ကမ္ဘာ့ဈေးအကြီးဆုံး ဖောင်တိန် ဘောလ်ပင်များ














ဒီနေ့တော့ ရှာဖွေဖတ်မိတာလေးတွေထဲကမှ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ ဖောင်တိန် နဲ့ ဘောလ်ပင်တွေအကြောင်း ပြောပြချင်ပါတယ်..


1. Aurora Diamante fountain pen  Price: $1,470,600


Top 10 Most Expensive Pens in The World


(၁) ကမ္ဘာပေါ်ရှိသမျှ ဘောလ်ပင်တွေ၊ ဖောင်တိန်တွေ၊ ရေးစရာပစ္စည်းတွေ အားလုံးထဲမှာ နံပါတ်၁ ဈေးအကြီးဆုံး ဖြစ်တဲ့ ဖောင်တိန်အမျိုးအစား မှင်အစိုထည့်  Aurora Diamante ဆိုတဲ့ ဖောင်တိန်ပဲန် ဖြစ်ပြီး  တစ်နှစ်ကိုမှ တစ်ချောင်းတည်းသာ ထုတ်လုပ်ရောင်းချပါတယ်.. ကိုယ်ထည်တစ်ခုလုံးကို ပလက်တီနမ်နဲ့ ပြုလုပ်ထားပြီး စုစုပေါင်း ၃၀ ကာရက်ကျော် ရှိတဲ့ De Beers စိန်ပွင့်လေးများ စီခြယ်ထားပါတယ်.. ဖောင်တိန်ရဲ့ ထိပ်ဖျား နစ်အသွားလေးကိုတော့ ရှားပါးတဲ့ ရွှေဖြူသတ္တု တစ်မျိုးဖြစ်သော ရိုဒီယမ် ဖုံးအုပ်ထားတဲ့ ၁၈ကာရက် ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ဘောလ်ပင်ထုတ်လုပ်တဲ့ Aurora Diamante  ကုမ္ပဏီက သူတို့ဘောလ်ပင်ဟာ ၃၀ကာရက် အလေးချိန်ရှိ စိန်ပွင့်တွေစီထားတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော ဘောလ်ပင်ဖြစ်တယ်လို့ ဆိုပါတယ်.. ဘောလ်ပင်အဖုံးထိပ်မှာ ကုမ္ပဏီနံမည်နဲ့ နစ်အသွားမှာတော့ သပ်ရပ်လှပတဲ့ ကနှုတ်ပန်းခက်များနဲ့အတူ ၁၈ ကာရက် ဆိုတဲ့ စာလုံးကို ရေးထွင်းထားပြီး ဈေးနှုန်းက  ဒေါ်လာ ၁၄,၇၀,၆၀၀ (တစ်သန်း လေးသိန်း ခုနှစ်သောင်း ခြောက်ရာ)  ဖြစ်ပါတယ်..  

2. Mystery Masterpiece – Mont Blanc and Van Cleef & Arpels Limited Edition
Price: $730,000


Top 10 Most 
Expensive Pens in The World



(၂) နံမည်ကျော် Montblanc  နဲ့ Van Cleef & Arpels ကုမ္ပဏီ ၂ခု တို့ရဲ့ ရာစုနှစ်ရှည်ကြာ ရပ်တည်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ပူးပေါင်းတီထွင်ပြုလုပ်တဲ့  Mystery Master piece ဖောင်တိန်ပဲန်ဟာ ပတ္တမြား၊ နီလာ၊ မြ စတဲ့ ရတနာသုံးမျိုးကို ပေါင်းစပ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ဆန်းပြားလှပတဲ့ ဘောလ်ပင်ဒီဇိုင်းပေါ်မှာမှ ရတနာတွေကို အသီးသီးစီခြယ်ထားပုံက အနုစိတ်လှပြီး လက်ရာမြောက် လှပလွန်းတာကြောင့် ဒေါ်လာ ၇၃၀,၀၀၀ (ခုနှစ်သိန်း သုံးသောင်း) ဖြစ်တဲ့ တန်ဖိုးနဲ့ ထိုက်တန်ကိုက်ညီ ပါတယ်လို့ ဆိုပါတယ်... ဂုဏ်သိက္ခာကြီးမားစွာနဲ့ နှစ်ပေါင်း ရာချီတိုင်အောင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တဲ့ ကုမ္ပဏီကြီး နှစ်ခုရဲ့ သမိုင်းကြောင်းကို ဒီ ဖောင်တိန်က ပြောကြားနေသလို ရှိပါတယ်....




Top 10 Most Expensive Pens in The World


(၃) ဆွဇ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Caran d’Ache  ရဲ့ အကျော်ကြားဆုံး ခေတ်သစ် ဗိသုကာပညာရှင်ကြီး  Antonio Gaudi  ရဲ့ လက်ရာ La Modernista Diamonds  ဖောင်တိန်ပဲန်ဟာ လန်ဒန်ရဲ့ နံမည်ကျော် ဟားရောဒ့် ကုန်တိုက်ကြီးမှာ ဒေါ်လာ ၂၆၅,၀၀၀ (နှစ်သိန်းခြောက်သောင်းငါးထောင်) နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်အထိ ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံး ဘောလ်ပင်ဖြစ်ခဲ့ပေမဲ့ အပေါ်က ဖောင်တိန်တွေ ပေါ်လာပြီး နောက်မှာတော့ တတိယအဆင့်နေရာကို လျှောကျသွားခဲ့ပါတယ်.. အဲဒီ ဘောလ်ပင်ဟာ ရိုဒီယမ် သုတ်ထားတဲ့ ငွေသားစစ်စစ်နဲ့ ပြုလုပ်ထားပြီး ဘောလ်ပင်ရဲ့ နစ် အသွားကိုလည်း ရိုဒီယမ် မှုတ်ထားတဲ့ ၁၈ကာရက်ရွှေဖြင့် ပြုလုပ်ထားတာာ ဖြစ်ပါတယ်.. ၂၀ ကာရက်အလေးချိန် စိန်ပွင့်လေးပေါင်း ၅၀၇၂ လုံးဖြင့် လှပဆန်းကျယ်စွာ တန်ဆာဆင်ထားပြီး.  ၃၂ကာရက်ရှိတဲ့ အနီရောင်ပတ္တမြား ၉၆လုံးလည်းပါဝင်ပါတယ်.. ကျောက်မျက်ပညာရှင် Robert Perron  က ၆လခန့် အချိန်ယူပြီး ( Hand Made) လက်ဖြင့် ပြုလုပ်ခဲ့တာ ဖြစ်တာကြောင့် အလွန်လက်ရာမြောက် ဆန်းကျယ်တဲ့ ဖောင်တိန်တစ်ချောင်း အဖြစ် တန်ဖိုးထား အသိအမှတ် ပြုကြပါတယ်..


4. Omas Phoenix Platinum – Fountain Pen Luxury Limited Edition with Diamonds Price: $60,000Top 10 Most Expensive Pens in The World

(၄) ၄ခုမြောက် တန်ဖိုးအကြီးဆုံး ဖောင်တိန်လေးက Omas Phoenix Platinum လို့ခေါ်တဲ့ ဒေါ်လာ ၆၀,၀၀၀ (ခြောက်သောင်းတန်) ဖောင်တိန် ဖြစ်ပြီး  ၉၅၀ ပလက်တီနမ်နဲ့ ကြေးဝါရောင် သတ္တုတစ်မျိုးဖြင့် လိုက်ဖက်စွာ ပေါင်းစပ် ပြုလုပ်ထားကာ ကိုယ်ထည်ကို လှပတဲ့ ချစ်စဖွယ် အရောင်စုံ ပုံလေးများ ခြယ်သထားပါတယ်.. ဖောင်တိန် နစ်ဖျားကိုတော့ ရိုဒီယမ်မှုတ်ထားတဲ့ ၁၈ကာရက် ရွှေနဲ့ ပြုလုပ်ထားပြီး နစ်ပေါ်မှာလည်း ဖောင်တိန်ရဲ့ အမှတ်တံဆိပ် Omas နဲ့ ရုပ်ပုံကို ရေးထွင်းထားပါတယ်.


5. Visconti – Ripple H.R.H. Fountain Pen  Price: $ 57,000


 













(၅) နံပါတ် ၅မြောက် ဖောင်တိန်ဖြစ်တဲ့  Visconti တံဆိပ် Ripple H.R.H ဖောင်တိန် ဖြစ်ပြီး ၁၈ကာရက် ရွှေဖြူနဲ့အတူ စိန်ပွင့်လေးများဖြင့် တစ်ရစ်စီ စီခြယ်ထားပါတယ်.. အရောင်နှစ်မျိုးစပ် ၁၈ကာရက် ရွေနဲ့ ဖောင်တိန်နစ်ကို ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ဖောင်တိန်မှင်ကို နှစ်ဆင့်ဖြည့်တဲ့ စနစ်နဲ့ ပြုလုပ်ထားပြီုး ကိုယ်ထည်ကို ရွှေဖြူနဲ့ အနက်ရောင်စပ် နှစ်ရောင်တွဲ ဖြင့် ထုတ်လုပ်ထားပြီး တစ်ချောင်းလျှင် တန်ဖိုးအားဖြင့် ဒေါ်လာ ၅၇,၀၀၀ (ငါးသောင်းခုနှစ်ထောင်) တန်ကြေးရှိပါတယ်..


6. Visconti – Alchemy H.R.H. Fountain Pens Price: $ 57,000


(၆) စက်ဖန်တီးမှုမဟုတ်ဘဲ လူကိုယ်တိုင် လှပသေသပ်စွာ လက်နဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်နာ Visconti  ရဲ့ Alchemy HRH ရဲ့ ဖောင်တိန်ဟာ HRH ကုမ္ပဏီရဲ့ ဒီဇိုင်း နောက်တစ်မျိုး ဖြစ်ပါတယ်.. အခြားသော ဖောင်တိန်များနဲ့ မတူတဲ့အချက်က တစ်ဖက်က ဖောင်တိန် အမျိုးအစားဖြစ်ပြီး တစ်ဖက်မှာ ဘောလ်ပင် ဖြစ်ပါတယ်.. တစ်ဖက်ကို နစ် တစ်ချောင်းစီပါရှိပြီး မှင်ထည့်ဖို့လည်း နေရာ ၂ခု တစ်ပိုင်းစီ သီးသန့်ပါရှိပြီး မတူညီတဲ့ သတ္တုတွေနဲ့  ကိုယ်ထည် တစ်ဖက်စီကို ရွှေ တစ်ပိုင်း ငွေတစ်ပိုင်းဖြင့် လက်ရာမြောက်အောင် သေသပ်လှပစွာ ပြုလုပ်ထားပါတယ်..  နစ် ၂ခုလုံးကိုတော့ အကောင်းဆုံး ၁၈ကာရက် ရွှေနဲ့ ပြုလုပ်ထားပြီး အရွယ်အစားမတူတဲ့ ဖောင်တိန်နဲ့ ဘောလ်ပင်နစ်များကြောင့်  ဖောင်တိန်အမျိုးအစားကို မနှစ်သက်သူများအနေနဲ့ တစ်ဖက်မှာ ဘောလ်ပင် ဖြစ်တာကြောင့် နှစ်သက်သဘောကျစွာ အသုံးပြုနိုင်ပါတယ်.. ဘယ်လို လက်ရေး စတိုင်နဲ့ဖြစ်ဖြစ် သင့်တော်အောင် ပြုလုပ်ထားကြောင်း သိရှိရပါတယ်.. ကိုယ်ထည်ကို ဂန္တ၀င်ဆန်ဆန်၊ အနီရောင်ဖြင့် လှပစွာ ပြုလုပ်ထားပြီး အဖုံး၂ခုရဲ့ ရွှေနဲ့ ငွေသတ္တုပေါ်မှာလည်း ဈေးကြီးသော စိန်နဲ့ ပတ္တမြား အလေးချိန် ၄ ကာရက်ကို ထည့်သွင်း ပြုလုပ်ကာ မတူညီတဲ့ ဒီဇိုင်းများနဲ့ ပုံဖော်အလှဆင်ထားပါတယ်..၄င်း ဖောင်တိန်ဘောလ်ပင်ရဲ့ တန်ဖိုးမှာ ဒေါ်လာ ၅၇,၀၀၀ (ငါးသောင်းခုနှစ်ထောင် ) ဖြစ်ပါတယ်


7. Visconti – The Forbidden City H.R.H. Fountain Pen  Price: $50,500.00



(၇) Visconti တံဆိပ် ဖောင်တိန်တွေဟာ အရည်အသွေးကောင်းမွန်ပြီး တီထွင်ဆန်းသစ်မှုလည်း ရှိတာကြောင့် ၇ခုမြောက် တန်ဖိုးအကြီးဆုံး The Forbidden City H.R.H အမည်ရ ဆန်းသစ် တီထွင်မှုရှိသော မှင်ဖြည့်စနစ်ဖြင့် ပါဝင်တဲ့ ဖောင်တိန်မှာလည်း  ဒီဇိုင်နာ Visconti ရဲ့လက်ရာ  ဖောင်တိန်ဖြစ်ပါတယ်… ၁၈ကာရက်ရွှေနှင့် ယှက်ဖောက်ကာ စိန်ပွင့်လေးများဖြင့် ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းကို ပုံဖော် ပြုလုပ်ထားတာဖြစ်ပြီး ရောင်းဈေးမှာ ဒေါ်လာ ၅၀,၅၀၀ (ငါးသောင်းနဲ့ ငါးရာ ) ဖြစ်ကြောင်း သိရပါတယ်.


8. MARTE – Omas Fountain Pen Price: $43,000

Top 10 Most Expensive Pens in The World
 

(၈) MARTE ဖောင်တိန်ပဲန်ဟာ ဖောင်တိန်ချစ်သူတွေ အကြိုက်တွေ့တဲ့ လက်ရာဆန်းတစ်ခု ဖြစ်ပါတယ်.. ဖောင်တိန်ရဲ့ ကိုယ်ထည်ပေါ်မှာ မားစ်ဂြိုလ်ရဲ့ တည်ရှိရာအရပ်ကို ရေးဆွဲထားပြီး နှင်းဆီရောင် အဆင်းရှိသော ရွှေဖြင့် ပြုလုပ်ထားခြင်းဟာ မားစ်ဂြိုလ်ကြီးရဲ့ ပန်းဆီရောင်ကို ကိုယ်စားပြုတယ် လို့ဆိုပါတယ်.. ကိုယ်ထည်ပေါ်တွင် ကန္တာရ၊ တောင်တန်း၊ စသည် ကမ္ဘာမြေပြင်ပေါ်ရှိ အရာဝတ္ထုများ ပါဝင်ပြီး ဖောင်တိန်မှာ ပတ္တမြားလေးလုံးကို ထည့်သွင်းထားပါတယ်.. အဖုံးထိပ်မှာ ၂ကာရက် အလေးချိန်ရှိ စိန်ပွင့်ငယ်လေးများ ပါရှိပြီး နှင်းဆီရောင် ရွှေဖြင့်ပြုလုပ်ထားတဲ့ နစ်ဖျားပေါ်မှာတော့ ဂရိနတ်ဘုရား မားစ်ရဲ့ ပုံတူကို ရေးထွင်းထားပါတယ်.. ၄င်း ဒီဇိုင်းနဲ့ ဖောင်တိန်ကို အရေအတွက် အချောင်း ၃၀ သာ ထုတ်လုပ် ရောင်းချခဲ့တာကြောင့် ကမ္ဘာပေါ်မှာ များများစားစား မရှိတဲ့ ဒီဇိုင်းဖြစ်တဲ့အတွက် ဖောင်တိန် နှစ်သက် စုဆောင်းသူများကြား ရှားပါးပစ္စည်းအဖြစ် ထင်ရှားပါတယ်... ၄င်းသည်လည်း ဒေါ်လာ ၄၃,၀၀၀ (လေးသောင်းသုံးထောင်) ပေးရတဲ့ အဖိုးတန် ဖောင်တိန် တစ်ချောင်း ဖြစ်လာပါတယ်။


9. Gaia High Luxury – Omas Fountain Pens  Price: $43,000

Top 10 Most Expensive Pens in The World

 

(၉) Gaia High ဖောင်တိန်ဟာလည်း Omas ရဲ့လက်ရာ တစ်ခုဖြစ်ပြီး ဘောလ်ပင်ရော ဖောင်တိန်ပါ နှစ်မျိုးလုံး ရှိပြီး နက်ရှိုင်းနေတဲ့ အမဲရောင်က ကမ္ဘာမြေပြင်ကို ဖော်ဆောင်ပြီး ၁၈ကာရက် ရွှေဖြူနဲ့ ရွှေဝါ ၊ မဟူရာကျောက်၊ သလင်းကျောက်အပြင် အခြားသော သတ္တုများတို့နဲ့ ပေါင်းစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ကိုယ်ထည်တစ်ခုလုံးကို ကြီးမားလှတဲ့ ပင့်ကူ၊ အသားစားအပင်များ၊ ရေနေသတ္တ၀ါတို့ရဲ့ ပုံများကို ရေးထွင်းထားပါတယ်.. ခြုံကြည့်ရင် ကမ္ဘာမြေပြင်ပေါ်က ထိတ်လန့်ကြောက်ရွံ့စရာနဲ့ အံ့သြစရာ  ပုံရိပ်များကို ရောစပ်ကာ ရေးထွင်းထားတာကြောင့် အခြားသော ဖောင်တိန်ဒီဇိုင်းများနဲ့ မတူ ကွဲပြား ခြားနားစေတဲ့အချက် ဖြစ်လာပါတယ်.. ရောင်းဈေးကတော့ ဒေါ်လာ ၄၃,၀၀၀ ( လေးသောင်းသုံးထောင်) အပေါ်ကအတိုင်း  ဖြစ်ပါတယ်..


10. CREW 60TH White Gold – Tebaldi fountain pens Price: $43,000

Top 10 Most Expensive Pens in The World



အဖိုးတန် ဖောင်တိန်ကို ဂုဏ်သိက္ခာတစ်ရပ်အနေနဲ့ ကိုင်ဆောင်ချင်သူများ၊ စုဆောင်းချင်သူ ငွေကြေး ချမ်းသာသူများ အတွက်တော့ တန်ဖိုးကြီး ဖောင်တိန်တွေဟာ စွဲမက်စရာ ဖြစ်နေမည် ဖြစ်သော်လည်း သာမန်လူတန်းစားများ အတွက်တော့ ဝေးကွာနေပေဦးမည်။
(၁၀) ကမ္ဘာ့အကောင်းဆုံး ဖောင်တိန် ပြုလုပ်သူ အီတလီ ဒီဇိုင်နာ Tebaldi ရဲ့လက်ရာ Tebaldi CREW 60TH ဖောင်တိန်ဟာ ဘန်တလေ ကုမ္ပဏီကြီးရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းသတိရစေဖို့နဲ့ အထိမ်းအမှတ် တစ်ခုအဖြစ် စက်ဖြင့် ပြုလုပ်တာမဟုတ်ဘဲ လက်နဲ့ ပြုလုပ်ထားတဲ့ ဖောင်တိန်ဖြစ်ပါတယ်.. ဖောင်တိန်ရဲ့  နစ်ဟာ ၁၈ကာရက် ရွှေဖြစ်ပြီး ရိုဒီယမ်နဲ့ ရူသီနီယမ် သတ္တု နှစ်မျိုးစပ်ပြီး ဖုံးအုပ်ထားပါတယ်.. အဖုံးဝထိပ်မှာတော့ ဘန်တလေတံဆိပ်နဲ့ အမှတ်အသားကို တွေ့ရပြီး ကိုယ်ထည်ကို ဘန်တလေရဲ့ ခေတ်ဦးက ထုတ်ထုပ်ခဲ့တဲ့ ကား ဒက်ရှ်ဘုတ်နဲ့ တူအောင် ပြုလုပ်ထားပါတယ်.. လက်ကိုင်တဲ့နေရာနဲ့  အဖုံးထိပ်ကိုတော့ အကွက်လေးများ ဖော်ထားပြီး အထဲက မှင်အနေအထားကိုပါ ထုတ်ချင်းပေါက် တွေ့မြင်နိုင်အောင် စီစဉ်ထားတဲ့ နေရာလေးပါ ပါရှိပါတယ်..  




အားလုံးဘဲ မိမိနှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်ပြီး စိတ်ကူးအိပ်မက်များ ဖန်တီးကြည့်ကြပါစို့နော်...  :)



Source from : Top 10 Most Expensive Pens in The World ( Funzug)

3. La Modernista Diamonds – Caran d’Ache  Price: $265,000

ရင်ကိုမှန်တဲ့ အုတ်ခဲတစ်လုံး

ကျွန်တော်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ စီနီယာ မန်နေဂျာ ရာထူးနဲ့အတူ ကောင်းမွန်တဲ့လစာ၊ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်မှာ စိတ်အေးချမ်းစွာ ရှိနေခဲ့ပါတယ်.. အပူအပင်သိပ်မရှိဘဲ သက်သောင့် သက်သာနဲ့ ဘ၀ကို ကျော်ဖြစ်ခဲ့တဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်..  ပြီးတော့ ၀ယ်ထားတာ ၂လဘဲ ရှိသေးတဲ့ အသစ်စက်စက် ပြောင်လက်နေတဲ့ အနက်ရောင် ဂျာဂွာကားသစ်လေးနဲ့ ကိုယ့်ကိုယ်ကို စတိုင်ကျကျနဲ့ သပ်ရပ် ကြော့မော့နေတတ်တဲ့ ကျွန်တော့်အတွက် အရာရာ အဆင်ကိုပြေနေတော့တာပါဘဲ။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရင်း အိမ်နဲ့ကုမ္ပဏီ သွားလိုက်လာလိုက်နဲ့ ကျွန်တော့ဘ၀လေးကို ကျေနပ်နေခဲ့ပါတယ်…

တစ်နေ့ ကျွန်တော် အလုပ်တွေပြီးတော့ ကုမ္ပဏီကနေ အိမ်အပြန် ကျွန်တော့်ရဲ့ ကားသစ်လေးနဲ့ မြို့ပြင်ဘက်ကို အပျင်းပြေ ကားမောင်းထွက်ခဲ့ပါတယ်.. အရှိန်ပြင်းပြင်းနဲ့ ကားကိုမောင်းနေရင်း မျက်လုံးကိုလည်း လျှင်လျှင် ထားရပါသေးတယ်.. ကားလမ်းမပေါ် ကလေးတွေ ရုတ်တရက် ဖြတ်ပြေးတာမျိုး၊ လမ်းကွေ့ကနေ ကားတွေ ချိုးကွေ့ထွက်လာတာမျိုး ဖြစ်မှာစိုးတာကြောင့်ပါ။  အရှိန်နဲ့ မောင်းနေရင်း ရှေ့နားမှာ Slow Down အချက်ပြတစ်ခုကို တွေ့လိုက်တာမို့ ကားကို အရှိန် လျော့လိုက်ပါတယ်.. အဲဒီမှာ  မမျှော်လင့်ဘဲ ကျွန်တော့်ကားမှန်ကို တစ်စုံတစ်ခု လာရောက်ထိမှန်သံ ကြားလိုက်ရပါတယ်.. လှည့်ကြည့်လိုက်တော့ နောက်ခန်းထဲမှာ အုတ်ခဲကျိုး တစ်ခုက ရောက်နေခဲ့ပြီ။ ဘုရားရေ.. ကျွန်တော့်ရဲ့ တောက်ပ ပြောင်လက်နေတဲ့ ဂျာဂွာကားမှန်အသစ်ဟာ ကွဲသွားပါရောလား…


ကျွန်တော် ကားဘရိတ်ကို ဆောင့်နင်းပစ်လိုက်ပြီး တာယာကို အသံမြည်အောင် ကားကို ဆွဲကွေ့ပစ်ကာ  ကျွန်တော့်ကားကို ခဲနဲ့ ပေါက်လိုက်တဲ့သူကို အပူတပြင်း လိုက်ရှာပါတယ်…. အုတ်ခဲနဲ့ ပေါက်လိုက်တဲ့ သူကိုလည်း တွေ့ရော ကားကို ထိုးရပ်လိုက်ပြီး ကားအပြင်ဘက်ကို ထွက်ကာ ဒေါသတကြီး ကားတံခါးကို ဆောင့်ပိတ်လိုက် ပါတယ်.. တကယ်တော့ ကျွန်တော့်ကားကို ခဲနဲ့ ပေါက်လိုက်တဲ့သူဟာ အလွန်ဆုံးရှိမှ အသက် ၁၂နှစ်လောက်ဘဲ ရှိဦးမှာပါ။ ကျွန်တော် သူ့ရဲ့ အင်္ကျီရင်ဘတ်ကို ဆုပ်ကိုင်ပစ်လိုက်ပြီး လက်သီးနဲ့တစ်ချက် ထိုးချလိုက်ပြီးတဲ့နောက် မြေပြင်ပေါ်ကို ကြမ်းတမ်းစွာ ဆောင့်တွန်းပစ်လိုက်ပါတယ်..  

ပြောစမ်း.. မင်းဘယ်သူလဲ.. မင်းက ဘယ်လောက်သတ္တိရှိလို့ ငါ့ကားကို ခဲနဲ့ပေါက်ရတာလဲ… မင်း ဒီလိုဘဲ သူများတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တတ်တဲ့ကလေးလား.. အခု မင်းအုတ်ခဲနဲ့ထုလိုက်လို့ ငါ့ကားမှန်ကွဲသွားပြီ.. ဒီကားမှန် တစ်ချပ် ဘယ်လောက်တန်တယ်ဆိုတာ မင်းသိရဲ့လား.. ဟင်…  မင်း လျော်နိုင်လို့လား.. ပြောစမ်း.. ငတုံးရဲ့

“ကျ.. ကျ.. ကျွန်တော် တောင်းပန်ပါတယ်ဗျာ… ခဏလောက် ကျွန်တော် ပြောတာ နားထောင်ပေးပါခင်ဗျာ. ဒီလိုမှ မလုပ်ရင် မဖြစ်လို့ပါ။ ဒီနေရာမှာ ကျွန်တော် ကားတွေတားတာ ဘယ်ကားမှ ရပ်မပေးကြလို့ ဘာလုပ်ရမယ်မှန်း မသိတော့တာကြောင့် ခုလို လုပ်လိုက်မိတာပါ။ ”

ကျွန်တော်ရဲ့ ဒေါသတွေနဲ့ ကြမ်းတမ်းလှတဲ့ အမေးကို မြေပြင်ပေါ်လဲကျနေတဲ့ ကောင်လေးက တုန်လှုပ် ခြောက်ခြားစွာ ဖြေနေပါတယ်. သူ့ရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက စီးကျလို့ လူတစ်ကိုယ်လုံးလဲ တုန်ရီနေခဲ့ပါတယ်.. ပြီးတော့ တစ်နေရာကို လက်ညိုးညွှန်လိုက်ပြီး “ဟိုမှာ ကျွန်တော့်ရဲ့ အစ်ကိုပါ..  သူ့ရဲ့ ၀ီးချဲဟာ ဒီလမ်းပေါ်ကနေ ကျော်ပြီး ကုန်းအဆင်းလေးကို အရှိန်နဲ့ လိမ့်ဆင်းသွားပြီး  မှောက်သွားပါတယ်..  နဂိုကလည်း လမ်းမလျှောက်နိုင်ပါဘူး..  အခုလည်း သူ့မှာ ဒဏ်ရာ ရထားပါတယ်.. သူ့ကိုယ်က သိပ်လေးတော့   ၀ီးချဲပေါ် ပြန်တင်ဖို့ ကျွန်တော် မနိုင်ဘူး ပြီးတော့လဲ ဒီနေရာကို ရောက်အောင်ဝီးချဲကို ပြန်တွန်းတက်လာဖို့လည်း မနိုင်ဘူးဖြစ်နေလို့ပါ.. ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့အစ်ကိုကို ၀ီးချဲဆီ ပြန်တင်ပေးပါလား ခင်ဗျာ.. အစ်ကိုကြီးရယ် ကျွန်တော့်ကို ကူညီပါလို့ တောင်းပန်ပါတယ်ဗျာ”  

ငိုရှိုက်ရင်းပြောနေတဲ့ ကလေးရဲ့ အသံနဲ့ တုန်ရီနေတဲ့ ကိုယ်ခန္ဓာလေးက ကျွန်တော့်ရင်ထဲက ကြမ်းရိုင်းနေတဲ့ ဒေါသမုန်တိုင်းတွေကို လွှင့်ပါးသွားစေခဲ့တယ်.. ကျွန်တော်မှားသွားခဲ့ပြီ။ ကျွန်တော့်အမှားအတွက် လည်ပင်းထဲမှာ အလုံးကြီးတစ်လုံးက လာဆို့နေသလို ခံစားရပြီး တံတွေးကိုတောင် ခက်ခက်ခဲခဲ မြိုချလိုက်ရပါတယ်.. ကျွန်တော်ဟာ ကိုယ့်ပစ္စည်း ဆုံးရှုံးခံလိုက်ရတာနဲ့ဘဲ မေးမြန်းစူးစမ်းခြင်းမရှိဘဲ ကလေးတစ်ယောက်ကို အနိုင်ကျင့်မိသလို ဖြစ်သွားခဲ့ရပါပြီ။ စိတ်မကောင်းခြင်း နောင်တရခြင်းတွေနဲ့  ကောင်လေးရဲ့ အစ်ကို လဲကျနေတဲ့နေရာကို သွားရောက်ပြီး သူ့ကို ထူမပေးကာ ၀ီး ချဲပေါ် တင်ပေးလိုက်ပါတယ်.. ပြီးတော့ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနာတရ ပွန်းပဲ့ရာတွေကို တွေ့ရတော့ ကျွန်တော့်ကားထဲမှာ အမြဲပါတတ်တဲ့ ဆေးသေတ္တာလေးကို သွားယူလာပြီး အရက်ပျံနဲ့ဆေးကြောလို့ ဆေးတွေ ထည့်ပေးမိပါတယ်.. ပြီးတော့ အားလုံး အိုကေပြီးဆိုတော့မှ ၀ီးချဲကို လမ်းမကြီးပေါ်ရောက်အောင် တွန်းတင်ပေးလိုက်ပါတယ်..

ကျွန်တော့်ကို ကျေးဇူးတင်စကား ပြောပြီးနောက်မှာ ကောင်လေးနှစ်ယောက်ဟာ ကျွန်တော့်ရှေ့ကနေ ထွက်ခွာသွားကြပါတယ်.. တွန်းလှည်းလေးရဲ့ ဘီးကို သူ့အစ်ကိုက လက်တစ်ဖက်နဲ့ တွန်းပြီး လှည့်နေသလို သူ့ညီငယ်လေးဟာလည်း အနောက်ကနေ တွန်းကူပေးနေရင်း လမ်းမကြီးရဲ့ဘေး တစ်နေရာက သူတို့အိမ်ကလေးရှိရာကို တရွေ့ရွေ့ သွားနေကြတဲ့ ညီအစ်ကို နှစ်ယောက်ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲ တစ်ဆို့ပြီး ကျန်ခဲ့ပါတယ်.. ကျွန်တော်ဟာ အကောင်းစား ဂျာဂွာကားကြီး စီးနေချိန်မှာ ကိုယ့်ကိုယ်ကိုတောင် ထူမတ်ခြင်းငှာ မစွမ်းသာတဲ့ ၀ီးချဲပေါ်က ကောင်လေးတွေလို မသန်စွမ်းတဲ့သူတွေလဲ ရှိပါသေးလား ဆိုတာ သိလိုက်ရပါတယ်.. ကိုယ့်ကမ္ဘာ ကျဉ်းကျဉ်းလေးမှာဘဲ ကျေနပ်နေတဲ့ ကျွန်တော်ဟာ လူမှုရေး၊ ပရဟိတ ဆိုတာတွေကို စိတ်မ၀င်စားခဲ့မိပါဘူး။ ပြီးတော့လဲ ကိုယ့်ပစ္စည်းထိတာနဲ့ ဒေါသတကြီး မစူးစမ်း အဆင်ခြင်ဘဲ စိတ်မြန်လက်မြန် ကိုယ့်ဒေါသကို ဖောက်ခွဲပစ်ဖို့ ကလေးတစ်ယောက်ကို ကိုယ်ထိ လက်ရောက် ပြုလုပ်ဖို့လဲ ၀န်မလေးတတ်သူ တစ်ယောက် ဖြစ်နေခဲ့တာ သိလိုက်ရပါတယ်.

ကျွန်တော့်ကားရှိရာကို ပြန်လျှောက်လာတဲ့ခြေလှမ်းတွေဟာ လေးကန်ဖင့်နွဲနေခဲ့တယ်.. ကားဆီကိုရောက်တော့ ကွဲနေတဲ့ ကားမှန်ကို တွေ့လိုက်တော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်.. ဒီကားမှန်ကို ကျွန်တော် ဘယ်တော့မှ အသစ်ပြန်မလဲတော့ပါဘူး… ဒီမှန်ကွဲနေတာလေးကို မြင်တိုင်း ကျွန်တော် ကားကို ဘယ်တော့မှ အမြန်မမောင်းဖို့၊ အရေးတကြီး အကူအညီ လိုအပ်နေတဲ့သူတွေကို မသိလိုက်ဘဲ ကျော်ဖြတ်သွားမိတာမျိုး မဖြစ်အောင် သတိထားနေမိတော့မှာပါ။ ပြီးတော့လဲ ဘယ်တော့မှ မစူးစမ်း မဆင်ခြင်ဘဲ ဒေါသကို အလျင်စလို မထွက်တတ်အောင်လဲ ဆင်ခြင်ဖို့ အသိတရားတွေ ရလိုက်ပါတယ်.. ကားမရပ်ပေးလို့ အုတ်ခဲနဲ့ပေါက်ပြီး တားရတဲ့ အကူအညီတောင်းရသူတွေရဲ့ အဖြစ်ကို ကျွန်တော် ကောင်းကောင်းကြီး ခံစား နားလည်နိုင်ခဲ့ပါပြီ။ တကယ်တော့ ချာတိတ်လေးပေါက်လိုက်တဲ့ အုတ်ခဲဟာ ကျွန်တော့်ကားမှန်ကို ထိရုံသာမဟုတ်ဘဲ ကျွန်တော့်ရင်ကိုပါ လာရောက်ထိမှန်တဲ့ အုတ်ခဲတစ်လုံးသာ ဖြစ်ပါတယ်။ ဒီအုတ်ခဲနဲ့အတူ ကျွန်တော် သိလိုက်ရတာက လောကမှာ အကူအညီ လိုအပ်နေသူတွေ အများကြီး ရှိနေတယ် ဆိုတာပါဘဲ။ ဒီလို အကူအညီ လိုအပ်နေသူတွေကို တွေ့ရင် မျက်နှာလွဲပစ်တာမျိုး၊ မသိလိုက် မသိဖာသာ ကျော်သွားတာမျိုး မလုပ်ကြဘဲ တတ်နိုင်သမျှ ကူညီနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ် မဟုတ်ပါလားဗျာ။


The brick ( unknown author) ကို ဘာသာပြန်ပါသည်။


လေးစားချစ်ခင်စွာဖြင့်

မာလာငါးပေါင်း၊ အာလူးချဉ်စပ်နဲ့ ကျောက်ပွင့်သုပ်





ဒီနေ့တော့ ဟင်းချက်ပြမဲ့ အစီအစဉ်ပေါ့နော်.. ဟင်းချက်ကောင်းတဲ့ အိမ်ကလေးတွေလိုက်လည်ပြီး သူများချက်ထားတာတွေ ကြည့်ပြီး တံတွေးမြိုမြိုပြီး ပြန်ခဲ့ရလို့ ခုတော့ ကိုယ့်ဟာကို ဟင်းချက်ပါဦးမယ်.. ပထမဦးဆုံးချက်မဲ့ဟင်းက မာလာငါးပေါင်းပါ။ ထွေထွေထူးထူးလဲ မဟုတ်ပါဘူး.. ငါးကို မာလာအနှစ်နဲ့ ရောနှယ်ပြီး ပေါင်းလိုက်တာပါဘဲ။

မာလာငါးပေါင်း


ဆား၊ ပဲငံပြာရည်တို့နဲ့ နယ်ထားတဲ့ငါး


ပထမဦးဆုံး ငါးကို ကြေးခွံဖယ် ဗိုက်ဖောက်၊ ရေများများချိုးပေးပြီး ၊ ဓါးနဲ့ မွန်းပါတယ်.. ပြီးရင်တော့ ဆား၊ အချိုမှုန့်( ဟင်းခတ်မှုန့်) ပဲငံပြာရည်၊ ဟင်းချက်ဝိုင် (သို့) ဆန်အရက် နည်းနည်းတို့နဲ့ နယ်ပြီး အရသာတွေ အသားထဲ စိမ့်ဝင်အောင် အချိန်ကြာကြာ ထားလိုက်ပါတယ်..

အဆာပလာ နယ်ထားတယ်၊ စားလို့ ရသေးဘူးနော် အစိမ်းကြီး ရှိသေးတာ


ကြက်သွန်ဖြူ၊ ဂျင်း၊ ဥနီ၊ နံနံတို့ကို အဆင်သင့်ပြင်ပြီး ငါးနဲ့ နယ်ပါမယ်.. အချောင်းကလေးတွေက ဂျင်းနဲ့ ဥနီပါ။ ပြီးတော့ မာလာ အနှစ်နဲ့ ထမင်းစား ၂ဇွန်းလောက်ဘဲ ထည့်ပါတယ်.. အများကြီးဆို တအားစပ်ပြီး ငံမှာ စိုးလို့ပါ.. ငရုပ်သီးစိမ်းတော့ မထည့်တော့ပါဘူး မာလာအနှစ်က စပ်နေပြီးသားမို့ပါ. မွှေးအောင် နှမ်းဆီလေးလည်း နည်းနည်းထည့်ပြီးတော့ နှံ့အောင် နယ်ပါတယ်..


 ဒီပုံလေးထဲက မာလာအနှစ်ကို သုံးထားတာပါ။


ခုမှ ပေါင်းမှာ..


ပြီးတော့  အိုးတစ်လုံးမှာ ရေထည့် ငါးပန်းကန်ကိုတင်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပါတယ်.. အဖုံးအုပ်ပေးဖို့ မမေ့ပါနဲ့... အငွေ့တွေနဲ့ ကျက်အောင်ပေါင်းတာမို့ အဖုံးမဖုံးရင် ကျက်ဖို့ ကြာတတ်ပါတယ်.. ပြီးတော့  ငါးက ပေါင်းနေရင်း သူ့အရည်တွေ အများကြီးထွက်လာတတ်ပါတယ်..  တစ်ဖက် ကျက်ရင် နောက်တစ်ဖက် လှန်ပေးပါတယ်.. သိပ်မကြာခင်မှာ မာလာငါးပေါင်း ရပါပြီ.



ကျက်သွားရင် ခုလို အရည်တွေက ထွက်လာသေးတယ်လေ။ အစောက ချန်ထားတဲ့ ဥနီနဲ့ နံနံကို ခုလို အပေါ်ကနေ ပြန်ပြီး ဒီလိုလေး လှတပတဖြစ်အောင်  စားချင်စဖွယ်လေး ပြန်ထည့်ပါသေးတယ်.. စားလို့လဲ တကယ်ကောင်းတဲ့ မာလာငါးပေါင်းပါ။  


 ဒါကတော့ အနီးကပ်လေးပေါ့နော်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အာလူးချဉ်စပ်

နောက်ထပ် ဟင်းတစ်မျိုးက သက်သပ်လွတ် အာလူးချဉ်စပ်ပါ.. ခုတစ်လော ကြားနေတာ ၀က်သား၊ ကြက်သား၊ အမဲသားတွေမှာ Dioxin တွေ တွေ့နေတယ်ဆိုတော့ အသားမစားတဲ့လူတွေ များနေမှာမို့ အာလူး သက်သပ်လွတ်ချက်နည်းလေး တင်ပေးချင်ပါတယ်နော်.. အဲ Dioxin ပါတယ်ဆိုတာ ပြည်ပနိုင်ငံတစ်နိုင်ငံပါ.. မြန်မာနဲ့ အာရှနိုင်ငံတွေ မပါပါဘူး.. အဲဒီမှာနေတဲ့ တစ်ချို့သော သူလေးတွေ ခုတစ်လော အသီးအရွက်တွေ နေ့တိုင်း စားနေကြပါတယ်.. အသီးအရွက်ကို ကြိုက်လို့ မဟုတ်ဘဲ  Dioxin ကို ကြောက်လို့ စားနေတာဖြစ်မှာပါ :)



ပထမဦးဆုံး အာလူးကို အခွံနွာပြီး ခုလို ပြားပြားလေးနဲ့ ပါးပါးလေး ဖြစ်အောင်လှီးပါတယ်.. ပြီးရင် ရေစိမ်ထားပါတယ်..



ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုပ်သီး၊ ခရမ်းချဉ်သီးတို့ကို အသင့်ပြင်ထားပါတယ်.. စပ်စပ်လေးဖြစ်ချင်ရင် ငရုပ်သီးပိုထည့်နိုင်ပါတယ်..




အိုးထဲ ဆီအနည်းငယ်ထည့် ၊ ဆီပူလာရင် ကြက်သွန်ဖြူနဲ့ဂျင်းကို ထည့်ပါတယ်. ပြီးတော့ ကြက်သွန်နီနဲ့ အာလူးတွေကိုထည့်၊ ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်နဲ့ အချဉ်အတွက် ရှာလကာရည်(သို့) ဗနီကာရည် အနည်းငယ်ထည့်ပါတယ်.. ပြီးတော့ ရေအနည်းငယ်ထည့်ပါတယ်..




ခရမ်းချဉ်သီးနဲ့ ငရုပ်သီးတွေ ပျော့အိကုန်မှာစိုးတာကြောင့် အာလူးကျက်ခါနီးမှ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးကို ထည့်ပါတယ်။  ကော်မှုန့်နည်းနည်းကို ရေအေးနဲ့ဖျော်ပြီး အိုးထဲကိုလောင်းချကာ မွှေပေးပါ။ အာလူးကို စမ်းကြည့်လို့ ကျက်ပြီဆို အပေါ့အငံမြည်းလို့ အနေတော်ရင် ချလို့ရပါပြီ။ အာလူးကို ပျော့ပြဲအောင် ချက်ရင် စားမကောင်းပါ။ ခပ်ဆတ်ဆတ် အနေအထားမှာ ချတာ အာလူးချဉ်စပ်အတွက် စားလို့အကောင်းဆုံးပါ။

ချဉ်ချဉ်စပ်စပ် စားလို့ရပြီ


မ၀မှာစိုးလို့


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောက်ပွင့်သုပ်

နောက်ထပ် ဟင်းတစ်မျိုးက ကျောက်ပွင့်လို့ခေါ်တဲ့ အဖြူရောင် အပွင့်ကြီးတွေပါ။ တရုတ်ကုန်စုံဆိုင်တွေမှာ ရှိတတ်ပါတယ်..


သူ့ကို မသုပ်ခင်မှာ ရေစိမ်ထားရပါမယ်.. ပြီးတော့ ရေနွေးနဲ့ ခဏပြုတ်ပါတယ်.. အဖြူရောင်အဆုပ်ကြီးက သို့မှသာ ပွတက်လာမှာ ဖြစ်ပါတယ်..

အရောင်စုံ

ပြီးနောက် အပိုင်းအစသေးသေးလေးများ ဖြစ်အောင် တစ်စီစီ လှီးဖြတ်ပါမယ်... ကြက်သွန်ဖြူ တောက်တောက်စင်းထည့်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်းထည့်၊ အနီရောင်ခရမ်းချဉ်သီး၊ လိမ္မော်ရောင်ဥနီ၊ အစိမ်းရောင်သခွားသီး စတာတွေကို အရောင်လေးတွေစုံအောင်ထည့်ပါတယ်.. ကျောက်ပွင့်က အဖြူရောင်ဆိုတော့ အရောင်လေးတွေ စုံနေတာပါဘဲ။


ကျောက်ပွင့်သုပ်ပါ။


ဆား၊ အချိုမှုန့်၊ ငရုပ်သီးဆီကြော်(သို့) ဆီကျက်၊ နှမ်းလှော်နဲ့ သံပုရာသီးညှစ်ပြီး နယ်လိုက်ရင် ချဉ်ချဉ်စပ်စပ် အရောင်လှလှ ကျောက်ပွင့်သုပ်ရပါပြီ။


စားသောက်ဖွယ်ရာ မာလာငါး၊ အာလူးချဉ်စပ်၊ ကျောက်ပွင့်သုပ်တို့က ဒီတစ်ပတ် Friday Special ပါရှင်။ လာမဲ့ ရုံးပိတ်ရက်မှာ လုပ်စားချင်သူများအတွက် ပြန်လည် ဝေမျှပါတယ်.. အစားအသောက်များဖြင့် စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေရှင်။





           

ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်နှင့် ကမ္ဘာ့အရှည်ဆုံးတံတား



ကမ္ဘာ့ဈေးအကြီးဆုံး Burj al-Arab   ဟိုတယ်


ကမ္ဘာပေါ်မှာ ထူးခြားထင်ရှားတဲ့ ဟိုတယ် များစွာထဲကမှ ဈေးအကြီးဆုံး ဟိုတယ် အကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ အဲဒီဟိုတယ်က United Arab Emirates  မှ ပိုင်ဆိုင်သော ဒူဘိုင်းမြို့ရှိ Burj al-Arab  ဇိမ်ခံဟော်တယ် ဖြစ်ပြီး ကမ္ဘာပေါ်က ကြယ်ခုနှစ်ပွင့် အဆင့်ရှိ တစ်ခုတည်းသော ဟိုတယ် ဖြစ်တယ်လို့ သိရပါတယ်.. .. ပေပေါင်း ၁၀၅၃ပေ ( မီတာ ၃၂၁) အမြင့်ရှိပြီး တတိယမြောက် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်တစ်ခုလည်း ဖြစ်ပါတယ်.. ၄င်းဟိုတယ်ဟာ ပါးရှန်းပင်လယ်ကွေ့ရှိ ကမ်းခြေနဲ့ အနည်းငယ်လှမ်းတဲ့ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာ နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီး တည်ဆောက်ထားတာဖြစ်ပြီး ဟိုတယ် ဆောက်လုပ်ထားတဲ့ ကျွန်းဟာလည်း သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျွန်းမဟုတ်ဘဲ လူတွေက မြေဖို့ဖန်တီးထားတဲ့ ၉၁၉ပေ ကျယ်ဝန်းတဲ့ ကျွန်းအတု ဖြစ်ပါတယ်.. ကမ်းခြေနဲ့ ၂၈၀ မီတာ (၉၂၀ပေ) ကွာဝေးတဲ့ ဟိုတယ်ရှိရာ ကျွန်းကလေးကို  သီးသန့်တံတားတစ်ခုနဲ့ ဆက်သွယ်ထားရှိပါတယ်..






Burj al-Arab  ဟိုတယ်

ဟိုတယ် အဆောက်အအုံကြီး တစ်ခုလုံးဟာ ဘေးနှစ်ဘက်ကို တောင်ပံဖြန့်ထားသော အာရေဗျ သင်္ဘောများရဲ့ ရွက်တိုင်ကြီးသဏ္ဍာန် တည်ရှိပြီး  v ပုံစံ အနေအထား အတိုင်းရှိပါတယ်. ဘေးဘက် တောင်ပံနဲ့ အဆောက်အဦးကြား နေရာလွတ်များ ရှိနေပြီး တောင်ပံကို ထူထဲခိုင်ခံ့သော မှန်ပြားများဖြင့် ပြုလုပ်ထားတဲ့ ဆန်းပြားလှတဲ့ ဒီဇိုင်းဖြစ်ပါတယ်.. အဆောက်အဦးအဖြစ် စတင်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်း ချကတည်းက စိတ်ချလုံခြုံမှု ရှိစေရန်အတွက် အောက်ခြေ ပေလေးဆယ်အနက်ထိ ကွန်ကရိတိုင်များ ထည့်သွင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အတွင်း အချို့သော အပြင်အဆင်ရဲ့ ၈၀၀၀ စတုန်ရန်းမီတာဟာ ၂၂ကာရက် ရွှေတွေနဲ့ ပြုလုပ်တန်ဆာတင်ထားပြီး ၂၄၀၀၀ စတုရန်းမီတာကတော့ အမျိုး၃၀ကျော်တဲ့ မာဘယ်လ် ကျောက်ပြားများနဲ့ ပြုလုပ်ထားကြောင်း အံ့သြဖွယ်သိရပါတယ်..


ဟိုတယ်တွင်း ခမ်းနားလှသောဧည့်ခန်း



ပင်လယ်ရှုခင်းကို လှမ်းမြင်ရတဲ့ အခန်း



Luxurious Bedroom

နန်းတော်ကြီးတမျှ ခမ်းနားလှပတဲ့ အိပ်ရာ

ရေချိုးခန်းရဲ့ ထည်ဝါခမ်းနားမှု



ဟိုတယ်အတွင်းအောက်ထပ် အဆင့်ဆင့် မြင်ကွင်း

Burj Al Arab
Burj Al Arab ဟိုတယ် စည်းဝေးခန်း
  
burj al arab panaromic suite 
burj al arab bath


ဟိုတယ်ရဲ့ စားသောက်ခန်း

Resplendent and Magnificent Dining Hall



ဟိုတယ်ရဲ့ ဓာတ်လှေခါး




၎င်း Burj al-Arab ဟိုတယ်မှာ သာမန်အခန်းဆိုတာ မရှိဘဲ.. အငယ်ဆုံးအခန်းပင်လျှင် ၁၆၉ စတုန်းရန်းမီတာ ( ၁၈၁၉ စတုရန်းပေ)  ကျယ်ဝန်းပြီး အကြီးဆုံးသော အခန်းမှာ ၇၈၀ စတုရန်းမီတာ ( ၈၃၉၆ စတုရန်းပေ) ကျယ်ဝန်းပါတယ်. ဈေးအနည်းဆုံး အခန်းပင်လျှင် တစ်ညကို ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၆၀၀၀ ခန့်ရှိပြီး ဈေးအကြီးဆုံး အခန်းမှာ တစ်ညလျှင် ဒေါ်လာ တစ်သောင်းခွဲ (၁၅၀၀၀) ကျော် ကျသင့်သောကြောင့် ကမ္ဘာပေါ်မှာ တည်းခိုနေထိုင်ဖို့ ဈေးအကြီးဆုံး ဟိုတယ် တစ်ခုဖြစ်ပါတယ်.  ဟိုတယ် အပေါ်ဆုံးထပ်မှာ တင်းနစ်ကွင်းတစ်ခု ပါရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးပေါ်မှာ တင်းနစ်ရိုက်ရတဲ့ ခံစားချက်ကို ခံစားလိုသူများ သွားရောက် ကစားနိုင်ပါတယ်..  ဟိုတယ်ရဲ့ အောက်ထပ်မှာတော့ ပင်လယ်ရှုခင်းနဲ့ ရေသတ္တ၀ါတွေရဲ့ အလှကိုကြည့်ရှုခံစားနိုင်တဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်ကြီး ကိုလည်း ဖွင့်လှစ်ထားရှိပါတယ်။



ဟိုတယ်ရဲ့ တင်းနစ်ကွင်း


Burj Al Arab's underwater restaurant 
ဟိုတယ်ရဲ့ ရေအောက်စားသောက်ဆိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာ့အရှည်ဆုံးတံတား

Image

ပင်လယ်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တရုတ်ပြည်ရှိ The Qingdao Haiwan Bridge ကမ္ဘာ့အရှည်ဆုံး တံတားကြီးဟာ ၂၆.၄ မိုင်ရှည်လျားပြီး ၄နှစ်ကြာမျှ တည်ဆောက်ခဲ့ရကာ  စတာလင် ပေါင် ၅.၅ ဘီလီယံ ကုန်ကျတယ်လို့ သိရပါတယ်.. မကြာခင်ရောက်လာတော့မဲ့ နှစ်သစ်ကူးမှာ လုပ်သားပြည်သူများ အသုံးပြုဖို့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်.. ဒီတံတားကြီးဟာ အစောပိုင်းက ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံ လူဝီ စီနီးယား ပြည်နယ်က the Lake Pontchartrain Causeway  တံတားကြီးထက်ကို သုံးမိုင် ပိုပြီး ရှည်လျားတာကြောင့် ကမ္ဘာ့အရှည်ဆုံး တံတားသစ် ဖြစ်လာပါတယ်..

Image



Image

ပြည်နယ်၂ခုကို ဆက်သွယ်ထားတဲ့ ၁၆၄၈၀၅ မီတာ( ပေ ၅၄၀၇၀၀) အရှည်ရှိတဲ့ တံတားကြီးဟာ ပြည်နယ်နှစ်ခုရဲ့ ခရီးသွားလာချိန်ကို မိနစ် ၃၀ခန့် လျော့ချပစ်စေတယ်လို့ သိရပါတယ်.. ယာဉ်ကြောရှုပ်ထွေး ကြပ်ညပ်လွန်းတဲ့ စက်မှုမြို့တော်ကြီး နှစ်ခုဖြစ်သော ရှန်ဟိုင်းနဲ့ နင်းပေါ မြို့ကြီး နှစ်ခုကြားကို ခရီးသွားလာမှု လွယ်ကူအောင် ဖောက်လုပ်လိုက်တာ ဖြစ်ပြီး တံတားကြီးဟာ ခြောက်လမ်းသွား လမ်းမကြီးလည်း ဖြစ်ပါတယ်.. စီးပွားရေးအရ အရေးပါတယ်လို့ ဆိုပါတယ်...  တံတားပေါ်မှာ တစ်နာရီကို မိုင်ခြောက်ဆယ်နှုန်း မောင်းနှင်ခွင့် ပြုထားတယ်လို့ သိရပါတယ်.. တံတားကြီးဟာ အောက်ခံ ကွန်ကရိ ထောက်တိုင် တံတားဖြစ်ပြီး အချို့နေရာမှာတော့ ကြိုးတံတားအဖြစ် နှစ်မျိုးလုံး တွေ့ရပါတယ်..

Image
တံတားကြီးကို ပြည်ပ နည်းပညာ အကူအညီမပါဘဲ တရုတ်အင်ဂျင်နီယာများက ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ခဲ့တယ်လို့ သတင်းတွေထဲကအတိုင်း ပြောပါတယ်..း) တံတားကြီးမှာ အခန်းပေါင်း ၅၂၀၀ကျော် ပါဝင်ပြီး ကမ္ဘာ့စံချိန်သစ်တင်တဲ့ အရှည်ဆုံးတံတားကြီး ဖြစ်တာကြောင့် တရုတ်တို့ဟာ အလွန်ဘဲ ဂုဏ်ယူ ၀ံ့ကြွားနေကြပါတယ် ပြီးတော့လည်း ကမ္ဘာ့အရှည်ဆုံးတံတား ၁၀ ခု စာရင်းမှာ တရုတ်နိုင်ငံက တံတားဟာ ၇နေရာ ပါပြီး ၂ခုတည်းသာ အမေရိကန်မှာ ရှိတာဖြစ်ပါတယ်.. တစ်ခုကတော့ ထိုင်းနိုင်ငံက ၇၉၃၃၂ မီတာ ရှည်တဲ့ Weinan Weihe Grand Bridge တံတားဖြစ်ပါတယ်..

ပင်လယ်ကိုဖြတ်ကာ တံတားဆက်သွယ်ထားသော မြို့ကြီးနှစ်ခု


သုတရစေဖို့ ရှာဖွေ ဘာသာပြန်ပါတယ်ရှင်.. ပျော်ရွှင်ချမ်းမြေ့ကြပါစေ။