မာလာငါးပေါင်း၊ အာလူးချဉ်စပ်နဲ့ ကျောက်ပွင့်သုပ်





ဒီနေ့တော့ ဟင်းချက်ပြမဲ့ အစီအစဉ်ပေါ့နော်.. ဟင်းချက်ကောင်းတဲ့ အိမ်ကလေးတွေလိုက်လည်ပြီး သူများချက်ထားတာတွေ ကြည့်ပြီး တံတွေးမြိုမြိုပြီး ပြန်ခဲ့ရလို့ ခုတော့ ကိုယ့်ဟာကို ဟင်းချက်ပါဦးမယ်.. ပထမဦးဆုံးချက်မဲ့ဟင်းက မာလာငါးပေါင်းပါ။ ထွေထွေထူးထူးလဲ မဟုတ်ပါဘူး.. ငါးကို မာလာအနှစ်နဲ့ ရောနှယ်ပြီး ပေါင်းလိုက်တာပါဘဲ။

မာလာငါးပေါင်း


ဆား၊ ပဲငံပြာရည်တို့နဲ့ နယ်ထားတဲ့ငါး


ပထမဦးဆုံး ငါးကို ကြေးခွံဖယ် ဗိုက်ဖောက်၊ ရေများများချိုးပေးပြီး ၊ ဓါးနဲ့ မွန်းပါတယ်.. ပြီးရင်တော့ ဆား၊ အချိုမှုန့်( ဟင်းခတ်မှုန့်) ပဲငံပြာရည်၊ ဟင်းချက်ဝိုင် (သို့) ဆန်အရက် နည်းနည်းတို့နဲ့ နယ်ပြီး အရသာတွေ အသားထဲ စိမ့်ဝင်အောင် အချိန်ကြာကြာ ထားလိုက်ပါတယ်..

အဆာပလာ နယ်ထားတယ်၊ စားလို့ ရသေးဘူးနော် အစိမ်းကြီး ရှိသေးတာ


ကြက်သွန်ဖြူ၊ ဂျင်း၊ ဥနီ၊ နံနံတို့ကို အဆင်သင့်ပြင်ပြီး ငါးနဲ့ နယ်ပါမယ်.. အချောင်းကလေးတွေက ဂျင်းနဲ့ ဥနီပါ။ ပြီးတော့ မာလာ အနှစ်နဲ့ ထမင်းစား ၂ဇွန်းလောက်ဘဲ ထည့်ပါတယ်.. အများကြီးဆို တအားစပ်ပြီး ငံမှာ စိုးလို့ပါ.. ငရုပ်သီးစိမ်းတော့ မထည့်တော့ပါဘူး မာလာအနှစ်က စပ်နေပြီးသားမို့ပါ. မွှေးအောင် နှမ်းဆီလေးလည်း နည်းနည်းထည့်ပြီးတော့ နှံ့အောင် နယ်ပါတယ်..


 ဒီပုံလေးထဲက မာလာအနှစ်ကို သုံးထားတာပါ။


ခုမှ ပေါင်းမှာ..


ပြီးတော့  အိုးတစ်လုံးမှာ ရေထည့် ငါးပန်းကန်ကိုတင်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပါတယ်.. အဖုံးအုပ်ပေးဖို့ မမေ့ပါနဲ့... အငွေ့တွေနဲ့ ကျက်အောင်ပေါင်းတာမို့ အဖုံးမဖုံးရင် ကျက်ဖို့ ကြာတတ်ပါတယ်.. ပြီးတော့  ငါးက ပေါင်းနေရင်း သူ့အရည်တွေ အများကြီးထွက်လာတတ်ပါတယ်..  တစ်ဖက် ကျက်ရင် နောက်တစ်ဖက် လှန်ပေးပါတယ်.. သိပ်မကြာခင်မှာ မာလာငါးပေါင်း ရပါပြီ.



ကျက်သွားရင် ခုလို အရည်တွေက ထွက်လာသေးတယ်လေ။ အစောက ချန်ထားတဲ့ ဥနီနဲ့ နံနံကို ခုလို အပေါ်ကနေ ပြန်ပြီး ဒီလိုလေး လှတပတဖြစ်အောင်  စားချင်စဖွယ်လေး ပြန်ထည့်ပါသေးတယ်.. စားလို့လဲ တကယ်ကောင်းတဲ့ မာလာငါးပေါင်းပါ။  


 ဒါကတော့ အနီးကပ်လေးပေါ့နော်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အာလူးချဉ်စပ်

နောက်ထပ် ဟင်းတစ်မျိုးက သက်သပ်လွတ် အာလူးချဉ်စပ်ပါ.. ခုတစ်လော ကြားနေတာ ၀က်သား၊ ကြက်သား၊ အမဲသားတွေမှာ Dioxin တွေ တွေ့နေတယ်ဆိုတော့ အသားမစားတဲ့လူတွေ များနေမှာမို့ အာလူး သက်သပ်လွတ်ချက်နည်းလေး တင်ပေးချင်ပါတယ်နော်.. အဲ Dioxin ပါတယ်ဆိုတာ ပြည်ပနိုင်ငံတစ်နိုင်ငံပါ.. မြန်မာနဲ့ အာရှနိုင်ငံတွေ မပါပါဘူး.. အဲဒီမှာနေတဲ့ တစ်ချို့သော သူလေးတွေ ခုတစ်လော အသီးအရွက်တွေ နေ့တိုင်း စားနေကြပါတယ်.. အသီးအရွက်ကို ကြိုက်လို့ မဟုတ်ဘဲ  Dioxin ကို ကြောက်လို့ စားနေတာဖြစ်မှာပါ :)



ပထမဦးဆုံး အာလူးကို အခွံနွာပြီး ခုလို ပြားပြားလေးနဲ့ ပါးပါးလေး ဖြစ်အောင်လှီးပါတယ်.. ပြီးရင် ရေစိမ်ထားပါတယ်..



ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုပ်သီး၊ ခရမ်းချဉ်သီးတို့ကို အသင့်ပြင်ထားပါတယ်.. စပ်စပ်လေးဖြစ်ချင်ရင် ငရုပ်သီးပိုထည့်နိုင်ပါတယ်..




အိုးထဲ ဆီအနည်းငယ်ထည့် ၊ ဆီပူလာရင် ကြက်သွန်ဖြူနဲ့ဂျင်းကို ထည့်ပါတယ်. ပြီးတော့ ကြက်သွန်နီနဲ့ အာလူးတွေကိုထည့်၊ ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်နဲ့ အချဉ်အတွက် ရှာလကာရည်(သို့) ဗနီကာရည် အနည်းငယ်ထည့်ပါတယ်.. ပြီးတော့ ရေအနည်းငယ်ထည့်ပါတယ်..




ခရမ်းချဉ်သီးနဲ့ ငရုပ်သီးတွေ ပျော့အိကုန်မှာစိုးတာကြောင့် အာလူးကျက်ခါနီးမှ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးကို ထည့်ပါတယ်။  ကော်မှုန့်နည်းနည်းကို ရေအေးနဲ့ဖျော်ပြီး အိုးထဲကိုလောင်းချကာ မွှေပေးပါ။ အာလူးကို စမ်းကြည့်လို့ ကျက်ပြီဆို အပေါ့အငံမြည်းလို့ အနေတော်ရင် ချလို့ရပါပြီ။ အာလူးကို ပျော့ပြဲအောင် ချက်ရင် စားမကောင်းပါ။ ခပ်ဆတ်ဆတ် အနေအထားမှာ ချတာ အာလူးချဉ်စပ်အတွက် စားလို့အကောင်းဆုံးပါ။

ချဉ်ချဉ်စပ်စပ် စားလို့ရပြီ


မ၀မှာစိုးလို့


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောက်ပွင့်သုပ်

နောက်ထပ် ဟင်းတစ်မျိုးက ကျောက်ပွင့်လို့ခေါ်တဲ့ အဖြူရောင် အပွင့်ကြီးတွေပါ။ တရုတ်ကုန်စုံဆိုင်တွေမှာ ရှိတတ်ပါတယ်..


သူ့ကို မသုပ်ခင်မှာ ရေစိမ်ထားရပါမယ်.. ပြီးတော့ ရေနွေးနဲ့ ခဏပြုတ်ပါတယ်.. အဖြူရောင်အဆုပ်ကြီးက သို့မှသာ ပွတက်လာမှာ ဖြစ်ပါတယ်..

အရောင်စုံ

ပြီးနောက် အပိုင်းအစသေးသေးလေးများ ဖြစ်အောင် တစ်စီစီ လှီးဖြတ်ပါမယ်... ကြက်သွန်ဖြူ တောက်တောက်စင်းထည့်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်းထည့်၊ အနီရောင်ခရမ်းချဉ်သီး၊ လိမ္မော်ရောင်ဥနီ၊ အစိမ်းရောင်သခွားသီး စတာတွေကို အရောင်လေးတွေစုံအောင်ထည့်ပါတယ်.. ကျောက်ပွင့်က အဖြူရောင်ဆိုတော့ အရောင်လေးတွေ စုံနေတာပါဘဲ။


ကျောက်ပွင့်သုပ်ပါ။


ဆား၊ အချိုမှုန့်၊ ငရုပ်သီးဆီကြော်(သို့) ဆီကျက်၊ နှမ်းလှော်နဲ့ သံပုရာသီးညှစ်ပြီး နယ်လိုက်ရင် ချဉ်ချဉ်စပ်စပ် အရောင်လှလှ ကျောက်ပွင့်သုပ်ရပါပြီ။


စားသောက်ဖွယ်ရာ မာလာငါး၊ အာလူးချဉ်စပ်၊ ကျောက်ပွင့်သုပ်တို့က ဒီတစ်ပတ် Friday Special ပါရှင်။ လာမဲ့ ရုံးပိတ်ရက်မှာ လုပ်စားချင်သူများအတွက် ပြန်လည် ဝေမျှပါတယ်.. အစားအသောက်များဖြင့် စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေရှင်။





           

ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်နှင့် ကမ္ဘာ့အရှည်ဆုံးတံတား



ကမ္ဘာ့ဈေးအကြီးဆုံး Burj al-Arab   ဟိုတယ်


ကမ္ဘာပေါ်မှာ ထူးခြားထင်ရှားတဲ့ ဟိုတယ် များစွာထဲကမှ ဈေးအကြီးဆုံး ဟိုတယ် အကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ အဲဒီဟိုတယ်က United Arab Emirates  မှ ပိုင်ဆိုင်သော ဒူဘိုင်းမြို့ရှိ Burj al-Arab  ဇိမ်ခံဟော်တယ် ဖြစ်ပြီး ကမ္ဘာပေါ်က ကြယ်ခုနှစ်ပွင့် အဆင့်ရှိ တစ်ခုတည်းသော ဟိုတယ် ဖြစ်တယ်လို့ သိရပါတယ်.. .. ပေပေါင်း ၁၀၅၃ပေ ( မီတာ ၃၂၁) အမြင့်ရှိပြီး တတိယမြောက် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်တစ်ခုလည်း ဖြစ်ပါတယ်.. ၄င်းဟိုတယ်ဟာ ပါးရှန်းပင်လယ်ကွေ့ရှိ ကမ်းခြေနဲ့ အနည်းငယ်လှမ်းတဲ့ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာ နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီး တည်ဆောက်ထားတာဖြစ်ပြီး ဟိုတယ် ဆောက်လုပ်ထားတဲ့ ကျွန်းဟာလည်း သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျွန်းမဟုတ်ဘဲ လူတွေက မြေဖို့ဖန်တီးထားတဲ့ ၉၁၉ပေ ကျယ်ဝန်းတဲ့ ကျွန်းအတု ဖြစ်ပါတယ်.. ကမ်းခြေနဲ့ ၂၈၀ မီတာ (၉၂၀ပေ) ကွာဝေးတဲ့ ဟိုတယ်ရှိရာ ကျွန်းကလေးကို  သီးသန့်တံတားတစ်ခုနဲ့ ဆက်သွယ်ထားရှိပါတယ်..






Burj al-Arab  ဟိုတယ်

ဟိုတယ် အဆောက်အအုံကြီး တစ်ခုလုံးဟာ ဘေးနှစ်ဘက်ကို တောင်ပံဖြန့်ထားသော အာရေဗျ သင်္ဘောများရဲ့ ရွက်တိုင်ကြီးသဏ္ဍာန် တည်ရှိပြီး  v ပုံစံ အနေအထား အတိုင်းရှိပါတယ်. ဘေးဘက် တောင်ပံနဲ့ အဆောက်အဦးကြား နေရာလွတ်များ ရှိနေပြီး တောင်ပံကို ထူထဲခိုင်ခံ့သော မှန်ပြားများဖြင့် ပြုလုပ်ထားတဲ့ ဆန်းပြားလှတဲ့ ဒီဇိုင်းဖြစ်ပါတယ်.. အဆောက်အဦးအဖြစ် စတင်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်း ချကတည်းက စိတ်ချလုံခြုံမှု ရှိစေရန်အတွက် အောက်ခြေ ပေလေးဆယ်အနက်ထိ ကွန်ကရိတိုင်များ ထည့်သွင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အတွင်း အချို့သော အပြင်အဆင်ရဲ့ ၈၀၀၀ စတုန်ရန်းမီတာဟာ ၂၂ကာရက် ရွှေတွေနဲ့ ပြုလုပ်တန်ဆာတင်ထားပြီး ၂၄၀၀၀ စတုရန်းမီတာကတော့ အမျိုး၃၀ကျော်တဲ့ မာဘယ်လ် ကျောက်ပြားများနဲ့ ပြုလုပ်ထားကြောင်း အံ့သြဖွယ်သိရပါတယ်..


ဟိုတယ်တွင်း ခမ်းနားလှသောဧည့်ခန်း



ပင်လယ်ရှုခင်းကို လှမ်းမြင်ရတဲ့ အခန်း



Luxurious Bedroom

နန်းတော်ကြီးတမျှ ခမ်းနားလှပတဲ့ အိပ်ရာ

ရေချိုးခန်းရဲ့ ထည်ဝါခမ်းနားမှု



ဟိုတယ်အတွင်းအောက်ထပ် အဆင့်ဆင့် မြင်ကွင်း

Burj Al Arab
Burj Al Arab ဟိုတယ် စည်းဝေးခန်း
  
burj al arab panaromic suite 
burj al arab bath


ဟိုတယ်ရဲ့ စားသောက်ခန်း

Resplendent and Magnificent Dining Hall



ဟိုတယ်ရဲ့ ဓာတ်လှေခါး




၎င်း Burj al-Arab ဟိုတယ်မှာ သာမန်အခန်းဆိုတာ မရှိဘဲ.. အငယ်ဆုံးအခန်းပင်လျှင် ၁၆၉ စတုန်းရန်းမီတာ ( ၁၈၁၉ စတုရန်းပေ)  ကျယ်ဝန်းပြီး အကြီးဆုံးသော အခန်းမှာ ၇၈၀ စတုရန်းမီတာ ( ၈၃၉၆ စတုရန်းပေ) ကျယ်ဝန်းပါတယ်. ဈေးအနည်းဆုံး အခန်းပင်လျှင် တစ်ညကို ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၆၀၀၀ ခန့်ရှိပြီး ဈေးအကြီးဆုံး အခန်းမှာ တစ်ညလျှင် ဒေါ်လာ တစ်သောင်းခွဲ (၁၅၀၀၀) ကျော် ကျသင့်သောကြောင့် ကမ္ဘာပေါ်မှာ တည်းခိုနေထိုင်ဖို့ ဈေးအကြီးဆုံး ဟိုတယ် တစ်ခုဖြစ်ပါတယ်.  ဟိုတယ် အပေါ်ဆုံးထပ်မှာ တင်းနစ်ကွင်းတစ်ခု ပါရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးပေါ်မှာ တင်းနစ်ရိုက်ရတဲ့ ခံစားချက်ကို ခံစားလိုသူများ သွားရောက် ကစားနိုင်ပါတယ်..  ဟိုတယ်ရဲ့ အောက်ထပ်မှာတော့ ပင်လယ်ရှုခင်းနဲ့ ရေသတ္တ၀ါတွေရဲ့ အလှကိုကြည့်ရှုခံစားနိုင်တဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်ကြီး ကိုလည်း ဖွင့်လှစ်ထားရှိပါတယ်။



ဟိုတယ်ရဲ့ တင်းနစ်ကွင်း


Burj Al Arab's underwater restaurant 
ဟိုတယ်ရဲ့ ရေအောက်စားသောက်ဆိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာ့အရှည်ဆုံးတံတား

Image

ပင်လယ်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တရုတ်ပြည်ရှိ The Qingdao Haiwan Bridge ကမ္ဘာ့အရှည်ဆုံး တံတားကြီးဟာ ၂၆.၄ မိုင်ရှည်လျားပြီး ၄နှစ်ကြာမျှ တည်ဆောက်ခဲ့ရကာ  စတာလင် ပေါင် ၅.၅ ဘီလီယံ ကုန်ကျတယ်လို့ သိရပါတယ်.. မကြာခင်ရောက်လာတော့မဲ့ နှစ်သစ်ကူးမှာ လုပ်သားပြည်သူများ အသုံးပြုဖို့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်.. ဒီတံတားကြီးဟာ အစောပိုင်းက ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံ လူဝီ စီနီးယား ပြည်နယ်က the Lake Pontchartrain Causeway  တံတားကြီးထက်ကို သုံးမိုင် ပိုပြီး ရှည်လျားတာကြောင့် ကမ္ဘာ့အရှည်ဆုံး တံတားသစ် ဖြစ်လာပါတယ်..

Image



Image

ပြည်နယ်၂ခုကို ဆက်သွယ်ထားတဲ့ ၁၆၄၈၀၅ မီတာ( ပေ ၅၄၀၇၀၀) အရှည်ရှိတဲ့ တံတားကြီးဟာ ပြည်နယ်နှစ်ခုရဲ့ ခရီးသွားလာချိန်ကို မိနစ် ၃၀ခန့် လျော့ချပစ်စေတယ်လို့ သိရပါတယ်.. ယာဉ်ကြောရှုပ်ထွေး ကြပ်ညပ်လွန်းတဲ့ စက်မှုမြို့တော်ကြီး နှစ်ခုဖြစ်သော ရှန်ဟိုင်းနဲ့ နင်းပေါ မြို့ကြီး နှစ်ခုကြားကို ခရီးသွားလာမှု လွယ်ကူအောင် ဖောက်လုပ်လိုက်တာ ဖြစ်ပြီး တံတားကြီးဟာ ခြောက်လမ်းသွား လမ်းမကြီးလည်း ဖြစ်ပါတယ်.. စီးပွားရေးအရ အရေးပါတယ်လို့ ဆိုပါတယ်...  တံတားပေါ်မှာ တစ်နာရီကို မိုင်ခြောက်ဆယ်နှုန်း မောင်းနှင်ခွင့် ပြုထားတယ်လို့ သိရပါတယ်.. တံတားကြီးဟာ အောက်ခံ ကွန်ကရိ ထောက်တိုင် တံတားဖြစ်ပြီး အချို့နေရာမှာတော့ ကြိုးတံတားအဖြစ် နှစ်မျိုးလုံး တွေ့ရပါတယ်..

Image
တံတားကြီးကို ပြည်ပ နည်းပညာ အကူအညီမပါဘဲ တရုတ်အင်ဂျင်နီယာများက ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ခဲ့တယ်လို့ သတင်းတွေထဲကအတိုင်း ပြောပါတယ်..း) တံတားကြီးမှာ အခန်းပေါင်း ၅၂၀၀ကျော် ပါဝင်ပြီး ကမ္ဘာ့စံချိန်သစ်တင်တဲ့ အရှည်ဆုံးတံတားကြီး ဖြစ်တာကြောင့် တရုတ်တို့ဟာ အလွန်ဘဲ ဂုဏ်ယူ ၀ံ့ကြွားနေကြပါတယ် ပြီးတော့လည်း ကမ္ဘာ့အရှည်ဆုံးတံတား ၁၀ ခု စာရင်းမှာ တရုတ်နိုင်ငံက တံတားဟာ ၇နေရာ ပါပြီး ၂ခုတည်းသာ အမေရိကန်မှာ ရှိတာဖြစ်ပါတယ်.. တစ်ခုကတော့ ထိုင်းနိုင်ငံက ၇၉၃၃၂ မီတာ ရှည်တဲ့ Weinan Weihe Grand Bridge တံတားဖြစ်ပါတယ်..

ပင်လယ်ကိုဖြတ်ကာ တံတားဆက်သွယ်ထားသော မြို့ကြီးနှစ်ခု


သုတရစေဖို့ ရှာဖွေ ဘာသာပြန်ပါတယ်ရှင်.. ပျော်ရွှင်ချမ်းမြေ့ကြပါစေ။



ကျန်းမာသွယ်လျ လှလှပ


လူတိုင်းဟာ ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားကျနတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ တကယ်လို့ သင်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တာထက် များနေပြီဆိုရင် အလှအပအတွက်ရော၊ ကျန်းမာရေးအရပါ ၀ိတ် လျော့ဖို့ လိုနေပါပြီ။ ကျန်းမာရေး သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်မှာ ပိန်တဲ့သူတွေထက် ၀တဲ့လူတွေဟာ ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများပြီး ၀သူတွေမှာ ဖြစ်နိုင်တဲ့ရောဂါ အမျိုးအစားဟာလည်း ပိုမိုများပြားတာကို တွေ့ရတာကြောင့် ကျန်းမာရေးအတွက် ၀ခြင်းဟာ လုံးဝကိုမကောင်းဘူးလို့ ဆိုပါတယ်.. ဒါပေမဲ့ အလွန်အကျွံ ပိန်တာမျိုးကျတော့လည်း မဖြစ်သင့်ပါဘူးနော်.. ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အချိုးအစားကို စနစ်တကျ ထိန်းသိမ်းတာဟာ မိမိရဲ့ကျန်းမာရေးကို စောင့်ရှောက်ရာရောက်သလို လှချင်သူများအတွက်လည်း အ၀မတိုးစေဘဲ မိမိနှစ်သက်ရာ အ၀တ်အစားကို လှလှပပလေး ၀တ်ဆင်လို့ ရပါတယ်။

လူတစ်ယောက်ဟာ ၀လာပြီဆိုရင် အ၀တ်အစား ရွေးရခက်လာသလို ရှိပြီးသားအ၀တ်တွေလဲ မတော်တော့တာမျိုး၊ လက်ရှိခေတ်ဒီဇိုင်းနဲ့လည်း လိုက်ဖက်မှု မရှိတော့တာမျိုး ဖြစ်လာနိုင်ပါတယ်.. ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အ၀တ်အစားတွေဟာ ၀တဲ့သူနဲ့ ဘယ်လိုမှ ကြည့်မကောင်းတတ်ပါဘူး.. ဗိုက်ခေါက်က အဆီပြင်ကြီးကြောင့် ကြည့်ရခက်သလို ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းတွေ၊ ခြေထောက်တွေကြောင့်လည်း အလှပျက်စေနိုင်ပါတယ်.. လှချင်လို့ တန်ဖိုးကြီးပေးဝယ်ထားပြီး ၀တ်ကာမှ အ၀တ်ကြောင့် အလှပျက်ရတာမျိုး ဖြစ်နိုင်ပါတယ်..  ဒီတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းမွန်တာမို့ လူတိုင်း မိမိရဲ့ ကိုယ်အလေးချိန် အချိုးအစားကို ထိန်းသိမ်းသင့်ကြပါတယ်နော်။

လူတစ်ယောက်မှာ စပြီးဝလာပြီးဆိုရင် ဗိုက်ခေါက်က အရင်ဆုံး ထွက်လာပါတယ်. မိမိဝမ်းဗိုက်ကို ဆွဲကြည့်ပါ။ အဆီပြင်က ထူနေပြီဆိုရင် သင် ၀နေပါပြီ။ သို့မဟုတ် ၀စပြုနေပါပြီ။ မိမိကိုယ်ကို ၀နေတယ်လို့ မသိသာ မထင်ရှားဘူးဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ တွက်ချက်ကြည့်ရင် ၀တယ် မ၀ဘူးဆိုတာ ဆုံးဖြတ်လို့ ရတဲ့နည်းလမ်း ရှိပါတယ်. ထိုနည်းကိုတော့ B.M.I (Body Mass Index) လို့ခေါ်ပါတယ်.. တွက်ရမဲ့ ပုံသေနည်းက BMI = [weight / (height x height)]  ဖြစ်ပါတယ်.. ဒါက ကိုယ်အလေးချိန်ကို ကီလိုဂရမ်နဲ့ အရပ်အမြင့်ကို မီတာဖြင့် တိုင်းတာသူများ တွက်တဲ့နည်းပါ။ ကျွန်မတို့ မြန်မာတွေက ကိုယ်အလေးချိန်ကို အများအားဖြင့် ပေါင်ချိန်နဲ့ အရပ်ကိုတော့ ပေ၊ လက်မ တို့ဖြင့် တိုင်းကြတာ များပါတယ်.. အလေးချိန်ကို ပေါင်နဲ့တိုင်းပြီး အရပ်အမြင့်ကို လက်မဖြင့် တိုင်းသူများကျတော့ BMI = [weight / (height x height)] x 703 ဆိုတဲ့ ပုံသေနည်းနဲ့ တွက်ချက်ရမှာ ဖြစ်ပါတယ်။

ဥပမာ လူတစ်ယောက်ဟာ အရပ် ၅ပေ ၂လက်မ ရှိပြီး ပေါင်ချိန် ၁၄၀ ရှိနေသူ ဖြစ်ခဲ့ရင် သူရဲ့ BMI ကို တွက်ချက်ကြည့်တဲ့အခါ BMI = [၁၄၀ပေါင် / (၆၂ လက်မ  x ၆၂လက်မ)] x ၇၀၃ လို့ တွက်ရမှာ ဖြစ်တာကြောင့် အဖြေက ၂၅.၆၀ ရပါတယ်.. ၂၅ထက် ကျော်နေပြီဆိုရင်တော့ သင့်အရပ်နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်နေပြီ လို့ တွက်ဆလို့ ရပါတယ်..  ၁၉ကနေ ၂၅အောက်ရှိသူဟာ ပုံမှန်အလေးချိန်လို့ တွက်ဆရပြီး ၂၅ကနေ ၂၉.၉ အတွင်းကိုတော့ ၀နေသူလို့ သတ်မှတ်ပါတယ်.. ၃၀ထက်ကျော်နေရင်တော့ တော်တော်လေးကို ၀နေပါပြီ။ BMI ရလာဒ်များလေ ရောဂါ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ ပိုများလေလို့ ဆိုပါတယ်.. အ၀လွန်သူများမှာ သွေးတိုး၊ ဆီးချို၊ နှလုံး လေးဘက်နာ၊ သွေးကြောပိတ်၊ အသည်းအဆီဖုံး ၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါများ ဖြစ်ဖို့ ဖြစ်နိုင်ခြေ အလွန်များပါတယ်… BMI ကို (ဒီနေရာမှာ )  အလွယ်တကူ တွက်ချက်ကြည့်လို့ရပါတယ်..

ဗိုက်ခေါက်က အဆီပြင် မရှိမှ သွယ်လျကြော့ရှင်းတဲ့ ခန္ဓာကိုယ်ဖြစ်ပါလိမ့်မယ်..အဆီမရှိ ပြားချပ်တဲ့ ၀မ်းဗိုက်ကလေး ရဖို့နဲ့၊ မ၀အောင် ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ.. နည်းလမ်းတွေတော့ ရှိပါတယ်.. လုပ်ဖြစ်ဖို့သာ လိုတာပါ။ အလုပ်တစ်ခုဟာ မလုပ်ခင်မှာ စပြီးလုပ်ဖို့ ခက်ခဲတတ်ပေမဲ့ တကယ်တမ်း စိတ်ကို ဆုံးဖြတ်ပြီး လုပ်တဲ့အခါ လွယ်ကူသွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိဖို့နဲ့ ဆုံးဖြတ်ချက်ချပြီးရင်လည်း ထိန်းသိမ်းဖို့  လိုပါတယ်.. ကိုယ်အလေးချိန် လျှော့တော့မယ်ဆိုရင် မရှိမဖြစ် ပစ္စည်းတစ်ခုက ပေါင်ချိန်စက် ဖြစ်ပါတယ်.. သို့မှသာ မိမိတိုးတက်မှုကို ကိုယ်တိုင်မြင်တွေ့ရပြီး အစားလျော့တာ၊ လေ့ကျင့်ခန်းလုပ်တာ ထိရောက်မှု ရှိမရှိ အခြေအနေကို မျက်ခြေမပြတ် သိရှိနိုင်မှာ ဖြစ်ပါတယ်.. ပြီးတော့လဲ ကိုယ်အလေးချိန် လျှော့တဲ့နေရာမှာ စစချင်း အလေးချိန်ထက် တဖြေးဖြေး လျော့နည်းလာတဲ့ မိမိရဲ့ ကိုယ်အလေးချိန်ကို သိနေ မြင်တွေ့နေမှသာ ဆက်ပြီးလုပ်ဖို့ အားကြိုးမာန်တက် စိတ်ပါမှာဖြစ်ပါတယ်.. ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းဖို့ နည်းလမ်းအချို့ကို ဖော်ပြရမယ်ဆိုရင်

၁. လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း( Jogging) ကို တစ်ပတ်လျှင် ၃ကြိမ် တစ်ကြိမ်လျှင် မိနစ် ၃၀ အနည်းဆုံး ပြုလုပ်ပေးပါ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သင့် ခန္ဓာကိုယ်တွင်းရှိ အဆီများကို ချေဖျက်ပေး နိုင်ပါတယ်။ နေ့စဉ် လမ်းလျှောက်နိုင်လျှင် ပိုကောင်းပါတယ်။ ပုံမှန်အလုပ်သွား၊ အလုပ်ပြန် မြန်မြန် လမ်းလျောက်ပါ။ အထပ်မြင့် ရုံးသမားများ ဓာတ်လှေခါး သုံးခြင်းထက် ရိုးရိုးလှေခါးမှ တက်ခြင်း သည်လည်း လေ့ကျင့်ခန်းလုပ်ခြင်း ဖြစ်ပါတယ်။



၂. မနက်ခင်းတိုင်း အယ်လ်မွန်စေ့ လက်တစ်ဆုပ် ( ၆ စေ့ခန့်)  ကို စားသုံးပေးပါ။ အယ်လ်မွန်စေ့ဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော အစေ့ အဆံ တစ်မျိုးဖြစ်ပါတယ်.. ၄င်းမှာ ပါဝင်တဲ့ ပရိုတိန်းဟာ အဆီများကို ချေဖျက်ရာမှာ ကောင်းမွန်စေပါတယ်..မြန်မာပြည်တွင် အယ်လ်မွန်စေ့ ရရန် ခက်ခဲပါက  နေကြာစေ့ ဆားမပါပဲ လှော်တာ စားနိုင်ပါတယ်လို့ ဆိုပါတယ်...



၃. ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံး ၃ကြိမ်ခန့် လုပ်နိုင်အောင် ကြိုးစားပါ။ မိမိဖာသာ မလုပ်တတ်ပါက လေ့ကျင့်ခန်း သရုပ်ပြ ဗီစီဒီခွေများ ၀ယ်ကာ အိမ်တွင် လုပ်ကြည့်ပါ။  ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားစေသော အလုပ်များကို များများ လုပ်ကိုင် ပေးပါ။ ဥပမာ (တံမြက်စည်းလှည်း၊ ကြမ်းတိုက်)


၎. အမျှင်ဓာတ်ပါသော အစားအစာ များများစားပါ။ ပေါင်မုန့်အဖြူ၊ ဂျုံနှင့်လုပ်သော ခေါက်ဆွဲ၊ အာလူး၊ ဆန်ဖြူတို့ကို များများစားခြင်းကို ဆင်ခြင်ပါ။ ဆန်ကြမ်း၊ ပေါင်မုန့်ကြမ်း၊ သစ်သီး၊ စိမ်းစိုသော အရွက်များနှင့် လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များကို များများစားပါ။ မနက်စာကို များများ စားနိုင်ပါသည်။ သွေးတိုးသမားများ အုန်းနို့ကို ဆင်ခြင်ပါ။ နေ့လည်စာတွင် အဆီကိုလျော့စားပါ။ ဆီပြန်ဟင်းကို တစ်ပတ်လျင် ၃ကြိမ်သာ အများဆုံးသာ စားပါ။ ဟင်း၃ခွက်တွင် ၁ခွက်ကိုဆီမပါ အချိုမှုန့်မပါစေရန် ချက်ပါ။ ဆန်ကို အလျားရှည်သော (ဆန်ကြမ်း)စားပါ။ လက်ဖက်ရည် (ရေနွေးကြမ်းသောက်ပါ)။ နေ့လည်နှင့် ညနေစာကြား ရုံးပြန်ချိန်များတွင် ဝက်သားဒုတ်ထိုး၊ ကြာဆံကြော်၊ ကော်ပြန့်စိမ်း၊ ခေါက်ဆွဲကြော်၊ ဆီများသည့်အကြော်များ မကြာခဏ စားမည့်အစား ဆီနည်းသည့် အသုပ်များကို စားပါ။ လက်ဖက်သုပ်ကို အမြဲစားခြင်း၊ ဘီယာ အမြဲသောက်ခြင်းသည် ကျန်းမာရေးနှင့် မသင့်တော်ပါ။  


၅. ရိုးရိုး နွားနို့အစား အဆီထုတ်ထားသော နို့ကို သောက်သုံးပါ။ အဆီပါသောငါးကို တစ်ပတ်လျှင်တစ်ကြိမ်မျှ စားသုံးရန်နှင့် အချိုများသော အစားအစာနှင့် အဆီများသော (ဝက်ခေါက်ကြော်၊ အာလူးကြော်) စသော အစားအစာများ လျော့စားပါ။ ညစာကို အကင်များ၊ အကြော်အလှော်ဆိုင်များတွင် စားခြင်းထက် မိမိအိမ်တွင်သာ ကျန်းမာရေးနှင့် ညီညွှတ်သော ဟင်းလျာများကို ချက်ပြုတ် စားသောက်ပါ။ ညစာကို အသား၊ ပဲ၊ အာလူး အနည်းငယ်ကို စားနိုင်ပါတယ်.. ထမင်းကို ၀အောင် စားခြင်းထက် ထမင်းစားပြီးပါက သီးနံများဖြင့် အချိုတည်း၍ ဗိုက်ပြည့်စေခြင်းက ပို၍ ကောင်းမွန်စေပါတယ်။ ထန်းလျက်၊ ကြံသကာ အချိုတည်းနိုင်သော်လည်း  မလိုင်၊ ကိတ်မုန့်၊ ခရင်မ် စသည့် ဆိမ့်ပြီး အဆီများသော အရာများဖြင့် အချိုမတည်းသင့်ပါ။ ညစာစားပြီး အရက်သောက်ခြင်း မပြုသင့်ပါ။

၆. ၀မ်းဗိုက်မှ အဆီပြင်များ လျော့ပါးစေရန် အိပ် ထ မ တင် လေ့ကျင့်ခန်းကို တစ်ပတ် သုံးကြိမ် ကြိုးစားလုပ်ပါ။

၇.ရေများများ သောက်ပါ။ တစ်ရက်လျှင် ရေဖန်ခွက် ၆ခွက်မှ ၈ခွက်ထိ သောက်ပါ။ ရေများများသောက်ခြင်းသည် အစားများများစားခြင်းကို ကာကွယ်ပေးနိုင်သလို အစာချေခြင်းကိုလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။




၈.ညအိပ်ရာဝင်ချိန် မတိုင်မှီ ၃နာရီအတွင်း အစားစား ခြင်းကို ရှောင်ကျဉ်ပါ။ မနေနိုင်လောက်အောင် ဆာလောင်ပါက ဟင်းသီးဟင်းရွက် အနည်းငယ်၊ သစ်သီး အနည်းငယ်ကိုသာ စားသောက်ပါ။ ညစာလျော့စားခြင်းသည် ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းခြင်းအတွက် ကြီးမားသော အကျိုးကို ဖြစ်စေနိုင်ပါတယ်။ ညဉ့်နက်အောင် နေတတ်သူများ မအိပ်ခင် ဗိုက်ဆာတတ်လျှင် နွားနို့၊ ကွေကာအုပ်၊ သောက်နိုင်ပါတယ်။

၉.အလွန်ဆာသော အခါမှ တစ်ဝတစ်ပြဲ စားခြင်းထက် တစ်ခါစားလျှင် နည်းနည်းစီ အကြိမ်များများ စားသောအကျင့်ကို မွေးမြူပါ။ တစ်ကြိမ်တည်း အစားများများ စားခြင်းသည် အစာချေဖျက်ခြင်းကို ခက်ခဲစေနိုင်ပါတယ်။

၁၀.အစာစားနေစဉ် ခဏနား၍ အချိန်အနည်းငယ်ကြာမှာ ပြန် စားသောက်ခြင်းသည် အစားကို များများ စားမိစေခြင်းမှ ရှောင်ရှားရာ ရောက်သည်။ သင်၏ စားသောက်ခြင်းအလေ့အထကို ထိန်းသိမ်းခြင်းသည် သင်၏ ကိုယ်ခန္ဓာကို ဂရုစိုက် စောင့်ရှောက်ခြင်း ဖြစ်သလို ကျန်းမာရေးကို ဂရုစိုက်ခြင်းလည်း ဖြစ်ပါတယ်။




အထက်ပါအချက်တွေကို လုပ်ဆောင်ရာမှာ ပထမဦးဆုံးအနေနဲ့တော့ အခက်အခဲ တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်.. သို့သော်လည်း ဖြေးဖြေးမှန်မှန် အောင်ပွဲခံဆိုသော ဆိုရိုးစကားနဲ့အညီ  အစလုပ်ဖြစ်အောင် ကြိုးစားကြည့်ပါ။ အစပိုင်းမှာ နာကျင်ပင်ပန်းမယ်.. ခက်ခဲမယ် သို့သော် ဇွဲမလျော့ဖို့ လိုပါတယ်.. လေ့ကျင့်ခန်းလုပ်ရာမှာလည်း တစ်ရက်ကို အကြိမ်အရေအတွက် နည်းနည်းနဲ့ စတင်ကြည့်ပါ။ လုပ်နိုင်လာပြီဆိုမှ အကြိမ်ရေ ထပ်တိုးပြီး လုပ်သွားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းဖို့နဲ့ ၀ိတ်လျော့ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်.. အစား အသောက်လျော့ပေမဲ့ လေ့ကျင့်ခန်းနဲ့ တွဲမလုပ်ရင် ၀ိတ်ချတာ ကြာပါတယ်.. လေ့ကျင့်ခန်းဟာ အမြန်ဆုံး ၀ိတ်လျှော့စေတဲ့ နည်းဖြစ်ပါတယ်. အဆီပိုမရှိတဲ့ ၀မ်းဗိုက်ချပ်ချပ် ခါးသွယ်သွယ်လေးမှာ ၀တ်ချင်တဲ့အ၀တ်အစားလေးကို မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ၀တ်ဆင်ဖို့ရာမှာ နည်းနည်းတော့ အပင်ပန်းခံဖို့ လိုပါတယ်.. အပင်ပန်းခံပြီး အစားအသောက်လျော့၊ လေ့ကျင့်ခန်းလုပ်လိုက်လို့ ရရှိလာတဲ့ ရလဒ်ဟာ ဘယ်လောက် ကြည်နူးဖို့ ကောင်းတယ်ဆိုတာ ကိုယ်တွေ့ ခံစားကြည့်တဲ့အခါ သိသာပါလိမ့်မယ်..

အမျိုးသမီးတွေဟာ အသက်၃၀ကျော်လာရင် ၀ဖို့လွယ်ကူလာပါပြီ။ ဒါကြောင့် “တို့ကတော့ အသက်ကြီးပြီ လှဖို့မလိုတော့ဘူး” လို့ ဆင်ခြေမပေးဘဲ ၀ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ် မသင့်တော်တာမို့ ၀ိတ်ချတာဟာ ကျန်းမာရေးကို ဂရုစိုက်တာ၊ ထိန်းသိမ်းစောင့်ရှောက်တာလို့ သိထားသင့်ပါတယ်. ၀ပြီးတဲ့ လူတစ်ယောက်ဟာ ၀ိတ် ချဖို့ အရမ်းကို ခက်ခဲပြီး ပင်ပန်းစွာနဲ့ အချိန်ကြာကြာ ချရပါတယ်.. များများဝလေ များများ ပင်ပန်းလေ ဖြစ်ပါတယ်. ဒါကြောင့် မိမိကိုယ်ကို စပြီး ၀နေပြီလို့ ထင်တဲ့အချိန်မှာ အမြန်ဆုံး သတိလေးထားပြီး ၀ိတ် ချဖို့ တိုက်တွန်းချင်ပါတယ်.. သိပ်ဝသွားချိန်မှ ချမယ်ဆိုရင် နောက်မကျပေမဲ့လည်း ခက်ခဲပြီး ပင်ပန်းလွန်းတာကြောင့် “မပိန်ချင်လည်း နေပါစေတော့ ဒီတိုင်းနေတော့မယ်” ဆိုတဲ့ လက်လျော့တဲ့ စိတ်မျိုး ဖြစ်သွားနိုင်ပါတယ်.. ဒါကြောင့်လည်း မ၀သေးတဲ့သူတွေက ဆက်ပြီး မ၀လာဖို့၊ မိမိရဲ့ ရှိရင်းစွဲ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစားအသောက် ဆင်ခြင်စားသောက်ပြီး၊ ၀စ ပြုလာသူများက အစားလျော့စား၊ လေ့ကျင့်ခန်းများ ပြုလုပ်သွားကြဖို့ တိုက်တွန်း ပါရစေလားနော်။

စာအမြဲလာဖတ်တဲ့ ညီမလေးတစ်ယောက်က ၀ိတ် လျော့တဲ့ အကြောင်း ပိုစ့်လေးတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုထားတာ ကြာပါပြီ။ အကြောင်း မတိုက်ဆိုင်တာကြောင့်ရော၊ ဒီခေါင်းစဉ်ဘက် ခြေဦးမလှည့်ဖြစ်သေးတာကြောင့်ပါ ရေးဖို့ ကြန့်ကြာနေခဲ့တဲ့အတွက် ခွင့်လွှတ်ဖို့ ပြောချင်ပါတယ်.. ဒီပိုစ့်လေးကိုတော့ အတွေ့အကြုံ တစ်ချို့နဲ့အတူ ဖတ်ထားတဲ့ စာတွေထဲကနေ ကိုယ်တိုင်လည်း သတိထားဆင်ခြင်ဖို့၊ ၀ိတ် လျှော့ချင်တဲ့ ညီမလေးနဲ့ ၀ိတ် လျှော့လိုသော သူများအတွက်ပါ ရည်ရွယ် ရေးသားပါတယရှင်.. ညီမလေးနဲ့ အားလုံးသော သူများလည်း လှလှပပ ကျန်းကျန်းမာမာ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်..






 ပို့စ်အတွက် လိုအပ်ချက်များ ဖြည့်စွက်ပေးသော Dr. CK အား ကျေးဇူးအထူးတင်ရှိပါသည်။

Ref: http://familydoctor.org/online/famdocen/home/tools/bmi.html
       10 Tummy Flattening Tips  ( Funzug)