တစ်နေ့ကပေါ့..
ကျွန်မနေတဲ့ မြို့ကလေးကနေ မိုင်၈ဝနီးပါးကွာဝေးတဲ့ တောင်ပေါ်မြို့တစ်ခုကို ကားနဲ့ အလည်သွားကြပါတယ်။ အဲဒီမြို့ကို သွားရင်းနဲ့ လမ်းတစ်ဝက်လောက်မှာ လမ်းမကြီးကနေ ဖဲ့ဆင်းပြီး လမ်းသွယ်လေးကနေ သွားရတဲ့ ကျောက်လှိုင်ဂူကြီး တစ်ခုကိုလည်း ရောက်အောင် သွားခဲ့ကြပါတယ်။ လှိုင်ဂူတစ်ခုလုံး ကျောက်ခက်ပန်းဆွဲတွေ၊ ကျောက်တိုင်ကြီးတွေနဲ့ သိပ်ကို လှပပါတယ်။ ဆန်းပြားစွာ ဖြစ်ပေါ်နေတဲ့ ကျောက်ခက်ပန်းဆွဲကြီးတွေနဲ့ လှပဝေဆာနေတဲ့ ကျောက်ဂူကြီးအကြောင်းတော့ ဓာတ်ပုံတွေနဲ့အတူ နောက်များမှ သီးသန့် ရေးပါဦးမယ်။ ခုပိုစ့်မှာတော့ အဲဒီကျောက်ဂူကြီးကို သွားတဲ့ တောင်ပေါ်လမ်းတစ်လျှောက် စိမ်းစိုလှပနေတဲ့ စိုက်ခင်းတွေ တောင်တန်းပေါ်က လက်ဖက်ခင်းနဲ့ လှေကားထစ်စိုက်ခင်းတွေရဲ့ ပုံတွေကို မျှဝေပေးချင်ပါတယ်။
စိမ်းလန်းစိုပြေတဲ့ မြင်ကွင်းဟာ လူတွေရဲ့ စိတ်ကို ချမ်းမြေ့ကြည်နူးစေနိုင်တယ်လို့ ဆိုရိုးရှိတယ် မဟုတ်လားလေ။ ဒီတော့ ကျွန်မမြင်တွေ့ခဲ့ရတဲ့ စိမ်းစိမ်းစိုစို မြင်ကွင်းလေးတွေကိုလည်း ချစ်စွာသော မိတ်ဆွေများကို ပြန်လည် မျှဝေခံစားကြည့်စေချင်တာပါ။ ခရီးထွက်ရတာကို နှစ်သက်သဘောကျတဲ့ ကျွန်မအတွက် ခုလို စိမ်းစိုနေတဲ့ တောတောင် သဘာဝအလှတွေရဲ့ မြင်ကွင်းတွေကိုကြည့်ရတာ ဘယ်ခါမှ မရိုးနိုင်တဲ့ မြင်ကွင်းတွေ ဖြစ်သလို၊ စိတ်ကိုလည်း ကြည်နူး ချမ်းမြေ့စွာနဲ့ ပီတိတွေ ဖြာဖြာဝေရပါတယ်။
မြို့ပြမြင်ကွင်းတွေ ဘယ်လောက်တိုးတက် ခမ်းနားကြီးကျယ်နေပါစေ.. စိမ်းလန်းစိုပြေနေတဲ့ သဘာဝ ရေမြေတောတောင်ရဲ့ အလှလောက် လူတွေရဲ့ စိတ်နှလုံးကို ညွှတ်နူးပျော့ပြောင်းစွာ မဆွဲဆောင်နိုင်ပါဘူး။ လတ်ဆတ်တဲ့ လေပြေညင်း၊ စိမ်းလန်းတဲ့ ရှုမျှော်ခင်းနဲ့ ပြာပြာလွင်လွင်တောင်တန်းကြီးတွေကသာ လူတွေရဲ့ စိတ်နှလုံးကို အေးချမ်းကြည်လင်စေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူအများက သဘောဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးကြတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လှုံ့ဆော်ရေးတွေ၊ စီမံကိန်းတွေချပြီး စနစ်တကျ စီစဉ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အချို့သော သူတွေသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်း မသိ ၊ တန်ဖိုးထားကြရကောင်းမှန်း နားမလည်သလို၊ သိရက်နဲ့ ကိုယ်ကျိုးအတ္တကို အလေးထားလို့ အသိခေါက်ခက် အဝင်နက်နေကြသူများလည်း ရှိနေကြပါတယ်။
မြို့ကနေထွက်လာတဲ့ ပင်မ လမ်းမကြီးပါ။ လမ်းဘေးဝဲယာတစ်လျှောက်လုံး ဘယ်နေရာကြည့်ကြည့် တောင်တန်းနဲ့ စိုက်ခင်းတွေ ပြေးမလွတ်ပါဘူး
မြို့ကနေထွက်ပြီး မကြာခင်မှာဘဲ အစိမ်းရောင်မြင်ကွင်းတွေ စပါပြီ။ ဒီနေရာမှာ ကားရပ်ပြီး ဓာတ်ပုံစရိုက်ပါတယ်
တောင်ထွတ်မှာ တိမ်တွေ ဆိုင်းနေပြီး ရစ်ခွေနေတဲ့ စမ်းချောင်းလေးက သိပ်ကိုလှပါတယ်
ဒီလမ်းလေးက ကျောက်လှိုင်ဂူကိုသွားဖို့ ပင်မလမ်းမကြီးကနေ ခွဲထွက်တဲ့ လမ်းပါ။ တောင်တွေ အများကြီးကို ကွေ့ကာ ဝိုက်ကာနဲ့ ဖြတ်ကျော်ရတဲ့ လမ်းဖြစ်ပါတယ်။ ဟိုးဝေးဝေးမှာတော့ မိုးကလေးဖွဲဖွဲ စွေနေလေရဲ့...
ဒီလို မြေပြန့်လမ်းလည်း ဖြတ်ရပါသေးတယ်
လမ်းဘေးဝဲယာက စိမ်းစိမ်းစိုစိုများ
စိုက်ခင်းများ
အပေါ်အောက် စပါးခင်းများနဲ့ ကားသွားလမ်း
ဒီလမ်းကလေးပေါ့
ခုလို ကျောက်တောင်ကြီးတွေကိုဖြိုပြီးလည်း လမ်းဖောက်ထားတာပါ။ အကွေ့အကောက် သိပ်များတယ်..
တောင်ခြေရွာကလေးများ

ဖျာချပ်ကလေးတွေ ခင်းထားသလို
လှေကားထစ်လေးတွေ
စိုက်ထားလိုက်ပုံများ
ဒီလို စီရီစိမ်းစိုနေတဲ့ ပြောင်းပင်လေးတွေကြည့်ပြီး ပြောင်းဖူးပင်ကလေးတွေ တန်းစီလို့ အော်ပစ်လိုက်ချင်စရား)
စမ်းချောင်းကလေးနဲ့ စိုက်ခင်းစိမ်းစိမ်း
စပါးခင်း စိုစို
လမ်းဘေးဝဲယာတစ်လျှောက်လုံး တောင်တန်းတွေပါမကျန် စိုက်ခင်းတွေကြီးပါဘဲ
ဒါက လက်ဖက်ခင်းတွေ
လှေကားထစ် လက်ဖက်ခင်းများ
ဟိုးတောင်ထပ်က အပင်တွေက ထင်းရူးပင်တွေဖြစ်ပြီး လှေကားထစ်နဲ့ စိုက်ထားတာက လက်ဖက်ခင်းတွေဖြစ်ပါတယ်...
တောင်တွေ တောင်တွေ ဘယ်လောက်များတယ် မမှတ်မိလောက်အောင် ဝိုင်းရံနေတာပါဘဲ
ခပ်ဝေးဝေးက မှိုင်းပြပြ ရွာကလေးတွေကို ကြည့်ရတာကိုက လွမ်းစရာလိုလို
ပုံတွေမှာကြည့်ရင် တွေ့နိုင်တာတစ်ခုက ဘယ်ပုံမှာဘဲဖြစ်ဖြစ် ဘေးပတ်ဝန်းကျင်မှာ တောင်တွေမပါတဲ့ပုံ မရှိသလောက် ကျွန်မသွားတဲ့နေရာဟာ တောင်တန်းအထပ်ထပ်ကို ကျော်ဖြတ်သွားရတဲ့ ခရီးဖြစ်ပါတယ်။ သွားခဲ့ရတာက တစ်နေ့တာ ခရီးတိုလေးဖြစ်ပေမဲ့ အစိမ်းရောင် မြင်ကွင်းတွေကြောင့် စိတ်ချမ်းမြေ့မှုကတော့ တိုင်းတာပြလို့မရအောင် ရရှိခဲ့ပြီး ဒီခရီးကို အမြဲတမ်း တသသ ဖြစ်နေဦးတော့မှာ သေချာပါတယ်။ စိမ်းစိုနေတဲ့ တောတောင်ရှုခင်း၊ စိုက်ခင်းများကြောင့် ကျွန်မ စိတ်ကြည်နူး ချမ်းမြေ့ခဲ့ရသလို ဒီခရီးကနေ ကျွန်မ ရိုက်ယူခဲ့တဲ့ စိမ်းစိမ်းစိုစို ရှုခင်း မြင်ကွင်း၊ စိုက်ခင်းတွေရဲ့ ဓာတ်ပုံလေးတွေက စာဖတ်သူတွေကို စိတ်နှလုံး ကြည်နူး ချမ်းမြေ့စေနိုင်တယ် ဆိုခဲ့ရင်ပဲ ကျေနပ်ပီတိ ဖြစ်ရပါပြီရှင်...
( ဒီခရီးမှာ သွားကြည့်ခဲ့တယ်ဆိုတဲ့ ကျောက်လှိုင်ဂူအကြောင်းကို မကြာခင်မှာ ဆက်လက် ဖော်ပြပေးသွားပါ့မယ်ရှင်. )