အားလုံးသိကြတဲ့အတိုင်း ကျွန်မ ကချင်ပြည်နယ်သူပါ.. အခြားပြည်နယ်နဲ့ တိုင်းတွေလိုပါဘဲ.. ကျွန်မတို့ကချင်ပြည်နယ်မှာလည်း ပြည်နယ်သူ ပြည်နယ်သားတိုင်း တန်ဖိုးထား မြတ်နိုးကြရတဲ့ အထင်ကရ ကျော်ကြား လှပတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ သဘာဝအလှအပအတိုင်း ရှိနေသေးတဲ့ ရေခဲတောင်ကြီးတွေ၊ အင်းတော်ကြီးအိုင်လို မြန်မာပြည်ရဲ့ အကြီးဆုံး ရေအိုင်၊ ဧရာဝတီရယ်လို့ စတင်ဖြစ်ပေါ်လာစေတဲ့ မေခ မေလိခမြစ်ဆုံ၊ လူသားတွေအတွက် အကျိုးစီးပွားများစွာကို ဖြစ်ထွန်းစေပြီး အင်မတန်မှ သာယာလှပစွာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီး၊ တန်ဖိုးကြီးမားပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ ကျောက်စိမ်းတွေ၊ ရွှေစတဲ့ သယံဇာတတွေ၊ အဖိုးတန် သစ်တောတွေ၊ တောင်တန်းကြီးတွေ၊ အသီးအနှံ မျိုးစုံတွေ စသဖြင့် များစွာရှိပါတယ်။
တိမ်တွေကြားက ကချင်တောင်တန်းကြီးများ
ဧရာဝတီရဲ့ တည်ငြိမ်တဲ့ အလှ
လူတိုင်းဟာ မိမိဇာတိမြေ၊ မိမိအိမ်၊ မိသားစု ရှိရာအရပ်ကို ခင်တွယ်တန်ဖိုးထားကြသလို ကျွန်မတို့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေဟာလည်း ကိုယ့်မြေ ကိုယ့်ဒေသကို ခင်တွယ်ကြသူတွေသာ ဖြစ်ပါတယ်။ ကျွန်မတို့ကချင်ပြည်နယ်မှာ ရှိတဲ့ မြစ်ဆုံ၊ အင်းတော်ကြီးအိုင် ကရိန်နော် စတဲ့လှပထင်ရှားတဲ့နေရာတွေ၊ ကမ္ဘာကျော် ကျောက်စိမ်းတွေ၊ အားလုံးသော အရာတွေအတွက်လည်း ဂုဏ်ယူကြပါတယ်။ တန်ဖိုးထားကြပါတယ်။ ထိုနည်းတူစွာပါဘဲ ကချင်ပြည်နယ်မှာ မြစ်ဖျားခံ စတင်စီးဆင်းပြီး သမိုင်းကြောင်းများစွာ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ပရိစ္ဆေဒ ရှည်ကြာလှပြီဖြစ်သော ဧရာဝတီမြစ်ကြီးကိုလည်း ပြည်နယ်သူ ပြည်နယ်သားတိုင်းက ချစ်ခင်နှစ်သက် မြတ်နိုးကြပါတယ်။
ဒီလို ကျောက်တုံးလေးတွေ ရေအေးအေးကြည်ကြည်လေးတွေနဲ့ လှပခဲ့တဲ့ ယခင်က မြစ်ဆုံ
မြစ်ဆုံအနီးက သပ္ပါယ်လှတဲ့ စေတီတော် ( မြစ်ဆုံစီမံကိန်းပြီးရင် ဒီစေတီတော်ဟာလည်း ရေပြင်ဖုံးလွှမ်းခြင်းခံရမှာပါ)
မြစ်ကြီးနားရဲ့ နာမည်ကျော် ကရိန်နော်ရဲ့ အလှ
ဧရာဝတီရဲ့ မနက်ခင်း
ဧရာဝတီရဲ့ နေ့လည်ခင်း
လွန်ခဲ့တဲ့ ခရီးသွားခဲ့ချိန်မှာ မြစ်ဆုံကို တကူးတက အချိန်ယူသွားရောက်ခဲ့ပြီး မြစ်ဆုံရဲ့ အလှ၊ မြစ်ဆုံမှာ ရှိတဲ့ စေတီ၊ ရွှေလုပ်ကွပ်များ၊ ရေကာတာ ဆောက်လုပ်နေမှုများကို ဓာတ်ပုံတွေများစွာ ရိုက်ခဲ့ပေမဲ့ ဓာတ်ပုံတွေ များလွန်းတော့ ကင်မရာ မဆန့်တာနဲ့ Memory Stick ထဲအကူးမှာ Stick မှာ ရှိနေတဲ့ ဗိုင်းရပ်စ်ကြောင့်ဓာတ်ပုံတွေအားလုံး တစ်ပုံမကျန် ပျက်စီးသွားခဲ့ရလို့ ကျွန်မ တော်တော်လေးကို ဝမ်းနည်းမိပါတယ်။ ဘာလို့ဝမ်းနည်းမိတာလဲဆိုတော့ နောင်တစ်ချိန်မှာ ဒီမြစ်ဆုံရဲ့အလှတွေကို ကျွန်မတို့ ပြန်တွေ့နိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒီနေရာတွေ အားလုံးဟာ မြစ်ဆုံရေကာတာ စီမံကိန်းကြီးပြီးတဲ့တစ်နေ့မှာ ရေအောက်ကို ရောက်သွားမဲ့နေရာတွေ ဖြစ်ပါတယ်။ မြစ်ဆုံဆိုတဲ့နေရာဟာ ကိုယ့်ပြည်တွင်းမှာလဲ လူတိုင်းက စိတ်ဝင်စားပြီး ရောက်ဖူးချင်ကြတဲ့ နေရာဖြစ်သလို နိုင်ငံခြားက ခရီးသွားဧည့်သည်တွေ ၊ ထင်ရှားသူတွေ၊ သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားသူတွေ မြန်မာပြည် လာရင်လည်း ဂုဏ်ယူဝံ့ကြွားစွာ ပြသစရာ နေရာတစ်ခုဖြစ်ပါတယ်။
မြစ်ဆုံတစ်ဝိုက်ဟာ ဟိုးအရင်နှစ်များကတော့ ဆောင်းရာသီနဲ့ နွေရာသီလိုချိန်မှာ မေခရော မေလိခမြစ် နှစ်သွယ်ကနေ သန့်ရှင်းကြည်လင်နေတဲ့ ရေတွေ စီးဆင်းပြီး ဧရာဝတီမြစ်ကြီးဖြစ်ပေါ်နေတဲ့ နေရာဖြစ်ပေမဲ့ ခုချိန်ခါများတော့ နွေရာသီမှာလည်း မြစ်ရေတွေက ကြည်လင်သန့်စင်ခြင်း မရှိတော့ဘဲ ညစ်နွမ်းဝင်းဝါနေခဲ့ပြီ ဖြစ်သလို မြစ်ရေထဲမှာရော ဆိပ်ကမ်းတစ်လျှောက်မှာပါ ပလပ်စတစ်တွေ၊ အမှိုက်သရှိုက်တွေ၊ ရွှေသမားတို့ရဲ့ တဲတွေ အစီအရီနဲ့ မြစ်ဆုံရဲ့ လှပသာယာမှုကို ခံစားလို့မရနိုင်လောက်အောင် ပြောင်းလဲလို့ နေခဲ့ပါပြီ။ ကျွန်မဟာ နေရာဒေသ တစ်ခုခု၊ မြို့တစ်မြို့ကို ရောက်လေတိုင်း အဲဒီနေရာရဲ့ လှပတဲ့နေရာတွေ၊ ထင်ရှားတဲ့နေရာတွေ စသဖြင့် ကောင်းမွန်လှပတဲ့ ရှုခင်းမျိုးတွေကိုသာ မှတ်တမ်းတင် ဓာတ်ပုံရိုက်လိုသူ ဖြစ်ပါတယ်။ ခုလို ရှုပ်ထွေးညစ်နွမ်းနေတဲ့ မြစ်ဆုံရဲ့ ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ရတာ တကယ်ကို စိတ်ချမ်းသာမှု မရှိခဲ့ပါဘူး။
မြစ်ဆုံအနီးက ရွှေလုပ်ကွက်များ
မြစ်ဆုံသောင်ပြင်ပေါ်က ဈေးဆိုင်တန်းကလေးများ
ခုလို မြစ်ဆုံရဲ့ သာယာလှပမှုကို ပျက်စီးစေတာ ဘယ်သူတွေရဲ့ ပရောဂလဲလို့ တွေးကြည့်ရင် ပြေးကြည့်စရာမလိုအောင် ထင်ရှားနေတာက လူသားတွေရဲ့ လောဘ ပရောဂကြောင့်ဘဲ မဟုတ်ပါလားရှင်... ခုတောင် မြစ်ဆုံရဲ့ အလှက ညစ်နွမ်းနေပါပြီ.. ဒီထက်ပိုပြီး ထပ်ဖျက်ဆီးဦးမယ်ဆိုရင် မြစ်ဆုံရဲ့ အလှဟာ ပုံပြင်တစ်ခုလို ဖြစ်ဦးတော့မှာပါ။ အလှအပတစ်ခုတည်းမကြည့်ဘဲ လူသားတွေအကျိုးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း နိုင်ငံမြောက်ဖျားမှသည် မြစ်ဝကျွန်းပေါ်အထိ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးဟာ လူသားတွေရဲ့ ကောင်းကျိုးကို နည်းမျိုးစုံနဲ့ သယ်ပိုးပေးသွားတာဘဲ မဟုတ်ပါလား။ အောက်အရပ်ကနေ ဗန်းမော်မြို့အထိ သင်္ဘောတွေ ဆန်တက်လာလို့ ရတဲ့အတွက် ကုန်စည်စီးဆင်းမှု ချောမွေ့လွယ်ကူပြီး ဈေးသက်သာရသလို၊ မြစ်ကို အမှီပြုပြီးနေထိုင်ကြတဲ့ မြစ်ကမ်းတစ်လျှောက်က မြို့ရွာတွေ အတွက် ဝမ်းစာရှာဖွာရေးရော သွားလာရေးပါ လွယ်ကူစေခဲ့ပါတယ်။ စိုက်ပျိုးရေးနိုင်ငံရယ်လို့ ကြွေးကြော်ထားတဲ့အတိုင်း မြစ်ကမ်းတစ်လျှောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသက လယ်ကွင်းတွေဟာလည်း ဧရာတီကို အမှီပြုနေရတာဘဲ မဟုတ်ပါလားရှင်.. ဒါဆိုရင် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေတဲ့ ဒီမြစ်ကြီးကို ဘာဖြစ်လို့များ တိမ်ကောအောင် ပြုလုပ်ချင်ကြပါသလဲ။




ဧရာဝတီကို အမှီပြုကြသူများ
ကျွန်မ အိမ်ပြန်တဲ့အချိန်မှာ မြစ်ကြီးနားမြို့ကိုရောက်တော့ အိမ်ကိုချက်ခြင်း ခရီးမဆက်ဖြစ်ဘဲ မြစ်ကြီးနားမြို့ကို တစ်ရက်လုံးလုံး နေရာအနှံ့ ပတ်ပြီး လျှောက်သွားပါတယ်။ သွားရင်းနဲ့ မြစ်ကြီးနားမြို့ရဲ့ မြို့သူမြို့သားတွေကို သူတို့ရဲ့ ခံစားချက်တွေ မေးမြန်းခဲ့ပါသေးတယ်။ အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်ပူပန်စိတ်တွေ ရှိနေခဲ့ကြတာကို သူတို့နဲ့ စကားပြောကြည့်တဲ့အခါ သိခဲ့ရပါတယ်။ သူတို့ရဲ့ ခံစားချက် တွေဟာ လုပ်ကြံဖန်တီးထားတဲ့ စကားတွေ မဟုတ်ပါဘူး တကယ်ခံစားနေရတာ၊ ပူပန်နေကြတာ ဖြစ်ပါတယ်။ နဂိုကမှ သဘာဝဘေးဆိုးတွေ လူတွေ ဒုက္ခရောက်ကြရတဲ့အထဲ လူသားတွေရဲ့ ပယောဂနဲ့ ပျက်စီးသွားတဲ့ သဘာပတ်ဝန်းကျင်ကြောင့် ပိုပြီး ဒုက္ခရောက်ကြမှာ ဘယ်သူက လိုလားပါမလဲရှင်။ သူတို့ကိုလည်း ကျွန်မ ကိုယ်ချင်းစာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ဇာတိ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသမှာလည်း ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် ဒေသခံတွေ ဒုက္ခများရတာတွေ၊ ကျေးရွာတွေ ပျက်စီးရတာတွေ၊ နှစ်စဉ် ရေလွှမ်းမိုးခံရတာတွေ ၊ လမ်းတွေ ပျက်စီးကုန်တာ၊ မြို့တွင်းမှာလည်း ရွံ့တွေ ဗွက်တွေပြည့်နှက်နေတာ ၊ အိမ်ခြေတွေ မြေစာပုံအောက် ရောက်ကုန်တာတွေ မျက်စိအောက်မှာ မြင်နေရတာ၊ ဖြစ်နေခဲ့ရတာဆိုတော့ မြစ်ကြီးနားမြို့ခံတွေရဲ့ စိုးရိမ်ပူပန်စိတ်ကို ကျွန်မ ကိုယ်ချင်းစာလို့ ရနိုင်ပါတယ်။
မြစ်ဆုံအကြောင်းနဲ့ ပတ်သက်ပြီး ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Eleven ဂျာနယ်က ဖော်ပြရေးသားထားတဲ့ ရေးသားချက်တွေကို ကျွန်မရဲ့ ဘလောဂ့်စာမျက်နှာပေါ်မှာ ပြန်လည်ဖော်ပြချင်တဲ့အတွက် အပေါ်က နိဒါန်းကို ပျိုးရခြင်းဖြစ်ပါတယ်။ အောက်မှာတော့ Eleven ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး လူထုဦးစိန်ဝင်းနဲ့ Eleven Media တို့ရဲ့ ဆွေးနွေးကြတဲ့ အချက်အလက်တွေကို ဖော်ပြပေးထားပါတယ်။ ဆွေးနွေးချက်မှာ ပါဝင်တဲ့ မြစ်ဆုံစီမံကိန်းနဲ့ ကပ်လျှပ် မြန်မာနယ်စပ်နဲ့ ယူနန်ပြည်နယ်စပ်တို့မှာ ငလျှင်မကြာခန လှုပ်တတ်တယ် ဆိုတာလည်း အဲဒီနေရာတွေကို သွားလာဖူးနေကျဖြစ်တဲ့ ကျွန်မက ကိုယ်တိုင်လည်း ငလျှင်ကို ကြုံဖူးလေတော့ နှစ်စဉ်နှစ်တိုင်း ငလျှင်လှုပ်တယ်ဆိုတာ တကယ်ကိုမှန်ပါတယ်။ မြန်မာနယ်စပ်နဲ့ အနီးဆုံး တရုတ်နယ်ဘက်မှာ တိုက်တွေပြိုတဲ့ထိ ငလျှင်အား ပြင်းထန်ပါတယ်။ ဒီအတွက် အကြောင်းသိသူတွေက စိုးရိမ်နေကြတာ မဆန်းပါဘူး မဟုတ်လားနော်။
မြန်မာပြည်သူ၊ ကချင်ပြည်နယ်သူတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာလည်း သမိုင်းဝင် ဧရာဝတီ မြစ်ကြီးအတွက် စိတ်ပူပန်မိသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Eleven Media ရဲ့ ဖော်ပြချက်ကို ဒီနေရာကနေ အားလုံးဖတ်နိုင်ဖို့ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဧရာဝတီကိုချစ်ကြတဲ့ မြန်မာပြည်သူ ပြည်သားတိုင်း ခံစားချက်ထပ်တူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ကိုယ့်တိုင်းပြည်၊ ကိုယ့်မြေ၊ ကိုယ့်ရေ ၊ ကိုယ့်ပါတ်ဝန်းကျင်မှ မချစ်ခင် တန်ဖိုးမထားရင် ဘယ်သူတွေကများ လာပြီး တန်ဖိုးထားကြပါမလဲရှင်......
***************@@@****************
Eleven Media ရဲ့ ဖော်ပြချက်ကို အောက်မှာဆက်ဖတ်နိုင်ပါတယ်...