စွဲလန်းခြင်းတစ်စုံတစ်ရာ





"ကြည်နူးရိပ်
"

သူမရဲ့ စာအုပ်ဆိုင်လေး နံမည်လေးဖြစ်ပါသည်။

စာအုပ်တွေကို ချစ်မြတ်နိုးသော သူမက စာအုပ်အငှားဆိုင်လေး တစ်ခု ဖွင့်မည်ဟု စဉ်းစားမိသောအခါ ဆိုင်နံမည်လေးကို သူမကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကာ ဒီနံမည်လေး ပေးဖြစ်ခဲ့သည်။ သူမကတော့ စာအုပ်တွေဖတ်နေရလျှင် စာအုပ်တွေကြားမှာ နေရလျှင် ပျော်ရွှင်ကြည်နူးနေတတ်သူ ဖြစ်သောကြောင့်လည်း စာအုပ်ဝါသနာရှင်များလည်း သူမဆိုင်ကလေးကို ရောက်လာလျှင် ကြည်နူးနိုင်လိမ့်မည်ဟု သူမက မျှော်လင့်စိတ်ဖြင့် ထိုနံမည် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ စီးပွားရေးသက်သက်ကြောင့် မဟုတ်ဘဲ ၀ါသနာ ပါ၍ ဖွင့်ဖြစ်သောကြောင့် သူမဆိုင်ကလေးက စာဖတ်ဝါသနာပါသူတို့အတွက် စာအုပ်အမျိုးအစား စုံလင်လွန်းလှသည်။ သူမက ဘယ်လိုစာအုပ်မျိုးကို စာဖတ်သူတွေ ကြိုက်မယ်ဆိုတာ သိသူမို့ သူမ ဆိုင်တွင် လူကြိုက်များသော စာအုပ်များ၊ စာဖတ်သက်တမ်းရင့်သူများ ကြိုက်နှစ်သက်မည့်စာအုပ်များ၊ စာဖတ်ခါစ လူငယ်များ ကြိုက်နှစ်သက်မည့် စာအုပ်များ စသဖြင့် စာအုပ်အမျိုးအစားမျိုးစုံ ရှိနေတတ်သည်။


မနက်မှ ညနေအထိ မြို့ထဲက စတိုးဆိုင်တစ်ခုတွင် စာရင်းကိုင်အလုပ်ကို လုပ်ပြီး သူမ၏ ဆိုင်ထိုင်ချိန်သည် ညနေ ၆နာရီတွင် စတင်တော့သည်။ နေ့ခင်းတွင်တော့ စာအုပ်ငှားသူများ ကျဲပါးတတ်ပြီး အိမ်ရှိ လူများက တစ်လှည့်စီ သူမဆိုင်ကို စောင့်ပေးတတ်သည်။ လူမရှိလျှင်တော့ ဆိုင်ပိတ်ထားတတ်သော်လည်း တကယ်တမ်း သူမတို့စာအုပ်ဆိုင်ရဲ့ လူအငှားကျချိန်သည် ညဦးပိုင်းတွင်သာ ဖြစ်လေသည်။ ည ၇နာရီ ၈နာရီတွင် စားအုပ်ငှားသူများနှင့် လူစည်ကားတတ်ပြီး ၈နာရီကျော်ပြီး နောက်ပိုင်းတွင် တဖြေးဖြေး လူကျဲပါးသွားတတ်သည်။ သူမကတော့ ငှားသူမလာသည့်အချိန်တွင် စာအုပ်စင်မှ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလေ့ရှိပြီး ၉နာရီခွဲတွင်မှ ဆိုင်ပိတ်လေ့ ရှိပါသည်။ ထိုအချိန်သည် သူမ၏ ပုံမှန်ဆိုင်ပိတ်ချိန်သာ ဖြစ်လေသည်။

ယနေ့သည် မိုးအနည်းငယ် အေးသောကြောင့် စာအုပ်ငှားသူ အခါတိုင်းထက် ကျဲပါးသည်။ ၉နာရီထိုးပြီမို့ ဆိုင်ပိတ်မည်ဆိုလျှင် ပိတ်လို့ရနေပြီ ဖြစ်သော်လည်း သူမကတော့ မင်းလူရဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေသဖြင့် စာအုပ်ထဲ အာရုံဝင်စားနေသောကြောင့် ဆိုင်ပိတ်ဖို့ စိတ်မကူးမိဘဲ  ဇိမ်ကျနေသလို ရှိနေလေသည်။ ထိုအချိန်တွင် သူမဆိုင်ရှေ့တွင် ဆိုင်ကယ်တစ်စီး ထိုးရပ်လိုက်သံကြားရပြီး  ဆိုင်ထဲသို့ လူတစ်ယောက် ၀င်လာသည်ကို မော့မကြည့်ပေမဲ့ သူမ သိလိုက်ပါသည်။ ထိုသူဆိုင်ထဲ ၀င်လာတာနှင့် ရနံ့သင်းသင်းဖျော့ဖျော့ တစ်ခုကပါ သူမနှာဝတွင် ရှုရှိုက်မိလိုက်သည်။ ဘာရနံ့ရယ်လို့ သူမ မသိသော်လည်း အမျိုးသားသုံး ရေမွှေးရနံ့ တစ်ခုခုတော့ ဖြစ်မည်မှန်း သူမ သိလိုက်ပါသည်။


"ကျွန်တော် စာအုပ်ငှားချင်လို့ပါ" ဆိုင်ထဲဝင်လာသူ၏ စကားအဆုံး ထိုသူကို သူမ မော့ကြည့်လိုက်တော့ သူမထံတွင် တစ်ခါဖူးမှ ငှားလေ့ငှားထ မရှိသောသူဖြစ်ကြောင်း သူမ သိလိုက်သည်။ "တစ်ခါမှ မငှားဖူးဘူး ထင်တယ်နော်" သူမအမေးစကားအဆုံး

"ဟုတ်ပါတယ်.. ကျွန်တော် ဒီမြို့ကို ရောက်တာ မကြာသေးပါဘူး… အသိတစ်ယောက်က ဒီဆိုင်မှာ စာအုပ်စုံတယ်ဆိုလို့ စာအုပ်ငှားဖို့ ဒီဆိုင်ကို ရောက်လာတာပါ။"

"ဟုတ် .. ငှားလို့ရပါတယ်.. ဒါပေမဲ့ တစ်ခါမှ မငှားဖူးရင်တော့ စပေါ်ငွေ တင်ရပါတယ်.. "

"ရပါတယ်.. ကျွန်တော် စပေါ်ငွေတင်ပါ့မယ်.. " ဟု ပြန်ပြောလေသည်။ ထို့နောက်တော့ ထိုသူသည် စာရေးဆရာနံမည်အလိုက် စီရီထားသော စာအုပ်စင်ပေါ်မှ သူနှစ်သက်သော စာရေးဆရာတို့၏ စာအုပ်များကို ရှာဖွေနေတော့သည်။ သူမလည်း ဖတ်လက်စ စာအုပ်ကို ငုံ့ဖတ်နေတော့သည်။

သူ စာအုပ်တွေ ရွေးနေသည်မှာ ၁၀မိနစ်ခန့် ကြာမည်ထင်သည်။ နောက်တော့ သူမရှေ့က စားပွဲပေါ်တွင် စာအုပ် ၃အုပ်ကို ထိုသူက လာချပေးပြီး "ဆိုင်က စာအုပ်တွေ သိပ်စုံတာဘဲနော်.. ဒီလောက်စုံတဲ့ စာအုပ်တွေ တွေ့တော့ ကျွန်တော် အရမ်းဝမ်းသာမိတယ်.. ကျွန်တော်က စာဖတ် ၀ါသနာကြီးသူမို့ ဘယ်ရောက်ရောက် စာအုပ်တွေက ကျွန်တော့်အတွက် မရှိမဖြစ်ပါဘဲဗျာ.. ကျွန်တော် ဒီစာအုပ်၃အုပ် ငှားသွားမယ်နော်.. " ဟု ပြောသည်။ သူမက စာအုပ်များကို စာအုပ်အငှားစာရင်းတွင် မှတ်တမ်း ရေးသွင်းလိုက်ပြီး သူ့နံမည်နှင့် နေရပ်လိပ်စာ တောင်းတော့ စည်သူကျော်ဇော ဟု ပြောပြီး သူမတို့မြို့တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော NGO တစ်ခု၏ လိပ်စာကို သူပြောသည်။ ထိုအခါမှ သူမ သိလိုက်သည်က ထိုသူသည် သူမတို့ မြို့ကလေးတွင် ရှိသော ၄င်း NGO ရုံးခွဲသို့ တာဝန်ထမ်းဆောင်ဖို့ ရောက်လာသူဖြစ်လိမ့်မည်။ သူပြောသော လိပ်စာမှာ သူမတို့မြို့တွင်ရှိ တစ်ခုတည်းသော NGO အဖွဲ့၏ လိပ်စာလည်း ဖြစ်သည်မဟုတ်ပါလား။ သူမ စာအုပ်၃အုပ်အတွက် စပေါ်ငွေကို ၅၀၀၀ တောင်းယူထားလိုက်သည်။ သူငှားသော စာအုပ်များကို ကြည့်သည်နှင့် ထိုသူသည် စာဖတ်သက် အတော်ရင့်သူမှန်း သိသာစေသည်။ စာအုပ်၃အုပ်ကို ကောက်ယူပြီး သူမကို ကျေးဇူး ဟု ခပ်တိုးတိုး ပြောကာ ဆိုင်အရှေ့တွင်ရပ်ထားသော ဆိုင်ကယ်အမြင့်ကြီးကို မောင်း၍ ထွက်ခွာသွားသော ထိုသူသဏ္ဍာန်ကို တဒင်္ဂတော့ သူမ ငေးခနဲကြည့်ရင်း ကျန်ခဲ့မိရတော့သည်။ အရပ်အတော်မြင့်ပြီး ကြည့်ကောင်းလှသော ဥပတိရုပ်ပိုင်ရှင် တစ်ယောက်မှန်း သူမ မှတ်မှတ်ထင်ထင် သတိထားလိုက်မိသည်။ ဆိုင်ထဲတွင် ထိုသူ မရှိတော့သော်လည်း သူဝင်ရောက်လာစဉ်က ရခဲ့သော ရနံ့ သင်းပျံ့ပျံ့တစ်ခုက ယခုတိုင် ဆိုင်ထဲတွင် ဝေ့၀ဲကျန်ရစ်ခဲ့လေသည်။

၂ရက်ခြား ၃ရက်ခြားတစ်ခါ ထို စည်သူကျော်ဇော ဆိုသူသည် သူမစာအုပ်ဆိုင်ကလေးတွင် စာအုပ်များ လာငှားလေ့ရှိပြီး သူလာတိုင်းလည်း သူမ မှတ်မိနေသော ရနံ့တစ်မျိုးက သူနှင့်အတူ အမြဲ ပါလာတတ်သည်။ သူ့ကို ရင်းနှီးယုံတင်မက သူ့ထံမှ ရတတ်သော စွဲမက်ဖွယ် သင်းပျံ့ပျံ့ ရနံ့လေးကိုပင် သူမ မှတ်မိနေတတ်ပြီ။ ကောက်ချက်ချရလျှင် ထို စည်သူကျော်ဇောဆိုသည်သူ ပညာတတ် လူရည်မွန်တစ်ယောက် ဖြစ်ပုံရပြီး သန့်သန့်ပြန့်ပြန့် နေထိုင်တတ်ပုံရသော သူတစ်ယောက်လည်း ဖြစ်လေသည်။ ဂျင်းဘောင်းဘီနှင့် တီရှပ်ရောင်စုံ ၀တ်ဆင်တတ်ပြီး အ၀တ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်နေတတ်သည်။ သူ့ကိုကြည့်လိုက်လျှင် ရေချိုးပြီးခါစ လူတစ်ယောက်လို လတ်ဆတ်သော ရနံ့တစ်မျိုးနှင့်အတူ အမြဲ ရှင်းသန့်နေလေ့ ရှိသည်။ သူမ စာအုပ်ဆိုင်သို့ သူလာတတ်သော အချိန်သည်လည်း လူရှင်းလေ့ ရှိသော ၉နာရီလောက်တွင်သာ ပုံမှန်လာလေ့ရှိသည်။ သူပြန်အပ်သော စာအုပ်များထဲမှ အချို့အကြောင်းအရာများကို သူမနှင့် ပြန်ဆွေးနွေးလေ့ ရှိသည်။ ဆိုင်တွင်ရှိသော စာအုပ်တော်တော်များများကို ဖတ်ပြီးသော သူမကလည်း သူနှင့်အပြိုင် ပြန်လည် ဆွေးနွေးတတ်သောကြောင့် စာဖတ်ဝါသနာပါသူချင်းမို့ သူမကိုလည်း ပြန်ပြီး ခင်မင်ပုံရလေသည်။

သူမထက် အသက်၎နှစ်ခန့် ကြီးသော သူ့ကို ကိုစည်သူဟု သူမက ခေါ်တတ်ပြီး သူမကိုတော့ သူမနံမည် ကြယ်စင်လင်း ဆိုတာကို သိသော်လည်း မကြယ်စင်ဟုသာ ခေါ်တတ်သည်။ နံမည်ရှေ့ မ ထည့်မခေါ်ရန် သူမက ပြောသော်လည်း ကိုစည်သူက လေးစားသမှုနဲ့ ခေါ်တာပါ ဟု ပြောကာ မကြယ်စင် ဟုသာ ခေါ်မြဲ ခေါ်တတ်လေသည်။ ဆိုင်လာတိုင်းလည်း ဆိုင်ကယ်အမြင့်ကြီးကို စီးလာတတ်ပြီး သူလာတိုင်းလည်း သူ့ဆီက ရနေကျ ရနံ့ခပ်ဖျော့ဖျော့က အမြဲတမ်း ပါလာတတ်သည်။ တစ်ရက်တွင် ကိုစည်သူက ဆရာမဂျူး၏ "ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ " စာအုပ်နှင့် ဆရာ မြသန်းတင့် ဘာသာပြန်ထားသော "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" စာအုပ်ကို ဖတ်ချင်သည်ဟု ပြောသည်။ ထိုစာအုပ်များမှာ တစ်ခြားသူများ ငှားထားသည်ဖြစ်၍ ထိုနေ့က သူမဆိုင်တွင် ရှိမနေသဖြင့် နောက်ရက်ပြန်လာအပ်လျှင် သိမ်းထားပေးမည်ဟု သူမက ကတိပေးလိုက်လေသည်။ ထိုနေ့က ကိုစည်သူက ဆရာမောင်ထွန်းသူနှင့် ဆရာထင်လင်း၏ ဘာသာပြန်နှစ်အုပ်ကို ငှားပြီး သူဖတ်ချင်သော စာအုပ်ကို ဆက်ဆက်ချန်ထားပေးဖို့ မှာပြီး နောက်တစ်ရက်ခြား ဖြစ်သော သန်ဘက်ခါ ညနေတွင် လာယူမည်ဟု ပြောကာ ပြန်သွားခဲ့လေသည်။

နောက်ရက် ညနေပိုင်းတွင် ကြယ်စင်တံတားနှင့် လွမ်းမောခဲ့ရသော နွေညများ စာအုပ်ကို ငှားထားသူက ပြန်လာပို့သောကြောင့် သူမက ထိုစာအုပ်၂အုပ်ကို တော်ရုံ မမြင်နိုင်သော စာအုပ်စင်အမြင့် အပေါ်ဆုံးဆင့်တွင် ကိုစည်သူအတွက် လှမ်းတင်ထားလိုက်လေသည်။ ဒီညသည် ကိုစည်သူ လာလိမ့်မည် မဟုတ်သောကြောင့် မနက်ဖန် ည သူလာလျှင် ပေးဖို့ ကြိုပြီး သိမ်းထားလိုက်ခြင်း ဖြစ်ပြီး အခြားသူများ မြင်လျှင် ထပ်ငှားသွားမည် စိုးသောကြောင့် လူမမြင်နိုင်သော နေရာတွင် သိမ်းထားလိုက်ခြင်းသာ ဖြစ်လေသည်။ ရည်မွန်ယဉ်ကျေးကာ စကားပြောလျှင် အေးဆေးညင်သာစွာဖြင့် ခပ်ပြုံးပြုံးလေး ပြောတတ်ပြီး သူမ အပေါ်တွင်လည်း အခြား ယောက်ျားလေးများလို ရိသဲ့သဲ့စကားများ မပြောတတ်ဘဲ  ကိုယ်ရေးကိုယ်တာများကိုလည်း ဘယ်တော့မှ စပ်စုမေးမြန်းတတ်ခြင်း မရှိသော ကိုစည်သူကို သူမ စိတ်ထဲကလည်း နှစ်နှစ်ကာကာ ခင်မင်မိပါသည်။ ပြီးတော့  သူနှင့်အတူ ပါလာတတ်သော ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်မျိုးကိုလည်း သူမက ရင်းရင်းနှီးနှီး နှစ်သက်နေမိပြီ ဖြစ်လေသည်။

ထိုနေ့ နေ့လည်ခင်းတွင် သူမ အလုပ်လုပ်သော စတိုးဆိုင်တွင် သူမနှင့်အတူတူ စာရင်းကိုင်လုပ်သည့် သူငယ်ချင်း မြနှင်းဖြူက သူမကို သတင်းတစ်ခု ပေးလေသည်။ "မနေ့ညနေက ငါတို့အိမ်နားက မြို့ပတ်လမ်းနဲ့ အဝေးပြေးလမ်းဆုံမှာ ယာဉ်တိုက်မှု ဖြစ်တယ် သိလား.. ကားနဲ့ဆိုင်ကယ် တိုက်မိတာ.. ကားမောင်းတဲ့သူက နည်းနည်း မူးနေတယ်.. အဲဒါ ရှေ့က လာနေတဲ့ဆိုင်ကယ်ကို မူးမူးနဲ့ ၀င်တိုက်မိတာ ဆိုင်ကယ်သမားက ပွဲချင်းပြီး ဆုံးသွားတယ်.. ဆိုင်ကယ်နဲ့လူက ဒီမြို့ကို ရောက်လာတာ မကြာသေးတဲ့ NGO က ၀န်ထမ်း အရာရှိတစ်ယောက်လို့ ပြောကြတယ်.."

နှင်းဖြူစကားအဆုံး သူမ နှင်းဖြူမျက်နှာကို အထိတ်တလန့် ကြည့်မိလိုက်လေသည်။

" နင် သူ့မည် သိလားဟင်… အဲဒီ သေသွားတဲ့သူနံမည် သိလိုက်လား " သူမရဲ့ အမောတကော မေးသံအဆုံး နှင်းဖြူက "ဟင့်အင်း နံမည်တော့ မသိလိုက်ဘူး.. အိမ်က မောင်လေးတွေ ပြောတာ NGO က ၀န်ထမ်း အရာရှိအသစ်လို့ဘဲ ပြောကြတယ်.. ငါလဲ သွားမကြည့်ရဲဘူးလေ.. ပွဲချင်းပြီး သေတာ ဆိုတော့ ကြည့်ရမှာကြောက်တာပေါ့။ ဘာလို့လဲဟင် အဲဒီ NGO က ၀န်ထမ်းတွေနဲ့ နင်သိလို့လား "

သမိုင်းဝင် ဗန်းမော်မြို့နဲ့ ရွှေကျီးနားစေတီတော်



ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို အလည်တစ်ခေါက် အရောက် သွားကြပါစို့လားရှင်။ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ပြီးရင် ဒုတိယမြောက်အကြီးဆုံးဖြစ်တဲ့ ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိနေတာဖြစ်ပြီး တာပိန်မြစ်နဲ့ ဆုံတဲ့ နေရာလည်းဖြစ်ပါတယ်။ မြစ်ချောင်း ပေါများပြီး မြေဆီမြေသြဇာကောင်းမွန်ကာ စိုက်ပျိုးမြေအများအပြားရှိရာဒေသလည်းဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ နီးကပ်စွာ တည်ရှိတာကြောင့် တရုတ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ ကုန်သွယ်မြို့လို့ ဆိုရင်လည်း မမှားပါဘူးရှင်။ ဗန်းမော်မြို့သို့ လေကြောင်း၊ ရေကြောင်း၊ ကုန်ကြောင်းများဖြင့် သွားရောက်နိုင်ပြီး သင်္ဘောဖြင့် အောက်မြန်မာပြည်အရပ်ရပ်သို့ တရုတ်ပြည်ထွက် ကုန်စည်စီးဆင်းရာ  အချက်အခြာ မြို့ဖြစ်ပါတယ်။

ဗန်းမော်မြို့ဆိုတာ ယခုမှ မြို့ပြအိမ်ရာ တည်ထောင်ပြီးဖြစ်ပေါ်လာတဲ့ မြို့မဟုတ်ဘဲ သမိုင်းကြောင်း ရှည်လျားစွာ ရှေးလွန်ခဲ့သော နှစ် ပေါင်း မြောက်မြားစွာကတည်းက တည်ရှိဖြစ်ပေါ်ခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ မူလအမည်ဖြစ်တဲ့ မန်မော် (ရှမ်းဘာသာဖြင့် အိုးလုပ်သော ဒေသ) ဆိုတဲ့ အမည်ကနေ ဗန်းမော်မြို့ရယ်လို့ ကာလရွေ့လျောကာ ပြောင်းလဲလာကြောင်း သိရပါတယ်။ မြို့တစ်မြို့ကို အလည်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ ရောက်တိုင်းမှာ မြို့ရဲ့ သမိုင်းတွေကို စိတ်ဝင်စားမိတဲ့ ကျွန်မက ရာဇ၀င်တွေပြည့်နေတဲ့ ရှေးဟောင်းဘုရင်တွေတည်ခဲ့သော ဗန်းမော်မြို့ကို စိတ်ဝင်စားမိပါတယ်။ ဒါကြောင့် သမိုင်းအထောက်အထား စာအုပ်တွေကို လိုက်ရှာပြီး ဖတ်ကြည့်တဲ့အခါ  ဗန်းမော်မြို့ရဲ့ သမိုင်းကြောင်းဟာ အလွန်စိတ်ဝင်စားစရာ အလွန်ကောင်းတာကို တွေ့ရပါတယ်။ ကျွန်မ ဖတ်မိထားတဲ့ ဗန်းမော်မြို့အကြောင်းလေးကို သမိုင်းတစ်ပုဒ်လိုဖြစ်စေ၊ ပုံပြင်လေးတစ်ပုဒ်လိုဖြစ်စေ  နားထောင်ကြည့်ပါလားရှင်။
Image Hosted by PicturePush - Photo Sharing

ရွှေကျီးနားစေတီအ၀င်ဝ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
ရွှေကျီးနားစေတီတော်

Image Hosted by PicturePush - Photo Sharing

စေတီတည်ရှိရာ လွမ်းမောဖွယ် တောင်တန်းများနဲ့ တာပိန်မြစ်ကမ်း

Image Hosted by PicturePush - Photo Sharing 
သာယာတင့်မောဖွယ်ကောင်းတဲ့ ရွှေကျီးနားစေတီတော်ရှိရာ ကျောင်းပုရဝုဏ်

ဗန်းမော်မြို့အကြောင်း ပြောရမယ်ဆိုရင် ရွှေကျီးနားစေတီနဲ့ အိုက်ခေါတော်စေတီ အကြောင်းကိုလည်း ချန်လှပ်ထားလို့ ရမယ် မထင်ပါဘူး။ ဘာလို့ဆို ဗန်းမော်မြို့နဲ့ အိုက်ခေါတော် စေတီ၊ ရွှေကျီးနားဘုရားတို့ဟာ ခွဲခြားလို့ မရနိုင်တဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့ပါတယ်။ ဗန်းမော်မြို့ရဲ့ နာမည်ကျော် သမိုင်းဝင် ရွှေကျီးနားစေတီနဲ့ အိုက်ခေါတော်စေတီဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အိန္ဒိယမှာ သီရိဓမ္မာ သောကမင်းကြီး စိုးစံချိန်မှာဘဲ တည်ထားခဲ့တယ်လို့ သမိုင်းကြောင်းများက ပြဆိုပါတယ်။ နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိပြီဖြစ်တဲ့ ရွှေကျီးနားစေတီကို လှူဒါန်းတည်ဆောက်ခဲ့တဲ့ ဘုရင်ဟာလည်း ဗန်းမော်မြို့ရယ်လို့ ဖြစ်ပေါ်လာမဲ့ စမ္ပာနဂိုရ်မြို့ကို ရှေးဦးမဆွ တည်ထောင်ခဲ့သော ဘုရင်စမ္ပေယျမင်းရဲ့ မြစ်တော် ဘုရင်စိတ္တရာဇာမင်းနဲ့ စိတ္တရာဇာမင်းကြီးရဲ့ သားတော် ၀ိမလမင်းသားတို့ ဖြစ်ပါတယ်။ စမ္ပာနဂိုရ်မြို့ကို စစဦး တည်ခဲ့တဲ့ ဘုရင်က စမ္ပေယျမင်း ဖြစ်ပါတယ်။

မူလက ၄င်း စမ္ပေယျမင်းဟာ အိန္ဒိယနိုင်ငံ မစ္ဈိမဒေသ အင်္ဂတိုင်းရှိ စမ္ပာနဂိုရ်နေပြည်တော်တွင် စိုးစံနေတော်မူခဲ့ရာ  မိုးခေါင်သောနှစ်တစ်နှစ်တွင် ၄င်းတို့နှင့် နယ်မြေချင်း ကပ်လျှက်ရှိသော မဂဓတိုင်းနှင့် စမ္ပာမြစ်ရေကို ခွဲဝေသုံးစွဲမှုတွင် အငြင်းပွားရာမှာ စစ်မက်ဖြစ်ပွားပါတယ်။ အင်္ဂတိုင်းဘက်မှ စစ်ရှုံးသောအခါ ပြည့်ရှင်ဘုရင် စမ္ပေယျမင်းဟာ မင်းမိဖုရား၊ နောက်လိုက်နောက်ပါ အချွေအရံတို့ဖြင့် ထွက်ပြေးတိမ်းရှောင်လာရာ မြန်မာနိုင်ငံ အထက်ပိုင်း တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံရာအရပ်ကို ရောက်ရှိလာကြပါတယ်။ မြို့သစ် နန်းသစ်တည်ဖို့ မြေအနေအထား ကောင်းမွန်တဲ့အတွက် ၄င်းနေရာကို မြို့သစ်တည်ကြပြီး မူလက စိုးစံခဲ့တဲ့ စမ္ပာနဂိုရ်မြို့ကို သတိတရအနေဖြင့် မြို့သစ်ကိုလည်း စမ္ပာနဂိုရ်မြို့လို့ အမည်နာမ ခေါ်တွင်စေခဲ့ပါတယ်။

စမ္ပေယျမင်း နတ်ရွာစံ ကံတော်ကုန်တဲ့အခါ သားတော် ဗြဟ္မာရကုမ္မာ က ထီးနန်းကို ဆက်လက်စိုးစံပါတယ်။

မက်မွန်ငါးပေါင်းနဲ့ အာလူးထမင်းနယ်


ဒီတစ်ပတ်တော့  မက်မွန်ငါးပေါင်းနဲ့ အာလူးထမင်းကို ချက်ကျွေးပါမယ်နော်။ ဒီနှစ်မျိုးကို တစ်ရက်တည်း ချက်စားဖြစ်တာတော့ မဟုတ်ပါဘူး။ သီးသန့်စီ ချက်တာပါ။ ကျွန်မနေတဲ့မြို့ကလေးမှာ ဒီရာသီဆို မက်မွန်သီး( peach) တွေ လှိုင်လှိုင်ပေါနေပါပြီ။ ဒါကြောင့် ရာသီပေါ် အသီးအနှံများနဲ့ ဟင်းတွေချက်ဖို့ ဝါသနာထုံတဲ့ ကျွန်မက ငါးကို မက်မွန်သီးနဲ့ ပေါင်းဖို့ စဉ်းစားမိပါတယ်။


မက်မွန်ငါးပေါင်း


ငါးကို မက်မွန်သီးနဲ့ပေါင်းဖို့အတွက် ပထမဦးစွာ ငါးတစ်ကောင်ကို ကြေးထိုး၊ ဗိုက်ခွဲ၊ ရေစင်အောင်ဆေး သင့်တော်တဲ့ အတုံးလေးတွေ တုံးပြီး ဆား၊ အရသာမှုန့်၊ ကြက်သွန်ဖြူ ခပ်များများ၊ နံနံ၊ ပဲငံပြာရည်တို့ဖြင့်ရောနယ်ပြီး နှပ်ထားပါတယ်။

အဆာပလာဖြင့် နှပ်ထားစဉ်

Image Hosted by PicturePush - Photo Sharing



လတ်ဆတ်သော မက်မွန်သီး ၃လုံးခန့်ကို ရွေးပါတယ်။ ပျော့အိနေတဲ့ အသီးများ မဖြစ်ဖို့ ဂရုစိုက် ရွေးချယ်သင့်ပါတယ်။ ရေစင်အောင် ဆေးပြီး ပါးပါးလှီးပါတယ်။


ပါးပါးလှီးထားတဲ့ မက်မွန်သီးများကို ငါးရဲ့ အပေါ်ကနေ ဖုံးအုပ်ပါတယ်။ ပြီးနောက် ငရုပ်သီးပါးပါးလှီးထည့်၊ ငရုပ်ကောင်းမှုန့်ဖြူးပါတယ်။  ပေါင်းလိုက်ချိန်မှ ငါးထဲမှရေများ အလိုလိုထွက်လာတဲ့အတွက် ရေသီးသန့်ထည့်စရာ မလိုတော့ပါ။

Image Hosted by PicturePush - Photo Sharing



ထို့နောက် ငါးပန်းကန်ကို ရေနွေးငွေနဲ့ ပုံပါအတိုင်းပေါင်းလိုက်ပါတယ်။ အဖုံးအုပ်ဖို့တော့ လိုပါလိမ့်မယ်။ ၁၅မိနစ်ခန့် ပေါင်းပြီးရင် အိုးပေါ်ကချကာ  အပေါ်ကနေ ပါးပါးလှီးထားတဲ့ နံနံပင် ပြန်အုပ်ပါတယ်။



ငါးမက်မွန်ပေါင်း

အရသာရှိပြီး မက်မွန်သီးနံ့လေး သင်းသင်းမွှေးနေတဲ့ ငါးမက်မွန်ပေါင်းကို ရပါပြီ။


~~~~~~@@@~~~~~~

အာလူးထမင်းနယ်


အာလူးထမင်းပြုလုပ်ဖို့အတွက်တော့ ထမင်းကို ခပ်ပျော့ပျော့ချက်ဖို့ လိုပါတယ်။ လုပ်နည်းမှာ ငါးထမင်း ချက်နည်းအတိုင်းသာ ဖြစ်သော်လည်း ငါးပြုတ်မပါတာတစ်ခုသာ ကွဲပြားပါတယ်။

Image Hosted by PicturePush - Photo Sharing 
အာလူးပြုတ်၊ ကြက်သွန်ဖြူဆီချက်၊ ဆီချက်အနီ၊ ပဲပုတ်ကြော်အမှုန့်၊ ခရမ်းချဉ်သီး ဆီသတ်ချက်၊ ကြက်ဥပြုတ်

အာလူးထမင်းအတွက် လိုအပ်တဲ့ အဆာပလာများကို အထက်ပါအတိုင်း ပြင်ဆင်ထားပါတယ်။.

ကမ္ဘာ့အသေးဆုံး စာကြည့်တိုက်



အလွန်သေးငယ်လှတဲ့ ချစ်စဖွယ် စာအုပ်သေးသေးလေးတွေကို မြင်ဖူးကြပါရဲ့လားရှင်… အချို့သော သူတွေကတော့ အပျော်အဖြစ် ပြုလုပ်ထားတဲ့ စာအုပ်ငယ်လေးတွေကို မြင်ဖူးကောင်း မြင်ဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ စာကြည့်တိုက် ခပ်သေးသေးတစ်ခုစာလုံး အလွန်သေးငယ်လှတဲ့ စာအုပ်တွေချည်း ပြည့်နေတာမျိုးတော့ မြင်တွေ့ဖူးသူ နည်းမယ် ထင်ပါတယ်နော်။ တကယ်ရှိပါတယ်။ စာကြည့်တိုက် ခပ်သေးသေးလေး တစ်ခုရယ်ပေါ့။ အဲဒီ စာကြည့်တိုက်ငယ်လေးထဲမှာ စာအုပ်သေးသေးတွေ ပြည့်နေအောင် ရှိနေတာပါ။ ကမ္ဘာ့အသေးဆုံး စာအုပ်တွေစုနေတဲ့ ကမ္ဘာ့အသေးဆုံး စာကြည့်တိုက်လေးပါ။

smallest library 1

သေးလိုက်တဲ့စာအုပ်

smallest library 2

ဒီလောက်တောင်သေးတယ်


smallest library 5

smallest library 6
ချစ်စဖွယ် စာအုပ်လေး

smallest library 3
စာအုပ်သေးလေးများရဲ့ စင်

smallest library 4

စိတ်ဝင်စားစရာ စာကြည့်တိုက်လေးထဲမှာ စာအုပ်အသေးလေးတွေကို စုဆောင်းထားသူက Jozsef Tari ဖြစ်ပါတယ်.. သူဟာ ၁၉၆၉ခုနှစ်ကတည်းက စာအုပ်အသေးလေးတွေကို စုဆောင်းခဲ့တာဖြစ်ပြီး စာအုပ်ငယ်ပေါင်း ၄၅၀၀ခန့်စုဆောင်းမိခဲ့ပါတယ်. အဲဒီစာအုပ်တွေထဲမှာ သေးပေ့ဆိုတဲ့ အရွယ် အလျား ၀.၁၂ အနံ ၀.၁၁ သာရှိသော ကမ္ဘာ့အသေးဆုံး စာအုပ်လည်းပါဝင်ပါတယ်။ စာအုပ်တွေဟာ အားကစား၊ နိုင်ငံရေး၊ ဘာသာရေး ၊ ဂီတ စသဖြင့် အမျိုးအစား စုံလင်လှပါတယ်။ Jozsef Tari ဟာ သူစုဆောင်းထားတဲ့ စာအုပ်ငယ်လေးတွေကို စာအုပ်စင် သေးသေးဖြင့် စနစ်တကျ သပ်ရပ်စွာ စီရီထားပြီး စာအုပ်စင်လေးကို စာကြည့်တိုက်အသေးစားလေးလို့ အမည်ပေးထားပါတယ်။ သူဟာ ဒီစာအုပ်ငယ်လေးတွေကို ဖတ်ဖို့ စုဆောင်းထားတာလား ဒါမှမဟုတ် ဂုဏ်ယူစရာအဖြစ် အလှထားဖို့သက်သက် စုဆောင်းထားတာလား ဆိုတာကိုတော့ စာကြည့်တိုက်ပိုင်ရှင် Jozsef Tari ကသာ အသိဆုံး ဖြစ်ပါလိမ့်မယ်နော်။


~~~~~~~~~~~~~@@~~~~~~~~~~~~~~
တယ်လီဖုန်းရုံစာကြည့်တိုက်

နောက်ထပ် ကမ္ဘာ့အသေးဆုံး စာကြည့်တိုက်လို့ သတ်မှတ်ထားတာကတော့ အနီရောင် တယ်လီဖုန်းရုံ အဟောင်းတစ်ခု ဖြစ်ပါတယ်။ ဒီတယ်လီဖုန်းရုံအဟောင်းကို ပိုင်ရှင်ဖြစ်သူက ကျသင့်ငွေ ၁ပေါင်ဖြင့်သာ ဝယ်ယူခဲ့ပြီး ပြန်လည်ပြင်ဆင်ကာ စာကြည့်တိုက်ကလေးအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အထဲမှာ စာအုပ်အမျိုးအစားပေါင်း ၁၀၀ကျော် ပါရှိပြီး အချက်အပြုတ်စာအုပ်မှစ၍ ဂန္တ၀င်စာပေအထိ ရှိနေပါတယ်။ DVDခွေများလည်း ရှိပါတယ်။ ဒီစာကြည့်တိုက်လေးဟာ ၂၄နာရီ ဖွင့်လှစ်ထားပြီး တစ်နှစ်မှာ ၃၆၅ရက် ဖွင့်တယ်လို့ ဆိုပါတယ်။ စာကြည့်တိုက်ကလေးကနေ စာအုပ်ငှားလိုသူများ တန်းစီစောင့်ဆိုင်းနေကြတာ တွေ့ရပါတယ်။

Image Hosted by PicturePush - Photo Sharing

တယ်လီဖုန်းရုံစာကြည့်တိုက်


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

စာအုပ်ငှားမဲ့သူတွေ တန်းစီ

Image Hosted by PicturePush - Photo Sharing


စာအုပ်ငှားမယ်

Image Hosted by PicturePush - Photo Sharing



စိတ်ကူးကောင်းသူများကျတော့ တယ်လီဖုန်းရုံအဟောင်းတောင် စာကြည့်တိုက်ဖြစ်အောင် လုပ်ကြပါတယ်။ ကျွန်မတို့တွေလည်း ရပ်ရွာတွေမှာ စာကြည့်တိုက်အဆောက်အဦး မဆောက်နိုင်လို့ စာကြည့်တိုက် မထားနိုင်သေးဘူးလို့ ဆင်ခြေပေးမဲ့အစား ရှိတဲ့နေရာလေးမှာ ရသလောက်လေးနဲ့ စာကြည့်တိုက်တစ်ခု ပြုစုပျိုးထောင်နိုင်တယ် မဟုတ်လားနော်။



ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာကြပါစေရှင်..



Image Hosted by PicturePush - Photo Sharing 
Source ; planetoddity.com

ကမ္ဘာ့အလှဆုံး ပန်းခြင်းများရဲ့ ဥယျာဉ်


သိပ်ကိုလှပ ခမ်းနားတဲ့ ပန်းခြံကြီးတစ်ခုထဲ အလည်သွားကြည့်ကြပါစို့လားရှင်။ အဲဒီ ပန်းဥယျာဉ်ကြီးကတော့ ကန္တာရထဲက အိုအေစစ်လို့ ပြောလို့ရလောက်အောင်ဘဲ ပူပြင်းခြောက်သွေ့လှတဲ့ UAE နိုင်ငံရဲ့ ရာသီဥတုကို အံတုပြီး ပန်းမျိုးစုံလင်စွာ လန်းဆန်းပွင့်ဝေနေအောင် အထူးပြင်ဆင်ထားတဲ့ Al Ain Paradise အမည်ရ ပန်းဥယျာဉ်ကြီးပါ။ Akar မြေယာရှုခင်း ပြုပြင်အလှဆင်ရေးလုပ်ငန်းက တာဝန်ယူကာ အလှဆင်နေခဲ့တာဖြစ်ပြီး ယခင်ကတော့ စတုရန်းပေ ၇၀၀၀ခန့်သာ ကျယ်ဝန်းသော်လည်း ခုချိန်မှာတော့ စတုရန်းမီတာ ၂၁၀၀၀ အထိ ကျယ်ဝန်းလာပြီ ဖြစ်ပါတယ်။ ပန်းဥယျာဉ်ကြီးထဲမှာ လျှောက်လမ်းများ၊ ကော်ရစ်ဒါများဟာ အရှည် စုစုပေါင်း ၂၄၀၀ မီတာခန့် လှပခမ်းနားစွာ ရှိနေပါတယ်။



Al-Ain-Paradise-gateway

စတင်ပြုလုပ်စဉ်က  



Al-Ain-Paradise-2

အီဖယ်လ်မျှော်စင်နဲ့ ပုံစံတူလည်းရှိရဲ့

ဒီပန်းခြံရဲ့ ထူးခြားချက်က မြေပြင်ပေါ်စိုက်ထားတဲ့ ပန်းပင်သက်သက်သာ ရှိတာမဟုတ်ဘဲ အမြင့်မှာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ပန်းခြင်းများစွာပြုလုပ်ပြီး လှပစွာ ချိတ်ဆွဲထားတာဖြစ်တာကြောင့် Hanging Gardens လို့လည်း အမည်ခေါ်တွင်ပါတယ်။ ယခင်ကတော့ ပန်းခြင်းအများဆုံး ပန်းခြံအဖြစ် ကမ္ဘာ့စံချိန်တင်ဖို့အတွက် သက်သက် ပြုလုပ်ခဲ့တာဖြစ်ပြီး ၄င်းတို့ရည်ရွယ်ချက်အတိုင်း Guinness စာအုပ်ထဲမှာ ကမ္ဘာ့ ပန်းခြင်းအများဆုံး ပန်းခြံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပန်းခြင်း စုစုပေါင်း ၂၅၀၀ ဖြင့် အလှဆင်ထားပြီး ကမ္ဘာတလွှား အမေရိကား၊ ဥရောပ၊ ဂျာမဏီ၊ ဂျပန်၊ အီတလီ စသည့်နိုင်ငံတို့မှ ပန်းအမျိုးအစားပေါင်းစုံတို့ကို မှာယူတင်သွင်းကာ စိုက်ပျိုးထားတာ ဖြစ်ပါတယ်။


Al-Ain-Paradise-Hanging-Gardens-2-4

The Guinness World Records notice…


Al-Ain-Paradise-3

ပန်းခြင်းပေါင်းများစွာ

Al-Ain-Paradise-4


Al-Ain-Paradise-Hanging-Gardens-2-8


Al-Ain-Paradise-Hanging-Gardens-2-9


Al-Ain-Paradise-Hanging-Gardens-2-11

Al-Ain-Paradise-Hanging-Gardens-2-12



Al-Ain-Paradise-Hanging-Gardens-2-14


ပန်းခြံထဲသို့ အလည်ရောက်ရှိလာကြသော ကမ္ဘာတလွှားမှ ဧည့်သည်များစွာတို့က အရောင်မျိုးစုံလင်လှသော ပန်းပွင့်သော သန်းပေါင်းများစွာကို အခင်းအကျင်းမျိုးစုံဖြင့် တစ်နေရာထဲမှာ မြင်တွေ့ရတာဟာ အလွန်ထူးခြားလှတဲ့ မြင်ကွင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရောက်လာသူတွေထဲမှာ စည်းကမ်းရှိပြီး ပန်းတွေကို တန်ဖိုးထားတတ်တဲ့ ဧည့်သည်တွေ ပါဝင်သလို ပန်းခြံထဲမှ အပင်တွေ ပန်းအိုးတွေကို ဖျက်ဆီးသွားသူတွေ၊ ခိုးယူသွားသူတွေလည်း ရှိပါတယ်။ ယခုအခါ စည်းစနစ်ကျနတဲ့ လုံခြုံရေးစနစ်ကို တတ်ဆင်ထားပြီဖြစ်ကြောင်းနဲ့ ပန်းခြံကို ဖျက်လိုဖျက်ဆီး ပြုလုပ်လိုသူတို့ အန္တရာယ်မှ ကာကွယ်ဖို့ ပြင်ဆင်ထားပြီဖြစ်ကြောင်း Akar မြေယာရှုခင်းပြုပြင်ရေး တာဝန်ခံ အထွေထွေမန်နေဂျာ Abdul Nasser Rahhal က ပြောပါတယ်။ ပန်းခြင်းမှာလည်း ယခင်က ၂၅၀၀သာ ရှိသော်လည်း ယခုအခါ ၂၉၆၅ခြင်း ရှိနေပြီဖြစ်ပါတယ်။ ယခုနောက်ပိုင်း ပြန်လည်ပြုပြင်ပြီး အရောင်အသွေးစုံလင် ပန်းမျိုးစုံဝေဆာနေတဲ့ ပန်းဥယျာဉ်ကြီးရဲ့ ပုံကို အောက်မှာ ဆက်လက်ကြည့်ရှုကြည့်ပါရှင်။