ခရီးတစ်ထောက် မြစ်ကြီးနားမြို့...


ကိုအောင်မော်နှင့် ကိုကျော်စွာတို့ စီးလာသော လေယာဉ်သည် နေ့လည် ၁၂နာရီလောက်တွင် မြစ်ကြီးနားလေဆိပ်သို့ ဆိုက်ရောက်လေသည်။ သူတို့နှစ်ယောက် မြစ်ကြီးနားသို့ရောက်သည်နှင့် အထက်တန်းကို မြစ်ကြီးနား အထက(၁)ကျောင်းတွင် အတူတူတက်ခဲ့ကြသည်ကို ပြန်သတိရလာမိကာ ငယ်မူငယ်သွေးများဖြင့်ပင် ပြန်လည်လန်းဆန်းလာသလို ခံစားမိရသည်။ ဒီအချိန် ဖားကန့်ဆက်တက်ဖို့ ကားဂိတ်သို့ တန်းပြီးသွားမည်ဆိုလျှင် အချိန်မီသေးသည်မှာ သေချာသော်လည်း သူတို့ နှစ်ယောက် မြစ်ကြီးနားအတူရောက်တုန်း ငယ်စဉ် ကျောင်းသားဘဝက သွားလာခဲ့ကြသည့် နေရာများကို လျှောက်လည်ကြည့်ဖို့ မြစ်ကြီးနားတွင် တစ်ညအိပ်ဖို့ တိုင်ပင်ကြပြီး လေဆိပ်မှကားတစ်စီးကိုငှားကာ ကားဂိတ်သို့သွားရောက်ကာ မနက်ဖန်မနက် ဖားကန့်တက်ရန်အတွက် ကားလက်မှတ် နှစ်စောင်ဖြတ်ပြီး မြို့လယ်တွင်ရှိသော ပန်ဆွန်ဟိုတယ်သို့ သွားရောက်ကြလေသည်။
Image Hosted by PicturePush - Photo Sharing

မြစ်ကြီးနားမှ တနိုင်း၊ လိုင်ဇာ၊ ဟိုပင်၊ ဖားကန့် စသော ဒေသအသီးသီးသို့ သွားရောက်ရာကားဂိတ်

မြစ်ကြီးနားမြို့သည် တကယ်တမ်းမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၆ ပေသာ ရှိသော်လည်း ရာသီဥတုမျှတပြီး နေလို့ကောင်းသောမြို့တစ်မြို့ဖြစ်သည်။ လမ်းဘေးဝဲယာ သစ်ပင်များ၊ ပန်းအလှပင်များ အုပ်အုပ်ဆိုင်းဆိုင်း ဝေဝေဆာဆာဖြင့် လှပလို့နေသည်။ အေးချမ်းသာယာပြီး သစ်သီးဝလံ၊ ပန်းမာန်များ  ပေါများလှသော မြစ်ကြီးနားမြို့သည် မြန်မာပြည်၏ နေချင်စဖွယ် မြို့ကြီးများတွင် တစ်မြို့အပါအဝင်ဖြစ်လိမ့်မည်ဟု ကိုကျော်စွာက တွေးနေမိသည်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြစ်ကြီးနားမြို့

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ပျားအုံကြီးများ မကြာခဏစွဲလေ့ရှိသော နာမည်ကျော် မြစ်ကြီးနားရေစင်

တည်းခိုခန်းတွင် ရေမိုးချိုးကြပြီး ကချင်ရိုးရာထမင်းဆိုင်တစ်ခုတွင် ထမင်းစားဖို့ ထွက်လာခဲ့ကြသည်။ ကချင်ဟင်းများမှာ ဆီမပါသလောက်ဖြစ်ပြီး ငှက်ပျောဖက်ကလေးများဖြင့် ထုတ်ထားသည်ဖြစ်၍ ငှက်ပျောရွက်နံ့သင်းနေသော ထမင်းဟင်းများဖြင့် ခေါင်းမဖော်တမ်း စားမိကြလေသည်။

"ဒီလိုဟင်းမျိုးတွေ မစားရတာကြာလှပြီကွ" ကိုကျော်စွာက ထမင်း သုံးထုပ်ကုန်အောင်စားပြီး ပြုံးဖြဲဖြဲဖြင့် သူ့ကို ပြောလိုက်သဖြင့် ကိုအောင်မော် ပြုံးလိုက်မိသည်။ "မင်းက ဟင်းမကောင်းလည်း ငယ်ကတည်းက အစားပုတ်တဲ့ကောင်ပါကွာ " ဟူ၍ ပြန်ပြောလိုက်ကာ နှစ်ယောက်သား ရယ်မောမိကြလေသည်။ ထမင်းစားကြပြီးနောက် မြစ်ကြီးနားမြို့ကို ဆိုင်ကယ်ငှားကာ ပတ်ကြလေတော့သည်။ သူတို့နှစ်ယောက် စိတ်ထဲတွင် အထက်တန်းကျောင်းသားဘဝက မြစ်ကြီးနားတွင် ကျောင်းအတူတက်တုန်းက ပျော်ရွှင်စွာ လျှောက်သွားခဲ့ကြသည်ကို အမှတ်ရမိကြကာ ယခုအခါတွင် အသက် ၄၀ကျော်ရှိပြီဖြစ်သော သူတို့နှစ်ယောက်မှာ လူငယ်လေးများသဖွယ် သွက်လက်ပေါ့ပါး နေလေတော့သည်။

Image Hosted by PicturePush - Photo Sharing

ဧရာဝတီမြစ်ကမ်းတစ်နေရာရှိ ဆုတောင်းပြည့်စေတီတော်

ပထမဦးစွာ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားသော ဆုတောင်းပြည့်စေတီဘက်သို့ ထွက်လာခဲ့ကြသည်။ ဆုတောင်းပြည့်စေတီအနီးတွင် လျောင်ေးတော်မူဘုရားကိုလည်း ဝင်ရောက်ဖူးမျှော်ကြသည်။ သူတို့ ကျောင်းတက်စဉ်တုန်းကတော့ လျောင်းတော်မူဘုရား မရှိခဲ့သေးပါ။ ယခုနောက်ပိုင်းမှ ဂျပန်နိုင်ငံရှိ အလှူရှင်များက လှူဒါန်းထားကြောင်း သိရလေသည်။ ထို့နောက်တော့ မြစ်ကြီးနားမြို့ရှိ အခြားသော စေတီပုထိုးများကို လှည့်ပတ်ဖူးကြသည်။

Image Hosted by PicturePush - Photo Sharing

ဂျပန်မှ လှူဒါန်းသည့် လျောင်းတော်မူဘုရား

Image Hosted by PicturePush - Photo Sharing
အံတော်ရှင်စေတီတော်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ရွှေတိဂုံစေတီတော်ပုံစံတူ တည်ဆောက်ထားသော အနန္တသုခရွှေတိဂုံ ဓာတုစေတီတော်

ရွှေတိဂုံစေတီတော်နှင့် ပုံစံတူတည်ဆောက်ထားသော အနန္တသုခရွှေတိဂုံဓာတုစေတီတော်သို့လည်း ရောက်ခဲ့ကြသည်။ သူတို့ မြစ်ကြီးနားတွင် ရှိစဉ်ကတော့ ထိုစေတီမှာ မရှိသေးပါ။ ခုနောက်ပိုင်းမှ တည်ထားကိုးကွယ်သော စေတီဖြစ်သည်။

Image Hosted by PicturePush - Photo Sharing

မြစ်တစ်ဖက်ကမ်းရှိပြာလွင်လွင်တောင်တန်းများနှင့် မြစ်ဧရာ..

Image Hosted by PicturePush - Photo Sharing

မြစ်ပြင်ရှုခင်းများကြည့်ရန် ကမ်းနားလမ်းတစ်နေရာ

ထို့နောက်တော့ မြစ်ကြီးနား မြစ်ကမ်းရိုးတစ်လျှောက် မြင်ပြင်ရှုခင်းများ ကြည့်ရန် ကမ်းနားလမ်းဘက်သို့ ထွက်လာခဲ့ကြပြန်သည်။ မြစ်ကမ်းဘေးတွင် လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်ကျောင်းသားဘဝက သူတို့နှစ်ဦး စာကျက်ရန်သော်လည်းကောင်း၊ အဆောင်တွင် စိတ်ညစ်စရာများ ကြုံလာလျှင်သော်လည်းကောင်း လာထိုင်လေ့ ရှိကြသည်။ မြစ်တစ်ဖက်ကမ်းရှိ တောင်တန်းကြီးများ၊ မြစ်ပြင်ကျယ်မြင်ကွင်းများကိုလည်းကောင်း၊ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသော မြစ်ရေပြင်ကိုလည်းကောင်း ထိုင်ကြည့်ကာ စိတ်အပန်းပြေခဲ့ဖူးသည်။ ယခု မြစ်ကမ်းဘေးသို့ ရောက်သောအခါတွင်လည်း မြစ်ပြင်ကိုဖြတ်ကာ တိုက်ခတ်လာသော လေပြေအေးအေးက သူတို့နှစ်ယောက်ကို လန်းဆန်းစေလေသည်။


သို့သော် ယခင် သူတို့ငယ်စဉ်တုန်းကတော့ ဧရာဝတီမြစ်ရေသည် စိမ်းလဲ့ကြည်လင်နေခဲ့သည်။ ယခုအခါတွင်တော့ ကြည်လင်သန့်စင်သော ရေပြင်အစား နောက်ကျိကျိ ရေပြင်နှင့် ကမ်းစပ်တွင်လည်း ကျွတ်ကျွတ်အိတ်များနှင့် အမှိုက်သရိုက်များကို တွေ့မြင်ရသဖြင့် ဟိုးယခင်က သန့်စင်ကြည်လင်သော ရေပြင်နှင့် သန့်ရှင်းသပ်ရပ်နေသော မြစ်ဆိပ်ကမ်းတို့ကို ပြန်လည်တမ်းတမိရကာ စိတ်ထဲတွင် နှမြောမိသလိုလို၊ ဝမ်းနည်းမိသလိုလို ခံစားမိကြလေသည်။

Image Hosted by PicturePush - Photo Sharing
မနောကွင်း အဝင်ဝ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ကချင်တိုင်းရင်းသားတို့၏ ရိုးရာမနောပွဲများ ကျင်းပရာ မနောတိုင်ကြီး 


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

မစ်ကြီးနားမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သော မနောကကွင်းကြီးဆီသွားရောက်ကာ နှစ်ယောက်သားအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ အရောင်စုံစွာ လှပနေသော မနောတိုင်ကြီးကတော့ ကချင်ရိုးရာယဉ်ကျေးမှု၏ အထိမ်းအမှတ်တစ်ခုအဖြစ် မိုးယံသို့ ထောင်မတ်စွာ တည်ရှိလို့နေသည်။ ကချင်တိုင်းရင်းသားတို့၏ ရိုးရာပွဲလမ်းသဘင်များကို ဤမနောကွင်းကြီးတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိကြသည်။ မနောကွင်းမှ ထွက်လာကြပြီး သာသနာ့ဗိမ္မာန်၊ မြစ်ကြီးနား တက္ကသိုလ်၊ လက်မှုပညာအရောင်းပြခန်း၊ ယဉ်ကျေးမှုအဆောက်အဦး၊ စသော မြစ်ကြီးနားမြို့၏ အထင်ကရနေရာများကို သွားရောက်ကြလေသည်။


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ကမ်းနားလမ်းပေါ်မှ သာသနာ့ဗိမ္မာန်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ပြည်လုံးချမ်းသာ ဆုတောင်းပြည့် ဘုရားကြီး

Image Hosted by PicturePush - Photo Sharing
စိမ်းမြဧရာပန်းခြံ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြစ်ကြီးနား တက္ကသိုလ်ကြီးကတော့ သူတို့ ငယ်တုန်းကအတိုင်း ပြောင်းလဲမှု သိပ်မရှိပါ။ သူတို့နှစ်ယောက် ဆယ်တန်းနှစ်တွင် မန္တလေးသို့ ကျောင်းပြောင်းသွားခဲ့သောကြောင့်  မြစ်ကြီးနား တက္ကသိုလ်တွင်တော့ မတက်ခဲ့ဖူးပါ။ သို့သော် တက္ကသိုလ်ကြီးကို ကြည့်ကာ စိတ်ထဲတွင်တော့ ရင်းရင်းနှီးနှီး ခံစားကြရသည်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ကျောက်တုံးများဖြင့် လှပစွာ ဆောက်လုပ်ထားသော နှစ်ခြင်းခရစ်ယန် ဗိမ္မာန်တော်

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
မြစ်ကမ်းနားတစ်နရာတွင်ရှိ ပန်းပျိုးပင် အရောင်းဆိုင်

Image Hosted by PicturePush - Photo Sharing
စည်ပင်သာယာဈေး

Image Hosted by PicturePush - Photo Sharing
ဈေးရောင်းဈေးဝယ်ရန် ရောက်လာသော လွယ်ပလိုင်းနှင့် တိုင်းရင်းသူတစ်ဦး

Image Hosted by PicturePush - Photo Sharing
အသီးတန်း

မြစ်ကမ်းတစ်လျှောက် ဆိုင်ကယ်ဖြင့် ပတ်နေရင်း မြစ်ဆုံကို သွားဖို့ ကိုကျော်စွာက ကိုအောင်မော်ကို တိုက်တွန်းလေသည်။ မြစ်ဆုံကို ကိုအောင်မော်အနေဖြင့် မကြာခဏ ရောက်ဖြစ်သောလည်း ကိုကျော်စွာအတွက်မူ မရောက်ဖြစ်သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့လေပြီ။ ထို့ကြောင့်လည်း ကိုအောင်မော်က ကိုကျော်စွာကို မြစ်ကြီးနားမြို့မှ ၂၈မိုင်ခန့်ဝေးသော မြစ်ဆုံသို့လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်ကာ မြို့ပြင်ဘက်သို့ ထွက်လာခဲ့ကြလေသည်။ ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်လေရာ မြို့အပြင်ဘက် မြစ်ဆုံသို့ သွားရာ လမ်းတစ်လျှောက်တွင် ကွန်ကရိ လမ်းသစ်များ ဖောက်လုပ်ထားသည်ကို တွေ့ရလေသည်။ ထိုလမ်းသစ်များကို တွေ့မြင်ရသော ကိုကျော်စွာမှာ ဝမ်းသာအားရဖြင့်

"ဟာ.. တို့ငယ်ငယ်တုန်းက မြစ်ဆုံသွားတဲ့လမ်းက တအားဆိုးတာနော်။ အခုတော့ မြစ်ဆုံကို သွားဖို့ လမ်းတွေ ကောင်းကောင်းမွန်မွန် ဖောက်ထားပြီဘဲ။ ကွန်ကရိလမ်းသစ်ကြီးက ကောင်းလိုက်တာ ။ ဒီလိုလမ်းတွေကောင်းနေတာ မြင်တော့ တကယ်ဝမ်းသာမိတယ်ကွာ" ဟုပြောလေရာ ကိုအောင်မော်က

"အင်း.. စောင့်ကြည့်ပါ.. စောင့်ကြည်ပါ။ အပြောမစောပါနဲ့ .. မကြာခင်တွေ့ပါလိမ့်မယ်" ဟုသာ ဆိုင်ကယ်မောင်းနေရာက သူ့ကို အော်ပြောလိုက်သည်။ မိုးချုပ်သွားမည်စိုး၍ ဆိုင်ကယ်ကို အပြင်းမောင်းနေရသောကြောင့် လမ်းတစ်လျှောက် စကားမပြောဖြစ်ကြတော့ပါ။ မိုင်၂၀ခန့်ခရီးမှာ  အသစ်ဖောက်လုပ်ထားသော ကွန်ကရိလမ်းကြောင့် အချိန်မကြာဘဲ ခနအတွင်းရောက်လေသည်။ မကြာခင်တွင် ရေအားလျှပ်စစ် စီမံကိန်းဟူသော ဆိုင်းဘုတ်ကို တွေ့မြင်ရပြီးသည်တွင် ကွန်ကရိလမ်းမှာ ပြီးဆုံးသွားလေပြီ။ ချိုင့်တွေ၊ ကျင်းတွေဖြင့် မြေလမ်းကြမ်းကြမ်းကို ဆက်လက် မောင်းနှင်လာရသည်။ အနောက်တွင်ထိုင်သော ကိုကျော်စွာမှာ ခုလိုလမ်းကြမ်းမျိုး မကြုံတာ ကြာပြီဖြစ်၍ အလူးအလဲ ဖြစ်နေတော့သည်။ ပြုတ်မကျစေရန် ကိုအောင်မော်ခါးကို တင်းတင်းဖက်ထားရလေသည်။

"ဟာ ဘယ်လိုဖြစ်တာလဲ။ ငါက မြစ်ဆုံအထိ လမ်းတွေ သိပ်ကောင်းနေပြီမှတ်တာ။ ဒီဘက်ကျတော့ ဆိုးလိုက်တဲ့လမ်းကွာ။ ဆိုင်ကယ်ဆောင့်လို့ ငါ့ဗိုက်ထဲက ကလီစာတွေတောင် ပြုတ်ထွက်တော့မလား မှတ်ရတယ်။" ဟု ကိုကျော်စွာက ငြီးငြူလေတော့သည်။

ကိုအောင်မော်က နောက်လှည့်ကြည့်ပြီး ကိုကျော်စွာကို ပြန်ပြောသည်။ "ဒါကြောင့် မင်းကို ငါပြောသားဘဲ .. လမ်းကောင်းတယ်လို့ အပြောမစောနဲ့ဦး. စောင့်ကြည့်ဦးဆိုတာ။ မင်းအခု တွေ့တဲ့အတိုင်းဘဲလေ.. ဒီကွန်ကရိလမ်းတွေက မြစ်ဆုံကို အများပြည်သူ သက်သောင့်သက်သာသွားဖို့ ဖောက်ထားတယ်များ မှတ်နေလား။ သူတို့တွေ ရေအားလျှပ်စစ် ဆောက်လုပ်ရေးမှာ သွားလာရေး လွယ်ကူချောမွေ့ဖို့ အတွက် ဖောက်ထားတာ ၊ အခု စီမံကိန်းနေရာကို ကျော်လာတာနဲ့ ဒီလို လမ်းကြမ်းကြမ်းဘဲလေ။ ငါတို့ ငယ်ငယ်တုန်းကလည်း မြစ်ဆုံကိုသွားတိုင်း ဒီမြေလမ်းကနေ ခက်ခက်ခဲခဲ သွားခဲ့ရတာပါဘဲကွာ"

မြစ်ဆုံအနီး တန်ဖရဲရွာတွင်းသို့ရောက်လာသောအခါတွင် ယခင်က သီးပင်စားပင်များဖြင့် စိမ်းစိုစွာရှိခဲ့သော ရွာတွင်းရှိ အိမ်ခြေအများစုမှာ ရွှေကျင်းများ ဖြစ်၍ နေလေသည်။ မြစ်ဆုံအနီးတစ်ဝိုက်နှင့် မေခမြစ်ကြောင်းတစ်လျှောက်တွင် ရွှေထွက်သည်ဟု နာမည်ကျော်လာသဖြင့် ရွှေတူးသူတို့ မျက်စိကျလာကာ ရွာတွင်းမှာရော မေခမလိခမြစ်ဆုံ၊ ကမ်းနားတစ်လျှောက်တွင်ပါ ရွှေတူးသူတို့၏ ရွှေကျင်းများ၊ တဲငယ်များ၊ ဈေးဆိုင်များဖြင့် စည်ကားလို့ နေလေသည်။ ထို့ကြောင့်လည်း မြစ်ဆုံတစ်ဝိုက်တွင် နေရာအနှံ့တူးထားသော ရွှေကျင်းများ၊ တူးပြီး ပစ်ထားသော ကျင်းဟောင်းလောင်းများ၊ အမှိုက်သရိုက်များဖြင့် ပြည့်နေတော့ရာ ဟိုးလွန်ခဲ့သော နှစ်များစွာက ကျော်ကြားခဲ့သော မြစ်ဆုံ၏ လှပသာယာမှုတို့မှာ ဝမ်းနည်းဖွယ် ပျောက်ဆုံးလျှက် ရှိလေသည်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
နာမည်ကျော်မြစ်ဆုံ 

 မြစ်ကမ်းဘေးတွင် သူတို့နှစ်ယောက် ထိုင်ရင်း စကားပြောရင်းဖြင့် မြစ်ဆုံ၏ လက်ကျန် အလှလေးကို ငေးမောနေကြသည်။ ထိုသို့ ငေးမောနေမိကြရင်း မြစ်ဆုံအောက်နား မလှမ်းမကမ်းတွင် အင်တိုက် အားတိုက် ဆောက်လုပ်နေသော မြစ်ဆုံစီမံကိန်းကို ကြည့်မိကာ ကိုကျော်စွာက " ငါတော့ အလုပ်တွေနဲ့ ရှုပ်တော့မှာဆိုတော့ ဒီနေရာကို  နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ချင်မှ ရောက်နိုင်တော့မှာ။ ရောက်တုန်းရောက်ခိုက်  မြစ်ဆုံအလှလေးတွေ မပျောက်သွားသေးခင် ဝအောင်ကြည့်သွားရမယ်  " ဟု ပြောမိသည်။ " အေးကွာ.. ဒီလိုနေရာမျိုးမှာမှ ဆည်ဆောက်ဖို့ စိတ်ကူးရတဲ့သူကို တကယ် ချီးကျုးရမလိုပါဘဲ။ တစ်ခြားနေရာများ ရှာပါဦးတော့လားကွာ။ မြစ်ဆုံဆိုတာ ငါတို့ကချင်ပြည်နယ်မှာ တန်ဖိုးထားရတဲ့ အထင်ကရ အလှပဆုံး နေရာတစ်ခုပါကွာ။ ပြီးတော့လည်း ဆည်တစ်ခုတည်ဆောက်တယ်ဆိုတာ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း အများကြီး ရှိပါတယ်။ ဒီဧရာဝတီမြစ်ဆိုတာ  တစ်နိုင်ငံလုံးကို ဖြတ်ပြီး စီးဆင်းသွားတာ။ မြစ်အောက်ခြေနားလောက်မှာ ဆောက်တယ်ဆို ရင်လည်း ထားပါတော့။ခုတော့ မြစ်အစမှာ လာဆောက်တယ်ကွာ..  ဆည်ကြီးဆောက်လိုက်လို့ ဆိုးကျိုးတွေများ ဖြစ်လာခဲ့ရင် မြစ်ကြောင်းတစ်လျှောက် နေထိုင်တဲ့ မြို့ရွာတွေ အားလုံး ခံကြရမှာ။ " ကိုအောင်မော့်စကားကို ကိုကျော်စွာက " အော် မင်းလည်း  ရောဂါဆန်းဖြစ်နေတဲ့သူတစ်ယောက်ပါလား" ဟု ပြုံးကာ နောက်လိုက်ရင်း ဆက်ပြောသည်။ " သိပ်တော့လည်း မစိုးရိမ်ပါနဲ့ကွာ။ စနစ်တကျ တွက်ချက်ပြီးမှ ဒီဆည်ကြီးကို ဆောက်တယ်လို့ လူကြီးတစ်ယောက်က ရှင်းပြထားတာဘဲဟာ။ ဘာမှတော့ ဖြစ်မှာမဟုတ်ပါဘူးထင်ပါတယ်။"

"ဧရာဝတီမြစ်ကို ချစ်လို့၊ စိတ်ပူပန်မိလို့ ရောဂါဆန်းလို့ နာမည်တတ်ပြီး ခေါ်မယ်ဆိုရင်လည်း ခေါ်ပါစေကွာ။ ဒါပေမဲ့ မြန်မာပြည်မှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားမှန်ရင် ကိုယ့်တိုင်းပြည်က သဘာဝအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေကို ချစ်ခင်သင့်တယ်၊ တန်ဖိုးထားသင့်တယ်။ ဒါဟာ ဒီနိုင်ငံသားတိုင်းရဲ့ ရှိသင့်တဲ့ စိတ်ဓာတ်ဘဲ မဟုတ်ဘူးလား။ ဘာမှမဖြစ်ဘူးလို့ ဘယ်သူက အာမခံနိုင်လို့လဲကွာ၊ နည်းပညာတွေ တိုးတက် ထွန်းကားလှတဲ့ ဂျပန်လိုနိုင်ငံတောင် အဘက်ဘက်က စနစ်တကျ တွက်ချက်ပြီးမှ နယူကလီယား စက်ရုံကြီးကို တည်ဆောက်ထားတာ မဟုတ်လား။ ဒါပေမဲ့ ဘယ်သူမှ ခန့်မှန်းလို့မရတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံလာတဲ့အခါ ဘယ်မှာခံနိုင်ရည်ရှိတော့လို့လဲ။ ခုခေတ်က ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန် ဖြစ်တာ သိပ်များလွန်းတယ်။ မင်းသိတဲ့အတိုင်း ငါတို့ ကချင်ပြည်နယ်က မိုးသိပ်များတဲ့အရပ်။ မတော်လို့ အခါတိုင်းနဲ့မတူဘဲ မိုးတအားကြီးလို့ တောင်ကျရေတွေများတဲ့အခါ ဆည်ကြီးမခံနိုင်ဘဲ ကျိုးတာတို့ ဖောက်ချရတာတို့ ဖြစ်ခဲ့ရင် ဆုံးရှုံးမဲ့ ပမာဏက သိပ်များလွန်းလို့ ရလာမဲ့ အကျိုးအမြတ်နဲ့တော့ လောင်းကြေးထပ်ပြီး လှဲလှယ်ဖို့ မသင့်ဘူးလို့ ငါတော့ထင်တာဘဲကွာ"

ကိုအောင်မော် စကားကို ကိုကျော်စွာက ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေသည်။ ကိုအောင်မော်မှာ မြစ်ဆုံကိုကြည့်ပြီး ရင်တွင်းခံစားချက်များ ပေါက်ကွဲထွက်လာပုံရသည်။ မမောနိုင် မပန်းနိုင် ပြောနေလေတော့သည်။

"ငါတော့ ငါကျောင်းက ကျောင်းသားတွေကို သဘာဝပတ်ဝန်းကျင် ချစ်တတ်အောင်၊ ကိုယ့်တိုင်းပြည်ရဲ့ အလှအပတွေကို တန်ဖိုးထားတတ်အောင် အမြဲတမ်း လှုံ့ဆော်ပေးတယ်ကွ.. ငယ်ကတည်းက သူတို့တွေကို အခြေခံကောင်းလေးတွေ တတ်နိုင်သလောက် ချပေးမှဖြစ်မယ်။ ဒါမှလည်း သူတို့တွေ တစ်ချိန်ချိန် နိုင်ငံ့တာဝန်ကို ထမ်းဆောင်တဲ့တစ်နေ့မှာ ကိုယ့်တိုင်းပြည်ရဲ့ အမွေအနှစ်တွေကို တန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်တတ်အောင်ပေါ့ကွာ။ သူတို့တွေ လူကြီးဖြစ်လာတဲ့တစ်နေ့ တိုင်းပြည်ရဲ့ အမွေအနှစ်တွေကို မစောင့်ရှောက်ရင်တောင် ဖျက်ဆီးတဲ့ လူတော့ မဖြစ်စေချင်ပါဘူး။ ငါတစ်ယောက်တည်းနဲ့ ပြုပြင်ပြောင်းလဲလို့တော့ မရနိုင်ဘူးပေါ့ကွာ။ ဒါပေမဲ့လည်း ငါတတ်နိုင်တဲ့ အတိုင်းအတာနဲ့တော့ တာဝန်ကျေချင်ပါတယ်။ ငါ့အနေတော့ ဒီဆည်ကြီးပြီးသွားမှာကိုတောင် တကယ်ကို စိုးရိမ်မိပါတယ်ကွာ"
Image Hosted by PicturePush - Photo Sharing
မြစ်ဆုံအနီး တောင်တန်းကြီး

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

မြစ်ဆုံရှိ သာသနာ ငါးထောင်စံ စေတီတော်မြတ်ကြီး

မြစ်ဆုံအနီး သာသနာ ငါးထောင်စံ စေတီကို သူတို့နှစ်ယောက် ဝင်ရောက်ဖူးမျှော်ကြလေသည်။ သာသနာငါးထောင်စံ စေတီဟုအမည်ပေးထားသော်လည်း သာသနာ ငါးထောင်ရှည်ကြာသည်အထိ တည်ရှိနိုင်မည်ဟု မသေချာတော့ပါ။  မြစ်ဆုံစီမံကိန်းကြီးပြီးဆုံးလျှင် ဤနေရာတွင် ရေပြင်ကြီးဖြစ်တော့မည်ဟု ဘုန်းဘုန်းတစ်ပါးက မိန့်ကြားလာသဖြင့် ကိုအောင်မော်တို့ စိတ်မကောင်းဖြစ်ရသည်။ စေတီပုံတော်များကို ပူဇော်ခဲ့ကြပြီး အလှူငွေများ ပါဝင်လှူဒါန်းကာ ညနေစောင်းလာပြီဖြစ်၍ မြစ်ဆုံမှ  ပြန်ခဲ့ကြတော့သည်။ မြစ်ဆုံမှ အပြန်တွင် နှစ်ယောက်သား၏ရင်တွင်းမှာတော့ နှမြောသတဖြစ်ခြင်း၊ ဝမ်းနည်းခြင်းတို့က ထပ်တူညီစွာ ခံစားမိကြရသည်။
ဗလမင်းထင်တံတား
Image Hosted by PicturePush - Photo Sharing

ဗလမင်းထင်တံတားကြီးကတော့ ညနေဆည်းဆာအောက်တွင် ခန့်ထည်စွာ ရှိနေလေသည်။

Image Hosted by PicturePush - Photo Sharing


ညမှောင်ရီဆည်းဆာအောက်တွင် တည်ငြိမ်ခန့်ထည်စွာ စီးဆင်းနေသော မြစ်ဧရာဝတီကတော့ အနာဂတ်တွင် သူဘာဖြစ်မည်ကို မသိရှာသလို၊ ဘာမှ မမှုသလိုဖြင့် အေးဆေးငြိမ်သက်စွာ စီးဆင်းလို့ နေနေခဲ့သည်။

ထို့နောက်တွင် သူတို့နှစ်ယောက် ၈တန်း ၉တန်းကို အတူတူတက်ခဲ့ကြသည့် အထက(၁) ကျောင်းဖက်သို့ အလွမ်းပြေ သွားကြည့်ကြပြန်လေသည်။ ကျောင်းရှေ့တွင် ရပ်ကာ ကျောင်းကြီးကို ငေးမောကြည့်မိကြတော့ ငယ်ငယ်က ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ခဲ့ကြသည့် အထက်တန်းကျောင်းသား ဘဝကိုပြန်လည် လွမ်းဆွတ်မိတော့သည်။

အထက(၁)
Image Hosted by PicturePush - Photo Sharing

သူတို့နှစ်ယောက် မြို့တွင်းသို့ ပြန်ရောက်ချိန်တွင် ခပ်မှိန်မှိန်မီးရောင်အောက်မှ မြစ်ကြီးနားမြို့သည် အနားယူအိပ်စက်ဖို့ပင် ပြင်နေပြီဖြစ်သည်။ ကချင်ပြည်နယ်၏ မြို့တော်ကြီးဖြစ်သော မြစ်ကြီးနားမြို့သည် ကျိန်ခရမ် ရေအားလျှပ်စစ်စက်ရုံကြီး ရှိသည်ဖြစ်သော်လည်း မီးရောင်ထိန်ထိန်လင်းရမည့်အစား မီးရောင်မှိန်မှိန်ကလေးဖြင့်သာ လင်းပလို့နေသည်။ မြို့လည် နာရီစင်ကြီးကတော့ ရောင်စုံမီးရောင်များဖြင့် လှပ ခန့်ညားလို့နေခဲ့သော်လည်း လမ်းမီးမှာတော့ မလင်းတစ်လှည့် လင်းတစ်လှည့်သာ။ ညစာကိုလည်း ကချင်ရိုးရာ စားသောက်ဆိုင်တွင်သာ ဝင်စားကြပြီး ညဈေးတန်းဖက် ဆိုင်ကယ်ဖြင့် ပတ်ကြပြန်လေသည်။ မြို့လယ်ကောင် ညဈေးတန်းတွင်တော့ ကိုယ်ပိုင် မီးချောင်းလေးများ ထွန်းကာ ရောင်းချနေသော တရုတ်ပစ္စည်းမျိုးစုံတို့က အရောင်စုံ၊ အသွေးစုံ၊ ဈေးနှုန်းချိုချိုဖြင့် အရည်အသွေး ကောင်းသည် မကောင်းသည် အပထား ဝယ်သူကို ဆွဲဆောင်လို့နေသည်။ သူတို့နှစ်ယောက် တည်းခိုရာ ဟိုတယ်တွင်တော့ တရုတ်ပြည်လုပ် မီးစက်နိုးပြီး မီးထွန်းထားသဖြင့် ဟိုတယ်တစ်ခုလုံးကတော့ မီးရောင်တွေဖြင့် ထိန်ထိန်လင်းလို့ နေလေခဲ့သည်။ မနက်ဖန် မနက်စောစော ဖားကန့်တက်ဖို့ ကားလာကြိုမည်ဖြစ်၍ အဆင်သင့်ဖြစ်စေရန် ပစ္စည်းများကို သိမ်းဆည်းကြပြီးနောက် ရေမိုးချိုးကာ အိပ်ရာပေါ်သို့ လှဲအိပ်လိုက်သည်နှင့် တစ်နေကုန် လည်ပတ်ထားသော အရှိန်ဖြင့် နှစ်ယောက်သား နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။

~~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~


ကျွန်မကိုယ်တိုင် ရိုက်ခဲ့သော မြစ်ကြီးနားမြို့နှင့် မြစ်ဆုံပုံများမှာ ပျက်စီးသွားခဲ့သောကြောင့် ကင်မရာအတွင်း အနည်းငယ်ကျန်ခဲ့သော ပုံအချိုနှင့် သူငယ်ချင်း၊ မိတ်ဆွေများ ပို့ပေးသော မြစ်ကြီးနား၊ မြစ်ဆုံပုံများအား အသုံးပြုထားပါသည်။ ဓာတ်ပုံများအတွက် ဒေါက်တာ ကျော်သူစိုး၊ သူငယ်ချင်း အားမီးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်းရှင်။ မကြာခင် ရောက်ရှိတော့မဲ့ ကိုကျော်စွာနဲ့ ကိုအောင်မော်တို့ရဲ့ ဖားကန့်ခရီးကို ဆက်လက်စောင့်မျှော်ကြည့်ကြပါဦးစို့နော်။

ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်

Image Hosted by PicturePush - Photo Sharing

တံတားကိုဖြတ်သွားတဲ့ မြီးရှည်..

ဒီတစ်ပတ်မှာ မိတ်ဆွေ သူငယ်ချင်းတို့ကို မိတ်ဆက်ပေးမဲ့ စားသောက်စရာတစ်မျိုးက တံတားကို ဖြတ်သွားတဲ့ မြီးရှည်တစ်မျိုးနဲ့ မိတ်ဆက်ပေးမှာပါနော်။ တံတားကိုဖြတ်သွားတဲ့ မြီးရှည်ဆိုလို့ မချောတစ်ယောက် ဘယ်နားက တံတားကိုဖြတ်ပြီး မြီးရှည်သွားစားပါလိမ့်လို့ မထင်ပါနဲ့ဦး။ မြီးရှည်နာမည်ကိုက တံတားကိုဖြတ်သွားတဲ့ မြီးရှည်ပါတဲ့ရှင်။ ခရီးသွားလာရင်း စားခဲ့မိတဲ့ မြီးရှည်ဖြစ်ပြီး ယူနန်ပြည်နယ်ဘက်မှာ နှစ်သက်စွာ စားကြတဲ့ မြီးရှည်တစ်မျိုး ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ကို ရောက်လာတဲ့ ခရီးသွားဧည့်သည်တိုင်း နာမည်ကျော် တံတားကိုဖြတ်သွားတဲ့ မြီးရှည်ကို စားသောက်ကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့်များ တံတားကိုဖြတ်သွားပြီးမှ မြီးရှည်ကို စားရတာလဲဆိုတော့ ဒီနာမည်ဖြစ်ပေါ်လာပုံကိုက ရာဇဝင်ရှိတယ်လို့ သိရပါတယ်။

 

တရုတ်လို  Guo qiao mi xian (ကော့ချောင်မီးရှန်) လို့ ခေါ်ပြီး မြန်မာလို တိုက်ရိုက်ဘာသာပြန်တဲ့အခါ တံတားကိုဖြတ်သွားတဲ့ မြီးရှည်လို့ အဓိပ္ပါယ်ရကြောင်း မြီးရှည်လိုက်ကျွေးတဲ့ တရုတ်မလေးက ရှင်းပြပါတယ်။ နိုင်ငံခြားသားများကပါ Crossing the Bridge noodles လို့ ခေါ်ဆိုကြတဲ့ ဒီမြီးရှည်ဖြစ်ပေါ်လာပုံရဲ့ ရာဇဝင်ကတော့ ဒီလိုပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်ခန့်က မန်စီခရိုင်မှာ နေထိုင်တဲ့ လူငယ်လေးတစ်ယောက်ဟာ နေပြည်တော်မှာ အမှုထမ်းဖို့အတွက် စာမေးပွဲဖြေဖို့ရန် စာတွေ ကျက်မှတ်နေရပါတယ်တဲ့။ သူဟာ လူသူကင်းဝေးတဲ့ အေးချမ်းဆိတ်ငြိမ်ရာအရပ်မှာ  စာတွေကြိုးစားပန်းစား လေ့လာချင်တဲ့အတွက် သူတို့နေထိုင်ရာ မြို့ကလေးမှာရှိတဲ့ နန်ဟူရေကန်ကြီးရဲ့ အလယ်က ကျွန်းတစ်ကျွန်းကို သွားပြီး နေ့စဉ်နေ့တိုင်း စာကျက်လေ့ရှိပါတယ်။  

 

အစာစားဖို့ အချိန်ရောက်တဲ့အခါမှာတော့ သူ့ အမျိုးသမီးလေးက ရွာထဲကနေ ရေကန်လယ်က ကျွန်းကလေးဆီ တံတားကိုဖြတ်ကာ  စားစရာတွေ ယူလာပြီး စာကျက်နေတဲ့ လူငယ်ကို ကျွေးမွေးပါတယ်။ ဒါပေမဲ့ လူငယ်စာကျက်နေတဲ့ ရေကန်လယ်က ကျွန်းကလေးကို ရောက်ချိန်မှာတော့ ရွာထဲကနေ ချက်ပြုတ်ယူဆောင်လာတဲ့ စားစရာတွေဟာ အေးစက်ကုန်ပါတော့တယ်။ သူ့ကောင်လေး အစားအသောက် အေးစက်စက်တွေ စားနေရတာမြင်တော့ မိန်းခလေးက စိတ်မကောင်းဖြစ်ပြီး ဒီအစားအစာတွေ အေးမသွားဘဲ ပူပူနွေးနွေး ဘယ်လိုကျွေးနိုင်ရင်ကောင်းမလဲလို့ အမြဲတမ်းစဉ်းစား အကြံထုတ်နေခဲ့ပါတယ်။

 

တစ်နေ့မှာတော့ မိန်းခလေးဟာ ကြက်သားဆွပ်ပြုတ်ချက်နေရင်း ဆွပ်ပြုတ်ရဲ့အပေါ်ယံမှာ ခပ်ပါးပါးလေးဖုံးနေတဲ့ အဆီတစ်လွှာကိုတွေ့ရပြီး အဲဒီအဆီလွှာဟာ ဟင်းရည်ကို မြန်မြန်အေးမသွားစေဘဲ ခပ်ကြာကြာလေး ပူနွေးစေတာကို သတိထားလိုက်မိပါတယ်။ အဲဒီနောက် ဟင်းရည်ထဲကို အခြားသော အသားနဲ့ ငါးများ ခပ်ပါးပါးလှီးထားတာကို အမြန်ထည့်ပြီး စားကြည့်တဲ့အခါမှာ အလွန်ကောင်းမွန်တဲ့ အရသာကို ရရှိလိုက်ရပါတယ်။  အဲဒီနေ့ကစလို့ မိန်းခလေးဟာ အသားပြုတ်ထားတဲ့ အပေါ်ဆီဝေ့နေတဲ့ ဆွတ်ပြုတ်အရည် ကို မြေအိုးလေးနဲ့ထည့်ကာ ခပ်ပါးပါးလှီးထားတဲ့ အသားတွေရယ်၊ မြီးရှည်ခေါက်ဆွဲဖတ်တွေရယ်ကို ရေကန်အလယ်က ကျွန်းကလေးဆီ တံတားကိုဖြတ်ပြီး ကြိုးစားပြီး စာတွေလေ့လာနေတဲ့ သူ့ကောင်လေးဆီကို နေ့တိုင်း သွားပို့ပါတော့တယ်။  

 

ဟိုရောက်လို့ မြေအိုးကို အဖုံးဖွင့်လိုက်ပြီး ပူနွေးနေတဲ့ ဟင်းရည်ထဲကို အသားရယ်၊ မြီးရှည်ဖတ်ရည် ထည့်ပြီး မြီးရှည်ပူနွေးနွေးကို သူ့ကောင်လေးကို ကျွေးနိုင်ခဲ့ပါတယ်။ တံတားကိုကျော်ဖြတ်ပြီး မြီှးရှည်ခေါက်ဆွဲကို နေ့တိုင်းပို့ရတာကြောင့် အဲဒီမြီးရှည်ဟာလည်း တံတားကိုဖြတ်သွားတဲ့ မြီးရှည်ရယ်လို့ အမည်တွင်ခဲ့တယ်လို့ စိတ်ဝင်စားဖွယ် ရာဇဝင်ဇာတ်လမ်းလေး ရှိခဲ့တဲ့ အစားအစာဖြစ်ပါတယ်။ သို့သော်လည်း တံတားကိုဖြတ်သွားတဲ့ မြီးရှည်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး အခြားသော အငြင်းပွားဖွယ်  ဆင်တူ ဇာတ်လမ်းလေးတွေလည်း ရှိနေပါသေးတယ်။

 

စာပေလေ့လာနေတဲ့ မင်းမှုထမ်းတစ်ယောက် တံတားရဲ့ အခြားတစ်ဖက်က ဆိုင်တစ်ဆိုင်မှာ သူ့အမျိုးသမီးကို စားစရာ သွားဝယ်ခိုင်းတဲ့အခါ သူ့အမျိုးသမီးဝယ်လာတဲ့ ခေါက်ဆွဲကို နာမည်မေးတဲ့အခါ အမျိုးသမီးလေးက တံတားကိုဖြတ်ပြီးသွားဝယ်တာကို စဉ်းစားမိပြီး တံတားကိုဖြတ်သွားတဲ့ မြီးရှည်လို့ ဖြေလိုက်တာကြောင့် ဒီနာမည်ဖြစ်လာရတယ်လို့လည်း ဆိုကြပြန်ပါသေးတယ်။ နောက်ထပ် ဇာတ်လမ်းတစ်ခုကလည်း တံတားရဲ့ တစ်ဖက်မှာ ရှိနေတဲ့ အမျိုးသားဖြစ်သူထံ စားသောက်ဖွယ်ရာ လာပို့တဲ့ မိန်းခလေးဟာ စားစရာတွေကို ခြင်းတစ်ခုနဲ့ ထည့်လာရင်း သူယူလာတဲ့ အသားတွေဟာ မတော်တဆဟင်းရည်အိုးထဲ ကျသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအိုးထဲက အရည်ကို စားကြည့်တဲ့အခါမှာ အလွန်မှ အရသာထူးခြား လှတာကြောင့် တံတားကိုဖြတ်ပြီး ယူလာရတဲ့ ဒီဟင်းရည်ကို တရုတ်လို  Guo qiao mi xian ရယ်လို့ အမည်တွင်လာတယ်လို့လည်း ဆိုကြပြန်ပါတယ်။


လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်က စခဲ့တဲ့ မြီးရှည်ဇာတ်လမ်းဟာ ခုခေတ်မှာတော့ ဒေသခံတွေရော၊ နိုင်ငံခြားသားတွေပါ နှစ်သက်စွာ စားသုံးလာကြတာကြောင့် ယူနန်ပြည်နယ်တစ်ဝိုက်မှာတော့ Crossing the Bridge noodles  ခေါ် Guo qiao mi xian  ခေါ် တံတားကို ဖြတ်သွားတဲ့ မြီးရှည်ဟာ ထင်ရှားတဲ့ စားသောက်ဖွယ်ရာ တစ်မျိုး ဖြစ်နေခဲ့ပါပြီ။ Guo qiao mi xian ဟာ ချက်နည်း အလွန်လွယ်ကူတာကြောင့် ဝါသနာပါသူများအတွက် အိမ်မှာလည်း လုပ်စားဖို့ အဆင်ပြေနိုင်ပါတယ်. အဲဒီမြီးရှည်ဟာ ဘယ်လိုမျိုးလဲဆိုရင်



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing




 

မြေအိုးတစ်လုံးထဲကို အရသာအပြည့်အဝပါဝင်တဲ့ ကြက်သား သို့မဟုတ် ဝက်သားပြုတ်ရည် ပူပူနွေးနွေးထည့်လာပါတယ်။ အပေါ်မှာတော့ ကြွေပန်းကန်ပြားတစ်ချပ်ကို ဖုံးအုပ်ထားပါတယ်။ အဲဒါပန်းကန်ပြားပေါ်မှာ ခပ်ပါးပါးလှီးထားတဲ့ ငါး၊ ဝက်သား၊ ကြက်သားပြား၊ ပဲပြား၊ ပဲပင်ပေါက်၊ ကျို့ဆိုင်၊ ကြက်သွန်မြိတ် တို့ပါဝင်ပါတယ်။ ဘေးက ပန်းကန်ထဲမှာတော့ ငုံးဥ အစိမ်းပါရှိပြီး မြီးရှည်ပြုတ်ပြီးသား တစ်ခွက်ပါပါတယ်။ ဒါက ကော့ချောင်မြီးရှည်ဆိုင်တစ်ဆိုင်ရဲ့ လက်ရာပါ။ တစ်ဆိုင်နဲ့တစ်ဆိုင် မြီးရှည်ထဲကို ထည့်ချက်တဲ့ အဆာပလာ အနည်းငယ်စီ ကွဲပြားကြပါတယ်။




Image Hosted by PicturePush - Photo Sharing



နောက်ဆိုင်တစ်ခုမှာတော့ ဝက်သား၊ငါး ပါးပါးလှီးထားတာအပြင် ကြက်သားပြုတ်ပြီးသားပါ ပါပါတယ်။ ပြီးတော့ မှို၊ ပဲပြား၊ ပဲပင်ပေါက်၊ ကျို့ဆိုင်၊ ကြက်သွန်မြိတ်၊ ငုံးဥအပြင် ဝက်စအုကြော်ပါ ပါဝင်ပါတယ်။



Image Hosted by PicturePush - Photo Sharing


အပေါ်က ပန်းကန်အသေးလေးနဲ့ နီညိုရောင်လေးက မြီးရှည်နဲ့ တွဲစားကြတဲ့ ငုံးကြော်ဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing



ဒီမယ်လေ ငုံးကြော်.. အနောက်က ပန်းကန်နှစ်ချပ်ထဲက မြီးရှည်နဲ့စားဖို့ ဂေါ်ဖီအချဉ်သုပ်နဲ့ မုန်ညင်းချဉ်ဖြစ်ပါတယ်။




Image Hosted by PicturePush - Photo Sharing


အချဉ် ပန်းကန် ၂ချပ်က လွဲလို့  ဝက်စအုကြော်အပါအဝင် အားလုံးကို မြေအိုးထဲက ပူနေတဲ့ အသားပြုတ်ရည်ထဲကို ရောထည့်လိုက်မှာဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing


အားလုံးရောထည့်လိုက်ပါပြီ။



Image Hosted by PicturePush - Photo Sharing



ပြီးရင် ခုလို ပန်းကန်ပြားနဲ့ ပြန်ဖုံးထားလိုက်ပါတယ်။ အချိန် ၅မိနစ်ခန့်သာ ထားရင်ရပါပြီ။ 




Image Hosted by PicturePush - Photo Sharing


ထို့နောက်မှာတော့ ခုလို ခွက်ကလေးတွေထဲ ခူးခပ်ထည့်ကာ စားနိုင်ပါပြီ။ တစ်ယောက်တည်း ကုန်နိုင်ပါကလည်း မြေအိုးထဲ နှိုက်စားလို့ ရပါတယ်။


Image Hosted by PicturePush - Photo Sharing


အချို့ဆိုင်တွေကတော့ အပေါ်ကလို အပူခံစတီးခွက် ချပေးတာရှိသလို ခုလို မြေခွက်ချပေးတဲ့ဆိုင်လည်း ရှိပါတယ်။ ဘယ်လိုပင်ဖြစ်စေ ပူပူနွေးနွေး မြီးရှည်လေးကတော့ စားနေကျ အရသာတွေနဲ့ မတူ တမူထူးခြားပြီး စားလို့ကောင်းနေခဲ့ပါတယ်။ အစပ်အရသာ မဟုတ်တာကြောင့်လည်း နလန်ထ လူမမာများနဲ့ပါ သင့်တော်မယ်လို့ ယူဆမိပါတယ်။ 




မတူကွဲပြားတဲ့ နေရာဒေသက စားသောက်ဖွယ်ရာအကြောင်း ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။




ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်..




Image Hosted by PicturePush - Photo Sharing

 

မြေပေါ်မြေအောက် ရတနာများ


“အောင်မော်.. မင်း အောင်မော်မဟုတ်လား”

သူ့နာမည်ကို ခေါ်သံကြားသဖြင့် ပန်းဆိုးတန်းလမ်းပေါ်ရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် စာအုပ်များ မွှေနှောက်နေသော ကိုအောင်မော် ခေါ်သံထွက်လာရာသို့လှည့်ကြည့်လိုက်သည်။

“ဟာ ကျော်စွာ.. မင်း.. ကျော်စွာမဟုတ်လား။ တွေ့ရတာ ဝမ်းသာလိုက်တာကွာ.. ရန်ကုန်လာသာလာပေမဲ့ မင်းနဲ့ တွေ့မယ်တောင် မထင်ဘူး။   မင်းကို စင်္ကာပူမှာဘဲလို့ ထင်နေတာ။ ပြန်ရောက်နေတာကိုး။ မင်း ဝလာလိုက်တာကွာ… မှတ်တောင် မမှတ်မိတော့ဘူး”
“အောင်မာ ဟေ့ကောင် မင်းကရော ဘယ်လောက်များ ပိန်နေလို့တုန်း။ မတွေ့တဲ့ နှစ်၂၀အတွင်းမှာ မင်းလဲ ပြောင်းလဲတာပါဘဲ။ ”

သူ့ဗိုက်ကို လက်သီးဖွဖွထိုးပြီး ကျော်စွာက ပြောလိုက်တော့ နှစ်ယောက်သား ရယ်မောကြရင်း တစ်ယောက်ပုခုံး တစ်ယောက် ဖက်လိုက်ကြသည်။ “အောင်မော် မင်းအခု ဖားကန့်မှာဘဲလား ၊ ဒါမှမဟုတ် ရန်ကုန်ပြောင်းလာတာလား”

“ငါလား ဖားကန့်မှာဘဲပေါ့။ ခုချိန်ထိ ကျောင်းဆရာဘဲ လုပ်နေတယ်လေ။ ရန်ကုန်ကို ကိစ္စနဲ့ ခဏလာတာပါကွာ။ အမြဲတမ်း နေပါဆိုရင်တောင် မင်းတို့ရန်ကုန်မှာ မနေနိုင်ပါဘူး။ ပြီးတော့ ငါ့အဖေနဲ့ အမေအကြောင်းလဲ မင်းအသိဘဲ သူတို့က ကိုယ့်ဇာတိက လွဲလို့ တစ်ခြားမှာ နေဖို့ဆိုတာ ဘယ်လိုမှ လက်မခံတဲ့သူတွေလေ၊ ငါလည်း အဖေနဲ့အမေတို့နဲ့အတူတူ ဟိုမှာပဲ ကလေးတွေကို စာသင်ရင်း နေနေတာပါဘဲ။ မင်းကရော စင်္ကာပူမှာ အလုပ်လုပ်နေတယ်ဆို။ အခု ရန်ကုန်ပြန်ရောက်နေတာလား ။ အိမ်ထောင်ရော ကျပြီးပြီ လား၊ ”

“ငါစင်္ကာပူက ပြန်ရောက်တာ သိပ်တော့မကြာသေးဘူးကွ။ မိတ်ဆွေတွေနဲ့ စီးပွားရေးစပ်တူလုပ်ဖို့ဆိုပြီး ပြန်လာတာ။ ဟိုမှာနေတုန်းက အလုပ်ကိုဘဲ ဦးစားပေးပြီးလုပ်နေတာနဲ့ အိမ်ထောင်ပြုဖို့ကို မစဉ်းစားဖြစ်ဘူးကွာ။ ခုတော့လည်း   လွတ်လွတ်လပ်လပ်ဘဲ နေလာတာကြာတော့ ဒီလိုဘဲ နေချင်တော့တယ် ။ ငါအခု နိုင်ငံခြားကို ပဲတွေပို့နေတယ်လေ။ အလုပ်က စတာတော့ သိပ်မကြာသေးပါဘူး။ အခုကတော့ ပဲပေါ်ချိန်မဟုတ်တော့ နည်းနည်းတော့ အလုပ်ပါးတယ်ကွ။ ဒါပေမဲ့ ရာသီချိန်ဆိုရင်တော့ အတော်အလုပ်ဖြစ်သားကွ။  ”


“မင်းကလည်းကွာ ရွာကထွက်သွားကတည်းက တစ်ခါမှကို ပြန်မလာတော့ဘူးနော်။ ဒီလောက်တောင် စီးပွားရေးနောက်ပဲ လိုက်နေသလားကွာ။ ပြောင်းလဲနေတဲ့ ငါတို့ ဖားကန့်ရဲ့ အခြေအနေတွေ လာကြည့်ပါဦးလားကွ”

“အင်း အနှစ်၂၀တောင်ကြာပြီဆိုတော့ အစစအရာရာ ပြောင်းလဲကုန်ပြီထင်တယ်။ ဘယ်လိုတုန်းကွ ငါတို့ဖားကန့်က အရင် အနှစ်၂၀ထက် အများကြီး တိုးတက်ကုန်ပြီလား”

ကိုကျော်စွာအမေးကို ကိုအောင်မော် ပြန်မဖြေဘဲ ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်ကာ “မင်းသိချင်တာတွေ ငါပြောပြမယ်လေ.. အေးဆေး စကားပြောရအောင်” ဟူ၍သာ ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက စာအုပ်ဆိုင်မှ ထွက်လာကြပြီး  ပန်းဆိုးတန်းလမ်းပေါ်ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင် ဝင်ကာ လ္ဘက်ရည်သောက်ရင်း စကားပြောကြတော့သည်။


သူတို့နှစ်ဦးသည် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက်ရာ ဖားကန့်မြို့နယ်က ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့ကြကာ တက္ကသိုလ်အတူတူ တက်ခဲ့ကြသူသော တစ်ရွာတည်းသားများ ဖြစ်သည်။ ငယ်စဉ်ကတည်းက ကျောင်းအတူတက်ခဲ့ကြပြီး ထိုစဉ်တုန်းကတော့ စိတ်တူသဘောတူ ချစ်ခင်ရင်းနှီးခဲ့ကြသည်။ ကျောင်းပြီးသွားချိန်တွင် ကိုအောင်မော်က သူ၏ဇာတိ ဖားကန့်တွင် ကျောင်းဆရာ ပြန်လုပ်နေခဲ့သော်လည်း  ကျော်စွာတို့တစ်မိသားစုလုံးကတော့ ရန်ကုန်သို့ ပြောင်းရွေ့သွားခဲ့ပြီး ကိုကျော်စွာမှာ စင်္ကာပူတွင် အလုပ်လုပ်ဖို့ ထွက်သွားသည်ဟု ကြားလိုက်ရသည်က နောက်ဆုံးဖြစ်သည်။ ထိုစဉ်ကတည်းက ပြန်လည် မဆုံဖြစ်ကြတော့သည်မှာ အနှစ်၂၀မျှ ရှိခဲ့လေပြီ။ အခုတော့ ကိစ္စတစ်ခုနှင့် ကိုအောင်မော် ရန်ကုန်အလာ မမျှော်လင့်ဘဲ ပန်းဆိုးတန်းလမ်းပေါ်တွင် ဆုံမိကြလေသည်။ အနှစ် ၂၀အတွင်း အနည်းငယ် ဝဖြိုးလာသည်မှ အပ သူတို့ရုပ်များမှာ သိပ်ပြောင်းလဲခြင်း မရှိပေ။ ပြီးတော့လည်း ငယ်စဉ် တောက်လျှောက် အတူတူ နေခဲ့၍လည်း မတွေ့သည့်အနှစ် ၂၀ကျော်ကြာသည့်တိုင် မှတ်မိနေကြခြင်း ဖြစ်လေသည်။
နှစ်ယောက်သား လက်ရှိအခြေအနေအကြောင်း၊ ရှေးဟောင်းနှောင်းဖြစ် အကြောင်းများပြောရင်း စကားကောင်းနေကြသည်။ ထိုစဉ် လ္ဘက်ရည်ဆိုင်ထဲသို့ ဂျာနယ်ရောင်းသော ကောင်ကလေးတစ်ယောက် ဝင်လာရာ  ဂျာနယ်ဖတ်ချင်သဖြင့် သူက လှမ်းခေါ်လိုက်သည်။ ကောင်လေးလက်တွင် ပွေ့လာသော ဂျာနယ်များမှ သူစိတ်ဝင်စားမည့် သတင်းများ အကြောင်းအရာများ ပါသည့် စာစောင်ကို ရွေးချယ်နေရာ Eleven ဂျာနယ်တွင်ပါသည့် သတင်းတစ်ပုဒ်ကို တွေ့လိုက်ပြီး ထိုစာစောင်ကို ဝယ်ယူလိုက်လေသည်။

“အင်း ငါတို့ဖားကန့်မှာ လက်ရှိလုပ်နေတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ လျှော့တော့မယ်ဆိုပါလား ဒီသတင်းမှန်လို့ကတော့ ဝမ်းသာစရာသတင်းဘဲ” ဟု ပြောလိုက်လေသည်။

“ဘယ်လို… လုပ်ကွက်တွေ လျှော့တာဝမ်းသာတယ် ဟုတ်လား… မင်း ရူးများနေလားကွာ၊ လုပ်ကွက်တွေ များရင် ကျောက်စိမ်းများများ ထုတ်နိုင်မယ်။  တိုင်းပြည်ရဲ့ နိုင်ငံခြားငွေလည်း အများကြီးရမယ်. ပြီးတော့ အဲဒီ ကျောက်စိမ်းတွင်းတွေမှာ မှီပြီး အလုပ်လုပ်တဲ့သူတွေလည်း ဝင်ငွေကောင်းမယ်၊ ပြီးတော့ ဒေသခံတွေလည်း စီးပွားရှာလို့ ပိုကောင်းတယ် ၊ မြို့ရွာလည်း ပိုပြီး တိုးတက်လာမယ် မဟုတ်လား၊ ဟိုတလောက ငါဖတ်လိုက်ရတဲ့ သတင်းတစ်ခုမှာ ကျောက်စိမ်းရောင်းချရငွေဟာ သဘာဝဓာတ်ငွေ့ကို ရောင်းချရငွေနဲ့ တန်းတူလောက်ကို ရှိလာပြီလို့ ဖတ်လိုက်ရတယ်။ ကျေက်စိမ်းထုတ်လုပ်မှုတွေ အဆမတန် တိုးတက်လာတယ်တဲ့။ ကျောက်စိမ်းရောင်းချရငွေကလည်း လွန်ခဲ့တဲ့ ၅နှစ်ကထက် ၆ဆလောက် ခုန်တက်သွားတယ် ဆိုတာလည်းပါတယ်။  ဒီလောက် ဝင်ငွေကောင်းတဲ့လုပ်ငန်းကို အခုလို လုပ်ကွက်တွေ လျှော့တယ်ဆိုတာ  မင်းက စိတ်မကောင်း ဖြစ်ရမဲ့အစား ဝမ်းသာတယ် ဆိုတော့ ငါတောင် နားမလည်နိုင်တော့ဘူးကွာ။ ” ဟု ကိုကျော်စွာ က အံ့သြစွာဖြင့် သူ့ကို ပြန်ပြောတော့သည်။

ကိုအောင်မော်က ကျော်စွာစကားကို ဆုံးအောင်နားထောင်ရင်း လ္ဘက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး “ အင်း...  မင်းကလည်း စီးပွားရေးသမားပီပီ ငွေရတာကိုဘဲ မြင်တာကိုးကွ။ ငွေရတာတစ်ခုတည်းကြည့်ပြီး ပြောမယ်ဆိုရင်တော့ ဟုတ်တာပေါ့ကွာ။ မင်းကို ငါ ဥပမာတစ်ခုပြောပြမယ်.. မင်းမိဘတွေဆီက ရွှေပိဿာချိန် ၁၀၀ အမွေရတယ် ဆိုပါတော့.”

သူစကား မဆုံးသေးခင်ပင် ကိုကျော်စွာက ဖြတ်ပြီးပြောလိုက်သည်။

“အလဲ့ တယ်မိုက်တဲ့ ဥပမာပါလား။ မင်းပြောတဲ့အတိုင်း ရွှေပိဿာချိန် ၁၀၀ အမွေရရင် ဘယ်လောက်ကောင်းမလဲ ဟဲဟဲဟဲ”
“စကားဖြတ်မပြောနဲ့ကွာ. ငါပြောတာ အရင်နားထောင်ဦး” ကိုအောင်မော် ပြောလိုက်သဖြင့် ကိုကျော်စွာက မျက်နှာပိုးသတ်လိုက်ပြီး သူပြောတာကို ဆက်နားထောင်သည်။

“အဲဒီလို ရွှေပိဿာ ၁၀၀ အမွေရတဲ့အခါမှာ အိုးတစ်လုံးထဲထည့်ထားပြီး မင်း ဘာအလုပ်မှမလုပ်ဘဲ ဒီရွှေတွေကိုဘဲ အိုးထဲကနေ နှိုက်သုံးနေမယ်ဆိုရင်  မင်းရဲ့ ရွှေပိဿာ၁၀၀ဟာ တစ်ချိန်ချိန်မှာ ကုန်မသွားနိုင်ဘူးလား၊ ဒီရွှေပိဿာ၁၀၀ ဆိုတာ သုံးမကုန်နိုင်တဲ့ ပမာဏမဟုတ်ဘူးလေကွာ အကန့်အသတ်ရှိတဲ့ ပမာဏတွေဘဲ၊ အိုးထဲမှာရှိနေပေမဲ့ တိုးပွားလာတဲ့ အမျိုးလည်း မဟုတ်ဘူးလေကွာ၊ မင်းများများ သုံးပစ်ရင် မြန်မြန်ကုန်မယ်။ နည်းနည်းချင်းသုံးရင် နည်းနည်းစီ ဖြေးဖြေးချင်းကုန်မယ်။ သေချာတာ တစ်ခုခုကတော့ ဒီအတိုင်းသာဆို တစ်နေ့နေ့မှာ သေချာပေါက် ဒီရွှေတွေ ကုန်သွားမယ် ငါပြောတာ ဟုတ်တယ် မဟုတ်လား၊ မင်း ဒါကို လက်ခံရဲ့လား ”

သူပြောတာကို ကိုကျော်စွာက တစ်ချက် စဉ်းစားဟန်နှင့် တိတ်ဆိတ်သွားပြီးနောက် “အင်း.. ဟုတ်ပြီ မင်းပြောတာ ငါလက်ခံတယ်။ ဒီတိုင်းသာဆက်သုံးနေရင် ကုန်သွားမှာ သေချာတယ် မင်းက ကျောင်းဆရာလို့ မပြောရဘူး စကားပြောတာ ဥပမာတွေ ဘာတွေနဲ့ အတော်ကွန့်တဲ့ကောင်၊ ကဲ ဒီဥပမာက မင်း ဘာကိုဆိုလိုချင်တာလဲ ဆက်ပြော”

“ဟကောင်ရ.. အဲဒီဥပမာက ငါတို့တိုင်းပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေတွေ၊ ငါတို့ဖားကန့်ဒေသက ကျောက်စိမ်းတွေနဲ့ အတူတူဘဲလေ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာကတည်းက ကမ္ဘာမြေကြီးရဲ့အောက်မှာ မြေကြီးရဲ့ အပူချိန်တွေ၊ ဖိနှိပ်အားတွေ၊ သဘာဝတရားရဲ့ ဆန်းကျယ်မှုနဲ့ ဖြစ်တည်လာတဲ့ ရတနာတွေ လေကွာ၊ အခုချက်ခြင်း ဖြစ်လာတဲ့ အရာတွေ မဟုတ်ဘူး။ တစ်နှစ် နှစ်နှစ်နဲ့လည်း မဖြစ်ဘူး၊ နှစ်ပေါင်း ရာနဲ့ချီပြီးကြာရင်လည်း ဖြစ်လာနိုင်တာမျိုးမဟုတ်ဘူး ။ အဲဒီ ရတနာတွေကို အတားအဆီးမရှိ ထုတ်လုပ်နေရင် အချိန်ခဏတာအတွင်းမှာ ကုန်သွားမယ်။ အဲဒီရတနာတွေက မင်းရွှေအိုးထဲက ရွှေတွေ ကုန်သလိုဘဲ ကုန်သွားမယ်။ အဲလို ကုန်သွားရင် မင်းဘာဆက်လုပ်မလဲ ပြော”


ကိုအောင်မော်က စကာကို ခဏရပ်လိုက်ကာ ရေနွေးတစ်ငုံကို သောက်လိုက်ပြီးမှ ဆက်ပြောသည်။ “ ပြီးတော့ မင်းဖားကန့်ကနေ ထွက်သွားပြီး အနှစ် ၂၀အတွင်းမှာ ဟိုမှာ ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ မင်းမသိသေးဘူး၊ ကျောက်စိမ်းလုပ်ကွက်တွေ များလွန်းလို့ ဖားကန့်က တောင်တွေ၊ တောတွေ ကုန်သလောက် ရှိနေပြီ။ ငွေတစ်ခုတည်းကြည့်ပြီး တောတောင်အနှံ့တူးပစ်လိုက်ကြတာ ဖားကန့်နယ်မြေကြီး ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ မင်းမသိသေးဘူးနဲ့တူတယ်။ မင်းနဲ့ငါ ငယ်ငယ်က အမြဲတမ်းရေချိုးနေတဲ့ ဥရုချောင်းလဲ ဒူးခေါင်းလောက်သာ ရှိတော့တယ် ပြီးတော့ အရင်ကလို ကြည်လင်နေတယ်များ မထင်နဲ့။ ရွံ့နှစ်ရေတွေနဲ့ နောက်ကျိနေတာ။ ချောင်းထဲမှာ ကျောက်စိမ်းတွေ၊ ရွှေတွေရှာကြပြီး ချောင်းကို မြေလှန်ပစ်ကြတယ်ကွာ၊ ချောင်းထဲမှာ မြေစာတွေ ပုံနေတာ မင်းမှမမြင်ဘဲ။ ပြီးတာ့ ငါ့တစ်သက် မိုးဘယ်လောက်ရွာရွာ ရေနှစ်တယ်ဆိုတာ မရှိခဲ့တဲ့ ငါတို့ တစ်မြို့လုံးလည်း မိုးတွင်းရောက်တိုင်း ရေနစ်နေတာတွေ မင်းမကြားမိဘူးလား”

“အဲဗျ.. မင်းပြောတာလည်း ဟုတ်တာဘဲ၊ ငါက ကျောက်စိမ်းတွေ များများရှာဖွေနိုင်လို့ နိုင်ငံခြားဝင်ငွေ များများ ရတယ်ဆိုတာတွေ ကြားလို့ဝမ်းသာနေတာ။ ငါ ဖားကန့်ကို မရောက်ဖြစ်ပေမဲ့ ဟိုကနေ ပြန်လာပြီးကတည်းက ဖားကန့်သတင်းတွေကိုတော့ အမြဲတမ်း နားစွင့်နေပါတယ်ကွာ၊ ရေကြီးပြီး ရွာတွေရေနစ်တယ်ဆိုတာ သတင်းမှာ ဖတ်လိုက်ရပါတယ်။ ဒါပေမဲ့ ရိုးရိုး ချောင်းရေကြီးလို့ နစ်တယ်ဘဲ ထင်တာလေ။ ဒီလိုကြောင့်ဆိုတာ ငါဘယ်သိပါ့မလဲ။ အေး ဟုတ်တယ် မင်းပြောတာ ဒီကျောက်စိမ်းတွေ ကုန်သွားရင် ဘယ်လိုများ လုပ်ကြမှာပါလိမ့်၊ ပြီးတော့ မြစ်ချောင်း ရှင်းလင်းရေးတွေ ဘာတွေရော မလုပ်ကြဘူးလားကွာ”

“အင်း မလုပ်ဘူးတော့ မဟုတ်ပါဘူး လုပ်ပါတယ်။ ဒါပေမဲ့ မထိရောက်ဘူးကွ. ဒီလောက်များတဲ့ ကုမ္ပဏီတွေ၊ လုပ်ကွက်တွေက ပစ်တဲ့ မြေစာတွေကြောင့် ချောင်းတွေကို တိမ်ကောပြီး ချောင်းရဲ့ အကျယ်ကလည်း ဘယ်လောက်မှ မရှိတော့ဘူး။ ဒီမိုးဦးတုန်းက  ငါတို့ဖားကန့်မှာ စံချိန်တင် ရေကြီးသွားတာ မင်းကြားလိုက်တယ် မဟုတ်လား၊ မင်းဖားကန့်မှာ နေခဲ့တဲ့ သက်တမ်းတစ်လျှောက် ဘယ်တုန်းက မြို့ထဲရေလျှံတာ ကြားဖူးလို့လဲ။ အေး အခုတော့  ငါတို့ ဖားကန့်ဒေသက မြို့တွေ ရွာတွေ အားလုံးကို ရေနှစ်တာ ခုနောက်ပိုင်း နှစ်တိုင်းလို ဖြစ်နေပြီကွ။ တကယ်လို့ မြစ်ချောင်းကို စံနစ်တကျ ရှင်းလင်းရင် ဘယ်ဒီလိုဖြစ်စရာ မရှိဘူးလေကွာ.. ကျောက်စိမ်းရတော့ ကုမ္မဏီတွေက ရကြတယ်၊ ဒုက္ခရောက်ကြတော့ ငါတို့ဒေသခံတွေလေ။”

“အေးကွာ အောင်မော်ရာ၊ ငါလဲ ဖားကန့်ကနေ ထွက်လာကတည်းက ပြန်မရောက်ဖြစ်တော့ဘူးဆိုတော့ ငါနေခဲ့တဲ့ ငါ့မွေးရပ်မြေဖားကန့်က ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ ငါလဲ သေချာ မသိဘူးပေါ့ကွာ။ အရင်လို တောတွေ တောင်တွေ စိမ်းစိမ်းစိုစို သာသာယာယာဘဲ မှတ်တာပေါ့ကွာ”

“မင်း ဒီသတင်းကို သေချာဖတ်ကြည့်”  သူက အစောတုန်းက သူဖတ်နေသော Eleven စာစောင်ထဲမှ ဖားကန့်အကြောင်းပါသည့် သတင်းကို လက်ညိုးထိုးပြကာ ကိုကျော်စွာကို ပြောလိုက်သည်။

“ဒီသတင်းမှာပါတဲ့ အတိုင်းဘဲလေ ငါတို့ဖားကန့်မှာ ကျောက်စိမ်းနဲ့ ရွှေ လာရှာတဲ့ ကုမ္ပဏီပေါင်း  ၄၁၅ ခုရှိတယ်လို့ ဖော်ပြထားတယ်။  လုပ်ကွက်ပေါင်းက ၇၅၃၅ ခုရှိတယ်တဲ့။ ပြီးတော့ မြေတူးစက်က ၂၄၇၄ စီး၊ မြေထိုးစက် ၃၇ စီး၊ မြေသယ်တဲ့ကား ၅၃၄၇ စီးတွေနဲ့ ငါတို့ဖားကန့်ကို မြေလှန်ရှာနေကြတယ်လေ။ ဒီလောက်များတဲ့ မြေထိုးစက်တွေ မြေသယ်စက်တွေနဲ့ တူးနေကြရင် ဘယ်လောက်ကြီးတဲ့ တောင်တွေဖြစ်ဖြစ် တောတွေဖြစ်ဖြစ် ဘယ်လိုလုပ် ကြာကြာခံနိုင်မလဲ၊ ပြောင်တော့တာပေါ့။ ဥရုချောင်းဆိုတာများ ဒီမြေတူးစက်တွေနဲ့ ဟိုဘက်ရွှေ့လိုက်၊ ဒီဘက်ရွှေ့လိုက် လုပ်နေတာ သိပ်ကြီးကျယ်တဲ့ ချောင်းလို့တောင် မထင်ရတော့ဘဲ ခပ်သေးသေး မြောင်းကလေးလား မှတ်ရတယ်။”

ကိုကျော်စွာက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ရင်း ပြောလိုက်သည်။ “အင်း ဥရုချောင်းရေတွေ နောက်ကျိနေပြီ ဆိုတာတော့ ငါလဲ သိပါတယ်ကွာ၊ ဒါပေမဲ့ ဒီလောက်ဆိုးဆိုးဝါးဝါး ဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူးလေ”

“ကျောက်စိမ်းများများတူးတော့ ပိုက်ဆံတွေများများ ရတယ်ဆိုတာတော့ ဟုတ်ပါရဲ့ ဒါပေမဲ့ မင်းတစ်ခု စဉ်းစားကြည့်၊ ဈေးကွက်မှာ ပစ္စည်းတွေ သိပ်ပေါပြီး ဝယ်နိုင်အားနဲ့ ရောင်းလိုအား မမျှတော့တဲ့အခါ ဘာတွေဖြစ်လာမလဲ။ မင်းရောင်းချင်တဲ့ ပစ္စည်းက ဈေးကောင်းရနိုင်ပါဦးမလား၊ ပစ္စည်းတွေ ပေါနေတော့ ဝယ်တဲ့သူကလည်း ဈေးကိုင်တယ်၊ ဝယ်ပြန်တော့လဲ ဈေးနှိမ်ပြီးမှ ဝယ်တယ်။ အဲ ပစ္စည်းရှားနေပြီဆိုရင်တော့ မင်းကြိုက်ဈေးနဲ့ စိတ်ကြိုက်သာ ရောင်းပေတော့ ၊ ဝယ်သူတွေ အလုအယက် ဝယ်ကြလိမ့်မယ် ။ ဟုတ်တယ် မဟုတ်လား ငါပြောတာ။ ငါတို့ကျောက်စိမ်းလဲ ဒီလိုပါဘဲကွာ၊ အခုအချိန်မှာ ဖားကန့်မှာရှိသမျှ ကျောက်စိမ်းတွေကို အလုအယက် ထုတ်နေလိုက်ကြတာ မင်းမြင်စေ့ချင်တယ်။  တကယ်လို့ ဒီကျောက်စိမ်းတွေ ကုန်သွားတဲ့အခါ နောက်လူတွေ ဘယ်လိုများ...”

ကိုအောင်မော်က ဆက်မပြောတော့ဘဲ သက်ပြင်းတစ်ချက်ချကာ စကားကို ရပ်ထားလိုက်တော့သည်။ နှစ်ယောက်သား စကားမပြောဖြစ်ဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားတော့သည်။ ခဏကြာမှ

“ဒါနဲ့ ကျော်စွာ ငါပြန်ရင် ဖားကန့်ကိုလိုက်ခဲ့ပါလား ။ မင်းကို ငါတို့ငယ်ငယ်တုန်းကနဲ့ ဘယ်လိုမှ မတူတော့တဲ့ ဖားကန့်ကို ပြချင်တယ်၊ မင်းလဲ တစ်ခေါက်မှ ပြန်မရောက်ဖြစ်တော့တာနဲ့ အတော်ဘဲလေ၊ ငါ သန်ဘက်ခါ ပြန်မယ်။ ဘယ်လိုလဲ လိုက်ခဲ့မလား?”

ကိုအောင်မော်စကားက ကိုကျော်စွာကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ မရောက်တာကြသည့် သူ့မွေးရပ်မြေကို တစ်ခေါက်လောက်တော့ ပြန်ကြည့်ချင်စိတ်တွေ ဖြစ်လာမိသည်။

“ဟေ့ကောင်.. မင်းတကယ်ပြောတာလား၊ ငါလဲ မရောက်တာကြာပြီဆိုတော့ လိုက်ကြည့်ချင်တယ်ကွာ၊ အင်း ရက်သိပ်မကြာရင်တော့ ငါ့အလုပ်တွေက သူငယ်ချင်းတွေနဲ့ လွဲထားခဲ့လို့ရပါတယ်။ မရောက်တာကြာတဲ့ ကိုယ့်မွေးရပ်မြေကို သွားဖို့ဆိုတာ တကယ်တော့ ရင်ခုန်စရာဘဲကွနော်။ အိုကေ ငါလိုက်မယ်”
သူတို့နှစ်ယောက် သဘောတူညီမှု ရကြပြီး ကိုအောင်မော်ပြန်မည့်နေ့တွင် သူပါ လိုက်ပါဖို့ Air Bagan တွင် ရန်ကုန် မြစ်ကြီးနား လေယာဉ်လက်မှတ် ၂စောင် ဝယ်ယူထားလိုက်တော့သည်။


**********@@@***********

ရန်ကုန်မှ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် ထွက်လာကြရာ လေယာဉ်ပေါ်မှ မြေပြင်သို့ မြင်ရသည့် ရှုခင်းများကို  ငုံ့ကြည့်နေမိကြသည်။  ကောင်းကင်ပေါ်မှ မြင်ရသည့်ရှုခင်းများသည် မြေပြင်တွင် မြင်ရသည့် အနေအထားနှင့် လုံးလုံးမှ မတူညီပါ။ လေယာဉ်က တိမ်တွေ၏ အထက်တွင် ရောက်နေသဖြင့် ဟိုတစ်ကွက် ဒီတစ်ကွက် တိမ်မျှင်ဖြူများကြားမှ မြေပြင်ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားဖို့ ကောင်းနေသည်။


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြေပြင်ပေါ်မှ စိုက်ပျိုးမြေများ၊ လယ်ကွက်များသည် သင်ဖြူးဖျာချပ်ကလေးများ ခင်းထားသည့်နှယ် အကွက်လိုက် အချပ်လိုက် လှပနေကြသည်။
Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မြောက်မှ တောင်သို့ မြန်မာပြည်တစ်နံတလျား  စီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးကတော့ မြေပြင်ပေါ်တွင် မြွှေကြီးတစ်ကောင်နှယ်   ကွေ့ကွေ့ကောက်ကောက် တွန့်လိမ်ရစ်ခွေ စီးဆင်းနေသည်မှာ ကြည့်၍ မဝနိုင်အောင် လှပလွန်းနေသည်။ မြစ်ကြီးဧရာဝတီကို အပေါ်စီးမှ မြင်ရသည့်မြင်ကွင်းက သူတို့နှစ်ယောက်အတွက် တသိမ့်သိမ့်ဖြင့် ငြိမ့်ငြိမ့်လေး ခံစားမှုမျိုးကို ပေးနိုင်စွမ်းလေသည်။ ကိုယ့်တိုင်းပြည်ရေမြေကို အပေါ်စီးက မြင်တွေ့ရခြင်းသည် ကြည်နူးမှုလား၊ အံ့သြမှုလား ဘယ်လိုခံစားချက်မှန်း မသိနိုင်သည့် ထူးဆန်းသော ခံစားချက် ဖြစ်လေသည်။ ဧရာဝတီမြစ်ကြီးထဲတွင် သွားလာနေသော သင်္ဘောလေးများကို ပုရွက်ဆိတ် ကလေးများ သွားလာနေသည့်သဖွယ် မြင်တွေ့ရပြီး မြစ်ကမ်းဘေးရှိ မြို့ပြအိမ်ယာများကိုလည်း သာယာလှပစွာ တွေ့မြင်ရလေသည်။ ထိုမြစ်ကြီးကို အမှီပြုပြီး မြို့ပြနိုင်ငံထူထောင်ခဲ့သော သူတို့၏ မြန်မာပြည်ကြီးသည် နှစ်ပေါင်းများစွာ ရှည်ကြာခဲ့လေပြီ။ 
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing



လေယာဉ်ပေါ်မှ ကြည့်မှပင် မြစ်ကမ်းဘေးမှာတစ်လျှောက် မြို့ရွာများစွာ၊ စိုက်ပျိုးမြေယာ များစွာ ရှိနေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့သည်။ ထိုမြင်ကွင်းများကို ကိုအောင်မော်ရော၊ ကိုကျော်စွာပါ စကားပင် မပြောမိဘဲ ကြည့်နေမိကြသည်။ အကယ်၍များ ဧရာဝတီမြစ်ကြီး ခမ်းခြောက်သွားခဲ့လျှင်၊ တိမ်ကောသွားခဲ့လျှင် မြစ်ကြီးကို အမှီပြုကာ နေထိုင်ရသော လူသားများ၊ ဝမ်းစာ ရှာဖွေရသော သူများ၊ ကူးသန်း သွားလာရေးအတွက် မြစ်ကြောင်းကိုသာ အားကိုးရသူများမှာ ဘယ်ကဲ့သို့ ရှေ့ဆက်သွားမည်ကို တွေးမိတော့ ရင်ထဲ မွန်းကြပ်လာသလို ခံစားမိတော့သည်။ သူနှင့်ကိုကျော်စွာတို့ အတွေးတူညီသည့်အလား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကာ သက်ပြင်းကို ပြိုင်တူ ချမိကြလေသည်။


ဖားကန့်ဒေသမှထွက်သော ကျောက်စိမ်းများသည် မြေအောက် ရတနာများဆိုလျှင်တော့ ညင်သာငြိမ့်ညောင်းစွာ စီးဆင်းနေသော ဧရာဝတီမြစ်ကြီးကတော့ မြေပေါ်မှ ရတနာတစ်ခုသာ ဖြစ်တော့သည်။ ထိုဧရာဝတီမြစ်ကြီးသည် သူတို့အတွက်တော့ သဘာဝတရားက ပေးသည့် တန်ဖိုးဖြတ်မရနိုင်သော လက်ဆောင်ရတနာ တစ်ခုသာ ဖြစ်လေသည်။ ရတနာဟူသည် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရမည့်အရာ ဖြစ်သည်။ မည်မျှပင်အဖိုးတန်သော ရတနာပင်ဖြစ်စေ တန်ဖိုးမထား မထိန်းသိမ်းတတ်သူများ လက်ထဲတွင်တော့ တန်ဖိုးမဲ့ဖြစ်ရတတ်လေသည်။


ကိုကျော်စွာ စိတ်ထဲတွင်လည်း  မရောက်တာကြာသည့် ဖားကန့်ကိုရောက်လျှင် မည်ကဲ့သို့သော မြင်ကွင်းမျိုးတွေက ဆီးကြိုလေမည်လဲဟု တွေးကာ ရောက်ချင်စိတ်က စောနေလေတော့သည်။



**********@@@***********


ကိုကျော်စွာတစ်ယောက် ဖားကန့်ရောက်သွားတဲ့အခါ သူနေခဲ့တဲ့ လွန်ခဲ့သော နှစ်များနဲ့မတူ ပြောင်းလဲနေတဲ့ ဖားကန့်မြင်ကွင်းက ဘယ်လိုများ ဆီးကြိုမလဲဆိုတာ စောင့်မျှော်ကြည့်ကြပါစို့လားရှင်။


Image Hosted by PicturePush - Photo Sharing




ပိုစ့်အတွင်းပါသတင်းများကို အနီရောင်စာသားများပေါ် ကလစ်နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းများအတွက် Eleven Media အား အထူးကျေးဇူးတင်ရှိပါသည်။

ဘလော်ဂါဆိုတာ..

စာရေးချင်စိတ်ကြောင့် ဘလောဂ့်တစ်ခုကိုတည်ဆောက်ထားပြီး  အွန်လိုင်းပေါ်မှာ စာတွေရေးနေခဲ့ပါတယ်။ အဲဒီလို စာတွေ ရေးနေခဲ့တာကြောင့် အွန်လိုင်းပေါ်က စာရေးသူတွေကို ဘလော်ဂါလို့ ခေါ်ကြတဲ့အတွက် ကျွန်မသည်လည်း ဘလော်ဂါတစ်ယောက် ဖြစ်လာရပါတယ်။  ဘယ်သို့ပင်ဖြစ်စေ ဘလော့တစ်ခု ပိုင်ဆိုင်ပြီး စာရေးနေပြီဆိုမှတော့ အများသုံးနှုန်းတဲ့အတိုင်း ဘလော်ဂါဘဲ ဆိုရမှာပေါ့နော်။ ဘလော်ဂါ တစ်ယောက် အဖြစ် စာရေးနေတဲ့အတွက် ဘလော့်အသိုင်းအဝိုင်းနဲ့လည်း ဆက်စပ် ပတ်သက်လာရပါပြီ။ ခုတစ်လော ဘလောဂ့်ရပ်ဝန်းမှာ တဂ်ပိုစ့်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးစွာ တဂ်လာကြတာရှိကြပါတယ်။ အဲဒီထဲက ကျွန်မရေးဖို့ တာဝန်ရှိနေသေးတဲ့တဂ်ပိုစ့်က “ဘလော်ဂါဆိုတာ ဘာလဲ” လို့ နတ်ဆိုးလေးနဲ့ ညီမငယ် အိန်ဂျယ်လှိုင်တို့က တဂ်ထားတဲ့ ပိုစ့်ဖြစ်ပါတယ်။

ဘလော်ဂါဆိုတာဘာလဲတဲ့ .. ကျွန်မသိထားတဲ့ ဘလော်ဂါဆိုတာကတော့ ရှင်းပါတယ် အင်တာနက် စာမျက်နှာတွေထက်မှာ စာရေးနေကြသူတွေဘဲပေါ့။ ဘလော်ဂါဆိုတဲ့ သတ်မှတ်ချက်က အွန်လိုင်းပေးမှာ စာရေးနေသူတွေဖြစ်ကြောင်းတော့ တူညီနိုင်ပါတယ်။ အဲဒီလို ရေးနေကြသူတွေတိုင်းက ဝေမျှနေကြသူတွေ ဖြစ်ပါတယ်။ တစ်ချို့က စာလာဖတ်သူတွေကို ဗဟုသုတတွေ ဝေမျှတယ်၊ နည်းပညာ၊ အသိပညာတွေ ဖြန့်ဝေတယ်။ ခံစားချက်တွေ ရသတွေ မျှဝေခံစားစေတယ်။ ဟင်းချက်နည်း၊ ခရီးသွားအတွေ့အကြုံ၊ ကိုယ်ပိုင်ခံစားချက် စတာတွေကို မိမိတစ်ယောက်တည်း မခံစားဘဲ ဝေမျှကြတယ်။ ဒါကြောင့် ဘလော်ဂါတွေဟာ ဝေမျှခံစားနေကြသူတွေပါ။ ဘလော်ဂါအများစုဟာ မိမိရေးတဲ့စာ၊ မိမိဝေမျှတဲ့ အကြောင်းအရာရဲ့ အမှားအမှန်ကို တာဝန်ယူကြသူတွေများပါတယ်။  သို့သော် ဘယ်လိုတာဝန်ယူတာလဲ ဆိုတာကိုတော့ ကျွန်မကိုယ်ကိုယ် ဥပမာပေးပြီး ပြောပြချင်ပါတယ်။

ကျွန်မ ဘလော့်ပေါ်မှာ စာရေးတဲ့အခါ ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုကို အင်တာနက်ကနေ ဖတ်မိပြီး စိတ်ဝင်စားလို့ ဘာသာပြန်တော့မယ်ဆိုရင် အဲဒီအကြောင်းအရာဟာ တကယ်ရှိတာဟုတ်မဟုတ်၊ ဓာတ်ပုံတွေဟာလည်း ဖန်တီးထားတဲ့ ပုံတွေ မဖြစ်ရလေအောင် ဝက်ဆိုဒ်ပေါင်းများစွာကို ဖွင့်ပြီး ရှာဖွေ မွှေနှောက်ပါတယ်။ အဲဒီအကြောင်းအရာကို စစ်စစ်ပေါက်ပေါက် ရှာဖွေလို့ သေချာပြီဆိုတော့မှ ဘာသာပြန်ပါတယ်။ တခါတလေမှာတော့ လွှဲချော်သွားခဲ့တာမျိုးလည်း ရှိကောင်းရှိခဲ့မှာပါ။ သို့သော် ကျွန်မပြောချင်တာက မရေးခင်မှာတော့ အချက်အလက်တွေကို တစ်နေရာတည်းက မဟုတ်ဘဲ နေရာအနှံ့က ရှာဖွေပြီးမှ ရေးတယ်ဆိုတာကို ပြောချင်တာပါ။

ကျွန်မရေးမဲ့ အကြောင်းအရာထဲမှာ ဆေးပညာနဲ့ပတ်သက်တဲ့ အချက်အလက် ပါခဲ့ရင်လည်း ကျွန်မနဲ့ ခင်မင်ရင်းနှီးတဲ့ ဆရာဝန်သူငယ်ချင်းတွေကို မေးမြန်း လေ့လာပြီးမှသာ ပိုစ့်ထဲကို ထည့်သွင်း ရေးသားပါတယ်။ ဒေသန္တရ ဗဟုသုတဖြစ်စေမဲ့ ခရီးသွားမှတ်တမ်းလို အကြောင်းအရာတွေ ရေးဖို့ဆိုရင်လည်း မြို့တစ်မြို့ရောက်ရင် အဲဒီမြို့ရဲ့ ဖြစ်စဉ်၊ ထူးခြားချက်၊ မြို့သမိုင်းနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းများ စတာတွေကို အရင်ဆုံး ရှာဖွေစုဆောင်း လေ့လာပါတယ်။ ပြီးရင် မြို့အနှံ့ ဓာတ်ပုံလိုက်ရိုက်ပါတယ်။ ဒေသခံများနဲ့ပါ စကားစမြည်ပြောဆိုပြီး မြို့အကြောင်းကို ပြည့်ပြည့်စုံစုံ သိရအောင် ရှာဖွေလေ့ရှိပါတယ်။ လိုအပ်ရင် ဖုန်းဆက်ပြီး မေးမြန်းရတာမျိုးတွေ လုပ်ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်မရဲ့ အတွေ့အကြုံတစ်ခုကို ပြောရရင် မြို့တစ်မြို့ကို ရောက်တဲ့အခါတုန်းက တောင်ပေါ် ရေကန်ကြီးတစ်ခုကို သွားလည်ကြပါတယ်။ ရေကန်ကြီးက တောင်ပေါ်မှာ တည်ဆောက်ထားတာပါ။ တောင်တွေ ဝိုင်းရံနေပြီး ဘေးဝန်းကျင်မှာလည်း သစ်ပင်တောအုပ်တွေနဲ့ စိမ်းစိုနေခဲ့ပါတယ်။ သန့်ရှင်းသပ်ရပ်နေပြီးတော့ အင်မတန်မှလည်း သာသာယာယာ ရှိပါတယ်။ အဲဒီရေကန်ကြီးကနေ မြို့နေလူထုကို သောက်သုံးရေတွေ မျှဝေနေတာဖြစ်ပါတယ်။ အဲဒီရေကန်ဟာ ချောင်းတစ်ခုကို ဖြတ်ပြီး ပိတ်ထားတဲ့ ဆည်ကြီးတစ်ခုနဲ့ တူပါတယ်။ ဆည်ကြီးရဲ့ အောက်ဘက်မှာတော့ မြောင်းငယ်လေးတစ်ခု စီးဆင်းနေပါတယ်။ ဆည်ကနေ ဖွင့်ထုတ်ထားတဲ့ ရေအချို့ စီးဆင်းနေတာ ဖြစ်ပါတယ်။ မြောင်းဘေး ဝန်းကျင်တစ်လျှောက်မှာတော့ လူနေအိမ်ခြေတွေ အများကြီးရှိနေပါတယ်။


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
တောင်တွေဝိုင်းရံနေတဲ့ တောင်ပေါ်ရေကန်

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


အဲဒါကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ အဲဒီရေကန်ကြီးဟာ ယခင်က ချောင်းကြီးတစ်ခု ဖြစ်လိမ့်မယ် အဲဒီချောင်းကို ဆည်ပိတ်ပြီး ရေတွေကို သိုလှောင်လိုက်တာ ဖြစ်နိုင်တယ်။ အဲဒီလို ဆည်ပိတ်လိုက်လို့ ချောင်းရေတွေနည်းသွားပြီး မြောင်းကလေးဖြစ်သွားတဲ့အခါ ဘေးပတ်ဝန်းကျင် လူထု ဘယ်လိုများ ခံစားရလဲ၊ ဘယ်လိုဆိုးကျိုးတွေ ရှိသွားသလဲဆိုတာ သိချင်လာပါတယ်။ တကယ်လို့ အဲဒီဆိုးကျိုးတွေ သိလာတဲ့အခါ ဆည်တစ်ခုတည်ဆောက်လိုက်ရင် လူတွေအတွက် ဘယ်လိုဆိုးကျိုးရှိတယ်၊ ဘယ်လို ကောင်းကျိုးရှိတယ်ဆိုတာ စာတစ်ပုဒ်ရေးဖို့ပါ စိတ်ကူးရှိခဲ့ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဒီနေရာမှာ ဆည်ပိတ်ထားတာပါ။

Image Hosted by PicturePush - Photo Sharing 
အပေါ်က ငုံ့ကြည့်ရင်


Image Hosted by PicturePush - Photo Sharing

အောက်ကနေ မြင်ရတဲ့ အနေအထား



အဲဒီစိတ်ကူးတွေနဲ့  ကျွန်မဟာ တစ်ရက်လောက် အချိန်ယူပြီး သူတို့ဘာသာစကား တတ်ကျွမ်းတဲ့ ဒေသခံ မိန်းခလေးတစ်ယောက်ကို အဖော်ခေါ်ကာ အဲဒီဆည်ကြီးရဲ့ အောက်ဖက် မြောင်းကလေး ဘေးတစ်လျှောက်က လူနေအိမ်ခြေတွေကို သွားရောက်ပါတယ်။ ဆည်ကြီးကိုလည်း ဓာတ်ပုံတွေ အများကြီးရိုက်ပြီး၊ ဆည်အောက်က မြောင်းကိုလည်း ဓါတ်ပုံတွေ ရိုက်ပါတယ်။ ပြီးတော့ ဒေသခံ ရွာသူရွာသားတွေနဲ့ သေချာစကားပြောကြည့်တဲ့အခါမှာ သူတို့တွေက “ဒီဆည်ကြီးဟာ ချောင်းကို ပိတ်ပြီး ဆောက်ထားတာ မဟုတ်ပါဘူး၊ နဂိုက ဒီနေရာဟာ တောင်ကြားကြီးတစ်ခုပါ အဲဒီမှာ မိုးအခါ တောင်ပေါ်က စီးကျလာတဲ့ရေတွေကို ပိတ်ပြီး ဆည်ဆောက်ထားတာပါ။ ဒီမြောင်းကလည်း ဆည်ဆောက်ပြီးမှ ဖောက်ထားပေးတဲ့ မြောင်းပါ” လို့ အားလုံးက ပြောကြပါတယ်။ ကျွန်မ ဒီသတင်းကို သေချာဖို့ လူတစ်ယောက်တည်းကို မဟုတ်ဘဲ လူအတော်များများကို မေးခဲ့တာပါ။ အားလုံးကလည်း ချောင်းကို ပိတ်တဲ့ဆည် မဟုတ်ပါဘူးလို့ ပြောကြပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
ကန်ထဲက စီးလာတဲ့ ရေမြောင်း 


အဲဒီစကားတွေကြောင့် ကျွန်မက ဒီရေကန်ကြီးနဲ့ ပတ်သက်ပြီး ချောင်းကိုဖြတ်ကာ ဆည်ပိတ်လိုက်တဲ့အတွက် ဆိုးကျိုး ကောင်းကျိုးကို ဘယ်လိုရှိတယ်ဆိုတာ ရေးဖို့ အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ ကျွန်မစိတ်ထဲမှာ ချောင်းကိုပိတ်တဲ့ဆည်လို့  ခုချိန်ထိကိုထင်နေခဲ့ပေမဲ့ ခိုင်မာတဲ့အထောက်အထား မရတာကြောင့် ဒီအကြောင်းကို မရေးဖြစ်တော့ပါဘူး။ အဲဒီတော့ ကျွန်မနဲ့ ခင်မင်တဲ့ ညီမငယ် တစ်ယောက်က “အစ်မက ဆည်တစ်ခု ဆောက်လိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးဆိုးကျိုးကို ရေးမှာဘဲဟာ။ ဘာဖြစ်လဲ အခုလဲ ဒီရေကန်ကြီးဟာ ချောင်းကိုပိတ်ပြီး ဆည်ဆောက်ထားတာလို့ ပုံတွေနဲ့ ရေးလိုက်ပေါ့။ ပုံတွေလည်း ပါနေတာဘဲ မဟုတ်ဘူးလို့ ဘယ်သူက သိမှာလဲ ” လို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မ အဲဒီလို မလုပ်ချင်ပါဘူး၊ မဟုတ်ဘဲ ရေးလိုက်တဲ့အခါ ဘယ်သူကမှ မသိခဲ့ရင်တောင် မိမိကိုယ်တိုင်က သိနေတဲ့အတွက် ဘယ်လိုမှ လိပ်ပြာမသန့်ပါဘူး။ မဟုတ်တာကို ဟုတ်ပါတယ်လို့ လီဆယ်ပြီး မရေးချင်တာက ကျွန်မဘလောဂ့်ကို လာဖတ်ကြသူတွေကို လေးစားသောအားဖြင့် မရေးချင်တဲ့ ကျွန်မရဲ့ စိတ်ရင်း အမှန်ပါ။

ကိုယ်ရေးမဲ့ စာတစ်ပုဒ်ဟာ မှန်ကန်မှုရှိမရှိ၊ စာဖတ်သူကို လိမ်ညာထားတဲ့စာ မဖြစ်စေဖို့ ၊ လေ့လာရပါတယ်။ ရှာဖွေရပါတယ်။ ကိုယ့်ဘလော့လေးမှာ ရေးတယ်ဆိုပေမဲ့ အယ်ဒီတာမရှိ၊ တည်းဖြတ်သူမရှိတဲ့ ကိုယ်ရေးတဲ့စာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်တိုင်သာ တာဝန်ယူရတာ ဖြစ်ပါတယ်။ သတင်းဆိုရင်လည်း သတင်းဟာ မှန်ကန်ဖို့ လိုသလို၊ အကြောင်းအရာဆိုရင်လည်း ကိုယ်ရေးတဲ့ အကြောင်းအရာဟာ မှန်ကန်ဖို့ လိုပါတယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာတွေဟာ မှားနေတာမျိုး၊ ကိုယ်ရေးလိုက်တဲ့အမှားကြောင့် သူတစ်ပါး နစ်နာရတာမျိုး မဖြစ်အောင် ဘလော်ဂါတွေက မိမိစာကို မိမိတာဝန်ယူကြရတာ ဖြစ်ပါတယ်။ အဲဒီလို ဆိုတော့ ကျွန်မရေးတဲ့စာတွေ၊ အကြောင်းအရာ တွေဟာ အမှားလုံးဝမရှိဘူးလား၊ မမှားတော့ဘူးလားလို့ မေးလာရင်တော့ ရှိပါတယ်လို့ ပြန်ဖြေမှာပါ။ ဘယ်လောက်ဘဲ တိကျတဲ့ အကြောင်းအရာဖြစ်စေ မှားရင်လည်း မှားနိုင်ပါတယ်။ ကျွန်မရဲ့ နားလည်မှု အမှားလည်း ဖြစ်နိုင်ပါတယ်။ မသိလိုက်လို့ မှားတာလည်း ဖြစ်နိုင်ပါတယ်။ အမှားလုံးဝမပါဘူးလို့ မပြောနိုင်ပေမဲ့ အမှားနည်းအောင်တော့ ကျွန်မတို့ကြိုးစားရမှာပါ။ မသိလို့ မှားတဲ့အမှားမျိုးတွေ ရှိတတ်ကြပေမဲ့ သိသိကြီးနဲ့ မှားတာမျိုး၊ အမှားကို အမှားမှန်းသိရက်နဲ့ အမှန်လို့ ပြောတာ၊ရေးတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ယုံကြည်ပါတယ်။


အွန်လိုင်းပေါ်မှာ စာရေးနေတဲ့ ဘာမှ မဟုတ်တဲ့ ကျွန်မတို့လို ဘလော်ဂါတွေကတောင် ကိုယ်ရေးမဲ့စာဟာ အမှန်တရား မဟုတ်ခဲ့ရင် ရေးသားဖို့ လက်တွန့်ပါတယ်။ ကျွန်မတို့ ဘလော့ရေးသူတွေရဲ့ ဘလောဂ့်က စာတွေကို ဖတ်တဲ့သူတွေဟာ လူနည်းစုဖြစ်ပါတယ်။ ရေတွက်ကြည့်ရင် ရာဂဏန်းမျှသာ ဖြစ်ပါတယ်။ သို့သော် ဘလောဂ့်ကို လာဖတ်ကြတဲ့ ရာဂဏန်းမျှသော သူတွေကိုပင် မှန်ကန်တဲ့ အကြောင်းအရာ တွေကိုသာ ဘလော်ဂါ အများစုက ပေးချင်ကြပါတယ်။ ကျွန်မတို့ ဘလော်ဂါတွေတင်မှ မဟုတ်ပါဘူး လူတိုင်းလူတိုင်းဟာ မိမိရေးမဲ့အကြောင်းအရာ၊ မိမိပြောမဲ့စကားတွေဟာ မှန်ကန်မှု ရှိဖို့ အရေးကြီးပါတယ်။  အွန်လိုင်းပေါ်က သာမာန် စာရေးသူတွေ မဟုတ်တဲ့ လူအများဖတ်ရှုကြသော စာအုပ်ပေါ်မှာ ရေးနေကြတဲ့ စာရေးဆရာကြီး တွေဟာလည်း မှန်ကန်တိကျတဲ့ အကြောင်းအရာတွေကိုသာ သူတို့ရဲ့ စာဖတ်သူတို့ကို ပေးဝေကြမှာ သေချာပါတယ်။ 


လူသိန်းပေါင်း၊ သန်းပေါင်းများစွာက စောင့်ဖတ်ကြရတဲ့ နာမည်ကြီး စာရေးသူတွေ၊ ပြည်သူလူထုအပေါ် တာဝန်ရှိကြသူ လူကြီးမင်းဖြစ်သူတွေရဲ့စကားတွေ၊ စာတွေ ဆိုရင် ပိုပြီး မှန်ကန်တိကျဖို့ လိုပါတယ်။ မိမိပြောမဲ့စကား၊ မိမိရေးမဲ့အကြောင်းအရာကို နားထောင်နေသူတွေ၊ စောင့်ဖတ်နေကြသူတွေဟာ စဉ်းစားဆင်ခြင် တတ်ကြသူတွေ ချည်းပါ။ အမှားအမှန်ကို သိမြင်နိုင်ကြသူတွေ ဖြစ်ကြပါတယ်။ ပြောတဲ့စကားမှာ အမှားပါရင်၊ ကျိုးကြောင်းဆီလျှော်မှု မရှိရင် နားထောင်တာနဲ့ သိကြမှာဖြစ်သလို၊ ရေးတဲ့စာမှာလည်း အမှားပါရင် တွေ့မြင်ကြမှာ ဖြစ်ပါတယ်။ လူတွေအားလုံးရှေ့ ချပြတဲ့ စကားလုံးများ၊ စာအရေးအသားများဟာ မမှန်မကန် လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေသာ ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီစကားလုံးတွေ အတွက်တော့ ပြောတဲ့သူမှာ တာဝန်အပြည့်အဝ ရှိပါတယ်။ စာတစ်ပုဒ်ကို ပြီးစလွယ်မရေးသင့်သလို  စကားတစ်ခွန်းကို ပြီးစလွယ် မပြောသင့်ဘူး မဟုတ်လားရှင်။

အမှန်အမှားရဲ့ ကောင်းကျိုးဆိုးကျိုးကို ပြောတဲ့သူ၊ သို့မဟုတ် ရေးတဲ့သူက တာဝန်ယူရမှာပါ။ ဒါကြောင့် မိမိပြောမဲ့စကား ၊ မိမိရေးမဲ့စာဟာ အမှားအမှန် သေချာအောင်တော့ မပြောခင်၊  မရေးခင်မှာ ဖြစ်နိုင်ချေ ရှိရဲ့လား ၊ မှန်ကန်မှုရှိရဲ့လား ဆိုတာကို ကြိုတင်စီစစ်မှု ရှိထားသင့်တယ်၊ လိုအပ်ရင် ကိုယ်တိုင် ကိုယ်ကျ လေ့လာ အားထုတ်သင့်တယ် မဟုတ်ပါလားရှင်။


Image Hosted by PicturePush - Photo Sharing


နတ်ဆိုးလေး နဲ့ အိန်ဂျယ်လှိုင်လေး တဂ်တဲ့ပိုစ့် “ဘလော်ဂါဆိုတာ ဘာလဲ” ဆိုတာကနေ ခုတလော စိတ်ခံစားမိတာ၊ တွေးမိတာတွေ ဆင့်ပွားပြီး ရေးလိုက်တာဖြစ်ပါတယ်။ ဒီပိုစ့်လေးအတွက် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော်။