ဘာညာသာရကာ စတော်ဘယ်ရီမာလကာ

ဘာညာသာရကာ စတော်ဘယ်ရီမာလကာဆိုလို့ ဘာအကြောင်းများ ပြောမလို့ပါလိမ့်လို့ တွေးနေကြမယ် ထင်ပါတယ်နော်. တကယ်တော့ အသီးတစ်မျိုးအကြောင်း ပြောမလို့ အစပျိုးခြင်းသာပါ။  ကျွန်မဟာ ကိုယ့်နိုင်ငံမှာမရှိ၊ မမြင်ဖူးတဲ့ ထူးခြားတဲ့ အသီးတွေကို စိတ်ဝင်စားမိပါတယ်။ စိတ်ဝင်စားမိတာနဲ့အမျှ အင်တာနက်ကနေ တွေ့မိ၊ ဖတ်မိတဲ့ ထူးထူးခြားခြား အသီးလေးတွေဆိုရင်လည်း ကျွန်မရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ပြန်ပြီး မျှဝေပေးချင်ပါတယ်။ မကြာခင်ကမှ ကျွန်မ သိလိုက်ရတဲ့ အသီးတစ်မျိုးက စတော်ဘယ်ရီ မာလကာလို့ ခေါ်တဲ့ ချစ်စရာ အသီးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့အသီး ပုံသဏ္ဍာန်ဟာ မလာကာသီးနဲ့ တူပေမဲ့ မှည့်လာတဲ့အခါမှာ နီရဲနေတဲ့ အရောင်အဆင်းရှိပြီး စတော်ဘယ်ရီရောင်အတိုင်း ဖြစ်ပါတယ်။ အသီးပုံစံနဲ့ အရသာက မာလကာသီးနဲ့တူပြီး စတော်ဘယ်ရီ အရောင်လို နီရဲနေကာ မာလကာသီးလောက် မကြီးဘဲ ခပ်သေးသေး အသီးတစ်မျိုး ဖြစ်တာကြောင့်လည်း စတော်ဘယ်ရီမာလကာ( Strawberry Guava) ရယ်လို့ အမည်တွင်ဟန် တူပါတယ်။ အရောင်ပိုရင့်လေ ပိုချိုလေလို့ သိရပါတယ်။ 




မာလကာသီးတော့ မာလကာသီး (သို့သော် ) စတော်ဘယ်ရီ မာလကာသီး

 သစ်ပင်ပေါ်မှာ မြင်ရတဲ့ စတော်ဘယ်ရီ မာလကာသီးများ 



အနီးကပ်ကြည့်ရအောင်

ဒီစတော်ဘယ်ရီမာလကာရဲ့မူလဒေသဟာ ဘရာဇီးနိုင်ငံ အရှေ့ပိုင်းရဲ့ ပင်လယ် ကမ်းစပ်  ဒေသများ  ဖြစ်ပါတယ်။ ဟာဝိုင်ရီ ကျွန်းနဲ့ ပရစ်ဘီယံ ပင်လယ်တွင်းက ကျွန်းတွေရဲ့ မိုးသစ်တော တွေမှာ သဘာဝအတိုင်း ပေါက်ရောက်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အကြီးမြန် အပင်မျိုး မဟုတ်ဘဲ ဖြေးဖြေးချင်း ကြီးတဲ့ အပင်ဖြစ်ပြီး ခြုံပင် အကြီးမျိုး အရွယ်လောက် ရှိကာ ပေ ၂၀မှ ၂၅ပေ အထိလည်း ကြီးထွားနိုင်ပါတယ်။ သူ့ ပင်စည်ဟာ သေးသွယ်ပြီး ချောမွတ်ကာ အညိုရောင် ရှိတတ်ပါတယ်။ အရွက်မှာ အမြဲတမ်းစိမ်းနေပြီး ချောမွတ် ပြောင်လက် နေတတ်ပါတယ်။ အများအားဖြင့် အစေ့ကနေ အပင်ပေါက်တာဖြစ်ပြီး ကိုင်းကူးကိုင်းဆက်ပြီး စိုက်ပျိုးရင်လည်း ဖြစ်ထွန်းတတ်ပါတယ်။ စတော်ဘယ်ရီ မာလကာပင်ဟာ ရေကြိုက်တဲ့အပင်မျိုး ဖြစ်တာကြောင့် ရေများများ လောင်းပေးဖို့ လိုပြီးတော့ အထူးသဖြင့် အသီးသီးနေချိန်မှာ ရေကို ပိုပြီး လိုအပ်ပါတယ်။
 စတော်ဘယ်ရီမာလကာပင်

Strawberry Guava, Psidium littorale var longipes
အသီးစိမ်းနေတုန်းပေါ့


Image Hosted by PicturePush - Photo Sharing
မှည့်လာပြီ


Image Hosted by PicturePush - Photo Sharing
 ရင့်မှည့်ပြီး နီညိုရောင်
Image Hosted by PicturePush - Photo Sharing
မှည့်ပြီး စားချင်စဖွယ်



နှစ်ခြမ်းခွဲထားတဲ့ စတော်ဘယ်ရီမာလကာ

အသီးဟာ အပေါ်ခွံနဲ့ ကပ်နေတဲ့အသားကပါးပြီးတော့ အတွင်းက အရည်ရွှမ်းနေတဲ့ အသားက ပိုများပါတယ်။ အစေ့နားက အတွင်းသားဟာ အရသာချိုပြီး ဂျယ်လီလို ခပ်ပျစ်ပျစ်မျိုး ဖြစ်ပါတယ်။ အပင်ကနေ ခူးခူးချင်း စားသုံးနိုင်သလို၊ ယိုထိုးခြင်း၊ ကိတ်ဖုတ်ခြင်း၊ မုန့်များတွင် ထာပနာထည့်ခြင်း၊ ဂျယ်လီပြုလုပ်ခြင်း၊ ဖျော်ရည်နဲ့ ပန့်ခ်ျ ပြုလုပ်ခြင်းတို့လည်း အသုံးပြုနိုင်ပါတယ်။ အပင်ပေါ်ကနေ ခူးထားရင် အနည်းဆုံး ၃ရက် ၄ရက်ခန့် သာမန်အခန်းတွင်း အပူချိန်မှာ ထားနိုင်ပါတယ်။ အသီးအရွယ်အစားကတော့ သာမန်မာလကာသီးထက် သေးငယ်ပါတယ်။ စတော်ဘယ်ရီ မာလကာပင်ရဲ့ အရွက်ဟာ ရိုးရိုးမာလကာအရွက်နဲ့ ကွဲပြားသော်လည်း အပွင့် ပုံသဏ္ဍာန်ကတော့  မာလကာသီးရဲ့ အပွင့်နဲ့ တူပါတယ်။ အောက်က ပုံမှာ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
မာလကာပွင့်

Full size picture of Strawberry Guava, Cattley Guava, Cherry Guava, Chinese Guava, Purple Guava, Kuahpa (<i>Psidium cattleianum</i>)
 စတော်ဘယ်ရီ မာလကာပွင့်

https://www.8jokes.info/p/sZsi9XwLEo6W6WB4RY6iSYMPFZtu6bdOKoNePWh0Nbdm8Ysi4o7WSXNiFacrEbNOEb70FWsqEYx0AWsqSW7qOXMq4qgrDa6eSWNvEX6iBbcWRacqBVhfBntW8bcaSqgrDaMq8ZcjFhOys

အသီးနဲ့အပွင့်

အသီးမှည့်



သေးငယ်တဲ့ အသီးရဲ့အရွယ်အစားကို သိနိုင်ဖို့ ဒင်္ဂါးစေ့နဲ့ နှိုင်းယှဉ်ပြထားတာပါ။


 နှစ်ခြမ်းခွဲထားတဲ့ စတော်ဘယ်ရီမာလကာနဲ့ ဒင်္ဂါးစေ့ 











ဒါတွေကတော့ စတော်ဘယ်ရီ မာလကာနဲ့လုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေပါ။ 



 ~~~~~~@@@@@@@@~~~~~~~~


စတော်ဘယ်ရီ မာလကာသီးကတော့ မြန်မာပြည်မှာမရှိတဲ့ အသီးတစ်မျိုးအနေနဲ့ ဗဟုသုတအဖြစ် တင်ပေးတာ ဖြစ်ပါတယ်နော်။ အောက်က ပုံတွေကတော့ ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်တွေဖြစ်နေတဲ့ ဘာကာသာရကာ အသီးစုံတွေပါ။  တစ်ချို့ကတော့ သဘာဝအတိုင်းဖြစ်နေတာ ဖြစ်ပြီး အချို့ကတော့ လူတွေရဲ့ ဖန်တီးချက်ကြောင့် ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်နေခဲ့ရပါတယ်။ ဘယ်လို ဘာညာ သာရကာတွေများ ဖြစ်မလဲ ကြည့်ကြည့်ရအောင်နော် ..
 

unusual fruit and vegetables02 Unusual Fruits And Vegetables
 
ပုံနှိပ်ထားတဲ့ ပန်းသီး 



unusual fruit and vegetables05 Unusual Fruits And Vegetables

ပါးစပ်ဖြဲနေတဲ့ခရမ်းချဉ်သီး

unusual fruit and vegetables06 Unusual Fruits And Vegetables 

ရေကူးနေတဲ့ သခွားသီး


unusual fruit and vegetables07 Unusual Fruits And Vegetables 
လည်တံရှည်တဲ့ ဖရုံသီး

unusual fruit and vegetables17 Unusual Fruits And Vegetables




unusual fruit and vegetables08 Unusual Fruits And Vegetables


unusual fruit and vegetables09 Unusual Fruits And Vegetables 

ခရမ်းချဉ်သီးအမျိုးမျိုး


unusual fruit and vegetables12 Unusual Fruits And Vegetables

unusual fruit and vegetables10 Unusual Fruits And Vegetables

ဝက်ဝံအာလူးသီး

unusual fruit and vegetables22 Unusual Fruits And Vegetables

unusual fruit and vegetables11 Unusual Fruits And Vegetables 
လိမ်နေတဲ့ဥနီ


unusual fruit and vegetables14 Unusual Fruits And Vegetables 


unusual fruit and vegetables15 Unusual Fruits And Vegetables 
သဘာဝ အသည်းပုံ


unusual fruit and vegetables16 Unusual Fruits And Vegetables 
ခွေးကလေး ဂျင်း


unusual fruit and vegetables18 Unusual Fruits And Vegetables 

ကြီးလှတဲ့ ဖရုံသီး

unusual fruit and vegetables19 Unusual Fruits And Vegetables 
ဘာသီးမှန်းတောင် မသိ

unusual fruit and vegetables20 Unusual Fruits And Vegetables 

ဂေါ်ဖီထုပ်နဲ့ အလှပြိုင်

unusual fruit and vegetables21 Unusual Fruits And Vegetables 
ကလေးထက်တောင် အရပ်ရှည်တဲ့ သခွားသီး

unusual fruit and vegetables01 Unusual Fruits And Vegetables


ပြုံးနေတဲ့ ဖရဲသီး 


unusual fruit and vegetables27 Unusual Fruits And Vegetables 
အသီးကို ငယ်ကတည်းက ခုလိုခွက်တွေနဲ့ လိုချင်တဲ့ ပုံစံဖြစ်အောင်  ပုံသွင်းရပါတယ်။


unusual fruit and vegetables28 Unusual Fruits And Vegetables

ဒီပုံစံလေး ဖြစ်သွားပါတယ်။ 

unusual fruit and vegetables29 Unusual Fruits And Vegetables

လေးထောင့်ပုံးနဲ့ ပုံစံသွင်းထားတော့ ခုလိုဖြစ်သွားပြီ။

unusual fruit and vegetables30 Unusual Fruits And Vegetables 
မျက်နှာပုံဖြစ်အောင် ပုံသွင်းထားတော့ ခုလိုဖြစ်


unusual fruit and vegetables31 Unusual Fruits And Vegetables



အသီးတွေကြည့်ပြီး အားလုံးဘဲ စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing

http://tastyislandhawaii.com/2008/05/18/strawberry-guavas-by-the-buckets/ 
http://buzzinn.net/unusual-fruits-and-vegetables/

မိုးလိုရွာတဲ့ ကျောက်ခဲများ





ဒီနေ့ခေတ်မှာ ကမ္ဘာကြီးဟာ နည်းပညာတွေ သိပ်ကို တိုးတက်ထွန်းကားလို့နေပါပြီ။ အဲဒီလို တိုးတက်ထွန်းကားပေမဲ့ ကျွန်မတို့ ကမ္ဘာမြေကြီးပေါ်မှာ သိပ္ပံနည်းပညာတွေနဲ့ အဖြေရှာလို့ မရနိုင်သေးတဲ့ အဖြစ်အပျက်တွေ များစွာ ရှိနေသေးတယ်ဆိုတာ မငြင်းနိုင်ပါဘူးနော်။ အဲဒီအထဲကမှ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုက မိုးကောင်းကင်ပေါ်ကနေ ကျောက်တုံးတွေဟာ မိုးသီးမိုးပေါက်တွေလို အဆက်မပြတ် ကျလာတဲ့အဖြစ်အပျက် တစ်ခုလည်း အပါအဝင်ပါ။ ကောင်းကင်ပေါ်ကနေ ဘယ်သူက ပစ်လိုက်မှန်းမသိတဲ့ ကျောက်ခဲတွေ ကျလာတာမျိုး ကြားဖူးကြမယ်ထင်ပါတယ်။ ကျွန်မတို့ မြန်မာမှာတော့ အဲဒီအဖြစ်အပျက်ကို ပုဏ္ဏက တိုက်တယ်လို့ လူကြီးတွေ ပြောသံကြားဖူးပါတယ်။ အချို့ဒေသတွေမှာ ထူးထူးဆန်းဆန်း ပဲမိုးရွာတာ၊ ငါးမိုးရွာတာတွေ ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ကောင်းကင်ပေါ်ကနေ ပဲစေ့တွေ မိုးလို အဆက်မပြတ်ကျလာတာ၊ နောက် ငါးအရှင်လတ်လတ်တွေ ကျလာတာမျိုးတို့ ကြားဖူးခဲ့ရပါတယ်။

ရှေးခေတ်ကတည်းက ဒီအဖြစ်အပျက်ဟာ ဖြစ်ပျက်ခဲ့ဖူးတဲ့အတွက် ပညာရှင်တွေ၊ လေ့လာသူတွေအတွက် ဦးနှောက်ခြောက်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အင်မတန် ကြည်လင်  နေတဲ့ ကောင်းကင်ပေါ် ကနေ ကျောက်တုံး၊ ကျောက်ခဲတွေဟာ မိုးရွာသလို ထူးထူးဆန်းဆန်း ကျလာတဲ့အဖြစ်ဟာ မကြုံဖူးရင် ယုံနိုင်စရာ မရှိပါဘူး။ ထိုကဲ့သို့ ကျောက်တုံးမိုး ရွာချတဲ့အဖြစ်ဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကတည်းက ဖြစ်ခဲ့ဖူးတယ်ဆိုတာ မသိရပေမဲ့ အစောဆုံး မှတ်တမ်းအဖြစ် ရှိခဲ့တာကတော့ ၁၆၉၀ခုနှစ်မှာ Robert Kirk  ကနေ စပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၆၉၈ခုနှစ်မှာလည်း New Hampshire နဲ့ လန်ဒန်တို့မှာလည်း ကျောက်တုံးမိုးရွာတဲ့ အဖြစ်အပျက်ကို  Lithobolia သို့မဟုတ် “မကောင်း ဆိုးဝါးများ ပစ်လွှတ်လိုက်တဲ့ ကျောက်ခဲများ” လို့ ခေါင်းစဉ်တတ်ပြီး ရေးသားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှန်းလုံးမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ ကျောက်တုံးမိုး အကြောင်း မှတ်တမ်းများကို ဆက်လက် လေ့လာ ကြည့်မယ် ဆိုရင်…

၁၉၀၁ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့မှာ Ohio ပြည်နယ်က Harrisonville မှာ ကျောက်ခဲမိုးရွာတဲ့ အဖြစ်အပျက်ကို Buffalo Express မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ပထမတုန်းကတော့ ကျောက်ခဲတွေဟာ Zach Dye ရဲ့ အိမ် ပြတင်းတံခါးကို လာမှန်ရာက စခဲ့ပါတယ်။ အဲဒီလို သူ့အိမ်ပြတင်းကို ကျောက်ခဲတွေ လာမှန်ပြီးနောက်မှာ တစ်ရွာလုံးရဲ့ အိမ်ခေါင်မိုးတွေပေါ်ကိုလည်း ကောင်းကင်ပေါ်ကနေ ကျောက်တုံးတွေ ကျလာပါတော့တယ်။ နောက်ရက်မှာလည်း ကျောက်ခဲမိုး ထပ်ပြီးတော့ရွာလာပြန်ပါတယ်။ ရွာသားတွေက ဒီအဖြစ်အပျက်ဟာ ကလေးငယ်တွေအတွက် မကောင်းတဲ့ အတိတ်နမိတ်ဖြစ်တယ်လို့ ယူဆပြီး ကြောက်ရွံ့ထိတ်လန့်နေခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေကိုလည်း ဘယ်ကိုမှ မသွားစေဘဲ လူကြီးတွေ အနီးမှာသာ နေစေခဲ့ပါတယ်။ တတိယနေ့မှာလည်း ကျောက်ခဲမိုးတွေဟာ အဲဒီရွာကလေးမှာ ထပ်ပြီးတော့ ရွာကျလာခဲ့ပြန်ပါတယ်။ ထူးဆန်းလှတဲ့ ဒီအဖြစ်အပျက်ဟာ ရွာသားတွေအတွက်တော့ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်ခဲ့ရပါတယ်။ 

၁၉၀၃ခုနှစ် စုမတြာကျွန်းမှာလည်း အလားတူ အဖြစ်မျိုးဖြစ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို ကြုံခဲ့ရသူကတော့ W.G Grottendieck ဖြစ်ပါတယ်။ သူက အဖြစ်အပျက်ကို ပြန်လည် ပြောပြရာမှာ မနက်စောစော ၁နာရီလောက်အချိန် သူဟာ အိပ်မောကျနေခဲ့ ပါတယ်။ အဲဒီအချိန်မှာ သူ့အခန်းထဲကို အနက်ရောင် ကျောက်ခဲလေးတွေ ကျလာတဲ့အတွက် သူလန့်နိုးလာတယ်လို့ ဆိုပါတယ်။ အဲဒီ ကျောက်ခဲလေးတွေဟာ ထိကိုင်လိုက်တဲ့အခါ ပူပူနွေးနွေးလေးဘဲ ရှိနေပြီး သူ့အခန်းရဲ့ အမိုးပေါ်မှာလည်း ကျောက်ခဲကျလာစရာ အပေါက်တွေဘာတွေ လုံးဝမရှိတဲ့အပြင် အခန်းရဲ့ ပြတင်းတံခါးများလည်း လုံခြုံစွာ ပိတ်ထားခဲ့ပါတယ်။ ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ ကျောက်တုံးတွေဟာ ခပ်ဖြေးဖြေးလေး ကျလာတာကို သူ့မျက်စိနဲ့ မြင်လိုက်ရတယ်လို့ သူကြုံခဲ့ရတဲ့ ကျောက်ခဲမိုး ရွာတဲ့အဖြစ်ကို ပြန်လည်ပြောပြပါတယ်။

၁၉၁၃ခုနှစ်မှာတော့ ဘယ်လ်ဂျီယံနိုင်ငံ Marcinelle က အိမ်တစ်အိမ်ဟာ ၄ရက်ဆက်တိုက်  ကျောက်ခဲမိုး ရွာခံရတဲ့ အဖြစ်အပျက်ကို ရဲစခန်းက မှတ်တမ်းတင်ခဲ့ပါတယ်။ ရဲတွေဟာ ၄င်းအိမ်ဘေးဝန်းကျင်ကနေ နေရာယူပြီး အိမ်တစ်ခုလုံးနဲ့ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ကင်းပုန်းဝပ်ပြီး စောင့်ကြပ်နေခဲ့ကြပေမဲ့ ကျောက်ခဲတွေကျလာတာကိုသာ မြင်တွေ့ရပြီး ပစ်တဲ့သူကို လုံးဝမတွေ့ရဘူးလို့ ဆိုပါတယ်။ ရဲအရာရှိဖြစ်သူက ကျွန်တော်ဟာ ကျလာတဲ့ ကျောက်တုံးတွေကို အတိုင်းသား မြင်နေခဲ့ပါတယ်။ ကျောက်တုံးရဲ့ အရှိန်ကြောင့် အိမ်ပြတင်းမှန် ကွဲသွားတာကိုပါ တွေ့ရပေမဲ့ ဘယ်သူက ပစ်မှန်း မသိရဘူးလို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မှာ ၄ရက်အတွင်း ကျလာတဲ့ ကျောက်တုံးကျောက်ခဲတွေဟာ အလုံးရေ ၃၀၀ခန့် ရှိခဲ့ပါတယ်။

၁၉၂၁ခုမှာ ပြင်သစ်နိုင်ငံ Aedeche က စိုက်ပျိုးရေးခြံကြီးတစ်ခုမှာလည်း ကျောက်ခဲမိုး ရွာတဲ့အဖြစ် ရှိခဲ့ဖူးပါတယ်။ သို့သော် ထူးဆန်းတာက အများသူငှာတွေလို ရက်နည်းနည်းသာ ရွာတာမျိုး မဟုတ်ဘဲ ၄လခန့် ကြာအောင် ခြံထဲကို ကျောက်တုံးတွေ ကျနေခဲ့ပါတယ်။ ကျောက်တုံးတွေကြောင့် ကွဲသွားတဲ့ မှန်ပြတင်းကနေ  ပန်းသီးတွေပါ ကျလာတာမျိုးကို ကြုံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်မှာလည်း ကျောက်ခဲတွေ ကျလာတဲ့ အကြောင်းရင်း၊ အဖြစ်အပျက်ကို ရှာဖွေမရခဲ့ပါဘူး။

၁၉၄၃ခု နှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ် Oakland က Mrs Irene Fellow တို့မိသားစုနေထိုင်ရာ အိမ်ကို နှစ်ပတ်တိတိ ကျောက်ခဲတွေနဲ့ ပစ်ခံရတဲ့ အဖြစ်အပျက်ပါ။ အိမ်ရှင်ဖြစ်သူက သူ့အိမ်ကို ဘယ်သူမှန်းမသိတဲ့သူက ကျောက်ခဲတွေနဲ့ အဆက်မပြတ် ပစ်ပေါက်နေခဲ့တယ် ဆိုပြီး ရဲစခန်းကို သွားရောက် တိုင်ကြားပါတယ်။ ရဲစခန်းက လာရောက် စစ်ဆေးကြည့်ရှုတဲ့ အချိန်မှာ နံရံတွေ၊ ပြတင်းပေါက်တွေမှာ ကျောက်ခဲ ထိမှန်ခံထားရတဲ့ အရာတွေ၊ ခြံဝင်းထဲမှာလည်း အပြင်က ရောက်လာတဲ့ ကျောက်ခဲတွေကို တွေ့ရပေမဲ့ ဘယ်နေရာက ပစ်လိုက်တဲ့ ကျောက်ခဲတွေမှန်း စုံစမ်းလို့ မရခဲ့ပါဘူး။ ရက်အတန်ကြာ စုံစမ်းပေမဲ့  တစ်ယောက်ယောက်က ပစ်လိုက်တယ်ဆိုတဲ့ မျက်မြင်သက်သေ အထောက်အထားကိုလည်း မတွေ့ဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ ဒီ အဖြစ်အပျက်ဟာလည်း စုံစမ်းလို့မရတဲ့ အမှုတစ်ခုအနေနဲ့သာ ထားလိုက်ရပါတော့တယ်။

နောက်ထပ် အလားတူဖြစ်ရပ်တစ်ခုကတော့ ၁၉၆၃ခုနှစ် မတ်လ ၂၄ရက်နေ့က နယူဇီလန်နိုင်ငံ၊ ဝယ်လ်လင်တန်က အိမ်တစ်အိမ်မှာ တည်းခိုနေတဲ့ ဧည့်သည်တွေ ရှိတဲ့ အချိန်မှာ ကျောက်ခဲမိုးရွာတဲ့ ဖြစ်ရပ်တစ်ခုဟာ ၇နာရီခန့်ကြာအောင် ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေဟာ ဒီအဖြစ်အပျက်ကို သွားရောက် စုံစမ်းတဲ့အခါမှာ အိမ်၊ ခြံဝင်းထဲမှာ ကျနေတဲ့ ကျောက်ခဲတွေကြားမှာ ထူးထူးခြားခြား အကြွေစေ့တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ပထမတော့ ထိုအိမ်က ဧည့်သည်တွေ ကျနေတဲ့ အကြွေစေ့လို့ ထင်ခဲ့ပေမဲ့လည်း အကြွေစေ့ပေါင်းများစွာကို တွေ့ရတဲ့အခါမှာတော့ ဧည့်သည်တွေရဲ့ အကြွေစေ့လည်း မဟုတ်ပါဘူးလို့ ငြင်းဆိုကြပြီး နောက်မှာတော့ ထူးဆန်းတဲ့ အကြွေစေ့နဲ့ ကျောက်ခဲ တွေဟာ ဘယ်က ရောက်လာတယ်ဆိုတာ အဖြေမရှိ ဖြစ်ခဲ့ရပြန်ပါတယ်။ နောက်ထပ် နှစ်ညတိတိ အလားတူအဖြစ်မျိုး ဖြစ်ပြီးနောက် ကျောက်ခဲမိုးတွေ ကျလာတာ ရပ်သွားပါတော့တယ်။ သို့ပေမဲ့လည်း ကျောက်ခဲတွေ ကျစေတဲ့ တရားခံတော့ဖြင့် ရှာဖွေလို့ မရခဲ့ပြန်ပါဘူး။

၁၉၇၃ခုနှစ်မှာ နယူးယောက် Skaneateles တံငါသည်နှစ်ယောက်နောက်ကို ကျောက်ခဲလေးတွေနဲ့ သူတို့ ဘယ်နေရာကိုသွားသွား အနောက်ကနေ ပစ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ငါးမျှားရာကနေ အိမ်ကို အပြန်မှာ ခုလို ကျောက်တုံးတွေနဲ့ ပစ်ခံရတာဖြစ်ပြီး သူတို့ဟာ ကားဆီကို ရောက်အောင် အမြန်ဆုံး ပြေးကြပါတော့တယ်။ မကြာခင်မှာ ကျောက်ခဲလေးတွေ ကျတာ ရပ်သွားပြီးနောက် အရက်သောက်ဖို့ တိုင်ပင်ကြပြီး ဘားတစ်ခုခုကို ထွက်လာကြချိန်မှာ သူတို့ နှစ်ယောက်ဆီကို ကျောက်တုံးတွေ ပြန်ပြီး ကျလာပြန်ပါတယ်။ အဲဒီ အဖြစ်အပျက် မှာလည်း ကျောက်တုံးတွေ ပစ်တဲ့ တရားခံ၊ အထောက်အထားများကို ရှာမတွေ့ခဲ့ပါဘူး။

အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ်မှာ ၁၉၈၃ခုနှစ်ကလည်း ထူးထူးဆန်းဆန်း ကျောက်ခဲမိုးရွာတဲ့အဖြစ် ကြုံရပြန်ပါတယ်။ Berkbigler မိသားစုဟာ အိမ်အသစ်တစ်အိမ်ကို ပြောင်းရွေ့လာခဲ့ပြီး နောက်မှာ အဲဒီအိမ်ကို ညနေ ၅နာရီခွဲကနေ ည ၇နာရီအတွင်းမှာ ကျောက်ခဲတွေနဲ့ အကြိမ်ပေါင်းများစွာ ပေါက်တာ ခံကြရပါတယ်။ ဒေသခံ တာဝန်ရှိသူများ အဲဒီအိမ်ကို ရောက်လာတဲ့အခါ မှာတော့ သူတို့ကိုယ်တိုင် ကျောက်ခဲနဲ့ ပေါက်တာခံကြရပြီးနောက် ထိုအိမ်ကို လာရောက်ဖို့ တွန့်ဆုတ် သွားခဲ့ကြပါတယ်။ ထူးဆန်းလှသော ကျောက်ခဲမိုးရွာတဲ့အဖြစ်က ကျောက်ခဲတွေဟာ  အလွန်တရာမှ ကျဉ်းမြောင်းလှတဲ့ ကားဂိုဒေါင်ကြားထဲကနေ ဖြတ်သန်းပြီး ကားပြတင်းဆီ ရောက်လာ တာဟာ မယုံ နိုင်စရာ  ကောင်းလှတယ် လို့လည်း ရဲတွေက ဆိုပါသေးတယ်။ 

အထက်ပါအဖြစ်အပျက်တွေဟာ ဒီကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကျောက်ခဲမိုးရွာချတဲ့ အဖြစ်တွေထဲက အနည်းငယ်သာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အနှံ့အပြားမှာ အလားတူ ဖြစ်ရပ်မျိုး မြောက်များစွာ ဖြစ်ပျက်ခဲ့ဖူး ပါသေးတယ်။ သို့သော်လည်း ဖြစ်ရပ်တိုင်းမှာ ကျောက်ခဲမိုးရွာစေတဲ့ တရားခံ (သို့မဟုတ်) လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုမှ သက်သေအဖြစ် ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပါဘူး။ 

ဒါကြောင့်လည်း ကမ္ဘာမြေကြီးဟာ သိပ္ပံပညာနဲ့ အဖြေရှာလို့ မရနိုင်တာတွေ လူသားတို့ မစဉ်းစားနိုင် သေးတာတွေ ၊ အံ့သြ ထူးဆန်းတာတွေ ရှိနေသေးတယ်ဆိုတာ သက်သေတွေဘဲ မဟုတ်ပါလားနော်။ ဒီအဖြစ်အပျက် အကြောင်းများကိုတော့ Maria ရဲ့ “Mystical Rain of Stones” ဆောင်းပါးကို ဘာသာပြန်တာ ဖြစ်ပါတယ်ရှင်.. ကျောက်ခဲမိုး၊ ငါးမိုး၊ ပဲမိုးတွေ ရွာတာနဲ့ ပတ်သက်ပြီး တွေ့ကြုံဖူးတာ၊ ကြားဖူးတာများ ရှိခဲ့ရင်လည်း ကော်မန့်မှာ ရေးသွားခဲ့ပါ။ ထင်မြင်ချက်လေးတွေ ရေးချင်တာလေးတွေ ရှိရင်လည်း စိတ်တိုင်းကျသာ  ရေးသွားခဲ့ကြပါလို့နော်...



Image Hosted by PicturePush - Photo Sharing

နေကြာပန်းကလေးများလို....




လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ကျွန်တော်ရယ်၊ ကျွန်တော့်ဇနီးတို့ဟာ ခြောက်သွေ့ပြီး ကြမ်းတမ်းတဲ့ မြေအနေ အထားမျိုး ရှိတဲ့ ဒေသက မြို့ငယ်လေးတစ်ခုကို အလုပ်တာဝန်နဲ့ ပြောင်းရွေ့ခဲ့ကြ ဖူးပါတယ်။ ဘယ်လောက်တောင်များ ကြမ်းတမ်း ခက်မာတဲ့ မြေမျိုးလဲဆိုရင် ခြံဝင်းကြီး တစ်ခုလုံးဟာ ဖုန် တစ်ထောင်းထောင်းထနေ တဲ့ မြေပြင် မျိုးဖြစ်ပြီး ထိုးထိုးထောင်ထောင် ကျောက် တုံး ကျောက်ဆောင် တွေကသာ ဖုံးလွမ်းလို့ နေခဲ့ပါတယ်။ ကျွန်တော်တို့ နေအိမ် ကတော့ ခြံဝင်းကြီးရဲ့ ထောင့်နားမှာ ဆောက်ထားတာပါ။ အဲဒီနေရာဟာ လမ်းမထက်ကို မြင့်တဲ့ ကုန်းကလေး တစ်ခု ဖြစ်ပြီးတော့ အိမ်ဘေး လျှောက်လမ်းတစ်လျှောက်မှာတော့ ခြံစည်းရိုး ကာရံထားသလား ထင်ရသလို  ကျောက်တုံး ကြီးငယ်တို့က ဖုံတောထဲမှာ အပုံလိုက် ရှိနေတာဟာ သဘာဝတံတိုင်းပမာ ဆီးကာလို့ ရှိနေခဲ့ပါတယ်။

ကျောက်တုံးကျောက်ဆောင်ကြီးတွေ များပြားလှတဲ့ ကျွန်တော်တို့ရဲ့ ခြံကြီးဟာ  ကျောက်တုံး ဥယျာဉ် ရယ်လို့ ခေါ်ဆိုရလောက်အောင်ကို နေရာလပ်မကျန် ကျောက်ဆောင်ကြီးများသာ ရှိနေခဲ့ပါတယ်။ မြေသားများ ဟာလည်း ခြောက်သယောင်းနေပြီးတော့ သစ်ပင်ဆိုတာ တစ်ပင်မှကို မပေါက်နိုင်သလောက်ပါဘဲ။ ကျွန်တော်တို့ မိသားစုဟာ ကျောက်တုံးတွေ ဖုံတွေကြားက ခြံဝင်းကြီးကို လှပသာယာလာအောင် အစွမ်းကုန် ကြိုးစားမိပါတော့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ဟာ ပျိုးပင်ပေါက်တွေ၊ သစ်စေ့လေးတွေ ယူလာပြီး ခြံကြီးထဲမှာ စိုက်ပျိုးကြပါတယ်။ တစ်နေ့ နှစ်ကြိမ် ရေမှန်မှန် လောင်းနိုင်အောင် ကြိုးစားပြီး ကျောက်တုံး တွေကြားမှာ ခက်ခက်ခဲခဲ ပေါက်လာတဲ့ ပန်းပင်လေးတွေ  ဘေးနားက ပေါင်းမြက်တွေ ကိုလည်း အမြဲတမ်း ရှင်းလင်းဖယ်ရှားပေးပါတယ်။ 

ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာတော့ ခြံထဲက ပန်းပင် တော်တော်များများဟာ ခြောက်သွေ့စ ပြုလာခဲ့ပါတယ်။ ရေကို ပုံမှန်လောင်းပေမဲ့ အပူရှိန်က အပင်ငယ်လေးတွေရဲ့ အရွက်တစ်ချို့ကို နွမ်းရော်သွားစေခဲ့ပါတယ်။ အပင်တွေကို အမြဲတမ်း စစ်ဆေးကြည့်ရှုတတ်တဲ့ ကျွန်တော်ဟာ တစ်ရက်မှာတော့  ကျွန်တော်ဟာ ကျွန်တော့်တို့ရဲ့ ကျောက်တုံး ဥယျာဉ်ကြီးရဲ့ အစွန်းဘက်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီခြံထောင့်တစ်နေရာက ကျောက်တုံးတွေကြားထဲမှာ စိမ်းစိုသန်စွမ်းစွာ ပေါက်နေတဲ့
ရှားရှားပါးပါး သစ်ပင်ပေါက်ကလေး တစ်ပင်ကို တွေ့လိုက်ရပါတယ်။ ဒီလောက်တောင် ပူပြင်းတဲ့ အပူရှိန်ကို မမှုဘဲ အပင်လေးဟာ ထူးထူးခြားခြား စိမ်းစိမ်းစိုစိုနဲ့ လန်းဆန်းနေခဲ့ပါတယ်။ သိပ်မကြီးသေးတဲ့ အရွယ်မို့ ဘာပင်ရယ်လို့လည်း ကျွန်တော်ဟာ မခွဲခြားနိုင်ခဲ့ပါဘူး။ သို့သော် သေချာတာက ဒီပင်ဟာ ကျွန်တော်စိုက်ခဲ့တဲ့ သစ်ပင်မဟုတ်ပါဘူး။ အိမ်နဲ့လည်း ဝေးနေတော့ အဲဒီနေရာကိုလည်း အပင်လေးတွေ စိုက်ဖို့ ကျွန်တော် မရည်ရွယ်ခဲ့ဖူးပါ။


ဒါနဲ့ အိမ်ဘက်ကို ပြန်လျှောက်လာပြီး ကျွန်တော့်ဇနီးကို အဲဒီနေရာမှာ အပင်စိုက်ထားသေးလားလို့ မေးပါတယ်။ ကျွန်တော့်ဇနီးကလည်း သူ မစိုက်ကြောင်း ပြန်ဖြေပါတယ်။ ဒီလိုဆို ဒီအပင်လေးဟာ အလေ့ကျ ပေါက်လာတဲ့ အပင်ဖြစ်ပါလိမ့်မယ်။ ဘာပင်မှန်းမသိရတဲ့ အဲဒီအပင်လေးကို ဒီအတိုင်းထားပြီး အပင်လေးကြီးလာတော့မှ ဘာပင်ဆိုတာ ကြည့်ရအောင်ဆိုတဲ့ စိတ်ကူးနဲ့ အပင်စိမ်းစိမ်းလေးကို ဒီအတိုင်း ထားထားလိုက်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ အပင်လေးကို သတိ ရပြီးတော့ ခြံထောင့်ဆီကို ကျွန်တော် လျှောက်လာခဲ့ ပါတယ်။ အပင်လေးဟာ လွန်ခဲ့တဲ့ ရက်တွေတုန်းကလို မဟုတ်တော့ဘဲ ရှည်လျားထောင်မတ်နေပြီးတော့ အပင်ရဲ့ထိပ်မှာတော့ အဖူးလေးပင် ဖူးစပြုနေပါပြီ။ ဒီတော့မှ အဲဒီအပင်လေးဟာ ဘာပင်ဆိုတာ ကျွန်တော် သိလိုက်ရပါပြီ။ နေကြာပင်လေးပါ။ အရွက်တွေဟာ ကြီးမားကာ စိမ်းစိုတောက်ပလို့ နေပြီး ပင်စည်ကနေ အခြား အခက်အလက်တွေ မခွဲထွက်ဘဲ တစ်ပင်ထီးတည်း ထောင်မတ်နေကာ တစ်ပွင့်တည်း ပွင့်တတ်တဲ့ နေကြာပန်းပင်လေး ဖြစ်နေပါတယ်။ ကျွန်တော်ဟာ နေကြာပင်လေး လွပ်လတ် ကျယ်ဝန်းစွာ ကြီးပြင်းလာဖို့ ဘေးဝန်းကျင်က ရှုပ်ရှက်ခတ်နေတဲ့ ကျောက်တုံးကျောက်ခဲတို့ကို ဖယ်ရှားရှင်းလင်းပေးဖို့ စိတ်ကူးရလိုက်ပါတယ်။ ဒါနဲ့ အနီးနားတစ်ဝိုက်က ကျောက်ခဲကျောက်တုံးတွေကို စတင်ဖယ်ရှားပါတော့တယ်။

အဲဒီမှာဘဲ ကျောက်တုံးတွေကို ရှင်းလင်း ဖယ်ရှားလိုက်တော့မှ ထူးဆန်းတာတစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒါက နေကြာပင်လေးရဲ့ ပင်စည်ဟာ ကျွန်တော်မြင်တွေ့နေရတဲ့ ပင်စည်ရဲ့ အစနေရာကနေ ထွက်တာမဟုတ်ဘဲ ကျောက်တုံးကြီးတစ်တုံးရဲ့အောက်ကနေ နေရောင်ကိုရနိုင်တဲ့ နေရာထိကို ကွေးညွှတ်ပြီး ထွက်လာတာ ဖြစ်ပါတယ်။ ဒီနေကြာပင်လေးကို ကြည့်ပြီး အသိတရားတစ်ခု ရလိုက် တာက သေးငယ်လှတဲ့ နေကြာပန်းလို အပင်ငယ်လေးကတောင် သူ့လမ်းကြောင်းမှာ ရှိနေတဲ့ ကျောက်တုံးကို မမှုဘဲ ကွေ့ပတ်ပြီး ကြီးထွားသန်စွမ်း လာတယ် ဆိုတာကိုပါဘဲ။


Image Hosted by PicturePush - Photo Sharing


နွေရာသီရဲ့ ပူပြင်းဒဏ်တွေကြားထဲကနေဘဲ နေကြာပင်လေးဟာ အဝါရောင် ပန်းပွင့်လေးတစ်ပွင့် လှပငွားစွင့်စွာ လန်းပွင့်လာခဲ့ပါပြီ။ နေကြာပင်လို သစ်ပင်လေးတစ်ပင်ကတောင် ကြီးမားလှတဲ့ ကျောက်တုံးကို ကျော်လွန်ပြီး ကြီးထွားလာနိုင်တယ်ဆိုရင် သစ်ပင်ထက်ခွန်အားကြီးမားပြီး အသိဥာဏ်မြင့်မားတဲ့ ကျွန်တော်တို့လို လူသားတွေကရော ဘဝလမ်းတစ်လျှောက်မှာ တွေ့ရတတ်တဲ့ အခက်အခဲ အနှောက်အယှက်တွေကို ဘာကြောင့်များ မကျော်လွှားနိုင်ရမှာလဲဗျာ။ ပထမဆုံး အရေးကြီးတာက အခက်အခဲတစ်ခုခုကို ကြုံတွေ့လာရရင် မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လိုပါတယ်။ “ငါ လုပ်နိုင်ရမယ်၊ ငါဖြစ်အောင် လုပ်နိုင်တယ်” ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုပါ။ သစ်ပင်တစ်ပင် ကြီးထွားဖို့ နေရောင်၊ မြေသြဇာ၊ ရေ စတာတွေ လိုအပ်သလို ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်နိုင်ဖို့ ဆိုရင် နေရောင်ခြည် ၊ မြေသြဇာ၊ ရေတို့လိုဘဲ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က တကယ်ကို လိုအပ်ပါတယ်။

Image Hosted by PicturePush - Photo Sharing


အခက်အခဲ ဘယ်လောက်ပင် ကြီးမားပါစေ.. နေကြာပင်လေးက ကျောက်တုံးကြီးအောက်ကနေ ကွေ့ကောက်ပြီး ရှင်သန်လာနိုင်တာကို သတိရသင့်ပါတယ်။ နေကြာပင်လေးဟာ ကျောက်တုံးကျောက်သား အောက်ကနေ ခက်ခက်ခဲခဲ ထွက်ပေါ်လာခဲ့ရပေမဲ့ စိမ်းစိုလန်းဆန်းစွာ ထောင်ထောင်မတ်မတ် ရပ်တည်နိုင်ခဲ့ပါတယ်။ သင်ဟာလည်း မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် ကြိုးစားမယ် ဆိုရင် ကျောက် တုံး အောက်က နေကြာပင်လေး ကနေ ပန်းပွင့်တွေ ပွင့်လာနိုင်သလို သင့်ရဲ့ ရည်မှန်းချက် တွေဟာလည်း ဘယ်လို ပူပြင်းတဲ့ နေရောင်အောက်မှာ ဖြစ်စေ နေကြာပန်း ကလေးများလို ဝင်းဝါ လန်းဖြာနေမှာ မလွဲပါဘူး။




Stand Tall Like The Sunflower by Tony Masiello ကို ဘာသာပြန်ပါသည်။



Image Hosted by PicturePush - Photo Sharing