ဒီနေ့တော့ လက်မှုပညာ ဝါသနာပါတဲ့ အမျိုးသမီလေးတွေအတွက် ပန်းပွင့်လေးတွေနဲ့၊ဖဲန်စီ အသုံးအဆောင်လေးတွေကို မိမိစိတ်ကြိုက် ဖန်တီးလို့ရတဲ့ လက်မှုအနုပညာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါလေးကို စတွေ့မိတာက တစ်ရက်မှာ မြို့ထဲ လျှောက်ကြည့်ရင်း ဆိုင်လေးတစ်ဆိုင်ကို ကျွန်မ သတိထား လိုက်မိပါတယ်. ဆိုင်က ခပ်သေးသေးလေးပါ.. ဆိုင်ထဲမှာတော့ ပန်းအိုးရောင်စုံလေးတွေ ခင်းကျင်းထားသလို၊ အရောင်စုံ ချည်လေးတွေလည်း စုံလင်စွာ ရောင်းချနေတာ တွေ့ရတာတော့ စပ်စုချင်စိတ်နဲ့အတူ ပန်းအိုးကလေးတွေမြင်တော့ ကြည့်ချင်စိတ်က တားမရတာကြောင့် ဆိုင်ထဲကို ဝင်သွားမိပါတယ်။ ဆိုင်ထဲရောက်လို့ ပန်းအိုးလေးတွေကို ကြည့်တဲ့အခါ အခါတိုင်း မြင်တွေ့နေကျ ပလပ်စတစ်ပန်းတွေနဲ့ လုပ်ထားတာ မဟုတ်ဘဲ ပန်းပွင့်လေးတွေကို အသားကပ် ခြေအိတ်လို အသားမျိုးလေးတွေနဲ့ ပြုလုပ်ထားပြီး နှင်းဆီ၊ ကျူးလစ်၊ သစ်ခွ စသဖြင့် ပန်းမျိုးစုံကို ဆိုင်ရှင်အစ်မကြီးက သူကိုယ်တိုင်လုပ်ပြီး ပန်းအိုးအဖြစ် အလှဆင်ထားတာဖြစ်ကြောင်း ရှင်းပြပါတယ်။ အဲဒီပန်းပွင့်လေးတွေ ဖြစ်လာဖို့ အသုံးပြုရတဲ့ ချည်လေးတွေနဲ့ ၀တ်ဆံတွေ စတဲ့ ပစ္စည်းတွေ၊ ပန်းအိုးကလေးတွေကို အောက်က ပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။
ဒါလေးတွေက ပန်းပွင့်အဖတ်တွေလုပ်တဲ့ အစတွေ ဖြစ်ပါတယ်။ အဲဒါလေးတွေဟာ ပါးပါးလှပ်လှပ်လေးတွေဖြစ်ပြီး အသားကပ်ခြေအိတ်အသားမျိုး ဖြစ်ပါတယ်။
ပန်းဝတ်ဆံတွေလုပ်တဲ့ အရာလေးတွေ
ပန်းထိုးဖို့ အိုးမျိုးစုံ
ပန်းကိုင်း ရိုးတံတွေ လုပ်တဲ့ အတံလေးတွေပါ
ပန်းအဖူးလေးတွေလုပ်ဖို့ ဖော့တုံးလေးတွေပါ
ပန်းအရွက်လုပ်ဖို့ (ဒါတွေကတော့ အဆင်သင့်လုပ်ပြီးသား ပလပ်စတစ် အရွက်တွေ ဖြစ်ပါတယ်)
ဆိုင်လေးထဲမှာ ခင်းကျင်းထားတဲ့ ပန်းအိုးလေးတွေပါ
ဆိုင်ရှင် အစ်မရဲ့ လက်ရာ ချစ်စရာဂန္ဓာမာပန်းအိုး
ကျူးလစ်ပန်းကလေးနဲ့ တူပါတယ်
သစ်ခွ နှင်းဆီ စတဲ့ ပန်းမျိုးစုံ
ဒီပန်းအိုးလေးတွေက အပေါ်မှာ ဖော်ပြထားတဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းအိုးတွေ ဖြစ်ပါတယ်။ ရောင်စုံ အဝတ်စလေးတွေ ပန်းပွင့်တွေ အဖူးတွေ ပွင့်ချပ်ပွင့်ဖတ်တွေ ပြုလုပ်ပုံက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါကြောင့် လုပ်ပုံလုပ်နည်းတွေကို ဆိုင်ရှင်ကို သေသေချာချာ မေးကြည့်မိတော့ ဆိုင်ရှင်က သူကိုယ်တိုင် လုပ်ပြတဲ့အပြင် လုပ်နည်း စာအုပ်တွေပါ ထုတ်ပြပါတယ်။
ဒါကတော့ ပန်းပွင့်မျိုးစုံ နဲ့ ပန်းအိုးထိုးနည်း မျိုးစုံအကြောင်း သရုပ်ဖော်ပုံလေးတွေနဲ့ ရေးထားတဲ့ စာအုပ်ပါ။ စာအုပ်ရော ပြုလုပ်တဲ့ ပစ္စည်းအားလုံးသည် တရုတ်က ထုတ်တဲ့ ပစ္စည်းများ ဖြစ်ပါတယ်။ စာအုပ်လေးတွေမှာ လုပ်နည်းအဆင့်ဆင့်နဲ့ စီဒီခွေပါ ပါဝင်တာကြောင့် ကျွန်မ အတော်သဘောကျသွားပါတယ်။ ဒါကြောင့် ကိုယ်တိုင်လုပ်ကြည့်ဖို့အတွက် စာအုပ်လေးတွေနဲ့အတူ ပန်းပွင့်တွေ ပန်းအိုးတွေလုပ်ဖို့ ပစ္စည်းကိရိယာ စုံစုံလင်လင် ဝယ်ယူလာခဲ့ပါတော့တယ်။
ဒီပစ္စည်းတွေက ပန်းကလေးတွေ ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်တာလေးတွေပါ.. အရောင်စုံက ချည်ထည်များဖြစ်ပါတယ်။ အစိမ်းရောင်အဖြူရောင်က လိုအပ်တဲ့ ပွင့်ချပ်တွေ ပြုလုပ်ဖို့ သွပ်ကြိုးလေးတွေပါ။ ကပ်ကြေးတစ်လက်လည်း လိုပါတယ် အစလေးတွေ ဖြတ်ဖို့ပါ။ ပြီးတော့ ပလာယာသေးသေးလေးလိုပါတယ်.. သွပ်ကြိုးတွေကို လိမ်ဖို့ ဖြတ်ဖို့ပါ။ အဖြူရောင် အကွင်းတွေကတော့ သွပ်ကြိုးတွေကို ပွင့်ချပ်အရွယ်အစားအမျိုးမျိုး လုပ်နိုင်ဖို့ပါ။ ခရမ်းရောင် အညိုရောင်က ပန်းပွင့်ရဲ့ ရိုးတံမှာ ဖုံးဖို့ပါ။ အပြာရောင်လေးက ကော်ချောင်းကို အပူပေးတဲ့ သေနတ်ပါ။ ပလပ်လေးထိုးလိုက်ရင် အနောက်က ကော်ချောင်းလေး အရည်ပျော်သွားပြီး ပန်းပွင့်တွေကို မိမိလိုအပ်တဲ့နေရာမှာ ကပ်စေဖို့ပါ။
ပွင့်ဖတ်လေးတွေ လုပ်ဖို့
သွပ်ကြိုးလေးကို ဒီလိုအ၀ိုင်းလေးဖြစ်အောင် လုပ်ပါတယ်
ဒီလို အသားကပ်ခြေအိတ်လို အသားပါးပါးလေး
အဲဒါကို သွပ်ကြိုးအ၀ိုင်းလေးကို ဖုံးမိအောင် အုပ်လိုက်တာပါ
ဒီလိုလေးတွေဆို ပွင့်ချပ်လေးတွေ ပါတယ်
ပန်းပွင့်ပြုလုပ်ဖို့ ပွင့်ချပ်များ
အဲဒီ အရွယ်မတူတဲ့ ပွင့်ချပ်လေးတွေကို ခုလိုပန်းပွင့်လေးတွေ ဖြစ်အောင် လုပ်တာပါ။
ဒါလေးက ကြာပန်းလေးပါ ။
ကြာပန်းကို ပန်းအိုးလေးနဲ့ နေရာချဖို့ ပြင်ဆင်နေတာပါ. ကြာဖူးနဲ့ ကြာရွက်ကတော့ ဒီတိုင်းရောင်းတာလေး ၀ယ်လာတာပါ.. ကြာပွင့်တွေကိုတော့ ကိုယ်တိုင်လုပ်ပါတယ်။
ပန်းအိုးပြင်ဆင်နေတာပါ (ညဘက်ကြီး အားကြိုးမာန်တက် လုပ်နေတာမို့ ပုံထဲမှာတော့ မှောင်နေပါတယ်)
မနက်ခင်းရောက်တော့မှ အလင်းရောင်အောက်မှာ ဒီလို ပန်းအိုးလေးဖြစ်သွားပါတယ်။။ (လှတယ်ဟုတ်)း)
ကြာရွက်ပေါ်မှာ ဖားကလေးတွေတောင်ပါသေးတယ်.. :)
ပိန်းပန်းလုပ်နေတာပါ
ဟော. ဒီမှာ ပိန်းပန်းတွေ
ဒီလို ပန်းအိုးထိုးဖို့ ပြင်နေပြီ
ဒီချည်ထည်ရောင်စုံလေးတွေကို အသုံးပြုပြီး အိမ်မှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ပန်းအိုးကလေးတွေနဲ့ မိတ်ဆွေတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ပန်းအိုးကလေးတွေကို အောက်မှာ ဆက်လက်ကြည့်ရှုရအောင်နော်..