အမည်မဲ့ ပိတောက်ပန်းကလေးများ





သူမကို မွေးဖွားသည့် အချိန်က ပိတောက်ပန်းလေးများ ၀ါထိန်နေအောင် ကြိုင်သင်းစွာ လန်းရွှင်ပွင့်ဝေတတ်သော ဧပရယ်လဖြစ်သောကြောင့် သူမ နံမည်ကို ဧပရယ်ဟု ပေးခဲ့ကြသည်။ ဧပရယ်လသည် ပိတောက်တို့ ဝေနေအောင် ပွင့်သလို မြန်မာလူမျိုးတို့၏ ပျော်စရာ အကောင်းဆုံးသော အတာသင်္ကြန်ပွဲကို ဆင်ယင် ကျင်းပလေ့ရှိသော လလည်း ဖြစ်သည်။ သူမ မေမေ သက်ရှိထင်ရှား ရှိစဉ်က  တသသနှင့် အမြဲတမ်း ပြန်ပြောင်း ပြောပြတတ်သည်မှာ သူမကို မွေးသည့် အချိန်တွင် အိမ်ရှေ့ခြံထောင့်က အရွက်ဖားဖားနှင့် ထီးထီးမားမား အုပ်အုပ် ဆိုင်းဆိုင်း  ရှိနေသော ပိတောက်ပင်ကြီးမှ ပိတောက်ပန်းများသည် ပင်လုံးကျွတ်မျှ ၀င်းဝါ ပြွတ်ခဲနေအောင် ပွင့်သည်တဲ့လေ..  တစ်ခြံလုံးလည်း ပိတောက်ရနံ့က မွှေးကြိုင် ချိုမြ သင်းထုံလို့၊ ပိတောက်ပင်ကြီး ပေါ်တွင်လည်း ပျားနှင့်ပိတုန်းတို့က လှုပ်ရှားသွားလာ ပျံဝဲလျှက် မြူးတူးနေကြသည်တဲ့.. မေမေ့အပြောကို မျက်စိထဲ မြင်ယောင်ရင်း သူမမွေးသည့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် တစ်ပင်လုံးကျွတ်အောင် ပွင့်ဝေပေးသော ပိတောင်ပင်ကြီးကို သူမရင်ထဲက နှစ်နှစ်သက်သက် တွယ်တာမိသလို ပိတောက်ပန်းကလေးများကိုလည်း မြတ်မြတ်နိုးနိုး စွဲလမ်းမိလေသည်။ ပိတောက်ပန်းတို့ရဲ့ သင်းပျံ့ကြိုင်လှိုင်တဲ့ ရနံ့လေးကိုလည်း ဘာနဲ့မှ မတူအောင် ချစ်ခင်မက်မောမိသည်လေ။

သူမအရွယ်ရောက်လို့ ချစ်သူရလာသည့်အခါ သူမကို အလွန်ချစ်ခင်မြတ်နိုးသူနှင့် ဖူးစာဆုံရသည်။ သူမတို့ လက်ထပ်သည့်ရက်ကလဲ မှတ်မှတ်ရရ ဧပရယ် ၁ရက်နေ့.. ထိုနေ့က ပိတောက်ပန်းတွေ ပွင့်ဝေမနေပေမဲ့ ပိတောက်ပွင့်ချိန်ရောက်တိုင်းတော့ သူမချစ်သူက သူမနှစ်သက်သော ပိတောက်ပန်းကလေးများကို မပျက်မကွက် လက်ဆောင် ပေးလေ့ရှိတတ်သည်။ အဖိုးမတန်သော ပိတောက်ပန်းဖြစ်ပေမဲ့ သူမကတော့ အခြားသော ပန်းတွေအားလုံးထက် ပိတောက်ပန်း ကိုမှသာ မက်မောတတ်သူလေ..  ပိတောက်ပန်း ပွင့်သည့် ရက်များဆိုလျှင် သူမတို့အိမ် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ဧည့်ခန်းတွင် ထားသော ပန်းအိုးများ၊ သူမတို့ အိပ်ခန်းတွင်းရှိ အလှပန်းအိုးများ အားလုံး အားလုံးသည် ပိတောက်ပန်းများနှင့်သာ ပြည့်လျှံနေတော့သည်။

တစ်အိမ်လုံးလည်း စိတ်ကြည်နူးဖွယ် ကောင်းလောက်အောင် သင်းပျံ့ပျံ့ ပိတောက်ရနံ့တို့ကသာ မွှေးမြ ထုံရီနေပေတော့သည်။ နောက်ရက်များတွင် အပွင့်များအားလုံးလိုလို ကြွေကျကုန်ပြီး ညှိုးနွမ်းနေသော ပန်းအိုးတိုင်းကို ပန်းအသစ်များ ပြန်လဲရ၊ ပွင့်ကြွေများကို ရှင်းရလင်းရနှင့် အလုပ်များသော်လည်း တစ်နေ့တာ ရရှိလိုက်သော စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် သူမ ကျေနပ်ပါသည်။ သူမခင်ပွန်းသည်လည်း ပိတောက်ပန်းပွင့်ကြွေများဖြင့် အိမ်တစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့သော်လည်း မည်သည့်အခါမှ ငြူစူအပြစ်တင်ခြင်း မရှိခဲ့ပါ။ နှစ်စဉ်နှစ်တိုင်း ပိတောက်ပန်းလက်ဆောင် ပေးမြဲသာ ဖြစ်သည်။ သူမခင်ပွန်းသည် သူမကို အချိန်တိုင်း ချစ်ခင်မြတ်နိုးခြင်းဖြင့်သာ အလိုလိုက် အလျှော့ပေးတတ်သော အကောင်းဆုံး ဘ၀ကြင်ဖော်တစ်ဦး ဖြစ်ခဲ့လေသည်။

သူမတို့ ၂ယောက်၏ မင်္ဂလာနှစ်ပတ်လည် ၁၅နှစ်ပြည့်ကို မှတ်မှတ်ရရ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြသည်။ ဇိဝိတသံဃ ဆေးရုံတွင် အလှူငွေ ထည့်ဝင်ကြသည်။ ညဦးပိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ချို့အား သူမတို့ခြံဝင်းထဲက မြက်ခင်းပြင်ကြီးပေါ်တွင် ညစာစားပွဲလေးနှင့် ဧည့်ခံဖြစ်ခဲ့ကြသည်။ နှစ်ပတ်လည်ကျင်းပပြီး တစ်ပတ်အကြာတွင်တော့ သူမ၏ ချစ်လှစွာသော ခင်ပွန်းသည် အလုပ်တာဝန်ဖြင့် မန္တလေးမြို့သို့အသွား သူမောင်းသောကားနှင့် တစ်ဘက်က ကုန်တင်ကားကြီးတစ်စီးတို့ တိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့လေသည်။

တိုက်ဆိုင်မှုတစ်ခုက သူမခင်ပွန်း ကွယ်လွန်ပြီး တစ်လအကြာတွင် နှစ်ပေါင်းရှည်ကြာ ရှိခဲ့သော၊ နှစ်စဉ် အပွင့်တွေ၊ ရနံ့တွေဖြင့် ဝေဆာ မွှေးမြခဲ့သော  သူမတို့ အိမ်ရှေ့မှ ပိတောက်ပင်ကြီးသည် ပြင်းထန်သော လေတိုက်ခတ် မှုကြောင့်  ခါးလည်မှ ကျိုးကျသွားခဲ့သဖြင့် အမြစ်ပါတူးပစ်ကာ စွန့်ပစ်လိုက်ရလေသည်။ ထိုနေ့တွင် သူမ ခင်ပွန်းဆုံးသည့်နေ့ကလို ၀မ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့မိသေးသည်။ သူမတွင် သားတစ်ယောက် သမီးတစ်ယောက် ကျန်ရစ်ခဲ့သော်လည်း ခင်ပွန်း၏ အရိပ်အာဝါသတော့ ပျောက်ကွယ် ခဲ့လေပြီ.. သားသမီးတို့ကို လူလားမြောက်အောင် သူမတစ်ယောက်တည်း ကျွေးမွေး စောင့်ရှောက်ရင်း သူမရင်ထဲမှ အထီးကျန် ကြေကွဲစိတ်ကတော့ လျှော့ပါး သွားသည်မရှိ.. တစ်နှစ်ထက်တစ်နှစ် တိုးလို့သာ ခံစားနေမိသည်။


~~~~~~@@@~~~~~~~

ယခုအခါ သူမခင်ပွန်း ကွယ်လွန်ခဲ့သည်မှာ ၇နှစ် ပြည့် မြောက်ခဲ့လေပြီ.. အရွယ်ရောက်လာသော သူမ၏ သားနှင့်သမီးတို့သည် ပညာရေးအတွက် စင်္ကာပူတွင် ကျောင်းတက်နေကြပေပြီ။ အိမ်ကြီးတစ်ခုလုံးတွင် သူမနှင့် အိမ်ဖော် မိန်းခလေး ၂ယောက်တို့သာ ရှိနေပြီး သူမအတွက်တော့ အိမ်သည် တိတ်ဆိတ် ငြိမ်သက်နေသော ငြီးငွေ့ဖွယ်ရာ နေရာတစ်ခုလို့သာ စိတ်ထဲထင်မြင်မိနေတော့သည်။ စီးပွားရေးကိစ္စများတွင်သာ စိတ်ကို နှစ်ထားပြီး တစ်ခါတစ်ရံ သားသမီးများထံ သွားရောက်ခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးများထံ အချိန်ပေး၍ အလည်အပတ် ခေတ္တသွားခြင်းဖြင့်သာ အထီးကျန်ငြီးငွေ့မှုကို ဖြေဖျောက်နေရလေသည်။ အိမ်တွင်နေရချိန်သည် ပျင်းရိ တိတ်ဆိတ်စွာနှင့် ခြောက်ခြားစရာ ကောင်းလောက်အောင် အထီးကျန်လွန်း လှသည်ဟုသာ သူမ  ခံစားရလေသည်။

ဧပရယ်လ၏ တစ်ခုသော ရက်တစ်ရက်တွင် ကားကို သူမကိုယ်တိုင်မောင်းရင်း မိတ်ဆွေတစ်ဦးအိမ်သို့ ကိစ္စတစ်ခုဖြင့် သွားရောက်ပြီးအပြန်တွင် တစ်မြို့လုံး ၀င်းဝါနေသော ပိတောက်ပန်းများ  မြို့နေရာအနှံ့ ပွင့်ဝေနေတာကို သူမတွေ့ခဲ့လေသည်။ သူမအိမ်တွင် ပိတောက်ပန်းဖြင့် မဝေဆာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ အိမ်အပြန်လမ်းတွင် ကားမှန်ကိုချ၊ အဲကွန်းကို ပိတ်ပြီး သင်းပျံ့ကြိုင်လှိုင်နေသော ပန်းရနံ့ကို ခံစားရှုရှိုက်ရင်း ကားကို ဖြေးညှင်းစွာ မောင်းလာခဲ့မိသည်။ အချို့နေရာများ၏ ကားလမ်းမပေါ်တွင် ပိတောက်ပွင့်ကြွေတို့က ဖွေးဖွေးလှုပ်နေခဲ့သည်။ သူမခင်ပွန်း ဆုံးပြီးချိန်ကတည်းက ပိတောက်ပန်းကို လက်ဆောင် ပေးမည့်သူ မရှိတော့သလို၊ အိမ်တွင်လည်း  ပိတောက်ပင်အိုကြီး လှဲပြိုကျပြီးချိန်မှစ၍  ပိတောက်ပန်းနှင့် ဝေးကွာခဲ့ရသည်။ သူမ၏ သားနှင့် သမီးတို့ကလည်း ပိတောက်ပန်းကိုမြင်လျှင် ဖခင်ကို သတိရမည် စိုး၍လား မသိ။ မည်သည့်ခါမှ  သူမအတွက် သတိတရနှင့် ယူလာပေးတတ်သည် မရှိခဲ့ပါ။ လမ်းတွင် City Mark ၀င်ပြီး အိမ်အတွက် လိုအပ်တာများ ၀ယ်ယူကာ၊ YKKO တွင် ကြေးအိုးဝင်သောက်ဖို့ စိတ်ကူးရှိသော်လည်း တစ်ယောက်တည်း စားသောက်ရမည့် အထီးကျန်မှုမျိုးကို  သည်းမခံနိုင်သောကြောင့် ဆိုင်ရှေ့တွင် ကားရပ်ပြီးကာမှ ပြန်မောင်း ထွက်လာခဲ့တော့သည်။ 

ဦးတည်ချက်မရှိ ကားကို မောင်းနှင်လာရင်း သွားစရာ နေရာ မရှိသူတစ်ယောက်၏ ခံစားချက်များဖြင့် သူမရင်ထဲ မွန်းကြပ်လို့ နေမိသည်။ အိမ်ကို ပြန်လျှင်လည်း နွေးနွေးထွေးထွေး ကြိုဆိုမည့်သူမရှိ၊ တီတီတာတာ ပြောဆိုမည့် သားသမီးများကလည်း အဝေးမှာ.။ အိမ်ဆိုသည်မှာလည်း မိသားစု စုံစုံလင်လင် စုစုစည်းစည်းနှင့် ပျော်ရွှင် ကြည်နူးဖွယ် အကြင်နာတရားတို့ လွှမ်းခြုံထားသည့် နေရာဖြစ်မှသာ နေပျော်သည် မဟုတ်ပါလားလေ။ ခြောက်ကပ် တိတ်ဆိတ် နေသော၊ နွေးထွေးခြင်းကင်းမဲ့သော၊ အထီးကျန်ခြင်းတို့သာ လွှမ်းခြုံနေလျှင်တော့ ပျော်ရွှင်စရာ နေရာ မဖြစ်နိုင်တော့သည်မှာ သေချာလှသည်။ ကားမောင်းနေရင်း စီးပွားရေး ကိစ္စတစ်ခုဖြင့် နောက်၂ရက်တွင် နေပြည်တော်သွားဖို့ရှိတာကို သတိရလိုက်မိသည်။ အိမ်ပြန်ပြီး ခရီးထွက်ဖို့ ပြင်ဆင်တာက ပိုကောင်းလိမ့်မည်ဟု တွေးမိသဖြင့် ကားကို အိမ်သို့ မောင်းပြန်လာခဲ့တော့သည်။

အိမ်ရှေ့ရောက်ခါနီးတွင် ကြိုတင်ဟွန်းတီးလိုက်သဖြင့် အိမ်တွင်းမှ အညိုဟု ခေါ်သော ကောင်မလေး ပြေးထွက်လာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးသည်။ ခြံတွင်းသို့ ကားကို မောင်းဝင်မည်အပြုတွင် မြင်လိုက်ရသော မြင်ကွင်းတစ်ခုက သူမကို အံ့အားသင့်သွားစေခဲ့သည်။ သူမတို့ ခြံဝင်းရှေ့က အုတ်ခုံလေးပေါ်တွင် တွေ့လိုက်ရသည်က “စက္ကူလှလှလေးဖြင့် ထုပ်ပိုးထားသော ပိတောက်ပန်းကလေးများ” စက္ကူလေးက အစိမ်းရောင် လွင်လွင်ကလေး၊ ပိတောက်ပန်းများကတော့ ရွှေရောင် ၀င်းဝင်းဝါ၀ါလေး ဖြစ်၍ အစိမ်းနှင့် အ၀ါ၏ လိုက်ဖက်မှုက ပန်းစည်းလေးကို ပိုမို တောက်ပ ၀င့်ထည်လာစေသည်လေ။ ကားကို ခြံဝတွင်ရပ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ပိတောက်ပန်းစည်းလေးကို ကောက်ယူလိုက်ကာ သေချာ ကြည့်သောအခါတွင်လည်း ပန်းစည်းပေါ်တွင် မည်သည့် ကဒ်ပြား မည်သည့် အမှတ်အသား တစ်ခုတစ်လေမှ မတွေ့ရ။

သေချာတာတစ်ခုက ထိုပိတောက်ပန်းများသည် တစ်စုံတစ်ယောက်က ခူးယူပြီး မေ့လျော့ထားခဲ့သည်တော့ မဖြစ်နိုင်။ ပန်းစည်းသည် အတော်လေးကို ကြီးပြီး ပါကင်စက္ကူဖြင့်ပင် သေချာကျန ထုပ်ပိုးပြီး ဖြစ်သောကြောင့် တစ်စုံတစ်ယောက်ကို ပေးဖို့ရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်လာခြင်းသာ ဖြစ်နိုင်လေသည်။ ပန်းစည်းကို ကိုင်ပြီး ဘေးပတ်ဝန်းကျင် ဟိုဟိုသည်သည် လိုက်ရှာကြည့်မိသော်လည်း သူမတို့ အိမ်ရှေ့လမ်းသွယ် တစ်လျှောက်လုံးလည်း တိတ်ဆိတ် ငြိမ်သက်လို့နေသည်။ လူရိပ်လူခြေပင် မတွေ့ရချေ၊ သူမအိမ်မှ ကလေးမလေးများသည်လည်း အသက် ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေမို့ ပန်းပေးရလောက်သော ပိုးပန်းရမည့် အရွယ်များလည်း မဟုတ်ကြသေးသည်မှာ သေချာလှသည်။ ကားကို ဂိုဒေါင်ထဲ မောင်းဝင်လိုက်ရင်း ပိုင်ရှင်မဲ့နေသော ထိုပန်းစည်းလေးကို အိမ်တွင်းသို့ သူမ ယူဆောင်လာခဲ့မိသည်။


မျက်စိလေးကို အသာအယာ မှေးမှိတ်ကာ သင်းပျံ့ ထုံအီလှသော ပန်းရနံ့လေးကို အဆုပ်တွင်းထိရောက်အောင် တစ်မက်တစ်မော ရှုရှိုက်မိရင်း သူမခင်ပွန်း ရှိစဉ်က နှစ်စဉ်နှစ်တိုင်း မပျက်မကွက် လက်ဆောင်ပေးခဲ့သော အဖြစ်အပျက် ကလေးများကို ပြန်လည် မြင်ယောင်လာမိရကာ သူမမျက်နှာလေး တစ်ဖြေးဖြေးနှင့် ပြုံးယောင် သန်းလာလေသည်။ အိုး ပိတောက်ပန်းနှင့် ဝေးကွာခဲ့သည်မှာ ဘယ်နှစ်နှစ်ပင်ရှိပါလိမ့်.. အိမ်မှာ ပိတောက်ပန်းနံ့ မရသည်မှာလည်း ကြာခဲ့ပြီလေ.. ထိုပန်းစည်းမှ ပိတောက်ပန်းလေးများသည် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ပန်းအိုးများတွင် ဝေဆာသွားပေပြီ။ သူမ၏ အိပ်ခန်းတွင်းရှိ ပန်းအိုးလေးတွင်လည်း ၀င်းဝင်းဝါ၀ါနှင့် ရွှေရည်လူးနေသော ပိတောက်ဖူးလေးများက အစွင့်သား။

ပန်းရနံ့တို့ကတော့ သူမခင်ပွန်းရှိစဉ်က လက်ဆောင်ပေးခဲ့သော ရနံ့များလိုဘဲ ချိုအီမွှေးမြနေဆဲ၊ သူမစိတ်နှလုံးကို လန်းဆန်း စေနိုင်တုန်းပါပဲ.. အချစ်ဆိုတာ အချိန်ကာလ ဘယ်လောက်ပင် ကြာညောင်းသည်ဖြစ်စေ ဟောင်းနွမ်း သွားသည့် အရာ မဟုတ်သလို၊ မေ့ပျောက်သွားမည့်အရာလဲ မဟုတ်သည်မှာ ပိတောက်ပန်းနှင့်ပတ်သက်၍  သူမ၏ ခံစားချက်လေးများနှင့်၊ ဘယ်ချိန်ဖြစ်ဖြစ် မပြောင်းလဲသော ပန်းရနံ့လေးများက သက်သေဖြစ်လို့ နေသည်ပဲလေ။ မည်သူ့အတွက် ရည်ရွယ်၍၊ မည်သူက လာထားပေးသွားမှန်းမသိသော အမည်မတပ်ထားသော ထိုပိတောက်ပန်း ကလေးများသည် လူတစ်ယောက်၏ စိတ်ကို ရွှင်လန်းချမ်းမြေ့အောင် စွမ်းဆောင်မှု ပေးနိုင်ခဲ့သည်ကတော့ သေချာသည်လေ။ ဘာဘဲဖြစ်ဖြစ် ယနေ့အဖို့တော့ မွှေးမြလန်းဆန်းနေသည့် ပိတောက်ပန်းစည်းလေးသည် သူမ၏ အထီးကျန်ခြင်း၊ ငြီးငွေ့ခြင်းတို့ကို အဝေးသို့ လွှင့်ပျောက်စေနိုင်ခဲ့လေပြီ။ ထိုပန်းစည်းလေး၏ ပိုင်ရှင်သည် မည်သူဖြစ်မည်၊ မည်သူ့အတွက် ရည်ရွယ်ကာ လာထားသည် ဆိုသည်ကိုတော့   သိအောင် သူမ မကြိုးစားချင်တော့ပါ။

 ~~~~~~~~~~~~~~~@@@~~~~~~~~~~~~~~~~


မနှစ်က ဒီအချိန်မှာ သင်္ကြန်အမှတ်တရ အတွက် တင်ဘူးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ မဖတ်ရသေးသူများ ခံစားကြည့်ဖို့နဲ့ အမှတ်တရအဖြစ် ပြန်တင်ပေးတာပါ။ စာဖတ်သူများနဲ့ ချစ်ခင်ရသော သူငယ်ချင်းများ အားလုံးလည်း အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ကြည်နူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။


သက်တန့်ရောင်စဉ် ယူကလစ်ပင်

သက်တန့်ရောင်စဉ် ယူကလစ်ပင်



သက်တန့်မှာ ပါဝင်တဲ့ ရောင်စဉ်တွေလို ပင်စည်ပေါ်မှာ အရောင်မျိုးစုံ ယှက်ဖြာနေတဲ့ ယူကလစ်ပင်ကို မြင်ဖူးကြပါသလားရှင်။ ကြည့်လိုက်ရင် တစ်စုံတစ်ယောက် ဆေးရောင်စုံတွေကို သစ်ပင်ပေါ်မှာ ဒေါင်လိုက် ဆွဲချထားတယ်လို့ ထင်ရလောက်အောင် အရောင်တွေကလည်း ထူးဆန်းဖွယ် စုံလင်လို့ နေပါတယ်။ တကယ်တမ်းတော့ လူတွေရဲ့ ဖန်တီးမှုကြောင့် မဟုတ်ဘဲ သဘာဝအတိုင်း သစ်ပင်ပေါ်မှာ အရောင်စုံလေးတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီလို ယူကလစ်ပင်မျိုးကို နယူးဂီနီ၊ နယူးဘရစ်တိန်၊ ဖိလစ်ပိုင်တို့မှာ တွေ့ရှိရတတ်ပြီး အမြင့် ၇၅မီတာထိအောင် ရှည်လျားတတ်ပါတယ်။
rainbow tree 1

ဒီအပင်က အစ်မချစ်ရဲ့ ပန်းချီလက်ရာများလား

rainbow tree 2
ဒါကတော့ မလေး(အိမ့်ချမ်းမြေ့) ရဲ့ လက်ရာနဲ့ ခပ်ဆင်ဆင်

rainbow tree 3


rainbow tree 4
ဒါကတော့ ပန်ဒိုရာ့ လက်ရာနဲ့ တူသလိုလို


rainbow tree 5


rainbow tree 6

ဒီပုံက ချစ်ညီမ ဖြိုးဖြိုးရဲ့ ဆေးပန်းချီ


rainbow tree 7


ထူးဆန်းတဲ့ နောက်တစ်ချက်က ဒီလို သစ်ပင်မျိုးကို အဖြူရောင်စက္ကူများ ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်… အရောင်မျိုးစုံး အကွက်လိုက်ဖြစ်ပေါ်နေတဲ့ ယူကလစ်ပင်ရဲ့ သစ်ခေါက်ဟာ အရေခွံ လဲတဲ့ အချိန်ဟာ မတူညီပါဘူး။ ပထမဦးစွာ အပြာရောင်၊ နောက် လိမ္မော်ရောင်၊ ခရမ်းရောင် နဲ့ နောက်ဆုံးမှာ ကြက်သွေးရောင်ကို ပြောင်းလဲ သွားတာဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ ၄င်း သက်တန့်ရောင်လို လှပအသွေးစုံလှတဲ့ ယူကလစ်ပင်ကြီးကို တွေ့ခဲ့မယ်ဆိုရင် သူ့ရဲ့ အရောင်တွေရဲ့ လှပဆန်းကြယ်မှုကို ရင်သပ်ရှုမော တွေ့ကြရမှာ ဖြစ်ပါတယ်။


ကျွန်မကတော့ ဒီယူကလစ်ပင်ကြီးရဲ့ အရောင်စုံတွေကို မြင်မိချိန်မှာတော့ ကျွန်မတို့ ဘလောဂ့်ရပ်ဝန်းက ပန်းချီ ပညာရှင်တွေ ဖြစ်ကြတဲ့ အစ်မ ချစ်ကြည်အေး၊ မလေး (အိမ့်ချမ်းမြေ့)၊ ပန်ဒိုရာနဲ့ ဖြိုးဖြိုး တို့တွေများ ဒီသစ်ပင်ကြီးကို တကူးတက သွားရောက်ကာ ဆေးရောင်စုံတွေ ခြယ်ထားလေသလားလို့ တွေးလိုက်မိပါသေးတယ်။   :)  :)

~~~~~~~~@@@~~~~~~~~~

သက်ရှည်ပင်ကြီး


Image Hosted by PicturePush - Photo Sharing


ရေအရင်းအမြစ်ရယ်လို့ လုံးဝမရှိတဲ့ သဲကန္တာရကြီးထဲမှာ တစ်ပင်ထီးတည်း ရှင်သန်နေတဲ့ သစ်ပင်ကြီးတစ်ပင်ဟာ ဘာရိန်းနိုင်ငံရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ ရေရှိတဲ့ နေရာနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ သဲကန္တာရကြီး အလယ်မှာ ထူးထူးခြားခြား ရှင်သန်ပေါက်ဖွားနေတာဟာ ပဟေဠိဖြစ်စရာပါဘဲ။


Image Hosted by PicturePush - Photo Sharing


၎င်းသစ်ပင် ပေါက်ရောက်နေတဲ့ သဲကန္တာရကြီးရဲ့ သဲပြင်ထုဟာ ၂၅မီတာ ( ၈၂ပေ ခန့်) မြင့်ပါတယ်။ ရွှေရောင် သဲပင်လယ်ကြီးလို့ ဆိုရလောက်အောင် မြင်မြင်သမျှ သဲပြင်အတိ ဖြစ်ပြီး ၄င်းကန္တာရ အလယ်မှာမှ အခြား ဘာအပင်မှ မပေါက်ဘဲ သူတစ်ပင်တည်း ပေါက်ရောက်ရှင်သန်နေတာ ဖြစ်ပါတယ်။ အပင်များ ပေါက်ရောက်ရှင်သန်ဖို့ ခက်ခဲလွန်းတဲ့ အခြေအနေမှာ ထူးခြားစွာ ပေါက်နေတဲ့အပင် ဖြစ်တာကြောင့် ဘာရိန်း ပြည်သားများကတော့ ၄င်း အပင်ကြီးကို ဒဏ္ဍာရီ ဆန်လှတယ်လို့ ပြောဆိုအံ့သြနေကြသလို ကမ္ဘာတစ်ဝှမ်းက စူးစမ်းလေ့လာသူများကလည်း အပင်ကြီးရဲ့ ထူးခြားမှုကို စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာကြပါတယ်။



Image Hosted by PicturePush - Photo Sharing



၎င်း Tree of Life လို့ခေါ်ကြတဲ့ ထူးဆန်းသော သက်ရှည်ပင်ကြီးဟာ ဘာရိန်းနိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံး အပင်ကြီးဖြစ်တဲ့ အပြင် ကမ္ဘာလှည့်ခရီးသည်အများအပြား သွားရောက်ကြည့်ရှုကြလေ့ ရှိပါတယ်။ အဲဒီအပင်ရှိရာကို ကားဖြင့်သာ သွားရောက်နိုင်သော်လည်း မသွားခင်မှာ ကားတွေကို သေချာ ကြည့်ရှုစစ်ဆေးဖို့တော့ လိုပါလိမ့်မယ်။ မဟုတ်ရင် လူသူမနီးတဲ့ သဲပြင်ကန္တာရကြီး အလယ်မှာ ကားတစ်ခုခုဖြစ်ခဲ့ရင် ဒုက္ခများမှာတော့ သေချာပါတယ်။

Image Hosted by PicturePush - Photo Sharing



၎င်းအပင်ကြီးရဲ့ နှစ်ပေါင်း ၄၀၀ ခန့် သက်တမ်းရှိတဲ့ ၄င်းအပင်ကြီးဟာ ရေမရှိဘဲ ဘယ်လိုရှင်သန် နေတယ်ဆိုတာ ရုက္ခဗေဒ ပညာရှင်များနဲ့ သိပ္ပံ ပညာရှင်တွေကို ဦးနှောက် ခြောက်စေပါတယ်။  တစ်ယောက်တစ်မျိုး အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြပေမဲ့ တိတိကျကျတော့ အဖြေထုတ်ဖို့ ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါတယ်။ အချို့ကလည်း ၄င်းအပင်ကြီးရဲ့ အမြစ်တွေဟာ ရေရှိနိုင်တဲ့နေရာအထိ ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်ရှိုင်းစွာ ထိုးဖောက် ၀င်ရောက်ကာ ရှင်သန်နေတာဖြစ်မယ် လို့ ပြောဆိုပေမဲ့ သက်သေပြနိုင်ခြင်းတော့ မရှိသေးပါဘူး။


Image Hosted by PicturePush - Photo Sharing




ဘာရိန်းပြည်သူ ပြည်သားတွေ ကြားမှာ အပင်နဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇ၀င်များစွာ ရှိသော်လည်း အများအားဖြင့် ယုံကြည်နေကြတဲ့ ဒဏ္ဍာရီတစ်ခုက ၄င်းအပင်ကြီး ပေါက်နေတဲ့ အရပ်ဟာ ကမ္ဘာဦးအစက ဖြစ်ပေါ်ခဲ့တဲ့ အေဒင်ဥယျာဉ်ရဲ့ နေရာဖြစ်မယ် လို့ ယုံကြည်စွာ လက်ခံ ပြောဆိုနေကြပါတယ်။ ဒဏ္ဍာရီ ပုံပြင်တွေ ဘယ်လိုပင် ပြောဆိုနေစေကာမူ အပင်ကြီးကတော့ ရေမနီး၊ သဲပြင်ကြီး အလယ်ထဲမှာ ရာစုနှစ် ၄ခုကြာအောင် ထူးဆန်းစွာ ရှင်သန်နေတုန်း ဖြစ်ပါတယ်။


သုတများဖြင့် ပြည့်စုံကြပါစေရှင်။

 


Crazy Colored Eucalyptus Tree ( Planetoddity )

The Tree of Life – A Mysterious Natural Phenomenon (odditycentral ) 

ယောက္ခမအတွက် အဆိပ်ခွက်



သူမနံမည်က လီလီ..

အိမ်ထောင်ကျပြီး ယောင်နောက်ဆံထုံးပါကာ ယောက်ျားဖြစ်သူနဲ့ အတူနေဖို့ မောင့်တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်ပါလာခဲ့သူ ဖြစ်သည်။ သူမသည် ယောက်ျားအိမ် ရောက်သည့်အခါတွင်တော့ ယောက်ျားဖြစ်သူ၏ မိခင်နှင့် ရင်ဆိုင်ရတော့သည်။ လီလီနှင့် ယောက္ခမဖြစ်သူတို့မှာ ဘယ်နေရာမှ အကြိုက်ချင်း မတူသလို အကျင့်စရိုက်ချင်းကလည်း ခြားနားကြသည့်အတွက် မကြာခဏ အငြင်းပွားရသလို စကားများရသည်မှာ အမြဲလိုလို   ဖြစ်သည်။ ဒေါသကြီးသော လီလီကလည်း ယောက္ခမဖြစ်သူကို ဘယ်တော့မှ သည်းမခံ၊ ပြန်ပြော၊ ပြန်အော်ရင်း သူမရောက်လာပြီးကမှ ထိုအိမ်သည် နေ့စဉ်နေ့တိုင်း ယောက္ခမနှင့်ချွေးမ ရန်ပွဲများ တစ်ချိန်းချိန်း ဖြစ်နေရလေတော့သည်။ မိခင်ဖြစ်သူကိုလည်း မပြောရဲ၊ မိန်းမဖြစ်သူကိုလည်း ပြော၍မနိုင်သော လီလီ့ယောက်ျားခမျာ နေ့စဉ်နှင့်အမျှ မိခင်နှင့်မိန်းမကြား စိတ်ဆင်းရဲ သောကများ ရလေတော့သည်။

တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာတိုင်း ယောက္ခမအပေါ် အမြင်မကြည်လင်မှု၊ စိတ်ဆိုးဒေါသထွက်မှုတို့က လျော့ပါးသွားသည် မရှိဘဲ ပိုတိုးတိုးလာပြီး နောက်ဆုံးမှာတော့ သူမ၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်သွား တော့သည်။  ယောက္ခမဖြစ်သူနှင့် ရေရှည် ဆက်ပြီး နေထိုင်ဖို့လည်း သူမအတွက် မည်သို့မျှ ဖြစ်နိုင်တော့မည်မဟုတ်ဟု တွေးမိကာ ယောက္ခမကို တစ်ခုခု လုပ်ရန် ကြံစည်မိသည် အထိ တူးတူးခါးခါး မုန်းတီးမိလေတော့သည်။ ထို့နောက် လီလီသည် ဆုံးဖြတ်ချက်တစ်ခုကို ချကာ သူမဖခင်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော တိုင်းရင်းပရဆေးများ ရောင်းချသူထံ သွားရောက်ကာ သူမ၏ ယောက္ခမအကြောင်းကို ပြောပြပြီး ယောက္ခမနှင့် နေရသော အခြေအနေကို မခံစားနိုင်တော့သောကြောင့် ထိုအခြေအနေကို ဖြေရှင်းရန်အတွက် အဆိပ်ပြင်းသော ဆေးတစ်မျိုး ရောင်းပေးပါရန် အကူအညီ တောင်းလေတော့သည်။

လီလီဖခင်၏ သူငယ်ချင်းဖြစ်သူက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် “ ကောင်းပြီ။ သမီး သမီးအဖေရဲ့ မျက်နှာကို ထောက်ပြီး သမီးလိုချင်တဲ့ ဆေးမျိုး ဦးလေး ပေးလိုက်မယ်.. ဒါပေမဲ့ သမီးက ဦးလေးပြောစကားကို နားထောင်ပါ၊ ဦးလေး ခိုင်းတဲ့အတိုင်း သမီး သေချာလုပ်ပါ။ အဲဒီလိုလုပ်မယ်လို့ ကတိပေးမှ သမီးလိုချင်တဲ့ ဆေးကို ဦးလေး ပေးမယ် ” ဟူ၍ လီလီကို ပြောလိုက်လျှင် “အို ဟုတ်ကဲ့ ဒီဆေးသာရမယ်ဆိုရင် ဘာဖြစ်ဖြစ် ကျွန်မ နားထောင်ပါ့မယ်။ ဦးလေး ခိုင်းတဲ့အတိုင်း သေချာလုပ်ပါ့မယ် ” ဟုလီလီက ၀မ်းသာအားရ ပြန်ပြောလိုက်ပါတော့သည်။

ဆေးဆိုင်ပိုင်ရှင်သည် အိမ်နောက်ဖက်သို့ ၀င်သွားကာ သူပြန်ထွက်အလာတွင် အထုပ်လေးတစ်ထုပ်ကို လက်က ကိုင်လာသည်။ ထို့နောက် လီလီ့ကို “တကယ်လို့  ချက်ခြင်း အစွမ်းပြတဲ့ အဆိပ်ကို သမီးက သုံးလိုက်လို့ သမီးရဲ့ယောက္ခမ ဆုံးသွားခဲ့ရင် လူတွေက သမီးကို သံသယ ဖြစ်ကြလိမ့်မယ်။ ဒီတော့ ဦးလေးက သမီးကို ဆေးတစ်မျိုး ပေးလိုက်မယ်။ အဲဒီဆေးကို  သမီးယောက္ခမ စားမဲ့ ထမင်းဟင်းထဲကို သူမသိအောင် နည်းနည်းချင်း ထည့်ကျွေးရမယ်။ ဆေးထဲမှာပါဝင်တဲ့ အဆိပ်ရဲ့ အစွမ်းက ချက်ခြင်းမပြဘဲ ဖြေးဖြေးချင်းမှ ပြလိမ့်မယ်။ နောက်တစ်ခုက အခုကတည်းက သမီးဟာ ယောက္ခမနဲ့ တည့်တဲ့သူ၊ ယောက္ခမနဲ့ အဆင်ပြေတဲ့သူအဖြစ် ဘေးပတ်ဝန်းကျင်က ထင်အောင် နေရမယ်. ဒီလိုဆို အချိန်နည်းနည်း ကြာတဲ့အခါ  ဒီအဆိပ်ကြောင့်  သမီးယောက္ခမ ဆုံးသွားရင်တောင် လူတွေက သမီးကို သံသယဖြစ်တော့မှာ မဟုတ်ဘူး။ ယောက္ခမနဲ့ ရန်ဖြစ်တာ အငြင်းအခုန် ဖြစ်တာမျိုးကို မလုပ်ပါနဲ့။ သူ့ကို ဂရုတစိုက် ကျွေးမွေးပြုစုတယ်လို့ လူတွေ မြင်အောင် သမီးနေထိုင်ပြရမယ်။ ကိုယ့်မိဘကို လုပ်ကျွေး သလိုမျိုး သူ့ကို ကျွေးမွေးပါ။ သူ့ပြောစကားတွေ သမီးနားထောင်ပြပါ။ ယောက္ခမကို ရိုလေလေးစားတဲ့ ချွေးမ တစ်ယောက်လို နေထိုင်ပါ။ ဒါဟာ သမီးဆန္ဒတွေ ပြည့်ဝဖို့အတွက် သည်းခံရမှာ ဖြစ်တယ်.. ဘယ်လိုလဲ ဦးလေး ပြောတဲ့အတိုင်း သမီး လုပ်နိုင်ပါ့မလား” ဟု ပြောလေသည်။

လီလီသည် သူမဖခင်၏ သူငယ်ချင်းအား ကတိအထပ်ထပ်ပေးကာ ကျေးဇူးစကားဆိုရင်း ဆေးထုပ်ကို ယူ၍ ဆေးဆိုင်မှ ပျော်ရွှင်စွာ ပြန်လာခဲ့ပါတော့သည်။ သူမ၏ အိမ်အပြန်လမ်းတွင်တော့ ယောက္ခမမရှိတော့သည့် အိမ်ကလေးတွင် သူမနှင့် သူမယောက်ျားတို့ နှစ်ယောက်တည်း ပျော်ရွှင်ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ နေခွင့်ရတော့မည့်အရေးကို  စိတ်ကူးလေး ယဉ်ကာ သီချင်းလေး တညည်းညည်းဖြင့် လိပ်ပြာလေးတစ်ကောင်ပမာ သူမစိတ်တွေ ၀ဲပျံမြူးတူးနေကာ ခြေလှမ်းတွေ သွက်လက်နေတော့သည်။

ထိုနေ့မှ စကာ လီလီသည် ယောက္ခမအား လုပ်ကြံရန် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလေတော့သည်။  ယောက္ခမအတွက် ထမင်းဟင်းကိုလည်း သူမကိုယ်တိုင် ပြင်ဆင် ခူးခပ်ကာ ယူလာသော အဆိပ်ဆေးကို နည်းနည်းချင်း ဟင်းထဲထည့်ကာ  ကျွေးမွေးလေသည်။ ယောက္ခမဖြစ်သူအားလည်း ယခင်ကနှင့်မတူ ချိုသာသိမ်မွေ့စွာ ဆက်ဆံသလို၊ ယောက္ခမက ဆူပူလျှင်လည်း သူမ၏ဒေါသတို့ကို မြိုသိပ်ကာ ဘာမှ ပြန်မပြောဖြစ်အောင် ကြိုးစားထိန်းချုပ်လေသည်။ လီလီက သည်းခံလိုက်သဖြင့် အိမ်တွင် ယခင်က အမြဲဖြစ်နေကျ ချွေးမနှင့် ယောက္ခမ ရန်ပွဲမှာ ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားကာ အခြေအနေများ ပြောင်းလဲ လာရလေတော့သည်။ ထိုသို့ ပြောင်းလဲလာသော အခြေအနေကို သူမ ယောက္ခမနှင့် ယောက်ျားဖြစ်သူတို့က အံ့အားသင့်နေကြသလို ဘာမှမသိရှာသော ယောက်ျားဖြစ်သူကတော့ ပျော်ရွှင် စိတ်ချမ်းသာနေခဲ့လေသည်။

လီလီသည် ယောက္ခမအား အဆိပ်ခတ်ထားသော ဟင်းခွက်များကို တစ်ရက်ပြီးတစ်ရက် ကျွေးမွေးကာ အခြေအနေကို စောင့်ကြည့်နေခဲ့သလို  ယောက္ခမ ဖြစ်သူမှာလည်း သူ့အပေါ်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံကာ ဂရုတစိုက် ကျွေးမွေးပြုစုပြီး၊ သူ့ စကားလည်း နားထောင်လာသော ချွေးမဖြစ်သူအပေါ် တဖြေးဖြေး သဘောထား ပြောင်းလဲကာ ပြန်လည် နွေးထွေးစွာ ဆက်ဆံလာလေသည်။ အလွန် ဒေါသကြီးသော လီလီမှာ သူမ၏ ဒေါသများကိုလည်း ထိန်းချုပ်လာနိုင်စွမ်း ရှိလာကာ၊ ယောက္ခမအပေါ် သည်းခံစိတ်များ မှာလည်း ယခင်ကထက် ပိုမို ထားရှိလာနိုင်သည်ကို တွေ့ရလေသည်။ သူမအပေါ် ပြောင်းလဲဆက်ဆံလာသော ယောက္ခမအားလည်း ရင်ထဲက လေးနက်စွာ ပြန်လည် ချစ်ခင်စိတ်များ ဖြစ်ပေါ်လာရလေတော့သည်။

ရက်ကိုလစား၍ အချိန် အနည်းငယ် ကြာပြီးနောက်တွင်တော့ လီလီ့ယောက္ခမကြီးသည် အိမ်အလည်လာသော သူမ၏ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများအား လီလီသည် အလွန် ကြင်နာပြီး သဘောကောင်းသော ချွေးမဖြစ်၍ သူမကို မိခင်သဖွယ်ပြုစုသူ ဖြစ်ကြောင်း၊  ချွေးမပင် ဖြစ်သော်လည်း သမီးရင်းကဲ့သို့ပင် အားကိုးရကြောင်း၊ သူမကလည်း လီလီကို သမီးတစ်ယောက်လို ချစ်ခင်ကြောင်း စသဖြင့် လီလီ ကောင်းကြောင်း များကို အမြဲတမ်း ပြောလေ့ ရှိလာသည်။ လီလီကိုယ်တိုင်မှာလည်း ယောက္ခမအပေါ်တွင် အကောင်းမြင်လာကာ စိတ်ရင်းအတိုင်း စိတ်ပါလက်ပါ ကျွေးမွေးပြုစုလာသလို မိခင်ရင်းကဲ့သို့ သံယောဇဉ်လဲ ဖြစ်မိလေတော့သည်။ လီလီတို့အိမ်သည် တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသကဲ့သို့ မေတ္တာတရား အပြန်အလှန် သက်ရောက်ရင်း ပျော်ရွှင်သာယာ ချမ်းမြေ့သော မိသားစုလေးတစ်ခု ဖြစ်နေခဲ့လေပြီ။

ထိုချိန်တွင် လီလီသည် စိုးရိမ်တကြီး ဖြစ်လာရသည်က သူမ နေ့စဉ်တိုက်ကျွေးခဲ့သော အဆိပ်ဆေးမြစ်များကြောင့် သူယောက္ခမ တစ်ခုခုဖြစ်မှာကို ပူပင်လာမိတော့သည်။ ထို့ကြောင့် ဆေးမြစ်များ ပေးလိုက်သော သူမ ဖခင်၏ သူငယ်ချင်းထံသို့ အပြေးအလွှား သွားရောက်ကာ “ဦးလေး ကယ်ပါဦး  ဦးလေးရယ်။ ဦးလေးပေးလိုက်တဲ့ ဆေးရဲ့ အဆိပ်တွေ ကျွန်မ ယောက္ခမကို ကျွေးလာတာ ကြာပြီ။ ကျွန်မယောက္ခမတော့ မကြာခင် သေတော့မယ် ထင်ပါတယ်။ အခု ကျွန်မအပေါ် သူ စိတ်သဘောထား ပြောင်းလဲလာပြီ။ ကျွန်မကိုလဲ သူ့သမီးအရင်းလို ချစ်ပြီး ကျွန်မကလည်း အမေအရင်း တစ်ယောက်လို သံယောဇဉ် ဖြစ်နေမိပါပြီ။ ဒါကြောင့် သူ့ကို မသေစေချင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်မကျွေးလာတဲ့ အဆိပ်တွေက အတော်များနေပြီထင်တယ်.. ဘယ်လိုလုပ်ရမလဲ ဦးလေးရယ်.. ကယ်ပါဦးနော် ” ဟူ၍ စိုးရိမ်ပူပန်စွာနှင့် ပြောမိပါတော့သည်။

ထိုအခါ ဆေးဆိုင်ပိုင်ရှင်က နှစ်ခြိုက်စွာ ပြုံးလိုက်ပြီးနောက် “ သမီး လီလီ ဘာမှ စိတ်မပူပါနဲ့။ ဦးလေးက သမီးကို အဆိပ်ဆေး ပေးလိုက်တာ မဟုတ်ပါဘူးကွယ်။ အဲဒီဆေးဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အားဆေး သက်သက်ပါ။ တကယ်တမ်းတော့ အဆိပ်ဆိုတာ သမီးရဲ့ ကိုယ်ထဲက ယောက္ခမကို မုန်းတဲ့အမုန်းတွေပါ။ ခုတော့ သမီး ရင်ထဲမှာ  အမုန်းတွေလဲ မရှိတော့တဲ့အတွက် အမုန်းတွေအစား အချစ်တွေ ၀င်ရောက်လာခဲ့ပြီ မဟုတ်လား။ အရင်ကတည်းက ယောက္ခမအပေါ်ထားတဲ့ သမီးရင်ထဲက  အဆိပ် ဆိုတဲ့ အမုန်းတွေကို ဖယ်ထုတ်ပါလို့ ဦးလေးက  ပြောလိုက်ရင် သမီး လွယ်လွယ်ကူကူ ဖယ်ထုတ်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိလို့ ဆေးတွေကို အဆိပ်ပါလို့ ပြောပြီး သမီးစိတ်တွေ သူ့အပေါ် တဖြေးဖြေး ပြောင်းလဲနိုင်မဲ့ နည်းကို သုံးလိုက်ရတာပါ။ ဆေးအတွက် သမီး ဘာမှ စိတ်ပူပန်နေစရာ မလိုပါဘူး။ အန္တရာယ်လဲ မဖြစ်နိုင်ပါဘူး။ ကဲ ခုချိန်က စပြီး သမီး ရင်ထဲမှာ အဆိပ်ဆိုတဲ့ အမုန်းတွေ မရှိတော့တာမို့ သမီးတို့ မိသားစု အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်း သာသာနဲ့ နေနိုင်ပါပြီကွယ်” ဟု ပြန်ပြောလိုက်ပါတော့သည်။


~~~~~~~~~@@@~~~~~~~~~


ထိုပုံပြင်လေးအတွက်တော့ လူတိုင်းကြားဖူးနေကျ ဆိုရိုးဟောင်းလေးတစ်ခုကိုသာ ဆိုချင်ပါသည်။ “မေတ္တာဟူသည် အလျားအနံမရှိသော်လည်း အသွားအပြန် ရှိစမြဲဖြစ်သည်” သင်မုန်းနေသော လူတစ်ယောက်အား အမုန်းတရားဖြင့် မကြည့်ဘဲ ချစ်ခင်သော မျက်စိဖြင့် ကြည့်နိုင်အောင် ကြိုးစားမည်ဆိုပါက သင့်ရင်ထဲက အမုန်းဆိပ်များ လွင့်ပြယ်သွားမည် ဖြစ်လေသည်။


Li Li and her Mother- in- law ( Unknown Author) ကို ဘာသာပြန်ရေးဖွဲ့ပါသည်။ ဖတ်ဖူးပြီးသား ဖြစ်ခဲ့ပါက တိုက်ဆိုင်မှုအတွက် ခွင့်လွှတ်ပေးပါရန် ပန်ကြားပါသည်။

သွေးချောင်းစီးတဲ့ မြစ်



 သွေးချောင်းစီးတဲ့မြစ်


သွေးချောင်းစီးနေတဲ့ မြစ်ကို တွေ့ရှိတဲ့နေရာက Bonney ရေကန်ထဲကိုစီးဝင်တဲ့ Taylor ရေခဲမြစ်ရဲ့ အစွန်း အက်ကွဲကြောင်းကနေ စီးကျနေတာ ဖြစ်ပါတယ်။ အဲဒီနေရာတစ်ခုလုံးဟာ ရေခဲတွေ ဖုံးလွှမ်းထားပြီး သက်ရှိလူသားများလည်း အခြေချ နေထိုင်ခြင်း မရှိတဲ့ အန္တာတိက ရေခဲပြင်အရပ် ဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင်တွေဟာ ၁၉၁၁ခုနှစ်မှာ ၄င်း သွေးမြစ်ကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး စစချင်းမှာတော့ Algae တွေကြောင့် စီးကျလာတဲ့ မြစ်ရေဟာ နီရဲနေတယ်လို့ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း ထပ်မံ လေ့လာတွေ့ရှိချက်များအရ ရဲရဲနီနေတဲ့ သွေးရောင်လို အရည်များဟာ သံအောက်ဆိုဒ် ဓာတ်ပေါင်းများပါဝင်တဲ့ ရေတွေဖြစ်ပြီး ရေခဲပြင်အောက် ပေ ၁၃၀၀ အနက်က ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

အဲဒီဒေသမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁.၅ မှ ၄သန်းခန့် လောက်ကတည်းက ပင်လယ်သမုဒ္ဒရာအောက် ရောက်ခဲ့စဉ်က အချို့သော ပင်လယ်ရေငံတွေဟာ ရေအိုင်အဖြစ် ကျန်ရှိခဲ့ပြီး နှစ်သန်းများစွာ ကြာတဲ့အခါ ရေခဲပြင်တွေရဲ့ အောက်ခြေမှာ ပိတ်မိနေခဲ့ကြပါတယ်။ ၄င်း ပိတ်လှောင်ခံနေရတဲ့ ရေငံထဲမှာ  သက်ရှင်နေထိုင် ကျက်စားတဲ့  သက်ရှိ ဇီဝလေးတွေဟာ အေးခဲပြီး ပိတ်မှောင်မွန်းကြပ်ကာ အောက်ဆီဂျင်ရယ်လို့ မရှိသလောက် နည်းပါးကာ အသက်ရှင်သန်ဖို့ ခက်ခဲတဲ့ အခြေအနေမှာဘဲ ဆာလ်ဖာနဲ့ သံဓာတ်တွေ ကြားမှာ အသက်ရှင်အောင် ကြိုးစားနေထိုင်ခဲ့ကြဟန် တူပါတယ်။ အဲဒီ သက်ရှိဇီဝလေးနဲ့ အလွန်ပေါကြွယ်ဝတဲ့ သံဓာတ်တွေကြောင့် ရေခဲပြင်အောက်ကနေ ထွက်လာတဲ့ ရေဟာ အနီရောင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ကြပါတယ်။




Image Hosted by PicturePush - Photo Sharing

 ဒီသွေးမြစ်ကြီးကို တွေ့ရတာကြောင့်ဘဲ ပညာရှင်တွေ ထပ်မံ စဉ်းစားကြတာက အသက်ရှင်သန်ဖို့ အလွန်ဆိုးဝါး ခက်ခဲလွန်းတဲ့ အစွန်းရောက် အခြေအနေမျိုးမှာတောင် သက်ရှိလေးတွေဟာ ရှင်သန်နိုင်တယ်ဆိုခဲ့ရင် အေးခဲမဲမှောင်နေတဲ့ အခြားဂြိုလ်တွေမှာလည်း သက်ရှိတွေ ရှိကောင်းရှိနိုင်တယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်သို့ပင် ဆိုစေ အန္တာတိကတိုက်ရဲ့ ရေခဲသောအရပ် ရေခဲမြစ်အောက်ခြေကနေ ထွက်ပေါ်နေတဲ့ သွေးချောင်းစီး မြစ်ကြီးကတော့ မြင်တွေ့ချက်အရရော သိပ္ပံပညာအရလည်း ထူးဆန်းအံ့သြဖွယ်တစ်ခု ဖြစ်နေခဲ့တာ သေချာပါတယ်။


Image of Blood Falls located in Taylor Glacier, Antarctica | Blood Falls pouring into Lake Bonney. A tent can be seen in the lower left for size comparison. Photo from the United States Antarctic Program Photo Library.

ဒီသွေးမြစ်ကြီးအကြောင်း ဖတ်မိတော့မှ ကျွန်မတို့ကချင်ပြည်နယ်မှာ ကျောက်တောင်နံရံအချို့ကနေ အဲဒီလို နီရဲပြီး စေးပျစ်ပျစ်အရည်များ စီးကျနေတတ်တာ တွေ့ခဲ့ရဖူးတာကို သတိရမိပါသေးတယ်။ အဲဒီ စေးပျစ်နေတဲ့ အရည်ဟာ ကျောက်တောင်ကြားထဲကနေ စီးကျလာတာမို့ ကျောက်သွေးလို့ ခေါ်ကြပြီး နီညိုရောင် အခဲလေးအဖြစ် ရောင်းချတာကို တွေ့ရပါတယ်။ အခြားသော ပြည်နယ်အချို့ရဲ့ ကျောက်တောင်များမှာလည်း ၄င်း ကျောက်သွေးကို တွေ့ရှိရတတ်တယ်လို့ သိရပါတယ်။ 

၎င်း ကျောက်သွေးရဲ့ ထူးခြားချက်မှာ သွေးကဲ့သို့ အညှီနံ့ ရှိပါတယ်။  ကျောက်သွေးအခဲကို ရေခွက်ထဲ စိမ်လိုက်ပါက ရေခွက်ထဲရှိ ရေမှာ သွေးရောင်ကဲ့သို့ နီရဲသွားတတ်ပါတယ်။ ကျောက်သွေးကို ဆေးဘက်ဝင်သည်ဟု ဆိုကာ  အားဆေးအဖြစ် လည်းကောင်း၊ တိုင်းရင်းဆေးများတွင် သော်လည်းကောင်း ထည့်သွင်း ဖော်စပ်ကြပါတယ်။  ကျောက်သွေးခဲပုံတော့ မရှိလို့ မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ။ ဒါကြောင့် အပေါ်က ရေခဲမြစ်အောက်ခြေက ထွက်ပေါ်လာတဲ့ သွေးမြစ်ဟာ ကျောက်သွေးနဲ့ သဘောတရား သဘာဝချင်းများ တူနေမလားလို့ သတိတရနဲ့ စဉ်းစားမိတာ ဖြစ်ပါတယ်။ တစ်ခါတစ်ခါမှာတော့ လောကကြီးရဲ့သဘာဝတရားဟာ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

~~~~~~~~~~~~~~~@@@~~~~~~~~~~~~~~~~


စူးစမ်းလေ့လာမှုသည် အဆုံးမရှိသော မြစ်တစ်စင်းနှင့် တူသည်။



Ref: Antarctica’s “Blood Falls” ( discovermagazine.com )

မှတ်ဖွယ်မှတ်ရာ..

ကျွန်မတို့တွေ ချက်ပြုတ်ရာမှာ သော်လည်းကောင်း၊ ပတ်ဝန်းကျင်တွေမှာသော်လည်းကောင်း တွေ့ရတတ်တဲ့ စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေကို ဖြေရှင်းဖို့အတွက် အောက်ပါ အချက်တွေကို သိထားမယ်ဆိုရင် တစ်နည်းတစ်ဖုံအားဖြင့်တော့ အထောက်အကူ ဖြစ်မယ် ထင်ပါတယ်။

၁. ပုရွက်ဆိတ်


Useful and Handy Info You Must Know

ပုရွက်ဆိတ်တွေဟာ သခွားသီးကို အလွန်မုန်းပါတယ်.. ဒါကြောင့် သင့် အိမ် (သို့မဟုတ်) သင်နေထိုင်ရာ နေရာအနီးမှာ ပုရွက်ဆိတ်များ များပြားနေတယ်ဆိုလို့ရှိရင် သခွားသီးကို အခွံခွာပြီး ၄င်းအခွံကို ပုရွက်ဆိတ် လာရာလမ်း၊ ပုရွက်ဆိတ်တွင်းဝ တို့မှာ ချထားလိုက်မယ်ဆိုရင် ပုရွက်ဆိတ်ရန်က ကင်းဝေမယ်ဖြစ်ပါတယ်။

၂. ရေခဲသန့်သန့်

မိမိအိမ်က ရေခဲသေတ္တာထဲမှာ ရေခဲသန့်သန့်လိုချင်ရင် ရေကို ကျိုချက်ပြီးမှ ခဲပါ။

၃.တောက်ပြောင်တဲ့ မှန်များ

                    Useful and Handy Info You Must Know
မိမိအိမ်ရှိ မှန်ပြူတင်း၊ မှန်တင်ခုံ၊ ပြူတင်းပေါက်၊ ကားမှန် စတာတွေကို တောက်ပ ပြောင်လက်စေချင်တယ်ဆိုရင် အရက်ပြန်ကို အသုံးပြုကာသန့်စင်ပေးနိုင်ပါတယ်။

၎.အင်္ကျီမှာ ကပ်တဲ့ ပီကေ

Useful and Handy Info You Must Know

မိမိအိမ်ရှိ ကလေးများရဲ့ အ၀တ်အစား၊ လူကြီးများ၏ အ၀တ်များကို မတော်တဆ ပီကေများ(ချွင်းဂမ်းများ) ကပ်ပေလာပါက လျှော်ဖွပ်ရ မရဘဲ အလွန်အခက်အခဲဖြစ်ရတတ်ပါတယ်။ ၄င်းကို ဖြေရှင်းဖို့ဆိုရင် ရေခဲသေတ္တာထဲမှာ ၄င်းပီကေကပ်သောအ၀တ်ကို တစ်နာရီခန့်ထားပြီးလျှင် ဆွဲခွာလိုက်ပါက အလွယ်တကူ ကျွတ်ပါလာပါလိမ့်မယ်။

၅. အ၀တ်ဖြူများကို ဖြူဖွေးတောက်ပြောင်စေဖို့

Useful and Handy Info You Must Know

အဖြူရောင် အ၀တ်များကို လျှော်ဖွတ်တဲ့အခါမှာ ပုံမှန်အတိုင်းလျှော်ရင် ဖြူဖွေးတောက်ပြောင်ဖို့ ခက်ပေမဲ့ ရေခပ်နွေးနွေးထဲမှာ အ၀တ်ကိုစိမ်ထားပြီး သံပုရာသီးခပ်ပါးပါး တစ်ချပ် ကို ထည့်ကာ ၁၀မိနစ်ခန့် ထားပြီး လျှော်ဖွပ်ပါက အ၀တ်များ ပိုမိုဖြူစင်စေနိုင်ပါသည်။

၆. တောက်ပတဲ့ ဆံကေသာ



သင်ရဲ့ ဆံကေသာတွေကို အရောင်တောက်ပစေဖို့ ခေါင်းမလျှော်ခင် ဗနီဂါအရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ဆံပင်ပေါ်မှာ လိမ်းပေးပြီးမှ ခေါင်းလျှော်သင့်ပါတယ်။

၇.သံပုရာသီး၊ ရှောက်သီး အရည် များများထွက်ဖို့

 
ဟင်းထဲထည့်ရာတွင်လည်းကောင်း၊ သံပုရာရည်ဖျော်ရာတွင်လည်းကောင်း သံပုရာသီး၊ ရှောက်သီးများ အရည်များများ ထွက်စေလိုလျှင် ရေနွေးထဲတွင် သံပုရာသီးကို တစ်နာရီခန့် စိမ်ပြီးမှ အရည်ညှစ်ပါက အရည်များ အလွန်ထွက်ပါတယ်။

၈. ဂေါ်ဖီထုပ် အနံပျောက်ဖို့
Useful and Handy Info You Must Know

ဟင်းချက်တဲ့အခါ ဂေါ်ဖီထုပ်မှာ အနံ့ရှိတတ်လို့ ပေါင်မုန့် တစ်ဖဲ့လောက် ဟင်းထဲကို ထည့်လိုက်မယ်ဆို အနံ့ကင်းဝေး ပါပြီ။

၉.လက်မှာ ငါးနံ့မနံဖို့
Image Hosted by PicturePush - Photo Sharing


ငါးဟင်းတော့ ချက်ချင်ပါတယ်.. လက်ညှီလို့ မကိုင်ချင်သူများအတွက် ငါးကိုင်ပြီးရင် လက်ကို ပန်းသီး ဗနီဂါနဲ့ ဆေးလိုက်ရင် အနံ့ပျောက်ပါတယ်။

၁၀.ကြက်သွန်လှီးရင် မြမျက်ရည် မြေမခဖို့

Useful and Handy Info You Must Know

ဟင်းချက်ရင်း ကြက်သွန်နီများများစားစား လှီးရတဲ့အခါ ကြက်သွန်ခိုးတွေကြောင့် အလွမ်း မျက်ရည်တွေ ကြွေရတတ်ပါတယ်.. ဒီလိုအဖြစ်မျိုးက ကင်းဝေးဖို့ ကြက်သွန်ခွာနေတုန်း ပီကေစားပါလို့ ဆိုပါတယ်။

၁၁. အာလူးပြုတ်ရင် မြန်မြန်ကျက်ဖို့

Useful and Handy Info You Must Know
အာလူးပြုတ်တဲ့အခါ အချိန်တိုတိုအတွင်း ကျက်စေလိုတယ် ဆိုရင်ဖြင့် အာလူးတစ်လုံးကို ယူပြီး အခွံတစ်ခြမ်းထဲ နွာပြီး ပြုတ်အိုးထဲကို အခြားအာလူးများနဲ့ အတူထည့်ပြုတ်ပါ။

၁၂. ကြက်ဥအမြန်ကျက်ဖို့


ကြက်ဥပြုတ်တဲ့အခါ အမြန်ကျက်အောင် ဆားထည့်ပြုတ်ရတယ်လို့ သိရပါတယ်.

၁၃. အ၀တ်အစားတွေမှာ မှင်ပေစွန်းခဲ့ရင်

Useful and Handy Info You Must Know

သင့်အ၀တ်တွေမှာ မှင်စွန်းသွားခဲ့ရင် သွားတိုက်ဆေးကို မှင်ကွက်ရာပေါ် နှံ့အောင် သုတ်လိမ်းပြီး လုံးဝ ခြောက်သည်ထိ အခြောက်ခံထားပြီး လျှော်ဖွတ်လိုက်တဲ့အခါ မှင်စွန်းရာများ ပျောက်ကွယ်သွားနိုင်ပါတယ်။

၁၄.  ကန်ဇွန်းဥ ပြုတ်

Useful and Handy Info You Must Know
 ကန်ဇွန်းဥပြုတ်ကို အခွံနွာလို့ လွယ်အောင် ပြုတ်ပြီးချင်းချင်း ရေအေးထဲ စိမ်ထားလိုက်ရင် အခွံခွာလို့ လွယ်ကူစေပါတယ်။

၁၅. ကြွက်ပြေးအောင်

gay-mice.jpg 
သင့်အိမ်မှာ ကြွက်တွေ သောင်းကျန်းနေတယ်ဆိုပါက ငရုပ်ကောင်းမှုန့်ကို ဖြန်းပက်ထားလိုက်ပါက ကြွက်များ ထွက်ပြေးသွားမှာဖြစ်ပါတယ်။

၁၆. ပိုးဟပ်ရန်က ကာကွယ်ဖို့

American Roach













ပိုးဟပ်တွေပြေးဖို့ တမာဆီ အနည်းငယ် နဲ့ ရေတစ်ခွက်လောက်ကို ရောပြီး အနံ့မရှိတဲ့ ဆပ်ပြာရည် အနည်းငယ်တို့ကို ရေစပ်၍ ပိုးဟပ်လာတတ်သော နေရာများတွင် ပက်ဖြန်ထားထားပါ။ အနံ့အနည်းငယ် ရှိသော်လည်း ပိုးဟပ်များ ထွက်ပြေးရန် အကောင်းဆုံးနည်းဟု သိရပါတယ်။ တမာဆီကို ဆေးဆိုင်တွေမှာ (Neem Oil) ဟု မေးဝယ်နိုင်ပါသည်။
နောက်တစ်နည်းမှာ စားဆော်ဒါ ( baking soda ) နှင့် သကြားအမှုန့်ကို ရောစပ်ကာ ပိုးဟပ် လာရာလမ်းတွေမှာ ပက်ဖြန်းထားပါက ပိုးဟပ်များ မလာတော့ဟု သိရပါတယ်။

ပိုးဟပ်တွေရန်က ဝေးအောင် ဘယ်လိုလုပ်ရမလဲလို့ ကော်မန့်မှာ မေးထားသူများအတွက် ထပ်မံဖြည့်စွက်ပေးတာပါ။

ကျွန်မဖတ်မိတဲ့ အချက်အလက်များကို အသုံးလိုသူများ ရှိခဲ့ရင် အသုံးတည့်ကောင်း တည့်နိုင်ဖို့ အင်တာနက်မှ ရှာဖွေ ဘာသာပြန်ကာ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်.. စာဖတ်သူများနဲ့ ချစ်စွာသော ဘလောဂ့်ရေးဖော် မိတ်ဆွေများလည်း အထက်ပါ အချက်တွေမှာ မပါဝင်သေးတဲ့ မိမိသိထားသော အသုံးဝင် အချက်အလက်များ ရှိခဲ့ရင် အားလုံးလည်း သိရအောင် ကော်မန့်မှာ ပြန်လည် ဝေမျှပေးသွားဖို့ တောင်းဆိုချင်ပါတယ်။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။


Source : Funzug.com