စိတ်ရဲ့ ပြူတင်းပေါက်



အိမ်ထောင်ကျကာစ လင်မယားအသစ်ကလေး တစ်စုံဟာ  နေရာသစ်က တိုက်ခန်းအသစ်လေး တစ်ခုကို ပြောင်းရွေ့လာကြပါတယ်။ သူတို့နေရတဲ့တိုက်ခန်းအသစ်ဟာ ပြင်ပ ၀န်းကျင်ကို ကောင်းကောင်း ကြည့်မြင်နိုင်တဲ့  မှန်ပြူတင်းပေါက်တွေ ရှိနေခဲ့ပါတယ်။



နောက်တစ်နေ့မနက် သူတို့နှစ်ယောက် မနက်စာ စားနေချိန်မှာ ထမင်းစားခန်းရဲ့ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ တစ်ဖက် အိမ်က ခြံဝင်းထဲမှာ အ၀တ်တွေ အများကြီးကို လျှော်ဖွတ်ပြီး လှမ်းထားတာ တွေ့လိုက်ရပါတယ်။

အဲဒီအ၀တ်တွေကိုကြည့်ပြီး အမျိုးသမီးလေးက “အ၀တ်တွေကြည့်ရတာ စင်တဲ့ပုံလည်းမရဘူး။ အဲဒီအ၀တ်တွေကို လျှော်တဲ့ မိန်းမဟာ အ၀တ်လည်း ကောင်းကောင်း မလျှော်တတ်ဘူးထင်တယ်။ ဒါမှမဟုတ် သူတို့သုံးတဲ့ ဆပ်ပြာမကောင်းလို့လား မသိဘူး” ဆိုတဲ့ မှတ်ချက် ချပါတယ်။
Image Hosted by PicturePush - Photo Sharing


တစ်ဖက် အိမ်ကလည်း နေ့စဉ်နေ့တိုင်း အ၀တ်တွေ အများကြီးကို လျှော်ဖွတ်ပြီး လှမ်းထားသလို မိန်းခလေးဟာလည်း  အဲဒီပြူတင်းပေါက်ကနေ ကြည့်မိတိုင်း သူတို့လျှော်တဲ့ အ၀တ်တွေ မစင်တဲ့အကြောင်း၊ အ၀တ် မလျှော်တတ်ကြောင်း၊ ဆပ်ပြာမကောင်းကြောင်း စတဲ့မှတ်ချက်တွေကို ချတတ်ပါတယ်။
နောက်တစ်နေ့ မနက်စားစားချိန်မှာတော့ ထုံးစံအတိုင်း မိန်းခလေးဟာ တစ်ဖက် ခြံဝင်းထဲကို ကြည့်လိုက်ပြန်ပါတယ်။

Image Hosted by PicturePush - Photo Sharing

“ဟယ်..  ကိုယ်ရေ ဒီနေ့တော့ ထူးထူးခြားခြားတော်..  ဟိုဖက်တိုက်ခန်းက အ၀တ်တွေ လျှော်ထားတာ ပြောင်စင်နေပါလား။ ဆပ်ပြာကောင်းကောင်းသုံးပြီထင်တယ်.. ကိုယ်ရော မြင်ရလား အ၀တ်တွေ ပြောင်အောင် လျှော်ထားတာကိုလေ..” လို့ အံ့သြတကြီး ပြောလိုက်ရင်းက  သူ့ အမျိုးသားကို လှမ်းမေးလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီတော့ မိန်းခလေးရဲ့ အမျိုးသားက “ အော်.. အဲဒါ ပြောဖို့ မေ့နေတာ။ ကိုယ် ဒီမနက် စောစောနိုးတာနဲ့ အိမ်ရဲ့ ပြူတင်းပေါက်မှန်တွေကို သေချာဆေးကြော သန့်စင်ထားလိုက်တယ်။ တကယ်က ဟိုဖက်အိမ်က မိန်းမ အ၀တ်လျှော်တာ မစင်လို့ မဟုတ်ပါဘူး။ ကိုယ်တို့ပြူတင်းပေါက်မှန်က ညစ်ပေနေလို့ပါ” လို့ ပြန်ပြောလိုက်ပါတယ်။


 ~~~~~~~~~~~~@@@~~~~~~~~~~~~~~~


တကယ်တော့ တစ်ဖက်သားကို ကြည့်တဲ့အခါ ကြည်ကြည်လင်လင် မြင်နိုင်ဖို့ဆိုရင် မိမိရဲ့ အတွင်းစိတ်ဖြစ်တဲ့ ပြူတင်းပေါက်လေးဟာလည်း သန့်ရှင်းကြည်လင်နေမှသာ ကြည်ကြည် လင်လင် မြင်ရမှာ ဖြစ်ပါတယ်။ မကြည်လင်နေတဲ့ စိတ်အခံနဲ့ လူတစ်ယောက်ကို ကြည့်တဲ့အခါ အမြင်မှန်ကို မြင်နိုင်ဖို့ မလွယ်ကူပါဘူး။ ကျွန်မတို့တွေ မိမိရဲ့ အတွင်းစိတ် ပြူတင်းပေါက်တွေ ညစ်နွမ်းနေတာကို သတိမထားမိဘဲ သူတစ်ပါးကို  မှတ်ချက်အမှားတွေ ကောက်ချက်အလွှဲတွေ ဘယ်နှကြိမ်များ ချနေမိခဲ့ပြီလဲ မသိနော်.. ဒါကြောင့် အရာရာကို ကြည်လင်ပီသစွာ မြင်နိုင်ဖို့ မိမိရဲ့ စိတ်ပြူတင်းပေါက်တွေကိုလည်း သန့်ရှင်းရေး လုပ်သင့်တယ်ဆိုတာကို  ကျွန်မကိုယ်တိုင်လည်း မိမိကိုယ်ကို သတိပေးတဲ့အနေနဲ့ ဒီပိုစ့်လေးကို တင်ဖြစ်ပါတယ်ရှင်။




Inspiration from; A window from open visit ( Funzug.com)
Photo from : google

မင်္ဂလာ နှစ်ဆန်းတစ်ရက်နေ့


မြတ်ရွှေတိဂုံ

ချစ်ခင်ရပါသော သူငယ်ချင်း မိတ်ဆွေများ၊ စာဖတ်သူများ အားလုံးအတွက် ကျက်သရေမင်္ဂလာနဲ့ ပြည့်ဝတဲ့ မြန်မာ့နှစ်သစ်ကူးနေ့ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေရှင်။

ဒီနေ့ဟာကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတဲ့ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်တာနဲ့အညီ မြန်မာပြည်မှာတော့ ဘုရားကျောင်းကန်သွားပြီး ကုသိုလ်ကောင်းမှု လုပ်ကြတဲ့ နေ့လည်း ဖြစ်ပါတယ်။ ငါး၊ ငှက် ၊နွား စတဲ့ သတ္တ၀ါတွေကို ဘေးမဲ့ လွတ်ကြသလို လူကြီးသူမ၊ မိဘဘိုးဘွား ဆရာသမားတို့ကိုလည်း ကန်တော့ကြတဲ့နေ့လည်း ဖြစ်ပါတယ်။

ဒီအချိန်ဆိုရင် ဘုရားကျောင်းကန် စေတီပုထိုးတွေမှာ လူတွေ ကြိတ်ကြိတ်တိုးအောင် ကုသိုလ်ဒါန လုပ်နေကြပြီ ဖြစ်ပါတယ်.. ပြည်ပရောက်နေလို့ ဘုရားကျောင်းကန် မရောက်နိုင်သူမျာ အားလုံးလည်း ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့ ဒီနှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ယူကြဖို့ ကျွန်မရိုက်ဖြစ်ခဲ့တဲ့ စေတီပုထိုးပုံများကို တင်ပေးလိုက်ပါတယ်.. ကြည်လင်ရွှင်လန်းသော စိတ်အစဉ်ဖြင့် ကြည်ညိုသဒ္ဓါ ပွားများနိုင်ကြပါစေရှင်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

ရွှေတိဂုံစေတီတော်ကို ဓာတ်ပုံရိုက်တဲ့အခါ ဘယ်နေရာကနေရိုက်ရိုက် သပ္ပါယ်ကြည်ညိုဖို့ သိပ်ကောင်းလွန်းပါတယ်။

Image Hosted by PicturePush - Photo Sharing 
ရွှေတိဂုံစေတီပေါ်မှ ကျောက်စိမ်းဆင်းတုတော်



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
ညအချိန် အဝေးက လှမ်းပြီး ဖူးတွေ့ရတဲ့ ရွှေတိဂုံစေတီတော်နဲ့ ကရ၀ိတ်


Image Hosted by PicturePush - Photo Sharing 
မန္တလေး ဘုရားကြီး

Image Hosted by PicturePush - Photo Sharing

သိပ်ဝေးလွန်းတော့ ခပ်ဝါးဝါးသာဖူးတွေ့ရတဲ့ မဟာမြတ်မုနိရုပ်ပွားတော်

Image Hosted by PicturePush - Photo Sharing 
နေပြည်တော် ဥပ္ပါတ သန္တိစေတီတော်

Image Hosted by PicturePush - Photo Sharing 
စေတီအတွင်း


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
မန္တလေးတောင်ပေါ်မှ ရုပ်ပွားတော်များ

Image Hosted by PicturePush - Photo Sharing

မန္တလေး စွယ်တော်စေတီ

Image Hosted by PicturePush - Photo Sharing 
စွယ်တော်စေတီတွင်းမှ ရုပ်ပွားတော်

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
မန္တလေး ပုလိပ်မြွေဘုရား

Image Hosted by PicturePush - Photo Sharing

အားလုံးလည်း နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။ ဘေးဘယာ ဝေးကွာပြီး ဆန္ဒများ ပြည့်ဝပါစေ။ ကုသိုလ်ကောင်းမှု ထင်တိုင်းပြုနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 





ဓာတ်ပုံများကို ဖုန်းကင်မရာဖြင့်သာ ရိုက်ထားတာ ဖြစ်တာကြောင့် အနေအထား အရောင်အဆင်း မပီမသ ဖြစ်နေပါက ခွင့်လွှတ်ကြပါရှင်။

ကျွန်မတို့ ဒေသရဲ့ ရိုးရာဓလေ့ သင်္ကြန်နေ့

မင်္ဂလာပါရှင်..

ဒီနေ့တွေမှာတော့ ကျွန်မတို့ မြန်မာပြည်မှာ သင်္ကြန်ပွဲအတွက် တစ်ပြည်လုံးက ခြိမ့်ခြိမ့်သည်းသည်း ဆင်နွဲနေကြပြီ ဖြစ်ပါတယ်။ သူ့ရပ် သူ့ဒေသအလိုက်၊ ရိုးရာ ထုံးတမ်းစဉ်လာများနဲ့  သင်္ကြန်ကို ဆင်နွဲပျော်ရွှင်ကြလေ့ ရှိပါတယ်။ သင်္ကြန်မှာ ပြုလုပ်လေ့ ရှိတဲ့ ရိုးရာ ထုံးတမ်းစဉ်လာ တစ်ရပ်အနေနဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျွန်မရဲ့ မွေးဖွားရာ ဇာတိဒေသလေးမှာ အတာသင်္ကြန် ကြိုဆိုကျင်းပကြပုံ အကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါသေးတယ်ရှင်။ ဒီအလေ့အထဟာ ကျွန်မတို့ မမွေးဖွားခင်ကတည်းက ကျင်းပခဲ့ကြသလို ယခုအချိန်ထိလည်း အစဉ်အလာမပျက် ကျင်းပနေဆဲ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

မြတ်စွာဘုရားဆင်းတုတော်အား ပင့်ဆောင်မည့် လမ်း


မဟာသင်္ကြန်အကျနေ့လို့ သတ်မှတ်ကြတဲ့ ဧပြီလ ၁၄ရက်နေ့မှာ နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန်ကျချိန်လို့ သတ်မှတ်ထားတဲ့ စံတော်ချိန် အတိအကျအတိုင်း ကျွန်မတို့ ရွာကလေးရဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဘုရားဆင်းတုတော်များကို မူလစံပယ်ရာ ကျောင်းတိုက်ကြီးမှ ရေသပ္ပါယ်ဆောင်ကို မဟာသင်္ကြန်ကာလအတွင်း ရေသပ္ပါယ်ခံဖို့ ပြင်ဆင်ကြပါတယ်။ သင်္ကြန်အကျနေ့မတိုင်မီကတည်းက ဘုရားဆင်းတုတော်ကို ပင့်ချီလာမဲ့ လမ်းတစ်လျှောက်  ရာဇမတ်ကွက်များ ကာရံပြီး ငှက်ပျောပင် ကြံပင်များစိုက်ကာ တံခွန်ကုက္ကားများနဲ့ ပြင်ဆင်ထားပါတယ်။



Image Hosted by PicturePush - Photo Sharing 
မြတ်စွာဘုရား ဆင်းတုတော်များ ရေသပ္ပါယ်ခံယူမည့်ကျောင်းဆောင်



ကျွန်မတို့ငယ်စဉ်ကတော့ အပျို လူပျိုတို့က ပန်းမျိုစုံတို့ကို တောတွင်းမှ ခူးကာ မြတ်စွာဘုရား ရုပ်ပွားတော်များ စံပယ်တော်မူမဲ့ ကျောင်းဆောင်လေးကိုလည်း လှပစွာ ပြင်ဆင်ကြပေမဲ့ ယခုခေတ်မှာတော့ တောတောင်များ ပြုန်းတီးကုန်ပြီဖြစ်၍ တောပန်းများ ရှားပါးပြီဖြစ်သောကြောင့် ယခုကဲ့သို့ ရောင်စုံ ပူပေါင်းများဖြင့်သာ ပြင်ဆင်ထားပါတယ်။ ကျောင်းဆောင်ကြမ်းပြင်ပေါ်တွင် အနေကထိုင်များ ခင်းထားကာ ပန်းပွင့်လေးများ ကြဲဖြန့်ပူဇော်ထားပါတယ်။



Image Hosted by PicturePush - Photo Sharing 
သာသနာ့အလံကိုင်


Image Hosted by PicturePush - Photo Sharing 
တံခွန်ကုက္ကားကိုင်ဆောင်သူများ

Image Hosted by PicturePush - Photo Sharing 
ဗြောအဖွဲ့

ထို့နောက် မဟာသင်္ကြန်စာတော်အရ မြန်မာတို့၏အတာသင်္ကြန်ကျချိန်ဟု သတ်မှတ်သော အချိန်ကျရောက်သည့်အခါ မြတ်စွာဘုရား ဆင်းတုတော်များအား မူလစံပ္ပါယ်ရာ ကျောင်းတိုက်ကြီးပေါ်မှ ရပ်ရွာလူကြီး၊ သာသနာ့အကျိုးတော်ဆောင် လူကြီးများက ပင့်ဆောင် လာကြပါတော့တယ်။ သာသနာ့ အလံကို ကိုင်ဆောင် ထားသူက  အရှေ့ဆုံးကနေ ဦးဆောင်လာပါပြီး နောက်မှာ တံခွန်ကုက္ကား ကိုင်ဆောင်လာသူများ ဖြစ်ပါတယ်။ ၄င်းတို့ နောက်မှာတော့ ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံများ ဆင်ယင်ကာ စည်းချက်ကျကျ တီးမှုတ်လာတဲ့ ဗြောအဖွဲ့ ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
ရုပ်ပွားတော်များအား ရေသပ္ပါယ် လောင်းလှူကြစဉ်

ထို့နောက်မှာတော့ ရုပ်ပွားတော် တစ်ဆူစီကို ပွေ့ပိုက်ထားကြတဲ့ အမျိုးသားများ ဖြစ်ကြပါတယ်။ မြတ်စွာဘုရား ရုပ်ထုတော်များကို လူတစ်ဦးကျစီ ထီးဖြူမိုးက ဘေးကနေ ခြံရံ လိုက်ပါလာကြပါတယ်။ အနောက်မှာတော့ ဓမ္မစင်္ကြာ ရွတ်ဖတ်ကြတဲ့ ယောဂီများ ဖြစ်ပါတယ်။ နောက်ဆုံးတွင်တော့ အိုးစည်ဒိုးပတ်အဖွဲ့ ဖြစ်ပါတယ်။ ရေသပ္ပါယ်ခံမဲ့ ကျောင်းဆောင်ကို မရောက်မီကတည်းက အမျိုးသမီးများက ရုပ်ပွားတော်များအား မိမိတို့အိမ်မှ ယူဆောင်လာသော ရေမွှေး ၊နံ့သာ၊ ကရမက်တို့ ပေါင်းစပ်ထားတဲ့ အမွှေးနံ့သာရေဖြင့် ဦးဦးဖျားဖျား ရေသပ္ပါယ် လောင်းလှူကြပါတယ်။ ကျွန်မတို့ ငယ်စဉ်ကတော့ ခုလို ရုပ်ပွားတော်များ ကျောင်းတိုက်ကြီးများမှ ပင့်ဆောင်ခြင်းကို “ဘုရားဆင်းသည်”  ဟု အတိုကောက် ခေါ်ဆိုကြပြီး အဓိပ္ပါယ်မှာ မြတ်စွာဘုရားရုပ်ပွားတော်များ ကျောင်းတိုက်များမှ ဆင်းကြွလာကာ ရေသပ္ပါယ်ခံသည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။ ထိုစဉ်ကတော့ ဘုရားဆင်းသည့်အချိန်တိုင်း စစ်သားများကလည်း သေနတ်ပစ်ဖောက်ကာ ကြိုဆိုခဲ့ကြပါတယ်။ ယခုတော့ ထိုဓလေ့မှာ မရှိတော့ဘဲ အိုးစည် ဒိုးပတ် ဗြောတို့ဖြင့်သာ ဘုရားကို ကြိုဆိုကြပါတော့တယ်။


ထို့နောက်တော့  ရုပ်ပွားတော်များကို ရေသပ္ပါယ်ဆောင်မှာ ယခုကဲ့သို့ နေရာချ စံပါယ်ကိန်းဝပ်တော်မူစေပါတယ်။



Image Hosted by PicturePush - Photo Sharing 

ရုပ်ပွားတော်များအားလုံး နေရာတကျဖြစ်ပြီဆိုတဲ့နောက် ခုလို အပေါ်က ရေဒလက်ကနေ ရေများပန်းထွက်လာကာ ရုပ်ပွားတော်များကို ရေသပ္ပါယ် ပူဇော်ပါတော့တယ်။


Image Hosted by PicturePush - Photo Sharing 

ဒါကတော့ ရေဒလက်ကနေ ရေတွေ ပန်းထွက်လာအောင် ဆက်သွယ်ထားတဲ့ ရေပိုက်ရဲ့ လမ်းကြောင်းပါ။ အပေါ်မှာ ရေကန်ကြီး ရှိပါတယ်။ အဲဒီရေကန်က ရေတွေရဲ့ ဖိအားကြောင့် ပိုက်ကနေ ရေတွေစီးကျလာပြီး ရေဒလက်ကို လည်ပတ်စေကာ ဖောက်ထားတဲ့ အပေါက်ငယ်လေးများကနေ ရေတွေ ပန်းထွက်လာပါတယ်။


Image Hosted by PicturePush - Photo Sharing

ထူးခြားချက်မှာ အပေါ်ရေကန်ထဲသို့ ရေတင်ရန်အတွက် ရေစုပ်စက်များ ရှိသော်လည်း ၄င်းစက်တို့ဖြင့် ရေတင်ခြင်း မပြုလုပ်ဘဲ ရပ်ရွာမှ ကုသိုလ် ယူလိုကြသော လူကြီးလူငယ်များက ခုလို ရေပုံးများ ရေထမ်းများဖြင့် ချောင်းထဲမှ ပင်ပင်ပန်းပန်း ထမ်းပိုးလာကြကာ ရေကန်ထဲသို့ ရေကို ဖြည့်တင်းကြပါတယ်။ အောက်ခြေ လှေကားရင်းထိ အမျိုးသမီးများ ရေပုံးဖြင့် ရေသယ်လာကြပြီး အမျိုးသားများ၊ ကျောင်းသားများ ၊ ကိုရင်များက ရေကန်အပေါ်ကို လက်ဆင့်ကမ်း သယ်ဆောင်ကြပါတယ်။ ညနေစောင်းပြီ ဆိုပါက ရပ်ရွာထဲမှ အမျိုးသမီးလေးများက သနပ်ခါး နံ့သာ လိမ်းကျံ၍ ၀တ်ကောင်းစားလှများဝတ်ကာ  ဘုရားသို့ ရေသပ္ပါယ်ရန် ရေပုံးများကိုယ်စီဖြင့် ရေခပ်လာကြသလို သက်ကြီးရွယ်အိုများလည်း ကုသိုလ်ယူ ရေခပ်ကြပါတယ်။ အမျိုးသား ယောက်ျားလေးများ ကလည်း အမျိုးသမီးများထံမှ ရေပုံးများကို အပေါ်သို့ လက်ဆင့်ကမ်းတင်ဆောင်ဖို့ ရောက်လာကြရင်းဖြင့် ညနေပိုင်း နေအေးချိန်မှာတော့ မေဓိကာရာမ ကျောင်းတိုက်ကြီးအတွင်းမှာ ရပ်သူရွာသားများဖြင့် စည်ကားပြည့်လျှံနေပါတော့တယ်။ အိမ်တိုင်းမှာလည်း သပြေ၊ မြေဇာ၊ ဆီးခက်၊ အုန်းလက် ၊ ဒန်းရွက် စသည့်အရွက်မျိုးစုံတို့ဖြင့် မြေအိုးလေးမှာ ရေထည့်ပြီး ပန်းများကို ထိုးစိုက်ကာ အတာအိုးအဖြစ် သင်္ကြန်ကို ကြိုဆိုကြပါတယ်။


Image Hosted by PicturePush - Photo Sharing



ရုပ်ပွားတော်များဟာ ၃ရက်တိတိ ခုလို ရေသပ္ပါယ်ခံပြီးတဲ့နောက် မဟာသင်္ကြန်အတက်နေ့ ရောက်ချိန်မှာတော့ အတာသင်္ကြန်အတက်ချိန်ဟု သတ်မှတ်ထားသည့် ချိန်ခါတွင်း အကျနေ့က ရုပ်ပွားတော်များကို ပင့်ဆောင်လာကြသည့်အတိုင်း မူလစံမြန်း ကိန်းဝပ်တော်မူရာ ကျောင်းတိုက်ကြီးသို့ ပြန်လည် ပို့ဆောင်ကြပါတော့တယ်။ သင်္ကြန် အတက်နေ့မှာ ရပ်ရွာတွင်းရှိ ၄င်းနေ့တွင်မွေးသော သူများက အတာစားကျသည်ဟုဆိုကာ မုန့်တစ်မျိုးမျိုးလုပ်ကာ ကျွေးလေ့ ရှိကြပါတယ်။ ထိုနေ့တွင် အိမ်တိုင်းက ကျွေးသော မုန့်များကို လိုက်စားရသည်မှာ စား၍ပင်မနိုင်အောင် ရှိလှသလို၊ မုန့်လည်း စားရင်း ရေလည်း ပက်ကြရင်းဖြင့် ရပ်ရွာဓလေ့ကို ပီပီပြင်ပြင် မြင်တွေ့ရပါတယ်။ သင်္ကြန်ရက်အတွင်း ကျွန်မတို့ ဒေသလေးကို ရောက်လာခဲ့ရင်ဖြင့် မုန့်လာပါဦးလို့ ဖိတ်ခေါ် လိုက်ပါတယ်ရှင်။ :)

ဘယ်သို့ပင်ဆိုစေ ကျွန်မတို့ ဒေသရဲ့ သင်္ကြန်ကာလ မြတ်စွာဘုရားရုပ်ပွားတော်များ ရေသပ္ပါယ်တဲ့ ထုံးတမ်း စဉ်လာဟာ မကြီးကျယ် မခမ်းနားသလို ၊ ထူးထူးဆန်းဆန်း မဟုတ်သော်ငြားလည်း အစဉ်အလာမပျက် ကျင်းပလေ့ရှိတာမို့ ကျွန်မအနေနဲ့တော့ ဒေသကို ချစ်ခင်စိတ်ဖြင့် နှစ်သက် သဘောကျမိပါတယ်။ ဒီဓလေ့ ထုံးစံလေးကိုလည်း စာဖတ်သူများ မတွေ့ဖူး မမြင်ဖူးခဲ့သည်ရှိသော် ဗဟုသုတအတွက် ကြည်လင်ရွှင်လန်းစွာဖြင့် မျှဝေလိုက်ခြင်းသာ ဖြစ်ပါတယ်။


အားလုံးသော စာဖတ်သူ မိတ်ဆွေများ အတာရေလို အေးချမ်းကြပါစေရှင်..


အမည်မဲ့ ပိတောက်ပန်းကလေးများ





သူမကို မွေးဖွားသည့် အချိန်က ပိတောက်ပန်းလေးများ ၀ါထိန်နေအောင် ကြိုင်သင်းစွာ လန်းရွှင်ပွင့်ဝေတတ်သော ဧပရယ်လဖြစ်သောကြောင့် သူမ နံမည်ကို ဧပရယ်ဟု ပေးခဲ့ကြသည်။ ဧပရယ်လသည် ပိတောက်တို့ ဝေနေအောင် ပွင့်သလို မြန်မာလူမျိုးတို့၏ ပျော်စရာ အကောင်းဆုံးသော အတာသင်္ကြန်ပွဲကို ဆင်ယင် ကျင်းပလေ့ရှိသော လလည်း ဖြစ်သည်။ သူမ မေမေ သက်ရှိထင်ရှား ရှိစဉ်က  တသသနှင့် အမြဲတမ်း ပြန်ပြောင်း ပြောပြတတ်သည်မှာ သူမကို မွေးသည့် အချိန်တွင် အိမ်ရှေ့ခြံထောင့်က အရွက်ဖားဖားနှင့် ထီးထီးမားမား အုပ်အုပ် ဆိုင်းဆိုင်း  ရှိနေသော ပိတောက်ပင်ကြီးမှ ပိတောက်ပန်းများသည် ပင်လုံးကျွတ်မျှ ၀င်းဝါ ပြွတ်ခဲနေအောင် ပွင့်သည်တဲ့လေ..  တစ်ခြံလုံးလည်း ပိတောက်ရနံ့က မွှေးကြိုင် ချိုမြ သင်းထုံလို့၊ ပိတောက်ပင်ကြီး ပေါ်တွင်လည်း ပျားနှင့်ပိတုန်းတို့က လှုပ်ရှားသွားလာ ပျံဝဲလျှက် မြူးတူးနေကြသည်တဲ့.. မေမေ့အပြောကို မျက်စိထဲ မြင်ယောင်ရင်း သူမမွေးသည့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် တစ်ပင်လုံးကျွတ်အောင် ပွင့်ဝေပေးသော ပိတောင်ပင်ကြီးကို သူမရင်ထဲက နှစ်နှစ်သက်သက် တွယ်တာမိသလို ပိတောက်ပန်းကလေးများကိုလည်း မြတ်မြတ်နိုးနိုး စွဲလမ်းမိလေသည်။ ပိတောက်ပန်းတို့ရဲ့ သင်းပျံ့ကြိုင်လှိုင်တဲ့ ရနံ့လေးကိုလည်း ဘာနဲ့မှ မတူအောင် ချစ်ခင်မက်မောမိသည်လေ။

သူမအရွယ်ရောက်လို့ ချစ်သူရလာသည့်အခါ သူမကို အလွန်ချစ်ခင်မြတ်နိုးသူနှင့် ဖူးစာဆုံရသည်။ သူမတို့ လက်ထပ်သည့်ရက်ကလဲ မှတ်မှတ်ရရ ဧပရယ် ၁ရက်နေ့.. ထိုနေ့က ပိတောက်ပန်းတွေ ပွင့်ဝေမနေပေမဲ့ ပိတောက်ပွင့်ချိန်ရောက်တိုင်းတော့ သူမချစ်သူက သူမနှစ်သက်သော ပိတောက်ပန်းကလေးများကို မပျက်မကွက် လက်ဆောင် ပေးလေ့ရှိတတ်သည်။ အဖိုးမတန်သော ပိတောက်ပန်းဖြစ်ပေမဲ့ သူမကတော့ အခြားသော ပန်းတွေအားလုံးထက် ပိတောက်ပန်း ကိုမှသာ မက်မောတတ်သူလေ..  ပိတောက်ပန်း ပွင့်သည့် ရက်များဆိုလျှင် သူမတို့အိမ် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ဧည့်ခန်းတွင် ထားသော ပန်းအိုးများ၊ သူမတို့ အိပ်ခန်းတွင်းရှိ အလှပန်းအိုးများ အားလုံး အားလုံးသည် ပိတောက်ပန်းများနှင့်သာ ပြည့်လျှံနေတော့သည်။

တစ်အိမ်လုံးလည်း စိတ်ကြည်နူးဖွယ် ကောင်းလောက်အောင် သင်းပျံ့ပျံ့ ပိတောက်ရနံ့တို့ကသာ မွှေးမြ ထုံရီနေပေတော့သည်။ နောက်ရက်များတွင် အပွင့်များအားလုံးလိုလို ကြွေကျကုန်ပြီး ညှိုးနွမ်းနေသော ပန်းအိုးတိုင်းကို ပန်းအသစ်များ ပြန်လဲရ၊ ပွင့်ကြွေများကို ရှင်းရလင်းရနှင့် အလုပ်များသော်လည်း တစ်နေ့တာ ရရှိလိုက်သော စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် သူမ ကျေနပ်ပါသည်။ သူမခင်ပွန်းသည်လည်း ပိတောက်ပန်းပွင့်ကြွေများဖြင့် အိမ်တစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့သော်လည်း မည်သည့်အခါမှ ငြူစူအပြစ်တင်ခြင်း မရှိခဲ့ပါ။ နှစ်စဉ်နှစ်တိုင်း ပိတောက်ပန်းလက်ဆောင် ပေးမြဲသာ ဖြစ်သည်။ သူမခင်ပွန်းသည် သူမကို အချိန်တိုင်း ချစ်ခင်မြတ်နိုးခြင်းဖြင့်သာ အလိုလိုက် အလျှော့ပေးတတ်သော အကောင်းဆုံး ဘ၀ကြင်ဖော်တစ်ဦး ဖြစ်ခဲ့လေသည်။

သူမတို့ ၂ယောက်၏ မင်္ဂလာနှစ်ပတ်လည် ၁၅နှစ်ပြည့်ကို မှတ်မှတ်ရရ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြသည်။ ဇိဝိတသံဃ ဆေးရုံတွင် အလှူငွေ ထည့်ဝင်ကြသည်။ ညဦးပိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ချို့အား သူမတို့ခြံဝင်းထဲက မြက်ခင်းပြင်ကြီးပေါ်တွင် ညစာစားပွဲလေးနှင့် ဧည့်ခံဖြစ်ခဲ့ကြသည်။ နှစ်ပတ်လည်ကျင်းပပြီး တစ်ပတ်အကြာတွင်တော့ သူမ၏ ချစ်လှစွာသော ခင်ပွန်းသည် အလုပ်တာဝန်ဖြင့် မန္တလေးမြို့သို့အသွား သူမောင်းသောကားနှင့် တစ်ဘက်က ကုန်တင်ကားကြီးတစ်စီးတို့ တိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့လေသည်။

တိုက်ဆိုင်မှုတစ်ခုက သူမခင်ပွန်း ကွယ်လွန်ပြီး တစ်လအကြာတွင် နှစ်ပေါင်းရှည်ကြာ ရှိခဲ့သော၊ နှစ်စဉ် အပွင့်တွေ၊ ရနံ့တွေဖြင့် ဝေဆာ မွှေးမြခဲ့သော  သူမတို့ အိမ်ရှေ့မှ ပိတောက်ပင်ကြီးသည် ပြင်းထန်သော လေတိုက်ခတ် မှုကြောင့်  ခါးလည်မှ ကျိုးကျသွားခဲ့သဖြင့် အမြစ်ပါတူးပစ်ကာ စွန့်ပစ်လိုက်ရလေသည်။ ထိုနေ့တွင် သူမ ခင်ပွန်းဆုံးသည့်နေ့ကလို ၀မ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့မိသေးသည်။ သူမတွင် သားတစ်ယောက် သမီးတစ်ယောက် ကျန်ရစ်ခဲ့သော်လည်း ခင်ပွန်း၏ အရိပ်အာဝါသတော့ ပျောက်ကွယ် ခဲ့လေပြီ.. သားသမီးတို့ကို လူလားမြောက်အောင် သူမတစ်ယောက်တည်း ကျွေးမွေး စောင့်ရှောက်ရင်း သူမရင်ထဲမှ အထီးကျန် ကြေကွဲစိတ်ကတော့ လျှော့ပါး သွားသည်မရှိ.. တစ်နှစ်ထက်တစ်နှစ် တိုးလို့သာ ခံစားနေမိသည်။


~~~~~~@@@~~~~~~~

ယခုအခါ သူမခင်ပွန်း ကွယ်လွန်ခဲ့သည်မှာ ၇နှစ် ပြည့် မြောက်ခဲ့လေပြီ.. အရွယ်ရောက်လာသော သူမ၏ သားနှင့်သမီးတို့သည် ပညာရေးအတွက် စင်္ကာပူတွင် ကျောင်းတက်နေကြပေပြီ။ အိမ်ကြီးတစ်ခုလုံးတွင် သူမနှင့် အိမ်ဖော် မိန်းခလေး ၂ယောက်တို့သာ ရှိနေပြီး သူမအတွက်တော့ အိမ်သည် တိတ်ဆိတ် ငြိမ်သက်နေသော ငြီးငွေ့ဖွယ်ရာ နေရာတစ်ခုလို့သာ စိတ်ထဲထင်မြင်မိနေတော့သည်။ စီးပွားရေးကိစ္စများတွင်သာ စိတ်ကို နှစ်ထားပြီး တစ်ခါတစ်ရံ သားသမီးများထံ သွားရောက်ခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးများထံ အချိန်ပေး၍ အလည်အပတ် ခေတ္တသွားခြင်းဖြင့်သာ အထီးကျန်ငြီးငွေ့မှုကို ဖြေဖျောက်နေရလေသည်။ အိမ်တွင်နေရချိန်သည် ပျင်းရိ တိတ်ဆိတ်စွာနှင့် ခြောက်ခြားစရာ ကောင်းလောက်အောင် အထီးကျန်လွန်း လှသည်ဟုသာ သူမ  ခံစားရလေသည်။

ဧပရယ်လ၏ တစ်ခုသော ရက်တစ်ရက်တွင် ကားကို သူမကိုယ်တိုင်မောင်းရင်း မိတ်ဆွေတစ်ဦးအိမ်သို့ ကိစ္စတစ်ခုဖြင့် သွားရောက်ပြီးအပြန်တွင် တစ်မြို့လုံး ၀င်းဝါနေသော ပိတောက်ပန်းများ  မြို့နေရာအနှံ့ ပွင့်ဝေနေတာကို သူမတွေ့ခဲ့လေသည်။ သူမအိမ်တွင် ပိတောက်ပန်းဖြင့် မဝေဆာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ အိမ်အပြန်လမ်းတွင် ကားမှန်ကိုချ၊ အဲကွန်းကို ပိတ်ပြီး သင်းပျံ့ကြိုင်လှိုင်နေသော ပန်းရနံ့ကို ခံစားရှုရှိုက်ရင်း ကားကို ဖြေးညှင်းစွာ မောင်းလာခဲ့မိသည်။ အချို့နေရာများ၏ ကားလမ်းမပေါ်တွင် ပိတောက်ပွင့်ကြွေတို့က ဖွေးဖွေးလှုပ်နေခဲ့သည်။ သူမခင်ပွန်း ဆုံးပြီးချိန်ကတည်းက ပိတောက်ပန်းကို လက်ဆောင် ပေးမည့်သူ မရှိတော့သလို၊ အိမ်တွင်လည်း  ပိတောက်ပင်အိုကြီး လှဲပြိုကျပြီးချိန်မှစ၍  ပိတောက်ပန်းနှင့် ဝေးကွာခဲ့ရသည်။ သူမ၏ သားနှင့် သမီးတို့ကလည်း ပိတောက်ပန်းကိုမြင်လျှင် ဖခင်ကို သတိရမည် စိုး၍လား မသိ။ မည်သည့်ခါမှ  သူမအတွက် သတိတရနှင့် ယူလာပေးတတ်သည် မရှိခဲ့ပါ။ လမ်းတွင် City Mark ၀င်ပြီး အိမ်အတွက် လိုအပ်တာများ ၀ယ်ယူကာ၊ YKKO တွင် ကြေးအိုးဝင်သောက်ဖို့ စိတ်ကူးရှိသော်လည်း တစ်ယောက်တည်း စားသောက်ရမည့် အထီးကျန်မှုမျိုးကို  သည်းမခံနိုင်သောကြောင့် ဆိုင်ရှေ့တွင် ကားရပ်ပြီးကာမှ ပြန်မောင်း ထွက်လာခဲ့တော့သည်။ 

ဦးတည်ချက်မရှိ ကားကို မောင်းနှင်လာရင်း သွားစရာ နေရာ မရှိသူတစ်ယောက်၏ ခံစားချက်များဖြင့် သူမရင်ထဲ မွန်းကြပ်လို့ နေမိသည်။ အိမ်ကို ပြန်လျှင်လည်း နွေးနွေးထွေးထွေး ကြိုဆိုမည့်သူမရှိ၊ တီတီတာတာ ပြောဆိုမည့် သားသမီးများကလည်း အဝေးမှာ.။ အိမ်ဆိုသည်မှာလည်း မိသားစု စုံစုံလင်လင် စုစုစည်းစည်းနှင့် ပျော်ရွှင် ကြည်နူးဖွယ် အကြင်နာတရားတို့ လွှမ်းခြုံထားသည့် နေရာဖြစ်မှသာ နေပျော်သည် မဟုတ်ပါလားလေ။ ခြောက်ကပ် တိတ်ဆိတ် နေသော၊ နွေးထွေးခြင်းကင်းမဲ့သော၊ အထီးကျန်ခြင်းတို့သာ လွှမ်းခြုံနေလျှင်တော့ ပျော်ရွှင်စရာ နေရာ မဖြစ်နိုင်တော့သည်မှာ သေချာလှသည်။ ကားမောင်းနေရင်း စီးပွားရေး ကိစ္စတစ်ခုဖြင့် နောက်၂ရက်တွင် နေပြည်တော်သွားဖို့ရှိတာကို သတိရလိုက်မိသည်။ အိမ်ပြန်ပြီး ခရီးထွက်ဖို့ ပြင်ဆင်တာက ပိုကောင်းလိမ့်မည်ဟု တွေးမိသဖြင့် ကားကို အိမ်သို့ မောင်းပြန်လာခဲ့တော့သည်။

အိမ်ရှေ့ရောက်ခါနီးတွင် ကြိုတင်ဟွန်းတီးလိုက်သဖြင့် အိမ်တွင်းမှ အညိုဟု ခေါ်သော ကောင်မလေး ပြေးထွက်လာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးသည်။ ခြံတွင်းသို့ ကားကို မောင်းဝင်မည်အပြုတွင် မြင်လိုက်ရသော မြင်ကွင်းတစ်ခုက သူမကို အံ့အားသင့်သွားစေခဲ့သည်။ သူမတို့ ခြံဝင်းရှေ့က အုတ်ခုံလေးပေါ်တွင် တွေ့လိုက်ရသည်က “စက္ကူလှလှလေးဖြင့် ထုပ်ပိုးထားသော ပိတောက်ပန်းကလေးများ” စက္ကူလေးက အစိမ်းရောင် လွင်လွင်ကလေး၊ ပိတောက်ပန်းများကတော့ ရွှေရောင် ၀င်းဝင်းဝါ၀ါလေး ဖြစ်၍ အစိမ်းနှင့် အ၀ါ၏ လိုက်ဖက်မှုက ပန်းစည်းလေးကို ပိုမို တောက်ပ ၀င့်ထည်လာစေသည်လေ။ ကားကို ခြံဝတွင်ရပ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ပိတောက်ပန်းစည်းလေးကို ကောက်ယူလိုက်ကာ သေချာ ကြည့်သောအခါတွင်လည်း ပန်းစည်းပေါ်တွင် မည်သည့် ကဒ်ပြား မည်သည့် အမှတ်အသား တစ်ခုတစ်လေမှ မတွေ့ရ။

သေချာတာတစ်ခုက ထိုပိတောက်ပန်းများသည် တစ်စုံတစ်ယောက်က ခူးယူပြီး မေ့လျော့ထားခဲ့သည်တော့ မဖြစ်နိုင်။ ပန်းစည်းသည် အတော်လေးကို ကြီးပြီး ပါကင်စက္ကူဖြင့်ပင် သေချာကျန ထုပ်ပိုးပြီး ဖြစ်သောကြောင့် တစ်စုံတစ်ယောက်ကို ပေးဖို့ရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်လာခြင်းသာ ဖြစ်နိုင်လေသည်။ ပန်းစည်းကို ကိုင်ပြီး ဘေးပတ်ဝန်းကျင် ဟိုဟိုသည်သည် လိုက်ရှာကြည့်မိသော်လည်း သူမတို့ အိမ်ရှေ့လမ်းသွယ် တစ်လျှောက်လုံးလည်း တိတ်ဆိတ် ငြိမ်သက်လို့နေသည်။ လူရိပ်လူခြေပင် မတွေ့ရချေ၊ သူမအိမ်မှ ကလေးမလေးများသည်လည်း အသက် ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေမို့ ပန်းပေးရလောက်သော ပိုးပန်းရမည့် အရွယ်များလည်း မဟုတ်ကြသေးသည်မှာ သေချာလှသည်။ ကားကို ဂိုဒေါင်ထဲ မောင်းဝင်လိုက်ရင်း ပိုင်ရှင်မဲ့နေသော ထိုပန်းစည်းလေးကို အိမ်တွင်းသို့ သူမ ယူဆောင်လာခဲ့မိသည်။


မျက်စိလေးကို အသာအယာ မှေးမှိတ်ကာ သင်းပျံ့ ထုံအီလှသော ပန်းရနံ့လေးကို အဆုပ်တွင်းထိရောက်အောင် တစ်မက်တစ်မော ရှုရှိုက်မိရင်း သူမခင်ပွန်း ရှိစဉ်က နှစ်စဉ်နှစ်တိုင်း မပျက်မကွက် လက်ဆောင်ပေးခဲ့သော အဖြစ်အပျက် ကလေးများကို ပြန်လည် မြင်ယောင်လာမိရကာ သူမမျက်နှာလေး တစ်ဖြေးဖြေးနှင့် ပြုံးယောင် သန်းလာလေသည်။ အိုး ပိတောက်ပန်းနှင့် ဝေးကွာခဲ့သည်မှာ ဘယ်နှစ်နှစ်ပင်ရှိပါလိမ့်.. အိမ်မှာ ပိတောက်ပန်းနံ့ မရသည်မှာလည်း ကြာခဲ့ပြီလေ.. ထိုပန်းစည်းမှ ပိတောက်ပန်းလေးများသည် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ပန်းအိုးများတွင် ဝေဆာသွားပေပြီ။ သူမ၏ အိပ်ခန်းတွင်းရှိ ပန်းအိုးလေးတွင်လည်း ၀င်းဝင်းဝါ၀ါနှင့် ရွှေရည်လူးနေသော ပိတောက်ဖူးလေးများက အစွင့်သား။

ပန်းရနံ့တို့ကတော့ သူမခင်ပွန်းရှိစဉ်က လက်ဆောင်ပေးခဲ့သော ရနံ့များလိုဘဲ ချိုအီမွှေးမြနေဆဲ၊ သူမစိတ်နှလုံးကို လန်းဆန်း စေနိုင်တုန်းပါပဲ.. အချစ်ဆိုတာ အချိန်ကာလ ဘယ်လောက်ပင် ကြာညောင်းသည်ဖြစ်စေ ဟောင်းနွမ်း သွားသည့် အရာ မဟုတ်သလို၊ မေ့ပျောက်သွားမည့်အရာလဲ မဟုတ်သည်မှာ ပိတောက်ပန်းနှင့်ပတ်သက်၍  သူမ၏ ခံစားချက်လေးများနှင့်၊ ဘယ်ချိန်ဖြစ်ဖြစ် မပြောင်းလဲသော ပန်းရနံ့လေးများက သက်သေဖြစ်လို့ နေသည်ပဲလေ။ မည်သူ့အတွက် ရည်ရွယ်၍၊ မည်သူက လာထားပေးသွားမှန်းမသိသော အမည်မတပ်ထားသော ထိုပိတောက်ပန်း ကလေးများသည် လူတစ်ယောက်၏ စိတ်ကို ရွှင်လန်းချမ်းမြေ့အောင် စွမ်းဆောင်မှု ပေးနိုင်ခဲ့သည်ကတော့ သေချာသည်လေ။ ဘာဘဲဖြစ်ဖြစ် ယနေ့အဖို့တော့ မွှေးမြလန်းဆန်းနေသည့် ပိတောက်ပန်းစည်းလေးသည် သူမ၏ အထီးကျန်ခြင်း၊ ငြီးငွေ့ခြင်းတို့ကို အဝေးသို့ လွှင့်ပျောက်စေနိုင်ခဲ့လေပြီ။ ထိုပန်းစည်းလေး၏ ပိုင်ရှင်သည် မည်သူဖြစ်မည်၊ မည်သူ့အတွက် ရည်ရွယ်ကာ လာထားသည် ဆိုသည်ကိုတော့   သိအောင် သူမ မကြိုးစားချင်တော့ပါ။

 ~~~~~~~~~~~~~~~@@@~~~~~~~~~~~~~~~~


မနှစ်က ဒီအချိန်မှာ သင်္ကြန်အမှတ်တရ အတွက် တင်ဘူးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ မဖတ်ရသေးသူများ ခံစားကြည့်ဖို့နဲ့ အမှတ်တရအဖြစ် ပြန်တင်ပေးတာပါ။ စာဖတ်သူများနဲ့ ချစ်ခင်ရသော သူငယ်ချင်းများ အားလုံးလည်း အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ကြည်နူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။


သက်တန့်ရောင်စဉ် ယူကလစ်ပင်

သက်တန့်ရောင်စဉ် ယူကလစ်ပင်



သက်တန့်မှာ ပါဝင်တဲ့ ရောင်စဉ်တွေလို ပင်စည်ပေါ်မှာ အရောင်မျိုးစုံ ယှက်ဖြာနေတဲ့ ယူကလစ်ပင်ကို မြင်ဖူးကြပါသလားရှင်။ ကြည့်လိုက်ရင် တစ်စုံတစ်ယောက် ဆေးရောင်စုံတွေကို သစ်ပင်ပေါ်မှာ ဒေါင်လိုက် ဆွဲချထားတယ်လို့ ထင်ရလောက်အောင် အရောင်တွေကလည်း ထူးဆန်းဖွယ် စုံလင်လို့ နေပါတယ်။ တကယ်တမ်းတော့ လူတွေရဲ့ ဖန်တီးမှုကြောင့် မဟုတ်ဘဲ သဘာဝအတိုင်း သစ်ပင်ပေါ်မှာ အရောင်စုံလေးတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီလို ယူကလစ်ပင်မျိုးကို နယူးဂီနီ၊ နယူးဘရစ်တိန်၊ ဖိလစ်ပိုင်တို့မှာ တွေ့ရှိရတတ်ပြီး အမြင့် ၇၅မီတာထိအောင် ရှည်လျားတတ်ပါတယ်။
rainbow tree 1

ဒီအပင်က အစ်မချစ်ရဲ့ ပန်းချီလက်ရာများလား

rainbow tree 2
ဒါကတော့ မလေး(အိမ့်ချမ်းမြေ့) ရဲ့ လက်ရာနဲ့ ခပ်ဆင်ဆင်

rainbow tree 3


rainbow tree 4
ဒါကတော့ ပန်ဒိုရာ့ လက်ရာနဲ့ တူသလိုလို


rainbow tree 5


rainbow tree 6

ဒီပုံက ချစ်ညီမ ဖြိုးဖြိုးရဲ့ ဆေးပန်းချီ


rainbow tree 7


ထူးဆန်းတဲ့ နောက်တစ်ချက်က ဒီလို သစ်ပင်မျိုးကို အဖြူရောင်စက္ကူများ ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်… အရောင်မျိုးစုံး အကွက်လိုက်ဖြစ်ပေါ်နေတဲ့ ယူကလစ်ပင်ရဲ့ သစ်ခေါက်ဟာ အရေခွံ လဲတဲ့ အချိန်ဟာ မတူညီပါဘူး။ ပထမဦးစွာ အပြာရောင်၊ နောက် လိမ္မော်ရောင်၊ ခရမ်းရောင် နဲ့ နောက်ဆုံးမှာ ကြက်သွေးရောင်ကို ပြောင်းလဲ သွားတာဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ ၄င်း သက်တန့်ရောင်လို လှပအသွေးစုံလှတဲ့ ယူကလစ်ပင်ကြီးကို တွေ့ခဲ့မယ်ဆိုရင် သူ့ရဲ့ အရောင်တွေရဲ့ လှပဆန်းကြယ်မှုကို ရင်သပ်ရှုမော တွေ့ကြရမှာ ဖြစ်ပါတယ်။


ကျွန်မကတော့ ဒီယူကလစ်ပင်ကြီးရဲ့ အရောင်စုံတွေကို မြင်မိချိန်မှာတော့ ကျွန်မတို့ ဘလောဂ့်ရပ်ဝန်းက ပန်းချီ ပညာရှင်တွေ ဖြစ်ကြတဲ့ အစ်မ ချစ်ကြည်အေး၊ မလေး (အိမ့်ချမ်းမြေ့)၊ ပန်ဒိုရာနဲ့ ဖြိုးဖြိုး တို့တွေများ ဒီသစ်ပင်ကြီးကို တကူးတက သွားရောက်ကာ ဆေးရောင်စုံတွေ ခြယ်ထားလေသလားလို့ တွေးလိုက်မိပါသေးတယ်။   :)  :)

~~~~~~~~@@@~~~~~~~~~

သက်ရှည်ပင်ကြီး


Image Hosted by PicturePush - Photo Sharing


ရေအရင်းအမြစ်ရယ်လို့ လုံးဝမရှိတဲ့ သဲကန္တာရကြီးထဲမှာ တစ်ပင်ထီးတည်း ရှင်သန်နေတဲ့ သစ်ပင်ကြီးတစ်ပင်ဟာ ဘာရိန်းနိုင်ငံရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ ရေရှိတဲ့ နေရာနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ သဲကန္တာရကြီး အလယ်မှာ ထူးထူးခြားခြား ရှင်သန်ပေါက်ဖွားနေတာဟာ ပဟေဠိဖြစ်စရာပါဘဲ။


Image Hosted by PicturePush - Photo Sharing


၎င်းသစ်ပင် ပေါက်ရောက်နေတဲ့ သဲကန္တာရကြီးရဲ့ သဲပြင်ထုဟာ ၂၅မီတာ ( ၈၂ပေ ခန့်) မြင့်ပါတယ်။ ရွှေရောင် သဲပင်လယ်ကြီးလို့ ဆိုရလောက်အောင် မြင်မြင်သမျှ သဲပြင်အတိ ဖြစ်ပြီး ၄င်းကန္တာရ အလယ်မှာမှ အခြား ဘာအပင်မှ မပေါက်ဘဲ သူတစ်ပင်တည်း ပေါက်ရောက်ရှင်သန်နေတာ ဖြစ်ပါတယ်။ အပင်များ ပေါက်ရောက်ရှင်သန်ဖို့ ခက်ခဲလွန်းတဲ့ အခြေအနေမှာ ထူးခြားစွာ ပေါက်နေတဲ့အပင် ဖြစ်တာကြောင့် ဘာရိန်း ပြည်သားများကတော့ ၄င်း အပင်ကြီးကို ဒဏ္ဍာရီ ဆန်လှတယ်လို့ ပြောဆိုအံ့သြနေကြသလို ကမ္ဘာတစ်ဝှမ်းက စူးစမ်းလေ့လာသူများကလည်း အပင်ကြီးရဲ့ ထူးခြားမှုကို စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာကြပါတယ်။



Image Hosted by PicturePush - Photo Sharing



၎င်း Tree of Life လို့ခေါ်ကြတဲ့ ထူးဆန်းသော သက်ရှည်ပင်ကြီးဟာ ဘာရိန်းနိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံး အပင်ကြီးဖြစ်တဲ့ အပြင် ကမ္ဘာလှည့်ခရီးသည်အများအပြား သွားရောက်ကြည့်ရှုကြလေ့ ရှိပါတယ်။ အဲဒီအပင်ရှိရာကို ကားဖြင့်သာ သွားရောက်နိုင်သော်လည်း မသွားခင်မှာ ကားတွေကို သေချာ ကြည့်ရှုစစ်ဆေးဖို့တော့ လိုပါလိမ့်မယ်။ မဟုတ်ရင် လူသူမနီးတဲ့ သဲပြင်ကန္တာရကြီး အလယ်မှာ ကားတစ်ခုခုဖြစ်ခဲ့ရင် ဒုက္ခများမှာတော့ သေချာပါတယ်။

Image Hosted by PicturePush - Photo Sharing



၎င်းအပင်ကြီးရဲ့ နှစ်ပေါင်း ၄၀၀ ခန့် သက်တမ်းရှိတဲ့ ၄င်းအပင်ကြီးဟာ ရေမရှိဘဲ ဘယ်လိုရှင်သန် နေတယ်ဆိုတာ ရုက္ခဗေဒ ပညာရှင်များနဲ့ သိပ္ပံ ပညာရှင်တွေကို ဦးနှောက် ခြောက်စေပါတယ်။  တစ်ယောက်တစ်မျိုး အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြပေမဲ့ တိတိကျကျတော့ အဖြေထုတ်ဖို့ ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါတယ်။ အချို့ကလည်း ၄င်းအပင်ကြီးရဲ့ အမြစ်တွေဟာ ရေရှိနိုင်တဲ့နေရာအထိ ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်ရှိုင်းစွာ ထိုးဖောက် ၀င်ရောက်ကာ ရှင်သန်နေတာဖြစ်မယ် လို့ ပြောဆိုပေမဲ့ သက်သေပြနိုင်ခြင်းတော့ မရှိသေးပါဘူး။


Image Hosted by PicturePush - Photo Sharing




ဘာရိန်းပြည်သူ ပြည်သားတွေ ကြားမှာ အပင်နဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇ၀င်များစွာ ရှိသော်လည်း အများအားဖြင့် ယုံကြည်နေကြတဲ့ ဒဏ္ဍာရီတစ်ခုက ၄င်းအပင်ကြီး ပေါက်နေတဲ့ အရပ်ဟာ ကမ္ဘာဦးအစက ဖြစ်ပေါ်ခဲ့တဲ့ အေဒင်ဥယျာဉ်ရဲ့ နေရာဖြစ်မယ် လို့ ယုံကြည်စွာ လက်ခံ ပြောဆိုနေကြပါတယ်။ ဒဏ္ဍာရီ ပုံပြင်တွေ ဘယ်လိုပင် ပြောဆိုနေစေကာမူ အပင်ကြီးကတော့ ရေမနီး၊ သဲပြင်ကြီး အလယ်ထဲမှာ ရာစုနှစ် ၄ခုကြာအောင် ထူးဆန်းစွာ ရှင်သန်နေတုန်း ဖြစ်ပါတယ်။


သုတများဖြင့် ပြည့်စုံကြပါစေရှင်။

 


Crazy Colored Eucalyptus Tree ( Planetoddity )

The Tree of Life – A Mysterious Natural Phenomenon (odditycentral )