ပြီးခဲ့တဲ့ ပိုစ့်မှာ ရှမ်းလူမျိုးတို့ဟာ ရွှေလီမြစ်ဝှမ်းတစ်ဝိုက်မှာ တိုင်းကားပြည်ရွာ တည်ထောင်ပြီး နေထိုင် ခဲ့ကြတာ မြန်မာလူမျိုးတို့ ပုဂံခေတ်ကို စတင်တည်ထောင်ချိန်နဲ့ တစ်ပြိုင်တည်း ကျတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအကြောင်းနဲ့ ဆက်စပ်ပြီး တရုတ်ပြည်မှာ ယခုထိတိုင် နေထိုင်ကြဆဲဖြစ်တဲ့ ရှမ်းလူမျိုးများအကြောင်း အနည်းငယ် ပြောပြချင်တာပါ။ ယခု တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်နဲ့ ရွှေလီမြစ်ဝှမ်း တစ်လျှောက်တို့မှာ ဟိုးလွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်ခန့်က နန်ချောင်(နန်ချို) လို့ခေါ်တဲ့ ရှမ်းအင်ပါယာကြီးဟာ ကြီးကျယ် ခမ်းနားစွာ ရှိခဲ့တယ်လို့ သမိုင်းများက ဆိုပါတယ်။ အေဒီ ၉ရာစုအချိန်မှာ တရုတ်ပြည်ကို အုပ်စိုးတဲ့ ထန်မင်းဆက်များက နန်ချောင်အင်ပါယာကြီးကို တိုက်ခိုက်နယ်ချဲ့လာတဲ့အတွက် နန်ချောင် အင်ပါယာကြီးဟာ အင်အားချိနဲ့လာခဲ့ပါတယ်။
အေဒီ ၁၁ရာစုမှာတော့ မွန်ဂိုလူမျိုးတွေက ထပ်မံနယ်ချဲ့ တိုက်ခိုက်လာတဲ့အတွက် နန်ချောင် အင်ပါယာကြီး ဟာ အလုံးစုံ ပြိုကွဲသွားပါတော့တယ်။ နန်ချောင်ရှမ်းလူမျိုးတို့ဟာလည်း မူလဒေသ ယူနန်- တာလိ တစ်ဝိုက်ကနေ မြန်မာပြည်အတွင်း ရှမ်းတောင်တန်းများဆီသို့လည်းကောင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း စသော ဒေသများသို့လည်းကောင်း၊ ထိုင်းနိုင်ငံ ချောင်ဖရာမြစ်ဝှမ်းဆီသို့လည်းကောင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ဒေသအသီးသီးကို ပျံ့နှံ့ရောက်ရှိသွားကြောင်း မှတ်တမ်းများမှာ တွေ့ရ ပါတယ်။ ရှမ်းလူမျိုးများဟာ အေဒီ ၆ရာစုကတည်းက ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ပြီဖြစ်တဲ့အတွက် ၁၁ရာစုအရောက် နန်ချောင် အင်ပါယာ ပြိုကွဲမှုနဲ့ အတူ ဒေသ အသီးသီး ရောက်ရှိသွားတဲ့ ( ထိုင်း၊ လာအို၊ ကမ္ဘောဒီယား) အားလုံးတို့ဟာ ခုချိန်ထိ ဗုဒ္ဓသာသာ ကိုးကွယ်ဆဲဖြစ်သော ရှမ်း အဆက် အနွယ်များ ဖြစ်တာ ကို တွေ့ မြင်နိုင်ပါတယ်။
ယူနန်ဒေသကနေ အခြားဒေသအသီးသီးသို့ ရှမ်းလူမျိုးများ ပျံ့နှံ့ရောက်ရှိနေထိုင်ရာကို မှတ်တမ်းဖော်ပြထားတဲ့ တရုတ်မြေပုံ ဖြစ်ပါတယ်။
ကျွန်မတို့ ကချင်ပြည်နယ်မှာလည်း ရှမ်းလူမျိုးတွေ အများအပြား ရောက်ရှိနေထိုင်လာကြရာ ကျွန်မ သည်လည်း ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းလူမျိုး ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့တွေ မှာ ကျောင်းတက်ချိန်တုန်းက စကာဝဲတဲ့ ကျွန်မကို “ဘယ်ကလာတာလဲ” လို့ မေးလေ့ရှိပါတယ်။ ကျွန်မက ကချင်ပြည်နယ်ကပါလို့ ပြန်ဖြေတဲ့အခါ “အော် ကချင်လူမျိုးကိုး” လို့ပြောကြပါတယ်။ “ကချင်လူမျိုး မဟုတ်ပါဘူး၊ ရှမ်းလူမျိုးပါ” ဆိုပြန်တော့ “ဟင် ရှမ်းဖြစ်ပြီး ဘာလို့ ကချင်ပြည်နယ် ရောက်နေတာလဲ ရှမ်းပြည်မှာဘာလို့မနေတာလဲ” စသဖြင့် ပြောတာကို အမြဲ လိုလို ကြုံရပါတယ်။ တကယ်တမ်းတော့ ကချင်ပြည်နယ်မှာလည်း ရှမ်းလူမျိုးတွေ၊ ရှမ်းမြို့ပြ ကျေးရွာတွေ အများအပြား ရှိကြပါတယ်။ ဥပမာ ဗန်းမော်၊ ပူတာအို၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ လုံးခင်း၊ နမ္မတီး၊ ဟိုပင် ၊ ဝိုင်းမော် စသဖြင့် ရှမ်း အမည် ကနေ ဆင်းသက်လာတဲ့ မြို့များစွာ ရှိပါတယ်။
ဟိုယခင်ချိန်ကတည်းက ယခုတရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ မြန်မာနယ်စပ်က ယူနန်ပြည်နယ်ဟာ ရှမ်းလူမျိုးတွေ အများစု နေထိုင်ခဲ့ကြသလို ခုချိန်ထိလည်း နေထိုင်ဆဲဖြစ်တာကြောင့် တရုတ်ပြည်ရဲ့ တိုင်းရင်းသား မျိုးနွယ်ထဲမှာလည်း ရှမ်းလူမျိုးတွေဟာ လူမျိုးစုတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ တရုတ်ပြည်နဲ့ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းစွာ လုပ်ကိုင် စားသောက်နေတဲ့ ရှမ်းလူမျိုးတို့ရဲ့ မြို့ရွာတွေ အများအပြား ရှိနေပါတယ်။ ရှမ်း တိုင်းရင်းသားတွေ ဟာ မြန်မာပြည်မှာလည်း တိုင်းရင်းသား မျိုးနွယ်တစ်ခုအဖြစ် ပါဝင်သလို တရုတ်ပြည်မှာလည်း ရှမ်းလူမျိုးဟာ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် ပါဝင်ဆဲပါ။
တရုတ် ယူနန်နယ်တစ်လျှောက် ပျံ့နှံ့နေထိုင်တဲ့ ရှမ်းလူမျိုးတို့ဟာ ဗုဒ္ဓဘာသာကိုသာ ယုံကြည်စွာ ကိုးကွယ်ကြပြီး လယ်ယာ စိုက်ပျိုးခြင်းများဖြင့် တင်းတိမ်ရောင့်ရဲစွာ နေထိုင်ကြသူများ ဖြစ်ပါတယ်။ တရုတ်ပြည် ယူနန်ပြည်ထဲမှာ နေထိုင်ကြတဲ့ ရှမ်းမျိုးနွယ်စုတို့ဟာ မြန်မာပြည်က အမျိုးသမီးတွေအတိုင်း လုံချည် ကိုသာ နှစ်သက်စွာ ဝတ်ဆင်ကြပေမဲ့ မြန်မာစကားတော့ မပြောတတ်ကြပါဘူး။ သူတို့ အသုံးပြုတာက ရှမ်းစကားနဲ့ တရုတ်စကားသာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာရှိတဲ့ ရှမ်း လူမျိုးတွေ နေထိုင်ရာ မြို့ရွာတိုင်းမှာ စေတီပုထိုးများကို တွေ့မြင်နိုင်ပါတယ်။ ယူနန်ပြည်နယ် ရဲ့ မြို့တော်ဟာ ကူမင်းဖြစ်ပြီး ပန်းတွေ အလွန်ပေါကာ ရာသီဥတု ကောင်းမွန်ပါတယ်။ ဒါကြောင့်လည်း တရုတ်ပြည်မကြီးမှာ အလွန် ပူအိုက်နေချိန်ဆို ကူမင်းမှာ မပူမအေးတဲ့ ရာသီဥတုရှိတာကြောင့် တရုတ်တို့ရဲ့ နွေရာသီ အပန်းဖြေစခန်းမြို့အဖြစ် နာမည်ကြီးပြီး လာရောက် လည်ပတ်သူ များလည်း ပေါများလှပါတယ်။
မြန်မာပြည် နယ်စပ်ကနေ ကားနဲ့သွားရင် ၂နာရီနီးပါး မောင်းရပြီး မိုင် ၁၀၀ခန့် ဝေးတဲ့ တရုတ်ပြည်ထဲမှာ မန်စီလို့ခေါ်တဲ့ ရှမ်းမြို့ကြီးတစ်မြို့လည်း ရှိပါတယ်။ မန်စီဆိုတဲ့နာမည်ဟာ ကျွန်မတို့ မြန်မာပြည် တွင်းမှာလည်း ရှိတတ်တဲ့ ရှမ်းနာမည်ဖြစ်တာကိုလည်း သတိထားမိခဲ့ပါတယ်။ မန်စီမြို့ဟာ ရှမ်းနဲ့ တရုတ် လူမျိုးတို့ နေထိုင်ကြတဲ့မြို့ ဖြစ်ပြီး လမ်းမကြီးတွေရဲ့ ဘေးတစ်လျှောက်လုံးမှာ စားပင်များ၊ အလှပင်များကို လှပညီညာစွာ စိုက်ပျိုးထားတာ တွေ့ရပါတယ်။ သရက်ပင်စိုက်တဲ့လမ်းဆိုရင် အဲဒီလမ်းတစ်လျှောက်လုံး ဘယ်ရောညာပါ သရက်ပင်ချည်းဘဲ တွေ့ရပြီး ပိန္နဲပင်တန်း ဆိုရင်လည်း ဘေး၂ဘက်လုံး ပိန္နဲပင်တွေချည်း စိုက်ထားပါတယ်။
ကျွန်မရောက်သွားတဲ့အချိန်မှာ သရက်သီးနဲ့ ပိန္နဲသီးတွေ သီးချိန်ဖြစ်လို့ လမ်းဘေးက အပင်တွေမှာ သရက်သီး၊ ပဲန္နဲသီးတွေ ပြွတ်ခဲနေအောင် သီးနေတာကို တွေ့ခဲ့ရတာကြောင့် ဘယ်သူကမှ စည်းမဲ့ကမ်းမဲ့ မခူးကြဘဲ အပင်ပေါ်မှာ ဒီအတိုင်းရှိနေခဲ့တာကို အံ့သြမိရင်းက ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ ကျွန်မတို့သာ ဆိုရင် ကိုယ့်အိမ်ရှေ့က လမ်းပေါ်မှာ ခုလိုအပင်တွေများ ရှိနေခဲ့ရင် ပိန္နဲသီးလေးပြုတ်ပြီး ချက်စားမိမလား၊ သရက်သီးလေးခူး မြုပ်တို့မိမလား မပြောတတ်ပါဘူး။ ဘယ်နိုင်ငံ ဘယ်မြို့ကဖြစ်ပါစေ စည်းကမ်းရှိတဲ့ အကျင့်ကောင်းများ ကိုတော့ ကျွန်မတို့အနေနဲ့ အတုယူသင့်တာ အမှန်ပါဘဲရှင်။
ဒေါင်းအမြီးဖြန့်နေဟန် မန်စီလေဆိပ်
လမ်းဘေးဝဲယာက အုန်းထန်းပင်မြင့်ကြီးများ
သရက်သီးများသီးနေတဲ့ လမ်းဘေးဝဲယာက သရက်ပင်တန်း
မန်စီမြို့မှာ ရှမ်းတိုင်းရင်းသားများ တည်ထားကိုးကွယ်တဲ့ အင်မတန်သပ္ပါယ်တဲ့ မိုင်းခွန်းစေတီ ရှိပါတယ်။ တည်ထား ကိုးကွယ်တော်မူတဲ့ မိုင်းခွန်စေတီဟာ မန်စီမြို့တစ်မြို့လုံးကိုဆီးပြီး မြင်နိုင်တဲ့ တောင်ထိပ်ပေါ်မှာ သပ္ပါယ်လှစွာ တည်ရှိပါတယ်။ မန်စီမြို့မရောက်ခင်မှာ နတ်သမီးသုံးဖော်လှိုဏ်ဂူ (အဲဒီလှိုဏ်ဂူအကြောင်း ဒီနေရာမှာ ရေးပြီးပါပြီ) ကို ဝင်ခဲ့သေးတာမို့ ဗိုက်က အတော်ကို ဆာနေပါပြီ။ ဒါနဲ့ ဘုရားဝင်မဖူးနိုင်သေးဘဲ ထမင်းဆိုင် အရင်ရှာရပါတယ်။ တရုတ်စာထက် ရှမ်းစာကို ပိုပြီးစားလိုတာကြောင့် မန်စီမှာရှိတဲ့ ရှမ်း ထမင်းဆိုင်တွေချည်း ရှိတဲ့နေရာကို သွားကြပါတယ်။ ဆိုင်ရှင်တွေကို မြန်မာစကားမတတ်ဘူးထင်ပြီး သူငယ်ချင်းတရုတ်မလေးကိုသာ အားကိုးပြီး ဟင်းတွေ မှာပြုကြရာမှာ ဆိုင်ရှင်ကမြန်မာ စကားနဲ့ ပြန်ပြော တာကြောင့် အံ့သြမိရပြန်ပါတယ်။ နောက်တော့မှာ ဆိုင်ရှင်ဖြစ်သူက မြန်မာပြည်ကနေ လာပြီး ဆိုင်ဖွင့်ထားတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။
တစ်မြို့တစ်ရွာမှာာ ကိုယ့်တိုင်းပြည်လူမျိုးချင်း တွေ့ကြတဲ့အခါ လှိုက်လှဲစွာ ဖော်ရွေဂရုစိုက်ကြတဲ့ ထုံစံအတိုင်း ဆိုင်ရှင်က လိုလေသေးမရှိ ဟင်းပွဲတွေဂရုတစိုက် ပြင်ဆင်ပေးပါတယ်။ မန်စီရောက် ရှမ်းထမင်းဆိုင်ရဲ့ ဟင်းပွဲများကို ကြည့်မယ်ဆိုရင် အောက်က ပုံထဲက ဟင်းတွေဖြစ်ပါတယ်။
အဲဒီနေ့က စားဖြစ်ခဲ့တဲ့ ဟင်းတွေဖြစ်ပါတယ်။ ဟင်းအမျိုးအမည်များကို ပြောရရင်
၁.ခွက်အကြီးဆုံးက ဂေါ်ရခါးညွှန့်ကို ပဲပုတ်နဲ့ ချက်ထားတဲ့ ရှမ်းဟင်းချိုပါ။
၂. သူ့ဘေးညာဘက်ကတော့ ငါးခူချဉ်စပ် ချက်ပါ။
၃. နောက်တစ်ခွက် မှိုဥကြော်ပါ။
၎.ဝက်သားပါးပါးလှီးပြီး အလည်ကောင်က အချဉ်ရည်နဲ့ တို့စားဖို့ပါ
၅.ဝက်သားနဲ့ သရက်သီးအစိမ်းကို ကြော်ထားတာပါ။ ဒီဟင်းလေးကြိုက်လို့ အိမ်ပြန်ရောက်တော့ ပြန် လုပ်စား ဖြစ်ပါတယ်။
၆.ခရမ်းသီးနဲ့ ငရုပ်ပွကို မီးဖုတ်ပြီး သုပ်ထားတာဖြစ်ပါတယ်။
ဟင်းပွဲတွေစုံချိန်မှာတော့ ဗိုက်ဆာတာ ဘယ်လိုမှ ထိန်းမရတော့တာမို့ တူကို မလွှတ်တမ်း လက်ကကိုင်ပြီး အမြန်ဆုံးနှုန်းနဲ့ စားသောက်ကြပါတော့တယ်။ ထမင်းစားပြီးတော့ ဘုရားဖူးဖို့ ခရီးဆက်ကြပြန်ပါတယ်။ မန်စီမရောက်ခင် လမ်းတစ်လျှောက်မှာ ဓာတ်ပုံတွေ အများကြီးရိုက်ဖြစ်ခဲ့တဲ့အတွက် ယူသွားတဲ့ ကင်မရာရော၊ ဖုန်းပါ အားကုန်သွားခဲ့ပါတယ်။ ဒါနဲ့ ဖုန်းကို ဘက်ထရီအသစ်ထည့်ဖို့အတွက် မြို့ပတ်ပြီး ဖုန်းဘက်ထရီ ရှာရပြန်ပါတယ်။ ဖုန်းဆိုင်တွေ များလှပေမဲ့ လိုချင်တဲ့ ဘက်ထရီအမျိုးအစား ရဖို့ အတွက်တော့ တော်တော်လေး ခက်ခဲပါတယ်။ နောက်ဆုံးတော့မှ ဆိုင်တစ်ဆိုင်မှာ ရလိုက်ပါတယ်။ ဒါတောင် ဆိုင်ရှင်က သူ့မှာ မရှိလို့ တခြားနေရာက သွားယူလာပေးဟန် တူပါတယ်။ ဒါကြောင့် တော်တော် ကြာအောင် စောင့်လိုက်ရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရလိုက်တာ ကိုဘဲ ကျေးဇူးတင်ရမှာပါ။ မဟုတ်ရင် ရှေ့ဆက်ပြီး ဓာတ်ပုံရိုက်ဖို့ ဘယ်လိုမှ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ခုနောက်လာမဲ့ ပုံတွေကို ဖုန်းနဲ့သာ ရိုက်ခဲ့ရတာမို့ မကြည်မလင် မပီမသ ဖြစ်ခဲ့ရင်တော့ သည်းခံပေးကြဖို့ ကြိုတင် တောင်းပန်ချင် ပါတယ်။
မိုင်းခွန်စေတီရှိရာ တောင်ပေါ်ကို ကားနဲ့စတက်ပါပြီ။ လမ်းမကြီးကနေ တောင်ပေါ်ကိုတက်တဲ့ လမ်းခွဲမှာ ခုလိုဆိုင်းဘုတ်လေးကို တွေ့ရပါတယ်။
မိုင်းခွန်းရွှေစေတီတော်သို့
ဆိုင်းဘုတ်ကို ရှမ်းဘာသာ၊ ကချင်ဘာသာ၊ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ စသည့် ဘာသာ၅မျိုးဖြင့် လမ်းညွှန်ထားပါတယ်။
ရှေ့က ခြင်္သေ့ကြီး ၂ကောင်ကကြိုနေပါပြီ။ ကားတွေကို ဒီနေရာအထိဘဲ မောင်းခွင့်ပြုထားပြီး ကားကိုထားခဲ့ကာ အရှေ့က တန်းထားတဲ့ နေရာကနေ ဘုရားရှိရာကို လမ်းလျှောက်တက်ရပါတယ်။
ကြည်ညိုဖွယ် မိုင်းခွန်ရွှေစေတီ
စေတီအတွင်းထဲကို မဝင်သေးဘဲ ရင်ပြင်တစ်လျှောက် လှည့်ပတ်ကြည့်တဲ့အခါ စေတီရဲ့ အရှေ့နားမှာ အင်မတန်ကြီးမားတဲ့ ရွှေကြက်ဖ ရုပ်ထုကြီးကို တွေ့ရပါတယ်။ ဟိုးယခင် မြတ်စွာဘုရားနုစဉ်ဘဝက ဒီတောင်ကုန်းကြီးပေါ်မှာ ကြက်မင်းဘဝနဲ့ နေထိုင်သွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မိုင်းခွန်ရွှေစေတီကိုလည်း ဘုရားလောင်း ကြက်မင်းဘဝက နေခဲ့တဲ့ ဒီကုန်းထိပ်မှာ တည်ထားတာ ဖြစ်ပြီး ရွှေကြက်ဖရုပ်ကြီးကို ထုလုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။
စေတီအတွင်းမှာတော့ လေးမျက်နှာမှာ ဗုဒ္ဓမြတ်စွာ ပုံတော် ၂ပုံ၊ ဥတည်ဘွားပုံတော်တစ်ပုံ၊ ကွမ်ရင်မယ်တော်ပုံတော်တို့ရဲ့ ပုံတော်များကို ကိုးကွယ်ထားတာ တွေ့ရပါတယ်။ တရုတ်ပြည်လက်ရာ ဖြစ်တာကြောင့် မြတ်စွာဘုရားရဲ့ ရုပ်ပုံတော်ဟာလည်း တရုတ်လက်ရာများသာ လွှမ်းမိုးနေတာကို တွေ့ရပါတယ်။ ပြီးတော့လည်း ကွမ်ရင်မယ်တော်၊ ဥတည်ဘွားတို့ကို ဗုဒ္ဓမြတ်စွာနဲ့ တစ်တန်းတည်း ပလ္လင်ပေါ်မှာ တွေ့မြင်ရတဲ့အတွက် စိတ်ထဲတော့ အနည်းငယ် ကသိကအောက်တော့ ဖြစ်မိပါတယ်။ ကျွန်မတို့ ပြည်တွင်းမှာတော့ ဒီလိုအနေအထားမျိုး သိပ်တွေ့ရလေ့ မရှိတာကြောင့်လည်း ပါမယ်ထင်ပါတယ်။
ဥတည်ဘွားပုံတော်
ကွမ်ရင်မယ်တော်ပုံတော်
စေတီအတွင်း နံရံနဲ့ကပ်လျက်မှာတော့ သစ်သားများကို အနုစိတ်လက်ရာမြောက်စွာ ထွင်းထုထားတဲ့ ပန်းပုရုပ်ကြွများကို လှပခမ်းနားစွာ ပြသထားပါတယ်။ သို့ပေမဲ့ နံရံများပေါ်က ပြတင်းပေါက်တွေကနေ အလင်းရောင်က ဝင်နေတဲ့အတွက် အလင်းပြန်နေခဲ့တာကြောင့် ဓာတ်ပုံရိုက်ရာမှာတော့ အဆင်မပြေဘဲ ပုံနည်းနည်းသာ ရိုက်ဖြစ်ခဲ့ပါတယ်။
အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ပါ။ ဘုရားပုံတော်များနဲ့ ကျောက်စိမ်းပန်းပု၊ လက်ကောက်၊ စတာတွေလည်း ရောင်းပါတယ်။
ကွမ်ရင်မယ်တော် ပန်းပု
ဥတည်ဘွား
ဒီမှာလည်း ဥတည်ဘွား
မိုးနတ်မင်းကြီးထင်ပါရဲ့
စေတီရင်ပြင်မှာ ခုလို ထိုင်စရာကျောက်တုံးခုံလေးတွေ ကျောက်စားပွဲတွေရှိပါတယ်။
မန်စီကို အတူသွားကြတဲ့ ညီမငယ်ရှမ်းမလေးပါ. မျက်နှာမြင်ရင် မိတ်ဆက်စာတွေ ပလူပျံလာမှာစိုးလို့ ပန်းပွင့်လေးနဲ့ ဖုံးထားလိုက်တယ်း) အဓိကက ကျောက်ခုံကြီးတွေကို ပြချင်တာပါ။
မြင်ကွင်းကျယ်
မြို့မြင်ကွင်းရဲ့ အခြားတစ်ဖက်မှာတော့ ညို့ညို့ဆိုင်းဆိုင်း တောင်တန်းကြီးတွေ
ဘုရားပေါ်မှာ ရှိနေစဉ်မှာပဲ တိမ်တွေ မဲမှောင်အုံ့ဆိုင်းလို့ လာတာကြောင့် တောင်ပေါ်ကနေ အမြန်ဆုံး ပြန် ဆင်း လာကြ ပါတော့တယ်။ ကားပေါ်ရောက်လို့ ကားထွက်ပြီဆိုတော့မှ ကိုရွှေမိုးက သည်းကြီးမည်းကြီး ရွာချပါလေတော့တယ်။ မြို့တွင်းကို ပြန်ရောက်ချိန်မှာ သည်းကြီးမည်းကြီး ရွာနေတဲ့မိုးကြောင့် ကားမှန်လဲ ဖွင့်လို့ မရနိုင်တော့ ဓာတ်ပုံတွေ မရိုက်နိုင်တော့ ပါဘူး။ မြို့တွင်းက ဈေးဆိုင်တွေလည်း လျှောက် မလည်နိုင်ခဲ့ တော့ပါဘူး။
ဒီနေရာကတော့ မြို့နေလူထု အနားယူအပန်းဖြေတဲ့ ပန်းခြံထဲက ရင်ပြင်ကြီးဖြစ်ပါတယ်။ တိုင်းရင်းသား တို့ရဲ့ ရိုးရာပွဲလမ်းသဘင်တွေကို ဒီနေရာမှာ ကျင်းပလေ့ရှိပါတယ်။ တရုတ်အစိုးရဟာ ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေရဲ့ သင်္ကြန်ပွဲ၊ နှစ်သစ်ကူးပွဲ၊ မနောပွဲ စတဲ့ ရိုးရာပွဲလမ်းသဘင်တွေကို ခမ်းခမ်းနားနား ကျင်းပပေးလေ့ ရှိတယ်လို့ သိရပါတယ်။ မိုးက ရွာနေတော့ အထဲကို မဝင်နိုင်တော့တာနဲ့ ဒီရှေ့နားမှာ ကားခဏရပ်ပြီး ရင်ပြင်ကြီးကို ဒီအတိုင်းလေး ရပ်ကြည့်ခဲ့ရပါတယ်။ ကားရပ်ထားတုန်း ကားမှန်လေးတင်ပြီး ဓာတ်ပုံကမန်းကတန်း ရိုက်လိုက်တယ်ပေါ့။ အချိန်လည်း မနည်းပြီမို့ ရှမ်းလူမျိုးတွေများစွာ နေထိုင်ကြတဲ့ မန်စီမြို့ကို မိုးရေတွေ အောက်မှာ နှုတ်ဆက်လို့ ထားခဲ့ပြီး ပြန်လာခဲ့ကြ ပါတော့တယ်ရှင်။