မူဆယ်မြို့အဝင် လွယ်တိန်ခမ်းတောင်ပေါ်သို့..

ဒီနေ့က တော်သလင်းလပြည့်နေ့ဖြစ်ပါတယ်။ အခါကြီး ရက်ကြီးဖြစ်လေတော့ ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားဖူးကြရင် ကောင်းမှာဘဲလို့ စဉ်းစားမိပါတယ်။ ဒါကြောင့် ဒီနေ့တော့ခင်မင်ရပါသော မိတ်ဆွေ သူငယ်ချင်းတို့ကို ဘုရားဖူး လိုက်ပို့ပေးချင်ပါတယ်။ ဘယ်ဘုရားကို လိုက်ပို့ပေးရင် ကောင်းမလဲ စဉ်းစားကြည့်မိတော့ ခရီးဝေးလို့ သိပ်မရောက်ဖြစ်ကြတဲ့ ရှမ်းပြည်နယ် နယ်စပ်တစ်နေရာက ဘုရားဖူး ခရီးပို့ပေးချင်ပါတယ်။ ကျွန်မ ရွေးချယ်ထားတဲ့ ဘုရားဖူး ခရီးစဉ်က ရှမ်းပြည်နယ် မူဆယ်မြို့အဝင်က လွယ်တိန်းခမ်းတောင်ပေါ်က ဘုရားများ ဖြစ်ပါတယ်။



မူဆယ်မြို့ကိုရောက်ပေမဲ့ လွယ်တိန်ခမ်းတောင်ပေါ်မှ မရောက်ဖြစ်ခဲ့ရင် မူဆယ်ကို ရောက်တယ်လို့တောင် မခေါ်နိုင်ဘူးလို့ အဆိုရှိရလောက်အောင် ကြည်ညိုဖွယ်ရာ စေတီတော်များတည်ရှိပြီး အင်မတန်မှ ရှုခင်းလှပကာ တောရိပ်တောင်ရိပ်တို့နဲ့ ဆိတ်ငြိမ်အေးချမ်းလွန်းတဲ့ သာသနာ့နယ်မြေ ဖြစ်ပါတယ်။ မူဆယ်မြို့ကို သွားမယ်ဆိုရင် ၁၀၅မိုင်ကို ကျော်ဖြတ်လာပြီး မူဆယ်မြို့ အဝင်နားရောက်တဲ့အခါ ညာဘက်တောင်ထိပ်ကို လှမ်းကြည့်ရင် စေတီဘုရားများနဲ့ စိတ်ကြည်နူးဖွယ်ရာ လွယ်တိန်ခမ်းတောင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မူဆယ်မြို့အဝင် ဆိုင်းဘုဒ်ဘေး လွယ်တိန်ခမ်းတောင်ပေါ်မှ ကြည်ညိုဖွယ် ရပ်တော်မူရပ်ပွားတော်မြတ်ကြီး

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
ရှမ်းမောင်မယ်နှင့် ရွှေသမင်ရုပ်ထု

တောင်ပေါ်မရောက်သေးခင် လှမ်းပေါ်ကနေ ဖူးတွေ့ရတဲ့ မဟာသန္တိသုခ ရပ်တော်မူ ရုပ်ပွားတော် မြတ်ကြီးဟာ မူဆယ်မြို့ကို ရောက်လာတဲ့ ဧည့်သည်အပေါင်းတို့ကို စိတ်ကြည်နူး ချမ်းမြေ့စေမှာဖြစ်ပြီး ကြည်ညို သဒ္ဓါစိတ်လည်း ယိုဖိတ်စေမှာ ဖြစ်ပါတယ်။ မူဆယ်မြို့အဝင်ဆိုင်းဘုတ် နေရာလေးဟာ မူဆယ်မြို့မှာ အလွန်သာယာတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဖူးပွင့်နေတဲ့ ပန်းမာလာ၊ စိမ်းစိုနေတဲ့ မြင်ခင်းပြင်၊ မလှမ်းမကမ်းက တောင်တန်းနဲ့ ရွှေရောင်ဝင်းနေတဲ့ စေတီတော်တို့ကို ဖူးတွေ့နေရတဲ့ သာယာလှသော နေရာလေးတစ်ခု ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

တောတောင်ရိပ်ကြောင့်လည်းကောင်း၊ ဘုရားရိပ်၊ တရားရိပ်ကြောင့်လည်းကောင်း အေးချမ်းသာယာ ကြည်နူးဖွယ်ရာသော လွယ်တိန်ခမ်းတောင်တော်ကို ကျွန်မနဲ့အတူ အလည်သွားကြည့်ကြရအောင်လားရှင်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

မြို့အဝင်ဆိုင်းဘုတ်ကို ကျော်ခဲ့ပြီး ကိုက်အနည်းငယ်မှာဘဲ ညာဘက်ခြမ်းမှာ တောင်အတက်လမ်းကို ရောက်ပါပြီ။ အပေါ်ပုံမှာ တောင်အတက် လွယ်တိန်ခမ်းတောင် အဝင်ဝကိုမြင်တွေ့ရတဲ့ အနေအထားဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
လွယ်တိန်ခမ်းဘုရားကျောင်း အဝင်ဝ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မုဒ်ဦးဝက ရွှေသမင်မိသားစု

မူဆယ်မြို့အဝင် ဆိုင်းဘုတ်နားမှာရော၊ အခု တောင်ပေါ်အတက် မုဒ်ဦးဝမှာပါ ရွှေသမင်ရုပ်ပုံကို မြင်တွေ့ရပါတယ်။ မူဆယ်မြို့မှာ ရွှေသမင်ရုပ်ပုံများကို နေရာတာ တွေ့ရတာကြောင့် စုံစမ်းကြည့်တဲ့အခါမှာတော့  ဟိုးယခင် ကမ္ဘာပေါင်းများစွာက မြတ်စွာဘုရား နုစဉ်ခါက ရွှေသမင်ဘဝနဲ့ အခုတက်တော့မဲ့ လွယ်တိန်ခမ်း တောင်ပေါ်မှာ နေထိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တကယ်တမ်း အလွယ်တကူ လွယ်တိန်ခမ်းလို့ခေါ်ပေမဲ့ လွိုင်တိန်ခမ်း လို့ ခေါ်ရမှာဖြစ်ပါတယ်။ လွိုင်ဆိုတာ ရှမ်းဘာသာအားဖြင့် တောင်ကို ခေါ်ဆိုတာ ဖြစ်ပြီး တိန်ခမ်းဆိုတာ ရွှေသမင်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် ရွှေသမင်တောင်လို့ မြန်မာလိုခေါ်ရင် မှားမယ် မထင်ပါဘူးရှင်။

Image Hosted by PicturePush - Photo Sharing 

တောင်ပေါ်စတက်တာနဲ့ လမ်းဘေးဝဲယာတစ်လျှောက်လုံး စိမ်းစိုနေတဲ့ ယူကလစ်တောကြီးကို တွေ့ရမှာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
လွယ်တိန်ခမ်း ဓမ္မာရုံ

Image Hosted by PicturePush - Photo Sharing 
ဓမ္မာရုံရှေ့မှာ ကဗျည်းကျောက်စာ


ဧက ၆၀နီးပါးကျယ်ဝန်းလှတဲ့ လွယ်တိန်ခမ်း သာသနာ့နယ်မြေဟာ ဘုရားဖူးဖို့သာမက မြို့ခံလူငယ်များ လေညင်းခံရင်း၊ ရှုခင်းများကြည့်ရင်း ဆိုင်ကယ်များဖြင့် လာရောက်တတ်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။ တောတောင် ရှုခင်းများ၊ ရွှေလီမြစ်ဝှမ်းရဲ့ အလှများကို တောင်ထိပ်ပေါ်မှ တွှေမြင်နိုင်ပြီး၊ ကျေးငှက်တို့ရဲ့ အော်မြည်သံကို သာယာနာပျော်ဖွယ် နားဆင်နိုင်ပါတယ်။ တောပန်းတောင်ပန်းလေးများ လှပဝေဆာ ဖူးပွင့်နေတဲ့ အေးချမ်းလှသော လွယ်တိန်ခမ်းတောင်ဟာ အေးရိပ်ဆာယာတစ်ခုလည်း ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

တောင်တက်လမ်းတစ်နေရာက လမ်းဘေးအောက်ဖက်မှာ ရှင်ဥပဂုတ်နဲ့ ရေကန်ကြီးရှိပါတယ်.


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing 
ရေကန်ဘေးမှာ ခုလို အမိုးချွန်ဆိုင်ကလေးတွေမှာ ရှမ်းအစားအစာများ၊ အသုပ်စုံများ ရနိုင်ပြီး ရေကန်ကြီးထဲမှာတော့ ခြေနင်းလှေများ စီးနိုင်ပါတယ်။



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

လမ်းဘေးတစ်လျှောက် ပန်းဝါလေးတွေ လှလှပပ ပွင့်နေတာ သိပ်ကို သဘောကျဖို့ကောင်းပါတယ်။

Image Hosted by PicturePush - Photo Sharing 
ဒီလိုပန်းဝါလေးတွေ

Image Hosted by PicturePush - Photo Sharing 

သဗ္ဗညု စုမ့်မိုင်း စေတီတော်

Image Hosted by PicturePush - Photo Sharing 
စေတီပေါ်သို့ တက်ရောက်ရာ လှေကားထစ်တွင် နဂါး နှစ်ကောင်ရှိသောကြောင့် နဂါးနှစ်ကောင်စေတီဟုလည်း ခေါ်ကြပါတယ်

Image Hosted by PicturePush - Photo Sharing 

ဒီစေတီရဲ့ အနောက်ဖက်မှာ အင်မတန်လှပတဲ့ ရှုခင်းများကို တွေ့မြင်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ရွှေလီမြစ်ဝှမ်းတစ်လျှောက် မြစ်ဟိုဘက်ဒီဘက် တည်ရှိနေတဲ့ တရုတ်ပြည်ရဲ့ ကျယ်ခေါင် ရွှေလီရှုခင်းများ


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

တရုတ်ပြည်ဘက်သို့ ရောက်ပြီးကာမှ မူဆယ်မြို့သို့ ပြန်ကြွလာတော်မူသည့် ပြည်တော်ပြန်ဘုရား စံမြန်းရာ ကျောင်းဆောင်


Image Hosted by PicturePush - Photo Sharing 
ဒီကျောင်းဆောင်ကို ဘယ်နေရာက ဓာတ်ပုံရိုက်ရိုက် အတော်ကို သပ္ပါယ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပြည်တော်ပြန်ဘုရားကို အတွင်းထဲ ဝင်ဖူးရအောင်နော်

Image Hosted by PicturePush - Photo Sharing 
နဂါးပလ္လင်ပေါ်တွင် စံပယ်တော်မူနေသည့် ပြည်တော်ပြန်ဘုရား

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 



Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing 
ဆွမ်းခံကြွနေသည့် မြတ်စွာဘုရားနှင့် သံဃာတော်များ ရုပ်ပုံတော်

ထိုနေရာမှ တောင်ကြား လျှိုတစ်ခုကို ကျော်ဖြတ်ပြီး တောင်တစ်လုံးကို ပြန်တက်ရပါတယ်။ တောင်ထိပ်ကို ရောက်တာနဲ့ ကြည်ညိုဖွယ်ကောင်းလှတဲ့ မဟာသန္တိသုခ ရပ်တော်မူရုပ်ပွားတော်မြတ်ကြီးကို သပ္ပါယ်လှစွာ ဖူးမြင်ရမှာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
တောင်ရဲ့ အခြားတစ်ဖက် နောက်ထပ် တောင်တစ်လုံးရဲ့ ထိပ်ပေါ်မှာ တည်ထားတော်မူတဲ့ မဟာသန္တိသုခရပ်တော်မူဘုရား ကိုရောက်ပါပြီ။

Image Hosted by PicturePush - Photo Sharing

ကြည်ညိုဖွယ်ကောင်းလှသည့် ရပ်တော်မူ ရုပ်ပွားတော်

ရပ်တော်မူဘုရားကြီးဟာ ဥာဏ်တော်၈၂ပေ အမြင့်ရှိပြီး မြန်မာနိုင်ငံမှာ ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း သိရပါတယ်။ တည်ထားပြီးသည့်ချိန်ကနေ ခုချိန်ထိ သုံးကြိမ်တိုင်တိုင် မျက်နှာတော်နဲ့ ညာလက် ဖဝါးမှာ ပျားစွဲခဲ့တာကြောင့် ပျားစွဲဘုရားလို့လည်း လူသိများပါတယ်။


Image Hosted by PicturePush - Photo Sharing 

ရုပ်ပွားတော်ရဲ့ အောက်ခြေမှာ လှိုဏ်ဂူသဖွယ် အခေါင်းပေါက်ဖြစ်ပါတယ်။ အဝင်ဝဘေးဘက်မှာ မြေကပ်ပန်းအဝါရောင်လေးတွေ လှပစွာစိုက်ပျိုးထားပါတယ်။

Image Hosted by PicturePush - Photo Sharing


ရုပ်ပွားတော် အောက်ခြေအတွင်းမှာ စကျင်ကျောက် ရုပ်ပွားတော်တစ်ဆူနဲ့ ရပ်တော်မူဘုရား ပုံစံတူ တစ်ဆူရှိပါတယ်.။။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
အတွင်းနံရံပေါ်မှာ ဗုဒ္ဓဝင်ရုပ်ကြွများ

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing

 ချယ်ရီပင်တွေအောက်က ခုံတန်းလျားမှာထိုင်ပြီး ကြည့်မယ်ဆိုရင် အင်မတန်လှပတဲ့ ရွှေလီမြစ်ဝှမ်းနဲ့ တရုတ်မြန်မာ နယ်စပ်တစ်လျှောက်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာကနေ ထိုင်ပြီး ရှုခင်းများ ကြည့်ကြစို့လားနော်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 
တော်ပေါ်ကနေ လှမ်းမြင်နေရတဲ့ ကတ္တရာလမ်းမကြီးဟာ မူဆယ် မြို့တွင်းသို့ ဝင်ရောက်ရာ ဒုတိယလမ်းမဖြစ်ပါတယ်.

Image Hosted by PicturePush - Photo Sharing 
မူဆယ်မြို့နဲ့ တရုတ်နယ်စပ်ကို လှမ်းမြင်နေရပုံ

Image Hosted by PicturePush - Photo Sharing

မူဆယ် စက်မှုမြို့သစ်


Image Hosted by PicturePush - Photo Sharing 
ဘယ်ဘက်မြင်ကွင်းမှ တောင်တန်းများ

Image Hosted by PicturePush - Photo Sharing 
စေတီတော်မှ တောင်အဆင်းလမ်း

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 
လွယ်တိန်ခမ်းတောင်တော်ကို စောင့်ရှောက်တဲ့ ရှမ်းဘိုးဘိုးကြီး ဟော်နန်း



Image Hosted by PicturePush - Photo Sharing 
တောင်ပေါ်မှာ ယခုလို ချစ်စရာဆိုင်တဲကလေးတွေ နေရာအနှံ့ရှိတာကြောင့် အေးအေးလူလူ အနားယူအပန်းဖြေ စားသောက်နိုင်ပါတယ်။


မူဆယ်မြို့ရဲ့ ကျက်သရေဆောင် လွယ်တိန်ခမ်းတောင်တော်မြတ်မှာ တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ တက္ကသီလမဟာဓမ္မာစရိယ M.A (Buddhism)., M.A Sri Lanka ( ဆရာတော် စဝ်ဆုခမ်း) သီတင်းသုံး ကျောင်းထိုင်တော်မူပါတယ်။ သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ ဆရာတော်ကို မူဆယ်တစ်မြို့လုံးသာမက ရှမ်းပြည်နယ်တစ်လွှား ပြည်သူများနဲ့ မြန်မာပြည်အနှံ့ ပြည်သူများက လေးမြတ်ကြည်ညိုကြပါတယ်။ ဆရာတော်ဘုရားရဲ့ ဝက်ဆိုဒ်ကို ကျွန်မဘလောဂ့်၏ ဆိုဒ်ဘားတွင် လည်းကောင်း ဤနေရာတွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။


မူဆယ်မြို့ကို ရောက်ခဲ့လျှင်ဖြင့် လွယ်တိန်ခမ်းတော်ပေါ်ကိုပါ ခါတစ်ခေါက်တော့ ရောက်အောင်သွားကြဖို့ တိုက်တွန်းနှိုးဆော်ရင်း မရောက်နိုင်သေးသူများလည်း တော်သလင်းလပြည့် ဤယနေ့မှာ လွယ်တိန်ခမ်း တောင်တော် ဘုရားစေတီများကို ဤနေရာမှာ ဖူးရင်းဖြင့် ကုသိုလ်ရယူနိုင်ကြ ပါစေကြောင်းပါရှင်။ 



Image Hosted by PicturePush - Photo Sharing

ကျွန်မတို့ရဲ့ ဒေသအစားအစာ ငါးကောဟင်း

ခင်မင်ရပါသော စာဖတ်သူများကို ဒီတစ်ပတ် မိတ်ဆက်ပေးမဲ့ ဟင်းလျာတစ်မျိုးက ကျွန်မတို့ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရှမ်းနီ၊ ခန္တီးရှမ်း စတဲ့ ရှမ်းတိုင်းရင်းသားတွေ စားသောက်လေ့ရှိတဲ့ ဟင်းလျာတစ်မျိုးနဲ့ ဖြစ်ပါတယ်ရှင်။ ရှမ်းရိုးရာဟင်းလို့ဆိုပေမဲ့ ရှမ်းပြည်မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေတော့ ဒီငါးကောဟင်းကို လုပ်စားတာ မကြားခဲ့ဖူးပေမဲ့ ကျွန်မတို့ ကချင်ပြည်နယ်က ရှမ်းတွေဖြစ်တဲ့ ရှမ်းနီ၊ ခန္တီးရှမ်း တို့တွေကတော့ ဒီဟင်းကို လုပ်စားလေ့ရှိပါတယ်။ ဒီဟင်းဟာ ကျွန်မရဲ့ မိဘများ အလွန်နှစ်သက်သော ဟင်းတစ်မယ်လည်း ဖြစ်ပါတယ်။

ကျွန်မ အွန်လိုင်းပေါ်မှာ စာတွေစရေးတော့ ကျွန်မတို့ဒေသမှာ စားလေ့ရှိတဲ့ အစားအသောက်တွေ အကြောင်းလည်း ရေးတယ်လို့ ကျွန်မရဲ့ အမေက သိသွားတဲ့အချိန်မှာ ဒီဟင်းအကြောင်းလည်း ရေးပါလားလို့ သတိတရ တိုက်တွန်းခဲ့ဖူးတဲ့ ဟင်းလည်းဖြစ်ပါတယ်။ ပြီးတော့လည်း မြန်မာပြည် တစ်နံတစ်လျား ကျွန်မရောက်ခဲ့ဖူးတဲ့ ဘယ်ဒေသမှာမဆို အခုဟင်းမျိုး လုပ်စားကြတာ မတွေ့ခဲ့ရဖူးပါဘူး။ ကျွန်မထင်တာ ကျွန်မတို့ဒေသတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးအချို့သာ လုပ်စားကြတဲ့ဟင်း ဖြစ်မယ် ထင်ပါတယ်။ တကယ်လို့ စာဖတ်သူတို့ထဲကနေ ဒီဟင်းကို အခြားဒေသမှာ စားကြတယ်လို့ သိဖူး၊ တွေ့ထားဖူးခဲ့ရင်လည်း ကော်မန့်မှာ ရေးသွားခဲ့ပါလို့ တောင်းဆိုပါတယ်ရှင်။

အခြားသော ဟင်းလျာများအကြောင်း စာဖတ်သူတို့ကို မိတ်ဆက်ပေးခဲ့ဖူးပေမဲ့ ဒီဟင်းကိုတစ်ခါမှ မိတ်မဆက်ပေးရသေးပါဘူး။ ဒီဟင်းဟာ ဘာမှ မထူးဆန်းတဲ့ ဟင်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ အရသာလည်း ထူးထူးခြားခြား မကောင်းလှတဲ့ ဟင်းတစ်မယ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ကျွန်မတို့ မိသားတစ်စုလုံး ကြိုက်နှစ်သက်တဲ့ဟင်း ဖြစ်သလို၊ ကျွန်မတို့ဒေသကလူတွေ အားလုံးနီးပါးလည်း ကြိုက်နှစ်သက်ပြီး ရိုးရာအစားအစာရယ်လို့တောင် ပြောလို့ရတဲ့ ဟင်းတစ်မယ်ဖြစ်ပါတယ်။

ကျွန်မရဲ့ မွေးရပ်မြေမှာတော့ ကျွန်မတို့အိမ်ဟာ ဘုန်းကြီးကျောင်းနဲ့ သိပ်မဝေးတဲ့ နေရာမှာရှိတာမို့ ဆွမ်းအိုးကြီးလို့ခေါ်တဲ့ တစ်လတစ်ကြိမ်(သို့) နှစ်ကြိမ် တစ်အိမ်ကျစီ ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးစာ ဆွမ်းဟင်းများ ချက်ပြီးပို့ရတဲ့အခါ ကျောင်းက ဘုန်းဘုန်းတွေ အထူးတောင်းဆိုတဲ့ဟင်းဟာ ဒီဟင်းဖြစ်ပါတယ်။ ကျွန်မတို့အဖေဟာ ဒီဟင်းကိုလုပ်ရမယ်ဆိုရင် မမောနိုင်မပန်းနိုင် သူကိုယ်တိုင် ဦးဆောင်ပြီး လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီဟင်းကို ကျွန်မက မိသားစုကို စည်းလုံးစေတဲ့ဟင်းလို့လည်း တင်စားချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီငါးကောဟင်းလုပ်တော့မယ်ဆိုရင် လူတစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရဘဲ မိသားစုတစ်ခုလုံး ပါဝင်မှသာ အဆင်ပြေပြေ လုပ်နိုင်မှာဖြစ်ပါတယ်။ တစ်ယောက်က အဖန်ခေါက်ရှာ၊ တစ်ယောက်က ငါးကင်၊ တစ်ယောက်က ငါးအသားနွာ၊ တောက်တောက်စင်း၊ တစ်ယောက်က ငရုပ်သီးကြက်သွန်ထောင်း၊ ဟင်းခတ်အရွက်ရှာ၊ စသဖြင့် လက်လည်းဝင်ပါတယ်။

အဲဒီ ဟင်းက ငါးကော လို့ ခေါ်ပြီး ငါးကိုကင်ပြီး အသားများကို အရည်ဖျော်တဲ့ဟင်းဖြစ်ပါတယ်။ ဒီငါးကောကို ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုက အဖန်ဓာတ်ရှိတဲ့ သစ်ခေါက် ဖြစ်ပါတယ်။ ကျွန်မတို့နေထိုင်ရာ ဥရုချောင်းရိုးမှာတော့ ဒီလိုအဖန်ဓာတ်ရှိတဲ့ ရင်းရဲပင်လို့ခေါ်တဲ့ အပင်တွေဟာ ယခင်က အလွန်ပေါများခဲ့ပါတယ်။ သို့သော်လည်း အခုခေတ်မှာတော့ ဥရုချောင်းကို မြေလှန်ရှာနေကြတဲ့သူတွေကြောင့် ရင်းရဲပင်တွေလည်း မတွေ့ရသလောက် ဖြစ်သွားခဲ့ပါပြီ။ အဲဒီ ရင်းရဲပင်မရှိတဲ့အခါမှာတော့ ဇီးပင်၊ မန်ကျည်းပင်၊ စတဲ့ ဖန်တဲ့ အရသာရှိတဲ့ သစ်ခေါက်တွေကို အသုံးပြုရပါတယ်. ကျွန်မ အခုရောက်နေတဲ့မြို့ကလေးမှာတော့ အဖန်ဓာတ်ရှိတဲ့ သစ်ခေါက်မျိုးရဖို့ရန် ခက်ခဲပါတယ်။ ဒါကြောင့်လည်း ရှိတာလေးနဲ့ ကျွန်မတို့ဒေသရဲ့ အစားအစာတစ်ခုဖြစ်တဲ့ ငါးကော လုပ်နည်းကို ဒီနေ့မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဟင်းကောင်းမဟုတ်ပေမဲ့ လူသိနည်းသေးတဲ့ ကျွန်မတို့ရဲ့ ဒေသ အစားအစာတစ်မျိုးကို မသိသေးတဲ့သူတွေ သိသွားရအောင် မိတ်ဆက်ပေးတဲ့သဘောသာ ဖြစ်ပါတယ်ရှင်။

ပထမဦးစွာ ငါးကောလုပ်ဖို့အတွက် ငါးကို အကောင်လိုက် ကင်ရမှာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ငါးကင်ရန်ပြင်ဆင်

ကြေးခွံပါတဲ့ ငါးကြင်းကဲ့သို့ငါးမျိုးကို ကြေးခွံထိုး၊ ဗိုက်ဗောက် အညစ်အကြေးများ ဖယ်ပစ်ပြီး ရေစင်အောင်ဆေးကာ ငါးတစ်ကောင်လုံးကို ကင်ပါတယ်။ လူဦးရေပေါ်မူတည်ပြီး ငါးကို တစ်ကောင်၊ ၂ကောင် ၊၃ကောင် စသဖြင့် ကင်ပါတယ်။ လူ၎ယောက်လောက်ဆို တစ်ကောင်နဲ့လုံလောက်ပါတယ်။ ငါးကျက်ပြီဆိုပါက အရိုးဖယ်ပစ်ပြီး အသားချည်း နွာလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ငါးကင်မှ အသားများ

Image Hosted by PicturePush - Photo Sharing

ထိုငါးအသားများကို တောက်တောက်စင်းပါတယ်။ အရိုးများတွေ့ပါက လက်ဖြင့်ဖယ်ရှားရပါတယ်။

Image Hosted by PicturePush - Photo Sharing 
ပိန်းဥ သို့မဟုတ် အာလူးကို ပြုတ်ပါတယ်။ ငါးအရေအတွက်ပေါ်မူတည်ပြီး အာလူး(သို့) ပိန်းဥကိုထည့်နိုင်ပါတယ်။ ငါးတစ်ကောင်အတွက်အာလူး ၂လုံးခန့် ပြုတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီးအာလူးများကို ခြေမွကာ တောက်တောက်စင်းပါတယ်

Image Hosted by PicturePush - Photo Sharing

မပါမဖြစ် ထည့်ရမဲ့ ဟင်းခတ်အမွှေးအကြိုင်ရွက်တွေက ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ် ရွက်တို့ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
၎င်းအရွက်များကို နှုတ်နှုတ်စင်းပါတယ်။


Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းများကို ညက်အောင်ထောင်းပါတယ်။ အစပ်မကြိုက်သူများ ငရုပ်သီးလျှော့ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

ဆားကို မိမိထည့်မည့် ပမဏကို အရည်ဖျော်ထားပါတယ်.။ ငပိအနည်းငယ်ကို မီးဖုတ်ပြီး အရည်ဖျော်ထားပါတယ်။



Image Hosted by PicturePush - Photo Sharing 
အိုးတစ်လုံးထဲမှာ ငါးကင်၊ အာလူး၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ဖက်ဖယ် ပင်စိမ်းရွက်များ စင်းထားတာ အားလုံးကို ထည့်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

၎င်းအိုးထဲသို့ ရေကျက်အေး၊ ဆားရည်၊ ငပိရည်၊ အရသာမှုန့်တို့ကို ထည့်ပြီး ရောမွှေလိုက်ပါတယ်. မိမိနှစ်သက်သည့် အရသာဖြစ်အောင် ဆား၊ အရသာမှုန့်တို့ကို ထည့်နိုင်ပါတယ်။ အာလူး (သို့) ပိန်းဥ ပါဝင်တဲ့အတွက် အရည်ကျဲမနေဘဲ ခပ်ပျစ်ပျစ်လေးဖြစ်ကာ ဆိမ့်တဲ့အရသာလည်း ရှိပါတယ်။ ပူပူစပ်စပ်နဲ့ ရှူးရှူးရှဲရှဲ ကြိုက်တတ်သူ ကျွန်မကတော့ ငရုပ်သီးများများထည့်ပြီး ငါးကောရဲ့ ပူစပ်ပူလောင် အရသာကို ခံစားလိုက်ပါတယ်း)
Image Hosted by PicturePush - Photo Sharing 

အားလုံးပြီးသွားချိန်မှာတော့ ပူပူစပ်စပ်နဲ့ ဆိမ့်သောအရသာ ရှိတဲ့ ငါးကောဟင်းတစ်ခွက် ရပါပြီ။

ဒီနေရာမှာ ငါးကောပြုလုပ်ပုံမှာ ကျွန်မတို့အိမ်မှာ လုပ်တဲ့နည်းထဲက အဆင့်တစ်ဆင့်ကို ချန်လှပ်ထားခဲ့ပါတယ်။ အဲဒါက ရင်းရဲပင်လို့ခေါ်တဲ့ အဖန်ဓာတ်ရှိတဲ့ သစ်ပင်ရဲ့ အခေါက်ကို ခွာပြီး ရေစိမ်ထားတဲ့ အဆင့်ပါ။ အဲဒီအဆင့်က နေရာဒေသအတော်များများအတွက် လုပ်ဖို့ခက်ခဲနိုင်တာကြောင့်ရော ကျွန်မကိုယ်တိုင်လည်း ဒီနေ့ ငါးကောပြုလုပ်ရာမှာ ကျွန်မနေတဲ့မြို့ကလေးမှာ အဖန်ခေါက်ကို ရှာဖို့ခက်တာကြောင့်ပါ ချန်ခဲ့တာဖြစ်ပါတယ်။  တကယ်တမ်းမှာ ငါးများကို အရည်ဖျော်ရာမှာ ကျွန်မတို့ဒေသမှာတော့ ရိုးရိုး ရေကျက်အေးအစား အဖန်ခေါက် စိမ်ရည်ဖြင့်သာ ဖျော်ကြပါတယ်။ အဖန်ခေါက် စိမ်ရည်ပြုလုပ်ပုံကို ဗဟုသုတအဖြစ် ပြောပြရရင်

ရင်းရဲပင် မရှိက ဇီး၊ မကျည်း၊ သရက် စသော ဖန်သည့်အရသာရှိသော သစ်ခေါက်များကို သစ်ပင်ကနေ ခွာရပါတယ်။ ၄င်းသစ်ခေါက်များကို အပေါ်က အမဲရောင် အညိုရောင် စသည့် အကာများကို ဖယ်ထုပ်ပစ်ပြီး ရေစင်အောင် ဆေးရပါတယ်။ ပြီးနောက် သစ်ခေါက်အသားများကို ပါးပါးလေး ရအောင်ခြစ်ပြီး ရေကျက်အေးဖြင့် စိမ်ထားလိုက်တာပါ။ ငါးကို အရည်ဖျော်တဲ့အခါမှ ၄င်း သစ်ခေါက် အဖန်ရည်ဖြင့်ဖျော်တာ ဖြစ်ပါတယ်။

ပူပူစပ်စပ် ငါးကောဟင်း
  
ဒီမှာတော့ အဖန်ရည်အစား ရိုးရိုးရေကျက်အေး (ရေနွးကိုကြိုပြီး အအေးခံထားတဲ့ရေ) နဲ့ ဖျော်ထားတာဖြစ်ပါတယ်။ ငါးကောဟင်း အကြောင်း ရေးပြီး တင်ထားတယ်လို့ အိမ်ကို ဖုန်းဆက်ပြီး ပြောပြလိုက်မယ်ဆိုခဲ့ရင် ဒီဟင်းကို နှစ်သက်တဲ့ ကျွန်မ အဖေနဲ့ အမေရဲ့ မျက်နှာဟာ ပီတိတွေနဲ့ ပြုံးနေဦးတော့မှာကို မြင်ယောင် မိပါသေးတယ်။  

ပျော်ရွှင်ဖွယ် အားလပ်ရက်များကို ပိုင်ဆိုင်ကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing