အားလုံးပဲ မင်္ဂလာပါရှင်..
ကချင်ပြည်နယ်က ကျွန်မရဲ့ ဇာတိ ဖားကန့် ကျောက်စိမ်းတွင်းကို ပြန်သွားတဲ့ခရီးက ပြန်ရောက်ပါပြီ။ ကျွန်မ မရှိသော်လည်း ပုံမှန်အတိုင်း အလည်လာ စာဖတ်ကြသူများ၊ အိမ်ကလေးကို စောင့်ရှောက်ပေးကြသူများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ ချစ်စွာသော သူငယ်ချင်း မိတ်ဆွေများ၊ စာဖတ်သူများအတွက် ကျွန်မကလည်း ကချင်ပြည်နယ်ထွက် လက်ဆောင်လေးတွေ ယူလာပါတယ်။ ဘာ လက်ဆောင်တွေများ ယူလာတာပါလိမ့်လို့ သိချင်သူများ အောက်မှာ ဆက်ပြီး ဖတ်ကြည့်ပါနော်။ အိမ်အပြန် လက်ဆောင်အဖြစ် ဖားကန့်က ကျောက်စိမ်းတွေများ လက်ဆောင်ယူလာတာလို့များ ထင်နေမလားဘဲ။ ဟုတ်ကဲ့ အားလုံးအတွက် ယူလာတဲ့ လက်ဆောင်တွေကတော့
အစိမ်းရောင်တော့ အစိမ်းရောင်ပါ။ ဒါပေမဲ့ ဖက်နဲ့ ထုပ်ထားတဲ့ အထုပ်တွေဖြစ်ပါတယ်။ ဘာတွေများလဲလို့ သိချင်ကြမယ်ဆိုရင် အထုပ်လေးတွေကို ဖြည်ကြည့်ကြပါစို့နော်။
ဟင်းပြင်းဖူး
ဒါကတော့ ကျွန်မတို့ကချင်ပြည်နယ်ရဲ့ ဟင်းပြင်းဖူး ဖြစ်ပါတယ်။ ကချင်ပြည်နယ်သူ ပြည်နယ်သားမှန်ရင် မသိသူ မရှိသလောက်ပါဘဲ။ တောတောင်တွေ ပေါလှတဲ့ ကချင်ပြည်နယ်ရဲ့ ဘယ်တောထဲမှာမဆို တွေ့နိုင်ပြီး ယာခင်းတွေနဲ့ စိုက်ပျိုးတာမဟုတ်ဘဲ သဘာဝအလေ့ကျ ပေါက်ပင်ကနေ သီးပွင့်တာ ဖြစ်ပါတယ်။ ကြော်စားစား၊ ဟင်းပေါင်းလုပ်စားစား၊ လှော်စားစား ကြိုက်သလို လုပ်စားလို့ရပါတယ်။
ဆေးကြောထားတဲ့ ဟင်းပြင်းရွက်
ဒါကတော့ အပေါ်က ဟင်းပြင်းသီးရဲ့ အပင်က အရွက်ဖြစ်တဲ့ ဟင်းပြင်းရွက်ဖြစ်ပါတယ်။ အရည်သောက်ချက်ချက်၊ ကြော်စားစား ၊ သုပ်စားစား စားလို့ကောင်းပါတယ်။
နောက် တစ်ထုပ်ဖြည်ကြည့်မယ်ဆိုရင် ထွက်လာတာက
ကံဇင်းရွက်
ကျွန်မအမြဲပြောလေ့ရှိတဲ့ ကချင်တိုင်းရင်းသားများ သိပ်ကြိုက်သောကံဇင်းရွက် ဖြစ်ပါတယ်။ဆူးကလေးများ ပါတတ်ပါတယ်။ ကြိုက်ရင် အနံ့မွှေးပြီး မကြိုက်ရင် နံတယ်လို့ထင်တတ်ကြပါတယ်။ အရည်သောက် ဟင်းတွေမှာ ဟင်းခတ်ရွက်အဖြစ် အသုံးပြုကြပါတယ်။
နောက်တစ်မျိုးက
ကြက်သားကချင်ချက်၊ ငါးပေါင်း ငါးကင် ငါးချက်တွေမှာ မပါမပြီးတဲ့ ဖက်ဖယ်ရွက်ဖြစ်ပါတယ်။ ကျွန်မကတော့ အပင်စိုက်ဖို့ ၀ယ်လာပါတယ်။ အပင်ဖြစ်ထွန်းလာရင် ၀မ်းသာစရာပေါ့နော်။ အရွက်တွေကို ဖက်နဲ့ထုပ်ထားရင် ပိုပြီး ကြာကြာခံတာမို့ ဖက်ကလေးတွေနဲ့ ထုပ်ပြီး ယူလာတာ ဖြစ်ပါတယ်ရှင်။
ဒီပုံကြည့်ပြီးတော့ ကချင်ပြည်နယ် လက်ဆောင်လဲ ဆိုသေးရဲ့ Grand Royal Whisky တွေလို့ အထင်တော် မလွဲကြပါနဲ့။ :)
သကြား၊ ကြံသကာ စတဲ့ ဘာအရောအနှောမှ မပါသော ကချင်ပြည်နယ်ထွက် ပျားရည်စစ်စစ် ဖြစ်ပါတယ်။ တစ်စက်လောက် တို့ပြီး လျှာပေါ်တင်လိုက်တာနဲ့ ပန်းဝတ်မှုံပေါင်းစုံတို့ရဲ့ အနံ့လေးဟာ မွှေးလှတာမို့ ချိုချိုမွှေးမွှေး ပျားရည်စစ်စစ် လိုချင်သူများ အတွက်ပါနော်။ မွေးမြူရေးပျားရည်ထက် တောတောင်တွေက ပန်းပေါင်းစုံတို့ရဲ့ ပန်းဝတ်မှုံ၊ ပန်းဝတ်ရည်တွေကို စုဆောင်းလို့ ရလာတဲ့ သဘာဝပျားရည်ကို ကျွန်မက ပိုနှစ်သစ်တာမို့ တကူးတက သယ်လာဖြစ်ပါတယ်။
ချဉ်စော်ကားသီးဝိုင်
ပေ ၅၀၀၀ကျော် မြင့်မားကာ သစ်ပင်ကြီးများ ထူထပ်ပြီး၊ တောင်တန်းကြီးတွေ မြင့်မားလှတဲ့ ကချင်ပြည်နယ်ရဲ့ ဗန်းမော်၊ မိုးမောက်ဒေသ စိန်လုံတောင်တန်းပေါ်က ထွက်ရှိတဲ့ ချဉ်စော်ကားသီးဝိုင်ပါ။ ခရီးအမှတ်တရ ၀ယ်ဖြစ်ခဲ့ပါတယ်။( ဒီခရီးအကြောင်းကိုတော့ သီးသန့် ဖော်ပြပါဦးမယ်ရှင်) ဒီဝိုင်ကိုတော့ သောက်တတ်သူများ အလိုရှိရင် လက်ဆောင်ယူသွားပါနော်။ ဆေးဘက်လဲ ၀င်တယ်လို့ ဆိုပါတယ်။ :)
ဒါကလည်း ကချင်ပြည်နယ်နဲ့ အဲဒီ စိန်လုံတောင်တန်းပေါ်မှာ တစ်တောတစ်တောင်လုံး ရှိတတ်တဲ့ တည်သီးခြောက်ပါ။
တည်သီးပါ။ တည်သီးကို `တယ်သီး´လို့ အသံထွက်ပါတယ်။
တည်သီးကို မမြင်ဖူးသူများအတွက် ဖော်ပြပေးတာပါ။ ၄င်းအသီးတွေကို မှည့်တဲ့အခါ ဒီတိုင်းစားကြပြီး အရသာက ချိုပါတယ်။ အတွင်းသားက အပေါ်က ပုံအတိုင်းပါ။ အသီးတွေ သိပ်ပေါလို့ စားမနိုင်တဲ့အခါ အထက်က ပုံလို အခြောက်လှမ်းပြီး ချိန်ခါမရွေးစားနိုင်တဲ့ တည်သီးခြောက်လုပ်ရောင်းကြပါတယ်။ အသီးမှည့်အခြောက်က ပိုချိုပြီး အချို့က အသီးစိမ်းကို အခြောက်လှမ်းရင် အရသာက ဖန်တွတွမို့ စားလို့ မကောင်း ဖြစ်တတ်ပါတယ်။
ံ
ကျောက်ဂျင်း
ဒါလည်း စိန်လုံတောင်တန်းပေါ်က ၀ယ်လာတဲ့ ကျောက်ဂျင်းဆိုတာပါ။ ကျွန်မကိုယ်တိုင်တောင် ဒီကျောက်ဂျင်းကို တစ်ခါမှ မစားဖူးတာမို့ ဆိုင်ရှင်ကိုမေးတဲ့အခါ ပါးပါးမျှင်မျှင်လှီးပြီး ခရမ်းချဉ်သီးနဲ့ အစိမ်းသုပ်စားလို့ရသလို ငရုပ်သီးထောင်းစားစား၊ မြေပဲဆန်နဲ့လည်း သုပ်စားစားစား စားလို့ ရတယ်ပြောပါတယ်။ မစားဖူးတဲ့ အစားအသောက် အသစ်အဆန်းတွေကို စိတ်ဝင်စားတာမို့ ၀ယ်လာတာပါ။ အခြားတစ်ရက်မှ ဒီကျောက်ဂျင်းကို သုပ်ကျွေးပါမယ်နော်။
ပိန်းဥ
ကျောက်ဂျင်းနဲ့ တူသလိုလို ရှိပေမဲ့ မဟုတ်ပါ။ ပိန်းဥပါ ။ ဒီပိန်းဥနဲ့ ကချင်ဟင်းရည် ချက်ကျွေးပါမယ်နော်။
မျှစ်တို့ခြောက်
အိမ်က သယ်လာတဲ့ မျှစ်တို့ခြောက်ပါ။ မျှစ်ချဉ်ကို ပါးပါးမျှင်မျှင်လေးတွေ လုပ်ပြီး အခြောက်လှမ်းထားတာပါ
။ ငါးချဉ်လဲပါလာပေမဲ့ ဟင်းမချက်ခင် ဓာတ်ပုံမရိုက်ဖြစ်လိုက်မိပါဘူး။
~~~~~~@@@~~~~~~
ဒါတွေကို ချစ်စွာသော မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ကချင်ပြည်နယ်ရဲ့ လက်ဆောင်အဖြစ် ယူလာတာပါ။ ကြိုက်သလောက် ယူသွားကြပါနော်။ ဒီစားသောက်စရာတွေကို ဘယ်လို လုပ်စားရမယ်မှန်း မသိသူများအတွက်တော့ ကျွန်မကိုယ်တိုင် ချက်ကျွေးပါမယ်နော်။
ကချင်ပြည်နယ်ထွက် အသီးအရွက်များနဲ့ ချက်ထားပါပြီ။ ဟင်းတစ်မျိုးချင်းစီကို မိတ်ဆက်ပြောပြရမယ်ဆိုရင်
ဟင်းပြင်းဖူးကြော်
ဟင်းပြင်းဖူးကို ဆူးပုတ်ရွက်လေးရောပြီး ကြော်ထားတာပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကြက်သွန်နီ စိတ်ပြီး ကြော် ပုဇွန်ခြောက်ထည့်၊ ဟင်းပြင်းဖူးထည့်၊ ကျက်ခါနီးမှ ဆူးပုတ်ရွက်နဲ့ ခရမ်းချဉ်သီး ငရုပ်သီးတို့ကိုထည့်ပြီး ဆားအရသာမှုန့်ထည့်ပြီး ကြော်ထားတာပါ။ ဆိမ့်ဆိမ့်လေးနဲ့ သိပ်စားကောင်းတာပါ။
မျှစ်ချဉ်
အဲဒီမျှစ်ချဉ်နဲ့ ဟင်းပြင်းရွက်ကို လှော်ပါတယ်။
မျှစ်ချဉ်ကို ရေနဲ့ အရင်ပြုတ်ပါတယ်။ ပြီးတော့မှ ဆီ အနည်းငယ်ထည့် ကြက်သွန်ဖြူနီထည့် ပုဇွန်ခြောက်၊ ငပိထည့်ပြီး မျှစ်ချဉ်ကို လှော်ပါတယ်။ မျှစ်ချဉ်ကျက်တော့ ဟင်းပြင်းရွက်၊ ကံဇင်းရွက်လည်း ထည့်ပါတယ်။ ခရမ်းချဉ်သီး၊ ငရုပ်သီး ဆား၊အရသာမှုန့်၊ ငံပြာရည်( ကြိုက်တတ်လျှင်) တို့ထည့်ပါတယ်။ ဟင်းပြင်းရွက် အနေတော် နူးပြီဆို စားလို့ရပါပြီ။
မျှစ်ချဉ်နဲ့ ဟင်းပြင်းရွက် လှော်ပါ။
အရည်သောက်အတွက် ချက်ဖို့က
ပိန်းဥကို ကျောက်ဖရုံသီးနဲ့ မျှစ်တို့ခြောက်ထည့်ပြီး ကံဇင်းရွက်ခတ်တဲ့ ဟင်းရည် ချက်ထားပါတယ်။
ပိန်းဥ၊ ကျောက်ဖရုံသီး၊ မျှစ်တို့ခြောက်၊ ကံဇင်းများနဲ့ ငရုပ်သီးစပ်စပ် ဟင်းရည်
ဒီဟင်းရည်ချက်နည်းကတော့ ရေအိုးတည် ဆား၊ ငပိ၊ ပုဇွန်ခြောက်ခတ်ပြီး ပိန်းဥနဲ့ ကျောက်ဖရုံသီးကို အတုံးများလုပ်ပြီး ထည့်ပါတယ်။ ငရုပ်သီး ၄တောင့် ၅တောင့် ထည့်ပါတယ်။ ၄င်းပိန်းဥနဲ့ ကျောက်ဖရုံသီး၊ ငရုပ်သီးတို့ နူးပြီဆို အရည်မပါဘဲ ခွက်တစ်ခုထဲ ခူးထည့်ပြီး အတုံးများကို အနည်းငယ်ကြေအောင် ဇွန်းဖြင့် ခြေပါတယ်။ ပြီးနောက် အိုးထဲပြန်ထည့်ပြီး မျှစ်တို့ခြောက် ခတ်ပါတယ်။ ထိုသို့ ခြေမှ ဟင်းရည် ခပ်ပြစ်ပြစ်လေးကို ရပါတယ်။ အချိန်အနည်းငယ်ထားပြီး ဆား၊ အရသာများ အပေါ့အငံများ အရသာစိတ်ကြိုက်ဖြစ်ပါက ကံဇင်းရွက်ကို ခတ်ပြီး ချလို့ရပြီ။ အရသာကတော့ အချဉ်အရသာလဲပါ၊ စပ်လဲစပ်၊ ကံဇင်းနံ့လေး မွှေးလှတဲ့ ကချင်ဟင်းရည် ရပါတယ်။
ဒါကတော့ ကချင်ပြည်နယ် အင်းတော်ကြီးငါးချဉ်ပါ။ အဲဒီငါးချဉ်ကို ကြော်ပါတယ်။
အဲဒီဟင်းတွေကို ငရုပ်သီးလေးထောင်းလေးနဲ့ စားလိုက်ရင် ရှူးရှူးရှဲရှဲ အရသာလေးနဲ့ လျှာလည်သွားမယ်ဆိုတာ သေချာပါတယ်နော် :)
~~~~~~~~~~~~~~~@@@~~~~~~~~~~~~~~~~
ကျွန်မရဲ့ ကချင်ပြည်နယ် လက်ဆောင်လေးများဖြင့် အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်.. ခရီးသွားရာက ရရှိလာတဲ့ အတွေ့အကြုံလေးတွေလည်း ရေးစရာတွေ ပါလာတာမို့ ဖြေးဖြေးချင်း ရေးပါဦးမယ်လို့...