Avatar ရုပ်ရှင်ထဲက တောင်ထွတ်များရဲ့တည်နေရာ

နာမည်ကျော်ဒါရိုက်တာ James Cameron ရဲ့ Avatar ကားကို ကြည့်ဖူးကြမှာပါနော်။ အဲဒီကားထဲမှာထည့်သွင်း ရိုက်ကူးထားတဲ့  Pandora ဂြိုလ်ပေါ်က တိမ်တွေကြားမှာ  မျောလွှင့် နေသော Hallelujah တောင်ကြီးတွေကို မှတ်မိဦးမယ် ထင်ပါတယ်။ ကျွန်မတော့  Avatar ကားကိုကြည့်မိတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် ကောင်းလောက်အောင် လှပလွန်းတဲ့  တောင်တွေရဲ့အလှကို အပြင်မှာ တကယ်ကို တွေ့မြင်ချင်တဲ့ ဆန္ဒတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ သို့ပေမဲ့ ဒါဟာ စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်မှာပါ။ ဒီလိုတောင်တွေဆိုတာ အပြင်မှာ တကယ်တမ်းတော့ ဘယ်ရှိနိုင်ပါ့မလဲနော်။


How you can visit the \<i\>real\<\/i\> Pandora of \<i\>Avatar\<\/i\>




Image Hosted by PicturePush - Photo Sharing
Avatar ကားထဲက Floating Mountains of Pandora တောင်များ

Image Hosted by PicturePush - Photo Sharing



ကြည့်လေ တိမ်တွေကြားက Hallelujah တောင် ဘယ်လောက်များ လှလိုက်သလဲနော်

ဒါပေမဲ့ ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်တွေဟာ တကယ်လက်တွေ့ဖြစ်နိုင်မှန်း တစ်ရက်မှာ သိလိုက်ရပါတယ်။ ဘာလို့ဆိုတော့ ရုပ်ရှင်ကားထဲမှာ ပါဝင်နေတဲ့ တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိနေလို့ပါဘဲ။ မဖြစ်နိုင်ဘူးလို့ ထင်ပါသလား။ တကယ်ပါ။ Avatar ကားထဲက Pandora  ဂြိုလ်ပေါ်က တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိပါတယ်။ ဒါပေမဲ့ အပြင်မှာ တကယ်ရှိတဲ့တောင်တွေက ရုပ်ရှင်ထဲကလို ကောင်းကင်မှာ အောက်ခြေမပါဘဲ မျောလွှင့်နေတဲ့ Floating Mountains တောင်များတော့ မဟုတ်ပါဘူး။  မြေပြင်ကနေပြီး ထောင်မတ်စွာ မြင့်မြင့်မားမား ဖြစ်ပေါ်တည်ရှိ နေကြတဲ့ ကျောက်တောင်ထွတ်တွေ ဖြစ်ကြပါတယ်။  အောက်ကပုံတွေမှာ ကြည့်ကြည့်ပါရှင်...



yuanjiajie 1

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


ဒီကျောက်သားတိုင် သဖွယ် တောင်ကတော့ ရုပ်ရှင်ထဲမှာ Pandora ပေါ်က Hallelujah တောင်အဖြစ် ထင်ထင်ရှားရှားတွေရတဲ့ တရုတ်ပြည် ဟူးနန့်ပြည်နယ် ZhangJiaJie ဥယျာဉ်တွင်းရှိ  တောင်ဖြစ်ပါတယ်။






Image Hosted by PicturePush - Photo Sharing


ဇာတ်ကားထဲက Hallelujah တောင်နဲ့ Zhangjiajie ဥယျာဉ်အတွင်းက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၇၄ (ပေ ၃၅၀၀ ခန့်) မြင့်မားတဲ့  တောင်တို့ရဲ့ တူညီတဲ့အချက်များ ကောက်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဝဘ်ဆိုဒ် တစ်ခုမှာလည်း Avatar ကားထဲကတောင်ဟာ Zhangjiajie ဥယျာဉ်အတွင်းက တောင်တွေကနေ ဖြစ်ပေါ်ထာတာပါလို့ အတိအလင်းဖော်ပြထားပါတယ်။ အောက်မှာတော့ Zhangjiajie ဒေသရဲ့ သလင်းနဲ့ သဲကျောက်တောင်များရဲ့ အလှကို ရင်သပ်ရှုမော တွေ့မြင်ကြရမှာဖြစ်ပါတယ်

Image Hosted by PicturePush - Photo Sharing







Image Hosted by PicturePush - Photo Sharing




ဘယ်လောက်တောင် ပန်းချီဆန်တဲ့ အလှလည်းနော်


တိမ်တွေကြားကပုံတွေကိုကြည့်ပြီး အိပ်မက်ထဲမှာသာ တွေ့နိုင်မဲ့ မြင်ကွင်းမျိုးလို့ ကျွန်မစိတ်ထဲ ခံစားမိပါတယ်။ လှပလွန်းလှတဲ့ ဒီကျောက်တောင်ထွတ်တွေရဲ့ ရှုခင်းဟာ တကယ်ကို ရင်သပ်ရှုမောဖြစ်ရလောက်အောင် ကျွန်မကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ တိမ်တွေကြားမှာ ခမ်းနားကြီးကျယ်စွာ  မြင်တွေ့ရတဲ့ တောင်ထွတ်တွေရဲ့ မြင်ကွင်းဟာ ကောင်းကင်ဘုံက မြင်ကွင်းတစ်ခုလို ထူးခြားဆန်းပြားလွန်းလှပါတယ်။  ဒီလောက်လှပ ဆန်းကျယ်တဲ့ တောင်ထွတ်တွေ ရှိတဲ့နေရာဟာ ဘယ်နေရာများဖြစ်မလဲလို့ အချက်အလက်တွေကို စိတ်ဝင်စားစွာနဲ့ မွှေနှောက်ရှာဖွေမိပါတော့တယ်။

ဝက်နံရိုးမျှစ်ချဉ်နဲ့ သီးစုံကြက်သားဟင်း

ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက်အိမ်ကို ကျွန်မ အလည်ရောက်ပါတယ်။ အဲဒီမိတ်ဆွေရဲ့ အိမ်မှာ အိုးအကြီးတစ်လုံးကို မီးနဲ့တည်ထားတာတွေ့ရတော့ ဘာတွေများ တည်ထားတာလဲလို့ စပ်စုကြည့်မိပါတယ်။ အဲဒီသူငယ်ချင်းက ကြက်သားဟင်းချက်ထားတာ စားကြည့် အရမ်းစားလို့ကောင်းတယ်လို့ ပြောပြီးတော့ ကျွန်မတို့ကို အဲဒီကြက်သားဟင်းနဲ့ ဧည့်ခံပါတယ်။ အမှန်က ကျွန်မ ထမင်းစားခဲ့ပြီးပြီမို့ ဗိုက်လုံးဝမဆာပါဘူး။ ဒါကြောင့် ဒီကြက်သားဟင်းကိုလည်း စားနိုင်တော့မယ်လို့် မထင်မိပါဘူး။ ကြက်သားက အရည်သောက်ဟင်းအဖြစ် ချက်ထားတာပါ။ ကြက်သားစွပ်ပြုတ်ပါဘဲ။ ဒါပေမဲ့ တကယ်တမ်းစားကြည့်တော့ ကျွန်မ စားဖူးနေကျ ရိုးရိုးကြက်သားစွပ်ပြုတ်တွေနဲ့ အရသာ တော်တော် ကွာခြားပါတယ်. ထမင်းစားပြီးပြီမို့ မစားနိုင်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုထင်ခဲ့မိတဲ့ ကျွန်မဟာ လာချပေးတဲ့ ပန်းကန်လုံးကြီး တစ်လုံးလုံး ကုန်အောင် စားခဲ့မိပါတယ်။ အသီးပေါင်းစုံတို့ရဲ့ အချိုဓာတ်တွေဝင်နေတဲ့ ဒီကြက်သားဟင်းရည်ဟာ သိပ်ကို စားလို့ကောင်းပါတယ်။ ဒါနဲ့ ကျွန်မလည်း အိမ်ရှင်သူငယ်ချင်းကို ချက်ပုံချက်နည်းတွေ စိတ်ဝင်တစားနဲ့ မေးမိပါတော့တယ်။ အိမ်ပြန်ရောက်တော့ အဲဒီနည်းအတိုင်း ပြန်ချက်စားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ညီမတစ်ယောက်လို ခင်မင်ရတဲ့ တစ်ယောက်ကလည်း ဆေးရုံကဆင်းလာတော့ နလံထစမို့ ဒီဟင်းနဲ့ ကိုက်မယ်ထင်ပြီး သူ့ဆီကို ဒီကြက်သားဟင်းချက်ပြီး ပို့ပေးလိုက်တော့ အဲဒီညီမလေးက စားလို့သိပ်ကောင်းတာမို့ သူ အများကြီးစားပစ်လိုက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် စားလို့ကောင်းတဲ့ အဲဒီဟင်းချက်နည်းလေးကို အားလုံးကို ပြန်လည်ဝေမျှချင်ပါတယ်။ ချက်နည်းကို ပြောပြပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားချင်ပါတယ်။  ဒီတစ်ပတ်ဟင်းချက်နည်းတွေ အားလုံးကို အရည်သောက်ဟင်းတွေချည်း ရွေးချယ်ထားပါတယ်။


သီးစုံကြက်သားဟင်းရည်


အဲဒီဟင်းက ချက်ရတာ လွယ်လွယ်ကူကူလည်းဖြစ်၊ အရသာလည်း ထူးခြားကောင်းမွန်ပါတယ်။ နေမကောင်းတဲ့လူ၊ နလံထစ လူများနဲ့လည်း သင့်လျော်တဲ့ သီးစုံကြက်သား အရည်သောက်ဟင်း ဖြစ်ပါတယ်။ သီးစုံလို့ဆိုတဲ့အတိုင်း ဟင်းထဲမှာ ပါဝင်တဲ့ အသီးတွေက မုန်လာဥဖြူ၊ ဥနီ၊ အာလူး၊ ပြောင်းဖူး၊ ပန်းသီး၊ သစ်တော့သီး (ပန်းသစ်တော့) စသည်တို့ ဖြစ်ပါတယ်။ ၄င်းအသီးများကို အခွံနွာရေဆေးပြီး အတုံးလေးများ တုံးထားပါတယ်။ ပြောင်းဖူးကို အစေ့ချွေပြီးထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မုန်လာဥဖြူ၊ ဥနီ၊ အာလူး၊ ပြောင်းဖူး၊ ပန်းသီး၊ သစ်တော့သီး၊


Image Hosted by PicturePush - Photo Sharing


ထို့နောက် ကြက်သားကို မိမိနှစ်သက်သလို အတုံးကလေးများ တုံးပါတယ်။ အိုးတစ်လုံးမှာ ရေထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ အရသာမှုန့်၊ ရှောက်ကော၊ ပါးကော (နာနတ်ပွင့်၊ တရုတ်ဖာလာအလုံး) များကို အနည်းငယ်စီထည့်ပြီး ကြက်သားကို ထည့်ပြုတ်ပါတယ်။



Image Hosted by PicturePush - Photo Sharing

ကြက်သားပြုတ်အိုး ဆူပွက်လာရင် အဆင်သင့်ပြင်ထားတဲ့ အသီးများကိုထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အချိန်အနည်းငယ် ကြာချိန်မှာတော့ ကြက်သားလည်းနူး၊ အသီးတွေလည်း နူးပြီမို့ အရသာ အပေါ့အငံမြည်းပြီးရင် စားသုံးနိုင်ပါပြီ။


သီးနှံပေါင်းစုံနဲ့ ချက်ထားတဲ့ သီးစုံကြက်သားဟင်းရည်ပါ။ နံနံပင်နဲ့ ငရုပ်ကောင်းများနှစ်သက်ရင် ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ အသီးမျိုးစုံတို့ရဲ့ အချိုဓာတ်တွေကြောင့် အရသာ တစ်မျိုးထူးတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing
ငရုပ်ကောင်းနဲ့ နံနံပင်မထည့်လိုက ဒီအတိုင်း သုံးဆောင်နိုင်ပါတယ်



~~~~~~~~~~~~@@@~~~~~~~~~~~~



ငါးအရည်သောက်ဟင်း


နောက်ထပ်ဟင်းတစ်မျိုးက ငါးဟင်းတစ်မျိုးဖြစ်ပါတယ်။ ငါးကို ဆီနဲ့ချက်စားရတာ အီလာသူများအတွက် အရည်လည်းသောက်နိုင်တဲ့ ချက်နည်းတစ်မျိုးကို ဖော်ပြချင်ပါတယ်။ Leek လို့ခေါ်တဲ့ ကြက်သွန်မြိတ်အကြီးမျိုးနဲ့ ချက်မှာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ပထမဦးစွာ ငါးကို ကြေးထိုး၊ ဗိုက်ခွဲ ရေဆေးပြီး ခပ်ပါးပါး အတုံးကလေးများ လှီးဖြတ်ထားပါမယ်။ ငါးကြင်း သို့မဟုတ် ငါးခူ စသဖြင့် မိမိနှစ်သက်ရာငါးကိုချက်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ငါးများကို အဆင်သင့်ပြင်

Image Hosted by PicturePush - Photo Sharing
အိုးတစ်လုံးဖြင့် ရေထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင် ပါးပါးလှီးပြီး ဆား၊အရသာမှုန့်တို့ထည့်ကာ ရေဆူအောင်တည်ပါတယ်

Image Hosted by PicturePush - Photo Sharing
ထို့နောက် ငါးထည့်ပြီး ကြက်သွန်မြိတ်တို့ကိုထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဟင်းအိုးဆူချိန်ကို ငါးအသားကျက်ရုံလောက်သာ ထားပါမယ်။ အချိန်အကြာကြီးထားပါက ငါးများ ကြေမွသွားနိုင်ပါတယ်။ အပေါ့အငံမြည်းလို့ ဟင်းအိုးချခါနီးမှာ ရှမ်းနံနံ၊ ဖက်ဖယ်ရွက် စသဖြင့် မိမိနှစ်သက်သလို ထည့်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အရည်လည်းသောက် အဖတ်လည်းစားနိုင်တဲ့ ငါးဟင်းတစ်ခွက် ရပါပြီ။ ကြက်သွန်မြိတ်ရဲ့ အရသာဟာ ချိုတဲ့အတွက် အရည်ကိုသောက်ရင်လည်း အချိုဓာတ်ကလေးနဲ့ အလွန် သောက်ကောင်းပါတယ်။ ငါးအသားများကိုတော့ အချဉ်ရည်နဲ့ တို့စားပါတယ်

Image Hosted by PicturePush - Photo Sharing
အချဉ်ရည်အတွက် ကြက်သွန်ဖြူ၊ ငရုပ်သီး၊ နံနံ၊ တို့ကို နှုတ်နှုတ်စင်းပြီး ဆား ၊ အရသာမှုန့်၊ သံပုရာသီးညှစ်ပြီး ရေအနည်းငယ်နဲ့ ဖျော်ထားတာ ဖြစ်ပါတယ်။


~~~~~~~~~~~~@@@~~~~~~~~~~~~

ဝက်နံရိုး မျှစ်ချဉ်

ကျွန်မက မျှစ်ချဉ်ဆိုရင် သေးသေးမျှင်မျှင် မျှစ်ချဉ်မျိုးထက် ဝါးအကြီးကြီးက ပေါက်တဲ့ မျှစ်ကို အချဉ်တည်ထားတဲ့ မျှစ်ချဉ်ကိုပိုကြိုက်ပါတယ်။ ကျွန်မနေတဲ့ မြို့မှာ အဲဒီလို မျှစ်ချဉ်မျိုး အလွန်ရှားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ မမျှော်လင့်ဘဲ မျှစ်အတုံးလိုက်ကိုတည်ထားတဲ့ မျှစ်ချဉ်တွေ တွေ့တာနဲ့ ဝမ်းသာအားရ ဝက်သားနဲ့ချက်ဖို့ ပြင်ဆင်ပါတော့တယ်။ မျှစ်ချဉ်ကို မိမိနှစ်သက်တဲ့ အရွယ်ဖြစ်အောင် ခွဲစိတ်ဖြတ်တောက်ပါတယ်။ ဝက်သားဆိုရင်လည်း အသားထက် အရိုး အခေါက်တို့နဲ့ ချက်ရတာကို ပိုကြိုက်ပါတယ်။ ဒါကြောင့် ဝက်နံရိုးရယ် ဝက်ခေါက်တွေရယ်နဲ့ ချက်ဖို့ စီစဉ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဝက်နံရိုး၊ မျှစ်ချဉ်၊ ကြက်သွန်ဖြူ၊ နီ၊ ခရမ်းချဉ်သီး၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် ဆား၊ အရသာမှုန့်၊ ဆီအနည်းငယ်တို့ထည့်ပြီး မျှစ်ချဉ်နဲ့ ဝက်နံရိုးကို လုံးချက် ချက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ထို့နောက် ရေထည့်ပြီး အချိန်တော်တော်ကြာအောင် မီးပေါ်မှာ တည်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing
ဟင်းအိုးချခါနီးမှာ ပင်စိမ်းရွက် ခတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဝက်နံရိုးမျှစ်ချဉ် ရပါပြီ.. နံနံပင်းကို ပါးပါးလှီးပြီး အပေါ်မှာ ပြန်ထည့်ထားပါသေးတယ်

Image Hosted by PicturePush - Photo Sharing
ဝက်ခေါက်တွေချည်း ရွေးထည့်ထားပါတယ်။ အရည်လည်းသောက် အဖတ်လည်း စားနိုင်တဲ့ ဟင်းတွေ ဖြစ်ပါတယ်။




အားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့ဖွယ် အားလပ်ရက်များဖြစ်ကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing



တန်ဖိုးကြီး သတို့သမီးဝတ်စုံများ

မင်္ဂလာပွဲဆိုတာ လူတစ်ဦးရဲ့ ဘဝမှာ အရေးကြီးဆုံးအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်က ပိုပြီး အရေးတယူ တန်ဖိုးထားတဲ့ အချိန်ခါလည်း ဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပနေချိန်မှာတော့ သတို့သမီးဟာ အားလုံးသော မင်္ဂလာပွဲလာ ပရိသတ်အတွင်းမှာတော့ ဘုရင်မတစ်ပါးလို အထူးဦးစားပေးခံရသူ ဖြစ်သလို အားလုံးရဲ့ အာရုံစူးစိုက်မှု၊ စိတ်ဝင်စားမှုကို အခံရဆုံးသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ မင်္ဂလာပွဲကျင်းပနေတဲ့ မင်္ဂလာပွဲကျင်းပချိန်မှာ အလှပ အထင်ပေါ်ဆုံး ဖြစ်ချင်ကြပါတယ်။ သတို့သမီးတစ်ယောက်အတွက် မိတ်ကပ်အပြင်အဆင်သာမက သတို့သမီးဝတ်စုံဟာလည်း အလွန်ကို အရေးကြီးပါတယ်။ ဒါတွေကို ဒီဇိုင်နာတွေက ကောင်းစွာ သဘောပေါက် နားလည်ထားတဲ့အတွက် ဒီဇိုင်နာတစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် သတို့သမီးဝတ်စုံတွေကို လှပဆန်းကြယ်စွာ စီစဉ်ချုပ်လုပ်ကြတာ ဖြစ်ပါတယ်။ အောက်မှာတော့ နာမည်ကျော် ဒီဇိုင်နာ အသီးသီးတို့ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သတို့သမီး ဝတ်စုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိန်စီ သတို့သမီး ဝတ်စုံ

http://www.horizontalimage.net/wp-content/uploads/2011/03/wedding-gown-with-diamonds.jpg

ကျောက်မျက်ရတနာ ကုန်သည် Martin Katz နဲ့ အဝတ်အထည်ဒီဇိုင်နာ Renee Strauss တို့ ပူးပေါင်းတီထွင် ချုပ်လုပ်ထားတဲ့ သတို့သမီး ဝတ်စုံဟာ တန်ကြေး ဒေါ်လာ ၁၂သန်းရှိပါတယ်။ ဘာတွေများ ပါလို့ဒီလောက် တန်ဖိုးကြီးနေရပါသလဲလို့ မေးလာရင် ၁၅၀ကာရက်ရှိ စိန်ပွင့်များဟာ ဝတ်စုံအဖြစ်ချုပ်ထားတဲ့ ဇာတစ်လျှောက်လုံးမှာ စီရီထည့်သွင်း ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဝတ်စုံကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတိုင်းက ဝတ်ဆင်လိုတဲ့ ဆန္ဒတွေ ရှိကြမှာ ဖြစ်ပေမဲ့ ဈေးနှုန်းကြီးလှတာကြောင့် ဒီဝတ်စုံ ဝတ်ဆင်ခွင့်ရဖို့ဆိုတယ အိပ်မက်တစ်ခုလိုသာ ဖြစ်ပါလိမ့်မယ်။

ပုလဲနှင့်စိန် ရောယှက်လိမ်

Yumi Katsura wedding dress
ဈေးနှုန်း ဒေါ်လာ ၈သန်းလို့ သတ်မှတ်ထားတဲ့ သတို့သမီး ဝတ်စုံကတော့ ၈.၈ ကာရက်အလေးချိန်ရှိ အစိမ်းရောင် စိန်၊ ၅ကာရက် ရွှေဖြူ၊ ပုလဲလုံးများ နဲ့အတူ ပိုးချည်၊ ဖဲသားတို့ဖြင့် ယှက်ဖောက်ထားတာကြောင့် ကမ္ဘာ့ တန်ဖိုးကြီး သတို့သမီး ဝတ်စုံများထဲမှာ ပါဝင်ပါတယ်။ တော်တန်ရုံ သတို့သမီးများ ဝတ်ဆင်ဖို့ရာ စဉ်းစားနိုင်ခွင့်တောင် မရှိတဲ့ တန်ဖိုးကြီးမားလှတဲ့ ဇိမ်ခံသတိုသမီး ဝတ်စုံဖြစ်ပါတယ်။

ပလက်တီနမ် သတို့သမီးဝတ်စုံ
http://www.horizontalimage.net/wp-content/uploads/2011/03/Mauro-Adami.jpg

ပေါင် နှစ်သိန်းလေးသောင်း တန်ကြေးရှိတဲ့ အထက်ပါ သတို့သမီး ဝတ်စုံကတော့ ချည်သားသက်သက်သာမကဘဲ ပလက်တီနမ်နဲ့ပါ ပေါင်းစပ်ချုပ်လုပ်ထားတာဖြစ်ပြီး လန်ဒန်မြို့ရဲ့ ကျောက်မျက်ရတနာပြပွဲတစ်ခုမှာ ဝတ်ဆင်ပြသခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။ အီတလီဒီဇိုင်နာ Mauro Adam က ချုပ်လုပ်ထားတဲ့ သတို့သမီးဝတ်စုံဟာ ချည်ထည်နဲ့အတူ ပိုးချည်၊ ပလက်တီနမ်တို့ဖြင့် ပြုလုပ်ထားပြီး သတို့သမီး ဝတ်စုံသက်သက်သာမဟုတ်ဘဲ ဝတ်ဆင်သူရဲ့ ခမ်းနားကြီးကျယ်ခြင်း၊ ချမ်းသာခြင်း တို့ကို ကိုယ်စားပြုနိုင်တဲ့ ဝတ်စုံဖြစ်တယ်လို့ ဆိုပါတယ်။

ရတနာမျိုးစုံခြယ် သတို့သမီးဝတ်စုံ


glittery gown wedding dress
ဟောင်ကောင် ဒီဇိုင်နာ တစ်ဦးရဲ့ လက်ရာဖြစ်တဲ့ သတို့သမီးဝတ်စုံဟာလည်း အလေးချိန် ၄ပေါင်ခန့်ရှိ ရတနာအမျိုးစုံပေါင်း ၉၉၉၉ခုဖြင့် စီခြယ်ထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ တစ်သိန်းသုံးသောင်း တရုတ်ငွေ ယွမ် ၉၉၉၉၉၉ တန်ကြေးရှိပါတယ်။

ဒေါင်းမွှေးသတို့သမီးဝတ်စုံ

peacock_wedding_dress_2
peacock_wedding_dress_2
peacock_wedding_dress_2

ဥဒေါင်းငှက်ရဲ့ ခမ်းနားလှပအရောင်စုံတဲ့ အမွှေးပေါင်း ၂၀၀၉ ခုတို့ဖြင့် တွဲဆက်ချုပ်လုပ်ထားတဲ့ သတို့သမီးဝတ်စုံကတော့ ဒေါ်လာ ၁.၅ သန်း တန်ကြေး ရှိပါတယ်. တရုတ်နိုင်ငံ ဂျန်းဆူးပြည်နယ် နန်ကျင်းမြို့မှာ ကျင်းပတဲ့ သတို့သမီးဝတ်စုံပြပွဲမှာ ဝတ်ဆင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဝတ်စုံကို လူ၈ဦးက ၈လခန့် အချိန်ယူပြီး ချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။

သတို့သမီးလောင်းကလေးများနဲ့ တန်ဖိုးကြီးဝတ်စုံများကို စိတ်ဝင်စားသူများအတွက် ရှာဖွေတင်ပြပါတယ်။း)

Image Hosted by PicturePush - Photo Sharing
Ref: Most Expensive Wedding Dresses by Miria

အမေ့ကိုမုန်းတယ်

ကျွန်တော် အမေ့ကိုမုန်းတယ်…

ကျွန်တော့်အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး။ သူ့မှာ မျက်လုံးတစ်ဘက်ဘဲရှိတယ်…. အတော်ကို ရုပ်ဆိုးပါတယ်… သိပ်ကိုရှက်ဖို့လည်းကောင်းတယ်။ ဈေးဆိုင်လေး ခပ်သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်..    ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကို ကြည့်ပြီး ကျွန်တော် ရှက်တယ်။ အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေး ကြတယ်။ ဈေးသည်မရဲ့သားလို့လည်း ကျွန်တော့်ကို ကဲ့ရဲ့ကြတယ်။သူများအမေတွေလို ချမ်းသာအောင် ဘာလို့မလုပ်သလဲဆိုတာ အမေ့ကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ဒါကြောင့် အမေ့ကို ကျွန်တော်မချစ်ဘူး.. မုန်းတယ်။

ဒီနေ့ ကျွန်တော်တို့ကျောင်းမှာ အားကစား ပြိုင်ပွဲတွေ လုပ်တော့ ကျောင်းအုပ်ချုပ်သူတွေက ကျောင်းသား မိဘတွေကို ဖိတ်တယ်လေ။ ကျွန်တော်က အမေ့ကို မလာစေချင်ဘူး။ အမေလာရင် ကျွန်တော် အရှက်ကွဲမယ်ဆိုတာ သိနေတယ်။ ဒါကြောင့် အမေမလာပါစေနဲ့လို့ စိတ်ထဲက အခါခါ ဆုတောင်းမိတယ်။ ဒါပေမဲ့ ကျွန်တော် ဆုတောင်းမပြည့်ပါဘူး။ အမေ  ကျောင်းကို ရောက်လာခဲ့တယ်။ ကျွန်တော် ဒေါသတွေ အလိပ်လိုက်ထွက်မိတယ်။ အမေ ဘယ်လိုများ လုပ်လိုက်တာလဲ ..  လူတွေကြားမှာ ကျွန်တော့်ကို သက်သက် အရှက် လာခွဲတာနဲ့ အတူတူဘဲ။ ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့်အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းက သူငယ်ချင်းတွေ အကုန် သိကုန်ပြီ…သူငယ်ချင်းတွေ ကျွန်တော့်ကို လှောင်သလိုလိုနဲ့ ဝိုင်းကြည့်တဲ့အခါ ကျွန်တော် မခံနိုင်တော့ဘူး ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်လိုက်မိတယ်။ ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတော့တယ်။


နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး စကြ နောက်ကြတယ်။ "မင်းအမေက မျက်လုံး တစ်ဘက်တည်းရှိတယ်နော်၊ ရုပ်ကလည်းဆိုးလိုက်တာ " တဲ့။ ဒီလိုပြောတာတွေ ကျွန်တော် မခံနိုင်ဘူး။ ဒေါသလဲထွက်၊ ရှက်လဲရှက်မိတယ်။ အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ် သွားပါစေလို့ကို ဆုတောင်းမိတယ်… ကျွန်တော့်အမေက သူများအမေတွေလို ကြည့်ကောင်းတဲ့ရုပ်ရည်လဲ မရှိဘူး.. ပိုက်ဆံလဲ မချမ်းသာဘူး..... မျက်လုံးတစ်ဖက်တည်းနဲ့ အတော့်ကိုကြည့်ရဆိုးတဲ့ ကျွန်တော် အမေ့ကို အရမ်းမုန်းတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့အနားကိုသွားပြီး အေးစက်မာကြောစွာနဲ့ မေးပစ်တယ်..  


အမေ.. အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက် သွားတာလဲ ..  အမေက သူများအမေတွေ လိုလဲ မလှဘူး…. ရုပ်ကဆိုး. ဆင်းကလဲ ဆင်းရဲသေးတယ်…..အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့သက်သက်များ အသက်ရှင်နေတာလား…  အမေဘာကြောင့် မြန်မြန်မသေတာလဲ"  

အမေက ဘာမှကို ပြန်မပြောရှာပါဘူး။   ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ဘဲ  လုပ်စရာရှိတာကို လုပ်နေခဲ့တယ်။ ကျွန်တော် အမေ့ကို အဲလို ပြောလိုက်မိလို့ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… ဒီစကားက သိပ်ကို ရက်စက်လွန်းရာကျသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်..  ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ အဲဒီလို ပြောလိုက်ရတာကိုလည်း ကျေနပ် သွားမိတယ်။ ကျွန်တော် တစ်ချိန်လုံး အမေ့ကို အဲဒီစကားတွေ ပြောချင်နေခဲ့တာလေ။

အဲဒီည….      ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစား ခန်းထဲကို  အသွား အခန်းထောင့်ကလေးမှာ ကုတ်ကုတ်လေးထိုင်ပြီး တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်..   ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး  ငိုနေတဲ့ အမေ။        အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး ထမင်းစားခန်းကနေ အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်။ တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း  အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ။ ဒါပေမဲ့  အရုပ်ဆိုးလှတဲ့  မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့အမေ့ကို ကျွန်တော် မုန်းတယ်။

ဒီတော့….  ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်မိတယ်….

"ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်  ငါ ရပ်တည် နိုင်အောင် ကြိုးစား တော့မယ်…  ငါ့ဘ၀ကို အောင်မြင်အောင်လုပ်မယ်..ငါအမေ့ကို မုန်းတယ်..ပြီးတော့ ဒီ စုတ်ပြတ်ဆိုးဝါး လှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်။ ဒီကနေ ငါ လွတ်အောင် ရုန်းမယ်။   အမေ့ဆီကနေ…..  ပြီးတော့ ဆင်းရဲခြင်းဆီကနေ ငါ ရုန်းထွက်တော့မယ်။ "

ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အမေ့အိမ်ကနေ ထွက်လာပြီး ဆိုလ်းမြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်၊ ရှေ့ခြေလှမ်းတွေအတွက်၊ ရည်မှန်းချက် အပြည့်နဲ့ပေါ့။ အထက်တန်းအောင်တော့  ဆိုလ်း တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့် ရတယ်. ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန် လာတယ်၊  ခိုင်မာလာတယ်။ ကျောင်းပြီးတော့ လှပချောမောတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ကျွန်တော် အိမ်ထောင်ပြုတယ်။ စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင် အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်။  သားသမီးတွေ ရလာတယ်။   ခုတော့ ကျွန်တော့် ဘ၀မှာ  ပျော်ရွှင် သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ်  ရပ်တည်နေနိုင်ပြီ။  ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်။ ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့်အမေအကြောင်း၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့ငယ်ဘ၀  အဲဒါတွေကို သတိရစရာ ပြန်အမှတ်ရစရာ ဘာမှလဲ မရှိတော့ဘူး။ အစဖော်ပေးမဲ့သူလည်း မရှိတော့ဘူး။ ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ။  ကျေနပ်နေပြီ။

ဒါပေမဲ့.. ဒါပေမဲ့ပေါ့.. ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်းမှာ  လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်.. သူ့ကို ကျွန်တော် ရုတ်တရက်တော့ မမှတ်မိပါဘူး။ အတော်ကို အသက်ကြီးပြီး ပိန်ချုံးချိနဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အဝတ်အစားတွေက တော်တော်ကို နွမ်းရိလို့နေတယ်။ အဲဒီ အဖွားကြီးကို ကျွန်တော် သေချာကြည့်လိုက်မိတော့

"ဘုရားရေ..   အမေပါလား.."
အမေက ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ရှိနေတုန်း။    ဘယ်လိုက ဘယ်လို ကျွန်တော့ဆီရောက်လာတာလဲ။ ဆိုးလိုက်တာဗျာ

ကောင်းကင်ကြီး တစ်ခုလုံး  ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ….  အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကို မြင်တော့ လန့်အော်ပြီး အိမ်ထဲကို ပြေးဝင်သွားတယ်..  အိမ်ရှေ့မှာ ရပ်နေတဲ့ အမေ့ကိုတစ်လှည့်၊ လန့်ပြီး အိမ်ထဲပြေးဝင်သွားတဲ့ ကျွန်တော့်သမီးကို တစ်လှည့် ကြည့်ရင်းနဲ့ ကျွန်တော့်ဒေါသတွေ ဒီရေလို တက်လာတယ်။

"ခင်ဗျားဘယ်သူလဲ..  ဘာကြောင့် ဒီအိမ်ရှေ့မှာ လာရပ်နေတာလဲ။ ခင်ဗျားကို ကျုပ်မသိပါလား ..  ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ။ သွား…..   ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်ရှေ့က ထွက်သွား"

ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို  မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်.. အော်ငေါက်ပစ်လိုက်တယ်။

"အိုး ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာမှားပြီး ၀င်လာမိတာပါ"…

အမေက တိုးတိုးတိတ်တိတ် တုန်ယင်နေတဲ့ လေသံလေးနဲ့ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေ တစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်..  "တော်ပါသေးရဲ့..ဘုရား မ လို့..   အမေ ကျွန်တော့်ကို မမှတ်မိဘူး..ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. "   ကိုယ့်ကိုယ်ကို ပြောမိတယ်.. "ငါနောက်ကို သတိထားစရာ မလိုတော့ဘူး…   ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ  မဟုတ်တော့ဘူး" အမေလှည့်မထွက်ခင်မှာ မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတာကို သူတွေ့လိုက်မိသလိုလိုတော့ ရှိသား။ ဒါပေမဲ့ ကျွန်တော် အဲဒီအကြောင်းကို မစဉ်းစားချင်တော့ဘူး။ သာယာလှပ အခြေကျနေပြီဖြစ်တဲ့ ကျွန်တော့်ဘဝထဲကို ဆင်းရဲပြီး ရုပ်ဆိုးလှတဲ့ အမေ့ကို ခေါ်မသွင်းနိုင်တော့ဘူး။

တစ်နေ့ ကျွန်တော့်ဇာတိရွာကလေးက ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မဲ့ ဖိတ်စာလေး ရောက်လာတယ်။ ကျွန်တော်ဒီမှာ ရှိနေတယ်ဆိုတာ စီးပွားဖက်ဖြစ်နေတဲ့ ငယ်သူငယ်ချင်းဟောင်း တစ်ယောက်ကနေ သိသွားပြီး ဖိတ်စာရောက်လာခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အတိတ်အကြောင်းတွေ ပြန်လည် ခြေချမိမဲ့ အဲဒီနေရာကို ကျွန်တော်မသွားချင်ပါဘူး။ မသွားချင်ပေမဲ့ သူငယ်ချင်းမျက်နှာကြောင့် ကျွန်တော် သွားရဦးမယ်။ ကျွန်တော့်မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေး ကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်။ ကျွန်တော့်ရဲ့ ဆင်းရဲတဲ့ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ။

မွေးရပ်မြေရောက်တော့ ကျွန်တော် တည်းခိုခန်းတစ်ခုမှာ တည်းပါတယ်။ ကျောင်းမှာပြုလုပ်တဲ့ တွေ့ဆုံပွဲပြီးတော့  ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို သွားကြည့်ချင်စိတ်တွေ ပေါက်လာတယ်။ တကယ်တော့ အိမ်လို့သာ ခေါ်တာပါ.. အိမ်နဲ့တောင် မတူပါဘူး…  အမိုးအကာ မလုံတဲ့ တဲကုတ်လေးပါ…  စိတ်ထဲက ဘာရယ်မဟုတ်ဘဲ စပ်စုချင်တဲ့စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် လို့ တွေးမိပြီး ကြည့်ချင်တာနဲ့ ထွက်လာခဲ့တာပါ။ ကျွန်တော်ရောက်သွားတော့ အိမ်တံခါးက သော့မခတ်ထားပါဘူး။ ကျွန်တော် တံခါးကို အသာတွန်းဖွင့်လိုက်တော့ တံခါးက ပွင့်သွားခဲ့တယ်။ အဲ.. အဲဒီမှာ အဖွားအိုတစ်ယောက် အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်။   ဘယ်သူများဖြစ်မလဲ. ကျွန်တော့်အမေဘဲပေါ့။ ဒါပေမဲ့ ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့   ၀မ်းနည်းတဲ့ စိတ် နည်းနည်း လေးတောင်  မဖြစ်မိဘူး။ အမေမှန်းသိလိုက်ရလို့ အနားကို တိုးကပ်ပြီး ငုံ့ကြည့်လိုက်တော့ အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခု ဆုပ်ကိုင်ထားတာကို တွေ့ရတယ်…  ဘာများဖြစ်မလဲလို့ ကျွန်တော်ယူကြည့်မိလိုက်တော့ အမေရဲ့ မပီမသ၊ မလှမပ ပဲပင်ပေါက်လို လက်ရေး လေးတွေနဲ့ ရေးထားတဲ့ စာလေးတစ်စောင်..

အမေချစ်တဲ့ သားလေးရေ…

အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ။   အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင် ပါဘူးကွယ် ….  သားလေးရှိတဲ့ဆိုလ်းကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေရောက်နိုင်တော့မှာ မဟုတ်ပါဘူး။   အမေ့ဆီ တစ်ခေါက်လောက် သားလေးကို လာလည် စေချင်လိုက်တာကွယ်။ အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ၊ တွေ့ချင်လွန်းလို့ပါ၊  ကျောင်းသား ဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေးလာမယ်ဆိုတာ သတင်းကြားမိတော့ အမေ ၀မ်းသာ လိုက်တာ.. ဒါပေမဲ့ သားလေးရဲ့ကျောင်းကို အမေမလာဖို့ ဆုံးဖြတ် ထားပါတယ်…  အဲဒါက ငါ့သားအတွက်ပါကွယ်။ အမေလာရင် သားလေး သိမ်ငယ်မှာ အမေသိပါတယ်။ အမေ့မှာက  မျက်စိတစ်ဖက်ထဲ ရှိတာကိုး။ ဒီအတွက်နဲ့  သားကို အရှက်ရစေတာ အမေ     ၀မ်းနည်းပါတယ်သားရယ်။

ဘာကြောင့် အမေ့မှာ မျက်လုံးတစ်ဖက်ထဲ ရှိတယ်ဆိုတာ အမေပြောပြပါ့မယ်သားရယ်…  အမှန်တော့ သားငယ်ငယ်တုန်းက  ဆော့ကစားရင်း  မတော်တဆဖြစ်ပြီး မျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်။ မိခင် တစ်ယောက် အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့ သားကို ဘယ်လိုလုပ် ကြည့်ရက်နိုင်ပါ့မလဲကွယ်။ သားကြီးလာရင် မျက်စိတစ်ဖက်တည်းနဲ့ လူတွေကြားမှာ ဘယ်လိုများ နေမလဲလို့ အမေတွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်။ ယူကျုံးမရ ဖြစ်ရတယ်။ ကြီးလာရင် ငါ့သားလေး ရှက်တော့မယ်ဆိုတာ အမေသိတယ်။ အမေက  အသက်ကြီးပြီ။  သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ…  ဒါကြောင့် အမေ့ရဲ့မျက်စိတစ်ဖက် သားကို ပေးလိုက်တာပါ။

ငါ့သားလေး လောကကြီးကို အမေ့ရဲ့မျက်လုံးနဲ့ ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့ အတွက် သားကို ကြည့်ပြီး  အမေ၀မ်းသာမိတယ်။ ကျေနပ်မိတယ်။ အမေ့မှာ မျက်လုံးတစ်ဖက် သားကိုပေးလိုက်ရပေမဲ့ အဲဒီအတွက် အမေဘယ်တော့မှ  စိတ်မကောင်း မဖြစ် ပါဘူး။ ၀မ်းလဲ မနည်းခဲ့ဘူး၊    ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်။ စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့၊ ဆိုခဲ့တာတွေ  အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး။ ငါ့သားလေးငါ့ကို ချစ်လို့ပြောတာဘဲလို့  အမေတွေးခဲ့ပါတယ်..  အမေသားကို ချစ်တယ် သားရယ်၊ သားဟာ အမေ့ရဲ့ ဘ၀ ၊ အမေရဲ့ ကမ္ဘာပါကွယ်။

စာကို ကိုင်ထားတဲ့ ကျွန်တော့လက်တွေ တစ်ဆတ်ဆတ် တုန်ရီလာသလို၊ ကျွန်တော့ ခြေထောက်တွေစာလည်း မြေပြင်ပေါ်မှာ ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး။ ကျွန်တော့်တစ်ကိုယ်လုံး အင်အားချည့်နှဲ့ကုန်ပါပြီ။ "အိုး..   ကျွန်တော့်အသည်းတွေကွဲပါပြီ။ အမေရယ် သားကိုခွင့်မလွှတ်ပါနဲ့၊ ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့။"

ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ။ ကျွန်တော် သိပ်မုန်းခဲ့တဲ့၊ မျက်လုံးတစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့် အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ် ဆိုတာ အမေသေမှ ကျွန်တော်သိလိုက်ရပါပြီ.. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော် ၊ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော် လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ။ 

 ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား၊ မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊ မိဘသေမှ နောင်တရတဲ့သားမျိုး ဘယ်တော့မှ မဖြစ်ကြပါ စေနဲ့ဗျာ။



ဆုံးမရှိသော အနန္တမေတ္တာရှင် မိခင်ကျေးဇူးကို အထူးအောက်မေ့သတိရလျှက် A Mother's Sacrifice ( Unknown Author) ကို ရင်နင့်စွာ ဘာဘာပြန် ရေးဖွဲခဲ့ပါသည်။


Image Hosted by PicturePush - Photo Sharing


လွန်ခဲ့သော တစ်နှစ်ကျော် ဘလောဂ့်ရေးခါစက တင်ခဲ့ဖူးတဲ့ ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို မဖတ်ရသေးသူများ၊  ဖတ်ပြီးသူများလည်း ပြန်လည်ခံစားကြည့်စေချင်တာကြောင့် ဘလော့ဂ်ပေါ် ပြန်တင်မိပါတယ်။