက် ကျော်ရခွရ အခက်အခဲတွေနဲ့ကြောင့် ပိုစ့်တွေ ပုံမှန်တင်နိုင်ဖို့ အတော့်ကို အခက်အခဲဖြစ်ကြပါတယ်.. ပြီးတော့လဲ အခုတစ်လော ဘလောဂ့်ရေးဖော် သူငယ်ချင်းတွေထဲက ပြည်ပမှာ အလုပ်လုပ်နေရာကနေဖြစ်ဖြစ်၊ ကျောင်းတက်နေရာကနေ ဖြစ်ဖြစ် ကိုယ့်မြန်မာပြည်ကို အပြီးသော်လည်းကောင်း၊ အလည်အပတ် သော်လည်းကောင်း ပြန်ကြသူတွေ ရှိပါတယ်.... ကိုယ့်မြန်မာပြည်ကို ပြန်ကြတော့မယ်ဆိုရင် စိတ်မကောင်းစရာက ဘလောဂ့်ပေါ်ကနေ နှုတ်ဆက်ပိုစ့်လေးတွေ အသီးသီးရေးလို့၊ အချို့ကလည်း အွန်လိုင်းပေါ်ကနေ ကိုယ်ခင်ရာမင်ရာ သူငယ်ချင်းတွေကို  အိမ်ပြန်တော့မှာမို့ ဘလောဂ့် ရေးဖြစ်တော့မှာ မဟုတ်တဲ့အကြောင်း နှုတ်ဆက်စကားတွေ ပြောလို့၊ နောက် ပြည်တွင်းကနေ ရေးနေတဲ့ ဘလော်ဂါတွေကျတော့လဲ ကော်နက်ရှင်ကို အံမတုနိုင်တာနဲ့ဘဲ တဖြေးဖြေးနဲ့ ပိုစ့်တွေ အရေးကျဲ လာတာတွေ၊ အချို့လဲ ဘလောဂ့်လောကကို နှုတ်ဆက် ထွက်ခွာသွားကြတာတွေ အများကြီး ရှိကြပါတယ်.. အချို့သော စာရေးကောင်းသူတွေ၊ စာရေးဖို့ အရှိန်ယူနေတဲ့သူတွေ၊ အရှိန်ရနေသူတွေ ခုလို စိတ်ပျက်ပြီး နှုတ်ဆက် ထွက်ခွာသွားကြတာ နှမြောဖို့ ကောင်းပါတယ်..

တူညီကြတာ တစ်ခုက ဘယ်နေရာကနေ ဘလောဂ့်ရေးနေကြသူတွေဖြစ်ပါစေ… ကိုယ့်အိမ်ကို ခေတ္တဖြစ်စေ၊ အပြီးဖြစ်စေ ပြန်ကြတော့မယ်ဆိုရင် ဘလော့ဂ်မရေးဖြစ်တော့ဘူးတို့၊ အရင်လို ဘလောဂ့်ရေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတဲ့စကားတွေ ကြားရတာဘဲဖြစ်ပါတယ်.. အခြား ဘယ်နေရာတွေမှာဘဲ ရှိနေသူဖြစ်ဖြစ် အင်တာနက်ကို အဆင်ပြေပြေ သုံးစွဲနိုင်ပြီး ကိုယ့်အိမ်ကိုယ့်မြေ ပြန်ကြတော့မယ် ဆိုကာကျမှ အင်တာနက် အဆင်ပြေတော့မှာ မဟုတ်ဘူး ဆိုတာမျိုး ဘာကြောင့်များ ဖြစ်ရပါသလဲလို့ အခါခါ စဉ်းစားရင်း စိတ်မကောင်းဖြစ်ရပါတယ်.. အဲဒီလို စိတ်မကောင်း ဖြစ်ရတဲ့အတွက်လည်း ကျွန်မ ဘာများ တတ်နိုင်မလဲ ဆိုတော့လဲ ကိုယ်လည်း မတတ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်.. ဒါပေမဲ့ တတ်နိုင်တာလေး တစ်ခုကိုတော့ စာရေးဖော် မိတ်ဆွေသူငယ်ချင်းများ၊ ဘလော့ရေးဖို့ အခက်အခဲ ဖြစ်နေသူများကို ဒီပိုစ့်လေးက အနည်းငယ်တော့ အထောက်အကူ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပြီး ပြန်လည် မျှဝေရခြင်းဖြစ်ပါတယ်.. ဒီပိုစ့်လေးဟာ မိမိရဲ့ အီးမေလ်းထဲနေကနေပြီး ဘလော့ပေါ်ကို ပိုစ့်တင်တဲ့နည်းဖြစ်ပါတယ်.. ဒီအကြောင်းကို နည်းပညာ ၀က်ဆိုဒ်တွေမှာ ဖော်ပြပြီး ဖြစ်တာကြောင့် တော်တော်များများ သိပြီး၊ ဖတ်ရှုပြီးတဲ့ အကြောင်းအရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ အလုပ်တစ်ဖက်နဲ့မို့ အချိန်မရလို့ မဖတ်ရသေးသူများ၊ ၀က်ဆိုဒ်တွေကို ၀င်ဖို့အခက်အခဲဖြစ်သူများ၊ ဘယ်မှာ ရှာဖတ်ရမယ်ဆိုတာ မသိသေးသူများ အတွက် ရည်ရွယ်ပြီး ပြန်လည် ရေးသားဖော်ပြပါတယ်ရှင်..

ပထမဦးစွာ အီးမေလ်းကနေ ပို့စ်တင်ဖို့အတွက် မိမိရဲ့  blogger dashboard ထဲမှာတော့ Setting အရင် ၀င်ပြင်ထားဖို့ လိုပါမယ်.. အဲဒီလို ပြင်ထားပြီးရင်တော့ blogger ထဲကို ကျော်ခွပြီး ၀င်ဖို့ခက်နေသူများ blogger ထဲ ၀င်စရာမလိုဘဲ မိမိရဲ့ ဂျီမေလ်းထဲကနေ ပိုစ့်တွေ လှမ်းတင်လို့ ရမှာ ဖြစ်ပါတယ်..



စစချင်း Blogger  ထဲကို Sign in ၀င်ရပါမယ်.. ၀င်ပြီးရင်တော့ Dashboard ထဲကို ရောက်သွားပါပြီ။ အဲဒီကမှ ပုံမှာ ပြထားတဲ့အတိုင်း Setting ထဲကို ၀င်ပါမယ်။




Setting ထဲရောက်သွားခဲ့ရင် ပုံမှာပြထားတဲ့အတိုင်း Email & Mobile ကို ရှာပြီး ကလစ်နှိပ်ပါမယ်..




ပြီးတော့ ခုလို အနေအထားကို တွေ့ရမှာပါ။ Email Posting Address နေရာမှာ အရှေ့ကတော့ မိမိ ဘလော့ဖွင့်စဉ်က သုံးထားတဲ့ အီးမေလ်း  User Name ( အခု ကျွန်မပုံမှာ မြင်တွေ့ရတဲ့ apple လို စာလုံး တစ်ခုခုကို ) တွေ့ရမှာဖြစ်ပြီး လေးထောင့်ကွက်ထဲမှာ ဘာစာလုံးမှ ရှိမနေဘဲ အနောက်မှာတော့ @blogger.com ကို တွေ့ရမှာ ဖြစ်ပါတယ်…  ဒါကြောင့် လေးထောင့်ကွက်လေးထဲမှာ မိမိ အတွက် လျှို့ဝှက်နံပါတ် ( မိမိတစ်ဦးတည်းသာ သိမဲ့ ) စာလုံးများကို ရိုက်ထည့်ဖို့ လိုပါမယ်..




 ဥပမာ ကျွန်မဆီမှာ mylovelygreen19335 လို့ ဂဏန်းနဲ့ စာတွေ ဖြည့်လိုက်ပါတယ်.. ပြီးရင် အဲဒီ စာလုံး အတွဲကို မှတ်ထားဖို့ လိုပါမယ်.. အီးမေလ်းပို့ရင် ဒီလိပ်စာကို ပို့ရမှာ ဖြစ်ပါတယ်.. အခုဆိုရင် လိပ်စာက apple.mylovelygreen19335@blogger.com ဖြစ်နေပါပြီ။ apple နောက်မှာရှိနေတဲ့ . (dot)  ဆိုတဲ့ အစက်ကလေး မကျန်အောင် သတိပြုစေချင်ပါတယ်..



အီးမေလ်းကနေ ပို့လိုက်တဲ့ ပိုစ့်တွေကို တစ်ခါတည်း တက်ပြီးသားဖြစ်စေချင်ရင် publish emails immediately ကို on ထားဖို့လိုပြီး၊ တစ်ခါတည်း မတင်စေချင်သေးဘဲ Draft ထဲမှာသာ သိမ်းထားစေချင်တယ်ဆိုရင်တော့ save emails as draft posts ကို on ထားဖို့ လိုပါမယ်.. ပြီးသွားရင် အောက်ဆုံးက SAVE SETTINGS ကို နှိပ်လိုက်ရုံပါဘဲ။ ဒါဆိုရင် အီးမေလ်းထဲကနေ ပိုစ့်တွေတင်ဖို့ setting ချတာ ပြီးပါပြီ။

စမ်းပြီးတော့ ပိုစ့်တစ်ပုဒ်လောက် တင်ကြည့်ရအောင်နော်။




မိမိရဲ့ အီးမေလ်းထဲကို ၀င်ပြီး အခါတိုင်းအီးမေလ်းပို့သလိုဘဲ ပို့ပါမယ်.. ဘလောဂ့်ဖွင့်ထားတဲ့ အီးမေလ်းမှ မဟုတ်ပါဘူး... မိမိလက်ရှိသုံးနေတဲ့ ဘယ်ဂျီမေလ်းကနေမဆို ပို့လို့ရပါတယ်.. To ဆိုတဲ့ ပို့သူနေရာကို အစောက စာလုံးတွေ ဖြည့်ခဲ့တဲ့ လိပ်စာလေးကို ရေးထည့်ပါတယ်.. ဥပမာ ခုနက မှတ်ခဲ့တဲ့apple.mylovelygreen19335@blogger.com ကိုဖြည့်ပါတယ်.. Subject နေရာမှာတော့ ရေးမဲ့ ခေါင်းစဉ်ကို ဖြည့်ပါမယ်.. မေလ်းထဲမှာ ပိုစ့်ခေါင်းစဉ်အဖြစ် ကျွန်မ စမ်းပြီးတင်မဲ့ ပိုစ့်ခေါင်းစဉ်ဖြစ်တဲ့ ပျော်ပျော်ရွှင်ရွှင် နေရအောင် ကို Subject နေရာမှာ ထည့်ထားပါတယ်.. ပုံလေးပါ ထည့်ချင်ရင်တော့ attach file လေးနဲ့ ထည့်လို့ရပါသေးတယ်.. ပြီးတော့ စာရေးတဲ့ ဘောက်စ်ထဲမှာတော့ ပိုစ့်အတွက် မိမိရေးထားတဲ့ အကြောင်းအရာလေးတွေ ကူးရေးထည့်ရုံပါဘဲနော်။ စာတွေကိုတော့ word ထဲမှာ ရေးကတည်းက justify လုပ်ထားဖို့ လိုပါမယ်.. လုပ်ပြီးမှသာ မေလ်းထဲကို ကူးထည့်ပါ။ သို့မှသာ ဘလော့ပေါ်မှာ စာတွေ ညီနေမှာ ဖြစ်ပါတယ်.. ပုံလဲထည့်ပြီးပြီ.. စာတွေလဲ စစ်ပြီးပြီဆိုရင် မေလ်းပို့သလို Send လုပ်ရုံပါဘဲနော်..





ကိုယ့်ရဲ့ ဘလော်ဂါထဲကို ၀င်ကြည့်မယ်ဆိုရင် ခုလို မေလ်းနဲ့ပို့လိုက်တဲ့ပိုစ့်လေးက ရောက်နေပြီ ဖြစ်ပါတယ်




ကိုယ့်ရဲ့ ဘလော့ဂ် မိန်းပေခ်ျ့ကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် မေလ်းကနေ ပို့လိုက်တဲ့ ပိုစ့်လေးဟာ ဘလော့မျက်နှာပြင်မှာ တက်သွားပါပြီနော်.. ပျော်ပျော်ရွှင်ရွှင်နေရအောင်ဆိုတဲ့ ပိုစ့်လေးပါ.. ထည့်လိုက်တဲ့ ပုံကတော့ ထိပ်ဆုံးမှာပါ။



ပုံတွေကို အများကြီးထည့်ချင်လည်း ထည့်လို့ရပါတယ်.. Attach File နဲ့ ကြိုက်သလောက်ထည့်ပါ။ သို့သော်လည်း ပုံတွေက ပိုစ့်ရဲ့ အပေါ်ဆုံးမှာ ခုလိုမျိုး အစဉ်လိုက်သာ ပေါ်နေမှာ ဖြစ်ပါတယ်..

အခုဖော်ပြသွားတဲ့ အီးမေလ်းကနေ ဘလော့စပေါ့ကို ပိုစ့်တင်နည်းလေးကို ဖတ်ပြီး လေ့လာခဲ့ရတဲ့ မူရင်းဆိုဒ်က  IT Share Site ဖြစ်ပါတယ်. တစ်ခြား နည်းပညာဆိုဒ်တွေမှာလည်း တင်ထားဖူးပြီးသား ဖြစ်ပါလိမ့်မယ်.. အခု ကျွန်မ ရှင်းပြထားတာ မရှင်းလင်းခဲ့ရင် IT Share Site ရဲ့(  ဒီနေရာလေးမှာ ) သွားရောက် ကြည့်ရှုနိုင်ပါတယ်..

ဒီပိုစ့်ကို ရေးသားပြီး တင်ပေးထားသော IT Share Site  နဲ့ အခြားသော နည်းပညာ ဆိုဒ်တို့အား ကျေးဇူးအထူး တင်ပါကြောင်းနဲ့ ပြည်တွင်းကနေ ဘလောဂ့်ပိုစ့်တင်ဖို့ အခက်အခဲဖြစ်သူများ၊ blogger ထဲဝင်ပြီး တင်ဖို့ အချိန်မရသူများ၊ ကျော်ခွရသူများ အဆင်ပြေချောမွေ့စွာ တင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့် ဒီပိုစ့်လေးကို ထပ်ဆင့်ကာ ပြန်လည် ဝေမျှရေးသားပါတယ်ရှင်။


ဖြည့်စွက်ချက်။   ။ ပြည်တွင်းကနေ Blogger ကို အသုံးပြုပြီး ဘလော့ရေးနေသူများ၊ ကိုယ်ပိုင်ဒိုမိန်း မရှိသူများအတွက် sub domain ပေးလိုပါသဖြင့် အောက်ပါ အီးမေလ်းလိပ်စာကို မေလ်းပို့ပြီး တောင်းခံနိုင်တယ် ဆိုတာလေး ထပ်ပြီးဖြည့်စွက်ချင်ပါတယ်.. sub domain ရပါက မိမိ၏ဘလော့နှင့် ချိတ်ဆက်ပြီး  ပြည်တွင်းမှ ကြည့်ရှုသူများက ကျော်ခွစရာမလိုဘဲ အလွယ်တကူ ၀င်ရောက်ကြည့်ရှုနိုင်မှာ  ဖြစ်ပါတယ်လို့ သိရပါတယ်.. ပေးမဲ့ sub domain က mmblogger.info ဖြစ်ပါတယ်.. အရှေ့က မိမိရဲ့ ဘလော့လိပ်စာ(myname) နေရာမှာ ဖြည့်လိုက်ရင် http://(myname)mmblogger.info/ ဖြစ်လာမှာ ဖြစ်ပြီး ပြည်တွင်းမှ သုံးစွဲနေသူများကို အဓိက ပံ့ပိုးပေးလိုတာဖြစ်ပြီး sub domain အရေအတွက်  ၇၀ နီးပါး ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်.. ဘလော့ရေးသားသူများသည် ရသစာပေ၊ သုတစာပေ၊ ကဗျာ၊ ဆောင်းပါး တို့ကို ရေးသားနေသူများ ဖြစ်ပြီး တစ်လတစ်ကြိမ် အနည်းဆုံး ပိုစ့်များကို တင်နိုင်သူများ ဖြစ်ရပါမယ်ဆိုတဲ့ စည်းကမ်းချက်လေးများ ထားရှိပါတယ်လို့ sub domain ပံ့ပိုးပေးလိုသူမှ ဆက်သွယ် ပြောကြားလာပါတယ်။ စိတ်ဝင်စားသူများ mrs.niniwin@gmail.com ကို အီးမေလ်းပေးပို့၍ ဆက်သွယ်နိုင်ပါကြောင်းရှင်....




သဘာဝတရားကို ဆန်းပြားစွာဖန်တီးကြသူများ


တကယ့်အိမ်လေးတစ်လုံးရဲ့ မြင်ကွင်းပုံ




ကျွန်မ ဘွန်ဇိုင်းပင်လေးတွေအကြောင်းကို အတော်စိတ်ဝင်စားပါတယ်.. ဟိုးလွန်ခဲ့တဲ့ ၅လပိုင်းလောက်ကလည်း ငယ်သော်ငြားလည်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘွန်ဇိုင်းဖြစ်ပေါ်လာခြင်း ရာဇ၀င်နဲ့ လှလှပပ ဘွန်ဇိုင်းပင် လေးတွေအကြောင်း ရေးခဲ့ဖူးပါတယ်.. ဘွန်ဇိုင်းဆိုတဲ့ အဓိပ္ပါယ်ဟာ အိုး(လင်ပန်း) အတွင်းမှာ စိုက်ပျိုးထားသော အပင်လို့ ဖော်ပြခဲ့ပါတယ်.. အပင်တွေကို နှစ်ဘယ်လောက်ကြာကြာ အရွယ်အစားကြီးထွားမလာစေဘဲ ထိန်းချုပ်ထားပြီး သစ်ပင်ကြီးတစ်ပင်ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် စိတ်ရှည်လက်ရှည် ပုံဖော်ထုဆစ်ထားတာ ဖြစ်ပါတယ်.. အဲဒီတုန်းကတော့ တစ်ပင်တည်းကို အိုးတွေနဲ့ စိုက်ပျိုးထားပြီး တကယ့် အပင်ကြီးလို ထင်ရတဲ့ ဖူးပွင့်နေသော သက်ကြီးပု ဘွန်ဇိုင်းပင်တွေအကြောင်းကို လှလှပပ ပုံလေးတွေနဲ့ပါ ဖော်ပြခဲ့တာပါ။ စိတ်ဝင်စားသူများ (ဒီနေရာ)မှာ ဖတ်ကြည့်လို့ရပါတယ်ရှင်။

ဂရိတ်ဝေါလ်တံတိုင်းနှင့် ကျောက်တောင်ကြီးပမာ ဖန်တီးမှု အနုလက်ရာ


ကျောက်ဆောင်ရဲ့ မာကြောမှုနဲ့ သစ်ပင်ရဲ့ နွဲ့ပျောင်းမှု



ရေတံခွန်လေးတစ်ခုပါ ပါဝင်တဲ့ ဖန်တီးမှု


တစ်မျိုးဆန်းနေတဲ့ ရှုခင်းလေးပေါ့


တစ်ပင်တည်း သို့သော်...

 
ဒီတစ်ခါ ရေးချင်တာကတော့ အဲဒီလို သက်ကြီးပု ဘွန်ဇိုင်းပင်တွေနဲ့ သစ်တုံးတွေ၊ ကျောက်တုံး ကျောက်ဆောင်တွေ၊ အိမ်ပုံစံငယ်လေးတွေ ပေါင်းစပ်လို့ တကယ့်ကို ပြင်ပ ရှုခင်းလို ဖြစ်အောင် လှပသိမ်မွေ့တဲ့ အိုင်ဒီယာစိတ်ကူး ကောင်းတွေနဲ့ တည်ဆောက်ထားတတ်တဲ့ မြေယာရှုခင်း အသေးစားလေးတွေအကြောင်း ဖြစ်ပါတယ်.. တစ်ချို့ဆိုရင် ဘုရားကျောင်း၊ လူ၊ တိရိစ္ဆာန်၊ ရေအိုင်၊ လှေ၊ ငှက်၊ ခြုံပုတ်၊ ပန်းပွင့်လေးများ စသည်တို့ ပါဝင်ကြပြီး အလွန်သေးငယ်သော အချိုးအစားများ ဖြင့် ပြုလုပ်ထားသော်လည်း တကယ့် ပြင်ပရှုခင်းနဲ့မခြား ကြည့်ရသူတွေရဲ့စိတ်ကို ကြည်လင် ရွှင်လန်းလာအောင်၊ နှစ်သက်သဘောကျလာအောင် ပြုလုပ်ထားတတ်ကြပါတယ်. အဲဒါဟာ ဘွန်ဇိုင်းနည်းပညာနဲ့ မြေယာရှုခင်း အတတ်ပညာတို့ကို အချိုးညီညီ စိတ်ကူးကောင်းကောင်းနဲ့ ပေါင်းစပ်ထားတဲ့ ပညာဖြစ်ပါတယ်.. သဘာဝအလှအပကို ဝေးဝေးလံလံ သွားကြည့်စရာမလိုဘဲ မိမိရဲ့ အိမ်ထဲမှာဘဲ အလွယ်တကူ မြင်တွေ့ခွင့်ရအောင်  ဆန်းပြားတဲ့ စိတ်ကူးကောင်းလေးတွေနဲ့ ဖန်တီးထားတဲ့ လက်ရာများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

ခန့်ညားခြင်း

ညွှတ်ကိုင်းခြင်း

ပေါင်းကူးခြင်း


ထည်ဝါခြင်း

အင်အားရှိခြင်း


ဟန်ချက်ညီခြင်း


ဘွန်ဇိုင်းပင်နဲ့ ကျောက်တုံးတွေ ပေါင်းစပ် အလှဆင်တဲ့နည်းကို စတင်တာက ထုံးစံအတိုင်း တရုတ်လူမျိုးတွေ ဖြစ်ပါတယ်.. ဒုတိယကမ္ဘာစစ် ပြီးချိန်မှသာ ဂျပန်သို့ ရောက်ရှိသွားပြီး ဂျပန်လူမျိုးများကြားမှာ ရေပန်းစား ထင်ရှားလာခြင်း ဖြစ်ပါတယ်.. ဂျပန်နိုင်ငံတွင် ဘွန်ဇိုင်းကို ၄င်းတို့၏ အထိမ်းအမှတ်၊ ဂုဏ်သိက္ခာတစ်ရပ် အဖြစ်ပါ  အထူးအလေးထား စိုက်ပျိုးကြပြီး အိမ်တိုင်းနီးပါးတွင် ဘွန်ဇိုင်းပင်များကို တွေ့ရနိုင်ပါတယ်.. အများအားဖြင့် ခရမ်းရောင်ပန်းပွင့်သော အပင်၊ ထင်းရူးပင်၊ မေပယ်လ်ပင်တို့ကို ဘွန်ဇိုင်း ပြုလုပ် စိုက်ပျိုးတတ်ကြသော်လည်း အခြားသော အပင်အမျိုးအစား အစုံတို့ကိုလည်း အပင်သေးသေးလေးများဖြင့် တစ်ပင်လုံး ညွှတ်ဝေ သီးပွင့်နေအောင် လှပချစ်စဖွယ်ကောင်းအောင် ပြုပြင်ဖန်တီးထားကြပါတယ်.. ထိုသို့ ဘွန်ဇိုင်းနှင့် ကျောက်တုံး ကျောက်ဆောင်များ ပေါင်းစပ်ပြုပြင်ခြင်းကိုတော့ တရုတ်လူမျိုးများက အထူးပင် ကျွမ်းကျင်ကြပါတယ်.. ဘွန်ဇိုင်းနှင့် အခြား အရာများကို ပေါင်းစပ်၍ ပြုပြင်ဖန်တီထားသော ဘွန်ဇိုင်းမြေယာရှုခင်းကို ဘယ်လိုပင် ပုံစံမျိုးစံ၊ စိတ်ကူး ဒီဇိုင်းမျိုးစုံတို့ဖြင့် ဖန်တီးသော်ငြားလည်း မပါမဖြစ် အဓိက သုံးချက်မှာ အပင်၊ မြေကြီးနဲ့ ကျောက်တုံးတို့ ဖြစ်ကြပါတယ်..


ကျောက်ဆောင်နှင့် ထင်ရှူးပင်

ကျောက်ဆောင်ပေါ်က အိမ်

မတ်မတ်ရပ်ခြင်း

စိတ်ကြည်နူးဖွယ် ရေကန်နဲ့ လှေငယ်


ညီညွှတ်ခြင်းအား

အချို့သော ဘွန်ဇိုင်းပညာရှင်များမှာ ဘွန်ဇိုင်းပင်များကို စုစည်းကာ အိုး(လင်ပန်း) တစ်ခုတည်းတွင်သာ စုပေါင်းစိုက်ပျိုးပြီး တကယ့် တောအုပ်သဏ္ဍာန် ပြုလုပ်ဖန်တီးထားတတ်ကြပါတယ်… ၄င်းပုံသဏ္ဍာန်ရရှိဖို့ အပင်တွေကို ပြုပြင်ဖန်တီးသင့်တဲ့ အရွယ်အစားဟာ ၂နှစ်ကနေ ၆နှစ်အတွင်းမှာ အသင့်တော်ဆုံးလို့ ဆိုပါတယ်.. ၄င်းသစ်ပင်လေးများကို စုပေါင်းပြီး တောအုပ်ပုံစံ ဖန်တီးခြင်းကိုလည်း အနည်းဆုံး အပင် ၅ပင် မှစကာ ဖန်တီးတတ်ကြပါတယ်.. အချို့မှာ ၇ပင် အချို့မှာ ၉ပင် ထက်ကျော်လွန်ပြီးလည်း ပါဝင် ဖန်တီးတတ်ပြီး အရေးအကြီးဆုံးအချက်မှာ တောအုပ်ပြုလုပ်ထားတဲ့ အပင်တွေဟာ “မ” ဂဏန်းများ ဖြစ်တာကို တွေ့ရှိရပါတယ်.. ဘွန်ဇိုင်းတောအုပ် ဖန်တီးသူများ သတိထားရမဲ့ အချက်တစ်ခုမှာ အမျိုးအစားတူ အပင်များကိုသာ ရွေးချယ် စုစည်းပြီး ဖန်တီးခြင်းကသာ အကောင်းဆုံး ဖြစ်စေနိုင်ပါတယ်.. ကွဲပြားခြားနားသော အပင်များကို စုစည်းထားခြင်းအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ ခက်ခဲစေနိုင်ပါတယ်..


စိမ်းလန်းတဲ့တောအုပ်ကလေး


                                                ချစ်စဖွယ်တောအုပ်ကလေး

သဘာဝတရားနဲ့ ထပ်တူ


တကယ့်အပင်ကြီးတွေနဲ့မခြား




 နိမ့်မြင့် အပင်များစုဝေးရာ

စီစီရီရီ

မှီတွယ်ခြင်း

တောအုပ်ဘွန်ဇိုင်းဖြစ်လာဖို့ စတင်ပြုစုပျိုးထောင်တဲ့အချိန်မှာ အပင်ငယ်လေးတွေကို နေရာချထားပုံကလည်း အရေးပါပါတယ်.. စိတ်ကူးထဲမှာ ၄င်းအပင်တွေ အနာဂတ်မှာ ဘယ်လို ပုံစံမျိုး ကြီးထွားလာ မလဲဆိုတာကို ကြိုတင် တွေးတောထားရတယ်လို့ ဆိုပါတယ်.. သို့မှသာ တကယ့် သစ်တောအုပ်နဲ့ တူပြီး သဘာဝကျကျ လှပမှာ ဖြစ်ပါတယ်.. အုပ်စုဓာတ်ပုံ ရိုက်သကဲ့သို့ ရှည်သော အင်အားကြီး သန်မာသော အပင်တွေက အလယ်မှာ နေရာချထားရမှာ ဖြစ်ပါတယ်.. ဘွန်ဇိုင်းပင်များကို ပျိုးထောင်ရာမှာ ရေကို အများအပြားလောင်းခြင်း၊ အပင်အတွက် အလင်းရောင် လိုအပ်သည်ဆိုသော်လည်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်.။ ဘွန်ဇိုင်းတောအုပ် စတင်စိုက်ပျိုးပြီး ၂နှစ်ပြည့်ချိန်မှာ အခြားအိုးနဲ့ ပြောင်းလဲ စိုက်ပျိုးသင့်ကြောင်း သိရပါတယ်.... ဘွန်ဇိုင်းပင်ပုလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ တောအုပ်ကလေးဟာ နှစ်အနည်းငယ် အကြာမှာတော့ တကယ့်တောအုပ်လေးတစ်ခုလို လှပသက်ဝင်ပြီး ရှုချင်စဖွယ်၊ ချစ်စဖွယ်ကောင်းနေပါတော့တယ်..


သမနိရှည်ကြာ


သက်တမ်းရင့် ဘွန်ဇိုင်းပင်ကြီး

လွမ်းမောဖွယ်

တရုတ်ဆန်သော အနုပညာ


ပြိုင်ပွဲဝင် လက်ရာတစ်ခု


ရေသောက်ဆင်းတဲ့ သမင်ပျို

ကျောက်တုံးကျောက်ဆောင်များနဲ့ ဘွန်ဇိုင်းကို မြေယာရှုခင်းပြုလုပ်ဖို့အတွက် အဓိကအချက်မှာ မည်သည့်ကျောက်တုံး ပုံသဏ္ဍာန်နဲ့မဆို ပြုလုပ်နိုင်သော်လည်း ရွေးချယ်ထားသော ကျောက်တုံးမှာ ခိုင်ခန့်မာကြောသော၊ မကွဲအက်လွယ်သော ကျောက်တုံး ဖြစ်ရန်လိုပါတယ် .. ရွေးချယ်သင့်သော ကျောက်တုံး အရောင်များမှာ အဖြူ၊ အမဲ၊ မီးခိုးရောင်၊ နီညိုရောင်တို့ ဖြစ်ကြပါတယ်.. အများအားဖြင့် ထောင်မတ်နေသော ကျောက်တုံးများကို ရွေးချယ်ကြသော်လည်း အလျားလိုက် ဖြစ်နေသော ကျောက်ဆောင် ပုံသဏ္ဍာန်များကိုလည်း ရွေးချယ် ဖန်တီးတတ်ကြပါသေးတယ်.. သေးငယ်သော ကျောက်ဆောင်များကို ပြင်ပတွင်ရှိသော ကျောက်တုံး ကျောက်ဆောင်များ၏ ပုံသဏ္ဍာန်နှင့်မခြား ဖန်တီးပြီး ဘွန်ဇိုင်းပင်များ၊ ခြုံပင်ငယ်များနဲ့ တွယ်ယှက်ပေါင်းစပ်ကာ အခြားသော ရေကန်၊ အိမ်၊ လူ၊ တိရိစ္ဆာန်၊ လှေ စသည်တို့ဖြင့် စိတ်ကူးရှိသလို လှပစွာ ဖန်တီးထားခြင်းသည် ဘွန်ဇိုင်းဖြင့် မြေယာရှုခင်းအလှဆင်ခြင်း ဖြစ်ပါတယ်..

စိမ်းလန်းခြင်း

ဆန်းသစ်ခြင်း

ရင့်ကျက်ခြင်း


ရန်စောင်ခြင်း

အေးချမ်းခြင်း

ပေါင်းစပ်ခြင်း

တည်ငြိမ်ခြင်း


ဝေဆာခြင်း

အထီးကျန်ခြင်း


အဲဒီလို ပြုပြင်ဖန်တီးထားတဲ့ ရှုခင်းသေးသေးလေးတွေကို ကျွန်မအနေနဲ့ နှစ်သက်သဘောကျမိတာမို့ ရှာဖွေစုဆောင်းထားတာလေးတွေကို သူငယ်ချင်းမိတ်ဆွေများကိုလည်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်ရှင်။





source and photos from google search