ညလယ်ယံမှ အသက်ရှူသံ


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမနားထဲသို့ တိုးညင်းသော အသက်ရှုသံ ဖွဖွလေးက အိပ်မက်ထဲမှာလိုလို ကြားနေရသည်။ သူမ အိပ်မက်မက်နေသည်လား။ ထိုအသက်ရှုသံကို အိပ်မက်ထဲမှာ ကြားနေရတာလား၊ အပြင်မှာ တကယ် ကြားနေတာလား ဝေခွဲမရ ဖြစ်နေမိသည်။ မိမိကိုယ်ကိုလည်း အိပ်ပျော်နေသည်လား နိုးနေသည်လား မသေချာ ။ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေတာဖြစ်မည်။ သို့သော် မျက်လုံးက ဖွင့်လို့ မရသလို၊ တစ်ကိုယ်လုံးလည်း လှုပ်ရှားလို့ မရ ဖြစ်နေခဲ့သည်။ သူမလက်က ဘေးနားက ဖက်လုံးကို တင်းတင်း ဆုပ်ကိုင်လိုက်ကာ မိမိကိုယ်ကိုယ် အိပ်ရာက နိုးလာအောင် ပြန်နိုးယူလိုက်ရသည်။ အိပ်မက်၏ အပြင်ဘက်ကမ္ဘာ လက်ရှိ သူမ အခန်းလေးထဲသို့ စိတ်၊ ခန္ဓာတစ်ခုလုံး ပြန်ရောက်ချိန်မှာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ တစ်ခန်းလုံး မဲမှောင် တိတ်ဆိတ်လို့နေသည်။ မအိပ်ခင်က သူမ အခန်းမီးကို ပိတ်ထားခဲ့သည်ဘဲ။ သို့သော် အိပ်မက်ထဲမှာ ကြားရသည်ဟု ထင်နေခဲ့သော အသက်ရှုသံ တိုးဖွဖွက အပြင်မှာ တကယ်ကိုကြားနေတာ ဖြစ်ကြောင်း သူမ သိသွားသောအခါ ကြက်သီးမွေးညှင်းများ ထောင်ထသွားအောင် လူတစ်ကိုယ်လုံး ဖျင်းကနဲ ဖြစ်သွားတော့သည်။ ဟုတ်ပါ့မလား ဆိုသောစိတ်ဖြင့် သေချာ နားစိုက်ထောင်လေ ထိုအသက်ရှုသံတိုးတိုးလေးက ပိုသိသာလေ။ သူမနားထဲ သဲသဲကွဲကွဲ ပိုကြားရလေ ဖြစ်လာသည်။


“ဘုရားရေ” ဒါဟာ တကယ်ပါဘဲ… အိပ်မက်ထဲမှာ ကြားနေရတာ မဟုတ်ဘဲ၊ အပြင်မှာ တကယ်ကို ကြားနေရတာပါလား .. သူမ အခန်းထဲ ဘယ်နေရာကနေ အသက်ရှုသံ ထွက်ပေါ်နေတာပါလိမ့်။  တံခါးတွေကို အမြဲတမ်း သေသေချာချာ အလုံပိတ်ပြီးမှ တစ်ယောက်တည်း အိပ်တတ်သော သူမ အခန်းထဲသို့ သက်ရှိတစ်ကောင်တစ်လေမှ ၀င်ရောက်နိုင်ဖွယ် မရှိပါ။ သို့သော် သေချာတာက အသက်ရှုသံ တိုးတိုးလေးကို တကယ်ကြားနေရခြင်းဖြစ်သည်။ ထိုအသက်ရှုသံက ခြေရင်းဘက်ဆီမှ ထွက်ပေါ်လာနေတာ ဖြစ်ပြီး အမှောင်ထဲမှာ သူမ ခေါင်းလေးကို မသိမသာထောင်၍ အားစိုက်ကြည့်မိသော်လည်း ဘာကိုမှ မမြင်နိုင်လောက်အောင် မဲမှောင်လို့နေသည်။ သူမ ခြေဖျား၊ လက်ဖျားများလည်း အေးစက်လို့လာသည်။ အိမ်ကလူတွေ ကြားအောင် အော်ဟစ်လိုက်ရမည်လား စဉ်းစားမိသေးသည်။ သို့သော် ထိုသို့ အော်လိုက်တုန်း ယခုအသက်ရှုသံ ထွက်ပေါ်လာနေသော အရာဆီမှ သူမကို တစ်ခုခု လုပ်လိုက်လေမည်လား ဆိုတာကို စဉ်းစားမိပြန်တော့ အသံပင် မထွက်ရဲချေ။ ပြီးတော့ အော်လိုက်ရင်လည်း အိမ်ကလူတွေ ရုတ်တရက် ချက်ခြင်းနိုးဖို့က မသေချာပြန်။ ဒီချိန်ဆို အားလုံး အိပ်မောကျနေလောက်ပေပြီ။ ထိုအချိန်လေးမှာ တစ်ခုခုဖြစ်မသွားဘူးလို့ မပြောနိုင်ပါ။

သူမအခန်းထဲ လူတစ်ယောက်ယောက်များ ၀င်နေတာလား။ တွေးမိပြန်တော့ တုန်လှုပ်စိတ်ဖြင့် ချွေးစေးများပင် ပြန်စပြုလာသည်။ အခန်းထဲမှ ထိုသူသည် သူမ အသက်အန္တရာယ်ကို ရန်ရှာဖို့လား။ ပစ္စည်းလိုချင်တဲ့သူလား။ ကယ်တော်မူပါ။ သူမ ဘာလုပ်ရမှာပါလိမ့်။ ဒီပုံအတိုင်း မိုးလင်းအောင် ထိုင်စောင့်နေရမည်လား။ အိုး.. ဒီအသက်ရှုသံ ထွက်ပေါ်နေသော တစ်စုံတစ်ယောက်ရှိနေတာ သေချာသည့် ဒီအခန်းထဲ ဘယ်လိုနည်းနဲ့ မနက်မိုးလင်းချိန်ထိ သူမ စောင့်နေနိုင်ပါ့မလဲ။ အခန်းမီးကို ဖွင့်လိုက်ချင်သော်လည်း မီးခလုပ်က ကုတင်နှင့် ခပ်လှမ်းလှမ်းမှာမို့ ထိုနေရာထိ ရောက်အောင် သွားဖို့က ကုတင်ပေါ်မှ ဆင်းရမည်။ ထိုသို့ ကုတင်ပေါ်မှ ဆင်းလိုက်လို့ သူမဆီက လှုပ်လှုပ်ရှားရှား အသံကြားလျှင် ထိုအသက်ရှုသံ ထွက်နေသော အရာက သူမကို တစ်ခုခု မလုပ်ဘူးလို့ ဘယ်သူက ပြောနိုင်ပါ့မလဲ။ သူမ ကုတင်နားတစ်ဝိုက်တွင် မီးခြစ်လို၊ အင်မာဂျင်စီလိုက်လို အရာမျိုးလည်း တစ်ခုမှ ယူမထားမိ။ သူမဆီက တစ်စုံတစ်ရာ အသံထွက်သွားမည်စိုး၍ အိပ်ပျော်ရာမှ နိုးထလာသော ပက်လက် အနေအထားအတိုင်း တစ်လက်မမျှပင် မလှုပ်ရှားရဲတော့ဘဲ ငြိမ်နေရသဖြင့် တစ်ကိုယ်လုံးပင် တောင့်တင်းလာသည်။

ထူးဆန်းတာက အသက်ရှုသံ ထွက်ပေါ်နေသော အရာမှာ လှုပ်ရှားမှု ရှိဟန်မတူ။ အသက်ရှုသံ မှန်မှန်သာ ထွက်ပေါ်နေသော်လည်း အခြားဘာသံမှ မကြားရသည့်ပြင် ၄င်းအသံမှာ သူမကုတင်ခြေရင်း တစ်နေရာတည်းမှ ငြိမ်သက်စွာ ထွက်ပေါ်နေခြင်းဖြစ်သည်။ ကြည့်ရသည်မှာ သူမ နိုးနေမှန်းသိသောကြောင့် ငြိမ်သက်စွာ ပုန်းနေခြင်းလား.။ သို့တည်းမဟုတ် သူမ လှုပ်ရှားမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခြင်းလား မသိနိုင်ပြန်။ ကြောက်ရွံ့မှုက လူတစ်ကိုယ်လုံးကို အေးခဲစေမတတ် ဖြစ်စေကာ အာခေါင်များပင် ခြောက်သွေ့ အက်ကွဲလာသည်ဟု သူမ ထင်သည်။ အိုး ဘာဘဲဖြစ်ဖြစ် ဒီအတိုင်း ငြိမ်နေမည်ဆိုလျှင် ကြောက်တာနှင့် အသက်ပါသွားလိမ့်မည်။ တစ်ခုခုလုပ်မှ ဖြစ်တော့မည်။ ဘာလုပ်ရမည်လဲ။ မီးခလုတ် ပြေးဖွင့်ရမည်လား၊ အော်ဟစ်လိုက်ရမည်လား။ စဉ်းစားရင်းမှ သူမ ဘာလုပ်ရမည် ဆိုတာကို သိသွားတော့သည်။

သူမ ခန္ဓာကိုယ်ကို အသံမမြည်အောင် ဖြေးဖြေးလေး ကြွလိုက်ပြီး ခြေထောက်၂ဖက်ကို ကုတင်အောက်သို့ အသာအယာ ချလိုက်သည်။ ခြေထောက် ၂ဖက်လုံး ကုတင်အောက် ရောက်ပြီး၊ တစ်ကိုယ်လုံး ခြေထောက်ပေါ် အားပြုလို့ရတာနှင့် အခန်းတံခါးရှိရာကို တန်းပြီးပြေးတော့သည်။ မမြင်ရအောင် မဲမှောင်နေသော်လည်း သူမ အမြဲ နေလာသော အိပ်ခန်း၏ နေရာ အနေအထား အားလုံး သူမ အလွတ်ရနေပြီးသား ဖြစ်သည်။ အခန်းတံခါးပေါက် ရောက်တာနှင့် လက်ကိုင်ကို ဆွဲဖွင့်ကာ တံခါးကို ပြန်ဆောင့်ပိတ်ခဲ့ပြီး သူမ မောင်လေး၂ယောက် အိပ်သောအခန်းသို့ ပြေးကာ တံခါးကို အားကုန်ထုတော့သည်။ သူမ မိဘများ အခန်းတံခါးကိုလည်း သွားထုပြန်သည်။ အသံအကျယ်ကြီးဖြင့်လည်း အော်နိုးသည်။ သူမ တံခါးထုသံ၊ အော်သံများကြောင့် တစ်အိမ်လုံး အထိတ်တလန့် နိုးလာကြရလေသည်။ အိမ်က ထမင်းချက် ဒေါ်ကြီးအေးနှင့် အိမ်အကူ မိလုံးတို့ပါမကျန် အားလုံး အိပ်မှုန်စုန်မွားဖြင့် နိုးထလာကြကာ သူမကို ဘာဖြစ်တာလဲ ဟု ၀ိုင်းမေးကြလေသည်။ အဖြစ်အပျက်ကို မောကြီးပန်းကြီး သူမ ရှင်းပြသောအခါ အားလုံးက ထိတ်လန့် အံ့အားသင့်စွာ စဉ်းစားကြလေသည်။ အပြင်လူ မ၀င်နိုင်အောင် လုံခြုံလှသော သူတို့အိမ်ထဲသို့ ဘယ်လိုသူစိမ်း၊ သို့မဟုတ် သူခိုးက ၀င်ရောက် နေနိုင်ပါနည်း။

မောင်နှစ်ယောက်က ဧည့်ခန်းနံရံမှာ အလှချိတ်ထားသော ငွေဓါးနှစ်လက်ကို သွားဆွဲယူလာကြသလို ဖေဖေကတော့ အင်မာဂျင်စီလိုက်နှင့်အတူ သူ့လက်ကိုင်ဖုန်းကို ယူလာသည်။ တစ်ခုခုဆို ချက်ခြင်း ဖုန်းကောက်ဆက်ဖို့ ဖြစ်နိုင်သည်။ ဒေါ်ကြီးအေးက အ၀တ်လျှော်တုတ်ကို သွားယူလာကာ မိလုံးကတော့ ကြက်သွန်လှီးသည့် ဓါးအသေးလေးကို ယောင်ယောင်ကန်းကန်း ဆွဲယူလာခဲ့သည်။ လူအစုကြီးဖြင့် သူမ အခန်းရှိရာကို ချီတက်ကြပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်ကာ မီးခလုပ်ကို မောင်လေးအငယ်မှ သွားဖွင့်လိုက်ပြီး သူမအခန်းထဲကို လှည့်ပတ် ရှာဖွေကြတော့သည်။ ကုတင်ခြေရင်းဘက် ရောက်သွားတော့ မောင်လေး ဆီမှ “ဒီမှာ ဒီမှာ လာကြည့်စမ်းပါဦး” ဟု အသံထွက်လာသောအခါ ထိုနေရာသို့ အားလုံး အပြေးအလွှားရောက်သွားပြီး ကြည့်လိုက်သော အခါတွင်တော့ သူမ ကုတင်ပေါ်မှ ပြုတ်ကျနေသော စောင်ပေါ်တွင် အကျအန တက်အိပ်ကာ အသက်မှန်မှန်ရှုရင်း အိပ်ပျော်နေသော “ကြောင်တစ်ကောင်”။

“ ဟင်. ဒါ ဟိုဘက်အိမ်က ကြောင်မ ရွှေဝါလေးပါလား ” ဒေါ်ကြီးအေးထံမှ အသံထွက်လာသည်။ “ဟိုဘက်အိမ်က ကြောင်က ဘယ်လိုလုပ် သမီးအခန်းထဲ ရောက်နေတာလဲ” သူမက မကျေမနပ် မေးတော့ “ညနေက ထမင်းစားခန်းရှေ့ကနေ သူ ဖြတ်သွားတာတော့ တွေ့လိုက်တယ် .. ဒေါ်ကြီးလဲ သူ့အိမ်သူ ပြန်သွားပြီ ထင်နေတာ လက်စသပ်တော့ သမီးအခန်းထဲ ရောက်နေတာကိုး.. ” ထိုအခါမှ အားလုံးလည်း သက်ပြင်းချနိုင်ပြီး ရယ်ရယ်မောမောဖြစ်ကာ သူမကို စနောက်ကြတော့သည်။ သူမကြောင့် တစ်အိမ်လုံးလည်း အိပ်ပျက်သွားရပြီ မဟုတ်ပါလား။ အစောတုန်းကတော့ ကြောက်လွန်း၍ အသက်ပင် မရှုမိအောင် ဖြစ်ခဲ့ရသော သူမမှာ ခုတော့ ဘယ်သူ့ဒေါသထွက်ရမှန်းမသိ ဖြစ်လာကာ နောက်ဆုံး အိပ်ပျော်နေသော ကြောင်ကို ဂုတ်ကနေ ကိုင်ဆွဲကာ ခပ်ဆတ်ဆတ် တစ်ချက် ရိုက်ထည့်လိုက်ပြီး မိလုံးလက်ထဲ ထိုးထည့်လိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောမိတော့သည်။



Image Hosted by PicturePush - Photo Sharing

( ဒီဝတ္ထုတိုလေးက တစ်ခြားဆိုဒ်တစ်ခုမှာ အရင်က ရေးခဲ့ဖူးတဲ့ဝတ္ထုလေး ဖြစ်ပါတယ်။)

ချစ်သော ဧရာဝတီ




ကျွန်မတို့ကချင်ပြည်နယ်မှာ သိပ်ကို ဂန္တဝင်ဆန် လှပတဲ့ သူမ ရှိပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေတဲ့ သူမပါ။ သူမဆိုတာ တစ်ခြားတော့ မဟုတ်ပါ။ သိပ်လှတဲ့ ဧရာဝတီမြစ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်က စလို့ မြစ်ဖျားခံစီးဆင်းပြီး မြန်မာနိုင်ငံအလယ်ပိုင်း အောက်ပိုင်း တို့ကို ဖြတ်သန်းကာ နောက်ဆုံးမှာ ပင်လယ်ကြီးထဲ စီးဝင်ပျောက်ကွယ်သွားတဲ့ မြန်မာပြည်သူစစ်စစ် သူမဟာ ခမ်းနားတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။ ကျွန်မ ဧရာဝတီမြစ်ကို သိပ်သဘောကျမိပါတယ်။

ဧရာဝတီမြစ်ကြီး ဖြတ်သန်းစီးဆင်းတဲ့ မြို့တွေ ရောက်လေတိုင်းမြစ်ပြင်ကို ပြက်ပြက်ထင်ထင် မြင်ရတဲ့ ရှုခင်းကောင်းကောင်း နေရာမျိုးကို ရောက်အောင် သွားတတ်ခဲ့ပါတယ်။ အားမာန်အပြည့်နဲ့ တည်ငြိမ်စွာ စီးဆင်းနေတဲ့ မြစ်ရေကိုမြင်ရတိုင်း ခွန်အားတွေ တိုးပွားလာတယ်လို့ ကျွန်မ စိတ်ထဲ ခံစားမိပါတယ်။ မေခ မေလိခမြစ်နှစ်စင်းဆုံလို့ ဖြစ်ပေါ်လာတဲ့ မြစ်ဧရာအကြောင်း ဟိုယခင်က အက်ဆေးလေးတစ်ပုဒ်အနေနဲ့ ရေးခဲ့ဖူးပါသေးတယ်။ ခုချိန်မှာ ဧရာဝတီမြစ် အကြောင်း ပြန်ရေးချင်စိတ်ပေါ်လာရတာက ပြီးခဲ့တဲ့ လပိုင်းက အိမ်အပြန်မှာ မြစ်ကြီးနား၊ ဗန်းမော်စတဲ့ မြို့တွေအရောက်မှာ ဧရာဝတီမြစ်ရဲ့ ရှုခင်းပေါင်းစုံက အလှတွေနဲ့အတူ မြစ်ဆုံအထိ သွားရောက်လို့ ဓာတ်ပုံတွေ များစွာ ရိုက်ယူခဲ့ပါတယ်။ သို့ပေမဲ့ ကံဆိုးစွာဘဲ မြစ်ကြီးနား၊ မြစ်ဆုံ ၊ ကရိန်နော်နဲ့ ကျွန်မရဲ့ ဇာတိဒေသက ဓာတ်ပုံတွေအားလုံး ၈၀%နီးပါးဟာ ကင်မရာထဲကနေ မင်မိုရီစတစ်ထဲ အကူးမှာ ပျက်စီး ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကြောင့် ကျန်နေတဲ့ ၂၀%ထဲက ပုံတွေနဲ့ ပိုစ့်တွေတင်ဖြစ်ခဲ့ပါတယ်။ အခုလည်း ဧရာဝတီမြစ်ရဲ့ ဓာတ်ပုံတစ်ချို့ကို ကျွန်မထံမှာ ကျန်ရှိထားသလောက်လေး ဖော်ပြချင်ပါတယ်။

 
မြစ်ကြီးနားမှာ ကျွန်မကျောင်းတက်ခဲ့စဉ်က ကျွန်မတို့ သူငယ်ချင်းတစ်စုတွေ မြစ်ဆိပ်မှာ အမြဲတမ်း သွားသွားထိုင်တဲ့အကျင့် ရှိပါတယ်။ ဧရာဝတီဟာ တစ်ခါတစ်ရံ စိမ်းလဲ့ကြည်လင် နေတတ်သလို နေရောင်ဖြာကျချိန်မှာတော့ ငွေရောင်ဖိတ်လက်နေတတ်ပြန်တဲ့အခါ မြစ်ပြင်ကြီးက သိပ်ကိုလှပတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်. တစ်ဖက်ကမ်းက ညိုမှိုင်းမှိုင်း တောင်တန်းကြီးတွေကလည်း ဆွေးရိပ်သန်းစရာ လွမ်းစရာ ရှုခင်း ဖြစ်နေတတ်ခဲ့သလို မြစ်ပြင်က ကျွန်းလယ်မှာ ကူးခတ်ပျော်ပါး ဆော့ကစားနေတဲ့ အနီရောင် ဟင်္သာငှက်လေးတွေကို တွေ့ရတာကျပြန်တော့ ကြည်နူးစရာ ကောင်းနေပြန်ပါတယ်။ သိပ်လှတဲ့ မြစ်ဧရာရဲ့ အလှဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ ကြည့်မဝတဲ့ ရှုခင်းတွေ ဖြစ်ပါတယ်။

အခြားမြို့တွေမှာ ကျောင်းဆက်တက်ဖြစ်လို့ မြစ်ကြီးနားမြို့နဲ့ ဝေးသွားတဲ့အခါမှာလည်း အမြဲမြင်ခဲ့ရတဲ့ ဧရာဝတီမြစ်ရဲ့ အလှဟာ ကျွန်မရဲ့ အတွေးထဲမှာ အမြဲတမ်း စိုးမိုးထားခဲ့ဖူးပါတယ်။ မြစ်ဆိပ်မှာထိုင်ခဲ့ချိန်တွေ မြစ်ပြင်ရဲ့ ငွေရောင်ဖိတ်လက်နေချိန်တွေ ညနေဆည်းဆာချိန်ရဲ့ တစ်ဖက်ကမ်းက မှုန်ပြပြတောင်တန်းကြီးတွေ၊ သဲသောင်အပြန့် ကျယ်ကျယ်ကြီးတွေ၊ တစ်ဖက်ကမ်းက စိုက်ခင်း စိမ်းစိမ်းတွေ၊ ဆောင်းမနက်ခင်း နှင်းမှုန်တွေအောက်က အဖြူရောင်အငွေ့တွေ ဝေနေတတ်တဲ့  မြစ်ပြင်စိမ်းစိမ်း၊ လှပစီရီနေတတ်တဲ့ ကမ်းစပ်က ကျောက်တုံးတွေ စသဖြင့် မြင်ကွင်းတွေအားလုံးကို ပြန်မြင်ယောင်နေတတ်ခဲ့ပါတယ်။ မန္တလေးမှာ ကျောင်းတက်ချိန်ကျတော့ မြစ်ဆိပ်နဲ့ သိပ်ဝေးလွန်းတဲ့အတွက် စစ်ကိုင်းတံတားကြီးကိုဖြတ်ချိန်ရယ် မင်းကွန်းသွားချိန်ရယ်ကလွဲလို့ ဧရာဝတီမြစ်ဆီကို ကျွန်မ မရောက်ဖြစ်တော့ပါဘူး။


ဒီလိုနဲ့ ကျွန်မ  မြစ်ဧရာကို မတွေ့ရတာ အတော် ကြာသွားခဲ့ပါတယ်။ ဟိုတစ်လောက အိမ်ပြန်မှာ ဗန်းမော်မြို့ကို အလည်ရောက်ချိန်မှာ သူငယ်ချင်းကို ဧရာဝတီမြစ်ကို ကောင်းကောင်းမြင်ရတဲ့ နေရာကို လိုက်ပို့ပေးပါလို့ တောင်းဆိုပြီး လိုက်ပို့ခိုင်းမိပါတယ်။ သူငယ်ချင်းက ကျွန်မကို ဗန်းမော်မြို့ရဲ့ သဘောင်္ဆိပ်ကို လိုက်ပို့ပါတယ်။ အဲဒီမှာတော့ စက်လှေဆိပ်၊ သင်္ဘောဆိပ်ဆိုတဲ့အတိုင်း သင်္ဘောတွေ၊ စက်လှေတွေ၊ လူတွေ ၊ ဈေးဆိုင်တွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ မြစ်ဆိပ် မြင်ကွင်းကို မြင်ရတာကြောင့် ဓာတ်ပုံ နည်းနည်းသာ ရိုက်ယူခဲ့ပါတယ်။



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
အိုးတွေ ရောင်းနေတဲ့ မြစ်ဆိပ်ကမ်းက ဆိုင်


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ပြီးတာနဲ့ သူငယ်ချင်းကို " ဧရာဝတီ မြစ်ပြင်ရဲ့ အလှကို လူတွေ စက်လှေတွေ၊ သင်္ဘောတွေ စတဲ့ အတားအဆီး၊ အမှိုက်သရိုက်မရှိဘဲ လွတ်လပ်ကျယ်ပြောစွာ မြင်ရတဲ့ ရှုခင်းမျိုး ကြည့်ချင်တာ " လို့ ထပ်မံတောင်းဆိုမိပါတယ်။ ဒီတော့ သူငယ်ချင်းဖြစ်သူက နေရာတစ်ခုကို လိုက်ပို့ပါတယ်။ အဲဒီမှာ သိပ်လှတဲ့ ဧရာဝတီမြစ်ကို ကျွန်မ တစ်ဖန် ပြန်မြင်ခွင့်ရခဲ့ပြန်ပါတယ်။ အဲဒီမှာတော့ ကျွန်မ ချစ်တဲ့ ဧရာဝတီမြစ်ကို ဓာတ်ပုံတွေ အားရပါးရ ရိုက်ယူခဲ့မိပါတယ်။

ချဉ်စပ်မြေအိုးမြီးရှည်...

ကျွန်မမှာ ဝယ်ထားတာ ကြာပြီဖြစ်တဲ့ မြေအိုးလေးတစ်လုံး ရှိပါတယ်။ မြေအိုးဆိုပေမဲ့ စဉ့်အဝါရောင်လေး သုတ်ထားပါတယ်။ ဝယ်ထားပြီး အသုံးမပြုရသေးတဲ့ အသစ်စက်စက်လေးပါ။

Image Hosted by PicturePush - Photo Sharing

ဒီအိုးလေးပေါ့


အဲဒီအိုးလေးကို အသုံးချချင်တော့ မြေအိုးမြီးရှည်လုပ်စားဖို့ အကြံဖြစ်ပါတယ်။ ဒါနဲ့ အိုးထဲကို ဝက်သားကို ပါးပါးလှီးပြီး ကျွန်မရဲ့ မြေအိုးလေးနဲ့ ရေထည့်၊ အသားပါးပါးလှီးထားတာထည့်၊ ဆား၊ အသားမှုန့်တို့ကိုထည့်ပြီး ပွက်ပွက်ဆူစေပါတယ်။

Image Hosted by PicturePush - Photo Sharing
ပွက်ပွက်ဆူနေတဲ့ အသားပြုတ်ရည်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြေအိုးထဲထည့်ဖို့ အပေါ်က ပဲငပိနှစ်မျိုးကို ဇွန်း၂နှစ်ဇွန်းခန့်  ဟင်းအိုးထဲထည့်ပါတယ်။ အစပ်ကြိုက်သူများ များများထည့်နိုင်ပါတယ်။ နောက် ဆီတိုဟူး (အချို့ တိုဟူးချဉ် ခေါ်သည်) ကို အရည်ဖျော်ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ မြေအိုးမြီးရှည်ထဲ ထည့်မဲ့ အဆာပလာ ဘာညာကွိကွတွေပါ။  စာရင်းချရေးရရင်
အဖြူရောင်တွန့်တွန်းလေးတွေက ကျောက်ပွင့်၊ မှို၊ ကြွက်နားရွက်မှိုခြောက်၊ပန်းခြောက်၊ ငုံးဥ၊ ပန်းဂေါ်ဖီ၊ မုန်ညှင်း၊ ပဲပင်ပေါက်၊ ဥနီ၊ ငုံးဥ၊ ပြောင်းဖူး၊ ကြက်အူချောင်း၊ ပဲပြား (တိုဟူးဖြူ) စတဲ့ အရာများဖြစ်ပါတယ်။ အသီးအရွက်ကို အဆင်ပြေတာ ထည့်နိုင်ပါတယ်နော်။

Image Hosted by PicturePush - Photo Sharing

ချဉ်တဲ့ အရသာရဖို့အတွက် မုန်ညှင်းချဉ်ကိုလည်း ပြင်ဆင်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing

မုန့်ဖတ် (မြီးရှည်) ကို ပြုတ်ထားပါတယ်. မြီးရှည်အလုံးကြီးအစား အသေးကိုသာ ကျွန်မက ရွေးချယ်လိုက်ပါတယ်

အဖြူရောင် သဘာဝရေပူကန်များ







အဖြူရောင်သဘာဝ ရေပူကန်များ


http://bignpromo.com/wp-content/uploads/2011/03/pamukkale-spring.jpg



Image Hosted by PicturePush - Photo Sharing



ပြည်တွင်းခရီးသွားများနဲ့ နိုင်ငံခြားသား ဧည့်သည်များ အသွားများတဲ့နေရာတစ်ခုက တူရကီနိုင်ငံ Denizli Pamukkale မြို့ကနေ ၁၉ ကီလိုမီတာ (၁၂မိုင်) အကွားမှာ တည်ရှိတဲ့ Pamukkale ဆိုတဲ့ နေရာလေးဖြစ်ပါတယ်။ အဲဒီနေရာက ထူးဆန်းအံ့သြဖွယ်ရာ မြောက်မြားစွာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေပူစမ်းများဖြစ်ပါတယ်။ စီးကျနေတဲ့ ရေပူစမ်းရဲ့ အပူချိန်ဟာ ၃၅ ဒီဂရီခန့်ရှိပြီး ထွက်နေတဲ့ ရေပူထဲမှာလည်း သတ္တုဓာတ်များ ကြွယ်ဝလွန်းစွာ ပါဝင်နေပါတယ်။ တောင်စောင်းကနေ စီးကျနေတဲ့ ရေပူစမ်းဟာ အဆင့်ဆင့် အတိုင်း ဖြစ်ပေါ်နေတဲ့ ရေကန်ငယ်လေးပေါင်းများစွာကို ဖြစ်ပေါ်စေပြီးတော့ ရေထဲမှာပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့် ဆွတ်ဆွတ်ဖြူစွာ ဖြစ်နေတဲ့ အလှဟာ ထူးခြားလွန်းလို့ လူတိုင်းက ရင်သပ်ရှုမော အံ့သြခြင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing







ရှေးခေတ်ကာလကတည်းက ထင်ရှားခဲ့တဲ့ Pamukkal ဒေသဟာ ရောမခေတ်ကတည်းက ထင်ရှားခဲ့တဲ့ ဒေသဖြစ်ပြီး ရေပူချိုး ဇိမ်ခံရာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ရေပူစိမ်ချိုးရင် ရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြတဲ့အတွက်လည်း ရေပူချိုးဖို့ တကူးတက လာရောက်ကြသူများလည်း အများအပြား ရှိနေပြီးတော့ ရေပူချိုးဖို့နေရာများ စီစဉ်ထားတဲ့ ဟိုတယ်ပေါင်း မြောက်မြားစွာလည်း ထိုနေရာမှာ ရှိနေပါတယ်။ Hierapolis အမည်ရတဲ့ ရှေးဟောင်း ရောမခေတ် မြို့တော်ဟာလည်း အလွန်ထင်ရှားပါတယ်။ ထိုဒေသတစ်ဝိုက်မှာရှိတဲ့ ရှေးရောမခေတ်လက်ရာ ဘုရားကျောင်းများစွာနဲ့ အထွဋ်အမြတ်ထားစရာ နေရာဒေသများ ရှိနေတဲ့ နေရာဖြစ်လို့ သန့်စင်သော မြို့တော်လို့ လူသိများကြပြီး Apollo ဘုရားကျောင်းဟာ မာဘယ်လ် ကျောက်သားများဖြင့် ပြုလုပ်ထားပြီး ခုချိန်ထိတိုင် ကျောက်တိုင်ကြီးများ အခိုင်အခံ့ ကျန်ရှိနေသေးတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း Pamukkal ဒေသဟာ ကမ္ဘာလှည့်ခရီးသွားများ အလွန်စိတ်ဝင်စားစွာ သွားရောက်ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။



http://www.altinkumholiday.co.uk/interior_Apollo_Temple_altinkum_didim.jpg


http://www.altinkumholiday.co.uk/temple1.jpg




~~~~~~~~@@@~~~~~~~~~~~



အမိုးကလေးနဲ့ သဘာဝ ရေကန်

Image Hosted by PicturePush - Photo Sharing

တက္ကဆက်ပြည်နယ်မှာ Hamilton ရှိတဲ့ ရေအိုင်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက  မြေအောက်မှာရှိတဲ့ မြစ် ပြိုကျမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ရေအိုင်ဖြစ်ပါတယ်။ ထူးခြားတာက ရေအိုင်ဟာ စက်ဝိုင်းပုံသဏ္ဍန် မြေအောက်မှာ ဖြစ်ပေါ်နေတာဖြစ်ပြီး မြေပြင်ဟာ ရေကန်ရဲ့ အပေါ်မှာ တစ်ဝက်တစ်ပျက်  အမိုးခုံးကြီးသဏ္ဍာန် ဖြစ်ပေါ်နေခဲ့ပါတယ်။ ၄၅ ပေမြင့်တဲ့ ၄င်းမြေပြင်ပေါ်ကနေ

စွဲလန်းခြင်းတစ်စုံတစ်ရာ





"ကြည်နူးရိပ်
"

သူမရဲ့ စာအုပ်ဆိုင်လေး နံမည်လေးဖြစ်ပါသည်။

စာအုပ်တွေကို ချစ်မြတ်နိုးသော သူမက စာအုပ်အငှားဆိုင်လေး တစ်ခု ဖွင့်မည်ဟု စဉ်းစားမိသောအခါ ဆိုင်နံမည်လေးကို သူမကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကာ ဒီနံမည်လေး ပေးဖြစ်ခဲ့သည်။ သူမကတော့ စာအုပ်တွေဖတ်နေရလျှင် စာအုပ်တွေကြားမှာ နေရလျှင် ပျော်ရွှင်ကြည်နူးနေတတ်သူ ဖြစ်သောကြောင့်လည်း စာအုပ်ဝါသနာရှင်များလည်း သူမဆိုင်ကလေးကို ရောက်လာလျှင် ကြည်နူးနိုင်လိမ့်မည်ဟု သူမက မျှော်လင့်စိတ်ဖြင့် ထိုနံမည် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ စီးပွားရေးသက်သက်ကြောင့် မဟုတ်ဘဲ ၀ါသနာ ပါ၍ ဖွင့်ဖြစ်သောကြောင့် သူမဆိုင်ကလေးက စာဖတ်ဝါသနာပါသူတို့အတွက် စာအုပ်အမျိုးအစား စုံလင်လွန်းလှသည်။ သူမက ဘယ်လိုစာအုပ်မျိုးကို စာဖတ်သူတွေ ကြိုက်မယ်ဆိုတာ သိသူမို့ သူမ ဆိုင်တွင် လူကြိုက်များသော စာအုပ်များ၊ စာဖတ်သက်တမ်းရင့်သူများ ကြိုက်နှစ်သက်မည့်စာအုပ်များ၊ စာဖတ်ခါစ လူငယ်များ ကြိုက်နှစ်သက်မည့် စာအုပ်များ စသဖြင့် စာအုပ်အမျိုးအစားမျိုးစုံ ရှိနေတတ်သည်။


မနက်မှ ညနေအထိ မြို့ထဲက စတိုးဆိုင်တစ်ခုတွင် စာရင်းကိုင်အလုပ်ကို လုပ်ပြီး သူမ၏ ဆိုင်ထိုင်ချိန်သည် ညနေ ၆နာရီတွင် စတင်တော့သည်။ နေ့ခင်းတွင်တော့ စာအုပ်ငှားသူများ ကျဲပါးတတ်ပြီး အိမ်ရှိ လူများက တစ်လှည့်စီ သူမဆိုင်ကို စောင့်ပေးတတ်သည်။ လူမရှိလျှင်တော့ ဆိုင်ပိတ်ထားတတ်သော်လည်း တကယ်တမ်း သူမတို့စာအုပ်ဆိုင်ရဲ့ လူအငှားကျချိန်သည် ညဦးပိုင်းတွင်သာ ဖြစ်လေသည်။ ည ၇နာရီ ၈နာရီတွင် စားအုပ်ငှားသူများနှင့် လူစည်ကားတတ်ပြီး ၈နာရီကျော်ပြီး နောက်ပိုင်းတွင် တဖြေးဖြေး လူကျဲပါးသွားတတ်သည်။ သူမကတော့ ငှားသူမလာသည့်အချိန်တွင် စာအုပ်စင်မှ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလေ့ရှိပြီး ၉နာရီခွဲတွင်မှ ဆိုင်ပိတ်လေ့ ရှိပါသည်။ ထိုအချိန်သည် သူမ၏ ပုံမှန်ဆိုင်ပိတ်ချိန်သာ ဖြစ်လေသည်။

ယနေ့သည် မိုးအနည်းငယ် အေးသောကြောင့် စာအုပ်ငှားသူ အခါတိုင်းထက် ကျဲပါးသည်။ ၉နာရီထိုးပြီမို့ ဆိုင်ပိတ်မည်ဆိုလျှင် ပိတ်လို့ရနေပြီ ဖြစ်သော်လည်း သူမကတော့ မင်းလူရဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေသဖြင့် စာအုပ်ထဲ အာရုံဝင်စားနေသောကြောင့် ဆိုင်ပိတ်ဖို့ စိတ်မကူးမိဘဲ  ဇိမ်ကျနေသလို ရှိနေလေသည်။ ထိုအချိန်တွင် သူမဆိုင်ရှေ့တွင် ဆိုင်ကယ်တစ်စီး ထိုးရပ်လိုက်သံကြားရပြီး  ဆိုင်ထဲသို့ လူတစ်ယောက် ၀င်လာသည်ကို မော့မကြည့်ပေမဲ့ သူမ သိလိုက်ပါသည်။ ထိုသူဆိုင်ထဲ ၀င်လာတာနှင့် ရနံ့သင်းသင်းဖျော့ဖျော့ တစ်ခုကပါ သူမနှာဝတွင် ရှုရှိုက်မိလိုက်သည်။ ဘာရနံ့ရယ်လို့ သူမ မသိသော်လည်း အမျိုးသားသုံး ရေမွှေးရနံ့ တစ်ခုခုတော့ ဖြစ်မည်မှန်း သူမ သိလိုက်ပါသည်။


"ကျွန်တော် စာအုပ်ငှားချင်လို့ပါ" ဆိုင်ထဲဝင်လာသူ၏ စကားအဆုံး ထိုသူကို သူမ မော့ကြည့်လိုက်တော့ သူမထံတွင် တစ်ခါဖူးမှ ငှားလေ့ငှားထ မရှိသောသူဖြစ်ကြောင်း သူမ သိလိုက်သည်။ "တစ်ခါမှ မငှားဖူးဘူး ထင်တယ်နော်" သူမအမေးစကားအဆုံး

"ဟုတ်ပါတယ်.. ကျွန်တော် ဒီမြို့ကို ရောက်တာ မကြာသေးပါဘူး… အသိတစ်ယောက်က ဒီဆိုင်မှာ စာအုပ်စုံတယ်ဆိုလို့ စာအုပ်ငှားဖို့ ဒီဆိုင်ကို ရောက်လာတာပါ။"

"ဟုတ် .. ငှားလို့ရပါတယ်.. ဒါပေမဲ့ တစ်ခါမှ မငှားဖူးရင်တော့ စပေါ်ငွေ တင်ရပါတယ်.. "

"ရပါတယ်.. ကျွန်တော် စပေါ်ငွေတင်ပါ့မယ်.. " ဟု ပြန်ပြောလေသည်။ ထို့နောက်တော့ ထိုသူသည် စာရေးဆရာနံမည်အလိုက် စီရီထားသော စာအုပ်စင်ပေါ်မှ သူနှစ်သက်သော စာရေးဆရာတို့၏ စာအုပ်များကို ရှာဖွေနေတော့သည်။ သူမလည်း ဖတ်လက်စ စာအုပ်ကို ငုံ့ဖတ်နေတော့သည်။

သူ စာအုပ်တွေ ရွေးနေသည်မှာ ၁၀မိနစ်ခန့် ကြာမည်ထင်သည်။ နောက်တော့ သူမရှေ့က စားပွဲပေါ်တွင် စာအုပ် ၃အုပ်ကို ထိုသူက လာချပေးပြီး "ဆိုင်က စာအုပ်တွေ သိပ်စုံတာဘဲနော်.. ဒီလောက်စုံတဲ့ စာအုပ်တွေ တွေ့တော့ ကျွန်တော် အရမ်းဝမ်းသာမိတယ်.. ကျွန်တော်က စာဖတ် ၀ါသနာကြီးသူမို့ ဘယ်ရောက်ရောက် စာအုပ်တွေက ကျွန်တော့်အတွက် မရှိမဖြစ်ပါဘဲဗျာ.. ကျွန်တော် ဒီစာအုပ်၃အုပ် ငှားသွားမယ်နော်.. " ဟု ပြောသည်။ သူမက စာအုပ်များကို စာအုပ်အငှားစာရင်းတွင် မှတ်တမ်း ရေးသွင်းလိုက်ပြီး သူ့နံမည်နှင့် နေရပ်လိပ်စာ တောင်းတော့ စည်သူကျော်ဇော ဟု ပြောပြီး သူမတို့မြို့တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော NGO တစ်ခု၏ လိပ်စာကို သူပြောသည်။ ထိုအခါမှ သူမ သိလိုက်သည်က ထိုသူသည် သူမတို့ မြို့ကလေးတွင် ရှိသော ၄င်း NGO ရုံးခွဲသို့ တာဝန်ထမ်းဆောင်ဖို့ ရောက်လာသူဖြစ်လိမ့်မည်။ သူပြောသော လိပ်စာမှာ သူမတို့မြို့တွင်ရှိ တစ်ခုတည်းသော NGO အဖွဲ့၏ လိပ်စာလည်း ဖြစ်သည်မဟုတ်ပါလား။ သူမ စာအုပ်၃အုပ်အတွက် စပေါ်ငွေကို ၅၀၀၀ တောင်းယူထားလိုက်သည်။ သူငှားသော စာအုပ်များကို ကြည့်သည်နှင့် ထိုသူသည် စာဖတ်သက် အတော်ရင့်သူမှန်း သိသာစေသည်။ စာအုပ်၃အုပ်ကို ကောက်ယူပြီး သူမကို ကျေးဇူး ဟု ခပ်တိုးတိုး ပြောကာ ဆိုင်အရှေ့တွင်ရပ်ထားသော ဆိုင်ကယ်အမြင့်ကြီးကို မောင်း၍ ထွက်ခွာသွားသော ထိုသူသဏ္ဍာန်ကို တဒင်္ဂတော့ သူမ ငေးခနဲကြည့်ရင်း ကျန်ခဲ့မိရတော့သည်။ အရပ်အတော်မြင့်ပြီး ကြည့်ကောင်းလှသော ဥပတိရုပ်ပိုင်ရှင် တစ်ယောက်မှန်း သူမ မှတ်မှတ်ထင်ထင် သတိထားလိုက်မိသည်။ ဆိုင်ထဲတွင် ထိုသူ မရှိတော့သော်လည်း သူဝင်ရောက်လာစဉ်က ရခဲ့သော ရနံ့ သင်းပျံ့ပျံ့တစ်ခုက ယခုတိုင် ဆိုင်ထဲတွင် ဝေ့၀ဲကျန်ရစ်ခဲ့လေသည်။

၂ရက်ခြား ၃ရက်ခြားတစ်ခါ ထို စည်သူကျော်ဇော ဆိုသူသည် သူမစာအုပ်ဆိုင်ကလေးတွင် စာအုပ်များ လာငှားလေ့ရှိပြီး သူလာတိုင်းလည်း သူမ မှတ်မိနေသော ရနံ့တစ်မျိုးက သူနှင့်အတူ အမြဲ ပါလာတတ်သည်။ သူ့ကို ရင်းနှီးယုံတင်မက သူ့ထံမှ ရတတ်သော စွဲမက်ဖွယ် သင်းပျံ့ပျံ့ ရနံ့လေးကိုပင် သူမ မှတ်မိနေတတ်ပြီ။ ကောက်ချက်ချရလျှင် ထို စည်သူကျော်ဇောဆိုသည်သူ ပညာတတ် လူရည်မွန်တစ်ယောက် ဖြစ်ပုံရပြီး သန့်သန့်ပြန့်ပြန့် နေထိုင်တတ်ပုံရသော သူတစ်ယောက်လည်း ဖြစ်လေသည်။ ဂျင်းဘောင်းဘီနှင့် တီရှပ်ရောင်စုံ ၀တ်ဆင်တတ်ပြီး အ၀တ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်နေတတ်သည်။ သူ့ကိုကြည့်လိုက်လျှင် ရေချိုးပြီးခါစ လူတစ်ယောက်လို လတ်ဆတ်သော ရနံ့တစ်မျိုးနှင့်အတူ အမြဲ ရှင်းသန့်နေလေ့ ရှိသည်။ သူမ စာအုပ်ဆိုင်သို့ သူလာတတ်သော အချိန်သည်လည်း လူရှင်းလေ့ ရှိသော ၉နာရီလောက်တွင်သာ ပုံမှန်လာလေ့ရှိသည်။ သူပြန်အပ်သော စာအုပ်များထဲမှ အချို့အကြောင်းအရာများကို သူမနှင့် ပြန်ဆွေးနွေးလေ့ ရှိသည်။ ဆိုင်တွင်ရှိသော စာအုပ်တော်တော်များများကို ဖတ်ပြီးသော သူမကလည်း သူနှင့်အပြိုင် ပြန်လည် ဆွေးနွေးတတ်သောကြောင့် စာဖတ်ဝါသနာပါသူချင်းမို့ သူမကိုလည်း ပြန်ပြီး ခင်မင်ပုံရလေသည်။

သူမထက် အသက်၎နှစ်ခန့် ကြီးသော သူ့ကို ကိုစည်သူဟု သူမက ခေါ်တတ်ပြီး သူမကိုတော့ သူမနံမည် ကြယ်စင်လင်း ဆိုတာကို သိသော်လည်း မကြယ်စင်ဟုသာ ခေါ်တတ်သည်။ နံမည်ရှေ့ မ ထည့်မခေါ်ရန် သူမက ပြောသော်လည်း ကိုစည်သူက လေးစားသမှုနဲ့ ခေါ်တာပါ ဟု ပြောကာ မကြယ်စင် ဟုသာ ခေါ်မြဲ ခေါ်တတ်လေသည်။ ဆိုင်လာတိုင်းလည်း ဆိုင်ကယ်အမြင့်ကြီးကို စီးလာတတ်ပြီး သူလာတိုင်းလည်း သူ့ဆီက ရနေကျ ရနံ့ခပ်ဖျော့ဖျော့က အမြဲတမ်း ပါလာတတ်သည်။ တစ်ရက်တွင် ကိုစည်သူက ဆရာမဂျူး၏ "ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ " စာအုပ်နှင့် ဆရာ မြသန်းတင့် ဘာသာပြန်ထားသော "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" စာအုပ်ကို ဖတ်ချင်သည်ဟု ပြောသည်။ ထိုစာအုပ်များမှာ တစ်ခြားသူများ ငှားထားသည်ဖြစ်၍ ထိုနေ့က သူမဆိုင်တွင် ရှိမနေသဖြင့် နောက်ရက်ပြန်လာအပ်လျှင် သိမ်းထားပေးမည်ဟု သူမက ကတိပေးလိုက်လေသည်။ ထိုနေ့က ကိုစည်သူက ဆရာမောင်ထွန်းသူနှင့် ဆရာထင်လင်း၏ ဘာသာပြန်နှစ်အုပ်ကို ငှားပြီး သူဖတ်ချင်သော စာအုပ်ကို ဆက်ဆက်ချန်ထားပေးဖို့ မှာပြီး နောက်တစ်ရက်ခြား ဖြစ်သော သန်ဘက်ခါ ညနေတွင် လာယူမည်ဟု ပြောကာ ပြန်သွားခဲ့လေသည်။

နောက်ရက် ညနေပိုင်းတွင် ကြယ်စင်တံတားနှင့် လွမ်းမောခဲ့ရသော နွေညများ စာအုပ်ကို ငှားထားသူက ပြန်လာပို့သောကြောင့် သူမက ထိုစာအုပ်၂အုပ်ကို တော်ရုံ မမြင်နိုင်သော စာအုပ်စင်အမြင့် အပေါ်ဆုံးဆင့်တွင် ကိုစည်သူအတွက် လှမ်းတင်ထားလိုက်လေသည်။ ဒီညသည် ကိုစည်သူ လာလိမ့်မည် မဟုတ်သောကြောင့် မနက်ဖန် ည သူလာလျှင် ပေးဖို့ ကြိုပြီး သိမ်းထားလိုက်ခြင်း ဖြစ်ပြီး အခြားသူများ မြင်လျှင် ထပ်ငှားသွားမည် စိုးသောကြောင့် လူမမြင်နိုင်သော နေရာတွင် သိမ်းထားလိုက်ခြင်းသာ ဖြစ်လေသည်။ ရည်မွန်ယဉ်ကျေးကာ စကားပြောလျှင် အေးဆေးညင်သာစွာဖြင့် ခပ်ပြုံးပြုံးလေး ပြောတတ်ပြီး သူမ အပေါ်တွင်လည်း အခြား ယောက်ျားလေးများလို ရိသဲ့သဲ့စကားများ မပြောတတ်ဘဲ  ကိုယ်ရေးကိုယ်တာများကိုလည်း ဘယ်တော့မှ စပ်စုမေးမြန်းတတ်ခြင်း မရှိသော ကိုစည်သူကို သူမ စိတ်ထဲကလည်း နှစ်နှစ်ကာကာ ခင်မင်မိပါသည်။ ပြီးတော့  သူနှင့်အတူ ပါလာတတ်သော ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်မျိုးကိုလည်း သူမက ရင်းရင်းနှီးနှီး နှစ်သက်နေမိပြီ ဖြစ်လေသည်။

ထိုနေ့ နေ့လည်ခင်းတွင် သူမ အလုပ်လုပ်သော စတိုးဆိုင်တွင် သူမနှင့်အတူတူ စာရင်းကိုင်လုပ်သည့် သူငယ်ချင်း မြနှင်းဖြူက သူမကို သတင်းတစ်ခု ပေးလေသည်။ "မနေ့ညနေက ငါတို့အိမ်နားက မြို့ပတ်လမ်းနဲ့ အဝေးပြေးလမ်းဆုံမှာ ယာဉ်တိုက်မှု ဖြစ်တယ် သိလား.. ကားနဲ့ဆိုင်ကယ် တိုက်မိတာ.. ကားမောင်းတဲ့သူက နည်းနည်း မူးနေတယ်.. အဲဒါ ရှေ့က လာနေတဲ့ဆိုင်ကယ်ကို မူးမူးနဲ့ ၀င်တိုက်မိတာ ဆိုင်ကယ်သမားက ပွဲချင်းပြီး ဆုံးသွားတယ်.. ဆိုင်ကယ်နဲ့လူက ဒီမြို့ကို ရောက်လာတာ မကြာသေးတဲ့ NGO က ၀န်ထမ်း အရာရှိတစ်ယောက်လို့ ပြောကြတယ်.."

နှင်းဖြူစကားအဆုံး သူမ နှင်းဖြူမျက်နှာကို အထိတ်တလန့် ကြည့်မိလိုက်လေသည်။

" နင် သူ့မည် သိလားဟင်… အဲဒီ သေသွားတဲ့သူနံမည် သိလိုက်လား " သူမရဲ့ အမောတကော မေးသံအဆုံး နှင်းဖြူက "ဟင့်အင်း နံမည်တော့ မသိလိုက်ဘူး.. အိမ်က မောင်လေးတွေ ပြောတာ NGO က ၀န်ထမ်း အရာရှိအသစ်လို့ဘဲ ပြောကြတယ်.. ငါလဲ သွားမကြည့်ရဲဘူးလေ.. ပွဲချင်းပြီး သေတာ ဆိုတော့ ကြည့်ရမှာကြောက်တာပေါ့။ ဘာလို့လဲဟင် အဲဒီ NGO က ၀န်ထမ်းတွေနဲ့ နင်သိလို့လား "